အခန်း (၉-၁၀)
Vol. 1 Ch. 9-10
အပိုင်း (၉)
ထိုနေ့တွင် ရှန်းအန်းနှင့် ရှန်းနဉ်တို့သည် နေ့လည်စာအတွက် ပျော်ရွှင်ရသည်သာမက ဦးလေးရှန်း၊ အဒေါ်ရှန်းနှင့် သူတို့၏ဝမ်းကွဲသုံးယောက်ဖြစ်ကြသည့် ရှန်းကျင်း၊ ရှန်းရင်၊ ရှန်းထျယ်နှင့် ရှန်းထျန်းတို့ တစ်ခါမှ မစားခဲ့ဖူးသည့် မုန့်ကိုလည်း စားခဲ့ရလေသည်။
အပင်တစ်ချို့ရဲ့ပြာနဲ့ရောထားတဲ့ တောင်ပေါ်က ခူးလာခဲ့တဲ့ အဲဒီသစ်ရွက်တွေက အရမ်းကို အရသာရှိတဲ့ စားစရာဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
မိသားစုအိမ်ခွဲကတည်းက အကြောက်တရားနှင့် နေလာခဲ့သည့် မောင်နှမနှစ်ယောက်မှာ ဘဝင်ခိုက်နေတော့သည်။
သဘောက သူတို့တွေ ဘယ်တော့မှ ထပ်ပြီး ဗိုက်ဆာခံရတော့မှာ မဟုတ်ဘူးပေါ့။
စန်းလော့ကို ကြည့်ရင်း သူတို့၏မျက်လုံးများက လေးစားအားကျမှုများ ပြည့်နက်နေတော့သည်။ - သူတို့ရဲ့မရီးက မယုံနိုင်စရာပဲ။ တကယ်ပဲ အံ့ဩဖို့ကောင်းလိုက်တာ။
တစ်ချိန်က သူတို့၏ကပ်ဘေးဒုက္ခသည်မျက်နှာလေးသည် အခုတော့ ပျော်ရွှင်မှုနှင့် လင်းဖြာနေတော့သည်။ ရှန်းအန်းက စားရင်း ပြုံးရင်းက သူ့မျက်လုံးထဲတွင် မျက်ရည်များ ဝဲလာသလို ခံစားလိုက်ပြီး အရင်က သူတို့ခံစားရသည့် အကြောက်တရားနှင့် စိုးရိမ်စိတ်တို့ကို ပြန်မြင်လာမိလေသည်။
သကြားရည်ရောထားသည့် နတ်သမီးတို့ဟူးတစ်ပန်းကန်ကို ဝေမျှကာ စားလိုက်ပြီးနောက်တွင် ရှန်းအန်းက ကျန်နေသည့်ပန်းကန်လုံးကို လှမ်းကြည့်လိုက်ပြီးနောက် စန်းလော့ကို မဝံ့မရဲ မေးလိုက်၏။
“မရီး ကျန်တဲ့တစ်ပန်းကန်ကို ကျွန်တော်တို့ အဘိုးချန်းနဲ့ အဘွားချန်းကို ပေးလို့ရမလား”
“အရမ်းကို စဉ်းစားပေးတတ်တာပဲ”
စန်းလော့က ရယ်မောလိုက်ကာ
“ရတာပေါ့၊ ဒါပေမဲ့ ငါတို့တွေ လုပ်နည်းကိုတော့ လျို့ဝှက်ထားမှ ဖြစ်မယ်နော်၊ သဘက်ခါ စျေးနေ့တဲ့၊ ငါတို့တွေ ဒါကို အဲဒီမှာ စမ်းရောင်းကြည့်ရမယ်၊ ငါတို့တွေ အစားအသောက်ဝယ်ဖို့ ငွေရှာဖို့လိုသေးတယ်၊ လုပ်နည်း သူများတွေ သိသွားရင် တန်ဖိုးမရှိဘဲ နေမယ်”
“နတ်သမီးတို့ဟူးက ကောင်းတယ်၊ ဒါပေမဲ့ ပုံမှန်တစ်နပ်စာနေရာမှာတော့ အစားထိုးလို့မရဘူး၊ ငွေနဲ့ အစားအသောက်ကပဲ အသက်ရှင်နိုင်ဖို့ ဦးစားရမဲ့အချက် ဖြစ်နေတုန်းပဲ”
မောင်နှမနှစ်ယောက်သည် သည်အချက်ကို ကောင်းကောင်းနားလည်လေသည်။ မုန့်လုပ်နည်းက အလွန်မှ လွယ်ကူသည်ကို မြင်ထားသဖြင့် ရှန်းအန်းနှင့် ရှန်းနဉ်တို့က တပြိုင်တည်း ခေါင်းညိတ်လိုက်ကြ၏။
“နားလည်ပါပြီ၊ ကျွန်တော်တို့ ဘယ်သူ့ကို မှ မပြောပြပါဘူး”
သည်မုန့်ကို အစားအသောက်နှင့် အလဲအလှယ်လုပ်နိုင်သည့် အတွေးက သူတို့၏မျက်နှာများပေါ်တွင် ထင်ရှားသည့်အပြုံးတစ်ခု ဖြစ်ထွန်းသွားစေတော့သည်။
သူတို့ နားလည်ကြသည်ကို မြင်လိုက်သဖြင့် စန်းလော့က ပြုံးလိုက်ပြီး ကျန်သည့်တို့ဖူးပန်းကန်လုံးကို အတုံးလေးများဖြစ်အောင် စိတ်လိုက်ပြီး အပေါ်တွင် သကြားရည်လောင်းလိုက်ကာ လက်ထဲတွင် မုန့်ပန်းကန်လုံးကို ကိုင်ရင်း ရွာဘက်သို့ လျှောက်လာခဲ့လိုက်တော့သည်။
နေ့ခင်းဖြစ်နေသဖြင့် မိသားစုအများစုက တစ်ရေးအိပ်ရန် ပြင်ဆင်နေကြလေသည်။ ရွာလမ်းများက ရှင်းလင်းနေ၏။
ချန်းမိသားစု၏ခြံတံခါးကတော့ နည်းနည်းလေး ဟနေသည်။ အထဲတွင် ကလေးနှစ်ယောက်က ဆော့ကစားနေကြသည်။ - ၁၁-၁၂အရွယ်ကောင်လေးတစ်ယောက်နှင့် ၅-၆နှစ်အရွယ် ကောင်မလေးတစ်ယောက်ပင်။
သုံးယောက်သားက ချဥ်းကပ်လာသည်နှင့် ကောင်မလေးက သူတို့ဆီ ဝမ်းသာအားရ အပြေးအလွှား သွားလိုက်ပြီး ကလေးသံလေးဖြင့် ‘ကိုကိုအန်း’ ‘မမနဥ်’ဟု အော်ခေါ်လေသည်။
အကြီးကောင်လေးက အိမ်ထဲသို့ လှမ်းခေါ်လိုက်၏။
“အဘိုး၊ အဘွား... မကြီးရှန်း၊ ရှောင်အန်း၊ အားနဉ်တို့ ရောက်နေတယ်”
ချန်းမိသားစုက မအိပ်ကြသေးချေ။ သူတို့မြေးသံကို ကြားလိုက်သည်တွင် အဘိုးကြီးလင်မယားက ပင်မဆောင်က ထွက်လာခဲ့ပြီး သူတို့နောက်တွင် သားဖြစ်သူ ချန်းယိုထျန်းနှင့် ချွေးမဖြစ်သူ ချင်ဖန်းညန်တို့က လိုက်ထွက်လာကြ၏။
“ဒီကို ဘယ်လိုဖြစ်ပြီး ရောက်လာကြတာလဲ”
အဘွားကချန်းက မေးရင်း ရှေ့သို့ ထွက်လာလိုက်သည်။ ထို့နောက်တွင်တော့ စန်းလော့လက်ထဲက ကျောက်စိမ်းရောင်ဟင်းပန်းကန်ကို သတိပြုမိသွားကာ
“ဒါက ဘာလဲ”
“ကျွန်မက စားစရာ နည်းနည်းလုပ်ခဲ့တာ၊ အဘွားနဲ့ အဘွားတို့မိသားစုကိုလဲ မြည်းကြည့်စေချင်လို့ ယူလာခဲ့တာပါ”
မနေ့ညက ရှန်းအန်းက သူတို့အိမ်တံခါးအထိ အစားအသောက် လာတောင်းပေးရလောက် ငတ်ပြီး သေမလိုဖြစ်သွားတဲ့လူတစ်ယောက်က အခုတော့ ဘယ်လိုဖြစ်ပြီး သူတို့စားကြည့်ဖို့ စားစရာ ယူလာနိုင်ရတာတုန်း။
အဘွားချန်းနှင့် အဘိုးချန်းတို့သည် တနည်းနည်းဖြင့် တုန့်ပြန်မှု နှေးကွေးသွားကြတော့သည်။
အဘွားချန်းက အစိမ်းရောင်တလက်လက်တောက်နေသည့် ဟင်းပွဲကို ငုံ့ကြည့်လိုက်ပြီး သူမ ပေးလိုက်သည့် ဆန်ဖြင့် လုပ်ထားလေသလားဟု စဉ်းစားနေလေသည်။
အဲလိုလဲ မထင်ရပါဘူး။ ဒီလောက် ဆန်နည်းနည်းလေးကို စန်းလော့ သူ့ဟာသူ သိမ်းထားသင့်တာမလား။ သူက ဘာလို့ အဘွားချန်းကို လာပို့တာလဲ။
အချိန်ခဏလေးအတွင်းတွင် အတွေးပေါင်းစုံက လူအိုလင်မယား၏စိတ်ထဲသို့ ဖြတ်ပြေးသွားတော့သည်။ အဘွားချန်က ငြင်းလိုက်၏။
“နင်တို့ လက်ရှိအခြေအနေနဲ့ဆိုရင် ဘာစားစရာပဲဖြစ်ဖြစ် ကိုယ့်ဟာကို သိမ်းထားသင့်တာပေါ့၊ နင်နဲ့ ရှောင်အန်း၊ အားနဉ်တို့အတွက် နည်းနည်းပိုစားရတာ ပိုမကောင်းဘူးလား၊ ဘာလို့ ငါတို့ကို လာပို့တာလဲ”
စန်းလော့က ပြုံးလိုက်ကာ အဘွားချန်း၏ တင်းမာသည့်စကားလုံးထဲက စေတနာကို ခံစားမိလေသည်။ သူမက ပန်းကန်လုံးကို အဘွားချန်းဆီ လှမ်းပေးလိုက်ပြီး ပြောလိုက်၏။
“မနေ့ညက အဘွားရဲ့ သကြားနဲ့ ဆန်ပေးလိုက်တဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ကျွန်မ ပြန်ကောင်းသွားပါပြီ၊ ဒါက တောင်ပေါ်က ပစ္စည်းတွေနဲ့ လုပ်ထားတာပါ၊ ဆန်နဲ့လုပ်ထားတာ မဟုတ်ပါဘူး၊ ကျေးဇူးပြုပြီး အဘွား၊ အဘိုး၊ ဦးလေးယိုထျန်း၊ ဒေါ်ဒေါ်ချင်နဲ့ ကလေးနှစ်ယောက်က ကျွန်မလုပ်ထားတဲ့ဟာလေးကို မြည်းကြည့်ပေးကြပါနော်၊ ဒါက ကျွန်မတို့ရဲ့ကျေးဇူးသိတတ်စိတ်အတွက် သေးငယ်စေတနာလေးပါ”
အဘွားချန်း၏မျက်ခုံးများက အံ့ဩကာ မြင့်တက်သွားတော့သည်။
စန်းလော့က စကားကို အဲလောက်ရွှမ်းရွှမ်းဝေအောင် တကယ်ပဲ ပြောတတ်သတဲ့လား။
စန်းလော့နှင့် စကားအများကြီး မပြောခဲ့ဖူးသည့်အဘွားချန်းသည် စန်းလော့၏ ရှက်ရွံ့ နှုတ်နည်းပြီး အမြဲတမ်း အနည်းငယ်သာပြုံးကာ စကားနည်းနည်းပဲပြောတတ်သည့်ပုံကို မှတ်မိနေလေသည်။
အဘွားချန်က ပန်းကန်လုံးထဲက စားစရာကို ကြည့်လိုက်ပြီးနောက် သွားရည်ကျမတတ်ဖြစ်နေကာ ဝမ်းသာအားရဖြစ်နေသည့် ရှန်းအန်းနှင့် ရှန်းနဉ်တို့ မောင်နှမကို ကြည့်လိုက်၏။ ဘယ်လောက်တောင် အရသာရှိနေလို့တုန်း။ သူမရဲ့မြေးမလေးက ဟင်းကို မခွာနိုင်တဲ့ပုံနဲ့ပါလား....။
“နင်က တွေးပေးတတ်သားပဲ၊ ဒါဆိုလဲ အားမနာတော့ဘူးနော်၊ အထဲဝင်ပြီး ထိုင်အုံး၊ ငါ ပန်းကန် သွားလှယ်လိုက်အုံးမယ်”
ချန်းအိမ်၏ ကလေးမလေးက ဟင်းပွဲကို လက်ခံလိုက်သည့် အဘွားကို မြင်လိုက်တော့ ဝမ်းသာရွှင်လန်းတော့မတတ်ပင်။ သူမသည် စန်းလော့ရှိနေသည့်အတွက် ကိုယ့်ဟာကို ပြန်ထိန်းထားသော်လည်း သူမ၏စိတ်လှုပ်ရှားနေပုံက ရှန်းအန်း၊ ရှန်းနဉ်တို့နှင့် စကားပြောနေရင်းပင် သိသိသာသာ မြင်နေရလေသည်။
ချင်ဖန်းညန်က ပင်မဆောင်ရှေ့သို့ ခွေးခြေခုံတစ်လုံး ယူထုတ်လာပေးကာ စန်းလော့ကို ထိုင်ခိုင်းလိုက်၏။
စန်းလော့က ဒေါ်ဒေါ်ချင်ကို ကျေးဇူးတင်စကား ပြောလိုက်ပြီး ထိုင်လိုက်ကာ ချန်းယိုထျန်းကို ဦးလေးတစ်ယောက်လို နှုတ်ဆက်လိုက်ပြီးမှ အဘိုးချန်းကို မေးလိုက်လေသည်။
“အဘိုး.. အဘိုး အသုံးမလိုသေးဘူးဆိုရင် အဘိုးရဲ့လျှော်လုပ်တဲ့ပစ္စည်းလေးကို ကျွန်မကို ငှားလို့ရမလား၊ ကျွန်မ နှစ်ရက်လောက် ငှားချင်လို့ပါ”
၈လပိုင်းတွင် မိသားစုအများစုက အထည်ရက်လုပ်ခြင်းဖြင့် အလုပ်များကြရာ လျှော်လုပ်ခြင်းက နည်းလေသည်။
မိုးဒဏ်လေဒဏ်ကြောင့် ညိုးရင့်နေသော်လည်း သဘောကောင်းလှသည့်မျက်နှာ ပိုင်ဆိုင်ထားသည့် အဘိုးချန်းက ပြန်ပြောလိုက်သည်။
“အခုလောလောဆယ်တော့ အားနေတယ် မလိုဘူး၊ မင်း စောင့်စရာမလိုဘူး၊ အခုပဲ မင်းအတွက် သွားယူပေးလိုက်မယ်၊ မင်းပြန်တဲ့အခါ ယူသွားလို့ရတာပေါ့”
ထိုသို့ပြောလိုက်ပြီး အဘိုးချန်းသည် စန်းလော့အတွက် ပစ္စည်းသွားရှာပေးလေသည်။
အဘွားချန်းက သူမ၏ပန်းကန်လုံးထဲသို့ စားစရာကို လောင်းထည့်လိုက်ပြီး စန့်လော့၏ပန်းကန်ကို ဆေးကြောပေးလိုက်ကာ မီးဖိုဆောင်ထဲက ထွက်လာရင်း မေးလိုက်၏။
“ဆောင်းဦးနဲ့ ဆောင်းတွင်း ဝတ်ဖို့ အဝတ်အစားတွေ ပြင်နေတာလား”
ပြောရင်းဆိုရင် သူမက ရှန်းအန်းနှင့် ရှန်းနဉ်တို့ကို လှမ်းအကြည့်တွင် ပိုအေးလာမည့်ရာသီဥတုနှင့် မကိုက်ညီတော့သည့် တိုပြတ်ပြတ် ဖာထေးရာအဝတ်အစားများကို သတိထားမိသွားလေသည်။
စန်းလော့က ခေါင်းခါလိုက်ပြီး
“အဲဒါက နောက်ပိုင်းအစီအစဉ်ပါ၊ ရက်ကန်းတစ်ခု မရှိရင် အဝတ်အစား ရက်လို့မရဘူးလေ၊ ကျွန်မက လျှော်ရိုင်းတွေကို ဖြတ်ပြီး ချည်လုံးငင်ပြီးတော့ စျေးထဲမှာ အိမ်သုံးပစ္စည်းနဲ့ အလဲအလှယ်လုပ်ဖို့ စဉ်းစားနေတာပါ၊ ကျွန်မ အဘွားကို ဖုံးကွယ်မထားတော့ပါဘူး၊ ကျွန်မ ယူလာပေးတဲ့ ဒီဟင်းကလည်း ကျွန်မ စျေးထဲမှာ ရောင်းဖို့ စဉ်းစားထားတဲ့အရာပါ၊ ဒါပေမဲ့ ဒီနေ့ အဘွားမြင်တဲ့အတိုင်းပဲ၊ ကျွန်မတို့အိမ်မှာ အိမ်သုံးပစ္စည်းတွေက မရှိသလောက်ပဲလေ၊ ပစ္စည်းထည့်စရာ ခွက်လေးတွေ ကောင်းကောင်းကန်းကန်းတောင် မရှိဘူး”
စန်းလော့က ထုတ်ပြောလိုက်တော့ အဘွားချန်း၏အမူအရာသည် ပျော့ပြောင်းသွားတော့သည်။ အထူးသဖြင့် သူမ အစောပိုင်းက မြင်ခဲ့ရသည့် စန်းလော့၏အိမ်အခြေအနေကို စဉ်းစားမိလိုက်လေသည်။ သူမက ချီးကျူးလိုက်၏။
“အစီအစဉ်တစ်ခု ရှိတာ ကောင်းတာပေါ့၊ အိမ်ကိုလည်း နည်းနည်းချင်းစီ ဆောက်သွားဖို့လိုတယ်၊ ဘဝက တဖြည်းဖြည်းနဲ့ ကောင်းလာမှာပါ”
အဘွားချန်းက အကူအညီ ကမ်းလှမ်းလိုက်၏။
“အစားအသောက်ရောင်းဖို့ အိုးတွေ ဇလုံတွေ လိုရင် ငါတို့အိမ်က အပိုပစ္စည်းတွေကို နင့်ကို ရက်ပိုင်းလောက် ငှားပေးလို့ရတယ်လေ”
လျှော်ကို သန့်စင်ရန်လုပ်ဖို့ လိုအပ်သည့်အချိန်နှင့် ရောင်းရမည့်အချိန်ကို စဉ်းစားလိုက်တော့ စန်းလော့သည် အကူအညီအတွက် ချက်ချင်း ကျေးဇူးတင်စကား ပြောလိုက်တော့သည်။
စန်းလော့သည် လာခဲ့သည့်အကြောင်းအရင်းက တစ်ပိုင်းက ချန်းမိသားစုကို ကျေးဇူးတင်စကားပြောဖို့ဖြစ်ပြီး ကျန်တစ်ပိုင်းကတော့ ပစ္စည်းတစ်ချို့ ငှားရမ်းဖို့ရန်မျှော်လင့်ချက်ဖြစ်လေသည်။ အဘွားချန်း၏ ကမ်းလှမ်းချက်ကို ကြားလိုက်သည်တွင် သူမက ကျေးဇူးတင်ကာ လက်ခံလိုက်တော့သည်။
“ဒါဆိုရင်တော့ ဝမ်းသာလိုက်တာ ၊ ကျေးဇူးတင်ပါတယ်”
စန်းလော့၏ ချိုသာသည့်အပြုံးကြောင့် အဘွားချန်းသည် သူမကို နည်းနည်းပိုကြည့်မိသွားတော့သည်။
အဘွားချန်းသည် စန်းလော့ဆီက ပြောင်းလဲမှုကို သတိထားမိလိုက်လေသည်။ ပိန်ပါးပြီး သမာရိုးကျ အလှမဟုတ်သည့်တိုင် သူမ၏ချိုချိုသာသာ ပြုံးဟန်နှင့် စကားပြောလျှင် ပိုပြီး ဆုံးဖြတ်ချက်ပြတ်သားသည့်ပုံစံက အထူးသဖြင့် သည်လိုခက်ခဲသည့်ကာလတွင် သူမကို ပိုပြီး ဆွဲဆောင်မှု ရှိနေစေတော့သည်။
အဘွားချန်းက သေခြင်းတရားကို ရင်ဆိုင်လိုက်ရတော့ ပြောင်းလဲမှုတစ်ခုကို ကျော်ဖြတ်သွားနိုင်တာများလားမသိဘူးဟု စန်းလော့၏ သိသာသည့်အပြောင်းအလဲကို သေချာစဉ်းစားနေမိလေသည်။
အဘွားချန်းသည် အရင်က နည်းနည်းပါးပါး စကားပြောကြည့်ခဲ့ဖူးသည့် စန်းလော့၏ အကျင့်စရိုက်ကို ပြန်လည်မှန်းဆကြည့်နေမိတော့သည်။
...
အပိုင်း(၁၀)
စန်းလော့သည် ပန်းကန်လုံးတစ်လုံးနှင့် ရောက်လာပြီး သစ်သားရေပုံးတစ်လုံး၊ သူမ၏ကိုယ်ပန်းကန်လုံးနှင့် အဘိုးချန်းဆီက ငှားလာသည့် လျှော်ရစ်သည့်ပစ္စည်းတို့နှင့်အတူ ရှန်းအန်းနှင့် ရှန်းနဉ်တို့ကလည်း မြေအိုးကြီးတစ်လုံးကို ကိုယ်စီသယ်ကာ ပြန်သွားကြလေသည်။
စန်းလော့၏ ပြတ်သားပုံကို မြင်လိုက်ရသည့် အဘွားချန်းကတော့ သူမကို လိုလိုလားလား ကူညီပေးခဲ့သည်။ စန်းလော့၏စျေးသို့ စွန့်စားမည့်အလုပ်အတွက် လိုအပ်သည့်များကို ထောက်ပံ့ပေးရမည့် သူမ၏အိမ်သုံးပစ္စည်းများကို ပြန်စီစဉ်ပေးလိုက်လေသည်။
ချန်းအိမ်သို့ စန်းလော့၏အလည်ခရီးက စျေးတွင်ရောင်းချမည့် သူမအတွက် လိုအပ်သည့် ပစ္စည်းအားလုံးကို ရရှိခဲ့ပြီး သူမသည် စိတ်အားတက်ကြွစွာဖြင့် ပြန်လာခဲ့တော့သည်။
ကလေးများနှင့်အတူ ချန်းအိမ်က ထွက်လာပြီး ခြေလှမ်းအနည်းငယ်တွင် ရှန်းကျင့်က ရှန်းအိမ်နားမှ ခေါင်းလေးပြူကြည့်ကာ “ရှန်းအန်း မင်းတို့ ချန်းအိမ်မှာ ဘာသွားလုပ်တာလဲ၊ မင်းတို့ ဘာတွေ သယ်လာတာလဲ”
ရှန်အန်းက သူ့ဝမ်းကွဲကို လှမ်းကြည့်ကာ ပြန်ဖြေလိုက်၏။
“ပစ္စည်းတစ်ချို့ ငှားခဲ့တာ”
သူက သူ့ခြေလှမ်းကို မနှေးလိုက်ချေ။
စိတ်ဝင်စားသွားပြီး ရှန်းကျင့်က သူ့ခြံထဲမှ ပြေးထွက်ကာ အမီလိုက်လာလေသည်။ အိုးခွက်အလွတ်ကို မြင်လိုက်တော့ သူ့မှာ စိတ်ပျက်သွားတော့၏။ သူ စောစောကမြင်လိုက်သည့် လင်းလက်လက်အရာကို သတိရသွားပြီး သူက မေးတော့သည်။
“မင်း ချန်းအိမ်ကို ဘာယူသွားတာလဲ၊ ပန်းကန်လုံးထဲမှာ အစိမ်းရောင်လိုဟာမျိုးကို မြင်လိုက်ပါတယ်”
ရှန်းအန်သည် နှုတ်ခမ်းများကို တင်းထားလိုက်ပြီး သူ့မျက်လုံးထဲတွင် စိုးရိမ်ရိပ်တစ်ခု ဖြစ်သွားသော်လည်း တည်ငြိမ်သည့်လေသံတစ်ခုကို ထိန်းထားလိုက်ကာ
“တောရွက်ဖက်ထုပ်”
ရှန်းကျင်းသည် သံသယဖြစ်မိသော်လည်း စောစော အဝေးမှ တွေ့လိုက်သည်ကတစ်ကြောင်း၊ ရှန်းအန်က သူ့အိမ်တွင် မကြာခဏဆိုသလို အစားအသောက် တောင်းစားသည်ကတစ်ကြောင်း တွေးမိလိုက်တော့ ဒါသည် ထူးထူးဖြစ်လိမ့်မည်ဟု မယုံတော့ချေ။ သူက မျက်မှောင်ကြုတ်ကာ မေးလိုက်တော့သည်။
“ဒီမနက်ကျတော့ မင်း ဘာလို့ အစား မတောင်းတော့တာလဲ၊ ငါ့အမေက ပြောနေတာ၊ မင်း မနေ့ညက ငါတို့အိမ်တံခါးကို လာထုနေတာတဲ့၊ မင်းတို့ ငတ်နေကြတာ မဟုတ်ဘူးလား”
‘တောင်းစားနေတယ်’ဟူသည့်စကားက စန်းလော့ကို မျက်မှောင်ကြုတ်သွားစေတော့သည်။
သို့သော်လည်း ရှန်အန်းကတော့ တစ်ခြားအကြောင်းအရာကို အာရုံစိုက်မိနေ၏။ သူက တည်တည်ငြိမ်ငြိမ်ဖြင့် ရှန်းကျင့်ကို ကြည့်လိုက်ပြီး
“ဒါဆို မနေ့ညက ဦးလေးနဲ့အဒေါ်က ငါ့အသံကို ကြားတယ်ပေါ့”
သူသည် သံသယဖြစ်ခဲ့မိသော်လည်း ရှန်းကျင့် ပြောလိုက်သည့် စကားကို ကြားလိုက်တော့ မြေအိုးကို တင်းနေအောင် ဆုပ်ထားမိလေရာ သူ့လက်ဆစ်များပင် ဖြူသွားတော့သည်။
ပြန်စဉ်းစားကြည့်လိုက်တော့ အဘိုးချန်းနှင့်အဘွားချန်းတို့၏ မနေ့ညပေးလိုက်သည့် သကြားနှင့် အစားအစာကြောင့်သာမဟုတ်လျှင် သူ့မရီးက လမ်းလျှောက်နိုင်၊ ပြုံးနိုင်ပြီး သူတို့ကို ခေါ်ကာ အစားအစာရှာနိုင်မည့် လက်ရှိအခြေအနေတွင်ပင် ရှိနေနိုင်လိမ့်မည် မဟုတ်ချေ။
ရှန်းကျင့်က ထူးခြားချက်ကို သတိမထားမိဘဲ ပြောလိုက်၏။
“ငါတို့ ကြားသားပဲ၊ တစ်ယောက်ယောက်က ညကြီးသန်းခေါင် ဆန်လာချေးနေပြီလို့တောင် ငါ့အမေက ပြောနေတာ၊ ငါ့အဖေက မင်းအတွက် စားစရာနည်းနည်း ချန်ထားပေးဖို့ ငါ့အမေကိုတောင် သပ်သပ်ပြောလိုက်သေးတယ်၊ မင်းက ဒီနေ့ ဘာလို့မလာတာလဲ”
ရှန်းအန်း ပြန်မပြောနိုင်ခင်မှာပင် ပုံမှန်ဆိုလျှင် ကြောက်ရွံ့တတ်သည့် ရှန်းနဉ်က သူမအစ်ကိုရှေ့တွင်ရပ်လိုက်ပြီး ပြန်ပြောတော့သည်။
“မနေ့ညက အဘွားချန်းက ငါတို့ကို ဆန်နည်းနည်း ချေးလိုက်တယ်လေ၊ ငါတို့တွေ ဒီနေ့အထိ စောင့်နေရင် ငါ့ယောက်မကြီး သေနေလောက်ပြီ၊ နောက်ပြီး ငါတို့က တောင်းစားနေတာ မဟုတ်ဘူး”
ကလေးမလေးက ပုံမှန်ဆိုလျှင် ရန်ဖြစ်တတ်သူ မဟုတ်ချေ။ သူမသည် သိသိသာသာ စိတ်ဆိုးနေသည့်တိုင် သူမ၏အသံက အင်အားမဲ့နေပြီး သူမ၏မျက်လုံးများက စကားပြောရင်းနှင့်ပင် နီရဲလာတော့သည်။
စန်းလော့သည် မျက်လုံးများနီရဲကာ တုန်ယင်နေသည့် ရှန်းနဉ်ကို ကြည့်နေရင်းက သူမကိုယ်သူမ စဉ်းစားမိလိုက်လေသည်။ ‘ဒီကလေးက အလွယ်တကူ ငိုရတာကို အကျင့်ပါနေတာလား”
သူမက ရှန်းနဉ်၏ခေါင်းလေးကို သပ်ကာ နှစ်သိမ့်ပေးလိုက်ပြီး ရှန်းကျင့်ဘက်သို့ လှည့်မေးလိုက်၏။
“နင် ဒီနှစ် ၈နှစ် မလား၊ ရှောင်ကျင့်”
ရှန်းကျင့်က ဇဝေဇဝါဖြင့် ပြန်ဖြေလိုက်၏။
“ဟုတ်တယ်၊ ဘာလို့လဲ”
စန်းလော့က အေးစက်စက် ပြုံးလိုက်ပြီး
“အသက် ၈နှစ်ဆိုရင် နင်က တစ်ချို့ကိစ္စတွေကို နားလည်တတ်တဲ့အရွယ် ရောက်နေပြီပဲ၊ တောင်းစားတယ်ဆိုတာ သူတောင်းစားတွေမှ လုပ်တာ၊ ရှန်းအန်းက နင့်ဝမ်းကွဲလေ၊ နင် ပြောနေတဲ့ စကားက သင့်တော်ရဲ့လားဆိုတာ အိမ်ပြန်ပြီး နင့်မိဘတွေကို မေးကြည့်အုံး”
တစ်စုံတစ်ယောက်၏ စည်းကမ်းမရှိသည့် ကလေးကို ဆုံးမပေးရန် စိတ်မဝင်စားလေရာ သူမက ရှန်းကျင့်၏ ဇဝေဇဝါဖြစ်နေသည့် အမူအရာကို မျက်နှာလွဲလိုက်ပြီး ရှန်နဉ်၏ပခုံးကို ပုတ်ပေးလိုက်ကာ ပြောလိုက်လေသည်။
“မစိုးရိမ်နဲ့နော်၊ နင်တို့တွေ ဆန် ထပ်ပြီး မချေးငှားရတော့အောင် နင်တို့နှစ်ယောက်လုံးကို အစားအသောက် ဝဝလင်လင် စားရအောင် အစ်မက နည်းလမ်းရှာပေးမယ်၊ အိမ်ပြန်ကြမယ်”
ရှန်းကျင့်မှာ နေရာတွင်ရပ်ကျန်ခဲ့ကာ ရိုင်းပြမိသည့်အတွက် အခုလေးတင် အဆူခံလိုက်ရလေသလားဟု စဉ်းစားရင်း ဖြစ်ပျက်ခဲ့သမျှကို အချိန်ယူပြီး ပြန်စဉ်းစားနေမိတော့သည်။
မကျေမနပ် ခံစားချက်ဖြင့် သူသည် သူ့အမေကို ပြန်တိုင်ပြောဖို့ ဆုံးဖြတ်လိုက်ကာ သည်အကြောင်းကို သူ့အဖေလဲ ကြားသင့်သည်ဟု စဉ်းစားလိုက်၏။ ‘သူတို့တွေ မစားဘူးဆိုရင်လဲ ငါတို့ဆီကနေ ဆန်တစ်စေ့ အစားတစ်လုတ်တောင် မမျှော်လင့်နဲ့ပေါ့”
စိတ်ပိုင်းဖြတ်လိုက်ပြီး ရှန်းကျင့်က ခြေဆောင့်ကာ သူ့မိသားစုက အကူအညီပေးလျှင် တားမြစ်ဖို့ ဆုံးဖြတ်လိုက်လေသည်။
ရှန်းစန်းနှင့် သူ့မိန်မတို့သည် တစ်ရေးလောက် အိပ်မည်ပြင်နေစဉ်တွင် သူတို့၏အကြီးဆုံးသားက တိုင်တောသံနှင့်အတူ ပြေးဝင်လာတော့သည်။
သူ့အော်ပြောသံကို ကြားလိုက်ပြီးနောက် အမျိုးသမီးလီက မအော်ရယ်ဘဲ မနေနိုင်ဖြစ်သွားကာ
“ကောင်းတာပေါ့၊ အဲဒါက သူတို့ရွေးချယ်ထားတဲ့ကိစ္စ၊ သူတို့မလာရင် ပိုတောင်ကောင်းသေးတယ်၊ ငါ ဒုက္ခသက်သာတာပေါ့”
ထို့နောက် သူမက ရှန်းစန်းကို ကြည့်လိုက်၏။
“တွေ့တယ်နော်၊ ကျွန်မက သူတို့ရဲ့အဒေါ်၊ သွေးမတော်တဲ့သူ၊ ဒီတော့ သူတို့က ကျွန်မကို တန်ဖိုးမထားကြဘူးလေ၊ ရှင်က သူတို့ရဲ့ဦးလေးအရင်း၊ ရှင့်ကိုတောင် အဲဒီပိန်ချုံးချိနဲ့နေတဲ့ ရှင့်တူတွေဆီက ဘာလေးစားမှုမှ မရဘူး၊ သူတို့ကိစ္စတွေကြောင့် စိတ်ရှုပ်ခံမနေနဲ့တော့”
သူမက ထေ့ငေါ့ကာ ထပ်ပြောလိုက်သေးသည်။
“တောရွက်ဖက်ထုပ်တဲ့တော်၊ မသိရင် မက်စရာကျလို့”
...
သို့သော်လည်း အမျိုးသမီးလီ ကဲ့ရဲ့နေသည့်အရာကို ချန်းမိသားစုကတော့ အင်မတန် နှစ်ခြိုက်နေကြလေသည်။ သူတို့သည် ဝိုင်းစုကာ ထိုင်လိုက်ကြပြီး အသစ်အဆန်းအရာကို တအံ့တဩချီးမွှမ်းနေကြတော့သည်။
ပုံမှန်ဆိုလျှင် လယ်သမားမိသားစုသည် တစ်နေ့ နှစ်ကြိမ်သာ စားသောက်ကြရာ သူတို့သည် ပုံမှန်စားနေကျ ထမင်းအပြင် အပြင်စာကို အဘယ်မှာ စားနိုင်ကြပါမည်နည်း။
သို့သော် စန်းလော့ယူလာပေးသည့် အရာက အသစ်အဆန်းဖြစ်ကာ သိလိုစိတ်ကို မလွန်ဆန်နိုင်ကြတော့သည်။ ချန်းမိသားစုက ဘယ်သူကမှ သည်လိုအရာကို မမြင်ဖူးကြပေ။ သူတို့၏အငယ်ဆုံး မြေးမလေး ရှောင်ယက ရှန်းအန်းနှင့် ရှန်းနဉ်တို့ သည်စားစရာ၏အရသာကို ချီးကျူးသံ ကြားခဲ့ရသည်။ စန်းလော့ထွက်သွားသည်နှင့် တပြိုင်နက် သူမက အဘွားဖြစ်သူထံ တစ်တုံးလောက် မြည်းကြည့်ပါရစေဟု တောင်းဆိုတော့သည်။
သူတို့သည် စ,စားလိုက်သည်နှင့် မရပ်နိုင်ကြတော့ချေ။ ဂျယ်လီလိုအထိတွေ့နှင့် မြစိမ်းရောင်က ကျေးလက်မှကလေးများ တွေ့ဖူးသည့်အရာနှင့် မတူချေ။
စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးများ အရောင်တောက်နေသည့် ရှောင်ယမှာ ဇွန်းတစ်ချောင်းဖြင့် အတုံးလေးကို ခပ်လိုက်ပြီး အဘွားဖြစ်သူကို စိတ်အားတက်ကြွစွာဖြင့် အရင်ပေးလိုက်၏။
“အရမ်း အရသာရှိတယ်၊ ဘွားဘွား၊ စားကြည့်မှဖြစ်မယ်”
နှုတ်ခမ်းပေါ်ရောက်လာသည့် စားကောင်းသောက်ဖွယ်ကြောင့် အဘွားချန်းမှာ မလွန်ဆန်နိုင်တော့ချေ။ သူမက မြည်းကြည့်လိုက်ပြီး ချိုမြမြအရသာကို ခံစားရလိုက်တော့ အံ့ဩသွားတော့သည်။ တကယ်ပဲ အထိအတွေးလေးက စိတ်ရွှင်လန်းစေတာပဲ။
နောက်ဆုံးတွင် ရှောင်ယလေးအတွက် အရသာမြည်းကြည့်မည်ဟူသည့် မူလအဓိပ္ပါယ်က မိသားစုတစ်ခုလုံး အတွက် ဖြစ်သွားတော့သည်။ အားလုံးက အသစ်အဆန်းအစားအသောက်လေးကို မြည်းစမ်းကြည့်ဖို့ စိတ်အား ထက်သန်သွားကြတော့သည်။
အဘွားချန်းက ရှန်းနဉ်ခေါ်သည့် ‘နတ်သမီးတို့ဖူး’ထည့်ထားသည့် ပန်းကန်လုံးကို မိသားစုတစ်ခုလုံး မြည်းကြည့်နိုင်ရန် ဧည့်ခန်းထဲသို့ ယူလာပြီး မှတ်ချက်ပေးလိုက်တော့သည်။
“မနေ့ညက ငါတို့က သကြားညိုလေး နှစ်တုံးလောက် သွားပေးခဲ့တာပါ၊ ကြည့်ရတာ စန်းရှီ(ရှီ-အိမ်ထောင်ကျပြီးသားအမျိုးသမီး)က နတ်သမီးတို့ဖူးလုပ်ဖို့ သကြားညိုတစ်ဝက်ကို သုံးပြီး ငါတို့ကို လာပေးတာဖြစ်မယ်”
စဉ်းစားကြည့်လိုက်တော့ သူတို့မှာ စားစရာနည်းနည်းလေးပဲ ရှိတာတောင် မျှဝေစားဖို့ အရမ်းကို စိတ်ကောင်းရှိကြတာများ ရောစားဖို့အတွက် သကြားနည်းနည်း ချန်ထားလိုက်သေးတာပဲ။
အဘွားကြီးမှာ ကျေနပ်သွားသည့်ခံစားချက်ဖြင့် ရင်ထဲနွေးသွားပြီး သူတို့၏စဉ်းစားတွေးတောတတ်မှုကို ချီးကျူးနေမိတော့သည်။ မနေ့ညက သူမပေးလိုက်သည့် ဆန်က အလကား ဖြစ်မသွားသဖြင့် ဝမ်းသာမိတော့သည်။
ချန်းယိုထျန်းနှင့် ချင်ဖန်းညန်တို့လည်း တစ်ယောက် တစ်တုံးစီ မြည်းကြည့်လိုက်ကြပြီး ဒါကို အထူးအစားအသောက်ဟု အသိမှတ်ပြုကြသော်လည်း ထပ်စားဖို့ရာတော့ စိတ်ကို ထိန်းချုပ်ထားလိုက်ပြီး ကျန်တာကို လူကြီးနှင့်ကလေးများအတွက် ချန်ထားပေးလိုက်တော့သည်။ သမီးလေးက စားရင်း ပျော်ရွှင်နေသည်ကို ကြည့်ရင်းက တောင်ပေါ်သို့ ဆန်ပို့ပေးလိုက်ရသည့် ချင်ဖန်းညန်၏ စောစောက ပူပန်စိတ်မှာ ပျောက်ကွယ်သွားတော့သည်။ သူမက ချီးကျူးလိုက်၏။
“စန်းရှီက တကယ်ပဲ အရည်အချင်းရှိတာပဲ၊ တောင်ပေါ်က ဘာကို သုံးထားတာလဲ မသိဘူးနော်၊ ဒီလောက်ဆွဲဆောင်မှုရှိအောင် ဘယ်လိုလုပ်ထားတာလဲမသိဘူး”
အဘွားချန်းက သူမကို လှမ်းကြည့်လိုက်ကာ သတိပေးလိုက်လေသည်။
“လက်မှုလုပ်ငန်းဆိုတာ ငါတို့ စပ်စုရမဲ့ကိစ္စမဟုတ်ဘူး၊ တစ်ဖက်သားကို မစော်ကားမိအာင် မမေးတာအကောင်းဆုံးပဲ”
ချင်ဖန်းညန်မှာ လန့်သွားပြီး မြန်မြန်ရှင်း ပြတော့သည်။
“အမေရယ် ကျွန်မက ဘာအဓိပ္ပါယ်မှ မပါပါဘူး”
အဘွားချန်းက ပြုံးလိုက်ပြီး
“ငါ သိပါတယ်၊ ဒီအတိုင်း သတိပေးတာ၊ အဲကလေးမက နောက်ပိုင်း သူတို့စားဝတ်နေရေးအတွက် ဒါကိုပဲ အားထားရလောက်တယ်၊ သူက ငါတို့ကို ယုံလို့ သူလုပ်ထားတဲ့ဟာကို လာပို့ပေးတာလေ၊ ဒီတော့ ဒီအကြောင်း အများကြီးမပြောဖြစ်အောင် သတိထားရမယ်”
ထို့နောက် သူမက မြေးကလေးများကို အကြံပေးလိုက်လေသည်။
“ကလေးတို့နှစ်ယောက်ရောပဲနော်၊ မင်းတို့မကြီးရှန်းက ဒါကို မင်းတို့အတွက် လုပ်ပေးတဲ့အကြောင်း အပြင်မှာ မပြောကြနဲ့၊ နားလည်လား”
ချင်ဖန်းညန်နှင့် ကလေးနှစ်ယောက်က ခေါင်းညိတ်သဘောတူလိုက်ကြလေသည်။
....
ထိုအချိန်တွင် ရှန်းအန်းနှင့် ရှန်းနဉ်က ဘာမှမပြောဘဲ စန်းလော့နှင့် အိမ်ပြန်လာကြတော့သည်။ ခဏလောက် လမ်းလျှောက်လိုက်ကြပြီး ရှန်းနဉ်က မနေနိုင်တော့ဘဲ မေးတော့သည်။
“မကြီး ညီမလေးတို့တွေ အခုချိန်ကစပြီး တကယ်ပဲ ကိုယ့်ဟာကို စားသောက်နိုင်တော့မှာလားဟင်”
ရှန်းနဉ်သည် သူမ၏ယောက်မဖြစ်သူက တောင်ပေါ်မှ အရွက်များကို စားစရာဖြစ်အောင်လုပ်လိုက်ပြီး စားစရာက ဆွဲဆောင်မှုရှိကာ အရသာရှိပုံကို တအံ့တဩဖြစ်နေမိလေသည်။ သို့သော်လည်း သူမက စိတ်ထဲတွင်တော့ မရေမရာ ခံစားနေရဆဲပင်။
ညီမဖြစ်သူက သူ့ကို ကာကွယ်ပေးသဖြင့် ဝမ်းသာကာ သူမကို စိတ်မပျက်စေချင်၊ မကြောက်ရွံ့စေချင်သည့် ရှန်းအန်းက စန်းလော့ ဘာမှမပြောရသေးခင် ညီမဖြစ်သူမကို အာမခံပေးလေတော့သည်။
“ဘာစိတ်ပူစရာရှိမှာလဲ၊ ငါတို့တွေ အရင်ကလည်း နေ့တိုင်း တောဟင်းရွက်တွေစားပြီး အသက်ရှင်ခဲ့တာပဲ၊ အခု မရီးက နတ်သမီးတို့ဟူး လုပ်နိုင်တယ်၊ ငါတို့မှာ ဆန်မရှိရင်တောင် ငါတို့တွေ နတ်သမီးတို့ဟူး နေ့တိုင်း စားလို့ရတယ်လေ၊ အရမ်းစားကောင်းတာပဲ”
ဒါက တောဟင်းရွက်ပြုတ်ထက်တောင် အများကြီး ပိုကောင်းသေးတယ်။
“နောက်ပြီး မရီးက ပြောတယ်လေ၊ ငါတို့တွေ ဒါကိုရောင်းပြီး ငွေရှာနိုင်တယ်တဲ့၊ ငွေရရင် ငါတို့ ဆန်ဝယ်လို့ရပြီပေါ့”
စန်းလော့မှာ အစ်ကိုတစ်ယောက်က ညီမဖြစ်သူကို ကာကွယ်ပေးနေပုံ သည်ရှေးခေတ်ဗားရှင်းကို ပြုံးကာ နားထောင်လိုက်ရင်း ချက်ချင်း ထောက်ခံပေးလိုက်တော့သည်။
“ရှန်းအန်း ပြောတာ ဟုတ်တယ်၊ နတ်သမီးတို့ဖူးက ပစ္စည်းကောင်းတစ်ခုပဲ၊ ဒါပေမဲ့ ငါတို့တွေ ဒါကိုပဲ အဓိကအစားအစာလိုတော့ အားကိုးလို့မရဘူး၊ ဒါပေမဲ့ ဒါကို ရောင်းပြီး ဆန်ဝယ်ရင်တော့ သေချာပေါက် ဖြစ်နိုင်တယ်”
ယောက်မဖြစ်သူနှင့် အစ်ကိုဖြစ်သူတို့ စကားကို ကြားလိုက်ရတော့ ရှန်းနဉ်၏အမူအရာမှာ စိတ်အေးသွားကာ အနာဂတ်သည့် ရုတ်တရက် တောက်ပလာသယောင် သူတို့၏ရှေ့လာမည့်နေ့ရက်များကို မျှော်လင့်နေမိတော့သည်။
သူတို့သုံးယောက်သည် အပြန်လမ်းတွင် စကားပြောရင်း ရယ်မောရင်း လမ်းတစ်လျှောက်က ဂျူးပင်ရိုင်းနှင့် မြေပစ်ပင်များကို နှုတ်လာခဲ့ကြကာ သူတို့၏ညနေစာအတွက် ညနေကျလျှင်လည်း ငါးထောင်ချောက်နားတွင် ရှိသည့် မြေပစ်ပင်များကို ထပ်နှုတ်လိုက်မည့်ဟု စဉ်းစားလာကြလေသည်။
အိမ်ပြန်ရောက်လာသည်နှင့် ရှန်းနဉ်၏စိုးရိမ်စိတ်ကာ ပျောက်ကွယ်သွားတော့သည်။ သူမက ပစ္စည်းများကို ချထားလိုက်ပြီး လျှော်ခြစ်နေသည့် စန်းလော့ကို ကူညီပေးလေသည်။
သို့သော်လည်း ရှန်းအန်းကတော့ တောင်ပေါ်ကိုသာ ဆက်တိုက် လှမ်းကြည့်နေ၏။ နှစ်ခါ သုံးခါလောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် သူက စန်းလော့ကို အကြံပြုလိုက်၏။
“မရီး ကျွန်တော် နတ်သမီးအပင် အရွက်တွေကို သွားပြီး ထပ်ခူးလာခဲ့ရမလား၊ ကျွန်တော်တို့ ဒီနေ့ည နည်းနည်း ထပ်လုပ်လို့ရတယ်လေ”
သူသည် နေ့လည်စာကို မဝခဲ့ချေ။
ရှန်းအန်းနှင့် ရှန်းနဉ်တို့သည် ငယ်ကတည်းက ဦးလေးနှင့်အဒေါ်တို့နှင့်အတူ နေလာခဲ့ရသည်။ ထိုအချိန်က သူတို့အစ်ကိုကြီးရှန်းလီသည် ဆယ်ကျောက်သက်တစ်ယောက်သာ ဖြစ်သေးသော်လည်း သူ့ညီလေးနှင့်ညီမလေးကို ငှက်ပစ်၊ ငါးဖမ်း၊ ပုဇွန်လုံးနှိုက်ပေးခြင်းဖြင့် သူတို့အတွက် အပိုတစ်နပ်ကို ဂရုစိုက်ပေးခဲ့သည်။ သို့သော် သွားရေစာတို့ မုန့်တို့ဆိုသည်ကတော့ ကလေးနှစ်ယောက်အတွက် တခါမှ မကြုံဖူးသည့်အရာပင်။
သူတို့အတွက်တော့ နတ်သမီးတို့ဖူးက ထိပ်တန်းအဆင့် စားသောက်ဖွယ်ဖြစ်ပြီး ကလေးများအတွက် ပထမဆုံးအကြိမ် စားဖူးရုံနှင့် မဝနိုင်သည့်မုန့်တစ်မျိုး ဖြစ်တော့သည်။ သူတို့သည် တစ်ပန်းကန်လေးကို သုံးယောက်မျှစားရလေရာ အဘယ်မှာ ထပ်မစားချင်ဘဲ နေပါမည်နည်း။
အစ်ကိုဖြစ်သူ၏အကြံပေးစကားကို ကြားလိုက်သည်တွင် ရှန်းနဉ်ကလည်း သည်စိတ်ကူးကို လုံးဝလက်ခံသည့်ဟန်ဖြင့် စန်းလော့ကို ကြည့်လိုက်၏။
စန်းလော့က ပြုံးကာ ပြန်ဖြေလိုက်တော့သည်။
“အင်း၊ အနီးအနားတွေမှာပဲ ရှာနော်၊ တောင်အတွင်းပိုင်းအထိ မသွားကြနဲ့”
ရှန်းအန်းက တက်ကြွစွာ ခေါင်းညိတ်ပြလိုက်ပြီး
“အတွင်းထဲအထိ သွားဖို့မလိုပါဘူး၊ ဒီနားမှာ ဒီလိုအပင်တွေ အများကြီးရှိတယ်”
ရှန်းနဉ်၏ ဂနာမငြိမ်ဖြစ်နေဟန်ကို တွေ့လိုက်ရတော့ စန်းလော့က သူမကို လက်ယမ်းပြလိုက်ပြီး
“သွားချင်ရင် လိုက်သွားလေ၊ လျှော်ခြစ်တာကို အစ်မတစ်ယောက်ထဲ လုပ်လို့ရပါတယ်”
ရှန်းနဉ်၏မျက်လုံးလေးများသည် စိတ်လှုပ်ရှားကာ တလက်လက် တောက်ပသွားပြီး
“ဒါဆိုရင် ညီမလေးလဲ လိုက်သွားပြီး မြေပစ်ပင်တွေ ရှာခဲ့မယ်နော်”
ကလေးနှစ်ယောက်မှာ ပျော်ပျော်ရွှင်ရွှင် ပြေထွက်သွားတော့သည်။ ရှန်းအန်းက လမ်းတစ်လျှောက်တွင် ညီမဖြစ်သူကို တိတ်တိတ်လေး အမှာစကားချွေတော့သည်။
“အကိုင်းတွေကို မချိုးနဲ့နော်၊ မရီးပြောသလို အရွက်တွေကိုပဲခူး၊ ငါတို့ခူးနေတာကို သတင်းထွက်မသွားအောင် သိုသိုသိပ်သိပ်နေ ဖို့လိုတယ်၊ ငါတို့တွေ ဒါကို စျေးထဲသွားရောင်းတာ ရွာသားတွေ သိသွားရင် သူတို့တွေ သံသယဖြစ်သွားလိမ့်မယ်”
ရှန်းနဉ်က အားတက်သရာ ခေါင်းညိတ်လိုက်ပြီး
“သိပါပြီ အစ်ကိုလေးရဲ့”
...