← Chapters

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁) ထွက်ပြေးခြင်း

ရေခဲဝိညာဉ်မြွေဟောက်၏ ဦးခေါင်းမှာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားခဲ့ပြီ ဖြစ်သည်။ သွေးပုပ်များနှင့် ဦးနှောက်စအနများသည် ကျွမ်းဖတ်တင်နေသော အသားစိုင်နံ့များနှင့်အတူ အပြင်သို့ စီးကျလာတော့သည်။ ထိုထူးခြားဆန်းပြားသော မြွေဟောက်ကြီး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အနံ့အသက်ဆိုးမှာ အလွန်ပင် ရွံရှာဖွယ် ကောင်းလှပေသည်။

ခြောက်မီတာမှ ခုနစ်မီတာခန့် ရှည်လျားသော ထိုရေခဲဝိညာဉ်မြွေဟောက်၏ ခန္ဓာကိုယ်ပေါ်တွင် အဝိုင်းကွင်းသဏ္ဌာန် အမှတ်အသားများ ရှိနေပြီး အမည်းနှင့် အဖြူရောင် ရောယှက်နေသော ထိုအဆင်းသဏ္ဌာန်မှာ ကြည့်၍ လှပလှပေသည်။

ကောင်းယွီသည် ရှေ့သို့ တိုးသွားပြီး သူ၏ နက်မှောင်သော မျက်လုံးများဖြင့် ထိုအစင်းကြောင်းများကို စိုက်ကြည့်နေမိသည်။ ထို့နောက် သူသည် လေထဲသို့ တစ်စုံတစ်ခု လွင့်ပျံသွားသည်ကို ကြည့်နေသကဲ့သို့ ခေါင်းအား ဖြည်းဖြည်းချင်း မော့ကြည့်လိုက်၏။

ချင်လဲ့သည်လည်း သူ၏ အကြည့်နောက်သို့ လိုက်ကြည့်သော်လည်း မည်သည်ကိုမျှ မမြင်ရသဖြင့် သံသယစိတ်ဖြင့် မေးလိုက်သည်။ “မင်း ဘာကို ကြည့်နေတာလဲ”

“ခန္ဓာကိုယ်ကနေ ခွာသွားတဲ့ ဝိညာဉ်တစ်ခုကိုလေ” ကောင်းယွီ၏ မျက်လုံးများသည် ထူးဆန်းသော အလင်းတန်းများဖြင့် ဝင်းလက်သွားသည်။ သူ၏ လက်ထဲရှိ ဘီလူးမျက်နှာပါ လက်စွပ်များသည်လည်း လင်းလက်နေ၏။ “ဝိညာဉ်စုပ်သားရဲရဲ့ ဝိညာဉ်အပိုင်းအစတွေ ဒီဘက်ကို ရောက်မလာဘူး။ ကောင်းကင်မှာလည်း တိမ်မည်းတွေ မရှိဘူး။ အခု ရေခဲဝိညာဉ်မြွေဟောက်ရဲ့ အလောင်းကနေ ထွက်ခွာသွားတဲ့ ဝိညာဉ်ကတော့... ဟင်းလင်းပြင်ထဲမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ။ လောကကြီးနဲ့ တစ်သားတည်း နီးပါး ပေါင်းစည်းသွားပြီပေါ့”

ချင်လဲ့၏ ရင်ထဲတွင် တုန်လှုပ်မှုများ ဖြစ်ပေါ်သွားပြီး သူသည်လည်း မျက်မှောင်ကြုတ်လျက် ထိုအရာကို အာရုံခံရန် ကြိုးစားလိုက်မိသည်။

သူသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး သူ၏ စိတ်စွမ်းအင်များကို အပြင်သို့ ထုတ်လွှတ်ကာ စိတ်အာရုံဖြင့် ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်၏။

လေထဲတွင် လွင့်ပါသွားသော ပါးလွှာလှသည့် ဓာတ်ငွေ့အသွင် သဏ္ဌာန်တစ်ခုကို သူ ဝေဝေဝါးဝါး အာရုံခံလိုက်မိသည်။ ၎င်းသည် လေတိုက်၍ လွင့်စင်သွားသော မီးခိုးငွေ့များကဲ့သို့ တဖြည်းဖြည်းချင်း ပျောက်ကွယ်နေခြင်း ဖြစ်၏။

ထိုပါးလွှာသော ဓာတ်ငွေ့အသွင် သဏ္ဌာန်အတွင်းမှ ရှုပ်ထွေးလှသော လှိုင်းများကို သူ အာရုံခံမိသည်။ ၎င်းတို့သည် ပျက်စီးနေသော အစီရင်များနှင့် ထိုဝိညာဉ်၏ ထူးခြားသော အမှတ်သညာများကဲ့သို့ပင်...။

“ဒါကို နားလည်ဖို့ မင်းအတွက် ခက်ခဲလိမ့်မယ်ဆိုတာ ငါသိပါတယ်။ ဝိညာဉ်ဆိုတာ သာမန်လူတွေ အာရုံခံနိုင်တဲ့ အရာမျိုး မဟုတ်ဘူးလေ။ ဒါပေမဲ့ ဝိညာဉ်ဆိုတာ... တကယ်ပဲ တည်ရှိနေတာပါ” ကောင်းယွီသည် ချင်လဲ့ကို ကြည့်မနေဘဲ ကောင်းကင်ယံသို့သာ စိုက်ကြည့်နေဆဲ ဖြစ်သည်။ “ငါကျင့်တဲ့ ကျင့်စဉ်ကလည်း ထူးခြားသလို ဒီဘီလူးမျက်နှာ လက်စွပ်တွေကလည်း ရှားပါးတဲ့ အရာတွေ ဖြစ်နေလို့ ငါ မြင်နိုင်တာပါ။ တခြားလူတွေ အာရုံမခံနိုင်တာကတော့ သဘာဝပါပဲ”

“ဒါပေမဲ့ ငါကြားဖူးတာကတော့ တကယ် အစွမ်းထက်တဲ့ ဝိညာဉ်သားရဲတွေနဲ့ အဆင့်မြင့် ကျင့်ကြံသူတွေရဲ့ ဝိညာဉ်ဟာ အဆင့်တစ်ခုကို ရောက်သွားတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ် သေဆုံးသွားရင်တောင်မှ သူတို့ရဲ့ ဝိညာဉ်တွေက မပျောက်ကွယ်ဘဲ တည်ရှိနေနိုင်တယ်တဲ့။ အဲဒီ အဆင့်မြင့် ဝိညာဉ်တွေဟာ ခန္ဓာကိုယ် မရှိတော့ရင်တောင် သီးခြား တည်ရှိနေနိုင်ပြီး ခန္ဓာကိုယ်သစ်တစ်ခုကို ရှာဖွေပြီး တစ်ကျော့ပြန် မွေးဖွားလာနိုင်တယ်လို့ ဆိုကြတယ်” ကောင်းယွီသည် အိမ်မက်မက်နေသကဲ့သို့ ပြောနေပြန်သည်။ “ဒါတွေအားလုံးကို ငါ့ရဲ့ လက်စွပ်တွေဆီကနေ ကြားခဲ့တာပါ၊ ဒါကြောင့် အဲဒါတွေက တကယ်လား မဟုတ်ဘူးလား ဆိုတာကိုတော့ ငါမသိဘူး...”

“ဒါတွေ အားလုံးက အမှန်တွေပဲ” ချင်လဲ့က ရုတ်တရက် ကြားဖြတ် ပြောလိုက်သည်။

ကောင်းယွီမှာ အံ့သြသွားဟန်ဖြင့် ချင်လဲ့ကို ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။ “ဒါတွေက အမှန်လား၊ အမှားလား ဆိုတာ မင်းက ဘယ်လိုလုပ် သိတာလဲ”

“ဒီစကားတွေကို... အရင်တုန်းက လူတစ်ယောက်က ငါ့ကို ပြောပြခဲ့ဖူးတယ်” ချင်ရှန်း၏ မျက်နှာသည် ချင်လဲ့၏ အတွေးထဲတွင် ပေါ်လာတော့သည်။ “ဒါ့အပြင် ငါလည်း အဲဒီ ရေခဲဝိညာဉ်မြွေဟောက်ရဲ့ ဝိညာဉ်ကို နည်းနည်း အာရုံခံလို့ ရနေတယ်လေ။ လေထဲမှာ လွင့်ပျံပျောက်ကွယ်သွားတဲ့ မီးခိုးငွေ့လေးလို တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို ငါ ခံစားနေရတယ်”

ကောင်းယွီ၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားကာ မေးသည်။ “မင်းက ဘယ်လိုလုပ် အာရုံခံနိုင်ရတာလဲ။ ငါတောင်မှ ငါ့ရဲ့ ကျင့်စဉ်နဲ့ ဒီလက်စွပ်တွေကို အားကိုးပြီး ဝေဝေဝါးဝါးပဲ မြင်နိုင်တာလေ။ မင်းက ဘယ်လိုလုပ် မြင်နိုင်ရတာလဲ”

သူသည် တကယ်ပင် အံ့သြနေမိသည်။ ရေခဲကျောက်မြို့ အပြင်ဘက်တွင် စည်းကမ်းထိန်းသိမ်းရေးဌာနမှ ကျင့်ကြံသူများနှင့်အတူ လှုပ်ရှားနေစဉ်အတွင်း သူသည် ဝိညာဉ်သားရဲ အမြောက်အမြားနှင့် တိုက်ခိုက်ခဲ့ပြီး အများအပြားကိုလည်း သတ်ဖြတ်ခဲ့ဖူးသည်။ ဝိညာဉ်စုပ်သားရဲ၏ ဝိညာဉ်အပိုင်းအစများ လှုပ်ရှားပုံကိုလည်း သူ မြင်ဖူးသည်။

သို့သော် ဝိညာဉ်သားရဲများ သေဆုံးပြီးနောက် ၎င်းတို့၏ ဝိညာဉ်များ လှုပ်ရှားမှုကို အာရုံခံနိုင်သူမှာ သူ တစ်ဦးတည်းသာ ရှိခဲ့သည်။ စည်းကမ်းထိန်းသိမ်းရေးဌာနက ကျင့်ကြံသူများကို သူ ရှင်းပြစဉ်ကပင် မည်သူကမျှ သူ့အား မယုံကြည်ခဲ့ကြပေ။

ဝိညာဉ်များ ပျောက်ကွယ်သွားသည့် ဖြစ်စဉ်ကို အာရုံခံနိုင်ရန်မှာ ပို၍ပင် ခက်ခဲလှပေသေးသည်။

ယခုအခါတွင်မူ ချင်လဲ့သည် ဝိညာဉ်သားရဲ၏ ဝိညာဉ် ပျောက်ကွယ်သွားသည်ကို အာရုံခံနိုင်သည့် တစ်ဦးတည်းသောလူ ဖြစ်နေသဖြင့် ကောင်းယွီမှာ အကြီးအကျယ် အံ့သြသွားခြင်း ဖြစ်၏။

“ငါကိုယ်တိုင်လည်း သေသေချာချာတော့ မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါ ခံစားလို့ ရနေတယ်။ ငါက မျက်လုံးနဲ့ မြင်တာ မဟုတ်ဘူး... ငါ့ရဲ့ ဝိညာဉ်နဲ့ အာရုံခံမိတာ” ချင်လဲ့က ရှင်းပြလိုက်သည်။

“မင်းရဲ့ ဝိညာဉ်နဲ့ အာရုံခံမိတာလား” ကောင်းယွီ၏ မျက်လုံးများတွင် အံ့သြမှုများ ပြည့်နှက်သွားကာ ဆိုသည်။ “ဒါဆိုရင် မင်းရဲ့ ဝိညာဉ်က သာမန်လူတွေထက် အများကြီး ပိုပြီး အစွမ်းထက်နေတာ ဖြစ်ရမယ်။ ထူးခြားပြီး အစွမ်းထက်တဲ့ ဝိညာဉ်ရှိတဲ့ ကျင့်ကြံသူတွေပဲ ဝိညာဉ်ရဲ့ လှုပ်ရှားမှုတွေကို အာရုံခံနိုင်တာလေ။ ဒါ... ဒါဟာ ငါ့ရဲ့ လက်စွပ်ထဲမှာ ရှိနေတဲ့သူ ပြောခဲ့တဲ့ ရှင်းပြချက်ပဲ”

ကောင်းယွီသည် ချင်လဲ့ကို နောက်တစ်ကြိမ် ကြည့်လိုက်သည့်အခါ သူ၏ အကြည့်မှာ ထူးဆန်းသွားတော့သည်။ “မင်းကတော့လေ... လျှို့ဝှက်ချက်တွေ အများကြီး ရှိနေပုံရတယ်။ မင်းရဲ့ ဝိညာဉ်က ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

“အစွမ်းထက်တဲ့ ဝိညာဉ်လား။ အင်း... မင်း ပြောတာ မှန်မယ် ထင်တယ်”

ချင်လဲ့ကိုယ်တိုင်လည်း တိတ်တဆိတ် အံ့သြနေမိသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း သူ၏ စိတ်စွမ်းအင်များကို လေ့ကျင့်ခဲ့သည့် အကြောင်းရင်းမှာ သူ၏ ဝိညာဉ်အား တဖြည်းဖြည်း သန်မာလာစေရန်အတွက် ဖြစ်သည်။ ထို့အပြင် သူ မှတ်မှတ်ရရ ဖြစ်လာသည့် အချိန်ကစပြီး သူသည် စိတ်စွမ်းအင်များ တည်ရှိနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။

ထိုသည်က လွန်ခဲ့သော ဆယ်နှစ်လောက်ကတည်းက သည် စိတ်စွမ်းအင်များကို ကြိုးစားကျင့်ကြံခဲ့ခြင်းကြောင့် သူ၏ ဝိညာဉ်က သာမန်လူများထက် ပိုပြီး အစွမ်းထက်နေခြင်း ဖြစ်နိုင်သည်။

“ခုနက မင်းသုံးလိုက်တဲ့ ဝိညာဉ်ပညာကလည်း တကယ်ကို အစွမ်းထက်တယ်။ အဲဒီ မိုးကြိုးလျှပ်စစ်လုံးက စွမ်းအားတွေ အပြည့်ပါနေပြီး ရေခဲဝိညာဉ်မြွေဟောက်ရဲ့ ခေါင်းကို ချက်ချင်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေတာပဲ။ ဝိညာဉ်လက်နက် နည်းနည်းလောက်ပဲ ဒီလောက် ပြင်းထန်တဲ့ ပေါက်ကွဲအားမျိုးကို ထုတ်ဖော်နိုင်တာ” ကောင်းယွီသည် အနည်းငယ် အားကျနေဟန်ဖြင့် ရေခဲဝိညာဉ်မြွေဟောက်၏ အလောင်းနားသို့ လျှောက်သွားကာ ဆိုသည်။ “မင်း ကျမ်းစာဆောင်ထဲမှာ မင်းနဲ့ သင့်တော်တဲ့ ဝိညာဉ်ပညာတစ်ခုကို ရှာတွေ့ခဲ့တာပဲ။ မိုးကြိုးနဲ့ လျှပ်စစ်ပေါင်းပြီး ဖန်တီးထားတဲ့ အဲဒီလုံးလေးက... တကယ်ကို အစွမ်းထက်တာပဲ”

“ဝိညာဉ်ပညာလား” ချင်လဲ့သည် သူ၏ စကားကြောင့် မှင်တက်သွားပြီးမှ တစ်ခုခုကို စဉ်းစားကာ ခေါင်းညိတ်ပြုံးလိုက်သည်။ “အင်း... ဟုတ်တယ်။ အဲဒီ မိုးကြိုးလျှပ်စစ်လုံးက ငါ မကြာသေးခင်ကမှ တတ်မြောက်ခဲ့တဲ့ ဝိညာဉ်ပညာရပ်ပဲ”

“ပစ္စည်းတွေ စစ်ကြည့်ကြရအောင်” ကောင်းယွီ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကာ သူသည် ဓားမြှောင်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး ရေခဲဝိညာဉ်မြွေဟောက်၏ သွေးသံရဲရဲ ဦးနှောက်အတွင်းသို့ နှိုက်ယူလိုက်သည်။

မကြာမီမှာပင် သူသည် ကြက်ဥခန့်ရှိသော ငွေဖြူရောင် ကျောက်သားလေးတစ်လုံးကို နှိုက်ယူလိုက်၏။ ထိုကျောက်သားလေးမှာ ခြောက်မြှောင့်ပုံသဏ္ဌာန် ရှိပြီး ကိုင်လိုက်လျှင် ရေခဲကဲ့သို့ အေးစက်နေကာ ငွေဖြူရောင် မြူခိုးများကလည်း ဝန်းရံနေပေသည်။

“ဒါက ရေခဲဝိညာဉ်မြွေဟောက်ရဲ့ သားရဲအမြုတေပဲ။ ဒီသားရဲက ထူးခြားဆန်းပြားတဲ့ အမျိုးအစားဆိုတော့ သူ့ရဲ့ အမြုတေကလည်း နည်းနည်းတော့ ထူးခြားနေမှာပဲ” ကောင်းယွီ ထိလိုက်သည့်အခါ သူ၏ လက်ချောင်းများမှာ ချက်ချင်းပင် ရေခဲများ ဖုံးလွှမ်းသွားတော့သည်။ “အေးလိုက်တာ၊ ဒီအမြုတေက တကယ်ကို အေးတာပဲ။ ဒါက ရေခဲပြင်နန်းတော်က ကောင်တွေအတွက်တော့ သင့်တော်လိမ့်မယ်၊ ဒါပေမဲ့ ငါတို့အတွက်တော့ သိပ်ပြီး အသုံးမဝင်လှဘူး”

“ငါ့ကို တစ်ချက်လောက် ကြည့်ခွင့်ပေးပါဦး”

ချင်လဲ့သည် ရှေ့သို့ လျှောက်သွားပြီး ခြောက်မြှောင့်ပုံသဏ္ဌာန် ကျောက်သားလေးကို သူ၏ လက်ချောင်းဖြင့် တို့ကြည့်လိုက်သည်။ အေးစက်လှသော စွမ်းအင်များက သူ၏ လက်ချောင်းအတွင်းသို့ ချက်ချင်း ကျူးကျော်ဝင်ရောက်လာသဖြင့် သူ၏ လက်ချောင်းမှာ တောင့်တင်းသွားပြီး ခန္ဓာကိုယ်ပင် တစ်ချက် တုန်ရီသွားတော့သည်။

“ဂျိန်း...”

သို့သော် ထိုအမြုတေအတွင်းမှ မိုးကြိုးသံတစ်ချက်ကို သူ ကြားလိုက်ရ၏။ သူသည် ကောင်းကင်မိုးကြိုးနှိမ်နင်းခြင်း ကျင့်စဉ်ကို ကျင့်ကြံထားသူ ဖြစ်သဖြင့် ထိုအရာကို ရှင်းရှင်းလင်းလင်း အာရုံခံမိခြင်း ဖြစ်ပေသည်။

“ဒီဝိညာဉ်အမြုတေက ငါ့အတွက် အသုံးဝင်နိုင်တယ်၊ ဒါကြောင့် ဒါကို ငါပဲ ယူလိုက်မယ်” သူသည် အားနာမနေတော့ဘဲ ပြုံးလျက် ထိုကျောက်သားကို ကောင်းယွီ၏ မျက်စိရှေ့တွင်ပင် ခါးပိုက်အိတ်ထဲသို့ ထည့်လိုက်တော့သည်။ ထို့နောက် သူက ဆက်ပြောသည်။ “ဒီရေခဲဝိညာဉ်မြွေဟောက်ရဲ့ အလောင်းကို အရည်ဖျော်ပြီး ကြည့်ကြရအောင်။ ကျန်တဲ့အရာတွေကလည်း ကောင်းမွန်တဲ့ ဝိညာဉ်ပစ္စည်းတွေ ဖြစ်မှာပါ။ ဘာတွေ ပါမလဲဆိုတာ ကြည့်ရအောင်”

“ကောင်းပြီလေ”

ကောင်းယွီသည် ဝိညာဉ်သားရဲများကို အရည်ဖျော်ရန် အထူးပြုလုပ်ထားသော မြူတိမ်ဆောင်၏ အက်ဆစ်ရည်များကို ထုတ်ယူကာ ရေခဲဝိညာဉ်မြွေဟောက်၏ အလောင်းပေါ်သို့ လောင်းချလိုက်သည်။ ခန္ဓာကိုယ်ကို ကာကွယ်ပေးမည့် စွမ်းအင်အကာအကွယ် မရှိတော့သဖြင့် ပြင်းထန်လှသော အက်ဆစ်ဓာတ်အောက်တွင် မြွေဟောက်၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ အရည်ပျော်သွားတော့သည်။ မကြာမီမှာပင် ကျောက်တုံးမြေပြင်ပေါ်၌ သွေးအိုင်ကြီးတစ်အိုင် ဖြစ်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်သို့လည်း လျင်မြန်စွာ ပျံ့နှံ့သွား၏။

မိနစ်အနည်းငယ်အတွင်းမှာပင် ရေခဲဝိညာဉ်မြွေဟောက်၏ အသားစိုင်များမှာ လုံးဝ အရည်ပျော်သွားတော့သည်။ ကျန်ရစ်ခဲ့သည်မှာ ၎င်း၏ အရေခွံ၊ အရိုးများ၊ ချွန်ထက်ပြီး အဆိပ်ပြင်းသော အစွယ်များနှင့် မျက်လုံးတစ်စုံသာ ဖြစ်သည်။

ချင်လဲ့သည် ထိုပစ္စည်းများကို သေသေချာချာ စစ်ဆေးကြည့်ပြီး မျက်လုံးတစ်စုံကို အထူးအာရုံစိုက်လိုက်သည်။ သူသည် မျက်လုံးတစ်စုံကို လက်ဖြင့် ပွတ်သပ်ကြည့်လိုက်ပြီးနောက် တစ်လုံးကို ယူလိုက်ကာ ဆို၏။ “ဒီမျက်လုံးထဲမှာ မိုးကြိုးလှိုင်းတွေ ရှိနေတယ်၊ ဒါကြောင့် ဒါက မိုးကြိုးဓာတ်ပါတဲ့ ဝိညာဉ်ပစ္စည်း ဖြစ်ရမယ်။ ငါ အားနာမနေတော့ဘူးနော်။ ကျန်တဲ့ ဝိညာဉ်ပစ္စည်းတွေကိုတော့ မင်းပဲ ယူလိုက်ပါ”

“အင်း” ကောင်းယွီသည် ကျန်ရှိနေသော မြွေအရေခွံ၊ အရိုး၊ အဆိပ်စွယ်နှင့် အခြားမျက်လုံးတစ်လုံးတို့ကို သိမ်းဆည်းလိုက်သည်။ “ဒီဝိညာဉ်ပစ္စည်းတွေက ငါတို့ ရေခဲဝိညာဉ်မြွေဟောက်တစ်ကောင်ကို သတ်နိုင်ခဲ့တယ်ဆိုတဲ့ သက်သေတွေပဲ။ အဆောင်ကို ပြန်ရောက်တဲ့အခါ ဒါတွေကို အပ်ပြီး အကျိုးပြုမှတ်တွေနဲ့ လဲလို့ရတယ်”

“ငါတို့နှစ်ယောက် အစွမ်းချင်း ပေါင်းမယ်ဆိုရင် နောက်ထပ် အဆင့်နှစ် ဝိညာဉ်သားရဲတစ်ကောင်ကို သတ်ဖို့ဆိုတာ မခက်ခဲလောက်တော့ပါဘူး” ချင်လဲ့သည် မေးစေ့ကို ပွတ်သပ်လျက် စဉ်းစားပြီးနောက်ပြောသည်။ “မင်း နောက်ထပ် လိုက်ရှာဦးမလား”

“ပြဿနာမရှိပါဘူး” ကောင်းယွီက ခေါင်းညိတ်ပြလိုက်သည်။

“သွားကြစို့၊ နောက်ထပ် အဆင့်နှစ် ဝိညာဉ်သားရဲတွေကို လိုက်ရှာကြရအောင်” ချင်လဲ့က တက်ကြွစွာ ပြောလိုက်၏။

ထို့ကြောင့် ထိုနှစ်ယောက်သည် ကျောက်တော၏ အပြင်ဘက် အနားသတ်များတစ်လျှောက် လျင်မြန်စွာ လှုပ်ရှားလျက် အခြားအဆင့်နှစ် ဝိညာဉ်သားရဲများကို စတင် ရှာဖွေကြတော့သည်။

ဤအချိန်တွင် ရေခဲပြင်နန်းတော်မှ ယန်ကျိချန်းနှင့် ရေလဂိုဏ်းမှ နာနော့တို့သည်လည်း ဝိညာဉ်သားရဲအုပ်စုကို ဒေါသထွက်အောင် လုပ်ပြီး ကျောက်တောအပြင်ဘက်သို့ ဆွဲထုတ်ကာ ထွက်ပြေးသည့် နည်းလမ်းကိုပင် အသုံးပြုနေကြသည်။ ကြက်သွေးရောင်မီးလျှံအသင်းမှ ရှုံ့ပါးပင်လျှင် သူ၏ ညီအစ်ကိုနှစ်ယောက် အသတ်ခံရပြီးနောက် သင်ခန်းစာ ရသွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် ဝိညာဉ်သားရဲအုပ်စုကို သေတိုက်တိုက်ရန် မဝံ့ရဲကြတော့ဘဲ သူတို့နောက်မှ လိုက်ပါလာသော ဝိညာဉ်သားရဲအုပ်စုအား ရှောင်ကွင်းကာ အတတ်နိုင်ဆုံး ထွက်ပြေးနေကြရသည်။

ထို့ကြောင့် ကျောက်တော၏ အပြင်ဘက်အလွှာတွင် ဝိညာဉ်သားရဲများစွာ လှုပ်ရှားနေကြသည်။ ရေခဲပြင်နန်းတော်၊ မြူတိမ်ဆောင၊ ကြက်သွေးရောင်မီးလျှံအသင်း နှင့် ရေလဂိုဏ်းမှ လူများ ထွက်ပြေးကြသည့်အခါ သူတို့သည် ထိတ်လန့်တကြားဖြင့် ကျရာအရပ်သို့ ဦးတည်နေကြသဖြင့် တစ်ခါတစ်ရံတွင် တစ်ဦးနှင့်တစ်ဦး ပြန်လည် ဆုံတွေ့မိတတ်ကြသည်။

သို့သော် လူတိုင်းက လက်ရှိ အခြေအနေကို နားလည်ကြသဖြင့် ဆုံတွေ့မိသည့်အခါ ခေါင်းညိတ်ပြရုံမျှသာ ပြုလုပ်ကြပြီး အလျင်အမြန်ပင် ပြန်လည် လမ်းခွဲလိုက်ကြသည်။

တုကျဲ၊ ကျောက်ချန်းနှင့် ယန်ကျိချန်းတို့ ဆုံတွေ့မိသည့်အခါမှာပင် သူတို့သည် တစ်ဦးကိုတစ်ဦး တိုက်ခိုက်ရန် မဝံ့ရဲကြပေ။ ခပ်ရိုင်းရိုင်း စကားအချို့ကိုသာ ပြောဆိုခဲ့ကြပြီးနောက် ဆက်လက် ထွက်ပြေးကြတော့သည်။

အဖွဲ့တိုင်း၏ နောက်တွင် ဝိညာဉ်သားရဲအုပ်စုများ လိုက်ပါနေကြပြီး ထိုအုပ်စုများအတွင်းတွင် အဆင့်နှစ် ဝိညာဉ်သားရဲ အချို့လည်း ဒေါသတကြီး ဟိန်းဟောက်လျက် ပါဝင်နေကြသောကြောင့် ဖြစ်၏။

တစ်ခါတစ်ရံတွင် ထိုအုပ်စု လေးစုစလုံးသည် သူတို့နောက်မှ လိုက်လာသော ဝိညာဉ်သားရဲ အရေအတွက် လျော့နည်းသွားသည်ကို သတိပြုမိလျှင်သော်လည်းကောင်း နောက်တွင် အဆင့်နှစ် ဝိညာဉ်သားရဲ တစ်ကောင် သို့မဟုတ် နှစ်ကောင်တည်းသာ ကျန်တော့သည်ကို သိလျှင်သော်လည်းကောင်း သူတို့သည် ခြေလှမ်းများကို ရပ်တန့်ကာ ပြန်လည် တိုက်ခိုက်ကြလေသည်။

သို့သော်လည်း ဝိညာဉ်သားရဲအုပ်စု၏ ပိတ်ဆို့မှုကို ခံရပြီး လွတ်လမ်းမရှိတော့သဖြင့် တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်ရသည့် လူများလည်း ရှိပေသည်။ ထိုသို့သော အခြေအနေမျိုးတွင် ကျင့်ကြံသူများသည် ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ကြရလေ့ရှိသည်။

ရေလဂိုဏ်းမှ နာနော့သည် ကံမကောင်းစွာဖြင့် လွတ်လမ်းမရှိသော နေရာသို့ ရောက်ရှိသွားခဲ့ရာ ရလဒ်အနေဖြင့် မိန်းကလေးနှစ်ယောက်မှာ ဝိညာဉ်သားရဲများ၏ ဆွဲဖြဲဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။ ကျန်ရှိနေသူ အချို့လည်း အဆင့်ဆင့် ဒဏ်ရာများ ရရှိခဲ့ကြသည်။

ယန်ကျိချန်း၏ အဖွဲ့မှာလည်း ကံမကောင်းစွာဖြင့် ဝိညာဉ်သားရဲအုပ်စု နှစ်အုပ်ကြားတွင် ညှပ်သွားခဲ့သည်။ ထို့ကြောင့် လူသုံးယောက်မှာ နေရာ၌ပင် သေဆုံးခဲ့ရပြီး ယန်ချင်းဆုန်း၏ ဘယ်ဘက်လက်မောင်းပင် အကိုက်ခံလိုက်ရသဖြင့် ပြတ်တောက်သွားခဲ့သည်။

အခြားတစ်ဘက်တွင်မူ ကြက်သွေးရောင်မီးလျှံအသင်းမှ ရှုံ့ပါးမှာ ကနဦးတွင် ကံမကောင်းခဲ့သော်လည်း နောက်ပိုင်းတွင်မူ အဆင်ပြေချောမွေ့ခဲ့ပြီး မည်သည့် အသေအပျောက်မျှ မရှိခဲ့ပေ။

တုကျဲနှင့် ကျောက်ချန်းတို့မှာလည်း ဝိညာဉ်သားရဲအုပ်စုများ၏ ညှပ်တိုက်ခြင်းကို ခံခဲ့ရဖူးသော်လည်း သူတို့သည် သူတို့၏ သူငယ်ချင်းများအား ကယ်တင်ရန်အတွက် အသက်ကိုပင် ပဓာနမထားဘဲ စွန့်စားခဲ့ကြသည်။ သူငယ်ချင်းများကို ကယ်တင်ရန်အတွက် ဒဏ်ရာများ ရရှိခဲ့ကြသလို အသားစအချို့ပင် အကိုက်ခံခဲ့ရပေသည်။

ထို့ကြောင့် တုကျဲနှင့် ကျောက်ချန်းတို့၏ အဖွဲ့မှ လူတိုင်းမှာ သွေးသံရဲရဲ ဖြစ်နေကြပြီး ဒဏ်ရာအမြောက်အမြား ရရှိထားကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ သေဆုံးခြင်း မရှိခဲ့ပေ။

ထိုအုပ်စု လေးခုစလုံးထဲတွင် ချင်လဲ့နှင့် ကောင်းယွီတို့မှာမူ အထူးခြားဆုံး ဖြစ်နေကြသည်။ သူတို့သည် အတူတူ လှုပ်ရှားနေကြပြီး တစ်ကောင်တည်း ရှိနေသော ဝိညာဉ်သားရဲများကို အမြဲတမ်း ရှာဖွေတွေ့ရှိကာ စတင် တိုက်ခိုက်လေ့ရှိသည်။

သူတို့နှစ်ဦး ပူးပေါင်းလိုက်သည့်အခါ ရေခဲဝိညာဉ်မြွေဟောက် အပါအဝင် အဆင့်နှစ် ဝိညာဉ်သားရဲ သုံးကောင်နှင့် အဆင့်တစ် ဝိညာဉ်သားရဲ တစ်ဆယ့်ခြောက်ကောင်ကို သတ်ဖြတ်နိုင်ခဲ့ကြသည်။

ဤအရာအားလုံးကို ရှဲ့ကျင်ရွှမ်နှင့် လျန်ကျန့်တို့က အပေါ်စီးမှ ကြည့်ရှုနေကြခြင်း ဖြစ်၏။ ဤအချက်ကြောင့်ပင် သူတို့သည် ချင်လဲ့နှင့် ကောင်းယွီကို အထူးအာရုံစိုက်လာခဲ့ကြသည်။

“ဒီကောင်လေး နှစ်ယောက်က ဝိညာဉ်သားရဲတွေရဲ့ လှုပ်ရှားမှုကို တကယ် သိနေတာပဲ” ကုန်းမြင့်ပေါ်တွင် ရပ်နေသော လျန်ကျန့်သည် ချင်လဲ့နှင့် ကောင်းယွီ၏ လှုပ်ရှားမှုများကို အဝေးမှ ကြည့်နေမိသည်။ “သူတို့ရဲ့ အာရုံခံစားမှုက တကယ်ကို ထူးခြားတယ်။ ဝိညာဉ်သားရဲအုပ်စုတွေ အဝေးမှာ ရှိနေတုန်းကတည်းက သူတို့က ရှာဖွေတွေ့ရှိပြီး ကြိုတင် ရှောင်ကွင်းနိုင်ကြတယ်။ အဲဒါကြောင့် သူတို့ဟာ ဝိညာဉ်သားရဲအုပ်စုတွေနဲ့ တစ်ခါမှ မတိုးဘဲ တစ်ကောင်တည်းရှိတဲ့ သားရဲတွေကိုပဲ ရှာပြီး တိုက်ခိုက်နေနိုင်တာ။ သူတို့ရဲ့ စွမ်းရည်တွေက တကယ်ကို အထင်ကြီးစရာပဲ”

“ဒါက ချင်လဲ့ကြောင့်ပဲ” ရှဲ့ကျင်ရွှမ်၏ မျက်လုံးများသည် အဝေးတစ်နေရာမှ ချင်လဲ့ထံသို့ ကျရောက်နေသည်။ “သူဟာ ဝိညာဉ်သားရဲအုပ်စုတွေ လာနေတာကို အဝေးကတည်းက အာရုံခံနိုင်ပြီး ကောင်းယွီနဲ့အတူ ကြိုတင် ရှောင်ကွင်းနိုင်ခဲ့တာ။ အဲဒါကြောင့် သူတို့ဟာ အမြဲတမ်း အစွမ်းထက်တဲ့ ဝိညာဉ်သားရဲအုပ်စုတွေကို ရှောင်ကွင်းနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင် ထားနိုင်ခဲ့တာပဲ”

“သခင်မလေး ပြောချင်တာက ကောင်းယွီကြောင့် မဟုတ်ဘူးပေါ့” လျန်ကျန့်မှာ အံ့သြသွားကာ ဆိုသည်။ “ကောင်းယွီက ဝိညာဉ်တွေရဲ့ တည်ရှိမှုကိုတောင် သိနိုင်တဲ့အထိ ထက်မြက်တာလေ။ ဒါဟာ သူ မဟုတ်ဘူးလား”

“ဒါ ချင်လဲ့ပဲ” ရှဲ့ကျင်ရွှမ်က အသေအချာ ပြောလိုက်သည်။

လျန်ကျန့်သည် နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်နေမိ၏။

ရှဲ့ကျင့်ရွှမ်က ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ကျောက်တော၏ အနက်ပိုင်းရှိ တိမ်မည်းများအတွင်းမှ ပြောင်းလဲမှုတစ်ခုကို သူမ မြင်လိုက်ရသည်။ ဝိညာဉ်စုပ်သားရဲ၏ ဝိညာဉ်အပိုင်းအစများဖြစ်သော အမည်းရောင် အစုအဝေးကြီးမှာ တိမ်ပင်လယ်တစ်စင်းကဲ့သို့ တစ်ဆက်တည်း တွန့်လိမ်နေပြီး မြေပြင်ပေါ်သို့ ရုတ်တရက် ငုံ့ဆင်းသွားသည်ကို သူမ မြင်လိုက်ရ၏။

၎င်းသည် ဝိညာဉ်အပိုင်းအစများ၏ အောက်ခြေမှ ပြင်းထန်သော စုပ်ယူအား တစ်ခုက ၎င်းတို့ကို အောက်သို့ ဆွဲချလိုက်သကဲ့သို့ပင်...။

“စ နေပြီ” သူမ၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားကာ အလျင်အမြန် ပြောလိုက်သည်။ “ငါတို့ အခု အထဲကို အမြန်သွားရမယ်”

လျန်ကျန့်၏ မျက်နှာထားမှာလည်း အလွန်ပင် တည်ကြည်သွားကာ သူသည် မြေပြင်ပေါ်သို့ အလျင်အမြန် ဆင်းသက်လိုက်ပြီး အမှောင်အသူရာခန်းမမှ ပန်းဟုန်နှင့် အခြားလူများနှင့်အတူ လှုပ်ရှားရန် ပြင်ဆင်လိုက်တော့သည်။

“ဦးလေးကျန့်... အုပ်စု လေးခုစလုံးကို အရင် ဆက်သွယ်လိုက်ပါဦး။ သူတို့ကို ကျောက်တောရဲ့ အနက်ပိုင်းထဲကို ဝင်ခွင့်ပေးလိုက်ပါ။ အဲဒီနေရာမှာတော့ ဝိညာဉ်သားရဲအုပ်စုတွေ စုဝေးမနေတော့ဘူး၊ ဒါကြောင့် အန္တရာယ်ဇုန်ကနေ နည်းနည်း ဘေးကင်းတဲ့ နေရာတစ်ခုအဖြစ် ပြောင်းလဲသွားပြီ။ ပြီးတော့ ချင်လဲ့နဲ့ ကောင်းယွီကိုလည်း ခေါ်ခဲ့ပါ။ ဒီလူနှစ်ယောက်က... တကယ်ပဲ အသုံးဝင်နိုင်တယ်လေ” ရှဲ့ကျင့်ရွှမ်က အလျင်အမြန် ညွှန်ကြားလိုက်တော့သည်။

“နားလည်ပါပြီ။ ကျွန်တော် သွားလိုက်ပါဦးမယ်”

အခန်း (၉၂) မတားဆီးနိုင်သော

“မင်း ငွေလျှံပင့်ကူရဲ့ မျက်လုံးတွေကို လိုချင်လား”

“ဟင့်အင်း... ငါ့ကို သူ့ရဲ့ ခြေထောက်တွေပဲ ပေးပါ၊ တစ်ခုခုအတွက် အသုံးဝင်နိုင်မယ် ထင်လို့”

“ကောင်းပြီလေ... ဒါဆိုရင် သူတို့ထွေးထုတ်တဲ့ ပင့်ကူမျှင်တွေကို ငါယူမယ်။ အဲဒါက တော်တော်လေး ကျုံ့နိုင်ဆန့်နိုင်စွမ်း ရှိတော့ ဝိညာဉ်ပစ္စည်း လုပ်ဖို့ အတော်ကောင်းတာ”

“ငါ့ကိုတော့ သူ့ရဲ့ အစွယ်တွေ ပေး”

“အင်း...”

ချင်လဲ့နှင့် ကောင်းယွီတို့သည် အရည်ပျော်သွားသော ငွေလျှံပင့်ကူ၏ အလောင်းနားတွင် ဆောင့်ကြောင့်ထိုင်လျက် ကျန်ရှိနေသော ဝိညာဉ်ပစ္စည်းများကို မည်သို့ခွဲဝေကြမည်နည်းဟု တိုင်ပင်နေကြသည်။

သူတို့နှစ်ယောက်သည် အဆင့် ၂ ရှိသော ထိုငွေလျှံပင့်ကူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို လျင်မြန်စွာပင် ခွဲဝေလိုက်ကြတော့၏။

ချင်လဲ့၏ ခါးတွင် ချိတ်ဆွဲထားသော အဝတ်အိတ်ကလေးမှာ ဝိညာဉ်ပစ္စည်းများဖြင့် ဖောင်းကားနေသကဲ့သို့ ကောင်းယွီ၏ အိတ်ကလေးမှာလည်း အလားတူပင် ပြည့်နှက်နေပေသည်။

မြေပြင်ပေါ်တွင်မူ ငွေလျှံပင့်ကူ၏ ခြေထောက်အချို့ ကျန်ရစ်နေသေး၏။ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်မှာ ထိုအရာများကို ထည့်စရာ နေရာမရှိတော့ပေ။

“ငါတို့မှာသာ သိုလှောင်လက်စွပ် တစ်ကွင်းလောက် ရှိရင် ဝိညာဉ်ပစ္စည်းတွေကို ဒီလို နှမြောစရာကောင်းအောင် စွန့်ပစ်ခဲ့ရမှာ မဟုတ်ဘူး၊ သယ်ရတာလည်း ပိုလွယ်တာပေါ့” ချင်လဲ့သည် ကျောက်စိမ်းကဲ့သို့ တောက်ပနေသော ပင့်ကူခြေထောက်များကို ကြည့်ကာ နှမြောတသစွာ ပြောလိုက်သည်။ “ဒါပေမဲ့ အခုတော့လည်း ဘာမှမတတ်နိုင်ဘူးလေ၊ ပစ္စည်းတွေက တကယ်ကောင်းပေမဲ့ ငါတို့နဲ့အတူ သယ်သွားလို့မှ မရတာ”

“ဒီရေခဲကျောက်မြို့ တစ်မြို့လုံးမှာတောင် သိုလှောင်လက်စွပ် ရှိတာ သုံးယောက်ပဲ ရှိတယ်၊ အဲဒါကို စိတ်ကူးတောင် မယဉ်နဲ့ဦး” ကောင်းယွီက ချင်လဲ့၏ အားနည်းချက်ကို ခပ်ဆတ်ဆတ်ကလေး ထိုးနှက်လိုက်၏။

“မင်းတို့နှစ်ယောက်သာ တစ်နေ့နေ့မှာ အမှောင်အသူရာခန်းမကို ဝင်ခွင့်ရလို့ ရာထူးကြီးကြီး တစ်ခုခု ရခဲ့ရင်တော့ သိုလှောင်လက်စွပ် တစ်ကွင်းကို ပိုင်ဆိုင်နိုင်လိမ့်မယ်” လျန်ကျန့်၏ အသံမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံနှင့်အတူ နက်နဲသားရဲကြီးလည်း ရောက်ရှိလာတော့၏။ “ကဲ... နှစ်ယောက်လုံး ငါ့အချိန်တွေကို မဖြုန်းကြနဲ့တော့၊ ဒီပေါ်ကို တက်ခဲ့ကြ။ ငါတို့ အထဲကို ဆက်သွားရမယ်”

နက်သာသားရဲကြီးပေါ်တွင် ထိုင်နေသော လျန်ကျန့်သည် ညိုမည်းသော သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ရင်ဘတ်၊ လက်မောင်း၊ ခြေထောက်နှင့် လည်ပင်းတို့ပင်လျှင် ထိုမာကြောလှသော အညိုရောင် သံချပ်ကာများဖြင့် ဖုံးလွှမ်းထား၏။ ထိုသံချပ်ကာမှာ သတ္တုနှင့် မတူဘဲ ထူးခြားသော သစ်သားအမျိုးအစား တစ်ခုနှင့် တူလှပြီး မျက်နှာပြင်ပေါ်တွင် သစ်သားအကြောအမျှင်များပင် ထင်ဟပ်နေပေသည်။

ခန္ဓာကိုယ်၏ တစ်ဝက်ကျော်ကို ဖုံးလွှမ်းထားသော ထိုသံချပ်ကာကြောင့် လျန်ကျန့်မှာ ပိုမို၍ ခန့်ညားထည်ဝါပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမျိုး ထွက်ပေါ်နေတော့၏။

“ဦးလေးကျန့်... ဦးလေးရဲ့ သံချပ်ကာဝတ်စုံက တကယ်ကို ကြည့်ကောင်းတာပဲဗျာ” ချင်လဲ့က ချီးကျူးလိုက်သည်။

“ကြည့်ကောင်းရုံပဲလား” လျန်ကျန့်၏ အမူအရာမှာ တစ်မျိုး ဖြစ်သွားသည်။ “ဒါကို မာကြောသစ်သား သံချပ်ကာလို့ ခေါ်တယ်၊ အမှောင်အသူရာခန်းမက ဆရာကြီးလု ဖန်တီးထားတဲ့ ဝိညာဉ်လက်နက် တစ်မျိုးပဲ။ ဒီဝိညာဉ်သံချပ်ကာက ကြည့်ကောင်းရုံတင် မဟုတ်ဘူး၊ ကာကွယ်နိုင်စွမ်းကလည်း အတော်ကို မြင့်တာ။ ငါ ဒီနေရာမှာ ဘာမှမလုပ်ဘဲ မတ်တပ်ရပ်နေရင်တောင် မင်းတို့နှစ်ယောက်လုံး အစွမ်းကုန် တိုက်ခိုက်ရင်တောင် ဒါကို ဖောက်နိုင်မှာ မဟုတ်ဘူး၊ ယုံလား”

“မယုံဘူး” ကောင်းယွီက ခေါင်းခါလိုက်သည်။

“ဒါဆိုလည်း တက်လာပြီး စမ်းကြည့်ကြပေါ့” လျန်ကျန့်က လက်ဟန်ဖြင့် ခေါ်လိုက်ပြီး နက်နဲသားရဲကြီးပေါ်တွင် ထိုင်ရန် နေရာပေးလိုက်သည်။ “ငါတို့ ကျောက်တောရဲ့ အနက်ပိုင်းထဲကို အမြန်သွားရမယ်၊ မြန်မြန်လုပ်ကြ”

ချင်လဲ့နှင့် ကောင်းယွီတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မဆိုင်းမတွပင် နက်နဲသားရဲကြီးပေါ်သို့ တက်ထိုင်လိုက်ကြတော့၏။

အနောက်ပိုင်း စစ်မြေပြင်မှ ဆင်းသက်လာသော ထိုသားရဲကြီးမှာ သာမန် မြင်းရိုင်းများထက်ပင် တစ်ဆခန့် ပိုမိုကြီးမားသဖြင့် လူသုံးယောက် အတူတူ ထိုင်သော်လည်း ကျဉ်းကျပ်ခြင်း မရှိပေ။

နက်နဲသားရဲကြီးမှာ လုံလောက်အောင် ကြီးမားသဖြင့် ကောင်းယွီက လျန်ကျန့်၏ နောက်တွင် ထိုင်ပြီး ချင်လဲ့က ကောင်းယွီ၏ နောက်မှ ထပ်၍ ထိုင်လိုက်ကြသည်။ သူတို့အကြားတွင် နေရာလွတ် အနည်းငယ် ရှိနေသဖြင့် တစ်ဦးနှင့်တစ်ဦး ကျောနှင့် ရင်ဘတ် ဖိကပ်နေခြင်း မရှိဘဲ လွတ်လပ်စွာ ရှိနေကြပေသည်။

“မာကြောသစ်သား သံချပ်ကာ... ကျွန်တော့်ကို စမ်းကြည့်ခွင့်ပေးဦး” ကောင်းယွီသည် လက်ကို ဆန့်ထုတ်လိုက်ပြီး လျန်ကျန့်၏ ကျောဘက်ရှိ အညိုရောင် သံချပ်ကာပြားပေါ်သို့ ဖိချလိုက်သည်။ ဝိညာဉ်စွမ်းအင်များသည် ဓားတစ်စင်းကဲ့သို့ ရုတ်တရက် ပွင့်အံထွက်လာပြီး အတွင်းသို့ ထိုးဝင်သွားတော့၏။

“ဗုန်း...”

ဝိညာဉ်စွမ်းအင်မှာ ထူထဲလှသော ရော်ဘာဘောလုံးတစ်လုံးကို ထိုးမိသကဲ့သို့ ဖြစ်သွားသည်။ ၎င်းသည် သံချပ်ကာကို ဖောက်ထွက်နိုင်ခြင်း မရှိသည့်အပြင် ကောင်းယွီကို ပြင်းထန်စွာ ပြန်လည်ကန်ထုတ်လိုက်သဖြင့် သူသည် သားရဲကြီးပေါ်တွင် ဟန်ချက်ပျက်ကာ ယိမ်းထိုးသွားတော့၏။

သူ၏ ညိုမည်းသော မျက်နှာတွင် အံ့သြတုန်လှုပ်မှုများ ထင်ဟပ်သွားသည်။ “ဒီသံချပ်ကာက ငါမဖောက်နိုင်အောင် အထိကို အားကောင်းတာပဲ။ ချင်လဲ့... မင်းရော စမ်းကြည့်ဦးမလား”

“ကောင်းပြီလေ” ချင်လဲ့သည်လည်း စိတ်ဝင်စားသွားသည်။ ကောင်းယွီက ဘေးသို့ ကိုယ်ကို တိမ်းပေးလိုက်သည့်အခါ သူသည်လည်း စွမ်းအားများအား စုစည်းလိုက်တော့၏။

သူ၏ လက်ဖဝါးအလယ်တွင် ဖျော့တော့တော့ အပြာရောင် လျှပ်စီးတန်းများ ဖြစ်ပေါ်လာသည်။ မြူဆိုင်းနေသော အပြာရောင် မိုးကြိုးလျှပ်စစ်လုံးလေးတစ်လုံး တဖြည်းဖြည်း ပုံဖော်လာပြီး ပြင်းထန်လှသော မိုးကြိုးလှိုင်းများ ထွက်ပေါ်လာတော့၏။

“နေရာချင်းလဲ... နေရာချင်း အရင်လဲကြရအောင်” ၎င်းကို မြင်လိုက်သည့်အခါ ကောင်းယွီ၏ မျက်နှာမှာ တုန်လှုပ်သွားသည်။ သူသည် လျန်ကျန့်ကို နက်နဲသားရဲကြီးအား အရှိန်လျှော့ရန် အလျင်အမြန် ပြောလိုက်ပြီး ချင်လဲ့၏ အရှေ့မှနေ၍ နောက်ဘက်သို့ အမြန်ကူးပြောင်းလိုက်တော့၏။

သူသည် ထိုမိုးကြိုးလျှပ်စစ်လုံး၏ စွမ်းအားမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိထားပြီး ဖြစ်ပေသည်။

“အုန်း...”

ကောင်းယွီ ဖယ်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုမိုးကြိုးလျှပ်စစ်လုံးသည် လျန်ကျန့်၏ ကျောဘက်တွင် ပေါက်ကွဲသွားတော့၏။ လျန်ကျန့်မှာ ထိုပေါက်ကွဲအားကြောင့် တုန်ခါသွားပြီး နက်နဲသားရဲကြီးပေါ်မှပင် ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

သို့သော် သူ၏ ကျောဘက်မှာ မည်းတူးသွားသော်လည်း ထိုမာကြောသစ်သား သံချပ်ကာမှာမူ ပေါက်ကွဲအားကြောင့် မည်သည့် အပေါက်မျှ ဖြစ်ပေါ်မသွားခဲ့ပေ။

သို့သော် ကောင်းယွီမှာမူ ချင်လဲ့၏ နောက်သို့ ရောက်သွားသော်လည်း ထိုပေါက်ကွဲအား၏ ရိုက်ခတ်မှုကြောင့် သားရဲကြီးပေါ်မှ လွင့်စဉ်ကျသွားတော့၏။

“တကယ်ကို အံ့သြစရာကောင်းတဲ့ သံချပ်ကာပဲ။ ဒီဝတ်စုံက တကယ်ကို စွမ်းတာပဲ။ ဒါကို ဘယ်အရာကမှ မဖောက်နိုင်ဘူးလား” ချင်လဲ့သည် ကောင်းယွီ လွင့်စဉ်သွားသည်ကိုပင် သတိမထားမိဘဲ အံ့သြဘနန်း ရေရွတ်လိုက်သည်။

“ငါ့ကို စောင့်ဦးဟ” ကောင်းယွီက အောက်မှနေ၍ လှမ်းအော်လိုက်၏။

လျန်ကျန့်က နက်နဲသားရဲကြီးကို အရှိန်လျှော့ပေးလိုက်သည်။ ကောင်းယွီ ပြန်တက်လာသည့်အခါ လျန်ကျန့်က ချင်လဲ့ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။ “မင်း... တော်တော်လေး လက်ရဲဇတ်ရဲ ရှိတာပဲ။ တကယ်လို့သာ ဒီသံချပ်ကာက မခိုင်ခံ့ရင် ဒါမှမဟုတ် ငါသာ ကြိုတင် ပြင်ဆင်မထားခဲ့ရင်... ငါတော့ သေချာပေါက် ဒုက္ခရောက်မှာပဲ”

သူသည် ချင်လဲ့ကို စိုက်ကြည့်ရင်း နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ ဆို၏။ “ဒါက မာကြောသစ်သား သံချပ်ကာက သိပ်စွမ်းလွန်းလို့ မဟုတ်ပါဘူး၊ မင်းတို့က သိပ်အားနည်းနေသေးလို့ပါ။ မင်းတို့က အခုမှ ဝိညာဉ်သန့်စင်ခြင်း အဆင့်မှာပဲ ရှိသေးတာ၊ မင်းတို့ရဲ့ ဝိညာဉ်စွမ်းအင်တွေက အဆင့်မမြင့်သေးတော့ စွမ်းအားကလည်း အကန့်အသတ် ရှိနေတာပေါ့။ တကယ်လို့ မင်းတို့သာ ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်ကို ရောက်နေမယ်ဆိုရင် ဒီသံချပ်ကာက ငါ့ခန္ဓာကိုယ်ကို အပြည့်အဝ ကာကွယ်နိုင်မှာ မဟုတ်တော့ဘူး။ ဝိညာဉ်ထင်ရှားခြင်း အဆင့်ကိုသာ ရောက်နေမယ်ဆိုရင်တော့ ငါလည်း ကြိုတင်ပြင်ဆင်မှု မရှိဘဲ မင်းတို့ အရိုက်ခံရဲမှာ မဟုတ်တော့ဘူး”

“အမှောင်အသူရာခန်းမမှာတော့ ဒီသံချပ်ကာက အသင့်အတင့်ပဲ တန်ဖိုးရှိတာ၊ ဆရာကြီးလုက နည်းနည်းပဲ သွန်းလုပ်ထားတာလေ။ သခင်မလေး ဝတ်ထားတဲ့ နဂါးအကြေးခွံ သံချပ်ကာကမှ တကယ့် အဆင့်မြင့် ဝိညာဉ်သံချပ်ကာ ဖြစ်ပြီး ငါ့ရဲ့ သံချပ်ကာထက် အများကြီး ပိုစွမ်းတာ။ မင်းတို့ နောက်မှ မြင်ရပါလိမ့်မယ်”

လျန်ကျန့်က အကျဉ်းရုံး ရှင်းပြလိုက်သည်။ နက်နဲသားရဲကြီးသည် ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး မီးခိုးငွေ့တစ်ခုကဲ့သို့ပင် ကျောက်တော၏ အနက်ပိုင်းသို့ ပြေးဝင်သွားတော့၏။

လမ်းခရီးတွင် ချင်လဲ့နှင့် ကောင်းယွီတို့သည် ရေလဂိုဏ်းမှ နာနော့တို့အဖွဲ့နှင့် ကြက်သွေးရောင်မီးလျှံအသင်းမှ ရှုံ့ပါးတို့အဖွဲ့ ကျောက်တော၏ အနက်ပိုင်းသို့ ဦးတည်နေကြသည်ကို မြင်လိုက်ရသည်။

ချင်လဲ့ သတိထားကြည့်လိုက်သည့်အခါ နာနော့၏ အဖွဲ့တွင် မိန်းကလေး နှစ်ယောက် လျော့နည်းနေသည်ကို တွေ့လိုက်ရ၏။ နာနော့နှင့် ကျန်ရှိနေသော မိန်းကလေးများ၏ မျက်နှာတွင် လေးနက်တည်ကြည်သော အမူအရာများ ရှိနေကြသည်။ အားလုံးမှာ ဝမ်းနည်းစရာ တစ်ခုခု ကြုံတွေ့ခဲ့ရသကဲ့သို့ မည်သူမျှ ပြုံးရယ်နေခြင်း မရှိကြပေ။

“သူတို့ရဲ့ ကံကြမ္မာက မင်းတို့လောက် မကောင်းခဲ့ဘူး။ မင်းတို့က ဒဏ်ရာမရရုံတင်မကဘူး၊ ဝိညာဉ်သားရဲတွေကိုတောင် သတ်နိုင်ခဲ့သေးတာကိုး” လျန်ကျန့်က သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်ရင်း ဆို၏။ “ရေလဂိုဏ်းက နှစ်ယောက် သေတယ်၊ ကြက်သွေးရောင်မီးလျှံအသင်းကလည်း နှစ်ယောက် သေပြီ၊ ရေခဲပြင်နန်းတော်ကလည်း သုံးယောက် သေခဲ့ရတယ်။ မြူတိမ်ဆောင် တစ်ခုပဲ ဒဏ်ရာအပြင်းအထန် ရခဲ့ပေမဲ့ အသေအပျောက် မရှိခဲ့တာ...”

ချင်လဲ့နှင့် ကောင်းယွီတို့သည် ထိုစကားကို ကြားလိုက်ရသည့်အခါ စိတ်မကောင်းဖြစ်သွားကြပြီး မည်သည့်စကားမျှ ဆက်မပြောဖြစ်ကြတော့ပေ။

နက်နဲသားရဲကြီးမှာ အရှိန်ပြင်းပြင်းဖြင့် ပြေးလွှားနေစဉ် ကျောက်တောင်တန်းများကို လျင်မြန်စွာ ကျော်ဖြတ်ခဲ့ကြသည်။ မကြာမီမှာပင် ရှေ့ဘက်ဆီမှ မြင်းဟီသံများကို ကြားလိုက်ရတော့၏။

ချင်လဲ့နှင့် ကောင်းယွီတို့ ရှေ့သို့ အာရုံစိုက် ကြည့်လိုက်သည့်အခါ ထူးခြားသော ယူနီကွန်ကောင်ရေ ဆယ်ကောင်ခန့်ကို တွေ့လိုက်ရသည်။ ထိုယူနီကွန်များသည် မြင်းရိုင်းများနှင့် နဂါးချိုကြံ့တို့၏ မျိုးစပ်များ ဖြစ်ကြ၏။ ၎င်းတို့တွင် မြင်းများ၏ ယဉ်ပါးမှုနှင့် နဂါးချိုကြံ့များ၏ ကျန်းမာကြံ့ခိုင်မှုတို့ ရှိကြပြီး အမှောင်အသူရာခန်းမမှ စစ်သည်များအတွက် စံပြ စီးတော်ယာဉ်များ ဖြစ်ကြပေသည်။

ယူနီကွန်များပေါ်တွင် ပန်းဟုန်နှင့် အခြားအမှောင်အသူရာခန်းမမှ ကျင့်ကြံသူများသည်လည်း သံချပ်ကာများကို ဝတ်ဆင်ထားကြသည်။ ထိုသံချပ်ကာ အမျိုးအစားမှာ ဝိညာဉ်သားရဲများ၏ မာကြောလှသော အရေခွံများဖြင့် ပြုလုပ်ထားပြီး သားရဲအရေခွံ သံချပ်ကာဟု ခေါ်ဆိုကြသည်။ ၎င်းသည် သာမန်စစ်သည်များအတွက် စံပြဝတ်စုံဖြစ်ပြီး ပြုလုပ်ရလွယ်ကူသော်လည်း ကာကွယ်နိုင်စွမ်းမှာ အကန့်အသတ် ရှိသဖြင့် အရည်အသွေးနိမ့်သော သံချပ်ကာ ဖြစ်ပေသည်။

လျန်ကျန့်သာမက ပန်းဟုန်နှင့် အခြားလူများပါ သံချပ်ကာများ ဝတ်ဆင်ထားသည်ကို မြင်လိုက်ရသည့်အခါ အမှောင်အသူရာခန်းမမှ လူများသည် သွေးချောင်းစီးမည့် တိုက်ပွဲတစ်ပွဲအတွက် ပြင်ဆင်နေကြပြီဖြစ်ကြောင်း ချင်လဲ့နှင့် ကောင်းယွီတို့ သိလိုက်ကြသည်။ ထို့ပြင် သူတို့၏ ခေါင်းဆောင် ဖြစ်သူ ရှဲ့ကျင်ရွှမ်သည်လည်း လျန်ကျန့်ပြောခဲ့သော နဂါးအကြေးခွံ သံချပ်ကာကို ဝတ်ဆင်ထားလောက်ပြီဟု သူတို့ ခန့်မှန်းလိုက်ကြ၏။

ထင်သည့်အတိုင်းပင် နက်နဲသားရဲကြီးသည် ယူနီကွန်များကို ကျော်ဖြတ်သွားသည့်အခါ ပန်းဟုန်နှင့် အခြားလူများ၏ အရှင်လျန်ဟူသော နှုတ်ဆက်သံများအကြားတွင် အရှေ့ဆုံး၌ ရှိနေသော ရှဲ့ကျင်ရွှမ်ကို ချင်လဲ့နှင့် ကောင်းယွီတို့ မြင်လိုက်ရတော့သည်။

သူမ၏ အဖြူရောင် ဝတ်ရုံများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ရှဲ့ကျင်ရွှမ်သည် ကိုယ်ကျပ် အမည်းရောင် ဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားပြီး ထိုဝတ်စုံ၏ အပြင်ဘက်တွင် ထူထဲလှသော အမည်းရောင် သံချပ်ကာကြီး ဖြစ်သည့် နဂါးအကြေးခွံ သံချပ်ကာကို ဝတ်ဆင်ထား၏။

၎င်းသည် အကြေးခွံများဖြင့် ပြုလုပ်ထားသော သံချပ်ကာ အမျိုးအစား ဖြစ်သည်။ အကြေးခွံ တစ်ခွံချင်းစီမှာ လက်ဖဝါးခန့် ရှိပြီး သူမ၏ အမည်းရောင် ဝတ်စုံပေါ်တွင် တင်းတင်းကျပ်ကျပ် ကပ်နေပေသည်။ ထိုတောက်ပြောင်နေသော အမည်းရောင် အကြေးခွံများသည် အေးစက်လှသော သတ္တုရောင်အလင်းတန်းများကို ထုတ်လွှတ်နေ၏။

ထိုအကြေးခွံ သံချပ်ကာသည် သူမ၏ လက်မောင်း၊ ဝမ်းဗိုက်၊ ရင်ဘတ်နှင့် ခြေထောက်များကို လုံခြုံစွာ ဖုံးအုပ်ထားပြီး အမည်းရောင် ဝတ်စုံနှင့် တစ်သားတည်း ဖြစ်နေပေသည်။ ၎င်းသည် သူမအား တစ်ကိုယ်လုံး နက်မှောင်နေစေပြီး အမည်းရောင် ဝိညာဉ်တစ်ခုကဲ့သို့ပင် အေးစက်လှသော အရှိန်အဝါမျိုးကို ထွက်ပေါ်နေစေတော့၏။

ထို့အပြင် နဂါးအကြေးခွံ သံချပ်ကာတွင် တပ်ဆင်ထားသော ကြောက်မက်ဖွယ်ကောင်းသော ဘီလူးမျက်နှာပုံစံ အမည်းရောင် မျက်နှာဖုံးတစ်ခုသည်လည်း သူမ၏ လှပသော မျက်နှာကို ဖုံးအုပ်ထားသဖြင့် သူမသည် မှောင်မိုက်မှုအတွင်း၌ ရပ်နေသကဲ့သို့ ထင်မှတ်ရပေသည်။

မိစ္ဆာဆန်သော မျက်နှာဖုံး၊ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော အေးစက်လှသည့် အမည်းရောင် အကြေးခွံ သံချပ်ကာ၊ အနောက်ပိုင်း စစ်မြေပြင်မှ ဆင်းသက်လာသော သူမ စီးနင်းထားသည့် နက်နဲသားရဲကြီး...

ဤအချိန်တွင် ရှဲ့ကျင်ရွှမ်သည် ဝိညာဉ်များကို ရိတ်သိမ်းမည့် သေမင်းတမန် တစ်ဦးနှင့် တူလှပေသည်။ သူမသည် ကျောက်တော၏ အနက်ပိုင်းသို့ ဦးတည်လျက် သူမနှင့် တွေ့သမျှ အရာအားလုံးကို သတ်ဖြတ်တော့မည့်အလား ရှေ့ဆုံးမှနေ၍ ဇောင်းတင်ကာ ပြေးလွှားနေတော့၏။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက အဖွဲ့လေးဖွဲ့စလုံးသည် ဝိညာဉ်စုပ်သားရဲကို ဝန်းရံထားသော ဝိညာဉ်သားရဲအုပ်စုများကို ဆွဲထုတ်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ အမှန်စင်စစ်လည်း ဝိညာဉ်သားရဲ အများစုမှာ ထိုနေရာမှ ရွှေ့လျားသွားခဲ့ကြပြီ ဖြစ်သည်။

သို့သော် ဝိညာဉ်သားရဲ အားလုံး ထိုနေရာမှ ထွက်ခွာသွားခြင်း မဟုတ်ပေ။ ထိုနေရာကို စောင့်ကြပ်နေသည့် ဝိညာဉ်သားရဲ အနည်းငယ် ရှိနေသေး၏။

ရှဲ့ကျင်ရွှမ်နှင့် အမှောင်အသူရာခန်းမမှ လူများ ချဉ်းကပ်လာမှုကြောင့် ထိုနေရာတွင် ကျန်ရစ်ခဲ့သော ဝိညာဉ်သားရဲ အချို့မှာ နိုးကြားလာကြတော့သည်။ နက်နဲသားရဲကြီး၏ ဟိန်းဟောက်သံနှင့်အတူ ရွှေအမွေးမျောက်ဝံ သုံးကောင်မှာ ဦးစွာ ထွက်ပေါ်လာကြပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အမွေးများမှာ ထောင်ထနေကာ ရင်ဘတ်ကို တီးခတ်လျက် ဟိန်းဟောက်နေကြတော့၏။ ထိုသားရဲများ၏ မျက်လုံးများသည် ဓားသွားများကဲ့သို့ စူးရှလှပြီး လူအုပ်ကြီးထံသို့ ရုတ်တရက် ပြေးဝင်လာကြတော့သည်။

အကြီးဆုံး ဖြစ်သော ရွှေအမွေးမျောက်ဝံမှာ လေးမီတာခန့် မြင့်ပြီး ၎င်း၏ ခန္ဓာကိုယ်မှာ ရွှေရောင်သတ္တုဖြင့် ထုလုပ်ထားသကဲ့သို့ ရှိနေ၏။ ၎င်းသည် ဟိန်းဟောက်လိုက်သည့်အခါ ရွှေရောင်အလင်းတန်းများက ၎င်းကို ဝန်းရံသွားပြီး ထွက်ပေါ်လာသော အရှိန်အဝါမှာ အံ့သြဘနန်း ရှိလှပေသည်။

နှစ်မီတာခန့် ရှည်လျားသော လခြမ်းဓားကောက်ကြီး တစ်လက်မှာ ရှဲ့ကျင်ရွှမ်၏ လက်ထဲတွင် ရုတ်တရက် ပေါ်လာတော့၏။ ထိုဓားကောက်ကြီးမှာ သူမ၏ အရပ်ထက်ပင် ပို၍ ရှည်လျားပြီး ၎င်း၏ ကိုယ်ထည်မှာ တောက်ပြောင်ကာ အေးစက်နေပေသည်။

ရှဲ့ကျင်ရွှမ်သည် သူမ၏ ဓားကောက်ကြီးကို လက်တစ်ဖက်တည်းဖြင့် ဝေ့ယမ်းလိုက်ပြီး ရွှေအမွေးမျောက်ဝံထံသို့ ပြေးဝင်လိုက်ရာ ဓားကောက်ကြီးသည် လေထဲတွင် လှပသော မျဉ်းကွေးတစ်ကြောင်းကို ရေးဆွဲလိုက်တော့၏။

ထိုလခြမ်းပုံသဏ္ဌာန် အလင်းတန်းမှာ စူးရှတောက်ပလှပေသည်။

“ရွှစ်...”

ကျောက်တုံးကဲ့သို့ မာကြောလှသော ရွှေအမွေးမျောက်ဝံ၏ ခန္ဓာကိုယ်မှာ လခြမ်းပုံသဏ္ဌာန် အလင်းတန်းကြောင့် ထက်ပိုင်း ပြတ်တောက်သွားတော့၏။ ၎င်း၏ အတွင်းကလီစာများမှာ မြေပြင်ပေါ်သို့ ဖိတ်စင်ကျလာပြီး အသားစိုင် နှစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုဓားကောက်ကြီးမှာမူ တောက်ပြောင်နေဆဲ ဖြစ်ပြီး သွေးတစ်စက်ပင် စွန်းထင်ခြင်း မရှိပေ။ ရွှေအမွေးမျောက်ဝံနှင့် ထိတွေ့ခဲ့ဖူးပုံပင် မရချေ။

“ရွှီ...”

အခြား လှပသော လခြမ်းပုံသဏ္ဌာန် အလင်းတန်းတစ်ခု လေထဲတွင် ထပ်မံ ထွက်ပေါ်လာပြန်သည်။ ထိုလခြမ်းမှာ လင်းလက်သွားပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွား၏။

တိုက်ခိုက်ရန် ပြေးဝင်လာသော ရွှေအမွေးမျောက်ဝံ နှစ်ကောင်မှာ လခြမ်းအလင်း ပျောက်ကွယ်သွားသည့်အခါ ရုတ်တရက် အပိုင်းပိုင်း ပြတ်တောက်သွားကြပြန်သည်။

ရှဲ့ကျင်ရွှမ်၏ ရှေ့တွင် ဓားကောက်ကြီး လှုပ်ရှားလိုက်တိုင်း လှပသော လခြမ်းပုံသဏ္ဌာန် အလင်းတန်းများ ထွက်ပေါ်လာသည်။ သွေးအလိမ်းလိမ်းနှင့် သားရဲအလောင်းများမှာ မြေပြင်ပေါ်သို့ အပိုင်းပိုင်း ပြတ်တောက်လျက် တစ်ခုပြီးတစ်ခု ကျဆင်းလာတော့၏။

ရှဲ့ကျင်ရွှမ် စီးနင်းထားသော နက်နဲသားရဲကြီးမှာမူ ရှေ့သို့ အဆက်မပြတ် တိုးဝင်နေပေသည်။

ချင်လဲ့နှင့် ကောင်းယွီတို့သည် သူမ၏ ဓားကောက်ကြီးကို ဝေ့ယမ်းလျက် ဝိညာဉ်သားရဲများအား အပိုင်းပိုင်း ဖြတ်တောက်နေသည့် ထူးခြားဆန်းပြားသော နည်းပရိယာယ်များကို ကြည့်ရှုနေမိကြသည်။ သူမ ဖြတ်သန်းသွားသော နေရာတိုင်းတွင် မြေပြင်ပေါ်၌ အသားစိုင်များ ဖုံးလွှမ်းသွားတော့၏။ သူတို့၏ ကျောပြင်များမှာ စိမ့်တက်သွားပြီး ရင်ထဲတွင်လည်း အေးခဲသွားကြတော့သည်။

သူမ၏ အရှေ့တွင် ရှိနေသော မည်သည့် ဝိညာဉ်သားရဲမဆို အဆင့် ၁ ဖြစ်စေ၊ အဆင့် ၂ ဖြစ်စေ၊ တစ်ကောင်တည်း ဖြစ်စေ၊ အုပ်စုလိုက် ဖြစ်စေ... ခေါင်းထောင်လိုက်သည်နှင့် တစ်ပြိုင်နက် မြေပြင်ပေါ်သို့ အပိုင်းပိုင်း ပြတ်တောက်လျက် ကျဆင်းသွားရမြဲ ဖြစ်ပေသည်။

ဓားကောက်ကြီးမှာ သွေးစိမ်းရှင်ရှင်များနှင့် ထိတွေ့ခြင်း မရှိသကဲ့သို့ သူမ ဝတ်ဆင်ထားသော နဂါးအကြေးခွံ သံချပ်ကာမှာလည်း တောက်ပနေဆဲ ဖြစ်၏။ သူမသည် အစမှ အဆုံးအထိ ထိုဝိညာဉ်သားရဲများနှင့် အမှန်တကယ် ထိတွေ့ခဲ့ပုံပင် မရချေ။

သို့သော် ဝိညာဉ်သားရဲများမှာမူ အဆက်မပြတ် အပိုင်းပိုင်း ဖြတ်တောက် သတ်ဖြတ်ခြင်း ခံနေကြရသည်။ မည်သည့် သားရဲတစ်ကောင်မျှ သူမ၏ ရှေ့တိုးမှုကို အနည်းငယ်မျှပင် ဟန့်တားနိုင်ခြင်း မရှိသကဲ့သို့ သူမ၏ အကြည့်ကို ပြောင်းလဲသွားအောင်လည်း မစွမ်းဆောင်နိုင်ကြပေ။

ရှဲ့ကျင်ရွှမ်၏ အရှိန်အဝါမှာ မည်သူမျှ မတားဆီးနိုင်အောင်ပင် ဖြစ်တော့သည်။

All Chapters