← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အပိုင်း(၂၇)

အဆူခံလိုက်ရသည့် ရှန်းကျင့်က ဝုန်းဒိုင်းကြဲထွက်လာသဖြင့် ဘေးအိမ်၏ ရုန်းရင်းဆန်ခတ်မှုငြိမ်သက်သွားချိန်မှ တိုက်တိုက်ဆိုင်ဆိုင် စန်းလော့က ရောက်လာလိုက်သည်။

ဝက်ခေါက်ကင်ကြောင့် ရုတ်ရုတ်သဲသဲဖြစ်ရခြင်းကို သတိမထားမိပေ။ စန်းလော့သည် သိပါကလည်း ဂရုစိုက်မည်မဟုတ်ပေ။ ရယ်စရာကောင်းသည့် အဖြစ်အပျက်တစ်ခုဟုသာ သဘောထားလိုက်မည်ပင်။

သူမသည် သူမ၏ အိမ်ထောင်စုစာရင်းစာအုပ်နှင့် ငါးခြောက်ဗူးတစ်ဝက်ကို ယူလာလိုက်သည်။ ဒေသခံရွာသူကြီးထံသို့ သွားရောက်ရန် အဘွားချန်းဆီ လာလိုက်လိုက်၏။

သူမကို ငါးခြောက်များနှင့်တွေ့သောအခါ အဘွားချန်းသည် ခဏလောက်စဉ်းစားပြီး မီးဖိုချောင်ထဲရှိအိုးထဲမှ ကြက်ဥတစ်လုံးကို ယူလိုက်၏။

"အာ၊ နောက်တစ်ဝမ် ကုန်တော့မှာပဲ"

စာရွက်စာတမ်းများကို မြန်ဆန်စေရန် ဤပမာဏသည် လိုအပ်ပေသည်။

ရှီလီကျေးရွာမှ ရွာသူကြီးသည် ရှီလီကျေးရွာတွင် အမှန်တကယ် နေထိုင်ခြင်းမရှိပေ။

သကန်းမင်းဆက်တွင် တစ်လီတွင် အိမ်ခြေတစ်ရာ ပါ၀င်ပြီး မိသားစုနှစ်ဆယ်ကျော်သာရှိသည့် ရှီလီကျေးရွာသည် ရွာဟုပင် ဆိုလို့မရနိုင်ချေ။

ကံကောင်းထောက်မစွာဖြင့် ထိုနေရာသည် ကျိုးကျားလျှိုမြောင်ရှိ ရှီလီရွာ၏ အနောက်ဘက် တစ်မိုင်အကွာတွင် တည်ရှိပြီး အဝေးကြီးမဟုတ်ပေ။

ကျိုး မိသားစုအမည်ရှိ ရွာသူကြီးသည် အဘွားချန်းနှင့် အထူးရင်းနှီးခြင်း မရှိပေ။ အသိမိတ်ဆွေမျှသာဖြစ်သည်။ အဘွားချန်းသည် ငါးခြောက်ဗူးတစ်ဝက်နှင့် ကြက်ဥကို အမျိုးသမီးကျိုးကို ပေးလိုက်သည်။ သူမ၏အပြုံးမှာ သိသိသာသာ နွေးထွေးသွား၏။

သူတို့၏လိုအပ်ချက်ကို နားလည်ပြီးနောက် ချန်းဘွားဘွားသည် သူတို့ကို အိမ်ထဲသို့ ခေါ်သွားပြီး ကျိုးလီကျန်း (ရွာသူကြီး)ကို ဘေးအိမ်တွင် သွားခေါ်ရန် သူမ၏သားကို စေလွှတ်လိုက်သည်။

ဤကိစ္စသည် အဆင်ပြေချောမွေ့စွာဖြင့် ပြီးသွားလိုက်သည်။ ကျိုးလီကျန်းသည် စီရင်စု၌ အစားအစာရောင်းချလိုသော အစီအစဉ်ကို နားလည်ပြီးသည့်နောက် စုတ်တံနှင့်မှင်တုံးကိုကိုထုတ်ကာ အသေးစိတ် ချရေးထားလိုက်၏။ အခကြေးငွေ ဆယ်ပြားအတွက်ဖြင့် နောက်တစ်နေ့တွင် ခရိုင်မြို့သို့ သွားလည်မည်ဟု ကတိပေးလိုက်ပြီး ညနေခင်းတွင် ခွင့်ပြုစာရွက်ကို လာယူနိုင်သည်ဟု အာမခံလိုက်လေသည်။ ဤသို့ဖြင့် ကိစ္စမှာ အဆင်ပြေသွားလိုက်သည်။

ရှီလီကျေးရွာသို့ ပြန်လာသောအခါ စန်းလော့နှင့် ချန်းဘွားဘွားတို့သည် လမ်းဆုံတွင် လမ်းခွဲလိုက်ကြသည်။ အိမ်ပြန်ရောက်သည်နှင့် နောက်ထပ်ခရီးစဉ်ဖြစ်သော စန်းလီကျေးရွာသို့ သွားရန် ကုန်ပစ္စည်းများပြင်ဆင်ရာတွင် နတ်သမီးသစ်ရွက်များကို ခူးယူရန် မောင်နှမနှစ်ယောက်ကို ခေါ်လာလိုက်လိုက်သည်။

အမှန်တွင်တော့ စီရင်စုသို့ မဝင်ရောက်မှီ ၊ စန်းလော့သည် စန်းလီရွာတွင် ခေါင်းရွက်ဈေးရောင်းသူအဖြစ် နောက်တစ်ကြိမ် ထပ်လုပ်ရပေအုံးမည်။ သူမသည် ဝင်ကြေးများနှင့် ခွင့်ပြုစရိတ်များကို လုံလုံလောက်လောက် ပေးရန် ငွေရှာဖို့ လိုသေးသည်။

အချိန်ပိုနေသည်တွင် စန်းလော့သည် ကလေးများနှင့်အတူ မမောမပန်းနိုင်စွာ အိမ်အနောက်ဘက်ရှိမြေကို ခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုးမြေဖြစ်အောင် လုပ်လိုက်တော့သည်။

မွန်းတည့်ချိန်တွင် ဝက်အသည်းစွပ်ပြုတ်ကိုသာ စားသုံးလိုက်ပြီး ညနေပိုင်းတွင် စန်းလော့သည် ရေခန်းချက်သည့် ထမင်းတနပ်ကို သေချာလေး ပြုလုပ်လိုက်သည်။

အင်း။ ရေခန်းချက်တယ်လို့ ပြောရရုံလေး ဆိုပါတော့လေ။

မြေထည်အိုးတစ်လုံးတည်းသာ ရှိပြီး သီးသန့်ရေနွေးအိုးမရှိခြင်းကြောင့် ရေခန်းချက်ပြုတ်ခြင်းသည် စိန်ခေါ်မှုတစ်ခုဖြစ်နေ၏။ ရေကို လျှော့်ဖို့လိုအပ်ပြီး မီးကို ဂရုတစိုက် ထိန်းညှိဖို့လိုကာ အိုးနှင့် မီးဖိုဟုသာ ဆိုရုံရှိသည့် မီးဖိုနှင့် သူမ၏လတ်တလောအတွေ့အကြုံကို ကိုကိုးထားလိုက်တော့သည်။

ထမင်းကျက်ခါနီးသောအခါ ရှန်းအန်းသည် သူတို့၏ရိက္ခာမှာ တတိတိနှင့် လျော့နည်းလာမည်ကို စိုးရိမ်လာပြီး သူက အကြံပေးလိုက်၏။

"မကြီး၊ သားတို့လည်း ပဲထမင်းစားလို့ရတယ် မဟုတ်လား"

စန်းလော့သည် ပြုံးကာ သူ့ကို အာမခံပေးလိုက်လေသည်။

"အစားအစာတွေအတွက် စိတ်မပူပါနဲ့။ မင်းကို ဗိုက်မဆာစေရဘူး။ အဲဒီ့ ပဲပုပ်တွေအတွက်က နောက်ထပ်လုပ်ချင်တဲ့ဟာ ရှိသေးတယ်"

ထမင်းစားကြမည့်အချိန်တွင်တော့ သစ်သားဇွန်းကြီးကို ဟင်းချက်ရန်နှင့် စွပ်ပြုတ်စားသုံးရန်တွင် အသုံးပြုလိုက်ပြီး တစ်ယောက်လျှင် ဇွန်းတစ်ဝက်လောက် ရရှိလေသည်။

အများကြီးမဟုတ်သော်လည်း ဒါသည် ထမင်းဖြူပင် - ထမင်းဖြူချည်းစားလျှင်ပင် ကြည်နူးစရာကောင်းအောင် အရသာရှိလှပြီး ဝက်သားဆီ၊ ဆား၊ ပဲငံပြာရည်၊ ပရဆေးရွက်နှင့် ကြက်သွန်နီတို့ ချက်ထားသည့် ခရမ်းသီးနှပ်ဟင်းကတော့ ပြောရန်ပင်မလိုပေ။

ထမင်းစားနေစဉ် ရှန်းအန်းသည် ရုတ်တရက် မျက်ရည်ကျလာသဖြင့် စန်းလော့နှင့်ရှန်းနဉ်တို့နှစ်ယောက်လုံး အံ့ဩသွားကြ၏။ သူက မျက်လုံးများကို အလျင်စလိုသုတ်ရင်း ငိုကာရယ်ကာဖြင့်

"မကြီး၊ ဒီဘဝက အိပ်မက်တစ်ခုလိုပဲ ခံစားရတယ်"

မျက်ရည်များကို ခမ်းခြောက်အောင်ကြိုးစားရင်းနှင့်ပင် ပိုလို့စီးကျလာလိုက်သည်။

"သားတို့ရဲ့အစ်ကိုကြီးသာ ပြန်လာနိုင်လိုက်ရင် ပိုပြီးပြည့်စုံသွားမှာ"

ဤစကားတစ်ခုထဲ‌နှင့်ပင် ရှန်းနဉ်၏မျက်လုံးများတွင် မျက်ရည်များဝဲလာပြီး ပိုးပိုးပေါက်ပေါက်ကျသည်အထိ ဖြစ်လာတော့သည်။

မျက်ရည်အပြည့်နှင့် ကလေးမက စန်းလော့ကို ကြည့်လိုက်ပြီး

"မကြီး၊ အစ်ကိုကြီး ပြန်လာမှာလားဟင်။ ရွာသားတွေ ပြောကြတာက အစိုးရက သူ့ရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီး အကြောင်းမပြန်တာ အဲ့လိုမဟုတ်ရင် မိသားစုစာရင်းကနေ မထုတ်ပယ်ရသေးရင် သူအသက်ရှင်နေနိုင်သေးတယ်တဲ့။ သူတို့ပြောတာ ဟုတ်လားဟင် မကြီး"

စန်းလော့သည် တိတ်ဆိတ်နေလိုက်သည်။

မူလပိုင်ရှင်၏မှတ်ညဏ်များအရ လီရှီသည် အမြဲမကျေမချမ်းဖြစ်လေ့ရှိပြီး မှတ်ပုံတင်စာရင်းမှ ဖယ်ရှားခြင်းမရှိသော ကျဆုံးပြီးသည့် ရဲမက်များ၏ကိစ္စနှင့်ပတ်သက်၍ ခါးခါးသီးသီး ပြောလေ့ရှိသည်။

အစိုးရသည် အသေအပျောက်စာရင်းကို တရားဝင်စာရင်း မသွင်းထားသောကြောင့် ကျဆုံးသွားသည့် စစ်သည်များ၏ မိသားစုများကို လျော်ကြေးပေးရန် တာဝန်မရှိပေ။ မှတ်ပုံတင်ခြင်းမရှိပါက တိုက်ပွဲအတွင်း၌ ကျဆုံးသွားသော စစ်သည်များ၏ မိသားစုများအတွက် အခွန်ကင်းလွတ်ခွင့် နှစ်နှစ်ပေးသည့် ဧကရာဇ်အမိန့်သည် အကျုံးဝင်မည်မဟုတ်ပေ။

အနီးနားရှိကျေးရွာများတွင် စစ်သားများသေဆုံးကြောင်း အတည်ပြုလိုက်သော်လည်း တရားဝင်စာရင်းမသွင်းရသေးသည့် ကျေးရွာများတွင် ဤကိစ္စများ ဖြစ်ပွားလိုက်သည်။

ထို့ကြောင့် စာရင်းမသွင်းခြင်းသည် မည်သည့်အရာကိုမျှ သက်သေပြလို့မရချေ။ ရှန်းလီနှင့်အတူ စစ်မှုထမ်းလာသူများသည် တစ်နှစ်ခွဲနီးပါးရှိပြီ ဖြစ်သည်။အကြာကြီး တိတ်တိတ်ဆိတ်ဆိတ် နေပြီးနောက် သူ ပြန်လာနိုင်ခြေမှာ အလွန်နည်းသည်။

ဖြစ်နိုင်ချေအရှိဆုံးက တိုက်ပွဲအတွင်းတွင် အမည်မသိ၊ အကြောင်းကြားခြင်းမရှိခြင်း၊ သင့်လျော်သောသင်္ဂြိုလ်ခြင်းကို လုပ်ဆောင်ပေးမည့်သူ မရှိသောကြောင့် သေဆုံးခြင်းဖြစ်နိုင်သည်။

သို့သော်လည်း ကလေးနှစ်ယောက်၏ ပြင်းပြ‌သောမျက်ရည်များနှင့် ရင်ဆိုင်ရသည့်အခါ သူတို့၏ နောက်ဆုံးမျှော်လင့်ချက်များကို ဖြိုခွဲဖျက်ဆီးပစ်လိုစိတ်မရှိ‌‌သော‌ကြောင့် သူမသည် ကြမ်းတမ်းသည့် အမှန်တရားကို ပြောပြရန် မစွမ်းဆောင်နိုင်လိုက်ပေ။

စန်းလော့က ခေါင်းညိတ်ပြလိုက်ပြီး

"ဟုတ်တယ် သတင်းဆိုးမကြားရတာက သတင်းကောင်းပဲ"

ထိုသို့သော နှစ်သိမ့်စကားသည် ကလေးများ၏ စိတ်ထဲက သေးငယ်သောယုံကြည်ချက်ကို ကိုဖြစ်စဟေန်တူသည်။ သူတို့သည် စန်းလော့ကို ကြိုးစားပြုံးပြလိုက်သည်။ မျက်ရည်များ သုတ်ရင်း ပန်းကန်ထဲရှိ နောက်ဆုံးစားစရာများကို သေချာစွာ စားသုံးလိုက်ကြသည်။

သူတို့၏စားချင်စိတ်ကြောင့်မဟုတ်သော်လည်း ပန်းကန်းထဲရှိ ထမင်းဖြူနှင့် ဆီပြန်အသားဟင်းသည် ရှားပါးဇိမ်ခံဟင်းတစ်ခွက် ဖြစ်သောကြောင့် တစ်ကိုက်မျှဖြုန်းတီးရန်ပင် ခက်ခဲလှအောင် အဖိုးတန်လွန်းတာကြောင့်ပင်။

နောက်တစ်နေ့တွင် စန်းလော့ မျှော်မှန်းထားသည့်အတိုင်းပင် စန်းလီရွာသို့သွားရာ နတ်သမီးတို့ဟူးက ပထမနှစ်ရက်ကဲ့သို့ မရောင်းရပေ။

ချန်းမိသားစုထံမှ ငှားထားသော ပုံးများဖြင့် ထိုနေ့တွင် သူမသည် တို့ဟူးနှစ်ဆယ့်လေးပိုင်းကို ပြုလုပ်လိုက်သည်။ စန်းလီရွာသို့ နှစ်ကြိမ်မျှ လှည့်ပတ်ရောင်းပြီးသည်အထိ သူမသည် တို့ဟူး တစ်ဆယ့်ငါးပိုင်းသာ ရောင်းရသေးသည်။ ကျန်ရှိနေသော ကိုးပိုင်းကို အပြန်လမ်းတွင်ရှိသော ရွာများမှ ခေါ်ဆိုဝယ်ယူမှုကြောင့် ရောင်းကုန်သွားသည်။

ထိုနတ်သမီးတို့ဟူး နှစ်ဆယ့်လေးပိုင်းအတွက် သုံးဆယ့်နှစ်ဝမ်ရရှိလိုက်ပြီး သူမသည် ကြက်ဥနှစ်လုံးနှင့် ပဲ သုံးပြည်ခွဲအတွက် လဲလှယ်လိုက်သည်။

ယခုအချိန်တွင်တော့ စန်းလော့သည် သူမ၏သုံးစွဲမှုအတွက် သတိထားလိုက်၏။ သူမသည် သံအပ်တစ်ချောင်းအတွက် သုံးဝမ် နှင့် သကြားညိုအတွက် နှစ်ဝမ်ကိုသာ သုံးစွဲလိုက်ပြီး ကျန်ရှိနေသော နှစ်ဆယ့်ခုနစ်ဝမ်ကို အိမ်သို့ ပြန်ယူလာလိုက်သည်။ ချန်းမိသားစုထံ သွားရောက်ကာ ငါးဝမ်ပြန်ပေးပြီး‌သောအခါ သူမထံတွင် နှစ်ဆယ့်နှစ်ဝမ်ကျန်ရှိနေသေးသည်။

ဤသည်မှာ သူမသည် ညတွင်းချင်း အပိုငွေများ ပထမဆုံး ရလိုက်ခြင်းဖြစ်သည်။

စန်းလော့ မသိလိုက်ခင်တွင် သူမ၏ ချက်ခြင်းပြန်ဆပ်ခြင်းမှာ ချန်းမိသားစု အထူးသဖြင့် ချင်ဖန်းညန်သည် နတ်သမီးတို့ဟူးရောင်းရန် ခရိုင်တွင် ဈေးဆိုင်တစ်ခု တည်ထောင်ခြင်းသည် သူမကိုယ်တိုင် ငွေရှာနိုင်ပြီဟု ထင်မြင်နေရခြင်း‌ကြောင့် စိတ်လှုပ်ရှားနေတော့သည်။

ထိုညနေခင်းတွင် စန်းလော့လာမည့်အချိန်ကို မစောင့်ဘဲ အဘွားချန်းသည် ကျိုးအိမ်သို့ စောစောသွားကာ အဘွားနှစ်ဦး၏ လက်မှတ်များကို ရယူပြီး သူ့ချွေးမကို စန်းလော့ဆီ သွားပို့ခိုင်းလိုက်တော့သည်။

အဘွားချန်းက စေ့စပ်သေချာသည်။ ချင်ဖန်းညန်သည် ခရီးသွားခွင့်လက်မှတ်ကို ပေးရန် ပြင်ဆင်နေချိန်တွင် သူမကို တံခါးအပြင်ဘက် အကွာအဝေးမှသာခေါ်ဆိုပြီး စန်းလော့၏အိမ်အတွင်းသို့ မ၀င်ရန် မှာလိုက်၏။

စန်းလော့၏နတ်သမီးတို့ဟူး ပြုလုပ်ရာတွင်ကျွမ်းကျင်မှုမှာ ယခုအခါ သူမ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းဖြစ်လာသည်။ အဘွားချန်းက သူမ၏ချွေးမဖြစ်သူမှာ စန်းလော့၏အိမ်အတွင်းရှိ မသင့်လျော်သောအရာတစ်ခုကို မတော်တဆတွေ့မည်ကို စိုးရိမ်နေပြီး ထိုအရာသည် မလိုအပ်သော နားလည်မှုလွဲမှားမှုများ ဖြစသွားမည်ကို စိုးရိမ်သောကြောင့်ပင်။

……

ဤကမ္ဘာသစ်သို့ရောက်လာပြီး သူမ၏ခြောက်ရက်မြောက်နေ့တွင် စန်းလော့သည် မြို့ထဲသို့ဝင်ရောက်ရန် အဆင်သင့်ဖြစ်နေသည်။

ချင်ဖန်းညန်၏ စျေးဆိုင်ဖွင့်သည့် ပထမဆုံးနေ့တွင် သူမသည် အလွန်စိတ်လှုပ်ရှားသောကြောင့် ယခင်ညတွင် အိပ်မပျော်လိုက်ပေ။

မှောင်နေသေးသော်လည်း သူမသည် ထူးခြားစွာ နိုးလာ၏။ ထို့နောက် သူမ၏ခင်ပွန်းချန်းယိုထျန်းနှင့်အတူ စန်းလော့၏နေရာသို့ လိုက်သွားလိုက်သည်။

စန်းလော့သည်လည်း စောစောထလိုက်ပြီး ချင်ဖန်းညန် ရောက်ရှိလာချိန်တွင်တော့ အပြည့်အဝ ပြင်ဆင်ပြီးပြီဖြစ်သည်။

ပစ္စည်းများထုပ်ပေးရန်အတွက် ကြာရွက်၊ အရသာမြည်းစမ်းခြင်းအတွက် ပန်းကန်လုံး၊ သကြားရည်၊ သစ်သားဇွန်းများနှင့် အခြားလိုအပ်သည်များကို ယူဆောင်လာမည့် တောင်းထဲ၌ ထုပ်ပိုးပြီးဖြစ်သည်။ စန်းလော့သည် ယခင်နေ့ညနေတွင် ခူးဆွတ်ထားသော မြေပျစ်ပင် ခြောက်စည်းနှင့် နေလှန်းထားသော ငါးအချို့ကို အကြွေစေ့အချို့နှင့် လဲလှယ်ရန် မျှော်လင့်ချက်ဖြင့် ယူဆောင်လာလိုက်သည်။

အိမ်အသုံးအဆောင် ပစ္စည်းများဝယ်ရန် စဉ်းစားရင်းနှင့်ပင် စန်းလော့သည် အရင်ရက်များက သူမ၏အိတ်ကပ်ထဲတွင် သိမ်းဆည်းထားသော ဝမ် နှစ်ဆယ့်နှစ်ပြားကို ယူလာခဲ့လိုက်သည်။

ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် သူမအနောက်မှ စိတ်အားထက်သန်စွာ လိုက်နေကြသည်မှာ သူမနှင့် လိုက်ပါလိုခြင်းဖြစ်ကြောင်း ရှင်းလင်းသည်။ သို့သော် စန်းလော့က ရှင်းပြလိုက်၏။

"စီရင်စုဝင်ကြေးက အရမ်းဈေးကြီးလွန်းတယ်။ ဒီတစ်ကြိမ်မှာတော့ မောင်လေးတို့ကို ခေါ်မသွားပေးနိုင်သေးဘူး။ စိတ်မပူပါနဲ့ အစ်မတို့ ငွေရေးကြေးရေးပိုပြီး တည်ငြိမ်လာတဲ့အခါ သေချာပေါက် မြို့ထဲကို

ခေါ်သွားပေးပါ့မယ်နော်"

မီးကို သေချာစီမံပြီးချက်ပြုတ်နိုင်သည့် ကလေးများကို နှစ်သိမ့်ပေးပြီးနောက် စန်းလော့သည် သူတို့ကို အိမ်၌ စိတ်ချလက်ချ ထားလိုက်ကာ ချင်ဖန်းညန်နှင့်အတူ ခရီးထွက်လာလိုက်သည်။

ချန်းယိုထျန်းသည် သူ၏ဇနီးနှင့်အတူလိုက်ပါလာကာ အလေးဆုံးပုံးများကို သယ်သွားလိုက်ပြီး ချင်ဖန်းညန်သည် စန်းလော့၏ ပိုပေါ့သည့်ခြင်းတောင်းများကို လွှဲပြောင်းယူလိုက်သည်။

နောက်ဆုံးတွင် သူတို့သုံးယောက်အနက် စန်းလော့တစ်ယောက်သာလျှင် လက်ဗလာဖြစ်နေပြီး ရွာထွက်ပေါက်ဆီသို့ ဦးတည်သွားကြသည်။

ချန်းယိုထျန်းသည် မိုးစင်စင်လင်းလင်းသည်အထိ သုံးမိုင်မှ လေးမိုင်ခန့်အထိ ဆက်လက်ကူညီလိုက်ပြီးနောက်တွင် ထမ်းပိုးကို ချင်ဖန်းညန်ထံပေးပြီး အိမ်သို့ ပြန်လာလိုက်သည်။

စန်းလော့က သူတို့၏ ချစ်ခင်ကြင်နာသော အမူအရာကို သည်းခံကြည့်ပြီးနောက် နောက်ဆုံးတွင် သူမ၏ပစ္စည်းကို ပြန်ယူကာ ချန်းယိုထျန်းကို ကျေးဇူးတင်ကြောင်း ပြောလိုက်၏။

ချင်ဖန်းညန်က အနည်းငယ် ရှက်ရွံ့စွာ ပြန်ပြောလိုက်သည် -

"ဒါက ရိုးရိုး ခွန်အားပါပဲ"

သူတို့စုံတွဲသည် အလားတူစွာပင် တည်ကြည်ပြီး ရှက်ရွံသည့်သဘောဖြင့် ရိုင်းပင်းလိုက်ကြသည်။

စန်းလော့၏ ပျော့ပျောင်းသောအသွင်အပြင်ကို ကြည့်ပြီး ချင်ဖန်းညန်က မေးလိုက်၏။

“အဲဒါကို နင် သယ်သွားနိုင်ရဲ့လား"

စန်းလော့က ပြုံးလိုက်ပြီး

"ဒါက ထိန်းလို့ ရတယ်။ အစတုန်းက ကျွန်မ သယ်လာတဲ့ ရေပုံးတွေထက် အများကြီး ပိုပေါ့ပါတယ်။ ဖြစ်ခဲ့တဲ့ ရက်အနည်းငယ်က ပစ္စည်းတွေ သယ်ပြီးတဲ့နောက် ခွန်အားတွေ တိုးလာတယ်။ အဒေါ်၊ အရင်က စီရင်စုကို ရောက်ဖူးလား"

"ရောက်ဖူးတယ်" ဟု ချင်ဖန်းညန်သည် ချီတုံချတုံနှင့် ပြန်ပြောလိုက်သည်။

"ဒါပေမယ့် နှစ်တွေကြာသွားပြီ၊ သိပ်မရင်းနှီးတော့ဘူး"

တကယ်တော့ သူမ၏အတွေ့အကြုံများသည် အကန့်အသတ်ရှိ၏။ စီရင်စုသို့ သူမ၏ပထမဆုံးအကြိမ် သွားရောက်လည်ပတ်မှုသည် အငတ်ဘေးမှ ထွက်ပြေးလာသောနှစ်အတွင်းဖြစ်သည်။ ချမ်းသာသောမိသားစုတစ်စုမှ ယာဂုဝေပေးသည့် မြို့တံခါးသို့သာ ရောက်ဖူးကြသည်။ ဒုက္ခသည်များအနေနှင့် မြို့တွင်းသို့ အမှန်တကယ် မရောက်ဖူးဘဲ ဂိတ်အပြင်ဘက်တွင်သာ နေထိုင်ခဲ့ရသည်။

သူမ၏ ဒုတိယမြောက် ခရီးစဉ်မှာ ရှီလီကျေးရွာတွင် အခြေချနေထိုင်ရန်ဖြစ်ပြီး ယောက္ခမနှင့်အတူ ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရန်ဖြစ်သည်။ ထိုအချိန်တွင် သူမက အပြင်မှာ စောင့်နေစဉ် ယောက္ခမဖြစ်သူသည် အထဲသို့ဝင်သွားလိုက်သည်။ မြို့ပြင်၌ နေထိုင်သူများသည် ငွေကုန်ကြေးကျများသော ဝင်ခွင့်လက်မှတ် လိုအပ်ပေသည်။ အကြောင်းပြချက်မရှိဘဲ မြို့သို့ အလည်လာရန်အတွက် ဝမ်ပြား ငါးပြားကို မည်သူက စိတ်လိုလက်ရ သုံးမည်နည်း။

နှစ်တွေကြာလာသည်နှင့်အမျှ သူမ၏ မိသားစုထဲမှ အမျိုးသားများသာ စိုက်ပျိုးရေးရာသီမဟုတ်ချိန်တွင် ယာယီအလုပ်လုပ်ရ န်မြို့သို့သွားကြပါသည်။ သူမကိုယ်တိုင်လည်း ထိုနေရာသို့ မရောက်ဖူးပေ။

ထိုအကြောင်းကိုတွေးရင်း ချင်ဖန်းညန်သည် ကြောက်ရွံ့စပြုလာ၏။

သူမ၏ စိတ်မသက်မသာဖြစ်မှုကို ခံစားမိသော စန်းလော့သည် စကားဝိုင်းကို လယ်ယာလုပ်ငန်းသို့ပြောင်းကာ ယခုနှစ်တွင် မည်သည့်သီးနှံများ စိုက်ပျိုးနိုင်သေးကြောင်း မေးမြန်းလိုက်သည်။

ချင်ဖန်းညန်က စန်းလော့၏ အိမ်နောက်ဖေးတွင် ပြုပြင်ထားသော မြေကွက်သေးသေးလေး၌ တောထဲမှ ပြောင်းယူစိုက်ပျိုးထားသော ပူစီနံနှင့် ပရဆေးပင်များကို သတိရမိသည်။ စန်းလော့သည် အသီးအရွက်များ စိုက်ပျိုးလိုကြောင်း သူမ သဘောပေါက်လိုက်သည်။

ဒါက ချင်ဖန်းညန် ကောင်းကောင်းသိသော အရာပင်။ သူမသည် တဖြည်းဖြည်း စိတ်အေးသွား၏။

"ကျွန်မတို့ရဲ့ ဒေသရာသီဥတုက အဆင်ပြေတယ်။ အခုအချိန်မှာ မုန်လာဥ၊ ဒေါက်ခွရွက်၊ တရုတ်မုန်လာ၊ ဂေါ်ဖီထုပ်၊ မုန်ညင်းစိမ်း၊ သခွားသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နဲ့ တရုတ်ကြက်သွန်မြိတ်လို အပင်‌တွေအများကြီး စိုက်လို့ရတယ်။ ရှင်လိုချင်ရင် ကျွန်မ ဒီနေ့ပြန်လာတဲ့အခါ မျိုးစေ့တချို့ ယူလာပေးလို့ရတယ်"

"ကောင်းလိုက်တာ၊ ဒါပေမဲ့ ခြံစိုက်ပျိုးတဲ့နေရာမှာ ကျွန်မက အတွေ့အကြုံမရှိဘူးရယ်"

ချင်ဖန်းညန်သည် ဝမ်းမြောက်သောအပြုံးဖြင့်

" မခက်ပါဘူး။ အချိန်ကျရင် ကျွန်မ ရှင့်ကို သင်ပေးပါ့မယ်"

ချင်ဖန်းသည် ရိုးသားပြီး စိတ်အားထက်သန်သည်။ စန်းလော့ကို သင်ပေးမည်ဟု ကတိပေးကာ ခရီးတစ်လျှောက်လုံးတွင် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ဗဟုသုတများကို မျှဝေလာခဲ့သည်။

စန်းလော့သည် တောင်တန်းများပေါ်၌ နေထိုင်စဉ်အတွင်း စိုက်ပျိုး‌ရေးနှင့်ပတ်သက်၍ အတွေ့အကြုံရှိခဲ့သော်လည်း သူမ၏မူလခန္ဓာကိုယ်ပိုင်ရှင်မှာ ထိုကဲ့သို့ ကျွမ်းကျင်မှု မရှိပေ။ သီးနှံများကို စနစ်တကျ စိုက်ပျိုးရန် သူမသည် အမှန်ပင် ဆရာတစ်ဦးလိုအပ်ပေသည်။ အထူးသဖြင့် သူမသည် အသီးအရွက်များစွာ စိုက်ပျိုးခြင်းနှင့် မရင်းနှီးသောကြောင့် အထူးဂရုတစိုက် နားထောင်လိုက်၏။

တစ်ယောက်က သင်ပေးပြီး တစ်ယောက်က သင်ယူလာရင်း သူတို့သည်သတိမထားမိပဲ စန်းလီရွာကို ဖြတ်သန်းလာခဲ့ပြီးနောက် မကြာခင်တွင် တောင်ပတ်လမ်းမှ ထွက်ခွာလာကြသည်။ ရှုခင်းများမှာ မြင်သာလာပြီး အဝေးရှိမြို့၏ မြေသားများကိုပင် မြင်နိုင်လာသည်။

“ရှေ့ကဟာက စီရင်စုမြို့လေ”

...

အပိုင်း(၂၈)

ချင်ဖန်းညန်သည် စိုးရိမ်မိသလို စိတ်လှုပ်ရှားနေပြီး စိုက်ပျိုးရေးအကြောင်း ဆက်တိုက်ပြောလာသည့် သူမ၏စကားများက ရပ်စဲသွားလေသည်။

စန်းလော့အတွက်တော့ ရှေးဟောင်းမြို့တံတိုင်းနှင့် မြို့အဝင်ဝကို အနီးကပ်မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။ သူတို့သည် နီးကပ်လာသည်နှင့်အမျှ မြို့တံတိုင်းက သူမစိတ်ကူးထားသည့် ခမ်းခမ်းနားနားထုထည်ကြီးနှင့် လုံးဝကွာခြားနေပြီး ရွှံ့မြေသားတို့ဖြင့် လုပ်ထားသည့် ရိုးရိုးပုံစံဖြစ်နေကာ အမြင့်က ၅မီတာပင်မကျော်သည်ကို သိလိုက်ရတော့သည်။

မြို့အဝင်ဝပေါ်က ‘ချီယန်စီရင်စု’ဟုရေးထားသည့် စာလုံးများကလည်း စန်းလော့လာခဲ့သည့်ခေတ်သစ်က simplified စာလုံးများနှင့် မတူဘဲ ရှေးခေတ်က စာလုံးအရေးအသားများနှင့် ဆင်တူနေ၏။

တော်ပါသေးရဲ့။ မူလခန္ဓာကိုယ်ပိုင်ရှင်က စာတတ်ပေလို့ပဲ။ သူ့အစ်ကိုတွေလောက် ပညာမတတ်ပေမဲ့ သူ့အမေဆီကနေ အချုပ်အလုပ်၊ အိမ်ထောင်ထိန်းသိမ်း အပြင် မြင်တွေ့နေကျ စာလုံးတွေကိုလည်း ကျက်မှတ်ထားဖူးတော့ ငါ အချိန်ခရီးသွားလာပြီးတဲ့နောက်မှာတောင် စာမတတ်ပေမတတ် မဖြစ်တော့ဘူး။

ယခုအချိန်တွင် မိုးစင်စင်လင်းနေပြီဖြစ်ကာ မြို့အဝင်တွင် ရှည်လျားသည့်လူတန်းတစ်ခု ရှိနေပြီဖြစ်လေသည်။ စန်းလော့နှင့်ချင်ဖန်းညန်တို့က လှည်းများတွန်းလာပြီး ခြင်းများ သယ်ကာ ပစ္စည်းများထမ်းထားသည့် လူတန်းနောက်တွင် တန်းဝင်စီလိုက်ကြသည်။

ဂိတ်တံခါးနားတွင် လှံရှည်ကိုင်ထားသည့် ရဲမက်သုံးယောက်တွင် နှစ်ယောက်က အဝင်ကို စစ်ဆေးနေပြီး တစ်ယောက်တော့ အထွက်ကို စစ်ဆေးနေလေသည်။

“ဒီကို ဘာလာလုပ်တာလဲ၊ လက်မှတ်နဲ့ သက်သေခံပြ”

စန်းလော့က သူမ၏အင်္ကျီထဲမှာ လက်မှတ်ကို မြန်မြန်ထုတ်ယူလိုက်ပြီး လှမ်းပေးလိုက်၏။

တာရှည်ခံစေရန် သို့မဟုတ် စက္ကူက စျေးကြီး၍လားမသိချေ ဒေသခံရွာသားများသုံးသည့် မြို့အဝင်အထွက် လက်မှတ်ဆိုသည်မှာ စက္ကူဖြင့် လုပ်ထားခြင်းမဟုတ်ဘဲ လေးထောင့်သစ်ပြားတစ်ခုဖြင့် လုပ်ထားခြင်းပင်။ သစ်ပြားပေါ်တွင် စန်းလော့၏နာမည်၊ မွေးရပ်နှင့် မိသားစုအချက်အလက်များကို ရေးထွင်းထားလေသည်။ ရဲမက်က လက်မှတ်ကို စစ်ဆေးလိုက်ပြီး အားလုံး မှန်ကန်သည်ကို တွေ့လိုက်ရတော့ သူမကို ပြန်ပေးလိုက်၏။

တခြားသူများ မြို့ထဲဝင်ကြဝင်ပုံကို လေ့လာထားသည့် စန်းလော့က သူမ၏အင်္ကျီလက်ထဲ ၂ဝမ်ကို မြန်မြန်ထုတ်လိုက်ပြီး သူတို့ကို လှမ်းပေးရင်း ပြောလိုက်တော့သည်။

“ဒါက ကျွန်မနဲ့ ကျွန်မရဲ့အဒေါ်အတွက် ဝင်ကြေးလေးပါ”

သူမက ဘေးတွင်ရပ်နေသည့် ချင်ဖန်းညန်ကို လက်ဟန်ပြလိုက်၏။

ချင်ဖန်းညန်က နည်းနည်း ပျာယာခတ်သွားပြီး သူမ၏လက်မှတ်ကို ရဲမက်အား လှမ်းပေးလိုက်လေသည်။ ဖြတ်သန်းခွင့်ရလာပြီးနောက်တွင် သူမက အင်္ကျီလက်ထဲတွင် ကြိုတင်ပြင်ဆင်ထားသည့် ၁ ဝမ်ကို စန်းလော့အား မြန်မြန်‌ပေးလိုက်ကာ ရှင်းပြလိုက်၏။

“ကျွန်မယောက္ခမကတော့ ပြောထားပါတယ်၊ ကျွန်မတို့တွေ ပစ္စည်းကို မရောင်းနိုင်ရင် ရှင်က ဝင်ကြေးကို အကုန်ကျခံပေးမယ်ဆိုတာလေ၊ ကျွန်မတို့တွေ ဒါကို ရောင်းနိုင်လိမ့်မယ်လို့ ကျွန်မတော့ ယုံတယ်၊ ဒီတော့ ကျွန်မတို့ ဝင်ကြေးကို ကိုယ့်ဟာကိုပဲ ပေးလိုက်ရအောင်နော်”

စန်းလော့မှာ သဘောကျသွားပြီး ငြင်းမနေတော့ဘဲ ငွေကို လက်ခံလိုက်တော့သည်။

သူမကတော့ သူမ၏ကုန်ပစ္စည်းကို ရောင်းချရန် သူမ၏အရည်အချင်းကို ယုံကြည်ပြီးသားပင်။

စန်းလော့က ငွေကို လက်ခံလိုက်သည်ကို မြင်လိုက်ရသဖြင့် ချင်ဖန်းညန်က စိတ်အေးသွားကာ သက်ပြင်းချလိုက်၏။

သူတို့သည် စီရင်စုသို့ ဝင်လာသည်နှင့် တပြိုင်နက် ချင်ဖန်းညန်၏မျက်လုံးများထဲတွင် မြင်ကွင်းစုံ လွှမ်းမိုးသွားတော့သည်။

ထိုအချိန်တွင် လူများစွာက ပစ္စည်းအမျိုးမျိုးကို သယ်ကာ မြို့ထဲသို့ ဝင်လာကြ၏။ ချင်ဖန်းညန်၏အာရုံကို အဖမ်းစားနိုင်ဆုံးမှာ မြို့၏ဗိသုကာလက်ရာများပင်။ သူမက ရေရွတ်မိတော့သည်။

“ဒီကအိမ်တွေက အရမ်းလှတာပဲ၊ ရွာမှာဆိုရင် ဝမ်မိသားစုတစ်အိမ်ပဲ ဒီလို အုတ်နဲ့ကြွေပြားနဲ့ရှိတာ၊ ဒီမှာ အိမ်တိုင်းက တစ်ပုံစံထဲနော်၊ အရမ်းခမ်းနားတာပဲ”

စန်းလော့က ခေါင်းညိတ်သဘောတူလိုက်၏။ သို့သော်လည်း အထူးသဖြင့် ခေတ်သစ်လူနေမှုအဆင့်အတန်းနှင့် ယှဉ်လိုက်လျှင် သူမအတွက်တော့ မြို့ငယ်လေးက ထင်ထားသလောက် မခမ်းနားချေ။ သို့ပေသိ သူမတို့ရွာနှင့် ယှဉ်လိုက်လျှင်တော့ အတိုင်းအတာတစ်ခုအထိ ခမ်းနာပေသည်။

ချင်ဖန်းညန်က ကျောက်ခင်းလမ်းပေါ်တွင် ခြေလှမ်းအငယ် လျှောက်လာပြီး၊ သူမ၏ ဖျင်ကြမ်းဖိနပ်အောက်က ကျောက်ခင်းလမ်း၏ ချောမွေ့သည့်အထိအတွေ့နှင့် သက်တောင့်သက်သာခံစားချက်ကို ခံစားမိလိုက်၏။

“လမ်းကလည်း သန့်ရှင်းနေတာပဲ၊ အားလုံးကို ကျောက်ပြားတွေနဲ့ ခင်းထားတာနော်၊ ကျောက်ပြားတွေ ဘယ်လောက်တောင် သုံးလိုက်ရမလဲမသိဘူး” သူက စဉ်းစားလိုက်မိသည်။

မိုးရွာသည့်နေ့များတွင် သည်လိုလမ်းပေါ်လျှောက်ရလျှင်တော့ ရေမစို၊ ရွှံ့မပေဘဲ မည်မျှပင် လွယ်ကူသန့်ရှင်းနေလိမ့်ပါမည်နည်းဟု စဉ်းစားလိုက်ပြန်သည်။

နေပါအုံး-- သန့်ရှင်းရမယ် ဟုတ်လား။

လျှောက်နေသည့်ခြေလှမ်းများကို ရပ်ကာ ထမ်းပိုး၏ကြိုးများကို ဆုပ်ကိုင်ထားရင်း ချန်ဖန်းညန်က သူမရှေ့က အထူးတလည်သန့်ရှင်းနေသည့် လမ်းများကို တအံ့တဩနှင့် ငေးကြည့်မိတော့သည်။

စိုးရိမ်စိတ်ကို မြိုသိပ်လိုက်ပြီး သူမက စန်းလော့ကို အလိုလို ကြည့်မိသွားကာ မေးလိုက်တော့သည်။

“အားလီမိန်းမ ကျွန်မတို့တွေ ဆိုင်ကို ဘယ်နားမှာခင်းမှာလဲ”

“ဒါက ရွာစျေးနဲ့ မတူဘူး၊ လမ်းဘေးတစ်လျှောက်မှာ တည်ထားတဲ့ဆိုင်တစ်ဆိုင်မှ မရှိဘူးနော်”

စန်းလော့သည် ပစ္စည်းများပါသည့် တခြားရွာသားများကို လှည့်ကြည့်လိုက်ပြီး သူတို့နောက်လိုက်သွားကာ အကြံတောင်းမညဟု ပြင်လိုက်စဉ်တွင် ရှေ့က သိပ်မဝေးလှသည့်နေမှ ဗုံသံ သုံးကြိမ်တီးလိုက်ကို ကြားလိုက်ရပြီးနောက်တွင်တော့ တစ်ယောက်ယောက်က ခပ်ကျယ်ကျယ အော်လိုက်သံကိုလည်း ကြားလိုက်ရတော့သည်။

“စျေးဖွင့်ပြီဟေ့”

ဗုံသံကို ကြားလိုက်သည်တွင် ပစ္စည်းများကို သယ်ပြီးမြို့ထဲသို့ ဝင်လာသူများနှင့် လှည်းများကို တွန်းပြီးမြို့ထဲသို့ ဝင်လာသူများက သူတို့၏ခြေလှမ်းများကို အရှိန်မြင့်လိုက်ကြပြီး အားလုံးက လားရာတစ်ခုတည်းသို့ ဦးတည်သွားလိုက်ကြ၏။

သတ်မှတ်ထားသည့်စျေးနေရာတစ်ခု ရှိနေသည်ပဲ။ စန်းလော့က ချင်ဖန်းညန်ကို မြန်မြန်ခေါ်လိုက်ပြီး “အဒေါ် သူတို့နောက် လိုက်သွားကြမယ်”

လူအုပ်ကြီးက မြို့အဝင်ဂိတ်နှင့် သိပ်မဝေးလှသည့် အဆောက်အအုံများ ဝန်းရံထားသည့် ကွင်းပြင်တစ်ခုဆီသို့ ဦးတည်သွားလိုက်ကြလေသည်။ ဒါသည် ချီယန်စီရင်စုမြို့၏ သတ်မှတ်ထားသည့်စျေးပင်။ အခုလေးတင် တီးလိုက်သည့်ဗုံကိုလည်း စျေးအဝင်ဝနားက အဆောက်အအုံးတစ်ခု၏ ဒုတိယထပ်က စင်မြင့်ပေါ်တွင် တည်ထားလေသည်။

ဈေးထဲတွင်တော့ ဆိုင်ပေါင်းများစွာက ခင်းထားနှင့်ပြီးဖြစ်ကာ မြို့ခံတစ်ချို့က ခြင်းတောင်းလွတ်များနှင့် ဝင်လာကြသည်။ အဝေးကလာသည့် စန်းလော့တို့လိုလူများကတော့ နောက်ဆုံးမှ ရောက်သူများ ဖြစ်ပုံရသည်။

စျေးထဲသို့ ဝင်ရောက်ရခြင်းကလည်း တန်းစီရသေးသည်။ စန်းလော့က လည်ပင်းကို ဆန့်ပြီး ရှေ့ကို မျှော်ကြည့်လိုက်၏။ လူတန်း၏ထိပ်ဆုံးက လှည်းတစ်စီးနှင့် အဘိုးကြီးတစ်ဦးဖြစ်ကာ သူသည် သူ၏ဘီးတစ်ခုတည်းပါသည့်လှည်းကို စျေးအဝင်ဝတွင် ရပ်ထားပြီး ဂိတ်စောင့်ကို ၁ ဝမ်ပေးလိုက်လေသည်။

ဂိတ်စောင့်က အဘိုးကြီး၏လှည်းထဲက ပစ္စည်းများကို သေသေချာချာ ကြည့်လိုက်ပြီးနောက် ၁ ဝမ်ကို ယူလိုက်ကာ သူ့နောက် ငွေထည့်သည့်ဇလုံထဲသို့ ပစ်ထည့်လိုက်၏။ သူက ကလေးလက်ဖဝါးအရွယ် လေးထောင့်သစ်သားပြားတစ်ခုကို အဘိုးကြီးအား လှမ်းပေးလိုက်လေသည်။ အဘိုးကြီး သစ်သားပြားကို သူ့အင်္ကျီတွင် ချိတ်ထားလိုက်ပြီးနောက် သူ့လှည်းကို အထဲသို့ ဆက်တွန်းသွားလိုက်လေသည်။

ချင်ဖန်းညန်က စိုးရိမ်တကြီး စောင့်ကြည့်နေပြီး စန်းလော့ကို လေသံဖြင့် ပြောလိုက်၏။

“ကျွန်မတို့တွေ ဒီမှာရော ပိုက်ဆံပေးရအုံးမှာလား”

သူတို့ရှေ့က သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက်က နောက်လှည့်ကြည့်လိုက်ပြီး ပြောလိုက်၏။

“မင်းတို့တွေ စီရင်စုမှာ ‌ဈေးတစ်ခါမှ မရောင်းဖူးဘူးမလား”

သူ့မှတ်ချက်က သူ့အတွေ့အကြုံတွေကို ဖော်ပြနေ၏။

စန်းလော့က ခပ်မြန်မြန်ပင်အကြံတောင်းလိုက်တော့သည်။

“လူကြီးမင်း ဒါက ကျွန်မတို့ ဒီကို ပထမဆုံးလာကြတာပါ၊ ကျွန်မတို့ မြို့ဝင်ကြေး ပေးခဲ့ပြီးပြီလေ၊ ဈေးထဲဝင်ဖို့ရော နောက်ထပ်ဝင်ကြေး ပေးရအုံးမှာလား”

ထိုလူက ဂိတ်စောင့်ကို လှမ်းကြည့်ကာ သူတို့ကို ရှင်းပြလိုက်၏။

“ဒါက လွန်ခဲ့တဲ့သုံးလကမှ ထုတ်ထားတဲ့ စည်းကမ်းအသစ်ပဲ၊ ဈေးထဲဝင်ဖို့ဆိုရင် စျေးခွန်ပေးရမယ်၊ ဝင်ကြေးက မင်းတို့ရောင်းတဲ့ပစ္စည်းအပေါ် မူတည်တယ်၊ သာမန်ပစ္စည်းနဲ့ စပါးတို့ အသီးအရွက်တို့လို စားစရာပစ္စည်းတွေအတွက်တော့ တစ်ယောက်ကို ၁ ဝမ်ပေးရမယ်”

သူက သူတို့၏ပစ္စည်းများကို လှမ်းကြည့်လိုက်ပြီး လေသံနိမ့်ကာ အကြံပေးလိုက်လေသည်။

“မင်းတို့မှာ ပစ္စည်းအရမ်းများရင် ၁ ဝမ် ပေးလိုက်လည်း အဆင်ပြေတယ်၊ စျေးက လူအရမ်းစည်တာ၊ မင်းတို့တွေ မြန်မြန် ရောင်းကုန်သွားလိမ့်မယ်၊ ပစ္စည်းနည်းရင်တော့ လမ်းမကြီးနဲ့ လမ်းကြားတွေမှာပဲ လမ်းလျှောက်ပြီးရောင်းပေါ့၊ ဒါဆိုရင်တော့ ၁ ဝမ်သက်သာမှာ‌ပေါ့၊ လမ်မကြီးပေါ်မှာ စျေးဆိုင်မခင်းမိဖို့ သတိထားရမယ်၊ ကင်းလှည့်တဲ့ရဲမက်တွေ မင်းတို့ကို ဖမ်းမိသွားလို့ကတော့ ဒဏ်ကြေးက ၅ ဝမ်နော်၊ အဲထပ်တောင် ပိုချင်ပိုနိုင်တယ်”

ဒါသည် အာဏာပိုင်များက သတ်မှတ်ထားသည့် နောက်ထပ်အခွန်ခတစ်ခုဖြစ်မှန်း စန်းလော့ နားလည်လိုက်၏။

ချင်းဖန်းညန်မှာ စိတ်ပူသွားတော့သည်။ သူတို့တွေ ရောင်းတောင်မရောင်းရသေးဘူးလေ၊ ဝင်ကြေးအတွင် ၂ဝမ် ကုန်သွားပြီ။ အအခု စျေးထဲဝင်ဖို့လဲ နောက်ထပ် ၂ဝမ်ကုန်ရအုံးမယ်။ ၄ ဝမ်ဆိုတာ လယ်သမားတွေအတွက်တော့ သိသာတဲ့ငွေပမာဏပဲ။ ငွေမရှာရသေးခင် ငွေအရင်သုံးရတာက ပိုက်ဆံကို ရေထဲပစ်ချလို့ပဲ။

“အားလီမိန်းမ လူချင်းခွဲပြီး ပစ္စ္စည်းတွေကို ပခုံးထမ်းရောင်းရအောင်လေ”

“မလောပါနဲ့လေ” စန်းလော့က အာမခံပေးလိုက်ပြီးနောက် သက်လတ်ပိုင်းလူကြီးကို မေးလိုက်ပြန်သည်။

“လူကြီးမင်း ပစ္စည်းအရေအတွက ဘယ်လောက်ဖြစ်ဖြစ် စျေးဝင်ကြေးက တစ်ယောက်စီပေးရတာလား”

ထိုလူက ခေါင်းညိတ်ပြလိုက်ပြီး “ဟုတ်တယ်၊ တစ်ယောက်စီပေးရတာ”

“ဒီစီရင်စုမှာ ဒီလိုတခြားစျေးတွေရော ရှိသေးလား၊ နောက်ပြီး အားလုံးကို စျေးခွန်ပေးရတာလား”

စန်းလော့က ကုန်ကျစားရိတ်ထပ် စျေးအရေအတွက်ကို ပိုပြီး စိတ်ဝင်စားနေသည်ကို မြင်လိုက်သည်တွင် ထိုလူက ပြုံးလိုက်ပြီး

“ဈေးနှစ်ခုရှိတယ်၊ ဒါက အရှေ့ဈေး၊ အတွင်း နည်းနည်းဝင်သွားလိုက်ပြီး မြို့ရဲ့တခြားဘက်မှာ အနောက်ဈေးရှိတယ်၊ ဈေးခွန်ကတော့အတူတူပဲ”

“ကျွန်မတို့တွေ ပစ္စည်းကို ပခုံးထမ်းပြီးမယ်ဆိုရင် လမ်းမကြီးပေါ်မှာ ဈေးဆိုင်မခင်းသရွေ့က ကင်းလှည့်ရဲမက်တွေက ဖမ်းထားမခံရဘူးပေါ့နော်၊ ဟုတ်လား”

“ဟုတ်တယ်၊ မင်း အပိုဝင်ငွေ လိုချင်တယ်ဆိုရင်တော့ လူနေအိမ်တွေ စုနေတဲ့ လမ်းကြားတွေမှာ အော်ရောင်းလို့ရတယ်”

စန်းလော့က ဆုံးဖြတ်ချက်ချလိုက်ပြီး ချင်ဖန်းညန်ကို ပြောလိုက်တော့သည်။

“မြို့ကလူတွေက နတ်သမီးတို့ဖူးနဲ့ မရင်းနှီးသေးဘူး၊ ဒီတော့ ဈေးလို လူများတဲ့နေရာမှာ ရောင်းတာ ပိုကောင်းတယ်၊ ဒါက ကျွန်မတို့ ပထမဆုံး အလုပ်လုပ်တာဆိုတော့ အစကောင်းဖို့ ကြိုးစားရမယ်၊ အဒေါ်, ရှင်က ဈေးထဲ ဝင်သွားရောင်းလိုက်ဖို့ ကျွန်မ အကြံပြုတယ်၊ ဒီနေ့အတွက် အခွန်ခကို ကျွန်မ ပေးပါ့မယ်”

အပြင်ဘက်တွင် ပခုံးထမ်းပြီး ရောင်းခြင်းကလည်း မဖြစ်နိုင်တာတော့ မဟုတ်ချေ။ သို့သော် ဒါက ဈေးရောင်းစွမ်းရည်ကို စမ်းသပ်ရခြင်ပင်။ ချင်ဖန်းညန်က ရှက်တတ်ပြီး ထိန်းထိန်းသိမ်းသိမ်းရှိလေရာ သူမသည် အပြင်ဘက်တွင် ရောင်းမည်ဆိုလျှင် ပါးစပ်ဖွင့်ဖို့ပင် ခက်ခဲနိုင်ပြီး နတ်သမီးတို့ဖူး နှစ်ပုံးရောင်းဖို့က ခက်ခဲသွားလိမ့်မည်။

ချင်ဖန်းညန်က ချီတုံချတုံဖြင့် ပြောလိုက်၏။

“ကျွန်မ ဘယ်လို လုပ်ပြီး ရှင့်ကို ပေးခိုင်းလို့ဖြစ်မလဲ”

သူတို့စကားထဲက ‘နတ်သမီး’တို့ဖူးဟုကြားလိုက်သည့် သက်လတ်ပိုင်းလူမှာ သိချင်စိတ်ဖြစ်သွားပြီး သူတို့ကို ပုံးနှင့်ခြင်းများကို လှမ်းကြည့်လိုက်လေသည်။ သို့သော်လည်း တစ်ခုကို သစ်သားအဖုံးဖြင့် ဖုံးထားပြီး တစ်ခုကို ကြာရွက်ဖြင့် ဖုံးထားသဖြင့် သူမှာ မမြင်လိုက်ရချေ။

ဈေးခွန်တစ်ဝမ်ကြေင့် စိုးရိမ်သွားသည့် ချင်ဖန်းညန်၏စကားကို ကြားလိုက်တော့ သူက အကြံပေးလိုက်၏။

“မင်းတို့ ပိုက်ဆံမရှိလည်း ကိစ္စမရှိဘူးလေ၊ ဝင်တဲ့အချိန်ကျရင် နောက်မှ ပေးမယ်လို့ပြောလိုက်တယ်၊ မင်းက အခွန်ခမပေးရင် ဂိတ်စောင့်က မင်းကို အစိမ်းရောင်ကတ်ပြား ပေးလိမ့်မယ်၊ နောက်ကျရင် ရဲမက်တွေ အထဲမှာ လာစစတဲ့အခါ ပစ္စည်းရောင်းပြီးတော့ ပေးလိုက်ပေါ့၊ ဒါဆိုရင် အနီရောင်ကတ် ရလိမ့်မယ်”

ဈေးခွန်ကို ပစ္စည်းရောင်းပြီးမှ ပေးနိုင်ကြောင်း နားလည်သွားသည်တွင် ချင်ဖန်းညန်က စိတ်အေးသွားကာ သက်ပြင်းချလိုက်သော်လည်း ငွေသုံးလိုက်ဖို့ရာ တွန့်တိုနေမိဆဲ။

စန်းလော့က ချင်ဖန်းညန်လက်ထဲကို ၁ ဝမ်ထည့်ပေးလိုက်ပြီး ပြုံးကာ ပြောလိုက်၏။

“အဒေါ် ဒါက ရှင့်အတွက် ပထမဆုံးအကြိမ် စီးပွားလုပ်တာလေ၊ ဒီတော့ အရင်ဆုံး လူသိများအောင် လုပ်ရမယ်၊ ရှင် ဒီနတ်သမီးတို့ဖူး နှစ်ပုံးကို ရောင်းဖို့ စျေးထဲ ယူသွားလိုက်၊ ကျွန်မက စျေးခွန်ပေးလိုက်မယ်၊ ကျွန်မရဲ့ပစ္စည်းက ပိုပေါ့တယ်၊ ဒီတော့ ကျွန်မတို့က ပစ္စည်းတစ်မျိုးထဲကို ရောင်းမှာဆိုတော့ ကျွန်မက အပြင်မှာဘဲ လမ်းပေါ်မှာ ရောင်းလိုက်မယ်၊ ဒီလိုဆိုရင် ကျွန်မလဲ မြို့ကို ပိုပြီးသိအောင် လုပ်လို့ရတာပေါ့”

ချင်ဖန်းညန်မှာ ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။

“ပုံးနှစ်ပုံးလုံးကို ကျွန်မက ရောင်းရမှာလား”

သူမသည် ဇဝေဇဝါဖြစ်သွားပြီး စန်းလော့အတွက်မှားလေသလားဟု စဉ်းစားလိုက်လေသည်။ သူမကို ပိုကြီးပမာဏပေးလိုက်သည်က ရောင်းရငွေ ဝမ်တစ်ဝက်‌လျော့သွားသည့် သဘောပင်။

ဝင်ကြေးအတွက် ၁ ဝမ်ကို သုံးထားပြီး အခုတော့ စျေးခွန်ပါ နောက် ၁ ဝမ် ကျခံလိုက်သည့်အပြင် ပိုများသည့်ပမာဏကို ရောင်းရန် တာဝန်ယူခိုင်းခြင်းအတွက် ချင်ဖန်းညန်မှာ စန်းလော့၏အတွေးကို နားမလည်နိုင်တော့ချေ။

သူမတစ်ဘဝလုံး ရိုးသားလာခဲ့ပြီး တခြားသူအပေါ် အခွင့်ကောင်းမယူခဲ့တတ်သဖြင့် ချင်ဖန်းညန်သည် သည်လို များပြားသည့်အကျိုးအမြတ်ကို ကမ်းလှမ်းခံလိုက်ရသည်တွင် စိတ်မအေးရသလို ဖြစ်သွားတော့သည်။

“မဟုတ်ရင်လဲ ကျွန်မ ရှင့်ခြင်းကို ရောင်းပေးမယ်လေ၊ ရှင်က စျေးထဲဝင် သွားလိုက်ပါ”

သူမ၏မသက်မသာဖြစ်နေပုံက မျက်နှာပေါ်တွင် အတိုင်းသားဖြစ်နေ၏။

စန်းလော့က ပြုံးလိုက်ပြီး “အဒေါ်ရယ်၊ ရှင် ဒီမှာပဲ နေပြီး ရောင်းပါ၊ ရှင် ဒါကို ဆယ်မိုင်လုံး သယ်လာခဲ့ရတာလေ၊ ကျွန်မ ရှင့်အပေါ်အခွင့်အရေး မယူနိုင်ပါဘူး၊ နောက်ပြီး ဒါက တစ်ခါပဲစပ်တူလုပ်မှာ၊ နောက်တစ်ခါရင် ကျွန်မတို့တွေ ကိုယ့်ကုန်ကျစားရိတ် ကိုယ့်ဟာကို ပေးမယ်လေ၊ ကျွန်မ ပတ်လျှောက်ပြီးတော့ ဒီနေရာကို ရင်းနှီးအောင် လုပ်ချင်လို့ပါ၊ အနောက်ဈေးကိုလည်း ကြည့်ချင်‌သေးတယ်”

စန်းလော့က ချင်းဖန်းညန်၏ကျောကို ပုတ်ပေးလိုက်ပြီး “ဒါဆို ဒီလိုပဲ သတ်မှတ်လိုက်ပြီနော်၊ ရှင် သွားနှင့်ပြီး တန်းသွားစီလိုက်တော့, ကျွန်မ ဒီနေ့ ဒီပုံးနှစ်ပုံကို အပြည့်ထည့်ထားတယ်၊ အထဲမှာ အတုံး၄၀ပါတယ်၊ ဘယ်သူ အရင်ရောင်းကုန်မလဲဆိုတာတော့ ပြောလို့မရဘူး၊ ဒါပေမဲ့ ကျွန်မတို့ ပြီးသွားကြရင်တော့ အရှေ့ဈေးရဲ့ ဒီနေရာမှာပဲ ပြန်ဆုံကြမယ်နော်”

ချင်ဖန်းညန် တွေဝေနေမည်ကို စောင့်မနေတော့ဘဲ သူမက ကြာရွက်များနှင့် တခြားလိုအပ်သည့် အမြည်းပစ္စည်များကို ခွဲထုတ်လိုက်ကာ၊ ဝါးဓားတစ်ချောင်းသာ ချန်ထား‌ပေးလိုက်လေသည်။ သူမဖက်က ရောင်းစရာပစ္စည်းပိုနည်းသဖြင့် သူမက အမြည်းနမူနာများကို ကြိုတင် လှီးဖြတ်ထားလိုက်ပြီး နောက်ပန်းကန်လုံးထဲသို့ ထည့်လိုက်ကာ ဝါးဓားကို ချင်ဖန်းညန်အား ပေးလိုက်၏။ အချက်အလက်များဖြင့် အကူအညီပေးခဲ့သည့် သက်လတ်ပိုင်းလူကြီးကို ကျေးဇူးတင်စကားပြောလိုက်ပြီး စန်းလော့က သူမ၏ခြင်းတောင်းကို ကောက်မကာ တန်းစီနေရာမှ ထွက်လာပြီး မြို့ထဲသို့ ထွက်လာခဲ့လိုက်တော့သည်။

တွေဝေနေသည့်အခိုက်တန့်လေးတွင် ချင်ဖန်းညန်သည် သူမ၏လက်ထဲတွင် ၁ ဝမ် ကိုင်ထားမိနေသည်ကို ကိုယ့်ဟာကို ပြန်သတိထားမိလိုက်တော့သည်။

စန်းလော့ထွက်သွားသည်နှင့် ချန်ဖန်းညန်မှာ သူမ၏တွေဝေနေမှုကို နောင်တရမိသွားပြီး စိတ်ရှုပ်ရှုပ်ဖြင့် လျှာကိုပင် ကိုက်မိတော့မလို ဖြစ်သွားတော့သည်။ ‘၁ ဝမ်၊ ၂ ဝမ် အတွက်နဲ့များ ဗျာများနေရသေးလားဟယ်။ ပိုက်ဆံမရှိလဲ အစိမ်းရောင်ကတ် သုံးလိုက်လဲ ရရဲ့သားနဲ့ကို’။ သူမသည် မမျှမတ အခွင့်ကောင်းယူမိသလို ခံစားလိုက်ရသည်တွင် သူမမှာ ကိုယ့်ပါးကိုယ် အသာလေး ပြန်ရိုက်လိုက်ကာ စိတ်ထဲကနေပြီး ကိုယ့်ဟာကိုယ် ပြစ်တင်လိုက်တော့သည်။ ‘ပြန်ဖြေဖို့အရေး ဘာလို့ အဲလောက် နှေးကွေးနေရတာတုန်း၊ တုံးအ,လိုက်တဲ့ဖြစ်ခြင်း’

အချိန်တိုလေးအတွင်းတွင် ရှေ့က လူတစ်ချို့သည် အရှေ့ဈေးထဲသို့ ဝင်သွားပြီဖြစ်ကာ မကြာမီ ချန်ဖန်းညန် အလှည့်ရောက်လာတော့သည်။ သူမက စန်းလော့ပေးခဲ့သည့် ၁ ဝမ်ကို ပေးလိုက်ပေးပြီးနောက် နားမလည်သည့်စာလုံးနှစ်လုံးပါသည့် အနီရောင်ကတ်ကို ယူလိုက်လေသည်။ သူ ပြန်မော့ကြည့်လိုက်ချိန်တွင်တော့ စန်းလော့ကို မြင်ကွင်းထဲတွင် မမြင်ရတော့ချေ။

...

All Chapters