← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အပိုင်း (၂၅)

အပြန်ခရီးသည် အလာလမ်းတုန်းကထက် မနည်းသယ်ရသော်လည်း သုံးယောက်လုံးအတွက် ပင်ပန်းသည်ဟု မခံစားရပေ။

သူတို့အိမ်ထောင်ပစ္စည်းတွင် ပစ္စည်းအနည်းငယ်နှင့် အစားအသောက်ကုန်ကြမ်းများ ထပ်တိုးလာပြီး မကြာမီတွင် အသားစားရတော့မည့် မျှော်လင့်ချက်ကြောင်ပင် ဖြစ်လေသည်။

နေ့လယ်ပိုင်းလောက်တွင် အိမ်ပြန်ရောက်သောအခါ စန်းလော့သည် ဝက်သားအဆီထုတ်ရန်အတွက် အသစ်ဝယ်ထားသောအိုးအား သန့်ရှင်းစေရန် ရေနွေးကျိုထားသည်။ ထို့နောက် သူမသည် ရေကိုအသုံးပြု၍ အဆီထုတ်ခြင်းလုပ်ငန်းစဉ်ကို စတင်လိုက်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က လုပ်ငန်းတာဝန်များဖြင့် အလုပ်ရှုပ်ခဲ့သော ကလေးနှစ်ဦးသည် ယနေ့လယ်ကွင်းထဲတွင် အလုပ်လုပ်မည့်အစား မီးဖိုနားတွင်သာ စိတ်အားထက်သန်စွာ ကြည့်နေကြသည်။ နတ်သမီးတို့ဟူးသည် အသားထက် အရသာပိုကောင်းသည်ဟု တစ်ချိန်က ပြောခဲ့ဖူးသော ရှန်းနဉ်သည် အသားအရသာကို မေ့လုနီးပါးပင်။

အိုးထဲကရေများ ခမ်းခြောက်လာပြီး ဝက်သား ဆူလာကာ ဆီများထွက်လာသည်နှင့်အမျှ မွှေးပျံ့သောရနံ့မှာ အိမ်ငယ်လေးအား ပြည့်လျှံလာခဲ့သည်။

"ဆီပေါက်မှာကို မကြောက်ဖူးလား"

စန်းလော့သည် ရယ်မောရင်း ကလေးများအား နောက်သို့ နည်းနည်းဆုတ်ခိုင်းကာ မီးဖိုထဲမှ မီးကို ဂရုတစိုက်ညှိလိုက်သည်။

ရှန်းအန်းနှင့် ရှန်းနဥ်တို့သည် သွေးဆောင်မှုကို မခုခံနိုင်ဘဲ အနားသို့ ကပ်လာပြန်သည်။ အိုးထဲရှိဝက်ခေါက်ကြွပ်ကြော်များမကျက်မချင်း တစ်နာရီ၏ လေးပုံသုံးပုံလောက်အထိ စိတ်အားထက်သန်စွာဖြင့် လေကိုရှူရှိုက်ရင်း ထိုနေရာတွင် နေခဲ့ကြသည်။

ကလေးနှစ်ယောက်သည် စိတ်အားထက်သန်စွာ ဝိုင်းဖွဲ့နေကြ၏။

ဝက်‌ခေါက်ကြော်မှ မျက်လုံးများ မခွာနိုင်လောက်အောင်ပင်ဖြစ်နေကြပြီးမှ စန်းလော့အား မျှော်တလင့်တကြီးကြည့်ကာ

"မကြီး၊ အခု စားလို့ရပြီလား”

စန်းလော့သည် အစားအစာ၏ အပူရှိန်ကို သတိထားစေရန် ရည်ရွယ်ခဲ့သော်လည်း သူတို့၏ တောင့်တမှုနှင့် စိတ်အားထက်သန်သော အမူအရာများကို မြင်လိုက်ရသဖြင့် သူမသည် စကားလုံးများကို မပြောပြနိုင်တော့ပေ။

"စားတော့၊ ဒါပေမယ့် အခုလောလောဆယ်တော့ တစ်ယောက်ကို နှစ်ခုပဲ ရမယ်နော်၊ အခုမှကြော်ထားပြီးစ ဝက်ခေါက်က အရမ်းပူတယ်၊ ငါတို့ အစားအသောက်ထဲမှာ အဆီအများကြီး ပါတာ စားခဲ့ကြတာမဟုတ်တော့ ရုတ်တရက် အဆီအများကြီးပါတဲ့ဟာကိုစားရင် ဗိုက်အောင့်တတ်တယ်”

ကလေးနှစ်ယောက်သည် စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြကာ တူနှင့်စိတ်ရှုပ်မခံပဲ တစ်ခုဆီကို သူတို့၏လက်များဖြင့် ကောက်ကိုင်လိုက်ကြ၏။

စန်းလော့သည် သူတို့အား ကြည့်ရင်း အပြစ်တင်ခါနီးတွင် ရှန်းနဥ်သည် ဝက်ခေါက်တစ်ပိုင်းကို ကိုင်ထားပြီး စန်းလော့အား ရွှင်မြူးစွာ ခွံ့ကျွေးတော့သည်။

“မကြီး၊ အရင်ဆုံး စားပါ"

ရှန်းအန်းသည် လေထဲတွင် သူ၏လက်ကို နှေးကွေးစွာ ရပ်တန့်လိုက်ပြီး အပိုင်းအစအား ပါးစပ်ထဲသို့ မသွင်းဘဲ စန်းလော့ကို ကြည့်နေလေသည်။

စန်းလော့: "..."

သူမ၏မောက်ထားသည့်လက်ကို ဖြည်းဖြည်းချင်းချလိုက်ပြီး ဝက်ခေါက်ကို ကိုက်လိုက်သည်။ ဝက်ခေါက်၏ ကြွပ်ရွသော အရသာကို ခံစားလိုက်ရ၏။

“အင်း၊ ပူပူနွေးနွေး စားလိုက်တာက တကယ်ကို အရသာရှိတယ်။ အိုးထဲက ထုတ်ပြီးပြီးချင်းစားရတဲ့ အရသာက အကောင်းဆုံးပါပဲဆိုတာကို ငါ ဝန်ခံပါတယ်”

သူမသည် ပြုံးပြပြီး

"စားလို့ကောင်းတယ်၊ ကျေးဇူးပဲနော် အားနဉ်။ အားလုံး စားလို့ရပါပြီ၊ ဒါပေမယ့် နင်တို့တွေ ပါးစပ်အပူမလောင်မိအောင်လည်းသတိထားဦး"

မောင်နှမများသည် ကျေနပ်အားရစွာဖြင့် တမြုံ့မြုံ့ဝါးလိုက်ကြပြီး မျက်လုံးများ မှိတ်ကာ ရွှင်မြူးနေကြသည်။

ပထမတစ်ခုကို ဝမ်းမြောက်စွာ မြည်းစမ်းပြီးနောက် ဒုတိယတစ်ခုအား ပို၍နှစ်လိုစွာစားသုံးကြသည်။

ကလေးများသည် အစားအသောက်အား နှစ်သက်သည်ကို မြင်သောအခါ စန်းလော့သည် အိုးထဲမှ ဆားအနည်းငယ်ကို ယူကာ ဝက်ခေါက်ပန်းကန်ပေါ်တွင် ဖြူးလိုက်ပြီး တူနှင့်မွှေပေးလိုက်သည်။

"ဒါက ဒီရာသီဥတုမှာ နည်းနည်းကြာအောင် ထိန်းထားနိုင်တယ်။ အဲဒါနဲ့ ချက်စားမှာ မဟုတ်ဘူး။ သရေစာလို ဖြည်းဖြည်းချင်း စားဖို့ နင်တို့ သိမ်းထားလို့ရတယ်"

မောင်နှမများသည် အံ့အားသင့်သွားကာ ဝက်ခေါက်ပန်းကန်သေးသေးလေးအား စိုက်ကြည့်ပြီး သူတို့၏ကံကို မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။

ရှန်းအန်းနှင့်ရှန်းနဉ်အတွက်တော့ ဝက်ခေါက်များသည် ရှားပါးဇိမ်ခံပစ္စည်းဖြစ်ပြီး တစ်နှစ်လျှင် အကြိမ်အနည်းငယ်သာ ကြုံတောင့်ကြုံခဲဖြစ်သည်။

ယခင်က မိသားစုမှ ဝက်သားအဆီထုတ်သည့်အခါ လွန်ဆန်နိုင်စွမ်းမရှိသည့်အနံ့ကို လျစ်လျူရှုရန် ခက်ခဲခဲ့လေသည်။ သူတို့၏အဒေါ်သည် မိသားစုရှိ ကလေးတစ်ဦးစီကို အရသာမြည်းစမ်းရန် ပေးလေ့ရှိသည်။

ဝက်ခေါက် တစ်ခုစီ ပေးသည့်အလေ့အကျင့်သည် ရှန်းအန်းနှင့် ရှန်းနဉ်အတွက်သာဖြစ်သည်။ သူတို့၏ဝမ်းကွဲများဖြစ်သော ရှန်းကျင့်နှင့်ရှန်းယင်တို့သည် သူတို့၏မိခင်ထံမှ အလွယ်တကူ ထပ်မံတောင်းခံနိုင်သော်လည်း ရှန်းအန်းနှင့်ရှန်းနဉ်တို့မှာ မတတ်နိုင်ကြပေ။

ရက်အတော်ကြာအောင် သူတို့၏ ဝမ်းကွဲများသည် ရံဖန်ရံခါတွင် အပိုအပိုင်းအစများ စားသုံးကြပြီး သူတို့အဒေါ်၏ ညွှန်ကြားချက်အရ ရှန်းအန်းနှင့် ရှန်းန‌ဥ်တို့၏ ဝေးရာတွင်ရှောင်ပြီးစားခဲ့တာ ဖြစ်နိုင်သည်။ သို့သော်လည်း ရှန်းကျင့်ကတော့ နောက်ဆုံးအပိုင်းကို ပါးစပ်ထဲသို့ မြိန်ယှက်စွာ မထည့်မချင်း သူတို့၏ရှေ့တွင် သွားရည်ကျစေရန် တမင်တကာ စားပြနေခဲ့သည်။

ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် အသက် သုံးနှစ်၊ ငါးနှစ်အရွယ်သာရှိသေးသည်။ အားကျစိတ်ဖြင့် ငိုယိုကြသော်လည်း သူတို့၏အစ်ကိုကြီးအိမ်မှ ထွက်သွားပြီးနောက်တွင် သူတို့၏ငိုယိုသံသည် အမှတ်တမဲ့သာ ဖြစ်သွားတော့သည်။ သူတို့၏အဒေါကပင် ရှန်းကျင့်နှင့်ရှန်းယင်အား သူတို့နှင့်ဝေးရာတွင်စားရန် မပြောတော့ချေ။

တဖြည်းဖြည်းနှင့် ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် သူတို့၏ အခြေအနေတွေကို ပိုသိလာကာ ငိုခြင်းသည် အချည်းနှီးသာဖြစ်ကြောင်း၊ သူတို့သည် ရှန်းကျင့်၊ ရှန်းယင်၊ ရှန်းထီနှင့်ရှန်းထျန်းတို့နှင့်မတူသောကြောင့် သူတို့လိုချင်တာမှန်သမျှ လက်လှမ်းမှီနိုင်မည်မဟုတ်ကြောင်း နားလည်လာကြလေသည်။ သူတို့နှင့် မဝေမျှလိုသည့် အဒေါ် အရမ်းတန်ဖိုးထားသည့် အရာများရှိသည်ကို သဘောပေါက်လာပြီး အနှောင့်ယှက်မပေးတော့ပဲ ရှန်းအန်းသည် ရှန်းနဉ်အား အဝေးသို့ခေါ်သွားခဲ့သည်။

ဝက်ခေါက်နှစ်တုံးကို မမြည်းစမ်းခင်အထိ၊ ယနေ့အထိ မောင်နှမများသည် အရသာအစစ်အမှန်ကို မမှတ်မိပေ။ ရှားပါးခြင်းနှင့် သူတို့၏ တောင့်တခြင်းများကိုသာ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း ထွင်းထုထားသည်။

"ဒါတွေအားလုံး သားတို့ စားဖို့လား"

သူသည် စန်းလော့အား အံ့အားသင့်စွာ ကြည့်လိုက်သည်။

စန်းလော့က ခေါင်းညိတ်ပြုံးပြပြီး

"ဟုတ်တာ‌ပေါ့၊ အစ်မအတွက်လည်းပါတယ်"

စန်းလော့သည် မည့်သည့်အခါမျှ ကိုယ်ကျိုးစွန့်ခဲ့ခြင်း မရှိပါ။ သူမသည် လူကြီးတွေဟာ အရာအားလုံးကို သူတို့၏အငယ်ကလေးများအား ခွဲဝေပေးရခြင်းကို အယုံအကြည်မရှိပေ။ ရှန်းအန်းနှင့်ရှန်းနဉ်သာ သူမ နေရာမှာဆိုလျှင်လဲ ထပ်တူခံစားရလိမ့်မည်ဟု ယုံကြည်ခဲ့သည်။

ရှန်းအန်းနှင့်ရှန်းနဥ်တို့သည် ပြုံးလိုက်ကြပြီးနောက် ရှန်းနဉ်သည် နောက်ထပ်ဝက်ခေါက်တစ်တုံးအား စန်းလော့ထံသို့ ကမ်းလှမ်းခဲ့သည်။

"မကြီး၊ နောက်တစ်တုံးစားအုံး"

လိမ္မာပါးနပ်ပြီး မျက်နှာချိုသွေးတတ်လိုက်သေးသည်။

စန်းလော့သည် မဆိုင်းမတွ ကိုက်လိုက်ပြီး ကောင်မလေးကို သတိပေးလိုက်၏။

"နောက်တစ်ခါ လက်နဲ့ မနှိုက်နဲ့နော်"

ရှန်းနဉ်သည် စန်းလော့အား ကြည့်လိုက်ပြီးနောက် သူမ၏ပါးဖောင်းဖောင်းများကို လက်ဖြင့် ပွတ်ကာ

"သမီးအိမ်ပြန်ရောက်ထဲက လက်ကိုသန့်ရှင်းအောင်ဆေးထားတာပါ မကြီး"

"ဟုတ်တယ်၊ ဒါပေမယ့် အလေ့အကျင့်ကောင်းတွေကို မမွေးမြူရင် နောက်တစ်ကြိမ် လက်မဆေးဘဲ စားမိတဲ့အခါ ရောဂါတွေက ပါးစပ်ထဲကနေ တဆင့် ဝင်လာနိုင်တယ်"

ရှန်းနဉ်သည် နားထောင်ပြီး အတွေးအမြင်ကို သဘောပေါက်ကာ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ၊ သမီး မှတ်ထားလိုက်ပါ့မယ်"

"အစ်မကြီး ပြောတာ အမြဲမှန်တယ်” ရှန်းနဉ်က ထောက်ခံလိုက်၏။

ရှန်းအန်းနှင့်ရှန်နဥ်တို့သည် သူတို့၏ တန်ဖိုးကြီးသော ဝက်ဆီအကြွင်းအကျန်များကို မည်သည့်နေရာတွင် သိမ်းဆည်းရမည်ကို မသိဖြစ်နေစဉ် စန်းလော့သည်ရယ်မောကာ ဝက်ဆီအား ကြာကြာအထားခံစေရန် နည်းလမ်းကောင်းတစ်ခုဖြစ်သည့် ဆားကို ဆီပူထဲသို့ထည့်ပြီး မွှေလိုက်သည်။ ထိုအနံ့သည် လူများကိုသာမက အင်းဆက်များနှင့်ကြွက်များကိုပါ ဆွဲဆောင်နေသည်။

စန်းလော့က ကလေးများကို သူတို့၏ဝှက်ထားမည့်အစီအစဉ်နှင့် အလုပ်ရှုပ်ခိုင်းထားလိုက်ပြီး သူမကတော့ ပူနေသေးသည့် ဝက်ဆီများကို ပြင်ဆင်ထားသည့် ခရားအိုးများထဲ့သို့ ဇွန်းနှင့် ဂရုတစိုက် လောင်းထည့်လိုက်လေသည်။ သူမသည် ဟင်းချက်အိုး အေးသွားသည်အထိ စိတ်ရှည်ရှည် စောင့်လိုက်ပြီးနောက် လက်ကျန်ဆီများ တစက်ကလေးမကျန်အောင် ကြိုးစားပြီးလောင်းထည့်လိုက်လေသည်။

ဟုတ်ပါတယ်၊ အိုးထဲမှာ ဆီအကြွင်းအကျန်နည်းနည်းကတော့ အမြဲကျန်နေမှာပဲ။ ဒါပေမဲ့ စိုးရိမ်စရာတော့ မရှိပါဘူး။ နောက်ရက်ကျရင် ဝက်အသည်းနဲ့ကွမ်းကတိုးဟင်းချို (ပန်းရောင်နှင့် ခရမ်းရောင်ရှိသောအပွင့်တစ်မျိုး)ကို နေ့လယ်စာအတွက် ချက်ရင် သုံးဖို့ စဉ်းစားထားပြီးသား။ ဘာတစ်ခုမှ အလကားမဖြစ်အောင် သေချာလုပ်ရမယ်။

တကယ်တော့ လက်ကျန်ကို ခရမ်းသီးချက်ဖို့အတွက် အကောင်းဆုံးပဲ။ ဒါပေမဲ့ ငါတို့မှာ အိုးကတစ်လုံးပဲရှိတာ။ ဆီကိုလဲ ခွဲထည့်လို့မရဘူး။ အရင်ဆုံး ခရမ်းသီးချက်ရမယ်။ နောက်မှ မြေအိုးထဲကို ဆန်အတွက် ရေထပ်ထည့်ရမယ်။ ဒီလုပ်ငန်းစဉ်က ခရမ်းသီးချက်ဖို့ ပြင်ဆင်ရတာ တော်တော်လေး လက်ဝင်သွားတယ်။

အရှေ့ရက်များတွင် သူတို့သည် အနီးနားရှိ စမ်းချောင်းတွင် ပုံမှန်ငါးဖမ်းကြသည်။ ယနေ့တွင် စန်းလော့နှင့် ရှန်းနဉ်တို့သည် စွန့်စားပြီး သူတို့ရဲ့ ငါးထောင်ချောက်အား ခပ်ဝေးဝေးတွင် အောင်မြင်စွာ ချထား၏။ အမြစ်မကျန်အောင် တူးထားသည့် နှမ်းရွက်များနှင့် ပူစီနံ အပင်လေးမျိုးကို ရှာတွေ့ခဲ့ပြီး အိမ်ပြန်သယ်ရန် အရွက်ကြီးများနှင့် ထုပ်ပိုးထားလိုက်သည်။

သံအိုးများနှင့်မတူသည့် စဉ့်အိုးများမှာ မကြာခဏ အပူချိန်ပြောင်းလဲမှုများကို မခံနိုင်ပေ။ ဤနည်းကို ကြာမြင့်စွာအသုံးပြုပါက ကွဲသွားလိမ့်မည်။

အိုးကို သဘာဝအတိုင်း အေးသွားအောင် စောင့်ရင် ငါတို့ရဲ့ အစားအစာတွေ အေးသွားလိမ့်မယ်။ ဝက်သားဆီနဲ့ လုပ်ထားတဲ့ အအေးဟင်းတွေ… ဒီစိတ်ကူးကို ဘေးဖယ်ထားလိုက်ပြီး နောက်တစ်နပ်အတွက်ပဲ ထားလိုက်ပါတော့မယ်လေ။

မတ်တပ်ထရပ်ပြီး စန်းလော့က ပြောလိုက်၏။

"နှမ်းရွက်၊ ပူစီနံနဲ့ ကြက်သွန်နီတွေကို သွားရှာရအောင်"

ရှန်းနဉ်သည် အမြန်ထလိုက်သော်လည်း ရှန်းအန်းကတော့ မလှုပ်ယှက်ဖြစ်နေပြီး

“မကြီး၊ သား နေခဲ့ပြီး ပစ္စည်းတွေကို စောင့်ကြည့်နေလိုက်မယ်”

အခုတော့ သူတို့တွက် ပိုင်ဆိုင်မှု နည်းနည်းပါးပါး ရှိလာပြီဖြစ်၏။ အထူးဖြင့် သည်နေ့မှာ များပြားသယောင် ထင်ရသည့် အစားအသောက်များပင်။ အိမ်တွင် သော့ခတ်လို့ရသည့် ဗီရိုမရှိ‌‌သဖြင့် သူတို့နှစ်ယောက်လုံးသည် ပတ်ဝန်းကျင်တွင် မည်သူမှမရှိနေလျှင် ပစ္စည်းများမှာမလုံခြုံသလို ခံစားရသည်။

အင်းပေါ့လေ။ သူတို့ စောင့်ကြည့်ရတယ်ဆိုတာကလဲ လူတွေထက် တောင်ပေါ်က တိရိစ္ဆာန်ငယ်‌လေးတွေနဲ့ ရှဉ့် ကြွက်လိုအကောင်တွေလေ။ အနံ့ပြင်းပြင်းထွက်လတာနဲ့ အဲဒီအကောင်တွေကို ဆွဲဆောင်မိသွားရော။

ခေါင်းတညိတ်ညိတ်နှင့် စန်းလော့သည် ပေါက်ပြားနှင့် ကျောပိုးအိတ်အား ဆွဲယူလိုက်၏။

ငါးထောင်ချောက်သည် ပြင်ဆင်ဖို့ရန် လိုအပ်နေသေးသော်လည်း သူတို့၏ အတန်အသင့် ရိက္ခာဂို‌‌ဒေါင်လေးကြောင့် နောက်တနေ့ စီရင်စုမြို့သို့ စောစောသွားပြီးရလျှင် ညနေလောက်မှ ငါးများကို လာသိမ်းဖို့ စဉ်းစားထားခဲ့ခြင်းပင်။ အခြားကျောပိုးအိတ်ကိုတော့ နေ့ခင်းဘက်တွင် နတ်သမီးအရွက်များ စုဆောင်းရန်အတွက် သီးသန့်ထားခဲ့လိုက်သည်။

သူမက ဤပစ္စည်းများယူသွားသည်ကိုမြင်သော ရှန်းနဉ်သည် ဇဝေဇဝါဖြစ်သွားပြီး

"မကြီး၊ ကျောက်ပေါက်တူးလိုသေးလား"

စန်းလော့က ပြန်ဖြေလိုက်၏။

"အဲဒါတွေကို တွေ့ရင် အိမ်နောက်မှာ စိုက်ဖို့ အမြစ်ကနေတူးရမယ်။ နောက်တစ်ခါ လိုအပ်ရင် အဲ့ကနေပဲ အလွယ်တကူ ခူးလို့ရတာ‌ပေါ့"

အပင်စိုက်ရမည်ဟူသည့် အတွေးကြောင့် စိတ်လှုပ်ရှားသွားပြီး ရှန်းနဉ်၏ စိတ်ဓာတ်များ တက်ကြွလာကာ သူမကလည်း ကျောက်ပေါက်တူးကို ကိုင်လိုက်ပြီး

"ကောင်းလိုက်တာ၊ ညီမလေးလည်း တူးလိုက်ဦးမယ်"

ရှန်းအန်းမှာ လိုက်သွားဖို့ရန် ဆွဲဆောင်ခံခဲ့ရသော်လည်း ကျောက်တုံးကြီးပေါ်ရှိ ဆီများ၊ ဝက်ခေါက်များနှင့် အသားစိမ်းများကို ငေးကြည့်ရင်း အိမ်တွင်နေကာ တာဝန်ကျေစွာဖြင့် စောင့်ရန် ဆုံးဖြတ်လိုက်တော့သည်။

သူတို့ပြန်လာသည်ကိုကြားလိုက်ရသည့် ရှန်းအန်းသည် သူတို့ကို ကြိုပေးရန် စိတ်လှုပ်ရှားစွာ ပြေးထွက်လာပြီး မောင်နှမများသည် နှမ်းရွက်နှင့်ပူစီနံ စိုက်ရန်ဝမ်းသာအားရ ထွက်သွားတော့သည်။

ပျိုးပင်များကို စိုက်ပျိုးရေလောင်းပြီးနောက် ရှန်းနဥ်၏ စိတ်လှုပ်ရှားမှုက မရေမရာဖြစ်သွားတော့၏။

"မကြီး၊ ဒီဆေးဖက်ဝင်အပင်တွေက လယ်ကွင်းထဲမှာ အလေ့ကျ ပေါက်နေတာ၊ ညီမတို့ ခြံထဲမှာရော ရှင်သန်နိုင်ပါ့မလား"

မောင်နှမများသည် ခြံစိုက်ပျိုးရာတွင်အထွက်နှုန်းတစ်ခုမှမရှိဘဲ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည့် မအောင်မြင်ခဲ့သော ယခင်ကြိုးပမ်းမှုကို သတိရကာ စိုးရိမ်ကြောင့်ကျမိနေလေသည်။

ခြံစိုက်ပျိုးခြင်းတွင် သူတို့၏ယခင် ဆုံးရှုံးမှုသည် ကလေးများ၏စိတ်ဓာတ်ကို သိသိသာသာ ထိုးနှက်နေသည်။

စန်းလော့သည် သူမ၏အိမ်အနောက်ဘက်ရှိ မြေဆီလွှာ၏ အရည်အသွေးကို ချိန်ဆလိုက်ပြီး စိုက်ပျိုးရန် စံနှုန်းနှင့် လုံးဝမညီကြောင်း လက်ခံလိုက်၏။

အထူးသဖြင့် သက်ကယ်တဲဆောက်စဉ်က ပြားကပ်နေ‌အောင် ဖိခံထားရသည့်နေရာတွင် အပင်တစ်ပင်မှ မရှိခြင်းက မြေဆီလွှာကို အားဖြည့်ပေးမည့် သစ်ရွက်ဆွေးများ မရှိသည့်သဘောပင်ဖြစ်ရာ ပိုင်ရှင်မဲ့သစ်ပင်များ ပြည့်နေသည့်နေရာများထက် အရည်အသွေးနိမ့်နေတော့သည်။

"ကြီးထွားလာအောင် လုပ်ဖို့ဆိုရင် အနီးနားက သစ်ပင်တွေအောက်က သစ်ရွက်ဆွေးတွေကို စုဆောင်းရမယ်၊ ဒါက အပင်တွေ ရှင်သန်ဖို့ ကူညီပေးနိုင်တယ်" သူမက အကြံပေးလိုက်၏။

တကယ်တော့ စန်းလော့သည် သစ်တောမှ အရွက်တွေးများကို မြေဆီလွှာလုပ်ရန်အတွက် ယူလာဖို့ စိတ်ကူးခဲ့သေးသည်။ နောက်ဆုံးတွင်၊ ကိုယ်ပိုင်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းက မရှိမဖြစ်လိုအပ်သည်။ မြေဆွေးပြုလုပ်ရာခြင်းက အချိန်ကြာမြင့်ပြီး အရွက်ဆွေးကို သယ်လာခြင်းက အလျင်မြန်ဆုံးဖြေရှင်းချက်ပင်။ သို့သော်လည်း မြေဆီလွှာသယ်ယူရန်အတွက် ဝါးခြင်းတောင်းနှစ်လုံးကို ဝယ်ရန် လိုသေးသည်။

သို့သော်လည်း ရှန်းအန်းနှင့် ရှန်းနဉ် တို့က မစောင့်နိုင်ခဲ့ကြပေ။ အရွက်ကြီးများလက်မောင်းအပြည့်ဖြင့် မောင်နှမနှစ်ယောက်သည် အနီးနားက အရွက်ဆွေးများကို စတင်စုဆောင်းကြတော့သည်။

နေ့လည်ရောက်သောအခါ စန်းလော့သည် နေ့လည်စာအတွက် ပြင်ဆင်လိုက်၏။

ကွမ်းယာကတိုးဟင်းချိုအိုးတစ်ဝက်နှင့် ဝက်အသည်းစွပ်ပြုတ်ပင်။

ဤသည်မှာ ငါးမှလွဲ၍ နှစ်ဝက်နီးပါးအတွင်း မောင်နှမများ၏ အသားဖြင့် စားသောက်ခြင်းမှာ ပထမဆုံးအကြိမ်ပင်။

သူတို့တွင် ထမင်းမရှိပေ။ ဝက်အသည်းများစွာပါသည့် စွပ်ပြုတ်အိုးတစ်ဝက်သာရှိသည်။ မောင်နှမများသည် ကြီးကျယ်သော ပွဲတော်ကို ကျင်းပနေသကဲ့သို့ ရွှင်မြူးနေကြသည်။ ပန်းကန်လုံးတစ်ခုတွင် ဝက်ဆီအကြွင်းအကျန်များဖြင့် ပြည့်နေပြီး လုံလောက်သော ပန်းကန်များမရှိသောကြောင့် စန်းလော့သည် ဝါးကျည်တောက်ကို ယာယီပန်းကန်အဖြစ် အသုံးပြလိုက်တော့သည်။

စန်းလော့အတွက်တော့ ဤဝက်အသည်းသည် ထူးခြားသည့်အရသာ မဟုတ်ပေ။ ကစီဓာတ်ကင်းမဲ့ပြီး နူးအိစေရန်အတွက် ကြက်ဥအဖြူကို မသုံးလိုသဖြင့် ယခင်ဘဝက သူမ သိခဲ့သောအရသာနှင့် မကိုက်ညီပေ။ သို့သော် ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် ၎င်း၏အရသာကို ဆက်တိုက်ကို ချီးမွမ်းခဲ့ကြသည်။ ဟင်းချိုအိုးတစ်ဝက်သာရှိသဖြင့်၊ စန်းလော့က လျှော့စားလိုက်ပြီး မောင်နှမနှစ်ယောက်ကို ဗိုက်ပြည့်အောင် ထားလိုက်ပြီး သူတို့ကလည်း အသားအစလေးပါမကျန် ဟင်းရည်ကို ပြောင်နေအောင် သောက်လိုက်ကြလေသည်။

နေ့လယ်ခင်း တစ်ရေးတစ်မော အိပ်ပြီးနောက် စန်းလော့သည် ချန်းမိသားစုထံ သွားလည်ရန် စဉ်းစားလိုက်သည်။

ချန်းအိမ်သို့ အလည်အပတ်သွားမည့်အကြောင်းကို ကြားလိုက်သည်တွင် ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် ဝမ်းသာသွားပြီး ရှန်းနဉ်က ပန်းကန်လုံးပေါ်ရှိ ဝက်ခေါက်များအား ချက်ချင်းစစ်ကြည့်လိုက်တော့သည်။

"မကြီး၊ ညီမလေး ရှောင်ယာအတွက် ဝက်ခေါက်နဲနဲ ယူသွားလို့ရလား။ အရင်က သူ ညီမလေးနဲ့အစ်ကို့ကို ကျွေးခဲ့ဖူးတယ်”

ရှန်းနဉ်က မေးလိုက်တော့သည်။

...

အပိုင်း (၂၆)

"ရတာပေါ့။ ဒါက ညီမလေးရဲ့ သရေစာပဲ။ ဘယ်လိုဝေမျှမလဲဆိုတာကို ညီမလေးတို့နှစ်ယောက်ပဲ ဆုံးဖြတ်လိုက်" စန်းလော့ တုံ့ပြန်လိုက်၏။

အဘွားချန်းသည် အချိန်တိုင်း ပစ္စည်းများယူမလာရန်ပြောခဲ့ပြီး စန်းလော့ကလည်း ဤအလည်အပတ်ခရီးအတွက် မည်သည့်အရာကိုမျှ ယူဆောင်လာရန် အစီအစဉ်မရှိပေ။ သို့သော် ကလေးများ၏ ခင်မင်မှုအတွက် သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချခွင့်ရခဲ့သည်။

စန်းလော့၏ သဘောတူညီချက်ကို ကြားသောအခါ ရှန်းနဉ်သည် အတုံးနှစ်တုံးထည့်ထားသည့် ဝါးးကျည်တောက်ကို ဝမ်းသာအားရ ထုတ်ယူလိုက်ပြီး နည်းနည်းလောက် တွေးပြီးနောက် နောက်ထပ်နှစ်တုံးထပ်ထည့်ကာ စန်းလော့နှင့်ရှန်းအန်းအား သတိဖြင့်ရှင်းပြလိုက်သည်။

"အစ်ကိုအာ့ရှန်အတွက်လဲ နှစ်တုံး"

အာ့ရှန်သည် ချန်းမိသားစုမှ ရှောင်ယာ၏ဒုတိယအစ်ကိုဖြစ်သည်။

ရှန်းအန်းမှာ ကန့်ကွက်ခြင်းမရှိပေ။ မောင်နှမနှစ်ယောက်လုံးသည် ခွင့်ပြုမှုရရန် စန်းလော့ကို ကြည့်နေလိုက်ကြသည်။

စန်းလော့သည် ပြုံးကာ

"ဒါက ညီမလေးတို့ရဲ့ဆုံးဖြတ်ချက်ပဲလို့ ပြောထားတယ်လေ။ ဒါပေမယ့် နောက်ထပ်နှစ်တုံး ထပ်ယူလိုက်။ ဒါဆို ညီမလေးနဲ့ရှန်းအန်းက အာ့ရှန်နဲ့ရှောင်ယာတို့ စားနေတာကို ကြည့်နေစရာမလိုတော့ဘူး"

မောင်နှမနှစ်ယောက်လုံးသည် နောက်တစ်တုံးအား နောက်ထပ် စားသုံးနိုင်သည့်သဘောပင်။

ရှန်းအန်းနှင့်ရှန်းနဉ်နှစ်ယောက်လုံး ပြုံးလိုက်ကြသည်။ သူတို့စားရမည့် အပိုတစ်တုံးအတွက် မဟုတ်သော်လည်း ယခုအချိန်တွင် သူမ၏သူငယ်ချင်းများနှင့် ဝေမျှနိုင်မည်ဖြစ်ပြီး အာ့ရှန်နှင့်ရှောင်ယာတို့ ကလည်း ယခင်က သူတို့အတွက် လုပ်ပေးခဲ့ဖူးသော အရာများအတွက်ဖြစ်လေသည်။ သူတို့၏စိတ်လှုပ်ရှားမှုမှာ သိသာလှသည်။

စိတ်လှုပ်ရှားသော်လည်း ရှန်းအန်းသည် ယခုတွင် အဖိုးတန်ပစ္စည်းများဟု ယူဆထားသော သူတို့၏ပိုင်ဆိုင်မှုများကို စောင့်ကြည့်ရန်အတွက် အိမ်တွင်နေရန်သာ ရွေးချယ်လိုက်လေသည်။

ထို့ကြောင့် ရှန်းနဉ်သာလျှင် သူမ၏ သေးငယ်သောဝါးကျည်တောက်ထဲတွင် ဝက်ခေါက်ငါးတုံးအား သယ်ဆောင်ကာ ပျော်ရွှင်စွာဖြင့် စန်းလော့နောက်မှလိုက်ပါကာ ချန်းမိသားစုအိမ်သို့ သွားလေသည်။

……

ဩဂုတ်လ၏နေသည် အလွန်ပူပြင်းလွန်းသောကြောင့် လယ်ယာအလုပ်အတွက် အလွန်ပင် ခက်ခဲပင်ပန်းရသောအချိန် ဖြစ်၏။ မနက်ခင်းတွင် လယ်ယာထဲ၌ အလုပ်လုပ်နေကြသော အမျိုးသားအများစုသည် ယခုအချိန်တွင် အနားယူနေကြသည်။ အမျိုးသမီးများသည် သူတို့၏တာဝန်ဖြစ်သော ဗိုင်းငင်ခြင်း သို့မဟုတ် ရက်ကန်းရက်ခြင်းများကို ပြန်မစမီ ခဏသာအနားယူခဲ့ကြ၏။

ချန်းမိသားစုမှာ မတူညီပေ။

ချန်းအိမ်သို့ စန်းလော့နှင့်ရှန်းနဉ်တို့ ရောက်သောအခါ ရှန်းနဉ်သည် အဘွားချန်းကို နှုတ်ဆက်ခဲ့လိုက်ပြီး ရှောင်ယာဆီသို့ မြန်မြန်သွားကာ တိတ်တိတ်လေး စကားစမြည်ပြောရင်း နှစ်ယောက်သား အပြင်သို့ ပြေးသွားကြသည်။

စန်းလော့သည် သူတို့နှင့်ပတ်သက်၍ စိုးရိမ်မှုမရှိပေ။ သူမကို ထိုင်ခုံတစ်လုံးပေးရန် အလုပ်ရှုပ်နေသော အဘွားချန်းနှင့် သူမ၏ရည်ရွယ်ချက်ကို ဆွေးနွေးရန်သာ အာရုံစိုက်နေမိသည်။

အဘွားချန်းသည် ခေတ္တမျှရပ်တန့်သွားပြီး သူမ၏နားများကို ပင်မယုံကြည်နိုင် ဖြစ်သွားလေ၏။

"နတ်သမီး‌တို့ဟူးရောင်းဖို့ ကူညီပေးရမယ် ဟုတ်လား"

"ဟုတ်တယ်၊ အဘွားဖြစ်ဖြစ် အဒေါ်ဖြစ်ဖြစ်ပေါ့။ ရောင်းရတဲ့တစ်တုံးချင်းစီတိုင်းအတွက် ဝမ်တစ်ဝက်ပေးပါ့မယ်။ ဘယ်လိုသဘောရလဲ"

အဲဒါက မေးနေစရာတောင် လိုသေးရဲ့လား။ ကောင်းကင်ကနေ မျှော်လင့်မထားဘဲ ရလာတဲ့အခွင့်အရေးလိုပါပဲ။

သို့တိုင် အဘွားချန်းက နားမလည်သေးပေ။

"ငါးရက်မှာ ဈေးတစ်ခုဘဲရှိတာ။ ဘာလို့ကိုယ်တိုင်မရောင်းတာလဲ။ အဲ့တာဆို အမြတ်ကို ခွဲပေးစရာမလိုတော့ဘူးလေ"

စန်းလော့က ခေါင်းယမ်းပြလိုက်ပြီး

"ဈေးမှာရောင်းဖို့အတွက် အကူအညီတောင်းနေတာ မဟုတ်ပါဘူး။ စီရင်စုအထိ တိုးချဲ့ဖို့ပါ။ အဘွားတို့မိသားစုက ကူညီပေးလို့ရတယ်လေ၊ ကျွန်မလဲ သွားမှာပဲ။ ဒါက ဈေးဆိုင်အပိုရှိပြီး တစ်နေရာစီ ခွဲရောင်းသလိုပေါ့"

အဘွားချန်းက စိတ်ကူးအကြံဉာဏ်ကို ချက်ခြင်း‌သဘောပေါက်လေသည်။ စန်းလော့သည် လွန်ခဲ့သည့် နှစ်ရက်က ရေကို စမ်းသပ်ပြီးနောက် ယခုအခါ သူမ၏လုပ်ငန်းအား တိုးချဲ့ရန် ကြိုးစားနေလေသည်။

ဒီစန်းလော့ကတော့.....

အဘွားချန်းက တွေးတွေးဆဆဖြင့်

"မြို့ထဲကိုဝင်တာက ဝင်ကြေးလိုအပ်တယ်။ တိုးချဲ့ထားတဲ့ပစ္စည်းတွေကို မရောင်းနိုင်ရင်ရော"

စန်းလော့သည် ယုံကြည်မှုရှိစွာဖြင့်ပင် အာမခံလိုက်၏။

"ကျွန်မက တာဝန်ယူပါတယ်။ ဝင်ကြေးက ကျွန်မ ခံပေးပါ့မယ်"

နတ်သမီးတို့ဖူးအတွက် သူမမှာ ကုန်ကျစားရိတ် လုံးဝမရှိသလောက်ဖြစ်သဖြင့် မဆိုင်းမတွပင် ကမ်းလှမ်းလိုက်သည်။ သို့သော်လည်း သူမသည် အလေးအနက်ထား၍ပြောလိုက်၏။

"အင်း‌ပေါ့ စီရင်စုမှာ စျေးဆိုင်တစ်ခု တည်ထောင်မယ်ဆိုရင်တော့ ငါးဝမ်လောက် ကျသင့်မဲ့ ဒေသဆိုင်ရာအရာရှိဆီက လက်မှတ် ရဖို့လိုတယ်။ အဲ့တာကိုတော့ အဘွားတို့မိသားစုက ပေးရမှာပေါ့"

လက်မှတ်သည် နောက်ပိုင်းကာလများတွင် ၇၀ခုနှစ်နှင့် ၈၀ခုနှစ်က အထောက်အထားစာတစ်စောင်နှင့် ဆင်တူပြီး လူဦးရေထိန်းချုပ်မှု အတိုင်းအတာတစ်ခုအဖြစ် အသုံးပြုသည်။ မြို့ထဲသို့ဝင်ရန် သို့မဟုတ် စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းရန် တရားဝင်အထောက်အထားတစ်ခု လိုအပ်ပြီး အရပ်သူအရပ်သားများအတွက်တော့ လက်မှတ်ဟုခေါ်သည်။

စီရင်စုသို့ဝင်ရောက်ရန် လက်မှတ်အား ဒေသဆိုင်ရာတာဝန်ရှိသူမှ ရေးဆွဲရမည် ဖြစ်သည်။ ထို့နောက် စီရင်စုတရားသူကြီးမှ စီစစ်ပြီး တံဆိပ်တုံးထုလေသည်။

အခြားပြည်နယ်များနှင့် စီရင်စုသို့ခရီးသွားခြင်းအတွက် လုပ်ဆောင်ချက်မှာ ပို၍ရှုပ်ထွေးပြီး ပြည်နယ်အုပ်ချုပ်ရေး၏ အိမ်ထောင်စုဌာနမှ ခွင့်ပြုချက်လိုအပ်ပေသည်။

ငါးဝမ်သည် ကျေးလက်နေသူများအတွက် သေးငယ်သော ငွေပမာဏ မဟုတ်သော်လည်း လက်မှတ်သည် ကံကောင်းစွာဖြင့် သုံးလအထိ သက်တမ်းရှိသည်။ အဘွားချန်းသည် မဝံ့မရဲဖြင့် သဘောတူလိုက်၏။

အခွင့်အရေးပေးထားပြီး၊ ဝင်ခွင့်အခကြေးငွေကိုလဲ တာဝန်ယူပေးထားတာကို လက်မှတ်အတွက်လဲ ငွေပေးခိုင်းဖို့ မျှော်လင့်နေတာကတော့ မဟုတ်သေးဘူးလေ။

အခိုင်အမာဆုံးဖြတ်လိုက်ပြီးနောက် အဘွားချန်းက ပြောလိုက်၏။

"ရတာပေါ့၊ ဒေသခံအရာရှိဆီကနေ လက်မှတ် ချက်ချင်း ရစေရမယ်။ ဒီနေ့သွားလို့ ရတယ်လေ။ ဒါဆို မနက်ဖြန်နေ့လည်ကျရင် အဆင်သင့်ပဲ။ ခဏနေ အရာရှိရဲ့အိမ်ကို သွားတဲ့အခါ အတူတူလိုက်မလား"

စန်းလော့က တုံ့ဆိုင်းသွား၏။ အဓိကအကြောင်းမှာ ထိုနေ့တွင် သူမ၏ ၀င်ငွေအားလုံးကို သုံးစွဲထားပြီးဖြစ်သောကြောင့်ပင်။

"မနက်ဖြန်မှ သွားရအောင်"

အဘွားချန်းသည် သူမ၏တုံ့ဆိုင်းမှုကို သတိပြုမိပြီး

"ငွေကြေးကိစ္စကြောင့်လား"

စန်းလော့သည် ခေါင်းညိတ်ပြကာ

"ဒီနေ့ရတဲ့ငွေတွေကို တစ်ခြား မရှိမဖြစ် လိုတဲ့ဟာလေးတွေအတွက် သုံးလိုက်ရတယ်"

ယခုတွင် စန်းလော့အတွက် ရောင်းချပေးရန်ကတိပြုခဲ့ပြီး အဘွားချန်းသည် ရက်ရက်ရောရော ကမ်းလှမ်းလိုက်တော့သည်။

"ညည်းကို ငွေကြိုပေးထားမယ်။ ညည်း အဆင်ပြေတဲ့အချိန်မှ ပြန်ပေးလို့ရတယ်။ အဲ့လိုမှမဟုတ်ရင် နောက်နေ့အထိ ကြန့်ကြာနေလိမ့်မယ်"

ကမ်းလှမ်းမှုကို ကျေးဇူးတင်သည့်အနေဖြင့် စန်းလော့ကလည်း လက်ခံလိုက်၏။

"ကောင်းပါပြီ၊ အိမ်ထောင်စုစာရင်းယူပြီးရင် အဘွားကို ပြန်လာရှာလိုက်ပါမယ်"

အဘွားချန်းသည် ခေါင်းညိတ်ကာ မေးလိုက်၏။

"လုပ်အားအပြင်ဘာလိုသေးလဲ။ လိုအပ်တယ်ဆိုရင် ပုံးတွေ၊ ဇလုံတွေကို ငှားပေးလို့ရတယ်။ တစ်ခုခုလိုနေတာရှိရင်လဲ ပြော။ အဘွားတို့အိမ်မှာရှိတဲ့ပစ္စည်းတွေကို ငှားပေးလို့ရတယ်"

အမှန်တကယ်ပင် ဤအစီအစဉ်သည် စန်းလော့အတွက်တော့ ရိုးရှင်းသောချေးငွေထက် သာလွန်ကောင်းမွန်လေသည်။ နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုဖြစ်ခဲ့၏။ သူမ တို့ဟူးပိုလုပ်နိုင်လေ သူတို့ပိုပြီး ကူရောင်းပေးနိုင်လေဖြစ်ပြီး ရလဒ်အနေဖြင့် နှစ်ဦးလုံးအတွက် အမြတ်များများရနိုင်၏။

အမှန်မှာ သူမသည် ဆိုင်ကိုလည်ပတ်ရန် ပံ့ပိုးပေးမည်ဆိုပါက ဝင်ငွေများကို အညီအမျှ ခွဲဝေပေးမည်ဖြစ်သည်။ နောက်ထပ် တို့ဟူးနှစ်တုံး ကိုရောင်းနိုင်ခြင်းက တစ်ဝမ် ပိုရှာနိုင်ခြင်းပင်။

ချန်းဘွားဘွားသည် အမြတ်အစွန်းကို ရှင်းရှင်းလင်းလင်း တွက်ချက်ပြီးနောက် ဤအရာသည် စန်းလော့အား ကူညီပေးခြင်း မဟုတ်တော့ဘဲ သူမကိုယ်သူမ ကူညီပေးခြင်းသာဖြစ်ကြောင်း နားလည်လိုက်၏။

စန်းလီရွာ၏ကြီးကျယ်ခမ်းနားသောဈေးတွင် စန်းလော့၏ တစ်နာရီအတွင်း တို့ဟူးအတုံးသုံးဆယ်ကျော် ရောင်းချနိုင်မှုစွမ်းရည်ကို ပြန်လည်သုံးသပ်ရင်း ချန်းဘွားဘွား၏ စိတ်အားထက်သန်မှုမှာ ချက်ခြင်းမြင့်တက်လာသည်။

အဘွားအို၏ပံ့ပိုးကူညီလိုစိတ်သည် စန်းလော့အတွက် အသေအချာပင် အကျိုးရှိသည်ကို ရွှင်မြူးစွာဖြင့် ပြောခဲ့သည်။

"အဘွားက မကမ်းလှမ်းလာဘူးဆိုရင်တောင် ကျွန်မက အရှက်မရှိ လာငှားရမှာပဲ။ ရေပုံးနှစ်ပုံးလိုအပ်တယ်။ ဖြစ်နိုင်မယ်ဆိုရင် ခြင်းတောင်းနှစ်လုံးနဲ့ ထမ်းပိုးတစ်ခုပါ လိုချင်ပါတယ်။ ကျွန်မအိမ်မှာ မြေဇလုံနှစ်ခုရှိတယ်။ အဲ့တာတွေကို ခြင်းတောင်းတစ်ခုထဲနဲ့သယ်တာက ခက်ခဲတယ်။ အဲ့ဒါကြောင့် ထမ်းပိုးနဲ့ သယ်ရင်တော့ ပိုပြီးထိရောက်နိုင်တယ်"

သူမ၏ကောင်းမွန်သောအကြံအစည်ကို မြင်တွေ့နေရသော ချန်းဘွားဘွားသည် သဘောတူလိုက်၏။

"ကောင်းပြီလေ၊ အဲ့တာတွေအကုန် အဘွားတို့ဆီမှာ ရှိတယ်။ ပစ္စည်းတွေသယ်ဖို့ ညည်းရဲ့အဒေါ်နဲ့ အဘွားလိုက်ပို့ခိုင်းလိုက်မယ်"

စန်းလော့က ကြားဖြတ်ပြောလိုက်သည်။

"အနှောင့်အယှက် မပေးတော့ပါဘူး အဘွားရယ်။ အဲ့တာတွေက အလွတ်ဆိုရင် ပေါ့တယ်။ ကျွန်မဘာသာ သယ်နိုင်ပါတယ်။ စီရင်စုမြို့ကို ဘယ်နေ့သွားမလဲဆိုတာကို ဆုံးဖြတ်ကြရအောင်။ အဲ့နေ့ကျရင် အဘွားအိမ်ကနေ ထမ်းပိုးယူလို့ရတယ်။ အဘွားဖြစ်ဖြစ် အဒေါ်ဖြစ်ဖြစ် မနက်အစောပိုင်းမှာ ကျွန်မအိမ်ကနေ ပစ္စည်းတွေ လာယူရပါတယ်"

ဆင့်ထားသောပုံးများနှင့်ခြင်းများကို ထုပ်ပိုးပြီးနောက် စန်းလော့သည် ချန်းဘွားဘွားကို နှုတ်ဆက်ကာ ပြန်သွားလေသည်။

အနောက်ခန်းမှထွက်လာသော ချင်ဖန်းညန်သည် သူတို့၏ပုံးများနှင့် ခြင်းများကို သယ်သွားသည့် စန်းလော့ကို ချန်းဘွားဘွားကိုယ် လိုက်ပို့ပေးနေသည်ကိုသာ မြင်လိုက်ရသဖြင့် စိတ်ရှုပ်ထွေးသွားတော့သည်။ အဘွားအိုပြန်ရောက်လာသောအခါ အမျိုးသမီးချင်က သိချင်စိတ်ဖြင့် မေးလိုက်၏။

"အမေ၊ အခုက ဘာလို့ သမီးကို ခေါ်လိုက်တာလဲ"

သူမအမှန်တကယ်သိချင်နေသည်မှာ စန်းလော့အလည်လာရောက်ခြင်း၏ ရည်ရွက်ချက်ပင် ဖြစ်သည်။

ဒါသည် ချင်ဖန်းညန်အတွက် ပထမဆုံး ပစ္စည်းချေးငှားလိုက်ခြင်း မဟုတ်သော်လည်း သူမ၏ယောက္ခမဖြစ်သူကတော့ တစ်စုံတစ်ယောက်ကို ခြံအပြင်အထိ စိတ်ပါလက်ပါ လိုက်ပို့ပေးခြင်းက လုံးဝမရှိခဲ့ဖူးသည့်အဖြစ်ပင်။

အဘွားချန်း၏မျက်နှာသည်ရွှင်မြူးနေပြီး

"ဒါက ကောင်းတဲ့ကိစ္စပဲဟဲ့"

အထဲသို့ ပြန်ဝင်လာရင်း သူမနောက်တွင်လိုက်ပါလာသော ချွေးမဖြစ်သူကို ပြောလိုက်၏။

"ဈေးဆိုင်တစ်ခုတည်ထောင်ပြီး ဝင်ငွေရှာနိုင်တဲ့ စန်းလော့ကို နင် အားကျနေတာ မဟုတ်ဘူးလား။ ရက်အနည်းငယ်အတွင်း မြို့ထဲမှာ ဈေးဆိုင်ဖွင့်ဖို့ သမီးကို သူနဲ့အတူလွှတ်လိုက်မယ်"

ချင်ဖန်းညန်မှာ ဦးနှောက်ရှုပ်သွားတော့သည်။

အဘွားချန်း၏မျက်လုံးများသည် ရွှင်မြူးကာဖြင့် တလက်လက် ဖြစ်နေ၏။

"သူက နတ်သမီးတို့ဟူးရောင်းဖို့ မြို့ထဲမှာ ဈေးဆိုင်တစ်ခု ထူထောင်ချင်တာမလို့ ကူညီပေးဖို့ အမေတို့ကို လာ အကူအညီတောင်းတာ။ ရောင်းရတဲ့တစ်တုံးချင်းအတွက် ဝမ်တစ်ဝက် ပြန်ပေးလိမ့်မယ်"

ချင်ဖန်းညန်၏မျက်လုံးများသည် အံ့ဩမှုကြောင့် ဝိုင်းစက်သွားတော့သည်။

"ရောင်းရတဲ့တစ်တုံးချင်းအတွက် ဝမ်တစ်ဝက်လား။ အမေ တစ်ကယ်လား"

အဘွားချန်းသည် သူမကို မျက်လုံးစွေကြည့်လိုက်ကာ

"ဒီလိုကိစ္စကို ငါက နင့်ကို လျှောက်ပြောနေမယ်လို့ ထင်လို့လား"

ဤတွင် ချင်ဖန်းညန်သည် ပြုံးပြလိုက်ကာ

"အဲ့လိုမဟုတ်ပါဘူး အမေရဲ့။ ကျွန်မတို့ဆီကို ဒီလိုအခွင့်ကောင်း ရောက်လာမယ်လို့ မမျှော်လင့်ခဲ့ဖူးလို့ပါ"

တစ်နေ့က ဈေးထဲတွင် စန်းလော့၏ တစ်နာရီအတွင်း အတုံးသုံးဆယ်ကျော်ရောင်းချပုံကို စဉ်းစားရင်း မြို့တွင်လဲ ဤထုတ်ကုန်မှာ ရောင်းကောင်းမည်ဟု သူမ သိလိုက်သည်။ စန်းလော့စကားပြောမကောင်းလျှင်ပင် နည်းနည်းပိုကြာနိုင်‌သော်လည်း အတုံးသုံးဆယ်လောက်အား ရောင်းနိုင်မည်ထင်၏။ ထိုအရာသည် သူမအားတစ်ရက်လျှင် ဝမ်ဆယ်ပြားကျော်ရစေနိုင်သည်။

ဝမ်ဆယ်ပြားသာရလျှင်ပင် တန်သည်။

ထိုခေတ်အခါက ကြက်မွေးမြူခြင်းနှင့် ရက်ကန်းရက်လုပ်ခြင်းများအပြင် အိမ်တွင် အမျိုးသမီးများအတွက် ဝင်ငွေရှာနိုင်သော အခွင့်အလမ်းများ သိပ်မရှိပေ။ မွေးမြူနိုင်သည့်ကြက်အရေအတွက်များကို ကန့်သတ်ထားသည်မှာ မွေးမြူရေးအတွက် အစာအစားများ လိုအပ်သောကြောင့်ဖြစ်သည်။

ချင်ဖန်းညန်အတွက်တော့ စန်းလော့ကမ်းလှမ်းသောတာဝန်သည် ကောင်းကင်မှကြွေကျ‌လာသော မုန့်တစ်လုံးနှင့်တူပြီး သူတို့၏ပေါင်ပေါ်သို့ တည့်တည့်ကျကာ သူမ၏နှလုံးသားထဲရှိ ပြင်းထန်သော စိတ်လှုပ်ရှားမှုအား မီးစထိုးပေးနေသလိုပင်။

ချွေးမဖြစ်သူ၏ပီတိဖြစ်နေသာ မျက်နှာကိုမြင်လိုက်ပြီးနောက် အဘွားချန်းက ပြောလိုက်၏။

"စန်းလော့မှာသာ လုံလောက်တဲ့ခွန်အားရှိရင် သူက အမေတို့ရဲ့ အကူအညီကို မလိုအပ်ပါဘူး။ ရက်အနည်းငယ်အတွင်း သူနဲ့အတူတူသွားတဲ့အခါ ပိုလေးတဲ့ကုန်စည်ကို ကိုယ်တိုင်သယ်နော်။ မြို့ထဲမှာ ရောင်းဖို့ခွဲဝေပေးသမျှ ပမာဏကိုပဲ နင်က ရောင်း။ သယ်ပေးရုံနဲ့တော့ ရောင်းရမယ်လို့ မထင်လိုက်နဲ့။ သူ တစ်ခုခုဝယ်တယ်ဆိုရင်လည်း ပြန်သယ်လာဖို့ ကူညီပေးလိုက်ပါ"

ချင်ဖန်းညန်သည် ပြန်ဖြေလိုက်၏။

"အမေ၊ ကျွန်မနားလည်ပါတယ်"

ထိုသို့ပြောလိုက်ပြီး အဘွားအိုသည် ထိုအကြောင်းအရာအား တုံ့ဆိုင်းနေခြင်း မရှိပေ။ ချွေးမဖြစ်သူ၏ အိမ်ထောင်စုစာရင်းစာအုပ်ကိုယူရန် သွားလိုက်ကာ စန်းလော့ရောက်လာမည့်အချိန်ကို ပြင်ဆင်ထားလိုက်လေသည်။ သို့မှသာ ရွာသူကြီးထံမှ ခရီးသွားလက်မှတ်ရယူရန် အတူသွားနိုင်လိမ့်မည်။

အပြင်ဘက်က ကျယ်လောင်သည့်ငိုကြွေးသံကိုကြားချိန်တွင် အဘွားချန်းသည် အိမ်ထောင်စုစာရင်းစာအုပ်ကို ရှာတွေ့သွား၏။

ရှောင်ယာ ပြေးဝင်လာသည်နှင့် သူမသည် အမြန်ထွက်လာလိုက်သည်။ အဘွားဖြစ်သူကို မြင်လိုက်သည်တွင် ‌ရှောင်ယာ၏မျက်လုံးများမှာ လင်းလက်သွားပြီး အဘွားချန်းဆီသို့ပြေးမသွားခင် "အဘွား" ဟု အရင် ခေါ်လိုက်၏။

"ဖြည်းဖြည်း၊ ဘာလို့ ဒီလိုပြေးနေတာလဲ"

အဘွားချန်းက သတိပေးလိုက်၏။

ရှောင်ယာရောက်လာပြီး သူမ၏အင်္ကျီလက်ကိုဆောင့်ဆွဲကာ သူမကို အတင်းအောက်ငုံ့ခိုင်းနေသဖြင့် အဘွားချန်း၏စကားမှာမဆုံးလိုက်ပေ။

အဘွားချန်းက အလိုလို ခေါင်းငုံ့ပေးလိုက်ပြီး၊ အပြင်မှ ဖြစ်ပျက်နေသည့်အကြောင်းကို ‌မေးတော့မည့်ဆဲဆဲ ထောပတ်နံ့တစ်ခုကို ရလိုက်ချိန်တွင် ရှောင်ယက သူမ၏ပါးစပ်ထဲသို့ တခုခုကို ရုတ်တရက် ထည့်ပေးလိုက်လေသည်။

အဘွားချန်းသည် ဝက်ခေါက်ဖြစ်သည်ကို ချက်ခြင်းသိလိုက်၏။ အရသာရှိသော အစားအစာသည် ယခုအခါတွင် သူမ၏ပါးစပ်ထဲ၌ တံတွေးများဖြင့် စိုစွတ်နေပြီဖြစ်သည်။ အရသာခံရမည်လား ထွေးထုတ်ရမည်လားဟု တွေဝေနေသည်မှာ တစ်ကယ်ပင် အကျပ်ရိုက်စရာဖြစ်သည်။

"ဒါကို ဘယ်ကရခဲ့တာလဲ"

"အစ်မနဉ် ပေးခဲ့တာ၊ ပြီးတော့ အစ်ကိုအာ့ရှန်က အဘွားနဲ့အမေတို့ မြည်းစမ်းကြည့်ဖို့ တစ်ချို့ကို ယူလာပေးခဲ့တာ"

"သမီးရဲ့အစ်မနဉ်ကိုရော ကျေးဇူးတင်ခဲ့လား။ ဒါကို ဘာလို့ ကိုယ့်ဘာသာ မစားတာလဲ"

"သူ့ကို ကျေးဇူးတင်စကား ပြောပါတယ်။ အစ်မနဉ်က သမီးကို လေးတုံးပေးခဲ့တာ။ အစ်ကိုက မစားဘူး။ အဲ့တာကြောင့် ဒီတစ်ခုကို သိမ်းထားတာ"

ကလေးမလေးသည် ချင်ဖန်းညန်ဆီသို့ပြေးသွားပြီး သူ့အမေ၏ပါးစပ်ထဲသို့ ဝက်ဆီဖတ်များအား ထည့်ပေးရင်း ကြိုးစားရှင်းပြလိုက်သည်။

ချင်ဖန်းညန်သည် အလျင်အမြန်ပင် ခေါင်းကိုလှည့်ပြီး သူမ၏လက်ဖြင့်ကာလိုက်ကာ

"အမေ မစားတော့ဘူး။ သမီးရဲ့အစ်ကိုနဲ့သမီးအတွက်ပဲ သိမ်းထားလိုက်နော်"

အမေနှင့်သမီးမှာ တစ်ယောက်နှင့်တစ်ယောက် ညင်သာစွာ ငြင်းဆိုနေချိန်တွင် ဘေးအိမ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေ၏။

"ရှန်းနဉ်က ဝက်ဆီဖတ်ကို စားရပြီး သားတို့ကျ ဘာလို့ မစားနိုင်ရတာလဲ။ အမေ၊ သားတို့ရော ဘယ်အချိန်မှ ဝက်အဆီထုတ်မှာလဲ"

ချန်းဘွားဘွားသည် မှားစရာမရှိသည့် ရှန်းကျင့်၏ အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။ ခြံနံရံနှစ်ခုသည် အသံကို အနည်းငယ်သာ ဖုံးအုပ်ပေးနိုင်သည်။

ချန်းဘွားဘွားသည် သူ့မြေးမလေးအား အံ့အားသင့်စွာ ကြည့်နေလေသည်။

"ရှန်းကျင့်က သမီးဝက်ခေါက်စားနေတာကို မြင်ခဲ့လား"

ကလေးမလေးသည် အဖွား၏အကြည့်အောက်တွင် ဇက်လေးကိုပုကာ ဝန်ခံလိုက်သည်။

"အစ်ကို့ကိုရှာဖို့ အစ်မနဉ်ကိုခေါ်သွားလိုက်တယ်၊ ဒါပေမယ့် ကျူခင်းထဲမှာ ရှန်းကျင့် ဆော့နေမှန်း မသိဘူးလေ။သူက အစ်မနဉ်ရဲ့ ဝက်ဆီဖတ်ထည့်ထားတဲ့ ဝါးကျည်တောက်ကို လုယူဖို့ ကြိုးစားလို့ အစ်ကိုက သူ့ကို ကောက်ကိုင်လိုက်ပြီး ဘေးကိုတွန်းပစ်လိုက်တာ"

သူမက အလျင်အမြန်ထပ်ပြောလိုက်၏။

"သူ့ကို နာကျင်အောင် မလုပ်ခဲ့ဘူး၊ အစ်မနဉ်ကို အနိုင်ကျင့်နေတာကို ရပ်တန့်အောင် တွန်းထုတ်ခဲ့တာပဲရှိတာ"

တစ်စုံတစ်ယောက်ကို အားမစိုက်ထုတ်ဘဲ ကောက်ကိုင်လိုက်သည့် မြင်ကွင်းတစ်ခုဖြစ်သည်။

ချန်းဘွားဘွားသည် အဖြစ်အပျက်ကို အလွယ်တကူပင် မြင်ယောင်ကြည့်နိုင်လေသည်။

ကံကောင်းထောက်မစွာဖြင့် ရှန်းကျင့်သည် အစားအသောက်ကိုသာ အာရုံစိုက်ထားသောကြောင့် အနည်းငယ်တွန်းမိသွားသည်ကို ငိုကြွေးပုံမပေါ်ပေ။ ထိုသို့မဟုတ်ပါက သူသည် ယခုအချိန်တွင် အခြားတစ်နေရာ၌ ဝုန်းဒိုင်းကြဲနေပေလိမ့်မည်။

အမှန်တစ်ကယ်ပင် ရှန်းကျင့်၏ အာရုံစိုက်မှုသည် အစားအသောက်တစ်ခုတည်းသာ ဖြစ်သည်။ သူသည် ဘေးအိမ်မှ ရှန်းနဉ်၊ချန်းအာ့နှင့် သူတို့၏ညီမလေးတို့မှာ ဝက်ဆီဖတ်များကို စားသုံးနေကြသည်ကို အနံ့လာရာအနီးတွင် ရပ်ကာ သွားရည်ကျနေခဲ့ရသည်။

ချန်းအာ့၏ဝင်ရောက်စွက်ဖက်မှုကြောင့် စိတ်အနှောင့်အယှက်မဖြစ်မိသော သူသည် ဝက်ဆီဖတ်များကို ချက်ပြုတ်ရန်အတွက် အသားဝယ်ရန် သူ့အမေကို အပူကပ်နေတော့သည်။

နောက်မှလိုက်လာသည့် အရွယ်ရောက်ပြီးသူများ၏ပေါင်လောက်ပင် အရပ်မရှည်သော ရှန်းယင်နှင့်ရှန်းထျယ်တို့သည် သွားရည်ယိုကာ ဂျီကျနေလေသည်။

"အဲ့ဒီ့ဝက်ခေါက်ကင်တွေက ချန်းမိသားစုဆီက မဟုတ်ဘဲ ရှန်းနဉ်ဆီကဆိုတာ သေချာလား"

လီရှီမှာ မယုံကြည်ပေ။

ရှန်းကျင့်က အခိုင်အမာပြောလေ၏။

"ရှင်းရှင်းလင်းလင်းကြားခဲ့တာ၊ အဲ့တာတွေက ရှန်းနဉ်ရဲ့ဟာတွေ"

ခြောက်နှစ်အရွယ်ရှန်းယင်နှင့် ငါးနှစ်အရွယ်ရှန်းထျယ်တို့မှာလည်း ကြားဝင်ထောက်ခံလိုက်သည်။

လီရှီ၏မျက်လုံးများသည် သံသယများဖြင့် ဝင်းလက်လာသည်။ သေချာတွေးတောရင်း လွန်ခဲ့သောရက်အနည်းငယ်အတွင်း၌ အိမ်နီးနားချင်းအိမ်မှာမှ မည်သည့်ဝက်အဆီထုတ်ခြင်းအနံ့ကိုမျှ မရခဲ့သည်ကို သတိရသွားသည်။

သူမသည်မျက်မှောင်ကြုံ့ရင်း ရှန်းစန်းဘက်သို့လှည့်ကာ

"ဝက်သားဝယ်ဖို့ပိုက်ဆံကို သူတို့ဘယ်ကရတာလဲ"

စန်းလော့၏ ရှန်းစန်းအား အိမ်နီးနားချင်းများရှေ့တွင် လူသိရှင်ကြား ဆန္ဒပြခံလိုက်ရသည့်နေ့မှစပြီး ဘေးအိမ်မှ အဘွားချန်း၏ ဖော်ထုတ်ခံလိုက်ရပြီးကတည်းက သူသည် မျက်နှာပျက်ခဲ့ရပြီး လွန်ခဲ့သည့်ရက်အနည်းငယ်က စိတ်ဆိုးနေခဲ့၏။ အကြီးဆုံးမိသားစု၏ ကိစ္စရပ်များကို ကြားလိုက်ရခြင်းသည် သူ့အား စိတ်အနှောင့်အယှက်ဖြစ်စရာ ထပ်‌ပေါင်းထည့်ပေးလိုက်ခြင်းပင်။

"ငါ ဘယ်လိုလုပ်သိမှာလဲ။ အဲ့တာတွေကို သူတို့ ဘယ်လိုရလဲဆိုတာ ဘယ်သူက သိမှာလဲ။ ဝက်သားမပြောနဲ့ အစေ့အဆန်တောင် သူတို့ မတတ်နိုင်ဘူး"

လီရှိက တစ်ယောက်တည်း ရေရွတ်လိုက်သည်။

"အမှန်ပဲ ဒီရက်ပိုင်းမှာ သူတို့တွေ အရမ်းကို ရဲတင်းနေကြတယ်၊ အဲဒီ ကလေးနှစ်ယောက်ကလဲ အစားအသောက် လာမတောင်းတော့ဘူး"

ရှန်းကျင့်သည် သူ့မိဘများ၏မဆီမဆိုင်စကားများနှင့် ဝက်သားဝယ်မည့်အချိန်ကို မပြောပြသောကြောင့် နောက်တစ်ကြိမ် ထပ်မံငိုကြွေးပြန်သည်။

"အမေ၊ သား အသားစားချင်တယ်။ ဝက်ခေါက်စားချင်တယ်လို့"

လီရှီမှာ နားညည်းလာသဖြင့် ဆတ်ကနဲ ဆွဲလိုက်ကာ

"တော်လောက်ပြီ၊ စိတ်ရှုပ်စရာကောင်းတာတွေကို ရပ်လိုက်တော့။ အဲ့တာက ဝက်ခေါက်သက်သပ်ပဲ။ ငါတို့အိမ်မှာလဲ အဆီတစ်ချို့ကို အဆီထုတ်လို့ရတယ်"

"နောက်ဆုံးဆိုတာ ဘယ်အချိန်လဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့တာကို အဆီထုတ်မယ်ဆိုရင် မနက်ဖြန်လုပ်ရအောင်နော် အမေ"

ယခုအချိန်တွင် လီရှိသည် ‌ဒေါသထွက်ထွက်နှင့် ပြန်ပြောလိုက်၏။

"အဲ့လိုမျိုး ဘယ်သူက ဝက်အဆီထုတ်လို့လဲ။ ဒီလိုပူပြင်းတဲ့အပူချိန်မှာ အဲ့တာက မပျက်စီးဘူးလို့ နင်က ထင်နေတာလား"

ထို့နောက်တွင်တော့ ဘေးအိမ်ရှိ အကြီးမှအငယ်ကိုဦးဆောင်သော ငိုကြွေးသံများနှင့် ဆူညံသံများသည် အမိုးပွင့်ထွက်လုနီးပါးပင် ကျယ်လောင်လာတော့သည်။

အဘွားချန်း ......

"ကိုင်း... အခုတော့ ဘာဖြစ်သွားလဲ၊ ဝက်ခေါက်လေး တစ်ခုအတွက်နဲ့ ငိုကြွေးနေရင် အနာဂတ်မှာ သူတို့ ဘယ်လိုဖြေရှင်းကြမလဲ"

အဘွားချန်းသည် သူမပါးစပ်ထဲရှိဝက်ခေါက်အားဝါးရင်း အရသာခံလိုက်ပြီး

"ဟင်.. တကယ်အရသာရှိတာပဲ"

...

All Chapters