အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အခန်း (၈၉) ဆွဲထုတ်ခြင်း
အဆင့်နှစ် ဝိညာဉ်သားရဲ ခြောက်ကောင်ဆိုသည်မှာ ဝိညာဉ်ပေါက်ဖွားခြင်းအဆင့် ကျင့်ကြံသူ ခြောက်ယောက်နှင့် အင်အားချင်း တူညီပေသည်။ ဤမျှကြီးမားသော အင်အားကို သူတို့အုပ်စုလေးမျှဖြင့် ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သောအရာပင်။
ထို့အပြင် အဆင့်တစ် ဝိညာဉ်သားရဲများစွာလည်း ရှိနေသေးရာ ထိုသားရဲများ၏ တိုက်ခိုက်နိုင်စွမ်းမှာလည်း အခန့်မသင့်လျှင် အသက်အန္တရာယ် ပေးနိုင်လောက်အောင် ခြိမ်းခြောက်မှု ရှိနေပေသည်။ အဆင့်တစ် သားရဲများမှာ အရေအတွက်လည်း များပြားလှသဖြင့် သူတို့သာ အတင်းတိုးဝင်ပါက အပိုင်းပိုင်း ဆွဲဖြဲခံရပြီး အသက်ပျောက်သွားနိုင်သည်မှာ မြေကြီးလက်ခတ်မလွဲပင်။
သူတို့အုပ်စုတွင် ဝိညာဉ်ပေါက်ဖွားခြင်း အစောပိုင်းအဆင့်သို့ ရောက်ရှိထားသူမှာ တုကျဲနှင့် ကျောက်ချန်း နှစ်ယောက်သာ ရှိပြီး ကျန်သူများမှာမူ ဝိညာဉ်သန့်စင်ခြင်းအဆင့်မျှသာ ရှိကြသေးသည်။
တုကျဲနှင့် ကျောက်ချန်းတို့မှာလည်း ယခင်က ရန်ကျိချန်းနှင့် တိုက်ခိုက်ခဲ့စဉ်က ရရှိထားသော ဒဏ်ရာများမှာ ယခုတိုင် လုံးဝဥဿုံ ပြန်လည်သက်သာခြင်း မရှိသေးပေ...။
ဤအခြေအနေနှင့် သူတို့ မည်သို့ တိုက်ခိုက်နိုင်မည်နည်း။
“မဖြစ်ဘူး၊ ငါတို့သာ အတင်းတိုးဝင်ပြီး တိုက်မယ်ဆိုရင် အားလုံး သေကုန်ကြမှာပဲ။ တစ်ယောက်မှ အသက်ရှင်မှာ မဟုတ်ဘူး” ခန်းကျီက ခါးသီးသော အပြုံးကို ဖန်တီးကာ ခေါင်းတတွင်တွင် ခါယမ်းလျက် ဆိုသည်။ “ငါတို့ ခဏလောက် အရှိန်လျှော့လိုက်ကြရင် မကောင်းဘူးလား။ အစ်ကိုတုနဲ့ အစ်မချန်းတို့ ဒဏ်ရာတွေ သက်သာလာတဲ့အထိ စောင့်ပြီးမှ တစ်ဆင့်ချင်း လုပ်ကြတာပေါ့”
“အမှောင်အသူရာခန်းမရဲ့ ပြည်တွင်းရေးဌာနက လူတွေက ရင်ဆိုင်ရတာ လွယ်တဲ့လူတွေ မဟုတ်ဘူး။ တကယ်လို့ ငါတို့က သူတို့အတွက် အသက်ပေးပြီး မလုပ်ဘဲ အပျင်းထူနေတာကို သူတို့ မြင်သွားရင် ငါတို့မှာ ဆင်ခြေပေးဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး။ သူတို့က ငါတို့ကို... ချက်ချင်း အပြစ်ပေးနိုင်သလို ဒီနေရာတင် ချက်ချင်း သတ်ပစ်လိုက်ရင်တောင် ရတယ်”
ကျောက်ချန်း၏ အမူအရာမှာ တည်ကြည်လေးနက်နေ၏။ “ထွက်ပြေးဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့ လမ်းပဲ၊ ဒါကြောင့် ငါတို့တွေ တခြားနည်းလမ်း စဉ်းစားရမယ်။ ဪ... ဟုတ်သားပဲ၊ သူတို့ ခုနက ပြောသွားတာ ရှိတယ်လေ၊ ဝိညာဉ်သားရဲတွေကို ဆွဲထုတ်သွားရင် ရတယ်ဆိုတာလေ။ သူတို့က အတွင်းထဲကို ပိုဝင်ချင်ရုံပဲ၊ ဝိညာဉ်သားရဲအုပ်က လမ်းပိတ်နေတာကိုး။ ငါတို့က ဒီသားရဲအုပ်ရဲ့ အစိတ်အပိုင်းတစ်ခုကို ဆွဲထုတ်သွားနိုင်မယ်ဆိုရင် ငါတို့ရဲ့ တာဝန် ကျေပြီလို့ ပြောလို့ရတာပဲ”
“ဟုတ်တယ်၊ ကျောက်ချန်းပြောတာ မှန်တယ်” တုကျဲက ကြားဖြတ် ပြောဆိုလိုက်သည်။ “ဝိညာဉ်သားရဲတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားတာက ကိုယ့်သေတွင်းကိုယ် တူးတာနဲ့ အတူတူပဲ။ ငါတို့တွေ ကျောက်တောရဲ့ အပြင်ဘက် ဧရိယာတွေအကြောင်း သိထားတာကို အသုံးချပြီး၊ သားရဲတွေကို ဒေါသထွက်အောင် လုပ်မယ်၊ ပြီးရင် သူတို့ကို အပြင်ဘက်ကို ဆွဲထုတ်သွားမယ်။ ဒါဆိုရင် အဆင်ပြေသွားလိမ့်မယ်”
ချင်လဲ့ကလည်း ထောက်ခံသောအားဖြင့် ခေါင်းညိတ်ပြလိုက်၏။
မကြာမီမှာပင် သူတို့သည် စီမံကိန်းကို အပြီးသတ် ချမှတ်လိုက်ကြသည်။ ဝိညာဉ်သားရဲများကို ဒေါသထွက်အောင် လုပ်ကာ အစာအဖြစ် မျှားခေါ်ရန် ရည်ရွယ်ချက်ဖြင့် ဝိညာဉ်သားရဲများ စုဝေးနေသော နေရာတစ်နေရာသို့ ဦးတည် ထွက်ခွာခဲ့ကြတော့သည်။
တစ်နာရီခန့် ကြာပြီးနောက် ထိုအုပ်စုသည် ကျောက်တုံးကြီးတစ်တုံး၏ နောက်ကွယ်သို့ ရောက်ရှိလာပြီး ကျောက်တုံးကြားမှ ခေါင်းလေးများ ပြူထွက်ကာ ချောင်းကြည့်လိုက်ကြသည်။
ထိုနေရာမှာ ကျောက်တုံးများကြားရှိ အနည်းငယ် ဟင်းလင်းပြင် ဖြစ်နေသော နေရာတစ်ခုပင်။ ထိုနေရာ၌ ဝိညာဉ်သားရဲ အကောင်ပေါင်း ဆယ်ချီ စုဝေးနေကြပြီး အများစုမှာ အဆင့်တစ် ဝိညာဉ်သားရဲများ ဖြစ်ကြသည်။ ထိုအထဲတွင် ရေခဲဝိညာဉ်မြွေဟောက် တစ်ကောင်၊ ရွှေတောင်သားရဲ နှစ်ကောင်၊ နဂါးချိုကြံ့ နှစ်ကောင်နှင့် ရွှေအမွေးမျောက်ဝံကြီး တစ်ကောင်တို့ ပါဝင်နေသည်။ ဤအဆင့်နှစ် ဝိညာဉ်သားရဲ ခြောက်ကောင်စလုံးမှာ ကျောက်တော၏ အနက်ပိုင်းသို့ သွားရာ လမ်းခွတွင် တည်ရှိနေကြခြင်း ဖြစ်၏။
အဆင့်နှစ် ဝိညာဉ်သားရဲ ခြောက်ကောင်စလုံးမှာ သပ်သပ်ရပ်ရပ်ပင် ဝပ်နေကြပြီး သူတို့၏ ကိုယ်ပိုင် နည်းလမ်းများဖြင့် သဘာဝစွမ်းအင်များကို ဝါးမျိုနေကြပုံ ရပေသည်။
အဖြူရောင် မြူခိုးတန်းလေးများသည် သူတို့၏ နှာခေါင်းနှင့် ပါးစပ်များမှတစ်ဆင့် ဝင်ချည်ထွက်ချည် ဖြစ်နေကြပြီး ထိုနေရာရှိ သဘာဝစွမ်းအင်များမှာလည်း အခြားနေရာထက် အနည်းငယ် ပိုမို ထူထပ်နေပေသည်။
အဆင့်နှစ် ဝိညာဉ်သားရဲ ခြောက်ကောင်မှာ အကောင်းဆုံး နေရာများကို နေရာယူထားကြပြီး ထိုနေရာမှာ ကျောက်တော၏ အနက်ပိုင်းနှင့် အနီးကပ်ဆုံး ဧရိယာလည်း ဖြစ်ပေသည်။
ကျန်ရှိသော အဆင့်တစ် ဝိညာဉ်သားရဲ ဆယ်ချီမှာမူ ပတ်ပတ်လည်တွင် ပျံ့နှံ့နေကြပြီး ထိုသားရဲများနှင့် အလှမ်းဝေးရာတွင် နေကြသည်။ ကြည့်ရသည်မှာ သူတို့ကို အနားအနားသို့ ချဉ်းကပ်ခွင့် မပေးထားပုံ ရပေသည်။
“ဒီမှာ သဘာဝစွမ်းအင်တွေက တကယ်ကို ထူထပ်တာပဲ” ချင်လဲ့ ရောက်ရောက်ချင်းမှာပင် အနံ့တစ်ချက် ရှူကြည့်လိုက်ရုံနှင့် သူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး မျက်လုံးများမှာ ထူးဆန်းသော အလင်းတန်းများဖြင့် ဝင်းလက်သွား၏။ သူသည် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ “ဝိညာဉ်စုဆောင်းခြင်း တံဆိပ်ပြားတွေ။ ဒီနေရာက သဘာဝစွမ်းအင်တွေကို ဝိညာဉ်စုဆောင်းခြင်း တံဆိပ်ပြားတွေက စုစည်းထားတာပဲ။ ရှဲ့ကျင့်ရွှမ်က ဝိညာဉ်စုပ်သားရဲကို သန့်စင်ဖို့အတွက် သီးသန့် ပြင်ဆင်ထားတဲ့ ဝင်္ကပါထဲမှာ ဝိညာဉ်စုဆောင်းခြင်း တံဆိပ်ပြားတွေကို ဝှက်ထားတာ ဖြစ်ရမယ်၊ ပြီးတော့ အဲဒီ ဝိညာဉ်စုဆောင်းခြင်း တံဆိပ်ပြားတွေကြောင့်ပဲ ဒီပတ်ဝန်းကျင်မှာ သဘာဝစွမ်းအင်တွေ အများကြီး စုဝေးနေတာပဲ”
မည်သို့ ဖြစ်နေသည်ကို သူ ချက်ချင်းပင် နားလည်သွားတော့သည်။
“သွားကြစို့” တုကျဲက ခပ်တိုးတိုး အော်ဟစ်လိုက်၏။
“တိုက်ခိုက်ကြ” တစ်ဖွဲ့လုံးက တစ်ပြိုင်နက်တည်း ဟစ်ကြွေးလိုက်ကြသည်။
“ရွှီ... ရွှီ... ဝှစ်... ဝှစ်... ဒိုင်း... ဒိုင်း”
ခဏအတွင်းမှာပင် အရောင်အသွေး စုံလင်လှသော အလင်းတန်းများသည် သူတို့ ရှိရာဘက်မှ ပျံသန်းထွက်ပေါ်လာတော့သည်။
ကြက်သွေးရောင် မီးတောက်များ၊ အပြာနုရောင် လျှပ်စီးတန်းများ၊ အေးစက်သော မီးခိုးရောင် မြူခိုးများ၊ လွင့်ပျံနေသော လေဓားများ၊ ငွေရောင် တောက်ပသော မြူတိမ် အလင်းလုံးများ၊ ဝါညိုရောင် ရောင်စဉ်တန်းများ...
ထိုအရာများ အားလုံးမှာ သူတို့ လက်ထဲရှိ ဝိညာဉ်လက်နက်များမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး ဝိညာဉ်သားရဲ အုပ်ကြီး၏ အလယ်ဗဟိုသို့ တည့်တည့်မတ်မတ် ပစ်လွှတ်လိုက်ကြခြင်း ဖြစ်ပေသည်။
“ဝေါင်း...”
ဝိညာဉ်သားရဲများ၏ အော်ဟစ်သံများသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး နာကျင်မှုကြောင့် သဘာဝစွမ်းအင်များကို သုံး၍ ကျင့်ကြံနေသော ဝိညာဉ်သားရဲ အားလုံးမှာ ရူးသွပ်ကုန်ကြတော့သည်။
ထိုသွေးဆာပြီး ရက်စက်သော သားရဲများ၏ မျက်လုံးများသည် အရပ်လေးမျက်နှာသို့ ရှာဖွေလိုက်ကြရာ ဟစ်အော်နေသော တုကျဲနှင့် ချင်လဲ့တို့ အုပ်စုကို ချက်ချင်းပင် တွေ့ရှိသွားကြသည်။ ဝိညာဉ်သားရဲများသည် ဒေါသတကြီး အော်ဟစ်ကာ သူတို့ရှိရာသို့ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။
အဆင့်နှစ် ဝိညာဉ်သားရဲ ခြောက်ကောင်မှာလည်း မုန်တိုင်းသဖွယ် တိုက်ခိုက်မှုဒဏ်ကို ခံလိုက်ရသည်။ တုကျဲ၏ ဓားရှည်နှင့် ကျောက်ချန်း၏ နဂါးရိုးနှင်တံမှ ထွက်ပေါ်လာသော မြူတိမ် အလင်းလုံးများနှင့် လေဓားများသည် အစွမ်းပြနိုင်ခဲ့ပြီး သားရဲသုံးကောင်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးစိုသော ဒဏ်ရာများကို ဖန်တီးပေးလိုက်ရာ သူတို့အား အကြီးအကျယ် ဒေါသထွက်သွားစေတော့သည်။
စိတ်တိုနေသော ဝိညာဉ်သားရဲ အုပ်ကြီးသည် ထိုအုပ်စုရှိရာသို့ တိုက်ရိုက် ပြေးဝင်လာကြရာ မှောင်မိုက်သော တိမ်တိုက်ကြီးတစ်စု သူတို့အပေါ်သို့ ကျရောက်လာသကဲ့သို့ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ဖုံးလွှမ်းသွားတော့သည်။
“ပြေးကြ”
ခန်းကျီက ဟစ်အော်လိုက်၏။ သူ၏ ဝဖိုင့်သော ခန္ဓာကိုယ်မှာ အလွန်ပင် လျင်မြန်ဖြတ်လတ်နေပြီး သူသည် ပထမဆုံး စတင်ပြေးထွက်သွားသူ ဖြစ်ပေသည်။
ဟန်ဖုန်း၊ ချူဖုန်းနှင့် ကျန်သူများသည်လည်း အသင့်ပြင်ထားပြီးသား ဖြစ်ရာ ခန်းကျီ ရှေ့မှ ပြေးသွားသည်ကို မြင်သည်နှင့် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြတော့သည်။ နောက်ကျ ကျန်ခဲ့မည်ကိုလည်း သူတို့ အကြီးအကျယ် ကြောက်လန့်နေကြ၏။
“သွားစို့”
တုကျဲက အော်ဟစ်လိုက်ပြီး ကောင်းယွီနှင့် ချင်လဲ့တို့ကို အလျင်အမြန် ထွက်ပြေးရန် တိုက်တွန်းလိုက်သည်။ သူနှင့် ကျောက်ချန်းတို့ကမူ ဝိညာဉ်လက်နက်များကို လက်တွင် ကိုင်ထားပြီး နောက်မှ လိုက်လာမည့် သူများကို တားဆီးရန် အနောက်ဆုံးတွင် ကျန်ရစ်ခဲ့ကြသည်။
"သွားကြမယ်" ဝိညာဉ်သားရဲ ဆယ်ချီ သူတို့ထံသို့ တဟုန်ထိုး ပြေးဝင်လာသည်ကို မြင်လိုက်ရသည့်အခါ ချင်လဲ့မှာလည်း ထိတ်လန့်သွားပြီး မျက်နှာပျက်လျက် ကောင်းယွီကို ခေါ်လိုက်သည်။
ကောင်းယွီက ခေါင်းညိတ်ကာ ချင်လဲ့နှင့်အတူ ပုခုံးချင်းယှဉ်လျက် သူတို့ လာခဲ့သော လမ်းအတိုင်း ပြန်ဆုတ်ခဲ့ကြသည်။ သူတို့သည် ထွက်ပြေးရန်အတွက် ကွေ့ကောက်သော လမ်းကြားလေးများကို တမင်တကာ ရွေးချယ်ခဲ့ကြ၏။
ကောင်းယွီနှင့် ချင်လဲ့တို့ ထွက်သွားသည်နှင့် တုကျဲနှင့် ကျောက်ချန်းတို့လည်း ကြာကြာ မနေဝံ့ကြတော့ချေ။ လေဓားများနှင့် မြူတိမ် အလင်းတန်း အနည်းငယ်ကို ထပ်မံ ပစ်လွှတ်ကာ ဝိညာဉ်သားရဲများကို အနည်းငယ် ဟန့်တားလိုက်ပြီးနောက် သူတို့လည်း အသက်လုကာ ထွက်ပြေးကြတော့သည်။
ဓားကျောက်တောကြီးသဖွယ် ဖြစ်နေသော ကျောက်တောင်များကြားတွင် ရှဲ့ကျင့်ရွှမ်နှင့် လျန်ကျန့်တို့သည် နက်နဲသားရဲကြီးများပေါ်မှ ဆင်းကာ ကျောက်တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်နေကြသည်။
ဤကျောက်တောင်မှာ မီတာ ဆယ်ဂဏန်းခန့် မြင့်မားသဖြင့် အဝေးမှ အခြေအနေများကို အပေါ်စီးမှ ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။ သူတို့၏ အဆင့်အတန်းမှာ မြင့်မားလှသဖြင့် သူတို့၏ အမြင်အာရုံမှာလည်း အလွန်ပင် ကောင်းမွန်လှ၏။ ချင်လဲ့နှင့် တုကျဲတို့ ဖန်တီးလိုက်သော အုန်းအုန်းကျွက်ကျွက် ဆူညံသံများကို သူတို့ တစ်ချက်တည်းနှင့် သတိပြုမိလိုက်ကြသည်။ ဝိညာဉ်သားရဲများ သူတို့နောက်သို့ ရူးသွပ်စွာ လိုက်ပါသွားကြပြီး စုဝေးရာနေရာမှ တဖြည်းဖြည်း ဝေးကွာသွားကြသည်ကိုလည်း သူတို့ စောင့်ကြည့်နေကြသည်။
“ဒီကလေးတွေ တော်တော် ဉာဏ်ကောင်းတာပဲ” လျန်ကျန့်က ပြုံးလျက် ခေါင်းငြိတ်ကာ ဆိုသည်။ “တကယ်လို့ သူတို့သာ ဝိညာဉ်သားရဲ အုပ်ကြီးကို ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် တစ်ယောက်မှ အသက်ရှင်ဖို့ မလွယ်ဘူး။ အခုတော့ သူတို့က ဝိညာဉ်သားရဲ အုပ်ကြီးကို မျှားခေါ်သွားနိုင်ပြီဆိုတော့ ငါတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီလို့ ပြောလို့ရတာပေါ့။ အင်း... မဆိုးပါဘူး၊ ငါ သူတို့ကို လျှော့တွက်မိသွားတယ် ထင်တယ်”
“ဟိုဘက်ကို ကြည့်ဦး” ရှဲ့ကျင့်ရွှမ်က အခြားတစ်ဘက်သို့ ညွှန်ပြလိုက်၏။ “ကြက်သွေးရောင် မီးလျှံအဖွဲ့က လူတွေကတော့ တကယ့် ငတုံးတွေပဲ။ သူတို့က တကယ့် အရှုံးနဲ့ ရင်မဆိုင်ရမချင်း ဉာဏ်ကို သုံးမှာ မဟုတ်ဘူး”
လျန်ကျန့်သည် သူမ ညွှန်ပြရာသို့ ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်ပြီးမှ ဆွံ့အစွာဖြင့် ရေရွတ်လိုက်မိသည်။ “ဒီရှုံ့ပါးကတော့ သူ့အဖေနဲ့ သူ့အဘိုးအတိုင်းပါပဲလား”
သူတို့၏ အမြင်တွင် ကြက်သွေးရောင်မီးလျှံအဖွဲ့မှ ရှုံ့ပါးနှင့် သူ၏ လူများသည် ဝိညာဉ်သားရဲ အုပ်ကြီး၏ အလယ်ဗဟိုသို့ တိုက်ရိုက် ဝင်တိုက်နေကြပြီး ပြင်းထန်သော တိုက်ပွဲအတွင်း ပိတ်မိနေသည်ကို ခပ်ရေးရေး မြင်တွေ့နေရသည်။
သူတို့ တိုက်ခိုက်နေသော ဝိညာဉ်သားရဲများမှာ ချင်လဲ့တို့ အုပ်စု ရင်ဆိုင်ခဲ့ရသလောက် မကြောက်စရာ မကောင်းသော်လည်း အဆင့်နှစ် ဝိညာဉ်သားရဲ လေးကောင်နှင့် အဆင့်တစ် ဝိညာဉ်သားရဲ ငါးဆယ်ကျော် ရှိနေပေသည်။
ရှုံ့ပါးနှင့် ကြက်သွေးရောင်မီးလျှံအဖွဲ့သည် ထိုသားရဲများကို တစ်ဖွဲ့တည်း ရင်ဆိုင်ရန်မှာ သိသိသာသာ အားနည်းနေပြီး အကယ်၍ သူတို့သာ ဉာဏ်မသုံးဘဲ အမြန် မဆုတ်ခွာလျှင် မကြာမီမှာပင် အကျအဆုံးများ ရှိလာတော့မည်မှာ သေချာလှသည်။
“သူတို့ နည်းနည်းတော့ အူတူတူနိုင်တယ်” ရှဲ့ကျင့်ရွှမ်က မျက်မှောင်ကြုတ်လျက် မှတ်ချက်ပေးလိုက်သည်။
လျန်ကျန့်က ခေါင်းညိတ်ကာ သက်ပြင်းချလိုက်၏။ “ဒီကောင်တွေ အကြီးအကျယ် ခံရတော့မှာပဲ။ ကြက်သွေးရောင်မီးလျှံအဖွဲ့က ရှုံ့ပါးကို အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်လိုက်တာက တကယ့်ကို မှားယွင်းတဲ့ ဆုံးဖြတ်ချက်ပဲ”
“ရေခဲပြင်နန်းတော်နဲ့ ရေလဂိုဏ်းရဲ့ စီမံကိန်းတွေကတော့ မြူတိမ်ဆောင်နဲ့ အတူတူပဲ။ သူတို့အားလုံးဟာ ဝိညာဉ်သားရဲတွေကို ထိပ်တိုက်မတိုက်ဖို့ ဉာဏ်ကောင်းကြပါတယ်” ခဏအကြာတွင် ရန်ကျိချန်းနှင့် နာနော့တို့ စတင် လှုပ်ရှားလာကြသည်ကို အဝေးမှ မြင်တွေ့လိုက်ရသည့်အခါ ရှဲ့ကျင့်ရွှမ်က အသာအယာ ခေါင်းညိတ်လိုက်၏။ “ဟိုနာနော့ဆိုတဲ့ ကောင်မလေးက မဆိုးဘူး။ ခေါင်းဆောင် လေးယောက်ထဲမှာ သူက အသန်မာဆုံးပဲ၊ ပြီးတော့ သူ့ရဲ့ ညီမတွေကိုလည်း အရမ်း ဂရုစိုက်တတ်တယ်...”
သူမသည် အဝေးကြီးအထိ မြင်နိုင်စွမ်း ရှိပေသည်။ ရန်ကျိချန်း၏ စီမံကိန်းမှာ နာနော့နှင့် အတူတူပင်ဖြစ်ပြီး နှစ်ယောက်စလုံးမှာ ဝိညာဉ်သားရဲများကို နေရာမှ ခွာသွားအောင် မျှားခေါ်နေကြခြင်း ဖြစ်သော်လည်း လက်တွေ့ လုပ်ဆောင်သည့်အခါတွင်မူ ထိုနှစ်ယောက်ကြား၌ အသေးစိတ်အချက်အလက်ပိုင်းတွင် အနည်းငယ် ကွာခြားချက် ရှိနေသည်ကို သူမ မြင်တွေ့နေရသည်။
ရန်ကျိချန်းနှင့် ကျန်သူများသည် ဝိညာဉ်သားရဲများကို ဒေါသထွက်အောင် လုပ်ပြီးနောက် ရန်ကျိချန်းနှင့် ဖုန်းခိုင်တို့မှာ အခြားသူများကို ဂရုမစိုက်ဘဲ ဦးဆုံး ထွက်ပြေးသွားကြသည်။ သူတို့မှာ တကယ့်ကို တစ်ကိုယ်ကောင်းဆန်သော လူများ ဖြစ်ကြပေသည်။
နာနော့ကမူ ထိုသို့ မဟုတ်ပေ။ တုကျဲနှင့် ကျောက်ချန်းတို့ကဲ့သို့ပင် သူမသည် အနောက်ဆုံးတွင် ကျန်ရစ်ရန် ဆုံးဖြတ်ခဲ့ပြီး သူမ၏ အဆင့်နိမ့်သော ညီမလေးများ လွတ်မြောက်သွားသည်အထိ စောင့်ဆိုင်းပေးကာမှ သူမ ကိုယ်တိုင် ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။
မြူတိမ်ဆောင်၊ ကြက်သွေးရောင်မီးလျှံအဖွဲ့၊ ရေခဲပြင်နန်းတော်နှင့် ရေလဂိုဏ်း စသည့် အဖွဲ့လေးဖွဲ့စလုံး၏ လှုပ်ရှားမှုများကို ရှဲ့ကျင့်ရွှမ်နှင့် လျန်ကျန့်တို့က အပြည့်အစုံ မြင်တွေ့နေရသည်။ ထိုအဖွဲ့ဝင်များ၏ အမူအကျင့်နှင့် စရိုက်လက္ခဏာများအပေါ်တွင်လည်း သူတို့နှစ်ဦးမှာ အကြမ်းဖျင်း ထင်မြင်ချက်များ ရှိလာခဲ့ပြီ ဖြစ်၏။
ခဏမျှ စောင့်ကြည့်ပြီးနောက် သူတို့နှစ်ဦးစလုံးသည် မြူတိမ်ဆောင်အဖွဲ့၊ အထူးသဖြင့် ချင်လဲ့နှင့် ကောင်းယွီတို့အပေါ် အာရုံစိုက်လိုက်ကြသည်။
“ဒီကောင်းယွီဆိုတဲ့ ကောင်လေးက ထူးခြားတဲ့ ဝိညာဉ်ကျင့်စဉ်တစ်ခုကို ကျင့်ထားတာပဲ၊ သူ့ရဲ့ စရိုက်ကလည်း အတော်လေး မှောင်မိုက်ပြီး ရက်စက်ပုံရတယ်။ သူ့ရဲ့ အရိုးထဲအထိကို ကြမ်းတမ်းတဲ့ စရိုက်က ဖုံးကွယ်နေတာပဲ” လျန်ကျန့်က စကားလုံးများကို ဂရုတစိုက် ရွေးချယ်ကာ ဆိုသည်။ “ဒါပေမဲ့ ဒီကောင်လေးက လူတောမတိုးဘဲ တစ်ယောက်တည်း နေရတာကို ပိုကြိုက်ပုံရတယ်။ သူက အခြားသူတွေနဲ့ ဆက်ဆံရေးမှာလည်း မကောင်းသလို အဖွဲ့အစည်းနဲ့ လုပ်ဆောင်ရတဲ့ နေရာမှာလည်း အားနည်းချက် ရှိသေးတယ်”
ရှဲ့ကျင့်ရွှမ်က စကား ပြန်မပြောသည်ကို မြင်ရသည့်အခါ လျန်ကျန့်က မျက်မှောင်အနည်းငယ် ကြုတ်ကာ စဉ်းစားလိုက်ပြီးမှ ဆိုလိုက်သည်။ “ဟိုချင်လဲ့ ဆိုတဲ့ ကောင်လေးနဲ့ ပတ်သက်လို့ကတော့ ကျွန်တော် လုံးဝကို ခန့်မှန်းလို့ မရဘူး...”
“ဟင်” ရှဲ့ကျင့်ရွှမ်က ခေါင်းလှည့်ကြည့်လိုက်ရာ သူ့ကို ဆက်ပြောရန် အချက်ပြလိုက်သည့်အလား ဖြစ်၏။
“ဒီလမ်းတစ်လျှောက်မှာ ချင်လဲ့က အမြဲတမ်း တိတ်တိတ်ဆိတ်ဆိတ်ပဲ နေခဲ့တာ၊ ကြည့်ရတာ သူက နူးညံ့ပြီး ငြိမ်သက်တဲ့ ကောင်လေးတစ်ယောက်လို့ ထင်ရတယ်။ လီဈေးဆိုင်မှာလည်း သူ့ကို အကြိမ်နည်းနည်း တွေ့ဖူးတယ်၊ သူ့ရဲ့ အမူအရာက အလွန်ကို ပုံမှန်ပါပဲ။ စကားပြောတာကလည်း လိမ်မာယဉ်ကျေးသလို အလုပ်လုပ်တာလည်း တော်တော်လေး စနစ်ကျတယ်။ သူက ဘေးအိမ်က ကောင်လေးတစ်ယောက်လို ခံစားရစေပြီး၊ ပထမဆုံး မြင်လိုက်ရုံနဲ့တော့ ထူးခြားတာ ဘာမှ မရှိဘူး...”
ခဏမျှ ရပ်လိုက်ပြီးမှ လျန်ကျုံးက ဆက်ပြောသည်။ “ဒါပေမဲ့ သူ တခြားတစ်ယောက်နဲ့ တိုက်ခိုက်ရပြီဆိုရင်တော့ သူက ချက်ချင်းကို ပြင်းထန်ပြီး ကြမ်းတမ်းသွားတော့တာပဲ၊ အချိန်အကြာကြီး ဖိနှိပ်ထားခံရတဲ့ သားရဲကြီးတစ်ကောင် လောကထဲကို ရုတ်တရက် လွတ်လာသလိုပါပဲ။ သူက ဘယ်သူ့ကိုမှ ညှာတာမှာ မဟုတ်ဘူး၊ သူ့ရဲ့ တိုက်ခိုက်မှုတွေကလည်း ပြင်းထန်တဲ့ မုန်တိုင်းတစ်ခုလိုပဲ။ တိုက်ပွဲထဲ ရောက်သွားပြီဆိုရင် သူက တစ်ခြားလူ တစ်ယောက် ဖြစ်သွားသလိုပဲ၊ မိစ္ဆာတစ်ကောင်၊ ဘီလူးတစ်ကောင် အသွင် ပြောင်းသွားသလိုပါပဲ။ ဒါဟာ သူရဲ့ ပုံမှန် အမူအရာနဲ့ လုံးဝကို ကွဲပြားနေတာပဲ။ ဒါဟာ တကယ်ကို ထူးဆန်းတယ်”
“ဖြစ်နိုင်တာကတော့ သူ တိုက်ခိုက်တဲ့အခါမှ သူရဲ့ စရိုက်အမှန်က ပေါ်လာတာ ဖြစ်လိမ့်မယ်။ ဒါဟာ သူ့ရဲ့ မွေးရာပါ စရိုက်လည်း ဖြစ်နိုင်သလို၊ နေ့စဉ်ဘဝမှာ မြင်နေရတဲ့ သူကတော့ ဟန်ဆောင်မှုတစ်ခုလည်း ဖြစ်နိုင်တာပဲ...”
ရှဲ့ကျင့်ရွှမ်က ရုတ်တရက် စကားဆိုလာရာ သူမ၏ စကားများကြောင့် လျန်ကျုံးမှာ အံ့သြသွားသလို ဇဝေဇဝါလည်း ဖြစ်သွားရသည်။ လျန်ကျုံးက မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် သူမက ဆက်ပြောသည်။ “ငါ အရင်က တုမိုနဲ့ စကားပြောဖူးတယ်။ တုမို ပြောပြချက်အရတော့ ဒီချင်လဲ့က မြူတိမ်ဆောင်ရဲ့ လက်အောက်ခံ လင်မိသားစုကနေ လာတာတဲ့။ သူနဲ့ သူ့အဖိုးက လင်မိသားစုဆီကို အတူတူ ရောက်လာခဲ့ကြတာ။ ကြည့်ရတာ သူဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အကြောင်းအရာ အားလုံးကို မေ့နေပုံရတယ်။ အဲဒီ အပိုင်းက မှတ်ဉာဏ်တွေဟာ လုံးဝ ပျောက်ဆုံးနေသလိုပဲ”
ဤနေရာသို့ ရောက်သည့်အခါ သူမက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီးမှ ဆက်ပြောသည်။ “လူတစ်ယောက်ဟာ တိုက်ခိုက်တဲ့အခါမှာ ဖော်ပြတတ်တဲ့ အမူအရာဟာ သူတို့ရဲ့ အမှန်ကန်ဆုံးသော ကိုယ်ရည်ကိုယ်သွေး ဖြစ်တာက များပါတယ်။ ဒါကြောင့် တိုက်ပွဲထဲမှာ ပြင်းထန်၊ ကြမ်းတမ်းပြီး ရက်စက်နေတဲ့ ချင်လဲ့ဟာ တကယ့် ချင်လဲ့ အစစ်အမှန် ဖြစ်နိုင်သလို အဲဒါဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ သူ တည်ဆောက်ခဲ့တဲ့ စရိုက်လည်း ဖြစ်နိုင်တာပဲ”
လျန်ကျန့်၏ မျက်နှာတွင် အံ့သြမှုများ ပေါ်ပေါက်လာကာ ဆိုသည်။ “ဒါဆိုရင်တော့ ဒီချင်လဲ့ဟာ တကယ်ကို မရိုးရှင်းဘူးပဲ။ ဒီလောက်အထိ ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ လူတစ်ယောက်ဟာ သာမန် မိသားစုကနေ လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ရဲရဲကြီး ပြောရဲတယ်”
“အင်း” ရှဲ့ကျင့်ရွှမ်က ခေါင်းညိတ်လိုက်၏။ “ကံမကောင်းတာကတော့ သူက အတိတ်ကို မမှတ်မိတော့တာပဲ၊ ဒါမှမဟုတ်ရင် ငါတို့ရဲ့ သံသယတွေကို ရှင်းထုတ်လို့ ရနိုင်မှာပါ။ ဒါပေမဲ့ အခု ငါ မျှော်လင့်နေတာကတော့ ငါတို့ သူ့ကို လိုအပ်တဲ့ အချိန်မှာ သူဟာ ပြီးခဲ့တဲ့ တစ်ခါတုန်းကလို ကောင်းကင် ကိုးထပ်ကနေ လျှပ်စီးတန်းတွေကို ခေါ်ယူနိုင်ဖို့ပဲ။ ဒါဆိုရင် သူဟာ ငါတို့အတွက် အကူအညီ ဖြစ်လာလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ သူ ဘယ်လို နောက်ခံပဲ ရှိရှိ၊ ငါတို့အတွက်တော့ သူဟာ ဘာတန်ဖိုးမှ ရှိမှာ မဟုတ်ဘူး”
“မှန်တာပေါ့”
အခန်း (၉၀) ဆန်းကြယ် ဝိညာဉ်သားရဲ
“ဖူး...”
ရေခဲဝိညာဉ်မြွေဟောက်သည် ၎င်း၏ ခံတွင်းအတွင်းမှ ငွေရောင်တောက်ပသော ရေခဲလုံးတစ်လုံးကို မှုတ်ထုတ်လိုက်၏။ ထိုရေခဲလုံးသည် လေထဲတွင် ဝဲကရိုက် လည်ပတ်နေစဉ်မှာပင် ခဲမတတ်အေးစက်လှသော အငွေ့အသက်များသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ချင်လဲ့ ပုန်းကွယ်နေသည့် ကျောက်တိုင်ကြီးကို ရိုက်ခတ်ချေမှုန်းပစ်လိုက်တော့သည်။ ထိုသို့ ပေါက်ကွဲသွားသည့် အသံမှာ ထိတ်လန့်ဖွယ်ရာ ကောင်းလှသော မိုးကြိုးသံကြီးကဲ့သို့ပင် ဟိန်းထွက်သွား၏။
အဆင့်နှစ် ရေခဲဝိညာဉ်မြွေဟောက်သည် အရှည် ခြောက်မီတာ သို့မဟုတ် ခုနစ်မီတာခန့် ရှိပြီး လူတစ်ယောက်၏ ခါးပတ်လည်ခန့် တုတ်ခိုင်လှပေသည်။ ၎င်း၏ သားရဲမျက်လုံးများသည် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ဝင်းလက်နေပြီး ချင်လဲ့ရှိရာသို့ တဟုန်ထိုး ပြေးဝင်လာတော့သည်။
ချင်လဲ့သည် ရုတ်တရက် လှည့်ကြည့်လိုက်ရာ ရေခဲလုံး ပေါက်ကွဲသွားသည့် နေရာကို မြင်လိုက်ရ၏။ သူ၏ မျက်လုံးများမှာ ထူးဆန်းသော အလင်းတန်းများဖြင့် ဝင်းလက်သွားသည်။
“သွားကြမယ်လေ။ ဘာကို စောင့်နေတာလဲ” ကောင်းယွီသည် အရှိန်သတ်ကာ ချင်လဲ့ကို အလျင်အမြန် ထွက်ပြေးရန် လာရောက်တိုက်တွန်း၏။ သူ၏ မျက်နှာတွင် အရေးပေါ် အခြေအနေဖြစ်ကြောင်း အထင်အသား ပေါ်ပေါက်နေသည်။
ဤအချိန်တွင် ထွက်ပြေးနေကြသော အုပ်စုသည် တဖြည်းဖြည်း လူစုကွဲသွားကြသည်။ တုကျဲနှင့် ခန်းကျီတို့က တစ်ဘက်သို့ သွားကြပြီး ကျောက်ချန်း၊ ဟန်ဖုန်းနှင့် ချူဖုန်းတို့ကမူ အခြားတစ်ဘက်သို့ သွားကြသည်။ သို့သော် သူတို့အားလုံးမှာ ကျောက်တော၏ အပြင်ဘက်သို့သာ ဦးတည်နေကြခြင်း ဖြစ်ပြီး လမ်းခရီး အဆင်ပြေစေရန် အတွက်သာ လမ်းခွဲလိုက်ကြခြင်း ဖြစ်ပေသည်။
ချင်လဲ့နှင့် ကောင်းယွီတို့မှာမူ အတူတူ ရှိနေကြသည်။ သူတို့နောက်တွင် ထပ်ကြပ်မကွာ လိုက်ပါလာသည်မှာ ရေခဲဝိညာဉ်မြွေဟောက်နှင့် အကောင် ဆယ်ဂဏန်းခန့်ရှိသော မြွေနှင့် အခြားမြွေအမျိုးအနွယ်ဝင် အဆင့်တစ် ဝိညာဉ်သားရဲများ ဖြစ်ကြသည်။
ထိုအဆင့်တစ် ဝိညာဉ်သားရဲများမှာ အနည်းငယ် နှေးကွေးသဖြင့် ခဏမျှ လိုက်လံတိုက်ခိုက်ပြီးနောက် တဖြည်းဖြည်း ကျန်ရစ်ခဲ့ကြရာ ယခုအခါတွင်မူ ရေခဲဝိညာဉ်မြွေဟောက် တစ်ကောင်တည်းသာ သူတို့နောက်သို့ လိုက်ပါနေတော့သည်။
ချင်လဲ့နှင့် ကောင်းယွီတို့သည် ရေခဲဝိညာဉ်မြွေဟောက်ကြီး နောက်ပြန်မလှည့်သွားစေရန်နှင့် သူတို့နောက်သို့ ဆက်လက် လိုက်လာစေရန်အတွက် ခဏခဏ ပြန်လှည့်၍ တိုက်ခိုက်ကာ ရန်စပေးနေကြရသည်။
“ဝှစ်...”
လက်သီးဆုပ်ခန့်ရှိသော ငွေရောင်ရေခဲလုံးသည် ဖန်သားပြင်ကဲ့သို့ ကြည်လင်တောက်ပနေပြီး တုန်ရီနေသော အအေးဓာတ်ကြီးနှင့်အတူ နောက်တစ်ကြိမ် ပျံသန်းရောက်ရှိလာပြန်သည်။
ချင်လဲ့သည် ယခုတစ်ခါတွင်မူ ထွက်မပြေးတော့ပေ။ ယင်းအစား သူသည် ရေခဲလုံးအတွင်းမှ အပြာနုရောင် အစုအဝေးလေးကို မျက်တောင်မခတ် စိုက်ကြည့်နေမိသည်။ ထိုအရာအတွင်းမှ... မိုးကြိုးစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်ကို သူ ခံစားလိုက်ရသောကြောင့် ဖြစ်၏။
ရေခဲဝိညာဉ်မြွေဟောက်သည် အအေးဓာတ်ကို အခြေခံသော ဝိညာဉ်သားရဲ ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်သည် အေးစက်လှပြီး ၎င်း၏ တိုက်ခိုက်မှုများသည် များသောအားဖြင့် ရေခဲဓားများ၊ ရေခဲစအနများသာ ဖြစ်တတ်သည်။ ၎င်းသည် လူများကို အန္တရာယ်ပြုရန်အတွက် အအေးအဆိပ်ကိုသာ အဓိက အားကိုးလေ့ရှိသည်။
သို့သော်လည်း ဤရေခဲဝိညာဉ်မြွေဟောက်မှာမူ အနည်းငယ် ထူးခြားနေပုံရသည်။ ၎င်း၏ ရေခဲလုံးအတွင်း၌ မိုးကြိုးလှိုင်းများ ပါဝင်နေပြီး မြေပြင်သို့ ကျရောက်သွားသည့်အခါ မိုးကြိုးသံကြီးနှင့်အတူ ပြင်းထန်သော ပေါက်ကွဲမှုကိုပါ ဖြစ်ပေါ်စေခဲ့သည်။
ဤအချက်က ချင်လဲ့၏ အာရုံကို ဖမ်းစားလိုက်ခြင်း ဖြစ်ပေသည်။
နောက်ထပ် ရေခဲလုံးတစ်လုံး သူရှိရာသို့ ဦးတည်လာသည်ကို မြင်လိုက်ရသည့်အခါ ချင်လဲ့သည် အသက်ကို အောင့်ထားလိုက်ပြီး ကောင်းကင်မိုးကြိုးနှိမ်နင်းခြင်း ကျင့်စဉ်ကို အသက်သွင်းလိုက်သည်။ လျှပ်စီးလှိုင်းများသည် သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှလည်း မိုးကြိုးသံများ ခပ်တိုးတိုး ဟိန်းထွက်လာတော့သည်။
ကြောက်မက်ဖွယ်ကောင်းအောင် အေးစက်လှသော ရေခဲလုံးသည် ချင်လဲ့၏ ရင်ဘတ်ဆီသို့ တည့်တည့်မတ်မတ် လာနေသည်။ အရိုးထဲအထိ စိမ့်ဝင်သွားမည့် အအေးဓာတ်ကြီးက သူ့ထံသို့ တိုးဝင်လာရာ ချင်လဲ့၏ တစ်ကိုယ်လုံးမှာ တောင့်တင်းသွားပြီး သူ၏ သွေးများပင် ခဲသွားတော့မလို ခံစားလိုက်ရသည်။
“အဆင့်နှစ် ဝိညာဉ်သားရဲ ဆိုတဲ့အတိုင်းပဲ၊ ဒီအအေးဓာတ်က တကယ်ကို မယုံနိုင်စရာပဲ” ချင်လဲ့၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသော်လည်း သူသည် ကောင်းကင်မိုးကြိုးနှိမ်နင်းခြင်း ကျင့်စဉ်ကို ဆက်လက် အသက်သွင်းနေဆဲ ဖြစ်သည်။ ရေခဲလုံးသည် သူ့ကို ထိခိုက်တော့မည့် ဆဲဆဲတွင် သူသည် လက်ညှိုးအား ရုတ်တရက် ထိုးထုတ်လိုက်၏။
လက်မခန့်ရှိသော အပြာနုရောင် လျှပ်စီးတန်းသည် သူ၏ လက်ထိပ်မှ ရုတ်တရက် ထွက်ပေါ်သွားပြီး ရေခဲလုံးကို ကွက်တိ ထိမှန်သွားတော့သည်။
“အုန်း...”
ငွေရောင်ရေခဲလုံးသည် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး အတွင်း၌ သိုလှောင်ထားသော မိုးကြိုးစွမ်းအင်များပါ ပေါက်ကွဲထွက်လာရာ ရေခဲစအနများမှာ နေရာအနှံ့သို့ လွင့်စင်သွားတော့သည်။
“ဖျောက်... ဖျောက်”
ရေခဲစအချို့သည် ချင်လဲ့၏ ခန္ဓာကိုယ်ပေါ်သို့ လာရောက်ထိမှန်ပြီး အေးစက်လှသော စီးဆင်းမှုများမှာလည်း တစ်ပြိုင်နက်တည်း ပျံ့နှံ့သွားရာ သူ၏ သွားများမှာ တဂတ်ဂတ် တုန်ခါသွားပြီး ကြွက်သားများမှာလည်း ခဲသွားသလို ခံစားလိုက်ရသည်။
“မိုးကြိုး၊ ရေခဲလုံးတွေထဲမှာ မိုးကြိုးစွမ်းအင်တွေ ပါနေတာပဲ” ချင်လဲ့က အံ့သြတကြီး ရေရွတ်လိုက်မိသည်။
ရေခဲဝိညာဉ်မြွေဟောက်၏ ပါးစပ်အတွင်းမှ ထွက်ပေါ်လာသော ရေခဲလုံးများတွင် တောက်ပပြီး ကြည်လင်သော ရေခဲအခွံများ ပါဝင်သည်။ သို့သော် ထိုအခွံ ကွဲအက်သွားသည်နှင့် အတွင်းမှ မိုးကြိုးစွမ်းအင်များသည် အပြင်ဘက်သို့ ချက်ချင်း ပေါက်ကွဲထွက်လာခြင်း ဖြစ်၏။
ထိုပေါက်ကွဲတတ်သော မိုးကြိုးစွမ်းအင်မှာ အအေးစွမ်းအားထက်ပင် ပိုမို ပြင်းထန်နေပေသေးသည်။ ကြည့်ရသည်မှာ ဤအရာသည် ရေခဲလုံး၏ စစ်မှန်သော အစွမ်းဖြစ်ပြီး ရေခဲဝိညာဉ်မြွေဟောက်က လူများကို သတ်ဖြတ်ရန် အသုံးပြုသည့် အဓိက လက်နက် ဖြစ်ပုံရသည်။
“ချင်လဲ့... မင်း ဘာလုပ်နေတာလဲ” ကောင်းယွီသည် ရှေ့မှ ပြန်လှည့်လာပြီး ချင်လဲ့၏ ဘေးတွင် ရပ်လိုက်သည်။
ဤအချိန်တွင် ရေခဲဝိညာဉ်မြွေဟောက်သည် ၎င်း၏ ခန္ဓာကိုယ်ကို တွန့်လိမ်ကာ ခေါင်းကို မြှင့်လိုက်သည်။ ၎င်းသည် ချင်လဲ့၏ ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင် မျက်လုံးများအတွင်းမှ ရက်စက်ကြမ်းကြုတ်မှုနှင့် ရန်လိုမှုများမှာ အထင်အသား ပေါ်ထွက်နေ၏။
“ဒီရေခဲဝိညာဉ်မြွေဟောက်က နည်းနည်း ထူးခြားနေတယ်။ သူ ထွေးထုတ်တဲ့ ရေခဲလုံးတွေထဲမှာ မိုးကြိုးစွမ်းအင်တွေ ပါနေတယ်” ချင်လဲ့မှာ အကြီးအကျယ် စိတ်လှုပ်ရှားသွားပြီး ပြောလိုက်သည်။ “ဒါဆိုရင် သူ့ရဲ့ သားရဲအမြုတေထဲမှာလည်း မိုးကြိုးစွမ်းအင်တွေ ပါနေမှာ သေချာတယ်။ ဖြစ်နိုင်တာကတော့ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ မိုးကြိုးဓာတ် ပါဝင်တဲ့ ဝိညာဉ်ပစ္စည်းတွေ ရှိနေလိမ့်မယ်။ ငါ ဒီရေခဲဝိညာဉ်မြွေဟောက်ကို သတ်ရမယ်”
“ဆန်းကြယ် ဝိညာဉ်သားရဲလား” ကောင်းယွီမှာ ခဏမျှ မှင်တက်သွားပြီးမှ အော်ဟစ်လိုက်သည်။ “ဆန်းကြယ် ဝိညာဉ်သားရဲက သာမန်သားရဲထက် ပိုပြီး ရင်ဆိုင်ရ ခက်ခဲတယ်ကွ၊ ပြီးတော့ ဒါက အဆင့်နှစ် ရေခဲဝိညာဉ်မြွေဟောက်လေ... ငါတို့ နှစ်ယောက်တည်းနဲ့ သူ့ကို နှိမ်နင်းဖို့ဆိုတာ တကယ်ကို ခက်ခဲလိမ့်မယ်”
“စမ်းကြည့်ကြရအောင်လေ” ချင်လဲ့၏ မျက်နှာတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေကာ ပြောသည်။ “ငါတို့ နှစ်ယောက်စလုံးက ဝိညာဉ်သန့်စင်ခြင်းအဆင့်မှာပဲ ရှိနေကြတာဆိုတော့ အဆင့်နှစ် ဝိညာဉ်သားရဲ ခြောက်ကောင်ထဲက ငါးကောင်က တုကျဲနဲ့ ကျောက်ချန်းတို့ နောက်ကို လိုက်သွားကြပြီ။ ငါတို့ နောက်ကို လိုက်လာတာက ဒီရေခဲဝိညာဉ်မြွေဟောက် တစ်ကောင်တည်းပဲ ရှိတာ။ ငါတို့ ပူးပေါင်းလိုက်မယ်ဆိုရင် ဒီမြွေဟောက်ကို သတ်ဖို့က နည်းနည်းတော့ ခက်ခဲနိုင်ပေမဲ့ မျှော်လင့်ချက် လုံးဝ မရှိတာတော့ မဟုတ်ဘူး၊ အထူးသဖြင့် ရေခဲရော မိုးကြိုးပါ ကျင့်ထားတဲ့ ဒီရေခဲဝိညာဉ်မြွေဟောက်ကိုပေါ့”
“အေးလေ... ဒါဆိုရင်လည်း စမ်းကြည့်ကြတာပေါ့” စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီးနောက် ကောင်းယွီ၏ မျက်နှာတွင်လည်း စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာကာ ပြောသည်။ “မင်းက အဓိက တိုက်ခိုက်မှာလား၊ ငါက တိုက်ခိုက်ရမှာလား”
“ငါကပဲ အဓိက တိုက်မယ်၊ မင်းက ဘေးကနေ ကူတိုက်ပေး”
ချင်လဲ့သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သစ်သားရုပ်ထုကို ထုတ်ယူလိုက်သည်။ ကောင်းကင်မိုးကြိုးနှိမ်နင်းခြင်း ကျင့်စဉ်ကို အသက်သွင်းလိုက်ရာ သစ်သားရုပ်ထုအတွင်းမှ လျှပ်စစ်သံများ တဖျတ်ဖျတ် ထွက်ပေါ်လာပြီး ရုပ်ထု၏ ခေါင်းပေါ်တွင် လျှပ်စစ်တန်းလေးများ ပေါ်ပေါက်လာတော့သည်။
“ဂျိန်း... ဒလိန်း”
သူ၏ အရိုးများအတွင်းမှ မိုးကြိုးသံများ ဟိန်းထွက်လာရာ သူ၏ တစ်ကိုယ်လုံးရှိ သွေးများနှင့် ဆဲလ်များမှာ နိုးကြားတက်ကြွလာသလို ခံစားလိုက်ရသည်။ လက်တွင် သစ်သားရုပ်ထုကို ကိုင်ဆောင်ထားလျက် ချင်လဲ့သည် ရေခဲဝိညာဉ်မြွေဟောက်ကို ထိပ်တိုက် စတင် တိုက်ခိုက်တော့သည်။
ရေခဲဝိညာဉ်မြွေဟောက်သည် ထူးဆန်းသော အသံတစ်ချက်ကို အော်ဟစ်လိုက်ပြီး ၎င်း၏ နံစော်လှသော ပါးစပ်ကို ဖွင့်ကာ နောက်ထပ် ငွေရောင်ရေခဲလုံးတစ်လုံးကို ထပ်မံ ဖန်တီးလိုက်ပြန်သည်။ ထိုရေခဲလုံးသည် အအေးဓာတ်များ လျှံထွက်နေပြီး စူးရှလှသော ရေခဲအလင်းတန်းများကို ရောင်ပြန်ဟပ်လျက် သူ့ထံသို့ လည်ပတ်ကာ ပျံသန်းလာတော့သည်။
ချင်လဲ့သည် ရှောင်တိမ်းခြင်း မပြုတော့ပေ။ သစ်သားရုပ်ထုကို ရေခဲလုံးရှိရာသို့ ဝေ့ယမ်းလိုက်ရာ ရုပ်ထုမှ ဖန်တီးလိုက်သော ကျစ်လျစ်လှသည့် လျှပ်စစ်ကွန်ရက်ကြီးမှာ ကျုံ့ဝင်သွားတော့သည်။
လျှပ်စီးတန်း တစ်ခုချင်းစီသည် အလင်းတန်း တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး လူ့လက်မောင်းခန့်ရှိသော မိုးကြိုးတန်းကြီးအဖြစ် ပြောင်းလဲသွားကာ ရှေ့မှ ရေခဲလုံးနှင့် ပြင်းထန်စွာ တိုက်မိသွားတော့သည်။
“အုန်း...”
ရေခဲလုံးသည် ရုတ်တရက် ပေါက်ကွဲသွားပြီး ရေခဲစအနများမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွား၏။ အတွင်းရှိ မိုးကြိုးစွမ်းအင်များမှာလည်း ပေါက်ကွဲထွက်လာကာ ပူပြင်းလှသော မိုးကြိုးလှိုင်းများသည် ချင်လဲ့ကို လွှမ်းခြုံသွားတော့သည်။
“အုန်း... ဝုန်း... ဂျိန်း”
ချင်လဲ့၏ ခန္ဓာကိုယ်အတွင်းမှ မိုးကြိုးသံများ ဟိန်းထွက်လာသည်။ ဤသည်က ရေခဲလုံး ပေါက်ကွဲသွားစဉ် ထွက်ပေါ်လာသော မိုးကြိုးစွမ်းအင်များ သူ့ကိုယ်ထဲသို့ စီးဝင်သွားခြင်းကြောင့် ဖြစ်၏။
အကယ်၍ ကောင်းယွီသာ အဓိက တိုက်ခိုက်သူ ဖြစ်ခဲ့မည်ဆိုလျှင် ထိုရေခဲလုံးက ထူးခြားမှန်း သူ သိခဲ့လျှင်ပင် ရေခဲခွံ ကွဲအက်သွားသည့်အခါ ထွက်ပေါ်လာသော မိုးကြိုးစွမ်းအင်များက သူ့ကိုယ်ထဲသို့ စီးဝင်ပြီး သူ့ကို အကြီးအကျယ် ထိခိုက်စေမည် ဖြစ်သလို ဒဏ်ရာလည်း ပြင်းပြင်းထန်ထန် ရသွားစေမှာ သေချာသည်။ သူက ဆက်လက် တိုက်ခိုက်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
သို့သော် ချင်လဲ့ကတော့ မတူပေ။ သူက မိုးကြိုးနှင့် လျှပ်စစ်စွမ်းအားကို နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ခြင်းဖြစ်ပြီး သူ၏ ခန္ဓာကိုယ်က ကောင်းကင်ဘုံ ကိုးထပ်မှ ကျလာသော မိုးကြိုးစွမ်းအင်များ၏ ကျူးကျော်မှုကိုပင် ခံနိုင်ရည် ရှိပြီးသား ဖြစ်သည်။ သူ၏ခန္ဓာကိုယ်က အမြင့်ဆုံးအဆင့်အထိ သန်မာအောင် လေ့ကျင့်ထားပြီးသားဖြစ်သလို မည်သို့သော မိုးကြိုးနှင့် လျှပ်စစ်စွမ်းအင်မျိုးကိုမဆို ခံနိုင်ရည်ရှိသည့် မိစ္ဆာတစ်ကောင်လို ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် ထိုပေါက်ကွဲတတ်သော မိုးကြိုးစွမ်းအင်များက သူ့ကို အခြစ်အရာလေးပင် မဖြစ်စေနိုင်ပေ။
ထိုထက် ပိုထူးခြားသည်က မိုးကြိုးစွမ်းအင်များ သူ့ကိုယ်ထဲတွင် ပေါက်ကွဲသွားပြီး အနည်းငယ် အေးစက်သော မိုးကြိုးလှိုင်းများ စီးဝင်လာသည့်အခါ သူသည် ထိုစွမ်းအင်များကို သူ၏အသားနှင် အရိုးများထဲထိ အားလုံး စုပ်ယူနိုင်၏။
ယင်းအစား လန်းဆန်းပြီး သက်သောင့်သက်သာရှိသော ခံစားချက်က သူ့ကို ပိုပြီး တက်ကြွလာစေခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် မိုးကြိုးစွမ်းအင်များ တိုးပွားလာကြောင်း သူ သိသိသာသာ ခံစားလိုက်ရသည်။
သူ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း သူ ချက်ချင်း သိလိုက်ရသည်။ သာမန် ကျင့်ကြံသူများအတွက် အသက်အန္တရာယ် ရှိနိုင်သော ထိုရေခဲဝိညာဉ်မြွေဟောက်ကို နှိမ်နင်းဖို့အတွက် သူက အသင့်တော်ဆုံးလူပင်။
“ဝှစ်... ဝှစ်”
နောက်ထပ် ရေခဲလုံးတစ်လုံးက သူ့ခေါင်းဆီသို့ ဦးတည်လာပြန်သည်။ ရေခဲဝိညာဉ်မြွေဟောက်သည် ထူးဆန်းသော အော်ဟစ်သံတစ်ချက်ကို ပြုလုပ်လိုက်ပြီး ရေပုံးခန့် တုတ်ခိုင်လှသော ၎င်း၏ ခန္ဓာကိုယ်ဖြင့် ချင်လဲ့အား ရစ်ပတ်ရန် ကြိုးစားလိုက်တော့သည်။
“ကောင်းယွီ၊ သူ့ကို ငါ့ကိုယ်မှာ လာရစ်ခွင့် မပေးနဲ့” ချင်လဲ့သည် နောက်သို့ ဆုတ်လျက် အကျယ်ကြီး အော်ဟစ်လိုက်သည်။ သူသည် လက်ကို ဝေ့ယမ်းလိုက်ပြီး နောက်ထပ် လျှပ်စီးတန်းတစ်တန်းကို ဖန်တီးကာ ရေခဲလုံးအား တိကျစွာ ထိုးနှက်လိုက်ပြန်သည်။
ရေခဲလုံး ပေါက်ကွဲသွားသည့်အခါ သူသည် နောက်သို့ ဆုတ်နေခြင်းကို ချက်ချင်း ရပ်လိုက်သည်။ ယင်းအစား သူသည် ဒုတိယမြောက် မိုးကြိုးလှိုင်းကို ခံယူရန်အတွက် ရှေ့သို့ တိုးဝင်လိုက်၏။
မိုးကြိုးစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခြင်းနှင့်အတူ မိုးကြိုးသံများလည်း အတူတူ ထွက်ပေါ်လာသည်။ ပြင်းထန်လှသော မိုးကြိုးစွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီးမှ မိုးကြိုးသံများနှင့်အတူ ငြိမ်သက်စွာ ပျောက်ကွယ်သွားတော့သည်။
“မိုးကြိုးနဲ့ လျှပ်စစ်။ ဒါတွေကို အမြဲတမ်း တွဲပြီး ပြောလေ့ရှိကြပေမဲ့ တကယ်တမ်းကျတော့ သူတို့က မတူညီတဲ့ စွမ်းအင်နှစ်မျိုးပဲ။ မိုးကြိုးဆိုတာက ပေါက်ကွဲသံ ဖြစ်ပြီး လျှပ်စစ်ဆိုတာကတော့ လျှပ်စစ်အလင်းတန်းတွေရဲ့ တောက်ပမှုပဲ။ ဒီစွမ်းအင် နှစ်မျိုးက တကယ်တော့ ကွဲပြားတယ်၊ ဒါပေမဲ့ သူတို့ကို ကောင်းကင်ဘုံ ကိုးထပ်ရဲ့ အနက်ပိုင်းမှာ အမြဲတမ်း တွဲပြီး တွေ့ရလေ့ရှိတယ်။ ငါ အရင်က ကောင်းကင်မိုးကြိုးနှိမ်နင်းခြင်း ကျင့်စဉ်ကို ကျင့်စဉ်တုန်းက မိုးကြိုးစွမ်းအင်ထက် လျှပ်စစ်စွမ်းအင်ကို ပိုပြီး ဆွဲဆောင်ခဲ့မိတာပဲ။ ဒါကြောင့် ငါ့ရဲ့ ခန္ဓာကိုယ်ဟာ ပြင်းထန်လှတဲ့ မိုးကြိုးစွမ်းအင်တွေကို လက်ခံဖို့အတွက် နည်းနည်း အားနည်းနေခဲ့တာ ဖြစ်ရမယ်...”
သူ၏ ခန္ဓာကိုယ်အတွင်းရှိ မိုးကြိုးစွမ်းအင်များကို ခံစားကြည့်ရင်း သူသည် ကောင်းကင်မိုးကြိုးနှိမ်နင်းခြင်း ကျင့်စဉ်အပေါ်တွင် ပိုမို ရှင်းလင်းစွာ သိရှိနားလည်လာခဲ့သည်။
ကောင်းကင်မိုးကြိုးနှိမ်နင်းခြင်း ကျင့်စဉ်သည် မိုးကြိုးနှင့် လျှပ်စစ် နှစ်မျိုးစလုံးကို ကျင့်ကြံရခြင်း ဖြစ်ပြီး လောကတွင် အစွမ်းထက်ဆုံးနှင့် အကြမ်းတမ်းဆုံး စွမ်းအင်နှစ်မျိုးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းရခြင်း ဖြစ်သည်။ လျှပ်စစ်က မိုးကြိုးစွမ်းအားကို ဖြည့်ဆည်းပေးသလို မိုးကြိုးကလည်း လျှပ်စစ်စွမ်းအားကို ပိုမို အားကောင်းစေကာ ထိုစွမ်းအင် နှစ်မျိုးကို ပေါင်းစပ်ပြီး ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအား ဖန်တီးရခြင်း ဖြစ်ပေသည်။
သို့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူ၏ ကျင့်ကြံမှုမှာ လျှပ်စီးမုန်တိုင်းအတွင်းမှ ရရှိသော စွမ်းအင်များသာ ဖြစ်သဖြင့် လျှပ်စစ်စွမ်းအင်များက အဓိက ဖြစ်နေပြီး မိုးကြိုးစွမ်းအင်မှာ သိသိသာသာ အားနည်းနေခဲ့ခြင်း ဖြစ်သည်။
လင်မြို့က ဆေးတောင်အတွင်းမှာ ရှိသည့် ထူးဆန်းသော ဝင်္ကပါသည် ကောင်းကင်က လျှပ်စစ်များကို ဆွဲဆောင်နိုင်ပြီး ထိုစွမ်းအင်များကို ခွဲထုတ်၊ အားပျော့စေပြီးမှ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်စေကာ သူ၏အကြောများ၊ အသားများနှင့် သွေးများကို သန့်စင်ပေးခဲ့ခြင်း ဖြစ်သည်။
ရိုင်းစိုင်းပြီး ပေါက်ကွဲတတ်သော မိုးကြိုးစွမ်းအားများက မြေပြင်ပေါ် ကျရောက်သည်နှင့် ကြောက်စရာကောင်းသော ပေါက်ကွဲမှုကို ဖြစ်စေမည်ဖြစ်ပြီး ထိုကဲ့သို့ စွမ်းအားမျိုးကို ထိန်းချုပ်ဖို့နှင့် အားပျော့သွားအောင် လုပ်ဖို့က... တကယ်ကို ခက်ခဲလှသည်။
ထို့ကြောင့် သူ၏ကောင်းကင်မိုးကြိုးနှိမ်နင်းခြင်း ကျင့်စဉ်က လျှပ်စစ်စွမ်းအင်ကို ဆွဲဆောင်သည့်ဘက်ကို ပိုမို ရောက်နေခဲ့ခြင်းဖြစ်ပြီး မိုးကြိုးစွမ်းအင်ဘက်တွင်မူ အတော်လေး အားနည်းနေခဲ့ခြင်း ဖြစ်ရမည်။
နောက်ပိုင်းတွင် သူသည် ဆေးတောင်၏ ချုပ်နှောင်မှုမှ လွတ်မြောက်လာပြီး အာတိတ်တောင်တန်းထဲတွင် ကိုယ်တိုင် သွားရောက် လေ့ကျင့်သည့်အခါ ထူးဆန်းသော ဝင်္ကပါကို အားမကိုးတော့ဘဲ သူ၏ခန္ဓာကိုယ်ကို ကောင်းကင်ယံနှင့် တိုက်ရိုက် ထိတွေ့စေခဲ့သည့်အခါမှသာ မိုးကြိုးနှင့် လျှပ်စစ် နှစ်မျိုးစလုံး သူ့ကိုယ်ပေါ်သို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုအခါမှသာ သူ၏ ခန္ဓာကိုယ်ထဲတွင် မိုးကြိုးစွမ်းအင် အချို့ ပါဝင်လာခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် လျှပ်စစ်စွမ်းအင်နှင့် နှိုင်းယှဉ်ရာ၌ သူ၏ခန္ဓာကိုယ်က အပ်စိုက်မှတ်များ၊ အကြောများနှင့် အရိုးများထဲမှာ သိုလှောင်ထားသည့် မိုးကြိုးစွမ်းအင်ကမူ များစွာ အားနည်းနေသေးသည်။
ထို့ကြောင့် သူ တခြားလူများနှင့် တိုက်ခိုက်သည့်အခါတွင် သူ့ကိုယ်ထဲ၌ မိုးကြိုးစွမ်းအင် အလုံအလောက် မရှိသည့်အတွက် လျှပ်စစ်စွမ်းအင်ကိုသာ အဓိက သုံးပြီး တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်။ သူ့၏တိုက်ခိုက်မှုများတွင် ပြင်းထန်ပြီး ဖျက်ဆီးနိုင်စွမ်းရှိသော မိုးကြိုးစွမ်းအားများ မပါဝင်ဘဲ အပြာနုရောင် လျှပ်စီးတန်းများသာ ပါဝင်နေခြင်းသည် ထိုအရာကြောင့်သာ ဖြစ်သည်။ ဤအချက်ကြောင့်ပင် သူသည် ကောင်းကင်မိုးကြိုးနှိမ်နင်းခြင်း ကျင့်စဉ်၏ စစ်မှန်သော စွမ်းရည်များကို ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ခြင်း ဖြစ်ပေသည်။
“ဒါကြောင့်ကိုး။ ငါ အခုမှ နားလည်သွားပြီ”
နောက်ထပ် ရေခဲလုံးတစ်လုံး ထပ်မံ ပေါက်ကွဲသွားပြန်ရာ နောက်ထပ် မိုးကြိုးစွမ်းအင် လှိုင်းတစ်ခု သူရှိရာသို့ စီးဝင်လာပြန်သည်။ ပြင်းထန်ပြီး ပေါက်ကွဲတတ်သော မိုးကြိုးစွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားပြီး သူ၏ အပ်စိုက်မှတ်များ၊ အကြောများနှင့် အရိုးများအတွင်းသို့ စီးဝင်သွားတော့သည်။ သူသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို ငြိမ်သက်စွာ ခံစားကြည့်လိုက်ပြီးနောက် တဖြည်းဖြည်းနှင့် သိရှိနားလည်လာခဲ့သည်။ ကောင်းကင်မိုးကြိုးနှိမ်နင်းခြင်း ကျင့်စဉ်၏ စစ်မှန်သော စွမ်းအားကို မည်သို့ ထုတ်ဖော်ရမည်နည်း ဆိုသည်အား သူ နားလည်သွားပြီ ဖြစ်သည်။
“မိုးကြိုးနဲ့ လျှပ်စစ်... မိုးကြိုးနဲ့ လျှပ်စစ်... မိုးကြိုး... ပြီးတော့... လျှပ်စစ်” သူ၏ လက်နှစ်ဘက်ကို တစ်ခုတည်းအဖြစ် ပူးကပ်လိုက်သည်။ တောက်ပသော လျှပ်စီးတန်းများသည် သူ၏ လက်ဖဝါးအလယ်တွင် တစ်ခုနှင့်တစ်ခု ဆက်သွယ်သွားပြီး ပြင်းထန်လှသော မိုးကြိုးသံများသည် သူ၏ လက်အတွင်းမှ ဟိန်းထွက်လာတော့သည်။
“မိုးကြိုးလျှပ်စစ်လုံး”
လျှပ်စစ်စွမ်းအင်များဖြင့် ဖန်တီးထားသော အပြာနုရောင် လျှပ်စစ်လုံးလေးတစ်လုံးသည် သူ၏ လက်ဖဝါးအလယ်တွင် တဖြည်းဖြည်း ပေါ်ပေါက်လာသည်။ ထိုလုံးလေး၏ အပြင်ဘက်အခွံတွင် လျှပ်စစ်တန်းများ တဖျတ်ဖျတ် ထွက်ပေါ်နေပြီး အတွင်းပိုင်း၌မူ မိုးကြိုးသံများ ဟိန်းထွက်နေပေသည်။
လက်သီးဆုပ်ခန့်ရှိသော မိုးကြိုးလျှပ်စစ်လုံးလေးသည် တဖြည်းဖြည်းနှင့် ပုံစံပေါ်လာတော့သည်။ စူးရှလှသော အပြာနုရောင် လျှပ်စစ်အလင်းတန်းနှင့် ပေါက်ကွဲတတ်သော မိုးကြိုးသံများကြောင့် လူများ၏ နှလုံးသားကို တုန်လှုပ်သွားစေနိုင်ပေသည်။
ရေခဲလုံးကဲ့သို့ပင် ၎င်း၏ အပြင်ဘက်အခွံကို လျှပ်စစ်စွမ်းအင်ဖြင့် ဘောလုံးပုံစံ ဖန်တီးထားခြင်းဖြစ်ပြီး အတွင်းပိုင်း၌မူ ရိုင်းစိုင်းပြီး ပေါက်ကွဲနိုင်စွမ်းရှိသော မိုးကြိုးစွမ်းအင်များကို ထည့်သွင်းထားခြင်း ဖြစ်ပေသည်!
“ဖောင်း...”
မိုးကြိုးလျှပ်စစ်လုံးကို ပစ်လွှတ်လိုက်ပြီ ဖြစ်၏။ လျှပ်စီးကဲ့သို့ လျင်မြန်လှသော လျှပ်စစ်အလင်းတန်းကြီး တစ်ခုအဖြစ် ရေခဲဝိညာဉ်မြွေဟောက်၏ ခေါင်းဆီသို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။ ထို့နောက်တွင် လျှပ်စစ်တန်းများ ထွက်ပေါ်လာပြီး မိုးကြိုးစွမ်းအင်များမှာလည်း အပြင်ဘက်သို့ ပေါက်ကွဲထွက်သွားတော့သည်။
ရေခဲဝိညာဉ်မြွေဟောက်၏ ခေါင်းတစ်ခုလုံးမှာ ပေါက်ကွဲသွားသော မိုးကြိုးစွမ်းအင်ကြောင့် သွေးသံရဲရဲ ဖြစ်သွားရပြီး သွေးများနှင့် ဦးနှောက်စအနများ စီးကျနေသော အပေါက်ကြီးတစ်ပေါက် ရုတ်တရက် ပေါ်ပေါက်လာတော့သည်။
အဆင့်နှစ် ဝိညာဉ်သားရဲကြီးမှာ မိုးကြိုးလျှပ်စစ်လုံးနှင့် ထိပ်တိုက် ထိမှန်သွားပြီးနောက် တစ်ချက်တည်းနှင့်ပင် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားရတော့သည်...။