← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အပိုင်း (၂၃)

စန်းလော့အိမ်သို့ ပြန်ရောက်သောအခါ မောင်နှမနှစ်ယောက်သည် ထရပ်လိုက်ကြ၏။ ကျောပိုးအိတ်နှင့် အသစ်ဝယ်ထားသော ဆန်အိတ်များသည် လတ်ဆတ်သောတို့ဟူးနှစ်ပိုင်းနှင့်အတူ မရှိတော့သည်ကို သတိပြုမိပြီး သူတို့၏အစ်မဖြစ်သူသည် ချန်းမိသားစုထံ သွားလည်ခဲ့သည်ဟု ခန့်မှန်းမိကြ၏။

အိမ်နောက်ဘက်ရှိ ယခင်စိုက်ပျိုးထားသည့် မြေကွက်များအား တူးဆွရန် အသစ်လုပ်ထားသော တူရွင်းပြားများကို အသုံးပြုမည်ဟု ဆုံးဖြတ်ကြသည်။

စန်းလော့ပြန်ရောက်ချိန်မှာတော့ ဟင်းသီးဟင်းရွက် ဥယျာဉ်၏ သေးငယ်သော အစိတ်အပိုင်းသည် ရှင်းလင်းပြီးဖြစ်ကာ အမြစ်တွယ်နေသည့် ပေါင်းပင်ကို ဘေးတွင် စုပုံထားလေသည်။

စန်းလော့ကိုမြင်သောအခါ ရှန်းနဉ်သည် စိတ်လှုပ်ရှားစွာ ပြေးသွားပြီး

“မကြီး၊ အကိုနဲ့ ညီမလေးက ဥယျာဉ်ထဲမှာ မြေတွေကို ဆွနေကြပြီ၊ အခြောက်ခံဖို့ ကျန်ခဲ့တဲ့ လျှော်ပင်တွေကိုလည်း ရေလောင်းပေးထားတယ်"

ကလေးမလေး၏ စိတ်အားထက်သန်မှုမှာ တကယ်ကို ချစ်စရာကောင်းလှသည်။ စန်းလော့သည် သူမအား ချီးကျူးစကားဆိုခဲ့ပြီး ကျောပိုးအိတ်ကို အိမ်ထဲတွင်ထည့်ကာ အလုပ်ဝင်လုပ်လိုက်တော့သည်။ ယခင်က စိုက်ပျိုးထွန်ယက်ထား‌သောမြေတွင် လုပ်ကိုင်ခဲ့သော မောင်နှမများနှင့် မတူဘဲ စန်းလော့သည် ထွန်ယက်စိုက်ပျိုးမထားရသေးသော တောင်ပေါ်မြေပြင်ကို ကိုင်တွယ်ဖြေရှင်းလိုက်သည်။

ရက်အတော်ကြာထိ မိုးမရွာသောအခါ မြေဆီလွှာများသည် မာကြောပြီး အခဲလိုက်ကြီးဖြစ်နေသည်။ အမြစ်တွယ်နေသော ပေါင်းပင်များနှင့် ရွှံ့နွံများထဲရှိ ကျောက်တုံးအများအပြားကြောင့် အလွန်ပင်ခက်ခဲစေသည်။ ခွန်အားရှိသမျှ အားကုန်စိုက်ထုတ်နေသော်လည်း စန်းလော့သည် နေ့လည်ရောက်သောအခါတွင် တစ်စတုရန်းမီတာအောက်သာရှိသော ကျောက်တုံးများနှင့် အမြစ်များကို စုပုံထားနိုင်ခဲ့သည်။

ရှန်းမိသားစုသည် ဘာကြောင့် ဒီတောင်တန်းမြေကို မထွန်ယက်ရသလဲဆိုတာ အခုမှ သူမ နားလည်သွားခဲ့သည်။ လုပ်ငန်းတာဝန်များမှာလဲ ခြေကုန်လက်ပန်းကျစေပြီး မြေဆီလွှာအရည်အသွေးမှာလည်း ညံ့ဖျင်းသည်။ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော မြက်အရိုင်းများမှလွဲ၍ မည်သည့်သီးနှံမျိုးမဆို ဤနေရာတွင် စေ့စပ်သေချာစွာ ဂရုမစိုက်ပါက ရှင်သန်နိုင်မည့်ပုံမပေါ်ချေ။

လူအင်အား အကန့်အသတ်ဖြစ်နေရာ ပိုမိုမြေသြဇာကောင်းသော လယ်ကွင်းများအစား အကျိုးမရှိသောမြေများတွင် အဘယ်ကြောင့် ကြိုးပမ်းအားထုတ်မှုကို ဖြုန်းတီးမည်နည်း။

စန်းလော့အတွက်တော့ ဒီမြေဟာ သူမ ထွန်ယက်နိုင်တဲ့ တစ်ခုတည်းသောမြေပင်။

တစ်နေ့တာလုံး ပင်ပင်ပန်းပန်းလုပ်ပြီးသည့်နောက် ငါးမျှားသည့်ခြင်းတောင်းကို စုဆောင်းကာ၊ ညစာစားပြီးနောက် စန်းလော့ လိုချင်တာအားလုံးမှာ ရေချိုးခြင်းနှင့် ခေါင်းလျှော်ခြင်းသာဖြစ်တော့သည်။

ဒါသည် အိပ်မက်တစ်ခုပင်။ သင့်လျော်တဲ့ရေချိုးခန်း သို့မဟုတ် ရေချိုးကန်မရှိသောကြောင့် သူမသည် ရှန်းနဉ်နှင့် အနီးနားရှိ သန့်ရှင်းသော စမ်းချောင်းတစ်ခုသို့သာ သွားလိုက်ရပြီး ရှန်းအန်း သည် အဝေးတွင်ရပ်ကာ စောင့်ကြည့်ပေးလေသည်။ သူမက အဝတ်အစားလဲကာ ကမန်းကတန်း လျှော်ရသည်။

သူမဘဝတွင် အညစ်ပတ်ဆုံးဟု ခံစားရသော သုံးရက်မြောက်နေ့ပင်။

ရေချိုးဆပ်ပြာ နှင့် ခေါင်းလျှော်ရည်မရှိချေ။ ကံကောင်းထောက်မစွာဖြင့် သူမတွင် သစ်မှရသည့်ပြာများ ရှိနေပြီး အညစ်အကြေးများနှင့် အဆီများကို ဖယ်ရှားရာတွင် ကောင်းကောင်းအလုပ်ဖြစ်လေသည်။

ဤအခိုက်အတန့်တွင်၊ စန်းလော့သည် သူမ၏နောက်ဆုံးဘဝအား တောင်တန်းများပေါ်တွင် နှစ်အနည်းငယ်ကြာနေထိုင်ကာ အင်တာနက်ရှိပြီး ဆိုက်တစ်ခုလုပ်ထားကာ ဗီဒီယိုအမြောက်အမြားတင်ပြီး နာမည်လေးရထားသော်လည်း ပါးနပ်သောYouTubers များ မကြာခဏပြသလေ့ရှိသည့် လက်လုပ်ဆပ်ပြာလုပ်ငန်းနယ်ပယ်သို့ ချဲ့ထွင်ရန် သူမ မတွေးခဲ့ဖူးသဖြင့် အလွန်နောင်တရမိတော့သည်။

သူမသည် ဝတ္ထုတစ်ပုဒ်တွင် ဖတ်ဖူးသည်ကို ရေးတေးတေးလေး သတိရမိသော်လည်း ဝက် သရက်ရွက်ကိုအသုံးပြုခြင်းပါဝင်သော်လည်း အဲဒီ့နောက်မှာတော့ သူမ ဘာကိုမှ မသိတော့ချေ။

တစ်နည်းအားဖြင့်ဆိုသော် ဤလက်မှုပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ခြင်းသည် ရွှေအခွင့်အရေးတစ်ခု ဖြစ်နိုင်သည် မဟုတ်ပါလား။

ဟုတ်ပါတယ်လေ။ ဒါက စိတ်ကူးယဉ် အတွေးသက်သက်ပါ။ ပြီးတော့ အဲ့အရာအားလုံးကို ငါက ဘယ်လို ရနိုင်မှာလဲ။

သူမကိုယ်သူမဆေးကြောပြီးနောက် စန်းလော့သည် ရှန်းနဉ်က ဆံပင်အနည်းငယ်ကို ဆေးကြောရန် ရုန်းကန်နေသည်ကို တွေ့လိုက်ရသည်။ ကလေးမလေးကို ခေါ်ပြီး ဆံပင်တွေကို သေချာဆေးကြောပြီးနောက် နှစ်ယောက်လုံးသည် အဝတ်အစားများကို ရေညှစ်ပြီး စိုစွတ်သောအဝတ်အစားများကို ဝတ်ဆင်ကာ ညစ်ပတ်နေသော အပြင်အဝတ်များဖြင့် အုပ်ပြီး အိမ်သို့ အမြန်ပြန်ခဲ့ကြသည်။

သူတို့၏အိမ်ပြန်လမ်းဟာ ချောမွေ့ပြီးမထူးခြားသော်လည်း သူတို့၏ လူဦးရေကျဲပါးသော တောင်တန်းကို ဖြတ်၍ လမ်းကို ဦးဆောင်ပေးလာသည့် ရှန်းအန်းကို ကျေးဇူးတင်ရလေသည်။

ရှန်းအန်းသည် ယောက်ျားလေးတစ်ယောက်ဖြစ်သောကြောင့် ရေချိုးရသည်မှာ ပိုလွယ်ကူသည်။ သူသည် အနီးဆုံးစမ်းချောင်းရှိ သန့်ရှင်းသောနေရာကို ရှာရန်သာလိုအပ်သည်။ သူ၏ဘောင်းဘီတိုကို ချွတ်လိုက်ပြီး ကောင်းကောင်းလျှော်ဖွပ်နိုင်သည်။

နတ်သမီးတို့ဟူးကို ရောင်းချသည့် သူတို့၏ဒုတိယမြောက် လုပ်ငန်းအတွက် ပြင်ဆင်နေပြီး သူတို့ သုံးယောက်သည် ဒီတစ်ကြိမ်တွင်တော့ အတော်လေးကို တည်ငြိမ်လာခဲ့သည်။ ကလေးတွေသည် အရမ်းစိတ်လှုပ်ရှားမှုမရှိဘဲ အိပ်ပျော်သွားကြသည်။

စန်းလော့သည် ထိုညတွင် သူမတတ်နိုင်သမျှ ကြိုတင်ပြင်ဆင်ထားပြီး ကောင်းမွန်စွာ အနားယူခဲ့သည်။ အိပ်ရာမဝင်မီ ပြင်ဆင်မှုများ အပြီးသတ်ရန်အတွက် ညလယ်တွင် နာရီဝက်ခန့်သာ နိုးခဲ့သည်။

နောက်နေ့ မိုးလင်းသောအခါ အပြင်ရှိ ငှက်အော်သံနဲ့အတူ စန်းလော့နှင့် ကလေးများသည် အိပ်ယာမြန်မြန်ထလိုက်ကြသည်။ ဆေးကြောပြီးနောက် သူမသည် နတ်သမီးတို့ဟူးကို အတုံးကြီး ဆယ့်ခြောက်တုံးနှင့် အတုံးသေးသေးလေးများ လှီးဖြတ်လိုက်သည်။ မနေ့က ရရှိခဲ့သော လျှော်ထည်များ အပါအဝင် တစ်နေ့တာလုံးအတွက် လိုအပ်သည့်အရာအားလုံးကို စုစည်းပြီးနောက် စန်းလီကျေးရွာသို့ ထွက်ခွာခဲ့ကြသည်။

ရွာများဆီသို့ လျှောက်သွားရင်း လှည့်ရောင်းရန် စီစဉ်နေတာကြောင့် ယခုတခေါက်တွင် ကြာရွက်များ ပြင်ဆင်စရာ မလိုတော့ပေ။

ရှန်းအန်းသည် သကြားကုန်သွားသောကြောင့် အမြည်းကျွေးမည့် နတ်သမီးတို့ဟူးအတွက် သကြားရေနှင့်ဝါးကျည်တောက် ယူလာခြင်းမရှိသောကြောင့် အနည်းငယ် စိတ်မသက်မသာဖြစ်နေ၏။

"မကြီး၊ အမြည်းအတွက် သကြားရေမပါဘဲ ကောင်းကောင်းရောင်းနိုင်ပါ့မလား" သူက မေးလိုက်၏။

နမူနာအတွက် သကြားရေရှိခြင်းသည် ရောင်းရလွယ်ကူစေမည်ဟု စန်းလော့ နားလည်ထားသော်လည်း အဘွားအိုဆီမှ သကြားညိုအား ဆက်မတောင်းချင်တော့ပါ။ ဆက်ဆံရေးကောင်းမွန်ရန် ရိုးသားဖို့ လိုပြီး တစ်ဦး၏ကန့်သတ်ချက်ကို သိရမည်။ ဘောင်ကျော်ခြင်းသည် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်။

သူမသည် အာမခံလိုက်၏။

" ရတယ်၊ ငါတို့ ရောင်းလို့ရပါတယ်၊ နောက်ထပ်အိမ်ထောင်စုတွေဆီကို လည်ပတ်ပြီး စကားနည်းနည်းပြောရုံပါပဲ"

စန်းလီရွာသည် ဈေးနေ့များနှင့် စျေးနေ့မဟုတ်သောနေ့များ၏ သိသာသော ကွာခြားချက်ကို စန်းလော့ သတိပြုမိသည်။ ပိုပြီးတိတ်ဆိတ်နေသော်လည်း ဈေးဆိုင်များစွာရှိသည့် ရွာကြီးတစ်ရွာအနေနှင့် သေးငယ်သောရှီလီရွာထက် လှုပ်လှုပ်ရှားရှားရှိနေပါသေးသည်။

ယခုအချိန်တွင် အိမ်ထောင်စုတစ်စုစီမှ အမျိုးသားများသည် ထွက်ခါစနေရောင်နှင့် အေးမြသောအပူချိန်ကို အခွင့်ကောင်းယူပြီး လယ်ကွင်းများတွင် အလုပ်လုပ်နေကြ၏။ အမျိုးသမီးများမှာလည်း အိမ်မှုကိစ္စများ ၊ ရေချိုးခြင်းနှင့် နံနက်စာပြင်ဆင်ခြင်းများကို ပြုလုပ်ကြသည်။

စန်းလီရွာတွင် အော်ဟ်ကာ ရောင်းကူမည့်အကြောင်းနှင့် ရည်မှန်းချက်အပြည့် စိတ်ကူးထားသည့် ရှန်းအန်းသည် ရောက်ရှိလာချိန်တွင် စကားပြောရန် ချီတုံချတုံဖြစ်နေပြီး ပျားပန်းခပ်နေသော ဈေးနေ့များကို လွမ်းဆွတ်နေမိတော့သည်။

စန်းလီကျေးရွာအဝင်ဝရှိ နေအိမ်အပြင်ဘက်တွင် လှဲကျင်းနေသည့် အမျိုးသမီးများသည် ခြင်းတောင်းများကိုင်ဆောင်ထားသည့် အပြင်လူများကို သတိပြုမိရုံမျှသာရှိပြီး သူတို့၏ရွာတွင် သူစိမ်းများကိုတွေ့လေ့ရှိတာကြောင့် ရွာရှိ ဆိုင်တစ်ဆိုင်သို့ လာဝယ်ကြသည်ဟု ထင်လိုက်၏။

ရွာရှိဆိုင်တစ်ဆိုင်တွင် လာဝယ်ကြသည်ဟု ယူဆကာ ဧည့်သည်များအား အထူးတလည် ဘာမှမတွေးခဲ့ကြပေ။

စန်းလော့က ရှင်းရှင်းလင်းလင်း လှမ်းမအော်ခင်လေးတွင် ထိုအမျိုးသမီးများသည် သတိပြုမိလိုက်တော့သည်။

"နတ်သမီးတို့ဟူး ရောင်းနေပါတယ်၊ အေးအေးလေးစားမလား၊ ခန္ဓာကိုယ်အဆိပ်အတောက်ဖြေမလား၊ အပူဒဏ်ကို ကျော်ဖြတ်ဖို့ အရသာရှိတဲ့ နည်းလမ်းတစ်ခုနော်"

အမျိုးသမီးနှစ်ဦးစလုံးသည် “နတ်သမီး တို့ဟူး"ဆိုသည့် မရင်းနှီးသော အသံကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။

"နတ်သမီးတို့ဟူးဆိုတာ ဘာလဲ"

သူတို့သည်သိချင်နေကြသည်။

စန်းလော့သည် ယခင်နေ့တွင် သူမ၏ဆိုင်၌ လှုပ်လှုပ်ရှားရှား ပြုလုပ်ခဲ့သော်လည်း သူမ၏ပြိုင်ဘက်ကင်းသော တို့ဟူးသတင်းသည် ပျံ့နှံ့ခြင်းမရှိခဲ့ဘဲ စန်းလီရွာရှိ ရွာသားအနည်းငယ်သာ ထိုအရာနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။

စန်းလော့နီးကပ်လာသည်နှင့်အမျှ သူမအား စိုက်ကြည့်ကာ ခေတ္တရပ်နေသော အမျိုးသမီးတစ်ဦးကို သတိပြုမိသည်။ စန်းလော့သည် သူမအား အပြုံးဖြင့် နှုတ်ဆက်လိုက်လေသည် ။

"အစ်မ၊ နတ်သမီးတို့ဟူး ဝယ်ချင်လို့လား၊ ဒါက စွယ်စုံရတယ်၊ ဟင်းအေးပွဲတွေ ဒါမှမဟုတ် ချက်ပြုတ်လို့လဲ ကောင်းတယ်၊ ချိုတဲ့အရသာလား ဟင်းအနှစ်အရသာအတွက်လား သင့်လျော်ပါတယ်၊ သကြားရည်နဲ့ရောလိုက်ရင် လန်းဆန်းတဲ့အချိုပွဲတစ်ခု ဖြစ်သွားပြီး သူ့ကို အရသာရှိတဲ့ဟင်းပွဲတစ်မျိုးလဲ လုပ်လို့ရတယ်"

အမျိုးသမီးသည် ချီတုံချတုံဖြစ်ပြီး မည်သို့တုံ့ပြန်ရမည်ကို မသိပေ။

ထို့နောက် စန်းလော့သည် ရှန်းအန်း၏ခြင်းတောင်းထဲမှ ပန်းကန်တစ်လုံးကို ယူကာ

"အပိုင်းအသေးလေးကို အခမဲ့ မြည်းစမ်းကြည့်နိုင်ပါတယ်။ သကြားရေနဲ့ စမ်းစားနိုင်သလို ဟင်းအေးတစ်ပွဲလိုလဲ စားနိုင်ပါတယ်။ ကြိုက်ရင် ဝယ်လို့ရတယ်၊ မဟုတ်လည်း ဒီအတုံးလေးက အလကားကျွေးတာပါ"

အခမဲ့နမူနာ ကမ်းလှမ်းချက်ကို ပထမဆုံးအမျိုးသမီးသာမက အနီးနားတွင် ခိုးနားထောင်နေသော သူမ၏အိမ်နီးချင်းများသည် မေတ္တာလက်ဆောင်ရမည်ကို ကြားလိုက်ရသဖြင့် မျှော်လင့်ချက်ဖြင့် စိတ်ဝင်စားသွားသည်။

"သေချာတာပေါ့ အစ်မရယ်၊ ပန်းကန်တစ်လုံး ယူလာပါ။ ဟင်းခတ်အမွှေးအကြိုင်တချို့နဲ့ဆို ပိုအရသာရှိတယ်”

စန်းလော့သည် အကြံပြု၏။

မည်သည့်ဟင်းကဲ့သို့မဆို၊ ဟင်းခတ်အမွှေးအကြိုင်များထည့်ခြင်းက ရေထဲထည့်ပြုတ်သည်ထက်တော့ အရသာပိုကောင်းမှန်း အမျိုးသမီးက နားလည်လေသည်။

"ကောင်းပြီ၊ ငါ့ကိုစောင့်နော်၊ ငါသွားပြီးတော့ သကြားနည်းနည်းဖျော်ပြီး ချက်ခြင်းပြန်လာခဲ့မယ်" အမျိုးသမီးက ပြုံးပြပြီး ပြောကာ ပြင်ဆင်ရန်အတွက် အိမ်သို့ အမြန်သွားတော့သည်။

အခမဲ့သုံးဆောင်နိုင်သည့် အခွင့်အရေးကို ဘယ်သူက လက်လွှတ်ခံပါမည်နည်း။

အိမ်နီးချင်းဖြစ်သူက အရင်လှုပ်ရှားလိုက်သည်ကို မြင်လိုက်သည်တွင် စန်းလော့နှင့် ပထမဆုံး စကားပြောခဲ့သည့် အမျိုးသမီးကလည်း စိတ်ဝင်စားလာပြီး

“ငါလည်း ပန်းကန်လုံးသွားယူလိုက်ဦးမယ်"

မျက်စိတစ်မှိတ်အတွင်းတွင် အမျိုးသမီးနှစ်ယောက်လုံးသည် ထွက်ခွာသွားခဲ့ပြီး စန်းလော့နှင့်ကလေးနှစ်ယောက်သာ ဤနေရာတွင် ရပ်ကျန်ခဲ့၏။

ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် အနည်းငယ်မျှစိတ်လှုပ်ရှားနေခဲ့ကြသည်။ လူတွေက အစမ်းသုံးဆောင်ပြီးတဲ့အခါ ဝယ်ချင်စိတ်ဖြစ်ရင် ဖြစ်မှာ။ နောက်ဆုံး စန်းလီရွာက လူတွေက သူတို့ရွာက လူတွေထက် ပိုချမ်းသာကြတယ်လေ။

သူတို့သည် စောင့်နေစဉ်တွင် စန်းလော့သည် အလုပ်များနေကာ နေရာတွင်ရပ်ပြီး ဖောက်သည်များကို ဆွဲဆောင်ရန် အဆက်မပြတ် အော်နေလိုက်သည်။ မကြာခင်မှာပဲ စူးစမ်းလိုစိတ်ရှိသော ပရိတ်သတ်များသည် သူတို့၏အိမ်မှ ထွက်လာကြတော့သည်။

စန်းလော့၏ အဆက်မပြတ်ခေါ်ဆိုမှုသည် အခမဲ့အရသာကို ပေးမည်ဟု ကတိပြုထားသော အမျိုးသမီးနှစ်ဦးကို အရှိန်မြှင့်ပေးလိုက်ဟန်တူသည်။ သူတို့သည် လျင်မြန်စွာ ပြန်လာကြပြီး နောက်မှနေ၍ ကလေးများစွာပါ ပါလာကြသည်။

စန်းလော့နှင့် ပထမဆုံးစကားပြောဆိုသည့် အမျိုးသမီးသည် အိမ်တွင် မနက်စာပြင်ဆင်နေပုံရသည်။ ဆား၊ ငံပြာရည် နှင့် ကြက်သွန်နီအစိမ်းတုံးများကို အမြန်ရောစပ်ပြီး ဟင်းချက်ရာတွင် အသုံးပြုရန် စီစဉ်ထားသော ဟင်းခတ်အမွှေးအကြိုင်အချို့ကို ယူဆောင်လာခဲ့သည်။

သူမသဘောနဲ့သူမ ရောက်လာသော တခြားအမျိုးသမီးသည်လည်း အမြန်ပြန်လာခဲ့၏။ သူမ၏ပန်းကန်လုံးတွင် အရည်ပျော်ဝင်သော အရာအနည်းငယ်ပါ၀င်ပြီး မပူသလို အရောင်မှာ သကြားညိုကဲ့သို့ မဟုတ်ပါ။

စန်းလော့သည် သူ့ပန်းကန်လုံးအား စိုက်ကြည့်နေသည်ကို မြင်သောအခါ အမျိုးသမီးက တခိခိရယ်လိုက်ပြီး

"ဒါက ပျားရည်ပါ။ စမ်းကြည့်ဖို့ နည်းနည်းပိုလောက် ပေးသင့်တယ်နော်၊ အဲ့လိုမှမဟုတ်ရင် ငါသုံးတဲ့ ပျားရည်အတွက် တရားမမျှတဘူး"

"အာ၊ ပျားရည်၊ အဲဒါက တော်တော်လေးကောင်းတဲ့ ပါဝင်ပစ္စည်းပါပဲ"

ရှေးခေတ်တွင် ချမ်းသာကြွယ်ဝသူများသာ ပျားရည်ကို တတ်နိုင်သည်။ သာမန်လူတွေမှာ ဝယ်ခဲပါသည်။ ဤအမျိုးသမီးသည် ပိုကောင်းသောအရာများကို နှစ်သက်ပြီး ချမ်းသာသော မိသားစုမှ ဆင်းသက်လာပုံရသည်။ သို့မဟုတ် သူမ၏ မိသားစုမှ တစ်စုံတစ်ဦးသည် တောင်ပေါ်မှ ပျားအုံကို ရယူခဲ့ပုံရသည်။

စန်းလော့သည် ပြုံးပြုံးရွှင်ရွှင်နှင့် တုံ့ပြန်လိုက်ပြီး ပန်းကန်ကို ရှန်းအန်းအား ကိုင်ခိုင်းထားလိုက်ကာ ရှန်းအန်း၏တောင်းထဲမှ ဝါးဓားတစ်ချောင်းနှင့် သစ်သားဇွန်းတစ်ချောင်းကို ထုတ်လိုက်၏။

နမူနာအပိုင်းများကို မာကျောက်ကြွေပြားအရွယ် အပိုင်းများအဖြစ် အိမ်မှ ပိုင်းဖြတ်လာပြီးသားဖြစ်သည်။ သစ်သားဇွန်းကို အသုံးပြု၍ အပိုင်းတစ်ပိုင်းကို ကောက်နှုတ်ပြီးနောက် ဝါးဓားဖြင့် သေးငယ်သောအပိုင်းလေးပိုင်းအဖြစ် ဖြတ်လိုက်သည်။

ရောင်စုံအနှစ်ထဲတွင် နှစ်မြှုပ်ထားသော ကျောက်စိမ်းနှင့်တူသည့် တိုဟူးသည် ကလေးများအား ဆွဲဆောင်နေလေသည်။ အထူးသဖြင့် ငံပြာရည်ပန်းကန်ကိုင်ထားသည့် အမျိုးသမီးမိသားစုမှ ကလေးများကို ကြည့်ရသည်မှာ သူတို့ အိမ်သားတွေ အတွက်ဖြစ်သည်။

"အမေ၊ သားလဲ တစ်ပိုင်းလောက်မြည့်ကြည့်မယ်"

"အဒေါ်၊ သားကိုလဲ တစ်ခုလောက်ပါ"

အသက်အရွယ်မျိုးစုံရှိ ကလေးများသည် ဝိုင်းအုံကြည့်နေကြသည်။

စန်းလော့သည် တစ်ချက်ကြည့်လိုက်ပြီး အလားတူအရွယ်အစားရှိ နောက်ထပ်တစ်ပိုင်းအား ကောက်လိုက်ပြီး ယခင်အတိုင်း လေးပိုင်းခွဲကာ အခြားအမျိုးသမီး၏ ပျားရည်ပန်းကန်လုံးထဲသို့ ထည့်လိုက်လေသည်။

တို့ဟူးကို အားကျစိတ်ဖြင့် စိုက်ကြည့်နေသော ထိုအမျိုးသမီး၏နောက်ကွယ်မှ ကလေးများသည်လည်း ရွှင်မြူးနေကြသည်။

"အမေ/အဒေါ်၊ တစ်ခုလောက်ပေးပါ"

အမျိုးသမီးနှစ်ယောက်လုဲးသည် သူတို့ပန်းကန်လုံးများထဲတွင် ဇွန်းများ အသင့်ပါလာကြသည်။ စန်းလော့၏ အရောင်းသရုပ်ပြပွဲက တိုက်ရိုက်အရသာမြည်းပွဲတစ်ခုအသွင် မြန်မြန်ဆန်ဆန် ပြောင်းလဲသွားကာ အစောပိုင်းက စန်းလော့အော်သံကို ကြားလိုက်ချိန်က လှမ်းကြည့်လိုက်ကြသည့ တခြားအမျိုးသမီးများ၏ အာရုံကို ဆွဲဆောင်ထားလိုက်လေသည်။ သူတို့သည် မနေနိုင်တော့ဘဲ ရောက်လာကြတော့သည်။

"ဒီမှာဘာတွေရောင်းနေတာလဲ"

"ငါလဲ စားကြည့်လို့ရမလား"

"ကျူးကျီ အဲ့တာက အရသာရှိလား"

အမေးခံလိုက်ရသည့်ကလေးက ဆားအရသာကို မြည်းလိုက်သည့်တစ်ယောက်ဖြစ်သည်။

ပျားရည်သည် အိမ်တိုင်းတွင်ရှိသောအရာမဟုတ်သောကြောင့် အငန်အကြောင်းမေးခြင်းသည် ပို၍ဆီ‌လျော်ပါသည်။

ကျူးကျီဟုအမည်ရှိသောကလေးသည် ခေါင်းညိတ်ပြကာ

"အရသာရှိတယ်"

ထို့နောက် သူသည် အိမ်နီးချင်းမောင်နှမများကို အားကျစွာကြည့်ကာ စိတ်အားထက်သန်ကာဖြင့် မေးလိုက်၏။

“အားလန်၊ ပျားရည်နဲ့ဆိုရင်ကော ကောင်းလား”

"အရမ်း ကောင်းတယ်၊ မယုံနိုင်လောက်အောင် အရသာရှိတယ်"

အားလန်၏ ပြတ်သားသောအသံဖြင့် ဤအစားအစာကို နှစ်သက်ကြောင်း ဖော်ပြလိုက်၏။ သူ့အမေ၏အင်္ကျီလက်ကို ဆွဲလှုပ်ကာ သူက တောင်းဆိုလေသည်။

“အမေ အရမ်းကောင်းတယ်၊ နည်းနည်းလောက် ဝယ်ပါနော်၊ မနက်စာ စားချင်လို့”

“ဒီလောက် အတုံးသေးသေးလေးက တစ်ကိုက်စာနဲ့ ကုန်သွားပြီ”

ယခုအခါ သားဖြစ်သူကို ဆွဲလှုပ်ခံထားရသည့် အမျိုးသမီးသည် နောက်ဆုံးအပိုင်းကို ကိုယ်တိုင် အရသာခံစမ်းကြည့်ရာ မျက်လုံးများ လင်းလက်လာသည်။ သူမသည် စန်းလော့ဘက်လှည့်ကာ မေးလိုက်၏။

"ကလေးမ ဒီနတ်သမီးတို့ဟူးကို ဘယ်လိုရောင်းတာလဲ"

မေးလိုက်ရင်း အိုးထဲက အလွန်ရက်ရောပုံရသည့် အရွယ်အစားနှင့် ပမာဏကို ကြည့်လိုက်လေသည်။

အလားအလာရှိသော ဝယ်သူအား သတိပြုမိကာ စန်းလော့သည် ရွှင်ရွှင်လန်းလန်းဖြင့် ပြန်ဖြေလိုက်၏။

"စျေးမကြီးပါဘူး၊ တစ်ပိုင်းမှ နှစ်ဝမ်ပဲရှိပါတယ်။ အပိုင်းကတော့ အများကြီးပါပြီး ပန်းကန်လုံးကြီးတစ်လုံးဖြည့်ဖို့ လုံလောက်ပါတယ်"

ငွေရဖို့ရန် တောင်တွေ၊ လယ်ကွင်းတွေကနေ တစ်ခုခုကို ခြစ်ထုတ်နိုင်တဲ့ စန်းလီရွာသားများအတွက် ဝမ်နှစ်ဝမ်သည် ဈေးမကြီးချေ။ အမျိုးသမီးသည် ချက်ခြင်းသဘောတူပြီး -

"ကောင်းပြီ၊ ငါ့ကို တစ်ခုပေးပါ"

သူမ၏စကားကြောင့် သားသမီးများသည် ရွှင်မြူးသွားပြီး သမီးကြီးမှာ အိမ်ပြန်ပြီး ပိုက်ဆံယူရန် စိတ်အားထက်သန်စွာ စေတနာ့ဝန်ထမ်း လုပ်တော့သည်။

ထိုအချိန်အတွင်း အငန်မြည်းစမ်းသူ၏ အနားတွင် ကလေးများသည် သူတို့၏အမေနှင့် အဒေါ်၏ အင်္ကျီများကို ဆွဲကာ ဝယ်ရန် ပူဆာကြသည်။

အမျိုးသမီးသည် အရှုံးပေးလိုက်ရကာ ခေါင်းတညိတ်ညိတ်နှင့်

“အေးပါ၊ ငါတို့ကို တစ်ခုလောက်ပေးပါ။ ဒီမှာ ခဏလေးစောင့်။ ငါ ပိုက်ဆံသွားယူလိုက်မယ်"

အိမ်ထောင်စုနှစ်စုမှ မြည်းစမ်းပြီး ဝယ်လိုက်ကြသဖြင့် အခြားသူများပါ လိုက်ပါလာကြသည်။

အမျိုးသမီးသည် သူ၏ပိုက်ဆံယူဖို့ လှည့်ပြန်လာသည်နှင့်အမျှ အစောပိုင်းတွင် အဖြစ်အပျက်များကို ကြည့်ရန်ရောက်လာသော အိမ်နီးချင်းများသည်လည်း ပန်းကန်များ ယူရန် ပြန်သွားကြသည်။ လူတိုင်းကတော့ ဝယ်ဖို့ ရည်ရွယ်ထားသည်မဟုတ်ဘဲ အလကားစား ချင်ကြသည်ချည်းပင်။

စန်းလော့သည် အရသာကို မြည်းခိုင်းလိုက်ပြီး၊ ထိုအရသာမြည်းခြင်းကပင် ဝယ်ယူစေနိုင်သည်ကို သိနေသည်။ သူမသည် ဝန်ဆောင်မှုပေးနေစဉ်တွင် သူမ၏ အရောင်းမြှင့်တင်မှုကို ဆက်လက်လုပ်ဆောင်ရန် အခွင့်အရေးများကို အမိအရဖမ်းယူထားလိုက်သည်။ ထိုသို့ ဆူဆူညံညံအချင်းအရာက အနီးနားရှိအိမ်များမှ ကြည့်ရှုသူများကို ပိုမိုဆွဲဆောင်လိုက်တော့သည်။

ရှန်းအန်းနှင့် ရှန်းနဉ်တို့သည် သိသိသာသာ စိတ်လှုပ်ရှားနေပြီး ဝက်သားဆိုင်ဆီသို့ မကြာခဏ စိုက်ကြည့်နေမိကြတော့သည်။

"အသား..အို..အသား၊ ငါတို့ ဒီနေ့ စားရတော့မယ်"

...

အပိုင်း (၂၄)

အချိန်တိုအတွင်းမှာပင် စန်းလီရွာဝင်ပေါက်အနီးနားမှ အိမ်ထောင်စုများရှိ အမျိုးသမီးများသည် အိမ်အမြန်ပြန်ပြီးနောက် သူတို့နှင့်အတူ ကလေးများလိုက်ပါလာပြီး ပန်းကန်လုံးများနှင့် အလျင်အမြန် ပြန်ပေါ်လာကြ၏။ အရသာမြည်းစမ်းခြင်းအပိုင်းသည် စည်ကားနေ၏။

သေချာတာပေါ့။ လူတိုင်းကတော့ အစားအစာအတွက်နဲ့ ပိုက်ဆံကို သုံးမှာမဟုတ်ဘူး။ တစ်ချို့က ဝယ်ဖို့ရည်ရွယ်ချက်မရှိဘဲ သားသမီးတွေကို အလကားမြည်းစမ်းခိုင်းကြည့်ဖို့ လာကြတာ။

ထိုအထဲတွင် တစ်ကယ်မဝယ်သည့်သူများလဲပါပြီး အရသာမြည်းစမ်းပြီးနောက် သူတို့ကလေးများ၏ တောင့်တမှုကို မခုခံနိုင်သောသူများမှာ မိသားစုတစ်စုစီသည် တစ်တုံးလောက် အတူတူ‌မျှဝယ်ရန်ဆုံးဖြတ်ခဲ့ပြီး အိမ်နီးချင်းတစ်ဦးလျှင် တစ်စိတ်မျှ မျှဝေရန် ဆုံးဖြတ်ခဲ့ကြလေသည်။

တစ်ပိုင်းလျှင် တစ်ဝမ်သာပေးရပြီး မိသားစုနှစ်စုခွဲဝေလိုက်ပါက အိမ်၏ အပိုဟင်းပွဲအတွက် လုံလောက်လေသည်။

ပထမရပ်နားရာနေရာတွင် စန်းလော့သည် နတ်သမီးတို့ဟူး ခြောက်တုံးအား ရောင်းချခဲ့ပြီး ဆယ့်နှစ်ဝမ်ရရှိခဲ့၏။ ရှန်းအန်းသည် ဒင်္ဂါးပြားများ ပျောက်သွားမည် သို့မဟုတ် အခိုးခံရမည်ကို စိုးရိမ်သောကြောင့် အိတ်ကပ်ထဲတွင် တင်းကျပ်စွာဆုပ်ကိုင်ထား၏။

ရွာထဲသို့ ရောက်လာသည်တွင် အစောပိုင်းမြင်ကွင်းကိုမြင်တွေ့ခဲ့သည့် အိမ်ထောင်စုများသည် သူမရောက်ရှိချိန်တွင်တော့ အရောင်းကြော်ငြာချင်းကို ဖယ်ထားလိုက်ပြီး စန်းလော့ထံသို့ စိတ်အားထက်သန်စွာ ချဉ်းကပ်လာကြတော့သည်။

"ဘာတွေရောင်းနေတာလဲ ကောင်မလေး"

စန်းလော့သည် ချောချောမွေ့မွေ့နှင့်ထိရောက်မှုရှိသော သူမ၏မိတ်ဆက်ခြင်းနှင့် အခမဲ့အရသာမြည်းစမ်းလုပ်ငန်းစဉ်အား ထပ်ခါ ထပ်ခါ ပြောပြလိုက်၏။ လူတိုင်းသည် အခမဲ့မြည်းစမ်းခြင်းကို နှစ်သက်ကြပြီး အထူးသဖြင့် သူတို့မနက်စာပြင်ဆင်နေချိန်ဖြစ်ရာ ဟင်းခတ်အမွှေးအကြိုင်များကို အဆင်သင့် အသုံးပြုနိုင်သောကြောင့်ပင်။

နောက်ထပ် အတုံးအနည်းငယ်ကို ရောင်းချပြီးသည့်နောက် မြည်းစမ်းကြည့်ပြီး ချက်ခြင်းဝယ်ရန် တုံ့ဆိုင်းနေသော အမျိုးသမီးသည် စန်းလော့မသွားခင်တွင် ပြောလိုက်၏။

"ဒါအတွက် တစ်ခြားပစ္စည်းနဲ့ လဲလို့ရလား"

ကုန်ချင်းလဲလှယ်ချင်းအလေ့အထနှင့် နေသားကျနေပြီဖြစ်သဖြင့် စန်းလော့က ပြန်ဖြေလိုက်၏။

"ဟုတ်ကဲ့၊ ရပါတယ်။ ဒါပေမယ့် အစ်မ လဲမယ့်ပစ္စည်းအပေါ်မှာ မူတည်ပါတယ်"

အမျိုးသမီးသည်လည်း မေးမြန်းလိုက်၏။

"ဘာနဲ့လဲလှယ်ချင်လဲ"

စန်းလော့သည် တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလိုက်၏။

"အစေ့အဆန် ဆိုလည်း အဆင်ပြေပါတယ်"

အသီးအရွက်များမှာ ကြာရှည်မခံသလို ချက်ခြင်းကြီးလဲ မလိုအပ်သေးပေ။ အထည်အလိပ်သည် လဲလှယ်ခြင်းအတွက် လိုအပ်မည်ဖြစ်ပြီး အထူးသဖြင့် စန်းလော့သည် ပိတ်စကို တကြီးမလိုအပ်တော့သောကြောင့် ငွေသားသည်သာ ပိုကောင်း၏။

အစေ့အဆန်ဟု ကြားလိုက်ရပြီး လက်ခံနိုင်သည့်အနေအထားဖြစ်ရာ အမျိုးသမီးက တုံ့ဆိုင်းစွာဖြင့် မေးလိုက်လေသည်။

"ပဲပုပ်နဲ့လဲလှယ်မယ်ဆိုရင်ရော ဘယ်လိုလဲ"

ပဲပုပ်များမှာ ယခုအချိန်တွင် အမှန်ပင် အစေ့အဆန်များဟု ယူဆနိုင်သည်။

ပဲပုပ်ဟင်းပွဲများသည် စန်းလော့၏မူလအချိန်တွင် အဓိကစားစရာဖြစ်ခဲ့ပြီး ယခုလဲ အတူတူပင်ဖြစ်သည်။ အခြားအစေ့အဆန်များထဲတွင် ပဲပုပ်သည် အဓိကအစားအစာ ရင်းမြစ်ဖြစ်သည်။ ထမင်းဖြူအား လူတိုင်း မတတ်နိုင်ကြပေ။ ထို့ကြောင့် အထူးသဖြင့် ဆင်းရဲနွမ်းပါးသော မိသားစုများတွင် ပဲပုပ်ကသာလျှင် အစားအသောက်၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လေ့ရှိသည်။

လက်ရှိပဲပုပ်ဈေးအား သေချာမသိသော စန်းလော့သည် မရေမရာပင် အကြုံပြုလိုက်၏။

" ဝမ်နှစ်ဝမ်ဖိုးစာ ပဲပုပ်ပေးလိုက်ပါ"

အမျိုးသမီးက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ၊ ခဏလောက်စောင့်။ ပဲပုပ်တွေ သွားချိန်လိုက်ဦးမယ်"

ထိုအမျိုးသမီး ပဲပုပ်များကိုယူလာပြီးနောက် စန်းလော့သည် နို့ဆီဘူးတစ်ဝက်မျှသာရှိသည်ကို သတိထားမိလိုက်သည်။ ဒါဆို အခုချိန်မှာ ပဲပုပ်တွေက နို့ဆီဘူးတစ်ဘူးကို လေးဝမ်တောင်ရှိနေပြီလား။

နို့ဆီဘူးတစ်ဘူးလျှင် ခုနစ်ဝမ်မျှကျသင့်သော အစေ့အဆန်များအကြောင်းကို စဉ်းစားရင်း ဈေးနှုန်းမှာ မှန်သည့်ပုံပေါ်သည်။ ပဲစေ့များကို သယ်ရန်အိတ်မပါလာသောကြောင့် သူမ ယူလာခဲ့သောလျှော်ထည်ကို ထုတ်လိုက်ပြီး ခြင်းတောင်းထဲသို့ ပြန်မထည့်မီ ပဲစေ့များကို ထုတ်ပိုးလိုက်၏။

ပဲပုပ်များကို လဲလှယ်နေသော လူအချို့အားမြင်ပြီးနောက် အစောပိုင်းတွင် ဝယ်ယူရန် အင်တင်တင်ဖြစ်နေသောသူများအတွက် အကြံညဏ် ရသွားလေသည်။

စန်းလော့သယ်လာခဲ့သော နတ်သမီးတို့ဟူးဆယ့်ခြောက်တုံးသည် ယခုအချိန်တွင် နှစ်တုံးသာကျန်ရှိတော့သည်။

သူမသည် ဆယ့်လေးတုံးရောင်းရာမှ နှစ်ဆယ့်နှစ်ဝမ်ရရှိပြီး အပိုအနေဖြင့် ပဲပုပ်တစ်ဘူးခွဲကို ရရှိခဲ့၏။ အသားနှင့် အနှစ်ဝယ်ရန် ငွေကြေးများကို အောင်မြင်စွာ စုဆောင်းနိုင်ခဲ့ပုံပင်။

နောက်ဆုံးနှစ်တုံးအားရောင်းချရန် လမ်းလျှောက်ရင်း စဉ်းစားလာသည့် စန်းလော့သည် အသားသည် ဆီသို့ချဉ်းကပ်ရင်း အသားနှင့် ကုန်စုံဆိုင်များသို့ သွားရောက်ခဲ့သည်။ ဤအရာကို ပြီးမြောက်စေခြင်းသည် သူမ၏ တစ်နေ့တာ ကြိုးစားအားထုတ်မှု၏ အောင်မြင်မှု အမှတ်အသားဖြစ်တော့သည်။

သူမ မထွက်သွားခင်တွင် အသားသည်အနီးရှိ တစ်စုံတစ်ယောက်က သူမက လှမ်းခေါ်လိုက်၏။

"တို့ဟူးအမျိုးသမီး"

"တို့ဟူးအမျိုးသမီးလား"

စန်းလော့သည် သူမကိုနာမည်တပ်ခေါ်ခြင်းအား ကြားပြီးနောက် လှည့်အကြည့်တွင် အသားဆိုင် အနောက်ဘက်က အိမ်မှထွက်လာသော ဝဝဖိုင့်ဖိုင့်အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရ၏။

ရင်းနှီးနေသောမျက်နှာပင်။

ယခင်နေ့က တို့ဟူးအပိုတတိယအပိုင်းကို လုယူခဲ့သောအမျိုးသမီးပင် ဖြစ်၏။

"တို့ဟူးအမျိုးသမီး၊ ဒီမှာ ၊ ဒီလမ်း"

ထိုဝဝဖိုင့်ဖိုင့်အမျိုးသမီးသည် စန်းလော့ကိုမြင်လိုက်ရသည့်အတွက် သိသိသာသာ ဝမ်းသာသွားပြီး စိတ်အားထက်သန်စွာဖြင့် ခြေဟန်လက်ဟန်ပြရင်း စန်းလော့လက်ထဲရှိ မြေခွက်ဆီသို့ လှစ်ခနဲ အကြည့်ရောက်သွားသည်။ တို့ဟူးနှစ်တုံးကျန်နေသည်ကို တွေ့ရလိုက်ရသည့်သူမသည် ရွှင်မြူးသောအပြုံးနှင့်အတူ ပါးချိုင့်များပေါ်သည် အထိပြုံးလိုက်၏။

"နောက်ဈေးရက်မှ ရောင်းမယ်လို့ပြောခဲ့တယ်မလား။ ဒီနေ့ ဘာလို့လာတာလဲ"

ကသိကအောက်ဖြစ်နေဘဲ စန်းလော့က အပြုံးနှင့်ပြန်ဖြေလိုက်၏။

"ဈေးမှာ ဝက်ဆီနဲ့အသားဝယ်ချင်တာမလို့ နဲနဲထပ်လုပ်ပြီး ယူလာလိုက်တာ"

"အသားဝယ်မလို့လား"

ဤစကားကိုကြားသောအခါ ဝဝဖိုင့်ဖိုင့်အမျိုးသမီးသည် ရယ်မောကာဖြင့် အသားဆိုင်ရှိရာ အနောက်ဘက်သို့ မေးငေါ့ပြကာ

"ဒါက ကျွန်မမိဘတွေရဲ့အသားဆိုင်ပဲ။ သွားပြီး ဘာလိုချင်လဲဆိုတာသာ အဖေ့ကို ပြောလိုက်။ ညီမအတွက် သူ ဖြတ်ပေးလိမ့်မယ်"

"ဒါဆို အစ်မရဲ့ယောင်းမ မိသားစုက အသားဆိုင်ပိုင်တာပေါ့နော်။ အစ်မက ကံကောင်းလိုက်တာ"

"ဒီရက်တွေမှာ ဘယ်သူက အကောင်းဆုံးစားလို့လဲ။ စီရင်စုမှာရှိတဲ့ ချမ်းသာတဲ့သူတွေကလွဲရင် များသောအားဖြင့်တော့ သားသတ်သမား မိသားစုတွေပါပဲ"

ဝဝဖိုင့်ဖိုင့်အမျိုးသမီးသည် စန်းလော့၏စကားကို ပြတ်ပြတ်သားသား သဘောတူကာ အလွန်စိတ်ကောင်းရှိစွာ ပြုံးပြလိုက်၏။

စန်းလော့လက်ထဲရှိ မြေအိုးကိုကြည့်ရင်း သူမသည်ပြောခဲ့၏။

"အချိန်ကိုက် ရောက်လာတာပဲ။ အစ်မ ဒီဟင်းအကြောင်းကို တွေးနေတာ။ ဒီနှစ်တုံးကို အစ်မကိုရောင်းလိုက်။ ဒါဆို အစ်မရဲ့မိဘတွေနဲ့ မောင်နှမတွေကိုပါ မြည်းစမ်းကြည့်ခိုင်းလို့ရတယ်"

သူမသည် ယခင်နေ့ကဝယ်ခဲ့သည့်တို့ဟူးအချို့အား ခင်ပွန်းသည်၏မိသားစုထံသို့ ယူသွားခဲ့ပြီး ယနေ့တွင်တော့ အသားရောင်းချရာတွင် ကူညီရန် သူမ၏မိဘအိမ်သို့ ပြန်ရောက်နေသည်။ နတ်သမီးတို့ဟူးရောင်းချနေသော စန်းလော့ထံသို့ပြေးသွားလိုက်ခြင်းက မိသားစုကို ကျွေးရန်နှင့် သူမ၏မိဘအိမ်သို့သာ ယူသွားပေးနေသည်ဟု တွေ့နေသည့် ယောင်းမ၏ အတွေးကို ရှောင်ရှားနိုင်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်တော့သည်။

စန်းလော့သည် ပျော်ရွှင်သည်ထက် ကျေးဇူးတင်မိကာ သူမ၏မျက်လုံးများပင် ပြုံးသွားတော့သည်။

"ရတာပေါ့ရှင့်။ အစ်မက ပြန်လာတဲ့ဖောက်သည်တစ်ယောက်ပဲ။ ဒါက ကျွန်မမှာရှိတဲ့ နောက်ဆုံးအတုံးနှစ်တုံးပဲ။ အစ်မအတွက် သေးတဲ့အတုံးလေးကို မေတ္တာလက်ဆောင်အဖြစ် ထည့်ပေးလိုက်မယ်နော်"

"မေတ္တာလက်ဆောင်၊ ဝမ်းသာလိုက်တာ"

ဝဝဖိုင့်ဖိုင့်အမျိုးသမီးသည် မေတ္တာလက်ဆောင်အား နှစ်သက်လေသည်။ အထူးသဖြင့် သူမအတွက် တမူထူးခြားပြီး အခြားသူများအတွက် မရရှိနိုင်သော အမျိုးအစားဖြစ်သည်။ ဤအရာသည် ငွေကြေးသုံးစွဲခြင်းကို ပို၍ပင် စိတ်ကျေနပ်စေသည်။

စန်းလော့အား ‌ခေတ္တစောင့်ရန်ပြောပြီးနောက် သူမသည် တို့ဟူးအတွက် ပန်းကန်လုံးယူရန် ပျော်ရွှင်စွာဖြင့် အထဲဝင်သွားလေသည်။ ပြန်ရောက်လာသောအခါ စန်းလော့မှာ ရင်းနှီးသောအမျိုးသမီးဖြစ်ကြောင်း သူမ၏အဖေကို ပြောလိုက်ပြီး အကောင်းဆုံးအပိုင်းကို ရွေးပေးခိုင်း၏။ စန်းလော့အား နှုတ်ဆက်ပြီးနောက် သူမသည် သူ့အမေနှင့်ယောင်းမတို့အား ရောင်းရန် စိတ်ကူးဖြင့် ဝယ်ထားခဲ့သော အံ့ဖွယ်တို့ဟူး ပန်းကန်နှစ်လုံးနှင့် အထဲသို့ ဝင်သွားလေသည်။

တုန်နေအောင်ချစ်ရသည့် ဖခင်တစ်ယောက်ဖြစ်သည့် သားသတ်သမားသည် သူ၏အိမ်ထောင်သည်သမီးအား ရံဖန်ရံခါတွင် ယောက္ခမများအတွက် အသားအချို့သယ်ယူသွားရန် မိဘအိမ်သို့ ပြန်လာခွင့်ပြုထား၏။ သူ့သမီးနှင့်ရင်းနှီးသော မိန်းမပျိုလေးအကြောင်းကို ကြားသောအခါ အထူးလိုက်လျောခဲ့သည်။

"မိန်းမငယ်လေးက ဘယ်လိုအသားမျိုးကို ဝယ်ချင်တာလဲ"

စန်းလော့သည် အသားဈေးနှုန်းကို မေးမြန်းလိုက်၏။

သားသတ်သမားက ပြုံးကာ

"အမျိုးအစားပေါ်မှာ မူတည်ပါတယ်။ အဆီများတဲ့အသားက ဈေးပိုကြီးပြီး အဆီနည်းတာက ဈေးသက်သာတယ်"

စန်းလော့သည် ယခုခေတ်ကဲ့သို့ အသားအမျိုးအစားအလိုက် ခွဲထားသော အသားစင်သို့ တစ်ချက်ကြည့်လိုက်သည်။ သူမသည် အဆီခုနစ်ဆယ်ရာခိုင်နှုန်းနှင့် အသားသုံးဆယ်ရာခိုင်နှုန်းရှိသော အပိုင်းအားညွှန်ပြကာ မေးလိုက်လေသည်။

"ဒါဆိုရင်ရော ဘယ်လောက်လဲ"

သားသတ်သမားသည် တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်ပြောလိုက်၏။

"ဝက်ဆီ ထုတ်ဖို့လား။ အဲ့တာက တစ်ပိဿာကို ဆယ့်ရှစ်ဝမ်ပါ"

ရှန်းအန်းသည် ထိုအရာမှာ အတော်လေးဈေးကြီးသည်ဟု စဉ်းစားရင်း လက်ထဲရှိ ဒင်္ဂါးပြားလက်တစ်ဆုပ်စာအား ဖျစ်ညှစ်ထားလိုက်မိသည်။ အကြွေစေ့များမှာ သူ၏အိတ်ကပ်ထဲ၌ပင် နွေးအောင်မထားလိုက်ရပဲ သူတို့ကို ထပ်ပြီး သုံးရပေအုံးမည်။

အငယ်လေးသည် အကြပ်အတည်းဖြစ်သလိုခံစားရသော်လည်း သူ၏မရီးဖြစ်သူမှာ အိမ်ထောင်စုအတွက် မှန်ကန်သည့် ဆုံးဖြတ်ချက်များချနိုင်မည်ဟု ယုံကြည်သောကြောင့် ဘာမှမပြောခဲ့ပေ။

စန်းလော့က မတောင်းဆိုခင် ခဏလောက်စဉ်းစားပြီး

"ကျွန်မကို ငါးဆယ်သား (ပိဿာဝက်)လောက် ခုတ်ပေးလို့ရမလား"

သားသတ်သမားသည် မခုတ်မီ သူ့လက်ထဲရှိ အသားများအား ကျွမ်းကျင်စွာ ချိန်ဆပြီး ပြုံးပြုံးလေး တုံ့ပြန်လိုက်၏။ သူဖြတ်လိုက်သော အပိုင်းသည် ပိဿာဝက်အတိဖြစ်ပြီး ပိုလည်းမပိုသလို လိုလည်းမလိုပေ။

ထိုကဲ့သို့သော သူ၏လက်များ၏ကျွမ်းကျင်မှုသည် ထူးခြားသောအရည်အချင်း ဖြစ်သည်။

အသားကိုချိန်ကြည့်ပြီးနောက် သားသတ်သမားသည် ဝက်အသည်းတုံးကို ကောက်ယူလိုက်ကာ နှစ်လျန်(ငွေကြေး)မျှရှိသော အပိုင်းသေးလေးကို လှ်ီးဖြတ်လိုက်ကာ ကောက်ရိုးမျှင်ကိုအသုံးပြုပြီး အသားနှင့်ရော၍ စည်းလိုက်၏။ စန်းလော့လက်ထဲသို့ လှမ်းပေးရင်း ပြောလိုက်လေသည်။

"အိမ်ကသမီးနဲ့ အသိအကျွမ်းတွေဆိုတော့ ဒီ ဝက်အသည်းတုံးလေးကို လက်ဆောင်အဖြစ် ထည့်ပေးလိုက်မယ်နော်"

သားသတ်သမားသည် ဂရုတစိုက် နားထောင်ပြီး စောင့်ကြည့်နေခဲ့သည်။ အမျိုးသမီးငယ်သည် နတ်သမီးတို့ဟူးဟုခေါ်သော အတုံးတော်တော်များများအား သူ့သမီးထံသို့ မည်သို့ရက်ရောစွာ ပေးခဲ့သည်ကို မြင်ခဲ့၏။ ဝက်အသည်းတစ်ပိုင်း ပေးကမ်းခြင်းသည် အတုံ့အလှည့်အနေဖြင့် ကြင်နာမှုနှင့် မိသားစု၏မျက်နှာကို ထိန်းထားနိုင်စေမည့် သေးငယ်သော အပြုအမူတစ်ခုဖြစ်လေသည်။

စန်းလော့သည် ဝမ်းသာအားရ အံ့သြသွားပြီး ကျေးဇူးတင်ကြောင်းကို ဖော်ပြလိုက်သည်။ ထို့နောက် သူမ၏မျက်လုံးများသည် စင်ထောင့်ရှိ အသားမရှိသော ဝက်အရိုးများပေါ်သို့ ကျရောက်သွားလေသည်။ အိမ်တွင် မုန်လာဥရှိသည်ကို သတိရကာ ဈေးမေးလိုက်သည်။

"နံရိုးအရိုးတွေကိုရော စိတ်ဝင်စားလား။ အဲ့တာတွေက အသားအများကြီး မရှိပေမယ့် စွပ်ပြုတ်အတွက်တော့ အရမ်းကောင်းပြီး အနံ့လည်း အရမ်းမွှေးတယ်။ ဝက်ရိုးတစ်ရိုးကို တစ်ဝမ်ကျသင့်မယ်။ တစ်ခုလောက် ယူဦးမလား"

ဝမ်တစ်ဝမ်အနေဖြင့် ဤအာဟာရပြည့်ဝသောအရိုးများသည် တွက်ခြေကိုက်ပေသည်။ သို့သော် သူမတွင်ရှိပြီးသား ဝက်သားနှင့် အသည်းကို စဉ်းစားရင်း စန်းလော့သည် ဆုံးဖြတ်လိုက်၏။

"ဒီတစ်ကြိမ်တော့ နေလိုက်ပါအုံးမယ်။ ကျွန်မမှာ ရှိတာတွေက လုံလောက်နေပါပြီ"

သားသတ်သမားသည် ခေါင်းညိတ်ပြလိုက်ကာ

"ကောင်းပါပြီ။ ဘယ်အချိန်ပဲလိုလို လာသာလာခဲ့လိုက်ပါ"

စန်းလော့သည် သူမ၏ခြင်းထဲသို့ အသားထည့်ရန်နေရာပြင်ပြီးနောက် အိမ်တွင် အသားအတွက် မဟုတ်ဘဲ တို့ဟူးအတွက်သာ သုံးလို့ရသည့် ဝါးဓားသာရှိပြီး မီးဖိုချောင်သုံးဓားမရှိသည်ကို ရုတ်တရက် သတိရသွားခဲ့သည်။ ဤသတိရခြင်းသည် သူမအား ရပ်တန့်သွားစေသည်။

သူမသည် အသားနှင့်အသည်းအား သားသတ်သမားထံသို့ ချက်ခြင်းပြန်ပေးလိုက်ကာ

"ဦးလေး၊ ဒါတွေကို ကူပြီး လှီးပေးပါလား"

နားမလည်သောအကြည့်နှင့် သားသတ်သမားသည် စန်းလော့ မလုံမလဲရှင်းပြသည်ကို နားထောင်လိုက်၏။

"ကျွန်မတို့က မကြာသေးခင်ကမှ ကိုယ်ပိုင်အိမ်ထောင်စုကို စတည်ထောင်ထားတာဆိုတော့လေ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းအားလုံးကို မစုဆောင်းရသေးပါဘူး။ ကျွန်မတို့အိမ်မှာ မီးဖိုချောင်သုံးဓားလဲ မရှိသေးလို့ပါ"

သူမ၏အကြပ်အတည်းအားနားလည်သော သားသတ်သမားသည် သူမ လှီးချင်သည့်ပုံကို မေးမြန်းပြီးနောက် တောင်းဆိုသည့်အတိုင်းပင် ကျွမ်းကျင်စွာလှီးပေးလိုက်၏။

ယခုအချိန်တွင်တော့ ကောက်ရိုးကြိုးနှင့် ချည်ခြင်းသည် ရွေးချယ်စရာတစ်ခု မဟုတ်တော့ပေ။ သူမ သယ်ယူလာသော မြေပန်းကန်လုံးများထဲမှ တစ်လုံးအားဆေးကြောလိုက်ပြီး လှီးထားသော အသားနှင့်အသည်းအား ထိုအထဲသို့ထည့်လိုက်၏။

ဝယ်ထားသည့် စားကောင်းသောက်ဖွယ်များ ခင်းကျင်းထားသည်ကို မြင်ယောင်ရင်း ရှန်းအန်းနှင့်ရှန်းနဉ်တို့မှာ စိတ်လှုပ်ရှားနေကြလေသည်။ သူတို့သည် သူတို့မကြီးအတွက် ခြင်းတောင်းသယ်ပေးရန် ကမ်းလှမ်းလိုသော်လည်း သားသတ်သမားရှေ့တွင် ပြောရမည်ကို အလွန်ရှက်မိသဖြင့် ချုပ်တည်းထားလိုက်ကြသည်။

ရှန်းအန်းသည် မနက်ခင်းဝင်ငွေများကို သူ၏အိတ်ကပ်ထဲမှ ထုတ်လိုက်ပြီး စန်းလော့ထံသို့ လှမ်းပေးလိုက်၏။

စန်းလော့သည် ဒင်္ဂါးပြားများကိုလက်ခံလိုက်ပြီး သားသတ်သမားအတွက် ကိုးဝမ်ကိုရေတွက်ကာ ကျန်ရှိနေသည့် ဆယ့်ခုနစ်ဝမ်အား သူမ၏အင်္ကျီလက်ထဲသို့ ထည့်သိမ်းလိုက်သည်။ သားသတ်သမားကို ထပ်မံကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ဝဝဖိုင့်ဖိုင့်ယောင်းမ မရှိတော့သည်ကို သတိပြုမိလိုက်သဖြင့် သူမကိုတွေ့လျှင် ကျေးဇူးတင်ကြောင်းပြောပေးရန် သားသတ်သမားကို မေတ္တာရပ်ခံခဲ့လေသည်။ လောကဝတ်စကားများအား အပြန်အလှန်ပြောပြီးနောက် စန်းလော့သည် ထွက်ခွာခဲ့လေ၏။

ယခင်နေ့က သူမ၏ယောင်းမဖြစ်သူ၏ ခရမ်းသီးဟင်းပွဲအတွက် အနှစ်လိုသည့်အကြောင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးခဲ့သည်ကို သတိရသော ရှန်းနဉ်သည် စန်းလော့ကို အလျင်အမြန်ပင်မေးခဲ့၏။

"မကြီး၊ သမီးတို့ အခု အနှစ်ဝယ်တော့မှာလား"

စန်းလော့သည် ခေါင်းငြိမ့်ပြကာ

"‌အနှစ်တင်မကဘူး ရှာလကာရည်နည်းနည်းပါ သွားဝယ်ရအောင်"

ရှာလကာရည်သည် အံ့ဩစရာကောင်းသော ပါဝင်ပစ္စည်းဖြစ်သည်။ ထိုအရာသည် ညှီနံ့များဖယ်ရှားရာတွင် ‌အလွန်ကောင်းပြီး အအေးခံထားသော ဟင်းပွဲများအားလည်း အရသာဖြည့်ပေးသည်။ အရိုးစွပ်ပြုတ်လုပ်လျှင်ပင် ရှာလကာရည် အစက်အနည်းငယ်သည် အသားတွင်ရှိသော အာဟာရဓာတ်များကို ပို၍ထိရောက်စွာ ပျော်ဝင်စေနိုင်သည်။

စကားပြောရင်းဖြင့်ပင် လမ်းတစ်ဖက်ရှိ ကုန်စုံဆိုင်ဆီသို့ ကလေးနှစ်ယောက်အား ဦးဆောင်သွားလိုက်၏။

ကုန်စုံဆိုင်ပိုင်ရှင်သည် စန်းလော့နှင့်သူ၏အဖော်များကို မှတ်မိကာ သူတို့အား အပြုံးနှင့် နှုတ်ဆက်လိုက်သည်။

"အမျိုးသမီးငယ်၊ ဒီနေ့ဘာဝယ်မှာလဲ"

အနှစ်နှင့်ရှာလကာရည်တို့သည် ဆိုင်တွင် အဓိကစားကုန်ဖြစ်ပြီး လက်လှမ်းအမီဆုံးနှင့် မြင်သာသောနေရာတွင် အဆင်ပြေစွာ ထားရှိထားသည်။ စန်းလော့သည် ထိုအရာများအား ရုတ်တရက်သတိထားမိကာ

"အနှစ်တစ်ချို့နဲ့ရှာလကာရည်လိုလို့ပါ၊ အဲ့တာတွေက ဘယ်လောက်လဲ"

အနှစ်နှင့်ရှာလကာရည် လိုချင်သည်ကိုကြားသော ‌ဆိုင်ရှင်သည် ပြန်ပြောလိုက်၏။

"ကိုယ်ပိုင် ထည့်စရာယူခဲ့လား။ ညီမမှာ ကိုယ်ပိုင်ထည့် စရာပါတယ်ဆိုရင် အနှစ်က ဇွန်းကြီးနှစ်ဇွန်းကို တစ်ဝမ်ကျသင့်ပြီး ရှာလကာရည်ကတော့ ချိန်ခွက်နှစ်ခွက် (အတိုင်းအတာတစ်မျိုး)ကို တစ်ဝမ်ကျသင့်ပါမယ်"

ဤနေရာတွင် ချိန်ခွက်သည် အတိုင်းအတာယူနစ်တစ်ခုဖြစ်ပြီး ခေတ်မီကျေးလက်ဒေသများတွင် ယမကာပေးဝေရာတွင်သုံးသော လက်ကိုင်ရှည်ယောက်ချိုဇွန်းနှင့် တူလေသည်။

ထုံးစံအတိုင်းပင် စန်းလော့တွင် ကိုယ်ပိုင်ထည့်စရာမရှိပေ။ ထို့ကြောင့် သူမသည် ဆိုင်တွင် ရနိုင်သော ငံပြာရည်နှင့် ရှာလကာရည်ရနိုင်ရန် စုစုပေါင်း ဆယ့်နှစ်ဝမ်ကိုသုံးကာ အသေးဆုံး မြေထည်အိုးများကို ဝယ်ယူလိုက်သည်။

စန်းလော့သည် ကျန်ရှိနေသော ငါးဝမ်နှင့် ဝက်အဆီထုတ်ထားသည်များကို ထည့်ရန်လိုအပ်သော လက်ဖဝါးအရွယ်အစားရှိသည့်အိုးကို ဝယ်လိုက်သည်။

အမှန်မှာ သူမသည် ပိုကြီးသည့်အိုးကို မလိုချင်ခဲ့၍မဟုတ်ပါ။ သည်အတိုင်း သူမ၏ငွေက အသေးတစ်လုံးကိုသာ တတ်နိုင်သောကြောင့်ပင်။ မည်သို့ပင်ဆိုစေကာမူ သူတို့ထံတွင် သိုလှောင်စရာ ဝက်အဆီများများစားစား မရှိသောကြောင့် ဤအရာသည် လုံလောက်ပါသည်။

စန်းလော့သည် ယနေ့တွင် အပ်များဝယ်ရန်စီစဉ်ခဲ့ပြီး သူမရထားသည့် ပိတ်စကို အနားမဖွာသွားအောင် အနားလုံးဖို့လို‌အပ်၏။

ကံဆိုးစွာပင် သူမ၌ လုံလောက်သော ငွေကြေးမကျန်ရှိတော့ပေ။ ထို့ကြောင့် နောက်တစ်ကြိမ်ကိုသာ စောင့်ရပေတော့မည်။

ဒီတစ်ကြိမ်တွင်တော့ ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် ဝက်သားပါသောခြင်းတောင်းကို ပျော်ရွှင်စွာသယ်ခဲ့ကြသည်။ စန်းလော့ကတော့ ပိုလေးသည့် အိုးနှင့်ခရားများကို သူမ၏ခြင်းထဲသို့ ပြောင်းထည့်လိုက်၏။

စန်းလီရွာမှထွက်လာသော ကလေးနှစ်ယောက်သည် ဝမ်းသာလွန်းသဖြင့် လမ်းလျှောက်ရင်းပင် လွှင့်မျှောနေပုံသယောင်။

သို့သော် စန်းလော့ကတော့ အိမ်၌အစားအစာရှားပါးသည်ကိုသာ စိတ်ထဲ၌ တွက်ချက်နေလေသည်။ သူတို့တွေ တစ်နေ့ကို သုံးနပ်မှာ ဆန်ပြုတ်ပဲ သောက်ပဲမယ်ဆိုရင်တောင် ဆန်နှစ်လီတာခွဲကာ ရက်အကြာကြီး ခံမှာမဟုတ်ဘူး။

ငါ အစားအသောက်ဝယ်ဖို့ ငွေရှာဖို့လိုတယ်။

ဒါပေမဲ့ မနက်ဖြန်ကျရင်ကော စန်းလီရွာမှာပဲ နတ်သမီးတို့ဖူး နောက်ထပ်၁၆တုံးကို ရောင်းလို့ရပါ့မလား။

စန်းလော့သည် အနည်းဆုံးတော့ ယနေ့ကဲ့သို့ ချောမွေ့နေမည် မဟုတ်ကြောင်း နားလည်လေသည်။ ပစ္စည်းအားလုံးကို ရောင်းချရန် အားထုတ်မှုအများကြီး လိုအပ်ပေ၏။

ယနေ့၏အောင်မြင်မှုမှာ လူတိုင်းသည် အသစ်အဆန်းကို စူးစမ်းချင်သောကြောင့်ပင်။ မနက်ဖြန်ထပ်လာမည်ဆိုပါက ရောင်းချရန် လွယ်ကူမည် မဟုတ်ပေ။ စန်းလီရွာသည် အနီးအနားရှိရွာများထက် ပို၍ချမ်းသာကောင်းချမ်းသာနိုင်သည်။ သို့သော် အတိုင်းအတာတစ်ခု အထိသာဖြစ်သည်။ သုံးရက်မှငါးရက်တစ်ကြိမ်လာခြင်းသည် အလုပ်ဖြစ်နိုင်သော်လည်း နေ့စဉ်လည်ပတ်မှုများသည် လက်တွေ့မကျပေ။

စန်းလော့သည် စီရင်စုမြို့သို့ဦးတည်သွားသော မြေဖို့လမ်းဆီသို့ လှည့်မကြည့်ဘဲမနေနိုင်တော့ပေ။ ဦးလေးထျန်းသည် စီရင်စုမှာ စန်းလီရွာမှ သုံးမိုင်အကွာတွင်ရှိကြောင်းကို ယခင်နေ့က ပြောဖူးခဲ့သည်။ ကျေးလက်တောင်သူလယ်သမားများ၏ အသုံးစရိတ်မှာ အကန့်အသတ်ရှိသော်လည်း စီရင်စုရှိလူများကတော့ နှစ်ဝမ်ပေးရသည့် သွားရေစာတစ်ခုကို ဈေးကြီးသည်ဟု မြင်လိမ့်မည်မဟုတ်ချေ။

🍃🍃🍃

All Chapters