အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
အခန်း (၉၃) ဆန်းကြယ်သော ဝိညာဉ်လက်နက်
လခြမ်းဓားကောက်ကြီးသည် လေထဲတွင် ပေါ့ပါးစွာ ဝေ့ယမ်းနေပြီး လှပကျော့ရှင်းသော လခြမ်းပုံသဏ္ဌာန် အလင်းတန်းများက ဝိညာဉ်သားရဲများ၏ အသားစိုင်များကို သွေးသံရဲရဲဖြင့် ဖြတ်တောက်နေတော့သည်။
မိုးရွာသကဲ့သို့ ကျဆင်းလာသော သွေးစက်များသည် ပန်းဟုန်နှင့် အခြားလူများပေါ်သို့ စင်သွားသဖြင့် သူတို့အားလုံး သွေးများဖြင့် ရဲရဲနီနေကြ၏။ သို့သော် အရှေ့ဆုံးတွင် ရှိနေသော ရှဲ့ကျင်ရွှမ်မှာမူ ထိုသွေးမိုးများ မြေပြင်ပေါ်သို့ မကျရောက်မီမှာပင် နက်နဲသားရဲကြီးနှင့်အတူ လျှပ်စီးကဲ့သို့ ရှေ့သို့ အရှိန်ပြင်းစွာ တိုးဝင်သွားခဲ့ပြီ ဖြစ်သည်။
သူမ၏ နက်မှောင်ထူထဲသော နဂါးအကြေးခွံ သံချပ်ကာပေါ်တွင် သွေးတစ်စက်မျှပင် စွန်းထင်ကျန်ရစ်ခြင်း မရှိပေ။
“ဝူး...”
ပတ်ဝန်းကျင်တွင် ပုန်းအောင်းနေကြသော အဆင့်မြင့် ဝိညာဉ်သားရဲများသည် သူမ၏ လုပ်ရပ်ကြောင့် ဒေါသထွက်သွားပုံရပြီး ကျယ်လောင်စွာ ဟိန်းဟောက်လျက် အရပ်မျက်နှာအသီးသီးမှ အတင်းအဓမ္မ ပြေးဝင်လာကြတော့သည်။
ဤအချိန်တွင် ဤနေရာကို စောင့်ကြပ်နေကြသော ဝိညာဉ်သားရဲအားလုံးသည် ၎င်းတို့၏ အဆင့်အတန်းကို ဂရုမထားတော့ဘဲ ဘက်ပေါင်းစုံမှ ထွက်ပေါ်လာကြ၏။
“မြဲမြဲကိုင်ထားကြ၊ ပြုတ်မကျစေနဲ့” လျန်ကျန့်က အော်ပြောလိုက်သည်။ “ပန်းဟုန်... မင်းတို့အဖွဲ့ ဘေးတစ်ဖက်တစ်ချက်ကို ဂရုစိုက်၊ ငါက အနောက်ကနေ ပိတ်ပေးမယ်”
လျန်ကျန့် စီးနင်းလာသော နက်နဲသားရဲကြီးသည် အရှိန်အနည်းငယ် လျော့သွားပြီး အရှေ့ဆုံးမှနေ၍ အနောက်ဆုံးသို့ ရောက်ရှိသွားသည်။ ထို့ကြောင့် အရှေ့ဆုံးတွင် ရှိနေသော ရှဲ့ကျင်ရွှမ်မှာ ချင်လဲ့နှင့် ကောင်းယွီတို့၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့၏။
ရှည်လျားပြီး အေးစက်သော ဓားသွားများ၊ ချွန်ထက်လှသော လှံရှည်များ၊ လေးလံလှသော ငွေရောင် တူကြီးများ...
ပန်းဟုန်းနှင့် အခြားလူများ၏ လက်ထဲတွင် လက်ရာမြောက်လှသော ဝိညာဉ်လက်နက်များ တစ်လက်ပြီးတစ်လက် ပေါ်ပေါက်လာသည်။ ဝိညာဉ်လက်နက်တစ်လက်ချင်းစီတွင် ဝိညာဉ်စွမ်းအင်များ လှိုင်းထနေပြီး တောက်ပသော အလင်းတန်းများ ထွက်ပေါ်နေပေသည်။
ဝိညာဉ်ပညာများကို စတင် အသုံးပြုလိုက်သည့်အခါ ထိုဝိညာဉ်လက်နက်များသည် အသက်ဝင်လာသကဲ့သို့ ဖြစ်သွားပြီး ပြင်းထန်သော စွမ်းအင်တုန်ခါမှုများကို ထုတ်လွှတ်နေတော့သည်။
ပန်းဟုန်သည် ခရမ်းရောင် အဝိုင်းကွင်းပုံစံများ ထွင်းထုထားသော မြွေလှံတစ်ချောင်းကို ကိုင်ထားသည်။ သူက ထိုလှံကို လှုပ်ခါလိုက်သည့်အခါ လက်နှစ်ချောင်းခန့် ထူသော လှံဖျားမှနေ၍ ခရမ်းရောင် ဝိညာဉ်မြွေတစ်ကောင်သည် ကျွမ်းကျင်လိမ္မာစွာ ထွက်ပေါ်လာ၏။
ထိုခရမ်းရောင် ဝိညာဉ်မြွေမှာ ဝိညာဉ်စွမ်းအင်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အသက်ဝင်လှုပ်ရှားနေသကဲ့သို့ ထင်ရပေသည်။ ၎င်းသည် ဝိညာဉ်သားရဲများ၏ တိုက်ခိုက်မှုကို လွယ်ကူစွာ ရှောင်ကွင်းနိုင်ပြီး ၎င်းတို့၏ ပါးစပ်၊ မျက်လုံးနှင့် နားပေါက်များအတွင်းသို့ တိုးဝင်သွားလေသည်။
အဆင့်နှစ် ရွှေကျောက်ဆောင်သားရဲ တစ်ကောင်မှာ ပါးစပ်ကြီးကို ဟလျက် ပြေးဝင်လာရာ ခရမ်းရောင် ဝိညာဉ်မြွေသည် ထိုပါးစပ်အတွင်းသို့ တဟုန်ထိုး ဝင်ရောက်သွားတော့သည်။
သုံးစက္ကန့်ခန့် ကြာသောအခါ ထိုသားရဲကြီးသည် စူးရှစွာ အော်ဟစ်ညည်းတွားလိုက်ပြီး သန်မာလှသော ၎င်း၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာပင် ညှိုးနွမ်းသွားကာ အသားနှင့် သွေးများမှာ အရည်ပျော်သွားသကဲ့သို့ ဖြစ်သွားသည်။ ခဏချင်းအတွင်းမှာပင် ၎င်း၏ ခန္ဓာကိုယ်မှာ မူလအရွယ်အစား၏ ထက်ဝက်ခန့်အထိ ကျုံ့သွားတော့၏။
“ဟူး... ဟူး... ဟူး”
ပန်းဟုန်း၏ ဘယ်ဘက်လက်သည် မြွေလှံကို စည်းချက်ကျကျ လှုပ်ရှားနေပြီး ခရမ်းရင့်ရောင် ဝိညာဉ်စွမ်းအင် အဝိုင်းကွင်းများသည် သူ၏ လက်မောင်းမှတစ်ဆင့် မြွေလှံအတွင်းသို့ စီးဝင်သွားသည်။
မြွေလှံ၏ ထိပ်ဖျားမှနေ၍ ခရမ်းရောင် ဝိညာဉ်မြွေများ တစ်ကောင်ပြီးတစ်ကောင် ပျံထွက်လာကြသည်။ ထိုဝိညာဉ်မြွေ တစ်ကောင်ချင်းစီတွင် ရိုးရှင်းသော သိစိတ်ရှိပုံရပြီး ဝိညာဉ်သားရဲများ၏ အားနည်းချက်ကို ရှာဖွေကာ နှာခေါင်းနှင့် နားပေါက်များအတွင်းသို့ တိုးဝင်ပြီး သားရဲများ၏ ကလီစာများကို ပုပ်ဆွေးသွားစေကာ လျင်မြန်စွာ သေဆုံးစေတော့သည်။
“အဲဒီ ခရမ်းရောင် ဝိညာဉ်မြွေတွေက တကယ် အသက်ရှိနေတာလား” ကောင်းယွီသည် ပန်းဟုန်ကို အတန်ကြာ စောင့်ကြည့်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။
“အဲဒီ ခရမ်းရောင် ဝိညာဉ်မြွေတွေက အသက်ရှိတာ မဟုတ်ဘူး၊ အဲဒါတွေထဲမှာ ပန်းဟုန် ထည့်သွင်းထားတဲ့ စိတ်အာရုံသိစိတ်တွေ ရှိနေတာ။ ဝိညာဉ်မြွေ တစ်ကောင်ချင်းစီရဲ့ အတွင်းထဲမှာ ပန်းဟုန်ရဲ့ စိတ်ဆန္ဒ အမျှင်တန်းလေးတွေ ပါဝင်နေတယ်။ သူ့ရဲ့ စိတ်အာရုံသိစိတ်နဲ့ ဝိညာဉ်အကြား ဆက်နွှယ်မှုကို အသုံးချပြီး သူက ဝိညာဉ်မြွေ တစ်ကောင်ချင်းစီရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်နေတာလေ။ အဲဒါကြောင့် အဲဒီ ဝိညာဉ်မြွေတွေဟာ လေထဲမှာ တွန့်လိမ်လှုပ်ရှားနေပြီး အသက်ရှိနေသလို ထင်ရတာပေါ့”
ချင်လဲ့၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားကာ ထူးဆန်းသော အလင်းတန်းများ ဝင်းလက်နေ၏။ သူသည် ထိုအရာကို အာရုံခံနိုင်ရန် အစွမ်းကုန် ကြိုးစားရင်း ကောင်းယွီအား ရှင်းပြလိုက်ခြင်း ဖြစ်သည်။
သူသည် ကောင်းယွီနှင့် မတူပေ။
ကောင်းယွီသည် သေဆုံးသွားသော ဝိညာဉ်များနှင့် မကျေမချမ်း ဝိညာဉ်များကို အာရုံခံရာတွင် အလွန်ထူးချွန်သည်။
သို့သော် ချင်လဲ့၏ ဝိညာဉ်မှာ သာမန်လူများနှင့် မတူသောကြောင့် သူ၏ စိတ်အာရုံ ခံစားမှုမှာ ကောင်းယွီထက် အများကြီး ပိုမို ကောင်းမွန်လှပေသည်။ ထို့ကြောင့် ဝိညာဉ်များ၊ သိစိတ်များနှင့် သက်ရှိစွမ်းအင်များကို ရှာဖွေရာတွင် သူက ပို၍ အစွမ်းထက်၏။
ကောင်းယွီသည် သေခြင်းတရားနှင့် ဆက်နွှယ်သော အရာများကို အာရုံခံနိုင်ပြီး၊ သူကမူ ရှင်သန်ခြင်းနှင့် ဆက်နွှယ်သော အရာများကို အာရုံခံနိုင်ခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ဝိညာဉ်သားရဲအုပ်စုနှင့် တိုက်ခိုက်စဉ်အတွင်း သူသည် သားရဲများ၏ အတိုင်းအဆမရှိသော သက်ရှိစွမ်းအင်များကို အာရုံခံနိုင်ခဲ့ပြီး မည်သည့်အုပ်စုကို တိုက်ခိုက်သင့်သနည်း၊ မည်သည့်အုပ်စုကို ရှောင်ကွင်းသင့်သနည်း ဆိုသည်အား ဆုံးဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤအချက်ကြောင့်ပင် သူနှင့် ကောင်းယွီတို့သည် သူတို့အား အန္တရာယ်ပြုနိုင်သော သားရဲအုပ်စုနှင့် တစ်ကြိမ်မျှ မတိုးခဲ့ခြင်း ဖြစ်ပေသည်။
ယခုတစ်ကြိမ်တွင်လည်း သူသည် သူ၏ အာရုံခံစားမှုကို အစွမ်းကုန် အသုံးပြုလိုက်ရာ ခရမ်းရောင် ဝိညာဉ်မြွေ တစ်ကောင်ချင်းစီအတွင်း၌ ပန်းဟုန်း၏ အာရုံသိစိတ်များ ရှိနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
ပန်းဟုန်၏ မြွေလှံမှ ပျံထွက်လာသော ခရမ်းရောင် ဝိညာဉ်မြွေများသည် ဝိညာဉ်စွမ်းအင်နှင့် ထူးခြားသော ဝိညာဉ်ပညာရပ် တစ်ခုဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ ၎င်းတို့အားလုံးတွင် ပန်းဟုန်၏ စိတ်ဆန္ဒ အမျှင်တန်းလေးများ ပါဝင်နေပြီး သူ၏ ဝိညာဉ်နှင့် ဆက်သွယ်ကာ လွယ်ကူစွာ ထိန်းချုပ်နိုင်သဖြင့် ထိုဝိညာဉ်မြွေများသည် အလွန်ပင် ရက်စက်ပြီး အန္တရာယ်ကြီးမားနေခြင်း ဖြစ်ပေသည်။
“ဪ... အဲဒီလိုကိုး” ကောင်းယွီသည် ချင်လဲ့၏ ရှင်းပြချက်ကို ကြားပြီးနောက် နားလည်သွားကာ ဆက်ပြောသည်။ “ငါတော့ အလန့်တကြား ဖြစ်သွားတာပဲ။ အဲဒီ ဝိညာဉ်မြွေ တစ်ကောင်ချင်းစီမှာ ကိုယ်ပိုင်အသက် ရှိနေတယ်လို့ ထင်နေတာ။ သူက အဲဒီ ဝိညာဉ်မြွေတွေရဲ့ ဝိညာဉ်ကို ဝိညာဉ်လက်နက်ထဲမှာ ပိတ်လှောင်ထားပြီး တိုက်ပွဲကျမှ ထုတ်သုံးတယ်လို့ ထင်နေတာလေ”
“ဝိညာဉ်စွမ်းအင်ကို အသက်သွင်းတဲ့ ပညာဆိုတာ ဒဏ္ဍာရီထဲက ပညာရပ်တစ်ခုပဲ။ မင်းတို့ ကောင်လေးတွေကို ထားလိုက်ပါဦး၊ ငါကိုယ်တိုင်တောင် အဲဒီလိုအရာမျိုးကို တစ်ခါမှ မမြင်ဖူးဘူး” လျန်ကျန့်က မျက်လုံးတစ်ချက် ဝှေ့ယမ်းလိုက်ကာ ဆို၏။ “ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်ပေးတဲ့ နတ်ဘုရားအလင်းတန်းတစ်တန်း ကျဆင်းလာပြီး အသက်နဲ့ သိစိတ်ကို ပေးသနားလိုက်တဲ့အခါ အချိန်တိုအတွင်းမှာ မျိုးစိတ်အသစ်တစ်မျိုးအဖြစ် ပြောင်းလဲသွားတာမျိုးပေါ့... အဲဒီလို အံ့သြစရာကောင်းတဲ့ နည်းစနစ်အကြောင်းကို လူအများကြီး ကြားဖူးကြပေမဲ့ အဲဒါ တကယ် ရှိ၊ မရှိ ဆိုတာကတော့ သုတေသနပြုပြီး အတည်ပြုဖို့ လိုပါသေးတယ်”
လျန်ကျန့်က မျက်မှောင်ကြုတ်လျက် ဆက်ပြောသည်။ “အနည်းဆုံးတော့ ငါတို့ရဲ့ သွေးနီလှိုင်းတိုက်ကြီးမှာတော့ ဘယ်ကျင့်ကြံသူကမှ ဒီနတ်ဘုရား ပညာရပ်ကို မသိကြဘူး”
“ဝိညာဉ်စွမ်းအင်ကို အသက်သွင်းတဲ့ ပညာ...”
ချင်လဲ့နှင့် ကောင်းယွီတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာတွင် အားကျတောင့်တသော အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။
“အိပ်မက်တောင် မမက်နဲ့ဦး” လျန်ကျန့်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ချင်လဲ့ကို ထူးဆန်းစွာ ကြည့်လိုက်ကာ မေးသည်။ “ကောင်လေး... မင်းက ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်ကိုတောင် မရောက်သေးဘဲနဲ့ ဝိညာဉ်ထင်ရှားခြင်း အဆင့်မှာ ရှိတဲ့ ပန်းဟုန် သုံးနေတဲ့ ဝိညာဉ်ပညာရပ်ကို တကယ်ပဲ နားလည်နေတာလား။ ပြီးတော့ အပေါ်ယံ အသွင်အပြင်ကိုလည်း မတွေဝေဘဲ ဒါရဲ့ စစ်မှန်တဲ့ အနှစ်သာရကို တိုက်ရိုက် ပြောနိုင်တယ်... မင်းကတော့ တကယ်ကို မရိုးရှင်းဘူးပဲ”
“ကျွန်တော် နားမလည်သင့်ဘူးလား” ချင်လဲ့က အံ့သြသွားသည်။
“မင်း ဒါကို မျက်လုံးနဲ့ မြင်တာ မဟုတ်ဘဲ ဝိညာဉ်နဲ့ အာရုံခံလိုက်တာလေ။ ဆိုလိုတာက မင်းရဲ့ ဝိညာဉ်ဟာ တခြားလူတွေထက် အများကြီး ပိုပြီး ထိခိုက်လွယ်နေတာပဲ” လျန်ကျန့်ကလည်း ထူးဆန်းနေဟန်ဖြင့် ရေရွတ်သည်။ “ထူးဆန်းလိုက်တာ၊ မင်းက ဝိညာဉ်သန့်စင်ခြင်း အဆင့်က ကောင်လေးတစ်ယောက်ပဲ ရှိသေးတာ၊ ဝိညာဉ်ဆိုတာ ဘာလဲဆိုတာတောင် မသိလောက်သေးဘူး၊ ဒါပေမဲ့ မင်းရဲ့ အာရုံခံစားမှုက တကယ်ကို အံ့သြစရာ ကောင်းနေတယ်။ ထူးဆန်းတယ်... တကယ်ကို ထူးဆန်းတယ်...”
“ဝူး...”
နက်သာသားရဲကြီး၏ နောက်ကွယ်မှ နဂါးချိုကြံ့ တစ်ကောင်၏ ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ နဂါးချိုကြံ့ နှစ်ကောင်သည် ပခုံးချင်းယှဉ်လျက် ပြေးဝင်လာကြပြီး ၎င်းတို့နောက်တွင် အဆင့်တစ် ဝိညာဉ်သားရဲ အမြောက်အမြား လိုက်ပါလာကြသည်။
အနောက်ဘက်ကို တာဝန်ယူထားသော လျန်ကျန့်သည် သူ၏ အတွေးများအား ရပ်တန့်လိုက်သည်။ သူက ခေါင်းကို လှည့်လိုက်သည့်အခါ သူ၏ မျက်လုံးများအတွင်း၌ ထူးဆန်းလှသော အပြာရင့်ရောင် အလင်းတန်းများ ပေါ်ပေါက်လာ၏။
လျန်ကျန့်သည် ပါးစပ်ကို ဟလိုက်ပြီး လျှာအောက်မှနေ၍ အပြာရောင် လခြမ်းပုံသဏ္ဌာန် အရာလေးတစ်ခုကို ထွေးထုတ်လိုက်သည်။
ထိုလခြမ်းပုံသဏ္ဌာန်လေးမှာ လက်သည်းခွံခန့်သာ ရှိသော်လည်း လေထဲသို့ ပျံထွက်သွားသည့်အခါ လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။ ခဏချင်းအတွင်းမှာပင် ထိုအပြာရောင် လခြမ်းလေးမှာ ပန်းကန်ပြားခန့်အထိ ကြီးမားလာ၏။ လခြမ်း၏ အနားသတ်များမှာ ဓားသွားများကဲ့သို့ ချွန်ထက်နေပြီး လျင်မြန်စွာ လည်ပတ်လျက် နောက်ကွယ်မှ ဝိညာဉ်သားရဲအုပ်စုအတွင်းသို့ ပျံဝင်သွားတော့သည်။
ထိတ်လန့်စရာကောင်းသော အရိုးကျိုးသံများနှင့်အတူ ဝိညာဉ်သားရဲအုပ်စုအတွင်းမှ အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်လာ၏။
ချင်လဲ့နှင့် ကောင်းယွီတို့ လှည့်ကြည့်လိုက်သည့်အခါ နှစ်ဦးစလုံး၏ မျက်နှာများ ပျက်သွားကြတော့သည်။
ပန်းကန်ပြားခန့်ရှိသော အပြာရောင် လခြမ်းလေးသည် ကျွမ်းကျင်လိမ္မာစွာ လည်ပတ်နေပြီး ၎င်း၏ အနားသတ်များမှနေ၍ စူးရှလှသော အပြာရောင် အလင်းတန်းများကို ထုတ်လွှတ်နေသည်။ ထိုအပြာရောင် အလင်းတန်းများသည် လည်ပတ်နေသော ဓားများကဲ့သို့ပင် ပြေးဝင်လာသော ဝိညာဉ်သားရဲများကို သတ်ဖြတ်ပစ်လိုက်သဖြင့် သားရဲများမှာ သက်မဲ့အလောင်းများအဖြစ် ပြောင်းလဲသွားကြတော့သည်။
ဆယ်စက္ကန့်ခန့်အတွင်းမှာပင် သူတို့နောက်မှ လိုက်ပါလာသော ဝိညာဉ်သားရဲအုပ်စု၏ ထက်ဝက်ကျော်မှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
“ပြန်လာခဲ့”
လျန်ကျန့်က အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။ သူ၏ လျှာသည် တစ်စုံတစ်ခုကို ပြန်လည် မျိုချတော့မည့်အလား လှုပ်ရှားသွား၏။
တစ်ပတ်ပတ်၍ သတ်ဖြတ်ခဲ့သော အပြာရောင် လခြမ်းလေးသည် လေထဲတွင် ဝေ့ယမ်းလျက် ပြန်လည် ရောက်ရှိလာသည်။ ၎င်းသည် ပြန်လည် သေးငယ်သွားပြီးနောက် လျန်ကျန့်၏ လျှာအောက်တွင် ပြန်လည် ကိန်းအောင်းသွားတော့၏။
“ဒါကို အပြာရောင်လမင်းလို့ ခေါ်တယ်၊ ဒါက နက်နဲအဆင့်ငါး ဝိညာဉ်လက်နက်ပဲ” လျန်ကျန့်က မိတ်ဆက်ပေးလိုက်သည်။ “နက်နဲအဆင့် ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့ ဝိညာဉ်လက်နက်တွေမှာ ပုံရိပ်ယောင် ပုံသဏ္ဌာန် ဝိညာဉ်အစီရင် ပါဝင်မယ်ဆိုရင် အလိုရှိသလို ကြီးအောင်၊ သေးအောင် လုပ်လို့ရတယ်။ ခုနက အပြာရောင်လမင်းက သူ့ရဲ့ တကယ့် ပုံသဏ္ဌာန် မဟုတ်သေးဘူး။ သူ့ရဲ့ နောက်ဆုံး ပုံသဏ္ဌာန်က ဒီထက်တောင် ပိုပြီး ကြီးမားသေးတယ်”
“ပုံရိပ်ယောင် ပုံသဏ္ဌာန် ဝိညာဉ်အစီရင်တွေက ဝိညာဉ်လက်နက်တွေကို အလိုရှိသလို ကြီးအောင်၊ သေးအောင် လုပ်နိုင်တာလား... စိတ်ဝင်စားစရာပဲ” ချင်လဲ့၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။
“ငါတို့ မကြာခင် အထဲကို ဝင်တော့မယ်၊ မင်းတို့ နှစ်ယောက် ဂရုစိုက်ကြ” လျန်ကျန့်၏ အကြည့်မှာ တဖြည်းဖြည်း လေးနက်လာကာ ဆက်ပြောသည်။ “ရှုံ့ပါး၊ တုကျဲနဲ့ အခြား ကောင်လေးတွေက ဝိညာဉ်သားရဲအုပ်စု အဓိက အစိတ်အပိုင်းကို ဆွဲထုတ်သွားပေးလို့ တော်သေးတာပေါ့၊ မဟုတ်ရင် ငါတို့ ဒီလောက် လွယ်လွယ်ကူကူ ရမှာ မဟုတ်ဘူး၊ အထဲကို ဝင်ဖို့ စွမ်းအင်တွေ အများကြီး ပိုသုံးရမှာ။ ခဏနေရင် ချိုင့်ဝှမ်းထဲကို ဝင်တော့မယ်၊ မင်းတို့ နှစ်ယောက် ငါ့စကားကို နားထောင်ပြီး မလိုအပ်တဲ့ လှုပ်ရှားမှုတွေ မလုပ်ကြနဲ့”
ချင်လဲ့နှင့် ကောင်းယွီတို့က ခေါင်းညိတ်လိုက်ကြသည်။ ဤအချိန်တွင် သူတို့နှစ်ဦးလည်း ပတ်ဝန်းကျင်၌ ဝိညာဉ်သားရဲများ စုဝေးမနေတော့သည်ကို သတိပြုမိလိုက်ကြ၏။
ဝိညာဉ်သားရဲများတွင် နယ်မြေ သတ်မှတ်ချက် ရှိသည်ဟု လျန်ကျန့် ပြောခဲ့သည်ကို သူတို့ ကြားဖူးသည်။ အဆင့်နိမ့် ဝိညာဉ်သားရဲများသည် များသောအားဖြင့် အဆင့်မြင့် ဝိညာဉ်သားရဲများ၏ နယ်မြေအတွင်းသို့ မဝင်ရဲကြပေ။ ထိုဝိညာဉ်စုပ်သားရဲ မှာ အာတိတ်တောင်တန်းမှ သားရဲ မဟုတ်သော်လည်း ၎င်းသည် အဆင့်သုံး ဖြစ်နေပြီး အဆင့်လေးသို့ ရောက်ရန် အလွန်နီးစပ်နေသဖြင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်သားရဲများသည် သဘာဝ ဝိညာဉ်စွမ်းအင်များကို စုပ်ယူရန်အတွက် အနီးအနားတွင်သာ စုဝေးရဲကြပြီး ၎င်း၏ နေရာသို့မူ မချဉ်းကပ်ရဲကြပေ။
ထိုသည်က ဝိညာဉ်သားရဲများ၏ ဗီဇပင် ဖြစ်ပေသည်။
ယခုအခါတွင် ပတ်ဝန်းကျင်၌ အခြား ဝိညာဉ်သားရဲများ မရှိတော့ပေ။ ဆိုလိုသည်မှာ သူတို့သည် ဝိညာဉ်စုပ်သားရဲ လှုပ်ရှားနေသော နယ်မြေအတွင်းသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်းပင်။
“တကယ်လို့ မင်းတို့ ကောင်လေးနှစ်ယောက်က ငါတို့ကို အများကြီး ကူညီပေးနိုင်ပြီး ဒီဝိညာဉ်စုပ်သားရဲကို သတ်နိုင်အောင် ကူညီပေးနိုင်မယ်ဆိုရင် မြူတိမ်ဆောင်က ဆုလာဘ်တွေ အများကြီး ပေးရုံတင်မကဘဲ ငါတို့ဘက်ကလည်း လျစ်လျူရှုထားမှာ မဟုတ်ပါဘူး” သူတို့သည် အန္တရာယ်ရှိသော နယ်မြေအတွင်းသို့ ဝင်ရောက်တော့မည် ဖြစ်သဖြင့် လျန်ကျန့်က စိတ်ဓာတ်မြှင့်တင်ပေးလိုက်သည်။ “မင်းတို့ တစ်ယောက်ချင်းစီကို ပန်းဟုန်တို့ ဝတ်ထားသလို သားရဲအရေခွံ သံချပ်ကာ တစ်စုံစီ ပေးနိုင်ပါတယ်။ အဲဒီ သံချပ်ကာသာ ရှိမယ်ဆိုရင် မင်းတို့ဟာ ဝိညာဉ်ပေါက်ဖွားခြင်း အဆင့် ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ရရင်တောင်မှ အပြင်းအထန် ဒဏ်ရာရမှာ မဟုတ်တော့ဘူး”
“နောက်ထပ် ဘာတွေ ရှိသေးလဲ” ချင်လဲ့က စိတ်ဝင်တစား မေးလိုက်သည်။
“တကယ်လို့ ဝိညာဉ်စုပ်သားရဲကို သတ်နိုင်ခဲ့မယ်ဆိုရင်... သူ့ရဲ့ ခန္ဓာကိုယ်ကနေ ရရှိမယ့် ကောင်းမွန်တဲ့ ပစ္စည်းတွေ ရှိဦးမှာပါ။ အဲဒီအရာတွေက မင်းတို့ နှစ်ယောက်လုံးအတွက် အများကြီး အကျိုးရှိလိမ့်မယ်” လျန်ကျန့်က ကောင်းယွီကို ကြည့်ကာ ဆိုသည်။ “အထူးသဖြင့် မင်းပေါ့၊ အဲဒါတွေက မင်းကျင့်နေတဲ့ ဝိညာဉ်ပညာရပ်အတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်။ ငါတို့သာ ဝိညာဉ်စုပ်သားရဲကို မီးနဲ့ သေသေချာချာ သတ်နိုင်ခဲ့မယ်ဆိုရင် မင်းတို့ဟာ လက်ဆောင်တွေ အပြည့်နဲ့ ပြန်ရလိမ့်မယ်”
သူ၏ စကားကြောင့် ချင်လဲ့နှင့် ကောင်းယွီတို့သည် စိတ်လှုပ်ရှားသွားကြပြီး မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားတော့သည်။
“ဝူး...”
ရုတ်တရက်ပင် ကျောက်တော၏ အနက်ပိုင်းမှနေ၍ ကမ္ဘာကြီးကို တုန်ခါသွားစေလောက်သော သားရဲဟိန်းသံကြီး ထွက်ပေါ်လာသည်။
ထိုဟိန်းသံ ထွက်ပေါ်လာသည့်အခါ ကျောက်တောတစ်ခုလုံး တုန်ခါသွားပုံရ၏။ ကျောက်တောင်တိုင်များသည် အက်ကွဲပြီး ပေါက်ကွဲထွက်တော့မည့်အလား ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။
ချင်လဲ့နှင့် ကောင်းယွီတို့သည် သူတို့၏ ဦးခေါင်းအတွင်းသို့ မိစ္ဆာစွမ်းအားတစ်ခု တိုးဝင်လာသကဲ့သို့ ခံစားလိုက်ရသဖြင့် ရုတ်တရက် ခေါင်းကိုက်သွားကြသည်။ သူတို့သည် မျက်နှာများ ပြာနှမ်းလျက် ထိုဟိန်းသံ၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများကို ကာကွယ်ရန်အတွက် နားအား ပိတ်ထားလိုက်ကြရ၏။
လျန်ကျန့်၏ မျက်နှာထား ပြောင်းလဲသွားကာ ဆိုသည်။ “ဒါ ဝိညာဉ်စုပ်သားရဲပဲ”
“ဝှစ်...”
သူ၏ အောက်မှ နက်နဲသားရဲကြီးသည် ရုတ်တရက် အရှိန်အကုန်မြှင့်ကာ ရှေ့သို့ ပြေးထွက်သွားတော့သည်။ လျှပ်စီးတန်းတစ်တန်းကဲ့သို့ပင် ၎င်းသည် ကျဉ်းမြောင်းသော လမ်းကြောင်းတစ်ခုကို ဖြတ်ကျော်ကာ ထူးဆန်းသော တောင်ကြားချိုင့်ဝှမ်းတစ်ခု အတွင်းသို့ ဝင်ရောက်သွားခဲ့လေသည်။
ထိုတောင်ကြားချိုင့်ဝှမ်း ပတ်ပတ်လည်တွင် ကျောက်တိုင်များ စိုက်ထူထားသည်။ အပြင်ဘက်ရှိ ကျောက်တိုင်များသည် ဆယ်မီတာကျော် မြင့်သော်လည်း အတွင်းပိုင်းသို့ ရောက်လေလေ ပို၍ နိမ့်ဆင်းသွားလေလေ ဖြစ်၏။
တောင်ကြားချိုင့်ဝှမ်း တစ်ခုလုံး၏ ပုံသဏ္ဌာန်မှာ ပန်းကန်လုံးတစ်လုံးနှင့် တူလှသည်။ အပြင်ဘက်ဆုံးရှိ အမြင့်ဆုံး ကျောက်တိုင်များသည် ပန်းကန်လုံး၏ အနားသတ်များ ဖြစ်ပြီး ချိုင့်ဝှမ်း၏ အလယ်ဗဟိုမှာ ပန်းကန်လုံး၏ အောက်ခြေ ဖြစ်ပေသည်။
ပန်းကန်လုံး၏ အောက်ခြေနှင့် တူသော ထိုနေရာတွင် အမည်းရောင် ကျောက်ဂူကြီး တစ်လုံး ရှိနေသည်။ ထိုကျောက်ဂူကြီးမှာ မြေကြီး၏ အနက်ပိုင်းနှင့် တိုက်ရိုက် ဆက်သွယ်ထားပုံရ၏။ ဤအချိန်တွင် ထိုဂူဝမှနေ၍ အေးစက်ပြီး မှောင်မိုက်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ကမ္ဘာကြီးကို တုန်ခါစေခဲ့သော ထိုဟိန်းသံကြီးမှာလည်း ထိုကျောက်ဂူအတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
“ဘယ်လောက်တောင် ထူထပ်လှတဲ့ သဘာဝဝိညာဉ်စွမ်းအင်တွေလဲ”
နက်နဲသားရဲကြီး ရပ်တန့်သွားသည့်အခါ ချင်လဲ့သည် အသက်တစ်ချက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် အံ့သြတကြီး ရေရွတ်လိုက်မိသည်။ ထို့နောက် သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။
ပန်းကန်လုံးသဏ္ဌာန် ချိုင့်ဝှမ်းအတွင်း၌ အပြင်ဘက်သို့ ရောက်လေ မြင့်တက်သွားလေ ဖြစ်သော ကျောက်တိုင်များ ရှိနေသည်။ ချင်လဲ့၏ မျက်လုံးများ လှုပ်ရှားသွားပြီး ကျောက်တိုင်တစ်တိုင်ကို ကြည့်ကာ အော်ပြောလိုက်သည်။ “ဒီကျောက်တိုင်တွေရဲ့ တည်နေရာတွေက သဘာဝအတိုင်း မဟုတ်ဘူး၊ ဒါက နောက်ပိုင်းမှာ လူတွေက လက်နဲ့ ပြောင်းလဲထားတာပဲ။ ကျောက်တိုင်တွေရဲ့ အတွင်းထဲမှာ ဝိညာဉ်စုဆောင်းခြင်း တံဆိပ်ပြားတွေ အများကြီး ထည့်သွင်းထားတာပဲ။ အဲဒါကြောင့် ဒီနေရာမှာ ဝိညာဉ်စွမ်းအင်တွေက ဒီလောက်အထိ ထူထပ်နေတာပေါ့”
“မင်းကတော့လေ... တကယ်ကို မျက်စိစူးရှတဲ့ ကောင်လေးပဲ” လျန်ကျန့်က ပြောလိုက်လေသည်။
အခန်း (၉၄) အစွန်းရောက် ရှစ်မျက်နှာ မီးဝင်္ကပါ
ပန်းကန်လုံးသဏ္ဌာန် ချိုင့်ဝှမ်းအတွင်း၌ ဝိညာဉ်မျဉ်းကြောင်းများကဲ့သို့ ယှက်သန်းနေသော မြောင်းများမှာ ကျောက်သားမြေပြင်ပေါ်တွင် တောက်လောင်နေသော မီးပုံသဏ္ဌာန် ပန်းချီကားတစ်ချပ်ကို ရေးဆွဲထားသကဲ့သို့ ရှိနေပေသည်။
ထိုမြောင်းများ၏ အပေါ်ယံတွင် ပျော့ပျောင်းသော မြေဆီလွှာများကို ဖုံးအုပ်ထားသော်လည်း ၎င်းတို့၏ အောက်ဘက်မှနေ၍ အလင်းတန်းများ မှိန်ဖျော့ဖျော့ ထွက်ပေါ်နေ၏။ ထိုအလင်းတန်းများမှာ အထူးပြုလုပ်ထားသော သလင်းကျောက်များကြောင့် ဖြစ်ပုံရပေသည်။
ချိုင့်ဝှမ်း၏ အထက် ကောင်းကင်ယံတွင်မူ ပန်းကန်ပြားခန့်ရှိသော အမည်းရောင် တိမ်တိုက်များ စုဝေးနေကြသည်။ ထိုတိမ်တိုက်ပေါင်း ရာနှင့်ချီ၍ ရှိနေပြီး ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို အမှောင်အတိ ကျစေတော့၏။
၎င်းတို့အားလုံးမှာ ဝိညာဉ်စုပ်သားရဲ၏ ဝိညာဉ်အပိုင်းအစများပင် ဖြစ်ကြသည်။
ယခုအချိန်တွင် ဝိညာဉ်စုပ်သားရဲ၏ ဝိညာဉ်အပိုင်းအစများသည် အလင်းရောင်ကို ကွယ်ကာထားသည့် ထူထပ်လှသော အမည်းရောင် တိမ်တိုက်ကြီးများကဲ့သို့ ရှိနေပြီး ထိုတိမ်တိုက်များသည် အောက်ဘက်သို့ တဖြည်းဖြည်း တိုးဝင်နှိမ့်ဆင်းလာနေကြပေသည်။
ယခင်က ချင်လဲ့တို့၏ အပေါ်တွင် ဝိညာဉ်ငှက်များ အမြဲတစေ ပျံသန်းနေလေ့ရှိ၏။ လျန်ကျန့်သည် ထိုဝိညာဉ်ငှက်များ၏ အစွမ်းကို အသုံးချကာ ကျောက်တောအတွင်းရှိ လူတိုင်း၏ လှုပ်ရှားမှုနှင့် တည်နေရာအား အတိအကျ သိရှိနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ သူတို့၏ ခေါင်းပေါ်တွင် မည်သည့်ငှက်မျှ မရှိတော့ဘဲ ဝိညာဉ်စုပ်သားရဲ၏ ဝိညာဉ်အပိုင်းအစများသာ ရှိနေတော့၏။
မည်သည့် ဝိညာဉ်ငှက်မျှ ဝိညာဉ်စုပ်သားရဲ ကိန်းအောင်းရာ ချိုင့်ဝှမ်းအထက်တွင် ပျံသန်းဝံ့ခြင်း မရှိကြပေ။
ချိုင့်ဝှမ်းအတွင်းရှိ ဂူဝမှနေ၍ ဝိညာဉ်စုပ်သားရဲ၏ စစ်မှန်သော ခန္ဓာကိုယ်ကြီးသည် အခါအားလျော်စွာ ဟိန်းဟောက်နေ၏။ ဟိန်းဟောက်သံတိုင်းမှာ ကောင်းကင်ကြီးအား တုန်ခါသွားစေပြီး ကျောက်တိုင်များကိုပင် ပြင်းထန်စွာ ယိမ်းထိုးစေကာ ချိုင့်ဝှမ်းကြီးတစ်ခုလုံး ပြိုကျတော့မည့်အလား ဖြစ်ပေါ်စေတော့သည်။
ရှဲ့ကျင်ရွှမ်၏ လက်ထဲမှ ဓားကောက်ကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူမသည် နက်နဲသားရဲကြီးပေါ်မှ ဆင်းသက်လိုက်ပြီးနောက် အမည်းရောင် ဝိညာဉ်တစ်ကောင်ကဲ့သို့ပင် ချိုင့်ဝှမ်းအတွင်းသို့ လျင်မြန်စွာ ပြေးဝင်သွားတော့၏။
သူမသည် ချင်လဲ့ ပြုလုပ်ထားသော အဆင့်မြှင့်တင်ထားသည့် ဝိညာဉ်စုဆောင်းခြင်း တံဆိပ်ပြားများကို ချိုင့်ဝှမ်းအတွင်းရှိ ကျောက်တိုင်များပေါ်တွင် တစ်ပြားပြီးတစ်ပြား တပ်ဆင်လိုက်သည်။ ဝိညာဉ်စုဆောင်ခြင်း တံဆိပ်ပြားအသစ်များ၏ အစွမ်းကြောင့် ချိုင့်ဝှမ်းအတွင်းရှိ သဘာဝဝိညာဉ်စွမ်းအင်များသည် ပိုမို၍ ထူထပ်သိပ်သည်းလာတော့၏။
ပန်းဟုန်နှင့် အခြားအမှောင်အသူရာခန်းမမှ ကျင့်ကြံသူများသည် သူတို့၏ ယူနီကွန်များကို အပြင်ဘက်တွင် ထားရစ်ခဲ့ကြသည်။ သူတို့သည် လက်ရာမြောက်လှသော ဝိညာဉ်လက်နက်များကို ကိုင်ဆောင်လျက် တိုက်ပွဲအတွက် အဆင်သင့်ရှိနေကြပြီး သူတို့၏ မျက်နှာများမှာလည်း လေးနက်တည်ကြည်နေကြပေသည်။
“ဆင်းကြတော့” လျန်ကျန့်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူသည် နက်နဲသားရဲကြီးပေါ်မှ ဦးစွာ ဆင်းသက်လိုက်ပြီးနောက် ပန်းဟုန်တို့ အဖွဲ့ထံသို့ လေးနက်သော အမူအရာဖြင့် လျှောက်လှမ်းသွားတော့၏။
ယှက်သန်းနေသော မြောင်းတန်းများသည် သူ၏ အရှေ့တည့်တည့်တွင် ရှိနေသည်။ ပျော့ပျောင်းသော မြေဆီလွှာအောက်ရှိ သလင်းကျောက်များသည် ပိုမို၍ တောက်ပလာပုံရ၏။
ချင်လဲ့နှင့် ကောင်းယွီတို့သည်လည်း သားရဲကြီးပေါ်မှ ဖြည်းညှင်းစွာ ဆင်းသက်လိုက်ကြသည်။ သူတို့ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် နက်နဲသားရဲကြီးမှာ အခြားသားရဲများနှင့် ယူနီကွန်များ ရှိရာ ချိုင့်ဝှမ်းအပြင်ဘက်သို့ ချက်ချင်းပင် ထွက်ပြေးသွားတော့၏။
“ဝိညာဉ်စုပ်သားရဲဟာ နောက်တစ်ဆင့်ကို တက်လှမ်းတော့မယ့်အချိန်မှာ များသောအားဖြင့် မှောင်မိုက်ပြီး အေးစက်တဲ့ နေရာမျိုးကို ရှာဖွေလေ့ရှိတယ်။ အဲဒီ ဂူဝဟာ မြေအောက်က အေးစက်လှတဲ့ စမ်းရေထွက်ပေါက်နဲ့ တိုက်ရိုက်ဆက်သွယ်နေတဲ့ နေရာတစ်ခုပဲ။ ငါတို့က ဒီဝိညာဉ်စုပ်သားရဲကို နှိမ်နင်းဖို့အတွက် လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကတည်းက ဒီစမ်းရေထွက်ပေါက်ကို ပစ်မှတ်ထားခဲ့တာ”
လျန်ကျန့်က မျက်မှောင်ကြုတ်လျက် ဆက်ပြောသည်။ “ဝိညာဉ်ဝါးမြိုသားရဲ အကြောက်ဆုံးအရာ နှစ်ခု ရှိတယ်။ တစ်ခုက လျှပ်စီး၊ နောက်တစ်ခုက မီးပဲ။ ဒီအရာ နှစ်ခုစလုံးက ဝိညာဉ်ဝါးမြိုသားရဲကို အမှန်တကယ် သတ်ဖြတ်နိုင်စွမ်း ရှိကြတယ်”
“လျှပ်စီးရဲ့ စွမ်းအားကို အသုံးချဖို့ဆိုတာ တကယ်တော့ အလွန်ခက်ခဲသလို အဲဒါကို ခေါ်ယူဖို့ကလည်း မလွယ်ကူဘူး။ အဲဒါကြောင့် ငါတို့က ဒီစမ်းရေထွက်ပေါက်ကို ဗဟိုပြုပြီး အစွန်းရောက် ရှစ်မျက်နှာ မီးဝင်္ကပါကို ခင်းကျင်းထားခဲ့တာ။ ထူထပ်လှတဲ့ ဝိညာဉ်စွမ်းအင်တွေက ဒီမီးဝင်္ကပါရဲ့ စွမ်းအားကို အမြင့်ဆုံးအထိ ထွက်ပေါ်လာအောင် ကူညီပေးနိုင်လိမ့်မယ်။ ဒါကြောင့်လည်း ငါတို့က မီးလျှံတွေရဲ့ အရှိန်အဝါကို အစွမ်းကုန် မြှင့်တင်နိုင်ဖို့အတွက် လီဈေူဆိုင်ကနေ ဝိညာဉ်စုဆောင်းခြင်း တံဆိပ်ပြား အမြောက်အမြားကို ဝယ်ယူခဲ့ရတာပေါ့...”
“ဝူး... ဝူး... ဝူး”
လျန်ကျန့် စကားပြောနေစဉ်မှာပင် ဂူအတွင်းမှနေ၍ မှောင်မိုက်ပြီး အေးစက်လှသော လေပြင်းများ တိုက်ခတ်လာတော့၏။ ထိုအေးစက်လှသော လေများသည် ပျံ့နှံ့သွားကာ ချိုင့်ဝှမ်းကြီးတစ်ခုလုံးကို တဖြည်းဖြည်း အေးခဲသွားစေတော့သည်။
ဖိနှိပ်ထားသော၊ ရှုပ်ထွေးသော၊ ကျဉ်းကျပ်သော၊ နှင့် ရူးသွပ်စေသော အငွေ့အသက်မျိုးသည် ချိုင့်ဝှမ်း၏ နေရာတိုင်းသို့ တိတ်တဆိတ် ပျံ့နှံ့သွားကာ ထိုနေရာတွင် ရှိနေသော လူတိုင်းကို သက်ရောက်မှု ရှိစေတော့၏။
ချင်လဲ့၊ ကောင်းယွီနှင့် ဗိုလ်ချုပ်ပန်းဟုန်တို့ပင်လျှင် သူတို့၏ မျက်နှာအမူအရာများ အနည်းငယ် ပျက်ယွင်းသွားကြပြီး သူတို့၏ မျက်ဝန်းများအတွင်း၌ မိစ္ဆာစိတ်များ ကိန်းအောင်းလာပုံရပေသည်။
“စိတ်ကို ငြိမ်ငြိမ်ထားကြ” လျန်ကျန့်က အေးစက်စွာ အော်ပြောလိုက်၏။
လူတိုင်း၏ မျက်လုံးများမှာ သတိပြန်ဝင်လာကြပြီး သူ့ထံသို့ လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်များအတွင်း၌ တုန်လှုပ်မှုများ ထင်ဟပ်နေ၏။
“ဝိညာဉ်စုပ်သားရဲက အဆင့်တက်နေပြီ။ အပြင်ကို လွှတ်ထုတ်ထားတဲ့ ဝိညာဉ်အပိုင်းအစတွေကို သူ့ရဲ့ စစ်မှန်တဲ့ ခန္ဓာကိုယ်ထဲကို ပြန်လည် စုပ်ယူဖို့ လိုအပ်နေတယ်။ ခန္ဓာကိုယ်အပြင်ဘက်မှာ ရှိနေတဲ့ အဲဒီ ဝိညာဉ်အပိုင်းအစတွေဟာ ကျင့်ကြံသူတွေနဲ့ ဝိညာဉ်သားရဲတွေရဲ့ ဝိညာဉ်အမြောက်အမြားကို ဝါးမြိုခဲ့ကြတာ။ အဲဒီ ဝိညာဉ်တွေမှာ နာကျည်းတာ၊ ကြောက်ရွံ့တာ၊ စိတ်တိုတာ၊ ရူးသွပ်တာနဲ့ တခြား မကောင်းတဲ့ စိတ်ခံစားမှုတွေ အများကြီး ရောနှောနေကြတယ်”
လျန်ကျန့်က ကောင်းကင်ယံကို မော့ကြည့်လိုက်ရင်းဆိုသည်။ “သူ အဆင့်မတက်ခင်မှာ အဲဒီ ဝိညာဉ်အပိုင်းအစတွေထဲက အညစ်အကြေးတွေကို အရင်ဆုံး ဆေးကြောဖို့ လိုအပ်တယ်၊ အဲဒီလို လုပ်ပြီးမှသာ သူက အဲဒါတွေကို ပြန်စုပ်ယူနိုင်မှာ။ မင်းတို့ သေသေချာချာ အာရုံစိုက်ကြည့်ရင်၊ အဲဒီ အမည်းရောင် စိတ်ခံစားချက်တွေကို သန့်စင်ပေးနိုင်တဲ့ အေးစက်တဲ့ လှိုင်းတံပိုးတွေကို တွေ့ရလိမ့်မယ်”
ချင်လဲ့သည် ခေါင်းကို အလျင်အမြန် မော့ကြည့်လိုက်ပြီး အာရုံစိုက်လိုက်ရာ သူ၏ ခေါင်းအထက် မီတာအနည်းငယ် အကွာတွင် ဒီရေလှိုင်းများကဲ့သို့သော လှိုင်းတံပိုးများကို တွေ့ရှိလိုက်ရသည်။
ဝိညာဉ်စုပ်သားရဲ၏ အမည်းရောင် တိမ်တိုက်ကဲ့သို့သော ဝိညာဉ်အပိုင်းအစများသည် အောက်သို့ တဖြည်းဖြည်း ဆင်းသက်လာသည့်အခါ ထိုအေးစက်လှသော လှိုင်းတံပိုးများကို ဖြတ်ကျော်ကြရ၏။
ထိုအချိန်တွင် ဝိညာဉ်ဝါးမြိုသားရဲ၏ ဝိညာဉ်အပိုင်းအစများထဲမှ မီးခိုးရောင် အငွေ့အသက်များ ထွက်ပေါ်လာသည်ကို တွေ့ရပေသည်။
ထိုမီးခိုးရောင် အရာဝတ္ထုများသည် ဝိညာဉ်အပိုင်းအစများမှ ကွဲထွက်သွားသည့်အခါ ချိုင့်ဝှမ်း၏ နေရာတိုင်းသို့ ပျံ့နှံ့သွားတော့၏။ ၎င်းတို့တွင် ပြင်းထန်လှသော အမည်းရောင် စိတ်ခံစားမှုများ ပါဝင်နေပြီး ကျင့်ကြံသူတစ်ဦး၏ စိတ်နှလုံးကို ထိခိုက်စေနိုင်ပေသည်။
“သန့်စင်ပြီးသား အညစ်အကြေးတွေ၊ ရှုပ်ထွေးနေတဲ့ မှတ်ဉာဏ်တွေနဲ့ ရူးသွပ်စေတဲ့ စိတ်ခံစားမှုတွေဟာ အချိန်ကြာလာတာနဲ့အမျှ စုပုံလာလိမ့်မယ်။ အဲဒါတွေက ချိုင့်ဝှမ်းရဲ့ နေရာတိုင်းကို ပျံ့နှံ့သွားပြီး မင်းတို့ရဲ့ စိတ်ဓာတ်ခိုင်ခံ့မှုကို တဖြည်းဖြည်း တိုက်စားသွားလိမ့်မယ်” လျန်ကျန့်က ခေါင်းငုံ့လိုက်ပြီး ချင်လဲ့နှင့် ကောင်းယွီကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ “မင်းတို့ နှစ်ယောက်က အဆင့်အနိမ့်ဆုံး ဖြစ်နေတော့ ဝိညာဉ်တိုက်စားခြင်းကို အခံရဆုံး ဖြစ်လိမ့်မယ်။ မင်းတို့ ပထမဆုံး ရင်ဆိုင်ရမှာက မင်းတို့ရဲ့ ကိုယ်ပိုင်စိတ်နှလုံးပဲ။ မှတ်ထားပါ... မင်းတို့ရဲ့ စိတ်နှလုံးကို ကာကွယ်ထားကြ၊ အဲဒီ အမည်းရောင် စိတ်ခံစားမှုတွေရဲ့ လွှမ်းမိုးမှုကို မခံရစေနဲ့။ မဟုတ်ရင် မင်းတို့ဟာ အသုံးမဝင်ရုံတင်မကဘဲ ဝန်ထုပ်ဝန်ပိုးပါ ဖြစ်သွားလိမ့်မယ်”
“နားလည်ပါပြီ” ချင်လဲ့နှင့် ကောင်းယွီတို့က ပြိုင်တူ ဖြေကြားလိုက်ကြသည်။
ဤအချိန်တွင် ရှဲ့ကျင်ရွှမ်သည် အဆင့်မြှင့်ထားသော ဝိညာဉ်စုဆောင်းခြင်း တံဆိပ်ပြား အားလုံးကို တစ်ခုပြီးတစ်ခု တပ်ဆင်ပြီးသွားခဲ့ပြီ ဖြစ်ရာ ချိုင့်ဝှမ်းအတွင်းရှိ သဘာဝဝိညာဉ်စွမ်းအင်များသည် ပိုမို၍ ထူထပ်လာတော့၏။
“ငါ အခု အစွန်းရောက် ရှစ်မျက်နှာ မီးဝင်္ကပါကို အသက်သွင်းတော့မယ်။ ငါ့ကို ကာကွယ်ပေးဖို့ ပြင်ဆင်ထားကြ၊ ပြီးတော့ ယုတ်မာတဲ့ ဝိညာဉ်တွေရဲ့ တိုက်ခိုက်တာကိုလည်း သတိထားကြဦး” သူမသည် လျှပ်စီးတန်းတစ်တန်းကဲ့သို့ပင် လျန်ကျန့်၏ ဘေးတွင် ရုတ်တရက် ပေါ်လာပြီး လူအုပ်ကြီး၏ ခြေရင်းနားရှိ မြောင်းတန်းတစ်သွယ်၏ ဘေးတွင် ထိုင်ချလိုက်တော့၏။
သူမ၏ ဖြူစင်လှသော လက်ချောင်းပေါ်ရှိ သိုလှောင်လက်စွပ်မှနေ၍ တောက်လောင်နေသော ကြက်သွေးရောင် အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ လူတိုင်း သေသေချာချာ ကြည့်လိုက်သည့်အခါ ထိုအလင်းတန်းမှာ လက်သည်းခွံခန့်ရှိသော ကျောက်မျက်ရတနာတစ်ခုမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိလိုက်ကြရ၏။
ထိုကျောက်မျက်မှာ ကြက်သွေးရောင် ကျောက်စိမ်းတစ်တုံးနှင့် တူလှသည်။ ၎င်းသည် ကြည်လင်တောက်ပနေပြီး ၎င်း၏ အတွင်းပိုင်းတွင် ကြက်သွေးရောင် မီးလျှံအစုအဝေးတစ်ခုကို ပိတ်လှောင်ထားပုံရပေသည်။
ထိုတောက်လောင်နေသော အလင်းတန်းမှာ ကျောက်မျက်အတွင်းရှိ မီးလျှံမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ အစပိုင်းတွင် ၎င်းသည် အလွန်ပင် နှေးကွေးသော်လည်း တဖြည်းဖြည်းနှင့် ကြီးမားလာတော့သည်။
ကျောက်မျက်အတွင်း၌ လက်သီးဆုပ်ခန့်ရှိသော မီးလျှံတစ်စ ဦးစွာ ဖြစ်ပေါ်လာပြီးနောက် ချက်ချင်းပင် အပြင်သို့ ပျံထွက်သွား၏။ ၎င်းသည် ပျံသန်းနေသော မီးငှက်တစ်ကောင်ကဲ့သို့ပင် သူမ၏ အရှေ့ရှိ မြောင်းတန်းအတွင်းသို့ ဆင်းသက်သွားတော့သည်။
“ရှဲ...”
မြောင်းတန်းသည် ရုတ်တရက် ပြင်းထန်စွာ တောက်လောင်သွားတော့၏။ တောက်လောင်နေသော အလင်းတန်းမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး မြောင်းတန်းတစ်သွယ်လုံးမှာ ဒေါသထွက်နေသော မီးနဂါးတစ်ကောင်အဖြစ် ချက်ချင်း ပြောင်းလဲသွားသကဲ့သို့ပင် ရှိနေတော့သည်။
ဆယ်မီတာကျော် ရှည်လျားသော ထိုမြောင်းတန်းမှာ လက်မောင်းတစ်ဆန့်ခန့် ကျယ်ဝန်းပေသည်။ ယခုအခါတွင်မူ မီးလျှံများမှာ ပြင်းထန်စွာ တောက်လောင်နေပြီး တဖြောက်ဖြောက် အသံများနှင့်အတူ ချိုင့်ဝှမ်းအတွင်းရှိ အေးစက်သော အငွေ့အသက်များကို ချက်ချင်းပင် ဖယ်ရှားလိုက်တော့၏။
ချင်လဲ့က အနားသို့ တိုး၍ ကြည့်လိုက်သည့်အခါ၊ မြောင်းတန်း၏ မြေဆီလွှာအောက်တွင် နေရောင်ခြည်ကျောက်တုံးများကို ခင်းကျင်းထားသည်အား တွေ့လိုက်ရ၏။
ထိုသည်က မီးသလင်းကျောက်ထက် တစ်ဆင့် ပိုမြင့်သော နက်နဲ အဆင့်နှစ် ဝိညာဉ်ပစ္စည်း တစ်ခုပင် ဖြစ်သည်။ ၎င်းသည် နက်နဲအဆင့် ဝိညာဉ်လက်နက်များကို သွန်းလုပ်ရာတွင် လိုအပ်သော အဓိက မီးအရင်းအမြစ်များထဲမှ တစ်ခု ဖြစ်ပေသည်။
နေရောင်ခြည်ကျောက်တုံး၏ မီးလျှံများသည် အလွန်မာကြောလှသော နက်နဲအဆင့် သတ္တုနှင့် ကျောက်တုံးများကို အရည်ပျော်သွားစေနိုင်ပြီး ၎င်းမှ ထွက်ပေါ်လာသော အပူရှိန်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
၎င်းကို တစ်ကြိမ် မီးရှို့လိုက်ပြီးနောက် အကယ်၍ အထူးနည်းစနစ်များဖြင့် ထိုမီးစွမ်းအားကို ဆွဲထုတ်အသုံးမပြုပါက ရက်ပေါင်းများစွာတိုင်အောင် အဆက်မပြတ် တောက်လောင်နေနိုင်ပေသည်။
မီတာဆယ်ကျော် ရှည်လျားသော ထိုမြောင်းတန်းတစ်သွယ်လုံးတွင် နေရောင်ခြည်ကျောက်တုံးများကို ခင်းကျင်းထားခြင်း ဖြစ်၏။ ဤကဲ့သို့သော အခမ်းအနားကြီးကျယ်လှသည့် စီစဉ်မှုကို မြင်လိုက်ရသည့်အခါ ချင်လဲ့မှာ အံ့သြမဆုံး ဖြစ်သွားတော့သည်။
“ငါ့ကို ကာကွယ်ကြ”
ရှဲ့ကျင်ရွှမ်က ခပ်တိုးတိုး အမိန့်ပေးလိုက်ပြီးနောက် မျက်လုံးများကို ချက်ချင်း ပိတ်လိုက်၏။ သူမသည် ကျောက်မျက်အတွင်းရှိ မီးလျှံများကို အသုံးချကာ မြောင်းတန်းအတွင်းရှိ နေရောင်ခြည်ကျောက်တုံးများအား မီးရှို့ရန်အတွက် သူမ၏ စွမ်းအားများကို စုစည်းနေပုံရပေသည်။
မြောင်းတန်းတစ်သွယ်အတွင်းရှိ နေရောင်ခြည်ကျောက်တုံးများ မီးစွဲသွားသည့်အခါ မီးနဂါးတစ်ကောင် ဖြစ်ပေါ်လာသကဲ့သို့ ရှိနေပြီး ချိုင့်ဝှမ်းအတွင်းရှိ အေးစက်မှုများကို လုံးဝ ဖိနှိပ်လိုက်တော့၏။
ဂူအတွင်း၌ အဆင့်တက်ရန် အစွမ်းကုန် ကြိုးစားနေသော ဝိညာဉ်စုပ်သားရဲသည် ချိုင့်ဝှမ်းအတွင်းရှိ အပြောင်းအလဲများကို သတိပြုမိလိုက်သည်။ ၎င်းသည် ချက်ချင်းပင် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီးနောက် ယုတ်မာပြီး အေးစက်လှသော သိစိတ်လှိုင်းများကို ကောင်းကင်ယံသို့ ရုတ်တရက် လွှတ်ထုတ်လိုက်တော့၏။
ကောင်းကင်ယံရှိ ဝိညာဉ်အပိုင်းအစ တိမ်တိုက်များသည် ရုတ်တရက် ဒေါသထွက်လာကြသည်။
ဝိညာဉ်အပိုင်းအစ ဆယ်စခန့်မှာ ဆက်လက်၍ သန့်စင်ခြင်း မပြုတော့ဘဲ တစ်စနှင့်တစ်စ ပေါင်းစပ်သွားကြပြီးနောက် စိမ်းဖျော့ဖျော့ မျက်နှာနှင့် စူးရှလှသော အစွယ်များ ရှိသည့် မျက်လုံးတစ်လုံးတည်းပါသော မိစ္ဆာကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားကြတော့၏။
ချိုင့်ဝှမ်းအတွင်းရှိ အမည်းရောင် စိတ်ခံစားမှုများ အားလုံးမှာ ထိုမျက်လုံးတစ်လုံးတည်းပါသော မိစ္ဆာကြီးထံသို့ ရုတ်တရက် စုစည်းသွားကြပြီးနောက် ရှဲ့ကျင်ရွှမ်၏ ဦးခေါင်းအထက်မှနေ၍ တဟုန်ထိုး ပြေးဆင်းလာတော့သည်။
အေးစက်ပြီး ယုတ်မာလှသော ကြောက်ရွံ့မှု လှိုင်းတံပိုးများသည် နှင်းပြိုကျသကဲ့သို့ပင် ပြေးဝင်လာရာ ၎င်းတို့၏ လမ်းကြောင်းပေါ်တွင် ရှိနေသော မည်သည့် အားနည်းသူကိုမဆို တိုက်ရိုက် သတ်ဖြတ်ပစ်တော့မည့်အလား ရှိနေတော့၏။
ထိုနေရာတွင် ရပ်နေသော ချင်လဲ့နှင့် ကောင်းယွီတို့သည် အရပ်မျက်နှာ အသီးသီးမှ မိစ္ဆာများနှင့် သတ္တုဝါးများ သူတို့ထံသို့ သတ်ဖြတ်ရန် ပြေးဝင်လာကြသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့သည် ငရဲ၏ အနက်ဆုံးနေရာတွင် ပိတ်မိနေသကဲ့သို့ ခံစားရပြီး သူတို့၏ အသားနှင့် သွေးများကို မရေမတွက်နိုင်သော မိစ္ဆာများက တစ်စစီ ကိုက်ဖြတ် ဝါးမြိုတော့မည့်အလား ထင်မှတ်နေကြတော့၏...။
သူတို့၏ စိတ်အာရုံအတွင်း၌ သူတို့၏ လက်မောင်းများ၊ ခြေထောက်များနှင့် သူတို့၏ နှလုံးသားများကိုပင် ထိုကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာများက သွေးသံရဲရဲဖြင့် ဆွဲဖြတ်ဝါးမြိုနေကြသည်ကို မြင်နေရပေသည်။
၎င်းသည် လူတစ်ဦးကို ချက်ချင်း ပျက်စီးသွားစေနိုင်ပြီး တစ်သက်လုံး ပြန်လည် နိုးထလာနိုင်ခြင်း မရှိတော့အောင် ပြုလုပ်နိုင်သော ဖော်ပြမရနိုင်သည့် ကြောက်ရွံ့မှုကြီးပင် ဖြစ်ပေသည်။
ဤသည်က ဝိညာဉ်စုပ်သားရဲ၏ ဝိညာဉ်တုန်ခါမှုပင် ဖြစ်၏။ ၎င်းသည် ဝိညာဉ်များကို တိုက်ခိုက်ရန်နှင့် လူတစ်ဦး၏ စိတ်နှလုံးကို ဖျက်ဆီးရန်အတွက် အထူးပြုလုပ်ထားသော နည်းစနစ် ဖြစ်ပေသည်။
ဤအချိန်တွင် ချင်လဲ့သည် သူ၏ ပတ်ဝန်းကျင်ရှိ မည်သူ့ကိုမျှ မမြင်ရတော့ပေ။ သူ ခံစားနေရသည်မှာ သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျောက်ကွယ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော ငရဲကိုးထပ်တွင် မိစ္ဆာများ၏ ဝါးမြိုခြင်းကို ခံနေရသည်ဟုသာ ဖြစ်၏။
“ဟင့်အင်း... မဟုတ်ဘူး”
သူသည် အသည်းအသန် အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရှိသမျှ အင်အားအားလုံးကို အသုံးချကာ အော်ဟစ်လျက် ထိုကြောက်မက်ဖွယ်ကောင်းသော နယ်မြေနှင့် အဆုံးမရှိသော ငရဲမှ လွတ်မြောက်ရန် ကြိုးစားနေတော့၏။
ပွက်ပွက်ဆူနေသော သွေးပင်လယ်နှင့် မရေမတွက်နိုင်သော အလောင်းများအကြားတွင် အဆုံးမရှိသော မိစ္ဆာများသည် ရုပ်ဆိုးလှစွာ ရယ်မောလျက် သူ၏ထံသို့ အစွမ်းကုန် ပြေးဝင်လာကြပြန်သည်...။
သူသည် ဤမိစ္ဆာကမ္ဘာ၏ အရသာရှိလှသော အစားအစာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
“ဟင့်အင်း” သူသည် ရူးသွပ်စွာ ဟိန်းဟောက်လိုက်၏။ သူ၏ သိစိတ်များမှာ ဝေဝါးလာပြီး သူ၏အပေါ်တွင် လွှမ်းမိုးမှုများမှာ ပိုမို၍ ဆိုးရွားလာတော့သည်။
သူ လုံးဝ လက်လျှော့ အရှုံးပေးတော့မည့် ဆဲဆဲမှာပင်... သူ၏ နဖူးအတွင်းဘက်မှနေ၍ အေးစက်သော ခံစားချက်တစ်ခု တဖြည်းဖြည်း ပေါ်ပေါက်လာတော့၏...။
အဆုံးမရှိသော မိစ္ဆာကမ္ဘာကြီးအတွင်း၌ လင်းလက်သော အလင်းတန်းတစ်စသည် သူ၏ မျက်စိရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအေးစက်လှသော အလင်းတန်းသည် ယုတ်မာမှုအားလုံးအား ဆေးကြောပေးနိုင်ပြီး အညစ်အကြေး အားလုံးကို သန့်စင်ပေးနိုင်ပုံရပေသည်။
ပွက်ပွက်ဆူနေသော သွေးပင်လယ်ကြီးနှင့် မရေမတွက်နိုင်သော အလောင်းများ၊ မိစ္ဆာများ လှည့်လည်သွားလာနေသည့် ကမ္ဘာကြီးမှာ ထိုအလင်းတန်း၏ ထွက်ပေါ်လာမှုကြောင့် ရုတ်တရက် အပိုင်းပိုင်း ကွဲကြေသွားတော့၏။
ကွဲအက်သွားသော မှန်တစ်ချပ်ကဲ့သို့ပင် ထိုကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းများသည် အပိုင်းပိုင်း ပြတ်တောက်သွားကြပြီး သူ၏ စိတ်အတွင်း၌ နက်ရှိုင်းစွာ နစ်မြုပ်နေသော မြင်ကွင်းများသည် နှင်းများ အရည်ပျော်သွားသကဲ့သို့ ပျောက်ကွယ်သွားတော့သည်။
သူသည် စစ်မှန်သော ကမ္ဘာလောကထဲသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူသည် သူ၏ ပတ်ဝန်းကျင်ရှိ လူများကို နောက်ဆုံးတွင် မြင်လိုက်ရတော့၏။
ချိုင့်ဝှမ်းအတွင်း၌ ရုပ်ဆိုးလှသော မိစ္ဆာများစွာမှာ အရပ်မျက်နှာ အသီးသီးမှနေ၍ ဟိန်းဟောက်လျက် သူ့ထံသို့ ပြေးဝင်လာနေကြသည်။
လျန်ကျန့်နှင့် အမှောင်အသူရာခန်းမမှ ကျင့်ကြံသူများသည် သူတို့၏ လက်ရာမြောက်လှသော ဝိညာဉ်လက်နက်များကို ဝေ့ယမ်းလျက် လှပသော အလင်းတန်း ကာကွယ်ရေးနံရံများကို တည်ဆောက်ကာ ဝိညာဉ်စုပ်သားရဲ၏ ဝိညာဉ်အပိုင်းအစများမှ ဖြစ်ပေါ်လာသော ထိုမိစ္ဆာများကို ဟန့်တားထားကြပေသည်။
သူတို့သည် တိုက်ပွဲတွင် အာရုံအပြည့် ထည့်ထားကြပြီး သူတို့၏ မျက်နှာအမူအရာများမှာလည်း အလွန်ပင် လေးနက်တည်ကြည်နေကြ၏။
ကောင်းယွီမှာမူ သူ၏ ဘေးတွင် အော်ဟစ်နေပြီး သူ၏ မျက်နှာမှာ တစ်ခါတစ်ရံတွင် ခက်ထန်နေကာ တစ်ခါတစ်ရံတွင်မူ အလွန်အမင်း ကြောက်ရွံ့နေသည့် အမူအရာမျိုး ဖြစ်ပေါ်နေပေသည်။
သူသည် ဝိညာဉ်စုပ်သားရဲ၏ ယုတ်မာလှသော သိစိတ်လွှမ်းမိုးမှုမှ မလွတ်မြောက်သေးပေ။
ရှဲ့ကျင်ရွှမ်သည် မျက်လုံးများကို ပိတ်ထားပြီး ကျောက်မျက်အတွင်းရှိ မီးလျှံများကို အသက်သွင်းရန် အာရုံစိုက်နေဆဲ ဖြစ်သည်။ သူမ၏ ကျောက်မျက်အတွင်းမှ မီးလျှံအမြောက်အမြား ဖြစ်ပေါ်လာပြီး ၎င်းတို့သည် အပြင်သို့ ပျံထွက်ကာ အခြားသော မြောင်းတန်းများပေါ်သို့ ဆင်းသက်သွားသည့်အခါ နေရောင်ခြည်ကျောက်တုံးများကို မီးစွဲသွားစေပြီး မီးနဂါးအသစ်များအား ထပ်မံ ဖြစ်ပေါ်စေတော့၏။
ယခုအခါတွင် ချိုင့်ဝှမ်းအတွင်း၌ မီးနဂါး ခုနစ်ကောင် ဖြစ်ပေါ်နေပြီ ဖြစ်ရာ တောက်လောင်နေသော မီးလျှံများသည် အလွန်ပင် လင်းလက်နေသဖြင့် သူတို့၏ ဘေးရှိ ကျောက်တိုင်များမှာပင် လုံးဝ နီရဲနေတော့သည်။
မူလက သာမန် ကျောက်တိုင်များမှာ မီးအပူရှိန်ကြောင့် ပြင်းထန်စွာ ပူနွေးလာပြီးနောက် ၎င်းတို့၏ မျက်နှာပြင်ပေါ်တွင် နီရဲသော ဝိညာဉ်အစီရင်များ ထွက်ပေါ်လာတော့၏။ ထိုဝိညာဉ်အစီရင်များသည် မီးလျှံများနှင့်အတူ ပဲ့တင်ထပ်လျက် အသက်ဝင်လာကြပြီး ကျောက်တိုင်ကြီးများကို တဖြည်းဖြည်း တောက်လောင်လာစေတော့သည်...
အစွန်းရောက် ရှစ်မျက်နှာ မီးဝင်္ကပါသည် တဖြည်းဖြည်း ပုံဖော်လာနေပြီ ဖြစ်လေသည်။