မကြားသင့်တဲ့ တချို့စကားတွေ ရှိတယ်
Vol. 12 Ch. 155
“မဟုတ်ဘူး။ ငါက သူတို့ရဲ့ ကိုယ်ပိုင် အသွင်အပြင်ကို ဖုံးကွယ်ထားတဲ့ လူတွေကို လက်မခံနိုင်ရုံ သက်သက်ပဲ”
ရွှမ်းလွမ်မျက်လုံးတို့သည် တောက်ပသွားသည်။ ထို့နောက် သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ စုမင်ထံသို့ တိုးကပ်သွားလိုက်သည်။
သူရှေ့သို့ လျှောက်သွားသကဲ့သို့ပင် သူ့နောက်ရှိ အဘိုးအိုသည်လည်း မျက်လုံး များအတွင်း သတ်ဖြတ်လိုသည့် အသိတို့ဖြင့် စုမင်ကိုကြည့်ကာ ရှေ့သို့တိုးလာချေသည်။
စုမင်သည်တော့ ထိုင်နေသည့်နေရာမှ ရွေ့လျားခြင်း အလျဉ်းမရှိပေ။ သူ့ဘေးရှိ တုန့်ဖန်းဟွာသည်တော့ ကြောက်ရွံ့မှုဖြင့် နှလုံးတို့ အဆက်မပြတ် တုန်ခါနေလေသည်။ သူ့အနေဖြင့် ဤကိစ္စကို ရှောင်ကြဉ်ရန် နောက်ဆုတ်လိုသော်ငြား စုမင်မျက်နှာထက်ရှိ တည်ငြိမ်သည့် အမူအရာကို မြင်သောအခါ သူ့ဆုံးဖြတ်ချက်ကို သတိရလိုက်မိပြီး အံသွားကြိတ်လိုက်ကာ တုံ့ဆိုင်းနေရာမှ သတိပြန်ဝင်လာခဲ့သည်။
သူသည် ဤကိစ္စမှ အဝေးသို့ရှောင်ဖယ်၍ မရနိုင်ကြောင်းကို သူသိသည်။ အကယ်၍ သူသာ ထိုသို့လုပ်မိခဲ့လျှင် သူ့အတွက် မော့စု၏နောက်လိုက် ဖြစ်လာနိုင်သည့်ကိစ္စသည် ဖြစ်နိုင်တော့မည် မဟုတ်ချေ။ ဤနေရာတွင် နေထိုင်နိုင်သည့် အခွင့်အရေးကိုပါ ဆုံးရှုံးလိုက်ရ နိုင်သေးသည်။
‘စွန့်စား ... စွန့်စားလိုက်။ ငါ စွန့်စားမှ ဖြစ်မယ်’
စိတ်ဆုံးဖြတ်ပြီးသည်နှင့် တုန့်ဖန်းဟွာသည် လက်သီးတို့ကို တင်းတင်းဆုပ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ သွေးကြောတို့သည် ရှေ့သို့ထောင်ထလာပြီး နောက်ဆုတ်မည့် အမူအရာမရှိပဲ စုမင်ဘေးတွင် ရပ်နေလိုက်သည်။
“မင်းက ငါနဲ့ တိုက်ခိုက်ချင်တာလား”
စုမင် ခေါင်းကိုမော့လျက် သူ့ထံသို့ လျှောက်လာနေသည့် ရွှမ်းလွမ်ကို ကြည့်လိုက်သည်။ သူစကားပြောလိုက်စဉ်တွင် သူ့မျက်လုံးအတွင်း နက်ရှိုင်းမှုတို့ ရှိနေပြီး ၎င်းတို့သည် ထူးဆန်းသည့် အလင်းတစ်မျိုးဖြင့် တောက်ပနေလေသည်။
ရွှမ်းလွမ် ရပ်လိုက်ပြီး သူ့မျက်လုံးတို့က ထက်ရှသွားသည်။ သူ့အကြည့်နှင့် စုမင်အကြည့်တို့ တွေ့ဆုံသွားချိန်၌ အန္တရာယ် ရှိသည်ဟူသောအသိက သူ့ထံတွင် လျင်မြန်စွာ ဖြစ်ပေါ်လာသည်။ ထိုအန္တာရယ်ဟူသော အသိက ရုတ်ခြည်း ဖြစ်ပေါ်လာခြင်း ဖြစ်သော်လည်း အန္တရာယ်ကို ရှင်းလင်းစွာ အာရုံခံမိနေဆဲဖြစ်သည်။
ထိုလေးနက်သည့် အကြည့်တို့ဖြင့် စုမင်မျက်လုံးသည် ကြယ်များကဲ့သို့ပင် ဖြစ်နေသည်။ ရွှမ်းလွမ် ထိုအရာကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်သွား၏။
သူပင် ထိုသို့ ဖြစ်သွားခဲ့သည်ဆိုလျှင် သူ့နောက်ရှိ အဘိုးအိုအတွက်တော့ ပိုမိုဆိုးရွားသွားစေသည်ပင်။ အဘိုးအိုသည် စုမင်မျက်လုံးတို့ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီးသည့် သူ့ခေါင်းအတွင်း၌ ရုတ်ခြည်း ပေါ်ပေါက်လာလေသည်။ ထို့နောက် သူသည် သတိ ဆုံးရှုံးလိုက်ရသည့်အလား ရှုပ်ထွေးဝေခွဲမရမှုတို့က သူ့မျက်နှာတွင် ဖြသ်ပေါ်လာပြီး ငေးကြောင်မှင်တက် သွားချေသည်။
“ငါက အရောင်စုံရေကန် မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ကြောင့် ဒဏ်ရာရထားရင် ရထားလိမ့်မယ်။ ဒါပေမဲ့ မင်းတို့ တိုက်ခိုက်ချင်တယ် ဆိုရင်တော့ တိုက်ကြတာပေါ့”
စုမင် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
စကားကို ဖြည်းဖြည်းချင်း ပြောလိုက်သဖြင့် အခြားလူတို့အား သူ့ဝါကျ၏အဓိပ္ပာယ်ကို စဉ်းစားရန် အချိန်အလုံအလောက် ရသွားစေသည်။
“ရောင်စုံရေကန်မျိုးနွယ်စုရဲ့ ခေါင်းဆောင် ယန်လွမ်လား။ သူမလည်း ဒီမှာပဲလား”
နန်ထျန်း၏အမူအရာသည် ရုတ်ခြည်းပင် လေးနက်သွားပြီး ချက်ချင်းပင် အော်မေးလိုက်သည်။
“သူမရဲ့ ရုပ်ခန္ဓာကတော့ ဘယ်နေရာမှာရှိနေလဲ ငါမသိဘူး။ ငါ့ကို တိုက်ခိုက်ခဲ့တာက ဟန်ဖေးကျစ်၊ ယန်ဂေါင်နဲ့ ယန်လွမ်ရဲ့ မာန်အမှတ်အသား အပိုင်းငယ်တစ်ခုကနေ ဖြစ်ပေါ်လာတဲ့ မျက်နှာတစ်ခုပဲ”
စုမင် တည်ငြိမ်စွာ ပြောရင်းမှပင် သူ့ရင်ဘတ်ရှိ ဝတ်ရုံကို မ လိုက်သည်။
သူ့နှလုံးရှိရာအပေါ်ဘက် အရေပြားပေါ်တွင် ပန်ရောင်ရုပ်ပုံတစ်ခု ရှိနေ၏။ မည်သူမဆို အနီးကပ်ကြည့်မည်ဆိုလျှင် ထိုရုပ်ပုံသည် အမျိုးသမီးတစ်ဦး၏ ဝေဝါးဝါးမျက်နှာတစ်ခု ဖြစ်ကြောင်း သူတို့တွေ့ရှိပေလိမ့်မည်။
ရုပ်ပုံကို မြင်တွေ့ရချိန်တွင်တော့ နန်ထျန်း၏ မျက်လုံးများသည် မှေးကျုံ့သွားပြီး ရွှမ်းလွမ် မျက်လုံးများသည်တော့ တောက်ပသွားလေသည်။
“မင်းက ယန်လွမ်ရဲ့ ဆန်းကြယ်သော မျက်နှာရုပ်သွင်ကနေ လွတ်မြောက်လာခဲ့တာလား။ ညီနောင်မော့ ... ငါမင်းကို လေးစားသွားပြီ”
နန်ထျန်း လေးနက်စွာပြောလိုက်သည်။
ယန်လွမ်၏ မာန်အတတ်ပညာရပ် စွမ်းအားကို သူသိသည်။ ထို့ကြောင့် သူသာ သူမနှင့် ရင်ဆိုင်တွေ့ခဲ့မည်ဆိုလျှင် သူမထံမှ လွတ်မြောက်လာခဲ့လျှင်တောင် ဒဏ်ရာအကြီးအကျယ် ရသွားလိမ့်မည်ဖြစ်သည်။ မော့စုကဲ့သို့ ဆက်လက် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။
“ညီနောင်ရွှမ်း၊ ရုပ်နယ်လွန်အဆင့် တိုက်ပွဲစွမ်းရည်မျိုး ရှိတဲ့သူက ကျူပ်တို့၃ယောက်ပဲ ရှိတယ်။ အကယ်၍ အချင်းချင်းသာ တိုက်ခိုက်ကြမယ်ဆိုရင် ကျူပ်တို့ ဒီနေရာမှာပဲ သေသွားလိမ့်မယ်။ ယန်လွမ်က ဒီမှာရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ သူမက ရုပ်နယ်လွန်နှောင်းပိုင်း အဆင့်ကို ချိုးဖျက်တက်ရောက်နိုင်ဖို့ ကြိုးစားနေခဲ့တာ မဟုတ်ဘူးလား”
နန်ထျန်း၏အမူအရာသည် မယုံနိုင်လောက်အောင် ခါးသီးသွားသည့်ကပုံ ပေါ်လာသည်။ သူ၏ ယခင်အပြုအမူဖြစ်သည့် သူ့တစ်နေရာကို ဖြန့်ဝေလိုက်ခြင်းတွက် များများစားစား စဉ်းစားခဲ့ခြင်းမရှိသည်ကို ယခုတော့ သူသိသွားပြီဖြစ်သည်။ ထိုအကြောင်းကို စဉ်းစားလိုက်မိသောအခါ ချွေးအေးတို့က အရေပြားမှ စိမ့်ထွက်လာချေသည်။
စုမင်ကိုကြည့်ကာ အေးစက်စက် မပြောလိုက်ခင်အချိန်ထိ ရွှမ်းလွမ်သည်လည်း အချိန်အတော်ကြာ တိတ်ဆိတ်သွားလေသည်။
“ငါ မင်းကို ဘယ်လိုခေါ်ရမှာလဲ”
“မော့စု”
စုမင် ပြောင်းလဲမှုမရှိသည့်အသံဖြင့် ပြန်ပြောလိုက်သည်။
ရွှမ်းလွမ် စုမင်ကို တစ်ချက်ကြည့်လိုက်ရင်း တခြားဘက်သို့လှည့်ကာ ထိုင်ချလိုက်သည်။ တိုက်ခိုက်မည့်အကြောင်း နှင့်ပတ်သက်၍ သူထပ်မပြောတော့ချေ။ ဤနေရာသည် အရောင်စုံရေကန် မျိုးနွယ်စုကြောင့် အန္တရာယ် များလာခဲ့ပြီဖြစ်ပြီး သူ့အနေဖြင့် ဒဏ်ရာမရပဲ စုမင်ကို သတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိချေ။ ထို့ပြင် ထိုသူသည် သူ့အတွက် မျက်စိစပါးမွေးစူးစရာ သက်သက်ပင် ဖြစ်နေသောကြောင့် ယခုလို အခြေအနေမျိုးအောက်တွင် ထိုလူနှင့် သူတိုက်ခိုက်မည်မဟုတ်ပေ။
“ညီနောင် ရွှမ်း၊ ညီနောင်မော့ ဒီနေရာ မပိတ်ခင် ၇ရက်ကျန်သေးတယ်။ အရောင်စုံရေကန် မျိုးနွယ်စုက ယန်လွမ်ကိုယ်တိုင် ရောက်မလာသေးသရွေ့ ကျူပ်တို့ ၃ယောက်လုံး ဒီနေရာမှာ ဘေးကင်းနေလိမ့်မယ်”
“ဒါပေမဲ့ ယန်လွမ်က ဟန်တောင်တန်းဘိုးဘေးရဲ့ အုတ်ဂူထဲမှာ ပေါ်လာတဲ့အတွက်ကြောင့် သူမက ကြီးမားတဲ့တစ်စုံတစ်ခုကို ရည်ရွယ်ချက် ထားနေတာလို့ ကျူပ်ထင်တယ်။ ကျူပ်တို့ ဝင်မစွက်ဖက်သရွေ့ သူမက ကျူပ်တို့ကို တိုက်ခိုက်မှာ မဟုတ်လောက်ဘူး”
“သေချာတွေးကြည့်ရင် သူမက ရုပ်နယ်လွန် အလယ်ဆင့်မှာ ရှိနေတယ်ဆိုပေမဲ့ ကျူပ်တို့ ၃ယောက်လုံးနဲ့ တိုက်ခိုက်မယ်ဆိုရင်တော့ သူမအတွက် ဒဏ်ရာမရဘူးဆိုတာ ဖြစ်နိုင်မှာမဟုတ်ဘူး။ အကယ်၍ သူမကသာ ဟန်တောင်တန်းဘိုးဘေးရဲ့ အမွေအနှစ်ကို လိုချင်တာဆိုရင်တော့ အဲဒီလိုလုပ်တာက သူမအတွက် အကျိုးယုတ်သွားစေလိမ့်မယ်”
စုမင်နှင့် ရွှမ်းလွမ်ကိုမကြည့်ခင် နန်ထျန်း အချိန်အတော်ကြာ တိတ်ဆိတ်သွားပြန်သည်။
“နန်ထျန်း၊ မင်းရဲ့ အစီအစဉ်တွေက ဘာလဲ။ ပြောစရာရှိတာသာ ပြောပါ”
ရွှမ်းလွမ် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ငါတို့ရဲ့ စွမ်းအားတွေနဲ့ဆိုရင် မျိုးနွယ်စု ၃ခုနဲ့ ပူးပေါင်းပြီးတော့ ဆေးဖက်ဝင်အပင် အမျိုးမျိုးနဲ့ မာန်ပညာရပ်တွေကိုရဖို့ ခက်ခဲလိမ့်မယ်။ မင်းတို့အားလုံးဆီကနေ ငါ့အတွေးတွေကို ဖုံးကွယ်မထားပါဘူး။ ဟန်တောင်တန်းဘိုးဘေးရဲ့ အမွေအနှစ်အတွက် ငါ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုကို ဝင်ရောက်ခဲ့တယ်။ အတိတ်တုန်းက ဟန်တောင်တန်းမျိုးနွယ်စု ဘိုးဘေးရဲ့ ဂုဏ်သတင်းက အရမ်းကို ကြီးကျယ်မြင့်မြတ် ခဲ့တယ်။ မျိုးနွယ်စု ၃ခုကလည်း သူ့ရဲ့ အမွေအနှစ်တွေကို အရမ်းတန်ဖိုးထား လေးစားကြတယ်။ ငါက ပါရမီမြင့်တဲ့လူ တစ်ယောက် မဟုတ်ပါဘူး။ ဒါကြောင့် သူ့အမွေအနှစ်ရဲ့ တစ်စိတ် တစ်ပိုင်းလောက်ပဲ ရယူချင်မိတာ”
“ဒီအရာက အန္တရာယ်များရင် များလိမ့်မယ်။ ဒါပေမဲ့ ငါတို့အတွက် နောက်ဆုံး အခွင့်အရေးလည်း ဖြစ်သွားနိုင်တယ်…”
နန်ထျန်းမျက်လုံးတို့သည် တောက်ပနေပြီး ဖြည်းဖြည်းချင်း ဆက်ပြောသည်။
“လွင်ပြင်ကို ဦးတည်တဲ့ လျှို့ဝှက် ဥမင်လိုဏ်ခေါင်း အချို့ကို ငါသိထားတယ် ... ညီနောင်ရွှမ်းနဲ့ ညီနောင်မော့တို့ကသာ ငါ့လို တူညီတဲ့အတွေးမျိုး ရှိတယ်ဆိုရင် ငါတို့တွေ စွန့်စားမှုလုပ်ကြတာပေါ့။ ငါတို့ ရမယ့်အရာကို အညီအမျှ ခွဲဝေယူကြမယ်လေ”
“လျှို့ဝှက်ဥမင်လား။ ယန်လွမ်က လွင်ပြင်ထဲက ယဇ်ပလ္လင်မှာ သေချာပေါက် ရှိနေလိမ့်မယ်။ ငါတို့သာ အဲဒီကိုသွားရင် သူမ သတိမပြုမိဖို့ ခဲယဉ်းလိမ့်မယ်။ ငါတို့ရဲ့ သေခြင်းတရားကို ငါတို့ဘာသာ သွားရှာသလို ဖြစ်သွားနိုင်တယ်”
ရွှမ်းလွမ် မျက်မှောင်ကြုတ် လိုက်သည်။
“ငါ့မှာ ယန်လွမ်ရှာမတွေ့နိုင်ဖို့ ယုံကြည်ချက်ရှိတယ်။ ဥမင်တွေက လွင်ပြင်တွေဆီကို ဦးတည်နေတယ်ဆိုပေမဲ့ အတွင်းပိုင်းမှာ ကွဲထွက်နေပြီးတော့ လမ်းခွဲတွေထဲက တစ်ခုက ဟန်တောင်တန်း ဘိုးဘေးရဲ့ သင်္ချိုင်းဂူကို ဦးတည်နေတာပဲ”
“ငါအဲဒီကို တစ်ခေါက်ရောက်ခဲ့ဖူးတယ်။ ဒါပေမဲ့ စည်းတံဆိပ်ကို မဖွင့်နိုင်လို့ လက်လျှော့ခဲ့ရတာပဲ။ ဒီတစ်ကြိမ်မှာတော့ အရောင်စုံရေကန် မျိုးနွယ်စုက သင်္ချိုင်းဂူရဲ့ စည်းတံဆိပ်ကို ဖျက်နိုင်မယ့်နည်းလမ်း သေချာပေါက် တွေ့ထားလို့သာ ဒီလိုလှုပ်ရှားတာပဲ။ စည်းကျိုးပျက်သွားတဲ့ အချိန်ကျရင် ငါတို့ သင်္ချိုင်းဂူထဲကို ခိုးဝှက်ပြီးဝင်လို့ရတယ်”
“ဒါ့အပြင် ယန်လွမ်သာ ရိုးရေစတေးအဆင့်ကို မရောက်သေးပဲ ကောင်းကင်နဲ့မြေကြီးကို မဆက်သွယ် နိုင်သေးဘူးဆိုရင် စည်းကြောင့် သူမကငါတို့ကို ထောက်လှမ်းမိမှာ မဟုတ်ဘူး”
“အိုး။ အဲဒီလို ဥမင်မျိုးသာ ရှိတယ်ဆိုရင် မင်းက ကိုယ့်ဘာသာ သွားနိုင်တာပဲလေ။ ဘာလို့ ငါတို့ကို ဒီအကြောင်း ပြောပြနေရတာလဲ”
ရွှမ်းလွမ်၏အမူအရာသည် စူးစမ်းလိုသည့် အသွင်ဖြင့်သာ ရှိနေသော်လည်း လှုပ်ရှားလိုက်ပြီး တိတ်ဆိတ်နေသည့် စုမင်ကို လှမ်းကြည့်လိုက်သည်။
“ညီနောင်ရွှမ်း၊ ငါမင်းကို ဘာမှ ဖုံးကွယ်မထားပါဘူး။ ငါ စည်းကို မဖွင့်နိုင်ခဲ့ပေမဲ့ သင်္ချိုင်းဂူအတွင်းက လာတဲ့ဖိအားကိုတော့ ခံစားမိခဲ့တယ်။ ဟန်တောင် တန်းဘိုးဘေးရဲ့ သင်္ချိုင်းဂူထဲမှာ ခြိမ်းခြောက်မှုကြီး တစ်ခုရှိနေသလိုပဲ။ ငါ့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ဆိုရင် အဆုံးထိဝင်နိုင်ဖို့ ခက်ခဲလိမ့်မယ်…”
“အကုန်ခြုံကြည့်ရင်တော့ ရတနာတွေက ဘယ်လောက်ပဲ ကြီးကျယ်နေပါစေ၊ ငါတို့အသက်တွေက ပိုအရေးကြီးတာပဲလေ။ ဒါပေမဲ့ ငါတို့သာ အတူလက်တွဲပြီး လုပ်မယ်ဆိုရင်တော့ တခြားတစ်ယောက်ရဲ့ အားနည်းချက်ကို ဖုံးကွယ်ပြီးသား ဖြစ်သွားလိမ့်မယ်။ ငါတို့ ရခဲတဲ့ အခွင့်အရေးတွေကိုတောင် ရရင်ရနိုင်လိမ့်မယ်။ မင်းတို့ကို ငါ့ရဲ့ အစီအစဉ်အမှန်တွေ ပြောပြပြီးသွားပြီ။ မင်းတို့ ဘာကိုရွေးချယ်မှာလဲ နေခဲ့ပြီး ပုန်းအောင်းကျန်ခဲ့မှာလား။ ၇ရက်ကြာပြီး ဒီနေရာကနေ ဘေးကင်းကင်းနဲ့ ထွက်သွားမလား ဒါမှမဟုတ် စွန့်စားမလား ဆိုတာကတော့ မင်းတို့၂ယောက်အပေါ် မူတည်တယ်”
နန်ထျန်း ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
တောင်ကြားသည် တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ ရွှမ်းလွမ်သည်လည်း တစ်စုံတစ်ရာကို စဉ်းစားနေသကဲ့သို့သို့ မျက်လုံးတို့ကိုမှတ်လိုက်ပြီး ပြန်လည် ငြိမ်သက်သွားခဲ့သည်။
စုမင် ခေါင်းကိုငုံ့လိုက်ချိန်တွင် တောက်ပသည့်အကြည့်က သူ့မျက်လုံးအတွင်း ထင်ရှားစွာ ဖြစ်ပေါ်လာသည်။ ဟန်တောင်တန်းဘိုးဘေး သေဆုံးခဲ့ပြီဆိုချိန်က သူ၏အလောင်းနှင့် မည်သည့်နေရာတွင် သေဆုံးခဲ့သည်ကို သူသိရှိလိုခဲ့သော်လည်း ယခုဘိုးဘေးသည် အသက်ရှင်နေသေးသည်။
‘ငါ့ရဲ့ သေးငယ်တဲ့ ကျောက်စိမ်း ဓားမြှောင်ငယ်လေးက ဟန်တောင်တန်းဘိုးဘေး ပိုင်ဆိုင်တဲ့အရာပဲ။ ပြီးတော့ အနက်ရောင် မြက်ခင်းပြင်ကလည်း အတူတူပဲ ... သူ သေသွားခဲ့ပြီဆိုရင်တော့ အဆင်ပြေလိမ့်မယ်၊ ဒါပေမဲ့ သူသာ တကယ်မသေသေးဘူး ဆိုရင်တော့ ငါလုပ်သမျှအရာတိုင်းက သူ့ရှေ့မှာအသုံးဝင်မှာ မဟုတ်ဘူး’
ထိုအရာသည် စုမင် တုံ့ဆိုင်းနေရခြင်း၏ အကြီးမားဆုံး အကြောင်းပြချက် ဖြစ်သည်။ ဟန်တောင်တန်းဘိုးဘေး၏ သီးသန့်နယ်မြေကို ဝင်ရောက်ရန် လျှို့ဝှက်လမ်းကို သိသည်ဆိုသည့် ဟယ်ဖုန်း၏နည်းလမ်းကို မရွေးချယ်ခဲ့သည့် အဓိက အကြောင်းအရင်းလည်း ဖြစ်သည်။
‘ဒါပေမဲ့ ဒါက အခွင့်အရေးလည်း ဖြစ်နေနိုင်တယ်။ ဒီလူ၂ယောက်ကလည်း ငါနဲ့အတူ သွားကြမယ့်အပြင် အရောင်စုံရေကန် မျိုးနွယ်စုရဲ့ အင်အားကလည်း ဝင်ရောက်လာ လိမ့်ဦးမှာပဲ။ ဟန်တောင် တန်းဘိုးဘေးက မသေသေးဘူး ဆိုရင်တောင် သူ့ကိုယ်သူ ဂရုစိုက်နေရတာနဲ့ အလုပ်ရှုပ်နေလိမ့်မယ်’
‘ငါသွားသင့်လား။ မသွားသင့်ဘူးလား ... နန်ထျန်းက ဒါတွေအကုန်လုံးကို ပြောပြခဲ့တယ်ဆိုတာ ရွှမ်းလွမ်နဲ့ငါက တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးဘူးဆိုတာ သိလို့ပဲ’
စုမင် မျက်မှောင်ကြုတ် လိုက်မိရင်း သူဆုံးဖြတ်ချက် မချနိုင်ဖြစ်နေမိသည်။
ကမ္ဘာပေါ်မှ ဝိညာဉ်စွမ်းအင်အား လျင်မြန်စွာ စုပ်ယူနိုင်ရန် ကူညီပေးနိုင်မည့် ပညာရပ်ကို လိုချင်သောကြောင့် သူယခင်က ဤနေရာသို့ ဝင်ရောက်လိုခဲ့သည်။ ထိုအချိန်တုန်းကတော့ ဟန်တောင်တန်းဘိုးဘေး သေဆုံးသွားခဲ့ပြီဟု သူယုံကြည်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤနေရာသို့ ခြေချမိချိန်မှစ၍ အရာတော်တော်များက ပြောင်းလဲသွားခဲ့ပြီး ၎င်းတို့ကို တွေ့ကြုံခဲ့ရ ပြီးနောက်တွင်တော့ ပညာရပ်ကိုလိုချင်သည့် သူ့အလိုဆန္ဒသည် မခိုင်မာတော့ချေ။
စုမင် တိတ်ဆိတ်နေစဉ် ရွှမ်းလွမ်၏ မှောင်မိုက်မှုတို့ ပါဝင်နေသည့်အသံက သူ့နားအတွင်း ရောက်ရှိလာသည်။
“ငါတို့ရဲ့ ဆုံးဖြတ်ချက်တွေကို အလျင်စလိုချစရာ မလိုသေးဘူးလို့ ငါထင်တယ်။ မင်းပြောခဲ့တဲ့ ဟန်တောင် တန်းဘိုးဘေးရဲ့ သင်္ချိုင်းဂူကိုဦးတည်တဲ့ လျှို့ဝှက်ဥမင်နဲ့ စည်းတံဆိပ်ကို မြင်တဲ့အချိန်မှ ဆုံးဖြတ်လည်း နောက်မကျသေးပါဘူး”
နန်ထျန်း ခေါင်းညိတ်လိုက်သည်။ သူ့တွင် ပြန်ပြောစရာ စကားမရှိပေ။ ရွှမ်းလွမ် မည်သည့်အတွက်ကြောင့် သတိထားနေခြင်း ဖြစ်ကြောင်း သူနားလည်သည်။ လူတို့သည် သူတို့မျက်လုံးဖြင့် အမှန်တရားကို မြင်တွေ့မှသာလျှင် ယုံကြည်နိုင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့အကြည့်ကို စုမင်ထံသို့ ရွှေ့ပြောင်းလိုက်သည်။
“ညီနောင်မော့၊ မင်းရဲ့အတွေးကရော ဘယ်လိုလဲ”
“ငါက ဒဏ်ရာရထားတယ်။ အကယ်၍ သွားနိုင်ခဲ့ရင်တောင် အများကြီး ကူညီမပေးနိုင်မှာ စိုးတယ်”
စုမင် မငြင်းပယ်လိုက်ပဲ ထိုအစား ဖြည်းဖြည်းနှင့် သေသေချာချာ ပြောလိုက်သည်။
ရွှမ်းလွမ် မည်သည့်စကားမျှ မဆိုသော်ငြား မျက်လုံးအတွင်း၌တော့ အေးစက်မှုတို့ ရှိနေလေသည်။
နန်ထျန်း စုမင်ကို စိုက်ကြည့်လိုက်ရင်း ခဏတာ တိတ်ဆိတ်သွားသည်။ အမှန်တော့ သူထိုစကားတို့ကို ပြောလိုက်ခြင်းသည် စွန့်စားလိုက်ခြင်း ဖြစ်သည်။ အကယ်၍ လူတိုင်း သွားမည်ဆိုလျှင် သူတို့သည် လုံခြုံပေလိမ့်မည်။ သို့သော် သူတို့ထဲမှ တစ်ယောက်ကသာ မသွားဘူးဆိုလျှင်တော့ သူတို့ရင်ဆိုင်ရမည့် စွန့်စားမှုအခက်အခဲက ပိုမိုများပြား သွားလိမ့်မည်ဖြစ်သည်။
“ဒါက ပြဿနာမဟုတ်ပါဘူး။ ယန်လွမ်ရဲ့ပညာရပ်က စိတ်ကိုနှောင့်ယှက်ပြီး မင်းနှလုံးသားထဲက စွမ်းအားမျိုးစုံကိုပဲ ထိခိုက်ဒဏ်ရာ ရစေတာ။ ညီနောင် မော့ ကြည့်ရတာ မင်းရဲ့ဒဏ်ရာတွေက နှလုံးသားထဲက စွမ်းအားမျိုးစုံမှာပဲ အဓိကဖြစ်နေတဲ့ပုံပဲ…”
နန်ထျန်းသည် စကားပြောနေရင်းမှပင် သူ့ဘေးတွင် လွင့်မျောနေသည့် အနက်ရောင်သားရဲ အရိုးတစ်ခုကို ညွှန်ပြလိုက်ရာ ထိုအရာသည် စုမင်ထံသို့ ဦးတည်ပျံဝဲလာပြီး သူ့ရှေ့တွင် ရပ်သွားလေသည်။
“ညီနောင်မော့၊ မင်းကို ကုသဖို့အတွက် ဒီအရိုးကို ငါသုံးပေးမယ်။ ဒါက မင်းရဲ့ နှလုံးသားထဲမှာ ခံစားနေရတဲ့နာကျင်မှုကို လျှော့ချပေးနိုင်လိမ့်မယ်”
စုမင် သူ့ရှေ့ရှိ သားရဲအရိုးကို ခဏတာ စိုက်ကြည့်လိုက်ပြီးမှ ခေါင်းညိတ်သည်။ သူ့အမူအရာသည် မူလအတိုင်းပင် ရှိနေသော်ငြား သတိရှိမှုကိုတော့ ပိုတိုးမြှင့်ထားလိုက်ပြီး တံဆိပ်ခတ်နှိပ်ခြင်း အတတ်ဖြင့် အရိုးအပေါ်တွင် အာရုံစိုက်ထား လိုက်သည်။
စုမင် သဘောတူသည်ကို မြင်သောအခါ နန်ထျန်းသည် ညာဘက်လက်ကို မြှောက်လိုက်ပြီး မျက်ခုံးနှစ်ခု အလယ်သို့ လက်ညှိုးဖြင့် အနည်းငယ် ဖိကပ်လိုက်သည်။ လက်ချောင်းသည် သူ့အရေပြားဖြင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် စုမင်ရှေ့ရှိ အနက်ရောင်အရိုးသည် မှိန်ဖျော့ဖျော့အလင်းကို ထုတ်လွှတ်လာချေသည်။ ထို့နောက် ပန်းရောင် အခိုးအငွေ့များသည် စုမင် ရင်ဘတ်မှ စိမ့်ထွက်လာပြီး အရိုး၏စုပ်ယူခြင်းကို ခံလိုက်ရလေသည်။
အမွှေးတိုင် တစ်ဝက်ထွန်းစာ အချိန်ကုန်သွား ချိန်တွင်တော့ အနက်ရောင်အရိုးသည် ပန်းရောင်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ နန်ထျန်းသည် သူ့မျက်ခုံးအလယ်မှ ညာဘက်လက်ကို ပြန်ချလိုက်ပြီး အရိုးကိုညွှန်ုပြလိုက်ရာ ၎င်းသည် ချက်ချင်းပင်နောက်သို့ ပြန်ဆုတ်သွားပြီး နန်ထျန်း၏ဘေးသို့ ပြန်လည် ရောက်ရှိသွားလေသည်။
စုမင် အသက်ပြင်းပြင်း ရှူလိုက်မိသည်။ သူ့နှလုံးသားပေါ်ရှိ ဒဏ်ရာတို့သည် ပိုမိုကောင်းမွန်လာပြီး နာကျင်မှုများလည်း လျော့နည်းသွားသည်ကို သူကောင်းစွာ ခံစားနိုင်သည်။
“ညီနောင် မော့၊ မင်းအခုသွားလို့ ရပြီလား”
နန်ထျန်းသည် မျက်လုံးတို့ကို ကျဉ်းမြောင်းလိုက်ရင်း အသံတိုးတိုးဖြင့် မေးသည်။
ရွှမ်းလွမ် သည်လည်း အေးစက်စက် ပြုံးလျက် စုမင်ကို စိုက်ကြည့်နေချေသည်။
“အဲဒီနေရာကိုသွားတာက ပြဿနာတစ်ခု မဟုတ်တော့ဘူး”
သူ့ထံသို့ ဦးတည်နေသည့် သဘောထားတို့မှ သက်ရောက်ခြင်း မခံရဟန်ဖြင့် စုမင်တည်ငြိမ်စွာ ပြောလိုက်သည်။
“ကောင်းတာပေါ့”
နန်ထျန်း ပြုံးလိုက်၏။ ရွှမ်းလွမ် မည်မျှလောဘ ကြီးကြောင်း သူသိသည်။ သင်သူတို့အား လုံလောက်စွာ မက်လုံးပေးနေသမျှ သူတို့က လှုပ်ရှားလိမ့်မည် ဖြစ်သည်။
သို့သော် နန်ထျန်း စုမင်ကို နားမလည်နိုင်ချေ။ သူ့တွင် ရွေးချယ်စရာ မရှိတော့မည့် အချိန်မှလွဲ၍ သူစုမင်နှင့် ရန်သူဖြစ်မလာချင်ပေ။ ထို့ကြောင့်ပင် ရွှမ်းလွမ်နှင့် စုမင်တို့ တစ်ဦးနှင့်တစ်ဦး အဆင်မပြေကြောင်း သိသည့်အချိန်တွင် သူ့စိတ်ထဲ၌ ၎င်းအတွေးတို့ပေါ်လာပြီး ထိုစကားတို့ကို ပြောခဲ့ခြင်းဖြစ်သည်။ သူသာ ဤကဲ့သို့ အားကောင်းသည့် နည်းလမ်းကို အသုံးပြုမည်ဆိုလျှင် စုမင်သည် သူ့ကိုငြင်းပယ်လိမ့်မည် မဟုတ်ကြောင်း သူယုံကြည်ခဲ့သည်။
မကြားသင့်သည့် စကားလုံးအချို့ရှိသည်။ မင်းသာ ထိုအရာတွေကို တစ်ကြိမ် ကြားဖူးလိုက်သည်နှင့် မင်းလည်း ဝင်ရောက် ပတ်သက်ရတော့မည်သာ ဖြစ်သည်။
“ငါတို့ နှောင့်နှေးမနေသင့်ဘူး။ ဒီခရီးက အန္တရာယ် များလွန်းတာကြောင့် အခု သွားသင့်နေပြီ။ ငါတို့က ရခဲတဲ့ အခွင့်အလမ်းတွေကို လိုချင်ရင် ရိုးသားကြရမယ်။ ငါက လမ်းကြောင်းကိုဖွင့်မယ်။ ညီနောင်ရွှမ်းနဲ့ ညီနောင်မော့ ကျေးဇူးပြုပြီး ငါ့ကို ကာကွယ်ပေးထားပါ”
နန်ထျန်းသည် မတ်တတ်ရပ်လိုက်ပြီး ရွှမ်းလွမ်နှင့် စုမင်ထံသို့ လက်သီးနှင့် လက်ဝါးထပ်လျက် အရိုအသေပေးရင်း ပြောသည်။
“ငါတို့က ဥမင်နဲ့ သိပ်မဝေးဘူး။ ငါတို့ရဲ့ အမြန်နှုန်းနဲ့ဆိုရင် အဲဒီနေရာကို လေးနာရီအတွင်း ရောက်နိုင်လိမ့်မယ်။ ငါတို့ရဲ့ နောက်လိုက်၃ယောက် အတွက်ကတော့…”
“ငါတို့ရဲ့ အစီအစဉ်တွေကို သိနေပြီဖြစ်တာကြောင့် ဟာကွက်မရှိအောင် သူတို့ကိုပါ လိုက်ခိုင်းလိုက်”
ရွှမ်းလွမ် အေးစက်စွာ ပြောသည်။
တုန့်ဖန်းဟွာနှင့် ကျန်၂ဦးသည် မည်သည့်စကားမျှ ပြန်မပြောဆိုရဲချေ။ နာခံသည်ဆိုသည့် သဘောနှင့် ခေါင်းသာညိတ်ပြ လိုက်ကြသည်။
လူခြောက်ယောက်သည် နန်ထျန်း၏ ဦးဆောင်မှုအောက်တွင် ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားကြသည်။
အဝေးတွင်တော့ တောင်ကုန်း ဧရိယာများဖြင့် ဝန်းရံနေသည့် လွင်ပြင်များရှိနေသည်။ ဟန်တောင်တန်း ဘိုးဘေးသည် သူ၏ သီးသန့်နေရာအတွက် ရွေးချယ်ထားခဲ့သည့် အဆောက်အဦကြီးကိုတော့ မြူတို့ဖြင့် ဖုံးလွှမ်းနေချေသည်။ ထိုအရာကြီးသည် သူတို့ ရောက်ရှိလာမည်ကို စောင့်နေသည့် ပွင့်ဟနေသော ဧရာမ ပါးစပ်ပေါက်ကြီးနှင့် တူသည်။
***