အခန်း (၉၅-၉၆)
Vol. 10 Ch. 95-96
အခန်း (၉၅) မိစ္ဆာဝိညာဉ်များ
ဝိညာဉ်စုပ်သားရဲသည် ၎င်း၏ အဆင့်တက်လှမ်းမည့် ခရီးလမ်းကို စတင်ရုံသာ ရှိသေးသော်လည်း ရှဲ့ကျင်ရွှမ်က အစွန်းရောက် ရှစ်မျက်နှာ မီးဝင်္ကပါကို အသက်သွင်းလိုက်သောကြောင့် အရှိန်သတ်လိုက်ရတော့၏။
၎င်း၏ စစ်မှန်သော ခန္ဓာကိုယ်ကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည့်အခါ ကောင်းကင်ယံတွင် သန့်စင်ရန် ပြင်ဆင်နေသော ဝိညာဉ်အပိုင်းအစ အားလုံးတို့သည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကြပြီး လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာဝိညာဉ် အမြောက်အမြားအဖြစ် ပြောင်းလဲသွားကြတော့သည်။
ထိုမိစ္ဆာဝိညာဉ်များသည် မီတာအနည်းငယ်ခန့် မြင့်ကြပြီး ခန္ဓာကိုယ်များမှာ မင်ရည်ကဲ့သို့ နက်မှောင်နေကြ၏။ ၎င်းတို့နှင့်အတူ ကြမ်းတမ်းမှု၊ ဖိနှိပ်မှုနှင့် ရက်စက်မှု စသည့် စိတ်လှိုင်းတံပိုးများကို သယ်ဆောင်လာကြသည်။ ၎င်းတို့သည် ကောင်းကင်ယံမှနေ၍ တဟုန်ထိုး ဆင်းသက်လာကြပြီး ဤနှောင့်ယှက်သူများကို အပိုင်းပိုင်းဆွဲဖြတ်ကာ ဝါးမြိုပစ်ရန် ကြိုးစားနေကြတော့၏။
ရှဲ့ကျင်ရွှမ်မှာမူ မျက်လုံးများကို မှိတ်ထားဆဲ ဖြစ်သည်။ သူမသည် အောက်သို့ ဆင်းသက်လာနေသော မိစ္ဆာဝိညာဉ်များကို အနည်းငယ်မျှ ဂရုမထားဘဲ မြောင်းတန်းများအတွင်းရှိ ကျန်ရှိနေသော နေရောင်ခြည် ကျောက်တုံးများကို မီးကူးစက်နိုင်ရန်သာ အာရုံစိုက်နေပေသည်။
သို့သော် လျန်ကျန့်၊ ပန်းဟုန်နှင့် အခြားအမှောင်အသူရာခန်းမမှ ကျင့်ကြံသူများမှာမူ ကြောက်မက်ဖွယ်ကောင်းသော ရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ ရှိနေကြ၏။
သူတို့၏ မျက်နှာများမှာ တည်ကြည်လေးနက်နေပြီး ဝိညာဉ်စွမ်းအင်များကို အစွမ်းကုန် ထုတ်လွှတ်ကာ အရောင်အသွေးစုံလင်သော အလင်းတံတိုင်းများအား တည်ဆောက်ထားကြသည်။ ၎င်းတို့သည် မိစ္ဆာဝိညာဉ်များ ကျူးကျော်ဝင်ရောက်ခြင်း မပြုနိုင်ရန်အတွက် ခိုင်မာလှသော ကာကွယ်ရေးစည်းကို တည်ဆောက်ထားကြခြင်း ဖြစ်ပေသည်။
“သတ်ကြ၊ သတ်ပစ်ကြစမ်း။ သတ်... သတ်... သတ်”
ကောင်းယွီ၏ မျက်နှာမှာ ရုပ်ပျက်ဆင်းပျက် တွန့်လိမ်နေပြီး သူသည် ရုတ်တရက် ထရပ်လိုက်၏။ သူ၏ မျက်လုံးများအတွင်း၌ ရူးသွပ်မှုနှင့် ကြမ်းတမ်းမှုများဖြင့် ပြည့်နှက်နေသည်။ သူ၏ ဘီလူးမျက်နှာ လက်စွပ်များပေါ်တွင် မကျေမချမ်း ဝိညာဉ်အစုအဝေးများ ဖြစ်ပေါ်လာတော့၏။
သူသည် သူနှင့် အနီးဆုံးတွင် ရှိနေသော ပန်းဟုန်းကို ရုတ်တရက် တိုက်ခိုက်လိုက်လေသည်။
“ဝှစ်...”
မီးခိုးရောင် မကျေမချမ်း ဝိညာဉ်များဖြင့် ဖွဲ့စည်းထားသော မီးခိုးရောင် မြစ်တစ်စင်းသည် သူ၏ လက်ဖဝါးနှစ်ဖက်မှ ထွက်ပေါ်လာပြီး ပန်းဟုန်၏ ရင်ဘတ်ဆီသို့ စီးဝင်သွားတော့၏။
ပန်းဟုန်မှာမူ ခရမ်းရောင် ဝိညာဉ်မြွေကို အသုံးချကာ ခရမ်းရောင် အလင်းကာကွယ်ရေးစည်းကို တည်ဆောက်ရန် အင်အားအကုန် စိုက်ထုတ်နေရသူ ဖြစ်သည်။ သူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ထိုနှောင့်ယှက်လှသော မီးခိုးရောင်မြစ်ကို လက်ဖြင့် ရိုက်ဖျက်ပစ်ရန် ပြင်လိုက်၏။
အကယ်၍ ဝိညာဉ်ထင်ရှားခြင်းအဆင့်တွင် ရှိသော ပန်းဟုန်ကသာ အင်အားကို မထိန်းဘဲ တိုက်ခိုက်လိုက်မည်ဆိုလျှင် ကောင်းယွီ မသေလျှင်ပင် ဒဏ်ရာ အပြင်းအထန် ရသွားမည်မှာ သေချာသည်။
“မလုပ်ပါနဲ့။ သူ့ကို ကျွန်တော့်လက်ထဲပဲ ထားလိုက်ပါ”
ချင်လဲ့က အလန့်တကြား အော်ပြောလိုက်ပြီး ပန်းဟုန်း မတိုက်ခိုက်မီမှာပင် ကောင်းယွီ၏ အရှေ့တွင် အမြန်ပိတ်ရပ်လိုက်သည်။ သူသည် သူ၏ ဘယ်ဘက်လက်ထဲမှ သစ်သားရုပ်ထုကို အလျင်အမြန် ဝေ့ယမ်းလိုက်၏။
ဖျော့တော့တော့ အပြာရောင် လျှပ်စီးတန်းများသည် အပ်ချောင်းများစွာကဲ့သို့ အပြင်သို့ ထိုးထွက်သွားပြီး ပန်းဟုန်၏ ရင်ဘတ်ဆီသို့ ပြေးဝင်လာသော မီးခိုးရောင်မြစ်ကို ဟန့်တားလိုက်တော့သည်။ မကျေမချမ်းဝိညာဉ် အမြောက်အမြားသည် စူးရှစွာ အော်ဟစ်လိုက်ကြပြီး လျှပ်စီးတံတိုင်းနှင့် ထိတွေ့မိသည့်အခါ အနောက်သို့ လန်ကျသွားကြကာ ကောင်းယွီ၏ လက်ချောင်းများပေါ်ရှိ လက်စွပ်များအတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြတော့၏။
“ကောင်းယွီ၊ သတိထားစမ်း”
ချင်လဲ့က ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး သူ၏ လက်ဖျားမှနေ၍ အပြာရောင် လျှပ်စီးတန်းတစ်ခုကို ကောင်းယွီ၏ ဂုတ်ပိုးဆီသို့ လွှတ်ထုတ်လိုက်သည်။
ကောင်းယွီ၏ ခန္ဓာကိုယ်မှာ လျှပ်စစ်စီးသွားသကဲ့သို့ တုန်ခါသွားပြီး သူ၏ မျက်လုံးများအတွင်းရှိ ဝေဝါးနေသော အကြည့်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ သတိပြန်ဝင်လာတော့၏။
စက္ကန့်အနည်းငယ် ကြာသောအခါ ကောင်းယွီသည် လုံးဝ သတိဝင်လာပြီး ချင်လဲ့ကို ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ ထို့နောက် သူသည် ချက်ချင်း ပြန်ထိုင်ချလိုက်ကာ သူ၏ စိတ်ကို ပြန်လည် တည်ငြိမ်အောင် အားထုတ်နေတော့၏။
“ဒီမိစ္ဆာဝိညာဉ်တွေနဲ့ ယုတ်မာတဲ့ ဝိညာဉ်တွေဟာ ငါတို့ရဲ့ အလင်းကာကွယ်ရေးစည်းကို ဖောက်ထွက်နိုင်စွမ်း မရှိကြဘူး။ ဒါပေမဲ့ သူတို့ စုစည်းထားတဲ့ ယုတ်မာလှတဲ့ သိစိတ်တွေကတော့ ဒီကာကွယ်ရေးစည်းရဲ့ တားဆီးမှုကို မခံရဘူး” လျန်ကျန့်က သင့်တော်သော အချိန်တွင် စကားဖြတ်ပြောလိုက်သည်။ “ငါတို့ရဲ့ ကာကွယ်ရေးစည်းဟာ သူတို့ရဲ့ စိတ်အာရုံတွေ ဝင်ရောက်လာတာကို မတားဆီးနိုင်ဘူး။ ဒါကြောင့် မင်းတို့ နှစ်ယောက်လုံး ပိုပြီး သတိထားကြ၊ သူတို့ရဲ့ ယုတ်မာတဲ့ သိစိတ်ရဲ့ ထိန်းချုပ်မှုကို ခံရပြီး ငါတို့ကို ပြန်တိုက်ခိုက်တာမျိုး မဖြစ်စေနဲ့”
လျန်ကျန့်၏ အပြာရောင်လမင်း ဝိညာဉ်လက်နက်သည် လူအုပ်ကြီး၏ ဦးခေါင်းအထက်တွင် ချိတ်ဆွဲထားသကဲ့သို့ ရှိနေပြီး မြူခိုးကဲ့သို့သော အပြာရောင် အလင်းတန်းများကို ထုတ်လွှတ်နေသည်။
ထိုအပြာရောင် အလင်းတန်းမှာ ပင်လယ်ပြင်မှ လှိုင်းတံပိုးများကဲ့သို့ပင် အထပ်ထပ် အဝိုင်းဝိုင်း ပျံ့နှံ့သွားကာ အပြာရောင် အလင်းကာကွယ်ရေးစည်းတစ်ခုကို ဖြစ်ပေါ်စေတော့၏။
၎င်းသည် အပြင်ဘက်ဆုံးမှ အလင်းစည်းလည်း ဖြစ်ပေသည်။
ထိုအပြာရောင် အလင်းစည်းမှာ ရေခဲဖြင့် ပြုလုပ်ထားသော အပြာရောင် အမိုးအကာတစ်ခုကဲ့သို့ပင် လူတိုင်းကို ဝန်းရံထား၏။
မိစ္ဆာဝိညာဉ်များသည် ထိုအပြာရောင် အလင်းစည်းကို ပြင်းထန်စွာ တိုက်မိကြသဖြင့် တိုက်မိသံများမှာ ဟိန်းထွက်နေသော်လည်း ၎င်းတို့သည် အမိုးအကာကို ဖောက်ထွက်၍ အထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိကြပေ။
အပြာရောင် အမိုးအကာ၏ အောက်ဘက်တွင်မူ ခရမ်းရောင် ဝိညာဉ်မြွေဖြင့် ဖွဲ့စည်းထားသော ခရမ်းရောင် အလင်းစည်း ရှိနေသည်။ ဤအလွှာမှာ ပန်းဟုန် တာဝန်ယူထားသော အပိုင်း ဖြစ်ပေသည်။
ထိုအလွှာနှစ်လွှာ၏ အောက်ဘက်တွင်မူ ရေခဲပြာရောင်နှင့် အစိမ်းရင့်ရောင် အလင်းစည်း နှစ်လွှာ ရှိနေသေးပြီး ၎င်းတို့ကို အမှောင်အသူရာခန်းမမှ ကျင့်ကြံသူများက စုပေါင်း အားထုတ်ထားကြခြင်း ဖြစ်သည်။
ဤအချိန်တွင် လျန်ကျန့်၊ ပန်းဟုန်နှင့် ကျင့်ကြံသူအားလုံး၏ ခန္ဓာကိုယ်များမှာ တောက်ပစွာ လင်းလက်နေကြ၏။ သူတို့သည် သူတို့၏ ဝိညာဉ်ပင်လယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် ဆွဲထုတ်နေကြပြီး ဝိညာဉ်လက်နက်များမှတစ်ဆင့် ထိုအလင်းစည်းများသို့ စွမ်းအင်များ မပြတ်တမ်း ထောက်ပံ့ပေးနေကြတော့၏။
“ငါတို့ရဲ့ ဝိညာဉ်စွမ်းအင်ဟာ ကာကွယ်ရေးအတွက်ပဲ အသုံးတည့်တာ၊ အဲဒီ မိစ္ဆာဝိညာဉ်တွေကိုတော့ မထိခိုက်စေနိုင်ဘူး” လျန်ကျန့်က မျက်မှောင်ကြုတ်လျက် ဆိုသည်။ “ဒီမိစ္ဆာဝိညာဉ်တွေဟာ ဝိညာဉ်သားရဲရဲ့ ဝိညာဉ်အပိုင်းအစတွေကနေ ဖြစ်လာတာမို့၊ သာမန် ဓား၊ လှံ၊ လက်နက်တွေနဲ့ တိုက်ခိုက်လို့ မရဘူး။ အလင်းစည်းတွေကလည်း သူတို့ကို ခဏပဲ တားဆီးထားနိုင်တာ။ တောက်လောင်နေတဲ့ မီးလျှံတွေနဲ့ ပြင်းထန်လှတဲ့ လျှပ်စီးစွမ်းအားတွေကမှ သူတို့ရဲ့ စစ်မှန်တဲ့ ရန်သူတော်တွေပဲ”
သူ စကားပြောနေစဉ်မှာပင် ဂူအတွင်းရှိ ဝိညာဉ်စုပ်သားရဲ၏ ဟိန်းဟောက်သံမှာ ပိုမို၍ ကျယ်လောင်လာတော့သည်။
ချိုင့်ဝှမ်းအတွင်းရှိ ကျောက်တိုင်ကြီးများသည် ပြင်းထန်စွာ တုန်ခါနေကြပြီး အေးစက်လှသော လေများနှင့်အတူ ထိတ်လန့်ဖွယ်ကောင်းသော အငွေ့အသက်များသည် တဖြည်းဖြည်း ပျံ့နှံ့လာတော့၏။
“မကောင်းတော့ဘူး။ သူ့ရဲ့ ခန္ဓာကိုယ် အစစ်ကြီး ထွက်လာတော့မယ်” လျန်ကျန့်၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားတော့၏။
ချင်လဲ့နှင့် အခြားလူများလည်း စိုးရိမ်ပူပန်လာကြသည်။
“မင်းတို့အားလုံး အလင်းစည်းတွေနဲ့ မိစ္ဆာဝိညာဉ်တွေကို ဆက်လက် တားဆီးထားပြီး သခင်မလေးကို ကာကွယ်ပေးကြ။ ငါက သူ့ရဲ့ ခန္ဓာကိုယ် အစစ်ကို သွားရင်ဆိုင်လိုက်မယ်” လျန်ကျန့်က ခိုင်မာသော အမူအရာဖြင့် အမိန့်ပေးလိုက်ပြီးနောက် အလင်းစည်းများ၏ အပြင်ဘက်သို့ ရုတ်တရက် ထွက်ခွာသွားတော့၏။
သူ အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံကို ဖုံးလွှမ်းထားသော မိစ္ဆာဝိညာဉ်များသည် ရူးသွပ်သွားကြကာ သူ့ထံသို့ တဟုန်ထိုး ဆင်းသက်လာကြတော့သည်။
“ဝုန်း... ဝုန်း... ဝှစ်”
လျန်ကျန့်၏ ဦးခေါင်းအထက်တွင် ပျံသန်းနေသော အပြာရောင်လမင်းမှာ ရုတ်တရက် အဆမတန် တောက်ပလာတော့၏။ အေးစက်လှသော အပြာရောင် လျှပ်စီးတန်းများသည် အရပ်မျက်နှာ အသီးသီးသို့ ထွက်ပေါ်လာသည်။
တိုက်ခိုက်လာသော မိစ္ဆာဝိညာဉ်အားလုံးမှာ ရွှံ့နွံထဲသို့ ကျသွားသကဲ့သို့ လှုပ်ရှားမှု နှေးကွေးသွားကြပြီး အပြာရောင် အလင်းတန်းနှင့် ထိတွေ့မိသည့်အခါ နာကျင်စွာ အော်ဟစ်နေကြတော့၏။
လျန်ကျန့်သည် ထိုမိစ္ဆာဝိညာဉ်များကို အရေးမစိုက်ပေ။ သူ၏ မျက်လုံးများသည် အေးစက်သော လေများ ထွက်ပေါ်နေသည့် ဂူဝကိုသာ စိုက်ကြည့်နေပြီး ထိုဂူဝဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားတော့သည်။
“စီနီယာလျန်... ဂရုစိုက်ပါ” ပန်းဟုန်က အော်ပြောလိုက်သည်။
“ဝူး...”
ရုတ်တရက်ပင် ၅ မီတာခန့် မြင့်ပြီး မီတာအနည်းငယ် ကျယ်ဝန်းသော ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးတစ်ကောင်သည် ဒေါသတကြီး ဟိန်းဟောက်လျက် ဂူအတွင်းမှ ပျံထွက်လာတော့၏။
အနောက်ပိုင်း စစ်မြေပြင်မှ ထွက်ပြေးလာသော ဤဝိညာဉ်စုပ်သားရဲကို ပထမဆုံး မြင်လိုက်ရသည့်အခါ ဖားပြုတ်ကြီးတစ်ကောင်နှင့် တူလှပေသည်။ ၎င်း၏ အညိုရင့်ရောင် ခန္ဓာကိုယ်မှာ နက်ရှိုင်းသော အရေးအကြောင်းများဖြင့် ဖုံးလွှမ်းနေပြီး ထိုအရေးအကြောင်းများအတွင်း၌ လက်သီးဆုပ်ခန့်ရှိသော အရုပ်ဆိုးလှသည့် အဖုအကျိတ်များစွာ ရှိနေပေသည်။
ထိုအဖုအကျိတ်များသည် ၎င်း၏ အသက်ရှူသံနှင့်အတူ ဖောင်းလိုက် ပိန်လိုက် ဖြစ်နေပြီး အမည်းရောင် အငွေ့အသက်များကို မပြတ် ထွေးထုတ်နေကြ၏။
လူဦးခေါင်းခန့် ရှိသော ၎င်း၏ စိမ်းရင့်ရောင် မျက်လုံးသုံးလုံးမှာ မိစ္ဆာဆန်လှသော ခေါင်းပေါ်တွင် တြိဂံပုံသဏ္ဌာန် တည်ရှိနေကြပြီး မျက်လုံးတစ်လုံးချင်းစီမှနေ၍ အေးစက်မှု၊ မှောင်မိုက်မှုနှင့် ယုတ်မာမှု အငွေ့အသက်များကို ထုတ်လွှတ်နေတော့သည်။
၎င်းသည် ပါးစပ်ကြီးကို ဟလျက် ဟိန်းဟောက်လိုက်၏။ ၎င်း၏ ပါးစပ်အတွင်း၌ ဓားမကြီးများကဲ့သို့ ချွန်ထက်လှသော သွားတန်းများစွာ ရှိနေပေသည်။ အေးစက်လှသော အလင်းတန်းများ ထွက်ပေါ်နေသဖြင့် လူတိုင်းကို ထိတ်လန့်သွားစေတော့၏။
ဖားပြုတ်သဏ္ဌာန် ဝိညာဉ်စုပ်သားရဲ ထွက်လာသည်နှင့် တစ်ပြိုင်နက် ၎င်း၏ မှောင်မိုက်အေးစက်သော မျက်လုံးသုံးလုံးသည် ရှဲ့ကျင်ရွှမ်ရှိရာ အရပ်သို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြပြီးနောက် သူမထံသို့ တဟုန်ထိုး ပြေးဝင်လာတော့၏။
“ဘယ်ကိုမှ မသွားရဘူး”
လျန်ကျန့်က အေးစက်သော မျက်နှာထားဖြင့် အပြာရောင်လမင်းကို လက်ညှိုးညွှန်လိုက်သည်။ အပြာရောင်လမင်းမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ကြိတ်ဆုံကျောက်တုံးခန့်အထိ ကြီးမားလာတော့၏။
“အုန်း... အုန်း... ဝုန်း”
လည်ပတ်နေသော အပြာရောင် လခြမ်း၏ အနားသတ်များသည် ချွန်ထက်လှပြီး ဓားသွားကဲ့သို့သော အလင်းတန်းများကို ထုတ်လွှတ်လျက် ဝိညာဉ်စုပ်သားရဲ၏ ဦးခေါင်းဆီသို့ တိုးဝင်သွားတော့၏။
ဝိညာဉ်စုပ်သားရဲမှာ အလွန်အမင်း ဒေါသထွက်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အရုပ်ဆိုးလှသော အဖုအကျိတ်များမှာ ရုတ်တရက် ဖောင်းကြွလာပြီး မြားများဖြင့် ပစ်ခတ်လိုက်သကဲ့သို့ပင် အစိမ်းရောင် ရေစီးကြောင်းများကို ထွေးထုတ်လိုက်တော့သည်။ ထိုရေစီးကြောင်း တစ်ကြောင်းချင်းစီတွင် အပုပ်နံ့များ နံစော်နေပြီး အဆိပ်အတောက်များ ပါဝင်နေပုံရပေသည်။
အပြာရောင်လမင်းမှာ ထိုအစိမ်းရောင် မြားတန်းများ၏ ထိမှန်ခြင်းကို ခံလိုက်ရသဖြင့် အစိမ်းရောင် အဆိပ်များ စွန်းထင်သွားကာ အပြာရောင် အလင်းတန်းမှာ ရုတ်တရက် မှိန်ဖျော့သွားတော့၏။
လျန်ကျန့်၏ အမူအရာမှာ တည်ကြည်သွားသည်။ သူ၏ မျက်လုံးများမှာ ရုတ်တရက် အပြာရောင် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ အပြာရောင် အလင်းတန်းများစွာ ထွက်ပေါ်လာကာ အပြာရောင်လမင်း၏ အလင်းတန်းနှင့် ချက်ချင်းပင် တစ်သားတည်း ပေါင်းစပ်သွားတော့၏။
အပြာရောင်လမင်း၏ အလင်းတန်းမှာ ပြန်လည်၍ တောက်ပလာပြန်သည်။
ချင်လဲ့နှင့် အခြားလူများသည် လျန်ကျန့်နှင့် ဝိညာဉ်စုပ်သားရဲတို့၏ တိုက်ပွဲကို အာရုံစိုက် ကြည့်နေကြစဉ်မှာပင် နားထဲသို့ တုန်ခါသံတစ်သံ ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်သည့်အခါ မိစ္ဆာဝိညာဉ်များသည် အလင်းကာကွယ်ရေးစည်းကို ရူးသွပ်စွာ တိုက်ခိုက်နေကြသည်ကို သတိပြုမိလိုက်ကြ၏။
“ငါ့ကို ကြည့်မနေနဲ့၊ သခင်မလေးကို ရှိသမျှ အင်အားနဲ့ ကာကွယ်ကြစမ်း” လျန်ကျန့်က အခြားတစ်ဖက်မှနေ၍ အော်ပြောလိုက်သည်။ “သူ့ရဲ့ ဝိညာဉ်အပိုင်းအစတွေကို ပြန်မစုပ်ယူနိုင်ခင်မှာ ဝိညာဉ်စုပ်သားရဲရဲ့ ခန္ဓာကိုယ်ဟာ အင်မတန် အားနည်းနေသေးတယ်။ ဒါကို ငါ ထိန်းချုပ်ထားနိုင်ပါတယ်။ မင်းတို့အားလုံး သခင်မလေးကို ကာကွယ်ဖို့ပဲ အာရုံစိုက်ကြ၊ သူ မီးဝင်္ကပါကို အပြည့်အဝ အသက်မသွင်းနိုင်ခင်မှာ မိစ္ဆာဝိညာဉ်တွေ ကျူးကျော်မဝင်စေနဲ့”
“နားလည်ပါပြီ!” ပန်းဟုန်က မတ်မတ်ရပ်လိုက်ပြီး အမိန့်ပေးလိုက်သည်။ “အားလုံးပဲ... စိတ်ကို စုစည်းကြ၊ မင်းတို့ရဲ့ ဦးခေါင်းအထက်က အလင်းစည်းတွေဆီကို စွမ်းအင်တွေ အကုန်လောင်းထည့်ကြစမ်း။ ငါတို့ သေရမယ်ဆိုရင်တောင် မိစ္ဆာဝိညာဉ် တစ်ကောင်ကိုမှ ပေးမဝင်စေရဘူး”
“ဟုတ်ကဲ့ပါ” အမှောင်အသူရာခန်းမမှ စစ်သည်တော်များက တစ်ညီတစ်ညွတ်တည်း ဖြေကြားလိုက်ကြသည်။
“ဟိုမှာ၊ အဲဒီဘက်ကို အမြန်သွားကြ။ ဟမ်... အမှောင်အသူရာခန်းမ... အဲဒါ အမှောင်အသူရာခန်းမက လူတွေပဲ”
“နောက်ဆုံးတော့ ငါတို့ ဝိညာဉ်သားရဲအုပ်စုရဲ့ တိုက်ခိုက်မှုကနေ လွတ်မြောက်ခဲ့ပြီ”
“အားလုံးပဲ... အမြန်ကြည့်ကြဦး။ ဟိုအထဲမှာ... အဲဒါ ဘာဝိညာဉ်သားရဲကြီးလဲ”
“……”
ဤအချိန်မှာပင် ချိုင့်ဝှမ်း၏ အနားသတ်များမှနေ၍ အာမေဍိတ်သံများ ထွက်ပေါ်လာတော့သည်။ လူအများအပြား၏ ရှုပ်ထွေးလှသော ခြေသံများလည်း တဖြည်းဖြည်း နီးကပ်လာ၏။
ချင်လဲ့နှင့် ကောင်းယွီတို့မှာ တိုက်ပွဲတွင် ပါဝင်နေရသူများ မဟုတ်သဖြင့် အေးဆေးစွာ ကြည့်လိုက်သည့်အခါ၊ ရေလဂိုဏ်းမှ နာနော့နှင့် ကြက်သွေးရောင်မီးလျှံအဖွဲ့မှ ရှုံ့ပါးတို့၏ အဖွဲ့များ တိတ်တဆိတ် ချဉ်းကပ်လာသည်ကို တွေ့လိုက်ရ၏။
သူတို့၏ အနောက်ဘက်တွင်မူ ရေခဲပြင်နန်းတော်မှ ရန်ကျိချန်း၊ မြူတိမ်ဆောင်မှ တုကျဲနှင့် အခြားလူများမှာလည်း အခြားအရပ်မျက်နှာမှ ချဉ်းကပ်လာနေကြပေသည်။
ထိုလူအများစု၏ ခန္ဓာကိုယ်ပေါ်တွင် အမျိုးမျိုးသော ဒဏ်ရာများ ရှိနေကြ၏။ လူအတော်များများမှာ စိတ်ဓာတ်ကျဆင်းနေပုံရပြီး နာနော့နှင့် သူမ၏ လူများမှာလည်း ဝမ်းနည်းပူဆွေးနေသည့် အမူအရာများဖြင့် မျက်လုံးများမှာ မှောင်မိုက်နေကြပေသည်။
ကြည့်ရသည်မှာ သူတို့သည် သူတို့၏ ညီအစ်မများ သေဆုံးသွားသည့်အတွက် ဝမ်းနည်းမှုများမှ မရုန်းထွက်နိုင်ကြသေးပုံရပေသည်။
သူတို့ ရောက်ရှိလာပြီး ချိုင့်ဝှမ်းအတွင်းရှိ အခြေအနေကို မြင်လိုက်ရသည့်အခါ အားလုံးမှာ အံ့သြသွားကြပြီး မသိစိတ်၏ စေ့ဆော်မှုဖြင့် အနားသို့ တိုးကပ်လာကြတော့၏။
“မင်းတို့အားလုံး ချိုင့်ဝှမ်းထဲကို ဝင်ခွင့်မရှိဘူး” ပန်းဟုန်က ချက်ချင်းပင် အော်ဟစ်တားဆီးလိုက်သည်။ “ချိုင့်ဝှမ်းရဲ့ အနားသတ်ဟာလည်း ဝိညာဉ်စုပ်သားရဲရဲ့ နယ်မြေပဲ။ သူ့ရဲ့ အငွေ့အသက်တွေကြောင့် ဘယ်ဝိညာဉ်သားရဲမှ ဒီထဲကို မဝင်ရဲကြဘူး။ ငါတို့ရဲ့ ယူနီကွန်တွေ ရှိတဲ့နေရာကို သွားကြ၊ အဲဒီနေရာက ဘေးကင်းတဲ့ဇုန်ပဲ၊ ဘယ်သားရဲအုပ်စုမှ အနားမကပ်ရဲဘူး”
“ချိုင့်ဝှမ်းထဲကို မဝင်ကြနဲ့” အခြားတစ်ဖက်တွင်လည်း လျန်ကျန့်သည် ဝိညာဉ်စုပ်သားရဲနှင့် တိုက်ခိုက်နေရင်းမှာပင် သူတို့ကို တင်းကျပ်စွာ အမိန့်ပေးရန် မမေ့လျော့ပေ။
ယခုအခါတွင် ချိုင့်ဝှမ်းအတွင်းရှိ အစွန်းရောက် ရှစ်မျက်နှာ မီးဝင်္ကပါ၏ ထက်ဝက်ခန့်မှာ အသက်ဝင်နေပြီ ဖြစ်သည်။ ပန်းကန်လုံးသဏ္ဌာန် ချိုင့်ဝှမ်းအတွင်း၌ အပြင်ဘက်ဆုံးရှိ ကျောက်တိုင်ကြီးများသည် သံရည်ပူများကဲ့သို့ပင် နီရဲနေကြ၏။ ထိုကျောက်တိုင်များမှနေ၍ မြောင်းတန်းများနှင့် ဆက်သွယ်ထားသော မီးလျှံများကို ထုတ်လွှတ်နေကြပြီး ချိုင့်ဝှမ်း၏ အထက်တွင် ကြီးမားလှသော မီးကွန်ရက်ကြီးတစ်ခုကို ဖြစ်ပေါ်စေတော့သည်။
ထိုကြီးမားလှသော မီးကွန်ရက်ကြီးသည် ဝိညာဉ်စုပ်သားရဲ၏ ဝိညာဉ်အပိုင်းအစများကို ထွက်မပြေးနိုင်အောင် တားဆီးပေးရုံသာမက ၎င်း၏ အေးစက်ယုတ်မာလှသော သိစိတ်များကိုလည်း ပိတ်လှောင်ထားနိုင်ပေသည်။ ထို့ပြင် ထိုမီးကွန်ရက်သည် ပတ်ဝန်းကျင်ရှိ ဖိနှိပ်မှုများ၊ မှောင်မိုက်မှုများနှင့် ရူးသွပ်စေသော မိစ္ဆာစိတ်ခံစားမှုများကိုလည်း လောင်ကျွမ်းစေနိုင်၏။
နာနော့၊ ရှုံ့ပါးနှင့် အခြားလူများသာ ချိုင့်ဝှမ်းထဲသို့ မဝင်ရောက်ခဲ့ပါက ထိုမီးကွန်ရက်ကြီးသည် ဝိညာဉ်စုပ်သားရဲ၏ မိစ္ဆာသိစိတ်များ အပြင်သို့ လုံးဝ ထွက်မသွားနိုင်အောင် တားဆီးပေးထားနိုင်ပြီး သူတို့၏ ဝိညာဉ်များကို ကျူးကျော်ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
သို့သော် အကယ်၍ သူတို့က နားမထောင်ဘဲ ချိုင့်ဝှမ်းအတွင်းသို့ ဝင်လာခဲ့ပါက ထိုအမည်းရောင် စိတ်ခံစားမှုများသည် သူတို့၏ စိတ်အတွင်းရှိ မိစ္ဆာအတွေးများကို နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားမည် ဖြစ်ပြီး ဝိညာဉ်စုပ်သားရဲ၏ လွှမ်းမိုးမှုကို ခံရကာ ယခင်က ကောင်းယွီကဲ့သို့ပင် ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးသွားကြပေလိမ့်မည်။ သူတို့သည် ရူးသွပ်နေသော သားရဲများကဲ့သို့ပင် မိမိတို့၏ အဖော်များကို ပြန်လည် တိုက်ခိုက်လာနိုင်သဖြင့် ၎င်းသည် ချိုင့်ဝှမ်းအတွင်းရှိ အခြေအနေကို ပိုမို ရှုပ်ထွေးသွားစေနိုင်ပေသည်။
“ကျွန်မတို့ အထဲကို မဝင်ပါဘူး” နာနော့က ဦးစွာ သဘောတူလိုက်ပြီး သူမ၏ ညီအစ်မများကို ယူနီကွန်များ ရှိရာသို့ ခေါ်ဆောင်သွားတော့၏။ သူမ၏ မျက်မှောင်များမှာ တွန့်ချိုးနေဆဲ ဖြစ်သည်။ သူမသည် ပန်းဟုန်နှင့် သူ၏လူများ တည်ဆောက်ထားသော အလင်းစည်းကို ဝိုင်းရံတိုက်ခိုက်နေကြသည့် မိစ္ဆာဝိညာဉ်များနှင့် လျန်ကျန့်နှင့် ဝိညာဉ်စုပ်သားရဲတို့၏ ပြင်းထန်လှသော တိုက်ပွဲကို ကြည့်ရင်း ရေရွတ်လိုက်သည်။ “လူမိုက်တစ်ယောက်ပဲ အထဲကို ဝင်ပြီး ကိုယ့်သေတွင်းကိုယ် တူးလိမ့်မယ်”
တုကျဲမှာလည်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူ၊ ကျောက်ချန်း၊ ခန်းကျိ နှင့် အခြားလူများမှာ သွေးများဖြင့် ရဲရဲနီနေကြ၏။ ထိုသွေးများမှာ သူတို့၏ သွေးများလား သို့မဟုတ် သူတို့ သတ်ဖြတ်ခဲ့သော ဝိညာဉ်သားရဲများ၏ သွေးများလား ဆိုသည်ကိုမူ မခွဲခြားနိုင်တော့ပေ။
“မင်း အဆင်ပြေရဲ့လား... ချင်လဲ့” သူက မေးလိုက်သည်။
“ဒါပေါ့... ကျွန်တော် အဆင်ပြေပါတယ်။ အစ်ကိုတို့ရော ဘယ်လိုလဲ” ချင်လဲ့က ပြန်မေးလိုက်၏။
တုကျဲက တောက်ပစွာ ပြုံးလိုက်ပြီး ဆိုသည်။ “ငါတို့အားလုံး အပြင်းအထန် ဒဏ်ရာရခဲ့ကြပေမဲ့၊ ဘယ်သူမှ မသေခဲ့ဘူး။ အားလုံး အသက်ရှင်နေကြတုန်းပဲ။ ကြည့်စမ်း... ငါတို့ လူတစ်ယောက်မှ မလျော့ဘူး”
သူ ထိုသို့ ပြောလိုက်သည့်အခါ ရေလဂိုဏ်းမှ နာနော့၊ ကြက်သွေးရောင်မီးလျှံအဖွဲ့မှ ရှုံ့ပါးနှင့် ရေခဲပြင်နန်းတော်မှ ရန်ကျိချန်းတို့၏ မျက်နှာများမှာ ပျက်ယွင်းသွားကြတော့၏။
“ဟမ့်” ရန်ကျိချန်းက အေးစက်စွာ မျက်နှာလွှဲလိုက်သည်။
“ဟင့်... အီး” ရေလဂိုဏ်းမှ မိန်းကလေးတစ်ဦးမှာ သေဆုံးသွားသော သူမ၏ ညီအစ်မများကို သတိရကာ ရှိုက်ကြီးတငင် ငိုကြွေးလိုက်လေသည်။
အခန်း (၉၆) ဘေးဒုက္ခ အန္တရာယ်
ချိုင့်ဝှမ်းအတွင်း၌ မြောင်းသွယ်များမှာ တောက်လောင်နေသော မီးနဂါးများအဖြစ် ပြောင်းလဲသွားကြပြီးနောက် အစွန်းရောက် ရှစ်မျက်နှာ မီးဝင်္ကပါသည် တဖြည်းဖြည်းနှင့် ပုံပေါ်လာခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် ချိုင့်ဝှမ်း၏ အပြင်ဘက်စက်ဝိုင်းရှိ ကျောက်တိုင်များအားလုံးမှာလည်း ပူပြင်းနီရဲလာကြပြီး မီးလျှံတန်းများကို ထုတ်လွှတ်နေကြ၏။ ထိုမီးလျှံများသည် မြောင်းတန်းများအတွင်းရှိ နေရောင်ခြည်ကျောက်တုံးများမှ ထွက်ပေါ်လာသော မီးအလင်းတန်းများနှင့် ပေါင်းစပ်သွားကာ ကြီးမားလှသော မီးကွန်ရက်ကြီးတစ်ခုအဖြစ် ယှက်သန်းသွားပြီး ချိုင့်ဝှမ်း၏ ကောင်းကင်ယံကိုပင် ပိတ်ဆို့လိုက်တော့သည်။
ချိုင့်ဝှမ်းအတွင်းရှိ အပူရှိန်မှာ သည်းခံနိုင်စွမ်းမရှိလောက်အောင် ပြင်းထန်လှသဖြင့် လူတိုင်း၏ ကိုယ်ပေါ်မှ ချွေးများမှာ မိုးရေကဲ့သို့ တသွင်သွင် စီးကျနေ၏။
ကံကောင်းလှသည်မှာ ရှဲ့ကျင်ရွှမ် ရွေးချယ်ထားသော နေရာသည် ဤမီးကွင်းပြင်ကြီး၏ မျက်စိ သို့မဟုတ် ဗဟိုချက်တည့်တည့်တွင် ရှိနေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ပြင်းထန်လှသော မီးလျှံများနှင့် ယှက်သန်းနေသော မီးကွန်ရက်များသည် ဤနေရာသို့ ကျူးကျော်ဝင်ရောက်လာခြင်း မရှိကြပေ။
ချင်လဲ့နှင့် အခြားလူများသည် ထိုနေရာ၌ ရပ်နေကြသဖြင့် ဘေးဘက်မှ မီးလျှံများ၏ တိုက်ခိုက်ခြင်းအား မခံရသော်လည်း ချိုင့်ဝှမ်းတစ်ခုလုံး၏ အရှိန်ပြင်းလှသော အပူဒဏ်ကိုမူ အလူးအလဲ ခံစားနေကြရ၏။
သူတို့၏ ဦးခေါင်းအထက်တွင်မူ မိစ္ဆာဝိညာဉ် အစုအဝေးကြီးများသည် မီးလျှံများ၏ အပူရှိန်ကြောင့် တဖြည်းဖြည်း လောင်ကျွမ်းခံနေရပြီး ထိုပြင်းထန်လှသော အပူဒဏ်ကို မခံစားနိုင်တော့သည့်အလား စူးရှလှသော အော်ဟစ်သံများကို ထုတ်လွှတ်နေကြတော့သည်။
ချင်လဲ့က သေသေချာချာ အကဲခတ်ကြည့်လိုက်သည့်အခါ ရှဲ့ကျင်ရွှမ်၏ လက်ထဲမှ ကျောက်မျက်အတွင်း၌ ပိတ်လှောင်ထားသော မီးလျှံအစက်ကလေးမှာ စင်စစ် ကြက်သွေးရောင် သွေးတစ်စက် ဖြစ်ကြောင်း သိရှိလိုက်ရ၏။
ထိုသွေးစက်ကလေးမှာ ငှက်ငယ်တစ်ကောင်၏ ပုံသဏ္ဌာန် ရှိနေသည်။ သူမက ဝိညာဉ်စွမ်းအားဖြင့် လှုံ့ဆော်လိုက်သည့်အခါတိုင်း ထိုကျောက်မျက်အတွင်းမှ မီးလျှံလုံးကလေး တစ်လုံးချင်းစီ ပျံထွက်သွားလေ့ရှိပြီး ငှက်ငယ်သဏ္ဌာန် သွေးစက်ကလေးမှာလည်း တဖြည်းဖြည်း သေးငယ်သွားတော့သည်။
“ဒါဟာ ကြက်သွေးရောင်ငှက်ရဲ့ သွေးပဲ... ကြက်သွေးရောင်ငှက်ဆီက ရတဲ့ သွေးတစ်စက် ဖြစ်ရမယ်” ကောင်းယွီက ရုတ်တရက် ပြောလိုက်သည်။
ချင်လဲ့မှာ အံ့အားသင့်သွားပြီး မေးလိုက်၏။ “မင်း ဒါကို သိနေတာလား”
ကောင်းယွီ၏ မျက်နှာမှာ မှောင်မှောက်နေပြီး ခေါင်းကို အသာအယာ ညိတ်လိုက်၏။ “ကြက်သွေးရောင်ငှက်တွေဟာ မွေးဖွားလာကတည်းက အဆင့်ခုနစ် ဝိညာဉ်သားရဲတွေ ဖြစ်ကြတယ်။ သူတို့ ကြီးပြင်းလာပြီး ခွန်အားတွေ တိုးလာတာနဲ့အမျှ အဆင့်တွေ ထပ်ပြီး တက်လှမ်းနိုင်ကြသေးတာ။ ကြက်သွေးရောင်ငှက်ဟာ မီးဓာတ်ရှိတဲ့ ဝိညာဉ်သားရဲတွေထဲမှာ အကြောက်မက်ဖွယ် အကောင်းဆုံးပဲ။ သူ့ရဲ့ သွေးဟာလည်း မီးအရင်းအမြစ်တွေထဲမှာ အပြင်းထန်ဆုံးနဲ့ အပူဆုံး ဖြစ်ပြီးတော့ ဘယ်လို မီးဓာတ်ရှိတဲ့ သလင်းကျောက်တွေကိုမဆို ပြင်းပြင်းထန်ထန် တောက်လောင်စေနိုင်တဲ့ အစွမ်းရှိတယ်”
ချင်လဲ့၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သည့်အခါ ကောင်းယွီက ဆက်ပြောသည်။ “ကြက်သွေးရောင်ငှက်ရဲ့ သွေးတစ်စက်ဟာ လုံးဝ တောက်လောင်သွားမယ်ဆိုရင် ရေကန်တစ်ကန်လုံးကို ခန်းခြောက်သွားစေနိုင်တယ်။ ဒါဟာ အလွန်တန်ဖိုးကြီးလှသလို မီးဓာတ်ကျင့်စဉ်တွေကို ကျင့်ကြံတဲ့သူတွေအတွက်တော့ အလွန်တရာမှ ရှာဖွေရခက်လှတဲ့ ရတနာတစ်ပါးပဲ။ ဒီလို ဒဏ္ဍာရီလာ ကြက်သွေးရောင်ငှက်တွေကို သာမန်လူတွေ တွေ့ဖို့ဆိုတာ အင်မတန် ခက်ခဲလှတယ်၊ ငါတို့ရှိနေတဲ့ ဒီတိုက်ကြီးပေါ်မှာတောင် ရှိချင်မှ ရှိမှာ...”
“မင်းက ဘယ်လိုလုပ် ဒါတွေအများကြီး သိနေတာလဲ” ချင်လဲ့က တအံ့တသြ မေးလိုက်၏။
ကောင်းယွီက သူ၏လက်မှ ဘီလူးမျက်နှာ လက်စွပ်ကို အသာအယာ ပွတ်သပ်ရင်း တိုးညှင်းသော အသံဖြင့် ဆိုသည်။ “ဒီလက်စွပ်က ငါ့ကို ပြောပြတာ။ ငရဲကိုးထပ် ဝိညာဉ်ကျင့်စဉ်ကို ငါ စ ကျင့်ကြံကတည်းက ဒီဟာရဲ့အတွင်းမှာ ပြန့်ကျဲနေတဲ့ မှတ်ဉာဏ်အပိုင်းအစတွေ ရှိနေတာကို ငါ ရှာဖွေတွေ့ရှိခဲ့တယ်။ ဒီလက်စွပ်ရဲ့ အကူအညီနဲ့ ကျင့်ကြံနေတဲ့အခါမှာ တစ်ခါတလေ အဲဒီမှတ်ဉာဏ်အပိုင်းအစအချို့ကို ငါ စုပ်ယူနိုင်ခဲ့ပြီး ငါ အရင်က မသိခဲ့တဲ့ အချက်အလက်တွေ အများကြီးကို သိရှိခဲ့ရတာပဲ”
“ဒါကြောင့်ကိုး...” ချင်လဲ့က အံ့သြစွာဖြင့် ထိုလက်စွပ်ကို ကြည့်လိုက်ပြီးနောက် ရှဲ့ကျင်ရွှမ်၏ ကျောက်မျက်အတွင်းရှိ ကြက်သွေးရောင်ငှက် သွေးစက်ဆီသို့ ပြန်လှည့်ကြည့်လိုက်သည်။ “သူက ဘာဖြစ်လို့ စွမ်းအားတွေ အကုန်စိုက်ထုတ်ပြီး ဒီကျောက်မျက်ထဲက မီးလျှံတွေကို လှုံ့ဆော်နေရသလဲဆိုတာ အခုမှပဲ နားလည်တော့တယ်။ မွေးကတည်းက အဆင့်ခုနစ်ရှိတဲ့ ဝိညာဉ်သားရဲ၊ နိဗ္ဗာနအဆင့်နဲ့ ညီမျှတဲ့ ကြက်သွေးရောင်ငှက်ရဲ့ သွေးဆိုတော့... တွေးကြည့်ရုံနဲ့တင် ကြောက်စရာကောင်းလှပါတယ်”
“အုန်း...”
မိစ္ဆာဝိညာဉ် တစ်ကောင်သည် ခရမ်းရောင် အလင်းကာကွယ်ရေးစည်းကို ပြင်းထန်စွာ တိုက်မိလိုက်၏။ ပထမဆုံးအကြိမ်အဖြစ် ပန်းဟုန်၏ ခန္ဓာကိုယ်မှာ ယိမ်းထိုးသွားပြီး သူ၏ မျက်နှာမှာလည်း ဖြူဖျော့သွားတော့သည်။
“အရှင်ပန်းဟုန်း”
“အရှင်... အဆင်ပြေရဲ့လားဗျာ”
“ဆရာကြီး”
အမှောင်အသူရာခန်းမမှ အခြားစစ်သည်များသည် ပန်းဟုန်၏ မူမမှန်မှုကို ချက်ချင်း သတိပြုမိလိုက်ကြပြီး အလန့်တကြား အော်ဟစ်လိုက်ကြ၏။
ပန်းဟုန်း၏ ပါးစပ်ထောင့်မှ သွေးအနည်းငယ် စီးကျလာသည်။ သူသည် ထိုသွေးများကို အမှုမဲ့အမှတ်မဲ့ သုတ်လိုက်ပြီး ခေါင်းကို ခါယမ်းကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ “ငါ အဆင်ပြေပါတယ်။ ဒါပေမဲ့ ငါ တစ်ယောက်တည်းနဲ့တော့ ဒီနေရာကို ဆက်ပြီး မကာကွယ်နိုင်တော့ဘူး။ မိစ္ဆာဝိညာဉ်တွေရဲ့ နောက်ထပ် တိုက်ခိုက်မှုတွေကို ငါ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။ မင်းတို့အားလုံး အဆင်သင့်ပြင်ထားကြ၊ ငါ လွတ်သွားတဲ့ အရာမှန်သမျှကို မင်းတို့က တာဝန်ယူရမယ်”
“ဟုတ်ကဲ့ပါ” လူတိုင်းက ပြိုင်တူ အော်ဟစ်လိုက်ကြ၏။
ချင်လဲ့က ခေါင်းမော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများအတွင်းရှိ အကြည့်များမှာ ပြောင်းလဲသွားတော့သည်။ “မိစ္ဆာဝိညာဉ်တွေ ထပ်ပြီး ပေါင်းစပ်နေကြပြန်ပြီ”
အစပိုင်းတွင် ကောင်းကင်ယံ၌ မိစ္ဆာဝိညာဉ် အနည်းငယ်မျှသာ ရှိသော်လည်း ၎င်းတို့သည် အလင်းကာကွယ်ရေးစည်းကို အဆက်မပြတ် တိုက်ခိုက်နေကြသဖြင့် လျန်ကျန့်၊ ပန်းဟုန်နှင့် အခြားလူများ၏ ခွန်အားများကို တဖြည်းဖြည်း ကုန်ခမ်းသွားစေခဲ့သည်။
ယခုအခါတွင်မူ ထိုမိစ္ဆာဝိညာဉ်များထဲမှ အချို့မှာ တိုက်ခိုက်ခြင်းကို ရပ်ဆိုင်းလိုက်ကြပြီး ပိုမိုကြီးမားသော မိစ္ဆာဝိညာဉ်ကြီးတစ်ကောင်အဖြစ် ပေါင်းစပ်ရန်အတွက် တစ်နေရာတည်းတွင် စုဝေးနေကြတော့သည်။
လူတိုင်းက မော့ကြည့်လိုက်ကြသည့်အခါ နောက်ထပ်လာမည့် တိုက်ခိုက်မှုလှိုင်းမှာ ပိုမို၍ ကြောက်မက်ဖွယ်ကောင်းတော့မည် ဖြစ်ကြောင်း သိရှိလိုက်ကြသဖြင့် သူတို့၏ မျက်နှာများမှာ လေးနက်တည်ကြည်သွားကြတော့၏။
အခြားတစ်ဖက်တွင်မူ ဝိညာဉ်စုပ်သားရဲ၏ ခန္ဓာကိုယ်ကြီးနှင့် နှိုင်းယှဉ်လိုက်လျှင် အလွန်ပင် သေးငယ်လှသော လျန်ကျန့်သည် အပြာရောင်လမင်းကို ထိန်းချုပ်လျက် ထိုသားရဲကြီးနှင့် အသည်းအသန် တိုက်ခိုက်နေပေသည်။
ဝိညာဉ်စုပ်သားရဲကြီးမှာ အသားစိုင် တောင်ပူစာကြီးတစ်စိုင်ကဲ့သို့ပင် ရှိနေ၏။ ၎င်းသည် သွက်လက်မှု မရှိလှပေ။ အထူးသဖြင့် ချိုင့်ဝှမ်းအတွင်းရှိ မီးမြောင်းသွယ်များ တောက်လောင်လာသည့်အခါ ၎င်းအတွက် လှုပ်ရှားစရာ နေရာမှာ တဖြည်းဖြည်းနှင့် ကျဉ်းမြောင်းလာခဲ့ပြီ ဖြစ်သည်။
မီးလျှံများ ပြင်းထန်စွာ တောက်လောင်နေစဉ်မှာပင် ဝိညာဉ်ဝါးမြိုသားရဲ၏ အရေးအကြောင်းများရှိသော အရေပြားအပြင်ဘက်မှ ထူးဆန်းသော အဆီအနှစ်များ စီးထွက်လာတော့၏။ ထိုအဆီအနှစ်များသည် အလွှာပါးလေးတစ်ခုကဲ့သို့ ဖြစ်ပေါ်လာပြီး ၎င်း၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားပေသည်။
အပြာရောင်လမင်းသည် လည်ပတ်နေစဉ်မှာပင် အပြာရောင် ဓားအလင်းတန်းများကို ထုတ်လွှတ်နေ၏။ ထိုဓားအလင်းတန်း တစ်ခုချင်းစီမှာ အလွန်ပင် စူးရှပြီး ပြင်းထန်လှပေသည်။
သို့သော် ၎င်းတို့သည် ဝိညာဉ်စုပ်သားရဲ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဝင်သွားသည့်အခါ ထိုအဆီအနှစ် အလွှာပါးက ဟန့်တားထားသဖြင့် ထိုကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းများ၏ စွမ်းအားမှာ တစ်ဝက်ကျော်ခန့် လျော့နည်းသွားတော့သည်။
ပြင်းထန်စွာ တိုက်ခိုက်နေသည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း ဝိညာဉ်စုပ်သားရဲ၏ ကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမျှ မတွေ့ရပေ။ အပြန်အလှန်အားဖြင့်မူ လျန်ကျန့်၏ ပုခုံးပေါ်တွင် အစိမ်းရောင် အဆိပ်ရည်များ စွန်းထင်နေပြီး ထိုနေရာမှာ တဖြည်းဖြည်း ပုပ်အက်လာကာ ထုံကျင်လာခဲ့ပြီ ဖြစ်သည်။
အကယ်၍ ချိုင့်ဝှမ်းအတွင်းမှ တောက်လောင်နေသော မီးလျှံများသာ ဝိညာဉ်စုပ်သားရဲကို ဖိနှိပ်မထားခဲ့ပါက လျန်ကျန့်မှာ ယခုထက်ပို၍ အခြေအနေ ဆိုးရွားသွားနိုင်ပေသည်။
ချိုင့်ဝှမ်းအတွင်းရှိ လူစု၏ အခြေအနေမှာ အလွန်ပင် စိုးရိမ်စရာ ကောင်းနေတော့၏။
ချိုင့်ဝှမ်းအပြင်ဘက် ယူနီကွန်များ ရှိရာနေရာတွင်မူ ကြက်သွေးရောင်မီးလျှံအဖွဲ့၊ ရေလဂိုဏ်း၊ မြူတိမ်ဆောင်နှင့် ရေခဲပြင်နန်းတော်မှ လူငယ်များသည် စုဝေးနေကြပြီး ချိုင့်ဝှမ်းအတွင်းရှိ လှုပ်ရှားမှုများကို အံ့သြစွာ ကြည့်နေကြပေသည်။
“သခင်လေး... အဲဒီ ချင်လဲ့ ဆိုတဲ့တစ်ယောက်က အမှောင်အသူရာခန်းမရဲ့ ပြည်တွင်းရေးဌာနက လူတွေနဲ့ ရင်းနှီးနေပုံရတယ်” ရေခဲပြင်နန်းတော်ဘက်မှ ကျင့်ကြံသူတစ်ဦးက အေးစက်ခက်ထန်သော အမူအရာဖြင့် ပြောလိုက်သည်။ “ငါတို့ သူ့ကို တကယ်ပဲ ဘာမှ မလုပ်တော့ဘူးလား”
ရန်ကျိချန်း၏ ဘယ်ဘက်လက်မောင်းမှာ ပတ်တီးများဖြင့် ထူထပ်စွာ စည်းနှောင်ထားသော်လည်း သွေးစက်များမှာ စိမ့်ထွက်နေဆဲ ဖြစ်သည်။ သူ၏ နာကျည်းမှုနှင့် ယုတ်မာမှုများ ပြည့်နှက်နေသော မျက်လုံးများသည် ချင်လဲ့ထံသို့ စိုက်ကြည့်ပြီး ကြုံးဝါးလိုက်သည်။ “ချင်လဲ့ဟာ ဘယ်လိုပဲဖြစ်ဖြစ် သေကို သေရမယ်”
“အခု အခြေအနေကို ကြည့်ရတာ ပြည်တွင်းရေးဌာနက လူတွေဟာ ဒီမိစ္ဆာသားရဲကြီးကို သတ်နိုင်ပါ့မလားဆိုတာ မသေချာသေးဘူး။ တကယ်လို့ မမျှော်လင့်တဲ့ ပြဿနာတစ်ခုခု ဖြစ်လာခဲ့ရင် ငါတို့ ဘာလုပ်ကြမလဲ” ဖုန်းခိုင်က အသံကို နှိမ့်ကာ မေးမြန်းလိုက်၏။ သူ၏ မျက်နှာမှာလည်း မှောင်မှောက်နေပေသည်။ အကြောင်းမှာ သူသည် ချင်လဲ့ကို အရိုးထဲကနေ နာကျည်းနေသောကြောင့် ဖြစ်သည်။
“သူ သေရမယ်၊ ဒါကြောင့် ငါတို့ သတ်မယ်” ရန်ကျိချန်းက အသံတိုးတိုးဖြင့် ဆိုသည်။ “ပြည်တွင်းရေးဌာနကလူတွေ ဆက်ပြီး တောင့်မခံနိုင်တော့တဲ့ အခြေအနေကို တွေ့တာနဲ့ အခွင့်အရေးကို စောင့်ပြီးတော့ ငါတို့ တိတ်တဆိတ် လုပ်ကြမယ်”
“သခင်လေး... နောက်ပိုင်းမှာ ပြည်တွင်းရေးဌာနက ဒါကို စုံစမ်းစစ်ဆေးမှာကို စိုးရိမ်စရာ မလိုဘူးလား” နောက်ထပ်တစ်ဦးက တိုးညှင်းစွာ မေးလိုက်၏။
“ငါတို့ ရေခဲပြင်နန်းတော်ရဲ့ နောက်ကွယ်က ထောက်ပံ့ပေးနေတဲ့သူဟာ... ပြည်တွင်းရေးဌာနနဲ့ ရန်ငြိုးရှိပြီးသားပဲ။ တကယ်လို့ အထက်က လူတွေက ငါတို့ဟာ ပြည်တွင်းရေးဌာနရဲ့ တာဝန်ကို ဖျက်ဆီးနိုင်ခဲ့တယ်ဆိုတာ သိသွားရင် ငါတို့ကို ဂုဏ်တောင် ပြုကြဦးမှာ” လူတိုင်းကို စိတ်အေးသွားစေရန်အတွက် သူသည် လျှို့ဝှက်ထားသင့်သော အတွင်းရေး ရန်ပွဲများကို ရှင်းလင်းစွာ ပြောပြလိုက်တော့၏။ “ပြည်တွင်းရေးဌာနက လူတွေဟာ နန်းတော်သခင်ရဲ့ လူတွေပဲ၊ ငါတို့ရဲ့ နောက်ခံကတော့ နောက်လာမယ့် နန်းတော်သခင် ဖြစ်ဖို့အတွက် အင်အားအရှိဆုံး လူပဲလေ”
ဤစကားကို ကြားလိုက်ရသည့်အခါ ဖုန်းခိုင်အပါအဝင် ရေခဲပြင်နန်းတော်မှ ကျင့်ကြံသူအားလုံး၏ မျက်လုံးများမှာ တောက်ပသွားကြတော့၏။ သူတို့သည် ပြည်တွင်းရေးဌာနမှ လူများကို ပြန်လည်ကြည့်လိုက်သည့်အခါ သူတို့၏ မျက်နှာများတွင် ရိုသေမှုနှင့် ကြောက်ရွံ့မှု အမူအရာများ မရှိတော့ပေ။
“မင်းတို့အားလုံး အဆင်ပြေကြရဲ့လား” အခြားတစ်ဖက်တွင်မူ တုကျဲသည် ရေလဂိုဏ်းမှ နာနော့နှင့် အခြားလူများထံသို့ ချဉ်းကပ်သွားသည်။ ရှိုက်ကြီးတငင် ငိုကြွေးနေသော မိန်းကလေးကို ကြည့်ရင်း သူက ခပ်တိုးတိုး သက်ပြင်းချလိုက်ကာ ဆိုသည်။ “ငါ တောင်းပန်ပါတယ်။ မင်းတို့ရဲ့ ဆုံးရှုံးမှုကို ပြန်ပြီး သတိပေးဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ အထဲက ညီအစ်ကိုတွေ စိတ်အေးသွားအောင် ပြောလိုက်မိတာပါ၊ စိတ်မရှိပါနဲ့”
“ဒါ နင့်ပြဿနာ မဟုတ်ပါဘူး” နာနော့က မျက်မှောင်ကြုတ်လျက် ထိုငိုနေသော မိန်းကလေးကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။ “ငို... ငို... ငိုစမ်း။ နင်တို့ သိတာဆိုလို့ ငိုဖို့ပဲ ရှိတာလား။ ငိုတော့ ဘာထူးမှာလဲ။ နင်တို့ ငိုနေရင် သူတို့က ပြန်ရှင်လာမှာလား။ ငါတို့ ဘယ်လို အခြေအနေမျိုးထဲ ရောက်နေလဲဆိုတာ နင်တို့ မမြင်ဘူးလား။ နင်တို့မှာ ငိုဖို့ အင်အားတွေ ရှိနေသေးတာပဲ။ ရေလမြို့ကို အသက်ရှင်လျက် ပြန်ရောက်တဲ့အခါကျမှ နင်တို့ ကြိုက်သလောက် ငိုစမ်းပါ။ အခုတော့ အားလုံးပဲ... စိတ်ကို ပြန်စုစည်းကြစမ်း”
နာနော့၏ အော်ဟစ်မှုကို ခံလိုက်ရသည့်အခါ ထိုမိန်းကလေးမှာ ချက်ချင်းပင် ငိုခြင်းကို ရပ်လိုက်တော့၏။ သူမသည် ထိုနေရာတွင် ကြောက်ကြောက်လန့်လန့်ဖြင့် ရပ်နေပြီး စကားတစ်ခွန်းမျှ မပြောဝံ့တော့ပေ။
“ငါတို့ရဲ့ ညီအစ်မ သုံးယောက်ကို ဝိညာဉ်သားရဲတွေက အပိုင်းပိုင်း ဆွဲဖြတ်သွားကြတာ” နာနော့၏ မျက်မှောင်များမှာ နက်ရှိုင်းစွာ တွန့်ချိုးနေပေသည်။ သူမသည် ချိုင့်ဝှမ်းအတွင်းရှိ လှုပ်ရှားမှုများကို ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ “မြောက်ပိုင်းတောင်တန်းက ဝိညာဉ်သားရဲတွေနဲ့ ငါတို့ရဲ့ တိုက်ပွဲဟာ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားဖို့ မျှော်လင့်ရတာပဲ။ မဟုတ်ရင် ငါတို့ဘက်က အကျအဆုံးတွေဟာ ပိုပြီး များလာလိမ့်မယ်၊ သေဆုံးရမယ့် အဖော်တွေလည်း ပိုတိုးလာလိမ့်ဦးမယ်”
သူတို့ စတင် ရောက်ရှိလာစဉ်က နာနော့နှင့် ထိုမိန်းကလေးများမှာ လှောင်အိမ်အတွင်းမှ လွှတ်လိုက်သော ငှက်ကလေးများကဲ့သို့ပင် ပျော်ရွှင်တက်ကြွနေခဲ့ကြ၏။
ယခင်က ကျောက်တော၏ အပြင်ဘက်အလွှာတွင် သူတို့သည် အမြဲတမ်း အသာစီးရခဲ့ကြပြီး သူတို့ဘက်က တစ်ယောက်မှ အကျအဆုံးမရှိဘဲ ဝိညာဉ်သားရဲများကိုသာ သတ်ဖြတ်နိုင်ခဲ့ကြသဖြင့် သူတို့ကိုယ်တိုင် သေဆုံးရမည့်နေ့တစ်နေ့ ရောက်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြပေ...။
ယခုအခါတွင်မူ သူတို့နှင့်အတူ ကြီးပြင်းလာခဲ့ကြသော သူငယ်ချင်းများမှာ သူတို့၏ မျက်စိရှေ့တွင်ပင် အပိုင်းပိုင်း ဆွဲဖြတ်စားသောက်ခံလိုက်ရသည်ကို မြင်လိုက်ရသဖြင့် သူတို့သည် ဝိညာဉ်သားရဲများနှင့် တိုက်ခိုက်ရခြင်းနှင့် ပတ်သက်၍ အမြင်သစ်များ ရရှိသွားခဲ့ကြပြီး သူတို့၏ အယူအဆများမှာလည်း အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
“သိပ်ပြီးတော့တော့ မကြာလောက်တော့ပါဘူး... ဘာပဲဖြစ်ဖြစ် ဝိညာဉ်သားရဲတွေဘက်က အကျအဆုံးကလည်း အတော်လေး များနေတာပဲကိုး” တုကျဲက သက်ပြင်းချလိုက်၏။
“အမှောင်အသူရာခန်းမရဲ့ ပြည်တွင်းရေးဌာနက မျက်စိကျခြင်း ခံရတဲ့ မြူတိမ်ဆောင်က လူနှစ်ယောက် ရှိနေတာပဲ။ အင်း... ငါ နင့်ကို ဂုဏ်ပြုပါတယ်” နာနော့က ချိုင့်ဝှမ်းအတွင်းရှိ ချင်လဲ့နှင့် ကောင်းယွီကို ကြည့်ရင်း ရုတ်တရက် ပြောလိုက်သည်။
“ဒါဟာ အမြဲတမ်း ကောင်းတဲ့အရာတော့ မဟုတ်ပါဘူး” တုကျဲက ခါးသက်စွာ ပြုံးလိုက်၏။
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ချိုင့်ဝှမ်းအတွင်းမှ ပန်းဟုန်သည် သွေးများကို အန်ထုတ်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာလည်း ရုတ်တရက် ပြောင်းလဲသွားတော့သည်။ “ငါ့ရဲ့ အလင်းကာကွယ်ရေးစည်း ပျက်စီးသွားပြီ၊ မင်းတို့ တောင့်ခံထားကြ။ ချင်လဲ့၊ ကောင်းယွီ၊ မင်းတို့မှာ ဘာနည်းလမ်းပဲရှိရှိ အခုချက်ချင်း သုံးကြစမ်း၊ သခင်မလေး နောက်ထပ် သုံးမိနစ်လောက် တောင့်ခံနိုင်ဖို့အတွက် ကူညီပေးကြစမ်း။ နောက်ထပ် သုံးမိနစ်ပဲ လိုတော့တာ”
စကားအဆုံးတွင် ပန်းဟုန်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး သူ၏ ပါးစပ်နှင့် နှာခေါင်းမှ သွေးများမှာလည်း ယိုစီးကျလာတော့၏။
“ဝေါင်း...”
မိစ္ဆာဝိညာဉ် ဆယ်ကောင်ကျော် ပေါင်းစပ်ပြီး ဖြစ်ပေါ်လာသော သတ္တဝါသစ်ကြီးမှာ ဟိန်းဟောက်လိုက်၏။ ၎င်းတွင် မိစ္ဆာတစ်ကောင်၏ ဦးခေါင်းနှင့် ကြမ်းတမ်းလှသော နဂါးတစ်ကောင်၏ ခန္ဓာကိုယ် ရှိနေပေသည်။
ယခုအခါတွင် ၎င်းသည် အလင်းကာကွယ်ရေးစည်းကို ရူးသွပ်စွာ တိုက်ခိုက်နေသဖြင့် ခရမ်းရောင် ဝိညာဉ်မြွေဖြင့် ဖွဲ့စည်းထားသော ခရမ်းရောင် အလင်းစည်းမှာ အပိုင်းပိုင်း ပြိုကွဲပျက်စီးသွားပြီး ၎င်း၏ ကာကွယ်ရေးစွမ်းအားများ လုံးဝ ဆုံးရှုံးသွားတော့၏။
ခရမ်းရောင် အလင်းစည်း၏ အောက်တွင်ရှိသော ကျန်ရှိနေသည့် အလင်းလွှာများမှာလည်း ၎င်း၏ တိုက်ခိုက်မှုအောက်တွင် ပြိုကျတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အမှောင်အသူရာခန်းမမှ ကျန်ရှိနေသော စစ်သည်များသည် ထိုအချိန်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးမှ အလင်းတန်းများမှာ ကောင်းကင်သို့ ထိုးတက်သွားတော့၏။ သူတို့ထဲမှ အချို့မှာမူ အရေပြားများပင် ပေါက်ပြဲသွားကြပြီး သွေးစက်များမှာ စိမ့်ထွက်လာတော့သည်။
သူတို့၏ ပုံသဏ္ဌာန်မှာ အလွန်ပင် သနားစရာ ကောင်းလှပေသည်။
“ချင်လဲ့၊ မင်းမှာ ကောင်းကင်ဘုံ ကိုးထပ်ကနေ မိုးကြိုးတွေကို ဆွဲချနိုင်တဲ့ နည်းလမ်း ရှိသလား” လျန်ကျန့်က အောက်ဘက်မှနေ၍ ရုတ်တရက် အော်ဟစ်လိုက်သည်။ “မိုးခြိမ်းသံနဲ့ လျှပ်စီးတွေဟာ မိစ္ဆာဝိညာဉ်တွေရဲ့ ရန်သူတော်တွေပဲ၊ အဲဒါတွေက မီးလျှံတွေထက်တောင် သူတို့ကို ပိုပြီး ထိခိုက်စေနိုင်တယ်။ တကယ်လို့ မင်းဟာ အရင်တုန်းက ကျောက်တံတားပေါ်မှာ လုပ်ခဲ့သလိုမျိုး ကောင်းကင်ကနေ လျှပ်စီးတန်းတွေကို ဆင်းသက်လာအောင် လုပ်နိုင်မယ်ဆိုရင် အဲဒီမိစ္ဆာဝိညာဉ်ကြီးကို ချက်ချင်း ဒဏ်ရာရသွားစေပြီး အဲကောင်ရဲ့ ကြမ်းတမ်းမှုတွေကို နှိမ်နင်းနိုင်လိမ့်မယ်”
“ချင်လဲ့၊ မင်းမှာ နည်းလမ်းရှိရင် မြန်မြန်လုပ်စမ်း။ ငါတို့ သိပ်ပြီး တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး” ပန်းဟုန်းက ဟိန်းဟောက်လိုက်၏။
“ဖူး...” အမှောင်အသူရာခန်းမမှ စစ်သည်တစ်ဦးသည် ပါးစပ်မှ သွေးများကို အပြင်းအထန် အန်ထုတ်လိုက်တော့၏။ သူ၏ မျက်လုံးများအတွင်းရှိ အသက်ဓာတ်မှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်သို့ လဲကျကာ သေဆုံးသွားတော့သည်။
“ဆရာကြီး၊ ကျွန်တော် ဆက်ပြီး တောင့်မခံနိုင်တော့ဘူး” နောက်ထပ်တစ်ဦးက အော်ဟစ်လိုက်၏။ သူသည် သူ၏ အသက်ဓာတ်တွင် ဝှက်ကွယ်နေသော စွမ်းအင်များကို လှုံ့ဆော်လိုက်သည့်အလား ရေခဲပြာရောင် အလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ တိမ်တိုက်များကဲ့သို့ ထွက်ပေါ်လာပြီး သူ၏ ဦးခေါင်းအထက်ရှိ အလင်းကာကွယ်ရေးစည်းနှင့် ပေါင်းစပ်သွားတော့၏။
သူ၏ ခန္ဓာကိုယ်အတွင်းမှ နောက်ဆုံးကျန်ရှိနေသော ရေခဲအလင်းတန်း ထွက်ပေါ်သွားပြီးနောက် သူ၏ ကိုယ်ပေါ်တွင် မည်သည့်အသက်ဓာတ်မျှ မကျန်တော့ဘဲ မျက်လုံးများ ပြူးလျက်နှင့် လဲကျသွားတော့သည်။
“နှစ်မိနစ်၊ နောက်ထပ် နှစ်မိနစ်ပဲ လိုတော့တာ။ ဆက်ပြီး တောင့်ခံထားကြစမ်း၊ နောက်ထပ် နှစ်မိနစ်ပဲ” ပန်းဟုန်သည် ရူးသွပ်မတတ် အော်ဟစ်နေတော့၏။ သူသည် သူ၏ ကြွင်းကျန်နေသော စွမ်းအားများကို အသည်းအသန် စုစည်းကာ ခရမ်းရောင် ဝိညာဉ်မြွေကို နောက်တစ်ကြိမ် ဖြစ်ပေါ်လာအောင် ကြိုးစားနေပေသည်။ သို့သော် ကံမကောင်းလှသည်မှာ သူ၏ ရှိသမျှ ခွန်အားကို အကုန်အသုံးပြုသော်လည်း ထိုဝိညာဉ်မြွေကြီးမှာ အပြည့်အဝ ပုံမပေါ်နိုင်တော့ပေ။
သူသည် အဆုံးစွန်ထိ ရောက်ရှိနေပြီ ဖြစ်သည်။
“ချင်လဲ့၊ အဆင်ပြေပြေ မပြေပြေ၊ မင်း အနည်းဆုံးတော့ ကြိုးစားကြည့်ရမယ်” လျန်ကျန့်က ဒေါသတကြီး အော်ဟစ်လိုက်တော့၏။
ချင်လဲ့၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ခါသွားပြီးနောက် သူသည် မျက်လုံးများကို ချက်ချင်း ပိတ်လိုက်ကာ ထိုင်ချလိုက်တော့သည်။
သူသည် သူ၏ ကောင်းကင်မိုးကြိုး နှိမ်နင်းခြင်း ကျင့်စဉ်ကို ရှိသမျှ ခွန်အားနှင့် စတင် လှုံ့ဆော်လိုက်လေတော့သည်။