← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အပိုင်း(၂၁)

ချန်းယိုထျန်းလည်း အိမ်ပြန်ရောက်ချိန်တွင်တော့ သူတို့ သုံးယောက်သည် အရွက်များကို အားသွန်ခွန်စိုက် ခူးနေကြသည်။

ခြံဝင်းထဲတွင် ထိုင်ရင်း လျှော်ပင်ချည်ရစ်နေသော ချန်းယိုထျန်း၏အမေသည် သူမ၏သားက ရေပုံးများနှင့် အစောကြီးပြန်လာသည်ကို တွေ့ရသောအခါ အံ့ဩသွား၏။

"ပြန်တောင်လာပြီလား"

ပြောပြီးသည်နှင့် သူမက ထလာပြီး သူပြန်ယူလာခဲ့သည့် ရေပုံးများထဲကို ကြည့်လိုက်လေသည်။ မနက်တုန်းက ယူသွားသည့်ခြင်းတောင်းနှင့် ကြွေအိုးနောက်တစ်လုံးကို သတိထားမိပြီး

"ဘယ်လိုဖြစ်သွားလဲ၊ အားလုံး ချောချောမွေ့မွေ့ ဖြစ်ခဲ့ရဲ့လား"

သူ၏ပစ္စည်းကို ချလိုက်ပြီး ချန်းယိုထျန်းက ခေါင်းညိတ်ပြလိုက်သည်။

" ချောချောမွေ့မွေ့ပါပဲ ကျွန်တော့် ကြက်ဥတွေကို မြန်မြန်ရောင်းရလိုက်တယ်၊ သူတို့ကို ကျေးဇူးတင်ရမယ်"

စူးစမ်းလိုသည့် သူ၏အမေသည် အသေးစိတ်မေးလိုက်ပြီးမှ ခြံအပြင်ဘက်က အိမ်နီးချင်းရှန်းအိမ်ဘက်ကို လှမ်းကြည့်မိလိုက်ကာ

"ဧည့်ခန်းမှာ စကားပြောကြရအောင်"

အနောက်ခန်းတွင် ရက်ကန်းလုပ်နေသော ချင်ဖန်းညန်သည် သူမ၏ ရက်ကန်းစင်ကို ရပ်လိုက်ပြီး အပြင်ကို ထွက်လာခဲ့သည်။ ယောက္ခမနှင့်ချွေးမတို့သည် နားထောင်ရန် ပင်မခန်းမထဲသို့ အတူသွားလိုက်ကြပြီး ချန်းယိုထျန်း ပြန်ပြောပြသည့် စန်းလော့၏ဈေးက တစ်နေ့တာအကြောင်းကို နားထောင်လိုက်ကြလေသည်။

ချန်းယိုထျန်းသည် သူ့အမေနှင့် ဇနီး၏ မျှော်လင့်စောင့်စားနေသော အသွင်အပြင်ကို ရင်ဆိုင်လိုက်ရတော့ ခဏမျှ တိတ်ဆိတ်သွားလေသည်။

စကားနည်းသူပီပီ စန်းလော့ယူခဲ့သော နတ်သမီးတို့ဟူး အတုံးအရေအတွက်၊ တစ်ပိုင်း ရောင်းဈေးနှင့် ထိုဝင်ငွေဖြင့် သူမ ဝယ်ခဲ့သမျှကို အတိုချုံးပြောပြလိုက်၏။

နောက်ဆုံးတွင် နည်းနည်းလောက် ထပ်စဉ်းစားလိုက်ပြီး သူသည် စန်းလော့၏ ထိရောက်သော စီမံခန့်ခွဲမှုနှင့် စကားမထပ်စေပဲ ဈေးထဲတွင် အော်ရောင်းတတ်သည့် ထူးခြားသည့်နည်းလမ်းနှင့် အပြန်လမ်းတွင် သူမသည် တောင်တက်လမ်းအား ရွေးချယ်ပုံကို ထပ်လောင်းပြောကြားခဲ့သည်။ သူမသည် အလွန်တွက်ချက်တတ်သူ ဟူ၍။

ချန်းယိုထျန်း၏မိခင်သည်‘တွက်ချက်တတ်တာ မိသားစုတစ်စုကို ကြွေးမြှီကင်းစေတာပဲ’ဟုဆိုကာ ခေါင်းညိတ်ထောက်ခံလိုက်လေသည်။

ချင်ဖန်းညန်က သူမကို ချီးကျူးစကားပြောလေသည်။

"မနက်တစ်ပိုင်းထဲကို သူက ဝမ်ငါးဆယ်ကျော် ရခဲ့တာလား"

“အဲဒါက လယ်သမားမိသားစုအတွက် များပြားတဲ့ပမာဏပဲ”

ယခုမနက်တွင် ကြက်ဥဒါဇင်လောက်အား ရောင်းထုတ်ပေးခဲ့သည့် သူမခင်ပွန်းကဲ့သို့ပင်။ သူတို့သည် ခြောက်ရက် သို့မဟုတ် ခုနစ်ရက်စာလောက် ငွေရှာနိုင်ခဲ့လေသည်။ ပျမ်းမျှအားဖြင့် ကြက်ဥမှရသော နေ့စဉ် ၀င်ငွေမှာ နှစ ဝမ် သို့မဟုတ် သုံးဝမ် ခန့်သာရှိသည်။

ချန်းယိုထျန်းသည် ခေါင်းခါလိုက်ပြီး

"ဒါထက် ပိုသေးတယ်။ တချို့ကို ကုန်စည်နဲ့ လဲခဲ့တယ်လေ။ အဲဒီပစ္စည်းတွေရဲ့တန်ဖိုးကို ထည့်ပေါင်းရင် ဝမ်ခြောက်ဆယ်ကျော်လောက် ရှိမယ်"

ဒါကိုကြားသောအခါ ချင်ဖန်းညန်သည် အားကျစိတ်ဖြင့် ဆွံ့အသွားတော့သည်။

“တစ်ရက်ကို ဝမ်ခြောက်ဆယ်ကျော်၊ ငါးရက်တစ်ကြိမ် ဈေးနဲ့ တစ်လမှာ ဘယ်လောက်ရှိမလဲ။ တစ်နှစ်အတွင်းမှာရော”

သူမသည် အတိအကျ မတွက်ချက်နိုင်သော်လည်း ထိုပမာဏသည် သူမ၏ စိတ်ကူးထဲမှ အမိုက်ဆုံး ပမာဏထက် ကျော်လွန်နေမှန်း သိသည်။

ချန်းယိုထျန်း၏မိခင်က တော်တော်လေး သဘောကျသွားပြီး

"ဒီနှုန်းအတိုင်းဆိုရင် သူတို့ရဲ့ဘဝတွေဟာ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာပြီး ရှန်းအန်းနဲ့ရှန်းနဉ်မှာလည်း အားကိုးစရာတွေ ရှိလာလိမ့်မယ်"

ကြယ်ရောင်မျက်လုံးများနှင့် စိတ်ကူးယဉ်နေသည့် ချွေးမကို မြင်လိုက်ရသောအခါ သူမက လက်တွေ့ ကျကျပြောလိုက်တော့သည်။

"အရမ်းလဲ အားကျမနနေဲ့၊ သူတို့မှာ မြေယာ၊လယ်တွေမရှိဘူး၊ အသက်မွေးဝမ်းကြောင်းပြုဖို့ ဒီလက်မှုပညာကို လုံးလုံး အားကိုးနေရတာ၊ ယိုထျန်းပြောတာ မကြားလိုက်ဘူးလား။ အသီးအရွက်တွေအတွက် ရောင်းဝယ်ရပြီး အိုးတစ်လုံးနဲ့စပါးအချို့အတွက် ပိုက်ဆံအကုန် သုံးလိုက်ရတယ်တဲ့"

ချင်ဖန်းညန်က အနည်းငယ်တွေဝေနေပြီးမှ ခေါင်းညိတ်ကာ

"သိပါတယ်၊ ဒီလိုမျိုးကျွမ်းကျင်မှုရှိတာက အရမ်းကောင်းတယ်လို့ စဉ်းစားမိလို့ပါ"

"အဲ့တာက တစ်ကယ်‌ကိုကောင်းပေမယ့် အားကျစရာတော့ မဟုတ်ပါဘူး"

အမြဲတမ်း‌အမျှော်မြင်ရှိသော ချန်းယိုထျန်း၏မိခင်သည် လာမည့် ဆောင်းဦးရာသီအားသတိရသွားကာ

"လက်ရှိစပါးဈေးကဘယ်လောက်လဲ"

စပါးဈေးအကြောင်းမေးသည်ကို ကြားသောအခါ ချန်းယိုထျန်းသည် ခဏတုံ့ဆိုင်းသွားပြီးမှ ဖြေလိုက်တော့သည်။

" တစ်ပြည်ကို ဝမ်ခုနစ်ဆယ်"

ချင်ဖန်းညန်၏မျက်လုံးများအရောင်တောက်လာပြီးနောက်

" ဝမ် ခုနစ်ဆယ် ဟုတ်လား"

ချန်းယိုထျန်းက ခေါင်းညိတ်ပြကာ ပြုံးပြဖို့ ကြိုးစားသော်လည်း မလုပ်နိုင်ခဲ့ချေ။

ချင်ဖန်းညန်သည် ဇဝေဇဝါဖြစ်သွားကာ မေးလိုက်တော့သည်။

"ဈေးတက်တာ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား။ ကျွန်မတို့က ဒီနှစ်အတွက် ဆောင်းဦးအခွန်ကို ပေးဆောင်ပြီးပြီလေ။ စပါးရိတ်သိမ်းပြီးတာနဲ့ ကျွန်မတို့ လိုအပ်တာတွေကို သိမ်းထားပြီး ကျန်တဲ့စပါးတွေကို စပါးကုန်သည်တွေဆီမှာ ဈေးကောင်းနဲ့ ရောင်းချလို့ရတယ်။ ဒီနှစ်မှာ ကျွန်မတို့မိသားစုဟာ အပိုငွေစုသင့်တယ်"

လယ်သမားမိသားစုများအတွက် အခြားဝင်ငွေအရင်းအမြစ်များစွာ မရှိသောကြောင့် ငွေစုရန်ခက်ခဲလေသည်။ ရိတ်သိမ်းပြီးကာလတွင် သူတို့၏ ကောက်ပဲသီးနှံများနှင့် ရံဖန်ရံခါ လက်တိုလက်တောင်း အလုပ်များကို အားကိုးကြသည်။ တစ်နှစ်တာ အလုပ်ကြိုးစားပြီး အခွန်ပေးဆောင်ခြင်း၊ အိမ်လခပေးခြင်း၊ အိမ်အသုံးစရိတ်များအပြင် ရံဖန်ရံခါ ဖျားနာခြင်း သို့မဟုတ် လူမှုရေးတာဝန်ဝတ္တရားများ ပေးဆောင်ပြီးလို့မှ ငွေနှစ်ထောင်ခန့် စုမိခြင်းကို ကောင်းမွန်သောနှစ်ဟု မှတ်ယူကြသည်။

ထို့ကြောင့် ချင်ဖန်းညန်သည် ယနေ့အတွက် ဝမ်ခြောက်ဆယ်ကျော် ဝင်ငွေရှိသော စန်းလော့ကို အထူးတလည် အားကျမိခြင်းပင်။

ချန်းယိုထျန်းဟာ ခေါင်းညိတ်ပြပြီး "ကောင်းတဲ့ ကိစ္စပါ"

သို့သော် သူသည် စကားထပ်မပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေလိုက်၏။

ချန်းယိုထျန်း၏မိခင်သည် သူ့သားကို စိုက်ကြည့်ကာ သူ မဖြေရှင်းနိုင်သော ဝမ်းနည်းမှုကို နားလည်သည်။ သူမ၏ချွေးမသတိမထားမိတာကို သိလိုက်သဖြင့် သူမက စကားလမ်းကြောင်း ပြောင်းလိုက်၏။

"သား ဒီနေ့ စောစောပြန်ရောက်တာပဲ၊ ခဏလောက်အနားယူဦး။ ရေသောက်ပြီးရင် သားအဖေကို လယ်ထဲ သွားကူလိုက်အုံး"

အိမ်မှာနေပြီး ထိုင်းမှိုင်းနေသည် ထက်စာလျှင်တော့ ပိုကောင်းသေးသည်။

ချန်းယိုထျန်းသည် ခေါင်းညိတ်ပြပြီး သူ့အတွက် ပန်းကန်လုံးယူလာကာ ပင်မအခန်းထဲရှိ ရေကရားထဲမှ ရေတစ်ဝက်ကို ထည့်ကာ သောက်လိုက်သည်။ ထို့နောက် ခြံဝင်းထဲက ပေါက်ပြားကို သွားယူလိုက်ပြီး လယ်ထဲသို့ သွားလိုက်တော့သည်။

ချင်ဖန်းညန်သည် အနည်းငယ် အံ့သြသွားပြီး

"အမေ၊ သူ ဘာဖြစ်နေတာလဲ"

ချန်းယိုထျန်း၏မိခင်သည် သူမကို ကြည့်လိုက်၏။

"ဘာဖြစ်ရမှာလဲ၊ သူ့သားကြီးအကြောင်း တွေးနေပြန်ပြီလေ"

“စပါးဈေးတက်ရတဲ့ အကြောင်းအရင်းလား၊ အဲဒါက စစ်ပွဲတွေဆက်တိုက်ဖြစ်နေလို့ပဲ၊ တိုင်းပြည်ရဲ့ကျီကလည်း နည်းပါးနေလို့ အခွန်စောကောက်မယ်လို့ လှုံ့ဆော်ခဲ့တာလေ၊ မြောက်ပိုင်းက ကပ်ဘေးကြောင့် လူတိုင်းက စပါးကို လက်ထဲမှာပဲ သိမ်းထားကြတာ၊ ဈေးက အလိုလို ထိုးတက်ပြီပေါ့”

ချန်းယိုထျန်းအတွက်တော့ စစ်ပွဲ၏အကြောင်းအရာသည် သူ၏သားအကြီးဆုံးသေဆုံးသွားခဲ့သောကြောင့် အထိမခံသည့်ကိစ္စပင်။

ရှန်းစန်း၏ ငွေကြေးဖြင့် ခြယ်လှယ်မှုကြောင့် စစ်တိုက်ရန် စေလွှတ်ခံရသော ရှန်းမိသားစုက ရှန်းလီနှင့်မတူဘဲ သူတို့၏အကြီးဆုံးမြေးက စေတနာ့ဝန်ထမ်းဖြင့် ရွာသူကြီး၏ နာမည်အစား ပြောင်းခဲ့ခြင်းပင်။ သူထွက်သွားတော့မည့်အချိန်မှ မိသားစုက သိလိုက်ရပြီး နောက်ပြန်လှည့်ဖို့ အလွန်နောက်ကျသွားခဲ့၏။

သူ၏သားအကြီးဆုံးနှင့် ရှန်းလီသည် တူညီသောတပ်ဖွဲ့တွင် အမှုထမ်းရင်း ဆုံးပါးသွားခဲ့သည်။ ထိုအကြောင်းကို ပထမဆုံးကြားလိုက်ရသောအခါ ချန်းယိုထျန်းသည် သူ့ကိုယ်သူ သတ်သေချင်စိတ်ပင် ဖြစ်ခဲ့ရသည်။

ပြန်ကောင်းလာရန် တစ်နှစ်ခွဲကျော်မျှ အချိန်ယူခဲ့ရသော်လည်း သူသည် အမှန်တကယ်ပင် သက်သာလာသလားဆိုသည်ကိုတော့ မိသားစုဝင်တိုင်းက သိထားသည့်အရာပင်။

သူ မသက်သာနိုင်ပါဘူး။

ဒါပေမဲ့ သူက ဒီကိစ္စကို သူ့ချွေးမနဲ့ရော တကယ်ပဲ ဆွေးနွေးနိုင်ပါ့မလား။

မိဘနှစ်ပါးလုံးက သားကို ညီတူညီမျှ ချစ်ကြတာပါပဲ။ သူ့ချွေးမက အဲလိုမတွေ့ဘူးလေ။ သူက ဘာလို့ သူ့ကိုပြန်သတိရအောင်လုပ်ပြီး သက်သာခါစဒဏ်ရာတွေကို ပြန်ဖွင့်မှာလဲ။

ထို့ကြောင့် ချနယိုထျန်း၏မိခင်သည် သည်အတိုင်း လက်ယမ်းလိုက်ကာ

"မြောက်ဘက်က ပြင်းထန်တဲ့ ကပ်ဘေးအကြောင်း စဉ်းစားနေတာ နေမှာပေါ့၊ ငါတို့လည်း တစ်ခါက ငတ်မွတ်ခေါင်းပါးတဲ့ဘေးကနေ ထွက်ပြေးလာခဲ့ရတာပဲ"

အငတ်ဘေးဒဏ်သင့်နေသော ဇာတိမြို့မှ သူ့မိသားစု စွန့်ခွာခဲ့သည့်အချိန်အား ပြန်တွေးကြည့်သောအခါ ချင်ဖန်းညန်သည် သက်ပြင်းချရင်း

"ဟင်းနာ်... ကောင်းကင်ဘုံက လွတ်မြောက်စရာ ထွက်ပေါက်မပေးတဲ့အခါ လူတွေက လုံးဝကို ခိုကိုးရာမဲ့ ဖြစ်နေကြတာပဲ"

....

အပိုင်း(၂၂)

စန်းလော့သည် ချန်းမိသားစု၏အခြေအနေကို လုံးဝ သတိမထားမိချေ။

ကလေးနှစ်ယောက်နှင့်အတူ နတ်သမီးအပင်မှ အရွက်များကို လုံလုံလောက်လောက် ခူးလိုက်ပြီး သူတို့သည် အိမ်ပြန်လာခဲ့ကြကာ နတ်သမီးတို့ဖူး လေးတုံးစာ လုပ်ရန် အနည်းငယ်ကို ရေဆေးလိုက်လေသည်။

အကြိမ်ကြိမ် စမ်းကြည့်ပြီးနောက် လုပ်နည်းကို တတ်သွားသည့် ရှန်းနဉ်က ပြီးခဲ့သည့်ရက်ပိုင်းက အနည်းငယ်သာ အိပ်ရပြီး မပင်မပန်း အလုပ်လုပ်နေသည့် ယောက်မကို မြင်မိလေရာ သူမက အားတက်သရော ရှေ့တိုးလာပြီး

“ယောက်မ ညီမ‌လေး လုပ်လိုက်ပါမယ်၊ မကြီးက နားလိုက်တော့နော်”

လုပ်ရသည်က မခက်ခဲဘဲ ရှန်းနဉ်ကလည်း အမှန်ပင် လုပ်နိုင်သဖြင့် စန်းလော့သည် ခဏလောက် စဉ်းစားလိုက်ပြီးမှ သဘောတူပေးလိုက်လေသည်။

“ဖြစ်ပါတယ်”

အလုပ်ကို ရှန်းနဉ်အား လွဲပေးလိုက်ပြီးနောက်တွင် စန်းလော့သည် အနားမယူဘဲ အပြင်ဘက်က ဝါးတန်း‌ပေါ်တွင် အခြောက်ခံထားသည့် လျှော်မျှင်များကို ရေဆွတ်ပေးရန် စမ်းချောင်းသို့ဆင်းကာ ရေတစ်ခွက်လောက် သွားခပ်လိုက်လေသည်။

တမနက်လုံး အပြင်ရောက်နေသဖြင့် လျှော်များက အနည်းငယ် ပိုခြောက်နေ၏။ လျှော်မျှင်ကို စစ်ဆေးကြည့်လိုက်ပြီး အရောင်ချွတ်လျှင် မညီမညာဖြစ်ကာ အနီရောင်ကွက်များ ကျန်ခဲ့လောက်သည်ဟု ခန့်မှန်းမိလိုက်သည်။ သည်လိုလျှော်မျှင်မျိုးက ရောင်းရန် အဆင်ပြေမည်မဟုတ်သော်လည်း သူတို့ကို ကိုယ်ပိုင်လိုအပ်ချက်အတွက်တော့ အသုံးပြုလို့ရသေးသည်။

အခုတော့ ငွေရှာရမည့်နည်းလမ်းတစ်ခု ရှိနေသဖြင့် စန်းလော့က သည်ကိစ္စကို သိပ်ပြီး စိတ်ထဲမထားတော့ချေ။ ရက်လုပ်ရန်မဆိုထားနှင့် အိမ်တွင် အပ်ချည်နှင့် ကြိုးနည်းနည်းပါးပါးတော့ ရှိသင့်ပေသည်။ သူမသည် လျှော်မျှင်တစ်ခုချင်းကို စိတ်ရှည်ရှည်နှင့် ရေဖြန်းလိုက်ပြီး နောက်တစ်ရက်လောက် အခြောက်လှန်းပြီးလျှင် ချည်ငင်ဖို့ အဆင်သင့်ဖြစ်မဖြစ် စစ်ဆေးကြည့်လိုက်၏။

ရှန်းအန်းက အဝတ်အိတ်‌ဟောင်း နောက်တစ်ခုထဲတွင် ဆန်များကို ပြန်ပြောင်းထည့်ပြီးသွားလေသည်။ ညီမဖြစ်သူနှင့် မရီးဖြစ်သူတို့ အလုပ်များနေသည်ကို မြင်လိုက်ရတော့ သူက စန့်လော့အနားကို ကပ်သွားလိုက်ပြီး

“မရီး ကျွန်တော် ဘာလုပ်ပေးရမလဲ”

ခါတိုင်းဆိုလျှင် သည်အချိန်၌ သူသည် ညီမဖြစ်သူကို ခေါ်ကာ စားလို့ရသည့် တောဟင်းရွက်များနှင့် အသီးများကို သွားခူးပြီး နောက်နှစ်ရက်လောက်အတွက် လုံလောက်သော်ငြားလည်း သူသည် လမ်းပျောက်ရပြန်သည်။

“ကျွန်တော် နောက်ထပ်လျှော်ပင်တွေ သွားခုတ်မှထင်တယ်”

“အခုတော့ မလိုသေးပါဘူး” စန်းလော့က ပတ်ဝန်းကျင်တွင် ကြီးထွားနေသည့် မြက်ရိုင်းပင်များကို လှမ်းကြည့်လိုက်ပြီး “ခြင်းတစ်လုံး ယူလာလိုက်၊ စမ်းချောင်းထဲမှာ တစ်ခုခု သွားရှာရအောင်၊ ငါတို့တွေ ငါးထောင်ချောက် တစ်ခုလောက် လုပ်လို့ရနိုင်တယ်”

ငါးထောင်ချောက် လုပ်မည်ဟု ပြောလိုက်သည်တွင် ရှန်းအန်း၏မျက်လုံးများက လင်းလက်လာ၏။ သူက အထဲသို့ မြန်မြန်ဝင်သွားလိုက်ပြီး ခြင်းလွတ်တစ်လုံးနှင့် ပြန်လာခဲ့လေသည်။

ရှန်းနဉ်ကို အိမ်မှာပဲ နေဖို့ မှာထားလိုက်ပြီး စန်းလော့က ရှန်းအန်းနှင့် ထွက်လာခဲ့လိုက်သည်။

ငါးထောင်ချောက် လုပ်သည်က လမ်းကြုံအဖြစ် လုပ်ခြင်းပင်။ သူမ၏အဓိကရည်ရွယ်ချက်မှာ စမ်းချောင်းဘေးတွင် လက်လုပ်ပေါက်တူးတစ်ခု လုပ်ရန် သင့်တော်သည့် ကျောက်တုံးများကို ရှာဖို့ရန်ပင်။ သံထည်ပစ္စည်းများက အလွန်မှ စျေးကြီးရာ သူမသည် ထိုပစ္စည်းများဝယ်ရန် မတတ်နိုင်သေးချေ။ အရာအားလုံးကို ချန်းမိသားစုထံမှ အမြဲတမ်း ငှားရမ်းဖို့လည်း မဖြစ်နိုင်ချေ။ အထူးသဖြင့် စိုက်ပျိုးရေးသုံး ပစ္စည်းများပင်။

ပုံမှန်ပစ္စည်းလေး မတတ်နိုင်ခင်အထိတော့ ယာယီအစားထိုးသုံးနိုင်သည့် ပစ္စည်းတစ်ခုတော့ လိုအပ်ပေသည်။

ပေါက်တူးလုပ်ရန် ကျောက်တုံးများကို ရှာနေမှန်း နားလည်သဖြင့် ရှန်းအန်းက ဘာကိုရှာရမည်ကို အတိအကျ သိနေ၏။ သူတို့နှစ်ယောက်လုံးက စမ်းချောင်းတစ်လျှောက် ကုန်းကုန်းကွကွ ရှာဖွေလိုက်ကြပြီး နောက်ဆုံးတော့ အသုံးပြုလို့ရနိုင်ရန် အနည်းငယ်ပုံသွင်းဖို့သာ လိုအပ်သည့် ကျောက်တုံးများကို တူးထုတ်လိုက်ကြလေသည်။

မွန်းတည့်ခါနီးအထိ အလုပ်များခဲ့ပြီးနောက် ရှန်းနဉ်သည် သူတို့နှစ်ယောက်က ပေါက်တူးခေါင်းနှစ်ခု၊ ‌ကျောက်တုံးဖြင့် ပုံသွင်းထားသည့် ပုဆိန်ခေါင်းတစ်ခုနှင့်အတူ ပေါက်တူးအတွက် သင့်တော်သည့် သစ်သားလက်ကိုင်များကို သယ်လာသည်ကို တွေ့လိုက်ရလေသည်။

“သစ်သားကို အချောသပ်ဖို့ ပြန်ကြမယ်၊ ပြီးရင် သစ်‌ချောင်းကို လျှော်ကြိုးနဲ့ ချည်လိုက်ရင် သုံးလို့ရသွားပြီ”

ရှန်းနဉ်က တအံ့တဩကြည့်နေပြီး စန်းလော့၏အရည်အချင်းအပေါ် သူမ၏လေးစားအားကျစိတ်က နောက်တစ်ဆင့်အထိ ထိုးတက်သွားတော့သည်။

အိမ်ပြန်ရောက်လာတော့ နှမ်းရွက်ဆန်ပြုတ်က အသင့်ဖြစ်နေသည်။ နေ့လည်စာစားပြီးနောက်တွင် စန်းလော့သည် ပေါက်တူးလက်ကိုင်အတွက် သစ်သားကို ပုံသွင်းလိုက်ပြီး အပြင်ဘက်က အခြောက်လှန်းထာသည့် လျှော်များမှ လျှော်ကြိုး အနည်းငယ်ကို ယူကာ လိမ်လိုက်ပြီး လက်လုပ်ပေါက်တူးနှစ်ခုကို မြန်မြန်ဆန်ဆန် လက်စသတ်လိုက်လေသည်။

ပစ္စည်းနှင့် လက်မှုပညာက နည်းပါးသဖြင့် ပေါက်တူးက တူးရွင်းတစ်ခုထက် အားစိုက်ထုတ်ရသည်တွင် ပိုများနေလေသည်။ စန်းလော့က အိမ်အပြင်ဘက်က ကြီးထွားနေသည့် ပေါင်းပင်များကို ပေါက်တူးနှင့် စမ်းကြည့်လိုက်တော့ ပုံမှန် ပေါက်တူးထက် သုံးရသည်က ပိုမာနေသော်လည်း ပေါင်းရှင်းခြင်းနှင့် မြေဆွခြင်းအတွက်တော့ အဆင်ပြေ၏။

ရှန်းအန်းနှင့် ရှန်းနှဉ်တို့က ပေါက်တူးတစ်ခုစီဖြင့် စမ်းကြည့်လိုက်ကြသည်။ သူတို့၏ပစ္စည်းလေးကြောင်း ဝမ်းသာရွှင်လန်းကာဖြင့် သူတို့ အသီးအရွက်များ စိုက်နေကျဖြစ်သည့် အိမ်နောက်က တောင်ကုန်းလေးဆီသို့ ယူသွားလိုက်ကြလေသည်။ စန်းလော့က လှမ်းခေါ်မှသာ ပြန်လာကြတော့သည်။

“နင်တို့တွေ မနေ့ညက ကောင်းကောင်း မအိပ်ခဲ့ရဘူးလေ၊ ဒီမနက်ခင်းတုန်းကလဲ အလုပ်ပင်ပန်းထားသေးတယ်၊ အခု တစ်ရေးလောက် အိပ်လိုက်ကြ၊ ညနေခင်းမှာ သွားကစားကြတော့”

တစ်ရေးတစ်မော အိပ်ခြင်းက အားသစ်ပြန်ဖြစ်စေပြီး အစာခြေရာတွင်လည်း အထောက်အကူဖြစ်လေသည်။ ကလေးများကို စကားနာထောင်လိုက်ကြပြီး သူတို့၏ပစ္စည်းအသစ်လေးကို စမ်းချောင်းတွင် ဆေးကြောလိုက်ကြပြီးနောက် အိပ်ရာဝင်သွားကြလေသည်။

ညပိုင်းက အိပ်ရေးပျက်ပြီး မနက်ပိုင်းက ပင်ပန်းခဲ့ကြသည်ဖြစ်မယ်။ စန်းလော့ နိုးလာချိန်တွင်တော့ ညနေစောင်း နေပြီဖြစ်သည်။ ကလေးများက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသေးသည်ကို တွေ့လိုက်ရသဖြင့် သူမက သာသာယာယာလေး ထလာလိုက်သည်။

မြေအိုးထဲက နတ်သမီးတို့ဖူးက အသင့်ဖြစ်နေသည်။ သူမက နတ်သမီးတို့ဖူးကို လေးတုံးပိုင်းလိုက်ပြီး နှစ်တုံးကို ကလေးနှစ်ယောက်အတွက် သွားရေစာအဖြစ် ချန်ထားပေးလိုက်ကာ ကျန်နှစ်တုံးကိုတော့ ချန်းမိသားစုဆီမှ ငှားထားသည့် မြေအိုးထဲ ထည့်လိုက်ပြီး အပေါ်က သန့်ရှင်းသည့်ကြာရွက်တစ်ခုဖြင့် အုပ်ထားလိုက်လေသည်။

သူမသည် မနက်ခင်းက ဝယ်လာသည့် စပါးကို အိတ်ထဲထည့်လိုက်ပြီး အားလုံးကို သူမ၏ခြင်းထဲ ထည့်ကာ အပေါ်မှနေ၍ မြေအိုးကို တင်ထားလိုက်ပြီး ချန်းမိသားစုအိမ်သို့ ထွက်လာခဲ့လေသည်။

ချန်းအိမ်သို့ ရောက်လာချိန်တွင် အဘွားချန်းနှင့် သူမ၏မြေးမလေးတို့က ပင်မဆောင်၏ တံစက်မြိတ်‌အောက်တွင် လျှော်ချည် ငင်နေသည်ကို တွေ့လိုက်ရလေသည်။

စန်းလော့က အဘွားကြီးကို “ဘွားဘွား” ကလေးမလေးကို “မိန်းကလေး’ဟု ခေါ်ကာ သူတို့ကို ရွှင်ရွှင်လန်းလန်း နှုတ်ဆက်လိုက်၏။

ကလေးမလေးသည် အရင်က စန်းလော့ယူလာပေးခဲ့ဖူးသည့်နတ်သမီးတို့ဖူးနှင့် ငါးတို့ကို သတိရသွားပြီး သူမကို မြင်လိုက်သည်တွင် မျက်လုံးများ တောက်ပသွားကာ အလွန်မှ ချိုသာလွန်းသည့်အသံဖြင့် “အစ်မရှန်း”ဟု ခေါ်လေသည်။

“အစ်မရှန်း...”

စန်းလော့သည် သည်အခေါ်အဝေါ်ကို သိပ်ပြီးမရင်းနှီးလှသေးသော်လည်း အပြုံးတစ်ခုနှင့် တုန့်ပြန်လိုက်ဆဲပင်။

မီးဖိုဆောင်ပြတင်းပေါက်ထဲက ချင်ဖန်းညန်ကို တွေ့လိုက်ရသဖြင့် မိသားစုအများစုက တနေ့တာ၏ ဒုတိယထမင်းတနပ်ကို ပြင်ဆင်ကြသည့် အချိန်ရောက်နေပြီကို စန်းလော့ နားလည်လိုက်လေသည်။

တစ်နေ့ သုံးနပ်စားရသည့်အကျင့် စွဲကပ်နေသည့် သူမ၏ခေတ်သစ် စိတ်သဘောထားက ရှေ့ရက်က ကလေးများကို ပေးခဲ့သည့် သူမအမြဲတမ်းစား စားသောက်နေရမည်ဟူသည့် အကြံဉာဏ်ပေါ် သက်ရောက်မှု ရှိနေခဲ့၏။ သို့သော်ငြား ဒါက သူမ၏ကိုယ်ပိုင် လူနေမှုပုံစံကို ရောင်ပြန်ဟပ်နေခြင်းပင်။

သူမ၏အလုပ်ကို ဘေးချထားလိုက်ပြီး အဘွားကြီးက ထရပ်ကာ အနားသို့ရောက်လာ၏။

“ဒီအချိန်ကြီး နင် ဘာလို့ ရောက်လာတာလဲ”

စန်းလော့ ပြုံးကာ သူမကျောပေါ်က လွယ်လာသည့် ခြင်းကို ချထားလိုက်ပြီး “ကျွန်မ လျှော်ထုတ်တဲ့ပစ္စည်းကို ပြန်လာပေးတာပါ၊ နောက်ပြီး ကျွန်မကို ဆုံ ခဏလောက် ငှားပေးနိုင်မလား မေးကြည့်ချင်လို့ပါ”

“ရတာပေါ့၊ ပစ္စည်းတွေက တံစက်မြိတ်အောက်မှာ ငါ နင့်အတွက် ကျည်ပွေ့သွားယူလာပေးမယ်” အဘွားချန်းသည် စန်းလော့ စပါးဝယ်လာသည့်အကြောင်းကို သားဖြစ်သူထံမှ ကြားခဲ့ပြီးဖြစ်ကာ သူမကတော့ ဆုံလာငှားတော့မည်ဟု ခန့်မှန်းပြီးသားဖြစ်သော်လည်း ချက်ချင်း ရောက်ချလာမည်ဟုတော့ မျှော်လင့်မထားချေ။

လျှော်ခြစ်သည့်ပစ္စည်းကို ယူကာ ဘေးတွင် ချထားလိုက်ပြီးနောက် သူမက စန်းလော့ အခုလေးတင် ချထားလိုက်သည့် ခြင်းကို လှမ်းကြည့်လိုက်၏။ အထဲတွင် ကြာရွက်တစ်ခု ဖုံးထားသည့် မြေအိုးတစ်လုံးနှင့် သူ့အောက်တွင် စပါးထည့်ထားသည့် အဝတ်အိတ်တစ်ခု ရှိနေလေသည်။ အဘွားချန်းမှာ အနည်းငယ် အံ့ဩသွား၏။

“ညည်းတို့တွေ တမြန်နေ့က ငါ တောင်ပေါ်ကို ယူလာပေးတဲ့ ဆန်ကုန်သွားပြီလား”

“ဆန်နှစ်ဘူးစာလောက်ပါ”

“အင်းလေ၊ ဆန်နှစ်ဘူးစာက သာမန်အိမ်ထောင်စုတစ်ခုမှာတော့ ကြာကြာခံချင်မှာ ခံမှာပေါ့” သို့သော်လည်း စန်းလော့နင့် ကလေးနှစ်ယောက်က ဆန်ဖြူလို ဇိမ်ခံပစ္စည်းကို မက်မောလိမ့်မှာမဟုတ်ဟု ထင်ထားခဲ့လေသည်။

စန်းလော့က ရယ်မောလိုက်ပြီး “ဪ၊ မဟုတ်ပါဘူး၊ ဒါက နောက်ထက် အဝတ်အိတ်တစ်ခုပါ”

သူမက ခြင်းထဲက မြေအိုးကို ထုတ်လိုက်ပြီး ကြာရွက်ကို ဖယ်လိုက်ကာ အပြုံးလေးနှင့် အဘွားချန်းကို လှမ်းပေးလိုက်လေသည်။

“ကျွန်မ အိမ်ပြန်ရောက်တော့ ဒါကို လုပ်ထားတာ၊ အဘွားတို့ထမင်းစားရင် ဟင်းတစ်မျိုး ထပ်ရတာပေါ့၊ ဒီနေ့ ဦးလေးယိုထျန်က ကျွန်မရဲ့ပစ္စည်းတွေကို သယ်ပေးခဲ့တာကို ကျေးဇူးတင်လို့ပါ”

အဘွားချန်းသည် အိုးထဲက တလက်လက်ဖြစ်နေတဲ့ နတ်သမီးတို့ဖူးကို ချက်ချင်း တွေ့သွားလေသည်။

စန်းလော့က နတ်တ်သမီးတို့ဖူး တစ်တုံးကို နှစ်ဝမ်ရောင်းပြီး ကြက်ဥထပ်ပင် ပိုစျေးကြီးကြောင့် သိနေဖြင့် ခေါင်းခါပြီး ငြင်းလိုက်တော့သည်။

“ဒါက အကူအညီသေးသေးလေးပါအေ... ဒီလိုလက်ဆောင်မျိုး မလိုပါဘူး”

စန်းလော့က မြေအိုးကို အဘွားချန်းလက်ထဲသို့ အတင်းထည့်ပေးလိုက်ပြီး သေချာကိုင်ထားသည်ကို မြင်လိုက်မှ လွှတ်ပေးလိုက်ကာ ပြုံးလိုက်ပြီး

“ဒါပေမဲ့ ကျွန်မအတွက်တော့ အကူညီကြီးတစ်ခု ဖြစ်ခဲ့တာလေ၊ အထူးသဖြင့်

ဒီမနက်ခင်းတုန်းကပေါ့၊ နောက်ပြီးတော့လေ ကျွန်မ ဒီမြေအိုးကို နောက်ထပ်ရက်နည်းနည်းလောက် ထပ်ငှားထားချင်လို့ပါ”

အလေးချိန်တော်တော်စီးသည့် မြေအိုးကို ကိုင်ထားရင်း အဘွားချန်းသည် ခံစားချက်မျိုးစုံဖြစ်သွားတော့သည်။ သူမက ခြံဝင်းတံခါးကို လှမ်းကြည့်လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ အိုးကို လက်ခံထားလိုက်ပြီး လိုအပ်သလို အသုံးပြုဖို့ ပြောလိူက်လေသည်။ နောက်ပိုင်း ချေးငှားစရာရှိလျှင်လဲ သည်အတိုင်း လာယူနိုင်ကြောင်းနှင့် အကြိမ်တိုင်း တစ်ခုခု ယူလာပေးရန် မလိုကြောင်း ပြောလိုက်တော့သည်။

ထို့နောက် သူမက စန်းလော့ကို ခဏလောက် ထိုင်ခိုင်းလိုက်ပြီးနောက် အိုးကို မီးဖိုခန်းထဲသို့ သယ်သွားလိုက်တော့သည်။

စန်းလော့က ပြုံးကာ တုန့်ပြန်လိုက်ပြီး သူမ၏ခြင်းထဲ စပါးအိတ်ကို ထုတ်လိုက်ပြီး ချန်းမိသားစုအိမ် တံစက်မြိတ်အောက်က ဆုံ ရှိရာသို့ တန်းသွားလိုက်တော့သည်။

သည်လိုအချိန်တွင် လယ်သမားအိမ်တိုင်းနီးပါးတွင် ဆုံတစ်ခုတော့ ရှိကြသည်။ အကြောင်းမှာ စပါးက ပိုအထားခံပြီး ပိုးတက်လွယ်သည့် ဆန်လောက် ပိုးတက်ခြင်းမရှိကြောင့်ပင်။ ထို့ကြောင့် မိသားစုများက ရက်ပိုင်းစာလောက်အတွက်သာ ဆန်ဖွတ်လေ့ရှိပြီး လူအင်အားလုံလောက်သူများကတော့ တစ်ရက် နှစ်ရက်ခြား နီးပါးလောက် ဆန်ဖွတ်ကြကာ တခြားသူများ (အထူးသဖြင့် အမျိုးသမီးများ)ကတော့ နေ့တိုင်းနီးပါး ဆန်ဖွတ်တတ်ကြသည်။

အဘွားချန်းက နတ်သမီးတို့ဖူးကို မီးဖိုချောင်သို့ ယူသွားလိုက်ပြီး မကြာမီတွင် အိုးလွတ်တစ်လုံးနှင့် လူတစ်ရပ်စာရှိသည့် ကျည်ပွေ့ကို ယူလာကာ မေးခွန်းမေးရင်း စန်းလော့ကို လှမ်းပေးလိုက်၏။

“ညည်း ဆန်ဖွတ် တတ်ရဲ့လား”

စန်းလော့ ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။

အမှန်တွင်တော့ သူမသည် တခါမှ ကိုယ်တိုင် ဆန်မဖွတ်ဖူးချေ။ ခေတ်သစ်ကာလတွင် ဆန်ကို အလွယ်တကူ အသင့်ရနိုင်လေသည်။ မဖွတ်ရသည့်စပါးရောင်းသည့် နေရာတစ်ကို ရှာရသည်က ပိုခက်ခဲလေသည်။ တောင်ပေါ်တွင် နေထိုင်သည့်တိုင် ဒေသခံလယ်သမားများဆီမှာ စပါးဝယ်ယူသည် ဆိုသည်ကလည်း စက်ဖြင့်ကြိတ်ခွဲပြီးသား ဆန်များဖြစ်ကာ လိုအပ်မှ ဖွတ်ရသည့် မကြိတ်ခွဲရသေးသည့် ကုန်ကြမ်းမဟုတ်ချေ။

သူမ၏ မူလခန္ဓာကိုယ် ပိုင်ရှင်အနေဖြင့်လည်း ရှန်းမိသားစုထံသို့ ပြောင်းလာကတည်းက လီရှီသည် သူမကို ဆန်ဖွတ်သည့် တာဝန်ကို ပေးထားခဲ့လေသည်။ အိမ်ခွဲပြီးနောက် သူတို့ခွဲပေးလိုက်သည့် စပါးနှစ်အိတ်မှာလည်း မဖွတ်ရသေးသည်ဖြစ်ရာ သူမသည် ရှန်းမိသားစု၏ ကျောက်ဆုံကို သုံးပြီး ဆန်ဖွတ်ခဲ့ရသည်။ ထွက်လာသည့်အရာအားလုံးကို ဆန်ချည်းသက်သက် မဟုတ်ချေ။ ၃၀ရာခိုင်နှုန်းက ဖွဲနုများဖြစ်လေသည်။

ဆန်ကုန်သွားလျှင် ဖွဲနုများကို ခဲအောင် လုပ်ကာ တောဟင်းရွက်နှင့် ရော ထုပ်ပြီး အတင်းမြိုချရသည်။ ဒါသည်ပင် တစ်နပ်စာ ဖြစ်တော့သည်။

ကလေးများက ရှန်းမိသားစုတွင် ဆန်သွားချေးရချိန်တွင်တော့ အိမ်တွင် ဖွဲနုပင် မကျန်တော့ချေ။

လက်မောင်းနာသည်အထိ စပါးနှစ်အိတ်ဖွတ်ရသည့် သူမ၏မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ကို မှတ်မိနေသဖြင့် စန်းလော့သည် သူမ ဖွတ်ရမည့်စပါးက နှစ်ပြည်ကျော်ကျော်လောက်သာ ရှိသဖြင့် ကျေးဇူးမိသလိုပင် ခံစားမိတော့သည်။

စန်းလော့ သူမ၏ခြင်းထဲက အိတ်ကို ထုတ်ယူလိုက်ပြီး စပါးအားလုံးကို ဆုံထဲ လောင်းထည့်လိုက်ပြီး သစ်သားကျည်ပွေ့ဖြင့် စတင်အလုပ်လုပ်လေသည်။ အစပိုင်းတွင် လွယ်သလို ခံစားရသော်လည်း မကြာမီတွင်တော့ သူမ၏လက်မောင်နားက နာကျင်ကိုက်ခဲမှုကို သိရှိလာတော့သည်။

ချင်မင်းဆက်တုန်းက ဆန်ဖွတ်တာကို ပြစ်ဒဏ်တစ်ခုအနေနဲ့ သုံးတာ မဆန်းတော့ဘူး။ တနေကုန် မနားတမ်းဆန်ဖွန်ရတာက တကယ့်ကို နှိပ်စက်မှုဒဏ်ကို ခံစားနေရတဲ့အတိုင်းပဲကိုး။

အဘွားချန်းက သူမကို လေ့လာရင်း စန်းလော့၏ခြင်းထဲသို့ ဆေးပြီးသား မြေအိုးကို ပြန်ထည့်ထားပေးလိုက်၏။ သူမက ဘာမှမပြောဘဲ ခေါင်းခါလိုက်ပြီး စန်းလော့၏မိသားစုအကြာင်းကို သိလိုစိတ်များ မြင့်တက်လာတော့သည်။ သူမသည် သာမန်လယ်သမားတစ်ယောက်၏ မိန်းမတစ်ယောက်နှင့် မတူနေသယောင်။

သို့သော် အဘွားချန်းက အမြဲတမ်း တစ်ဦးတစ်ယောက်၏ စည်းကို လေးစားသူဖြစ်ရာ သူမကိုယ်သူမ စဉ်းစားလိုက်ခြင်းပင်။ စန်းလော့က လိုလိုလားလား မပြောပြလျှင် သူမကလည်း မေးမည်မဟုတ်ချေ။ လျှော်ချည်ငင်နေသည့် သူမ၏အလုပ်ကို ဆက်လုပ်လိုက်ပြီး မကြာခဏဆိုသလို စန်းလော့နှင့် စကားစမြည်ပြောလိုက်လေသည်။

အချိန်တန်ပြီဟု ထင်မိချိန်တွင် အဘွားချန်းက အနားသို့ရောက်လာပြီး စန်းလော့ကို တားလိုက်ကာ ဆန်နှင့်ဖွဲနုရောနေသည့် လက်တစ်ဆုပ်စာ ဆန်များကို စစ်‌ဆေးကြည့်လိုက်လေသည်။ ထို့နောက် သူမက အထဲသို့ ဝင်သွားပြီး စပါးလှေ့သည့် ဇကာခြင်းတစ်ခု၊ ကျူရိုးတံမြက်စည်းလေးတစ်ခုနှင့် ဝါးဖျာတစ်ချပ်ကို ယူထုတ်လာပေးသည်။

သူမက မီးဖိုနှင့် အဝေးဆုံး ခြံထောင့်တစ်ခုတွင် ဝါးဖျာကို ခင်းလိုက်ပြီး တံမြက်စီးကို အပေါ်တွင် ချထားလိုက်ပြီး ချီတုံချတုံရုပ်တစ်ခုဖြင့် ဇကာခြင်းကို စန်းလော့အား လှမ်းပေးကာ မေးလိုက်၏။

“စပါးရော လှေ့တတ်လား”

သူမသည် စန်းလော့ကို အထင်သေးခြင်းတော့ မဟုတ်ချေ။ သို့‌သော်လည်း စပါးလှေ့ခြင်းက ခွန်အားသက်သက်မရဘဲ လုပ်နည်းသိဖို့လည်း လိုသေးသည်။ မကျွမ်းမကျင် လုပ်မိလျှင် ဆန်အားလုံး ပျံ့ကျဲသွားနိုင်သည်။

စန်းလော့သည် သူမ၏မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်ကို ပြန်စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်၏။

“ဟုတ်ကဲ့”

အဘွားချန်းက သူမကို စပါးလှေ့ဇကာ လှမ်းပေးလိုက်ပြီး သူမ၏လျှော်ငင်သည့်နေရာသို့ ပြန်လာပြီး မကြာခဏဆိုသလို စန်းလော့ကို လှမ်းကြည့်လေသည်။

အစပိုင်းတွင်တော့ မတည်မငြိမ်ဖြစ်နေပြီး စန်းလော့သည် တဖြည်းဖြည်းနှင့် အသားကျလာကာ အဘွားချန်းကို စိတ်ချသွားအောင် လုပ်ပေးလိုက်လေသည်။

ဒါသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာစ်ကို အသုံးချပြီး တာဝန်တစ်ခုကို လုပ်ဆောင်ခဲ့သည့် စန်းလော့အတွက် ပထမဆုံးအကြိမ်ဖြစ်ကာ သူမ၏လက်ဖဝါးများမှာ စိုးရိမ်စိတ်လှုပ်ရှားမှုကြောင့် ချွေးပျံလာတော့သည်။

ပထမအကြိမ် စပါးလှေ့ခြင်းက ဆန်နှင့်စပါးကို လုံးဝ မကွဲချေ။ တစ်ချို့ မကြိတ်ခွဲရသေးသည့်စပါးအဖြစ် ရောပြီး ကျန်နေ၏။ သူမက ဆန်ကို နောက်တစ်ကြိမ် ဖွတ်ရန် ဆုံထဲသို့ ပြန်လောင်းထည့်လိုက်သည်။ နှစ်ကြိမ်လောက် ဖွတ်ပြီး နောက်တစ်ကြိမ် စပါးလှေ့လိုက်ပြီးနောက်တွင်တော့ ခြင်းထဲတွင် အခွံချွတ်ပြီးသား ဆန်များနှင့် ပြည့်သွားပြီး မခွံမကျွတ်သေးသည့် စပါးနည်းနည်းသာ ကျန်တော့သည်။

စန်းလော့က ဆန်ထဲက စပါးလုံးများကို ကောက်လိုက်တော့ ၁၂လုံးနီးပါးလောက် ရှိနေ၏။ စပါးထပ်ဖွတ်လို့လည်း မတန်တော့မှန်း သိလိုက်သဖြင့် စပါးလုံးများ ဆုံထဲ ပြန်ပစ်ထည့်လိုက်တော့သည်။ ချန်းမိသားစုက သူတို့ဆန်ဖွတ်သည့်နေမှာ ရောဖွတ်လိုက်လျှင် အလေအလွင့် နည်းသွားလိမ့်မည်။

သူမက ဆန်ကို သူမ၏ကိုယ်ပိုင် စပါးအိတ်ထဲ လောင်းထည့်လိုက်ပြီး မြေအိုးကို ခြောက်အောင် သုတ်ရန်အဘွားချန်းဆီက အဝတ်စတစ်ခု ငှားလိုက်လေသည်။ ဝါးဖျာပေါ်က ဖွဲနုများကို အထူးလုပ်ထားသည့် တံမြက်စည်းနှင့် လှဲလိုက်ပြီးနောက် ဖွဲနုများကို သူမယူလာသည့် မြေအိုးထဲသို့ လောင်းထည့်လိုက်၏။

သည်လိုနှင့် ဆန်ဖွတ်ခြင်းအလုပ် ပြီးမြောက်သွားတော့သည်။

ဝါးဖျာကို သန့်ရှင်းရေးလုပ်ပြီး‌ လိပ်လိုက်ပြိးနောက်တွင် စန်းလာ့သည် ဖျာကို ထားရမည့်နေရာကို မေးရန်မလိုဘဲ စန်းလော့၏ အမှုန်များပေနေသည့်လက်ကို သတိထားမိသွားသည့် အဘွားချန်းက သိမ်းပေးလိုက်သည်။ သူမက စန်းလော့ လက်ဆေးရန်အတွက် မီးဖိုထဲက ရေတစ်မုတ်ကို ခပ်လာပေးလိုက်သည်။

သို့သော်လည်း စန်း‌လော့ ခေါင်းခါပြလိုက်ပြီး “အလျင်မလိုပါဘူး အဘွားရဲ့၊ ဆန်ချင်ခွက်ရော၊ ကျွန်မ တနေ့က ချေးထားတဲ့ ဆန်နှစ်ဘူးကိုလေ အခုလောလောဆယ် တစ်ဘူး ပြန်ပေးထားချင်လို့ပါ”

သည်စကားက အဘွားချန်းတင်မဟုတ်ဘဲ မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေသည့် ချင်ဖန်းညန်ကိုပါ အံ့ဩသွားစေတော့သည်။ နှစ်ယောက်လုံးက ခြံထဲရှိ စန်းလော့ကို လှည့်မကြည့်ဘဲ မနေနိင်အောင် ဖြစ်သွားတော့သည်။

ချန်းယိုထျန်းက သူတို့ကို ပြောပြထားသဖြင့် သမီးယောက္ခမ နှစ်ယောက်လုံးက သိထား၏။ မြေအိုးကို ဝယ်လိုက်ပြီးနောက်တွင် စန်းလော့တွင် ဆန်တစ်ဘူးခွဲကျော်‌ကျော်သာ ပြန်ရနိုင်မည့် စပါးနှစ်ပြည်ခွဲစာ ငွေပမာဏသာ ကျန်တော့သည်။ အခုတော့ သူမက တစ်ဘူးလုံးကို ပြန်ပေးမည်ဟု ပေးလာသည်တဲ့လား။

အဘွားချန်းက စန်းလော၏ခြင်းထဲက ပြားကပ်နေသည့် ဆန်အိတ်ကို ကြည့်လိုက်ပြီး ခေါင်းခါလိုက်ကာ “ညည်းက တစ်ဘူး ပြန်ပေးမယ်ဆိုရင် ညည်းတို့မိသားစုအတွက် ဘာကျန်တော့မှာလဲ၊ ညည်းတို့အတွက်ပဲ သိမ်းထားလိုက်ပါလေ၊ အဲလိုပဲ မှတ်ထားလိုက်၊ အလျင်မလိုပါဘူး”

သို့သော် အကြွေးမထားလိုသည့် စန်းလော့ကတော့ အပြုံးတစ်ခုဖြင့် ခေါင်းမာနေလိုက်ပြီး “ကျွန်မတို့ အိမ်မှာ လုံလုံလောက်လောက် ရှိပါတယ်၊ အမှန်အတိုင်းပြောရရင်လေ မနက်ဖြန် နတ်သမီးတို့ဖူး နည်းနည်းပိုရောင်းမယ်လို့ စဉ်းစားထားတာ၊ ဒါကြောင့် ကျွန်မကို အစားအသောက် ပြတ်လပ်သွားမှာကို အဘွားတို့ တကယ် စိတ်မပူပေးလို့ရပါပြီ”

အဘွားချန်းက ဇဝေဇဝါဖြစ်သွားပြီး မှတ်ချက်ပေးလိုက်၏။

“ဒါပေမဲ့ မနက်ဖြန် ဈေးနေ့ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား”

စန်းလော့က ရှင်းပြလိုက်လေသည်။

“ဟုတ်ပါတယ်၊ ကျွန်မက နည်းနည်းလောက် လုပ်ပြီး ခြင်းနဲ့ကျောပိုးရင်း စန်းလီရွာမှာ သွားရောင်းမလို့ပါ၊ ဒါက အလုပ်ဖြစ်မယ်လို့ ထင်တယ်”

စန်းလော့၏အစီအစဉ်နှင့် သူမ အိုးထပ်လိုရသည့် အကြောင်းအရင်းကို နားလည်လိုက်သည်တွင် အဘွားချန်းက ခေါင်းညိတ်လိုက်ပြီးနောက် ဆန်ချင်ခွက် သွားယူရန် အခန်းထဲသို့ ဝင်သွားလိုက်ပြီး အိတ်ထဲက ဆန်တစ်ဘူးစာကို ချင်လိုက်တော့သည်။

စန်းလော့ ပြန်သွားပြီးနောက်တွင်တော့ အဘွားချန်းက ချင်ဖန်းညန်ကို ထုတ်ပြောလိုက်တော့သည်။

“ဒီစန်းလော့က တကယ် သဘောကျချင်စရာကောင်းတာပဲ”

...

All Chapters