အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
အပိုင်း (၁၉)
ချန်းယိုထျန်း၏မသိစိတ်က မှန်နေတော့သည်။
ကလေးနှစ်ဦးနှင့်အတူ ယူဆောင်လာခဲ့သည့်စန်းလော့၏ နတ်သမီးတို့ဟူး အပိုင်း၃၂ ပိုင်းသည် တစ်နာရီမပြည့်မီတွင် ကုန်သွားတော့သည်။ စန်းလော့၏ဆွဲဆောင်မှုရှိသော အထူးလျော့ဈေးကြောင့် ချန်းယိုထျန်း၏ကြက်ဥများပင် ရောင်းထွက်သွားလေသည်။ လူတော်တော်များများမှ တစ်ယောက်လျှင်အနည်းငယ်ဆီဝယ်ယူခြင်းဖြင့် သူမ၏လက်ကျန်ကို ရှင်းပစ်လိုက်သည်။
ကုန်ပစ္စည်းကို သည်လောက်စည်စည်ကားကား ရောင်းရသည့် မြင်ကွင်းကို မြင်ဖူးသည်မှာ လူရိုးကြီးတစ်ယောက်အတွက်တော့ ပထမဆုံးအကြိမ်ပင်။ အရွယ်ရောက်သူတစ်ဦးနှင့်ကလေးနှစ်ဦးသည် တစ်ကိုယ်တော်တီးဝိုင်းအား လက်တွေ့ကျကျဖြင့် ခမ်းနားသောပြဇာတ်ရုံကဲ့သို့ အသက်ဝင်ပြီး ရွှင်မြူးသောလေထုကို ဖန်တီးနေလေ၏။
သူ၏ ခြင်းတောင်းအလွတ်ကို ကြည့်ကာ ဘယ်သူက ဘယ်သူ့ကို ဂရုစိုက်ပေးနေတာပါလိမ့်ဟုပင် တွေးမိသွားတော့သည်။
ထုပ်ပိုးနေစဉ်တွင် စန်းလော့သည် ချန်းယိုထျန်အား မေးလိုက်၏။
"ဦးလေးယိုထျန်း၊ ကျွန်မတို့တွေ ဈေးထဲကနေ ပစ္စည်းတွေဝယ်စရာရှိလို့။ ကျွန်မတို့ကို စောင့်ပေးနိုင်မလား။ အဲ့တာပြီးရင် ကျွန်မတို့ အတူတူပြန်လို့ရတယ်လေ"
ချန်းယိုထျန်းသည် ခေါင်းညိတ်ပြလိုက်၏။
"ရတယ်လေ"
သူက အများကြီး မပြောလိုက်ချေ။ စန်းလော့၏ဘေးကို လျှောက်သွားပြီး ထမ်းပိုးကို ကောက်ကိုင်လိုက်သည်။ မြေအိုးများ၊ ဝါးကျည်တောက်များ၊ သစ်သားဇွန်းများနှင့် ခြင်းတောင်းအား ရေပုံးနှစ်ပုံးထဲသို့ထည့်ပြီး ပုခုံးပေါ်သို့တင်လိုက်သည်။
စန်းလော့အတွက် ကျန်ခဲ့သောခြင်းတောင်းနှစ်ခုတွင် တစ်ခုသည် သူတို့ရောင်းချထားသောပစ္စည်းများနှင့်ပြည့်နေပြီး ကျန်တစ်လုံးမှာတော့ တောင်းအလွတ်ဖြစ်သည်။
ချန်းယိုထျန်းသည် လဲလှယ်ထားသော ခြင်းထောင်းထဲရှိပစ္စည်းများကို ကြည့်လိုက်၏။ ဖျင်ကြမ်းထည်တစ်စ၊ ၊မုန်လာဥနီ၊ နေကြာစိမ်း၊ ခရမ်းသီး၊ သခွားသီးနှင့် ကြက်ဥနှစ်လုံး စသည့်ဟင်းသီးဟင်းရွက်များရှိသည်။
ဖျင်ကြမ်းထည်နှင့်ဥများကတော့ အဆင်ပြေသော်လည်း သူ၏လယ်ကို ထွန်ယက်လေ့ရှိသော လယ်သမားတစ်ဦးဖြစ်သည့် ချန်းယိုထျန်းအတွက်ကတော့ မြေရှိလျှင် အလွယ်စိုက်ပျိုးနိုင်သော ဟင်းသီးသင်းရွက်များမှာ ဖြုန်းတီးသော ကုန်သွယ်မှုတစ်ခုဟု ထင်ရသည်။
သူသည် စကားတွေပြောချင်လှသဖြင့် ပါးစပ်ကို အကြိမ်ကြိမ် လှုပ်လိုက်ပြီးမှ စကားနည်းသူတစ်ယောက်အနေဖြင့် သူသည် ဘာမှမပြောပဲ အနားမှာစောင့်နေလိုက်တော့၏။
စန်းလော့နှင့်ရှန်းအန်းတို့သည် သူတို့သယ်လာသည့်ခြင်းတောင်းများအား တင်ပြီးနှင့်ပြီဖြစ်သည်။ ရှန်းအန်းသည် သူ့အိတ်ကပ်ထဲတွင် ဂရုတစိုက်ထည့်ထားသော ကြေးပြား (ဝမ်)များအား စန်းလော့ထံသို့ လှမ်းလိုက်၏။
ကလေးဝတ်နှင့်မတူသည့် အမျိုးသမီးအဝတ်အစားများသည် များသောအားဖြင့် အိတ်ကပ်မပါချေ။ စန်းလော့တွင် ပိုက်ဆံအိတ်မရှိသဖြင့် ပိုက်ဆံများကို နှစ်ပိုင်းခွဲ၍ သူမ၏အင်္ကျီအိတ်ထောင်ထဲသို့ ထည့်လိုက်၏။
နတ်သမီးတို့ဟူး ၃၂ပိုင်းအထဲမှ သုံးပိုင်းကို အခြားကုန်ပစ္စည်းများနှင့် လဲလှယ်ခဲ့သည်။ ကြက်ဥများအတွက် တစ်ပိုင်း၊ ဟင်းသီးဟင်းရွက်လေးမျိုးအတွက် တစ်ပိုင်း၊ ကျန်တစ်ပိုင်းကို စန်းလော့သည် အနီးနားရှိ အထည်ရောင်းသည့် အဘွားအိုတစ်ဦးထံမှ ဖျင်ကြမ်းစတစ်ဝက်နှင့် စိတ်လိုလက်ရလဲလှယ်ခဲ့သည်။
သူမ၏လက်ကိုင်ပုဝါသည် သေးလွန်းသောကြောင့် တို့ဟူးပြုလုပ်ရာတွင် ရေစစ် အဖြစ်အသုံးပြုနိုင်ရန် အချိန်ကုန်၍ လက်ဝင်လှပါသည်။ အဘွားအိုရောင်းသည့် အကြမ်းထည်များသည် ပိုကောင်းသည့်အသုံးအဆောင်များအတွက် မသင့်တော်သော်လည်း ဆင်းရဲသောမိသားစုများအတွက်တော့ အဝတ်အစား သို့မဟုတ် ဖာထေးရန် သင့်လျော်သည်။
စန်းလော့အတွက်တော့ ထိုအရာသည် ရေစစ် အဖြစ်သုံးရန် အကောင်းဆုံးဖြစ်သည်။
ဟုတ်ပါသည်။ နှစ်ပြားဖိုးတန်ဖိုးရှိသည့် တို့ဟူးတစ်ပိုင်းနှင့် ချည်ကြမ်းအပိုင်းအစကိုတော့ မရနိုင်ချေ။ ဈေးနှုန်းကို မေးပြီးသည့်နောက် စန်းလော့သည် အပေးအယူဖြစ်စေရန် အဘွားအိုအား ဝမ်(၇)ဝမ်နှင့် အရွယ်အစားသင့်လျော်သော တို့ဟူးတစ်ပိုင်းကို ပေးခဲ့ခြင်းပင်။
ကျန်ရှိနေသော တို့ဟူး ၂၉ပိုင်းအား ကြေးပြားစုစုပေါင်း ငါးဆယ့်ရှစ်ပြားဖြင့် ရောင်းချခဲ့သည်။ ချည်ကြမ်းအတွက် ဝမ်(၇)ပြားကို ပေးပြီးသည့်နောက် စန်းလော့သည် သူမ၏အင်္ကျီလက်ထဲတွင် မည်မည်ရရရှိလှသည့် ဝမ်(၂၅)ပြား ကျန်လေသည်။
တကယ်တော့ ဒါသည် လုံလောက်သည်ဆိုရုံပမာဏပင်။
အဲ့ဒီ့တုန်းက ကြေးဒင်္ဂါးပြားတစ်ပြားက မလေးဘူးဆိုပေမဲ့ ငါးဆယ်ကျော်သွားရင်တော့ ...
စန်းလော့သည် ရှန်းအန်းဆီမှ ဒင်္ဂါးပြားများကိုယူပြီး လက်နှင့် ချိန်ဆကြည့်လိုက်တော့ ယခုခေတ်နှင့်ညီမျှသော လေးလျန်ခန့် ( ခန့်မှန်းချေ ၁၅၀ ဂရမ်ခန့်) ရှိမည်ဟု ခန့်မှန်းကြည့်လိုက်၏။
လေးလံပုံက အင်္ကျီအိတ်ကပ်ထဲတွင် ထည့်သည်နိုင်သည့် ရီလီနို့တစ်ဘူးနှင့်တူသည်ကို တွေးကြည့်လိုက်တော့ ဒါက စိတ်ကျေနပ်စေဖို့တော့ လိုသေးသည်ဟု စဉ်းစားမိကာ သူမမှာ သဘောကျသွားတော့သည်။
ဒီအခြေအနေက ပိုက်ဆံအိတ်တစ်လုံးရှိဖို့ အရေးကြီးတယ်လို့ ပြောနေတာပဲ။
ရလာတဲ့ အထည်တစ်ပေခွဲခန့် (မီတာဝက်ခန့်)ကို ရေစစ်တစ်ခု သေသေချာချာလေး လုပ်ဖို့ ဖြတ်လိုက်ရင် နည်းနည်းတော့ ကျန်အုံးမှာပေါ့လေ။ ဒါပေမယ့် အထည်ရဲ့ ကြမ်းတဲ့မျက်နှာပြင်နဲ့ ကြေးပြားအလေးချိန်ကို ချိန်ဆကြည့်လိုက်ရင်တော့ ပိုက်ဆံအိတ်လုပ်ဖို့ မသင့်တော်ပြန်ဘူး။
စန်းလော့သည် စီရင်စုတွင်ရှိသော အထည်ဆိုင်အား သွားလည်ရန် စိတ်ကူးထားပြီး အချိန်ရခဲ့လျှင် သူမအတွက် ပိုက်ဆံအိတ်ချုပ်ရန် စျေးတတ်နိုင်သည့်ပိတ်စ ဝယ်ရန် စိတ်ကူးထားလိုက်သည်။
အခုလောလောဆယ်တွင် ဦးစားပေးဝယ်ရမည်က ကြွေအိုးနှစ်လုံးပင်။ သူမ၏လုပ်ငန်းကို ဆက်လုပ်ရန် ရည်မှန်းထားပါက ချန်းမိသားစုထံမှ ချေးငှားနေရသည်ကို အမြဲတမ်း အားကိုးလို့ မရနိုင်ပါ။ တစ်ခါနှစ်ခါ ချေးသည်မှာ အဆင်ပြေပါသော်လည်း ထိုထက်ပိုပါက အဆင်မပြေနိုင်ပေ။ သူမသည် မစာမနာသည့်သူ မဖြစ်ချင်ပါ။
ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး ချန်းယိုထျန်းသည် သတိထားမိကာ သူမကို ဘာရှာနေတာလဲဆိုပြီး မေးလိုက်သည်။
စန်းလော့က ပြန်ဖြေလိုက်သည်။
"ကျွန်မ ကြွေအိုးတွေကို ရှာဖို့လိုအပ်ပြီး ဆန်လည်း နည်းနည်းလောက် ဝယ်ရမယ်"
ချန်းယိုထျန်းက ရှင်းပြလိုက်၏။
''ဈေးဆိုင်တွေမှာ ရှာလို့ တွေ့မှာမဟုတ်ဘူး၊ အစိုးရက ဒီနှစ်အစောပိုင်းမှာ အခွန်ကောက်ထားတယ်၊ ပြီးတော့ စပါးတွေလဲ မရိတ်ရသေးဘူး။ လူတိုင်းက စားဝတ်နေရေးကျပ်တည်းနေတော့ ဘယ်သူမှ စပါးရောင်းမှာ မဟုတ်ဘူး။ ဆန်ရော အိုးရောဝယ်ဖို့အတွက်ဆိုရင် စန်းလီရွာ အဝင်ဝက အထွေထွေရောင်းဝယ်ရေးဆိုင်ကို သွားမှရမယ် "
ပြောရင်းနှင့်ပင် သူ၏စိတ်မှာ သိသိသာသာ ကျဆင်းသွားပြီး အထုပ်အပိုးများအား ထမ်းပြီး အထွေထွေအရောင်းဝယ်ရေးဆိုင်သို့ လျှောက်သွားခဲ့သည်။
မူရင်းပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် ဒီလိုမျိုး အထွေထွေဆိုင်များသည် ရွာသေးသေးလေးများတွင် မရှိချေ၊၊ ပိုကြီးသော ရွာများတွင်သာ တွေ့ရ၏။ စီရင်စုအထိ ခရီးသွားစရာမလိုဘဲ စျေးမရှိသည့်နေ့များတွင် မရှိမဖြစ်လိုအပ်သော ပစ္စည်းများဝယ်ရန်လိုအပ်သူများအတွက် အဆင်ပြေပြီး၊ မပျက်စီးနိုင်သော ကုန်ပစ္စည်းမျိုးစုံကို ရောင်းချလေ့သည်။
စန်းလော့နှင့် သူ့အဖွဲ့ဟာ ချန်းယိုထျန်းနှင့်အတူ အထွေထွေစတိုးဆိုင်ကို လိုက်သွားသောအခါ ကုန်ပစ္စည်းမျိုးစုံအား သိုလှောင်ထားသည်ကို တွေ့လိုက်ရသည်။ စပါးဈေးအား မေးမြန်းကြည့်သောအခါ ဆိုင်ရှင်က ပြောလေသည်။ "ဆန်က တစ်ပြည်ကို ဝမ် ခုနစ်ဆယ် (ဆယ်လီတာလောက်) ရှိတယ်" ဟူ၍။
အမှန်ပင် ယခုအချိန်တွင် ကျေးလက်မှ လူများသည် ဆန်ကို မဖွတ်ရသေးသည့်ပုံစံနှင့် ဝယ်ပြီး အိမ်ပြန်ရောက်မှ ဆန်ပြန်ဖွတ်ကြလေသည်။ အကြောင်းမှာ ဒါက တွက်ခြေနည်းနည်း ပိုကိုက်သောကြောင့်ပင်။
ပုံမှန်အားဖြင့် စပါးတစ်ပြည်ကို ဆန် ၇၀% သို့မဟုတ် နည်းနည်းသာပိုရလေသည်။ စီရင်စုရှိ ဆန်ဆိုင်များတွင် ဆန်ဈေးသည် မဖွတ်ရသေးသည့် စပါးစျေးနှုန်းနှင့်တူပြီး လုပ်အားခကုန်ကျစရိတ်ကိုပါ ထည့်တွက်ထားခြင်းပင်။
တစ်ချက်ကြည့်လိုက်ရုံနှင့် ကွာခြားပုံမပေါ်သော်လည်း ဆန်ဖွတ်ရသည့် လူပင်ပန်းသည့် အလုပ်လဲဖြစ်နေသည်မဟုတ်ပါလား။
သို့သော်လည်း ကျေးလက်တွင် နေထိုင်သူများကတော့ ဘယ်သူက ကြိုးစားအားထုတ်မှုကို အလကားထားပါမည်နည်း။ စပါးဝယ်သည်ဖြစ်စေ ဆန်ဝယ်သည်ဖြစ်စေ ကွာခြားချက်မှာ လုပ်သားစရိတ်မျှသာဖြစ်သည်ဟု ထင်ရသော်လည်း လက်တွေ့တွင် ဆန်ကြိတ်ခွဲခြင်းသည် ဖွဲနု၏သုံးဆယ်ရာခိုင်နှုန်း အပိုထွက်ရှိသောကြောင့် သိသာလေသည်။
လယ်သမားများအတွက် ဤဖွဲနုသည် အဖိုးတန်ပါသည်။ ဖွဲနုသည် ခက်ခဲတဲ့အချိန်တွေမှာ လူတွေအတွက် အစားအစာဖြစ်ပြီး နည်းနည်းပြေလည်လာသည့်အခါ ကြက်၊ ဘဲ၊ ဝက်တွေအတွက် အကောင်းဆုံး အစာဖြစ်လေသည်။
ဖွဲနုသည်လည်း ရတနာတစ်ခုပင်။
သို့သော်ချန်းယိုထျန်း၏ အာရုံစိုက်မှုသည် တစ်ပြည်လျှင် ခုနစ်ဆယ်ဝမ် ရှိသော စပါးဈေးအပေါ် လုံးလုံးလျားလျား ကျရောက်သွားခဲ့သည်။
"ဘာလို့ ဈေးထပ်တက်သွားတာလဲ။ အရင်က ခြောက်ဆယ်လောက်ပဲရှိတာ မဟုတ်ဘူးလား"
စတိုးဆိုင်ရှင်က သူ့ကိုကြည့်ရင်း
“ခင်များက စပါးဈေးကို လအတော်ကြာထိ သတိမထားမိခဲ့ဘူးလား။ နှစ်ဆဖြစ်နေပြီဗျ”
"ဒီနှစ်မှာ အစိုးရက အခွန်စောကောက်ခဲ့တာကြောင့် စပါးပြတ်လပ်နေတယ်။ ဒါ့အပြင် မြောက်ပိုင်းပြည်နယ် တော်တော်များများကလည်း ရေလွှမ်းမိုးမှုဒဏ်ကို ခံစားနေရပြီး ကုန်သည်အများစုက ငါတို့ရဲ့တောင်ပိုင်းဒေသတွေက စပါးတွေကို ဝယ်ယူနေကြတယ်လေ၊ မြောက်ပိုင်းက ဒုက္ခသည်တွေကလည်း အလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် စားနပ်ရိက္ခာ လိုအပ်ချက် အရမ်းတိုးလာတာပေါ့၊ ငါ့ရဲ့စျေးနှုန်းက စီရင်စုမှာရှိတဲ့ဆန်ဆိုင်တွေနဲ့ အတူတူပဲ။ မင်းငါ့ကိုမယုံရင် စစ်ဆေးကြည့်လို့ရပေမယ့် တူညီတဲ့ စျေးနှုန်းကိုပဲ တွေ့ရလိမ့်မယ်"
ချန်းယိုထျန်းမှာ ပြောစရာစကား ပျောက်ဆုံးသွားတော့သည်။
စန်းလော့သည် သူမ နှုတ်ခမ်းကို စေ့ထားလိုက်၏။ မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်ထဲမှာတော့ ဆန်တစ်ပြည်ကို ဝမ်၁၀၀ပေးရတဲ့ သူတို့ ကပ်ဘေးဆိုက်နေတဲ့ ပြည်နယ်က ဈေးနဲ့ယှဥ်ရင် ဒီက စပါးဈေးက နိမ့်ပါတယ်။
ခြေမွေးမီးမလောင်၊လက်မွေးမီးမလောင်နေခဲ့ရသော မူလပိုင်ရှင်သည် ပုံမှန်စပါးပေါက်ဈေးကို သိပ်သတိမထားမိပါ။ စန်းလော့သည် ချီယန်စီရင်စုကို ပထမဆုံးထွက်ပြေးလာသည့်အချိန်၌ စပါးတစ်ပြည်ဈေးက ခြောက်ဆယ့်ငါးဝမ်ပဲ ရှိခဲ့၏။
စန်းလော့သည် သူမ၏ နတ်သမီးတို့ဟူးစျေးနှုန်းကို ဤယူဆချက်အပေါ် အခြေခံထားခြင်းပင်။
ထို့ကြောင့် စတိုးဆိုင်ပိုင်ရှင်၏ တစ်ပြည်လျှင် ဝမ်ခုနစ်ဆယ်ရှိ စျေးနှုန်းကို ကြားလိုက်သောအခါ ချန်းယိုထျန်းကဲ့သို့ထိတ်လန့်သွားခြင်းမရှိပေ။ သူ၏တုံ့ပြန်မှုကို မြင်ပြီး စတိုးဆိုင်ရှင်နှင့် စကားပြောတာကို ကြားလိုက်သည့်အခါမှ တစ်ပြည်လျှင် ဝမ်ခုနစ်ဆယ်သည် တောင်ဘက်တွင်လဲ ဈေးများသည်ဟု သူမ သဘောပေါက်သွားတော့သည်။
စန်းလော့သည် အနည်းငယ် ရင်လေးသွားတော့သည်။
မူလပိုင်ရှင်၏ မှတ်ညဏ်တွင် ယခုခေတ်ရှိ လူအများစုသည် စစ်ပွဲများ၊ သဘာဝဘေးအန္တရာယ်များ၊ အလုပ်ကြမ်းနှင့် အခွန်များအတွက် ခက်ခဲစွာ ကြံ့ကြံ့ခံနေကြရသည်ဟု သူမ တွက်ဆရန် မခက်ပေ။ သူတို့သည် ဇိမ်ခံနိုင်ရန် တွေးတောခြင်းမရှိဘဲ ဆက်လက်ရှင်သန်နိုင်ဖို့သာ ရုန်းကန်နေရလေသည်။
စပါးဈေးပြဿနာကို တိုက်ရိုက်ရင်ဆိုင်လိုက်ရမှ ရှောင်လွှဲ၍မရသော အဖြစ်မှန်ကို သူမ ရင်ဆိုင်လိုက်ရတော့သည်။
ဒါပေမယ့် အဲဒါနဲ့ ပတ်သက်ပြီးတော့ရော ဘာတတ်နိုင်မှာလဲ။
စန်းလော့သည် သူမကိုယ်သူမ ပိုမိုကောင်းမွန်သောနေရာသို့ ပို့ဆောင်ရန် ကံကြမ္မာ သို့မဟုတ် နတ်တန်ခိုးများကို ခြယ်လှယ်နိုင်ခွင့်မရှိသလို အုပ်စိုးသူအာဏာများကို ဖြုတ်ချပြီး ကြီးမြတ်သောဧကရီအဖြစ်နှင့် ငြိမ်းချမ်းသာယာဝပြောသောခေတ်ကို ထူထောင်နိုင်စွမ်းလည်း မရှိမှန်းလည်း သိနေသည်။
သူမလုပ်နိုင်သမျှမှာ သူမ၏ကိုယ်ပိုင်ရှင်သန်မှုနှင့် ပိုမိုကောင်းမွန်သော ဘဝတစ်ခုကို တည်ဆောင်နိုင်ဖို့ နည်းနည်းလေး ပိုကြိုးစားဖို့ရန်ပင်။ ထို့ထက်လည်း မပိုပါချေ။
ချန်းယိုထျန်း အသံတိတ်နေသည်ကိုမြင်လိုက်သည်တွင် ဆိုင်ရှင်က မေးလိုက်တော့သည်။
''ခင်များတို့ ဝယ်မှာလား"
စန်းလော့က စကားဝိုင်းကို ဆက်ပြောလိုက်၏။
''ဟုတ်ကဲ့၊ ကျွန်မတို့ဝယ်ပါမယ် ဒါပေမယ့် အရင်ဆုံး ကြွေအိုးတွေကို ကြည့်ချင်တယ်"
...
အပိုင်း (၂၀ )
ချန်းမိသားစုအိမ်နှင့် အမျိုးအစားတူသော မြေအိုးတစ်လုံးကို ဆိုင်တစ်ဆိုင်တွင် ၃၆ဝမ်စျေးပေးရ၏။ စန်းလော့က အဆက်မပြတ်စျေးဆစ်ပြီးမှ ဆိုင်ရှင်က ၂ဝမ်လျှော့ပေးသည်ကို ရခဲ့လသေည်။
စန်းလော့သည် ကြွေအိုးတစ်လုံးနှင့် ဆန်နှစ်ဘူးခွဲ (၂.၅လီတာခန့်)ကို ဝယ်ယူလိုက်သည်။ သူမ၏အကျ်ီလက်ထဲမှ ကြေး ၅၂ဝမ်သည် လက်ထဲမနွေးရသေးခင် အမြန်ကုန်သွားခဲ့ပြီး ဘာမှမကျန်ခဲ့တော့ပေ။
သို့သော်လည်း အသစ်ဝယ်ထားသော အိုးနှင့် အိုးထဲကဆန်များကို ကိုင်တွယ်ကြည့်လိုက်သောအခါ သူမ၏နှမြောစိတ်က ပျောက်ကွယ်သွားပြီး ကျေနပ်ရောင့်ရဲသည့် ခံစားမှုက အစားထိုးဝင်ရောက်လာလေသည်။
နောက်ဆုံး၌ သူမတွင် ဆန်စပါးအချို့နှင့် ပိုင်ဆိုင်မှုများရှိလာခဲ့သည်။
ရှန်းအန်းနှင့်ရှန်းနဥ်းတို့ကလည်း အိုးနှင့်ဆန်များကို တို့ထိကြည့်ပြီး ကျေနပ်မှုအပြည့်ဖြင့် ဝိုင်းလာကြသည်။
"မရီး ကျွန်တော် ဒါကို သယ်ပါရစေ"
"ကျွန်တော်သယ်ချင်လို့ပါ"
မောင်နှမနှစ်ယောက်တွေက အိုးသယ်ရန် စိတ်အားထက်သန်စွာဖြင့် အပြိုင်လုနေကြသည်။
ဤကိစ္စကိုမြင်ပြီး ချန်းယိုထျန်း၏ မရီမပြုံး ခပ်တည်တည်မျက်နှာထားသည် ပြုံးလာပြီး
"ဘာလို့ လက်အညောင်းခံပြီး သယ်နေမှာလဲ၊ ရေပုံးထဲပဲ ထည့်ထားလိုက်လေ။ အဲလိုဆိုရင် သယ်ရတာ ပိုလွယ်တယ်"
သို့သော် ရှန်းအန်းက ခေါင်းခါပြလိုက်ကာ သွားများပေါ်အောင် ပြုံးဖြီးလိုက်သည်။
"ဦးလေးယိုထျန်း မလေးပါဘူး။ ကျွန်တော် ပင်ပန်းရင် ဦးလေး ကူသယ်ပေးလို့ ရတယ်လေ"
ရှန်းနဥ်းက အမြန်ထပ်ပြောလိုက်သည်။
"ညီမလေးလည်းပဲ အစ်ကို ပင်ပန်းရင် ညီမလေးရှိတယ်နော်။ အလှည့်ကျသယ်ကြရအောင်လေ အစ်ကို"
အပြန်အလှန်လဲလှယ်ပြီး သယ်ဆောင်ကြရာ၌ မောင်နှမနှစ်ယောက်တွေက အိုးကိုဘယ်သူက အရင်သယ်ပြီး နောက်မှ ဘယ်သူက တာဝန်လွှဲယူမည်ဆိုသည်ကို ဆုံးဖြတ်ပြီးသားဖြစ်လေသည်။
စန်းလော့က သူတို့ကို ရယ်ရယ်မောမောဖြင့် ကြည့်လိုက်ကာ သယ်ခွင့်ပေးလိုက်ပြီး ကြွေအိုးကို ရှန်းအန်းဆီသို့ ပေးလိုက်သည်။ သူမ၏အကြည့်က ကုန်စုံဆိုင်မှဖြတ်ပြီး ဝက်သားဆိုင်ဘက်သို့ ရောက်ရှိသွားလေ၏။
မူလပိုင်ရှင်၏ခန္ဓာကိုယ်၌ မည်သည့်အသားစိုင်မျှမရှိသည်မှာ ကြာပြီဖြစ်ပုံရ၏။ ဝက်သားဆိုင်ဘက်ကို မြင်လိုက်ရရုံဖြင့် ပြင်းထန်သည့် လိုချင်တပ်မက်မှုနှ င့်ဆာလောင်မှုကို ဖြစ်ပေါ်လာစေတော့သည်။
စန်းလော့သည် သူမ၏တစ်ခုတည်းသော ဟင်းခတ်အမွှေးအကြိုင်အဖြစ် သူမ၏သက်ကယ်တဲရှိ တစ်ခုတည်းသောဆားအိုးကို သတိရသွားကာ ဝက်သားကိုမြင်လျှင် ထိန်းမနိုင်သိမ်းမရဖြစ်ပြီး သွားရည်များကျလာ၏။
ငတ်မွတ်ခေါင်းပါးမှုဘေးမှ လွတ်မြောက်လာပြီးကတည်းက မူလပိုင်ရှင်က အသားအရသာကို မခံစားခဲ့ရတာ ဖြစ်မည်။ တွေးကြည့်လိုက်ရုံဖြင့်ပင် သူမ၏ဝမ်းဗိုက်ကို မသက်မသာဖြစ်စေသည်။
မနက်ဖြန်ဆိုလျှင် သူမ ပြေလည်အောင်ဖြေရှင်းနိုင်ပြီဖြစ်၍ နောက်ထပ်ပိုက်ဆံရှာရန် နည်းလမ်းတစ်ခုကို ရှာတွေ့ပေလိမ့်မည်။
ဤစိတ်ဖြင့် စန်းလော့က ချန်းယိုထျန်းကို မေးလိုက်သည်။
"ဦးလေးယိုထျန်း ဝက်သားဆိုင်က စျေးနေ့မဟုတ်ရင်တောင် အသားရောင်းတာလား"
သူမ၏မေးခွန်းကိုကြားလိုက်သည်တွင် ချန်းယိုထျန်းက တစ်ချက်ဝေ့ကြည့်လိုက်ပြီး စန်းလော့သည် ဝက်သားဆိုင်ဘက်သို့ အကြာကြီး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏မျက်လုံးများက လိုအင်ဆန္ဒကြောင့် ရွှမ်းစိုနေလေ၏။
သူက ခေတ္တရပ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ် သူတို့ ရောင်းကြတယ်။ အနီးအနားပတ်ဝန်းကျင်က ရွာတွေကို ရောင်းချပေးနေတဲ့ တစ်ခုတည်းသော ဝက်သားဆိုင်မလို့ နေ့တိုင်း အသားရောင်းပေးတယ်"
ရှန်းအန်းနှင့်ရှန်းနဥ်တို့သည် ဆန်စေ့များပြည့်နေသည့်အိုးကို ရတနာပစ္စည်းတစ်မျိုးကဲ့သို့ တန်ဖိုးထားပွေ့ဖက်ထားလိုက်ပြီး နောက်ဆုံးတွင် ဝက်သားဆိုင်အကြောင်းပြောသည့်အခါ သူတို့၏ပစ္စည်းဥစ္စာအသစ်နှင့် ဆန်စပါးများဆီမှ အာရုံပြောင်းသွားကာ စန်းလော့၏အကြည့်နောက်သို့ လိုက်ပါသွားကာ လမ်းတစ်ဖက်ရှိ ဆိုင်တန်းဘက်သို့ ရောက်ရှိသွားခဲ့လေသည်။
ကြားနိုင်လောက်သည့် တံတွေးမျိုချသံနှင့်အတူ နှစ်ယောက်လုံးက ခက်ခက်ခဲခဲ မျိုချလိုက်ပြန်၏။
"မရီး ကျွန်တော်တို့မှာ ပိုက်ဆံရှိသေးလား"
မောင်နှမနှစ်ယောက်တွေက မတွက်ချက် တတ်သေးသော်လည်း သူတို့လက်ဝယ်ပိုင်ဆိုင်ထားသော အိုးနှင့်ဆန်စပါးများသည် တန်ဖိုးကြီးကြောင်းကို နားလည်ထားကြပါသည်။
စန်းလော့က ပြတ်ပြတ်သားသား ခေါင်းခါပြလိုက်၏။
"မရှိတော့ဘူး၊ ငါတို့မှာ ဘာမှမကျန်တော့ဘူး။ဒါပေမယ့် ငါတို့ ဒီထက်ပိုပြီး ဝင်ငွေရနိုင်ပါသေးတယ်"
ရှန်းအန်းက နည်းနည်းငေးငိုင်မိသွားပြီး အသားဆိုင်ဘက်သို့ မျက်စိတစ်ချက် ဝေ့ကြည့်လိုက်ကာ သူ့လက်ထဲမှ ဆန်စေ့များကို ပြန်ကြည့်လိုက်ပြီး နှစ်ခါလောက် တံတွေးမျိုချလိုက်ပြီးမှ ပြောလိုက်လေသည်။
"မကြီး အသားကစျေးကြီးတယ် ကျွန်တော်တို့မှာ ပိုက်ဆံတွေရှိရင်တောင် ဆန်စပါးတွေ ဝယ်ထားတာ ပိုကောင်းပါတယ်"
သူသည် ဆာလောင်နေရမည်ကို အမှန်တကယ် ကြောက်ရွံ့နေခဲ့သည်။
ဖွဲနု စားရမည်ကို ကြောက်ရွံ့မိသည့်အတွေ့အကြုံနှင့် ဖွဲနုလုံးဝမစားတော့သည့် အတွေ့အကြုံများ ရှိလာပြီးနောက် ဆန်စပါးကသာ သူ့ကို စိတ်ချလုံခြုံသည့် ခံစားချက်တစ်ခု ပေးစွမ်းနိုင်တော့သည်။
သို့တိုင် အသားဟူသည့် အတွေးသက်သက်ကပင် သူ့ခံတွင်းမှသွားရည်ကို ထိန်းမနိုင်သိမ်းမရဖြစ်စေပြီး ဗိုက်ထဲတွင် ထိတ်လန့်တုန်လှုပ်ကာ ဆာလောင်မွတ်သိပ်မှုကို ဖြစ်ပေါ်လာစေတော့သည်။
ရှန်းအန်းသည် အောင့်သက်သက်ဖြင့် အကြည့်ကိုလွှဲလိုက်ပြီး မြေအိုးထဲမှ ဆန်စပါးများကို စိုက်ကြည့်ကာ သူ့ကိုယ်သူ အဆက်မပြတ် အားပေးနေလိုက်၏။ - "ဆန်စပါးတွေက ကောင်းတယ်၊ ဆန်စပါးတွေက အကောင်းဆုံးပဲ၊ ဆန်စပါးတွေထက် ပိုကောင်းတာ ဘာမှမရှိဘူး"
သူ့အကိုထက်ပင် ပိုဆိုးနေသည့်ရှန်းနဥ်က တံတွေးကို ထပ်ကာထပ်ကာမျိုချရင်း သူမ၏မျက်လုံးများသည် အသားဆိုင်ဆီမှ မခွာရက်နိုင်ပေ။
စန်းလော့က ကလေးနှစ်ယောက်ကို လက်ဖြင့်ဖွဖွပုတ်ပေးလိုက်ပြီး
"ငါတို့က ဆန်စပါးတွေ ဝယ်ရလိမ့်မယ်၊ အသားတွေလည်းပဲ စားရလိမ့်မယ် ဒါပေမဲ့ ဖြည်းဖြည်းပေါ့၊ တစ်ချိန်တည်းမှာ အသားများများစားတာက မကောင်းပေမယ့် ဆီပြန်ထုတ်လို့ရဖို့အတွက် အဆီနည်းနည်းဝယ်ဖို့တော့ လိုအပ်တယ်လေ”
အဆီဓာတ်လုံးဝမပါဝင်သော အသီးအရွက်များကို တစ်နှစ်ပတ်လုံးစားသုံးခြင်းက သူတို့၏ခန္ဓာကိုယ်များ ပျက်စီးသွားမည်ဆိုသည်ကို အံသြစရာမဟုတ်ချေ။
ကလေးများ၏ ခြောက်သွေ့ကြမ်းတမ်းသည့်ဆံပင်များကို ကြည့်ရုံဖြင့် သိနိုင်လေသည်။
"သွားကြရအောင် နောက်တစ်ခါ ငွေလောက်အောင် ရှာပြီး နင်တို့တွေ နည်းနည်းပါးပါး စားရမှာပေါ့၊ နင်တို့တွေ အဆီဖတ်တွေလဲ စားလို့ရတယ်လေ"
အစ၌ စန်းလော့ကို အသားဝယ်ချင်စိတ် အလွန်ပြင်းပြသည်ဟုထင်ခဲ့သော ချန်းယိုထျန်းက သူတို့သုံးယောက်၏ ပိန်ပိန်းပါးပါးဖြင့် သနားစရာကောင်းသည့် အသွင်အပြင်နှင့် အသက်ရှင်သန်ဖို့ရန် ခက်ခက်ခဲခဲ ကြိုးစားရသည်ကို မြင်လိုက်ရသည်တွင် အထင်လွဲခဲ့မိမှန်း နားလည်သွားတော့သည်။
ဟုတ်ပါသည်။ ရှန်းလီစစ်မှုထမ်းရန် ထွက်သွားပြီးကတည်းက ကလေးများ၏အသက်ရှင်နေထိုင်မှုသည် သိသိသာသာဆိုးရွားလာခဲ့ပြီး ယခုဆိုလျှင် ရှန်းလီလည်း ဆုံးပါးသွားပြီး ကလေးများက စန်းလော့နှင့်အတူ နှင်ထုတ်ခံလိုက်ရသည့်အတွက် သူတို့သည် ဆီတစ်စက်လေးတောင် သုံးစွဲရန်မတတ်နိုင်တော့သည့်ဟန် ဖြစ်နေလေ၏။
ကလေးနှစ်ယောက်က စန်းလော့အနားသို့လျှောက်သွားကာ သူတို့အစ်မကြီးနှင့် ပျော်ရွှင်စွာစကားပြောကြရင်း တံတွေးမြိုချနေသည်ကို ကြည့်နေစဥ် သူ့ကို လှည့်ကာ ခေါ်လိုက်သဖြင့် ချန်းယိုထျန်းက ပြန်ထူးလိုက်ပြီး သူ့ဝန်စည်စလှယ်များနှင့်အတူ တိတ်တဆိတ် နောက်မှလိုက်သွားလေ၏။
သူလမ်းလျှောက်လာရင်းနှင့် ချန်းယိုထျန်း၏အတွေးများက ရှန်းလီကဲ့သို့ ရှေ့တန်း၌စစ်မှုထမ်းခဲ့ပြီး ဘယ်တော့မှပြန်မလာတော့သည့် သူ့၏အကြီးဆုံးသားကြီးကို ပြန်ပြောင်း သတိရသွားပြန်၏။ ထိုအခြင်းအရာသည် သူကြာရှည်စွာ မေ့ဖျောက်ထားခဲ့သည့် ဝမ်းနည်းပူဆွေးခြင်းဟု တွေးထင်ထားခဲ့သော်လည်း ယခုအခိုက်အတန့်တွင် သူမျိုသိပ်ထားခဲ့သော ဝမ်းနည်းပူဆွေးမှုသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး စိတ်ထိခိုက်မိတော့သည်။
သူ့ဝန်စည်များကိုထမ်းပိုးရင်း ခြေလှမ်းအနည်းငယ်မျှလှမ်းလိုက်ရင်း ထမ်းပိုးပေါ်မှလက်ကို အလျင်အမြန်ပင့်လိုက်ပြီး နာကျင်မှုကို အောင့်ထားရန် သူ့မျက်လုံးများကို လက်ဖဝါးနှင့် ဖိထားလိုက်လေသည်။ ခဏအကြာ၌ သူ့၏အမြင်အာရုံသည် ကြည်လင်လာပြီး ရှေ့သို့ ဆက်လျှောက်သွားလိုက်တော့၏။
...
သူတို့သည် မနက်မိုးလင်းခါနီး၌ ရှီလီရွာနားသို့ ရောက်လာပြီး ရွာဝင်ပေါက်နှင့် ခပ်လှမ်းလှမ်းရှိနေသေးရာ စန်းလော့က ရုတ်တရက် ရပ်တန့်လိုက်လေသည်။
တောင်ပေါ်တက်သည့် လမ်းလေးတစ်ခုကိုညွှန်ပြရင်း သူမက ပြောလိုက်သည်။
"ဦးလေးယိုထျန်း ကျွန်မ ဒီလမ်းအတိုင်းပဲ အိမ်ပြန်လိုက်တော့မယ်နော်။ ကျွန်မတို့ ဒီနေရာမှာ လမ်းခွဲလိုက်ကြမယ်။ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီးတော့ ပုံးကို ဦးလေးပဲ ပြန်ယူသွားလိုက်ပါ၊ တခြားအိုးကိုတော့ ဦးလေးတို့အိမ်ကို ကျွန်မနောက်မှ ပို့ပေးလိုက်မယ်"
ချန်းယိုထျန်းက ချီတုံချတုံံဖြစ်ပြီး တောင်တက်လမ်းက လမ်းကြောင်း ပိုရှည်ကို စဉ်းစားမိသော်လည်း သူမ၏ရည်ရွယ်ချက်ကို မြန်မြန် နားလည်လက်ခံသွားပြီး ခေါင်းညိတ်လိုက်တော့သည်။
"ကောင်းပါပြီ"
သူ၏ဝန်စည်များကိုချပြီး စန်းလော့ပိုင်သည့်သစ်သားဇွန်းနှင့် ဝါးကျည်တောက်များကို ထုတ်ယူလိုက်ပြီး လမ်းမခွဲခင်မှာ သူတို့လက်ထဲသို့ ထည့်ပေးလိုက်သည်။
ရှန်းနဥ်းက ဇဝေဇဝါဖြစ်သွားပြီး ချန်းယိုထျန်းခပ်ဝေးဝေးရောက်တဲ့အထိ စောင့်နေလိုက်ပြီးမှ တိုးတိုးလေး မေးလိုက်၏။
"ယောက်မ ညီမတို့က ဘာလို့တောင်တက်လမ်းက လျှောက်နေရတာလဲ"
စန်းလော့က သူမကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ရှန်းအန်းကို မေးလိုက်သည်။
"ဘယ်လိုထင်လဲ ရှန်းအန်း"
ရှန်းနဥ်းက သူ့အစ်ကိုကို ကြည့်လိုက်သည်။
ကြွေအိုးကို ကိုင်ထားသည့်ရှန်းအန်းက မှန်းပြောလိုက်သည်။
"မရီးက ကျွန်တော်တို့မှာ ဆန်စပါးဝယ်ဖို့ ပိုက်ဆံအလုံအလောက် ရှိနေတာကို ရွာသားတွေမမြင်စေချင်ဘူး။ ဟုတ်တယ်မလား"
စန်းလော့ကပြုံးလိုက်ပြီး သူမ၏နှုတ်ခမ်းများက ကွေးညွတ်သွားသည်။
ကလေးက တကယ်ကို ဥာဏ်ကောင်းတာပဲ။
သူ့မရီး၏ တုံ့ပြန်မှုကိုမြင်တော့ ရှန်းအန်းက သူပြောသည့်စကား မှန်သွားမှန်းသိလိုက်ပြီး မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။ သို့တိုင် သူသည် စိတ်ထဲတွင်တော့ ကလေးတစ်ယာက်သာပင်။
ရှန်းနဥ်က ရှန်းအန်းလောက် မစဥ်းစားတတ်သေးသော်လည်း အထူးသဖြင့် အစ်ကိုဖြစ်သူ၏ လတ်တလော သတိပေး ပြောပြချက်အပြီး၌ သူမသည် နည်းနည်းချင်းစီ နားလည်သဘောပေါက်သွားခဲ့သည်။ သူမက သတိနှင့် လှည့်ပတ်ကြည့်ရှု့ပြီး တိုးတိုးလေးပြောလိုက်တော့သည်။
"ယောက်မ နတ်သမီးတို့ဟူးကနေ ငါတို့တွေ ပိုက်ဆံရှာနေတာကို ရွာသားတွေကို ပေးသိလို့မရဘူးနော် ဟုတ်တယ်မလား"
“ဉာဏ်ကောင်းလိုက်တဲ့ကလေး”
စန်းလော့သည် သဘောကျစရာကောင်းသည်ကို မြင်လိုက်မိပြီး ရှန်းနဥ်၏နှာခေါင်းကို လက်ဖြင့် ဖိညှပ်လိုက်သည်။
"ညီမလေးက တကယ့်ကို ဥာဏ်ကောင်းတာပဲ"
လမ်းတစ်လျှောက် လမ်းရှင်းဖယ်ရှားရန်အတွက် သစ်ကိုင်းတစ်ကိုင်းကို ကောက်ကိုင်လိုက်ရင်း သူမသည် မောင်နှမနှစ်ယောက်ကို ဦးဆောင်ကာ လမ်းကြောင်းအတိုင်း တောင်ပေါ်မှ ဆင်းလာရင်း ရှင်းပြလိုက်လေသည်။
"ငါတို့က အရမ်းသေးတယ်လေ၊ မည်မည်ရရ ခြံဝင်းရယ်လို့လဲမရှိဘူး၊ ကိုယ့်ကိုကိုယ် တတ်နိုင်သမျှ အာရုံစိုက်ခံပြီးမနေတာ အကောင်းဆုံးပါပဲ"
ဤစကားကိုကြားသည်နှင့် မောင်နှမနှစ်ယောက်တွေ၏ မျက်နှာပေါ်က အပြုံးများသည် စိတ်ပူပန်ရသည့်အသွင်သို့ တဖြည်းဖြည်း ပြောင်းသွားတော့သည်။
သူတို့၏တုံ့ပြန်မှုကိုမြင်လိုက်သည်တွင် စန်းလော့က ပေါ့ပေါ့ပါးပါး ရယ်မောကာ နှစ်သိမ့်လိုက်၏။
"သိပ်ပြီးလည်း စိတ်မပူပါနဲ့၊ ငါတို့ရွာက သေးသေးလေးပဲ၊ လူနည်းစုပဲ စျေးသွားကြတာ။ စျေးကလည်း ငါးရက်တစ်ကြိမ်ရှိနေတာဆိုတော့ တစ်ယောက်ယောက်နဲ့ တွေ့ဖို့ဆိုတာ မလွယ်ပါဘူး။ တွေ့ခဲ့ရင်တောင် ငါတို့ ဘာလုပ်နေတယ်ဆိုတာကို သူတို့လွယ်လွယ်နဲ့ သိမှာ မဟုတ်ဘူး။ စောင့်ကြည့်ခံနေရတာကလည်း ဒုက္ခဖြစ်နိုင်တာပဲ။ အခုနဲ့မတူဘဲ ငါတို့လုပ်နေတာတွေမှာ ပိုပြီးသတိရှိရတော့မယ်"
မောင်နှမနှစ်ယောက်က သူတို့၏မရီးဖြစ်သူ၊ ယောက်မဖြစ်သူကို အရွက်ဖျော်ရည်ထဲ ပြာရည်ထည့်သည့်နည်းလမ်းက တကယ်တော့ သာမန်လူတွေ ခန့်မှန်းလို့မရသော လျို့ဝှက်နည်းတစ်ခုဖြစ်နေသည်ကို စဉ်းစားမိလိုက်ကြသည်။
သူတို့၏စိုးရိမ်သောအမူအရာများ လျော့ပါးသွားပြီး တပြိုင်တည်း ခေါင်းညိတ်လိုက်ကြသည်။
"မကြီး ကျွန်တော်တို့ သတိထားပါ့မယ်"
တောင်အတွင်းဘက်သို့ ပိုနက်သည်အထိ လျှောက်လာရင်း စန်းလော့က နတ်သမီးသစ်ပင်မှ အရွက်များကို ခူးရမည့်အခွင့်အရေးကို အသုံးချလိုက်၏။
မရီးဖြစ်သူက သစ်ရွက်များခူးနေသည်ကို မြင်လိုက်ပြီး ရှန်းအန်းက လှည့်ကြည့်ကာ သူကိုင်ထားသည့် ကြွေအိုးကိုအောက်သို့ချထားဖို့ နေရာတစ်ခုတွေ့လိုက်၏။ ထို့နောက် သူတို့မောင်နှမနှစ်ယောက်က သစ်ရွက်များကို စတင် ခူးကူလိုက်ကြပြီး ကျယ်ကျယ်လောင်လောင်ဖြင့်
"ကျွန်တော်တို့တွေ နေ့လယ်စာအတွက် ဒါကို စားကြမလို့လား"
စန်းလော့က ခေါင်းခါပြလိုက်သည်။
"ငါတို့ ဒီမနက်ပဲ ဒါကို စားထားတာလေ၊ အနပ်တိုင်း ဒါပဲ စားလို့မရဘူး။ နေ့လယ်စာအတွက်တော့ နေကြာစိမ်းဆန်ပြုတ် ပြုတ်ရမယ်"
သူတို့၏လက်ရှိ လူနေမှုအဆင့်အတန်းအရ ရိုးရိုးထမင်းဖြူစားရန် မတတ်နိုင်ရာ ဆန်ပြုတ်ကသာ ပိုပြီးလက်တွေ့ကျလေသည်။
ရှန်းနဥ်းသည် မြေပြင်ပေါ်ရှိခြင်းတောင်းကို ငုံ့ကြည့်ကာ စွန့်စားပြီး မေးလိုက်လေသည်။
"ယောက်မ ညီမတို့ ခရမ်းသီးနှပ် စားလို့ရမလား"
မောင်နှမနှစ်ယောက်သည် အရင်ကခရမ်းသီးကိုစားဖူးသော်လည်း လွန်ခဲ့သည့် လများစွာတုန်းက ဖြစ်လေသည်။ ခရမ်းသီးက ရှားရှားပါးပါးတော့ မဟုတ်ပေ၊ သူတို့အတွက်ကလွဲ၍ ရှီလီရွာက အိမ်ထောင်စုတိုင်း ခရမ်းပင်များ စိုက်ပျိုးကြလေသည်။
အခု သူတို့မှာ ခရမ်းသီးတွေရှိလာသဖြင့် နည်းနည်းတော့ တမ်းတမိသည်မှာ သဘာဝပင်။
စန်းလော့က ရှန်းနဥ်းကို ပြုံးပြုံးကြီးကြည့်ရင်း
"အားနဥ်းက ခရမ်းသီးကို တောင့်တနေတာလား"
ရှန်းနဥ်းက အားတက်သရော ခေါင်းညိတ်ပြလိုက်ပြီ
"မစားရတာ အရမ်းကြာနေပြီ၊ ခရမ်းသီးနှပ်က အရမ်းမွှေးတာပဲ"
သူမက တံတွေးကိုမျိုချရင်း ပြောလိုက်သည်။
ထိုစကားတွင် စန်းလော့သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် ရှန်းနဥ်၏ နီမြန်းနေသောမျက်နှာကို မြင်လိုက်ရသဖြင့် ပြောလိုက်လေသည်။
"မကြီးလည်း အရမ်းပဲ စားချင်နေတာ၊ ဒါပေမယ့် ခရမ်းသီးနှပ်က ဆီတို့ အနှစ်တို့ပါမှ အနံ့မွှေးတာလေ၊ ငါတို့မှာ ဆားပဲ ရှိတာဆိုတော့ ခရမ်းသီးပြုတ်တာနဲ့ ပိုတူသွားမှာ၊ နောက်ပြီး ဒီခရမ်းသီးနည်းနည်းလေးက အလကားဖြစ်သွားလိမ့်"
“ဒီတော့ ငါတို့တွေ ဒီနေ့ ခရမ်းသီးမစားဘူး”
ကလေးမလေး၏မျက်နှာပေါ်၌ စိတ်ပျက်အားငယ်နေသည်ကို အတိုင်းသား မြင်လိုက်ရသဖြင့် စန်းလော့ကပြုံးလိုက်၏။
"မကြီး အသားနည်းနည်းဝယ်လာတဲ့အထိ စောင့်လိုက်၊ ဆီလုပ်ဖို့ အဆီဖတ်တွေကို အသုံးပြုရလိမ့်မယ်၊ အဆီနည်းတဲ့အသားနည်းနည်းကို နှုတ်နှုတ်စဉ်းပြီး ခရမ်းသီးထဲ ထည့်နှပ်လိုက်မယ်။ ငါတို့တွေ နှမ်းရွက် ဒါမှမဟုတ် ပူစီနံရွက် နည်းနည်းလောက် ထည့်လဲ ရသေးတယ်၊ အရသာရှိလွန်းလို့ လျှာတောင်လည်သွားလိမ့်မယ်နော်"
ထိုစကားကိုကြားရသည်နှင့်ပင် ရှန်းအန်းနှင့်ရှန်းနဥ်တို့သည် အတွေးဖြင့်ပင် သွားရည်များကျနေတော့သည်။
ပူပြင်းသောရာသီဥတုနှင့် အသီးအရွက်များ၏ ပျက်စီးပုပ်သိုးလွယ်သည်ကို တွေးကြည့်ရင်း သူတို့၏မရီးက လာမည့်ရက်အနည်းငယ်မှာ အသားဝယ်လာလိမ့်မလားဟု စဉ်းစားနေကြတော့သည်။
အထင်လွဲမည်ကို စိုးရိမ်မိကာ သူတို့၏မရီးဖြစ်သူကို ဖိအားပေးမိမည်စိုးသဖြင့် သူတို့၏အတွေးများကို ထုတ်မပြောရဲကြပဲ မောင်နှမနှစ်ယောက်သည် အကြည့်ချင်းသာ ဖလှယ်လိုက်ကြလေသည်။
ရှန်းအန်းက စကားလမ်းကြောင်းလွဲ လိုက်ပြီး
"မရီး ကျွန်တော်တို့ ဘာလို့ ဒီအရွက်တွေကို ခူးနေတာလဲ"
စန်းလော့က သူတို့၏အမူအရာကို သတိပြုမိလေရာ အသေးစိတ် မပြောတော့ဖို့ ဆုံးဖြတ်လိုက်ပြီး ရှန်းအန်း၏မေးခွန်းကို ပြုံးပြုံးလေး ဖြေလိုက်သည်။
"ငါတို့တွေ ဒီနေ့ညနေကျရင် နတ်သမီးတို့ဟူးလုပ်ပြီး ချန်းမိသားစုက အဘိုးနဲ့အဘွားကို သွားပေးကြမယ်လေ၊ ဒီနေ့ ဦးလေးယိုထျန်းက ငါတို့ကို ပစ္စည်းတွေကို နှစ်ခါတောင် သယ်လာပေးတာ ကျေးဇူးတင်တဲ့အနေနဲ့ပေါ့၊ ငါတို့တွေ သူ့ကို အလကား လုပ်ခိုင်းလို့ မဖြစ်ဘူးလေ”
မောင်နှနှစ်ယောက်က အားတက်သရော ခေါင်းညိတ်လိုက်ကြ၏။ ချန်းမိသားစု၏ အိုးနှင့်ရေပုံးသာမရှိလျှင် သူတို့သည် စျေးဆိုင်ဖွင့်နိုင်ပြီး အိုးတစ်လုံး၊ ဆန်နှစ်ဘူးကျော်ကျော်၊ ကြက်ဥ၊ ဖျင်ကြမ်းနှင့် အသီးအရွက်အမျိုးမျိုးတို့ကို ရနိုင်လိမ့်မည်မဟုတ်သည်ကို လက်ခံကြလေသည်။
အသီးအရွက်များကို စဉ်းစားမိလိုက်ခြင်းက စန်းလော့ပြောသည့် ခရမ်းသီးနှင့်အသားနုပ်နုပ်စဉ်းအကြောင်းကို ပြန်တွေးမိသွားပြီး တဖန် သွားရေယိုလာကြပြန်ကာ တောင့်တမိကြတော့သည်။
စန်းလော့သည် သူတို့၏ရယ်စရာကောင်းသည့် တုံ့ပြန်မှုကို တွေ့လိုက်ရသော်လည်း ထပ်ပြီးမကျီစယ်တော့ချေ။
"နောက်ပြီး ငါတို့ မနက်ဖြန်စျေးထပ်သွားကြမယ်လေ။ အသားဝယ်ဖို့ ငွေလောက်အောင် ရှာနိုင်မလား ကြည့်ကြတာပေါ့"
မောင်နှမနှစ်ယောက်က စန်းလော့ကို တပြိုင်နက်တည်းမော့ကြည့်ကြပြီး သူတို့၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုနှင့်အတူ ဝင်းလက်တောက်ပနေ၏။ ရှန်းနဥ်းသည် ပျော်ရွှင်မှုအပြည့်အဝ မပါဘဲ ပြောလိုက်လေသည်။
"ဒါပေမယ် ယောက်မ မနက်ဖြန် စျေးနေ့မဟုတ်ဘူးလေ"
စန်းလော့ ခေါင်းညိတ်လိုက်သည်။
"အဲဒါကြောင့်မလို့ ငါတို့ များများစားစားလုပ်မှာမဟုတ်ဘူး၊ ဆယ့်နှစ်တုံးလေးပဲ။ ငါတို့တွေ အဲဒါတွေကို ကြွေအိုးထဲ ထည့်ပြီး ခြင်းနဲ့သယ်ပြီး စန်းလီရွာမှာ သွားရောင်းမှာ၊ အသားနဲ့ ဟင်းအနှစ်အတွက် ငွေရှာနိုင်ရုံပဲလေ"
"ကျွန်တော်သိတယ်၊ အိမ်တကာလှည့်ပြီး စျေးရောင်းတဲ့သူလိုပဲလေ "
ရှန်းအန်း၏အသံတွင် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေလေ၏။
“စန်းလီရွာက ကျွန်တော်တို့ ရွာထက် အများကြီး ပိုချမ်းသာတယ်၊ ကျွန်တော်တို့ ဒီနေ့ တစ်နာရီထဲနဲ့ တို့ဖူးတွေ အများကြီး ရောင်းခဲ့ရတာ၊ အခုထိ မသိသေးတဲ့လူတွေလည်း အများကြီးပဲလေ”
ရှန်းအန်းက စျေးနေ့မဟုတ်သော်လည်း သူတို့ ရောင်းထွက်နိုင်ဆဲဖြစ်ကြောင်း ယုံကြည်မိနေ၏။
ဤစိတ်နှင့် သူ၏အရွက်များခူးသည့်အလုပ်ကို အမြန်လုပ်ပြီး စန်းလော့နှင့်ဆွေးနွေးတိုင်ပင်လိုက်၏။
"မကြီး ကျွန်တော်တို့ ပိုလုပ်ကြမလား၊ ၁၆တုံးလောက်၊ မြေအိုးနှစ်လုံးနဲ့လေ- တစ်လုံးကို မကြီးက သယ်ပြီး ကျွန်တော်နဲ့ အားနဉ်က ဒီနေ့လိုပဲ ကျန်တဲ့တစ်လုံးကို တလှည့်စီလိုက်မယ်လေ "
အသားအတွက် ငွေရှာရန် စိတ်အားထက်သန်နေရာ ရှန်းနဥ်းက အားတက်သရော ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ ညီမလေး သယ်နိုင်ပါတယ်"
စန်းလော့က မျက်လုံးတောက်တောက်နှင့်ကလေးနှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် ယနေ့အိမ်အပြန်လမ်းတစ်လျှောက်လုံး သူတို့ သယ်လာသည့်မြေအိုးများကို ကြည့်ကာ သူမ ထင်ထားတာထက်ပင် ပိုလုပ်နိုင်နေသည်ကို သိလိုက်ရလေသည်။
စန်းလော့က မျက်ခုံးပင့်လိုက်ပြီး “စဉ်းစားကြည့်လိုက်တော့... အလုပ်ဖြစ်မဲ့ပုံပဲ”
တကယ်လို့ ကလေးတွေ တကယ်တမ်း မသယ်နိုင်ရင်လဲ ငါက ခဏလောက်တော့ သယ်ထားပေးနိုင်တာပဲ။
သူမက ခေါင်းညိတ်သဘောတူလိုက်သည်။
ကလေးနှစ်ယောက်က အလွန်စိတ်လှုပ်ရှားသွားပြီး ခုန်ပေါက်လုနီးပါး ဖြစ်သွားသော်လည်း တခြားသူတွေကိုမသိစေဘဲ တိတ်တိတ်လေး ငွေရှာရမည်ဟူသည့် စန်းလော့၏ညွှန်ကြားချက်ကို သတိရသွားပြီး သူတို့သည် ဝမ်းသာပျော်ရွှင်မှုကို လျှာဖျားလေးတင် ဖိနှိပ်ထားလိုက်ပြီး ဝမ်းသာအားရ ခုန်ပေါက်လိုက်ကြလေသည်။
စန်းလော့နှင့် ရင်းနှီးလာသည့် ရှန်းနဉ်က သည်အခိုက်လေးတွင် ထူးထူးခြားခြား သူ့မကြီးနားသို့ တိုးဝေ့လိုက်တော့သည်။
“မကြီးက အရမ်းကောင်းတာပဲ”
...