အခန်း (၇၂၉-၇၃၀)
Vol. 61 Ch. 729-730
အခန်း (၇၂၉) ကုအန်၏ အဆင့်
သတ်ဖြတ်ခြင်း တာအိုဓား သုံးထောင် ၏ ဓားဆန္ဒက ပုံရိပ်တစ်ခုအဖြစ် စုစည်းသွားပြီး ကောင်းကင်ယံတွင် တွဲလောင်းကျနေကာ ရွှေကျီးကန်း နတ်ဘုရားအရှင် ၏ ဓမ္မပုံရိပ်ထံသို့ ချိန်ရွယ်ထား၏။ ဤဓားဆန္ဒကို ရင်ဆိုင်ရသောအခါ ရွှေကျီးကန်း နတ်ဘုရားအရှင် က ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရပြီး သူ၏ အငွေ့အသက်ကို ဆက်တိုက် မြှင့်တင်ရန် ကောင်းကင်တာအို ကံကြမ္မာကို ချက်ချင်း စုစည်းလိုက်သည်။
ကောင်းကင်ယံက စတင် ပြိုကျလာပြီး ဟင်းလင်းပြင်က လိမ်ကောက်သွားကာ ထူးဆန်းသော အလင်းစက်များ ထွက်ပေါ်လာ၏။
လီယက ကောင်းကင်ယံရှိ ခမ်းနားကြီးကျယ်သော မြင်ကွင်းကို မော့ကြည့်လိုက်ရာ သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
ဒီဓားဆန္ဒက...ဟုတ်တယ်...
ဤသည်က ကုအန် သူ့ကို သင်ပေးခဲ့သော ဓားတာအို ဖြစ်ပြီး သူ အကြာဆုံး ကျင့်ကြံခဲ့သည့် တာအို နည်းစနစ်လည်း ဖြစ်၏။
ဤမတိုင်မီက သူ၏ ဓားတာအို အောင်မြင်မှုများက သူ၏ ကျင့်ကြံခြင်း အဆင့် တိုးတက်မှုကို မမီနိုင်တော့သဖြင့် ပိုမို အစွမ်းထက်သော နတ်ဘုရားစွမ်းရည်များကို ရှာဖွေသင့်သည်ဟု တွေးကာ လီယ ချီတုံချတုံ ဖြစ်ခဲ့ဖူးသည်။
သို့သော်လည်း ယခု သတ်ဖြတ်ခြင်း တာအိုဓား သုံးထောင် ၏ စွမ်းအားကို မြင်တွေ့ရသောအခါ သူ၏ ရင်ထဲရှိ စိတ်ရှုပ်ထွေးမှုများက လွင့်စင်သွားတော့၏။
ဓားတာအို လမ်းစဉ်က အမြဲတမ်း အဆုံးမသတ်နိုင်တဲ့ လမ်းစဉ်ပဲ...
ကုအန်က ချင်ဟုန်ဓား ကို ကိုင်ဆောင်ထားပြီး ဓားသွားကို အောက်သို့ စိုက်ထားကာ ကောင်းကင်ယံကို မော့ကြည့်နေ၏။ သတ်ဖြတ်ခြင်း တာအိုဓား သုံးထောင် ၏ ဓားပုံရိပ်များက သူ၏ အကြည့်များ ရောက်ရှိရာ အရပ်မျက်နှာသို့ ချိန်ရွယ်ထားသည်။
ရွှေကျီးကန်း နတ်ဘုရားအရှင် ၏ နတ်ဘုရားစွမ်းအင်များ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိသွားစေရန် သူက တမင်တကာ တစ်ခဏမျှ စောင့်ဆိုင်းနေလိုက်၏။
ဟွမ်ဖုန်း အမတအရှင် ၏ စကားများကို သူ ကြားခဲ့သော်လည်း ဂရုမစိုက်ခဲ့ချေ။ ယခု သူက ရွှေကျီးကန်း နတ်ဘုရားအရှင် နှင့် ဟွမ်ဖုန်း အမတအရှင် နှစ်ယောက်စလုံးကို သတ်ဖြတ်ချင်နေ၏။ သူတို့က ကောင်းကင်နန်းတော်၏ ကံကြမ္မာကို အားကိုး၍ ပြန်လည် ရှင်သန်နိုင်လျှင်တောင် ယနေ့ သူက သည်အမတနတ်ဘုရား နှစ်ပါး၏ သတ္တိကို ချိုးဖျက်ပစ်ရမည်သာ ဖြစ်သည်။
ကုအန်၏ မျက်လုံးများက အေးစက်လာပြီး တစ်ခဏမျှ ရပ်တန့်နေသော ဓားဆန္ဒ ပုံရိပ်က အရာအားလုံးကို ချေမွန်းပစ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ရုတ်တရက် ပေါက်ကွဲထွက်လာ၏။
ဘုန်း...
ငွေရောင် အလင်းတန်း ဓားပုံရိပ်များက မိုးကြိုးများကဲ့သို့ ရွေ့လျားသွားပြီး ကောင်းကင်ယံ အပြည့်ရှိနေသော မီးနဂါးများကို ချက်ချင်း ဖယ်ရှားပစ်လိုက်ကာ စကြဝဠာ၏ ခမ်းနားကြီးကျယ်သော မြင်ကွင်းကို ဖော်ပြလိုက်သည်။
ရွှေကျီးကန်း နတ်ဘုရားအရှင် က မျက်လုံးများ ပြူးကျယ်သွားပြီး လက်နှစ်ဖက်ဖြင့် နတ်သိုင်းများကို အသုံးပြုကာ သူ၏ ကြီးမားလှသော နတ်ဘုရားစွမ်းအင်များကို ခြွင်းချက်မရှိ ထုတ်လွှတ်လိုက်၏။ သို့သော်လည်း ကုအန်၏ ဓားဆန္ဒ ရှေ့တွင် ကောင်းကင်တာအို ကံကြမ္မာ၏ ကောင်းချီးများ ပါရှိနေလျှင်တောင် သူ၏ ရင်ထဲတွင် ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားသည်ကို သူ ခံစားလိုက်ရသည်။
မြောင်ကျန်းတာလော့အမတက ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နေရတာလဲ...
ရွှေကျီးကန်း နတ်ဘုရားအရှင် ကိုယ်တိုင်က မြောင်ကျန်းတာလော့အမတ တစ်ပါး ဖြစ်၏။ ကောင်းကင်နန်းတော်၏ အတွင်းနှင့် အပြင်တွင် မြောင်ကျန်း တာလော့အမတ အထွတ်အထိပ်အဆင့် ရှိသူများနှင့် သူ ယခင်က ကြုံတွေ့ခဲ့ဖူးသော်လည်း ကုအန်ကဲ့သို့ သူ့ကို အကြောက်တရားဖြင့် ပြည့်နှက်သွားစေသူ တစ်ယောက်မျှ မရှိခဲ့ချေ။
သူ၏ ကြောက်ရွံ့မှုက လျင်မြန်စွာ ဖြစ်ပေါ်လာသကဲ့သို့ သူ၏ သေဆုံးမှုကလည်း လျင်မြန်စွာ ရောက်ရှိလာ၏။
လီယနှင့် လီရှန်းယိုတို့က လောကကြီး လင်းထိန်သွားသည်ကိုသာ ခံစားလိုက်ရသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ကောင်းကင်ယံက ရုတ်တရက် အက်ကွဲသွားပြီး စကြဝဠာကလည်း အမှောင်ထု၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။ အဆုံးမဲ့ အမှောင်ထုက သူတို့၏ အမြင်အာရုံကို ဝင်ရောက် တိုက်ခိုက်လာသဖြင့် သူတို့က ချောက်ကမ်းပါး တစ်ခုထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ ရင်ထဲတွင် ပြင်းထန်သော ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာတော့သည်။
ဤသည်က အလိုအလျောက် ဖြစ်ပေါ်လာသော စိတ်ခံစားချက် တစ်ခု ဖြစ်၏။ ကုအန်၏ တာအိုဆန္ဒ အကာအကွယ် ရှိနေသော်လည်း သူတို့၏ အမြင်အာရုံ အပေါ် သက်ရောက်မှုက သူတို့၏ စိတ်ကို ထိခိုက်စေဆဲ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ဤကြောက်ရွံ့မှုက အချိန်တိုသာ ဖြစ်၏။ သူတို့ သတိပြန်ဝင်လာပြီး သေချာ ကြည့်လိုက်သောအခါ ရွှေကျီးကန်း နတ်ဘုရားအရှင် နှင့် ဟွမ်ဖုန်း အမတအရှင် တို့၏ ပုံရိပ်များကို မမြင်ရတော့ချေ။ သူတို့က မှောင်မိုက်သော စကြဝဠာထဲတွင် ရောက်နေပြီး ဟင်းလင်းပြင်က ခြောက်ကပ်နေကာ သူတို့ သုံးယောက်နှင့် ကောင်းကင်တက်လှမ်းခြင်း လှေကားထစ်များ သာ ကျန်ရှိတော့သည်။
ကောင်းကင်တက်လှမ်းခြင်း လှေကားထစ်များက မားမားမတ်မတ် ရပ်တည်နေဆဲ ဖြစ်ပြီး တောက်ပသော ရွှေရောင် အလင်းတန်းက ဤစကြဝဠာတွင် တစ်ခုတည်းသော အလင်းရောင် အရင်းအမြစ် ဖြစ်လာ၏။
ကုအန်က ကောင်းကင်တက်လှမ်းခြင်း လှေကားထစ်များကို ကြည့်လိုက်ရာ ကောင်းကင်တာအို၏ ဖန်ဆင်းမှုများက အမှန်တကယ်ပင် ထူးခြားဆန်းပြားကြောင်း သူ၏ ရင်ထဲတွင် ခံစားလိုက်ရပြီး ကောင်းကင်တက်လှမ်းခြင်း လှေကားထစ်များကိုပင် ဖယ်ရှား၍ မရနိုင်ချေ။
သူက လီယနှင့် လီရှန်းယို တို့ဆီသို့ လှည့်၍ လမ်းလျှောက်သွားစဉ် ဆရာနှင့် တပည့် နှစ်ယောက်က စကားပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူတို့၏ အမြင်အာရုံက မှုန်ဝါးသွား၏။
နောက်တစ်စက္ကန့်တွင် လီယနှင့် လီရှန်းယိုတို့က သူတို့၏ ခြေထောက်များ မြေပြင်နှင့် ထိတွေ့သွားသည်ကို ခံစားလိုက်ရပြီး အလိုအလျောက် မျက်လုံးဖွင့်ကြည့်လိုက်ရာ သူတို့ ယခင်က ဖြတ်သန်းသွားခဲ့သော မြစ်ကမ်းဘေးသို့ ပြန်ရောက်နေကြောင်း တွေ့လိုက်ရသည်။
လီယက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ကုအန်၏ ပုံရိပ်ကို မမြင်ရတော့ချေ။ ယခင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အိပ်မက်တစ်ခုလို ခံစားရသည်။
လီရှန်းယို ကလည်း ကုအန်၏ ပုံရိပ်ကို မတွေ့ရသဖြင့် ထိုနေရာတွင် မိန်းမောစွာ ရပ်နေပြီး ယခင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည် သတိရရင်း သူ၏ အမူအရာမှာ ရှုပ်ထွေးနေသည်။
အချိန်အတန်ကြာပြီးနောက် လီယက အသက်ပြင်းပြင်း ရှူလိုက်ပြီး မိုးကုပ်စက်ဝိုင်းဆီသို့ မော့ကြည့်ကာ မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်၏။ "မြောင်ကျန်း တာလော့အမတ... အဲဒါက မင်းရဲ့ အစစ်အမှန်အဆင့်လား... တစ်ခါမှ မကြားဖူးဘူး... ပြီးတော့ မူလဘူတအနှောင်ဖွဲ့ကင်းအမတ အဆင့်နဲ့ ဘယ်နှစ်ဆင့်လောက် မလဲ မသိဘူး..."
ကုအန်၏ အဆင့်ကို သိလိုက်ရသဖြင့် လီယမှာ စိတ်လှုပ်ရှားလာတော့၏။ အနည်းဆုံးတော့ ယခုအခါ သူ့အတွက် လိုက်လံ ရှာဖွေရမည့် ပစ်မှတ်တစ်ခု ရှိသွားပြီ ဖြစ်သည်။
လီရှန်းယို က မနေနိုင်ဘဲ မေးလိုက်၏။ "ဆရာ... အစောက လူက ဆရာ အရင်က ပြောဖူးတဲ့ ဆရာဦးလေးလား..."
"ဟုတ်တယ်... သူပဲ..."
လီယ၏ အမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး အမြဲတမ်းလိုလို လျှို့ဝှက်ဆန်းကြယ် နေဆဲ ဖြစ်၏။
"သူက အရမ်း အစွမ်းထက်တာပဲ... သူက ကောင်းကင်အောက်မှာ အစွမ်းအထက်ဆုံး တည်ရှိမှုလား..."
"ကောင်းကင်အောက်မှာတင် မဟုတ်ဘူး... မင်းက ကောင်းကင် အပြင်ဘက်ကို ကြည့်မယ် ဆိုရင်တောင် သူ့ကို ယှဉ်နိုင်တဲ့သူ သိပ်များများစားစား တွေ့ရမှာ မဟုတ်ဘူး..."
"အဲဒီလောက် အစွမ်းထက်တာကို သူက ဘယ်လိုလုပ် ဆရာ့ရဲ့ ဂျူနီယာညီလေး ဖြစ်နေရတာလဲ... ဆရာကများ ကျင့်ကြံခြင်း အဆင့်ကို ဖုံးကွယ်ထားတာများလား..."
လီရှန်းယို က မျှော်လင့်တကြီး မေးလိုက်ရာ သူ၏ မျက်လုံးများက တောက်ပနေ၏။
လီယက ပြန်မဖြေဘဲ မိုးကုပ်စက်ဝိုင်းဆီသို့သာ နက်နက်ရှိုင်းရှိုင်း ငေးမောကြည့်နေရာ လီရှန်းယို ၏ စိတ်ကူးယဉ်မှုများကို ပိုမို လှုံ့ဆော်ပေးလိုက်ပြီး သူ၏ စိတ်ခံစားချက်များ အချိန်ကြာမြင့်စွာ တည်ငြိမ်ရန် ခက်ခဲသွားစေတော့သည်။
အခြားတစ်ဖက်တွင် ကုအန်က သက်တမ်းတာအိုနယ်မြေသို့ ပြန်မသွားဘဲ မြင့်မားသော တောင်ကမ်းပါး တစ်ခုပေါ်တွင် ရပ်နေ၏။ သူ၏ ရှေ့တွင် တိမ်ပင်လယ်များက လှိုင်းထန်နေပြီး အဝေးရှိ တိမ်များထဲမှ တောင်ထွတ်များ ထွက်ပေါ်နေသည်။
သူက ကောင်းကင်၏အလိုတော် အထက်တွင် ရပ်နေသကဲ့သို့ လှပသော ရှုခင်းများကို မြင်တွေ့နေရ၏။ သူက ယခင် တိုက်ပွဲကြီးကို ပြန်လည် သုံးသပ်နေမိသည်။
ဤတိုက်ပွဲက သူ၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်လာစေခဲ့၏။
ကောင်းကင်နန်းတော်၏ ကံကြမ္မာက အမှန်တကယ်ပင် ဖြေရှင်း၍ မရနိုင်ဘဲ အမတနတ်ဘုရားများကို အဆုံးမဲ့ ပြန်လည် ရှင်သန်နိုင်စေသည်။ ကောင်းကင်နန်းတော်၏ ကံကြမ္မာကို ချေဖျက်ရန် နည်းလမ်းတစ်ခုကို သူ စဉ်းစားရပေမည်။
ကောင်းကင်နန်းတော်၏ ကံကြမ္မာဆိုသည်မှာ အခြေခံအားဖြင့် ကောင်းကင်တာအို ကံကြမ္မာပင် ဖြစ်ပြီး ဖန်ဆင်းခြင်း အချို့မှတစ်ဆင့် ပြောင်းလဲထားခြင်းသာ ဖြစ်ကာ ကောင်းကင်နန်းတော်၏ ကံကြမ္မာကို ပိုမို ရှုပ်ထွေးသွားစေခြင်း ဖြစ်၏။
အကယ်၍ ကောင်းကင်နန်းတော်၏ ကံကြမ္မာကို ချေဖျက်နိုင်သည့် နည်းလမ်းတစ်ခု သူ့တွင် ရှိမည် ဆိုပါက အမတနတ်ဘုရားများကို သူ စိတ်ကြိုက် သတ်ဖြတ်နိုင်လိမ့်မည်။
အကြောင်းနှင့်အကျိုး လမ်းစဉ် နှင့် ကံကြမ္မာ လမ်းစဉ်တို့မှ စတင်နိုင်မည်ဟု သူ တွေးလိုက်၏။
လောလောဆယ်တွင် အဖြေတစ်ခုကို သူ မစဉ်းစားနိုင်သေးသော်လည်း သက်တမ်း ပုံရိပ်ထင်ဟပ်ခြင်း နှင့် သက်တမ်း ဆင့်ကဲပြောင်းလဲခြင်း တို့ကို လုပ်ဆောင်နိုင်ပေသည်။
ဤအရာကို သူ ချက်ချင်း မလုပ်ဆောင်သေးဘဲ သူ၏ မျက်လုံးများကို ကောင်းကင်ယံဆီသို့ မော့ကြည့်လိုက်ရာ သူ၏ အကြည့်များက ချီတုံချတုံ ဖြစ်နေ၏။
မမြင်ရသော နေရာတွင် အဝေးတစ်နေရာမှ သူ့ကို ခေါ်ဆောင်နေသော ဓားဆန္ဒ တစ်ခုကို သူ အာရုံခံမိလိုက်၏။ ထိုနေရာမှာ ဓားတာအို မြစ်ပင်။
ရွှေကျီးကန်း နတ်ဘုရားအရှင် ကို သတ်ဖြတ်ရန် အသုံးပြုခဲ့သော ဓားဆန္ဒက ဓားတာအို မြစ် အတွင်း ပုန်းအောင်းနေသည့် အစွမ်းထက် သက်ရှိတစ်ပါးကို သတိပေးလိုက်ခြင်း ဖြစ်ပြီး ၎င်းက ကောင်းသော ရည်ရွယ်ချက်ကို ပြသရန်နှင့် သူ့ကို တွေ့ဆုံလိုကြောင်း ပြသရန် ဓားဆန္ဒကို အသုံးပြုခဲ့ခြင်း ဖြစ်၏။
ဓားတာအို မြစ် ဆီကို ခရီးတစ်ခေါက်လောက် သွားသင့်လား...
...
အဆုံးအစမရှိသော တိမ်ပင်လယ် အထက်တွင် ရွှေရောင် အလင်းတန်းများ ထုတ်လွှတ်နေသည့် ဧရာမ ဝဲကတော့ကြီး တစ်ခု ရှိနေပြီး ထူးဆန်းသော ကမ္ဘာတစ်ခု၏ ဝင်ပေါက်နှင့် တူကာ ခမ်းနားကြီးကျယ်လှ၏။
ဝဲကတော့ကြီး ဘေးတွင် တိမ်များနှင့် မြူခိုးများ အထက် လေဟာပြင်ထဲမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာရာ ၎င်းတို့မှာ ရွှေကျီးကန်း နတ်ဘုရားအရှင် နှင့် ဟွမ်ဖုန်း အမတအရှင် တို့ပင် ဖြစ်သည်။
ယခုအချိန်တွင် ရွှေကျီးကန်း နတ်ဘုရားအရှင် ၏ ပုံရိပ်က ယခင်ကလောက် မကြီးမားတော့ချေ။ ဟွမ်ဖုန်း အမတအရှင် ထက် ပိုမို တောင့်တင်းခိုင်မာနေဆဲ ဖြစ်သော်လည်း ယခုအခါ သူတို့ နှစ်ယောက်မှာ အရွယ်အစား အားဖြင့် အကြမ်းဖျင်း တူညီနေပြီ ဖြစ်၏။
အမတနတ်ဘုရား နှစ်ပါးက မြူခိုးများပေါ်တွင် ဒူးတစ်ဖက် ထောက်ထားပြီး သူတို့၏ ကျောပြင်များက နိမ့်ချည်မြင့်ချည် ဖြစ်နေကာ အသက်ရှူ မဝသကဲ့သို့ ဖြစ်နေကြသည်။
ရွှေကျီးကန်း နတ်ဘုရားအရှင် က ခေါင်းငုံ့၍ မျက်လုံးများ ပြူးကျယ်လျက် အဆက်မပြတ် မောဟိုက်နေပြီး သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေ၏။
သူက ပြန်လည် ရှင်သန်နိုင်သော်လည်း အစောက ဓားဆန္ဒက သူ၏ တာအိုအသီး ကို အမှန်တကယ် ဒဏ်ရာရသွားစေခဲ့ပြီး သူ့ကို ကြောက်ရွံ့မှုများ ကျန်ရစ်နေစေခဲ့၏။
သူကိုယ်တိုင်ပင် ဤမျှ ဖြစ်နေပါက ဟွမ်ဖုန်း အမတအရှင် ကို ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။ ဟွမ်ဖုန်း အမတအရှင် မှာ တစ်ကိုယ်လုံး တုန်ယင်နေပြီး မြေပြင်ပေါ်တွင် လက်နှစ်ဖက်ဖြင့် ထောက်ထားရ၏။ ကုအန်၏ သတ်ဖြတ်လိုစိတ်က သူ့ကို ချုပ်နှောင်ထားဆဲဟုပင် သူ ခံစားနေရသည်။
အချိန်အတန်ကြာပြီးနောက် ရွှေကျီးကန်း နတ်ဘုရားအရှင် က မတ်တတ်ထရပ်လိုက်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေဆဲ ဖြစ်သော ဟွမ်ဖုန်း အမတအရှင် ကို လှည့်ကြည့်ကာ ပြောလိုက်၏။ "ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ ဆီကို ဘယ်တော့မှ ထပ်မသွားနဲ့တော့"
သူက ပုံမှန် အခြေအနေသို့ ပြန်ရောက်နေပြီ ဖြစ်ပြီး တည်ကြည်လေးနက်ကာ ခံစားချက် ကင်းမဲ့နေ၏။
ဟွမ်ဖုန်း အမတအရှင် က ခေါင်းမမော့ဘဲ သွားကြိတ်၍ မေးလိုက်သည်။ "ထိုက်ရီ အမတအရှင် နဲ့ ရွှေဂူ အမတ ၇၂ ပါးကိုကော ဘယ်လိုလုပ်မလဲ..."
"သူတို့ကို ဘယ်လိုလုပ်မလဲ ဆိုတာ မင်းက ဘာအဓိပ္ပာယ်နဲ့ ပြောတာလဲ... မင်းနဲ့ ထိုက်ရီ အမတအရှင် က ရင်းနှီးတဲ့ သူငယ်ချင်းတွေများ ဖြစ်သွားပြီလား... ကောင်းကင်နန်းတော်က အခု မငြိမ်မသက် ဖြစ်နေတယ်... ငါတို့ ရွေးချယ်ထားတဲ့ ကောင်းကင်သားတော်ကို ထောက်ပံ့ဖို့က အရေးအကြီးဆုံးပဲ..."
"ဆရာသခင်ဓားအရှင် ကာကွယ်ပေးထားတဲ့ ကောင်းကင်သားတော်က အားနည်းလွန်းတယ်... ငါတို့ ရွေးချယ်ထားတဲ့ ကောင်းကင်သားတော်ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး... အရေးကြီးတဲ့ ကိစ္စတွေကို နှောင့်နှေးအောင် မလုပ်နဲ့တော့"
ရွှေကျီးကန်း နတ်ဘုရားအရှင် ၏ လေသံက ငြင်းပယ်၍ မရနိုင်အောင် ခိုင်မာပြတ်သားနေသဖြင့် ဟွမ်ဖုန်း အမတအရှင် မှာ တိတ်ဆိတ်သွားတော့၏။
သူ စိတ်ပျက်လက်ပျက် ဖြစ်နေသည်ကို မြင်သောအခါ ရွှေကျီးကန်း နတ်ဘုရားအရှင် က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ "ကောင်းကင်သားတော်က တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီး မဟာတာအိုနဲ့ ကောင်းကင်ဘုံ အားလုံးကို အောင်နိုင်သွားတဲ့ အချိန်ကျရင် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို ဖျက်ဆီးပစ်ဖို့ သူ့ကို ငါတို့ တောင်းဆိုကြတာပေါ့... အဲဒါက ခက်ခဲတဲ့ ကိစ္စ မဟုတ်ဘူး"
ဟွမ်ဖုန်း အမတအရှင် က မတ်တတ်ထရပ်လိုက်ပြီး ရှုပ်ထွေးသော အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာသို့ သွားရန် သူ မရဲတော့ချေ။
ထိုဓားဆန္ဒကို သူ ထပ်မရင်ဆိုင်ချင်တော့ပေ။ သူ ပြန်လည် ရှင်သန်နိုင်လျှင်တောင် ပြန်လည် ရှင်သန်တိုင်း သူ၏ ကျင့်ကြံခြင်းကို ကုန်ခမ်းသွားစေမည် ဖြစ်ပြီး သေဆုံးရသည့် အခိုက်အတန့်က ခံစားချက်မှာ အစစ်အမှန် ဖြစ်သည်ကိုတော့ ပြောစရာပင် မလိုတော့ချေ။
"ကောင်းကင်တက်လှမ်းခြင်း လှေကားထစ်တွေကို ဖယ်ရှားလိုက်ပြီး ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်နေလိုက်... သတင်း မပြန့်စေနဲ့... နားလည်လား..."
ရွှေကျီးကန်း နတ်ဘုရားအရှင် က ဟွမ်ဖုန်း အမတအရှင် ကို စိုက်ကြည့်၍ လေးနက်သော အသံဖြင့် မေးလိုက်၏။
ဟွမ်ဖုန်း အမတအရှင် က အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။ "ဒီနေ့ကိစ္စကို ငါ့ရင်ထဲမှာ ထာဝရ မြှုပ်နှံထားလိုက်ပါ့မယ်..."
အခန်း (၇၃၀) အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေး
မှောင်မိုက်သော ဟင်းလင်းပြင်ထဲတွင် ငွေရောင်ပြာလဲ့လဲ့ အလင်းတန်းများ ထုတ်လွှတ်နေသည့် မြစ်ကြီး တစ်စင်းက စကြဝဠာကို ဖြတ်သန်း စီးဆင်းနေပြီး အနည်းငယ် လိမ်ကောက်နေကာ အဆုံးအစမရှိ ရှည်လျားသော ငွေရောင် နဂါးကြီး တစ်ကောင် ဖြည်းညင်းစွာ ရွေ့လျားနေသကဲ့သို့ ရှိ၏။
ဤသည်မှာ ကောင်းကင်မှ မွေးဖွားပေးလိုက်သော ဓားတာအိုများဖြင့် ဖွဲ့စည်းထားသည့် ဓားတာအိုမြစ်ပင် ဖြစ်သည်။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် ဓားတာအို အသစ်များ မွေးဖွားလာခြင်းကို ကိုယ်စားပြုသော ငွေရောင် လိုင်းများ က ဆက်တိုက် ထွက်ပေါ်နေ၏။
ကုအန်က ဓားတာအို မြစ် ပေါ်တွင် လေဟာပြင်ထဲမှ ထွက်ပေါ်လာသည်။ သူက ဓားတာအို မြစ် ကို အကြိမ်များစွာ ချောင်းကြည့်ခဲ့ဖူးသော်လည်း ဤသည်က သူ အမှန်တကယ် လာရောက်ခြင်း ပထမဆုံးအကြိမ် ဖြစ်၏။
သူ ထွက်ပေါ်လာသည်နှင့် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး ဓားတာအို မြစ် ၏ အတွင်းဘက်သို့ လျှောက်သွားလိုက်သည်။
ရွှေကျီးကန်း နတ်ဘုရားအရှင် နှင့် ဟွမ်ဖုန်း အမတအရှင် တို့ကို ရင်ဆိုင်စဉ်က သူ ပြသခဲ့သော ဓားဆန္ဒက ဓားတာအို မြစ် အတွင်းရှိ အစွမ်းအထက်ဆုံး တည်ရှိမှုကို နှောင့်ယှက်ခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်လူ၏ ကျင့်ကြံခြင်း အဆင့်မှာ တာအိုအထွတ်အထိပ် တာလော့အမတ အဆင့်သို့ ရောက်ရှိနေသော်လည်း သူ၏ အသေးစိတ် အဆင့်ကတော့ ကုအန်လောက် မမြင့်မားကြောင်း သူ အာရုံခံမိ၏။
ဤတစ်ကြိမ်တွင် ကုအန်က သူ၏ ကျင့်ကြံခြင်း အဆင့်ကို ဖိနှိပ်ထားပြီး ဤအစွမ်းထက် တည်ရှိမှုကို တွေ့ဆုံရန် မြောင်ကျန်း တာလော့အမတ အထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းဖြင့် လာခဲ့ခြင်း ဖြစ်သည်။
ဓားတာအို မြစ် အတွင်းသို့ ဝင်ရောက်ပြီးနောက် ကုအန်က ဓားဆန္ဒများ ဝိုင်းရံခြင်းကို ခံလိုက်ရ၏။ သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဓားဆန္ဒများမှတစ်ဆင့် မတူညီသော ကမ္ဘာများကို ထိုးဖောက် မြင်နိုင်ပြီး မဟာကမ္ဘာ သုံးထောင်၊ မရေမတွက်နိုင်သော ကမ္ဘာငယ်များနှင့် မဟာတာအို အတွင်း လွင့်မျောနေသော လျှို့ဝှက်ဆန်းကြယ်သည့် ဟင်းလင်းပြင်များကို မြင်တွေ့လိုက်ရသည်။
လမ်းတစ်လျှောက်ရှိ ထူးဆန်းပြီး အရောင်အသွေး စုံလင်သော မြင်ကွင်းများက ကုအန်၏ ခြေလှမ်းများကို ရပ်တန့်သွားအောင် မဆွဲဆောင်နိုင်ခဲ့ချေ။
ဓားတာအို မြစ် အတွင်း ပျံသန်းနေရင်း ကုအန်က အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်း သွားလာနေရသကဲ့သို့ ခံစားလိုက်ရ၏။
အချိန်အတန်ကြာပြီးနောက် သူ၏ ခြေထောက်များက ဓားတာအို မြစ် ၏ အနက်ရှိုင်းဆုံး နေရာတွင် လွင့်မျောနေသော ကျွန်းငယ်လေး တစ်ခု၏ အစိတ်အပိုင်း ဖြစ်သည့် မြက်ခင်းပြင်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ကျွန်းပေါ်တွင် တောအုပ်လေး တစ်ခု ရှိပြီး တောအုပ် အပြင်ဘက်ရှိ မြက်ခင်းပြင်ပေါ်တွင် ဓားတာအို အမျိုးမျိုး၏ အမည်များကို ထွင်းထုထားသော ကျောက်တိုင်များစွာ ရှိကာ အရေအတွက်အားဖြင့် တစ်ရာကျော် ရှိ၏။
သူတို့ကို တစ်ချက် ဝေ့ကြည့်ပြီးနောက် ကုအန်က တောအုပ်လေးဘက်သို့ လျှောက်သွားလိုက်သည်။ တောအုပ်လေးက တိတ်ဆိတ်ငြိမ်သက်နေပြီး သိပ်မကျယ်ဝန်းလှချေ။ ခြေလှမ်း နှစ်ဆယ်ပင် မလျှောက်ရသေးမီ တောအုပ် အတွင်းရှိ ဥယျာဉ်လေးဆီသို့ သူ ရောက်ရှိသွား၏။
ဥယျာဉ်လေးထဲတွင် ပန်းမန်များနှင့် အပင်များစွာ ပေါက်ရောက်နေပြီး သိပ်ပြီး သေသပ်လှပခြင်း မရှိသော်လည်း ရှေးဟောင်း အငွေ့အသက်ကို ပေးစွမ်းနေသည့် သစ်သားအိမ်လေး တစ်လုံး ရှိသည်။ အိမ်ရှေ့တွင် ကျောက်စားပွဲ တစ်လုံး ရှိပြီး မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအို တစ်ဦးက လက်ဖက်ရည် ကျိုနေ၏။
လက်ဖက်ရည် ရနံ့က လေထုထဲတွင် ပျံ့နှံ့နေပြီး လက်ဖက်ရည် ရနံ့ထဲတွင် ဓားဆန္ဒ တစ်ခု ပါဝင်နေကြောင်း ကုအန် ခံစားမိလိုက်သည်။
"မိတ်ဆွေ ... ထိုင်ပါဦး..."
မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအိုက ကုအန်ကို ကြည့်၍ ပြုံးကာ ပြောလိုက်၏။
[အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေး (တာအိုအထွတ်အထိပ် တာလော့အမတ အစောပိုင်းအဆင့်) - 0 / 0 / 0]
သက်တမ်း မရှိဘူးလား...
သူက ဓားတာအို မြစ် ထဲမှာပဲ နေလို့ရတယ် ဆိုတာ မဆန်းပါဘူး... သူ့ရဲ့ ရုပ်ခန္ဓာနဲ့ နတ်ဝိညာဉ်က ဓားတာအို မြစ် နဲ့ ပေါင်းစပ်သွားပြီး အတူတကွ ရှင်သန်နေပုံပဲ...
ကုအန်က တိတ်တဆိတ် တွေးတောရင်း အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေး ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်၏။
အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေး က ကုအန်ကို သေချာစွာ အကဲခတ်လိုက်ပြီး ကုအန်ကလည်း သူ့ကို အကဲခတ်နေသည်။
အချိန်အတန်ကြာပြီးနောက် အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေး က အရင်ဆုံး စတင် စကားပြောလိုက်၏။ "မင်းက မြင့်မြတ်နှလုံးသား ဓားတာအို ရဲ့ အရှင်သခင် ဖြစ်ရမယ်... အစောပိုင်းတုန်းက ဒီဓားတာအိုက အနာဂတ်မှာ ကြီးမားတဲ့ အကြောင်းအကျိုးတွေ တွန်းအားပေးမှုနဲ့ ဘယ်လိုများ ဒီလောက် မြန်မြန် ကြီးထွားလာနိုင်တာလဲလို့ ငါ စဉ်းစားနေခဲ့တာ... အဲဒါ မိတ်ဆွေ ဖြစ်နေတာကိုး... မြင့်မြတ်နှလုံးသား ဓားတာအို က တကယ်ကို ကံကောင်းမှုတွေ ရှိပြီး ပိုမြင့်တဲ့ အဆင့်တွေကို ရောက်ဖို့ မင်းကို သေချာပေါက် ကူညီပေးလိမ့်မယ်..."
ကုအန်က မြောင်ကျန်း တာလော့အမတ အထွတ်အထိပ်အဆင့် တွင်သာ ရှိပြီး သူ၏ အဆင့်လောက် မမြင့်မားကြောင်း သူ သတိပြုမိသော်လည်း အနာဂတ်တွင် ကုအန်က သူနှင့် တူညီသော အဆင့်သို့ ရောက်ရှိလာမည် သို့မဟုတ် သူ့ထက်ပင် ကျော်လွန်သွားမည်ဟု သူ ယုံကြည်ထား၏။
သူကိုယ်တိုင်က လွတ်လပ်မှုကို စတေးပြီးမှ ယနေ့ တာအိုကျင့်ကြံမှု အဆင့်ကို ရရှိခဲ့ခြင်း ဖြစ်သော်လည်း ကုအန်က ဘာမှ ဆုံးရှုံးခဲ့ရခြင်း မရှိချေ။
ကုအန်က ခေါင်းညိတ်လိုက်ပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "မိတ်ဆွေ က ဘာလို့ ဒီဓားတာအို မြစ် ထဲမှာ ရောက်နေရတာလဲ..."
တာအိုအထွတ်အထိပ် တာလော့အမတ တစ်ပါး၏ စွမ်းရည်အပြင် ဓားတာအို မြစ် နှင့် ဆက်သွယ်မှု ရှိနေသဖြင့် မြင့်မြတ်နှလုံးသား ဓားတာအို ၏ မူလ ဇာစ်မြစ်ကို ထိုးဖောက် မြင်နိုင်ခြင်းက ကုအန်အတွက် ခက်ခဲပုံ မရချေ။
အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေး က မုတ်ဆိတ်မွေးကို ပွတ်သပ်၍ ပြုံးလိုက်၏။ "ရိုးရိုးသားသား ပြောရရင် တစ်ချိန်တုန်းက ငါက အမတ ဂူကောင်းကင် ရဲ့ တပည့်တစ်ယောက်ပါ... အဲဒီတုန်းက ငါ ကောင်းကင်ဖွင့် တာလော့အမတ အဆင့်မှာ ရှိနေတုန်း ကောင်းကင်နန်းတော်က အဓိပတိအမတ တစ်ပါးကို စော်ကားမိသွားတယ်... အမတ ဂူကောင်းကင် ကို မထိခိုက်စေချင်လို့ ငါက ဓားတာအို မြစ် ဆီ လာပြီး ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်လိုက်တာပဲ... ကံကောင်းထောက်မစွာနဲ့ပဲ ငါက မသေဘဲ ပြန်လည် မွေးဖွားလာခဲ့တယ်... ဝမ်းနည်းစရာ ကောင်းတာက ငါက ဓားတာအို မြစ် ထဲကနေ ထွက်သွားလို့ မရတော့ဘဲ ဒီနေရာမှာ ဓားတာအိုကို လေ့လာပြီး ကမ္ဘာတွေထဲက မဟာတာအိုရဲ့ ဆင့်ကဲပြောင်းလဲမှုတွေကိုပဲ ချောင်းကြည့်နေလို့ပဲ ရတော့တယ်..."
"တကယ်တော့ မင်းကို လာခိုင်းရတဲ့ အကြောင်းရင်းက မင်းရဲ့ ဓားဆန္ဒကြောင့် သက်သက် မဟုတ်ဘူး... ရွှေကျီးကန်း နတ်ဘုရားအရှင် နဲ့ မင်းရဲ့ တိုက်ပွဲက ငါ့ရဲ့ အတိတ်ကို ပြန်သတိရသွားစေလို့ပဲ... ကောင်းကင်နန်းတော်နဲ့ မင်းမှာ ဘာရန်ငြိုးတွေ ရှိနေလဲဆိုတာ ငါ မေးလို့ရမလား..."
ကုအန်က ဘာမှ ဖုံးကွယ်မထားဘဲ ပြန်ဖြေလိုက်၏။ "ငါက ပြဿနာတွေနဲ့ ဝေးဝေးမှာ နေချင်လို့ မဟာကမ္ဘာ တစ်ခုထဲမှာ ပုန်းအောင်းနေခဲ့ရုံပါ...ဒါပေမယ့် တိုက်ဆိုင်မှု တစ်ခုကြောင့် တပည့်တစ်ယောက်ကို လက်ခံမိလိုက်တယ်... အဲဒီကောင်လေးက ကောင်းကင်သားတော် ဝင်စားသူ ဖြစ်နေပြီး ကောင်းကင်နန်းတော် အမတတွေရဲ့ အာရုံစိုက်မှုကို ရသွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... သူ့ကို မြူခိုး အမတနန်းတော် ဆီ ပို့လိုက်ပေမဲ့ ဒီအမတတွေက ငါ့ကို အလွတ်မပေးသေးလို့ ငါလည်း ဘာလုပ်ရမှန်း မသိတော့ဘူး ဖြစ်နေတာ..."
နောက်ဆုံးတွင် သူက ခါးသီးစွာ ပြုံးပြလိုက်သည်။
အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေး က နားထောင်ပြီး ခေါင်းယမ်းကာ ပြောလိုက်၏။ "ကောင်းကင်နန်းတော် အမတတွေက တကယ်ကို အာဏာရှင်ဆန်ဆန် ပြုမူတတ်ကြတာပဲ... အဲဒီတုန်းက ငါလည်း ဟိုအဓိပတိအမတကို တမင်တကာ စော်ကားခဲ့တာ မဟုတ်ပေမဲ့ ဘေးဒုက္ခ ဆိုးကျိုးတွေကို ခံစားခဲ့ရတာပဲ..."
အမတ ဂူကောင်းကင် တည်ရှိမှုကို ကုအန် သိထား၏။ သက်တမ်း အဆင့်ချိုးဖျက်ခြင်း ကို အသုံးပြုစဉ်က ထိုအမည် ပေါ်လာခဲ့ဖူးသော်လည်း အမတ ဂူကောင်းကင် ၏ နောက်ခံ အခြေအနေကိုတော့ သေချာ မသိချေ။
အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေး က သူ၏ အတိတ်ကို စတင် ပြောပြတော့သည်။ ထိုရန်ငြိုးများက အံ့ဩစရာ မဟုတ်ချေ။ သူက မိစ္ဆာ တစ်ကောင်၏ ရန်ပြုခြင်းကို ခံနေရသော ကျင့်ကြံသူ တစ်စုကို ကယ်တင်ရန် ဝင်ရောက် စွက်ဖက်ခဲ့ခြင်းသာ ဖြစ်သော်လည်း ထိုမိစ္ဆာ၏ နောက်ကွယ်တွင် အဓိပတိအမတ တစ်ပါး ရှိနေခဲ့သည်။ ထိုအချိန်မှစ၍ သူသည် အဆုံးမဲ့ လိုက်လံ တိုက်ခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်၏။
သူတို့ နှစ်ယောက် စကားပြောနေစဉ် ကုအန်က ကောင်းကင်နန်းတော် အကြောင်း သတင်းအချက်အလက်များကို စတင် စုဆောင်းလိုက်ရာ အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေး ကလည်း ဘာမှ ဖုံးကွယ်မထားခဲ့ချေ။
ကောင်းကင်နန်းတော်ရှိ ကောင်းကင် ရာထူးများကို အနိမ့်မှ အမြင့်သို့ ကောင်းကင်နတ်ဘုရား၊ ကြယ်တာရာအရှင်(ကြယ်နတ်)၊ မူလနတ်ဘုရား၊ အမတအရှင်မြတ်၊ အဓိပတိအမတ၊ ကောင်းကင်တာအို အရှင်မြတ် နှင့် အမြင့်ဆုံး ကောင်းကင်ဧကရာဇ် ဟူ၍ ခွဲခြားထားသည်။
ကောင်းကင်နန်းတော်ရှိ ကောင်းကင် ရာထူးများကို ကျင့်ကြံခြင်း အဆင့်က လုံးဝ ဆုံးဖြတ်ပေးခြင်း မဟုတ်ချေ။ လုံလောက်သော ကုသိုလ်ကံ ရှိပါက ရာထူး တိုးမြှင့်ခံရနိုင်ပြီး ကောင်းကင် ရာထူး တစ်ခုနှင့် တစ်ခု အကြား ကွာဟချက်မှာ အလွန်အမင်း မကြီးမားလှပေ။
အချို့သော အဓိပတိအမတများက မြောင်ကျန်း တာလော့အမတ များ ဖြစ်ကြပြီး အချို့မှာ မြောင်ကျန်း တာလော့အမတ အဆင့်ထက် ကျော်လွန်နေကြ၏။ ထို့ပြင် ကောင်းကင် ရာထူး တစ်ခုစီအတွက် တာဝန်များ ကွဲပြားသကဲ့သို့ သူတို့ ရရှိသော ကောင်းကင်တာအို ကံကြမ္မာများ ကလည်း ကွဲပြားလေသည်။ အချို့သော အမတများက တိုက်ခိုက်ရန်အတွက် တည်ရှိနေပြီး အထူး အစွမ်းထက်ကြသော်လည်း တိုက်ခိုက်ရေးတွင် သိပ်မကျွမ်းကျင်သော အချို့သူများက ရာထူးကြီးသော်လည်း သူတို့၏ ကျင့်ကြံခြင်း အဆင့်က လက်အောက်ငယ်သားများထက် နိမ့်ကျနေနိုင်လေသည်။
ဤကောင်းကင် ရာထူးများ အပြင် ကောင်းကင်နန်းတော်တွင် ကံကြမ္မာကိုသာ ခံစားပြီး တိကျသော ကောင်းကင် ရာထူးများ မရှိသည့် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှု အချို့လည်း ရှိသေးပြီး ၎င်းတို့က ကောင်းကင်နန်းတော် မငြိမ်မသက် ဖြစ်ချိန်မှသာ ပေါ်ထွက်လာတတ်ကြ၏။
အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေး ထံမှတစ်ဆင့် ကောင်းကင် ရာထူးများဖြင့် အမတများ၏ တိကျသော အဆင့်ကို ကုအန် မဆုံးဖြတ်နိုင်သော်လည်း အနည်းဆုံး အချက်တစ်ချက်ကိုတော့ အတည်ပြုနိုင်ခဲ့သည်။ ကောင်းကင်နန်းတော် အတွင်းတွင် ကောင်းကင်ဧကရာဇ် ကသာ အစွမ်းအထက်ဆုံး ဖြစ်လေသည်။
ဟွာရှား ရှိ ကုအန်၏ အတိတ်ဘဝတွင်လည်း ကောင်းကင်နန်းတော် တစ်ခု အပါအဝင် ဒဏ္ဍာရီများစွာ ရှိခဲ့သော်လည်း ထိုကောင်းကင်ရုံးတော် အတွင်းတွင်တော့ ကောင်းကင်ဧကရာဇ်က အစွမ်းအထက်ဆုံး မဟုတ်ချေ။ ဤသည်က အမှန်တကယ်ပင် ကွာခြားချက် တစ်ခု ဖြစ်၏။
သို့သော်လည်း သူတို့ နှစ်ခုစလုံးကို ကောင်းကင်နန်းတော်များ ဟု ခေါ်ဝေါ်ကြသည်။ ဟွာရှား မှ ဒဏ္ဍာရီများက သူ ရင်ဆိုင်နေရသော ကောင်းကင်နန်းတော်နှင့် ပတ်သက်နေနိုင်ပေသည်။
ဒဏ္ဍာရီတွေထဲက ကောင်းကင်ဧကရာဇ်က ကောင်းကင်နန်းတော်ရဲ့ အတွင်းရေး အာဏာလုပွဲတွေကြောင့် အစွမ်းအထက်ဆုံး မဟုတ်ခဲ့တာများလား...
ကုအန်က တိတ်တဆိတ် ခန့်မှန်းလိုက်၏။
အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေး က ဆက်ပြောလိုက်သည်။ "မင်းကို အရင်ဆုံး ရန်စခဲ့တဲ့သူက အမတအရှင်မြတ် တစ်ပါး ဖြစ်တာကို ငါ တွေ့လိုက်တယ်... ဒါကြောင့် ရွှေကျီးကန်း နတ်ဘုရားအရှင် က ဒီအကြောင်းအကျိုးရဲ့ အဆုံးသတ် သေချာပေါက် ဖြစ်ရမယ်... ကောင်းကင်သားတော် ပါဝင်နေတဲ့အတွက် သူတို့က ချန်ထျန်းကို ခေါ်ဖို့ သေချာပေါက် မရဲကြဘူး... မင်းက ရွှေကျီးကန်း နတ်ဘုရားအရှင် ကို ရင်ဆိုင်နိုင်ပေမဲ့ ပိုကောင်းတဲ့ နည်းဗျူဟာတွေကို စဉ်းစားထားတာက မင်းအတွက် အကောင်းဆုံးပဲ..."
"တကယ်လို့ မင်းက ကောင်းကင်နန်းတော်ကို မငြင်းပယ်ဘူးဆိုရင် သူတို့နဲ့ ပူးပေါင်းတာက တကယ်တော့ အစီအစဉ်ကောင်း တစ်ခုပဲ... ဒါမှမဟုတ် မင်းရဲ့ တပည့်ကို ကောင်းကင်နန်းတော်ထဲ ဝင်ခိုင်းပြီး မင်းရဲ့ ဝန်ထုတ်ဝန်ပိုးကို ခွဲဝေယူခိုင်းတာမျိုးပေါ့..."
ကုအန်က အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေး အပေါ် အထင်ကြီးသွား၏။ သူ၏ အကြံပြုချက်က ကုအန် စဉ်းစားခဲ့ဖူးသော အရာတစ်ခုလည်း ဖြစ်သည်။ သူက ကောင်းကင်နန်းတော်နှင့် ရန်ငြိုး ရှိနေသော်လည်း ဤကဲ့သို့ အကြံပေးနေခြင်းက အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေး က သူ့အပေါ် အမှန်တကယ် ရိုးသားကြောင်း ပြသနေသည်။
"ငါ စဉ်းစားကြည့်ပါ့မယ်... ဒါပေမဲ့ ကောင်းကင်သားတော် နေရာအတွက် တိုက်ပွဲ အကြောင်းကိုတော့ ငါ အတော်လေး သိချင်နေမိတယ်... အဲဒီအကြောင်းကို ပြောပြလို့ ရမလား..." ကုအန်က သဘောတူလိုက်ပြီး ဆက်လက် မေးမြန်းလိုက်၏။