အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
အပိုင်း(၁၁)
နေ့ခင်းအများစုအတွက် ရှန်အန်းနှင့် ရှန်းနဉ်တို့သည် သူတို့၏ဟင်းလျာအသစ်ကိုပြုလုပ်ရန် နတ်သမီးအပင်၏ အရွက်များကို စုဆောင်းနေစဥ် စန်းလော့လည်း လျှော်ပင်များကို ချွတ်ပစ်လိုက်သည်။
နတ်သမီးတို့ဟူး ပြုလုပ်ခြင်းသည် ရိုးရှင်းပြီး စန်းလော့သည် လုပ်ငန်းစဉ်ကို မောင်နှမနှစ်ယောက်ကို ဖုံးကွယ်ထားခြင်းမရှိပေ။ ရှန်းနဉ်သည် စန်းလော့၏ နံနက်ခင်းက ညွှန်ကြားချက်များကို လိုက်နာပြီး အရွက်များကို ချွေရာတွင် အထူးစွမ်းရည်ကို ပြသခဲ့သည်။
စန်းလော့သည် အဓိကအချက်များကို ရံဖန်ရံခါ ထောက်ပြခြင်းဖြင့် ရှန်းနဉ်သည် စန်းလော့၏အကူအညီမပါဘဲ အလုပ်ကို အပြီးသတ်နိုင်ခဲ့လေသည်။ အဆုံးတွင် ရှန်းနဉ်က ပီတိဖြစ်ကာ
"ယောက်မကြီး အခု ပြီးပြီလား"
စန်းလော့က စနောက်လိုက်ပြီး
“ပြီးပြီ။ ဒါကို အဆင်သင့်ဖြစ်တဲ့အထိ စောင့်ရအောင်။ ပြီးတော့ ငါတို့ရဲ့ နဥ်လေး က အရည်အချင်းရှိတဲ့ မိန်းမငယ်လေး ဖြစ်လာတော့မှာပဲ”
ရှန်းနဉ်က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး
"ဒါက ယောက်မက ညီမလေးကို သင်ပေးချင်စိတ်ရှိလို့ပါ"
ကလေးများသည် အသုံးပြုပြီးသား အိုးများနှင့် ဒယ်များကို သန့်ရှင်းရေးလုပ်ကြ၏။ စန်းလော့သည် ကောင်းကင်ကို မော့ကြည့်ကာ တောင်၏အောက်ပိုင်းမှာရှိသည့် လူလုပ်ထားသည့်ရေကန်တစ်ခုတွင် ချွတ်ထားသော လျှော်ပင်ကို နှစ်ထားလိုက်ပြီး
"ငါးဖမ်းပိုက်တွေကို သွားကောက်ရအောင်။ ဒီည အပိုဟင်းစားတွေ ရမရက ငါတို့ရဲ့ ကံတရားနဲ့ ငါးတွေ ဘယ်လောက်များများ ဖမ်းမိမလဲဆိုတာအပေါ် မူတယ်”
ဤကြေညာချက်သည် မောင်နှမနှစ်ယောက်ကို ချက်ခြင်း စိတ်လှုပ်ရှားသွားစေတော့သည်။
သူတို့ငါးထောင်ထားခဲ့သည့် စမ်းချောင်းသို့ ရောက်သောအခါ စန်းလော့သည် လက်ညိုးနှင့် နှုတ်ခမ်းကို ကပ်ထားလိုက်၏။
မရင်းနှီးသောအမူအရာကို ရှန်အန်းနှင့် ရှန်းနဉ်တို့က အံ့ဩစရာကောင်းလောက် အောင်နားလည်ခဲ့ပြီး နှစ်ယောက်စလုံးက စိတ်လှုပ်ရှားမှုကို ထိန်းကာ တညီတညွတ်တည်း နှုတ်ဆိတ်သွားကြသည်။
စန်းလော့သည် သူမ၏ဖိနပ်ကို အသာယာချွတ်လိုက်ပြီး သူမ၏လှုပ်ရှားမှုကို တတ်နိုင်သမျှ ညင်ညင်သာသာ လုပ်လိုက်ပြီး ရေထဲဆင်းသွားကာ သူမ ထောင်ထားခဲ့သည့် ထောင်ချောက်ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာလိုက်သည်။
မောင်နှမနှစ်ယောက်က ငါးများကို စုဆောင်းရန် သူမနှင့်အတူ ရေထဲလိုက်မဆင်းရဲကြချေ။ သူတို့ရဲ့ဟင်းပွဲတွေက ဒီအပေါ်မှာ မူတည်နေသည်။ ကမ်းစပ်ပေါ်တွင် ပခုံးချင်းယှဥ◌်ရပ်ရင်း သူတို့သည် စန်းလော့ကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြလေသည်။ သူမက ထောင်ချောက်ဆီရောက်သွားပြီး သူမ၏လက်ကို ရေထဲသို့ အသာလေးလျိုအသွင်းတွင် သူတို့သည် အသက်အောင့်ထားလိုက်ကြသည်မှာ သူတို့၏စိတ်လှုပ်ရှားမှုက အထင်အရှားပင်။
စန်းလော့သည် သေချာလေး အာရုံစူးစိုက်နေပြီး ခြင်းတောင်းကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ခြင်းတောင်းတစ်ဝက်ကို ရေထဲမှ အလျင်အမြန် မ, ထုတ်လိုက်သည်။
လေးလိုက်တာ။
ဟုတ်မှာပေါ့။ ကျောက်ခဲတွေအပြည့်ထည့်ထားတဲ့ ခြင်းက လေးမှာပဲလေ။
လေးလံသော ခြင်းတောင်းကို ကမ်းပေါ်တင်လိုက်သည့်အချိန်တွင် ကမ်းပေါ်ရှိ ကလေးများသည် စိတ်လှုပ်ရှားစွာ ထခုန်ကြတော့သည်။ အနီးအနားတွင် တခြားထောင်ချောက်များ ရှိနေသေးသဖြင့် ဆက်ပြီး နှုတ်ဆိတ်နေကြကာ သူတို့၏နှုတ်ဆိတ်နေမှုက ရင်ဖိုစိတ်လှုပ်းနေသည့် သက်သေပင်။
ခြင်းတောင်းသည် ကမ်းနှင့်ထိပြီး ရေများ စီးကျလာသည်နှင့်အမျှ တစ်ခုခုက ကျောက်တုံးများနှင့် ရိုက်မိပြီး တဖတ်ဖတ်ထွက်လာသံမှာ ပိုပြီးကျယ်လာသည်။
ရှန်အန်းသည် ချိုးနှိမ်ထားသည့် စိတ်လှုပ်ရှားမှုဖြင့် ပြောလိုက်၏။
“မရီး၊ ငါး ရှိတယ်” သူ့အသံက တိုးနေသော်လည်း သူ၏စိတ်လှုပ်ရှားမှုကတော့ သိသာလှသည်။
ကလေးများက ကျောက်ခဲကို လက်လှမ်းလိုက်သည်ကို မြင်လိုက်သည်တွင် စန်းလော့က အလျင်အမြန် ဖြတ်ပြောလိုက်သည်။
“မထိနဲ့၊ ငါလုပ်လိုက်မယ်”
သူမက သူတို့ကို စိတ်အားလျော့စေချင်၍မဟုတ်ဘဲ သူတို့၏ စိတ်လှုပ်ရှားမှုကြားတွင် မတော်တဆ ရေမြွေကို ထိမိမှာစိုးသဖြင့် သတိထားလိုက်ခြင်းပင်။
ရှန်းအန်းသည် သူ့မရီး၏ စိုးရိမ်မှုကို နားမလည်သော်လည်း အထူးသဖြင့် တောင်းထဲမှ ဆက်တိုက်ထွက်လာတဲ့ တဗွမ်းဗွမ်းမြည်သံများကြောင့် သူမအပေါ် သူ၏ လေးစားမှုမှာ ငြင်းမရပေ။
သူမက အရမ်းစွမ်းတာပဲ။
စန်းလော့သည် ကျောက်တုံးတစ်တုံးစီကို ဂရုတစိုက် မြှောက်လိုက်ပြီး မြေပြင်ပေါ်သို့ ညင်သာစွာ ချထားလိုက်၏။ ကျောက်တုံး ခုနစ်တုံး ရှစ်တုံးကို ဖယ်ရှားပြီးနောက်တွင် ငါးများကို မြင်လာရလေသည်။
"ငါးတွေ"
ရှန်းနဉ်က စိတ်လှုပ်ရှားကာ အော်ပြောလိုက်၏။
“ယောက်မ ဒီမှာ သုံးကောင်ရှိတယ်”
"လေး၊ ငါး အခု"
မောင်နှမနှစ်ယောက်က ကူညီပေးချင်စိတ်များ ထက်သန်နေကြလေသည်။
ခြင်းတောင်း၏အောက်ခြေတွင် ကျောက်တုံးအလွှာတစ်လွှာသာကျန်ရှိပြီး အောက်ခြေကို မြင်ရချိန်မှ ဖုံးကွယ်ထားသောအန္တရာယ်များမရှိကြောင်း သေချာပြီဆိုမှ စန်းလော့က ပြုံးပြီး တိုးတိုးလေးပြောကာ
"အခု နင်တို့တွေ ငါး ကောက်လို့ရပြီ"
ခွင့်ပြုလိုက်သည်နှင့် နှစ်ယောက်သားက ခေါင်းချင်းထိလုနီးပါးဖြင့် ခြင်းတောင်းထဲသို့ စိတ်အားထက်သန်စွာ ရှာဖွေနေကြပြီး ရှာဖွေမှုတစ်ခုစီတိုင်းတွင် ပိုမိုစိတ်လှုပ်ရှားလာလေသည်။
"ငါးတွေ အများကြီးပဲ ပုဇွန်တွေတောင်ပါသေး!"
"ကြည့်စမ်း၊ ဖားလောင်းတွေရော!"
"ပြီးတော့ ဂဏန်းတွေရော!"
ကြည့်နေရင်းနှင့်ပင် စန်းလော့သည် ရှေးခေတ်က များပြားလှသော ကြွယ်ဝမှုကို မအံ့ဩဘဲ မနေနိုင်တော့ချေ။ ခြင်းတောင်း၏အောက်ခြေတွင် အနည်းဆုံး ငါး ဆယ့်ငါးကောင် သို့မဟုတ် ဆယ့်ခြောက်ကောင်ရှိပြီး အသေးဆုံးမှာ လက်ချောင်းထပ် မရှည်ဘဲ အကြီးဆုံးမှာ သူမ၏လက်ဖဝါးလောက် ကြီးလေသည်။ ပုဇွန်နှင့် ဂဏန်းအများအပြားလည်း ရလိုက်သည်။
ဤသည်မှာ ကြီးမားသော ရလာဒ်တစ်ခုပင်။ ခေတ်သစ်က သူမ၏အရင်ဘဝတွင် တောင်ပေါ်၌နေထိုင်သော်လည်း ခြင်းတောင်းတစ်ခုသည် ငါး ငါးကောင်၊ ခြောက်ကောင်သာ ရလေ့ရှိပြီး ကံမကောင်းသောနေ့များတွင် တစ်ကောင်၊ နှစ်ကောင်သာ ရခဲ့သည်။
ကလေးများအား ကျောက်တုံးများကို ဂရုတစိုက် ဖယ်ထုတ်ခွင့်ပြုပြီးနောက် စန်းလော့သည် ရှန်အန်းနှင့် ရှန်းနဉ်ချထားသော တောင်းကို ထုတ်ယူရန် ရေထဲသို့ ပြန်ဆင်းသွားလိုက်သည်။ ပိုကြီးသော ကျောက်တုံးများကို ဂရုတစိုက် ဖယ်ရှားပြီးနောက် အတွင်း၌ ကြောက်စရာကောင်းသော သတ္တဝါများ မရှိတော့တာ သေချာပြီဆိုမှ သူမသည် စိတ်အားထက်သန်သော မောင်နှမကို တာဝန် လွှဲပြောင်းပေးလိုက်တော့သည်။
ဘေးမှကြည့်ရင်း စုစုပေါင်း ငါး အကောင်ရေ သုံး-လေးဆယ်လောက်ကို မြင်လိုက်ရတော့ သူမမှာ ဝမ်းသာသွားတော့သည်။
စန်းလော့က သေချာရွေးပြီး ပိုငယ်သည့် လေးငါးကောင်ကိုတော့ စမ်းချောင်းထဲကို ပြန်လွှတ်လိုက်သည်။
ရှန်အန်းက ဇဝေဇဝါဖြစ်သွားပြီး
"မကြီး၊ ဘာလို့ သူတို့ကို လွှတ်လိုက်တာလဲ"
“သူတို့က အရမ်းသေးတယ်၊ သူတို့မှာ အသားသိပ်မရှိဘူး။ သူတို့ကို ကြီးအောင်ထားလိုက်တာ ပိုကောင်းတာပေါ့” သူမက ပြန်ဖြေလိုက်၏။
ရှန်အန်းဟာ စမ်းချောင်းကို ကြည့်ကာ ခက်ခက်ခဲခဲ မျိုသိပ်လိုက်ပြီး
“မကြီးရယ်၊ အသားနည်းနည်းကလဲ အသားပါပဲ” ဟု ညည်းတွားလိုက်လေသည်။
စန်းလော့က သူ့အမူအရာကိုမြင်တော့ မနေနိုင်ဘဲ ရယ်မိတော့သည်။ စိုနေသေးသည့်လက်များဖြင့် သူ့ဆံပင်များကို ဆွဲဖွလိုက်ကာ
“ဟုတ်ပါပြီ၊ တောင်ပေါ်မှာ ဒီလိုစမ်းချောင်းတွေ အများကြီးရှိတယ်။ ကြိုးစားအားထုတ်မှုနဲ့ အချိန်ပေးလိုက်ရင် ငါးတွေ မရှားပါဘူး။ ငါးသေးလေးတွေကို ကြီးထွားပါစေ။ ဒါမှ မင်းမှာ ဖမ်းဖို့ ငါးတွေ အမြဲရှိနေမှာပေါ့"
ရှန်အန်းက မျက်တောင်ခတ်ပြီး သူမရဲ့ တွက်ချက်ပုံကို နားလည်နေသယောင်။
ရှန်းနဉ်က ဘေးမှ ထပ်ပြောလိုက်၏။
“ကိုကြီးက ငါတို့အတွက် ငါးဖမ်းဖူးပေမယ့် အသေးအမွှားလေးတွေကိုတော့ ဘယ်တော့မှ ချန်မထားခဲ့ဘူးလေ”
ရှန်အန်းက ခေါင်းညိတ်လိုက်ပြီး
“နားလည်ပါပြီ မကြီး။ ကျွန်တော်တို့ဖမ်းမိတဲ့ပုဇွန်ရော ဘယ်လိုနေလဲ။ ကျွန်တော်တို့တွေ ဖမ်းကြတော့မှာလား"
“ကမ်းစပ်မှာ ကောက်ဖို့ကြိုးစားရင် သူတို့အားလုံး ပျံ့ကြဲသွားလိမ့်မယ်”
“ငါတို့ ခြင်းတောင်းကို သုံးသင့်တယ်” စန်းလော့က ပြောလိုက်ပြီး သန့်စင်ထားသော ငါးနှင့် ဂဏန်းများကို ခြင်းတောင်းတစ်ခုမှ နောက်တစ်ခုသို့ ပြောင်းထည့်လိုက်လေသည်။ ပြီးသည်နှင့် သူမသည် ပုဇွန်ထောင်ချောက်များ ထားရှိရာသို့ ခြင်းတောင်းကို သယ်သွားလိုက်သည်။
စန်းလော့သည် ထောင်ချောက်ကို ဂရုတစိုက် မ လိုက်ပြီး တောင်းအလွတ်ထဲသို့ ပြင်းပြင်းထန်ထန် ခါချလိုက်ပြီးနောက် ပုဇွန်အများကြီးကို တွေ့လိုက်ရသဖြင့် မျက်ခုံးကို ပင့်လိုက်ကာ
“ဒါက တော်တော်များတာပဲ”
သူမသည် နေရာအမျိုးမျိုးတွင် စိုက်ထားသော အကိုင်းအခက်အားလုံးကို စုဆောင်းကာ ကမ်းသို့ပြန်တက်လာခဲ့လိုက်သည်။ အကိုင်းအခက်များကို ဖယ်လိုက်ရာ ပန်းကန်လုံး တဝက်စာပုဇွန်များကို ဂဏန်းသုံးကောင်နှင့်အတူ ဖမ်းမိခဲ့သည်ကို တွေ့လိုက်ရလေသည်။
"ငါတို့ အများကြီး ရခဲ့တာပဲ။ ငါတို့တွေ ဒီညတော့ ကောင်းကောင်းစားရပြီ”
မောင်နှမနှစ်ယောက်မှာ သူတို့၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ကျယ်လောင်စွာ အော်ဟစ်ကြတော့သည်။
ရှန်အန်းက အမြန်တုံ့ပြန်လိုက်ပြီး "မကြီး၊ မနက်ဖြန်မနက်အတွက် ထောင်ချောက်တွေ ထပ်ထားရအောင်"
စန်းလော့က သဘောတူလိုက်၏။
"ဟုတ်ပြီလေ၊ ဒါပေမယ့် နည်းနည်း ဝေးတဲ့နေရာကို ရွှေ့ရအောင်"
သူမက နှစ်ကြိမ်သုံးကြိမ်ကြိုးစားပြီး မောပန်းသွားမှာကို ကြောက်တာမဟုတ်ပေမယ့် သူတို့က ဒီမှာ ထောင်ချောက်ပေါင်းများစွာ ချထားပြီးသားဆိုတော့ နောက်တစ်ကြိမ်ဖမ်းတာက ပိုပြီးနည်းသွားနိုင်လို့ပါပဲ။
ရှန်အန်းနှင့် ရှန်းနဉ်တို့သည် တစ်ဦးမှာ တောင်းအလွတ်တစ်လုံးကို ထမ်းပြီး ကျန်တစ်ဦးမှာ သစ်ကိုင်းများစွာကို ကိုင်ဆောင်ကာ ပျော်ရွှင်စွာဖြင့် ရှေ့သို့ ပြေးသွားကာ စန်းလော့သည်လည်း ငါးအပြည့်ရှိသော တောင်းကို ထမ်းကာ နောက်မှ လိုက်သွားတော့သည်။
ဒီတစ်ကြိမ်မှာတော့ ကလေးတွေဟာ စန်းလော့ရဲ့ လမ်းညွှန်မှုကို မလိုအပ်ဘဲ သူတို့ကိုယ် လုပ်ကိုင်တတ်သွားကြသည်။
ထောင်ချောက်ပေါင်းများစွာကို ချပြီးနောက် ရှန်အန်းသည် နောင်တရသည့်အရိပ်အယောင်ဖြင့် စန်းလော့၏လက်ထဲရှိ ငါးအပြည့်ပါသောတောင်းကို ကြည့်ကာ
"ငါတို့ရဲ့ မြေအိုးကို ယူခဲ့သင့်တယ်။ ဒါဆို ငါတို့ နောက်ထပ် ထောင်ချောက်တွေ ပိုပြီး ချလို့ရတယ်”
ထွက်မလာခင်တွင် ထိုအကြောင်းကို မစဥ◌်းစားခဲ့မိခဲ့သည့် စန်းလော့က ပြန်ဖြေလိုက်၏။
“နောက်တစ်ကြိမ်အတွက် မှတ်ထားလိုက်ပေါ့။ ခုတော့ ပြန်သွားပြီး အရသာရှိတဲ့ ဟင်းတစ်ခွက် ပြင်ဆင်ကြရအောင်။”
ရှန်အန်းသည် စန်းလော့၏လက်ထဲမှ တောင်းကို တစ်ချက်ကြည့်လိုက်ပြီး ကျေနပ်သွားကာ ခြင်းကို လက်လှမ်းလိုက်ပြီး
“မကြီး ကျွန်တော် သယ်ပါ့မယ်”
ရှန်းနဉ်ကလဲ ပြောလိုက်သည်။
“ညီမလဲ ကူညီပေးချင်တယ်”
ကလေးတွေ အရမ်းစိတ်လှုပ်ရှားနေမှန်း စန်းလော့က သိတာကြောင့် သူတို့ကို ကူညီခွင့်ပေးထားလိုက်၏။
"မင်းတို့နှစ်ယောက် အတူတူသယ်သွားလို့ရတယ်။ ဂဏန်းတွေကို သတိထားနော်။ လက်ထဲမှာ တုတ်တစ်ချောင်းကို ကိုင်ထားပြီး သူတို့တက်လာရင် အောက်ကို တွန်းချလိုက်။ မညှပ်မိစေနဲ့"
ဂဏန်းညှပ်ခံရရင် တော်တော်နာမှာလေ။
“ဟုတ်ကဲ့”
ရှန်းအန်းသည် လှည့်ပတ်ကြည့်ကာ စမ်းချောင်းဘေးရှိ သစ်ပင်တစ်ပင်မှ အကိုင်းအခက်ကို ခုတ်ကာ အရွက်များကို ဖယ်ထုတ်ပြီး နှစ်ခြမ်းခွဲကာ တစ်ခုကို သူ့အတွက် ယူထားလိုက်ပြီး ကျန်တစ်ခုကို ရှန်နဥ◌်ကို ပေးလိုက်သည်။ ထို့နောက် မောင်နှမနှစ်ယောက်သည် ခြင်းတောင်းကို ပျော်ရွှင်စွာ သယ်ဆောင်ကာ အိမ်ပြန်ခရီးကို စတင်ခဲ့ကြသည်။
စန်းလော့သည် လမ်းကို ဦးဆောင်သွားသော်လည်း အလျင်စလိုမလုပ်ဘဲ သူ့မျက်လုံးများက ပတ်ပတ်လည် မြေပြင်ကို အဆက်မပြတ် ရှာဖွေနေသည်။
ဒါကို သတိပြုမိတော့ ရှန်းနဉ်က သိလိုစိတ်ဖြင့် မေးလိုက်၏။
“မကြီး၊ ဘာကိုရှာနေတာလဲ”
“ဂျင်းရိုင်း။ ငါးက ညှီနံ့ရှိတယ်၊ ဂျင်းထည့်လိုက်ရင် အနံ့ပျောက်သွားအောင် လုပ်ပေးတယ်၊ ဟင်းကိုလည်း အရသာပိုကောင်းစေတယ်”
ရှန်းနဉ်က စိတ်ရှုပ်သွားသည်။
သည်အမှန်တွင်တော့ ဂျင်းက သည်ခေတ်တွင် ရှိသော်လည်း တွင်တွင်ကျယ်ကျယ် အသုံးမကြပေ။ ချမ်းသာသောအိမ်ထောင်စုများတွင်သာ ဂျင်းကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးသည်ကိုတွေ့ရပြီး ဆေးဆိုင်များတွင်လည်း ဆေးဖက်ဝင်အပင်အဖြစ် တွေ့ရလေ့ရှိသည်။ ဂျင်းခြောက်ကို ရောင်းကြသော်လည်း ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးမည့် ဂျင်းလတ်လတ်ဆတ်ဆတ်မှာမူ ဈေးကြီးသည်။
ကျေးလက်မိသားစုများအတွက်ကတော့ ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးသော ဂျင်းအတွက် ငွေအများကြီး အကုန်အကျခံဖို့ နေနေသာသာ ဆီနှင့်ဆားကိုသာ ဇိမ်ခံပစ္စည်းများဟု သတ်မှတ်ကြလေသည်။
စန်းလော့၏ မူလခေတ်တွင် ဂျင်းသည် ဇိမ်ခံပစ္စည်းတစ်ခုဖြစ်သည်။ ‘သမိုင်းမှတ်တမ်းများ: ငွေရှာခြင်းကျမ်း' ထဲတွင် 'ဂျင်းနှင့် ကြက်သွန်မြိတ် မြေကွက်တစ်ထောင် ပိုင်ရှင်သည် အိမ်ထောင်စုပေါင်း တစ်ထောင်ပိုင်ဆိုင်သည့် အရာရှိတစ်ယောက်နှင့် ညီမျှသည်' ဟု ဖော်ပြထားသည်။
ဤခေတ်တွင် ရှန်အန်းနှင့် ရှန်းနဉ်ကဲ့သို့သော လူအများစုသည် ဂျင်းအကြောင်းကို မကြားဖူးကြပေ။ စန်းလော့က သည်ခေတ်၏ဂျင်းအကြောင်းနှင့် အနီးစပ်ဆုံး ဂျင်းဈေးကို သိထားသည်။ အကြောင်းမှာ သူမပြန်ဝင်စားခဲ့သည့် မူလခန္ဓာကိုယ်သည် ဂျင်းကို အသားချက်ပြုတ်ရာတွင်သုံးပြီး အအေးဓာတ်ကို ကာကွယ်ရန် မကြာခဏ ဂျင်းပြုတ်ရည် သာမန်မိသားစုတစ်ခုတွင် မွေးဖွားခဲ့သောကြောင့်ပင်။
သူမက ရှင်းပြလိုက်၏။
“ဂျင်းက ဟင်းချက်တဲ့နေရာမှာအပြင် ဆေးဖက်ဝင်အပင်အဖြစ်ပါ အသုံးဝင်တယ်။ အအေးမိတုပ်ကွေးရောဂါအတွက် ဂျင်းနဲ့ပြုတ်ထားတဲ့ရေကို သောက်သုံးပေးရင် အကျိုးရှိတယ်။ ဒါပေမယ့် စျေးကွက်ထဲမှာ တော်တော်ဈေးကြီးတယ်။ ဝါးရွက်နဲ့ဆင်တဲ့အရွက်ပုံစံရှိပြီး အဝါရောင် အဖုအထစ်တွေပါတဲ့ ဂျင်းရိုင်းတွေကို ရှာလို့ရတယ်။ များသောအားဖြင့် သစ်ပင်အောက်တွေ အရိပ်ရတောင်ကုန်းဘေးတွေမှာ ပေါက်တတ်တယ်။ သတိထားပြီး လိုက်ကြည့်ကြနော်၊ အဖိုးတန်တယ်။ ဆောင်းရာသီမှာ ဆေးဝါးအဖြစ် သိမ်းထားနိုင်သလို တစ်ချို့ကို ပြန်စိုက်ထားလို့ရတယ်”
အမှန်တော့၊ စန်းလော့သည် ယခုအချိန်တွင် ဂျင်းရိုင်းရှိမရှိ မသေချာပါ။ ဤသည်မှာ မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်ထဲက မဟုတ်ပေ။ သူမ ပြင်ဆင်လိုသော ငါးဟင်းကြောင့်သာ ဦးစားပေးရှာနေရခြင်းပင်။ အခုတော့ သူမသည် ကံကောင်းဖို့သာ မျှော်လင့်ရတော့သည်။
အဖိုးတန်ဆေးဖက်ဝင်အပင်ဖြစ်သည်ကိုကြားတော့ မောင်နှမနှစ်ယောက်က အကြည့်ချင်းဖလှယ်ကာ ခေါင်းညိတ်သဘောတူလိုက်ကြသည်။
“ဟုတ်ကဲ့၊ ညီမတို့ အခုကစပြီး အာရုံစိုက်လိုက်မယ်။ ဒါမျိုးတွေ့ရင် မကြီးဆီကို ယူလာပေးပါ့မယ် မကြီး”
ရှန်းနဉ်သည် ယခုအချိန်တွင် စန်းလော့ကို သဘောကျနေပြီး စဥ◌်းစားရင်းက လမ်းလျှောက်လာကာ
“မကြီး၊ မကြီးကအများကြီးသိတာပဲနော်၊ ငါးမျှားတာကော၊ နတ်သမီးတို့ဟူးလုပ်တာကော၊ ဂျင်းရိုင်းတွေကို ခွဲခြားတာအပြင် အအေးမိတာကို ကုသနည်းတွေကော"
ဝါးရွက်နှင့်တူသည့် ဂျင်းရိုင်းအပင်များကို သတိနှင့်ရှာဖွေနေသည့် ရှန်အန်းသည် ထိုစကားကိုကြားလိုက်ရသည်တွင် ရုတ်တရက် ရပ်တန့်သွားလေတော့သည်။
. . .
အပိုင်း (၁၂)
ရှန်းအန်းက ရပ်တန့်သွားသဖြင့် သူနှင့်အတူခြင်းတောင်းကိုထမ်းလာသည့် ရှန်းနဥ်လည်း ရပ်တန့်သွားကာ စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်လိုက်ပြီး
"အစ်ကို ညီမတို့ ဘာလို့ရပ်လိုက်တာလဲ"
ရှန်းအန်းသည် မျက်လုံးများကိုအောက်စိုက်ကြည့်လိုက်ပြီး ရင်တွင်းမှသံသယများကို ဖုံးကွယ်ထားရင်း သူ့စိတ်ထဲရောက်လာသည့် ထူးဆန်းသောအတွေးကို မျိုသိပ်ထားလိုက်သည်။
"ငါ ဂျင်းရိုင်းကိုရှာနေတာ"
"ညီမလည်း ကူညီပေးပါ့မယ်"
အစ်ကိုဖြစ်သူ၏အတွေးကို သတိမထားမိဘဲ ရှန်းနဥ်က ပြောလိုက်သည်။ ဂျင်းရိုင်းရှာရန်ကိစ္စ ပြောနေသည်ကိုကြားလိုက်ပြီး သူမက စန်းလော့ကိုလှည့်ကြည့်ရင်း မေးလိုက်လေ၏။
"မကြီး ဂျင်းရိုင်းက ပုံမှန်ဆိုရင် ဘယ်လောက်ရှည်လဲ"
"တစ်ပေကနေ သုံးပေကြားလားပဲ"
စန်းလော့သည် သူမ၏အရင်ကမှတ်ဥာဏ်ထဲတွင် စားပွဲပေါ်တင်ထားသော ဂျင်းများသာပါဝင်သောကြောင့် သည်ခေတ်မှာရှိနေသောဂျင်းသည် အရင်ဘဝက သူမ သိခဲ့သောဂျင်းနှင့် တူညီမှု ရှိမရှိမသေချာတော့ပေ။ ထိုဂျင်းစိမ်းပင်သည် မြေကြီးထဲမှပေါက်လာသည်ကို သူမ တစ်ခါမှမမြင်ဖူးချေ။
ထို့အပြင် အပင်မျိုးစိတ်များသည်လည်း အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲလာပြီး ဤခေတ်၏အချိန်ကာလကလည်း မတူညီပေ။
နှစ်ယောက်စလုံးက ဂျင်းရိုင်းများကိုရှာဖွေရန်အာရုံစိုက်ခဲ့ကြပြီး ဂျင်းလိုက်ရှာနေသည်ဟုဆိုသော ရှန်းအန်းကိုလည်း သတိမထားမိခဲ့ကြပေ။ သူ့အကြည့်များသည် မြေကြီးကို ကြည့်မနေဘဲ ရံဖန်ရံခါတွင် စန်းလော့ကို ကြည့်နေပြီး အံ့သြမှု၊ ဆန်းစစ်မှုနှင့် မယုံကြည်မှုများနှင့်အတူ သူ့မျက်လုံးထဲတွင် ကမောက်ကမဖြစ်နေကာ ရောထွေးနေလေသည်။
...
ရှန်းအန်းက ပုံစံအမျိုးမျိုးလုပ်ပြနေလေသည်။
ညစာပြင်ဆင်နေရင်း စန်းလော့က ထိုအရာကိုသတိထားလိုက်မိသည်။
နေ့ခင်းဘက်တွင် တက်ကြွလှုပ်ရှားနေသောကောင်လေးသည် ထူးထူးခြားခြားတိတ်ဆိတ်သွားပြီး ရံဖန်ရံခါ သူမဆီသို့ တစ်ချက်တစ်ချက် လှမ်းကြည့်တတ်၏။
သူ ကြည့်နေသည်ကို သူမ မိသွားလျှင် သူက မြန်မြန် အကြည်လွဲလိုက်ပြီး သူ့ကိုယ့်ကို သိုသိပ်လှပါသည်ဟု ထင်နေလေသည်။
ကလေးတစ်ယောက်နှင့် ပြောဆိုဆက်ဆံနေတာဆိုလျှင်တော့ သူသည် အမှန်ပင် သိုသိပ်လှပေသည်။
ဒါပေမယ့် စန်းလော့က ကလေး မလို့လား။
အမျိုးသမီးတစ်ယောက်ရဲ့ အသက်ကို ထုတ်မပြောသင့်ဘူးဆိုပေမဲ့ ငါ့အရင်ဘဝက အသက်၂၈နှစ် ရှိပြီလေ။ ငါက အသက် ၉နှစ်အရွယ်ကောင်လေး စိတ်ခံစားချက် မူမမှန် ဖြစ်နေတာကို ငါက မမြင်ဘဲပါ့မလားဟယ်။
စန်းလော့က အကြံအိုက်သွားပြီး တစ်ခုခုကိုသဘောပေါက်သွားရင်းပင် ရုတ်တရက် တောင့်တင်းသွားပြန်၏။
ဒါက သံသယလွန်ကဲနေတာမဟုတ်ဘူး။ နောက်ဆုံး ငါက အချိန် ခရီးသွားလာတာလေ။ ငါက အချိန်ခရီးသွားလာတယ်ဆိုပေမဲ့ မူလခန္ဓာကိုယ်ပိုင်ရှင်ကတော့ ငါ မရောက်မလာခင်မှာပဲ သေသွားတာ ဖြစ်နိုင်တယ်။ အခြားတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာက အခြားသူတစ်ဦးရဲ့ပုံစံနဲ့ ပြန်လည်ရှင်သန်လာတာနဲ့ တူတယ်.....။ စန်းလော့သည် သူမရင်တွင်း၌ စိတ်မသက်မသာခံစားနေရ၏။
ရောက်ရောက်ချင်းမှာပဲ ငတ်မွတ်ခေါင်းပါးခြင်းရဲ့ ချက်ချင်းခြိမ်းခြောက်တာ မခံရရင် နေမကောင်းဟန်ဆောင်၊ အိပ်ရာထဲမှာပြနေပြီး ငါ့ဆီရောက်လာမဲ့ ကိစ္စတိုင်းကို ရှောင်ရှားနိုင်မှာပဲ။
ဒါပေမယ့် ငါက ဒီလိုလုပ်ဖို့ရော တကယ်တတ်နိုင်ပါ့မလား။ ချန်းမိသားစုဆီက ရှန်းအန်း တောင်းလာတဲ့ ဆန်နှစ်လီတာကို အားကိုးပြီး ငါတို့တွေက ဘယ်လို ရှင်သန်နိုင်မှာလဲ။ အထူးသဖြင့် ငါ့အရင်ခန္ဓာကိုယ်ပိုင်ရှင်က နေမကောင်း အစာငတ်ပြီး သေသွားခဲ့တာလေ။
ငါ မပြောရဲပါဘူး။
ဒီတော့ ကောင်လေးက တစ်ခုခုကို ခံစားမိသွားလို့လား။
စန်းလော့၏စိတ်သည် တုန်လှုပ်သွားသော်လည်း မျက်မှောင်ကြုတ်ပြရန်ပင် အခွင့်မသာဘဲ သူမ၏အတွေးများကို သတိရှိရှိဖြင့် ဖုံးကွယ်ထားလိုက်သည်။
ရှန်းအန်း၏အမူအကျင့်များ ပြောင်းလဲသွားသောအခါတွင် သူမသည် လျင်မြန်စွာပြန်လည်သုံးသပ်ပြီး သူမ၏မှတ်ဥာဏ်များကို တစတစ ပြန်မှန်းဆကြည့်မိသည်။
ထို့နောက် ရှန်းနဥ်၏ ရှည်လျားသောချီးကျူးစကားများကို သူမ သတိရသွားတော့သည်....
"မကြီးက တော်တော်သိတာပဲ၊ ငါးမျှားတာ၊ နတ်သမီးတို့ဟူးလုပ်တာ၊ ဂျင်းရိုင်းတွေကို မှတ်မိနေတာ၊ အအေးမိရောဂါကို ဘယ်လိုကုရမလဲ အထိတောင်မှပဲ"တဲ့။
"အစ်ကိုကြီး ဘာလို့လမ်းမလျှောက်တာလဲ"
အင်း ကိစ္စကပြေလည်သွားပြီ။
ဒီကလေးက တကယ့်ကိုထက်မြက်ပြီး တော်တော်ကိုလိမ္မာပါးနပ်တာပဲ။
သူက ခေတ်သစ်ကမ္ဘာမှာဆိုရင် ပထမတန်းကျောင်းသားတစ်ဦး၊ ခုနစ်နှစ် ဒါမှမဟုတ်ရှစ်နှစ်အရွယ်နဲ့ညီတဲ့ အသက်ကိုးနှစ်ပဲ ရှိသေးတာ။
ဒီအရွယ်ကလေးတွေက မိဘတွေရဲ့ရင်ခွင်မှာ ကောင်းကောင်း အကာကွယ်ပေးခံရပြီး ရိုးအအလေးနဲ့ ချစ်စရာကောင်းတုန်း ဖြစ်နေရမှာ။
ဒါပေမယ့် ရှန်းအန်းကိုကြည့်ပါအုံး... ထက်မြက်ရုံသာမကဘူး တစ်ခုခုလွဲနေတာကို အာရုံခံမိတာတောင် ဆက်ပြီး အိန္ဒြေထိန်းထားနိုင်သေးတယ်။ ဂျင်းရိုင်းရှာနေတာဆိုတဲ့ သူ့ဆင်ခြေကလဲ လိမ္မာပါးနပ်တယ်။ ရှန်းနဥ်ကို သတိထားမိသွားအောင်လဲ မလုပ်သလို ဒီအခြေအနေမှာတော့ ‘မြွေ’ဖြစ်နေတဲ့ ငါ့ကိုလဲ လန့်သွားအောင် မလုပ်ဘူး။
မြေအိုးထဲသို့ ဆားအနည်းငယ်ထည့်ကာ ဇွန်းဖြင့်ညင်သာစွာမွှေရင်း စန်းလော့က ရှန်းအန်း၏စိတ်ထဲ၌ ယခုအချိန်တွင် သူမသည် ဘယ်အရာကို ကိုယ်စားပြုနေသနည်းဟု တွေးမိနေ၏။ နတ်ဆိုးလား၊တစ္ဆေလား။
ဟင်း... မူလမှတ်ဥာဏ်အရဆိုရင် ဒီခေတ်က လူတွေက တော်တော်လေး အယူသီးကြတယ်။ သူတော်စင်တွေ၊ နတ်ဆိုးတွေ၊ သရဲတစ္ဆေတွေနဲ့ သတ္တဝါမျိုးစုံရှိနေတယ်လို့ လုံးဝ အခိုင်အမာယုံကြည်ကြတာ။ ထိုအရာကိုတွေးလိုက်ရုံနှင့် စန်းလော့ကို အတွေးနစ်သွားစေကာ စုပ်သပ်မိသွားတော့သည်။
ငါ့ကို အချိန်အကြာကြီး မယောင်မလည် စောင့်ကြည့်လေ့လာနေတာဆိုတော့ ဒီကလေးက တကယ့်ကို ရဲတင်းတာပဲ။
ရှန်းအန်းက မည်မျှကြာကြာခံနိုင်ရည်ရှိမည်ကို စောင့်ကြည့်နေရင်း သူမသည် သတိမထားမိသလို ဟန်ဆောင်နေလိုက်ဖို့ ဆုံးဖြတ်ထားလိုက်တော့သည်။
သူမ မကြောက်ခဲ့ချေ။ စိန်ခေါ်မှုများကို ထိပ်တိုက်ရင်ဆိုင်မည်ဟု ယုံကြည်လိုက်သည်။
သို့သော် သူမသည် အလေးအနက် တွေးတောနေလေ၏။ မူလမှတ်ဥာဏ်များရှိခြင်းနှင့် ကလေးများသာရှိခြင်းကြောင့် သူမသည် ပေါ့လျော့လွန်းလှသူဖြစ်နေကြောင်း သိရှိသဘောပေါက်လိုက်သည်။ သူမ၏လုပ်ဆောင်ချက်များသည် ယုတ္တိတန်သည်ဟု သေချာစေရန် အနာဂတ်တွင် ပိုမိုသတိထားရန် လိုအပ်သည်။
မဟုတ်ရင် သူမကို တောင်စောင့်နတ် သို့မဟုတ် သရဲတစ္ဆေဟု တံဆိပ်ကပ်ခံရပြီး ပြုသမျှနုရမည့် (ကျားသနားမှ နွားချမ်းသာမည့်)အနေအထား၌ သူမကိုယ်သူမ တွေ့ရှိကောင်းတွေ့ရှိနိုင်မည်။
စန်းလော့သည် ဘဝတွင် ဒုတိယအကြိမ်အခွင့်အရေးရပြီးနောက် ဤကဲ့သို့ကြောက်မက်ဖွယ်ကောင်းပြီး နာကျင်ဖွယ်ရာသေခြင်းတရားကို မတွေ့ကြုံချင်တော့ပေ။ နောက်တစ်ကြိမ် သေဆုံးရမယ်ဆိုရင် ကံကြမ္မာက ငါ့ကို နောက်ထပ်လူဝင်စားခွင့် ပေးပါအုံးမလား။
ဘဝကိုမြတ်နိုးပြီး သိုသိုသိပ်သိပ်လေး နေရမယ်။
တော်ပါသေးရဲ့။ ရှီလီရွာကို ပြောင်းလာပြီးနောက်ပိုင်း မူလခန္ဓာပိုင်ဆိုင်သူက အပြင်ကို တော်ရုံမထွက်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ သီးသန့်နေခဲ့လို့သာပဲ။ ဒီမောင်နှမနှစ်ယောက်ကလွဲရင် သူနဲ့တစ်လခွဲကြာ အတူနေခဲ့တဲ့ ရှန်းစန်းနဲ့သူ့မိန်းမ လီမျိုးနွယ်ကတောင် သူ့အကြောင်းကို အမှန်တကယ်မသိခဲ့ဘူး။
ရုတ်တရက်ဖြစ်ရပ်တွေနဲ့ သေခြင်းတရားကို အတူတွေ့ကြုံပြီးနောက်ပိုင်းကျရင် လူတွေရဲ့ အကျင့်စရိုက်လက္ခဏာတွေက ပြောင်းလဲသွားတတ်တယ်။ ဒါက လုံးဝကို ပုံမှန်ပဲ။ ဒါကြောင့်လဲ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အပြုအမူကို လိုက်တုနေစရာ မလိုခဲ့ဘူး။
....
ရှန်းအန်း၏နှလုံးသားသည် ငြိမ်သက်နေသော စန်းလော့၏စိတ်ကူးနှင့် ဝေးကွာနေသည်။
စန်းလော့တွေးထားသကဲ့သို့ သူသည် အမှန်ပင် သဘာဝလွန်ရှင်းပြချက်များကို စတင်တွေးတောလေ၏။ တစ်ခုတည်းသော ခြားနားချက်မှာ တောင်ပေါ်ရှိနတ်များနှင့် သရဲတစ္ဆေများကို အစပိုင်းတွေးတောခြင်းမှလွဲ၍ နတ်ဘုရားများနှင့် မသေစေနိုင်သောသတ္တဝါများကိုလည်း ထည့်တွေးနေလေသည်။
'အမတသစ်ပင်နှင့် နတ်သမီးတို့ဟူး'ဟူသော နတ်ဘုရားနှင့် သက်ဆိုင်သောအသုံးအနှုန်းများကို အမည်ပေးထားမိသည့် အရွက်မှပြုလုပ်ထားသော စန်းလော့၏အစားအစာကြောင့်ပင် ဖြစ်တော့သည်။
သူ၏ကနဦးသံသယမှ ရှန်းအန်း၏အတွေးများသည် ပြန်လည်ရွေးနုတ်ခြင်းဆိုင်ရာ အတွေးအမြင်ဆီသို့ တဖြည်းဖြည်း ပြောင်းလဲလာကာ ကြင်နာတတ်ပြီး မသေနိုင်သောသူသည် သူနှင့်သူ့ညီမတို့၏ ဆင်းရဲဒုက္ခများတွင် ကူညီရန်ရောက်ရှိလာနိုင်သည်ဟု စဉ်းစားမိနေခြင်းပင်။
သို့သော် ဤအတွေးသည်ပင် ခိုင်ခိုင်မာမာ အတည်တကျ ဖြစ်မသွားချေ။
ရွာကကလေးများကြားတွင် ပျံ့နှံ့နေသော လူကြီးများပြောပြလေ့ရှိသောပုံပြင်များတွင် ထောင်ချောက်များဆီသို့ အကျိုးကျေးဇူးများနှင့် ဆွဲဆောင်တတ်ကြသည့် နတ်ဆိုးများနှင့် တစ္ဆေများအကြောင်းပါဝင်နေသည်။
ဒီလိုဆိုရင် ဒါက တကယ်ရော သူ့မရီး ဟုတ်ရဲ့လား။ မဟုတ်ဘူးဆိုရင်ကော ဒီသတ္တဝါက ဒီကို ရောက်လာတာ သူနဲ့သူ့ညီမလေးကို ကူညီဖို့လား။ အန္တရာယ်ပေးဖို့လား။
မရေမတွက်နိုင်သောအတွေးများဖြင့် စုတ်ပြတ်သတ်နေသော်လည်း မည်သည့် လက္ခဏာကိုမျှမပြဝံ့ဘဲ သူ့ခင်မျာ စမ်းသပ်ချင်သော်လည်း မဝံ့မရဲဖြစ်နေလေသည်။ မစမ်းသပ်ဘဲထားရင်ကော နတ်ဆိုးလား တစ္ဆေလား ဖြစ်နေမှာ စိုးရသေးတယ်။ နေဝင်ပြီး အမှောင်ကျသွားတာနဲ့ ဘာဖြစ်သွားမှာလဲ....။
သူသည်အတွေးကို ဆက်ထိန်းရန်မခံနိုင်တော့ဘဲ သူ့နှလုံးသားသည် နှေးကွေးသော မီးတောက်တစ်ခုပေါ်တွင် လုံးလုံးလျားလျား နာကျင်ကိုက်ခဲနေသကဲ့သို့ ခံစားလိုက်ရသည်။
.....
ရှန်းအန်းနှင့် စန်းလော့တွင် သူတို့၏သီးခြားအတွေးအမြင်များ ရှိကြပြီး ရှန်းနဥ်ကတော့ အရှိအတိုင်း ပျော်ရွှင်နေလေ၏။
မီးဖိုဘေးတွင် ငုတ်တုတ်ထိုင်နေသော ကလေးမလေးက အိုးထဲက ငါးဟင်းရည် တဖြည်းဖြည်းချင်း အဖြူရောင်သန်းလာသည်ကို ကြည့်ပြီး ပွက်ပွက်ဆူနေသည့်အသံကို နားထောင်ရင်း လတ်ဆတ်သောရနံ့လေးရကာ တံတွေးကို မျိုချလိုက်ပြီး နောက်နေ့စျေးတက်ရန် ဘယ်လို ပြင်ဆင်ရမလဲဆိုသည်ကို စိတ်ကူးယဥ်ကြည့်နေလေ၏။
သူမ၏မျက်လုံး ၊ နား ၊ နှာခေါင်း ၊ ပါးစပ်တို့သည် မယုံနိုင်လောက်အောင် အလုပ်များနေတော့သည်။
စန်းလော့သည် ရှန်းနဥ်ကိုကြည့်ကာ မခံစားနိုင်ဖြစ်ရ၏။ ဒါကမှ ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ်ကလေး၏ ပြုမူပုံဖြစ်သင့်သည်ဟု စဉ်းစားနေမိတော့သည်။
တစ်နေ့ထဲမှာ မွေးလာတဲ့ ရှန်းအန်းကျမှ ဘယ်လိုဖြစ်ပြီး လူကြီးတစ်ယောက်လို အတွေးပေါင်းတစ်ထောင်လောက်နဲ့ စိုးရိမ်နေတဲ့ပုံ ဖြစ်နေရတာလဲ။
ဟင်းချိုအဆင်သင့်ဖြစ်လုနီးနီးကို မြင်လိုက်ပြီးနောက် ရေဆေးပြီးသား ကြက်သွန်နီဥများကို အရင်ထည့် ခဏစောင့်ပြီးနောက် ကျန်သည့်ကြက်သွန်နီအရိုင်းများကိုထည့်ကာ အိုးထဲတွင် လက်ချောင်းထိပ်လေးများနှင့် အပိုင်းပိုင်းခွဲလိုက်သည်။
ဟင်းချိုပူပူကိုထိတွေ့လိုက်သည်နှင့် ကြက်သွန်မွှေးရနံ့သည် တစ်ခန်းလုံး လွှမ်းခြုံသွားလေသည်။
ရှန်းနဥ်သည် အမွှေးအကြိုင်အနံ့များကြောင့် လုံးလုံးလျားလျား မှင်တက်နေမိကာ အသက်ပြင်းပြင်းရှူလိုက်ပြီး အိုးထဲကနို့ဖြူငါးဟင်းကို ကြည့်ပြီးပြုံးကာ ပါးစပ်ကိုမပိတ်နိုင်တော့ချေ။
"ယောက်မချက်တဲ့ ငါးဟင်းရည်က အနံ့လေးအရမ်းမွှေးတယ်"
စန်းလော့သည် မီးဖိုထဲရှိမီးကို အနည်းငယ်အရှိန်လျှော့လိုက်ပြီး ငါးဟင်းရည်ထည့်ရန် ပန်းကန်တစ်လုံးကိုလှမ်းယူရင်း ရှန်းနဥ်၏မှတ်ချက်ကို ကြားလိုက်သောအခါ ခဏတုံ့ဆိုင်းသွား၏။
ကံကောင်းထောက်မစွာ မူလကိုယ်ခန္ဓာသည် ဤမောင်နှမများအတွက် ငါးဟင်းကို တစ်ခါမှမချက်ခဲ့ဖူးပေ။
ပန်းကန်လုံးကို အေးအေးဆေးဆေးကောက်ကိုင်ရင်း အိုးအောက်ခြေမှ ထန်းလျက်အရွယ်ငါးကို သစ်သားဇွန်းဖြင့် ဆယ်ယူကာ ရှန်းနဥ်အား ကမ်းပေးလိုက်သည်။
"ကြက်သွန်နီတွေက သဘာဝအတိုင်း မွှေးကြိုင်စေတယ်။ ဟင်းချိုက အရမ်းပူတယ်နော်၊ ဒါကြောင့် ငါးနဲ့
မြေပစ်ရွက်ကို စပြီးစား၊ ညီမလေးတို့ မောင်နှမနှစ်ယောက်က ဒီငါးဟင်းကို ဝေမျှစားလို့ရတယ်"
ရှန်းနဥ်၏မျက်နှာသည် ရွှင်မြူးသွားပြီး
"ကျေးဇူးတင်ပါတယ် ယောက်မ"
စန်းလော့ကပြုံးပြီး သူ့ကိုယ်သူ ပန်းကန်လုံးတစ်လုံးယူကာ ငါးသေးသေးလေးတစ်ကောင်ကို လှီးပြီး အသားကို တူဖြင့် ဖြည်းညှင်းစွာ ဆယ်ယူလိုက်သည်။
ရှန်းအန်းက မနေနိုင်တော့ဘဲ ထပ်ပြီး လေ့လာနေမိပြန်သည်။
နတ်ဆိုးတွေ၊ တစ္ဆေတွေက လူတွေလို အစားမစားကြဘူးလေ။ ဟုတ်တယ်မလား။
.............
စန်းလော့သည် အမှန်ပင် အကြပ်ရိုက်သွားတော့သည်။
ဤကဲ့သို့ လျှို့ဝှက်စွာ ငေးကြည့်နေသည် ထက်ပြတ်ပြတ်သားသား မေးလိုက်သည်က ပိုကောင်းသေးသည်။
သူမသည် ရှန်းအန်းကို တိုက်ရိုက်မျက်နှာချင်းဆိုင်ကြည့်ရန် ဆုံးဖြတ်လိုက်ပြီး သူနှင့် အကြည့်ချင်းဆုံလိုက်ကာ မေးလိုက်တော့သည်။
"ငါးဟင်းဘယ်လိုနေလဲ ကြိုက်ရဲ့လား"
ရှန်အန်းသည် စန်းလော့က မည်သည့်နတ်ဆိုး သို့မဟုတ် သရဲတစ္ဆေ ဖြစ်နိုင်သည်ကို တိတ်တဆိတ်တွေးတောနေရင်း သူမ၏မေးခွန်းကြောင့် သတိလွတ်သွားတော့သည်။ အနည်းငယ် အပြစ်ရှိသလို ခံစားရသော်လည်း ထူးထူးခြားခြား ရဲရဲတင်းတင်းစုံစမ်းရင်း သူမ အမေးကို ခေါင်းညိတ်ပြကာ
"အရသာရှိလိုက်တာ၊ ဘာလို့ ကျွန်တော်တို့ကို အရင်က ငါးမျှားဖို့ ခေါ်မသွားတာလဲဟင် မရီး"
"ဒီနတ်သမီးတို့ဟူး လုပ်ဖို့အတွက် အရွက်တွေကို ဘာလို့ မခူး၊ မကောက်လာတာလဲ"
"ဒီလိုအရည်အချင်းတွေရှိမှတော့ ငတ်ပြီးသေတာတွေ ၊ဖျားနာလို့သေတာတွေ ဘယ်လိုလုပ်ပြီး ဖြစ်လာမှာလဲ"
သူသည် ၉နှစ်အရွယ်လေးတွင် ရှိသင့်သည့် ရိုးအအ အပြုံးတစ်ခုကိုပင် အတင်းလုပ်ယူထားတာ သူ၏ထက်မြက်မှုကို ဂရုတစိုက် ဖုံးကွယ်ထားလေတော့သည်။
...