← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁) နောက်သို့တစ်ခေါက် ပြန်လှည့်ခြင်း

“ဟား... ဒါ တို့ရဲ့ မြူတိမ်ဆောင်က အဆွေတော်တွေ မဟုတ်လား။ ဒီရက်ပိုင်းအတွင်းမှာ ဘာများ ထူးထူးခြားခြား ရှာဖွေတွေ့ရှိခဲ့ကြလဲ”

ကျောက်တိုင်ကြီးတစ်တိုင်၏ နောက်ကွယ်မှ ရန်ချင်းဆုန်း ရုတ်တရက် ထွက်ပေါ်လာသည်။ သူသည် တုကျဲ နှင့် ကျောက်ချန်းတို့ကို မြင်သည်နှင့် တဟားဟား ရယ်မောကာ ပြက်ရယ်ပြု၍ စတင်ရန်စလိုက်တော့သည်။

သူ့နောက်မှ ရန်ကျိချန်း၊ ဖုန်းခိုင်နှင့် ရေလဂိုဏ်းမှ နာနော့ တို့လည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြသည်။ သူတို့အားလုံး၏ အကြည့်မှာ တုကျဲရှိရာသို့ စုပြုံကျရောက်နေ၏။

တုကျဲတို့အုပ်စုသည် ညိုညစ်သော ကျောက်တုံးကြီးများ စုပုံနေသည့် တောင်ကုန်းတစ်ကုန်း၏ နောက်ကွယ်တွင် ရှိနေကြခြင်း ဖြစ်သည်။ ထိုနေရာတွင် ကျဉ်းမြောင်းလှသော ကျောက်လမ်းကလေးတစ်လမ်း ရှိနေ၏။

အဆင့် ၂ ဝိညာဉ်သားရဲ သုံးကောင်မှာ ထိုကျောက်လမ်း၏ နောက်ဘက် မိုင်အနည်းငယ်အကွာတွင် ရှိနေကြသည်။ အကယ်၍ ရန်ချင်းဆုန်းနှင့် ထိုလူအုပ်ကြီးသည် ထိုသားရဲများကို အမဲလိုက်လိုလျှင် အခြားလမ်းမှ သွား၍ရပါလျက်နှင့် ယခုကဲ့သို့ ဤလမ်းကိုမှ ရွေးချယ်လာခြင်းမှာ သက်သက်မဲ့ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။

ရေလဂိုဏ်းမှ နာနော့သည် ရန်ကျိချန်းနှင့် တုကျဲတို့ ပြန်လည်ထိပ်တိုက်တွေ့ကြသည်ကို မြင်သောအခါ မပြုံးဘဲ မနေနိုင်တော့ချေ။ သူမသည် အလွန်ပင် စိတ်ဝင်စားနေသည့် ပုံစံဖြင့် သူမ၏နောက်က ညီမငယ်များကို ရပ်တန့်ရန် အချက်ပြလိုက်ပြီး ပွဲကောင်းတစ်ပွဲအား ကြည့်တော့မည့်အလား နေရာယူလိုက်တော့သည်။

“ချင်းဆုန်း... တို့တွေ ဘယ်လို ဆက်သွားကြမလဲ” ဖုန်းခိုင်က မျက်မှောင်ကြုတ်ကာ တမင်တကာ မေးလိုက်သည်။

ရန်ချင်းဆုန်းက တုကျဲတို့၏ နောက်ကွယ်ရှိ ကျောက်လမ်းကို အလွန်ပင် သဘာဝကျသော အမူအရာဖြင့် လက်ညှိုးထိုးပြကာ ဆိုလိုက်၏။ “သူတို့နောက်က လမ်းကနေ သွားရမှာပေါ့”

“လမ်းဖယ်စမ်း”

ရန်ကျိချန်းသည် အေးစက်လှသော မျက်နှာထားဖြင့် သူ၏ ရေခဲနဂါးဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်သည်။ ငွေဖြူရောင် ဓားသွား ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ အေးစက်စက် အရှိန်အဝါများ လွှမ်းခြုံသွားတော့သည်။

အေးစက်လှသော မြူဖြူတို့သည် သူ၏ လက်ဖဝါးအတွင်းမှ စီးထွက်လာပြီး ရေခဲနဂါးဓားအတွင်းသို့ မှော်ဆန်စွာ စီးဝင်သွား၏။ အနီးကပ် ကြည့်ရှုမည်ဆိုလျှင် ထိုရေခဲနဂါးဓား၏ ဓားသွားအတွင်း၌ နဂါးတစ်ကောင်၏ ပုံသဏ္ဌာန်မှာ မှိန်ပျပျ ပေါ်ထွက်လာသည်ကို တွေ့မြင်ရပေလိမ့်မည်။

ရန်ကျိချန်းသည် ထိုဓားကို ကိုင်ဆောင်ကာ တုကျဲရှိရာသို့ အေးစက်သော မျက်နှာဖြင့် တည့်တည့်လျှောက်လာသည်။ ဖုန်းခိုင်၊ ရန်ချင်းဆုန်းနှင့် ရေခဲပြင်နန်းတော်မှ ကျင့်ကြံသူများသည်လည်း မလိုတမာစိတ်များဖြင့် သူတို့၏ ဝိညာဉ်လက်နက်များကို ဆုပ်ကိုင်လျက် မျက်လုံးများအတွင်း၌ ရန်စလိုသော အရိပ်အယောင်များဖြင့် ရှေ့သို့ တိုးလာကြတော့သည်။

အကြောင်းမှာ လွန်ခဲ့သော ထိပ်တိုက်တွေ့ဆုံမှုများတွင် သူတို့ကသာ အပြတ်အသတ် အသာစီးရခဲ့သောကြောင့် ဖြစ်၏။ ထို့ကြောင့် သူတို့အားလုံးသည် ရေလဂိုဏ်းမှ မိန်းကလေးများ၏ ရှေ့တွင် အစွမ်းပြလိုကြပြီး နောက်တစ်ကြိမ် တိုက်ခိုက်ရန်ပင် လက်ယားနေကြခြင်း ဖြစ်သည်။

“သခင်မလေးနာနော့... သူတို့ အချင်းချင်း တိုက်ကြတော့မှာလား” ရေလဂိုဏ်းမှ နုနယ်လှသော မိန်းကလေးတစ်ဦး၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။ “ထူးဆန်းလိုက်တာ။ ရေခဲပြင်နန်းတော်နဲ့ မြူတိမ်ဆောင်က ကျွန်မတို့လိုပဲ အမှောင်အသူရာခန်းမရဲ့ လက်အောက်ခံတွေ မဟုတ်လား။ တကယ်တော့ သူတို့က မြို့တစ်မြို့တည်းမှာတောင် နေကြတာကို ဘာလို့ ဒီလောက်တောင် တစ်ယောက်နဲ့တစ်ယောက် မုန်းနေကြတာလဲ”

“သူတို့ တိုက် မတိုက်ဆိုတာတော့ ငါ မသိဘူး၊ ဒါပေမဲ့ နင်မေးတဲ့ နောက်တစ်ချက်ကိုတော့ ငါ နည်းနည်း သိထားတယ်” နာနော့သည် ရင်ဆိုင်တွေ့နေကြသော အမျိုးသားများကို ကြည့်ရင်း တည်ငြိမ်စွာပင် ဆိုလိုက်သည်။ သူမ၏ မျက်ခုံးတန်းလေးများမှာ အပေါ်သို့ မြင့်တက်သွားပြီး နှုတ်ခမ်းထောင့်တွင် အပြုံးစလေးတစ်ခု ပေါ်လာ၏။ “အရင်တုန်းက ရေခဲကျောက်မြို့တော်မှာ မြူတိမ်ဆောင် ဆိုတာ မရှိဘူး။ တောင်ဘက်မြို့ရော၊ မြောက်ဘက်မြို့ပါ ရေခဲပြင်နန်းတော် တစ်ခုတည်းကပဲ ပိုင်ခဲ့တာ။ အင်း... အရင်က ရေခဲကျောက်မြို့တော် တစ်မြို့လုံးကို သူတို့ပဲ အုပ်ချုပ်ခဲ့တာပေါ့”

သူမ၏နောက်မှ လှပသော ရေလဂိုဏ်းသူလေးများသည်လည်း အံ့သြစွာဖြင့် နားထောင်နေကြသည်။

“အဲဒီတုန်းက ရေခဲပြင်နန်းတော်က အမှောင်အသူရာခန်းမရဲ့ လက်အောက်ခံ မဟုတ်ဘဲ နက်နဲရေခဲနန်းတော်ရဲ့ လက်အောက်ခံတွေ။ အမှောင်အသူရာခန်းမနဲ့ နက်နဲရေခဲနန်းတော်က နှစ်ပေါင်းများစွာ စစ်ဖြစ်ခဲ့ကြပြီး နောက်ဆုံးမှာတော့ အမှောင်အသူရာခန်းမက အနိုင်ရသွားခဲ့တယ်။ နက်နဲရေခဲနန်းတော်က တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ပြီး ရေခဲပြင်နန်းတော်က သူတို့ရဲ့ လက်အောက်ခံဖြစ်နေတော့ အမှောင်အသူရာခန်းမနဲ့ တိုက်တဲ့ စစ်ပွဲမှာ သဘာဝကျကျပဲ ပစ်မှတ်ထားခံခဲ့ရတာပေါ့”

နာနော့၏ အမူအရာမှာလည်း လေးနက်သွားသည်။ “တုကျဲရဲ့အဖေ တုရှိရှင်းက တည်ထောင်ခဲ့တဲ့ မြူတိမ်ဆောင်ဆိုတာ အဲဒီတုန်းက ရေခဲကျောက်မြို့ပြင်က ရွာငယ်လေးတစ်ရွာမှာ ရှိတဲ့ အဖွဲ့အစည်းလေးတစ်ခုပဲ ရှိသေးတယ်။ ထုံးကျောက် အဆင့်လောက်တောင် မရှိတဲ့ အဖွဲ့လေးပေါ့။ ဒါပေမဲ့ သူက ဒီစစ်ပွဲမှာ အကြီးအကျယ် အစွမ်းပြခဲ့တယ်။ သူက သူ့ရဲ့ လူတွေကို ဦးဆောင်ပြီး ရေခဲကျောက်မြို့ထဲကို အင်အားသုံး ဝင်ရောက်လာခဲ့သလို အမှောင်အသူရာခန်းမရဲ့ အင်အားနဲ့ ပူးပေါင်းပြီး ရေခဲပြင်နန်းတော်ရဲ့ ခုခံမှုကို အောင်အောင်မြင်မြင် ဖျက်ဆီးပစ်ခဲ့တယ်”

“နက်နဲရေခဲနန်းတော်က ဆုတ်ယုတ်သွားပြီဖြစ်လို့ အမှောင်အသူရာခန်းမကို ယှဉ်မတိုက်နိုင်တော့တာကို မြင်တဲ့အခါ ရေခဲပြင်နန်းတော်လည်း လက်နက်ချဖို့ကလွဲလို့ အခြားနည်းလမ်း မရှိတော့ဘူး။ ဒီကိစ္စကြောင့် တုရှိရှင်းက ဂုဏ်ထူးဆောင်ဘွဲ့တွေ ရခဲ့သလို မြူတိမ်ဆောင်လည်း ထုံးကျောက်အဆင့် အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့တာပေါ့။ အမှောင်အသူရာခန်းမကလည်း ရေခဲပြင်နန်းတော်က သစ္စာဖောက်ဦးမလားဆိုတာ စိုးရိမ်နေတာကြောင့် မြူတိမ်ဆောင်ကို ရေခဲကျောက်မြို့တော်ထဲမှာ နေထိုင်ခွင့် ပေးခဲ့တယ်။ အဲဒီလိုနဲ့ ရေခဲပြင်နန်းတော် တစ်ခုတည်းပဲ ပိုင်သင့်တဲ့ မြို့တော်ကြီးကို နှစ်ဖွဲ့ခွဲပြီး အုပ်ချုပ်ခဲ့ကြတာပေါ့”

နာနော့က အကျိုးအကြောင်းကို အသေးစိတ် ရှင်းပြနေ၏။ “အဲဒီနှစ်က စစ်ပွဲအတွင်းမှာ ရေခဲပြင်နန်းတော်က လူတော်တော်များများ တုရှိရှင်းရဲ့ လက်ချက်နဲ့ အသတ်ခံခဲ့ရတယ်။ ဒါ့အပြင် သူတို့ တစ်ဦးတည်း ပိုင်ဆိုင်ခဲ့တဲ့ မြို့တော်ကြီးကလည်း မြူတိမ်ဆောင် တည်ထောင်ဖို့အတွက် တစ်ဝက် အခွဲခံလိုက်ရပြန်တယ်။ ဒီတော့ ရေခဲပြင်နန်းတော်က မြူတိမ်ဆောင်ကို ဘယ်လိုလုပ် မမုန်းဘဲ နေမှာလဲ”

“ဒါကြောင့် နောက်ပိုင်းနှစ်တွေမှာ အဖွဲ့အစည်း နှစ်ခုလုံးက အမှောင်အသူရာခန်းမရဲ့ လက်အောက်မှာ ရှိနေကြပေမဲ့လည်း အရိပ်မပြဘဲ တိုက်ပွဲတွေ အကြိမ်ကြိမ် ဖြစ်နေခဲ့ကြတာ။ သေဆုံးသူတွေ များလာလေလေ တစ်ဖက်နဲ့တစ်ဖက် ရန်ငြိုးတွေက ပိုပြီး နက်ရှိုင်းလာလေလေပဲ။ အခုဆိုရင် အမှောင်အသူရာခန်းမတောင် ဒါကို ဖြေရှင်းပေးနိုင်တော့မှာ မဟုတ်ဘူး”

“ဩော်... ဒါကြောင့်ကိုး” မိန်းကလေးများလည်း သဘောပေါက်သွားကြသည်။

“ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် တို့တွေနဲ့မှ မဆိုင်တာ” နာနော့က အေးဆေးစွာ ပြုံးလိုက်၏။ “တို့တွေရဲ့ အလုပ်က ဒီမှာထိုင်ပြီး ပွဲကြည့်ဖို့ပဲ။ သူတို့ တိုက်ချင်သလောက် တိုက်ပါစေ။ ငါကတော့ လူတွေ တိုက်ကြတာ ကြည့်ရတာ ကြိုက်တယ်။ ပိုပြီး ပြင်းထန်လေ ပိုကောင်းလေပဲ”

“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့” သူမနောက်မှ မိန်းကလေးများလည်း ရေခဲပြင်နန်းတော်နှင့် မြူတိမ်ဆောင်ကြားက ရန်ငြိုးတွေကို မေ့ပစ်လိုက်ကာ ပျော်ရွှင်စွာ အားပေးကြတော့သည်။

“လမ်းဖယ်စမ်း”

ရေခဲနဂါးဓားကို ကိုင်ဆောင်ထားကာ မြူဖြူများ ဖုံးလွှမ်းနေသော ရန်ကျိချန်းသည် တုကျဲ၏ ရှေ့တည့်တည့်သို့ ရောက်လာပြီး အေးစက်သော မျက်နှာဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

ရေခဲနဂါးဓားအတွင်းမှ အေးစက်လှသော အရှိန်အဝါများ ယိုစိမ့်ထွက်လာပြီး ဓားအတွင်းရှိ နဂါးပုံသဏ္ဌာန်မှာ ပို၍ ထင်ရှားလာ၏။ ၎င်းသည် ဓားအတွင်းမှ ခုန်ထွက်လာတော့မည့်အလား ရှိနေပေသည်။

တုကျဲသည် သူ၏ ရင်ဘတ်မှ ဒဏ်ရာ၏ နာကျင်မှုကို ပြန်လည် ခံစားလိုက်ရသည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော အမူအရာဖြင့် အံကို ကြိတ်ကာ စိတ်တည်ငြိမ်စေရန် အသက်အား အကြိမ်ကြိမ် ပြင်းထန်စွာ ရှူသွင်းလိုက်၏။

"သွားကြမယ်" ရန်ကျိချန်း၏ မျက်နှာထက်မှ လှောင်ပြောင်သရော်သော အကြည့်များကို မမြင်လိုသဖြင့် သူ၏ မျက်လုံးများကို စုံမှိတ်လိုက်ကာ ခပ်တိုးတိုး အော်ဟစ်လိုက်တော့သည်။

သူသည် ရှေ့မှ ဦးဆောင်ကာ ကျောက်လမ်းကလေးမှ ထွက်ခွာခဲ့၏။

“သွားကြမယ်” ကျောက်ချန်းသည်လည်း ခေါင်းကို ငုံ့ထားကာ ဟန်ဖုန်း၏ လက်မောင်းအား ဆွဲ၍ အတင်း ခေါ်ထုတ်သွားရသည်။

ဟန်ဖုန်း၏ မျက်လုံးများမှာ သွေးချင်းချင်း နီမြန်းနေပြီး သူ၏ တစ်ကိုယ်လုံးမှာ ပိတ်မိနေသော သားရဲတစ်ကောင်ကဲ့သို့ တုန်ရီနေ၏။ သူသည် အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်ပုံ ရှိနေပေသည်။

အကယ်၍ ကျောက်ချန်းသာ သူ့ကို အတင်းဆွဲမခေါ်ဘဲ စိတ်အေးအေးထားရန် နားထဲသို့ အကြိမ်ကြိမ် မပြောခဲ့ပါက ရုပ်ရည်ချောမောသော ဟန်ဖုန်းသည် ပြင်းထန်သော ဒေါသဖြင့် တိုက်ခိုက်မိတော့မည်မှာ သေချာလှပေသည်။

ခန်းကျီနှင့် ချူဖုန်း တို့သည်လည်း သူတို့၏ အရှက်ရမှုကို အပြင်းအထန် ထိန်းချုပ်ထားကြရ၏။ သူတို့သည် ခက်ခဲလှသော အမူအရာဖြင့် ခေါင်းကို ငုံ့ထားကြကာ ကျောက်ချန်းနှင့် တုကျဲတို့၏ နောက်မှ လိုက်ပါသွားကြတော့သည်။

သူတို့သည် မိမိတို့ ဦးစွာ ရှာဖွေတွေ့ရှိခဲ့သော အသီးအပွင့်များကို မိမိတို့ဘာသာ စွန့်လွှတ်ခဲ့ရခြင်း ဖြစ်သည်။

“စိတ်ပျက်စရာကြီး”

“ဒါ တကယ်ပဲ တုကျဲနဲ့ ကျောက်ချန်းတို့လား”

“သူတို့ အရင်က ဒီလို မဟုတ်ပါဘူး”

“သတ္တိမရှိလိုက်တာ”

“……”

ရေခဲပြင်နန်းတော်မှ ကျင့်ကြံသူများသည် ထွက်ခွာသွားသော တုကျဲတို့ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်ကာ အနာပေါ် ဆားဖြူးသကဲ့သို့ ဆက်လက် ရန်စနေကြ၏။

“သနားစရာပဲ...” ရေလဂိုဏ်းမှ စာကလေးမဟု ခေါ်သော မိန်းကလေးမှာ ထိုအခြေအနေကို မကြည့်ရက်နိုင်တော့သဖြင့် ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်မိသည်။ “တုကျဲရဲ့ အဆင့်က ရန်ကျိချန်းနဲ့ အတူတူပဲ။ တကယ်လို့ နှစ်ဖက်လုံးက ဝိညာဉ်လက်နက်တွေ မသုံးကြဘူးဆိုရင် သူတို့ရဲ့ အစွမ်းက သိပ်မကွာဘူး။ ဟူး... တုကျဲရဲ့ ကံတရားက တကယ်ပဲ ညံ့တာပဲ၊ သူ့မှာ ကိုယ်ပိုင် ဝိညာဉ်လက်နက်ကောင်းကောင်း မရှိဘူး။ အဲဒါကြောင့်လည်း အခုလို အရှက်ခွဲခံရတာပေါ့”

“တုကျဲက ဝိညာဉ်လက်နက် ဖန်တီးဖို့ ကြိုးစားတိုင်း လေးကြိမ်တိုင်တိုင် ကျရှုံးခဲ့တယ်လို့ ငါ ကြားတယ်၊ ကျောက်ချန်းကတော့ သုံးကြိမ် ကျရှုံးခဲ့တာတဲ့” နာနော့က မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။ “သူတို့အဖေတွေက သူတို့အတွက် ဝိညာဉ်ပစ္စည်းတွေ စုဆောင်းပေးဖို့ တော်တော်ကို အားထုတ်ခဲ့ကြရမှာ။ အကြိမ်ကြိမ် ကျရှုံးနေကြတာတော့ တကယ်ပဲ ကံညံ့တာပဲ။ သူတို့မှာ ကောင်းမွန်တဲ့ ဘဝတွေ မရှိဘူး ထင်ပါရဲ့”

“ဘဝကောင်းဖို့ ပြောရမယ်ဆိုရင်တော့ သခင်မလေးနာနော့က အကောင်းဆုံးပဲ။ ပထမဆုံး အကြိမ်မှာတင် အောင်မြင်ခဲ့တာပဲလေ” မိန်းကလေးတစ်ဦးက အထင်ကြီး လေးစားစွာဖြင့် ပြောလိုက်သည်။

နာနော့သည် သူမ၏ မျက်ခုံးတန်းများကို ပင့်လိုက်ကာ သူမ၏ အင်္ကျီလက်အတွင်းမှ ကျောက်စိမ်းဖြူ ပေတံကို ထုတ်ယူလိုက်ပြီး ဂုဏ်ယူစွာ ဆိုလိုက်သည်။ “နင့်သခင်မလေး နာနော့ကတော့ ကံတရားရဲ့ မျက်နှာသာပေးမှုကို ခံရတဲ့သူလေ။ ဒီ ပုံသဏ္ဌာန်မဲ့ပေတံကို ဆရာကြီးလုက ပထမဆုံးအကြိမ်မှာတင် အောင်မြင်အောင် ဖန်တီးပေးခဲ့ရုံတင် မကဘူး၊ ဒါက သူ့ရဲ့ အကောင်းဆုံး လက်ရာတွေထဲက တစ်ခုလို့တောင် သူ ပြောခဲ့သေးတယ်။ တစ်ခါတစ်လေကျရင်... ကံတရားဆိုတာလည်း စွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်းပဲ”

နာနော့သည် သူမ၏ ပေတံကို အသာအယာ ဝေ့ယမ်းလိုက်ရာ ပေတံ၏ ရိပ်ဖြူများမှာ လူတိုင်း၏ မျက်စိထဲတွင် ဝေဝါးသွားတော့သည်။

“ရန်ကျိချန်းရဲ့ ရေခဲနဂါးဓားဆိုတာ သာမန်အဆင့် ၇ ရှိတဲ့ ဝိညာဉ်လက်နက်ပဲ။ ဒါပေမဲ့ ငါ့ရဲ့ ပေတံကတော့ နက်နဲအဆင့် ၁ ရှိတဲ့ လက်နက်ပဲ။ တို့တွေက အဆင့်ချင်း လုံးဝ မတူဘူး။ သာမန်အဆင့် ဝိညာဉ်လက်နက်တွေက များသောအားဖြင့် ဝိညာဉ်ပေါက်ဖွားခြင်းရဲ့ နောက်ဆုံးအဆင့်အထိပဲ သုံးလို့ရတာ။ ဝိညာဉ်ထင်ရှားခြင်း အဆင့်ကို ရောက်သွားပြီဆိုရင်တော့ နက်နဲအဆင့် ဝိညာဉ်လက်နက်တွေကို ပြောင်းသုံးကြရတာပဲ”

သူမ၏ မျက်နှာထက်တွင် ဂုဏ်ယူဝံ့ကြွားမှုများ ပေါ်လွင်နေ၏။ “ရန်ကျိချန်းသာ ဝိညာဉ်ထင်ရှားခြင်း အဆင့်ကို ရောက်သွားရင် သူရဲ့ ရေခဲနဂါးဓားက သုံးလို့မရတော့ဘူး။ အဲဒီဓားက သူ့ရဲ့ အစွမ်းကို တားဆီးထားတဲ့ တံတိုင်းကြီး ဖြစ်သွားလိမ့်မယ်။ အခြားတစ်ဖက်မှာတော့ ငါ့ရဲ့ ပုံသဏ္ဌာန်မဲ့ပေတံကိုတော့ အဲဒီအဆင့်ကို ရောက်သွားရင်တောင် ဆက်သုံးလို့ ရသေးတယ်။ ဒါကို အစွမ်းချင်း ကွာခြားချက်လို့ ခေါ်တာပေါ့။ ဒါကြောင့်လည်း ရန်ကျိချန်းက ငါ့ကို မရန်စရဲတာ”

သူမနောက်က မိန်းကလေးများသည် ထိုစကားကို ကြားသောအခါ အလွန်ပင် အားကျသွားကြသည်။ ထိုကျောက်စိမ်းပေတံကို ကြည့်နေကြသော သူတို့၏ မျက်လုံးများမှာလည်း တပ်မက်မှုများဖြင့် တောက်ပလာတော့သည်။

“နာနော့... ငါတို့ ခရီးဆက်လို့ ရပါပြီ” အဝေးမှနေ၍ ရန်ကျိချန်းက လှမ်းခေါ်လိုက်သည်။ သူ၏ မျက်နှာထက်မှ အေးစက်မှုများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး နွေးထွေးလှသော အပြုံးများဖြင့် အစားထိုးထား၏။ “ငါတို့နှစ်ယောက်သာ ပူးပေါင်းလိုက်ရင် ဒီ ဒုတိယအဆင့် ဝိညာဉ်သားရဲ သုံးကောင်ကို သေချာပေါက် အနိုင်ရမှာပါ။ ငါတို့ အကျိုးအမြတ် အများကြီး ရလိမ့်မယ်”

သူသည် နာနော့ကို ဆက်ဆံရာတွင် အလွန်ပင် ယဉ်ကျေးပျူငှာပြီး နှိမ့်ချသော အမူအရာ ရှိ၏။ တစ်စိတ်တစ်ပိုင်းမှာ နာနော့သည် အလွန်ပင် လှပသောကြောင့် ဖြစ်သော်လည်း အဓိက အကြောင်းအရင်းမှာ သူမ၏ အစွမ်းမှာ အံ့မခန်း ဖြစ်နေသောကြောင့် ဖြစ်ပေသည်။

“ကောင်းပါပြီ၊ ရှေ့က ဦးဆောင်ပါ။ ဒါနဲ့ ပြောရဦးမယ်၊ တကယ့်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ။ နင်တို့ နှစ်ယောက် တကယ် မတိုက်ခဲ့ကြဘူးပဲ” နာနော့က ရလဒ်ကို အားမလိုအားမရ ဖြစ်နေပုံ ရ၏။

“အဲဒါ တုကျဲက သတ္တိမရှိလို့ပါ”

ရန်ကျိချန်းက တဟားဟား ရယ်မောလိုက်ပြီး ရန်ချင်းဆုန်းကို ရှေ့မှ ဦးဆောင်ရန် အချက်ပြလိုက်သည်။ တစ်ဖက်တွင်မူ သူနှင့် ဖုန်းခိုင်သည် နောက်တွင် ကျန်ရစ်ခဲ့ကာ ရေလဂိုဏ်းမှ မိန်းကလေးများနှင့် ရောနှောစကားပြောရင်း ပျော်ရွှင်ရယ်မောလျက် ကျောက်တော၏ အနက်ရှိုင်းဆုံးဆီသို့ ထွက်ခွာသွားကြတော့သည်။

……

တုကျဲ၊ ကျောက်ချန်းနှင့် အခြားသူများသည် ကျောက်လမ်းကို စွန့်လွှတ်ခဲ့ပြီးနောက် ဆန့်ကျင်ဘက်သို့ ထွက်လာခဲ့ကြသည်။ လူတိုင်း၏ မျက်နှာမှာ မည်းမှောင်နေပြီး မည်သူမျှ စကားတစ်လုံးမျှ မဆိုကြချေ။

သူတို့သည် အကြာကြီး တိတ်ဆိတ်နေခဲ့ကြသည်။

“ဝူး... ဝူး”

မိစ္ဆာဆန်လှသော အမှောင်တိမ်တိုက်တစ်စိုင် သူတို့ခေါင်းပေါ်မှ ပျံသန်းသွားကာ သူတို့ ယခင်ရှိခဲ့သော နေရာသို့ ဦးတည်သွား၏။ ၎င်းတို့ကို သူတို့ကတော့ လျစ်လျူရှုထားကြသည်။

တစ်နာရီခန့် ကြာပြီးနောက် ကောင်းယွီ ရုတ်တရက် ပေါ်လာသည်။ သူ၏ လက်ရှိ ဘီလူးမျက်နှာစွပ် လက်စွပ် များမှာ မှောင်မိုက်သော အလင်းတန်းများဖြင့် လင်းလက်နေပြီး ပြင်းထန်သော စိတ်လှိုင်းတစ်ခု ထွက်ပေါ်နေ၏။

ကောင်းယွီ၏ မျက်နှာမှာ မည်းမှောင်နေပြီး မျက်ခုံးများကိုလည်း ကျုံ့ထား၏။ သူသည် လက်စွပ်များမှ တုန်ခါမှုများကို အာရုံခံရင်း လမ်းကြောင်းကို သတိထားကြည့်ကာ ရန်ကျိချန်းနှင့် နာနော့တို့ သွားခဲ့သော ကျောက်လမ်းဆီသို့ ဦးတည်နေ၏။

သူသည် တုကျဲနှင့် ကျောက်ချန်းတို့ကို မြင်သော်လည်း လျစ်လျူရှုရန် ရွေးချယ်ခဲ့ကာ စကားတစ်လုံးမျှ မဆိုခဲ့ချေ။

“ကောင်းယွီ”

ခန်းကျီသည် အသံကြားသောအခါ ချက်ချင်း ခေါင်းမော့ကာ ခေါ်လိုက်သည်။

ကျောက်ချန်းသည်လည်း သူမ၏ စိတ်ဓာတ်ကျမှုကို တွန်းလှန်ကာ ကောင်းယွီသည် ခုနက ကျောက်လမ်းဆီသို့ ဦးတည်နေသည်အား မြင်သောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။

သူတို့သည် ကောင်းယွီနှင့် လုံးဝ မရင်းနှီးကြချေ။ ကောင်းယွီသည် မိန်းကလေးတစ်ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့သည်ဟု ကြားထားကြသောကြောင့် တုကျဲနှင့် ကျောက်ချန်းတို့သည် သူ့ကို အဖွဲ့မှ ဖယ်ထုတ်ထားပြီး စိတ်ထဲမှလည်း လက်မခံခဲ့ကြချေ။

ကောင်းယွီသည် မူလကပင် မြူတိမ်ဆောင်အတွင်း၌ တစ်ကိုယ်တည်း နေတတ်သူ ဖြစ်ပြီး ချင်လဲ့ မှလွဲ၍ သူနှင့်ရွယ်တူသူ မည်သူနှင့်မျှ အဆက်အသွယ် မရှိချေ။

ထို့အပြင် ကောင်းယွီသည် အလွန်ပင် ရန်ငြိုးကြီးသူ ဖြစ်ပြီး သူ့နောက်ကွယ်တွင် အတင်းအဖျင်း ပြောဆိုသူ မည်သူမဆို ပြင်းထန်စွာ ဒဏ်ရာရသည်အထိ အရိုက်ခံရလေ့ရှိသည်။ အကယ်၍ ရဲ့ရန်ချူးသာ သူ့ကို ကာကွယ်မပေးထားခဲ့ပါက သူ၏ အစွန်းရောက်လှသော နည်းလမ်းများကြောင့် စည်းကမ်းထိန်းသိမ်းရေး ခန်းမက သူ့ကို အပြစ်ပေးခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။

တုကျဲနှင့် ကျောက်ချန်းတို့သည် ကောင်းယွီအပေါ် ကောင်းသော စိတ်ထား မရှိကြသော်လည်း ကောင်းယွီသည် မြူတိမ်ဆောင်၏ အစိတ်အပိုင်း တစ်ခု ဖြစ်နေ၏။ သူသည် ထိုလမ်းအတိုင်း ဆက်သွားပါက ရန်ကျိချန်းတို့နှင့် တွေ့ဆုံကာ ဒုက္ခရောက်မည်ကို စိုးရိမ်သဖြင့် တုကျဲက ချက်ချင်းပင် လှမ်းသတိပေးလိုက်သည်။ “ကောင်းယွီ၊ အဲဒီလမ်းကို မသွားနဲ့။ ရေခဲပြင်နန်းတော်က ရန်ကျိချန်း၊ ဖုန်းခိုင်နဲ့ ရန်ချင်းဆုန်းတို့ အဲဒီမှာ ရှိနေတယ်။ မင်း တစ်ယောက်တည်း သွားရင် ဒုက္ခရောက်လိမ့်မယ်”

ကောင်းယွီ၏ ခြေလှမ်းများ ရပ်တန့်သွားကာ သူသည် လှည့်ကြည့်လိုက်ပြီး တုကျဲ၏ မျက်လုံးများကို တစ်ချက် ကြည့်လိုက်၏။ သူ၏ မည်းမှောင်နေသော မျက်နှာမှာ ရုတ်တရက်ပင် အစွန်းရောက်လှသော မိစ္ဆာဆန်မှုနှင့် ကြောက်မက်ဖွယ်ကောင်းမှုများအဖြစ် ပြောင်းလဲသွားကာ မေးလိုက်သည်။ “ရန်ချင်းဆုန်းလည်း အဲဒီမှာ ရှိနေတာလား”

လွန်ခဲ့သော နတ်ဆိုးဝံပုလွေတောင် တိုက်ပွဲတွင် ရန်ချင်းဆုန်းသည် ကောင်းယွီ၏ မျိုးနွယ်ဝင် တစ်ဦး၏ ခေါင်းကို ဖြတ်ပစ်ခဲ့သည်။ ထိုအချိန်မှစ၍ ကောင်းယွီသည် ရန်ချင်းဆုန်းကို မည်သည့်အကျိုးဆက်မျိုးပင် ကြုံရပါစေ သူ သတ်ရမည့်သူအဖြစ် သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ရန်ချင်းဆုန်းသည်လည်း ထိုနေရာတွင် ရှိနေကြောင်း ကြားလိုက်ရသည့်အခါ သူ၏ အတိတ်မှ မှတ်ဉာဏ်များ ပြန်လည် နိုးထလာပြီး ကောင်းယွီ၏ အမိုက်မှောင် အရှိန်အဝါများကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေတော့သည်။

ကောင်းယွီ၏ အကြည့်ကြောင့် တုကျဲနှင့် ကျောက်ချန်းတို့ပင် ချမ်းစိမ့်သွားကြ၏။ “ဟုတ်တယ်၊ ရန်ချင်းဆုန်း ရှိနေတယ်။ ဖုန်းခိုင်၊ ရန်ကျိချန်းနဲ့ ရေခဲပြင်နန်းတော်က ကောင်တွေ အားလုံး အုပ်စုလိုက် ရှိနေကြတာ” တုကျဲက ပြန်ဖြေလိုက်သည်။

“သိပြီ” ကောင်းယွီက ခေါင်းညိတ်ပြ၏။ ထို့နောက် သူသည် တုကျဲနှင့် အခြားသူများကို ဂရုမစိုက်တော့ချေ။ သူ၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားကာ ယခင်ကထက် ပိုမြန်သော အရှိန်ဖြင့် ကျောက်လမ်းဆီသို့ ဦးတည် ထွက်ခွာသွားတော့သည်။

“ဒီကောင်တော့ ရူးသွားပြီ ထင်တယ်။ ရေခဲပြင်နန်းတော်က ကောင်တွေ အဲဒီမှာ ရှိနေတယ်လို့ ငါတို့ ပြောတာကို၊ သူက သေဖို့ သွားနေတာလား” ခန်းကျီက ချက်ချင်းပင် အော်ဟစ်လိုက်တော့သည်။

“သူက တကယ်ကို စိတ်မနှံ့တာပဲ” ချူဖုန်းကလည်း မည်းမှောင်သော မျက်နှာထားဖြင့် ပြောလိုက်၏။ “သူက သူ့ကိုယ်သူ ဘာကောင် ထင်နေတာလဲ။ သူက ဝိညာဉ်သန့်စင်ခြင်း အဆင့် ၉ ပဲ ရှိသေးတာကို၊ အဲဒီမှာ သူ ဘာသွားလုပ်မှာလဲ။ သေတွင်းထဲ ဆင်းတာလား”

တုကျဲနှင့် ကျောက်ချန်းတို့၏ အမူအရာမှာလည်း ဆိုးဝါးနေ၏။ သူတို့နှစ်ယောက်လုံး ကောင်းယွီ၏ လုပ်ရပ်ကြောင့် ဒေါသထွက်နေကြပြီး သူ၏ ဦးနှောက်မှာ တစ်ခုခု ချို့ယွင်းနေပြီဟု ထင်မှတ်နေကြသည်။

“ငါတို့ ဘာလုပ်ကြမလဲ” ကျောက်ချန်းက မြေကြီးကို ခြေဖြင့် ဆောင့်လိုက်ပြီး သူမ၏ လှပသော မျက်နှာတွင် စိတ်ပျက်မှုများ ပြည့်နှက်နေ၏။ “သူ အဲဒီဘက်ကို သွားရင် သေမှာ သေချာတယ်။ ရန်ကျိချန်းက သူ့ကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး။ ဒီကောင်ကတော့ တကယ့် ရူးသွပ်နေတဲ့ ခွေးတစ်ကောင်ပဲ။ ချင်လဲ့က သူ့ကို ဘယ်လိုဖြစ်ပြီး သိနေတာလဲ မသိဘူး”

“သူက ချင်လဲ့ကို သိလို့လား” တုကျဲက အံ့သြသွားသည်။

ဤကာလအတွင်း သူသည် တံခါးပိတ် ကျင့်ကြံနေခြင်း သို့မဟုတ် အမှောင်အသူရာခန်းမမှ ဆရာကြီး လုထံတွင် ဝိညာဉ်လက်နက် ဖန်တီးပေးရန် တောင်းဆိုနေခြင်းတို့ဖြင့်သာ အချိန်ကုန်နေခဲ့သဖြင့် မြူတိမ်ဆောင်အတွင်း ဖြစ်ပျက်နေသည်များအား သူ တကယ် မသိရှိခဲ့ချေ။

“အင်း... ချင်လဲ့က မြူတိမ်ဆောင်ထဲမှာ သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းပဲ။ သူတို့နှစ်ယောက်က တိုက်ခိုက်ရေးခန်းမထဲမှာ ခဏခဏ လေ့ကျင့်တိုက်ခိုက်ကြတယ်။ ချင်လဲ့လို ထက်မြက်တဲ့သူက ဘာလို့ ဒီလို စိတ်နေစိတ်ထား လွဲမှားနေတဲ့သူနဲ့ သူငယ်ချင်း ဖြစ်နေရတာလဲဆိုတာ ငါ တကယ်ကို နားမလည်နိုင်ဘူး။ ငါ ပြန်ရောက်ရင်တော့ သူ့ကို ကောင်းကောင်း ဆုံးမရဦးမယ်” ကျောက်ချန်းက ဒေါသတကြီး ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ကောင်းယွီက မြူတိမ်ဆောင်ရဲ့ အစိတ်အပိုင်း တစ်ခုပဲ။ ပြီးတော့ သူက ချင်လဲ့ရဲ့ သူငယ်ချင်းလည်း ဖြစ်နေတယ်။ သူ့ရဲ့ ဦးနှောက်က ဘယ်လိုပဲဖြစ်နေပါစေ၊ သူ့ကို ငါတို့ သေတွင်းထဲမှာ ပစ်မထားနိုင်ဘူး” တုကျဲသည် မည်းမှောင်သော မျက်နှာဖြင့် အံကို ကြိတ်ကာ ပြောလိုက်သည်။ “သွားကြစို့၊ သူ့နောက်ကို လိုက်ကြမယ်”

“အစ်ကိုတု၊ ခင်ဗျား...” ခန်းကျီ အံ့သြတုန်လှုပ်သွားသည်။

သူတို့သည် ရန်ကျိချန်းနှင့် အခြားသူများ၏ အရှက်ခွဲမှုကို ခုနတင် ခံခဲ့ရခြင်း ဖြစ်ပြီး အခြေအနေအရ တစ်ဖက်လူနှင့် ထိပ်တိုက်တွေ့မှုအား တတ်နိုင်သမျှ ရှောင်ရှားနေကြခြင်း ဖြစ်သည်။ ရန်ကျိချန်းကို ရင်ဆိုင်ရလျှင် သူတို့သည် တတ်နိုင်သမျှ ဝေးဝေးမှ ရှောင်နေခဲ့ကြသည် မဟုတ်လော။ သို့သော် ယခုအခါ တုကျဲက ကောင်းယွီအတွက်နှင့် ဒုက္ခရှာရန် ပြန်သွားတော့မည်လော။

ခန်းကျီသည် ထိုသည်ကို လုံးဝ တွေးမရသလို နားလည်း မလည်နိုင်တော့ချေ။

သို့သော် သူ သေချာပေါက် သိနေသည့် အရာတစ်ခု ရှိသည်။ ၎င်းမှာ တုကျဲသာ ပြန်သွားပြီး ရန်ကျိချန်းနှင့် ထပ်တွေ့လျှင် မည်သည့် အကျိုးအမြတ်မှ ရမည်မဟုတ်ဘဲ ပို၍ပင် အရှက်ရရုံသာ ရှိမည် ဖြစ်သည်။ သူတို့သည်လည်း တုကျဲနှင့်အတူ ဆုံးရှုံးမှုများကို ခံစားရမည် ဖြစ်ပြီး ဖြစ်နိုင်လျှင် နောက်တစ်ကြိမ် ဒဏ်ရာရရှိကောင်း ရရှိနိုင်ပေသည်။

“ငါတို့ ပြန်သွားလို့ ဖြစ်လာမယ့် အဆိုးဆုံး အရာကတော့ ဆုံးရှုံးမှု နည်းနည်း ပိုများလာမှာပေါ့။ ငါတို့သာ သတိထားပြီး နေမယ်ဆိုရင် ဒါက ကြီးမားတဲ့ ပြဿနာ ဖြစ်လာမှာ မဟုတ်ဘူး။ အဆိုးဆုံးကတော့ ငါ့ရင်ဘတ်မှာ ဒဏ်ရာတစ်ခု ထပ်တိုးလာရုံပဲ ရှိမှာပေါ့...” တုကျဲ၏ နှုတ်ခမ်းထောင့်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာ၏။ “ဒါပေမဲ့ ငါတို့သာ ပြန်မသွားဘူးဆိုရင် ကောင်းယွီ သေမှာ သေချာတယ်။ သူက မြူတိမ်ဆောင်ရဲ့ အစိတ်အပိုင်း တစ်ခုပဲ၊ ငါ့ရဲ့ မျိုးရိုးကလည်း တုပဲကွ။ တုမျိုးရိုးက မြူတိမ်ဆောင်သားတစ်ယောက် အသတ်ခံရမှာကို ဘယ်တော့မှ လက်ပိုက်ကြည့်မနေဘူး”

တုကျဲသည် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ နောက်သို့ ပြန်လှည့်လိုက်တော့သည်။

ကျောက်ချန်း၊ ခန်းကျီနှင့် အခြားသူများ၏ မျက်လုံးများမှာ နီမြန်းနေကြပြီး သူတို့သည် စကားတစ်လုံးမျှ မဆိုဘဲ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ တုကျဲ၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြတော့သည်။

သူတို့ ပြန်သွားလျှင် ကောင်းကျိုးရမည် မဟုတ်ကြောင်း သူတို့ သိသည်။ သူတို့ ရှုံးနိမ့်မည်ကို သိသည်။ သူတို့ အရှက်ခွဲခံရမည်ကို သိသည်။

သို့သော်လည်း မည်သို့ပင်ဖြစ်စေ သူတို့ အားလုံး နောက်သို့ ပြန်လှည့်ခဲ့ကြပြီ ဖြစ်သည်။

အခန်း (၈၂) ပြင်းထန်သော တိုက်ပွဲ

မြင့်မားလှသော ကျောက်တိုင်ကြီး ခုနစ်တိုင်၏ အလယ်ဗဟိုရှိ မြေပြင်မှာ ကျင်းများ ချိုင့်များဖြင့် ပြည့်နှက်နေပြီး နိမ့်ဆင်းနေသော ချိုင့်ဝှမ်းတစ်ခုနှင့် တူလှပေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးတွင် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ကျောက်တုံးများ ပြန့်ကျဲနေပြီး မြေပြင်ပေါ်တွင် ဝိညာဉ်သားရဲတို့၏ အညစ်အကြေးများနှင့် အမွေးအမျှင်များ တင်ကျန်နေ၏။ ဤနေရာသည် ဝိညာဉ်သားရဲများ ကျက်စားရာ နယ်မြေဖြစ်ကြောင်း ထင်ရှားလှသည်။

နေမင်းသည် ကောင်းကင်အလယ်တွင် တည့်တည့်မတ်မတ် ရှိနေပြီး တောက်ပလှသော နေရောင်ခြည်အောက်တွင် ချိုင့်ဝှမ်းအတွင်းရှိ ကျောက်တိုင်ကြီးအချို့၏ အရိပ်များသည် မြေပြင်ပေါ်သို့ ကျရောက်နေ၏။ ထိုအရိပ်ကျနေသော နေရာသုံးနေရာတွင် ဝိညာဉ်သားရဲ သုံးကောင်သည် နေရောင်ခြည်ကို ရှောင်ရှားရင်း အနားယူနေကြသည်။

၎င်းတို့မှာ ငွေရောင်မီးလျှံပင့်ကူ၊ ရွှေရောင်အမွေးရှိသော မျောက်ဝံနှင့် အဆိပ်ရှိသော အကြေးခွံပါသည့် ကင်းမြီးကောက်တို့ ဖြစ်ကြ၏။ ၎င်းတို့အားလုံးမှာ အဆင့် ၂ ဝိညာဉ်သားရဲများ ဖြစ်ကြပြီး အစွမ်းမှာ ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်ရှိ ကျင့်ကြံသူတစ်ဦးနှင့် ရင်ဘောင်တန်းနိုင်ပေသည်။

ထိုဝိညာဉ်သားရဲ သုံးကောင်စလုံးမှာ ပေအနည်းငယ်မျှ မြင့်မားကြပြီး ၎င်းတို့အနက် အဆိပ်ရှိသော အကြေးခွံပါသည့် ကင်းမြီးကောက်၏ တစ်ကိုယ်လုံးမှာ တောက်ပသော အဆိပ်ပြင်း အစိမ်းရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းနေ၏။ ၎င်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အက်ဆစ်ဆန်လှသော အဆိပ်နံ့များ လှိုင်နေပေသည်။

ငွေရောင်မီးလျှံပင့်ကူမှာ ပင့်ကူအိမ်ပေါ်တွင် လဲလျောင်းလျက် အိပ်ပျော်နေပုံ ရသည်။ ရွှေရောင်အမွေးရှိသော မျောက်ဝံမှာမူ တစ်ကိုယ်လုံး ရွှေရောင်အမွေးအမှင်များဖြင့် ဖုံးလွှမ်းနေပြီး အရပ်ခုနစ်ပေခန့် မြင့်ကာ ၎င်း၏ ရွှေရောင်မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်လှသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။

လူနှစ်ဦးယှဉ်၍ သွားရုံသာ ဆန့်သော ကျဉ်းမြောင်းလှသည့် လမ်းဆုံတစ်ခုတွင် ရန်ချင်းဆုန်းသည် သတိကြီးစွာဖြင့် သူ၏ခေါင်းကို အပြင်သို့ ထုတ်ကြည့်လိုက်သည်။

သူသည် သူ့နောက်က နာနော့ ကို ခပ်တိုးတိုး အသံဖြင့် ရှင်းပြလိုက်၏။ “ငွေရောင်မီးလျှံပင့်ကူ၊ ရွှေရောင်မျောက်ဝံနဲ့ အဆိပ်ကင်းမြီးကောက်တို့ အားလုံး ဒီမှာ ရှိနေတယ်။ သူတို့က နေရောင်ကို မကြိုက်ကြတော့ အခု အရိပ်ထဲမှာ အနားယူနေကြတာ။ လာကြည့်ပါဦး” သူသည် နာနော့ လာကြည့်နိုင်ရန်အတွက် သူ၏ ကိုယ်ကို အသာအယာ ဘေးသို့ ကပ်ပေးလိုက်သည်။

နာနော့သည် ရှေ့သို့ တိုးလာပြီး သူမ၏ တောက်ပသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် တိုးတိုးကလေး ရယ်မောလိုက်ကာ ဆိုသည်။ “မဆိုးဘူးပဲ၊ နင့်ရဲ့ သတင်းက တကယ့်ကို တိကျတယ်။ ငါတို့ရဲ့ အစွမ်းနဲ့ဆိုရင် ဒီအဆင့် ၂ ဝိညာဉ်သားရဲ သုံးကောင်စလုံးကို သေချာပေါက် နှိမ်နင်းနိုင်မှာပါ”

“ရလာတဲ့ ပစ္စည်းတွေကို ဘယ်လို ခွဲဝေကြမလဲဆိုတာကတော့ ဘယ်သူက အားအစိုက်ဆုံးလဲဆိုတဲ့ အပေါ်မှာပဲ မူတည်လိမ့်မယ်” ရန်ကျိချန်းက နောက်မှနေ၍ ပြောလိုက်သည်။

နာနော့က ခေါင်းတစ်ချက် ညိတ်လိုက်ပြီးနောက် ကျောက်စိမ်းဖြူ ပေတံကို ထုတ်ယူကာ ငွေရောင်မီးလျှံပင့်ကူရှိရာ လဟာပြင်သို့ တည့်တည့် လျှောက်သွားလိုက်သည်။ “ပင့်ကူကိုတော့ ငါ တစ်ယောက်တည်း ကိုင်တွယ်မယ်။ နင်နဲ့ ငါ့ညီမလေးတွေက ကျန်တဲ့ သားရဲနှစ်ကောင်ကို တိုက်ခိုက်ကြ။ ဒါပဲ... ဒါ ငါတို့ရဲ့ အစီအစဉ်ပဲ”

ရန်ကျိချန်းနှင့် ဖုန်းခိုင်တို့ အံ့အားသင့်သွားကြစဉ်မှာပင် နာနော့သည် သူမ၏ လက်ထဲမှ ပုံသဏ္ဌာန်မဲ့ပေတံကို တစ်ချက် ဝေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် ချိုင့်ဝှမ်းတစ်ခွင်လုံးမှာ ပြင်းထန်လှသော စွမ်းအားများဖြင့် ပြည့်နှက်သွားပြီး ကောင်းကင်ယံ တစ်ခုလုံးတွင်လည်း ရေတွက်၍မရနိုင်သော ပေတံရိပ်များဖြင့် ပြည့်နှက်သွားတော့သည်။

သားရဲ သုံးကောင်စလုံးမှာ အန္တရာယ်ကို ချက်ချင်း သတိပြုမိသွားကြပြီး အရိပ်ထဲမှ ထခုန်လိုက်ကြ၏။ ၎င်းတို့သည် ဟိန်းဟောက် မြည်တမ်းကြကာ ထိုလူအုပ်ကြီးရှိရာသို့ ဒေါသတကြီး ပြေးဝင်လာကြတော့သည်။

နာနော့သည် ချိုမြိန်စွာ ရယ်မောလိုက်ပြီး သူမ၏ ပေါ့ပါးလှသော ကိုယ်လုံးလေးသည် လေနှင့်အတူ လွင့်ပါသွားသကဲ့သို့ ငွေရောင်မီးလျှံပင့်ကူ၏ ရှေ့တည့်တည့်သို့ ကျဆင်းသွား၏။

“ဝူး... ဝူး... ဝူး”

ပင့်ကူ၏ ခန္ဓာကိုယ်ပေါ်မှ ငွေရောင်မီးလုံးများစွာမှာ ရေပူဖောင်းများကဲ့သို့ ထွက်ပေါ်လာသည်။

ထိုငွေရောင် မီးလျှံများမှာ ပူလောင်ခြင်း မရှိသည့်အပြင် လွန်စွာပင် အေးစက်လှသဖြင့် လေထုပင် ခဲသွားတော့မည့်အလား ထူးဆန်းသော အသံများ ထွက်ပေါ်လာ၏။

“မိုက်မဲတဲ့ ပင့်ကူပဲ၊ ဒါမျိုးနဲ့ ငါ့ကို နာကျင်အောင် လုပ်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား”

နာနော့၏ အမူအရာမှာ အေးဆေးတည်ငြိမ်နေဆဲ ဖြစ်သည်။ သူမသည် သူမ၏ ပုံသဏ္ဌာန်မဲ့ပေတံကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံမှ ပေတံရိပ်များသည် ပြင်းထန်သော ဖိအားများကို သယ်ဆောင်လာပြီး မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ငွေရောင်မီးလျှံပင့်ကူပေါ်သို့ ကျရောက်သွားကာ ၎င်းအား စူးရှစွာ အော်ဟစ်သွားအောင် ရိုက်နှက်လိုက်တော့သည်။

“တကယ့်ကို နက်နဲအဆင့် ဝိညာဉ်လက်နက်နဲ့ ထိုက်တန်ပါပေတယ်။ တကယ်ကို အံ့သြဖို့ ကောင်းတာပဲ” ရန်ချင်းဆုန်းက နောက်မှနေ၍ အားကျစွာဖြင့် ရေရွတ်လိုက်မိသည်။

“ဖုန်းခိုင်... မင်းနဲ့ ချင်းဆုန်းက အဆိပ်ကင်းမြီးကောက်ကို ကိုင်တွယ်လိုက်။ ငါကတော့ ရေလဂိုဏ်းက မိတ်ဆွေတွေနဲ့အတူ ရွှေရောင်မျောက်ဝံကို တိုက်ခိုက်မယ်” ရန်ကျိချန်းက တစ်ချက် အော်ဟစ်လိုက်ကာ ရေလဂိုဏ်းမှ မိန်းကလေးများနှင့်အတူ ရွှေရောင်မျောက်ဝံရှိရာသို့ ပြေးဝင်သွားတော့သည်။

ဖုန်းခိုင်နှင့် ရန်ကျိချန်းတို့သည် ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်၏ အစောပိုင်းကာလသို့ ရောက်ရှိနေကြသူများ ဖြစ်သဖြင့် အဆင့် ၂ ဝိညာဉ်သားရဲနှင့် တိုက်ခိုက်ရာတွင် အလွန်အမင်း အသာစီးမရနိုင်လျှင်ပင် အားနည်းချက်လည်း သိပ်မရှိလှချေ။ ထို့ပြင် ဝိညာဉ်သန့်စင်ခြင်း အဆင့်ရှိ ကျင့်ကြံသူ အဖော်အချို့၏ အကူအညီပါ ရရှိထားပြီး ဝိညာဉ်လက်နက်များနှင့် ပညာရပ်များဖြင့် ဝိုင်းဝန်းဗုံးကြဲ တိုက်ခိုက်ကြသောကြောင့် အဆင့် ၂ ဝိညာဉ်သားရဲကို သတ်ဖြတ်ရန်မှာ အလွန်အမင်း ခက်ခဲလှသည်တော့ မဟုတ်ပေ။

လူတိုင်းမှာ ဤသဘာဝအတိုင်း ဖြစ်ပေါ်နေသော ကျောက်တောအတွင်း၌ ဝိညာဉ်သားရဲများကို တိုက်ခိုက်ခဲ့ကြသည်မှာ အတန်ကြာပြီဖြစ်သဖြင့် တိုက်ပွဲအတွေ့အကြုံများ ပိုမို ကြွယ်ဝလာကြသည်။ တိုက်ပွဲ စတင်သည်နှင့် အဆင့်မြင့်ဆုံး ကျင့်ကြံသူက ရှေ့ဆုံးမှနေ၍ သားရဲ၏ အဓိက တိုက်ခိုက်မှုများကို ရင်ဆိုင်ပေး၏။ အဆင့်အနည်းငယ် နိမ့်သောသူများက ဘေးနှစ်ဖက်မှ ပျံ့နှံ့နေရာယူကာ ဝိညာဉ်လက်နက်များ၊ ပညာရပ်များ၊ မြားများနှင့် လှံများဖြင့် ဝိုင်းဝန်း တိုက်ခိုက်ကြသည်။

ရလဒ်အနေဖြင့် ဝိညာဉ်သားရဲမှာ ဘက်ပေါင်းစုံမှ တိုက်ခိုက်ခံရပြီး ရှေ့သို့ ခုခံလျှင် နောက်မှ အတိုက်ခံရကာ ဘယ်ဘက်အား ကာကွယ်လျှင် ညာဘက်မှ အတိုက်ခံရသဖြင့် ပုံမှန်အားဖြင့် ခန္ဓာကိုယ်တစ်ကိုယ်လုံးတွင် ဒဏ်ရာများစွာ ရရှိသွားကာ တဖြည်းဖြည်း အင်အားကုန်ခန်းပြီး သေဆုံးသွားကြရစမြဲ ဖြစ်သည်။

ယခုတစ်ကြိမ်တွင်လည်း ထူးခြားမှု မရှိခဲ့ချေ။

လူငယ်ခေါင်းဆောင်များဖြစ်ကြသော နာနော့၊ ဖုန်းခိုင်နှင့် ရန်ကျိချန်းတို့၏ ဦးဆောင်မှုအောက်တွင် လူငယ်နှစ်ဆယ်ကျော်၏ စုပေါင်းအင်အားကြောင့် သိပ်မကြာမီမှာပင် အဆင့် ၂ ဝိညာဉ်သားရဲ သုံးကောင်စလုံးမှာ ခန္ဓာကိုယ်တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် သွေးအလိမ်းလိမ်း ဖြစ်သွားကာ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။

“ငွေရောင်မီးလျှံပင့်ကူကိုတော့ ငါ တစ်ယောက်တည်း နှိမ်နင်းခဲ့တာဆိုတော့ ဒါကတော့ ငါတို့အပိုင်ပဲ။ ရွှေရောင်မျောက်ဝံကို တိုက်တုန်းကလည်း နင်တို့က အားစိုက်ခဲ့တာဆိုတော့ ငါတို့က မျောက်ဝံရဲ့ အရေခွံနဲ့ ဝိညာဉ်သားရဲ အမြူတေကိုပဲ ယူမယ်၊ ကျန်တာကိုတော့ နင်တို့ ယူလိုက်ပေါ့။ အဆိပ်ကင်းမြီးကောက် တစ်ကောင်လုံးကိုတော့ နင်တို့ပဲ ယူလိုက်။ ဘာပြောစရာ ရှိသေးလဲ”

နာနော့သည် သွေးအေးစက်စက် သေဆုံးနေသော သားရဲသုံးကောင်၏ ဘေးတွင် ရပ်နေရင်း ပြုံးရွှင်သော မျက်နှာဖြင့် သူမ၏ သဘောထားကို ပြောလိုက်၏။

ထိုသားရဲ သုံးကောင်အနက် ငွေရောင်မီးလျှံပင့်ကူမှာ တန်ဖိုးအရှိဆုံးဖြစ်ပြီး ရွှေရောင်မျောက်ဝံက ဒုတိယ လိုက်ပေသည်။ အဆိပ်ကင်းမြီးကောက်မှာမူ အသုံးမကျဆုံး ဖြစ်၏။

သူမက ငွေရောင်မီးလျှံပင့်ကူကို သူမတစ်ယောက်တည်း နာမည်နှင့် သိမ်းယူလိုက်ပြီး ရွှေရောင်မျောက်ဝံ၏ အရေခွံနှင့် အမြူတေကိုပါ ထပ်မံတောင်းဆိုခြင်းမှာ ရလာသမျှ အကျိုးအမြတ် အားလုံးကို သူမတစ်ဦးတည်းက သိမ်းပိုက်လိုက်ခြင်းပင် ဖြစ်သည်။ ရန်ကျိချန်းကို ကြည့်ကာ သူမ၏ အပြုံးမှာ ရုတ်တရက် နူးညံ့သွားပြီး ချွဲနွဲ့သော လေသံဖြင့် ဆိုလိုက်သည်။ “နင်တို့က ရေခဲပြင်နန်းတော်က သူဌေးသားတွေပဲဟာ၊ ငါတို့လို သနားစရာ မိန်းကလေးတွေနဲ့တော့ ကပ်သီးကပ်သပ် မလုပ်ကြပါနဲ့နော် ဟုတ်လား”

ရန်ကျိချန်းနှင့် သူ၏ အဖွဲ့သားများမှာ မျက်နှာပျက်သွားကြသော်လည်း မည်သို့မျှ မတတ်နိုင်ဘဲ ခေါင်းညိတ်ကာ ထိုခွဲဝေမှုပုံစံကို လက်ခံလိုက်ကြရတော့သည်။

“ဒါဆို တို့တွေ သဘောတူပြီနော်” နာနော့က လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်သည်။ “သားရဲ ခန္ဓာကိုယ်တွေကို ခွဲစိတ်တာကိုတော့ နင်တို့ပဲ လုပ်လိုက်ကြပါ။ ဝိညာဉ်ပစ္စည်းတွေ အဆင်သင့် ဖြစ်ပြီဆိုရင်တော့ တို့တွေပိုင်တဲ့ ပစ္စည်းတွေကို လာပေးဖို့ မမေ့နဲ့ဦးနော်”

သူမသည် ခေါင်းကို လှည့်ကာ သူမနောက်က ညီမငယ်များကို ဂုဏ်ယူစွာ ပြုံးပြလိုက်ရာ ရေလဂိုဏ်းမှ မိန်းကလေးများကလည်း တခစ်ခစ် ရယ်မောလျက် တုံ့ပြန်ကြသည်။

“နင်တို့ဆီ လာကတည်းက ငါတို့အတွက် ဘာမှ သိပ်ကျန်မှာ မဟုတ်ဘူးဆိုတာ သိပြီးသားပါ။ ဟဲဟဲ... တော်သေးတာပေါ့ ငါတို့က ဒါကို အဓိက မထားခဲ့လို့” ရန်ချင်းဆုန်းက သူ၏ ကိုယ်ပေါ်မှ ဝိညာဉ်သားရဲသွေးများကို သုတ်ပစ်လိုက်ပြီး အေးအေးဆေးဆေးပင် မေးလိုက်၏။ “သားရဲပစ္စည်းတွေကို ခွဲဝေပြီးသွားရင် ငါတို့ အားလုံး အောင်ပွဲခံတဲ့အနေနဲ့ သေရည်သောက်ရင်း ပျော်ကြတာပေါ့။ ငါတို့ရဲ့ ဖိတ်ကြားချက်ကိုတော့ ငြင်းမှာ မဟုတ်ဘူးမလား”

သူက ထိုသို့ပြောလိုက်သည်နှင့် ရန်ကျိချန်း၊ ဖုန်းခိုင်နှင့် ရေခဲပြင်နန်းတော်မှ အခြားကျင့်ကြံသူများ အားလုံးမှာ ရေလဂိုဏ်းမှ မိန်းကလေးများကို မျှော်လင့်တကြီး ကြည့်လိုက်ကြတော့သည်။

ထိုသည်ကက သူတို့၏ တကယ့် ရည်ရွယ်ချက် ဖြစ်သည်။

“ပြဿနာမရှိပါဘူး။ တို့ညီမလေးတွေကလည်း နင်တို့လို ရုပ်ဖြောင့်တဲ့ လူငယ်တွေနဲ့ ခင်မင်ခွင့်ရမှာကို ဝမ်းသာမှာပါ” နာနော့က မတွန့်ဆုတ်ဘဲ ကတိပေးလိုက်သည်။

အမျိုးသားများ၏ မျက်လုံးများမှာ သိသိသာသာပင် တောက်ပသွားကြပြီး အားလုံးမှာ စိတ်လှုပ်ရှားသွားကြ၏။

“ကဲ... ငါ့ကောင်တို့ရေ၊ အလုပ်ကို မြန်မြန်လက်စသတ်ကြ။ ပြီးရင် ငါတို့ မိန်းကလေးတွေနဲ့အတူ သေရည်သောက်ရင်း ဘဝအကြောင်းတွေ ဘာတွေ ပြောကြတာပေါ့” ရန်ချင်းဆုန်းက ကျေနပ်အားရစွာ ပြောလိုက်သည်။

ရေခဲပြင်နန်းတော်မှ ကျင့်ကြံသူများသည် ချက်ချင်းပင် စိတ်အားထက်သန်စွာဖြင့် အလုပ်များသွားကြပြီး ဝိညာဉ်ပစ္စည်းများတွင် အနည်းငယ် ရှုံးနိမ့်ခဲ့ရမှုကိုလည်း မေ့ပျောက်သွားကြပြီ ဖြစ်သည်။

ထိုအချိန်၌ သူတို့၏ ခေါင်းပေါ်တွင် အမှောင်တိမ်တိုက် တစ်စိုင်မှာ မည်သူမျှ သတိမပြုမိဘဲ ပျံသန်းလာသည်ကို သူတို့ မမြင်လိုက်ကြချေ။

ပူပြင်းလှသော နေရောင်အောက်တွင် တိမ်တစ်စိုင်မျှ မရှိသောကြောင့် ထိုအမှောင်တိမ်တိုက် ရုတ်တရက် ပေါ်လာခြင်းမှာ ထူးဆန်းလှသလို ကြောက်မက်ဖွယ်လည်း ကောင်းလှပေသည်။

သာမန်လူ၏ မျက်စိဖြင့် မမြင်နိုင်သော မီးခိုးရောင်ညိုညစ်ညစ် အငွေ့တန်းများသည် ဝိညာဉ်သားရဲ သုံးကောင်၏ ခန္ဓာကိုယ်အတွင်းမှ စိမ့်ထွက်လာကြသည်။ ထိုအငွေ့တန်းများသည် အမှောင်တိမ်တိုက်၏ ဆွဲဆောင်မှုကို ခံရသကဲ့သို့ တဖြည်းဖြည်း ပျံတက်သွားကြပြီး မည်သူမျှ သတိမပြုမိဘဲ အမှောင်တိမ်တိုက်အတွင်းသို့ စီးဝင်သွားကြတော့သည်။

ထိုအမှောင်တိမ်တိုက်မှာ မူလက ပန်းကန်ပြားတစ်ချပ်စာမျှသာ ရှိသော်လည်း ထိုအငွေ့များကို စုပ်ယူပြီးနောက် သိသိသာသာပင် ပိုမို ကြီးမားလာ၏။

သို့သော် ရေခဲပြင်နန်းတော်မှ လူအုပ်ကြီးမှာမူ ရေလဂိုဏ်းမှ မိန်းကလေးများနှင့် မိတ်ဖွဲ့ရန်သာ စိတ်အားထက်သန်နေကြသဖြင့် ကောင်းကင်ယံကိုလည်း မကြည့်မိကြသလို တစ်ခုခု ထူးဆန်းနေသည်ကိုလည်း သတိမပြုမိကြချေ။

ခေတ္တအကြာတွင် ဝိညာဉ်သားရဲ သုံးကောင်ထံမှ မီးခိုးရောင် အငွေ့တန်းများ ထွက်မလာတော့ဘဲ အမှောင်တိမ်တိုက်မှာလည်း အတော်အတန် ကြီးမားသွားခဲ့ပြီ ဖြစ်သည်။

ထိုအချိန်တွင် ထိုအမှောင်တိမ်တိုက်နောက်သို့ တစ်ချိန်လုံး လိုက်ပါလာခဲ့သော ကောင်းယွီသည် ဤနေရာသို့ နောက်ဆုံးတွင် ရောက်ရှိလာတော့သည်။

သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရေခဲပြင်နန်းတော်နှင့် ရေလဂိုဏ်းမှ လူများမှာ သူ့ကို ချက်ချင်းပင် သတိပြုမိသွားကြ၏။

“ကောင်းယွီ... ဟဲဟဲ... တိုက်ဆိုင်လိုက်တာ” ရန်ချင်းဆုန်းက အေးစက်စက် မျက်လုံးများဖြင့် ပြုံးလိုက်သည်။ “နတ်ဆိုးဝံပုလွေတောင်မှာတုန်းက မင်း ငါ့ကို သတ်မယ်လို့ ပြောခဲ့တယ် မဟုတ်လား။ မင်း လာသတ်မှာကို ငါ စောင့်နေခဲ့တာ ကြာလှပြီ၊ ဒါပေမဲ့ မင်း တစ်ခါမှ ပေါ်မလာခဲ့ဘူး။ ငါ့ကို တကယ်ပဲ စိတ်ပျက်အောင် လုပ်လိုက်တာပဲ”

“ကောင်းမျိုးနွယ်စုက ကောင်းယွီပေါ့” ဖုန်းခိုင်၏ မျက်နှာမှာ မှောင်မှောက်သွား၏။ “နတ်ဆိုးဝံပုလွေတောင်မှာ ငါ့ညီရဲ့ လက်မောင်း ပြတ်သွားတဲ့ ကိစ္စအတွက် မင်းမှာလည်း တာဝန်ရှိတယ်”

“ရန်ချင်းဆုန်း” ကောင်းယွီ၏ ချောမောသော မျက်နှာမှာ မှောင်မည်းနေပြီး သူ၏ မျက်လုံးများအတွင်းမှ အမှောင်နှင့် မိစ္ဆာအလင်းတန်းများ လင်းလက်နေ၏။ သူသည် လူများကို အလွန်ပင် နေရခက်စေကာ အန္တရာယ်ရှိသော ခံစားချက်ကို ပေးစွမ်းသည့် အဆိပ်ပြင်းမြွေတစ်ကောင်နှင့် တူလှပေသည်။

သို့သော် သူ၏ ယနေ့ အဓိက ရည်ရွယ်ချက်မှာ ရန်ချင်းဆုန်း မဟုတ်ချေ။ သူ ရောက်လာသည်နှင့် ကောင်းကင်ယံမှ အမှောင်တိမ်တိုက်ကို ချက်ချင်းပင် လှမ်းကြည့်လိုက်သည်။

ကောင်းယွီ ရောက်လာပြီးနောက် ထိုအမှောင်တိမ်တိုက်မှာလည်း သတိပြုမိသွားပုံရကာ တိတ်ဆိတ်စွာပင် လွင့်ပါးသွားတော့သည်။

“ဒီနေ့တော့ ငါ မင်းအတွက် အချိန်မပေးနိုင်သေးဘူး။ နောက်တစ်ခါ ငါတို့ ထပ်တွေ့တဲ့အခါကျရင်တော့ ငါ မင်းကို သတ်မယ်” အမှောင်တိမ်တိုက် ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ ကောင်းယွီ၏ မျက်နှာမှာ အလွန်ပင် စိုးရိမ်ပူပန်သွားပြီး ၎င်းနောက်သို့ အပြေးအလွှား လိုက်ပါရန် ပြင်လိုက်တော့သည်။

“ဟဲဟဲ... ငါက မင်းကို နောက်တစ်ခါဆိုတဲ့ အခွင့်အရေး ပေးမယ်လို့ တကယ်ပဲ ထင်နေတာလား” ရန်ချင်းဆုန်းက မျက်မှောင်ကြုတ်လိုက်၏။ “မင်းက ဝိညာဉ်သန့်စင်ခြင်း အဆင့် ၉ ကို ရောက်နေပြီလို့ ငါ ကြားတယ်။ ငါနဲ့ အဆင့်တူနေပြီပေါ့။ ငါကတော့ ဘယ်တုန်းကမှ သတ္တိရှိတဲ့လူ မဟုတ်သလို ကိုယ့်ကိုယ်ကိုယ်လည်း အထင်မကြီးတတ်ဘူး။ မင်း ငါ့အတွက် တကယ့် အန္တရာယ်တစ်ခု ဖြစ်လာတဲ့အထိတော့ ငါ စောင့်နေမှာ မဟုတ်ဘူး”

ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ရန်ချင်းဆုန်းက ကောင်းယွီရှိရာသို့ ရုတ်တရက် ခုန်အုပ်လိုက်ကာ ဆို၏။ “ဒါကြောင့် နောင်တစ်ချိန်မှာ မင်း ငါ့အတွက် အန္တရာယ် မဖြစ်လာစေဖို့အတွက် ဒီနေ့ပဲ မင်းကို သတ်ပစ်လိုက်တာက ငါ့အတွက် ပိုပြီး စိတ်ချရလိမ့်မယ်လို့ ငါ ယုံကြည်တယ်”

ရန်ချင်းဆုန်းသည် ရေခဲပြင်နန်းတော်တွင် သူ၏ အကွက်စေ့မှုနှင့် ရက်စက်မှုကြောင့် နာမည်ကျော်ကြားသူ ဖြစ်၏။ သူသည် ရန်သူများအတွက် အခွင့်အရေး လုံးဝ မပေးတတ်သော သတိကြီးလှသူ ဖြစ်သည်။

ကောင်းယွီက သူ့ကို သတ်မည်ဟု ကြွေးကြော်ခဲ့သည့် အချိန်မှစ၍ သူသည် ကောင်းယွီကို အမှောင်ထဲမှနေ၍ အမြဲ စောင့်ကြည့်နေခဲ့သည်။ ကောင်းယွီ မြူတိမ်ဆောင်သို့ ဝင်ရောက်သွားပြီး အဆင့် ၉ သို့ ရောက်ရှိသွားကြောင်း သိလိုက်ရသည့်အခါ သူသည် ဖိအားများကို စတင် ခံစားလာရပြီး ကောင်းယွီအား တတ်နိုင်သမျှ မြန်မြန် ဖယ်ရှားရမည့် ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကောင်းယွီက သူ၏ လက်တွင်းသို့ သက်သက်မဲ့ တိုးဝင်လာခဲ့ပြီ ဖြစ်ရာ သူက မည်သို့ကြောင့် အလွယ်တကူ လွှတ်ပေးနိုင်ပါမည်နည်း။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရန်ချင်းဆုန်းသည် ကောင်းယွီ၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားကာ လမ်းကို ပိတ်ဆို့ပြီး စတင် တိုက်ခိုက်လိုက်တော့သည်။

“မင်း သေချင်နေတာပဲ” ကောင်းယွီသည် ထိုအမှောင်တိမ်တိုက်ကို စိတ်ပူနေရသဖြင့် ရန်ချင်းဆုန်း လမ်းပိတ်သည်အား မြင်သောအခါ ချက်ချင်းပင် လူသတ်လိုစိတ်များ ပေါက်ကွဲလာပြီး သူ့ကို ပြန်လည် တိုက်ခိုက်လိုက်တော့သည်။

“တောက်... သူတို့ တကယ် တိုက်နေကြပြီပဲ။ ဒီရူးနေတဲ့ ကောင်းယွီ၊ သူတို့ဘက်မှာ လူတွေ ဒီလောက် အများကြီး ရှိနေတာကို သူ မမြင်ဘူးလား”

တုကျဲ၊ ကျောက်ချန်းနှင့် သူတို့အဖွဲ့ ချိုင့်ဝှမ်းအတွင်းသို့ အပြေးအလွှား ရောက်ရှိလာသောအခါ ကောင်းယွီနှင့် ရန်ချင်းဆုန်းတို့ တိုက်ခိုက်နေကြသည်ကို ချက်ချင်း မြင်လိုက်ရသည်။ ဝတုတ် ခန်းကျီက ချက်ချင်းပင် မြေကြီးကို ခြေဖြင့် ဆောင့်လိုက်ကာ ကောင်းယွီအား ဒေါသတကြီး ကြည့်ပြီး အော်ဟစ်လိုက်တော့သည်။

“အစ်ကိုတု... ကြည့်ပါဦး၊ အဲဒါ ကျွန်တော်တို့ အရင်ဆုံး တွေ့ခဲ့တဲ့ ဝိညာဉ်သားရဲ သုံးကောင် မဟုတ်လား” ချူဖုန်းက မြေပြင်ပေါ်မှ သားရဲ အလောင်းများကို ကြည့်ကာ အေးစက်စက် မေးလိုက်သည်။

“ငါလည်း မင်းတို့ ဘာလို့ ရုတ်တရက် ထွက်သွားကြတာလဲလို့ တွေးနေတာ။ အခုမှပဲ ငါတို့ အားနည်းနေတုန်းမှာ ဝင်ပြီး နှိုက်ဖို့ ကြံနေကြတာကိုး။ တုကျဲ... မင်းရဲ့ အကွက်က တကယ်ကို နက်နဲပါပေတယ်” ရန်ကျိချန်းသည် ခေတ္တမျှ အံ့သြသွားပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည့်အလား အေးစက်သော အသံဖြင့် ပြောလိုက်၏။ “ငါတို့က ဝိညာဉ်သားရဲတွေကို တိုက်ခိုက်ရင်း ဝိညာဉ်စွမ်းအင်တွေ အကုန်ခံထားရလို့ မင်းတို့ အသာစီးရမယ်လို့ တကယ်ပဲ ထင်နေတာလား”

သူ ပြောပြီးသည်နှင့် သူ၏ ရေခဲနဂါးဓားကို ဆွဲထုတ်ကာ အော်ဟစ်၍ ပြေးဝင်လာတော့သည်။ “ဒီလူတွေက ငါတို့ဆီကနေ အကျိုးအမြတ် လာနှိုက်ဖို့ ကြိုးစားနေကြတာဟေ့”

ဖုန်းခိုင်နှင့် ရေခဲပြင်နန်းတော်မှ လူများမှာ တုကျဲတို့သည် ကောင်းယွီကို ကာကွယ်ရန် လာခြင်း ဖြစ်သည်ဟု မထင်ကြချေ။ သူတို့သည် မူလကပင် ကောင်းယွီနှင့် ပူးပေါင်းထားကြပြီး သူတို့ သားရဲများကို သတ်ဖြတ်ပြီးချိန်အား စောင့်ဆိုင်းကာ ရည်ရွယ်ချက်ရှိရှိ ပေါ်လာခြင်းဖြစ်သည်ဟု ယူဆလိုက်ကြသည်။ ထို့ကြောင့် သူတို့၏ အင်အားများ ကုန်ခန်းနေချိန်တွင် သူတို့၏ အကျိုးအမြတ်များကို လုယူရန် ကြိုးစားနေခြင်းဖြစ်သည်ဟု မှတ်ယူလိုက်ကြတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဖက်စလုံးမှာ စစ်မီး ပြန်လည် တောက်လောင်သွားခဲ့ကြပြီး ပြင်းထန်လှသော အနီးကပ် တိုက်ပွဲကြီးအတွင်းသို့ သက်ဆင်းသွားကြတော့သည်။

နှစ်ဖက်စလုံးမှာ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ဖူးကြသဖြင့် တစ်ဖက်လူ၏ အစွမ်းကို ကောင်းစွာ သိရှိကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏ ပြိုင်ဘက်များကို ချက်ချင်း ရှာဖွေတွေ့ရှိသွားကြပြီး တိုက်ပွဲကို စတင်လိုက်ကြ၏။

ရန်ကျိချန်းက တုကျဲကို တိုက်ခိုက်ပြီး ဖုန်းခိုင်က ကျောက်ချန်းကို ရင်ဆိုင်သည်။ မူလက ခန်းကျီသည် ရန်ချင်းဆုန်းနှင့် တိုက်ခိုက်ရမည် ဖြစ်သော်လည်း ကောင်းယွီက ရူးသွပ်နေသော ခွေးတစ်ကောင်ကဲ့သို့ ရန်ချင်းဆုန်းကို ကပ်တွယ် တိုက်ခိုက်နေသောကြောင့် ခန်းကျီမှာ အခြားပြိုင်ဘက်တစ်ဦးကို ပြောင်းလဲ တိုက်ခိုက်လိုက်ရသည်။ အခြားသူများမှာလည်း သူတို့၏ ပြိုင်ဘက်များနှင့်အတူ ချိုင့်ဝှမ်းအတွင်း၌ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ရန် ကြိုးစားနေကြတော့သည်။

“သခင်မလေး နာနော့... ဒါက...”

ရေလဂိုဏ်းမှ မိန်းကလေးများမှာ လက်ရှိ အခြေအနေကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။ ရုတ်တရက်ဆိုသလိုပင် ရေခဲပြင်နန်းတော်နှင့် မြူတိမ်ဆောင်မှ လူများမှာ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေကြသဖြင့် ချိုင့်ဝှမ်းတစ်ခုလုံးမှာ ရှုပ်ယှက်ခတ်နေတော့သည်။

“ငါတို့နဲ့ ဘာဆိုင်လို့လဲ” နာနော့ကိုယ်တိုင်လည်း ခေတ္တမျှ မှင်တက်သွားသော်လည်း ချက်ချင်းပင် ပြုံးလိုက်ကာ ဆိုလိုက်၏။ “ငါတို့ကတော့ ဘေးကနေ ပွဲကြည့်ရုံပဲပေါ့"

သူမ၏ စကားကို ကြားသောအခါ ရေလဂိုဏ်းမှ မိန်းကလေးများမှာ စိတ်လက်ပေါ့ပါးသွားကြသည်။ သူတို့သည် တခစ်ခစ် ရယ်မောကြကာ တိုက်ခိုက်နေကြသော သူများကို လက်ညှိုးထိုးပြရင်း ဝေဖန်ပြောဆိုနေကြတော့သည်။

“ဟူး... တုကျဲရဲ့ လက်ထဲက ဓားရှည်မှာ အရင်တိုက်ပွဲတွေတုန်းက ရေခဲနဂါးဓားကြောင့် ဖြစ်ခဲ့တဲ့ အပေါက်တွေ ရှိနေတုန်းပဲ။ သူ ဘယ်လိုလုပ်ပြီး တိုက်နိုင်မှာလဲ”

“ကြည့်ရတာတော့ တုကျဲက အရှုံးနဲ့ပဲ ရင်ဆိုင်ရဦးမယ့်ပုံပဲ။ အင်း... ရန်ကျိချန်းက ဝိညာဉ်လက်နက်ရဲ့ အသာစီးကို အပြည့်အဝ ယူနေတာပဲ”

“ဖုန်းခိုင်နဲ့ ကျောက်ချန်းရဲ့ ဝိညာဉ်လက်နက်တွေက အဆင့်ချင်း တူပေမဲ့ ဖုန်းခိုင်က အသက်ပိုကြီးသလို ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်ကို ရောက်နေတာလည်း ကြာပြီ။ ကျောက်ချန်းကတော့ ခုမှ အဆင့်တက်ထားတာဆိုတော့ ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်ရဲ့ တိုက်ခိုက်ရေးပုံစံကို သိပ်မကျွမ်းကျင်သေးဘူး။ သူ့အနေနဲ့ ဖုန်းခိုင်ကို ဘယ်လိုမှ အသာစီးမရနိုင်ဘူး။ ဟုတ်တယ်... အရင်တုန်းကလိုပဲ သူက ဖုန်းခိုင်ရဲ့ ရိုက်နှက်တာကို ခံရဦးမှာပဲ။ ဒါက ငြင်းလို့မရတဲ့ လက်တွေ့ပဲ။ သူတို့နှစ်ယောက်ကြားမှာ အစွမ်းချင်း ကွာခြားချက်က ကြီးမားလွန်းတယ်လေ”

“ကြည့်ပါဦး၊ ငါ ပြောတဲ့အတိုင်းပဲ၊ တုကျဲရော ကျောက်ချန်းရော ဒဏ်ရာတွေ ရနေကြပြီ”

“အို... ဟိုကောင်းယွီ ဆိုတဲ့လူကို ကြည့်ပါဦး၊ သူက တော်တော်လေးကို ကြမ်းတာပဲ။ ရန်ချင်းဆုန်းကတော့ အော်သာအော်နေတာ၊ သူ့မှာ ဘာမှ အသာစီးမရပါလား”

“ကောင်းယွီအကြောင်း ငါ ကြားဖူးတယ်။ သူက နည်းနည်း... စိတ်မနှံ့ဘူးလို့ သတင်းထွက်နေတာ။ သူက မိန်းကလေးတစ်ယောက်ကို နှိပ်စက်ပြီး သတ်ခဲ့ဖူးတယ်တဲ့”

“ဘာ... တကယ်လား။ ရွံစရာကြီး”

“အင်း... သူက ဘယ်လိုပဲကြည့်ကြည့် လူကောင်းတစ်ယောက်တော့ မဟုတ်တာ သေချာတယ်။ တကယ်လို့ ရန်ချင်းဆုန်းသာ အခြေအနေ မကောင်းရင် ငါကိုယ်တိုင် ဝင်ကူလိုက်မယ်။ အဲဒီလို စိတ်ဝေဒနာရှင်မျိုးအတွက်တော့ သေခြင်းတရားကလွဲလို့ ဘာမှ မထိုက်တန်ဘူး”

နာနော့ကဲ့သို့ပင် ရေလဂိုဏ်းမှ မိန်းကလေးများသည် တိုက်ပွဲအတွင်းသို့ မဝင်ဘဲ ဘေးမှနေ၍ အားပါးတရ ဝေဖန်နေကြသည်။

တုကျဲနှင့် ကျောက်ချန်းတို့သည် ယခင်တိုက်ပွဲတွင် ရန်ကျိချန်းနှင့် ဖုန်းခိုင်ကို မယှဉ်နိုင်ခဲ့သလို ယခုတစ်ကြိမ်တွင်လည်း သူတို့မှာ အသာစီးမရနိုင်ကြချေ။

တုကျဲ၏ လက်ထဲမှ အနီရောင် ဓားရှည်ကြီးတွင် အပေါက်များစွာ ရှိနေသဖြင့် ရေခဲနဂါးဓားနှင့် ထိပ်တိုက်တွေ့သည့်အခါတိုင်း သူသည် လုံးဝကို အရှုံးပေးနေရသည်။

ထိုအချိန်တွင် တုကျဲ၏ ရင်ဘတ်ပေါ်၌ သွေးချင်းချင်းနီသော ဒဏ်ရာအသစ် သုံးခု ပေါ်ထွက်လာသည်။ အေးစက်လှသော အအေးဓာတ်မှာ သွေးများအတွင်းသို့ စိမ့်ဝင်သွားပြီးနောက် သွေးများမှာ သွေးခဲစိုင်လေးများအဖြစ် ပြောင်းလဲသွား၏။ အပြင်ပန်းမှကြည့်လျှင် သူ၏ သွေးများမှာ ပူနွေးနေဆဲဖြစ်သော်လည်း အေးစက်လှသော အအေးဓာတ်မှာ ဒဏ်ရာအတွင်းမှတစ်ဆင့် သူ၏ ရင်ဘတ်အတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်သွားကာ သူ၏ တစ်ကိုယ်လုံးကို ထုံကျင်စေပြီး လှုပ်ရှားမှုများကို နှေးကွေးသွားစေကြောင်း တုကျဲတစ်ဦးတည်းသာ သိပေသည်။

“ငါ့ရဲ့ ဝိညာဉ်လက်နက်သာ အောင်မြင်အောင် ဖန်တီးနိုင်ခဲ့မယ်ဆိုရင် ငါ ဘယ်လိုလုပ်ပြီး ဒီလို ဆုံးရှုံးမှုမျိုးနဲ့ ရင်ဆိုင်ရပါ့မလဲ။ ငါက ဒီကောင် ရန်ကျိချန်းကို ဘယ်တော့မှ မယှဉ်နိုင်အောင်လို့ ကောင်းကင်ကြီးက ငါ့ကို တမင်တကာ ဖိနှိပ်နေတာလား”

တုကျဲသည် ရုပ်ဆိုးလှသော မျက်နှာထားနှင့် နီမြန်းနေသော မျက်လုံးများဖြင့် ရန်ကျိချန်းကို ရင်ဆိုင်နေသော်လည်း သူ၏ စိတ်ထဲတွင်မူ မကျေမနပ် ဟစ်အော်နေမိသည်။

“နင်တို့လို ယုတ်မာတဲ့ သစ္စာဖောက်တွေ။ ဆရာကြီး လုက ငါ့ရဲ့ နဂါးရိုးကျာပွတ်ကို ထပ်ပြီး မဖျက်ဆီးခဲ့ဘူးဆိုရင် ငါ နင့်မျက်နှာကို သွေးချင်းချင်းနီအောင် ရိုက်ပစ်တာ ကြာလှပြီ” ကျောက်ချန်းကလည်း အံကို ကြိတ်ကာ သူမ၏ လှပသော မျက်နှာတွင် ဒေါသများ ပြည့်နှက်နေ၏။

သူမ၏ ဖြူဖွေးလှသော လက်မောင်းပေါ်တွင် ဒဏ်ရာအသစ် နှစ်ခု ပေါ်ပေါက်လာသည်။ ထိုဒဏ်ရာများမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး အရိုးများကိုပင် မှိန်ပျပျ မြင်နေရပေသည်။

“ဝူး... ဝူး”

ထိုအချိန်တွင် ဝိညာဉ်သားရဲများ ပြေးလာသကဲ့သို့ လေတိုးသံများကို အဝေးမှ ကြားလိုက်ရပြီး သိပ်မကြာမီမှာပင် ထူးဆန်းလှသော နက်နဲသားရဲ နှစ်ကောင်မှာ ရုတ်တရက် ပေါ်ပေါက်လာတော့သည်။

“ငါတို့ ရောက်ပြီ” လျံကျန့်က မျက်မှောင်ကြုတ်ကာ ချိုင့်ဝှမ်းအတွင်းသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက အံ့သြစွာဖြင့် ဆိုလိုက်သည်။ “သူတို့က အချင်းချင်း တိုက်နေကြတာပါလား၊ တော်တော်လေးလည်း ပြင်းထန်ပုံရတယ်”

“အစ်ကိုတု၊ အစ်မကျောက်”

နက်နဲသားရဲ ရပ်တန့်သွားသည်နှင့် ချင်လဲ့သည် ချိုင့်ဝှမ်းအတွင်းရှိ မြင်ကွင်းကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ သူ၏ မျက်လုံးများမှာ ခဏချင်းမှာပင် သွေးချင်းချင်း နီမြန်းသွားကာ ဒေါသကြောင့် ရူးသွပ်သွားသည့် သားရဲတစ်ကောင်ကဲ့သို့ ဖြစ်သွားတော့သည်။

သူ၏ ချောမောသော မျက်နှာမှာ စိတ်တိုဒေါသထွက်မှုနှင့် ရူးသွပ်မှုများဖြင့် ချက်ချင်း ဖုံးလွှမ်းသွား၏။ သူ၏ တစ်ကိုယ်လုံးမှာပင် ထူးဆန်းစွာ တုန်ရီလာတော့သည်။

သူသည် မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ ရှေ့သို့ အဆင်ခြင်မဲ့စွာ ပြေးဝင်သွားတော့သည်။

All Chapters