အခန်း (၇-၈)
Vol. 1 Ch. 7-8
အပိုင်း (၇)
စန်းလော့သည် ကလေးနှစ်ယောက်ကို တောင်ကုန်းနှစ်ခုကျော်သည်အထိ ခေါ်လာလိုက်ပြီး နောက်ဆုံးတွင်တော့ သည်နေ့အတွက် သူတို့၏ပစ်မှတ်ကို ရှာတွေ့သွားတော့သည်။ - လမ်းစဉ်ခြောက်သွယ်သစ်ပင်။
‘မသေမျိုးသစ်ပင်’နှင့် ကွမ်းရင်းသစ်ပင်’ဟူ၍ သည်အပင်ကို ခေါ်သည့် တခြားနာမည်များလည်း ရှိသည်။
ထွက်မလာခင်က ရှန်အန်းသည် ဆန်ပြုတ်ပြုတ်နေစဉ် စန်းလော့က သူတို့သည် ဘာအစားအစာကို ခူးလျှင် ကောင်းမည်ဟု စဉ်းစားလာခဲ့သည်။
နေမကောင်းဖြစ်ပြီး ဆာလောင်မှုမှ အနည်းငယ်သက်သာလာပြီးနောက်တွင် စန်းလော့သည် သူမကိုယ်သူမ ဝန်မပိစေရန် သတိထားနေရလေသည်။ အင်အားကို ချွေတာဖို့ဆိုလျှင် သူတို့လုပ်သမျှအရာတိုင်းတွင် အစီအစဉ်တစ်ခု ထားရှိဖို့က အရေးကြီးကြောင်း သူမက သိလေသည်။
သူမသည် မူလခန္ဓာကိုယ်၏မှတ်ဉာဏ်များကို သေသေချာချာ ရှာဖွေလိုက်ပြီး သည်အပင်ကို ခပ်ရေးရေးလေး မှတ်မိသွားသည်။ သို့သော် မှတ်ဉာဏ်က ဝိုးတဝါးနှင့် တဒင်္ဂမျှသာ။ မှတ်ဉာဏ်အတိအကျကို သိဖို့က မလွယ်ကူချေ။ စန်းလော့သည် သူမက ထိုအပင်ကို အနီးအနား ဘယ်နေရာတွင် တွေ့ခဲ့မှန်း လုံးဝသေချာမသိ ဖြစ်နေတော့သည်။ သူမ လုပ်နိုင်သည်က ရှန်းအန်းနှင့် ရှန်းနဉ်တို့ကို အနီးနားက တောင်ကုန်းများသို့ ခေါ်သွားပြီး တောင်ပေါ်လမ်းများတစ်လျှောက် ရှာကြည့်ရန်ပင် ဖြစ်တော့သည်။
ကံအားလျော်စွာ သူတို့၏ဇွဲရှိသည့်စိတ်က အကျိုးဖြစ်ခဲ့လေသည်။ သူမသည် မောပန်းခြင်းဒဏ်ကြောင့် လဲကျတော့မည့်ဆဲဆဲ နောက်ဆုံးတော့ ထိုအပင်ကို ရှာတွေ့သွားတော့သည်။
စန်းလော့သည် ဝမ်းသာသွားသော်လည်း ကိုယ်တိုင်ခူးဖို့က အလွန်မှ အားနည်းနေ၏။ သို့နှင့် သူမက စိမ်းစိုစိုနှင့်အသားထူသည့်အရွက်များပါသည့် အကိုင်းအခက်များကို ခူးရန် ကလေးနှစ်ယောက်ကို ညွှန်ကြားလိုက်တော့သည်။
ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် အံ့ဩသွားကြပြီး ဘာလုပ်ရမည်ကို သေချာမသိသလိုဖြစ်သွားတော့သည်။
သူတို့တွေက ဆင်းရဲတယ်ဆိုပေမဲ့လဲ ပတ်ဝန်းကျင်တောင်တွေမှာ တောဟင်းရွက်တွေ အများကြီးရှိတာပဲ။ သူတို့တွေက မတတ်သာတဲ့အဆုံး အရွက်တွေကို စားရလောက်တဲ့အထိတော့ မဟုတ်သေးဘူးလေ။ ဟုတ်တယ်မလား။
သိမ်မွေ့သည့်သဘာဝရှိပြီး စန်းလော့နှင့် ပိုပြီးရင်းနှီးသည့်သံယောဇဉ်ရှိသည့် ရှန်းနဉ်က သူမ၏သံသယကို ဖွင့်ပြောလိုက်တော့သည်။
“မကြီး ညီမလေးတို့တွေ ဒီအရွက်ကို တကယ်ပဲ စားလို့ရသလား”
သူမ၏မေးခွန်းက ရှန်းအန်း တွေးနေသည့်အရာကို ထုတ်ပြောလိုက်ခြင်းပင်။
“ရတာပေါ့၊ အဲဒါတွေက စားလို့ရတယ်၊ အဲဒါတင်မဟုတ်ဘူးနော်၊ ငါတို့တွေ ဒါတွေကို ဆန်နဲ့တောင် အရောင်းအဝယ် လုပ်လို့ရနိုင်လောက်တယ်” စန်းလော့က သူတို့ကို အာမခံပေးလိုက်၏။
စန်းလော့ပြောနေသည့်အပင်မှာ ရှေးခေတ်အခါတွင် ‘မသေမျိုးတို့ဖူး/နတ်သမီးတို့ဖူး’ဟု သိကြလေသည်။ စန်းလော့ကိုယ်တိုင်လည်း တောင်ပေါ်တွင် နှစ်ပေါင်းများစွာ မနေခဲ့ဖူးလျှင် သည်အပင်ကြောင်းကို သိလိမ့်မည်မဟုတ်ချေ။ လူအများစုသိကြသည့် ဂျယ်လီပင်နှင့် ပိုပြီးဆင်လေသည်။
မတူညီသည့် ပါဝင်ပစ္စည်းများဖြင့် လုပ်ရသော်လည်း နတ်သမီးတို့ဖူးကို ပြင်ဆင်ပြီးသွားလျှင် ဂျယ်လီပင်နှင့် တော်တော်လေးဆင်တူပြီး အရောင်နှင့်ပုံစံက အနည်းငယ်ကွာခြားသည်။
ဟုတ်ပါသည်။ ရှန်းအန်းနှင့်ရှန်းနဉ်တို့ကတော့ ဒါကို မသိကြချေ။ သူတို့သည် သည်လိုသစ်ရွက်က အဖိုးတန်သည့်ဆန်နှင့် အရောင်းအဝယ်လုပ်နိုင်သည်ကို ယုံကြည်ဖို့ရာ ခက်ခဲနေကြတော့သည်။
စန်းလော့က အများကြီး ချဲ့ကားပြောမနေချေ။ ငါ့မှတ်ဉာဏ်ထဲမှာတော့ ဒီခောတ်မျာ တို့ဖူးဆိုတာရှိတယ်။ ဒါပေမဲ့ ထုတ်လုပ်တဲ့နည်းပညာကို အခွင့်ထူးခံမိသားစုတစ်ချို့ကနေပြီး သေချာထိန်းသိမ်းထားတယ်။ ငါ့လို သာမန်နောက်ခံကလာတဲ့ မိန်းကလေးတစ်ယောက်က ကြားပဲ ကြားဖူးပြီး တခြားမှ မစားဖူးဘူး။ တောရွာကလူဆိုရင် ပြောမနေနဲ့တော့။
သာမန်လူအများစုကလည်း ဒီအကြောင်းကို ကြားတောင် ကြားဖူးမှာမဟုတ်ဘူး။
စန်းလော့သည် ခေတ်အဆက်ဆက် အခွင့်ထူးခံလူတန်းစားတို့၏ အမူအကျင့်ကို သည်းခံလာသည့်အပေါ် မနေနိုင်ဘဲ ပြန်သုံးသပ်ကြည့်လိုက်မိတော့သည်။
သချန်မင်းဆက်။ နောက်ပိုင်းကျယ်ဝန်းလာတဲ့ ‘ပန်းနိုင်ငံတော်’နဲ့ယှဉ်ရင် လူဦးရေက တော်တော်လေး နည်းပေမဲ့ သီးခြားအုပ်ချုပ်ရေးခရိုင်ဆိုတာရှိတယ်။ ‘လီ’တစ်ခုမှာ အိမ်ခြေပေါင်း ၁၀၀ပါဝင်ပြီး ၅လီက ၁’ရှန်း’ဖြစ်လာတယ်။ သဘောက အိမ်ခြေ၂၀လောက်ပဲရှိတဲ့ ရှီလီလို ရွာငယ်လေးတစ်ခုပေါ့။ လီတစ်ခုဖြစ်လာဖို့ဆိုရင် ရွာတော်တော်များ စုပေါင်းဖို့လိုတာပေါ့။
မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဉာဏ်ထဲမှာတော့ သူ့ဇာတိမြို့က လူဦးရေကလည် နည်းတယ်။ မင်းဆက်တစ်ခုလုံးရဲ့ ပျမ်းမျှလူဦးရေက အရမ်းကြီးမများဘူးဆိုတာကို ပြနေတာပဲ။
ဆက်တိုက်ဖြစ်ပွားနေတဲ့ စစ်မက်တွေ၊ သဘာဝဘေးအန္တရာယ်တွေ၊ ရောဂါတွေနဲ့ အလုပ်သမား စစ်မှုထမ်းရတာတွေကြောင့် လူဦးရေကလည်း တဖြည်းဖြည်းနဲ့ လျော့နည်းလာတယ်။
ဒါတောင် ရှီလီရွာက စိုက်ပျိုးမြေအများစုကို အဲဒီအိမ်ခြေ၂၀က ပိုင်တာမဟုတ်ဘူး။ မြို့ပေါ်က ချမ်းသာတဲ့မိသားစုတစ်ချို့ရဲ့လက်ထဲရောက်နေတာ။ မြေလွတ်မြေရိုင်းနဲ့ တောင်ကုန်းတွေကလွဲရင် သာမန်ရွာသားတွေအတွက် ကောင်းမွန်တဲ့မြေလေး နည်းနည်းပါးပါးပဲ ကျန်တာတာ။ သူတို့တွေကလည်း ပိုပြီးကြွယ်ဝချမ်းသာတဲ့မိသားစုတွေ ပိုင်ဆိုင်ကြတဲ့ စိုက်ပျိုးမြေကို ငှားရမ်းပြီး လုပ်ကိုင်ရတာ။
ဒီလက်ဝါးကြီးအုပ်တဲ့စနစ်ကို ချဲ့ထွင်လာခဲ့တာ မြေယာတွေအပြင် စာအုပ်တွေ၊ နည်းပညာတွေ၊ နောက်ပြီး အမွေအနှစ်အမျိုးမျိုးတွေ အားလုံးကို အထက်တန်း လူတန်းစားတွေကပဲ ထိန်းချုပ်ထားတာ။
ထို့ကြောင်ပင် စန်းလော့ လုပ်ရန်ရည်ရွယ်ထားသည့် ပစ္စည်းက သည်ခေတ်တွင် အမှန်ပင် အသစ်အဆန်းဖြစ်နေတာ့သည်။ လုပ်နည်းကို ရောင်းချပြီး ချမ်းသာဖို့ အိပ်မက်မက်နေလျှင်တော့ လက်တွေ့မကျပေ။ ဒေသခံစျေးတွင် သည်လိုလူချမ်းသာမျိုး မရှိသောကြောင့်ပင်။ ရှိခဲ့လျှင်တောင် သူတို့သည် သူမကို အမှတ်တမဲ့သာသဘောထားပြီး သူမ၏တီထွင်မှုကို စိတ်ဝင်စားဖို့က မသေချာပေ။
မလိုလားသည့် အာရုံစိုက်ခံရခြင်း မရှိအောင် သည်မုန့်လုပ်နည်းကို လတ်တလောတွင်တော့ လျို့ဝှက်ထားလိုက်တာက ပိုကောင်းမည်ဟု စန်းလော့ တွေးထားလိုက်သည်။ သူမ၏လက်တလောပန်းတိုင်းက ကိုယ်တိုင်နှင့် ကလေးနှစ်ယောက်ကို အားဖြည့်ပေးရန် ဆန်နှင့်စပါးဝယ်ဖို့ ငွေနည်းနည်းလောက် ရှာဖို့ရန်သာ ဖြစ်တော့သည်။
ရှန်းအန်းနှင့် ရှန်းနဉ်တို့သည် စဉ်းစားမတတ်အောင် ဖြစ်နေကြသော်လည်း သူတို့သည် အကိုင်းအခက်များနှင့် သစ်ရွက်များကို အားစိုက်ထုတ်စရာမလိုဘဲ ခူးလိုက်ကြလေသည်။ အတူတူ လုပ်လိုက်ကြရာ မကြာခင်မှာပင် အကိုင်းအခက်ပုံကြီးနှစ်ပုံ ရလာတော့သည်။
အိမ်ပြန်လိုက်ပြီး အရွက်များကို ဆေးကြောကာ အကိုင်းများကိုတော့ အပြင်ဘက်တွင် အခြောက်လှန်းဖို့ ချန်ထားလိုက်သည်။ ကွမ်းရင်းသစ်ကို မီးရှို့ထားသည့်ပြာက နတ်သမီးတို့ဖူးလုပ်ရန် အကောင်းဆုံးဖြစ်သည်။
သို့သော်လည်း ကွမ်းရင်းသစ်အခြောက်ခံပြီးသားမရှိလျှင် မနက်ခင်း ဆန်ပြုတ်ကျိုလျှင်သုံးရသည့် ပုံမှန်မီးဖိုကရသည့် ကျက်ခိုးများကဲ့သို့ပင် တခြားပင်၏ပြာကိုလည်း သုံးနိုင်သည်။
စန်းလော့က ပန်းကန်တစ်ချပ်ပေါ်က ပြာများကို လက်တစ်ဆုပ်ကော်လိုက်ပြီး ပန်းကန်လုံးတစ်ခုထဲ ထည့်လိုက်ကာ ခရားအိုးထဲက ကျိုထားသည့် ရေအေးနှင့် ရောမွှေလိုက်ပြီးနောက် အနည်ထိုင်အောင် စောင့်နေလိုက်သည်။
ရှန်းအန်းနှင့် ရှန်းနဉ်တို့သည် သည်အတိုင်း ကြည့်နေလိုက်ကြပြီး ဘာမှတ်ချက်မှ မပေးကြတော့ချေ။
သူတို့ရဲ့မကြီးက သစ်ရွက်တွေကို ခူးပြီး အဲဒါတွေက စားလို့ရတယ်လို့ ပြောတာပဲ။ အခုတော့ သူက မီးဖိုထဲက ပြာနဲ့ ရောနေတယ်....။ မောင်နှမနှစ်ယောက်သည် သံသယနှင့်ရှင်းမပြတတ်သည့်တည်ငြိမ်မှုတစ်ခုတို့ ရောထွေးနေရင်းက လေ့လာနေမိရာ စန်းလော့ နောက်ထပ်ဘာလုပ်မည်ကိုပင် သိချင်လာကြတော့သည်။ သိချင်စိတ်ကို မတွန်းလှန်နိုင်ကြတော့ဘဲ ထိုနေရာတွင် တဝဲလည်လည်ဖြင့် ကြည့်နေကြလေသည်။
ရှန်းအန်းကတော့ အခြေအနေတစ်ခုလုံးကို ဖြစ်နိုင်စရာမရှိဟု ထင်သည်။
သို့တိုင် သူသည် သည်နေ့ သူ့မရီးနှင့်ပတ်သက်ပြီး တစ်ခုခု ထူးခြားနေသည့် ခံစားချက်ကိုတော့ မခါထုတ်နိုင်ခဲ့ချေ။
ရှန်းအန်းသည် သူ့မရီးက ဘာထူးခြားနေသည်ကို ထောက်မပြနိုင်သော်လည်း ခဏလောက် လေ့လာကြည့်လိုက်ပြီးနောက်တွင် သူမ၏လတ်တလော ဖျားနာခြင်းကြောင့်သာ ဖြစ်လိမ့်မည်ဟု မှတ်ယူလိုက်တော့သည်။ အထူးသဖြင့် သူမသည် တမြန်နေ့က အချိန်တော်တော်ကြာအောင် သတိလစ်နေခဲ့သည်မဟုတ်ပါလား။
အမှန်တွင်တော့ အစောပိုင်းက စန်းလော့၏ ဗဟုသုတကြွယ်ဝသည့် ငါးဖမ်းနည်းကြောင့်သာမဟုတ်လျှင် ရှန်းအန်းသည် သူမ၏အဖျားရောဂါကြောင့် ဦးနှောက်ပျက်စီးသွားတာဖြစ်ရမည်ဟုပင် သံသယဖြစ်လိမ့်အုံးမည်။
ဟုတ်ပါသည်။ သည်အတွေးက သူ့စိတ်ထဲရောက်လာသည့် တဒင်္ဂအတွေးလေးတစ်ခုပင်။ သည်လိုမှတ်ချက်ကို ထုတ်ပြောဖို့ရာတော့ အရမ်းကိုမယဉ်ကျေးရာ ကျပေမည်။ သူသည် ထိုအတွေးကို မြန်မြန် ဖျောက်ဖျက်လိုက်တော့သည်။
ပြာရည်ကို နောက်ပိုင်းသုံးဖို့ရန် အနည်ကျအောင် ထားလိုက်ပြီးနောက်တွင် ‘နတ်သမီးအရွက်’များကို ကိုင်တွယ်ရမည့် စိန်ခေါ်မှုက ရောက်လာတော့သည်။ - စစ်ထုတ်ရမဲ့အဝတ်စမရှိဘူးပဲ.....။
အရင်ဘဝက ရောဂါက စိတ်ရှည်နိုင်စွမ်းတိုးလာခဲ့သည့် စန်းလော့မှာ သူတို့၏ဆင်းရဲမှုကို မနေနိုင်တော့ဘဲ စိတ်ထဲက သက်ပြင်းချမိတော့သည်။
တကယ်ပါ။ လိုအပ်တာတွေ အားလုံး မရှိဖြစ်နေတာပဲ။
သေသေချာချာလေး စဉ်းစားလိုက်ပြီးနောက်တော့ သူမ၏ပိုင်ဆိုင်မှုထဲက တစ်ခုတည်းသော လက်ကိုင်ပဝါကို သန့်ရှင်းအောင် လျှော်လိုက်ကာ အိုးထဲတွင် ထည့်ပြုတ်လိုက်ပြီး ယာယီအဝတ်စ ရေစစ်တစ်ခု လုပ်လိုက်တော့သည်။
ယာယီရေစစ်လေးကို ပိုးသတ်နေစဉ် စန်းလော့က ရှန်းအန်းနှင့် ရှန်းနဉ်ကို သူတို့ခူးလာသည့် အရွက်များကို သွားဆေးကြောခိုင်းလိုက်လေသည်။ ထို့နောက်တွင် မောင်နှမနှစ်ယောက်သည် သစ်ရွက်ပုံကြီးက အရင်ဆုံး ပျော့ပြဲသွားပြီး ရေစစ်နှင့် ပန်းကန်နှစ်လုံးထဲ စစ်ထည့်လိုက်ချိန်တွင် အစိမ်းရောင်တောက်တောက် သစ်ရွက်အရည်ရလာသည့် လုပ်နည်းတစ်ခုလုံးကို စောင့်ကြည့်နေလိုက်ကြလေသည်။
တကယ့်ကို ပန်းကန်နှစ်လုံးပဲ သုံးလို့ရတာပဲ။ ပြာရည်ထည့်ထားတဲ့ တစ်လုံးကို ဖယ်လိုက်ရင် ကျန်တဲ့နှစ်လုံးမှာ ရှန်းအန်း မနက်က ချန်ထားတဲ့ ဆန်ပြုတ်ထည့်ထားတဲ့ဟာနဲ့ အဘွားချန်းချန်သွားခဲ့တဲ့ သကြားညိုထည့်ထားတဲ့ခွက်ပဲ ရှိတယ်။ ပထမတစ်လုံးကတော့ မောင်နှမနှစ်ယောက်ရဲ့ ဝေစုထဲက ရတဲ့ဟာ။ နောက်တစ်ခုကတော့ မနက်စာစားတုန်းက ကျောက်ပြားကို ဖယ်လိုက်တော့ ထွက်လာတဲ့ဟာ။
တကယ့်ကို ဆင်းရဲလိုက်တာဆိုတာ... အိုးတစ်လုံးနဲ့ ပန်းကန်လုံးသုံးခုပဲ ရှိတာပဲ....
ရှန်းအန်းနှင့် ရှန်းနဉ်တို့မှာ အကပ်လေးသာကျန်သည့် ဆန်ပြုတ်ကို အင်တင်တင်ဖြင့် အတူတူစားနေရင်းက သူတို့သည် အလကားသုံးမိဟု ခံစားနေရတော့သည်။ ထိုခေတ်အခါက မိသားစုအများစုသည် တစ်နေ့လျှင် နှစ်ကြိမ်သာ စားသောက်ကြလေသည်။ သို့သော် သူတို့ကတော့ ညလယ်က သကြားရည်သောက်ပြီး မနက်စောစောတွင် ဆန်ပြုတ်ပျစ်ပျစ်ကလေး စားကာ နေ့လည်မကျတကျတွင် နောက်ထပ်တစ်နပ် စားနေလေသည်။
ကျန်နေသည့်ပမာဏက သနားစရာကောင်းလောက်အောင် နည်းပါးသော်လည်း ပြီးခဲ့သည့်လပိုင်းက သူတို့စားနေကျ မစို့မပို့အနပ်များနှင့် မခြားပေ။
ဆန်ပြုတ်အများစုကိုတော့ ရှန်နဉ်က နေမကောင်းဖြစ်နေသည့် စန်းလော့ကိုသာ ကျွေးရင်း ကုန်သွားတော့သည်။ သို့သော် ဒါက နောက်ထပ်အကြောင်းအရာတစ်ခုပင်။
ပန်းကန်လုံးကို ဆေးကြောပြီးသွားသည်နင့် စန်းလော့က ကျန်နေသည့်အရာ်ကို ဒုတိယပန်းကန်လုံးထဲိကု စစ်ထည့်လိုက်ပြီး ပန်းကန်လုံးကြီး နှစ်လုံးက ၄ချိုး ၃ချိုးလောက် ပြည့်သွားခဲ့သည်။
စိမ်းစိုနေသည့်အရည်ကို ကြည့်နေသည့် ရှန်းနဉ်က စန်းလော့ဘက်ကို လှည့်ကာ မေးလိုက်၏။
“ညီမလေးတို့ ဒါကို ဒီအတိုင်း သောက်ရမှာလား”
“ဘယ်ဟုတ်ပါ့မလဲ”
စန်းလော့က ပြုံးပြီး ပြန်ဖြေသည်။ တအံ့တဩဖြစ်နေသည့် မောင်နှမနှစ်ယောက်ရှေ့တွင် သူမသည် ခုနက အနည်ကျအောင် လုပ်ထားသည့် ပြာရည်ကို မွှေလိုက်ပြီး သစ်ရွက်အရည်ထဲသို့ လောင်းထည့်လိုက်၏။ သူမက များများလေး လောင်းထည့်လိုက်ပြီး အနေအထား ပြောင်းလာသည်ကို ခံစားမိသည်အထိ လားရာတစ်ဖက်တည်းကို ဆက်တိုက်မွှေလိုက်ပြီးနောက် ရပ်ထားလိုက်ကာ ထိုနည်းအတိုင်း ကျန်သည့်ပန်းကန်းလုံးကိုလည်း ပြုလုပ်လိုက်လေသည်။
ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် ဆွံ့အသွားကြတော့သည်။ သူတို့သည် အရွက်ရည် သောက်ရမည်ကို သံသယဖြစ်ခဲ့မိသော်လည်း အခုတော့ ထိုအရည်ထဲတွင် ပြာရည်ထည့်လိုက်သည့်အတွက် သောက်လို့မရနိုင်တာ သေချာသွားပြီဟု ထင်လိုက်ကြတော့သည်။
သူတို့၏အမူအရာကို သဘောကျသွားသည့် စန်းလော့ ပြောလိုက်၏။
“ပြီးသွားပြီ၊ တစ်နာရီလောက်နေပြီး ကြည့်ကြည့်လိုက်ကြ”
စိုးရိမ်နေသည့် မောင်နှမနှစ်ယောက်၏မျက်နှာကို မြင်လိုက်သည်တွင် သူမက ရွှင်ရွှင်လန်းလန်းဖြင့် ထပ်ပြောလိုက်လေသည်။
“အဲဒီမှာပဲ ရပ်မနေကြနဲ့လေ။ တစ်ခုခုကို လုပ်ကြရအောင်”
သူတို့၏သိလိုစိတ်က ထိုးတက်သွားပြန်ပြီး မောင်နှမနှစ်ယောက်က တပြိုင်တည်း မေးလိုက်ကြတော့သည်။
“ဘာလုပ်ရမှာလဲဟင်”
စန်းလော့က နံရံတွင် ထောင်ထားသည့် တံစဉ်လေးတစ်ခုကို ကောက်ယူလိုက်လေသည်။ ထိုပစ္စည်းလေးက သူတို့အိမ်အတွက် ခွဲပေးထားသည့် မစို့မပို့ စိုက်ပျိုးရေးသုံးပစ္စည်းများထဲက သံပါသည့် တစ်ခုတည်းသောပစ္စည်းလေးပင်။
“လျှော်ရိုင်းပင်တွေ သွားဖြတ်ရအောင်”
...
အပိုင်း(၈)
လျှော်ပင်များကို သွားခုတ်ကြမည်ဟု ကြားလိုက်တော့ ကလေးများ၏မျက်လုံးများမှာ လင်းလက်သွားတော့သည်။
“အဲဒါ ဘယ်မှာရှိလဲဆိုတာ ကျွန်တော် သိတယ်၊ ကျွန်တော် ခေါ်သွားပေးမယ်” ရှန်းအန်းက အော်ပြောလိုက်သည်။
ရှန်းနဉ်လည်း စိတ်လှုပ်သွားပြီး “ညီမလေးက တုတ်တစ်ချောင်း ယူခဲ့မယ်၊ လျှော်တွေကို ဘယ်လိုပုတ်ရမလဲဆိုတာ သိတယ်”
ကလေးများအတွက် ပျော်စရာအကောင်းဆုံးမှာ ကိုယ်လက်လှုပ်ရှားနေခြင်းပင်။
ဘာရလာဒ်မှ မမြင်ရသေးသည့်အတိုင်း အလုပ်အမျိုးမျိုးတွင် စန်းလော့နောက်လိုက်လုပ်နေခြင်းကပင် ကလေးများအတွက် လုံခြုံမှုနှင့် ပျော်ရွှင်မှု ခံစားချက်ကို စတင် ယူဆောင်ပေးလာတော့သည်။
သူတို့သည် ပျော်ရွှင်စိတ်လှုပ်ရှားကာ ပြင်ဆင်လိုက်ကြပြီး တစ်ဖက်စီတွင် တက်ကြွလှုပ်ရှားနေကြလေသည်။
စန်းလော့ပြောသည့် လျှော်ရိုင်းပင်သည် အမှန်တော့ ထိုခေတ်က ချည်ထည်များ ရက်လုပ်ရာတွင် အသုံးများသည့် လျှော်ချည်ပင်တစ်မျိုးဖြစ်လေသည်။
သည်ခေတ်တွင် ပိုးစာပင်နှင့် လျှော်ပင်များကို အများအပြားစိုက်ပျိုးကြပြီး အိမ်ထောင်စုတစ်ခုတွင် ထိုစိုက်ခင်းမျိုး အများအပြားပိုင်ဆိုင်ထားကြသည်။ ပိုး၊ဝါနှင့်လျှော်တို့ဖြင့် ထုတ်ထားသည့် ပိတ်စများကို အစိုးရသို့ တစ်စိတ်တပိုင်း ဆက်သရပြီး တစ်စိတ်တစ်ပိုင်းကိုတော့ တကိုယ်ရေလိုအပ်ချက်အတွက် အသုံးပြကြလေသည်။
ပိုးနှင့် ဝါလိုပစ္စည်းများက လယ်သမားများ ကိုယ်တိုင်အတွက် သုံးဖို့ရန်ပင်အလွန်မှ တန်ဖိုးကြားလှသည်။ သူတို့ကို ငွေအတွက် ရောင်းချဖို့ စီရင်စုသို့ ယူသွားလေ့ရှိသလို ကုန်ပစ္စည်းချင်း တိုက်ရိုက်လဲလှယ်ရန် အသုံးပြုကြသည်လည်း ရှိလေသည်။ တစ်နှစ်ပတ်လုံး အလုပ်ကြိုးစားနေရသည့် လယ်သမားများကတော့ လျှော်ကြမ်းအဝတ်အစားများကိုသာကို ဝတ်ဆင်နိုင်လေသည်။
ပိုးစာပင်များနှင့် လျှော်ပင်များကို စိုက်ပျိုးကြသဖြင့် အရိုင်းပင်နှင့် ပိုင်ရှင်မဲ့ပင်များကတော့ ကျန်သေးသည်။ ရှန်းမိသားစုသည် သူတို့၏ပိုင်ဆိုင်မှုကို ခွဲဝေစဉ်က ပင်မအိမ်ထောင်စုက ဘာပိုးစာခင်း၊ လျှော်ခင်းမှ မရခဲ့သည့်အပြင် စပါးခင်းတစ်ခုလေးပင်မရခဲ့ချေ။ အခုတော့ စန်းလော့သည် လျှော်ပင်ရိုင်းများကိုသာ ခုတ်ဖို့စဉ်းစားနိုင်တော့သည်။
သူမ၏အတိတ်ဘဝက တောင်ပေါ်တွင် ရောဂါမခံစားခင် နေထိုင်သည့် ငါးနှစ်တာအတွင်း သူမသည် တစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင်နေနိုင်သည့် နည်းလမ်းများကို ရှာတွေ့ခဲ့ပြီး အတိုင်းအတာတစ်ခုအထိ ကိုယ့်ဟာကို စောင့်ရှောက်နိုင်ခဲ့သည်။
သူမ၏ဖုန်းနှင့်အင်တာနက်ကျေးဇူးအပြင် တောင်ပေါ်တွင် နေထိုင်ကြသည့် အိမ်နီးချင်း လူကြီးများကြောင့် သူမသည် အများအပြားကို လေ့လာတတ်မြောက်ခဲ့သည်။ တခါတရံ သူမသည် ဗီဒီယိုများ တင်ရသည့် ဝက်ဘ်ဆိုက်တစ်ခုတွင် သူမအသစ်တတ်မြောက်ထားသည့်ပညာများကို ဗီဒီယိုဖြင့် တင်ထားတတ်သည်။ သူမ၏အကောင့်သေးသေးလေးက တော်တော်လေး နာမည်ကြီးပြီး သူမကို အပြင်လောကနှင့် ဆက်သွယ်ပေးကာ စိတ်ပျော်ရွှင်မှုအပြင် ဝင်ငွေတစ်ချို့ကိုလည်း ရရှိသေးသည်။
သူမတတ်မြောက်ခဲ့သည့် ပညာရပ်များထဲတွင် ရှေးခေတ်ချည်ထည်ရက်လုပ်နည်းလည်း ပါလေသည်။
အမှန်တွင်တော့ သူမတင် ရက်လုပ်နည်းသိသည်မဟုတ်ဘဲ မူလခန္ဓာကိုယ်ပိုင်ရှင်ကလည်း ရက်လုပ်နည်းကို တတ်သည်။
ဟုတ်ပါသည်။ အခုတော့ လျှော်ပင်ခုတ်ရန် ကလေးများကို ခေါ်သွားရခြင်းက အဝတ်ရက်လုပ်ရန် မဟုတ်ချေ။ လက်ရှိတွင် စန်းလော့သည် ပစ္စည်းအများအပြား မရှိဖြစ်နေရာ အဝတ်ရက်လုပ်နိုင်စွမ်းမရှိသေးချေ။ ရွာထဲက အိမ်ထောင်စုတိုင်းတွင် ရက်ကန်းတစ်ခု ရှိကြသော်လည်း အမျိုးသမီးများက ကိုယ်တိုင်အသုံးပြုရန် လိုအပ်ကြဖြင့် သူမသည် ရက်ကန်းတစ်ခုပင် ငှားရမ်းနိုင်မည်မဟုတ်ချေ။
လျှော်ပင်ကို ခုတ်ပြီးလျှင်တော့ သူမသည် ချည်လုံးရစ်ဖို့သာ အကြမ်းထည်လုပ်နိုင်မည်။ စန်းလော့က ချည်လုံးများကို စျေးသို့ယူသွားပြီး ရေဇလုံတစ်လုံးနှစ်လုံးလောက်နှင့် အလဲအလှယ်လုပ်နိုင်မလား သိချင်သည်။
နောက်ဆုံး သူမသည် ရိက္ခာအနည်းအကျဉ်းအတွင် နတ်သမီးတို့ဖူးကို ရောင်းချဖို့ စဉ်းစားထား၏။ ပါဝင်ပစ္စည်းများက တောင်ပေါ်တွင် အလျှံပယ်ရနိုင်ပြီး အပင်ကရသည့်ပြာကလည်း မရှားပါးလေရာ အခုလေးတင် အိမ်မှာလုပ်ထားသည့် မြေအိုးတစ်လုံးနှင့် ပန်းကန်သုံးလုံးစာက မည်မျှ ရနိုင်ပါမည်နည်း။ ဒါသည် သူတို့၏ဗိုက်ကိုပင် ဖြည့်တင်းဖို့ရန် လုံလောက်မည်မဟုတ်ချေ။
သူမသည် နောက်ရက်အနည်းငယ်အတွင်းတွင် ပင်ပန်းသည့် အလုပ်ကို မလုပ်နိုင်သေးရာ လျှော်ချည်ထုတ်ခြင်းက အိမ်တွင် ထိုင်ပြီး လုပ်နိုင်သဖြင့် ဒါက ပြီးပြည့်စုံသည့်အလုပ်တစ်ခုပင်။ ကလေးနှစ်ယောက်ကလည်း ကူညီပေးနိုင်လေသည်။
.....
မောင်နှမနှစ်ယောက်က အနီးနားက တောင်များကို သိကြပြီး ရွာသားများအတွက် တော်တော်လေး အန္တရာယ်ကင်းမှန်း သိကြသည်။ သူတို့သည် လျှော်ပင်များကို သွားရှာကြမည့်နေရာကို ပြောလာကြရင်း စန်းလော့ကို နေရာတစ်ခုစီသို့ ခေါ်လာကြလေသည်။
သူတို့သည် ရွာဘက်သို့ ဦးတည်သွားနေသဖြင့် စန်းလော့ကို စပ်စုပြီး ကြည့်နေကြသည့် ရွာသားများကို မကြာခဏဆိုသလို တွေ့ရလေသည်။
ရွာထဲက လူတိုင်းက ရှန်းမိသာစု အိမ်ခွဲသွားသည်ကို သိကြသည်။ သို့သော် အိမ်မခွဲခင်နှင့် အိမ်ခွဲပြီးနောက်ပိုင်းတွင် စန်းလော့က ရွာသားများနှင့် အဆက်အဆံမရှိသလောက်ပင်။ တလောက ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် ရှန်းစန်းအိမ်တွင် အစားအစာ မကြာခဏလာတောင်းတတ်သည့် သတင်းများကို ကြားမိကြသည်။ သူတို့သည် ရိက္ခာမရှိတော့မှန်း သိသာလေသည်။
စန်းလော့က အပြင်ထွက်လာသည်ကို မြင်လိုက်ရသည်တွင် လမ်းတွင်တွေ့ဆုံကြသူများက အထူးအဆန်းတစ်ခုလို ဖြစ်နေကြတော့သည်။ ရှန်းအန်း၊ ရှန်းနဉ်တို့နှင့် ရင်းနှီးကြသူများက ရပ်ပြီး စကားပြောကြရာ သူတို့သည် လျှော်ပင်များ သွားခုတ်မည့်အကြောင်း သိလိုက်ရပြီး စုပ်တသပ်သပ်ဖြင့် ထွက်သွားကြလေသည်။
“သူတို့တွေက ဗိုက်ဖြည့်ဖို့တောင် ခက်ခက်ခဲခဲ လုပ်နေရတာ လျှော်ခုတ်ပြီး အချည်းနှီးဖြစ်မဲ့အလုပ်ကို လုပ်နေကြသေးတယ်”
ဟုတ်ပါသည်။ စန်းလော့ကတော့ သည်လူများကို မမှတ်မိသလို သူတို့၏အတွေးများကိုလည်း မသိချေ။ သူမ သိခဲ့လျှင်တောင် ဂရုစိုက်လိမ့်မည်မဟုတ်ချေ။
သူတို့သည် မကြာမီတွင် သူတို့၏ပထမဆုံးပန်းတိုင်သို့ ရောက်လာကြလေသည်။ လျှော်ပင်ခုတ်ခြင်းက ပင်ပန်းသည့်အလုပ်တော့ မဟုတ်ချေ။ သူတို့မိသားစုမခွဲကြခင်က မောင်နှမများသည် မိသားစု၏လျှော်ခင်းကို ကူညီခဲ့ကြလေသည်။ ထို့ကြောင့် သူတို့ကို စန်းလော့က သင်ပြပေးစရာမလိုချေ။ အမှန်တွင်တော့ သူတို့သည် သည်အလုပ်ကို စန်းလော့ကိုယ်တိုင်ထက်ပင် ပိုပြီးရင်းနှီးကြသေးသည်။
သို့်သော်လည်း သူမ၏မူလခန္ဓာကိုယ်က သေလုမျောပါး နေမကောင်းဖြစ်ခဲ့သဖြင့် စန်းလော့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက အားနည်းနေဆဲဖြစ်သည်။ သူမသည် သကြားရည်နှင့် ဆန်ပြုတ်နည်းနည်း သောက်ထားသော်လည်း ဒါက ခံနိုင်ရည်ရှိသည် ဆိုရုံလောက်သာပင်။ လျှော်ပင်ခုတ်ရသည့် မနက်ခင်း ကာယလုပ်အားကို သုံးပြီးသွားသည့်နောက်တွင် သူမသည် တဖြည်းဖြည်း အားနည်းလာပြီး လက်များက စတင် တုန်ယင်လာတော့သည်။
ဂရုတစိုက်ရှိသည့် ရှန်းအန်းက အလုပ်ကို လွဲယူလိုက်ပြီး စန်းလော့ကို အနားယူဖို့ အတင်းပြောတော့သည်။ မောင်နှမနှစ်ယောက်သည် လျှော်ပင်တစ်ကွက်ကို ကျွမ်းကျွမ်းကျင်ကျင် ခုတ်လိုက်ကြကာ လျှော်စည်းနှစ်စည်းလောက် ရလာပြီးနောက်တွင် အိမ်သို့ ပြန်လာခဲ့ကြ၏။
သည်လျှော်နှစ်စည်းက အများကြီးမရသော်လည်း ရှန်းအန်းက စန်းလော့ကို နောက်တစ်ကြိမ်မသွားခိုင်းတော့ချေ။ “ရွာကလေးတွေ သွားဆော့နေကြတဲ့ လျှော်ခင်းတွေ ရှိသေးတယ်၊ ရှန်းနဉ်နဲ့ ကျွန်တော် လုပ်တတ်ပါတယ်၊ မကြီးက အိမ်မှာပဲ နားလိုက်တော့”
ရှန်းနဉ်က စန်းလော့၏ဖြူဖျော့နေသည့်မျက်နှာကို လှမ်းကြည့်လိုက်ပြီး အခိုက်တန့် ချီတုံချတုံဖြစ်သွားကာ
“ညီမတို့တွေ အဘွားချန်းပေးထားတဲ့ သကြားညိုကို ဖျော်ပေးရမလားဟင်”
တစ်ရက်တည်းတွင် သကြားညိုနှစ်တုံးကို စားလိုက်ခြင်းက ဖြုန်းတီးလွန်းသည့်ဇိမ်ခံခြင်းတစ်မျိူးပင်။ နှစ်သစ်ကူးပွဲတော်တွင်ပင် မသုံးရဲကြချေ။ သို့တိုင် ရှန်းနဉ်သည် ရှေ့ရက်က စန်းလော့၏ ကြောက်လန့်ဖွယ်အခြေအနေကို ကွက်ကွက်ကွင်းကွင်း မှတ်မိနေရာ သကြားထက် သူမ၏ကျန်းမာရေးကို ပိုပြီး တန်ဖိုးထားမိလေသည်။
စန်းလော့က ကလေးနှစ်ယောက် ရွာနားက လျှော်ပင်များကို သွားခုတ်မည်ကို စိုးရိမ်စရာမလိုဖြင့် ခေါင်းညိတ်လိုက်၏။
“အင်းပါ၊ နင်တို့နှစ်ယောက် လျှော်ပင်သွားခုတ်ကြ၊ အစ်မက အိမ်မှာ လျှော်မျှင်ခြစ်ထားလိုက်မယ်”
ကျန်သည့်သကြားညိုကို စားဖို့ကတော့ စန်းလော့သည် သူမ၏အခြေအနေကို သိလေရာ အလျင်မလိုချေ။
“သကြားရည်သောက်ဖို့ မလိုပါဘူး၊ သကြားက ခဏနေ အသုံးဝင်လာအုံးမှာ၊ နင်တို့တွေ လျှော်စည်းနည်းနည်းလောက် ယူပြန်လာပြီးမှပဲ အတူတူ စားကြမယ်နော်”
သကြားရည်နည်းနည်းပါဝင်သည့် နတ်သမီးတို့ဖူးက ကလေးနှစ်ယောက်အတွက်တော့ အမှန်ပင် အစားအသောက်ကောင်းတစ်ခု ဖြစ်ပေလိမ့်မည်။
ရှန်းနဉ်က သူမ၏စကား အနက်အဓိပ္ပါယ်ကို နားမလည်လိုက်ပဲ သူမ၏မကြီးက သူတို့သုံးယောက် အတူတူ စားကြမည့်အကြောင်း ပြောလိုက်သည်ကိုသာ ကြားလိုက်လေသည်။
မနက်ခင်းက သောက်ခဲ့သည့် ဆားနှင့်သကြားရည်လေးနည်းနည်းအကြောင်းကို ပြန်စဉ်းစားမိတော့ သူမသည် အလိုလို သွားရည်ယိုလာတော့သည်။ ထို့နောက်မှ သူမ၏စိတ်အားထက်သန်နေမှုကို ရှက်ရွံ့သွားပြီး မြန်မြန်ခေါင်းခါကာ ပြောလေသည်။
“ညီမလေးက မလိုပါဘူး”
သူမက ဖျားလည်းဖျားမနေသလို နာကျင်နေတာလဲမရှိဘူးလေ။ ဘယ်လိုလုပ်ပြီး မကြီးရဲ့သကြားရည်ကို သောက်လို့ဖြစ်မှာလဲ။
စန်းလော့က ပြုံးလိုက်ပြီး ကလေးများကို လျှော်သွားခုတ်ခိုင်းလိုက်ကာ သူမကိုယ်၌ကတော့ အိမ်အပြင်က ကျောက်တုန်းပေါ်တွင် ထိုင်လိုက်ပြီး လျှော်မျှင်များကို စတင်ခြစ်ထုတ်လိုက်တော့သည်။
အလုပ်လုပ်ပြီးလျှင် အစားစားရမည့်ကတိက အကောင်းဆုံးစိတ်အားတက်ကြွမှုဖြစ်နိုင်ပေသည်။
ကလေးနှစ်ယောက်သည် တောင်ပေါ်က မြန်မြန်ဆင်းသွားပြီး တစ်နာရီအတွင်းတွင် လျှော်စည်းကြီးနှစ်စည်းဖြင့် ပြန်ရောက်လာကြ၏။
မောင်နှမနှစ်ယောက်က လျှော်များထပ်ခုတ်ရန် ထွက်သွားချိန်တွင်တော့ စန်းလော့က သူမ၏အလုပ်ကို ခဏချလိုက်ပြီး တောင်ဘေးက စမ်းချောင်းတွင် မြေအိုးတစ်လုံးဖြင့် ရေနည်းနည်းသွားခပ်ကာ မီးမွှေးလိုက်ပြီး အဘွားချန်းပေးခဲ့သည့် သကြားညိုကို အရည်ဖျော်လိုက်လေသည်။
သည်တစ်ကြိမ်တွင်တော့ သူမသည် သကြားရည်ထဲတွင် ဆားမထည့်တော့ချေ။ သည့်အတိုင်း သကာရည်ဖြစ်အောင် ကျိုလိုက်ပြီးနောက် မီးငြိမ်းလိုက်၏။ သူမသည် မြေအိုးကို သစ်ရွက်ထူထူခင်းထားသည့် ကျောက်စားပွဲပေါ် ဂရုတစိုက်တင်ထားလိုက်ပြီး သကြားရည် အေးသွားသည်အထိ စောင့်လိုက်ကာ နတ်သမီးသစ်ရွက်အရည်က ပျစ်ခဲသွားသည့်အခြေအနေ ရမရကို စစ်ဆေးကြည့်လိုက်သည်။
ပြာရည်အချိုးက မှန်သွားကာ အရောအနှောက ကောင်းကောင်လေး ခဲသွားလေသည်။
ရှန်းအန်းနှင့် ရှန်းနဉ်တို့ တတိယအကြိမ် ပြန်ရောက်တွင် နေလုံးတည်နေရာကို ကြည့်လိုက်ပြီး စန်းလော့က သူတို့ကို အပြင်မထွက်ခိုင်းတော့ချေ။ သူမ ခြစ်ထုတ်ထားသည့် လျှော်များကို ဘေးတွင်ချထားလိုက်ကာ သူတို့ကို လှမ်းခေါ်လိုက်တော့သည်။
“လက်ဆေး မျက်နှာသစ်လိုက်ကြအုံး၊ ပြီးရင်း ငါတို့တွေ အထဲမှာ အရသာရှိတာလေး စားရအောင်”
“အရသာရှိတာလေး စားရမယ်တဲ့”
ရှန်းအန်းနှင့်ရှန်းနဉ်တို့အတွက်တော့ သည်စကားလုံးလေးက အိပ်မက်တစ်ခုနှယ်ပင်။
သူတို့အစ်ကိုကြီး အိမ်က ထွက်သွားပြီးကတည်းက သူတို့သည် သည်လိုစကားမျိုးကို မကြားရတော့ချေ။
သို့သော်လည်း သကြားရည်ကို ဝေမျှပြီး စားရမည်ဟု သူတို့၏ယောက်မစကားကို ပြန်စဉ်းစားမိလိုက်သည်တွင် မောင်နှမနှစ်ယောက်သည် မြန်မြန်ဆန်ဆန် လက်သွားဆေးလိုက်ကြ၏။
သူတို့သုံးယောက်သည် အိမ်ထဲသို့ ပြန်ဝင်လာချိန်တွင် စန်းလော့က ဘာမှပင် ပြောရန်မလိုဘဲ ငယ်ရွယ်သေးသည့် မောင်နှမနှစ်ဘောက်၏အကြည့်က စားပွဲတစ်ခုလို သုံးထားသည့် ကျောက်ပြားပေါ်သို့ အလိုလိုရောက်သွားတော့သည်။ အထူးသဖြင့် ကျောက်ပြားပေါ်တွင် တင်ထားသည့် အရောင်တလက်လက်နှင့် အစိမ်းရောင်ပန်းကန်းနှစ်လုံးပင်။ သူတို့ကို တဒင်္ဂလောက် မှင်သက်အံ့ဟသွားစေတော့သည်။
“ဒါက ဘာလဲဟင်”
ပန်းလုံးများက အတူတူဖြစ်သလို အရောင်ကလည်း အတူတူပင်။ သို့သော် အခုတော့ အထဲတွင်ရောက်နေသည့်အရာက အရောင်ပိုရင့်နေပြီး စိမ်းစိုရွှန်းလဲ့သည့် အစိမ်းရောင်ဖြစ်နေတော့သည်။
မျက်လုံးအဝိုင်းသားဖြစ်သွားသည့် ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် စန်းလော့ကို လှည့်ကြည့်လိုက်ကြပြီး
“ယောက်မကြီး ဒါက ခုနက သစ်ရွက်အရည်တော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား”
စန်းလော့က ပြုံးပြလိုက်၏။
“အမှန်ပဲ၊ ဒါက စားလို့ရတယ်လို့ ငါ နင်တို့ကို ပြောသားပဲ၊ ဒါလေးကို လှီးပြီး နင်တို့ကို မြည်းခိုင်းမယ်နော်”
အစောပိုင်းက သကြားကျိုရာတွင် သုံးသည့် ဝါးချောင်းပါးပါးလေးကို ယူလိုက်ကာ သူမသည် ပန်းလုံးတစ်ခုထဲက တို့ဖူးနှင့်တူသည့်အရာကို ကျွမ်းကျွမ်းကျင်ကျင် စတင် လှီးပေးလိုက်တော့သည်။
အမှန်ပင်။ သည်ဝါးချောင်းအပြားလေးက ရှန်းအန်း၏အကူအညီဖြင့် လုပ်ထားသည့် ယာယီသုံးဓားလေးတစ်ချောင်းပင်။ သို့သော်လည်း သူတို့၏အဓိက အစားအစာမှာ လက်ဖြင့် အလွယ်တကူချိုးလို့ရသည့် အသီးအရွက်ဟင်းရည်သာဖြစ်ခဲ့လေရာ ထိုဝါးဓားလေးကို မသုံးရသလောက်ပင်။
စန်းလော့က နတ်သမီးတို့ဖူးကို နှစ်စင်တီမီတာလေးထောင့်တုံးလေးဖြစ်ကြောင်း ကျွမ်းကျွမ်းကျင်ကျင် တုံးလိုက်လေသည်။ ထို့နောက် ပန်းကန်လုံးထဲသို့ အိုးထဲက အအေးခံထားသည့် သကြားရည်ကို နည်းနည်းလောင်းထည့်လိုက်၏။ နှစ်ဇွန်းအပြည့်လောက် လောင်းထည့်လိုက်ပြီး အသာအယာ မွှေလိုက်ပြီး တစ်တုံးကို ခပ်ကာ ရှန်းနဉ်ကို ပေးလိုက်တော့သည်။
“အားနဉ် အရင်မြည်းကြည့်”
ကျောက်စိမ်းနှင့်တူသည့်စားစရာလေးက အိစက်ကာ တုံတုံအိအိနှင့် သစ်သားဇွန်းပေါ်တွင် အသာအယာ လှုပ်ရမ်းနေလေသည်။
မောင်နှမနှစ်ယောက်သည် သည်လိုသွားရည်ကျစရာမျိုးကို တခါမှ မတွေ့ခဲ့ဖူးကြပေ။ အမြင်သက်သက်နှင့်ပင် သူတို့ကို မျှော်လင့်တကြီး သွားရည်များ ကျလာစေတော့သည်။
ရှန်းနဉ်မှာ စားလို့ရသည်မရသည် ကိစ္စကို ဆက်ပြီးစိတ်ပူမနေတော့ဘဲ စန်းလော့ဆီက ဇွန်းကို ယူလိုက်ကာ စားကြည့်လိုက်တော့ ချက်ချင်းဆိုသလို နူးညံ့သည့်ရနံ့တစ်ခုကို အာရုံခံလိုက်မိတော့သည်။
ချိုချိုမွှေးမွှေး လန်းဆန်းပြီး တုံအိအိနဲ့အထိအတွေ့က အံ့ဩစရာကောင်းလိုက်တာ။
“!!!”
“အစ်ကိုလေး ဒီအရသာကလေ ငါတို့တွေ နှစ်သစ်ကူးမှာ စားတဲ့အသားထက်တောင် ပိုကောင်းသေးကော”
....