← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အပိုင်း (၅)

လက်ထပ်ခဲ့ပြီးသည်မှာ ဆယ်စုနှစ်များကြာပြီဖြစ်လေရာ အဘိုးချန်းက သူ့မိန်းမ၏ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်ကာ လိုက်လျောပေးလိုက်ပြီး ငြိမ်ငြိမ်လေးရပ်ကာ တိတ်တိတ်လေး နားထောင်နေလိုက်လေသည်။

သူတို့သည် အကြာကြီး မစောင့်လိုက်ရချေ။ ရှန်းအန်းနှင့် ရှန်းနဉ်ကိုလည်း သကြားရေသောက်ကြရန် ပြောနေသည့် အထဲက စန်းလော့၏အသံတိုးတိုးလေးကို ကြားလိုက်ရလေသည်။ အဘွားချန်း၏ အရေတွန့်နေသည့်မျက်နှာပေါ်တွင် နောက်ဆုံးတော့ အပြုံးတစ်ခုပေါ်လာပြီး သူက ယောကျ်ားဖြစ်သူကို တိတ်တိတ်လေး ထွက်သွားဖို့ လက်ဟန်ပြလိုက်တော့သည်။

အဘွားချန်း၏အကဲခတ်ခံထားရသည်ကို မသိလိုက်သည့် စန်းလော့ကတော့ သူမ၏အင်အားများ တဖြည်းဖြည်း ပြန်ရလာပြီး ရုတ်တရက် သေဆုံးရမယ့်အန္တရာယ်ကို ရှောင်လွဲနိုင်သဖြင့် စိတ်အေးသွားတော့သည်။ သူမသည် ဝါးချောင်းလေးများလောက်နီးနီး ပိန်သေးနေသည့် ကလေးနှစ်ယောက်ထံသို့ အလိုလို အာရုံရောက်သွားတော့သည်။

သူမ၏အသက်ကို ဒီကလေးနှစ်ယောက်က ကယ်တင်ပေးခဲ့ပုံကို စဉ်းစားလိုက်သည်တွင် သူမ၏နှလုံးသားထဲတွင် ကျေးဇူးတင်စိတ်နှင့် ကြင်နာယုယစိတ်များဖြင့် ပြည့်သွားတော့သည်။

ရှန်းအန်းနှင့် ရှန်းနဉ်တို့သည် သည်တစ်ကြိမ်တွင် အမှန်ပင် ကြောက်လန့်သွားခဲ့သည်။ အစပိုင်းတွင် စန်းလော့က သူတို့ကို သကြားရည်တိုက်သောအခါ ခေါင်းတွင်တွင်ခါပြီး သူတို့ယောက်မကြီး၏ ‘အသက်ကယ်ဆေး’ကို လက်ခံဖို့ အသည်းအသန် ငြင်းကြလေသည်။ စန်းလော့က သူမသည် အများကြီး ကောင်းလာပြီဖြစ်ကြောင်းနှင့် မကြာမီတွင် ဆန်ပြုတ်နည်းနည်း ပြုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ သူမသည် ဖျားနာခြင်း သို့မဟုတ် အစာငတ်ခြင်းကြောင့် သေဆုံးလိမ့်မည်မဟုတ် အာမခံလိုက်ပြီး ရှန်းနဉ်က သူမနှုတ်ခမ်းနားသို့ ကပ်ပေးလာသည့် ပန်းကန်လုံးကို သတိနှင့်တစ်ငုံသောက်လိုက်ပြီး မြိုချပြလိုက်မှ လက်ခံသွားကြတော့သည်။ သူမ၏ယောက်မကြီးဖြစ်သူနှင့် အစ်ကိုဖြစ်သူတို့ကို ကြည့်လိုက်ပြီးနောက် ရှန်းနဉ်သည် ခပ်ရွံ့ရွံ့လေးနှင့် နည်းနည်းလေး စုပ်သောက်လိုက်တော့သည်။

အရည်က ချိုသော်လည်း အနည်းငယ် ငန်ပျပျနှင့် ထူးဆန်းသည့် ပေါင်းစပ်မှုဖြစ်သော်လည်း တောင်စွန်းဆီကရသည့် ရက်စ်ဘယ်ရီနှင့် ဘလက်ဘယ်ရီတို့လို တောသီးများလွဲလျှင် အချိုဟူသည်ကို တခါမှမစားဖူးသည့် ရှန်းနဉ်အတွက်တော့ သည်ခပ်ပေါ့ပေါ့အချိုအရသာလေးက အံ့ဩစရာကောင်းလောက်အောင် ပျော်ရွှင်ဝမ်းမြောက်ဖွယ်ဖြစ်နေတာ့သည်။ သူမ၏နှုတ်ခမ်းများကို တစ်ချက်အထိတွင် သူမ၏မျက်ခုံး မျက်လုံးများက ပျော်ရွှင်မှုကြောင့် ကွေးသွားတောသည်။

သေးငယ်သည့်တစ်ငုံစာလေးကို အရသာခံလိုက်ပြီး သူမက ပန်းကန်လုံးကို ရှန်းအန်ထဲ လက်ဆင့်ကမ်းပေးလိုက်၏။

“ကိုလေး အရမ်းချိုတာပဲ ကိုလေးလည်း သောက်ကြည့်”

သူတို့၏အကြီးဆုံးအစ်ကိုကို ဆုံးရှုံးလိုက်ရပြီးကတည်း ရှန်းအန်းသည် လူကြီးလေးတစ်ယောက်လို ပြုမူနေလာခဲ့ရာ သူ့ညီမဖြစ်သူအတွက် အမြဲတမ်း မားမားမတ်မတ် ရပ်တည်ပေးခဲ့သည်။ သို့သော် သကြားရည် ပန်းကန်လုံးတစ်ဝက်ကို သူ့နှုတ်ခမ်းနှင့်တေ့လိုက်ချိန်တွင်တော့ သူသည်လည်း သူ၏ကလေးဆန်ဆန် သဘာဝကို ဖုံးကွယ်မထားနိုင်တော့ချေ။

အမှန်တွင်လည်း သူသည် ကလေးတစ်ယောက်ပင်။ သူသည် သူ့ပါးစပ်ရှေ့တွင် ရောက်လာသည့် သကြားရည်၏ဆွဲဆောင်မှုကို မည်သို့ ခုခံနိုင်ပါမည်နည်း။

စန့်လော့က နောက်ဆုံးကျန်သည့် သကြားရည်ကို ကိုယ်တိုင်အတွက် မသောက်လိုက်ချေ။ ထို့အစား မောင်နှမနှစ်ယောက်ကို ခွဲပေးလိုက်ပြီး ပန်းကန်လုံးကုန်သွားသည့် တစ်လှည့်စီသောက်ခိုင်းလိုက်တော့သည်။

အစ်ကိုတစ်ယောက်အနေဖြင့် ရှန်းအန်းက တစ်ကြိမ်လျှင် နည်းနည်းသာသာ စုပ်သောက်ပြီး အများစုကိုတော့ ရှန်းနဉ်ကို ပေးသောက်လိုက်လေသည်။ သူ့အတွက် နောက်ဆုံးကျန်သည့် တစ်ငုံကိုတော့ သူသည် လူကြီးလေးတစ်ယောက်လို ပြုမူမနေတော့ဘဲ စိတ်ရှိတိုင်းသောက်လိုက်ကာ တစ်စက်ကလေးမှ မကျန်ခဲ့ချေ။ ပန်းကန်လုံးကို သန့်ရှင်းသွားသည်အထိ အောက်ခြေကိုပင် လျှက်လိုက်သေးသည်။ သူက ခြေရာလက်ရာ တစ်စကလေးမှ မထားခဲ့လိုရာ သကြားရည်ကြိုထားသည့် အိုးထဲသို့ပင် ရေကို ထပ်ထည့်လိုက်ပြီး အိုးကို လှုပ်ယမ်းလိုက်ပြီး တဖန် ပြန်ကြိုလိုက်လေသည်။

စန်းလော့က သည်အပြုအမူကို ရှက်စရာဟု မမြင်မိချေ။ လူများက သေမတတ် ငတ်မွတ်နေကြသည့် သည်လိုအချိန်တွင် သည်လိုအပြုအမူက အမှန်ပင် ပုံမှန်ဖြစ်ပေမည်။

အရင်ဘဝတုန်းက ငါက မိဘမဲ့တစ်ယောက်လေ။ ကောလိပ်ကနေ ဘွဲ့ရပြီးတော့ အလုပ်ဝင်တဲ့ တစ်နှစ်အတွင်းမှာပဲ နေမကောင်းလို့ ဆေးရုံတက်လိုက်ရတယ်။ ဆေးစစ်ချက်တွေ အမျိုးမျိုးလုပ်ခဲ့ပြီးမှ သိလိုက်ရတာက ငါအသက်ကို မရှည်တော့ဘူးတဲ့။

ငါသာ ချမ်းသာတဲ့မိသားစုတစ်ခုမှ မွေးလာပြီး ဆေးကုသမှုနဲ့ ဆေးရုံစားရိတ်အတွက် သန်းချီတဲ့ငွေတွေကို သုံးနိုင်ခဲ့ရင် စန်းလော့ဆိုတဲ့ငါက နောက်ထပ် နှစ်အနည်းငယ်လောက်တော့ အသက်ရှင်နိုင်ခဲ့မှာပဲ။

ဒါပေမဲ့ ကုသမှုအတွက် ငါ့မှာ သန်းချီတဲ့ ငွေတွေမရှိဘူး။ ကုန်ကျစားရိတ်ကို မတတ်နိုင်ဘူး။ ဝေဒနာခံစားနေရပြီး အိပ်ရာထဲမှာ နှစ်ရက်လောက် ငိုကြွေးခဲ့ရတယ်။ သုံးရက်လောက် သေသေချာချာ ပြန်စဉ်းစားလိုက်ပြီး နောက်တော့ အလုပ်ထွက်လိုက်ပြီး ကောလိပ်တက်တုန်းက အချိန်ပိုင်းလုပ်ခဲ့တဲ့ စုဆောင်းငွေနဲ့ ဘွဲ့ရပြီးနောက်ပိုင်း အလုပ်လုပ်ခဲ့တဲ့နှစ်က ရတဲ့ငွေကို သုံးဖို့ ဖြစ်လာခဲ့တယ်။ အွန်လိုင်းပေါ်ကမှာ လေ့လာတယ်။ နေရာတော်တော်များများကို သွားလည်ပတ်ခဲ့ပြီး နောက်ဆုံးတော့ ငါ ကြိုက်တဲ့ တောင်ပေါ်က လွတ်နေတဲ့အိမ်တစ်လုံးကို ဝယ်ပြီး အဲဒီမှာ အခြေချလိုက်တယ်။ အိမ်ကို အသစ်ပြန်ဆင်ရင်း တောင်ပေါ်မှာပဲ ဘဝကို အခြေချလိုက်တော့တယ်။

အရင်က အိပ်မက်ပဲ မက်ခဲ့ဖူးပြီး တမ်းတခဲ့ရတဲ့ဘဝမျိုးမှာ စပြီး နေထိုင်ခဲ့တယ်။

တောင်ပေါ်မှာ ငါးနှစ်လုံး တစ်ယောက်ထဲနေလာတာလေ။ အိမ်နီးချင်းတွေတော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေ နောက်မှာပဲ ချန်နေခဲ့ကြတဲ့ လူအိုကြီးတွေက အများစုပဲ။ လူငယ်တွေနဲ့ ကလေးတွေကတော့ အလုပ်နဲ့ ပညာရေးအတွက် မြို့ကို ပြောင်းသွားခဲ့ကြတယ်။

ဒါကြောင့်လည်း ကလေးတွေနဲ့ အပြန်အလှန် စကားပြောဖို့ အခွင့်အရေးဆိုတာ မရှိသလောက်ပဲ။

အခုတော့ မောင်နှမနှစ်ယောက်ရဲ့ မေတ္တာနဲ့ ဂရုစိုက်စောင့်ရှောက်တတ်တဲ့ ဆက်ဆံရေးကို ကြည့်ရင်းနဲ့ နွေးထွေးတဲ့ခံစားချက်တစ်ခုကို ရလိုက်တယ်။

တောင်ပေါ်မှာနေတာကလည်း လုံးဝမကောင်းတာတော့ မဟုတ်ဘူး။ အတိတ်ဘဝတုန်းက ရောဂါနဲ့ နောက်ဆုံးနှစ်တွေကို ကုန်ဆုံးခဲ့ရတာနဲ့ယှဉ်လိုက်ရင် အခုတော့ နည်းနည်းလောက် အနားယူလိုက်ပြီး အဖော်လုပ်ပေးမယ့် နှစ်ယောက်လည်း ရှိတာဆိုတော့ အနည်းဆုံး ရုပ်ပိုင်းဆိုင်ရာက ပိုပြီး ကျန်းမာလာမှာပဲလေ။

ဆင်းရဲတာက ကြောက်စရာမဟုတ်ပါဘူး။ ခြေတွေ လက်တွေနဲ့ အုံးနှောက်ရှိတာပဲ။ ငွေရှာဖို့ နည်လမ်းတစ်ခုကတော့ အမြဲတမ်းရှိပါတယ်။

စန်းလော့သည် သူမ၏ဘဝက တော်တော်လေး ကောင်းသွားသည်ဟု ခံစားလိုက်ရလေသည်။ ကံတရားက သူမကို ဒုတိယအကြိမ်အခွင့်အရေး ပေးလိုက်သည့်နှယ်။

သုံးယောက်သား ဆာလောက်မှု ပြေပျောက်သွားပြီး အာရုံတက်ချိန် ရောက်လာသည်နှင့် စန်းလော့သည် ခွန်အား လုံလုံလောက်လောက် ပြန်ရလာပြီး မူးဝေမနေတော့ဘဲ တဲကို ပတ်လျှောက်လာနိုင်ခဲ့သည်။

သူမက အချိန်ဖြုန်းမနေတော့ချေ။ ချက်ချင်းပင် ကလေးများကို အိမ်မှုကိစ္စကူညီခိုင်းလိုက်ပြီး မြေအိုးကို ဆေးကြော၊ စမ်းရေခမ်ကာ ဆန်ပြုတ်ပြုတ်ရန် ဆန်ဆေးလိုက်တော့သည်။

ဘာတောအရွက်မှ မရောထားသည့် ဆန်ပြုတ်ဖြူဖြူလေးပင်။

ရှန်းအန်းနှင့် ရှန်းနဉ်တို့သည် စန်းလော့က သူတို့ကို လက်တစ်ဆုပ်စာ ဆန်ဆေးခိုင်းလိုက်သည်ကိုကြည့်ပြီး အံ့ဩမှင်တက်သွားကြတော့သည်။

ကလေးနှစ်ယောက်လုံးက မလှုပ်မယှက်ရပ်နေကြပြီး အိုးထဲက ဆန်ကို ငေးကြည့်လိုက်ကြပြီးနောက် စန်းလော့ကို ကြည့်လိုက်ကြလေသည်။

ရှန်းအန်းက နှုတ်ခမ်းကို စူထားလိုက်ပြီး

“မကြီး ဒီပုံအတိုင်းဆို ကျွန်တော်တို့ ဆန်တွေ ရက်ပိုင်းလောက်နဲ့ ကုန်သွားလိမ့်မယ်”

သူ့မျက်နှာက လုံးဝ သဘောမတူဟန် ပြသနေသည်။

အစ်ကိုဖြစ်သူ ထုတ်ပြောလာသည်ကို တွေ့လိုက်ရသည့် ရှန်းနဉ်ကလည်း အားပါးတရ ခေါင်းညိတ်ထောက်လေသည်။ စကားတစ်ခွန်းမှ မပြောဘဲ သူမ၏မျက်လုံးများက တောင်းပန်တိုးလျှိုးနေသယောင်။ အကိုလေးပြောတာ ဟုတ်တယ် မကြီးရဲ။ နည်းနည်းပြန်ထားလိုက်ပါ ဟူ၍။

စန်းလော့က ထိုအဖြစ်ကို သဘောလည်းကျမိသလို စိတ်လည်း မကောင်းဖြစ်သွားပြီး ဆက်ပြီး ခေါင်းမာနေလိုက်တော့သည်။

“ဒီ‌လောက်လေးပါပဲ၊ ဆန်သွားဆေးလာခဲ့၊ ဆန်ပြုတ်ကြိုရအောင်”

သူမ၏တိုက်တွန်းချက်က ကလေးများကို မလှုပ်နိုင်ခဲ့ချေ။

စန်းလော့က ရှင်းပြလိုက်၏။

“စိတ်မပူပါနဲ့၊ မင်းတို့ရဲ့ယောက်မက အစားအသောက်တွေ ပိုရမယ့်နည်းလမ်းတစ်ခုကို ရှာမှာပါ၊ ငါ ကတိပေးတယ်”

ကလေးများက သူမကို လှမ်းကြည့်လိုက်ပြီး မလှုပ်ရှားသေးချေ။ လအနည်းငယ် အတူနေလာပြီးနောက်တွင် စန်းလော့၏ကတိကို မယုံမကြည်ဖြစ်နေသည်မှာ ရှင်းနေလေသည်။

စန်းလော့က သက်ပြင်းချလိုက်ပြီး

“ဒီမှာကြည့်၊ မင်းတို့ရဲ့ယောက်မက ဒီတစ်ခါ ငတ်ပြီးသေခါနီးလေးပဲ၊ ဟုတ်တယ်မလား၊ ငါတို့တွေ ဒီလိုဆက်သွားနေရင် ငါ တင်မကဘူး နင်တို့နှစ်ယောက်လုံးရဲ့ ကျန်းမာရေးလည်း ထိခိုက်လာလိမ့်မယ်၊ ငါ့ကို ယုံပါ၊ ဒီဆန်ကိုပဲ သွားဆေးလာခဲ့၊ ပြီးရင် ဆန်ပြုတ်ကြိုရမယ်၊ တနပ်လောက်တော့ ကောင်းကောင်းလေး စားကြတာပေါ့၊ ငါတို့တွေ အားပြန်ပြည့်လာတာနဲ့ နင်တို့ကိုခေါ်ပြီး အစားအစာသွားရှာမယ်၊ ငါတို့တွေ ချွေတာနေရုံနဲ့ အစားအသောက်ကို သိမ်းထားလို့မရဘူးလေ”

ရှန်းနဉ်က မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အစာငတ်ပြီး သေလုနီးပါးဖြစ်ခဲ့သည် ဆိုသည့်အပိုင်းကလွဲလျှင် စန်းလော့ပြောသမျှကို အပြည့်အဝ နားမလည်နိုင်ဖြစ်လေသည်။ သူမသည် အစ်ကိုဖြစ်သူကို လှည့်ကြည့်လိုက်လေသည်။

ရှန်းအန်း၏မျကနှာက ဒွိဟဖြစ်သွားဟန်ဖြင့် စိတ်ယိုင်သွားတော့သည်။ စဉ်းစားလိုက်ပြီးနောက် သူက အိုးထဲကို လက်နှိုက်လိုက်ပြီး အပေါ်ဆုံးက ခြောက်နေသေးသည့် ဆန်တစ်လွှာကို ပြန်ထုတ်ယူလိုက်ပြီး ပြောလေသည်။

“ဒီလောက်ပဲ ချက်မယ်၊ ကျွန်တော် အများကြီး မစားဘူး”

သည်လိုရင့်ကျက်မှုက အသက်အရွယ်ထက်ပင် ကျော်လွန်နေသည်။

စန့်လော့သည် သူမ၏ငယ်ဘဝကို သတိရသွားပြီး အခက်အခဲကြောင့် သည်လိုအမူအကျင့် ပေါက်ဖွားလာမှန်း သိလိုက်တော့သည်။

သူမက ခေါင်းညိတ်ပြလိုက်ပြီး အတင်းထပ်မပြောတော့ချေ။

ရှန်းအန်းနှင့် ရှန်းနဉ်တို့သည် သိသိသာသာ စိတ်အေးသွားကြပြီး ဆန်ဆေးရန်အတွင် စမ်းရေကို မြန်မြန်သွားခပ်ကြကာ စန်းလော့ကို စိတ်ပြောင်းဖို့ အခွင့်အ‌ရေးတစ်ခုပင် မပေးတော့ချေ။

သုံးယောက်သားက ရိုးရှင်းသည့် ကျောက်တုံးဖိုတွင် စုဝေးလိုက်ကြပြီး အိုးထဲက ထွက်လာသည့် ဆူပွက်သံကို နားနေလိုက်ကြသည်။ မကြာခဏဆိုသလို သစ်သားဇွန်းတစ်ချောင်းနှင့် ဆန်ပြုတ်ကို မွှေလိုက်ပြီး ဆန်စေ့များ ပွတက်လာသည်ကို စောင့်နေရင်းက မွှေးရနံ့က သူတို့အားလုံးကို ဗိုက်ဆာလာအောင် လုပ်နေတော့သည်။

ဆန်ပြုတ်သောက်မည့်အချိန်တွင်တော့ စားဖိုးမှူးတဖြစ်လဲ ရှန်းအန်းက ခပ်ထည့်ပေးလေသည်။__ စန်းလော့အတွက် တစ်ဇွန်းအပြည့်၊ ရှန်းနဉ်ကို နည်းနည်းလေး လျှော့ထည့်လိုက်ပြီး သူကိုယ်တိုင်အတွက်တော့ ဇွန်းတစ်ဝက်ကိုသာ ထည့်လိုက်လေသည်။

သစ်သားဇွန်းလေးမှာ မကြီးချေ။ ခေတ်အခေါ်အရဆိုလျှင် လက်သီးဆုပ်အရွယ်ပန်းလုံး အရွယ်အစားလောက်ရှိသည်။ _ စန်းလော့နှင့် ရှန်းနဉ်တို့အတွက်က အဆင်ပြေသော်လည်း ရှန်းအန်းအတွက်ကတော့ သူတို့သုံးသည့် သစ်သားအကြမ်းထည်ပန်းကန်က အောက်ခြေကိုသာ ဖုံးရုံလောက်သာရှိလေသည်။

စန်းလော့မှာ မကြည့်ရက်တော့သဖြင့် ဇွန်းကို ယူပြီး သူမ၏ဝေစုတစ်ဝက်ကို ရှန်းအန်း၏ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်လေသည်။ သူသည် အနည်းငယ် မှင်သက်အံ့ဩသွားသော်လည်း စန်းလော့က ပြုံးလိုက်ပြီး

“ကဲ၊ ကောင်လေး၊ စားတော့၊ ငါ ခုနကတော့ အရမ်းကို ဗိုက်ဆာနေတာ၊ ဒါပေမဲ့ တစ်ပြိုင်ထဲလဲ အများကြီး မစားနိုင်ဘူးလေ၊ နည်းနည်းနဲ့ မကြာခဏ စာပေးတာက အစာအိမ်ကို စောင့်ရှောက်တဲ့ မှန်ကန်တဲ့နည်းလမ်းပဲ”

မောင်နှမနှစ်ယောက်သည် အငွေ့တထောင်းထောင်းထနေသည့် ဖြူဖွေးနေသည့် ဆန်ပြုတ်ပျစ်ပျစ်လေးကို ကြည့်ရင်း စတင်စားဖို့ရန် တွန့်ဆုတ်နေကြလေသည်။

စန်းလော့ တွန့်ဆုတ်နေသည့် သူတို့ကို သတိထားမိသွားပြီး လောဆော်လိုက်တော့သည်။

“စားပါ အေးသွားအောင် မှုတ်ပြီးစားဖို့ သတိထားနော်၊ အပူမ‌လောင်စေနဲ့ဦး”

ရှန်းအန်းသည် သည်တစ်ကြိမ်တွင် နှုတ်ဆိတ်နေပြီး ရှန်းနဉ်ကတော့ ဆန်ပြုတ်ဖြူပန်းကန်လုံးနှင့် စန်းလော့ကို ကြည့်နေရင်းက

“မကြီး ညီမလေးတို့တွေ တကယ်ပဲ စားလို့ရလား ဟင်၊ ညီမလေးတို့တွေ တောရွက်တွေ ထည့်လိုက်ရင် ဒါက ညီမ‌လေးတို့အတွက် ရက်တွေအများကြီး ခံလောက်တယ်”

“စားပါ” စန်းလော့က အတည်ပြုပေးလိုက်သည်။

“ငါတို့ စားပြီတာနဲ့ ခဏနားပြီးလို့ ငါ အားပြည့်လာရင် နင်တို့ကို ခေါ်ပြီး အစားအစာသွားပေးမယ်”

သူမ၏ပြတ်သားပြီး ယုံကြည်မှုရှိသည့် ဟန်ပန်က နောက်ဆုံးတော့ ဗိုက်ဆာနေသည့်ကလေးနှစ်ယောက်ကို အနည်းငယ်အားတက်လာစေသော်လည်း နည်းနည်းဆိုမှ နည်းနည်းလေးပင်။ ဆန်ပြုတ်ဖြူဖြူလေး၏ ရနံ့က သူတို့နှာခေါင်းထဲတွင် ဝေ့တက်လာပြီး သူတို့၏စိတ်နှလုံးကို အသာအယာ တွန်းတိုက်သွားပြီး စန်းလော့၏အာမခံစကားကို ယုံကြည်သွားကြတော့သည်။

စားရမှာလား။

စိတ်ကျေနပ်စေမဲ့ တစ်နပ်လောက်လေးပါပဲလေ။

ထိုင်ခုံများက မရှိ၊ ကိုင်ထားဖို့ရန်လည်း အလွန်ပူသည့် ပန်းကန်လုံးများနှင့် သုံးယောက်သားက ယာယီစားပွဲတစ်ခုအဖြင့် သုံးရန်လုပ်ထားသည့် ကျောက်ပြားဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ကြတော့သည်။ သူတို့သည် ဆန်ပြုတ်၏အပေါ်ယံမျက်နှာပြင်ကို အေးသွားအောင်မှုတ်လိုက်ပြီးနောက် အပေါ်ယံလွှာကို နည်းနည်းချင်း ဂရုတစိုက်စားလိုက်ကြတော့သည်။

ကလေးများသည် အလုပ်တိုင်းကို တန်ဖိုးထားကာ အလွန်မှမြန်မြန် မစားလိုကြချေ။ တလုပ်စားပြီးတိုင်း ရှန်နဉ်က မနေနိုင်ဘဲ အစ်ကိုဖြစ်သူဘက် လှည့်လိုက်ကာ

“အစ်ကိုလေး ဒီဆန်ပြုတ်ဖြူက အရမ်းစားလို့ကောင်းတာပဲ၊ ဒီလိုအရသာရှိတဲ့ ဆန်ပြုတ်မစားရတာတောင် အရမ်းကြာသွားပြီနော်”

သူမ၏ပီတိဖြစ်နေသည့်အမူအရာက ပန်းကန်လုံးလေးထဲတွင် ဆန်ပြုတ်ဖြူတင်မကဘဲ ရှားပါးဟင်းမယ်များ ပါနေသယောင်။

ရှန်းအန်းလည်း မည်မျှကြာသွားပြီကို အတိအကျ သိနေသည်။ __ သူတို့ရဲ့အစ်ကို အိမ်ကနေ ထွက်သွားပြီးကတည်းပဲလေ။ သူ့မျက်လုံးများက မျက်ရည်ဝဲတက်လာပြီး မြန်မြန် ပြန်မြိုသိပ်လိုက်ကာ ညီမဖြစ်သူကို ပြုံးပြလိုက်လေသည်။

“အကုန်စားနော်”

“ငါက နောက်ဆိုရင် နင် အမြဲတမ်း အဝစားလို့ရအောင် သေချာပေါက်လုပ်ပေးမှာ”

သည်ကတိစကားကတော့ သူ့စိတ်ထဲတွင် ကြိတ်ပြီးထားလိုက်သည့် စကားပင်။ ရှန်းအန်းသည် ထိုစကားကို ထုတ်မပြောရဲချေ။ သူသည် အလွန်မှ ငယ်ရွယ်သေးပြီး ထိုစကားကို အာမခံပေးရန် အလွန်မှ အားနည်းနေသေးမှန်း သိလေသည်။

သူ့စိတ်အခြေအနေကတော့ သိသိသာသာ ကျဆင်းသွားလေသည်။ အပြုံးတစ်ခုနှင့်သာ တောက်ပအောင် လုပ်ထားရပြီး ရှန်းနဉ် မျက်နှာလွဲသွားချိန်တွင်တော့ သူ့စားနေသည့်နှုန်းက သိသိသာသာ နှေးသွားတော့သည်။

စန်းလော့နှင့် ရှန်းနဉ်တို့က ဆန်ပြုတ်ကိုယ်စီ စားသောက်ပြီးချိန်တွင် ရှန်းအန်းကတော့ သူ့ပန်းကန်လုံးထဲတွင် တစ်ဝက်လောက်ကျန်‌နေသေးသည်။

ရှန်းနဉ်က သူ့ကို ကြည့်လိုက်ချိန်တွင် ရှန်းအန်းက သူ့လက်ကျန် ဆန်ပြုတ်တစ်ဝက်ကို ကျောက်စားပွဲပေါ်တွင် တင်လိုက်ကာ ပြောလိုက်လေသည်။

“ကျန်တာကို နင့်နေ့လည်စာအတွက် ချန်ထားပေးမယ်နော်”

ထို့နောက်တွင်တော့ သူသည် ပန်းကန်များကို ကျွမ်းကျွမ်းကျင်ကျင် ဆေးကြောလိုက်ပြီး ကျန်နေသည့်ဆန်ပြုတ်ကို နောက်ထပ်ပန်းကန်တစ်လုံးနှင့် ဂရုတစိုက်အုပ်ထားလိုက်ပြီး ထိုနောက်ဆုံးနှစ်ဇွန်း သုံးဇွန်းစာလေးကို တယုတယသိမ်းထားလိုက်တော့သည်။

...

အပိုင်း (၆)

အားလုံးကို နှုတ်ဆိတ်ပြီး လေ့လာခဲ့သည့် စန်းလော့သည် လေးစားအားကျစိတ်ဖြင့် ကိုယ့်ဟာကို ပြန်စဉ်းစားလိုက်မိတော့သည်။ ‘သူတို့လေးတွေက တကယ်သိတတ်ကြတာပဲ’

ဒါပေမဲ့ သူတို့လေးတွေလည်း ဝန်ထုပ်တွေအများကြီး ထမ်းထားရတာ။ သူတို့အတွက် ခက်ခဲမှာသေချာတယ်။

အတိတ်ဘဝမှာတုန်းကဆိုရင် ငယ်ငယ်က မိဘမဲ့ကျောင်းမှာ နေခဲ့ပြီး စာလုပ်ဖို့ကိုပဲ အာရုံစိုက်ခဲ့တာ။ ကောလိပ်တက်နေတုန်းကျတော့လဲ ငွေရှာနေခဲ့ရပြီး အလုပ်ရတဲ့ ပထမဆုံးနှစ်မှာလည်း အိမ်တစ်လုံးရဖို့ အလုပ်ကြိုးစား ငွေစုခဲ့ရတယ်။ နောက်တော့ရော နေမကောင်းဖြစ်သွားတော့ တောင်ပေါ်မှာ ငါးနှစ်လောက် တစ်ယောက်ထဲ နေခဲ့ရတယ်။ ဘဝရဲ့နောက်ဆုံးအပိုင်းကိုတော့ ဆေးရုံမှာပဲ ကုန်ဆုံးခဲ့ရတယ်။

ဒီတော့ စစ်မှန်ပြီး အေးချမ်းတဲ့ နေ့ရက်တွေ တကယ်မများခဲ့ဘူး။

အခုတော့ ရှန်းအန်းကို ကြည့်ရင်း စန်းလော့သည် သူမ၏ငယ်ဘဝကို ပြန်မြန်ယောင်လာတော့သည်။

ကလေးများ မနိုင်ဝန်ထမ်းနေသည်ကို မမြင်လိုလေရာ စန်းလော့က ပြုံးလိုက်ပြီး ထရပ်လိုက်ကာ ထောင့်က ခြင်းလွတ်နှစ်လုံးကို ကောက်ကိုင်လိုက်တော့သည်။

“ငါတို့အတွက် အစားအစာတစ်ချို့ ရှာပေးမယ်လို့ ငါ ကတိပေးတယ်၊ နောက်ပြီး ငါ အခု ပိုအားရှိလာပါပြီ၊ လမ်းလျှောက်ပြီး ငါတို့တွေ ဘာတွေရှာလို့ရနိုင်မလဲ ကြည့်ရအောင်”

ချီယန်စီရင်စုသည် တောင်ထူထပ်ပြီး ရှီလီရွာသည် တောင်များထဲတွင် အသိုက်တစ်ခုလို ဖြစ်နေသည့် ရွာငယ်လေးတစ်ခုပင်။

လူအများစုနေကြသည့် ရွာ၏အဓိကအပိုင်းမှာ အရှေ့ဘက်တွင်ရှိပြီး တောင်များနှင့် ဝန်းရံထားသော်လည်း ပိုကြီးမားသည့် တောင်များနှင့်တော့ မနီးချေ။ ရှန်းအန်း၊ ရှန်းနဉ်တို့နှင့် အတူတူနေရသည့် စန်းလော့၏အိမ်ကတော့ သည်အချက်အချာကျသည့်နေရာနှင့် အနည်းငယ်ဝေးပြီး ရွာ၏အနီးဆုံးအိမ်ကို ရောက်ဖို့ရန် တောင်ကုန်းသုံးလုံးလောက်ကို ဖြတ်သန်းဖို့လိုလေသည်။

ရွာနှင့်နီးသည့် တောင်ကုန်းများကတော့ ထင်းရှာထွက်ကြသည့် ရွာသားများအပိုင်ဖြစ်လေသည်။ စန်းလော့နှင့် ကလေးများနေသည့် တောင်ကုန်းကတော့ သူတို့မိသားစု သည်နေရာတွင် အခြေချခဲ့စဉ်က နေခဲ့သည့် တောင်ကုန်းနှစ်ခုထဲ တစ်ခုတွင်ဖြစ်ပြီး ပိုနီးသည့်တောင်ကုန်းများသို့သွားရန် လမ်းဖောက်ထားသဖြင့် တော်တော်လေး အန္တရာယ်ကင်းလေသည်။

သို့သော် အနောက်ဘက်တွင်တော့ အဆုံးမရှိ ကျယ်ပြောနက်ရှိုင်းသည့် တောင်တန်းများ ရှိလေသည်။ မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်ထဲတွင် ရှီလီရွာမှ တစ်ချို့ကတော့ သည်တောင်နက်ပိုင်းအထိ စွန့်စားသွားတတ်ကြသည်။

အကြောင်းအရင်း၏ တစိတ်တပိုင်းမှာ ရွာသည် အခုတော့ အသက်ကြီးသူများနှင့် ကလေးများသာ အများဆုံးကျန်ခဲ့ပြီး အရွယ်ကောင်းသည့် လူအများစုက ရှေ့တန်းတွင် စစ်မှူထမ်းနေရသောကြောင့်ပင်။ စတ်ချို့ နှစ်ချီကြာ‌အောင် သွားခဲ့ကြပြီး စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်နေကြဆဲဖြစ်ကာ အိမ်မပြန်ဘဲ ရှင်သန်နေကြပြီး ရှန်းလီလို ကံနည်းသည့်သူများကတော့ တိုက်ပွဲဝင်ပြီးနောက်တွင် ဘယ်တော့မှ ပြန်မလာကြတော့ချေ။

စစ်မှုထမ်းခြင်းက သည်ခေတ်တွင် စံသတ်မှတ်ချက်တစ်ခု ဖြစ်လေသည်။ အထူးသဖြင့် သချန်မင်းဆက်တွင်ဖြစ်သည်။ ဧကရာဇ်အသစ်နန်းတက်ပြီးကတည်းက လတ်တလောနှစ်များတွင် ပြင်းထန်လာခဲ့သည်။ ပြီးခဲ့သည့်နှစ်နှစ်ကလို ပထမဆုံးအကြိမ်လဲမဟုတ်တော့သလို နောက်ဆုံးအကြိမ်လဲမဟုတ်သည့် စစ်မှုမထမ်းမနေရမူကြမ်း ထုတ်အပြီးအတွင် မိသားစုတိုင်းနီးပါး တစ်ယောက်ကတော့ စစ်မှုထမ်းရလေသည်။

အားအင်ချိနဲ့ကြသည့် များပြားသည့်လူဦးရေကြောင့် ရွာထဲက ဘယ်သူကမှ တောင်အတွင်းပိုင်း နက်သည်အထိ စွန့်စားပြီး မသွားရဲကြချေ။

အခုတော့ ရှန်းအန်နှင့်ရှန်းနဉ်တို့သည် ကိုယ်စီ ခြင်းလွတ်တစ်လုံးစီ သယ်လာပြီး စန့်လော့ဘေးမှ အင်တင်တင်ဖြင့် လိုက်လာကြတော့သည်။

ရှန်းနဉ်က ချီတုံချတုံဖြင့် အကြံပေးလေသည်။

“မကြီး မကြီးက နေကောင်းသေးတာမဟုတ်ဘူးလေ၊ ရက်ပိုင်းလောက် အိမ်မှာ ထပ်နားလိုက်ပါလား၊ ညီမတို့တွေ ဆန်ကို နည်းနည်းပိုကြာကြာခံအောင် ချွေတာလို့ရပါတယ်၊ အစ်ကိုလေးနဲ့ ညီမက တောဟင်းရွက်တွေကို သွားရှာလို့ရပါတယ်”

စန်းလော့၏အစောပိုင်းအခြေအနေက သူတို့ကို ခြောက်လန့်နေတော့သည်။

စန်းလော့ ရှိသည့် အနောက်ဘက်ခြမ်းကို ကြည့်နေသည့် ရှန်းအန်းက မရေမရာဖြစ်နေပုံကို ဖော်ပြရင်း

“မကြီး အရင်က တောအတွင်းပိုင်းကို မသွားဖို့ အစ်မပဲ ကျွန်တော်တို့ကို တားမြစ်ထားခဲ့တာမလား၊ ကျွန်‌တော်တို့အစ်ကိုကြီးကလည်း ကျွန်တော်တို့ကို ဘယ်တော့မှ ပေးမသွားခဲ့ဘူး”

အမှန်ပင်။ စန်းလော့သည့် တောင်အတွင်းပိုင်းသို့ စွန့်စားပြီး မသွားရဲချေ။ အထူးသဖြင့် ကလေးများဝတ်ထားသည့် ဘောင်းဘီတိုများက သူတို့၏‌ပေါင်များကိုသာ ဖုံးရုံရှိသောကြောင့်ပင်။ မြွေကင်းများရှိသည့် နေရာများကို သူတို့လေးအားကို စွန့်စားပြီး မခေါ်သွားနိုင်ပေ။ သူတို့၏ပေါ်နေသည့်အရေပြားကို မြွေကင်းများက အလွယ်တကူကိုက်သွားနိုင်လေသည်။ အဆိပ်မရှိသည့်အကောင် ကိုက်ခံရလျှင် လုပ်ပေးကိုင်ပေးတတ်သော်လည်း အဆိပ်ရှိသည့်အကောင်ဖြစ်လျှင်တော့ ဒုက္ခရောက်သွားနိုင်သည်။

“ငါတို့တွေ အနက်ကြီးအထိ မသွားပါဘူး၊ အစွန်အဖျား နားလောက်ပဲ” သူမက စိတ်အေးသွားအောင် အာမခံလိုက်၏။

ရှန်းအန်း၏ပခုံးက သိသိသာသာ လျှောကျသွားတော့သည်။

“အပြင်ဘက်အစွန်းနားဆိုရင်လည်း ဘာမှများများစားစား ကျန်မှာမဟုတ်ဘူး၊ ကျွန်တော်တို့တွေ နေ့တိုင်း အဲကိုသွားပြီး ရှာဖွေနေတာပဲမဟုတ်ဘူးလား”

သူသည် အစောပိုင်းက စန်းလော့၏အာမခံစကားကို ယုံမိသည့်အပေါ် နောင်တရသွားတော့သည်။ သူ့မှာ တကယ်ပဲ အဖြေတစ်ခုရှိတယ်ဆိုရင် သူတို့တွေ ငတ်ပြီး သေလုနီးပါး မဖြစ်ခင်ကတည်းက ဘာလို့မသုံးခဲ့တာလဲတဲ့။

ရှန်းအန်းသည် သူ့ဆုံးဖြတ်ချက်ကို ဝေဝါးသွားစေသည့် မနက်ခင်းက ဆံပြုတ်ဖြူဖြူလေး၏ရနံ့ကို ယုံကြည်ခဲ့မိသည့်အတွက် အရူးလုပ်ခံရသလို ခံစားလိုက်ရတော့သည်။

စိတ်ပျက်မိသော်လည်း ဆန်နည်းနည်းနှင့် ရှန်းနဉ်အတွက် သူ့ဆန်ပြုတ်တစ်ဝက်ကို ချန်ထားလိုက်မိသည့်အတွက်တော့ စိတ်အေးရလေသည်။

ဆန်ပြုတ်ကို ချန်ထားလိုက်တာ မှန်သွားတာပဲ။ စန်းလော့က သူနဲ့ညီမလေးအပေါ် ကြင်နာသနားတတ်ပေမဲ့ သူက လုံးဝ အားမကိုးရဘူး။ အထူးသဖြင့် နေမကောင်းဖြစ်ပြီး သတိပြန်ရလာတဲ့နောက်ပိုင်းမှာ ပိုပြီးတောင် အားမကိုးရဘူးလို့ ထင်ရတယ်။

အစောပိုင်းတုန်းကတောင် သူက သူတို့ရဲ့အစားအသောက်ကုန်ကြမ်းကို ဂရုစိုက်ခဲ့သေးတယ်။ အခုတော့ သူတို့ရဲ့ရိက္ခာကို သူ သုံးတဲ့ပုံက သူ့ကို စိတ်ပူအောင် လုပ်နေပြီလေ။ အဘွားချန်း ချေးပေးလိုက်တဲ့ ဆန်က စန်းလော့ရဲ့ လက်ရှိစားနေပုံနဲ့ဆိုရင် ဘယ်နှစ်ရက်ခံမှာလဲ။ နောက်ပြီး ဆန်ကုန်သွားရင် သူတို့တွေ ဘယ်သူ့ဆီက သွားချေးရမှာလဲ။

တဲအပြင်သို့ ထွက်လာပြီး ခြေလှမ်းအနည်းအငယ်မှာပင် ရှန်းအန်းသည် စိတ်များပူပင်လာတော့သည်။

သည်အနီးအနားလေးသို့ သွားသည်ကို ခြင်းတောင်းနှစ်လုံး လိုရသည့်အကြောင်းအရင်းကို သူသည် စဉ်းစားလာခဲ့လေသည်။ အထူးသဖြင့် သူမ၏လတ်တလော မကျန်းမာမှုနှင့် ရဲတင်းလွန်းသည့်ကတိများ ထားရှိပြီးနောက်တွင် သူသည် စန်းလော့၏ စိတ်အားကို မဖျက်ဆီးလိုချေ။ ထို့ကြောင့် သူက နှုတ်ဆိတ်ပြီးသာ နေလာခဲ့တော့သည်။ နောက်ဆုံး ခြင်းများကလည်း လေးမှမလေးသည်ပဲ။

သို့တိုင် ထိုနေ့ညတွင်တော့ သူတို့သည် ညစာအတွက် စန်းလော့၏အစီအစဉ်ကို လိုက်လျောမည်မဟုတ် ဆုံးဖြတ်ထားလိုက်တော့သည်။

စန်းလော့က စားမှကို ဖြစ်မှာဆိုတော့ သူတစ်ယောက်ထဲ ကောင်းကောင်းစားပါစေ။ ဒါပေမဲ့ သူတို့ကတော့ ဆန်ပြုတ်ပျစ်ပျစ်လေးကို ထပ်ပြီး မစားနိုင်တော့ဘူး။ သူတို့တွေ သူ့အတွက် ဝေစုကို သီးသန့်ခွဲပြီး သူ့အတွက် ကြာကြာခံအောင် တောဟင်းရွက်တွေနည်းနည်းပါးပါး သုံးပေးရမယ်။

သူနဲ့သူ့ညီမလေးကတော့ ပုံမှန်အနပ်အတိုင်း စားရုံပဲ။ တောဟင်းရွက်တွေခူးမယ်။ ဖြစ်နိုင်ရင်တော့ သူတို့ရဲ့ဦး‌လေးကို ထပ်ပြီး အသနားခံရမှာပဲ။ ဒါဆိုရင် သူတို့တွေ သည်းခံနိုင်ပါတယ်။

သူတို့တွေ ဒီနေ့မနက်တုန်းကလို ဆန်ပြုတ်ဖြူဖြူ ပျစ်ပျစ်လေးကို ထပ်စားဖို့ မတတ်နိုင်တော့ဘူး။ ဒီလိုအလကား ဖြုန်းတီးတာက ဆောင်းတွင်း မပြောနဲ့ ဆောင်းဦးရောက်ရင်တောင် ကြံ့ကြံ့ခံနိုင်ဖို့ ခက်ခဲသွားလိမ့်မယ်။

ရှန်းနဉ်သည် အစ်ကိုဖြစ်သူကို ကြည့်လိုက်ပြီး သူတို့၏နှစ်ဦးသား စိုးရိမ်စိတ်ကို ဝေမျှရန် အကြည့်တစ်ချက်နှင့် လုံလောက်ပေသည်။ သူတို့၏မျက်နှာများက တူညီသည့်စိုးရိမ်စိတ်မျက်နှာထားကို ရောင်ပြန်ဟပ်နေတော့သည်။

မောင်နှမနှစ်ယောက်၏ ယုံကြည်နိုင်စရာမရှိဟု သတ်မှတ်ခံထားရသည်ကို မသိလေသည့် စန်းလော့ကတော့ ယုံကြည်ချက်ရှိရှိ ပြုံးလိုက်ပြီး

“တစ်ခုခု ရှိမလား ကြည့်ကြတာပေါ့၊ ငါ့နောက်သာ လိုက်ခဲ့ကြ”

သူမကတော့ သူတို့တွင် ခြင်းအလွတ်နှစ်လုံးသာရှိသည်ကို နှမြောနေမိသည်။ ပိုရှိလျှင် ပိုကောင်းသည်မဟုတ်ပါလား။ သူတို့၏အိမ်ထောင်စု ပိုင်ဆိုင်မှုကလည်း အမှန်ပင် မရှိသလောက်ကို နည်းပါးလှသည်။

သူတို့၏စိတ်ထဲတွင် အတွေးကိုယ်စီဖြင့် ဝါးခက်များကို တုတ်ချောင်းလုပ်ကာ ကိုင်လာကြသည့် သုံးယောက်သားမှာ အနီးနားက တောင်ငယ်လေးတစ်ခု၏ လမ်းသွယ်လေးဆီသို့ ဦးတည်လာခဲ့ကြတော့သည်။

....

ကတိပေးထားသည့်အတိုင်းပင် စန်းလော့က သူတို့ကို တောအတွင်းပိုင်းအထိ ခေါ်မသွားခဲ့ချေ။ သို့သော်လည်း သူတို့အိမ်၏ အနောက်ဘက်ခြမ်းက တောင်ကုန်းအနီးရှိ စမ်းချောင်းလေးအထိ ရောက်လာခဲ့လေသည်။

ကြည်လင်နေသည့် စမ်းချောင်းထဲတွင် ကူးခတ်သွားလာနေသည့် ငါးလေးများကို မြင်လိုက်သည်တွင် ရှန်းအန်းမှာ စန်းလော့၏အစီအစဉ်ကို နားလည်သွားတော့သည်။

“မကြီး ဒီငါးတွေက အရမ်းလျင်တာ၊ ဖမ်းရခက်တယ်၊ အားနဉ်နဲ့ကျွန်တော် အရင်က ဖမ်းကြည့်ဖူးတယ်၊ နေ့တစ်ဝက်နေတာတောင် တစ်ကောင်မှ မဖမ်းနိုင်ခဲ့ဘူး”

ရှန်းနဉ်က ထောက်ခံလေသည်။

“ငါးတွေက ရေကူးတာအရမ်းမြန်တာပဲ ပြီးတော့ ချော်လဲချော်တယ်”

စန်းလော့ ပြုံးလိုက်၏။

“ငါးကို လက်နဲ့ဖမ်းရင်တော့ တကယ်ခက်တာပေါ့၊ ဒါပေမဲ့ ငါတို့တွေက လက်ကို သုံးမှာမဟုတ်ဘူး၊ ငါတို့က ထောင်ချောက်တစ်ခုလုပ်ပြီး ငါးတွေကို အဲဒီထဲဝင်လာခိုင်းမှာ”

ရှန်းအန်း၏ခြင်းကို ယူလိုက်ပြီး သူမက ရေချောင်းဘေးက မြက်နှင့်သစ်ရွက်တစ်ချို့ကို စုလိုက်ပြီး ကျောက်စရစ်ခဲများ အနည်းငယ်ထည့်လိုက်ပြီးနောက်တွင် လက်သီးအရွယ်ကျောက်တုံးတစ်တုံးကို ထည့်လိုက်၏။ ထို့နောက် သူမ၏ဖိနပ်နှင့်ခြေအိပ်ကို ချွတ်လိုက်ကာ ခြင်းကိုယူပြီး စမ်းချောင်းထဲသို့ ဆင်းသွားတော့သည်။

သဘာဝစမ်းတစ်ခုမှ ဖြစ်လာသည့် ချောင်းလေးသည် ထူးထူးခြားခြား ကြည်လင်ကာ ရေတိမ်ပြီး အနက်ဆုံးအပိုင်းက စန်းလော့၏ဒူးလောက်သာ ရှိလေသည်။ သူမက ခြင်းကို အနက်ဆုံးအပိုင်းတွင် နေရာချထားလိုက်ပြီး ကမ်းနဖူးက ရေညှိတက်နေသည့် ကျောက်တုံးအနည်းငယ်ကို ထပ်ထည့်လိုက်ပြီးနောက် ကမ်းနဖူးပေါ်သို့ ပြန်တက်လာခဲ့လိုက်သည်။

ရှန်းအန်းနှင့် ရှန်းနဉ်တို့မှာ တအံ့တဩနှင့် ကြည့်နေကြလေသည်။

“ဒီလိုဆိုရင် တကယ်ပဲ ငါးဖမ်းလို့ရသလား”

စန်းလော့က ခေါင်းညိတ်ပြလိုက်ပြီး

“ငါးစာနဲ့ဆိုရင်တော့ ပိုကောင်းတယ်၊ ဒါပေမဲ့ အခုလောလောဆယ် ငါတို့မှာ ဘာမှမရှိဘူးလေ၊ ဒါပေမဲ့ ဒီချောင်းထဲမှာ ငါးတွေအများကြီး ရှိတာဆိုတော့ စမ်းကြည့်ကြတာပေါ့၊ နည်းနည်းပဲရရင်လည်း ငါတို့တွေ တခြားနေရာမှာ စမ်းပြီး ထောင်ချောက် ထပ်ဆင်ထားလို့ရတယ်လေ”

ထို့သို့ပြောလိုက်ပြီး သူမက ရှန်းနဉ်၏ခြင်းကို သုံးကာ နောက်ထပ် ထောင်ချောက်တစ်ကို ထပ်ဆင်ရန် ပြင်ဆင်လိုက်တော့သည်။

ရှန်းအန်က စိတ်လှုပ်ရှားလာ၏။

“မကြီး ကျွန်တော် ဒီတစ်ခုကို စမ်းကြည့်မယ်” သူက စိတ်အားတက်စွာ ပြောလေသည်။

“လုပ်လေ”

ကလေးများက ကစားရသည်ကို နှစ်သက်မှန်း သိနေသဖြင့် စန်းလော့က လက်ခံပေးလိုက်သည်။ အထူးသဖြင့် ရေကလည်း တိမ်နေသည်။ သူမက သူတို့ကို လုပ်နည်း မြန်မြန်သင်ပေးလိုက်ပြီး မောင်နှမနှစ်ယောက်ကို တာဝန်လွဲပေးလိုက်ကာ ဘေးမှနေ၍ ဒီအတိုင်း စောင့်ကြည့်ပေးနေလိုက်သည်။

ရှန်းနဉ်သည် အစ်ကိုဖြစ်သူ၏အရိပ်‌လေးပမာ သူ့နောက် ပျော်ပျော်ရွှင်ရွှင် လိုက်သွားပြီး ကျောက်စရစ်ခဲများကို စုပေးပြီး ရေထဲက ကျောက်တုံးများကို ဆယ်ပေးလေသည်။

မောင်နှမနှစ်ယောက်က တိုင်ပင်လိုက်ပြီး နောက်ထပ်နေရာတစ်ခု ထပ်ရွေးကာ စန်းလော့၏နည်းလမ်းကို လိုက်တုလိုက်ကြပြီးနောက် ဝမ်းသာအားရဖြင့် ကမ်းပေါ်သို့ ပြန်တက်လာခဲ့ကြသည်။ ရှန်းအန်း၏မျက်လုံးများ တလက်လက်ဖြစ်နေရင်း သူက စန်းလော့ကို မော့ကြည့်လိုက်၏။

“မကြီး ကျွန်တော်တို့ ခြင်းကို ဘယ်အချိန် လာကြည့်ရမှာလဲ”

...

နောက်ဆုံးတော့ သူတို့သည် ကလေးများ ပြန်ဖြစ်သွားသယောင်။

စန်းလော့က ပြုံးလိုက်ပြီး

“ငါတို့တွေ ညနေကျမှ လာကြည့်မှာ၊ အခုတော့ ပုဇွန်ဖမ်းဖို့ ထောင်ချောက်နည်းနည်းလောက် ထပ်ဆင်ကြမယ်”

အကောင်းဆုံးကတော့ ဒီလိုထောင်ချောက်တွေကို အများကြီးဖမ်းမိချင်ရင် နောက်တစ်နေ့မှ လာကြည့်သင့်တာ။ ဒါပေမဲ့ ငါတို့မှာ အစားအသောက်က အလျင်လိုနေတာဆိုတော့ အချိန်ကို လျှော့လိုက်မှပဲ ဖြစ်တော့မယ်။

ပုဇွန်းဖမ်းမည်ဟု ပြောလိုက်သည့်စကားက ကလေးများကို ချက်ချင်း ဖမ်းစားလိုက်တော့သည်။

“ပုဇွန်ကို ဘယ်လိုဖမ်းမှာလဲ”

ပုဇွန်းဖမ်းနည်းကတော့ တော်တော်လေး ရိုးရှင်းပေသည်။ စန်းလော့က ကလေးများကို သစ်ရွက်ပါသည့် သစ်ခက်များကို ကွေးနည်းနှင့် ထိုကွေးထားသည့်သစ်ခက်များကို ရေအောက်ထဲတွင် ကျောက်တုံးဖြင့် သေချာဖိထားလိုက်ပြီး ငါးထောင်ချောက်နှင့် အနည်းငယ်ဝေးသည့် နေရာတွင် ချထားရသည်ပုံကို သင်ပြပေးလိုက်သေည်။

သည်အသစ်အဆန်းနည်းလမ်းကို စိတ်ဝင်စားသွားသည့် ကလေးများသည် စိတ်အားထက်သန်စွာဖြင့် ပုဇွန်ထောင်ချောက် ခုနှစ်ခုလောက်ကို စမ်းချောင်း၏ မတူညီသည့်နေရာများတွင် ချထားလိုက်ပြီးနောက်တွင်တော့ စိတ်ကျေနပ်သွားကြတော့သည်။

ကမ်းပေါ်ပြန်တက်လာအပြီးတွင်ပင် သူတို့သည် တက်ကြွနေကြဆဲ။

“မကြီး အခုရော ဘာလုပ်ရမှာလဲ၊ ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ”

“ပုဇွန်တွေကိုလည်း ညနေခင်းအထိ စောင့်ရမှာလား”

သူတို့သည် တစ်ယောက်ပြီး တစ်ယောက် မေးကြပြီး သူတို့၏တောက်ပသည့်မျက်လုံးများက စန်းလော့ကို မခွာတမ်းကြည့်နေကြတော့သည်။

သူတို့သည် ထောင်ချောက်၏ရလာဒ်ကို မမြင်ရသေးသော်လည်း ကလေးများ၏မျက်လုံးထဲတွင် စန်းလော့၏ယုံကြည်အားကိုးနိုင်စွမ်းက သိသိသာသာ မြင့်တက်လာခဲ့သည်။

ကလေးများကို လေ့လာကြည့်လိုက်တော့ မနေ့ညက သူတို့၏ကြောက်ရွံ့ပြီးစိတ်ပျက်အားလျော့နေသည့် အခြေအနေနှင့်ယှဉ်လျှင် သည့်နေတွင် အများကြီး ပိုရွှင်လာပြီး ပိုစိတ်အားတက်လာသဖြင့် စန်းလော့သည် ပြုံးမိလေသည်။

“ငါတို့တွေ စောင့်ရအုံးမယ်၊ ဒီအချိန်အ‌တောအတွင်းမှာ တခြားတစ်ခုခုကို သွားရှာရအောင်”

သူမသည် ကလေးနှစ်ယောက်ကို လှမ်းခေါ်လိုက်ပြီး ထွက်သွာရန် ပြင်လိုက်၏။

ရှန်းအန်းက ချီတုံချတုံဖြင့် ချောင်းထဲတွင် ထားခဲ့သည့် ခြင်းရှိရာနေရာကို ပြန်လှည့်ကြည့်လိုက်ပြီး

“မကြီး ကျွန်တော်တို့တွေ ဒီအတိုင်း ထားခဲ့ကြမှာလား၊ တစ်ယောက်ယောက်က ကျွန်တော်တို့ခြင်းကို ယူသွားရင် ဘယ်လိုလုပ်မလဲ”

ကစားခြင်းကြောင့်ရလာသည့် ပျော်ရွှင်မှုက မှေးမှိန်သွားပြီး သူ၏တာဝန်ယူတတ်သည့်သဘာဝလေးက ပြန်ပေါ်လာတော့သည်။ သည်အခိုက်တွင် ငါးရရေးက ဒုတိယဦးစားပေးဖြစ်သွားလေသည်။ သူတို့၏ခြင်းမှာ သူတို့ပိုင်ဆိုင်သည့် အရာနှစ်ခုထဲမှာ တစ်ခုဖြစ်နေသည်။ အမှန်တွင်လည်း သူတို့၏ချို့တဲ့မှုကြောင့် အိမ်တွင် သူတို့ပိုင်ဆိုင်သည့်အရာအားလုံးက အဖိုးတန်ပစ္စည်းများဖြစ်နေသည်။

သူသည် ငါးတစ်ကောင်မှမမိဘဲ သူတို့၏ ရှိစုမဲ့စုပိုင်ဆိုင်မှုထဲက တစ်ခု ပျောက်သွားခဲ့လျှင် ရှန်းအန်းသည် ငိုစရာနေမရာမရှိအောင် ဖြစ်သွားတော့မည်။

ခြေလှမ်းနေပြီဖြစ်သည့် ရှန်နဉ်သည်လည်း ရပ်သွားပြီး စန်းလော့ဘက်သို့ လှည့်ကြည့်လိုက်၏။

သို့သော် စန်းလော့ကတော့ စိတ်မပူချေ။ သူတို့ကို စိတ်အေး‌သွားအောင် ပြုံးပြလိုက်ပြီး

“ရပါတယ်၊ နင်တို့ကိုယ်တိုင် ကြည့်လိုက်လေ၊ ငါတို့ ခြင်းထားခဲ့တဲ့နေရာက တကယ်တမ်း သေချာအာရုံစိုက်ပြီး မကြည့်ရင် မြင်ရဖို့မလွယ်ပါဘူး”

မောင်နှမနှစ်ယောက်က ခြင်းကိုထားခဲ့သည့်နေရာကို လှမ်းကြည့်လိုက်ကြ၏။ အမှန်ပင် လုံးဝမသိသာချေ။ စိတ်အေးသွားပြီး သူတို့သည် ခြင်းကို စောင့်ကြည့်ရန် နေခဲ့မည့်စိတ်ကူးကို လွှတ်ချလိုက်တော့သည်။

စန်းလော့က ရှန်းနဉ်၏ခေါင်းလေးကို ချစ်နိုးပုတ်ပေးလိုက်ပြိး

“သွားစို့၊ တခြား စားစရာတွေ သွားရှာရအောင် ငါ နင်တို့ကို ခေါ်သွားပေးမယ်”

အစားအသောက်အတွက် တခြားရွေးစရာရှိသေးသည်ဟု ကြားလိုက်သည်တွင် မောင်နှမနှစ်ယောက်လုံး၏ မျက်လုံးများက ရုတ်ချည်းဆိုသလို လင်းလက်သွားတော့သည်။

“ဘာလဲဟင်”

...

All Chapters