အဖက်မတန်ဟန် မျက်လုံးများ
Vol. 12 Ch. 157
ကြောက်ရွံ့တုန်လှုပ်မှုတို့သည် စုမင်တစ်ကိုယ်လုံး ဖြတ်ပြေးသွားပြီး ပေါက်ကွဲသံတစ်ခု ကဲ့သို့အသံက သူ့အခေါင်းတွင်း၌ ရုတ်ခြည်း ပဲ့တင်ထပ်သွားသည်။ ထိုအသံသည် မရေမတွက်နိုင်သည့် ကံကြမ္မာ အပြောင်းအလဲများစွာကို ကြုံတွေ့ခဲ့ဖူးသကဲ့သို့ အိုမင်းနေပုံပေါ်သည်။ အချိန်စီးဆင်းမှု မြစ်များထဲတွင် နှစ်ပေါင်းများစွာ ကူးခပ်လွန့်လူးနေသကဲ့သို့ လိုအင်ဆန္ဒများစွာတို့ ပါဝင်နေသကဲ့သို့ ဝိညာဉ်ကိုယ်တိုင်ကိုပင် ဂယက်ရိုက်သွားစေသည်။
၎င်းသည် စုမင်၏ဝိညာဉ်ကို တုန်လှုပ်သွားစေခဲ့သည်။ ထိုအခိုက်တွင် သူ့မျက်လုံးတို့သည် စိတ်ရှုပ်ထွေး ညစ်ညူးမှုများဖြင့် ညို့မှိုင်းလာချေသည်။
ထိုယိုယွင်း၍ အိုမင်းနေသည့်အသံသည် သူ့စိတ်တွင်းမှနေ၍ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး သူ့ခန္ဓာကိုယ်သည် ခဏတာအေးခဲ သွားချေသည်။
“မင်းက ... နောက်ဆုံးတော့ ... ဒီနေရာကို ရောက်လာခဲ့ပြီပဲ”
‘ဟန်တောင်တန်းရဲ့ ဘိုးဘေး’
စုမင်အမူအရာသည် ရုတ်ခြည်း ပြောင်းလဲသွား၏။ သူသည် ယခုအချိန်တွင် မျက်နှာဖုံး တပ်ဆင်ထားပြီး ခေါင်းကို ငုံ့ထားသဖြင့်သာ မည်သူကမျှ သူ၏ထူးဆန်းသည့် အပြုအမူကို သတိမပြုမိစေပဲ ကံကောင်းသွားခြင်း ဖြစ်သည်။ ၎င်းအသံသည် စုမင်ခေါင်းထဲတွင် ပဲ့တင်ထပ်နေခဲ့ပြီး တစ်ဖြည်းဖြည်းနှင့် မိုးထစ်ချူန်းသံကဲ့သို့ ဖြစ်ပေါ်လာပြီးနောက် စုမင် အိပ်မက်ဆိုးများအား ကြုံတွေ့ခဲ့ရသကဲ့သို့ သူ့မျက်နှာသည် ဖျော့တော့သွားချေသည်။
“ဆရာ မော့စု”
တုန့်ဖန်းဟွာ၏ စိုးရိမ်ပူပန်နေသည့် အသံက သူ့ဘေးမှနေ၍ စုမင်နားများထဲသို့ ရောက်ရှိလာသည်။ တုန့်ဖန်းဟွာသည် စုမင်၏ ထူးခြားသောအပြုအမူကို ပထမဆုံး သတိပြုမိသွားခဲ့သူ ဖြစ်သည်။ စုမင်သည် အနီရောင်မြေပြင်ပေါ်၌ အေးခဲသွားသကဲ့သို့ ရပ်တန့်သွားသည်ကို သူမြင်ခဲ့ခြင်းဖြစ်သည်။
“ဒါက ဘာမှမဟုတ်ပါဘူး။ ဥမင်ထဲမှာ ရှိတဲ့မြေပြင်က နည်းနည်း ထူးဆန်းနေလို့ပါ”
စုမင် အသက်ပြင်းပြင်း ရှူလိုက်ပြီး အနီရောင်မြေပြင်ပေါ်၌ ရှေ့သို့ဦးတည် ရွေ့လျားလိုက်သည်။ သူ့ရှေ့တွင်တော့ နန်ထျန်းနှင့် အခြားသူများသည် စုမင်အား မေးမြန်းလိုသည့် အကြည့်တို့ဖြင့် ကြည့်နေကြ၏။
နန်ထျန်းသည် မျက်လုံးတို့ကို ကျဉ်းမြောင်းလိုက်ပြီး စုမင်အား သေချာစူးစိုက် ကြည့်လိုက်သည်။ သူသည် စုမင်၏စကားလုံးများကို အပြည့်အဝ မယုံကြည်သော်လည်း မှားယွင်းနေသောအရာနှင့် ပတ်သက်၍လည်း မည်သည့် သဲလွန်စမှ ရှာမတွေ့ပေ။
“ဒါက မင်းအတွက် ဒီနေရာကိုလာတဲ့ ပထမဆုံးအကြိမ်ဖြစ်လို့ စိတ်ရှုပ်ထွေးတယ်ဆိုတာ သဘာဝပါပဲ။ ငါတို့ ဥမင်ထဲကို ပိုဝင်ရောက်တာနဲ့အမျှ သွေးကို ကြည့်နေရသလိုမျိုး မြေကြီးက ပိုနီရဲလာလိမ့်မယ်”
“အဲဒါက ဟန်တောင်တန်းဘိုးဘေးရဲ့ ဂူသင်္ချိုင်းကိုရောက်တဲ့ အချိန်မှာလည်း အဲဒီလိုပဲ ဖြစ်နေလိမ့်မယ်လို့ ထင်တယ်”
နန်ထျန်းသည် ပြောလိုက်ရင်းပင် နောက်သို့ ပြန်လှည့်လိုက်ပြီး ဆက်သွားလိုက်သည်။
စုမင်ဘေးမှ လိုက်နေသည့် တုန့်ဖန်းဟွာ၏ နှလုံးသားသည် အဆက်မပြတ် တုန်လှုပ်နေချေသည်။ သူသည် စုမင်နှင့် အနီးဆုံးတွင် ရပ်နေခဲ့ခြင်းဖြစ်ပြီး နန်ထျန်းနှင့်အခြားသူများ မခံစားနိုင်သည့် အရာတချို့ကို ခံစားသိရှိခဲ့သည်။ ထိုအခိုက်အတန့်တွင် စုမင်၏ဆံပင်သည် လေမတိုက်ပဲ လွင့်မျောနေသကဲ့သို့ သူမြင်လိုက်ရသလိုပင်။ သူ့မျက်နှာပေါ်ရှိ မျက်နှာဖုံးထက်တွင်လည်း ထူးခြားသည့် အပြောင်းအလဲတချို့ ဖြစ်ပျက်သွားခဲ့သည်။ ထိုခံစားချက်အား သူရှင်းမပြတတ်သော်ငြား ထိုမျက်နှာဖုံးသည် ရုတ်တရက် အသက်ဝင်လာသကဲ့သို့ ဖြစ်သွားခြင်းဖြစ်သည်။
သူ မည်သည့်စကားမှ ထပ်မပြောရဲချေ။ ထိုအစား စုမင်နောက်မှသာ ရှေ့သို့သတိထားလျက် လျှောက်လှမ်းနေလိုက်သည်။
ခရီးစဉ်တစ်လျှောက်လုံး စုမင်သည် စကားတစ်လုံးမျှပင် မပြောခဲ့သလို မေးမြန်းခြင်းလည်း မရှိခဲ့ပေ။ တုန့်ဖန်းဟွာ၊ နန်ထျန်းနှင့် ရွှမ်းလွမ်တို့၏ အမူအရာများသည် ယခုလေးတင် ကြားလိုက်ရသည့် အိုမင်းသည့်အသံကို သူတို့မကြားလိုက်ရကြောင်း လုံလောက်စွာ ပြောပြနေခဲ့ပြီးဖြစ်သည်။ သူတစ်ယောက်တည်းသာလျှင် ထိုသို့ကြားလိုက်ရခြင်း ဖြစ်သည်။
ထိုအရာသည် အားနည်းနေသော်ငြား စုမင်အား ဆင့်ခေါ်နေသည့်အလား ခံစားလိုက်ရသည်။ ထိုအာရုံသည် ဥမင်အဆုံးမှနေ၍ သူ့ထံသို့ ဖြည်းညင်းစွာ ရောက်ရှိလာနေခြင်း ဖြစ်သည်။ သူပိုပြီးနီးကပ်လာလေလေ သူ့အားဆင့်ခေါ်နေသကဲ့သို့ ထိုအာရုံသည် ပို၍ အားကောင်းလာချေသည်။
‘ငါသိသားပဲ။ ဟန်တောင်ဘိုးဘေးက မသေဆုံးသေးဘူး။ ဒီအသံက သေချာပေါက်ကို သူ့ဆီကပဲ။ ဒါပေမဲ့ သူက ဘာလို့ အဲဒီလိုပြောရတာလဲ ... နောက်ဆုံးတော့ ဟုတ်လား ... ’
စုမင် ညာဘက်လက်သီးကို တင်းကျပ်စွာဆုပ်လိုက်ရာ လက်သည်းတို့က အသားအတွင်း ဖောက်ဝင်ကာ နာကျင်သွားစေသည်။
သူနှလုံးသားအတွင်းရှိ ကြီးမားသည့် ထူးခြားဆန်းကြယ်မှုမှ လာသည့် ရှုပ်ထွေးမှုများနှင့် ယှဉ်လျင်တော့ ထိုနာကျင်မှုသည် သူ့အား အစစ်အမှန်ကဲ့သို့ တည်ရှိနေသကဲ့သို့ ခံစားရစေသည်။
သူ အခြားမည်သည့်အရာမှ မခံစားနိုင်စေရန် နာကျင်မှုအား လိုအပ်သည်။
ဖန်းချန်းလန်၏ သနားမှုနှင့် ရှုပ်ထွေးမှုတို့ ရောယှက်နေသည့် အကြည့်အကြောင်း သူပြန်မစဉ်းစားချင်ပေ။ မီးတောက်မာန် မျိုးနွယ်စုအား ထာဝရဖန်တီးမှုပညာရပ်ဖြင့် ချိပ်ပိတ်ခဲ့သည့် မာန်စွမ်းအားရှင်တို့၏နတ်ဘုရားအကြောင်း နန်ထျန်းအဘယ်ကြောင့် မပြောဆိုခဲ့သည်ကိုလည်း သူမစုံစမ်းချင်တော့ပေ။
အထူးသဖြင့်တော့ ထိုအိုမင်းသည့်အသံက မည်သည့်အတွက်ကြောင့် ‘နောက်ဆုံးတော့’ ဟုပြောရခြင်းကိုလည်း မစဉ်းစားလိုပေ။
‘တကယ်ပဲ ငါဘာတွေများ ဖြစ်ပျက်ခဲ့တာလဲ။ ငါ ဘာကိုမေ့နေခဲ့တာလဲ။ ငါ ဘာကိုမှ မေ့မနေပါဘူး။ ဒါပေမဲ့…’
စုမင် လက်သီးဆုပ်ကို ပိုမိုတင်းကျပ်လိုက်သည်။
နန်ထျန်း ပြောခဲ့သလိုပင်။ သူတို့ ရှေ့သို့သွားလေလေ အနီရောင်မြေပြင်သည် ပို၍ တောက်ပလာလေလေဖြစ်ပြီး နောက်ဆုံးတွင် တုန်လှုပ်ဖွယ် ကောင်းသည့်ပုံစံသို့ ရောက်လာလေသည်။ သူတို့သည် သွေ့ခြောက်နေသည့် သွေးပင်လယ်ပေါ်တွင် လမ်းလျှောက်နေရ သကဲ့သို့ပင် ဖြစ်သည်။
နန်ထျန်းသည် ဤနေရာသို့ အကြိမ်များစွာ လာခဲ့ဖူးသော်လည်း အနီရောင်မြေပြင်ပေါ်၌ လျှောက်လှမ်းရသည့် အကြိမ်တိုင်းတွင် ထိတ်လန့်ချောက်ချားသည့် ခံစားချက်သည် သူ့နှလုံးသားအတွင်း ထိန်းချုပ်မရနိုင်စွာ ဖြစ်ပေါ်လာဆဲပင် ဖြစ်သည်။ ဥမင်အတွင်း၌ မည်သည့်အန္တာရယ်မှ မရှိသည်ကို သိသော်ငြားလည်း သူသည် အပြည့်အဝ သတိရှိမိနေပြီး မယုံကြည်နိုင်လောက်အောင် နိုးကြားမိနေဆဲပင် ဖြစ်သည်။
သူ့နောက်ရှိ ချူးနု၏ မျက်နှာသည်လည်း ဖျော့တော့နေခဲ့ပြီး နှလုံးသည် ရင်ဘတ်မှ ခုန်ထွက်တော့မည်ကဲ့သို့ ဖြစ်နေသည်။ အနီရောင် မြေပြင်သည် စိုးရိမ်ကြောင့်ကြမှု အာရုံဝိုးတဝါးကို ပေးစွမ်းနေသော်ငြား ယခုအချိန်ထိတော့ သူတွန်းလှန်တောင့်ခံ နိုင်သေးသည်။
ရွှမ်းလွမ်သည်လည်း စုမင်နှင့် အတူတူပင်ဖြစ်ပြီး ဤနေရာသို့ သူ့အနေဖြင့် ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။ သူသည် ထိုအရာကို မကြည့်မိစေရန် ကြိုးစားသော်လည်း ဥမင်ထဲသို့ ပိုမိုတိုးဝင်လာမိသည်နှင့်အမျှ အနီရောင်မြေပြင်အား လျစ်လျူရှု၍မရကြောင်းကို သိရှိလိုက်ရသည်။ ထိုအရာကို ကြည့်ရှုလိုက်မိစဉ်မှာပင် ကြောက်စရာကောင်းသည့် အမူအရာက သူ့မျက်နှာတွင် ဖြစ်ပေါ်လာသည်။ ၎င်းသည် အားနည်းသော်ငြား အသတ်ခံခဲ့ရသည့် မရေမတွက်နိုင်သော ဝိညာဉ်များသည် မြေပြင်မှထွက်၍ မုန်းတီးစွာအော်ဟစ်ရင်း သူ့ထံသို့ တိုးဝင်လာကြသည်ကဲ့သို့ မြင်လိုက်ရသည်။
ရွှမ်းလွမ်သည် ထိုအရာကြောင့် လုံးဝပင် စိတ်ရှုပ်မခံရပုံနှင့် အေးစက်စက်လှောင်သံ တစ်ခုကို ပြုလုပ်လိုက်သည်။ သူသည် သဘာဝအလျောက်ပင် ရက်စက် ကြမ်းကြုတ်သူဖြစ်ပြီး သူ့ဘဝတွင် များစွာသော လူတို့အား သတ်ခဲ့ဖူးပေသည်။ သူသည် ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်ချမှတ်သူဖြစ်သည်။ ဤလမ်းကြောင်းတွင် ထင်ယောင်ထင်မှား မည်မျှပေါ်လာဦးမလဲ ဆိုသည်ကို သူမြင်ချင်သေးသည်။
“ဒီလမ်းကြောင်းကို သွားတဲ့အခါ မင်းတို့ အာရုံစိုက်ရလိမ့်မယ်။ ဒါက ငါတို့ကိုဘယ်လို အန္တရာယ်အစစ်မျိုးမှ ဖြစ်စေမှာမဟုတ်ဘူး။ ဒါက စွမ်းအားမြင့် ပုံရိပ်ယောင်တွေမဟုတ်တဲ့ အားနည်းတဲ့ ပုံရိပ်ယောင်တွေကို လူတိုင်းရဲ့ စိတ်ထဲမှာ ဖန်တီးလိမ့်မှာ ဖြစ်တာကြောင့် ဒီနေရာက အာရုံထဲမှာ ထူးဆန်းနေလိမ့်မယ်။ ငါ ဒီလို အတွေ့အကြုံကို အကြိမ်အများကြီး ကြုံခဲ့ပြီးပြီ။ သည်းခံကြပါ။ အဲဒါက မကြာခင်ပြီးသွားလိမ့်မယ်”
နန်ထျန်း၏အသံသည် ထောင်ပေါင်းများစွာသော တောင်တန်းများနှင့် မြစ်များကိုဖြတ်လျက် အလွန်ဝေးသည့် နေရာမှလာသည့် အသံကဲ့သို့ သူတို့နားများအတွင်း ရောက်လာချေသည်။
တုန့်ဖန်းဟွာ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ စွဲလမ်းမှုအား မယုံနိုင်လောက်အောင် ကျေနပ်ရောင့်ရဲနေမှုကြောင့် ဖြစ်ပေါ်လာသည့် အပြုံးပင်ဖြစ်သည်။ သူသည် ခြေလှမ်းကျဲများနှင့် စုမင်ကို ဖြတ်လျှောက်သွားပြီးနောက် အနီရောင်မြေပြင်ကို ကြည့်မိလေ သူ့မျက်နှာပေါ်ရှိအပြုံးက ပို၍ ကျယ်ပြန့်လာလေလေပင် ဖြစ်သည်။
အနီရောင်မြေပြင်ပေါ်၌ သူသည် ရုပ်နယ်လွန်အဆင့်သို့ အောင်အောင်မြင်မြင် ရောက်ရှိသွားသည့် မိမိကိုယ်ကို မြင်နေရသည်။ ထို့နောက် ၁၃ခုမြောက် ကျောရိုးအား အောင်အောင်မြင်မြင် စတေးလိုက်နိုင်ပြီး စစ်မှန်သည့် မာန်စွမ်းအားရှင် အရိုးအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် မာန်စွမ်းအားရှင် ဝိညာဉ်အဆင့်ထိ ဆက်တိုက် အဆင့်ချိုးဖျက် တက်ရောက်သွားသည်ကို မြင်လိုက်ရသည်။
မာန်စွမ်းအားရှင် ဝိညာဉ်အဆင့်သို့ ချိုးဖျက်တက်ရောက် သွားပြီးနောက် ကောင်းကင်ဘုံနှင့် မြေပြင်ကြားတွင်ရပ်လျက် ကောင်းကင်သို့မော့လျက် ရယ်မောနေသည့် သူ့ကိုယ်သူ မြင်လိုက်ရသည်။ မာန်စွမ်းအားရှင် မျိုးနွယ်စုအကုန်လုံးမှ မရေမတွက်နိုင်သော လူများသည် မြေပြင်၌ ဒူးထောက်လျက် ကိုးကွယ်နေကြသည်ကိုလည်း သူမြင်သည်။ ထိုလူများသည် သူ့အား လေးစားစွာကြည့်နေကြသည်။ ထို့နောက် သူတို့သည် မာန်စွမ်းအားရှင် ဝိညာဉ်အဆင့်သို့ ရောက်ရှိသွားချိန်တွင် သူ့ကိုယ်ပိုင် မာန်စွမ်းအားရှင်တို့၏ နတ်ဘုရားရုပ်တုအား ဖန်တီးနေသည့် တုန့်ဖန်းဟွာအား ကြည့်နေခဲ့ကြသည်။
စုမင်သည် တိတ်ဆိတ်စွာ ဆက်လျှောက်နေခဲ့ပြီး မှုန်မှိုင်းသည့် အကြည့်တစ်ခုက သူ့မျက်လုံးများအတွင်း ရှိနေချေသည်။ သူရှေ့သို့ လျှောက်လှမ်းနေစဉ်မှာပင် အနီရောင်မြေပြင်သည် သူ့အား သူ၏မျိုးနွယ်စုနှင့် ရင်းနှီးကျွမ်းဝင်နေသည့် နက်မှောင်တောင်တို့အား မြင်စေလိုက်သည်။
လေ့ချန်သည် ကလေးကလားဆန်ဆန် ရယ်မောနေသည်ကိုလည်း သူမြင်ရသည်။ လျိုတိသည်လည်း အိမ်တစ်အိမ်ရှေ့တွင် ထိုင်လျက် မျက်လုံးများကိုပိတ်လျက် ရွှင်းဖြင့် သီချင်းတစ်ပုဒ် တီးခတ်နေသည်ကိုလည်း သူမြင်ခဲ့သည်။
ချန်းရှန်းသည် လှပစွာပြုံးနေပြီး ပေလင်း၏လက်ကို ကိုင်ထားသည်ကိုလည်း သူမြင်ခဲ့ရသည်။ ပေလင်းသည် သူ့အား နောက်ကျောပေးထားပြီး လေသည် ဆံပင်တို့အား ဖြတ်တိုက်လျက်ရှိနေသည် ...
သူ ဝူလကိုလည်း မြင်သည်။ အရမ်းကြီးလှပသည်ဟု မယူဆနိုင်သည့် ထိုမိန်းကလေး၏ မျက်နှာပေါ်တွင် သွေးတို့ဖုံးလွှမ်းလျက် သူ့လက်မောင်းအတွင်း လဲလျောင်းနေရင်းမှ မော့စုဆိုသည့် အမည်ကို တီးတိုးပြောဆိုနေခဲ့သည်။
ပီပီဆိုသည့် ခွေးကလေးအား ကိုင်ထားသည့် ကလေးမလေးကိုလည်း သူမြင်သည်။ သူမသည် မျက်လုံးများကိုမှိတ်လျက် ကလေးငယ်တစ်ဦး၏ နူးညံ့သိမ်မွေ့သော အသံဖြင့် သူ့နားရွက်နားသို့ ကပ်လျက် တိုးတိုးလေး ပြောလာသည်။
“အစ်ကိုကြီး စုမင်၊ သမီးမှာ လျှို့ဝှက်ချက်တစ်ခု ရှိတယ်။ အစ်ကိုကြီး ပြန်လာရင်၊ သမီးပြောပြမယ်”
သူ အကြီးအကဲကိုလည်း မြင်ခဲ့သည် ...
ပိုင်လင်းသည် လေများတိုက်ခတ်နေသည့် နှင်းများအကြားတွင် တစ်ဦးတည်း မတ်တတ်ရပ် နေသည်ကိုလည်း သူမြင်ရသည် ... သူမ ဆံပင်များသည် တဖြည်းဖြည်း ဖြူဖွေးသွားသည်ကိုလည်း သူမြင်သည်။ နှင်းမုန်တိုင်းသည် တဖြည်းဖြည်း ကြီးမားလာပြီး သူ့အမြင်အာရုံကို ဖုံးကာရန်ကြိုးစားသော်ငြား ပိုင်လင်း၏ မျက်နှာပေါ်မှ မျက်ရည်များအား သူမမြင်နိုင်သည် အထိတော့ မတားဆီးနိုင်ခဲ့ပေ။
စုမင် သူ့နှုတ်ခမ်းတို့ကို ကိုက်လိုက်မိသည်။ ထိုပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ မြင်ကွင်းများသည် အနီရောင်မြေပြင်ပေါ်တွင် သူ့အားတစ်ခုပြီးတစ်ခု ပြသလျက်ရှိသည်။ ထိုအချိန်တွင် သူရုတ်တရက် တုန်လှုပ်သွားသည်။ ဧရာမအနက်ရောင် လက်ကြီးသည် ကောင်းကင်မှနေ၍ မြေပြင်ရှိ မြင်ကွင်းများပေါ်သို့ ဆင်းသက်လာသည်ကို သူမြင်လိုက်သည်။ ခွန်အားကြီးမားသည့် လှိုင်းတစ်ခုဖြင့် ရိုက်ခတ်ခံလိုက်ရပြီးလျှင် အကျွမ်းတဝင် ရှိသူများနှင့် အကျွမ်းတဝင်ရှိသော မြင်ကွင်းများ အားလုံးသည် ပြိုပျက်သွားတော့သည်။
ထိုကျိုးပဲ့နေသည့် အစိတ်အပိုင်းများ နောက်တွင်တော့ မှောင်မည်းနေသည့် လေဟာနယ်တစ်ခုရှိပြီး ထိုလေဟာနယ် အတွင်း၌တော့ မျက်လုံးတစ်စုံ ရှိနေသည်။
ထိုမျက်လုံးတို့သည် သူ့အား အေးစက်စွာ စိုက်ကြည့်လျက်ရှိသည်။ ၎င်းတို့သည် နှလုံးသားကင်းမဲ့ နေခဲ့သည်မှာ ကမ္ဘာပေါ်ရှိ စိတ်ခံစားချက်များ အားလုံးသည် သူတို့အတွင်း၌ တည်ရှိမနေသကဲ့သို့ပင် ဖြစ်သည်။
“မင်း တကယ် ... ငါ့ကို စိတ်ပျက်အောင် လုပ်လိုက်တာပဲ…”
စုမင် စိတ်နှလုံးသည် တုန်ခါသွားပြီး သူမည်သည့်အချိန်ကမျှ ခံစားဖူးခဲ့ခြင်းမရှိသည့် စိုးရိမ်ကြောက်ရွံ့မှု လှိုင်းလုံးကြီးတစ်ခုသည် စုမင်အား ရိုတ်ခတ်သွားပြီး သူ၏မိန်းမောတွေဝေနေမှုမှ ချက်ချင်း နိုးထစေလိုက်သည်။ သူသည် ဥမင်အတွင်းရှိ လမ်းကြောင်းပေါ်၌သာ ရှိနေဆဲဖြစ်ပြီး ခြေထောက်အောက်မှ မြေကြီးသည်လည်း နီစွေးလျက်ပင် ရှိနေသေး၏။
နန်ထျန်းသည်လည်း ရွေ့လျားခြင်းမရှိ မျက်လုံးတို့အား စေ့ပိတ်ထားပြီး သူ၏အမူအရာသည် မယုံနိုင်လောက်အောင် ထူးဆန်းနေ၏။ တစ်ခါတစ်ရံတွင် ပြုံးလျက် တစ်ခါတစ်ရံတွင် ရှုံ့မဲ့နေသည်။ တစ်ခါတစ်ရံတွင်တော့ သူ့စီမံမှု၊ လိုအင်ဆန္ဒများ ပြည့်ဝသွားမှုကြောင့် မယုံနိုင်လောက်အောင် တင်းတိမ်ရောင့်ရဲသွားပုံ ပေါ်နေပြန်သည်။
ရွှမ်းလွမ်သည် ကြောက်မက်ဖွယ် အမူအရာနှင့် နံရံကိုမှီလျက် ရပ်နေသည်။ သူ၏ထိုအမူအရာတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အမြွက်တို့ ပါဝင်နေသကဲ့သို့ ကူရာမဲ့နေသည့် အရိပ်အမြွက်များလည်း ပါဝင်နေချေသည်။
ချူးနုသည် မြေပေါ်တွင် ဒူးထောက်လျက် ကြမ်းတမ်းစွာ တုန်ယင်နေသည်။ သူသည် ဒေါသများဖြင့် လောင်ကျွမ်းနေသကဲ့သို့ မျက်လုံးအတွင်း၌ လူသတ်လိုသည့်အသိတို့ ပြည့်နှက်နေသော်လည်း ထိုဒေါသတွင် အားနည်းမှုတို့ ပါဝင်နေသယောင်ပင် ဖြစ်သည်။
တုန့်ဖန်းဟွာသည်ကား ရူးသွပ်သွားဟန်တူသည်။ မျက်နှာပေါ်တွင် စိတ်ကျေနပ်မှုတို့ ပေါ်လွင်နေပြီး ဝင့်ကြွားသည့် အကြည့်နှင့်အတူ ကျယ်လောင်စွာ ရယ်မောလျက် ရှေ့နောက် လျှောက်နေချေသည်။ သူသည် သူ့ကိုယ်ပိုင်ကမ္ဘာအတွင်း နစ်မြုပ်လျက်ရှိပြီး နိုးထချင်ဟန်မရပေ။
စုမင် ထိုလူများအားကြည့်ရင်း ပြင်းပျသည့် စိတ်ဆန္ဒတစ်ခုက ဖြစ်ပေါ်လာသည်။ သူသာ ၎င်းတို့အား ယခုတိုက်ခိုက် လိုက်မည်ဆိုလျှင် ရွှမ်းလွမ်နှင့် နန်ထျန်းအပါအဝင် အကုန်လုံးအား အားတစ်ချက် ထုတ်စရာမလိုပဲနှင့်ပင် သတ်ပစ်လိုက်နိုင်ပေသည်။
‘နန်ထျန်းက သူ့ကိုယ်သူ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေထဲကို နစ်မြုပ်ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ သူက သတိပျောက်ဆုံးနေပြီးတော့ ပုံရိပ်ယောင်ထဲမှာ နစ်မြုပ်နေတယ် ... သူက ဒီနေရာကို အရင်ကအကြိမ်ကြိမ် လာခဲ့ဖူးတယ်။ အခုလို အမှားမျိုးကို သူလုပ်မှာ မဟုတ်ဘူး…’
‘အဲဒီလိုသာဆိုရင်တော့ သူက ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာဖြစ်ရင်ဖြစ် ... မဟုတ်ရင် ဒီနေရာနဲ့ ပတ်သက်ပြီး သူမသိတဲ့ ပြောင်းလဲမှု တစ်ခုကြောင့်ပဲ’
စုမင် မျက်လုံးတို့ကို မှိတ်လိုက်ရင်း အနီရောင်မြေပြင်ပေါ်သို့ သူပထမဆုံး ခြေချခဲ့မိချိန်တွင် သူ့စိတ်တွင်း၌ ဖြစ်ပေါ်လာခဲ့သည့် အိုမင်းနေသည့်အသံအား သတိရလိုက်မိသည်။
သူ ပုံရိပ်ယောင်အတွင်း ကျရောက်သွားစဉ်က မြင်ခဲ့ရသည့် အရာများကိုလည်း သတိရလိုက်သည်။ ထိုအရာများအားလုံးသည် အမှောင်ထုထဲမှ အဖက်မလုပ်ဟန် မျက်လုံးများနှင့် အဝေးမှလာပုံရသည့် စကားများ ပေါ်လာသည့်အခါ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။
‘ငါ့ကြောင့် ဒီနေရာမှာ အပြောင်းအလဲတွေ ဖြစ်လာတာလား။ ဟန်တောင်တန်းရဲ့ဘိုးဘေး၊ သင်က ဘာအကြောင်းပြချက်တွေ အတွက်များ ဒီလိုလုပ်ရတာလဲ’
စုမင် မျက်လုံးတို့ကိုဖွင့်လျက် ရှေ့သို့ကြည့်လိုက်သည်။ ဥမင်၏အဆုံးသည် သူတို့ရှေ့တွင် ရှိနေခဲ့ပြီးဖြစ်သည်။ သူ့ရှေ့တွင် ချောမွတ်သည့် ကျောက်တုံးနံရံတစ်ခုရှိပြီး များစွာသော အမြှောင်းအမြှောင်း လမ်းကြောင်းများဖြင့် ရှုပ်ထွေးသော ရုပ်ပုံတစ်ခုအား နံရံပေါ်တွင် ထွင်းထုထားလေသည်။
အနက်ရောင် အလင်းလှိုင်းများသည် ကျောက်တုံးနံရံမှ တောက်ပလျက်ရှိပြီး စုမင်၎င်းကို ကြည့်လိုက်မိချိန်တွင် အင်အားကြီးသည့် တန်ပြန်စွမ်းအားတစ်ခု ထိုအရာမှ ထွက်ပေါ်နေသည်ကို ခံစားလိုက်ရသည်။
“ဒီနေရာက စည်းတံဆိပ် ချိပ်ပိတ်ထားတဲ့ နေရာဖြစ်လိမ့်မယ်”
စုမင် ရေရွတ်လိုက်သည်။
သူ့အကြည့်တို့အား ချူးနု၊ တုန့်ဖန်းဟွာ၊ ရွှမ်းလွမ်နှင့် နန်ထျန်းတို့အပေါ်သို့ ပြန်ရွှေ့ကြည့်လိုက်သည်။ တစ်နည်းနည်းဖြင့် ထိုလူ၄ယောက်၏ အပြုအမူနှင့် သဘောထားများထဲတွင် တစ်ခုခုရှိနေကြောင်း သူပြောနိုင်သည်။
‘သူတို့က ငါနဲ့ အတူတူပဲ။ ဒီအနီရောင် မြေပြင်ကနေပြီးတော့ ထူးခြားတဲ့ တစ်စုံတစ်ရာကို သူတို့ မြင်နေကြတာပဲ’
စုမင် တိတ်ဆိတ်သွားမိသည်။ မျက်လုံးတစ်စုံနှင့် ထိုစကားလုံးများသည် သူ့စိတ်တွင်း၌ စွဲထင်နေသည်။
“မင်းတကယ် ... ငါ့ကို ... စိတ်ပျက်အောင် လုပ်လိုက်တာပဲ…”
ထိုအသံတွင် စိတ်လှုပ်ရှားမှု အရိပ်အမြွက်ပင် ပါဝင်နေခြင်းမရှိပဲ ဘယ်သောအခါမျှ အရည်ပျော်မည် မဟုတ်သည့်ရေခဲကဲ့သို့ အေးစက်နေခဲ့သည်။
‘အဲဒီစကားတွေနဲ့ အဲဒီအကြည့် ... သူတို့က ဘာလို့ ငါ့ရဲ့ ပုံရိပ်ယောင်အာရုံထဲမှာ ပေါ်လာရတာလဲ။ ငါကရော ဘာလို့ အဲဒီစကားလုံးတွေကို ကြားတဲ့အချိန်မှာ အရမ်းစိတ်လှုပ်ရှား သွားခဲ့ရတာလဲ…။ ငါတကယ်ပဲ စိတ်လှုပ်ရှားသွားခဲ့တယ် ... ပြီးတော့ အရမ်းလည်း ကြောက်ရွံ့သွားခဲ့တာ…’
စုမင် သတ်ဖြတ်ရန် မရွေးချယ်ခဲ့ပေ။ ထိုအစား နေရာတွင်ပင် မတ်တတ်ရပ်လျက် တုန့်ဖန်းဟွာအား အရင်ကြည့်လိုက်သည်။ ထူးခြားစွာ ကျေနပ်ရောင့်ရဲနေသည့် အမူအရာဖြင့် ရှေ့နောက်လျှောက်နေသည့် သူ့အား သေချာစူးစမ်း ကြည့်လိုက်သည်။
‘ငါတို့ မြင်ရတဲ့အရာတွေက မတူညီကွဲပြားတယ်။ ဒါပေမဲ့ တွေ့ကြုံရတဲ့ အတွေ့အကြုံတွေကတော့ အတူတူပဲ။ ငါ သူတို့ဆီက အဖြေရှာတွေ့ကောင်း တွေ့နိုင်လိမ့်မယ်…’
***