← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အပိုင်း (၁၅)

စန်းလော့က ခေတ္တရပ်ပြီး လီရှီကို အကဲခတ်ကြည့်လိုက်သည်။ အခု ရှန်းကျင့်က သူဖုန်းစားစရိုက်တွေကို ဘယ်ကရလာတယ်ဆိုတာ သူ နားလည်သွားပြီ။

သည်လို ရိုင်းစိုင်းမှုဟာ စန်းလော့ အတွက် အသစ်အဆန်းဖြစ်နေပြီး တောင်ပေါ်တွင် နှစ်ပေါင်းများစွာ တကိုယ်တည်းနေလာပြီး သူမ မွေးမြူခဲ့သည့် သည်းခံမှုမှန်သမျှကို ဖျက်ဆီးပစ်လိုက်သည်။

ခွန့်တုံ့ပြန်ရမလားဆိုတာကိုမဆုံးဖြတ်ခင် ရှန်းကျင့်၏မျက်နှာသည် လီ ရှီ(အမျိုးသမီး)ဘေးတွင် ပေါ်လာသည်။

"အမေ၊ သူက ဒါကို စားချင်လို့မဟုတ်ဘူး၊ ပန်းကန်လုံး တစ်ဝက်လောက်ရှိတဲ့ငါး ကို အဘွားချန်းကို ပေးလိုက်တာကို သား မြင်လိုက်တယ်"

"အမေ၊ သားလည်း ငါးစားချင်တယ်"

အမျိုးသမီးလီ၏ မျက်နှာပေါ်တွင် ခပ်ညစ်ညစ်လှောင်ပြောင်ပြုံးတစ်ခု ပေါ်လာသည်။ သူမ၏ နှုတ်ခမ်းများ တွန့်ကွေးသွားကာ အကြည့်များကလဲ တဖြည်းဖြည်း အေးစက်လာပြီး ထိန်းချုပ်ထားသည့် စကားလုံးအချို့ကို ထုတ်ပြောပစ်လိုက်သည်။

"ဒီမိသားစုအပေါ် မှာ သစ္စာမရှိတဲ့အပြင် ကျေးဇူးတရားမသိတတ်တဲ့မိန်းမ"

သူမ၏ စကားလုံးများသည် ဖြည်းညင်းပြီး တစ်လုံးစီက ထေ့ငေါ့သံဖြင့် ထွက်ကျလာလေသည်။

ရှန်းကျင့်က သူ့နောက်မှလိုက်ပြီး လျှာကို ထုတ်ကာ လှောင်ပြောင်သော လေသံဖြင့် တုပလိုက်သည်။

"ကျေးဇူးကန်းတဲ့ဝံပုလွေ"

စန့်လော့၏ အမူအရာသည် အေးစက်သွားကာ အမျိုးသမီးလီနှင့် သားဖြစ်သူ၏ မျက်နှာများကို လှည့်ကြည့်လိုက်သည်။နောက်ဆုံးတွင် အမျိုးသမီးလီ၏ မျက်လုံးများနှင့် ဆုံမိသွားသည်။

“အဒေါ် စကားကို ယဉ်ယဉ်ကျေးကျေးပြောတာ ပိုကောင်းမယ်။ ရှန်းလီက အသက်ဆယ့်ခြောက်နှစ်မှာ ဦးလေးကိုယ်စား စစ်မြေပြင်ကို သွားခဲ့ရတယ်လို့ ကျွန်မ ကြားထားတယ်၊ ဒီစကားကို အဒေါ်ပြောတဲ့ အချိန်မှာ စဉ်းစားကြည့်စမ်းပါ၊ အဲဒီတုန်းက သွားခဲ့သူက အ‌ဒေါ့်ယောက်ျားဖြစ်နေခဲ့ရငိ အခုချိန်မှာ သေရေးရှင်ရေးအကြပ်အတည်းဖြစ်နေမှာက အဒေါ်ပဲ ဖြစ်လိမ့်မယ်"

စန်းလော့သည် အလွန်လေးနက်ပုံပေါ် ပြီး သူမနဖူးကို ပုတ်လိုက်ကာ

"ကြည့်ပါဦး၊ ရှန်းလီက ရည်မွန်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုပြီး ငါ ကြားခဲ့ဖူးတာကို မေ့သွားတယ်။ သေချာပါတယ်၊ တစ်ကယ်လို့ ဦးလေးသာ တိုက်ပွဲမှာ သေဆုံးသွားခဲ့ရင် ရှန်းလီက သူ့အဒေါ်နဲ့ဝမ်းကွဲတွေကို ကန်ထုတ်တဲ့အထိတော့ အောက်တန်းကျမှာမဟုတ်ဘူးနော်၊ ဟုတ်တယ်မလား အဒေါ်ရယ်"

လီရှီ၏မျက်လုံးများသည် ကျဉ်းမြောင်းသွားကာ စန်းလော့စို က်ကြည့်ရင်း ဒေါသတကြီးဖြင့်

"နင်က တစ်ယောက်ယောက်ကို သေအောင်ကျိန်ဆဲနေတာလား၊ ဘယ်လောက်တောင် လေးစားမှုမရှိတာလဲ၊ ဒါဆို ဒီလတွေအတွင်း ငါတို့ပေးခဲ့တဲ့ စားစရာတွေအားလုံးက ခွေးတွေကို ကျွေးပစ်လိုက်မိတာပေါ့ ဟုတ်လား "

စန်းလော့က လှောင်ပြုံးဖြင့် ပြန်ပြောလိုက်၏။

"အဖြစ်မှန်ကို ပြောပြတာပါ အဒေါ်ရယ်၊ ရိုးရှင်းတဲ့ အမှန်တရားတစ်ခုကိုတောင် လက်မခံနိုင်ဘူးလား။ ကျွန်မတို့ရဲ့ ရှန်းအန်းနဲ့ ရှန်းနင်ဆိုရင်ဘယ်လိုလုပ်မလဲ။ သူတို့အစ်ကိုက သူ့အသက်ကို စတေးခဲ့ပေမယ့် အဒေါ်က ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ သူတို့ကို နှင်ထုတ်လိုက်တာ။ အခု သူတို့က ဘယ်သူ့ကို မှီခိုရမှာလဲ"

"ပြီးတော့ အဒေါ်ရော ဘယ်လိုပြောနေသလဲဆိုတာကို ကြည့်လိုက်ပါဦး။ ကျွန်မတို့ကို သူဖုန်းစားနဲ့ ကျေးဇူးကန်းတဲ့ လူယုတ်မာတွေလို့ ခေါ်နေတာလေ၊ အဒေါ့်ကို လူကြီးတစ်ယောက်အနေနဲ့ လေးစားချင်ပါတယ်၊ ဒါပေမယ့် အဒေါ် တကယ်ပဲ လူကြီးတစ်ယောက်လို ပြုမူနေရဲ့လား"

သူမ၏အသံသည် ရှင်းလင်း ပြတ်သားပြီး ရုန်းရင်းဆန်ခတ်ဖြစ်သွားတာကို သိချင်သောကြောင့် လာချောင်းကြည့်ကြသည့် အိမ်နီးနားချင်းများ၏အာရုံကို ဆွဲဆောင်နေတော့သည်။

ဆွံ့အပြီး ပြန်မပြောနိုင်တော့သည့် လီရှီ၏မျက်နှာသည် အသည်းကဲ့သို့ နီမြန်းလာကာ တုန်တုန်ယင်ယင်နှင့် စန်းလော့ကို လက်ညှိုးထိုးပြပြီးနောက် ရုတ်တရက် သူမမျက်နှာကို အုပ်ကာ ငိုကြွေးတော့သည်။

"ငါတို့ရဲ့ စေတနာတွေကို ကျေးဇူးကန်းလိုက်တာပဲ။ အကြီးဆုံးမိသားစုရဲ့ ကလေးသုံးယောက်ကို နှစ်ပေါင်းများစွာ ငါတို့ ပြုစုစောင့်ရှောက်ပြီးပြီ၊ ဒါက ငါတို့ကို သူတို့ ကျေးဇူးပြန်ဆပ်တဲ့ပုံစံတဲ့လား"

ရုန်းရင်းဆန်ခတ်ဖြစ်လာပြီးတဲ့နောက် ဦးလေးရှန်းကို သူ့အိမ်ထဲမှ အမြန်ဆွဲထုတ်လာခဲ့လေသည်။ စုဝေးနေသည့်လူတွေအား မြင်သောအခါ သူသည် လက်သီးများအား တင်းတင်းဆုပ်ပြီး ဒေါသထိန်းကာ အော်ဟစ်တော့သည်။

"မနက်စောစောစီးစီး ရုတ်ရုတ်သဲသဲနဲ့ ဘာဖြစ်နေကြတာလဲ"

စန်းလော့ဘက်လှည့်ပြီး သူက ဆူဆဲလေသည်။

"လီရှီက အငတ်ဘေးကာလတုန်းက မင်းကို ခိုလှုံစရာနေရာပေးဖို့အတွက် စေတနာနဲ့ ခေါ်လာခဲ့တာ၊ ဒါပေမယ့် မင်းက အခြေခံလေးစားမှုနဲ့ မင်းပေါ် အကျွေးတင်နေတဲ့ ကျေးဇူးတရားကိုတောင် မပြသဘူး"

"အပြစ်ပုံချတဲ့နေရာမှာတော့ ဆရာကြီးပဲ"

ကြမ်းတမ်းသည့် အခြေအနေတွင် ကြီးပြင်းလာရခဲ့သည့် မိဘမဲ့ကလေး စန်းလော့က ခပ်စွာစွာ ပြန်ပြောတော့သည်။

"ဦးလေးသုံး၊ ကျွန်မကို ဖိအားပေးဖို့ မကြိုးစားနဲ့။ ရှန်းလီရဲ့ဇနီးအဖြစ်နဲ့ ကျွန်မအတွက် စပါးတစ်ဝက်တစ်အိတ်နဲ့ အလဲအလှယ်လုပ်ခဲ့တဲ့ အဒေါ်သုံးရဲ့ ရည်ရွယ်ချက်ကို လူတိုင်းသိတယ်။ သူ့ရည်ရွယ်ချက်က တစ်ကယ်ပဲ စေတနာထားတယ်ဆိုရင်တော့ ကျွန်မက ကျေးဇူးတင်တာထက်တောင် ပိုပါသေးတယ်"

"ကျေးဇူးတရားကတော့ အဒေါ် သုံး က ကျွန်မ ထွက်ပြေးလာတုန်းက တကယ်ပဲ အသက်သွေးကြောတစ်ခု ပေးခဲ့ပါတယ်၊ တစ်သက်လုံးလည်း ကျေးဇူးတင်နေမှာပါ"

"ဒါပေမယ့် ရှီလီရွာကို ရောက်ကတည်းက ကျွန်မဘဝက ဘယ်လိုဖြစ်ခဲ့လဲဆိုတာ ရွာကလူတိုင်း တွေ့ခဲ့ကြတယ်မလား၊ တစ်ချို့ညတွေဆိုရင် တောင်ပေါ်မှာ ငတ်သေလုနီးပါး ဖြစ်နေခဲ့တယ်။ ရှန်းအန်းဟာ ညလယ်ခေါင်မှာ စပါးတောင်းဖို့ လာတာကို ဦးလေးနဲ့အဒေါ်တို့က မကြားချင်ယောင်ဆောင်နေခဲ့ကြတယ်။ အဒေါ်တို့ကို အပြစ်တင်နေတာ မဟုတ်ဘူးနော်၊ ရှန်းကျင့်ကိုယ်တိုင်ကလဲ ဒီလိုပြောခဲ့တယ်၊ ညသန်းခေါင်ကြီး အစားအစာတွေ ယူလာပြီး ကျွန်မအသက်ကို ကယ်တင်ခဲ့တဲ့ ချန်းအဘိုးနဲ့ အဘွားရဲ့ ကျေးဇူးကြောင့်သာ မဟုတ်ရင် ကျွန်မ စန်းလော့က အခု ကျွန်မရဲ့ ကွယ်လွန်သူ မိဘတွေ၊ ညီအစ်ကိုတွေ နဲ့ ကျွန်မ တစ်ခါမှ မဆုံဖူးတဲ့ ခင်ပွန်းနဲ့အတူ မြေအောက်ထဲ ရောက်သွားလောက်ပြီ"

"အဲ့တာကြောင့် ကျေးဇူးပြုပြီး အခုချိန်ကစပြီး ကျွန်မရှေ့မှာ တာဝန်ဝတ္တရားနဲ့ ကျေးဇူးတရားဆိုတဲ့ အလံကို ဝေ့ယမ်းပြမနေပါနဲ့တော့"

ဦးလေးရှန်းနှင့်လီရှီတို့သည် စန်းလော့ဟာ ထက်မြက်ပြီး ပြတ်သားသူဆိုတာကို မသိခဲ့တာကြောင့် သူတို့သည် ပြောစရာစကားလုံးပင် မရှိတော့ချေ။

လီရှီက အရင်ဦးဆုံး စန့်လော့ရှေ့ကို တံတွေးထွေးလိုက်ပြီး ပြောလိုက်၏။

"ဒီလောက်စွာတာဟယ်၊ ငါတို့ နင်နဲ့ မငြင်းနိုင်တော့ပါဘူး။ ဘယ်အိမ်ထောင်မှာမဆို ခွဲထွက်သွားပြီဆိုရင် ကိုယ့်ဝမ်းကိုယ်ကျောင်းရမယ်၊ အိမ်ခွဲပြီးရင်တော့ ကိုယ်တိုင်ရပ်တည်နိုင်ဖို့က ကိုယ့်တာဝန်ပဲ။ အဲဒါက ဘယ်လိုဖြစ်ပြီး ငါတို့အပြစ် ဖြစ်ရမှာလဲ၊ ငါတို့က နင့်ဆီမှာ တစ်ခုခု အကြွေးတင်နေလို့လား"

စန်းလော့သည် အပြစ်ဆိုနေခြင်းကို လက်မခံချေ။

"အဒေါ့်ရဲ့စကားက ဘယ်လို အိမ်ခွဲခဲ့သလဲဆိုတဲ့ အပေါ်မှာမူတည်တယ်လေ၊ ထွန်ယက်စရာ လယ်မရှိ၊ မြေမရှိနဲ့ စိုက်ပျိုးလို့မရတဲ့ တောင်လေးတစ်လုံးနဲ့များ ပါးစပ်သုံးပေါက်ကို ကျွေးထားနိုင်ရင် အံ့ဩစရာကောင်းလွန်းနေပြီ၊ ရွာပတ်ပတ်လည်ကို ကြည့်လိုက်ပါဦး၊ သူတို့မိသားစုကို ဒီလိုမျိုး ဘယ်သူက ခွဲထားတာလဲ။ ဒီလိုမျိုး စပါးအိတ်သေးသေးလေးနှစ်အိတ်ပေးပြီး ကျွန်မတို့ မြေပိုင်ဝယ်ပြီး ထွန်ယက်စိုက်ပျိုးဖို့ တတ်နိုင်တဲ့အထိ ရှန်းအန်းနဲ့ရှန်းနဥ်ကို ကျွေးဖို့ မျှော်လင့်နေတာလား"

"ဟုတ်ပါတယ်၊ ကျွန်မတို့က နောက်မျိုးဆက်တွေလေ။ ကျွန်မတို့မိသားစုက စုဆောင်းထားတဲ့အရာမှန်သမျှကိုယူပြီး ကျွန်မတို့ဟာဖြစ်ရမဲ့ အစိုးရကပေးထားတဲ့ တောင်ကြီးကလွဲလို့ ကျွန်မတို့အပေါ် ဘာအကြွေးမှ မရှိတာကို စောဒကမတက်ဘူး။ ဒါပေမယ့် ကျွန်မတို့ကို သူဖုန်းစားနဲ့ ကျေးဇူးကန်းတဲ့ လူယုတ်မာတွေလို့ ခေါ်တာက အရမ်းလွန်တယ်၊ ကျွန်မမှာ ငတ်သေလုနီးပါးဖြစ်ခဲ့ရတယ်၊ ရှန်းအန်းက အဖိုးမတန်တဲ့ သူ့မရီးအတွက် စားစရာတောင်းရင်တောင် ရှင်တို့က တံခါးကိုဖွင့်ပေးခဲ့လို့လား"

“အငယ်တွေရဲ့ဘဝကို လျစ်လျူရှုပြီး စိတ်အေးလက်အေးနေနိုင်ရင် အကြီးတွေလို ဟန်ဆောင်မနေပါနဲ့။ မိသားစု နှစ်စု ခွဲလိုက်ပြီးလို့ အချင်းချင်း တွေ့ကြရင် နှုတ်ဆက်ချင် နှုတ်ဆက်မှာပေါ့၊ ဒါပေမဲ့ အခြေခံ ယဉ်ကျေးမှုတော့ လိုပါသေးတယ်။ မဟုတ်ဘူးလား အားလုံးတို့ရယ်" စန်းလော့သည် အသံကိုမြှင့်လိုက်ပြီး စောင့်ကြည့်နေသော အိမ်နီးနားချင်းများကို မေးလိုက်တော့သည်။

အဆုံးတွင် သူမ၏ အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အိမ်နီးနားချင်းများကို တိုက်ရိုက်ပြောဆိုလိုက်လေသည်။ ဦးလေးရှန်းနှင့် လီရှီတို့သည်လည်း ဖြည်ချလိုက်သည် ဇာတ်ထုပ်ကိုကြည့်နေကြကာ၊ သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြသည့် တံခါးဝမှလူတိုင်းကို လှည့်ကြည့်လိုက်တော့သည်။

ဦးလေးရှန်းသည် ရှင်းရှင်းလင်းလင်း မကြားရသော်လည်း နှစ်လိုဖွယ်စကား တစ်ခွန်းမှမပါသည်ကိုတော့ သူ သိသည်။

သွေးအန်လုနီးပါး နားအူလာပြီး ဒေါသ အလိပ်လိုက် ထွက်လာသည်ကိုလဲ ခံစားလိုက်ရသည်။

ရုန်းရင်းဆန်ခတ်ဖြစ်‌နေတာကိုကြားသည့် အဘွားချန်းက ထွက်လာပြီး ဖြစ်စဉ်တစ်ခုလုံးကို နားထောင်လိုက်သည်။ သူမသည် ဤကိစ္စနှစ်ခုကို လအတော်ကြာ သည်းခံနေခဲ့ပြီး တစ်စုံတစ်ယောက်၏ မိသားစုအရေးဟု တွေးကာ နှုတ်ဆိတ်နေခဲ့သည်။

"လီရှီက မင်းကို သူဖုန်းစားနဲ့ ကျေးဇူးမသိတတ်တဲ့သူတစ်ယောက်လို့ ခေါ်သံကြားတော့ ငါ ဆက်ပြီး ထိန်းမထားနိုင်တော့ဘူး"

"တော်လောက်ပြီ ရှန်းစန်း၊ ငါတို့မိသားစုနှစ်ခုလုံးက ဟိုအရင်တုန်းက ဒီကို အတူတူထွက်ပြေးလာပြီး အိမ်နီးနားချင်းတွေ ဖြစ်ခဲ့ကြတယ်။ အဘွား တစ်ခုပြောပါရစေ။ တချို့ကိစ္စတွေက လွန်လွန်ကဲကဲ မဖြစ်သင့်ဘူး။ တခြားကိစ္စတွေတော့ မပြောတော့ပါဘူး၊ ဒါပေမယ့် နင်တို့မိသားစုရဲ့ အစားအစာနဲ့ ရေကို အကာအကွယ်ပေးနေတဲ့ နင့်အစ်ကိုကြီးက သေသွားပြီ။ ရှောင်အန်းရဲ့ အမေလဲ အထိတ်တလန့်ဖြစ်သွားပြီး သူ့နောက်ကို လိုက်သွားခဲ့ရတယ်၊ နင့်အစ်ကိုရဲ့ ကျေးဇူးကြောင့် နင်တို့နှစ်ယောက် အသက်ရှင်ခဲ့တယ်၊ နင် ဒါကိုတော့ အသိမှတ်ပြုတ်ပါတယ် ဟုတ်တယ်မလား"

“ပြောစရာတောင်မလိုပါဘူး၊ နင်က အားလီရဲ့ နာမည်ကို ပြောင်းပြီး နင့်အစား စစ်ထွက်ခိုင်းတယ်။ ရွာကလူတိုင်း ဒါကို သိတယ်"

"ဒါဆို အခုကစပြီး ရှောင်အန်း၊ အားနဉ်နဲ့အားလီရဲ့ ဇနီးနဲ့ပတ်သက်လာတဲ့အခါ နင်နဲ့ နင့်မိန်းမဟာ ကိုယ့်စိတ်ကိုယ် အရင် ဆန်းစစ်ကြည့်သင့်တယ်။ နင့်ရဲ့ လုပ်ရပ်တွေနဲ့ နင် အသက်ဆက်ရှင်သန်သွားနိုင်မလား၊ နောက်ဘဝမှာရော နင့်ရဲ့ အစ်ကို၊ မရီးနဲ့တူတွေကိုရော မျက်နှာပြရဲလားဆိုတာကိုပေါ့"

ဦးလေးရှန်းနှင့်လီရှီတို့၏ မျက်နှာတွေမှာ အနီရောင်ကနေ အနက်ရောင်၊ အနက်ရောင်ကနေ အဖြူ၊ အဖြူကနေ အပြာ၊ အပြာကနေ ခရမ်းရောင်အထိ အရောင်တွေပြောင်းသွားခဲ့သည်။ တကယ်ကို အရောင်အသွေးစုံတဲ့ ပြကွက်တစ်ခုလိုပါပဲ။

ဦးလေးရှန်း၏မျက်နှာသည်လဲ အရောင်အသွေးစုံကာ နောက်ဆုံးတွင် အသည်းရောင်ဖြစ်လာသည်အထိ ဖောရောင်လာခဲ့သည်။

စန်းလော့အပေါ်မှာ သူ့လုပ်ပိုင်ခွင့်ကို အခိုင်အမာရယူရန် ကြိုးစားနိုင်သော်လည်း သူတို့မိသားစု၏နောက်ကြောင်းကိုသိပြီး သူတို့နဲ့အတူ ထွက်ပြေးလာခဲ့သော ချန်းအဘွား ကို ဆန့်ကျင်ပြီး ရပ်တည်နိုင်စရာအကြောင်းမရှိချေ။ အဆုံးတွင် သူ၏ဇနီးနှင့်သားကို ဆွဲခေါ်ပြီး ခြံတံခါးကို ပိတ်ပစ်လိုက်ရုံသာ တတ်နိုင်ခဲ့လေသည်။

စန်းလော့သည် သူတို့၏ ပြဇာတ်ဆန်ဆန် ထွက်ခွာပုံအား ဘာမှမခံစားရသည့်နှယ် မဲ့ပြုံးပြုံးလိုက်တော့သည်။

အဘွားချန်းဟာ ရှန်းမိသားစု၏ တံခါးက ဝုန်းခနဲဆောင့်ပိတ်သွားသည်ကို ကြည့်ပြီး၊ စန်းလော့ ဆီကို လျှောက်သွားကာ သူမအား အိမ်ကိုဆွဲခေါ်လာခဲ့ပြီး လက်မခံသည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။

"နင် ရူးနေတာလား၊ သူတို့ရဲ့ လုပ်ရပ်တွေက ဘယ်လောက်ပဲ ဂုဏ်သိက္ခာမရှိနေပါစေ သူတို့က နင့်ထက် အသက်ကြီးတယ်။ ဒီလိုမျိုး ငြင်းခုံနေတာ၊ နင့်ရဲ့ ဂုဏ်သိက္ခာကိုရော ဂရုမစိုက်ဘူးလားဟင်"

. . .

အပိုင်း (၁၆)

"ဘာဂုဏ်သိက္ခာလဲ၊ ရန်လိုလွန်းတာကိုလား၊ သက်ကြီးရွယ်အိုတွေအပေါ် မလေးစားတာကိုလား"

စန်းလော့က သက်ပြင်းချရင်း

"အဘွား အခုဆိုရင် ကျွန်မက အသက်ဆယ့်ငါးနှစ်အရွယ် မုဆိုးမတစ်ယောက် ဖြစ်နေပါပြီ။ ကျွန်မက ရှန်းအန်းနဲ့ အားနဥ်လေးကိုလည်း ပြုစုပျိုးထောင်ရမယ်။ လူရှိန်လောက်တဲ့ ဂုဏ်သိက္ခာရှိတာမျိုးကပဲ အကျိုးရှိလိမ့်မယ်"

စန်းလော့ရောက်ရှိလာပြီး တစ်ရက်ကျော်အကြာတွင် အဘွား၏တင်းမာသောစကားများကြားမှ သူမ၌ နူးညံ့သိမ်မွေ့သောစိတ်နှလုံးသားရှိပြီး ကြင်နာတတ်ကြောင်းကို စန်းလော့က သတိပြုခဲ့မိပြီးဖြစ်ရာ ထိုအကြောင်းအရာများကို ပိုမိုရှင်းလင်းစွာ ပြောပြရန် လိုလားလာခဲ့သည်။

"သက်ကြီးရွယ်အိုတွေကို မထီမဲ့မြင်ပြုတာကတော့ ရှန်းအန်းနဲ့အယ်နဥ်ကို ပြောနေရင်း ရှန်းကျင့်လေးကတောင်မှ အစားစားချင်လို့ဆိုပြီး ထပ်တောင်းဆိုနေသေးတယ်။ ဒီနေ့တော့ သူက အဒေါ်ကို လိုက်အတုခိုးနေတာပဲလို့ သိထားလိုက်တယ်။ မညှာတာတတ်တဲ့ လူကြီးတစ်ယောက်ကိုကျတော့ တကယ်လေးစားလို့ကိုမရဘူး။ နာမည်ဂုဏ်သတင်းက ဘာပဲဖြစ်နေပါစေပေါ့"

"ရှေးခေတ်က နာမည်ဂုဏ်သတင်းရဲ့အရေးပါမှုကို ကျွန်မ လျှော့တွက်တာတော့ မဟုတ်ဘူး ဒါပေမယ့် ရှန်းစန်းနဲ့ အမျိုးသမီးလီတို့ရဲ့လုပ်ရပ်တွေက တစ်ယောက်ပြီးတစ်ယောက် ကျွန်မရဲ့သည်းခံနိုင်စွမ်းကို လာထိပါးနေတာလေ၊ အဲဒီလိုလူမျိုးတွေဆို လေးစားလို့မရဘူး"

“လိမ္မာပါးနပ်ပြီး လိုက်လျောညီထွေရှိအောင် ပြုမူနေထိုင်ရမယ်ဆိုတာကလဲ အခြေအနေနဲ့ ဆက်ဆံနေရတဲ့သူအပေါ် မူတည်သေးတယ်။ ရှန်းစန်းနဲ့အမျိုးသမီးလီကိစ္စမှာတော့ နာမည်ကောင်းတစ်ခုကို ထိန်းသိမ်းဖို့အတွက်နဲ့ ကိုယ့်ကိုယ်ပိုင် ကိုယ်ကျင့်တရားတွေကို အလျှော့ဖို့ ဆန္ဒမရှိဘူး”

နောက်ပြီး မူလပိုင်ရှင်က သူမရဲ့အခြေအနေကိုသိရှိပြီး အသက်ရှင်ရပ်တည်ဖို့နည်းလမ်းကို မျှော်လင့်ထားပြီး အမျိုးသမီးလီနဲ့ ဒီနေရာကို လိုက်လာခဲ့တာ။ မမျှော်လင့်ဘဲ အမျိုးသမီးလီက သူမကို ခေါ်ပြန်လာခဲ့တဲ့ ရည်ရွယ်ချက်ဟာ ကွဲပြားနေပြီး ဖျားနာမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးရတဲ့ ကြေကွဲဖွယ်အဆုံးသတ်ကို ဖြစ်ပေါ်စေခဲ့တယ်။ အခုဆိုရင် ဒီခန္ဓာကိုယ်မှာရှင်သန်ဖို့ မူလခန္ဓာကိုယ်ရှင်ရဲ့ ကံကြမ္မာကိုဂရုမစိုက်ဘဲ အမျိုးသမီးလီနဲ့ သဟဇာတဖြစ်အောင် ဘယ်လိုဟန်ဆောင်နိုင်ပါ့မလဲ။

"နောက်ပြီး အချိန်ကြာလာတာနဲ့အမျှ ကျွန်မ ဘဝလည်း တိုးတက်ကောင်းမွန်လာမယ်လို့ ယုံကြည်တယ်။ ရှန်းစန်းနဲ့ အမျိုးသမီးလီတို့လိုလူတွေနဲ့ စောစောစီးစီး ရှင်းရှင်းလင်းလင်း လုပ်ထားတာက ပိုကောင်းပါတယ်။ အနာဂတ်မှာ ဘာကို မျှော်လင့်ရမယ်ဆိုတာ လူတိုင်း သိပါလိမ့်မယ်"

အဘွားချန်းသည် ဆယ့်ငါးနှစ်အရွယ်ရှိမုဆိုးမလေး၏ပြောစကားကို ကြားလိုက်ရသောအခါတွင် သူမ၏နှလုံးသားထဲ တုန်လှုပ်သွားသလို ခံစားလိုက်ရလေသည်။

သူမသည် စန်းလော့ကို ဤရက်ပိုင်းတွင် ဂရုစိုက်စောင့်ရှောက်ပေးခဲ့သည်လည်း ရှန်းအန်းနှင့်ရှန်းနဥ်တို့အတွက် အဓိက စဉ်းစားပေးခြင်းပင်။ သို့သော်လည်း အခုအချိန်မှာတော့ စန်းလော့ကို အမှန်တကယ်ပင် သနားစိတ်ဝင်မိလေသည်။

" ခက်ခဲလိုက်တဲ့ဘဝပါဟယ်"

ရှန်းစန်းနှင့်သူ့ဇနီး၏အပြုအမူကိုတွေးကြည့်ပြီး

"အင်း ဒီကိစ္စတွေကို ဒီနေ့ပဲ ပွင့်လင်းမြင်သာအောင်ချပြလိုက်တာ ကောင်းပါတယ်။အဲဒါကပဲ နောင်များမှာ ညည်းကိုနှိပ်ကွပ်ဖို့အတွက် ငါတို့ကလူကြီးတွေပဲဆိုတဲ့ ဂုဏ်ဒြပ်ကိုအသုံးချဖိနှိပ်ခြင်းကနေ တားဆီးပေးလိမ့်မယ်"

ဤအခြင်းအရာသည် စန်းလော့၏ ခံယူချက်နှင့်ပြဿနာများအပေါ် ကိုင်တွယ်ဖြေရှင်းနည်းကို အသိအမှတ်ပြုလိုက်ခြင်းပင်။

စန်းလော့ထွက်သွားခါနီး၌ အဘွားကသူမကို ပြန်ခေါ်လိုက်၏။

"ခဏနေအုံး"

စန်းလော့က သူမဘက်သို့ ကြည့်လိုက်သောအခါ အဘွားကြီး၏ပါးပြင်က အနည်းငယ် တွန့်ချိုးသွားသည်ကို တွေ့လိုက်ရပြီး အဘွားကြီး မေးလာ၏။

"သကြားရေကို စျေးထိရောက်အောင် ဘယ်လိုလုပ်ပြီးသယ်မှာလဲ"

စန်းလော့ကပြုံးပြီး ပြန်ပြောလိုက်သည်။

"မြေအိုးကို ကျွန်မနဲ့အတူ ယူသွားရလိမ့်မယ် အဲဒီအိုးထဲ သကြားရေကို တန်းလောင်းထည့်လိုက်ပြီးတော့ ကျောပေါ်မှာလွယ်တဲ့ ခြင်းတောင်းထဲထည့်​ပြီး သယ်သွားလိုက်မယ်"

ထိုစကားကြားပြီးသည့်နောက် အဘွားကြီးကစကားသိပ်မပြောတော့ဘဲ လက်ကိုသာဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်လေသည်။

"ကောင်းပြီ ညည်းအလုပ်ပဲ ညည်းပြန်လုပ်တော့"

စန်းလော့က အဘွားကိုနှုတ်ဆက်ပြီး အိမ်ပြန်ခဲ့သည်။ ဂျင်းနှင့်ဆန်အရက်မပါသည့် ပုစွန်ဂျုံဆန်ပြုတ်သည် ကြာကြာမလတ်ဆတ်နိုင်တော့သည့်အပြင် စျေးနေ့ကလည်း နောက်ရက်မှသာဖြစ်သည်။ သူမ၌ ပြင်ဆင်စရာစရာများစွာရှိနေသေး၏။

သူမ ထွက်သွားသည်ကိုကြည့်ပြီး အဘွားကြီးက တစ်ယောက်တည်း ရေရွတ်လိုက်လေသည်။

"ဒီခရီးအတွက် လုံလောက်မှာမဟုတ်ပါဘူး"

..............

မျက်စိတစ်မှိတ်အတွင်း၌ တစ်နေ့တာအချိန်သည် ကုန်ဆုံးသွားခဲ့ပြန်၏။

နောက်နေ့မနက်က ဒေသတွင်းစျေးကြီးနေ့ဖြစ်သည်။

နတ်သမီးတို့ဟူးကို ပထမဆုံးအကြိမ် ရောင်းသည့်အနေဖြင့် စန်းလော့နှင့်ကလေးနှစ်ယောက်က ထိုကိစ္စကို အလွန်မှ အလေးအနက်ထားခဲ့ကြသည်။ ၈လပိုင်း၏တောင်တန်းများပေါ်၌ နေ့ရက်များသည် ပူဆဲပူမြဲပင်။ ညနေစောင်းမှာ ခူးဆွတ်ထားသော အရွက်များမှလွဲ၍ ပါဝင်ပစ္စည်းများကို လတ်လတ်ဆတ်ဆတ်ရှိစေရန် စန်းလော့သည် နတ်သမီးတို့ဟူးပြုလုပ်ရန် ညသန်းခေါင်ချိန်၌ အိပ်ရာမှထလေ၏။

ဟုတ်ပါသည်။ ကလေးနှစ်ယောက်မှာလည်း အိပ်မပျော်နိုင်ဖြစ်နေကြရာ ရေထမ်းသူကထမ်း၊ ဇွန်းကိုင်သူကကိုင်နှင့် ယောက်ယက်ခတ်အောင် လှုပ်ရှားနေကြတော့သည်။

တစ်ပုံးစာကို နှစ်ပုံးစာခွဲပြီးရောင်းရန် စီစဥ်ထားသော်လည်း တကယ်တမ်းတွင် အိမ်တွင် ဘာမှမရှိသည်ကို စဉ်းစားမိလိုက်တော့ နည်းနည်းပါးပါးတောင် လုပ်၍မရသော အနေအထား ဖြစ်နေလေသည်။

စျေးကြီးသည် ငါးရက်တစ်ကြိမ် ‌ဈေးဖြစ်ပြီး သူတို့၏လုပ်ငန်းသည် အရင်းအနှီးမလိုသောလုပ်ငန်းတစ်ခုဖြစ်သည်။ တောင်ပေါ်ရှိ သယံဇာတအများစုကို အသုံးချရန် မကြိုးစားခြင်းက ဖြုန်းတီးမှုပင် ဖြစ်လိမ့်မည်။

နတ်သမီးတို့ဟူးပုံးနှစ်ပုံးကို အံကိုကြိတ် ကြံ့ကြံ့ခံပြီးသယ်သွားနိုင်ရန်သာ စန်းလော့က တွေးထားခဲ့၏။

တစ်ညလုံး အိုးဆူအောင်တည်ပြီးနောက် နှစ်သုတ်ခွဲကာပြုလုပ်ရင်း မြေအိုးကြီးလေးလုံးထဲသို့ ဖြည့်တင်းထားလိုက်သည်။ မနက်မိုးလင်းသည်နှင့်အမျှ ဒုတိယအသုတ်သည် လုံးဝကို ခဲသွားခဲ့၏။ စန်းလော့က ဝါးဓားကိုအသုံးပြုပြီး သပ်သပ်ရပ်ရပ် အတုံးကလေးများဖြစ်အောင် လှီးဖြတ်ကာ ချန်းမိသားစုထံမှ ငှားယူထားသော သစ်သားပုံးနှစ်ပုံးထဲသို့ သုံးဆယ့်နှစ်ပိုင်းလုံးထည့်ကာ ထုပ်ပိုးထားလိုက်သည်။ လှီးဖြတ်၍ကျန်နေသည့် အစအနများကိုပင်အလေအလွင့်မဖြစ်စေဘဲ စျေးတွင် အစမ်းမြည်းကြည့်ရန်အတွက် ထည့်ထားပေးလိုက်သေးသည်။

စိတ်ကူးက အကြောင်းအရာတစ်ခုဖြစ်ပြီး ထိုတို့ဖူးပုံကို တကယ်တမ်း မ,ရချိန်တွင်တော့ စန်းလော့မှာ အံကြိတ်ထားလည်း အချည်းနှီးပင် ဖြစ်နေတော့သည်...။

"အရမ်းလေးတာပဲ၊ ဒီပစ္စည်းက တကယ့်ကို အခဲတုံးကြီး"

သူမ၏နောက်ဆုံးဘဝတွင် အထူးသဖြင့် ကျန်းမာရေးပြဿနာကြောင့် နောက်ပိုင်းနှစ်တွေထဲ စန်းလော့သည် ပင်ပန်းသည့်အလုပ်များကို လုပ်ရခဲ၏။ ထို့နောက် သူမ၏လက်ရှိခန္ဓာကိုယ်ပိုင်ရှင်သည် လနှင့်ချီပြီး အခက်အခဲများကြားမှတောင် ဆင်းရဲဒုက္ခများမရောက်လာခင်အထိ အမြဲတမ်းသာယာသည့်ဘဝဖြင့် ရှင်သန်နေထိုင်ရပါသည်။ အမြဲတမ်းအဆင်သင့်စောင့်ဆိုင်းပြီး အလုပ်ကြမ်းလုပ်ဖူးတဲ့သူ မရှိသလောက်ရှားပါးလှသည်။

တောင်တန်းများပေါ်ကနေ ရွာဝင်ပေါက်မရောက်ခင်လမ်းတစ်နေရာ၌ စန်းလော့၏ပခုံးများ နာကျင်ကိုက်ခဲစွာဖြင့် လမ်းဆက်လျှောက်နေရခြင်းသည် သူ့မတ်လေးဖြစ်သူ ရှန်းအန်းနှင့် ညီမလေးဖြစ်သူရှန်းနဥ်တို့အတွက် စိုးရိမ်ထိတ်လန့်ရစေသည့် မြင်ကွင်းတစ်ခု ဖြစ်လေတော့သည်။

"မရီးရေ ကျွန်တော်ပြန်သွားပြီး နောက်ထပ်မြေအိုးတစ်လုံး ထပ်သွားယူလိုက်ရမလား၊ ကျွန်တော်တို့ ခြင်းတောင်းထဲမှာ တချို့ကိုခွဲထားလို့ရတယ်" ရှန်းအန်းက အကြံပေးလိုက်သည်။

သူတို့၏မရီးဖြစ်သူ၊ယောက်မဖြစ်သူသည် ပြင်းထန်သည့်အဖျားရောဂါမှ ပြန်လည်သက်သာလာခဲ့ပြီး အသက်ဆုံးရှုံးလုနီးပါးဖြစ်ရကာ ပြန်လည်သက်သာလာသည်မှာ ရက်ပိုင်းသာရှိသေးသည်။

မူလကတော့ သူမ၏ခွန်အားကို ယုံကြည်ထားမိသော်လည်း ခြေလှမ်းနည်းနည်းလောက် လှမ်းလျှောက်ကြည့်ပြီးနောက် စန်းလော့က သံသယဝင်လာလေ၏။ သူမ၏လက်ရှိခန္ဓာကိုယ်သည် အရင်ဘဝတုန်းကထက် အများကြီးပျော့ညံ့နေပုံရ၏။

ထိုအရာသည် ကျန်းမာရေးညံ့ဖျင်းခြင်းကြောင့်မဟုတ်ဘဲ သူမသည် ငယ်စဥ်ကတည်းက အလွန်အကျူးပင် ပိုးမွေးသလိုမွေးခံခဲ့ရပြီး ကိုယ်ကာယနှင့်လုပ်ရသည့် အလုပ်ကြမ်းမဆိုထားနှင့် လမ်းလျှောက်တာတောင် မရှိသလောက်ရှားလေရာ သူမမှာ သက်လုံနည်းပါးခဲ့ခြင်းပင်။

သို့သော်လည်း ကလေးနှစ်ယောက်တွင် လက်ဗလာလည်းမဟုတ်၊ တစ်ယောက်ယောက်က ခြင်းတစ်လုံးကို သူ၏နောက်ကျော၌ ထမ်းထား၏။ ရှန်းအန်းက အတော်လေးသည့်မြေအိုးတစ်လုံးနှင့် မနေ့တုန်းက အလျင်အမြန်ပြုလုပ်ထားသော ဝါးပြွန်ပေါင်းများစွာပါဝင်ပြီး သကြားရေနှင့် ဈေး၌ လက်ဆေးကြောရန် အပြည့်ဖြည့်ထားသောရေသန့်တို့ကို သယ်ဆောင်လာရသည်။

ဟုတ်ပါသည်။ ဒါတွေက စန်းလော့ပြုလုပ်ထားတာမဟုတ်ဘဲ အဘွားကြီးရဲ့သားဖြစ်သူ ချန်းယိုထျန်းက အလျင်အမြန်လုပ်ထားပေးသည့် ဝါးကျည်တောက်များ ဖြစ်ကာ ညနေခင်းတုန်းက ရေပုံးသွားယူရင်း စန်းလော့က စီစဉ်ခိုင်းခဲ့ခြင်းဖြစ်လေသည်။

အခြားတစ်ဖက်မှာတော့ ရှန်းနဥ်းက ရေဆေးပြီးကြာပန်းခြောက်များ ပြည့်နေသည့်တောင်းတစ်ဝက်ကို သယ်ထားရသည်။

ရှေးခေတ်တုန်းက ပလပ်စတစ်အိတ်များမရှိသည့်အတွက် စန်းလော့သည် သူ့ပစ္စည်းများကို သည်အတိုင်း မရောင်းလိုက်နိုင်သလို လူများကိုလည်း ပစ္စည်းများကို လက်ဖြင့်ကိုင်ပြီး သယ်ပြန်သွားဖို့ မမျှော်လင့်နိုင်ပေ။ အတွေးမျိုးစုံတွေးပြီးသည့်နောက် သူမသည် မနေ့ညနေက ယာယီသုံးအမြည်းခွက်များလုပ်ရန် သင့်တော်သည့် အရွက်သေးသေးများအပြင် ကြာရွက်သုံးဆယ်ကျော်ကိုခူးယူရန် တောထဲကရေကန်တစ်ခုဆီသို့ သွားခဲ့ပါသေးသည်။

သူမ၏မောင်ငယ် ၊ညီမငယ်​​တို့၏အရပ်အမောင်း သေးသေးလေးကို စဉ်းစားမိလိုက်တော့ သူတို့၏ကြီးထွားမှုကို နှောင့်နှေးစေမှာကိုလဲ စိုးရိမ်မိရာ စန်းလော့က စိတ်ပိုင်းဖြတ်ပြီး နှုတ်ခမ်းကို ဖိကိုက်ထားလိုက်သည်။ ‘ဇီဇာကြောင်မနေတော့ပါဘူး၊ လမ်းတစ်လျှောက်မှာ ခဏလောက် နားနားပြီးသွားမယ်ဆိုရင်တော့ လုပ်နိုင်လောက်ပါတယ်’။

သူတို့စကားပြောနေစဥ် ရှေ့မှတစ်ယောက်ယောက်က အော်ခေါ်လိုက်သည်။

"အဲဒါက ရှောင်အန်းလား"

"ဦးလေးယိုထျန်း"

ရှန်းအန်းက ရှေ့သို့ပြေးလိုက်ပြီး စိတ်လှုပ်ရှား​ကာ အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

"ဦးလေးယိုထျန်း၊ ကျွန်တော်ပါ.. ဒီမှာဘာလုပ်နေတာလဲ။ ဦးလေးလဲ စျေးသွားမလို့လား"

ချန်းယိုထျန်းက ကလေးကိုကြည့်လိုက်ပြီး နောက်က ပစ္စည်းများကို ထမ်းပိုးရင်း ရုန်းကန်နေရသော စန်းလော့ကို ကြည့်လိုက်ပြီးမှ သူ့အမေက ဒါကို ကြိုခန့်မှန်းမိခဲ့သည်ပဲဟု တစ်ယောက်တည်း တွေးလိုက်လေသည်။

သူက ခေါင်းညိတ်ပြလိုက်သည်။

"ငါလည်း စျေးသွားရောင်းဖို့လုပ်နေတာ မင်းအဘွားက မင်းတို့ကိုဒီမှာစောင့်ဖို့ ငါ့ကို ပြောထားတယ်၊ မင်းမရီးက ခြောက်မိုင်ခုနစ်မိုင်လောက် ခရီးအတွက် ပစ္စည်းတွေမသယ်နိုင်မှာ စိုးလို့တဲ့၊ ငါ မင်းကို ကူညီပြီး ဈေးထဲမှာလဲ မင်းတို့ကို စောင့်ကြည့်ပေးဖို့ လာခဲ့တာ"

သူ့စကား၏နောက်ဆုံးအပိုင်းသည် သူမ၏ဝန်ထုပ်ဝန်ပိုးများနှင့်အတူ နောက်ကအမီလိုက်လာမည့် စန်းလော့ကို ရည်ရွယ်လိုက်ခြင်းပင်။

တကယ်တော့ သူ့အမေ၏ စကားအတိအကျကိုပြောရလျှင်-

"အဲဒီ စန်းလော့ဆိုတဲ့အမျိုးသမီးဟာ တုတ်ချောင်းလေးလိုပဲ ပိန်ပိန်လေးပေမယ့် အင်မတန်မှ ရည်မှန်းချက်ကြီးတယ်။ ပုံးနှစ်ပုံးတဲ့လားဟယ်။ သူ လမ်းတစ်ဝက်မှာပဲ လဲကျလိမ့်မယ်လို့ ငါ လောင်းရဲတယ်။ ငါတို့ကြက်ဥတွေနဲ့ ဝင်ငွေရအောင်လို့ မင်းကို စောစောပဲ စျေးလွှတ်လိုက်မယ်။ ရွာဝင်ပေါက်မှာစောင့်ပြီး သူတို့ကိုတွေ့ရင် ပစ္စည်းတွေနဲ့သူ့ကို ကူညီပေးလိုက်ပေါ့။ စျေးထဲမှာလည်း သူ့ကို မျက်စိဒေါက်ထောက်ကြည့်ထားပေးပြီး ကူညီလိုက်အုံး။ ဒါကတော့ သူ့ရဲ့ငါးဟင်းပန်းကန်လုံးတစ်ဝက်ကို စားပြီးပြီဆိုတော့ အနည်းဆုံးတော့ ငါတို့တတ်နိုင်တာ လုပ်ပေးရမှာပေါ့”

သူမ ခန့်မှန်းထားတဲ့အတိုင်း တထပ်ထဲပဲမလား။

လမ်းတစ်ဝက်လောက် မရောက်သေးခင် ရွာဝင်ပေါက်မရောက်ခင် စန်းလော့ကပင်ပန်းနေသည်ကို ချန်းယိုထျန်း သတိထားလိုက်မိသည်။

ကျန်သည့်ခရီးအတွက် စန်းလော့၏ဝါးတံပိုးကို ချန်းယိုထျန်းက ထမ်းသယ်သွားကာ စန်းလော့က သူ့ကြက်ဥခြင်းတောင်းကို ကိုင်ထားပေးလိုက်ရသည်။

သူက ထိုဟာကို ခြင်းတောင်းဟုဆိုသော်လည်း စန်းလော့က ကြက်ဥတစ်ဒါဇင်လောက်သာ ပါဝင်သည်ကို မြင်တွေ့လိုက်သည်။

ချန်းမိသားစုအိမ်တွင် ကြက်​အကောင်ရေအများကြီးမရှိချေ။ ရာသီဥတုပူသည့်အတွက် ကြက်ဥများပုပ်သွားမည်ကို စိုးရိမ်သဖြင့် ကြက်ဥတစ်ဒါဇင်လောက်နှင့် စျေးသွားရခြင်းမဟုတ်လျှင် သူတို့သည် ဒီနေ့စျေးသွားစရာမလိုဘဲ သူမကိုကူညီဖို့ရန်သာ ထိုသို့လုပ်ခြင်းဖြစ်လိမ့်မည်။

မနေ့က သူမအတွက် ဝါးကျည်တောက်အသစ်​​များစွာပြုလုပ်ရန်အတွက် အဘွားကြီးက ဦးလေးယိုထျန်းကို တိတ်တဆိတ်စီစဥ်ပေးထားသည်ဟု ယူဆရပြီး နောက်တစ်ခုမှာ အတော်ဖြစ်နိုင်ချေရှိ၏။

ကျေးဇူးတင်စိတ်ကို ခံစားမိလိုက်ပြီး မည်သည့်ကျေးဇူးစကားပင်ဖြစ်စေ လောလောဆယ်၌ အပေါ်ယံဆန်လွန်းသည်ဟု စန်းလော့ သိရှိထားသည်။ ပုံမှန်အားဖြင့် သူမ၏ချိုသာလှသောနှုတ်သည် ထူးထူးခြားခြား ထက်သန်လာပြီး သူမက ရိုးရိုးရှင်းရှင်းသာ ပြောလိုက်တော့သည်။

"ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးလေးယိုထျန်း"

သူမ၏နှလုံးသားထဲတွင် "ဝေးကွာနေတဲ့ဆွေမျိုးဟာ ရင်းနှီးတဲ့အိမ်နီချင်းလောက်တောင် မကောင်းဘူး"ဆိုသည့် စကားကိုသိရှိနားလည်ပြီး ချန်းမိသားစုနှင့် ကောင်းမွန်သော ဆက်ဆံ​ရေးကို တည်ဆောက်ရန် ဆုံးဖြတ်ထားလိုက်၏။ သူမ၏ရင်းနှီးမှုကိုနှိုင်းယှဥ်ကြည့်ရာ၌ လျစ်လျူရှုတတ်သည့် ဦးလေးရှန်းစန်း၏မိသားစုနှင့်ယှဥ်လျှင် အိမ်နီးချင်းလည်းဖြစ်ကာ အသက်အရွယ်လည်းကြီးသော အဘွားချန်းကို ပိုတန်ဖိုးထားရပါသည်။

ချန်းယိုထျန်းက ရယ်မောလိုက်သည်။

"သွားကြစို့ စျေးမှာနေရာ​ကောင်းရဖို့ဆိုတာက အဲဒီကို စောစောရောက်ဖို့လို ဆိုလိုတယ်"

ဝန်စည်တွေကိုထမ်းပိုးနေရင်း ရှန်းနဥ်၏ခြင်းတောင်းထဲမှ ကြာစိမ်းရွက်ကို လှမ်းကြည့်လိုက်ပြီး

"ဒီကြာပန်းရွက်က နတ်သမီးတို့ဟူးထုပ်ဖို့အတွက်လား "

စန်းလော့ကပြန်လည်မ​ဖြေခင် ရှန်းနဥ်က စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး စန်းလော့ကအရွက်သေးသေးလေးတွေကို အမြည့်ပေးဖို့အတွက် ရှာတွေ့ခဲ့တာကိုရှင်းပြပြီး ချန်းယိုထျန်းကို ဂုဏ်ယူစွာထည့်ပြောရင်း

"ကျွန်မယောက်မက တော်တော်ကြီးသိတယ်"

အမြည်းပေးသည့်အကြောင်းကို ကြားလျှင် ချန်းယိုထျန်းက ရှန်းနဥ်ရဲ့မှတ်ချက်ကို ထောက်ခံကာ ခေါင်းညိတ်လိုက်ပြီး

"ဒါက တော်တော်လေးကို စနစ်တကျနဲ့ စီစဥ်ထားတာပဲ"

ရှန်းအန်းနှင့်ရှန်းနဥ်တို့၏ စိတ်လှုပ်ရှား​စွာ တတွတ်တွတ် စကားပြောသံများကြားမှ ခြောက်မိုင် သို့မဟုတ် ခုနစ်မိုင်ခရီးသည် မြန်ဆန်စွာ ကုန်ဆုံးသွားခဲ့လေသည်။ သူတို့သည် အာရုဏ်တက်ချိန် အလင်းရောင်မှိန်မှိန်မှ စထွက်လာခဲ့ပြီး စျေးသို့ရောက်သောအခါ မိုးစင်စင်လင်းနေပြီဖြစ်လေသည်။။

တကယ်တော့ စျေးကြီးဟုခေါ်ဆိုသည်မှာ ချင်းဖူမြို့နယ်မှာရှိသော ဗဟိုအချက်အချာကျသည့် ရွာကြီးတစ်ရွာက စျေးတစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်ကျေးရွာများကြား ကုန်စည်များဖလှယ်ရာ၌ လွယ်ကူအဆင်ပြေစေရန်ဖြစ်သည်။

"ဒီနေရာကို စန်းလီရွာဟုခေါ်တာ ခရိုင်ရုံးနဲ့ သုံးမိုင်လောက်ဝေးလေ။ ငါတို့ လမ်းလာတဲ့လမ်းတစ်လျှောက်က ရွာတွေကို စန်းလီရွာ၊ ဝူလီရွာ၊ ချီလီရွာ၊ ရှီလီရွာဆိုပြီး ခရိုင်ရုံးနဲ့ အကွာအဝေးအလိုက် နာမည်ပေးထားတာ"

စန်းလော့က ခရိုင်ရုံးနှင့် စျေးကြီးသည် အတော်မှ နီးသည်ကို ထိုအခါမှ သိလိုက်ရပြီး စိတ်ဝင်စားသွားတော့သည်။ သူမက မေးလိုက်၏။

"လမ်းမှာ ရွာနှစ်ရွာထက်တော့ ပိုဖြတ်လာခဲ့ရတယ်မလား၊ တခြားရွာတွေကော ဘယ်လိုနေလဲ "

ချန်းယိုထျန်းက အပြုံးနှင့်အတူ ပြန်ဖြေလိုက်သည်။

"တခြားအများစုကတော့ မျိုးနွယ်စုအလိုက် အခြေချနေထိုင်ကြတဲ့ မျိုးနွယ်စုတွေဖြစ်ပြီး တချို့ကတော့ ဒေသဆိုင်ရာ မြေအနေအထားအရ ဒါမှမဟုတ် အထင်ကရနေရာတွေအရ နာမည်ပေးထားကြတယ်"

စန်းလော့သည် သည်သတင်းအသစ်ကို မှတ်ထားလိုက်ရင်း စန်းလီရွာသို့ ဝင်လာခဲ့လေသည်။ အခုချိန်၌ စျေး​သည် စောစောရောက်ရှိနေသူများနှင့် စည်ကားနေပါသည်။ အနီးနားနေရာများတွင် နေထိုင်သောရွာသူရွာသားများက သူတို့၏ကုန်ပစ္စည်းများကို တံပိုးဖြင့်ထမ်းကာ၊ ခြင်းတောင်းထဲထည့်ကာ၊ ကောက်ရိုးနှင့်ချည်ကာ သို့မဟုတ် မြေကြီးပေါ်မှာချပြီး ခင်းကျင်းပြသထားကာ သူတို့၏နေရာများကို ဦးထားကြသည်။ ထိုနေရာ၌ အစီအစဥ်အမျိုးမျိုးရှိခဲ့သည်။

ရှန်းအန်းနှင့်ရှန်းနဥ်တို့သည် စိတ်ဝင်စားစရာများကြောင့် မျက်လုံးပြူးသွားကြသည်။ မောင်နှမတတွေ ဈေးသို့ နောက်ဆုံးသွားခဲ့သည့်အချိန်က ရှန်းလီ ရှိနေစဉ်အခါက ဖြစ်လေသည်။

ရှန်းအန်းက စျေးကိုအနှံပတ်ကြည့်လိုက်ပြီး လမ်းဆုံအနီးမှ နေရာကိုညွှန်ပြကာ

"မရီး ဟိုမှာ နောက်ထပ်ဆိုင်တန်းတွေရှိတယ် အဲဒါလမ်းဆုံနားမှာ။ ကျွန်တော်တို့ဆိုင်ကို အဲဒီနေရာမှာ ထားကြမလား"

ထိုသို့မေးလိုက်ပြီးနောက်မှ သူသည် သည်နေရာနှင့်မရီးသည့် သူ့မရီးက ကလေးနှစ်ယောက်နှင့်အတူ ‌နောက်ကိုလှည့်ကာ ချန်းယိုထျန်းအား လမ်းပြပေးရန် ကြည့်လိုက်သည်ကို သိလိုက်ရတော့သည်။

...

All Chapters