အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
အခန်း (၉၇) မဟာမိစ္ဆာ ရိပ်သွင်
သူ၏ စိတ်အာရုံ အစိတ်အပိုင်းကလေး တစ်ခုသည် ဒန်ထျန် ဝိညာဉ်ပင်လယ်အတွင်းသို့ စီးဝင်သွားသည့်အခါ ချင်လဲ့မှာ ရုတ်တရက် ကြောင်အသွားတော့သည်။ သူ၏ ဝိညာဉ်ပင်လယ်အတွင်းရှိ ဝိညာဉ်ဝဲဂယက်ကြီးမှာ မည်သည့်အချိန်ကတည်းက ရပ်တန့်သွားသည်မသိဘဲ ငြိမ်သက်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။
သူသည် ဝိညာဉ်စွမ်းအင်များကို လှုံ့ဆော်ကာ အင်အားစုစည်းရန် ကြိုးစားသော်လည်း ဒန်ထျန်အတွင်းရှိ ဝဲဂယက်နှင့် ဝိညာဉ်ပင်လယ်မှာ လုံးဝ လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်နေဆဲပင်။
ခေတ္တမျှ ကြောင်အအ စိုက်ကြည့်နေပြီးနောက် သူသည် စိတ်ကို စုစည်းကာ အခြေအနေအား အသေအချာ အကဲခတ်ကြည့်လိုက်ရာ သူ၏ ဒန်ထျန် ဝိညာဉ်ပင်လယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ အတော်အတန် လျော့နည်းသွားသကဲ့သို့ ခံစားလိုက်ရ၏။
သို့သော်လည်း ဝိညာဉ်ပင်လယ်၏ အထက်တွင် ယခင်က ပြန့်ကျဲနေခဲ့သော ဝိညာဉ်တိမ်တိုက်ကလေးများသည် ယခုအခါတွင်မူ အစုလိုက်အပုံလိုက် စုစည်းနေကြပြီး အစုအဝေးတစ်ခုချင်းစီမှာလည်း အလွန်ပင် သိပ်သည်းကျစ်လျစ်နေကြပေသည်။
ဝိညာဉ်စွမ်းအင်များ လျော့နည်းသွားခြင်း မဟုတ်ဘဲ ဝဲဂယက်ကြီး၏ သန့်စင်ပေးမှုကြောင့် ပိုမို၍ စစ်မှန်ကာ ကျစ်လျစ်သွားခြင်း ဖြစ်ပေသည်။ ပြန့်ကျဲနေသော အခြေအနေမှ သန့်စင်ကျစ်လျစ်သော အခြေအနေသို့ ကူးပြောင်းသွားခြင်းပင် ဖြစ်၏။
“ဂျိန်း...”
ကောင်းကင်မိုးကြိုး နှိမ်နင်းခြင်း ကျင့်စဉ် စတင် လည်ပတ်လာတော့သည်။ ဒန်ထျန် ဝိညာဉ်ပင်လယ်အတွင်း၌ ထူးထူးခြားခြား ပြောင်းလဲမှု မရှိသေးသော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ အရိုးအဆစ်တိုင်းမှ မိုးခြိမ်းသံများ ဟိန်းထွက်လာတော့၏။
သူ၏ အပ်စိုက်မှတ်များ အားလုံးမှနေ၍ သေးငယ်လှသော လျှပ်စစ်စီးကြောင်းကလေးများသည် မီးပွားများကဲ့သို့ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများတစ်လျှောက် လျှပ်တပြက် အလျင်ဖြင့် စီးဆင်းသွားကြကာ ဒန်ထျန် ဝိညာဉ်ပင်လယ်ရှိရာသို့ စုပြုံသွားကြတော့သည်။
ချင်လဲ့၏ နှလုံးသားမှာ တုန်ခါသွားရ၏။
သူသည် ကောင်းကင်မိုးကြိုး နှိမ်နင်းခြင်း ကျင့်စဉ်ကို စတင် ကျင့်ကြံကတည်းက သွေးကြောများ၊ အရိုးများနှင့် အသားမျှင်များ၏ နက်ရှိုင်းသော နေရာများတွင် ဝှက်ကွယ်နေသည့် မိုးကြိုးနှင့် လျှပ်စီးစွမ်းအင်များသည် ဒန်ထျန် ဝိညာဉ်ပင်လယ်ရှိရာသို့ ၎င်းတို့အလိုအလျောက် ချဉ်းကပ်လာခြင်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။
ယခင်က မိုးကြိုးစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့အကြားတွင် ရှင်းလင်းလှသော စည်းခြားမှုတစ်ခု ရှိနေခဲ့ပြီး သာမန်အားဖြင့် ၎င်းတို့သည် အတူတကွ စီးဆင်းလေ့မရှိကြပေ။
သူသည် အခြားလူများနှင့် တိုက်ခိုက်သည့်အခါမှသာ ဝိညာဉ်ပင်လယ်အတွင်းမှ ဝိညာဉ်စွမ်းအင်များ စီးထွက်လာချိန်တွင် မိုးကြိုးနှင့် လျှပ်စီးစွမ်းအင်အချို့ကို ထုတ်လွှတ်လိုက်လေ့ရှိပြီး ၎င်းတို့ နှစ်ခု ပေါင်းစပ်သွားခြင်းဖြင့် သူ၏ တိုက်ခိုက်မှု စွမ်းအားမှာ ပိုမို ပြင်းထန်လာခြင်း ဖြစ်သည်။
သာမန် အခြေအနေမျိုးတွင်မူ ထိုမိုးကြိုးစွမ်းအင်များသည် သူ၏ ဝိညာဉ်ပင်လယ်အတွင်းသို့ မိမိအလိုအလျောက် စုပြုံဝင်ရောက်လာစရာ အကြောင်းမရှိပေ။
“တစ်ခုခုတော့ မှားနေပြီ”
ချင်လဲ့မှာ စတင် စိုးရိမ်လာတော့၏။ သူသည် စိတ်ကို စုစည်းကာ ထိုစွမ်းအင်များအား ထိန်းချုပ်ရန် ကြိုးစားလိုက်သော်လည်း သူ၏ ဦးခေါင်းအတွင်း၌ပင် မိုးခြိမ်းသံများ မပြတ် ဟိန်းထွက်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ မိုးကြိုးများ စတင်ရာ နေရာတစ်ခုကဲ့သို့ပင် အဆက်မပြတ် တုန်ခါနေတော့၏။
ဤအချိန်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မိုးကြိုးစွမ်းအင်များသည် သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့သည် ကြမ်းတမ်းလှသော အရှိန်အဟုန်ဖြင့် ဒန်ထျန် ဝိညာဉ်ပင်လယ်အတွင်းသို့ စီးဝင်သွားကြတော့၏။
ပထမဆုံးသော ကြမ်းတမ်းလှသည့် မိုးကြိုးစွမ်းအင်များ ဝိညာဉ်ပင်လယ်အတွင်းသို့ ကျရောက်သွားသည့်အခါ ချင်လဲ့၏ စိတ်အာရုံမှာ ပြင်းထန်စွာ တုန်ခါသွားပြီး သူ၏ သိစိတ်များ၊ အတွေးများနှင့် အတ္တများ အားလုံး ပျောက်ကွယ်သွားတော့၏။ သူသည် ဒန်ထျန်အတွင်းရှိ ကမ္ဘာငယ်လေးတစ်ခုထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ခန္ဓာကိုယ်အတွင်းရှိ မိုးကြိုးများ စီးဆင်းရာ လမ်းကြောင်းအတိုင်း ဝိညာဉ်ပင်လယ်အတွင်း၌ ပြင်းထန်စွာ လူးလွန့်နေတော့သည်။
သူသည် မိမိကိုယ်ကိုယ် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ မျက်လုံးများကို တင်းတင်းပိတ်ထားပြီး သူ၏ ခန္ဓာကိုယ်မှာလည်း မထိန်းချုပ်နိုင်ဘဲ အနည်းငယ် တုန်ခါနေတော့၏။
ထိုအချိန်မှာပင် ဝိညာဉ်စုပ်သားရဲ၏ ဝိညာဉ်အပိုင်းအစများ ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသော ကြီးမားလှသည့် မိစ္ဆာဝိညာဉ်ကြီးမှာ မီးလျှံများအတွင်းမှနေ၍ ဟိန်းဟောက်လိုက်ပြီး အမှောင်အသူရာခန်းမမှ စစ်သည်များ တည်ဆောက်ထားသော အလင်းစည်းကို ရူးသွပ်စွာ တိုက်ခိုက်နေတော့သည်။
“ဝုန်း...”
ရေခဲပြာရောင် အလင်းကာကွယ်ရေးစည်းမှာ ရုတ်တရက် ပြိုကွဲပျက်စီးသွားပြီး အပြာရောင် အလင်းစများမှာ အရပ်မျက်နှာအနှံ့ ပြန့်ကျဲသွားတော့၏။
ချက်ချင်းပင် အမှောင်အသူရာခန်းမမှ စစ်သည်နှစ်ဦးမှာ သွေးများကို ရူးသွပ်စွာ အန်ထုတ်လိုက်ကြပြီး သူတို့၏ မျက်လုံးများအတွင်းရှိ အသက်ဓာတ်များမှာ ပျောက်ကွယ်သွားတော့သည်။
“ချင်လဲ့၊ ကောင်းယွီ၊ မင်းတို့မှာ ဘာနည်းလမ်းရှိလဲ... ရှိရင် အခုချက်ချင်း လုပ်ကြစမ်းပါ” ပန်းဟုန်က အက်ကွဲလှသော အသံဖြင့် အော်ဟစ်နေသော်လည်း သူ၏ အသံမှာ အင်မတန်မှ တိုးညှင်းကာ အားနည်းနေပေသည်။
သူသည် သူ၏ ရှိသမျှ ခွန်အားကို အကုန်အသုံးပြုထားရသဖြင့် ကျယ်လောင်စွာ အော်ဟစ်နိုင်စွမ်းပင် မရှိတော့ပေ။
သူ၏ လက်ဖျားတွင် သေးငယ်လှသော ခရမ်းရောင် ဝိညာဉ်မြွေကလေးကို ပုံဖော်ရန် ကြိုးစားနေသော်လည်း ၎င်းမှာ အပြည့်အဝ ပုံမပေါ်နိုင်တော့ပေ။
ပန်းဟုန်၏ နှာခေါင်း၊ နားနှင့် မျက်လုံးများမှ သွေးများမှာ မထိန်းချုပ်နိုင်ဘဲ စီးကျနေ၏။ သူ၏ အမူအရာမှာ ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှသော်လည်း သူသည် လုံးဝ မတတ်နိုင်တော့ပေ။
ဤအချိန်တွင် ဝိညာဉ်စုပ်သားရဲကြီးမှာ လျန်ကျန့်ထံသို့ ရူးသွပ်စွာ ခုန်အုပ်လိုက်ပြန်၏။ လျန်ကျန့်၏ အပြာရောင်လမင်းမှာလည်း အလင်းတန်းများ တဖြည်းဖြည်း မှိန်ဖျော့လာနေပြီ ဖြစ်သည်။ ထို့ပြင် သူ၏ ပုခုံးပေါ်ရှိ ဒဏ်ရာများမှာလည်း အဆိပ်ရည်များကြောင့် တဖြည်းဖြည်း ပုပ်အက်နေဆဲပင်။
လျန်ကျန့်သည်လည်း အခြားလူများကို ကူညီနိုင်စွမ်း မရှိတော့ပေ။
ချိုင့်ဝှမ်းအပြင်ဘက်တွင်မူ ရှုံ့ပါး၊ နာနော့၊ တုကျဲ၊ ကျောက်ချန်းနှင့် အခြားလူများမှာ ချိုင့်ဝှမ်းအတွင်းမှ ဘေးဒုက္ခကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်နေကြ၏။
သူတို့သည် လျန်ကျန့်နှင့် အမှောင်အသူရာခန်းမမှ လူများကို ကူညီနိုင်မည့် နည်းလမ်းကို ရှာဖွေရန်အတွက် မသိစိတ်၏ စေ့ဆော်မှုဖြင့် ချိုင့်ဝှမ်းအနားသို့ တိုးကပ်လာကြတော့သည်။
“အားလုံး ရပ်လိုက်ကြ။ ငါတို့ကို ပြဿနာ ထပ်မပေးကြနဲ့”
လျန်ကျန့်၏ ခန္ဓာကိုယ်မှာ လွင့်စင်သွားရ၏။ လေထဲတွင် ရှိနေစဉ်မှာပင် သူသည် မီးလျှံတန်းတစ်ခု၏ လောင်ကျွမ်းခြင်းကို ခံလိုက်ရသဖြင့် သူ၏ ဆံပင်များမှာ မီးစွဲသွားတော့သည်။
သူသည် ရှုံ့ပါး၊ တုကျဲ၊ နာနော့နှင့် အခြားလူများ၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများကို မြင်လိုက်ရသဖြင့် သူတို့ မည်သို့ တွေးနေသည်အား နားလည်လိုက်၏။ သူသည် အားယူကာ သူတို့ကို တားဆီးလိုက်ပြီး ချိုင့်ဝှမ်းအတွင်းသို့ တစ်လှမ်းမျှပင် ဝင်မလာရန် သတိပေးလိုက်တော့သည်။
နာနော့၊ ရှုံ့ပါးနှင့် တုကျဲတို့မှာ အော်ဟစ်တားဆီးခံလိုက်ရသဖြင့် သူတို့၏ ခြေလှမ်းများကို ချက်ချင်း ရပ်လိုက်ကြ၏။ သူတို့၏ အမူအရာများမှာ ပိုမို၍ စိုးရိမ်ပူပန်လာကြပြီး စိတ်မအေးနိုင်ဘဲ ရှိနေကြတော့သည်။
ဤအချိန်သည် တိုက်ပွဲ၏ အရေးအကြီးဆုံး အချိန်ဖြစ်ကြောင်း သူတို့ ကောင်းစွာ နားလည်ထားကြ၏။ အကယ်၍ လျန်ကျန့် သို့မဟုတ် ရှဲ့ကျင်ရွှမ်သာ ကျရှုံးသွားခဲ့ပါက အမှောင်အသူရာခန်းမမှ လူများမှာ အင်မတန် အန္တရာယ်ကြီးလှသော အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်သည်။
အထူးသဖြင့် ရှဲ့ကျင်ရွှမ်အတွက် ဖြစ်သည်။ သူမသည် သူမ၏ ရှိသမျှ စွမ်းအားဖြင့် ကြက်သွေးရောင်ငှက်၏ သွေးကို လှုံ့ဆော်နေရသဖြင့် သူမတွင် မည်သည့် ကာကွယ်ရေးစွမ်းအားမျှ မရှိပေ။
ကြမ်းတမ်းရက်စက်လှသော မိစ္ဆာဝိညာဉ်ကြီးသည် အလင်းကာကွယ်ရေးစည်း အလွှာအသီးသီးကို ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။ အကယ်၍ ၎င်းသည် အစိမ်းရင့်ရောင် အလင်းလွှာကိုပါ ထပ်မံ ဖျက်ဆီးနိုင်ခဲ့ပါက ရှဲ့ကျင်ရွှမ်၏ ဦးခေါင်းထက်သို့ မည်သည့် ဟန့်တားမှုမျှမရှိဘဲ တိုက်ရိုက် ရောက်ရှိသွားမည် ဖြစ်သည်။ ထိုအခါ သူမ စိတ်စုစည်းနေစဉ်မှာပင် ၎င်းသည် သူမကို အပြင်းအထန် ဒဏ်ရာရစေရန် သို့မဟုတ် သတ်ဖြတ်ရန် လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။
ရှဲ့ကျင်ရွှမ်သာ သေဆုံးသွားပါက အစွန်းရောက် ရှစ်မျက်နှာ မီးဝင်္ကပါ၏ စွမ်းအားကို မည်သူမျှ ဆက်လက် မြှင့်တင်နိုင်တော့မည် မဟုတ်ပေ။ ထိုအခါ ဝိညာဉ်ဝါးမြိုသားရဲကို နှိမ်နင်းနိုင်တော့မည် မဟုတ်သလို ၎င်း၏ အဆင့်တက်လှမ်းမှုကိုလည်း တားဆီးနိုင်တော့မည် မဟုတ်ပေ။
အသေအချာ စီစဉ်ထားသော ဤနှိမ်နင်းရေး စစ်ဆင်ရေးကြီးမှာလည်း အချည်းနှီး ဖြစ်သွားရမည် ဖြစ်ပြီး သူတို့အားလုံးမှာ ကျရှုံးမှု၏ ခါးသီးလှသော အကျိုးဆက်ကို ခံစားကြရမည် ဖြစ်သည်။
အကယ်၍ ဝိညာဉ်စုပ်သားရဲသည် အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်ခဲ့ပါက ၎င်းသည် အဆင့်လေး ဝိညာဉ်သားရဲ၏ ကြောက်မက်ဖွယ် စွမ်းအားဖြင့် ကျောက်တောအတွင်းရှိ ကျင့်ကြံသူအားလုံးကို သတ်ဖြတ်ပစ်နိုင်ရုံသာမက၊ ရေခဲကျောက်မြို့တော်၊ ရေလမြို့တော်နှင့် ကြက်သွေးရောင်မီးလျှံမြို့တော် တို့သည်လည်း ကျရှုံးမှု၏ နာကျင်ဖွယ် အကျိုးဆက်များကို ခံစားရမည် ဖြစ်ပြီး မြို့အားလုံးမှာ အသက်မဲ့သော နေရာများ ဖြစ်သွားနိုင်ပေသည်။
“ချင်လဲ့”
“ချင်လဲ့”
ပန်းဟုန်နှင့် ကောင်းယွီတို့သည် ချင်လဲ့ကို စိုက်ကြည့်ရင်း အစွမ်းကုန် အော်ဟစ်နေကြ၏။ ချင်လဲ့အနေဖြင့် ကောင်းကင်မှ မိုးကြိုးများကို ချက်ချင်း ဆင်းသက်လာအောင် လုပ်ဆောင်နိုင်ပြီး ဆင်းသက်လာတော့မည့် မိစ္ဆာဝိညာဉ်ကြီး၏ ဘေးအန္တရာယ်မှ ကယ်တင်နိုင်ရန် မျှော်လင့်နေကြခြင်း ဖြစ်သည်။
သို့သော် ကံမကောင်းလှသည်မှာ ချင်လဲ့သည် သူတို့၏ အော်ဟစ်သံများကို မကြားရသကဲ့သို့ ရှိနေပြီး သူတို့၏ မျှော်လင့်ချက်များကိုလည်း သိရှိပုံမရပေ။ သူ၏ မျက်လုံးများမှာ တင်းတင်းပိတ်ထားဆဲ ဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် တုန်ခါနေပေသည်။
ကောင်းကင်ယံ ကိုးထပ်မှလည်း မိုးခြိမ်းသံများ ထွက်ပေါ်မလာသလို ချင်လဲ့၏ ခန္ဓာကိုယ်ပေါ်တွင်လည်း မည်သည့် လျှပ်စီးတန်းမျှ မရှိပေ။ အရာအားလုံးမှာ သာမန်အတိုင်းပင် ရှိနေ၏။
ပန်းဟုန်နှင့် အမှောင်အသူရာခန်းမမှ ကျင့်ကြံသူများသည် တဖြည်းဖြည်းနှင့် မျှော်လင့်ချက် ကုန်ဆုံးလာကြပြီး ချင်လဲ့အပေါ် ယုံကြည်မှုများလည်း ပျောက်ကွယ်လာတော့၏။ သူတို့၏ မျက်လုံးများမှာ မှေးမှိန်သွားကြပြီး စစ်ဆင်ရေးကြီး ကျရှုံးတော့မည် ဖြစ်ကြောင်း သိရှိလိုက်ကြသည့်အလား ရှိနေကြတော့သည်။
“ဝှစ်... ဝှစ်... ဝှစ်”
လူတိုင်း၏ ဦးခေါင်းအထက်တွင်မူ ဝိညာဉ်စုပ်သားရဲ၏ ဝိညာဉ်အပိုင်းအစ အားလုံးတို့သည် စုစည်းသွားကြပြီး မီတာဆယ်ဂဏန်းခန့် မြင့်မားသော ကြောက်မက်ဖွယ် မိစ္ဆာဝိညာဉ်ကြီးအဖြစ် ပြောင်းလဲသွားတော့၏။
ဤမိစ္ဆာဝိညာဉ်ကြီးမှာ ဝိညာဉ်အပိုင်းအစ အားလုံး၏ ခွန်အားများကို စုစည်းထားသဖြင့် အင်မတန်မှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်နေပေသည်။ ၎င်း ပုံပေါ်လာပြီးနောက်တွင် နောက်ဆုံးကျန်ရှိနေသော အစိမ်းရင့်ရောင် အလင်းကာကွယ်ရေးစည်းမှာလည်း ချက်ချင်းပင် ပေါက်ကွဲပျက်စီးသွားတော့၏။
ရှဲ့ကျင်ရွှမ်မှာ မည်သည့် ကာကွယ်ရေးစွမ်းအားမျှ မရှိသော အခြေအနေသို့ ရောက်ရှိသွားတော့သည်။
သူမသည် အစကတည်းက မျက်လုံးများကို ပိတ်ထားခဲ့သော်လည်း ကောင်းကင်ယံမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ခံစားလိုက်ရသည့်အလား သူမ၏ မျက်ခွံများမှာ အနည်းငယ် တုန်ခါသွားရ၏။
“သခင်မလေး၊ ကျွန်တော်ဟာ အသုံးမကျတဲ့သူပါ” ပန်းဟုန်က အက်ကွဲသော အသံဖြင့် အော်ဟစ်လိုက်သည်။
“ဝူး...”
ပေါင်းစပ်သွားသော ကြီးမားလှသည့် မိစ္ဆာဝိညာဉ်ကြီးမှာ ကောင်းကင်ယံမှနေ၍ ကမ္ဘာမြေကို တုန်ခါစေမည့် ကြမ်းတမ်းလှသော အရှိန်အဟုန်ဖြင့် ရုတ်တရက် ခုန်အုပ်လိုက်တော့၏။ ၎င်းသည် ရှဲ့ကျင်ရွှမ် အပါအဝင် အနှောင့်အယှက်ပေးနေသူ အားလုံးကို တစ်ချက်တည်းနှင့် အပြီးတိုင် ချေမှုန်းပစ်ရန် ကြံရွယ်ထားခြင်း ဖြစ်ပေသည်။
ရှဲ့ကျင်ရွှမ်၏ ခန္ဓာကိုယ်မှ ထူးဆန်းသော တုန်ခါမှုတစ်ခု ထွက်ပေါ်လာ၏။ သရဲမျက်နှာဖုံးအောက်ရှိ သူမ၏ မျက်ခွံများမှာ ပိုမို၍ ပြင်းထန်စွာ တုန်ခါနေပြီး သူမသည် သတိပြန်ဝင်လာရန်အတွက် အသည်းအသန် ကြိုးစားနေပုံရပေသည်။
သို့သော် သူမ အဘယ်ကြောင့် အခက်တွေ့နေသည်ကိုမူ မည်သူမျှ မသိကြပေ။ သူမသည် အတင်းအကျပ် ရုန်းကန်နေသော်လည်း လွတ်မြောက်နိုင်ခြင်း မရှိသေးပေ။
မိစ္ဆာဝိညာဉ်ကြီးမှာ ထူထပ်လှသော အမည်းရောင် တိမ်တိုက်ကြီးများကို သယ်ဆောင်လာသကဲ့သို့ပင် ဆင်းသက်လာတော့သည်။ ၎င်းသည် ဘေးအန္တရာယ် အားလုံးကို ချက်ချင်းပင် ဖယ်ရှားပစ်ရန် ကြံရွယ်ထား၏။
ပန်းဟုန်သည် မျှော်လင့်ချက် ကုန်ဆုံးသွားသဖြင့် မျက်လုံးများကို စုံမှိတ်ထားလိုက်ပြီး ကျန်ရှိနေသော ကျင့်ကြံသူအားလုံးမှာလည်း မကြည့်ရဲသဖြင့် ခေါင်းများကို ငုံ့ထားလိုက်ကြတော့သည်။
“ဟမ်”
သို့သော် ဤအရေးကြီးလှသော အချိန်တွင် ကောင်းယွီသည် အံ့သြတကြီး အော်ဟစ်လိုက်၏။ သူ၏ လက်မှ ဘီလူးမျက်နှာလက်စွပ်မှနေ၍ တုန်ခါမှုလှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။
နောက်တစ်ခဏတွင် ကောင်းယွီ နှစ်ပေါင်းများစွာ အသည်းအသန် ကျင့်ကြံခဲ့သော ငရဲကိုးထပ် ဝိညာဉ်ကျင့်စဉ်နှင့် သူ၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးမှ အေးစက်ယုတ်မာလှသော ဝိညာဉ်စွမ်းအင်များ အားလုံးသည် ဘီလူးမျက်နှာလက်စွပ်အတွင်းသို့ ရူးသွပ်စွာ စီးဝင်သွားကြတော့၏။
“ခစ်... ခစ်... ခစ်”
မင်ရည်ကဲ့သို့ နက်မှောင်လှသော ယုတ်မာလှသည့် စွမ်းအင်တန်းများသည် သူ၏ ခန္ဓာကိုယ်မှနေ၍ ပြန့်ကျဲထွက်ပေါ်လာတော့၏။ ထိုမင်ရည်သဏ္ဌာန် စွမ်းအင်စီးကြောင်းများသည် ကောင်းကင်သို့ ထိုးတက်သွားကြပြီး ယိမ်းထိုးလျက် ကောင်းယွီ၏ ဦးခေါင်းအထက်တွင် ကြီးမားလှသော်လည်း ဝေဝါးလှသည့် ရိပ်သွင် ကြီးတစ်ခုအဖြစ် ဖြည်းဖြည်းချင်း ပုံပေါ်လာတော့သည်။
ထိုရိပ်သွင်ကြီးမှာ တောင်ပူစာတစ်လုံးကဲ့သို့ ကြီးမားလှသော ခန္ဓာကိုယ် ရှိပြီး ခေါင်းပေါ်တွင် ကွေးညွတ်နေသော ဦးချိုကြီးနှစ်ချောင်း ရှိပေသည်။ ထို့ပြင် ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းနိုင်သည့် နက်မှောင်လှသော အတောင်ပံကြီးတစ်စုံလည်း ရှိနေသေး၏။
ထိုရိပ်သွင်ကြီးမှာ ဝေဝါးနေသဖြင့် ၎င်း၏ စစ်မှန်သော ပုံသဏ္ဌာန်ကို ရှင်းလင်းစွာ မမြင်ရပေ။ သို့သော် ၎င်း ပုံပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးတွင် ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာသကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ပျံ့နှံ့သွားတော့၏။
ဤထည်ဝါလှသော အငွေ့အသက်မှာ အဆုံးစွန်ထိ ယုတ်မာကာ မိစ္ဆာဆန်လှပေသည်။
၎င်းသည် ငရဲကိုးထပ်၏ နက်ရှိုင်းရာမှ ဆင်းသက်လာသော မဟာမိစ္ဆာကြီးတစ်ကောင်... ၎င်းကို ချည်နှောင်ထားသော အဆုံးမရှိသည့် သံကြိုးများမှ ရုန်းထွက်လာသကဲ့သို့ပင် ရှိနေတော့၏။
ချိုင့်ဝှမ်းအတွင်းနှင့် အပြင်ဘက်ရှိ ဝိညာဉ်ရှိသော သတ္တဝါမှန်သမျှမှာ သူတို့၏ ဝိညာဉ်များ တုန်ခါသွားသည်ကို ခံစားလိုက်ကြရ၏။
မြောက်ပိုင်းတောင်တန်းရှိ ဝိညာဉ်သားရဲများသည် တစ်ကောင်ပြီး တစ်ကောင် အပြင်ဘက် နယ်မြေများတွင် ဝပ်စင်းသွားကြတော့သည်။ သူတို့၏ သားရဲခန္ဓာကိုယ်များမှာ မြေပြင်ပေါ်တွင် ဦးညွှတ်နေကြသကဲ့သို့ ပြင်းထန်စွာ တုန်ခါနေကြ၏။
ချိုင့်ဝှမ်းအပြင်ဘက်ရှိ တုကျဲ၊ နာနော့၊ ရှုံ့ပါးနှင့် အခြားလူအားလုံး၏ ခြေထောက်များမှာလည်း တုန်ယင်နေကြပြီး ထိုကြီးမားလှသော မဟာမိစ္ဆာ ရိပ်သွင်ကြီး၏ ဖိအားအောက်တွင် သူတို့သည် မတ်တပ်ရပ်နိုင်စွမ်းပင် မရှိကြတော့ပေ။
သူတို့၏ စိတ်ဓာတ်များမှာ လုံးဝ ပြိုကွဲပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ချိုင့်ဝှမ်းအတွင်း၌ လျန်ကျန့်၊ ပန်းဟုန်နှင့် အမှောင်အသူရာခန်းမမှ ကျင့်ကြံသူများသည် သူတို့၏ ပုခုံးပေါ်တွင် တောင်ကြီးတစ်လုံး ဖိထားသကဲ့သို့ပင် အသက်ရှူရ ခက်ခဲလာကြ၏။ သူတို့၏ နှလုံးသားများမှာ ကြောက်ရွံ့မှုကြောင့် တုန်ခါနေကြပြီး ကောင်းယွီ၏ ဦးခေါင်းအထက်တွင် ပျံလွင့်နေသော ထိုမဟာမိစ္ဆာ ရိပ်သွင်ကြီးကို ဖြူဖျော့ထိတ်လန့်သော မျက်နှာများဖြင့် ကြည့်နေကြတော့သည်။
ဝိညာဉ်စုပ်သားရဲ၏ ဝိညာဉ်အပိုင်းအစများဖြင့် ဖွဲ့စည်းထားသော ကြီးမားလှသည့် မိစ္ဆာဝိညာဉ်ကြီးသည်ပင် ဤအချိန်တွင် ၎င်း၏ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်တော့၏။
ကောင်းယွီ၏ ဦးခေါင်းအထက်မှ မဟာမိစ္ဆာ ရိပ်သွင်ကြီးနှင့် နှိုင်းယှဉ်လိုက်လျှင် ဝိညာဉ်အပိုင်းအစ အားလုံးဖြင့် ဖွဲ့စည်းထားသော ထိုမိစ္ဆာဝိညာဉ်ကြီးမှာ ရုတ်တရက်ပင် အားနည်းသွားသကဲ့သို့ ရှိနေပြီး ၎င်း၏ ကြမ်းတမ်းမှုများမှာလည်း ဖိနှိပ်ခြင်း ခံလိုက်ရသကဲ့သို့ ရှိနေတော့သည်။ ၎င်းသည် ရှေ့သို့ ဆက်လက် ခုန်အုပ်ရန်ပင် မဝံ့မရဲ ဖြစ်နေ၏။
လျန်ကျန့်ကို အလူးအလဲ ခံရအောင် လုပ်ခဲ့သော ဝိညာဉ်စုပ်သားရဲ၏ ခန္ဓာကိုယ်ကြီးသည်လည်း သူ့ကို လိုက်လံတိုက်ခိုက်နေခြင်းအား ရပ်ဆိုင်းလိုက်တော့သည်။ ၎င်း၏ အေးစက်ယုတ်မာလှသော မျက်လုံးသုံးလုံးစလုံးသည် ထိုဝေဝါးလှသော မိစ္ဆာရိပ်သွင်ကြီးထံသို့ ကြည့်လိုက်ကြပြီး ထိုမျက်လုံး သုံးလုံးစလုံးတွင် ပြင်းထန်လှသော ထိတ်လန့်ကြောက်ရွံ့မှု အမူအရာများ တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာတော့၏။
၎င်းသည် အဆင့်နိမ့်သတ္တဝါ တစ်ကောင်က အစာကွင်းဆက်၏ ထိပ်ဆုံးတွင်ရှိသော ကြောက်မက်ဖွယ်ကောင်းသည့် သတ္တဝါကြီးတစ်ကောင်၏ အကြည့်ကို ခံလိုက်ရသည့်အခါ မသိစိတ်က ခံစားလိုက်ရသည့် ကြောက်ရွံ့မှုမျိုးပင် ဖြစ်သည်။
ဝိညာဉ်စုပ်သားရဲမှာ ကြောက်လန့်နေပေသည်။ ၎င်း၏ ခန္ဓာကိုယ်ကြီးဖြစ်စေ၊ ဝိညာဉ်အပိုင်းအစများဖြစ်စေ နှစ်ခုစလုံးမှာ တစ်ပြိုင်နက်တည်း စိုးရိမ်ထိတ်လန့်နေကြ၏။
၎င်းသည် ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်နှင့် မိစ္ဆာဝိညာဉ်ကြီး နှစ်ခုစလုံးမှာ တိတ်ဆိတ်စွာ အကဲခတ်နေကြပြီး ရှေ့သို့ မဆင်မခြင် တိုးရန် မဝံ့မရဲ ဖြစ်နေကြတော့သည်။
ဝိညာဉ်စုပ်သားရဲ စုစည်းထားသော မိစ္ဆာဝိညာဉ်နှင့် မတူသည်မှာ ကောင်းယွီ၏ ခန္ဓာကိုယ်အတွင်းမှ ပျံထွက်လာသော ဤကြောက်မက်ဖွယ်ကောင်းလှသည့် မိစ္ဆာရိပ်သွင်ကြီးမှာ တောက်လောင်နေသော မီးလျှံများကို အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။ ၎င်းသည် ထိုပြင်းထန်လှသော မီးလျှံများအကြားတွင် မည်သည့် ထိခိုက်မှုမျှမရှိဘဲ ပျံလွင့်နေပေသည်။
၎င်း ပေါ်ထွက်လာခြင်းကြောင့် ချိုင့်ဝှမ်းအတွင်းနှင့် အပြင်ဘက်ရှိ သက်ရှိအားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး ပြင်းထန်လှသော တိုက်ပွဲကြီးမှာလည်း ရုတ်တရက် ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။
လူတိုင်းမှာ ကောင်းယွီ၏ အထက်တွင် ပေါ်ပေါက်နေသော ထိုကြောက်မက်ဖွယ် မဟာမိစ္ဆာ ရိပ်သွင်ကြီးကို ကြည့်ရင်း အံ့သြထိတ်လန့်နေကြ၏။ သူ့ထံသို့ ကြည့်နေကြသော အကြည့်အားလုံးမှာ ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေပေသည်။
သို့သော်လည်း လူတိုင်း၏ စိုက်ကြည့်ခြင်းကို ခံနေရသော ကောင်းယွီမှာမူ အင်မတန်မှ ထူးဆန်းသော အမူအရာ ဖြစ်နေပေသည်။
သူသည် ချင်လဲ့ထံသို့ ကြည့်လိုက်၏...။
သူသည် အကြောင်းပြချက်မရှိဘဲ ပေါ်ထွက်လာသော ဤမဟာမိစ္ဆာ ရိပ်သွင်ကြီး၏ ဂနာမငြိမ်မှုကို မှိန်ဖျော့စွာ ခံစားလိုက်ရ၏။ သူ၏ ဝိညာဉ်အတွင်းသို့ တိုက်ရိုက် ရောက်ရှိလာသော တိုက်တွန်းနှိုးဆော်သံများကိုလည်း သူ ကြားနေရပုံရပေသည်။ ထိုအသံမှာ သူ၏ ဦးခေါင်းအထက်မှ မိစ္ဆာကြီး၏ အသံ ဖြစ်ပုံရ၏။
“မြန်မြန်ထွက်သွား။ ဒီနေရာကနေ ထွက်သွားစမ်း... ဒီနေရာကနေ ထွက်သွား”
ကောင်းယွီသည် ထိုထူးဆန်းလှသော စကားလုံး တစ်လုံးချင်းစီကို တစ်ခါမျှ မကြားဖူးခဲ့သော်လည်း ၎င်းတို့၏ အဓိပ္ပာယ်ကိုမူ သူ နားလည်နေပေသည်။
ထိုအသံမှာ သူ့ကို ဤနေရာမှ ထွက်ခွာသွားရန် အသည်းအသန် တိုက်တွန်းနေခြင်းပင် ဖြစ်၏။
ကောင်းယွီသည် ထိုမိစ္ဆာရိပ်သွင်ကြီးမှာ အစပိုင်းတွင် မည်သည်ကို ကြောက်နေသည်အား မသိခဲ့သော်လည်း သူသည် ချင်လဲ့ထံသို့ တစ်လှမ်း တိုးလိုက်သည့်အခါ ထိုအသံမှာ ပိုမို၍ အသည်းအသန် ဖြစ်လာပြီး ထိတ်လန့်သွားသည်ကို တွေ့လိုက်ရ၏။ ထိုအခါမှသာ သူသည် ရုတ်တရက် နားလည်သွားတော့သည်။
ဤမိစ္ဆာရိပ်သွင်ကြီး ရုတ်တရက် ပေါ်ထွက်လာရခြင်း၏ အကြောင်းရင်းမှာ အထက်မှ မိစ္ဆာဝိညာဉ်ကြောင့် မဟုတ်သလို ဝိညာဉ်စုပ်သားရဲကြောင့်လည်း မဟုတ်ပေ...။
၎င်း ပေါ်လာရခြင်းမှာ ချင်လဲ့ကြောင့်ပင် ဖြစ်၏။
၎င်းသည် ချင်လဲ့ကြောင့်သာ အတင်းအကျပ် ထွက်လာခဲ့ရခြင်း ဖြစ်ပေသည်။
မည်သည့်အကြောင်းကြောင့်ဖြစ်စေ ၎င်း မည်သည်ကို ခံစားလိုက်ရသည်ဖြစ်စေ ၎င်းမှာ ရုတ်တရက် ထွက်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ကောင်းယွီကို အဆက်မပြတ် တိုက်တွန်းနေပြီး ဤနေရာမှ ထွက်သွားရန်၊ ဤနေရာမှ အမြန်ဆုံး ခွာရန် ပြောနေခြင်းပင် ဖြစ်၏။
ချင်လဲ့နှင့် ဝေးရာတွင် နေရန် တိုက်တွန်းနေခြင်း ဖြစ်ပေသည်။
“ဘာဖြစ်လို့လဲ... ဘာကြောင့်လဲ။ မင်းရဲ့ ကိုယ်ပေါ်မှာ ဘာတွေ ရှိနေလို့လဲ။ မင်း ဘာလုပ်တော့မှာလဲ။ ဝိညာဉ်စုပ်သားရဲကိုတောင် တုန်ခါသွားစေပြီး အပြင်က ဝိညာဉ်သားရဲတွေကိုပါ ဦးညွှတ်စေခဲ့တဲ့ ဒီအရာကြီးက ဘာဖြစ်လို့ မင်းကိုကျမှ ဒီလောက်အထိ ကြောက်နေရတာလဲ။ ဘာဖြစ်လို့ ငါ့ကို မင်းအနားကနေ ထွက်သွားဖို့ ပြောနေရတာလဲ”
ကောင်းယွီ၏ နှလုံးသားအတွင်းမှနေ၍ အော်ဟစ်နေမိ၏။ သူ၏ ဝိညာဉ်အတွင်းသို့ တိုက်ရိုက် ရောက်ရှိလာသော တိုက်တွန်းသံ တစ်ခုချင်းစီတိုင်းသည် သူ၏ ဦးခေါင်းကို ပေါက်ကွဲထွက်တော့မည့်အလား နာကျင်စေတော့သည်။
သူသည် နာကျင်မှုကြောင့် ဦးခေါင်းကို ဖိထားလိုက်မိ၏။ သူ၏ အမူအရာမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီး သူသည် ချင်လဲ့ကို စိုက်ကြည့်ရင်း အနောက်သို့ တစ်လှမ်းချင်း ဆုတ်ခွာသွားလေတော့သည်။
အခန်း (၉၈) စတင်လှုပ်ရှားခြင်း
“ကောင်းယွီကတော့ တကယ့်ကို အံ့မခန်းပဲဗျာ”
“ဒီကောင်... သူ့ကိုယ်ထဲမှာ ပိတ်လှောင်ထားတဲ့ အဲဒီမိစ္ဆာကြီးက ဘာကြီးလဲဟ”
“ကောင်းကင်ကြီးရေ... ဝိညာဉ်စုပ်သားရဲတောင် ကြောက်ရတဲ့အရာဆိုတော့ ကောင်းယွီ တစ်ယောက် ဘယ်လို လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားတာလဲမသိဘူး”
“ဒါ ကောင်းယွီကြောင့်ပဲ၊ သူကမှ တကယ့်ကို အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်တာ”
ချိုင့်ဝှမ်းအပြင်ဘက်တွင် ရေလဂိုဏ်းမှ မိန်းကလေးများနှင့် ကြက်သွေးရောင်မီးလျှံအဖွဲ့မှ လူများသည် ကောင်းယွီ၏ ဦးခေါင်းအထက်တွင် ပျံလွင့်နေသော မိစ္ဆာရိပ်သွင်ကြီးကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြ၏။ သူတို့မှာ ကြောက်လန့်လွန်းသဖြင့် မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျနေကြပြီး သွားများပင် တဂတ်ဂတ် တုန်ယင်လျက် ထိုအကြောင်းကို ဆွေးနွေးနေကြတော့သည်။
ပန်းဟုန်နှင့် ကျန်ရှိနေသော အမှောင်အသူရာခန်းမမှ စစ်သည်များမှာလည်း ကောင်းယွီကို ကြည့်ရင်း အံ့သြဝမ်းသာ ဖြစ်နေကြ၏။ လျန်ကျန့်သည်ပင် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိပြီး ကောင်းယွီအား ချီးကျူးသော အကြည့်ဖြင့် ကြည့်နေပေသည်။
ယခုအချိန်တွင် ကောင်းယွီမှာ သံသယဖြစ်ဖွယ်မရှိဘဲ အားလုံး၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ကောင်းယွီ ပေါ်လာခြင်းကြောင့်သာ ဝိညာဉ်စုပ်သားရဲမှာ အရှိန်သတ်သွားပြီး မည်သူ့ကိုမျှ မသတ်ရဲတော့ဘဲ ရပ်တန့်သွားခြင်း ဖြစ်သည်ဟု လူတိုင်းက ထင်မှတ်နေကြ၏။
လျန်ကျန့်ကိုယ်တိုင်ပင်လျှင် ကောင်းယွီကို ကျေးဇူးတင်သော စိတ်ကလေး အနည်းငယ် ဖြစ်မိပေသည်။ အကြောင်းမှာ ဝိညာဉ်စုပ်သားရဲ၏ တိုက်ခိုက်မှုများကြောင့် သူသည် လုံးဝ ပြိုလဲတော့မည့် အခြေအနေသို့ ရောက်ရှိနေခဲ့သောကြောင့် ဖြစ်၏။
ကောင်းယွီက ထိုမိစ္ဆာရိပ်သွင်ကို ထုတ်လွှတ်လိုက်သောကြောင့်သာ ဝိညာဉ်စုပ်သားရဲမှာ သူ့ကို ရူးသွပ်စွာ တိုက်ခိုက်နေခြင်းအား ရပ်တန့်လိုက်ပြီး သူ ခေတ္တမျှ အသက်ရှူခွင့် ရလိုက်ခြင်း ဖြစ်ပေသည်။
“ဟိုချင်လဲ့ ဆိုတဲ့တစ်ယောက်ကတော့ ဘာမှ သုံးစားလို့ မရပါလား။ အမှောင်အသူရာခန်းမက လူတွေက ဘာဖြစ်လို့ ဒီလိုလူမျိုးကို ခေါ်လာကြတာလဲ”
“မသိဘူးလေ။ ငါ့အမြင်တော့ သူက အပိုလူပါပဲ၊ ဝန်ထုပ်ဝန်ပိုး တစ်ခုလိုပဲ”
“ဟုတ်ပါ့ဗျာ၊ စောစောက ဆရာကြီးလျန်ကျန့်က သူ့အပေါ် အများကြီး မျှော်လင့်ထားသေးတယ်၊ ကောင်းကင်ကနေ မိုးကြိုးတွေ ဆွဲချနိုင်မလိုလိုနဲ့။ တကယ်တမ်းကျတော့ ဘာမှ ဖြစ်မလာဘူး။ ရယ်စရာကြီးဗျာ၊ သူတို့အားလုံး လူမှားကုန်ကြတာပဲ”
“ဟုတ်တယ်... ချင်လဲ့က အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လိမ့်မယ်လို့ အားလုံးက မျှော်လင့်ခဲ့ကြတာ၊ ဒါပေမဲ့ သူ ဘာမှ မလုပ်နိုင်ခဲ့ဘူး။ အပြန်အလှန်အနေနဲ့ ကောင်းယွီမှာကျတော့ ဒီလောက် ကြောက်စရာကောင်းတဲ့ ဝှက်ဖဲကြီး ရှိနေတာကိုး”
“ကောင်းယွီရဲ့ အနာဂတ်ကတော့ အကန့်အသတ်မရှိဘူး။ သူ့ကိုယ်ထဲမှာ ဒီလို မိစ္ဆာဝိညာဉ်ကြီး ပိတ်လှောင်ထားတယ်ဆိုတော့၊ နောက်နောင် သူ့ရဲ့ အောင်မြင်မှုတွေဟာ ခန့်မှန်းလို့တောင် ရမှာ မဟုတ်ဘူး။ ငါတို့ သူ့ကို သတိထားပြီး ဆက်ဆံရတော့မယ်”
ချိုင့်ဝှမ်းအပြင်ဘက်ရှိ လူအများအပြားမှာ ကောင်းယွီကို စိုက်ကြည့်ရင်း ချီးကျူးစကားများ ဆိုနေကြသော်လည်း ချင်လဲ့အကြောင်း ပြောသည့်အခါတွင်မူ သူတို့၏ မျက်နှာများမှာ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေတော့သည်။
နာနော့အပါအဝင် ရေလဂိုဏ်းမှ မိန်းကလေးများသည် ကောင်းယွီကို မျက်လုံးလေးများ တောက်ပလျက် စိုက်ကြည့်နေကြ၏။
ချင်လဲ့ကိုမူ သူတို့အားလုံးက လုံးဝ မေ့လျော့ထားကြပြီ ဖြစ်သည်။
“ငါ... ငါ အရင်ဆုံး ချိုင့်ဝှမ်းထဲကနေ ထွက်သွားတော့မယ်”
သို့သော်လည်း လူတိုင်း၏ မျှော်လင့်ချက်ဖြစ်နေသော ကောင်းယွီမှာမူ မသိစိတ်၏ စေ့ဆော်မှုဖြင့် အော်ဟစ်ကာ သူ၏ ဦးခေါင်းကို ဆုပ်ကိုင်ထားလျက် မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့ကာ ချိုင့်ဝှမ်းအတွင်းမှ ထွက်ခွာရန် ယိမ်းထိုးလျက် ကြိုးစားနေတော့၏။
မိစ္ဆာရိပ်သွင်ကြီးမှာ သူ၏ ဦးခေါင်းအထက်တွင် ပျံလွင့်နေပြီး သူသွားရာ လမ်းကြောင်းအတိုင်း လိုက်ပါနေပေသည်။
သူတို့၏ ဦးခေါင်းအထက်ရှိ ဝိညာဉ်စုပ်သားရဲ၏ ဝိညာဉ်အပိုင်းအစများဖြင့် ဖွဲ့စည်းထားသော မိစ္ဆာဝိညာဉ်ကြီးမှာလည်း ထိုမဟာမိစ္ဆာရိပ်သွင်ကြီး လှုပ်ရှားသည်ကို မြင်သည့်အခါ လမ်းပိတ်မိ၍ တစ်ဖက်လူကို ဒေါသထွက်အောင် လုပ်မိမည်အား စိုးရိမ်သည့်အလား အဆက်မပြတ် နောက်ဆုတ်ပေးနေတော့၏။
“မင်း ဘယ်သွားမလို့လဲ”
“ကောင်းယွီ”
“မလှုပ်နဲ့ဦးလေ”
ကောင်းယွီ အပြင်ဘက်သို့ ထွက်သွားရန် ပြင်နေသည်ကို မြင်သည့်အခါ လူတိုင်း ထိတ်လန့်သွားကြပြီး သူ့ကို ဝိုင်းဝန်းအော်ဟစ် တားဆီးကြတော့၏။ သူတို့သည် ကောင်းယွီကို ချိုင့်ဝှမ်းအတွင်း၌ ဆက်ရှိနေစေပြီး ထိုကြောက်စရာကောင်းသော မိစ္ဆာရိပ်သွင်ကြီးဖြင့် ဝိညာဉ်စုပ်သားရဲအား ဆက်လက် ဖိနှိပ်ထားရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
သို့သော်လည်း ကောင်းယွီမှာမူ လူအများ၏ အော်ဟစ်သံများကို လုံးဝ မကြားရတော့ပေ။ သူ၏ ဝိညာဉ်အတွင်းပိုင်းအထိ ထိုးဖောက်ရောက်ရှိလာသော တိုက်တွန်းသံကိုသာ သူ ကြားနေရ၏။ “အမြန်ဆုံး ထွက်သွားစမ်း။ ချင်လဲ့နဲ့ ဝေးရာကို သွား။ ချိုင့်ဝှမ်းထဲကနေ ထွက်သွားစမ်း”
ကောင်းယွီသည် ရုတ်တရက် ပေါ်ပေါက်လာသော ဤမိစ္ဆာရိပ်သွင်ကြီးမှာ ဘီလူးမျက်နှာလက်စွပ် အတွင်းရှိ မှတ်ဉာဏ်အပိုင်းအစများမှ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ခံစားလိုက်ရ၏။ ထိုအရာသည် သူ့အပေါ် မည်သည့် ရန်ငြိုးမျှ မရှိပေ။
ထိုမဟာမိစ္ဆာရိပ်သွင်ကြီး၏ အသည်းအသန် တိုက်တွန်းနေမှုမှာ သူ့အကျိုးအတွက်သာ ဖြစ်လိမ့်မည်ဟုပင် သူ မှိန်ဖျော့စွာ သိရှိနေပေသည်။
ကောင်းယွီသည် မူလကတည်းက အင်မတန် အတ္တကြီးသောသူ ဖြစ်ရာ အမှောင်အသူရာခန်းမ၏ တာဝန်များ သို့မဟုတ် ဝိညာဉ်စုပ်သားရဲ၏ ခြိမ်းခြောက်မှုများကို သူ ဂရုမစိုက်ပေ။
သူ့အမြင်တွင် သူသာ အသက်ရှင်နေရလျှင် ဝိညာဉ်စုပ်သားရဲက လူမည်မျှပင် သတ်သတ်... သူ့အတွက် ဘာမှ အရေးမကြီးပေ။
ထို့ကြောင့် ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် မိမိ၏ ခံစားချက်ကိုသာ ယုံကြည်ရန် ဆုံးဖြတ်လိုက်ပြီး လူအများ၏ ခေါ်ယူသံများအား လျစ်လျူရှုလိုက်တော့၏။ ထိုသို့ဖြင့် သူသည် အရူးအမူး အော်ဟစ်နေကြသော အသံများကို မကြားချင်ယောင်ဆောင်ကာ ချိုင့်ဝှမ်းအပြင်ဘက်သို့ ပြတ်သားစွာ လမ်းလျှောက် ထွက်ခွာသွားလေတော့သည်။
သူ ချိုင့်ဝှမ်းထဲမှ ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ဦးခေါင်းအထက်တွင် ပျံလွင့်နေသော ထိုကြောက်မက်ဖွယ် မိစ္ဆာရိပ်သွင်ကြီးမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ရုတ်တရက် ပြန်လည်ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားတော့၏။
သူ၏ ဝိညာဉ်အတွင်းသို့ ရောက်ရှိနေသော တိုက်တွန်းသံများမှာလည်း ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။ သူသည် အသေအချာ စူးစမ်းကြည့်သော်လည်း ထိုမဟာမိစ္ဆာကြီး၏ အရိပ်အယောင်မျှပင် ရှာမတွေ့တော့ပေ။
ထိုမဟာမိစ္ဆာကြီးမှာ အရိပ်တစ်ခုအဖြစ် ပေါ်ထွက်လာရန်အတွက် စွမ်းအင်များ အလွန်အမင်း အသုံးပြုလိုက်ရသဖြင့် ဆက်လက် တောင့်မခံနိုင်တော့ဘဲ ပြန်လည် အိပ်စက်သွားရသည့်အလားပင် ရှိနေတော့၏။
“ဂွက်...”
ရှဲ့ကျင်ရွှမ်၏ လက်ထဲမှ ကျောက်မျက်မှာ ရုတ်တရက် ကွဲအက်သွားပြီး ကြက်သွေးရောင်ငှက်၏ သွေးစက်ကလေးမှာလည်း လေထဲတွင် ကွယ်ပျောက်သွားတော့၏။
သူမသည် မျက်လုံးများကို ဖွင့်လိုက်သည်။
“နည်းနည်းလေးပဲ... နည်းနည်းလေးပဲ လိုတော့တာ”
ရှဲ့ကျင်ရွှမ်၏ အကြည့်မှာ အားမလိုအားမရ ဖြစ်နေပြီး သူမသည် အံများကို ကြိတ်ကာ တိုးညှင်းသော အသံဖြင့် ရေရွတ်လိုက်ရင်း ရုတ်တရက် ထရပ်လိုက်တော့၏။
ချိုင့်ဝှမ်းအတွင်းရှိ မြောင်းသွယ်များမှာ ပြင်းထန်သော မီးလျှံများဖြင့် တောက်လောင်နေပြီး ကြက်သွေးရောင် ကျောက်တိုင်များမှာလည်း မီးလျှံတန်းများကို ထုတ်လွှတ်ကာ မြောင်းသွယ်များအတွင်းရှိ မီးများနှင့် ယှက်သန်းနေပေသည်။
သူမသည် ကြက်သွေးရောင်ငှက်၏ သွေးမှတစ်ဆင့် မီးအရင်းအမြစ် အားလုံးနီးပါးကို တောက်လောင်စေခဲ့ပြီး ဖြစ်သည်။ သို့သော် နောက်ဆုံးအချိန်တွင် မိစ္ဆာဝိညာဉ်များက အလင်းစည်းများကို ဖျက်ဆီးဝင်ရောက်လာသဖြင့် ရန်သူကို ရင်ဆိုင်ရန်အတွက် သူမ အလျင်စလို နိုးထလိုက်ရ၏။ ထိုသို့ အလျင်စလို လုပ်ဆောင်လိုက်ရသဖြင့် စိတ်လှုပ်ရှားကာ ထိန်းချုပ်မှု လွဲချော်သွားပြီး ကြက်သွေးရောင်ငှက် သွေးစက်၏ အစိတ်အပိုင်းအချို့ကို မလှုံ့ဆော်နိုင်ခဲ့ပေ။ ထို့ကြောင့် မြောင်းတန်းများအတွင်း ကျန်ရှိနေသော နေရောင်ခြည်ကျောက်တုံး သုံးတုံးမှာ မီးမစွဲဘဲ ကျန်ရစ်ခဲ့တော့သည်။
ဤအချက်ကြောင့်ပင် အစွန်းရောက် ရှစ်မျက်နှာ မီးဝင်္ကပါသည် ၎င်း၏ စွမ်းအားအပြည့်ကို မထုတ်လွှတ်နိုင်ခဲ့ပေ။
“သခင်မလေး။ သခင်မလေး”
“ညီမလေး”
သူမ နိုးလာသည်ကို မြင်သည့်အခါ ပန်းဟုန်နှင့် လျန်ကျန့်တို့၏ မျက်နှာများမှာ စိတ်သက်သာရာရသွားကြပြီး သူမကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြ၏။
နက်မှောင်သော အကြေးခွံဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာဖုံး စွပ်ထားသော ရှဲ့ကျင်ရွှမ်သည် သူတို့၏ အကြည့်များအကြားတွင် ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ “နည်းနည်းတော့ လွဲသွားပြီ။ မီးဝင်္ကပါကို အပြည့်အဝ အသက်မသွင်းနိုင်ခဲ့ဘူး။ ဒီမီးလျှံတွေနဲ့တင် လုံလောက်ဖို့ပဲ မျှော်လင့်ရတာပဲ”
သူမ ထိုသို့ ပြောနေစဉ်မှာပင် သူမ၏ ကြည်လင်သော မျက်ဝန်းများမှ အလင်းတန်းများ တောက်ပလာတော့၏။
သက်တန့်ရောင် အလင်းတန်းများမှာ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး အနီးအနားရှိ ကျောက်တိုင်များအတွင်းသို့ စီးဝင်သွားကြတော့သည်။
ကြက်သွေးရောင် ကျောက်တိုင်များမှာ တစ်တိုင်ပြီးတစ်တိုင် ပြင်းထန်လှသော ဝိညာဉ်စွမ်းအား လှိုင်းများကို ခံစားလိုက်ကြရ၏။ ချိုင့်ဝှမ်းအတွင်းရှိ သဘာဝ ဝိညာဉ်စွမ်းအားများ နိုးထလာသည့်အလား ဝိညာဉ်လှိုင်းများသည် မီးလျှံတန်းများနှင့်အတူ စီးဆင်းသွားကြပြီး မီးလျှံများကို ပိုမို အားကောင်းလာစေကာ ပိုမို၍ ပြင်းထန်စွာ တောက်လောင်လာစေတော့သည်။
ဝိညာဉ်စုပ်သားရဲ၏ ခန္ဓာကိုယ်နှင့် မိစ္ဆာဝိညာဉ်များမှာ တစ်ပြိုင်နက်တည်း ရုန်းကန်နေကြတော့၏။ ၎င်းတို့ကို သန့်စင်ပစ်ရန် သီးသန့် ရည်ရွယ်ထားသော မီးလျှံများကို ခံစားလိုက်ရသည့်အလား ထိုမီးလျှံများမှာ ချိုင့်ဝှမ်းတစ်ခွင်လုံးကို ချက်ချင်းပင် ပိတ်ဆို့လိုက်တော့၏။
“ဦးလေးလျန်... ဒီလူတွေကို ချိုင့်ဝှမ်းထဲကနေ ခေါ်ထုတ်သွားလိုက်” ရှဲ့ကျင်ရွှမ်က အေးစက်စွာ ပြောလိုက်သည်။
“နားလည်ပါပြီ” လျန်ကျန့်က ချက်ချင်းပင် လှုပ်ရှားလိုက်၏။
ရှဲ့ကျင်ရွှမ်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားရ၏။ သူမသည် တိုတောင်းလှသော အချိန်အတွင်း၌ စွမ်းအင်များကို အလွန်အမင်း အသုံးပြုလိုက်ရသဖြင့် ခေတ္တမျှ ပြန်လည်အားဖြည့်နိုင်စွမ်း မရှိသေးပေ။ သို့သော် သူမသည် မိမိကိုယ်ကိုယ် ချက်ချင်း ပြန်လည်ထိန်းညှိလိုက်ပြီး အမှောင်အသူရာခန်းမမှ စစ်သည်နှစ်ဦးကို မ,လိုက်ကာ ချိုင့်ဝှမ်းအပြင်ဘက်သို့ လျင်မြန်စွာ ပျံထွက်သွားတော့၏။
ချိုင့်ဝှမ်းတစ်ခုလုံးမှာ ယခုအခါတွင် ကောင်းကင်ယံအထိ ထိုးတက်နေသော မီးလျှံများဖြင့် ပြည့်နှက်နေပြီး နေရာတိုင်းမှာ တောက်လောင်နေပေသည်။ တောက်လောင်နေသော မီးလျှံစုကြီးများမှာ ကောင်းကင်ယံကိုပါ ပိတ်ဆို့ထားသော မှော်အတားအဆီးတစ်ခုကဲ့သို့ပင် ရှိနေပြီး အပူရှိန်မှာ လုံးဝ သည်းခံနိုင်စွမ်း မရှိတော့ပေ။
ဝိညာဉ်စုပ်သားရဲ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်အပိုင်းအစများသည် ထိုထူထပ်လှသော မီးလျှံများအကြားတွင် ရူးသွပ်စွာ အော်ဟစ်နေကြပြီး ၎င်းတို့သည် တစ်ခုနှင့်တစ်ခု နီးကပ်သွားစေရန် တဖြည်းဖြည်း လှုပ်ရှားနေကြတော့သည်။
ရှဲ့ကျင်ရွှမ်နှင့် လျန်ကျန့်တို့မှာ အလျင်အမြန် လှုပ်ရှားနေကြပြီး အမှောင်အသူရာခန်းမမှ စစ်သည်များကို အရှင်လတ်လတ်ဖြစ်စေ အလောင်းဖြစ်စေ ဆွဲမကာ ချိုင့်ဝှမ်းအပြင်ဘက်သို့ ပို့ဆောင်ပေးနေကြ၏။
“ချင်လဲ့၊ ချင်လဲ့ ကျန်သေးတယ်။ သူ့ကိုလည်း ခေါ်သွားဦး” တုကျဲက အကျယ်ကြီး အော်ဟစ်လိုက်သည်။
ရှဲ့ကျင်ရွှမ်နှင့် လျန်ကျန့်တို့၏ ပထမဆုံး ကယ်ဆယ်ရေး ဦးစားပေးမှာ အမှောင်အသူရာခန်းမမှ လူများသာ ဖြစ်နေသည်ကို သူ သတိထားမိလိုက်သည်။ သူတို့သည် အလောင်းများကိုပင် ချန်မထားခဲ့ဘဲ ကယ်ထုတ်နေကြခြင်း ဖြစ်၏။
သို့သော် ချင်လဲ့မှာမူ အိပ်မက်ဆိုးတစ်ခုအတွင်း ပိတ်မိနေသည့်အလား ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါနေပြီး မူလနေရာ၌ပင် ထိုင်နေဆဲ ဖြစ်သည်။ သူတို့သည် ချင်လဲ့ကို လုံးဝ သတိမထားမိကြသလို ကယ်ထုတ်ရန်လည်း မကြိုးစားကြပေ။
ချိုင့်ဝှမ်းအတွင်းရှိ မီးလျှံများမှာ ပိုမို၍ ပြင်းထန်လာ၏။ ချိုင့်ဝှမ်းတစ်ခုလုံး တောက်လောင်နေသကဲ့သို့ပင် ရှိနေပြီး အပြင်ဘက်ရှိ တုကျဲနှင့် အခြားလူများပင်လျှင် ထိုပြင်းထန်လှသော အပူရှိန်ကြောင့် အနောက်သို့ ဆုတ်ခွာပေးနေကြရတော့သည်။
တုကျဲ၊ ကျောက်ချန်းနှင့် ခန်းကျိတို့မှာ ချင်လဲ့အတွက် စိုးရိမ်တကြီးဖြင့် ချိုင့်ဝှမ်းအပြင်ဘက်မှနေ၍ ထပ်ခါတလဲလဲ အော်ဟစ်နေကြ၏။ ရှဲ့ကျင်ရွှမ်နှင့် လျန်ကျန့်တို့က ချင်လဲ့ကို မေ့သွားမည် သို့မဟုတ် အချိန်မရှိတော့သဖြင့် ချန်ထားခဲ့မည်ကို သူတို့ အလွန် စိုးရိမ်နေကြသည်။ အကယ်၍ ချန်ထားခဲ့ပါက ချင်လဲ့မှာ ထိုကြောက်မက်ဖွယ် မီးလျှံများအကြားတွင် ပြာအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
“တိတ်တိတ်နေစမ်း”
လျန်ကျန့်က တစ်ချက် ငေါက်လိုက်ပြီးနောက် နောက်ဆုံးတွင် ချင်လဲ့နှင့် အမှောင်အသူရာခန်းမမှ အဖွဲ့ဝင်တစ်ဦး၏ အလောင်းကို ဆွဲယူလိုက်တော့၏။ ထို့နောက် သူသည် ထူးခြားသော လမ်းကြောင်းတစ်ခုမှတစ်ဆင့် ရှဲ့ကျင်ရွှမ်နှင့်အတူ ချိုင့်ဝှမ်းအပြင်ဘက်သို့ ပြေးထွက်လာခဲ့လေသည်။
သူတို့ ချိုင့်ဝှမ်းအပြင်ဘက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ပေါက်ကွဲသံများ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာတော့၏။ မီးစွဲနေသော ကျောက်တိုင်များစွာမှာ ပေါက်ကွဲသွားကြပြီး အစွန်းရောက် ရှစ်မျက်နှာ မီးဝင်္ကပါ၏ စွမ်းအားမှာ ယခင်ကထက်ပင် ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလာတော့သည်။
“ကောင်းယွီ၊ မင်း ဘာဖြစ်နေတာလဲ” ချင်လဲ့ကို အပြင်သို့ ခေါ်ထုတ်လာပြီးနောက် တုကျဲမှာ စိတ်သက်သာရာရသွားကာ ကောင်းယွီကို ချက်ချင်းပင် စိုက်ကြည့်လိုက်သည်။ “မင်းသာ ချိုင့်ဝှမ်းထဲမှာ ခဏလောက် ထပ်နေခဲ့ရင် သူတို့အပေါ် ကျရောက်နေတဲ့ ဖိအားတွေ လျော့နည်းသွားမှာပဲ။ မင်း ဘာတွေ လုပ်နေတာလဲ”
“ကောင်းယွီ... မင်း ဘာဖြစ်လို့ ချိုင့်ဝှမ်းထဲကနေ ရုတ်တရက် ထွက်လာတာလဲ” လျန်ကျန့်ကလည်း မေးလိုက်၏။
မြေပြင်ပေါ်တွင် မေ့မြောနေသော ပန်းဟုန်၊ အမှောင်အသူရာခန်းမမှ စစ်သည်များ၊ ရေလဂိုဏ်းနှင့် ကြက်သွေးရောင်မီးလျှံအဖွဲ့မှ လူများ၊ နောက်ဆုံးတွင် ရှဲ့ကျင်ရွှမ်သည်ပင်လျှင် ကောင်းယွီကို အပြစ်တင်သော အကြည့်များဖြင့် ကြည့်နေကြတော့သည်။
လူတိုင်း၏ စိုက်ကြည့်ခြင်းကို ခံနေရသော ကောင်းယွီ၏ အကြည့်မှာ မှောင်မှောက်နေပြီး တောင့်တင်းသော အမူအရာဖြင့် အခြားအရပ်မျက်နှာတစ်ခုသို့ ရုတ်တရက် လမ်းလျှောက်သွားတော့၏။
သူသည် ချင်လဲ့နှင့် အဝေးဆုံးမှာ နေရန် တိုက်တွန်းခဲ့သော မိစ္ဆာရိပ်သွင်၏ စကားကို နားထောင်နေခြင်း ဖြစ်သည်။ ချင်လဲ့ ချိုင့်ဝှမ်းထဲမှ ထွက်လာသည်နှင့် သူသည် ချင်လဲ့နှင့် ဝေးရာသို့ ထပ်မံ ခွာရန် ရွေးချယ်လိုက်ခြင်းပင် ဖြစ်၏။
ချင်လဲ့၏ ခန္ဓာကိုယ်ထဲတွင် မည်သည်များ ဝှက်ကွယ်နေသည်အား သူ မသိသလို မည်သည်များ ဖြစ်လာမည်ကိုလည်း သူ မသိပေ။ သို့သော် ထိုအရာသည် သူ့အတွက် အန္တရာယ်ရှိလိမ့်မည် ဖြစ်ကြောင်း သူ သိနေသဖြင့် ထွက်ခွာသွားခြင်း ဖြစ်ပေသည်။
သူသည် အခြားလူများ၏ သံသယများ၊ စွပ်စွဲချက်များနှင့် မေးခွန်းများကို လျစ်လျူရှုထားလိုက်၏။
“ဒီကောင်ကတော့ တကယ်ကို ထူးဆန်းတဲ့လူပဲ၊ သူ ဘာဖြစ်နေတာလဲ”
“ငါတို့ ကိုယ်ပေါ်မှာ အဆိပ်တွေ ရှိနေတဲ့အတိုင်းပဲ။ သူ ဘာတွေကို ရှောင်နေတာလဲ”
“သူ့ကိုယ်ထဲမှာ မိစ္ဆာတစ်ကောင် ဝှက်ကွယ်နေတာဆိုတော့ သူ့ရဲ့ စရိုက်ကလည်း... မင်းတို့ မျှော်လင့်ထားသလိုပဲ ထူးဆန်းနေမှာပေါ့။ ငါတို့ သူ့နဲ့ ဝေးဝေးနေတာကမှ ပိုကောင်းဦးမယ်”
လူစုထဲတွင် တိုးတိုးတိတ်တိတ် ပြောဆိုနေကြပြီး ကောင်းယွီရှိရာဘက်သို့ ကြည့်လိုက်သော အကြည့်များမှာ အင်မတန်မှ ထူးဆန်းနေတော့၏။ သို့သော်လည်း သူတို့သည် သူ့ကို အနည်းငယ် ကြောက်ရွံ့နေကြပေသည်။ အကြောင်းမှာ သူတို့ထဲမှ မည်သူမျှ သူ့ကို မည်သို့မျှ မလုပ်ရဲကြသောကြောင့် ဖြစ်၏။
ဤအထဲတွင် လျန်ကျန့်နှင့် အမှောင်အသူရာခန်းမမှ လူများလည်း ပါဝင်ပေသည်။ သူတို့သည်လည်း ကောင်းယွီကို အနည်းငယ် သတိထားနေကြ၏။ ထိုအရာကြီး ပေါ်ထွက်လာပြီး မလိုအပ်သော ပြဿနာများ ဖြစ်ပေါ်လာမည်ကို သူတို့ စိုးရိမ်နေကြခြင်း ဖြစ်သည်။
“ဒါဟာ မိစ္ဆာနတ်ဘုရားရဲ့ ရိပ်သွင်ပဲ” ရှဲ့ကျင်ရွှမ်က ကောင်းယွီကို စိုက်ကြည့်လိုက်သည်။ “သူ ကျင့်ကြံနေတဲ့ ဝိညာဉ်ကျင့်စဉ်နဲ့ သူ့လက်က လက်စွပ်တွေဟာ တကယ်ကို ထူးခြားလှတယ်။ ကံကောင်းတာက... ကံကောင်းတာက ဒါဟာ မိစ္ဆာနတ်ဘုရားရဲ့ ရိပ်သွင်လောက်သာ ဖြစ်နေသေးလို့ပဲ၊ ပြီးတော့ သူ့ရဲ့ အဆင့်ကလည်း အရမ်း နိမ့်နေသေးလို့ အဲဒီအရာကို တကယ် ဆင့်ခေါ်နိုင်ခြင်း မရှိသေးဘူး။ မဟုတ်ရင်တော့...”
သူမ ဆက်မပြောတော့သော်လည်း လျန်ကျန့်နှင့် အမှောင်အသူရာခန်းမမှ စစ်သည်များ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုကို မြင်တွေ့နိုင်ပေသည်။
“မိစ္ဆာနတ်ဘုရားရဲ့ ရိပ်သွင် ဟုတ်လား။ အဲဒါက ဘာလဲ” ရှုံ့ပါးက နားမလည်သော အမူအရာဖြင့် ခေါင်းကို ကုတ်လိုက်သည်။ “တစ်ခါမှ မကြားဖူးဘူး၊ ဒါပေမဲ့ ကြည့်ရတာတော့ တကယ်ကို အစွမ်းထက်ပုံပဲ။ ဝိညာဉ်စုပ်သားရဲတောင် အဲဒါကို ကြောက်နေတာပဲကိုး”
“ကျောက်ချန်း... နင် အဲဒီအကြောင်း တစ်ခုခု သိလား” တုကျဲက ကျောက်ချန်း၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သည့်အခါ မမေးဘဲ မနေနိုင်တော့ပေ။
“ငါလည်း သေချာ မသိဘူး။ ချင်လဲ့ရဲ့ အခြေအနေကို အရင်ကြည့်ရအောင်” ကျောက်ချန်း၏ အမူအရာမှာလည်း အင်မတန် မူမမှန် ဖြစ်နေပေသည်။ သူမသည် မိစ္ဆာနတ်ဘုရား ရိပ်သွင် အကြောင်းကို ယခင်က ကြားဖူးပုံရ၏။ သူမသည် စကား ထပ်မပြောတော့ဘဲ ချင်လဲ့၏ အနားတွင် ဒူးထောက်ထိုင်လိုက်ကာ သူ့ကို အသာအယာ ခေါ်လိုက်သည်။ “ချင်လဲ့... နင် အဆင်ပြေရဲ့လား။ ငါပြောတာ ကြားရရဲ့လား... ချင်လဲ့...”
သူမ ထပ်ခါတလဲလဲ ခေါ်နေသော်လည်း ကံမကောင်းစွာဖြင့် ချင်လဲ့ထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ သူသည် သူမ၏ အသံကို မကြားရသည့်အလား ရှိနေတော့သည်။
တုကျဲနှင့် အခြားလူများသည်လည်း စိုးရိမ်တကြီးဖြင့် ချင်လဲ့ကို ဝိုင်းဝန်းကြည့်ရှုရင်း သူ သတိပြန်ဝင်လာစေရန်အတွက် ခပ်တိုးတိုး ခေါ်နေကြတော့သည်။
“သခင်မလေး... အဲဒီအစွန်းရောက် ရှစ်မျက်နှာ မီးဝင်္ကပါက တကယ်ပဲ ဝိညာဉ်စုပ်သားရဲကို အပြီးတိုင် သုတ်သင်နိုင်ပါ့မလား” လျန်ကျန့်၏ အမူအရာမှာ ပုံမှန် ပြန်ဖြစ်သွားပြီးနောက် ချိုင့်ဝှမ်းအတွင်းမှ အဆက်မပြတ် ပေါက်ကွဲနေသည်ကို ကြည့်ရင်း စိုးရိမ်တကြီး မေးမြန်းလိုက်၏။
“ငါတို့ရဲ့ ညီအစ်ကို ငါးယောက်တောင် သေဆုံးသွားခဲ့ရပြီ။ တကယ်လို့ ငါတို့သာ ဝိညာဉ်စုပ်သားရဲကို မဖျက်ဆီးနိုင်ဘူးဆိုရင် သူတို့က အလကား သေဆုံးသွားရတာပဲ ဖြစ်လိမ့်မယ်” ပန်းဟုန်က သက်ပြင်းချလိုက်သည်။
“ငါလည်း မသိဘူး” ရှဲ့ကျင်ရွှမ်က ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ “မူလကတော့ သုတ်သင်နိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ အခုတော့ မီးဝင်္ကပါက သူ့ရဲ့ စွမ်းအားအပြည့်ကို မထုတ်နိုင်ဘူးဆိုတော့ ဒါဟာ မဖြစ်နိုင်တော့တာလည်း ဖြစ်နိုင်တာပဲ”
သူမ၏ ပြောစကားကြောင့် လူတိုင်း စိုးရိမ်ပူပန်သွားကြပြီး သူတို့အားလုံးသည် မှိုင်တွေသော မျက်လုံးများဖြင့် ချိုင့်ဝှမ်းရှိရာဘက်သို့ လှမ်းကြည့်နေကြတော့သည်။