အခန်း (၃-၄)
Vol. 1 Ch. 3-4
အပိုင်း (၃)
ဦးလေးရှန်းနှင့် သူ့မိန်းမတို့က အိပ်ရာထဲ ပြန်ဝင်နိုင်ချိန်တွင် ဘေးက ချန်းမျိုးနွယ်အိမ်တွင်တော့ အဘိုးချန်းနှင့် အဘွားချန်းတို့က အသက်အရွယ်ကြောင့် အအိပ်ဆတ်သူများ ဖြစ်လေရာ ဆူညံသံကြောင့် နိုးသွားတော့သည်။
အဘိုးချန်းက မရပ်သွားသည့်တံခါးခေါက်သံကို ခဏလောက် နားစိုက်ထောင်လိုက်ပြီး အိပ်ရာထဲက ထွက်ကာ ပြတင်းပေါက် အပြင်ဘက်ကို ချောင်းကြည့်လိုက်လေသည်။
အဘွားချန်းကလည်း ထထိုင်လိုက်ပြီး သူမ၏ယောက်ျားကို မေးလိုက်၏။
“ဘာဖြစ်နေတာလဲ”
အဘိုးချန်းက လရောင်ကို အားကိုးကာ မျက်လုံးကျုံ့လိုက်ပြီး အနီးကပ်ကြည့်လိုက်သည်။
ရှန်းမိသားစုက ရှောင်အန်းက ညကြီးသန်ခေါက် တံခါးခေါက်နေတာပဲ၊ တောင်ပေါ်မှာ တစ်ခုခုများ ဖြစ်လို့လား”
ထိုစကားကို ကြားသည်တွင် အဘွားချန်းလည်း ထရပ်လိုက်ပြီး သူမ၏ယောက်ျားနှင့်အတူ ပြတင်းပေါက်ကို ကြည့်လိုက်၏။
“တကယ် ဟုတ်နေတာပဲ”
ရှန်းမိသားစုက ဘယ်သူမှ ပြန်မဖြေကြသည်ကို သိလိုက်ရသည်တွင် အဘွားကြီးက မျက်မှောင်ကြုတ်သွားကာ
“ရှန်းအိမ်က တကယ်အကြင်နာမဲ့တာပဲ၊ အရွယ်မရောက်သေးတဲ့ သူတို့တူလေးအကြီးဆုံးကို စစ်မှုအတင်းထမ်းခိုင်းပြီးတော့ အသက်တောင် ဆုံးရှုံးသွားတာကို၊ အခုတော့ ရှန်းမိသားစုရဲ့ နောက်ဆုံးကျန်တဲ့မျိုးဆက်ကို ကိုယ်ဟာကိုယ် ရှာစားခိုင်းတယ်တဲ့၊ အဲဒီသနားစရာကလေးတွေကို တောင်ပေါ် နှင်ထုတ်လိုက်သေးတယ်”
“အဲဒီစန်းမိန်းကလေးကလည်း သူတို့ရဲ့မရီးလို့သာခေါ်တာ ရှောင်အန်းနဲ့ ရှောင်နဉ်ထက် နည်းနည်းပဲကြီးတယ်၊ သူကဖြင့် အိမ်မှုကိစ္စလည်း မနိုင်ပါဘူး”
အမှန်ပင်။ သူမက မလုပ်နိုင်ခဲ့ချေ။ အဘိုးချန်းက ရှန်းအိမ်၏ ပင်မမိသားစုကို ပေးထားသည့် အသီးအရွက်မြေကွက်လေးကို စဉ်းစားမိလိုက်သည်။ သူ့မိန်းမက စန်းလော့ကို အသီးအရွက်မျိုးပင်များ ပေးခဲ့ခြင်းပင်။ အခုတော့ ထိုအပင်ပေါက်များကလည်း မြေဩမရသည်ကမရ၊ ပိုးစားသည်က ပိုးစားနှင့် သေကုန်ကြရာ သေသေချာချာ ပေါက်လာသည့်အပင်က တစ်ပင်မှ မရှိချေ။
“အမျိုးသမီးလီကလည်း ဘာတွေစဉ်းစားပြီး သူ့ကို ရွေးခဲ့မှန်း မသိဘူး၊ စန်းလော့က စိုက်ပျိုးရေးလည်း မလုပ်တတ်နဲ့၊ သူတို့သုံးယောက် အတူတူနေနေကြတာ ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်မှာလဲ”
အဘွားချန်းက ပြန်လှည့်သွားကာ အင်္ကျီကို ဝတ်လိုက်သည်။
“ကျွန်မ အပြင်ကို သွားကြည့်လိုက်ပါအုံးမယ်၊ တစ်ခုခုများ အသည်းအသန် ဖြစ်နေမလား မသိဘူး”
အဘိုးချန်းက သူမကို မတားလိုက်ချေ။
ချန်းနှင့် ရှန်းမိသားစုတို့သည် အငတ်ဘေးမှ အတူတူ ထွက်ပြေးလာကြပြီး သည်နေရာတွင် လွန်ခဲ့သည့်ကိုးနှစ်က အခြေချခဲ့ကြသည်။ သူတို့သည် အရင်က အချင်းချင်း မသိခဲ့သော်လည်း ထွက်ပြေးလာသည့်လမ်းခုလတ်တွင် အတူတူလက်တွဲလိုက်ကြသည်။ ထို့အပြင် ချန်းအဘိုးအဘွားတို့က လွန်ခဲ့သည့် နှစ်နှစ်က စစ်မှုထမ်းသွားခဲ့သည့် မြေးအကြီးဆုံးကို ဆုံးရှုံးခဲ့ရပြီး ရှန်းလီနှင့် စခန်းတစ်ခုတည်းဖြစ်သည်ဟု သတင်းထွက်ကာ ပြန်ရောက်မလာခဲ့ချေ။
တစ်ဖက်တွင် ကလေးများက သူတို့အစ်ကို ကို ဆုံးရှုံးလိုက်ရပြီး ကျန်တစ်ဖက်ကတော့ မြေးလေးကို ဆုံးရှုံးလိုက်ရသည်။ အခုတော့ ပင်မရှန်းအိမ်က ကလေးများ၏ အကြပ်အတည်းကို မြင်လိုက်ရသောခါ ကိုယ်ချင်းစာစိတ်ဖြစ်စေ၊ ဝမ်းနည်းစိတ်ဖြစ်စေ သူတို့၏နှလုံးသားက ပျော့ပြောင်းရလေသည်။
ရှန်းအိမ်ဘက်က ဘာလှုပ်ရှားမှုမှ မရှိသေးသည်တွင် ဘေးက ချန်းအိမ်က တံခါးမင်းတုံးကို ဖွင့်လိုက်တော့သည်။
ဆူညံသံကြောင့် ရှန်းအန်းသည် လှည့်ကြည့်လိုက်ရာ ဖွင့်ထားသည့်တံခါးတွင် ရှိနေသည့် အဘွားချန်းက သူ့ကို လက်ဝေ့ယမ်းပြနေသည်ကို မြင်လိုက်ရလေသည်။
“ရှောင်အန်း ဒီကိုလာခဲ့”
သူ့ကို အသက်ကယ်ဖို့ ဆန်နည်းနည်းပေးဖို့အရေး ဦးလေးဖြစ်သူကို အခက်တွေ့အောင် လုပ်တော့မည့် ရှန်းအန်းမှာ အဘွားချန်း၏ ခေါ်သံကို ကြားလိုက်သည်တွင် စိတ်ပျက်အားလျော့သွားတော့သည်။
သူ့မရီးက ဒီထက်ပိုပြီး မစောင့်နိုင်တော့ဘူးလေ။
သူက မပြေးရုံတမည် ရောက်လာပြီး အဘွားချန်း ဘာမှမပြောနိုင်ခင်မှာပင် ဒူးထောက်ချလိုက်ကာ
“အဘွားချန်း ကျွန်တော့်မရီးက အခြေအနေဆိုးနေပြီ၊ အဘွားမှာ စားစရာလေးများရှိရင် ကျွန်တော့်ကို နည်းနည်းလောက် စွန့်ကျဲနိုင်မလား၊ ကျွန်တော် သူ့ကို မြန်မြန်လေး သွားကျွေးဖို့ လိုလို့ပါ”
သူထွက်လာချိန်က အသက်မျှင်းမျှင်းသာ ရှူတော့သည့် သူ့မရီးဖြစ်သူကို စဉ်းစားမိလိုက်တော့ မျက်ရည်များက ရှန်းအန်း၏မျက်နှာပေါ်တွင် စီးကျလာတော့သည်။
အစ်ကိုကြီးဖြစ်သူ သွားလိုက်ပြီးနောက် အိမ်ထောင်စု ခွဲလိုက်သည်တွင် သူနှင့် သူ့ညီမဖြစ်သူတို့သည် သူတို့၏မရီးကိုသာ အားကိုးရတော့မည်မှန်း ရှန်းအန်းတစ်ယောက် သေချာသတိထားမိလိုက်သည်။ သူတို့၏မရီးလည်း ဆုံးပါးသွားခဲ့လျှင် ညီမဖြစ်သူနှင့် တောင်ပေါ်တွင် နေရသည့်ဘဝကို မည်သို့ဖြစ်သွားမည်ကို သူ့မှာ စဉ်းပင် မစဉ်းစားရဲတော့ချေ။
ရှန်းအန်း၏စကားကို ကြားလိုက်သည်တွင် အဘွားချန်းသည် ရင်တုန်သွားတော့သည်။ သူမက စိုးရိမ်တကြီး မေးလိုက်၏။
“အစာပြတ်တာလား”
ရှန်းအန်းက ခေါင်းညိတ်လိုက်ပြီးမှ ခေါင်းပြန်ခါလိုက်ကာ
“ဟုတ်တယ်၊ အစာပြတ်တာ၊ ပြီးတော့ သူ ဖျားနေတဲ့ပုံပဲ၊ ခဏလောက် လှဲနေလိုက်ရင် ကောင်းသွားမှာလို့ ပြောပြီးတော့ ဒီနေ့ နေ့လည်ခင်းကတည်းက အိပ်လိုက်တာ ကျွန်တော်နဲ့ အားနဉ်တို့ သူ့ကို ဘယ်လောက်ခေါ်ခေါ် မနိုးလာတော့ဘူး”
အဘွားချန်းသည် ငတ်မွတ်မှုဘေးကို ကြုံခဲ့ရပြီး လူအများကြီးက ဆာလောင် ငတ်မွတ်ခြင်းကြောင့် ဆုံးပါးခဲ့သည်ကို မြင်ခဲ့ရလေသည်။
ထိုစကားကို ကြားလိုက်ချိန်တွင် ပြင်းထန်သည့်အစာပြတ်ခြင်းဖြစ်မှန်း ခန့်မှန်းမိလိုက်တော့သည်။
အမှန်တော့ စန်းလော့သည် အငတ်ဘေးမှ လွှတ်မြောက်လာခဲ့သော်လည်း လမ်းခရီးတွင် ကျန်းမာရေးချို့ယွင်းခဲ့ဟန်တူသည်။
“ငါ့ကို စောင့်အုံး၊ ငါ နင့်နဲ့ တောင်ပေါ်ကို လိုက်ခဲ့မယ်”
အဘွားချန်းက ပြောလိုက်ပြီး အစားအစာသွားယူရန် ချက်ချင်း အိမ်ထဲသို့ ပြန်လှည့်ဝင်သွားတော့သည်။
အဘိုးချန်းက အထဲမှနေ၍ သူတို့၏စကားကို ကြားလိုက်ပြီး အခုတော့ လိုက်ထွက်လာခဲ့ကာ
“ငါ မင်းကို အဖော်လိုက်ပေးမယ်”
သူ့မိန်းမက အထဲကို ပြန်ဝင်သွားသည်ကို မြင်လိုက်တော့ သူက တွေးတွေးဆဆဖြင့် ထပ်ပြောလိုက်လေသည်။
“သကြားညိုနည်းနည်းလောက် ယူလာလိုက်အုံး”
အဘွားချန်းက ခေါင်းညိတ်ပြလိုက်သည်။ အမှန်ပင် အစာပြတ်လပ်ခြင်းဆိုလျှင် ဆားနှင့်သကြားကို ရေနဲ့ဖျော်တိုက်သည် အထောက်အကူဖြစ်သည်။ သူမက ရှန်းအန်းဘက်သို့ လှည့်ကာမေးလိုက်သည်။
“အိမ်မှာ ဆားရှိတယ်မလား”
ရှန်းအန်းက ခေါင်းမြန်မြန် ညိတ်ပြီး ပြန်ဖြေလိုက်၏။
“ဟုတ် ရှိတယ်”
“ဒါဆို ဟုတ်ပြီ”
အဘွားချန်းက အိမ်ထဲဝင်သွားပြီး ဆန် ၂ပေါင်လောက်ကို ချိန်ထည့်လိုက်သည်။ ရှန်းလီနှင့် အမြဲတမ်း တွဲသွားတွဲလာရှိတတ်သည့် အကြီးဆုံးမြေးလေးကို စဉ်းစားမိလိုက်ပြီး အခုတော့ နှစ်ယောက်လုံးက ဆုံးပါးကြပြီဖြစ်ရာ သူမ၏မျက်လုံးများက မျက်ရည်များ စို့တက်လာလေသည်။ သူမက နှုတ်ခမ်းကို ကိုက်ထားရင်း နောက်ထပ် ဆန် ၂ပေါင်ကို ထပ်ချိန်လိုက်ပြီး ဆန်အိတ်ကို စည်းကာ သူမမိသားစုပင် တော်ရုံတန်ရုံမသုံးသည့် အိမ်၏ချမ်းသာမှုဖြစ်သည့် သကြားညိုနှစ်တုံးကို ထုတ်ယူလိုက်ပြီး အိမ်အပြင်သို့ မြန်မြန် ထွက်လာလိုက်သည်။
အဘိုးချန်းက သူ့မိန်းမကို မြက်ပေါ်တွင် ဖြတ်လျှောက်ဖို့အတွက် ဝါးတုတ်တစ်ချောင်း လှမ်းပေးလိုက်ပြီး သူကိုယ်တိုင်အတွက်လည်း တုတ်တစ်ချောင်း ယူလိုက်လေသည်။ သူတို့နောက်က ခြံဝင်းတံခါးကို ပိတ်လိုက်ပြီး သုံးယောက်သား တောင်ပေါ်သို့ အလျင်စလို တက်လာကြတော့သည်။
သူတို့သည် လျှောက်လာရင်းက အဘွားချန်းက အိမ်၏အခြေအနေကို ရှန်းအန်းအား မေးလိုက်၏။ သူမသည် ကြားရလေလေ မောင်နှမနှစ်ယောက်အတွက် စိုးရိမ်လာလေလေ ဖြစ်သွားတော့သည်။ ရှန်းလီက ဆုံးပါးသွားပြီး စန်းလော့က အားမကိုးရပေရာ သည်သုံးယောက်ကတော့ အနာဂတ်တွင် မည်သို့ နေထိုင်သွားကြပါမည်နည်းဟု စဉ်းစားလိုက်မိတော့သည်။
………
တောင်ပေါ်က သက်ကယ်တဲလေးထဲတွင် ရှန်းနဉ်သည် သူမ၏ယောက်မကြီးကို ဇွန်းဖြင့် ရေနွေးတိုက်နေလေသည်။
ရေနွေးသောက်နေရင်းက စန်းလော့သည်လည်း စိုးရိမ်နေမိသည်။ အနာဂတ်အတွက်မဟုတ်ဘဲ ရေတိုကာလအတွင်း အစားအသောက် ရှာရမည့်အရေးကိုပင်။
သူတို့ရဲ့တောင်ပေါ် အိမ်နားမှာတော့ ဘာမှရှာလို့ရတော့မှာမဟုတ်ဘူး။ မတတ်သာတဲ့အဆုံးတော့ အရွက်တွေကိုပဲ…..။ တကယ်တော့ တောင်အနီးနားမှာ စားလို့ရတဲ့ အရွက်တွေရှိပေမဲ့ မူလခန္ဓာကိုယ်ရဲ့မှတ်ဉာဏ်ထဲက နေရာအတိအကျကိုတော့ မမှတ်မိဘူးဖြစ်နေတယ်။
အမွှာတွေရဲ့ ဦးလေးနဲ့အဒေါ်ဆီကနေ အကူအညီရဖို့ မျှော်လင့်စရာမရှိဘူး။ ညသန်းခေါင်ကြီးမှာ ဆန်နည်းနည်းပါးပါး ချေးလို့ရတယ်ဆိုရင်တောင် အမျိုးသမီးလီရဲ့ အရင်ကအကျင့်ကို ကြည့်ရင် သူတို့ကို အသက်ရှင်ရုံတမယ်ပဲ ထားလိမ့်မယ်။
အပြင်ထွက်ပြီး အစားအစာရှာဖို့ အားလုံလုံလောက်လောက် ရှိမှဖြစ်မယ်။ မဟုတ်ရင် ငါ တင်မဟုတ်ဘူး၊ ပြတ်တောင်းပြတ်တောင်း ထမင်းနပ်လေးနဲ့ ဆက်ပြီးအသက်ရှင်ကြမဲ့ ကလေးနှစ်ယောက်ပါ နောက်ဆုံးကျရင် ကျန်းမာရေး ချို့ယွင်းသွားလိမ့်မယ်။
သူတို့တွေ ထပ်ပြီး ပြင်းထန်တဲ့အစာပြတ်တာမျိုးကို ခံစားရရင် ….အထူးသဖြင့် ဒီအခြေအနေရောက်နေတဲ့ သူတို့သုံးယောက်လုံး….။
သူမ၏အသက်ကို ကယ်တင်ပေးဖို့ရန် စေတနာကောင်းလွန်းသည့် ကလေးမက လရောင်အောက်တွင် အသီးများကို ရှာဖွေပေးခဲ့ပြီး၊ ကောင်ကလေးက ဆန်ကို သွားချေးလာသဖြင့် အံ့အားသင့်ဖွယ်ကောင်းလွန်းသည့် လွှတ်မြောက်မှုတစ်ခုကို ရရှိထားသည်ကပင် ကံကောင်းနေပြီဟု စန်းလော့ ထင်မိတော့သည်။
ထိုအကြောင်းကို စဉ်းစားလိုက်ပြီး စန်းလော့က မျက်လွှာချထားလိုက်ပြီး ရှန်းနဉ်နှင့် အကြည့်ချင်းမဆုံရဲတော့ချေ။
ဘာလို့လဲဆိုတော့ မောင်နှမနှစ်ယောက် ကယ်ပေးချင်တဲ့လူက သွားနှင့်နေပြီလေ။ ငါက မယုံနိုင်စရာကံတရားကို ရခဲ့ပြီး မူလပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီး ဆက်အသက်ရှင်နေတဲ့ တစ်စုံတစ်ယောက်သက်သက်ပဲ။
သူမက မျက်လွှာချထားလိုက်သည်နှင့် အလျင်စလိုလျှောက်လာသည့် ခြေလှမ်းများက တဲအိမ်ကို ချဉ်းကပ်လာကာ အသံက အရင်ဆုံး ရောက်လာတော့သည်။
“အားနဉ် ငါ ဆန် နည်နည်းရခဲ့တယ်”
တံခါးသည် တွန်းဖွင့်ခံလိုက်ရပြီး တုတ်ချောင်းလေးလို ပိန်းပါးလွန်းသည့် ကောင်လေးတစ်ယောက်က ကျည်ဆန်တစ်တောင့်လို အလောတကြီး ပြေးဝင်လာသည်။
အမျိုးသမီးငယ်လေးတစ်ယောက်နေသည့် အိမ်ဖြစ်ပြီး ညကြီးသန်းခေါင်ဖြစ်နေသည့်အတွက် အဘိုးချန်းက အပြင်ဘက်တွင် နေခဲ့လိုက်ကာ အဘွားချန်းကတော့ ရှန်းအန်းနောက်မှနေ၍ တဲထဲသို့ လိုက်ဝင်လာသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် အဘွားချန်းသည် ရက်စက်ကြသည့်ရှန်းလင်မယားကို ထပ်ပြီး ကျိန်ဆဲလိုက်တော့သည်။
ဒါကို အိမ်လို့ ခေါ်လို့ရလို့လား။ သူတောင်းစားတွေနေတဲ့ ဘုရားကျောင်းပျက်ကတောင် ပိုကောင်းသေးတယ်။
နံရံတွင် ထောင်ထားသည့် စိုက်ပျိုးရေးသုံးပစ္စည်းတစ်ခုခု၊ ထိုင်ခုံရှည်တစ်ခုနှင့် ပျဉ်ပြားဖြင့်လုပ်ထားသည့် ယာယီအိပ်ရာတစ်ခုလွဲလျှင် တဲထဲတွင် ဘာမှမရှိသလောက်ပင်။
မီးဖိုကို ကျောက်တုံးပုံဖြင့် ပြုလုပ်ထားပြီး ပန်းကန်နှင့် တူသုံးစုံအပါအဝင် နှုတ်ခမ်းပဲ့နေသည့်အိုးတစ်လုံးကို မြေကြီးနှင့်မထိစေရန် လက်ဆေးဇလုံလေး တစ်လုံးထက် နည်းနည်းသာကြီးသည့် ကျောက်တုံးတစ်ခုပေါ်တွင် တင်ထားလေသည်။
ထို့အပြင် ရှန်းအန်း၏ သေလုမျောပါး နေမကောင်းဖြစ်နေသည့် မရီး စန်းလော့ကလည်း အမှန်ပင် ပုံစံပျက်နေပြီး နံရံကိုမှီကာ ကြမ်းပြင်ပေါ်တွင် ထိုင်ရင်း ရေသောက်ဖို့ရာ အန်းနဉ်ကို မှီခိုနေရလေသည်။
ပြင်းထန်သည့် မိုးခေါင်ရေရှား အငတ်ဘေးမှ အသက်ရှင်နိုင်ခဲ့သည့် အဘွားချန်းက အခြေအနေကို မမေးဘဲ ခန့်မှန်းနိုင်သည်။ စန်းလော့က အိပ်ရာကို မရွေးဘဲ ကြမ်းပြင်ကို အကြောင်းမဲ့ ရွေးလိမ့်မည်ဟု သူမတော့ မထင်ချေ။
အချိန်ဆွဲမနေတော့ဘဲ သူမက ဆန်အိတ်ကို ချထားလိုက်၏။ အိုးထဲက ရေနွေးလက်ကျန်ကို မြင်လိုက်သည်တွင် အိုးထဲသို့ သကြားညိုတစ်တုံးကို မြန်မြန်ထည့်လိုက်ပြီး ကျန်တစ်ခုကိုတော့ လွတ်နေသည့်ပန်းကန်လုံးတစ်ခုထဲ ထည့်ထားလိုက်သည်။ ပန်ကန်းလုံးဘေးတွင် နှုတ်ခမ်းပါသည့် ခရားအိုလေးတစ်လု့းကို သတိထားမိလိုက်ပြီး ဖွင့်ကြည့်လိုက်တော့ အောက်ခြေတွင် ကပ်ပြီးကျန်နေသည့် ဆားနည်းနည်းလေးကို တွေ့လိုက်ရသည်။
သူမက ဆားနည်းနည်းကို မြေအိုးထဲ ဖြူးထည့်လိုက်ပြီး ရေနှင့် ရောဖျော်လိုက်ကာ ရှန်းနဉ်ကို လက်ယက်ခေါ်လိုက်ပြီး ရှန်းနဉ်ကိုင်ထားသည့် ပန်းကန်လုံးထဲသို့ ဆားနှင့်သကြားဖျော်ရည်ကို လောင်းထည့်ပေးလိုက်လေသည်။
“ဒါကို နင့်ယောက်မကို သွားတိုက်လိုက်”
. . .
အပိုင်း (၄)
အိုးထဲက သကြားညိုအများစုက အရည်မပျော်သေးဘဲ ကျန်နေသဖြင့် အဘွားချန်းက ရေထပ်ထည့်ပြီး ထပ်ကြိုရန် ပြင်လိုက်မှ တဲထဲတွင် ရေမကျန်တော့ကြောင်းကို သိလိုက်ရတော့သည်။
အဘွားချန်း : “.....”
ရှန်းအန်းက မြန်မြန် တုန့်ပြန်လိုက်ပြီး နောက်ဆုံးကျန်သည့် ဆေးပြီးသားပန်းကန်လုံးကို လှမ်းဆွဲကာ အပြင်သို့ ပြေးထွက်ရင်း
“ကျွန်တော် ရေနည်းနည်း သွားခပ်လိုက်မယ်”
အဘွားချန်သည် သူ့နောက်မှ အော်ပြီး လှမ်းမှာလိုက်ဖို့သာ အချိန်ရလိုက်လေသည်။
“မင်းရဲ့အဘိုးချန်းကို ခေါ်သွားလိုက်”
အသက်ကယ်ဆေး ဆားနှင့်သကြားရည်ကို တစ်ငုံလောက် သောက်ပြီးသွားမှ စန်းလော့သည် သူမခန္ဓာကိုယ်ပိုင်ရှင် မှတ်ဉာဏ်ကို မြန်မြန်စစ်ထုတ်လိုက်ပြီးမှ သည်အဘွားကြီးကို မှတ်မိသွားတော့သည်။
သူက ရှန်းမိသားစုအိမ်နီးချင်းက လူကြီးတစ်ယောက်ပဲ။ မူလခန္ဓာကိုယ်ပိုင်ရှင်ကတော့ သူ့ကို ကောင်းကောင်းမသိပါဘူး။ ဒါပေမဲ့ အိမ်ခွဲပြီး သိပ်မကြာခင်မှာပဲ တောင်နားမှာ တောရွက်တွေရှာရင်း ထင်းကောက်ရင်း အဘွားကြီးနဲ့တွေ့ခဲ့တာ။ အဘွားကြီးက သူ့ကို သီးပင်စိုက်စေချင်လို့ မျိုးစေ့တွေ နည်းနည်းပေးခဲ့သေးတယ်။ မူလခန္ဓာကိုယ် ပိုင်ရှင်ကလည်း ကျေးဇူးတင်ပြီး လက်ခံခဲ့ပါသေးတယ်။
ကယ်တင်ရှင်ရှန်းအန်း ခေါ်လာသူက အဘွားချန်းဖြစ်နေသည်ကို မြင်လိုက်ရပြီး ကျောက်တုံးဘေးက အဝတ်အိတ်ကို သတိထားမိလိုက်သည်တွင် အငှားအမည်ခံဆန်အိတ်က သူမထံမှ ဖြစ်မည်ဟု စန်းလော့ ခန့်မှန်းမိလိုက်သည်။
ရှန်းနဉ်က သူမသို့ ရေယူလာပေးသည်နှင့် စန်းလော့ကလည်း အဘွားချန်းကို အရင်ဆုံး ကျေးဇူးတင်စကားပြောလိုက်လေသည်။
သို့သော်လည်း အမျိူးသမီးချန်းက သူမ၏ကျေးဇူးတင်စကားကို အသိအမှတ်မပြုချေ။ ဂရုမစိုက်သလို ပြန်ပြောလေသည်။
“ငါ ဒါကို ညည်းအတွက် လုပ်ပေးတာမဟုတ်ပါဘူး၊ ဒီကလေးနှစ်ယောက်အတွက် လုပ်ပေးတာ၊ အခွန်ခတွေကလည်း တိုးလာပြီး လူတိုင်းက ရုန်းကန်နေရတာ၊ ငါတို့လည်း ညည်းတို့အတွက် အများကြီးမလုပ်ပေးနိုင်ဘူး၊ ညည်းတို့လည်း ကိုယ့်ဟာကိုယ် ရပ်တည်ဖို့လိုတယ်”
အဘွားချန်း၏လေသံက အကြောင်းမရှိဘဲနှင့်တော့ မညှာမတာမဖြစ်ချေ။ စန်းလော့က အသုံးမကျဟု အမှန်ပင် ခံစားမိနေသည်။ ရှန်းမိသားစု ပထမဆုံး အိမ်ခွဲချိန်က သူမသည် လယ်ထဲတွင် စန်းလော့နှင့် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ပြီး သူမ၏ သေသေချာချာ ပျိုးထားသည့် အသီးအရွက်မျိုးစေ့များကို သူမအား ရက်ရက်ရောရော ပေးခဲ့သေးသည်။
စန်းလော့မှာ အပင်စိုက်နည်းကို မသိဖြစ်နေလိမ့်မည်ဟု လုံးဝ စိတ်မကူးကြည့်ခဲ့ဖူးချေ။
“ညည်း အရင်က အပင်တခါမှ မစိုက်ဖူးဘူးဆိုရင်လည်း မေးသင့်တာပေါ့၊ တခါမှလည်း မမေးဘူး၊ ကျေးဇူးတင်ပါတယ်ပြောပြီး မျိုးစေ့တွေကို ဒီအတိုင်းယူသွားပြီးမှ စိုက်နည်းတောင်မသိဘဲ အပင်တွေကို စိုက်ဖို့ ကြိုးစားတယ်” အဘွားကချန်းက တွေးလေသည်။ စန်းလော့၏အသုံးမကျမှုကို စိတ်ပျက်ရလေသည်။
အဘွားချန်းသည် စန်းလော့၏ကျေးဇူးတင်စကားကြားလိုက်သည်တွင် သူမ၏နှုတ်ခမ်းများက တင်းသွားသလို ခံစားလိုက်ရတော့သည်။ သိသိ မသိသိပေါ့ ပါးစပ်ဆိုတာ မေးခွန်းမေးဖို့အတွက်ပဲ။ ကျေးဇူးတင်စကားပြောဖို့ချည်းပဲမှ မဟုတ်တာ။
သို့နှင့်အဘွားချန်း၏မျက်လုံးထဲတွင် စန်းလော့သည် အသုံးမကျသူတစ်ယောက်၊ ယဉ်ကျေးမှုရှိသော်လည်း လက်တွေ့မလုပ်ဆောင်နိုင်သူ၊ လိုအပ်လျှင်ပင် အကြံဉာဏ်ဘယ်တော့မှ မတောင်းတတ်သူ ဖြစ်နေတော့သည်။
အခုတော့ တဲအိမ်ကို ကြည့်လိုက်ပြီး အိမ်ခွဲပြီး ပြောင်းရွှေ့လာကတည်းက မပြောင်းလဲသည်ကို တွေ့လိုက်ရလေသည်။ သုံးလတာ ကာလအတွင်းတွင် သူတို့၏ မစို့မပို့ ပိုင်ဆိုင်မှုထဲသို့ ပစ္စည်းလေးတစ်ခုပင် မထည့်နိုင်ခဲ့ချေ။
ထို့ကြောင့် စန်းလော့သည် မှန်မှန်ကန်ကန် နေထိုင်နည်းကို အမှန်ပင် မသိလေခြင်းဟု အဘွားချန်းက သုံးသပ်လိုက်တော့သည်။ သူမ မရှိလျှင်ပင် ရှန်းမောင်နှမတို့သည် ပိုပြီး အဆင်ပြေလိမ့်မည်ဟုပင် စဉ်းစားလိုက်တော့သည်။ သူမကတော့ ရှန်းအန်းနှင့် ရှန်းနဉ်တို့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်နေသယောင်။
အနည်းဆုံးတော့ စန်းလော့မရှိလျှင် ဦးလေးရှန်းနှင့် သူ့မိန်းမတို့က ရှန်းအန်းနှင့် ရှန်းနဉ်တို့ကို နှင်ထုတ်ရဲလိမ့်မည်မဟုတ်ချေ။
အခုတော့ စန်းလော့သာ ဆုံးပါးသွားလျှင် ဒုက္ခခံရမည့်သူများက ရှန်းမောင်နှမတို့သာ ဖြစ်ပေတော့မည်။
အကျိုးဆက်အနေဖြင့် အဘွားချန်း၏လေသံက အလိုလို မနူးညံ့နေတော့ချေ။
အကြောင်းစုံကို သတိမထားမိသည့် စန်းလော့မှာတော့ သည်လိုခက်ခဲသည့် ခေတ်ကာလတွင် ရင်းနှီးသည့် ဆက်ဆံရေးမရှိသည့်တိုင် သက်ကြီးရွယ်အိုလင်မယားနှစ်ယောက်၏ အထောက်အပံ့အတွက် အင်မတန်မှ ကျေးဇူးတင်မိလေသည်။ သူမသည် အဘွားချန်း၏လေသံကို စိတ်မဆိုးမိဘဲ အသာအယာ ပြုံးလိုက်ကာ
“အဘွားပြောတာ မှန်ပါတယ်၊ ကျွန်မ နည်းနည်းပြန်ကောင်းလာတနဲ့ ကိုယ့်ဟာကိုယ် သေချာဂရုစိုက်ပြီး အန်းနဲ့ နဉ်တို့ကိုလည်း ဗိုက်ဆာအောင် မထားပါဘူး”
အဘွားချန်း : “....”
အဘွားချန်းကတော့ စန်းလော့သည် အဘယ်သို့များ သည်လိုအရာကို ကတိပေးနိုင်ပါသနည်းဟု စဉ်းစားလိုက်လေသည်။ အိမ်အလွတ်၊ မြေမရှိ၊ ဆန်မရှိနဲ့ စန်းလော့မပြောနဲ့ သူတို့မိသားစုကိုယ်တိုင်တောင် ကလေးတွေကို ဗိုက်အဆာခံမထားဖို့ အာမမခံနိုင်တာ။ ကိုယ်တိုင်တောင် ငတ်သေတော့မလိုဖြစ်နေတဲ့အချိန်မှာ သူက ကလေးတွေကို မငတ်အောင် ဘယ်လိုထားနိုင်မှာလဲ။
သို့သော် စန်းလော့၊ ရှန်းမောင်နှမတို့နှင့် ရင်းနှီးသည့်ဆက်ဆံရေးမရှိသည့် အဘွားချန်းသည် ထပ်ပြောရန် မလိုတော့ဟု ခံစားမိလေသည်။ သူတို့သည် ခဏတာကြင်နာရိုင်းပင်းချင်သည့်စိတ်ကြောင့် ကူညီပေးသည့် ရွာသားများဖြစ်လေရာ သူမက သည်အတိုင်း ခေါင်းညိတ်ပြလိုက်တော့သည်။
ထိုအချိန်တွင် ရှန်းအန်းက ရေထည့်ထားသည့် ပန်းကန်လုံးတစ်လုံးနှင့် ဝင်လာ၏။ အဘွားချန်းက ပြန်လှည့်သွားကာ ရေကို အပူပေးလိုက်ပြီး ကျန်သည့် သကြားညိုတစ်ဝက်ကို အရည်ဖျောလိုက်ကာ ဆားနည်နည်း ထည့်လိုက်ပြီးနောက် သူမ၏တာဝန်ကို အဆုံးသတ်လိုက်တော့သည်။
ရှန်းနဉ်က စန်းလော့ကို ဆားနှင့်သကြားရည် တိုက်ပြီး ကောင်းကောင်း ပြုစုပေးနေသည်ကို လေ့လာလိုက်ပြီး စန်းလော့က တဖြည်းဖြည်း သက်သာလာသည်ကို မြင်လိုက်ပြီးနောက်တွင် အဘွားချန်းက ဆက်ပြီး မနေတော့ဖို့ ဆုံးဖြတ်လိုက်တော့သည်။
“ငါ အိမ်ကနေ ဆန်နှစ်ဘူးလောက် ယူလာပေးတယ်၊ ဆားသကြားရည်သောက်ပြီးသွားရင် ဆန်ပြုတ်နည်းနည်း ပြုတ်လိုက်၊ ရက်ပိုင်းလောက်နေရင် ညည်းပြန်ကောင်းသွားမှာပါ”
အမှန်တွင်တော့ သူတို့သည် ကိုယ့်ဟာကိုသာ အားပြည့်ရန် လုပ်နိုင်ပေသည်။ အရပ်စကားအရဆိုလျှင်တော့ ‘သည်းခံလိုက်၊ ကျေးလက်မိသားစုတွေက ဆေးပေးခန်းတို့ သမားတော်တို့ကို သွားပြဖို့ တတ်နိုင်တာမဟုတ်ဘူး’ ဟူ၍။
စန်းလော့ ခေါင်းညိတ်ပြလိုက်ပြီး
“ကျေးဇူးတင်ပါတယ် အဘွား၊ ဆန်နဲ့သကြားကိုတော့ ကျွန်မ နောက်မှ ပြန်ပေးပါ့မယ်”
အဘွားချန်းသည် ဆန်ယူလာပေးစဉ်က ပြန်ရနိုင်ခြေမရှိသည်ကို ထည့်စဉ်းစားထားသော်လည်း စန်းလော့က ပြန်ပေးမည်ဟု ကြားလိုက်ချိန်တွင် အဘွားချန်းလည်း ဆက်ပြီး ရက်ရောမနေတော့ချေ။ သူမက အိတ်ထဲမှ ဆန်များကို ရှန်းအန်းရှာလာသည့် အိတ်အလွတ်တစ်လုံးထဲ လောင်းထည့်ပေးရင်း ခေါင်းညိတ်လိုက်ကာ
“အေးပါ၊ ဒါဆို ငါတို့ ပြန်တော့မယ်”
သူမ၏ယောက်ျားက အပြင်ဘက်တွင် စောင့်နေဆဲ။
ရှန်းအန်းက စန်းလော့ပြောစရာမလိုဘဲ သူတို့ကို လိုက်ပို့ပေးလေသည်။ တံခါးနားအရောက်တွင် အဘွားချန်းက သူ့ကို အထဲပြန်ဝင်ခိုင်းလိုက်ပြီး
“ငါတို့က လူကြီးတွေပါ၊ ကလေးတစ်ယောက်က လိုက်ပို့ပေးဖို့မလိုပါဘူး၊ ငါတို့တွေ နင့်ကို ထပ်ပြီး လမ်းလျှောက်မပြန်ခိုင်းချင်ဘူး၊ အထဲဝင်ပြီး တံခါးကိုသာ သေချာပိတ်”
တဲတံခါးပိတ်သွားသည်နှင့် သက်ကြီးရွယ်လင်မယားသည် ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးမှ အဘွားချန်းက သူ့ယောက်ျားလက်မောင်းကို ဆွဲလိုက်လေသည်။
သူက လှည့်ကြည့်လိုက်တော့ သူမက နှုတ်ခမ်းပေါ် လက်ညိုးတင်ထားပြီး တိတ်တိတ်လေးနေဖို့ သူ့ကို အချက်ပြလိုက်လေတော့သည်။
...