← Chapters

မပြောသင့်တဲ့ တချို့အရာတွေရှိတယ်

Vol. 12 Ch. 156

မပြောသင့်တဲ့ တချို့အရာတွေရှိတယ်

Vol. 12 Ch. 156

နေ့နှင့်ညကူးပြောင်းခြင်း မရှိသည့် ၎င်းကြယ်များ ပြည့်နှက်နေသည့် ကောင်းကင်သည် လူတို့အား အချိန်နှင့်ပတ်သက်၍ တိုင်းတာနိုင်မှုတို့ကို ဆုံးရှုံးစေသည်။ သူတို့၏ နှလုံးသားများ အတွင်း၌သာ တိတ်ဆိတ်စွာ ရေတွက်နိုင်ကြသည်။ သို့မှသာလျှင် သူတို့ မထိန်းချုပ်နိုင်သည့် မတော်တဆမှုများ ဖြစ်ပျက်လာခြင်းမှ ကာကွယ်နိုင်လိမ့်မည် ဖြစ်သည်။

လေးနာရီခန့် ကြာပြီးချိန်တွင်တော့ နန်ထျန်းနှင့် ကျန်လူ ၅ဦးသည် ဟန်တောင်တန်း ဘိုးဘေး၏ ဂူသင်္ချိုင်းတည်ရှိရာ မြူများဖုံးလွှမ်းနေသည့် လွင်ပြင်အပြင်ဘက်ရှိ မရေမတွက်နိုင်သော တောင်ကြားများအတွင်းမှ တစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်​။

ယခု လျှို့ဝှက်နေရာသို့ သူတို့၏ ရောက်ရှိလာခြင်းကို တခြားသူများအနေဖြင့် သတိပြုမိနိုင်မည် ဖြစ်ကောင်းဖြစ်နိုင်သလို တစ်ချိန်တည်းတွင်ပင် သတိမပြုမိသည်လည်း ဖြစ်နိုင်သည်။

“ဒီနေရာပဲ ညီနောင်ရွှမ်း၊ ညီနောင်မော့။ ဒီနေရာကို အတိတ်မှာတုန်းက မတော်တဆမှု တစ်ခုကြောင့် ငါရှာတွေ့ခဲ့တာပဲ။ ဒီနေရာက မူလတုန်းကတော့ ဆေးဖက်ဝင်အပင်တွေ ကြီးထွားတဲ့နေရာ တစ်ခုဖြစ်ခဲ့တယ်။  ဒါပေမဲ့ ငါက ဆေးဖက်ဝင်အပင်တွေ ဆက်မကြီးထွားနိုင်အောင် တိတ်တဆိတ် တားဆီးခဲ့ပြီးတော့ အဲဒီနောက်ပိုင်းမှာ လူတွေက ဒီကိုလာခဲသွားကြတာပဲ”

နန်ထျန်းသည် မထင်ရှားသည့် တောင်ကြားတစ်ခု အပြင်တွင်ရပ်လျက် ဘေးနားရှိ ရွှမ်းလွမ်နှင့် စုမင်တို့ကို အေးအေးဆေးဆေး ရှင်းပြသည်။

“တစ်ချက် သွားကြည့်လိုက်”

ရွှမ်းလွမ်အကြည့်သည် တောင်ကြားအတွင်းသို့ ကျရောက်သွားသည်။ အတွင်းဘက်တွင်တော့ မြူလွှာပါးပါးသည် ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းထားပြီး အခြားသူများကို ရှင်းရှင်းလင်းလင်း မမြင်နိုင် ဖြစ်နေစေသည်။ ရွှမ်းလွမ် ပြောလိုက်သည်နှင့် နောက်လိုက် အဘိုးအိုသည် ခဏတာ တုံ့ဆိုင်းနေပြီးနောက် အံကြိတ်လိုက်ပြီး တောင်ကြားအတွင်းသို့ ဦးတည်လိုက်သည်။

ရွှမ်းလွမ်၏ သတိထားနေမှုကို မြင်သောအခါ နန်ထျန်းပြုံးလိုက်ရင်း ချူးနုကို ကြည့်လိုက်သည်။ ချူးနုသည် သူ့နောက်သို့ လိုက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သောကြောင့် နန်ထျန်း၏ အတွေးတို့ကို နားလည်ချေသည်။ ချူးနုသည် သူ့အား ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် ရွှမ်းလွမ်၏ နောက်လိုက်နှင့်အတူ တောင်ကြားအတွင်းသို့ လိုက်ဝင်သွားလိုက်သည်။

တုန့်ဖန်းဟွာ စုမင်နောက်တွင် ရှိနေဆဲဖြစ်ပြီး ထိုအခိုက်တွင် သူစုမင်ကို မသေချာမရေရာစွာ ကြည့်လိုက်မိသည်။ စုမင်သည် မူလအတိုင်းပင်ရှိနေပြီး မည်သည့် အမူအရာမှပင် ပြောင်းလဲခြင်း မရှိသည်ကို မြင်သောအခါ သူစုမင်၏အတွေးများကို နားမလည်နိုင်ကြောင်း သိရှိသွားသည်။ သူ စုမင်နောက်သို့လိုက်ရန် ဆုံးဖြတ်ပြီး ဖြစ်သည်ကြောင့် သူ၏တန်ဖိုးကိုပြရန် တစ်စုံတစ်ခုတော့ ပြုလုပ်ရမည်ဖြစ်သည်။

တုန့်ဖန်းဟွာ အသက်ပြင်းပြင်း ရှူလိုက်ပြီး ချိုင့်ဝှမ်းဒေသကို လေ့လာရန် အခြားသူ ၂ဦးနှင့်အတူ သွားရောက်မည့်ဟန် ပြင်လိုက်သည်။ သို့သော်လည်း သူ၏ပထမဆုံးခြေလှမ်း ချမိသည်နှင့်တစ်ပြိုင်နက် မြေပြင်သည် လှုပ်ခါသွားပြီး အဝေးမှ တော်လဲမြည်ဟည်းသံတို့ ထွက်ပေါ်လာပြီး မြေပြင်ကိုပင် မြင့်လိုက်နိမ့်လိုက် ဖြစ်သွားစေသည်။ ထိုအချိန်တွင် ကမ္ဘာမြေကြီးသည် ရွေ့လျားနေပြီး တောင်များသည်လည်း ယိမ်းထိုးလှုပ်ရှား နေသကဲ့သို့ ဖြစ်ပျက်နေချေသည်။

ပေါက်ကွဲမြည်ဟီးသံတို့သည် လေထုအတွင်း မြည်ဟည်းနေပြီး အချိန်အတော် ကြာသည့်တိုင် ပျောက်ကွယ်သွားခဲ့ခြင်း မရှိပေ။ သူတို့ပတ်လည်ရှိ မရေမတွက်နိုင်သော တောင်များပေါ်မှ ကျောက်တုံးများသည်လည်း အောက်သို့ပြုတ်ကျ လိမ့်ဆင်းလာကြသည်။ ရုတ်တရက် တုန်ခါမှုများနှင့် အဖြစ်အပျက်များကြောင့် သူတို့နှင့်အဝေးတွင် တည်ရှိနေသည့် နေရာတစ်ခုဆီသို့ ရွှမ်းလွမ်နှင့် နန်ထျန်း၏ အကြည့်တို့သည် တူညီစွာ ဦးတည်လိုက်မိကြသည်။

“ဆရာမော့စု၊ စတုတ္ထမြောက်အသုတ်က ဧည့်သည်တွေ ရောက်လာကြပြီ  ... ဒါတွေက ဥမင်ထဲမှာ တည်နေရာ ရွှေ့ပြောင်းခြင်းကို အသက်ဝင်လာတာရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေပဲ”

တုန့်ဖန်းဟွာသည် အသံတိုးတိုးဖြင့် ရှင်းပြသည်။

စုမင် ခေါင်းကိုအနည်းငယ် ညိတ်ပြလိုက်သော်လည်း သူ့မျက်လုံး များသည်တော့ တည်ငြိမ်နေဆဲပင် ဖြစ်သည်။

“စိတ်ဝင်စားစရာပဲ။ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ပထမဆုံး ၃ဖွဲ့စလုံးမှာ မျိုးနွယ်စုဝင် တစ်ယောက်မှ ပါမလာခဲ့ကြဘူး။ ဒီနေရာရဲ့ အကန့်အသတ်အရ ဆိုရင်တော့ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုဝင် တစ်ယောက်ပဲ ဒီကိုလာနိုင်မှာ။ ဒီတစ်ကြိမ်တော့ ရောက်လာမယ့်သူက ဖန်းချန်းလန် ဖြစ်ဖို့များတယ်”

နန်ထျန်းစည် စကားတို့ကို နွေးထွေးစွာပြောနေစဉ် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ပုချန့်မျိုးနွယ်က သူတို့ရဲ့မျိုးနွယ်စုဝင်ကို ပထမဆုံး အသုတ်တည်းက စေလွှတ်ခဲ့ပြီးတော့ အဲဒီလူကသေသွားပြီ။ စတုတ္ထအသုတ်မှာ ဘယ်သူတွေ လာတယ်ဆိုတာတော့ ငါလည်းမသိဘူး”

ရွှမ်းလွမ်သည် အဝေးသို့ကြည့်လိုက်ရင်း အေးစက်စွာပြောသည်။

“ဘယ်သူပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ငါတို့ ဒီကိုလာတဲ့လမ်းမှာ ဘာအခက်အခဲမှ မရင်ဆိုင်ခဲ့ရဘူး  အရောင်စုံရေကန် မျိုးနွယ်စုက ဧည့်သည်တွေကိုလည်း မတွေ့ခဲ့ရဘူး။ ကြည့်ရတာ သူတို့အကုန်လုံး ဥမင်ထဲကို သွားကြတဲ့ပုံပဲ”

နန်ထျန်း ပြုံးလိုက်သည်။ ထိုအခိုက်တွင် တောင်ကြားအတွင်းမှ ရွှမ်းလွမ်၏နောက်လိုက်နှင့် ချူးနုသည် ပြန်ထွက်လာကြပြီး နန်ထျန်းနှင့် ရွှမ်းလွမ်၏ နားများဆီသို့ တီးတိုးကပ်၍ ပြောဆိုလိုက်ကြသည်။

စုမင်သည် ပုံမှန်အတိုင်းပင် ဆက်ရှိနေသည်။ တုန့်ဖန်းဟွာ သူတို့နှင့် အတူတူလိုက်ပါ မသွားသော်ငြား စုမင်၏ တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်သည် ပေ၂၀၀၀ခန့် ဧရိယာကို ဖုံးလွှမ်းထားခဲ့ခြင်း ဖြစ်သည်။ တောင်ကြားအတွင်းရှိ အရာအားလုံးကို သူမြင်နိုင်ချေသည်။

“ညီနောင်တို့၊ ဒီလမ်းပဲ”

နန်ထျန်းသည် စုမင်နှင့် ရွှမ်းလွမ်ကို တစ်ချက်ကြည့်လိုက်ပြီး အပြုံးလေးတစ်ခုဖြင့် တောင်ကြားအတွင်းသို့ လှမ်းဝင်သွားလိုက်သည်။ ရွှမ်းလွမ်နှင့် သူ့နောက်လိုက် တို့သည်လည်း လိုက်ဝင်သွားကြ၏။ စုမင်သည်လည်း ခဏတာတိတ်ဆိတ် နေခဲ့ပြီးနောက် လိုက်ဝင်သွားတော့သည်။

တောင်ကြားသည် အရမ်းမကြီးမားပေ။ သို့သော် နံရံများပေါ်တွင်တော့ ဒါဇင်အနည်းငယ်ခန့် အက်ကြောင်းများရှိပြီး လူသူကင်းမဲ့သည့် အသွင်အပြင်မျိုး ဖြစ်ပေါ်နေလေသည်။ နန်ထျန်းသည် အက်ကြောင်းများကို ဖြတ်လျက် ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် လှမ်းလိုက်သည်။ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် ညာလက်ကို လေထဲသို့ မြှောက်လိုက်သည်။ ချက်ချင်းပင် အနက်ရောင်သားရဲအရိုးတို့သည် သူ့ဘေးတွင် ပျံဝဲသွားပြီး အပြင်ဘက်သို့ တောက်ပသည့် နက်မှောင်သော အလင်းကို ထုတ်လွှတ်ပေး လိုက်ကြသည်။

အနက်ရောင် အလင်းအောက်တွင် ညာဘက်နံရံပေါ်ရှိ အက်ကြောင်း၈ခုသည် ရေထဲရှိ လှိုင်းဂယက်များသဖွယ် တွန့်လိမ်သွားကြသည်ကို စုမင်မြင်လိုက်သည်။ ထိုအက်ကြောင်း ၈ခုသည် တစ်ခုပြီးတစ်ခု ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကြပြီး အဆုံးတွင်တော့ တစ်ခုတည်းသာ ကျန်ခဲ့တော့သည်။

ညာဘက်နံရံပေါ်ရှိ တစ်ခုတည်းသာ ကျန်ရစ်ခဲ့သော အက်ကွဲကြောင်းသည် လူတစ်ယောက် ဝင်နိုင်ရုံလောက်သာ ကျယ်ဝန်းပြီး အရမ်းမကြီးမားပေ။ ၎င်းအတွင်းတွင် မှောင်မိုက်နေပြီး ဘယ်နေရာသို့ ဦးတည်နေမှန်း မည်သူကမျှ မသိနိုင်ချေ။

ရွှမ်းလွမ်မျက်လုံးတို့သည် တောက်ပသွားပြီး သူ့နောက်ဘက်မှ နောက်လိုက် အဘိုးအိုသည် သက်ပြင်းချလိုက်မိသည်။ ထို့နောက် ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ပြီး ညာဘက်နံရံပေါ်ရှိ တစ်ခုတည်းသော အက်ကြောင်းထဲသို့ လျင်မြန်စွာ တိုးဝင်သွားသည်။

တုန့်ဖန်းဟွာသည် အစောပိုင်းက ဝင်ရောက်ရှာဖွေရန် အချိန်မရခဲ့ပေ။ ထို့ကြောင့် သူသည်လည်း နောက်မှလိုက်ရန် ပြင်လိုက်ပြီး ရှေ့သို့ ခြေလှမ်းစလှမ်းတော့မည့် အချိန်တွင် သူ့ရှေ့၌ ရပ်နေသည့် စုမင်သည် ညာဘက်လက်ကို မြှောက်လျက် သူသွားမည့် လမ်းကြောင်းကို ပိတ်ဆို့လိုက်ခဲ့သည်။

“ဆရာမော့စု”

တုန့်ဖန်းဟွာ အလွန် အံ့အားသင့်သွားမိသည်။

ထိုအရာကို ရွှမ်းလွမ် မြင်လိုက်သောအခါ သူ့မျက်ခုံးတို့သည် မသိမသာတွန့်ချိုးသွားပြီး နန်ထျန်းကို ကြည့်လိုက်သည်။

နန်ထျန်း မျက်တောင်တစ်ချက် ခတ်လိုက်ရင်း ခပ်ဖျော့ဖျော့ အပြုံးတစ်ခုက သူ့မျက်နှာတွင် ဖြစ်ပေါ်လာသည်။ ထို့နောက် သက်ပြင်းချလိုက်ရင်း ရွှမ်းလွမ်ကိုကြည့်ကာ အကူအညီ မဲ့နေသည့်အသံဖြင့် ပြောလာသည်

“ညီနောင်ရွှမ်း၊ မင်းရဲ့နောက်လိုက်က အရမ်း စိတ်မရှည် ဖြစ်လွန်းတယ်…”

“နန်ထျန်း၊ အဲဒါ ဘာကိုဆိုလိုတာလဲ”

ရွှမ်းလွမ်မျက်နှာသည် ပို၍နက်မှောင်လာပြီး သူစကားပြောလိုက်စဉ်တွင် သူ့အသံသည် ကြောက်မက်ဖွယ်ကောင်းစွာ အေးစက်လာလေသည်။ သူစကားပြောပြီး ချိန်မှာပင် ညာဘက်နံရံရှိ တစ်ခုတည်းသော အက်ကြောင်းထဲမှ တုန်လှုပ်ချောက်ချား နာကျင်နေသည့် ငိုကြွေးမြည်တမ်းသံကြီး ထွက်ပေါ်လာချေ၏။ သို့သော် အဆိုပါအသံသည် လျင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားတော့သည်။

ရွှမ်းလွမ်၏ အမူအရာသည် ရုတ်ခြည်း ပြောင်းလဲသွားပြီး နန်ထျန်းကို စိုက်ကြည့်လိုက်သည်။ မည်သို့ပင်ဆိုစေ သူသည် ရုပ်နယ်လွန်အဆင့်ရှိ စွမ်းအားကြီး မာန်စွမ်းအားရှင်ဖြစ်ပြီး ဆိုလိုသည်မှာ အကြောင်းပြချက်မရှိပဲ ဒေါသမထွက်နိုင်အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှု အပြည့်ရှိသူ ဖြစ်သည်။ ထိုအစား သူသည် အေးစက်စွာ ပြောလိုက်သည်။

“မင်းကို မတိုက်ခိုက်ဖို့အတွက် ငါ့ကို အကြောင်းပြချက် တစ်ခုပေးစမ်းပါ”

“ညီနောင် ရွှမ်း၊ ဒီအက်ကွဲကြောင်းပါလို့ ငါမပြောခဲ့ဘူးနော်။ ညာဘက်က အက်ကွဲကြောင်းက ဒီနေရာကို ရောက်ရှိလာကြပြီး ရှာဖွေတွေ့ရှိသွားမယ့် တခြားသူတွေကို တားဆီးဖို့အတွက် ထောင်ချောက်တစ်ခုပဲ”

“ဒီအက်ကွဲကြောင်းက အတုပဲ။ ရုပ်နယ်လွန်အဆင့် အောက်မှာရှိတဲ့ မာန်စွမ်းအားရှင်တိုင်း ဝင်ရောက်သွားမိရင် ခြွင်းချက်မရှိ သေသွားရလိမ့်မယ်…”

နန်ထျန်းသည် နွေးထွေးစွာပြုံးလိုက်ရင်း တောင်းပန်ဟန် အရိပ်အမြွက်က သူ့မျက်နှာတွင် ဖြစ်ပေါ်လာပြီးနောက် စုမင်ရပ်နေရာသို့ ခြေလှမ်းအနည်းငယ် ဦးတည် လျှောက်လာချေသည်။

သူ ခြေလှမ်း  လှမ်းလိုက်သည်နှင့် ရွှမ်းလွမ်၏ မျက်လုံးများသည် သတိမမူမိစွာပင် မှေးကျုံ့သွားမိသည်။ ယခုအချိန်တွင် သူ၏ ဆုံးဖြတ်ချက်အတွက် နောင်တရနေခဲ့ပြီ ဖြစ်သည်။ စုမင်ကို မြင်သည့်အချိန်၌ သူ၏ သတ်ဖြတ်လိုသည့်အသိနှင့် ရန်လိုသည့် သဘောထားကို ထုတ်ဖော်ပြသခြင်း မပြုခဲ့သင့်ပေ။

ရွှမ်းလွမ်သည် ရိုးအသူတစ်ဦး မဟုတ်ပေ။ နန်ထျန်းသည် သူ၏အာဏာကိုအသုံးပြု၍ စုမင်ကိုသူတို့နှင့် ပူးပေါင်းလာရန် ဖိအားပေးထားခဲ့ခြင်း ဖြစ်ကြောင်း သူပြောနိုင်သည်။

အခုတွင်တော့ မော့စုသည် သူ့အားဖိအားပေးနေသူ ဖြစ်သည်။ သူ၏နောက်လိုက် သေဆုံးသွားသော်ငြား နန်ထျန်းကိုမူ သူရင်ဆိုင်နိုင်သေးသည်။ ထို့နောက်တော့ နန်ထျန်းသည် သူတို့အား အက်ကြောင်းတွင်းသို့ ဝင်ရောက်ရန် မပြောဆိုတော့ပေ။

“ငါတို့က အက်ကြောင်းထဲကို လျှောက်ဝင်စရာ မလိုဘူးဆိုရင် မင်းကဘာလို့ အဲဒါကိုဖွင့်ခဲ့ရတာလဲ”

ရွှမ်းလွမ် ဒေါသများကို အတတ်နိုင်ဆုံး လျှော့ချရင်း ပြောလိုက်သည်။

“ညီနောင် ရွှမ်း၊ စိတ်မဆိုးပါနဲ့။ အာ  ... ဒါက ငါ့အမှားပါ။ ငါ မင်းကို ဒီအကြောင်း အရင်ရှင်းမပြနိုင်ခဲ့ဘူး။ ငါ မာန်ပညာရပ်ကို အသုံးပြုပြီးတဲ့အချိန်မှာ မင်းရဲ့နောက်လိုက်ကို တားဖို့အချိန် မရလိုက်ဘူး။ ဒါပေမဲ့ ညာဘက်နံရံပေါ်က အက်ကွဲကြောင်းကို ဖွင့်ရတာ ငါ့မှာအကြောင်းရှိလို့ပါ။ အကယ်၍ ငါသာဒါကို မဖွင့်ခဲ့ဖူးဆိုရင် ငါတို့တွေ တကယ့် ဥမင်အစစ်ထဲကို သွားနိုင်မှာမဟုတ်ဘူး”

နန်ထျန်းသည် ရွှမ်းလွမ်ဘက်သို့လှည့်၍ နောင်တရဟန်ဖြင့် လက်သီးနှင့် လက်ဝါးထပ်လျက် ဦးညွှတ်လိုက်သည်။

တုန့်ဖန်းဟွာ၏ နံဖူးတွင် ချွေးအေးတို့ ထွက်ပေါ်လာသည်။ သူသည် အသက်အရွယ် ငယ်ရွယ်တော့သူ မဟုတ်သဖြင့် သူ့၌ အတွေ့အကြုံများစွာ ရှိသည်။ ဤအချိန်တွင် ထိုလူ၃ယောက်ထံမှ ရှုပ်ထွေးသော ဆက်ဆံရေးကို သူမြင်နိုင်သည်။ နန်ထျန်း၏ လိမ်လည်မှု၊ ရွှမ်းလွမ်၏ သွေးအေးရက်စက်မှုနှင့် စုမင် သူ့ကို တားဆီးခဲ့သည်တို့ကို သတိရသွားသည်။ စုမင်ကိုကြည့်လိုက်သည့် သူ့အကြည့်တို့တွင် ကျေးဇူးတင်မှုတို့ ပါဝင်နေလေသည်။

ရွှမ်းလွမ် နန်ထျန်းကို ကြည့်ပြီးနောက် စုမင်ကို ဆက်ကြည့်လိုက်သည်။ ရုပ်နယ်လွန်အဆင့် စွမ်းအားကြီး မာန်စွမ်းအားရှင် အနေဖြင့် သူသည် အလွန်ကို ဒေါသထွက်စရာ ကောင်းသည့် အရာတစ်ခုကို ကြုံတွေ့လိုက်ရပြီး ထို့ထက်ပို၍ကား သူသည် ၎င်းကိစ္စနှင့်ပတ်သက်၍ ဘာမျှမပြောနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဖြစ်ပျက်ခဲ့သည့် အရာအားလုံးသည် သူ၏ ကိုယ်ပိုင် အပြုအမူများကြောင့််ပင် ဖြစ်သည်။

တိတ်ဆိတ်နေလျက်ကပင် သူ့မျက်နှာတွင် သွေးကြောတို့ ထောင်ထလာပြီး နန်ထျန်းကို မျက်လုံးများ မှေးကျဉ်းကာ ကြည့်လိုက်သည်။

နန်ထျန်းသည်တော့ တောင်းပန်သည့် အမူအရာဖြင့် သူ့လက်များကို ရှေ့၌ထပ်ကာ အနည်းငယ် ဦးညွှတ်ထားဆဲ ဖြစ်သည်။

“မင်း…”

ရွှမ်းလွမ် ရှေ့သို့ခြေလှမ်း တစ်လှမ်းလှမ်းကာ စကားစလိုက်သော်လည်း စကားလုံးတစ်လုံး၌ပင် စုမင်၏ အေးစက်စက် သီးသန့်ဆန်သည့်အသံက သူ့စကားတို့ကို ဖြတ်ချသွားလေသည်။

“မပြောသင့်တဲ့ တချို့စကားတွေရှိတယ်။ မင်းပြောလိုက်မိတာနဲ့ အမှားကျူးလွန် မိသလိုပဲ။ ပြီးရင်တော့ မင်းရဲ့အမှားအတွက် တန်ဖိုးတစ်ခုကို ပေးဆပ်ရလိမ့်မယ်”

“ရွှမ်းလွမ်၊ မင်းရဲ့နောက်လိုက်က မသေသေးတာလည်း ဖြစ်နိုင်တာပဲ။ နောက်ဆုံးတော့ ငါတို့က သူ့ရဲ့အလောင်းကို မြင်သေးတာမှ မဟုတ်တာ”

ရွှမ်းလွမ်သည် ရပ်တန့်လိုက်ပြီး သူ့အမူအရာသည် ပြောင်းလဲသွားလေသည်။ ခဏအကြာတွင်တော့ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး နန်ထျန်းထံသို့ လက်သီးနှင့် လက်ဝါးထပ်လျက် ပြန်လည်အရိုအသေ ပေးလိုက်သည်​။

“ညီနောင် နန်၊ ငါက အခု အရမ်းစိတ်လိုက်မာန်ပါ လုပ်မိသွားတယ်။ ကျေးဇူးပြုပြီး လမ်းပြပေးပါဦး”

နန်ထျန်းသည် ပြုံးလျက် ချက်ချင်းပင် ပြန်နှုတ်ဆက်လိုက်သည်။ တောင်းပန်စကားနှင့် ရှင်းပြချက် အနည်းငယ်ခန့် ထပ်မံပြောဆိုပြီး ချိန်တွင်တော့ တည်ငြိမ်နေသည့် စုမင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ့စိတ်နှလုံးထဲတွင်တော့ မငြိမ်မသက်မှုတို့ဖြင့် ဆူပွက်နေခဲ့ပြီဖြစ်သည်။

‘ဒီလူက တစ်ခုခုမှားနေတာကို မြင်ခဲ့ပြီး သူ့နောက်လိုက် ဝင်ရောက်မှာကို တားဆီးခဲ့တယ်။ ဒါကနေ ငါပြောနိုင်တာက သူက အရမ်းဂရုစိုက်တတ်တဲ့ လူတစ်ယောက်ဖြစ်ပြီး သူ့လူတွေကို ဒုက္ခမရောက်စေမယ့် လူတစ်ယောက်ဆိုတာပဲ  ... ပြီးတော့ သူက ဒါကိုအသုံးချပြီး နောက်လိုက်ဆီက ကျေးဇူးတင်မှုကိုလည်း ရအောင်လုပ်လိုက်သေးတယ်။ ဒါက ငါလုပ်တဲ့ အရာတချို့လိုပဲ’

'ဒါပေမဲ့ သူက တကယ်ပဲ အထဲမှာ အန္တရာယ်ရှိတာကို မြင်နိုင်ခဲ့တာလား။ ဒါမှမဟုတ် သူက ငါခန့်မှန်းထားသလိုပဲ သတိရှိလွန်းတာကြောင့်လား ... ’

‘သူပထမ ပြောခဲ့တဲ့အရာတွေကနေ သူနဲ့ ရွှမ်းလွမ်ကြားက သတ်ဖြတ်ချင်တဲ့ အသိက အတုမဟုတ်ဘူးဆိုတာကို ငါပြောနိုင်တယ်  ... ဒါပေမဲ့ သူက ရွှမ်းလွမ်ကို အခုလေးတင်ပဲ ရှင်းရှင်းလင်းလင်း သတိပေးသွားခဲ့တယ်။ ဒါက ဒုတိယအကြိမ်အဖြစ် ငါ့အပြုအမူတွေကို သုံးပြီးတော့ သူနဲ့ရွှမ်းလွမ်ကြားက ဆက်ဆံရေးကို နွေးထွေးအောင် လုပ်လိုက်တာပဲ။ သူတို့နှစ်ယောက်ကြားက ပူးပေါင်းမှုက မသိလိုက် မသိဘာသာနဲ့ပဲ တိုးတက်သွားနိုင်တယ်…’

‘သေစမ်း၊ ဒါက ငါရွှမ်းလွမ်အတွက် နောက်လုပ်ထားတဲ့ ခြေလှမ်းတွေနဲ့ သူ့ကို အနိုင်ပိုင်းနိုင်မယ့် ငါ့ရဲ့အစီအစဉ်တွေကို လုံးဝကိုဖျက်ဆီး သွားခဲ့တာပဲ။ ပြီးတော့ ဒါက ရွှမ်းလွမ်အနေနဲ့ ငါ့ကို ပိုဂရုစိုက်ပြီး ရန်လိုလာလိမ့်မယ် ဆိုပေမဲ့ စုမင်ကတော့ ဒီကိစ္စတွေမှာ အပြင်လူ တစ်ယောက်လိုပဲ ဖြစ်နေလိမ့်မယ်’

နန်ထျန်းသည် မည်သည့်အတွေးကိုမျှ ထုတ်ဖော်ပြခြင်း မရှိခဲ့ပေ။ သူ ပြုံးလိုက်ပြီး စုမင်ထံသို့ နောက်တစ်ကြိမ် ခေါင်းညိတ်ပြလိုက်ကာ ဘယ်ဘက်ရှိ အက်ကွဲကြောင်းရခုကို ကြည့်လိုက်သည်။ ထို့နောက် တစ်ချက် လှုပ်ရှားလိုက်ပြီး တတိယမြောက် အက်ကြောင်းဆီသို့ ဦးတည်ဝင်သွား လိုက်လေသည်။

ချူးနုသည်လည်း သူ့နောက်မှ လျင်မြန်စွာ လိုက်လျက် အက်ကွဲကြောင်း အတွင်းသို့ လိုက်ပါဝင်ရောက် သွားသည်။

ရွှမ်းလွမ် စုမင်ကို ကြည့်လိုက်၏။ ခဏတာတုံ့ဆိုင်း နေပြီးနောက်တွင် စုမင်ကိုခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး အက်ကွဲကြောင်းအတွင်းသို့ လျှောက်လှမ်း ဝင်ရောက်သွားလေသည်။

စုမင် သူတို့နောက်မှ တည်ငြိမ်စွာ လိုက်သွားလိုက်သည်။ သူ နန်ထျန်း၏အတွေးတို့ကို ဖြတ်မြင်နိုင်ခဲ့ခြင်း မဟုတ်ပေ။ ဥမက်အတွင်းသို့ မဝင်ရောက်မီကပင် ရိုးရှင်းစွာ စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။ နန်ထျန်းသည် သူ၏အစီအစဉ်များကို ထိခိုက်စေနိုင်မည့် မည်သည့် အငြင်းပွားမှုမျိုးကိုမှ ဖြစ်ပေါ်စေလိမ့်မည် မဟုတ်ဟု သူထင်မြင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဤကဲ့သို့ မတော်တဆမှုက ဖြစ်ပျက်သွားခဲ့သည်။ ထိုအရာကြောင့် ဒုတိယအတွေးများက ပေါ်ပေါက်လာခဲ့၏။ စုမင်သည် နန်ထျန်း တွေးတောနေသည်ကို မခန့်မှန်းနိုင်ခဲ့သော်ငြား သူသည် ထိုအရာကို ဖျက်ဆီးပစ် နိုင်ခဲ့သည်သာ ဖြစ်သည်။

‘ရွှမ်းလွမ်နဲ့ ယှဉ်ရင် နန်ထျန်းရဲ့ တွက်ချက်တတ်တဲ့ သဘောသဘာဝကို ငါက ပိုသတိထားသင့်တယ်’

စုမင်သည် တိတ်ဆိတ်စွာပင် လူအုပ်၏နောက်မှ တတိယမြောက် အက်ကြောင်းအတွင်းသို့ လျှောက်ဝင်သွားလိုက်သည်။

အက်ကြောင်းသည် ကျဉ်းမြောင်းကာ ရှည်လျားသည်။ မည်သူကမျှ စကားမပြောကြပဲ ရှေ့သို့ တိတ်ဆိတ်စွာ ရွေ့လျားနေကြ၏။ အချိန်အတော်ကြာ ကုန်ဆုံးသွားချိန်တွင်တော့ သေးငယ်သည့် ဥမင်တစ်ခုသည် သူတို့ရှေ့တွင် ပေါ်လာချေသည်။ ထိုဥမင်သည် မြေအောက်သို့ တဖြည်းဖြည်း ကျယ်ပြန့်သွားပြီး လမ်းကြောင်းသည်တော့ မြွေနဂါး တစ်ကောင်သဖွယ် တွန့်လိမ်ကောက်ကွေး နေသည်။ နေရာတိုင်းတွင်တော့ မြင်တွေ့နိုင်သည့်  နမူနာသက်သေ အရိပ်အမြွက်တို့ ရှိနေပြီး လမ်းကြောင်းသည် လူလုပ်ထားခြင်း ဖြစ်ကြောင်းနှင့် လူတို့မှ တူးဖော်ဖောက်လုပ်ထားခြင်း ဖြစ်ကြောင်း သေချာနေလေသည်။

“တောင်ကြားရဲ့ ညာဘက်က အက်ကြောင်းတွေကို ထူးဆန်းတဲ့ နည်းလမ်းသုံးပြီး မဖွင့်ဘူးဆိုရင် ဒီလမ်းကြောင်းက ပေါ်လာမှာမဟုတ်ဘူး။ တစ်စုံတစ်ယောက်က ဒီနေရာကို မတော်တဆ ရောက်လာခဲ့မယ် ဆိုရင်တောင်မှ ဝင်္ကပါလမ်းကြောင်း တစ်ခုက ဒီနေရာမှာ ပေါ်လာပြီးတော့ သူတို့အနေနဲ့ လမ်းမှန်ကို ရွေးချယ်နိုင်ဖို့ ခက်ခဲလိမ့်မယ်”

“ဒါက ငါ့ရဲ့ ပျောက်ဆုံးနေသောတိမ်များ မျိုးနွယ်စုကပိုင်ဆိုင်တဲ့ ထူးဆန်းတဲ့ မာန်ပညာရပ်ပဲ”

နန်ထျန်းသည် အေးအေးဆေးဆေး ရှင်းပြလာ၏။

“ဒီလမ်းကြောင်းက ဟန်တောင်တန်း ဘိုးဘေးရဲ့ ဂူသင်္ချိုင်းနဲ့ ဆက်စပ်နေပြီး လမ်းကြောင်းအဆုံးမှာတော့ စည်းတံဆိပ်တစ်ခုက ပိတ်ထားတယ်။ စည်းက ကျိုးပျက်သွားပြီ ဆိုတာနဲ့ ငါတို့က သူ့ရဲ့ဂူသင်္ချိုင်းထဲကို ဝင်နိုင်လိမ့်မယ်”

နန်ထျန်းသည် ပြောရင်းမှပင် ရှေ့သို့လျင်မြန်စွာ ဆက်သွားလိုက်သည်။

လမ်းကြောင်းသည် မှောင်မည်းနေသော်ငြား စုမင်နှင့်ကျန်သူများကို ကြည့်လိုက်လျှင်တော့ မှောင်မည်းမှုကို မမြင်သကဲ့သို့ပင်။ သူတို့၏ အမြင်အာရုံသည် အနည်းငယ် ဖုံးကွယ်ခံထားရသော်ငြား အတန်ငယ် ရှင်းရှင်းလင်းလင်းတော့ မြင်နိုင်ချေသေးသည်။

သူတို့အာရုံကို အများဆုံး ဖမ်းစားထားသည်ကတော့ ဥမင်အတွင်းရှိ မြေပြင်ပင်ဖြစ်သည်။ ၎င်းသည် ရဲရဲနီနေပြီး ဥမင်နှင့်ဆက်စပ်နေသည့် အက်ကြောင်းအတွင်းမှ လမ်းကြောင်းနှင့် လုံးဝပင်ခြားနား နေချေသည်။

ထိုနေရာ၂ခုသည် လုံးဝကိုမတူညီ ကွဲပြားသည့် ကမ္ဘာ၂ခုသဖွယ်ပင် ဖြစ်သည်။

ဥမင်အတွင်းရှိ မြေပြင်မှ အနီရောင်လမ်းကြောင်းကို မြင်သောအခါ သတိမပြုမိ နိုင်လောက်သည့် အလင်းရောင်တစ်ခုသည် စုမင်မျက်လုံး၌ ခဏတာပေါ်လာလေသည်။ သူသည် ရှေ့သို့ ဦးတည်လိုက်ပြီး မြေပြင်ပေါ်ရှိ အနီရောင် လမ်းကြောင်းပေါ်သို့ ခြေချလိုက်မိသည်နှင့် တစ်ပြိုင်နက် ...

“မင်းက  ... နောက်ဆုံးတော့  ... ဒီနေရာမှာပဲ”

***

All Chapters