← Chapters

ကံကြမ္မာ

Vol. 12 Ch. 158

ကံကြမ္မာ

Vol. 12 Ch. 158

တုန့်ဖန်းဟွာသည် စုမင်ရှေ့၌ ရှေ့နှင့်နောက် လျှောက်လျက်ရှိသည်။ သူ၏ ပျော်ရွှင်မှုတို့ ပြည့်နှက်နေဟန်ရသည့် ကျယ်လောင်သော ရယ်မောသံသည် သူ၏ပုံမှန် ပြုမူနေကြ အပြုအမူ၊ ပုံစံများနှင့် လုံးဝကွဲပြားနေခဲ့ပြီး ထိုအချိန်တွင် သူသည် အခြားသူတစ်ယောက် ဖြစ်သွားသကဲ့သို့ပင် ဖြစ်သည်။ မျက်နှာပေါ်ရှိ ဂုဏ်ယူနေသည့် အမူအရာနှင့် တောက်ပနေသည့် မျက်လုံးများသည် သူ့နှလုံးသားအတွင်းရှိ လျှို့ဝှက်ချက်များအား လှစ်ဟပြနေသည်။

“ဒီနေ့၊ ငါဟာ မာန်စွမ်းအားရှင် ဝိညာဉ်အဆင့်ကို ရောက်ရှိသွားခဲ့ပြီ။ မင်းတို့အားလုံးဟာ ငါ့ရဲ့အခမ်းအနားကို တက်ရောက်လာခဲ့ကြတဲ့ အတွက် မာန်စွမ်းအားရှင် ဝိညာဉ်အဆင့်ကို ရောက်နေတဲ့ မာန်စွမ်းအားရှင် တစ်ယောက်ဟာ သူ့ရဲ့ ကိုယ်ပိုင် မာန်စွမ်းအားတို့၏ နတ်ဘုရားရုပ်တုကို ဘယ်လိုဖန်တီးမလဲဆိုတာ မင်းတို့ကို မြင်တွေ့ခွင့်ပေးမယ်”

တုန့်ဖန်းဟွာသည် ကျယ်လောင်စွာ ပြောလိုက်ပြီး လက်များအား မြှောက်လိုက်သည်။

စုမင် တုန့်ဖန်းဟွာအား တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ သူသည် ဤလူနှင့်ပတ်သက်၍ နက်ရှိုင်းစွာ နားလည်ထားခြင်း မရှိသော်ငြား လွန်ခဲ့သည့်ရက် အနည်းငယ်အတွင်း ပြောဆိုဆက်ဆံခဲ့မှုများမှ တစ်ဆင့် သူနှင့်ပတ်သက်၍ စုမင် သတိထားမိထား ခဲ့သည်များရှိ၏။ ထိုလူသည် ပိုမိုသန်မာလာချင်ပြီး တစ်ချိန်တည်းမှာပင် သူ့ထက် အားနည်းသူများထံမှ လေးစားအားကျခံလိုသည့် ဆန္ဒတို့ရှိချေသည်။

‘သူ့ရဲ့ အခုအပြုအမူတွေက သူ့ရဲ့ အစစ်အမှန်ကိုယ်တိုင်ကို ရောင်ပြန်ဟပ်နေတာပဲ ... ဒါပေမဲ့ ဒါတွေက ငါမြင်ခဲ့ရတဲ့ ပုံရိပ်ယောင်တွေနဲ့ ဆင်တူနေတာလား’

စုမင်သည် တုန့်ဖန်းဟွာအား တိတ်ဆိတ်စွာဆက်၍ လေ့လာကြည့်ရှုနေခဲ့သည်။ အချိန်အတော် ကြာသွားချိန်တွင်တော့ အကြည့်တို့အား ချူးနုထံသို့ ရွှေ့လိုက်ချေသည်။

ချူးနုသည်  မျက်နှာပေါ်တွင် ရက်စက်သော အမူအရာဖြင့် မြေပေါ်တွင် ဒူးထောက်လျက် ခက်ထန်ကြမ်းတမ်းစွာ အော်ဟစ်ညည်းညူလျက် ရှိသည်။ သူ၏ ဒေါသတကြီး ပြောဆိုနေသံများကို ကြားရသူများအဖို့  သူသည် ရူးသွပ်စွာ သတ်ပုတ်ပွဲများအတွင်း ကျရောက်နေသကဲ့သို့ ခံစားရမည်ဖြစ်သည်။ သို့သော်ငြား သူ့မျက်လုံးအတွင်းမှ အားနည်းမှုနှင့် ပြတ်တောင်းပြတ်တောင်း တောက်ပနေသည့် အလင်းတို့သည်တော့ သူ့အပြုအမူများနှင့် ဆန့်ကျင်နေချေသည်။

“အကယ်၍ ငါတို့ ဒီနေရာမှာမြင်ရတာတွေက ကိုယ့်ရဲ့စစ်မှန်တဲ့ပုံစံကို ရောင်ပြန်ဟပ်နေတာဆိုရင် ချူးနုကတော့  ... သူက သူ့ရဲ့နာမည်မှာပါတဲ့ နု(ဒေါသ) ဆိုတဲ့စကားလုံးနဲ့များ အတူမွေးဖွားလာခဲ့တာလား ဆိုတာ ငါသိချင်မိတယ်။ အဲဒီလိုမဟုတ်ဘူး ဆိုရင်တော့ သူက သူဒေါသကိုလိုအပ်တယ်လို့ ယုံကြည်တယ်ဆိုတဲ့ သဘောလား…”

“သူက ဒေါသကို အများဆုံး လိုအပ်တာဆိုရင်၊ သူ့မှာ ဒေါသမရှိဘူးလို့ ဆိုလိုနေတာပဲ…”

စုမင် တီးတိုးရေရွတ်လိုက်သည်။

သူ တစ်စုံတစ်ခုအား ဖမ်းဆုပ်လိုက်နိုင်သည်ဟု ခံစားရသော်လည်း ထိုအတွေးများကို တစ်စုံတစ်ခုဖြင့် ဖုံးကွယ်ထားသကဲ့သို့ ဝိုးတဝါးဖြစ်နေဆဲပင် ဖြစ်သည်။

‘ငါကရော ဘာကိုအများဆုံး လိုအပ်တာလဲ…”

စုမင်မျက်လုံးတို့ကို ပိတ်လိုက်ပြီး အချိန်အတော် ကြာသွားချိန်တွင်မှ ပြန်ဖွင့်လိုက်ကာ နန်ထျန်းအား ကြည့်လိုက်သည်။

နန်ထျန်းသည် မျက်လုံးများ ပိတ်လျက်ရပ်နေပြီး သူ့အမူအရာများသည် အဆက်မပြတ် ပြောင်းလဲလျက်ရှိသည်။ ဂုဏ်ယူခြင်း၊ စက်ဆုပ်ရွံရှာနေခြင်း၊ ညို့မှိုင်းသွားမှုများနှင့် အေးစက်စက် သရော်ပြုံးများသည် ရောထွေးဖြစ်ပျက် နေသော်လည်း အချိန်အများစုတွင်တော့ သူ့မျက်နှာတွင် ဂုဏ်ယူမှုတို့သာ ဖြစ်ပေါ်နေလေသည်။

“ဒီလူက တခြားသူတွေအပေါ်မှာ အကြံအစည်ချတာ၊ အစီအစဉ်ဆွဲရတာတွေကို သဘောကျတယ်။ ငါသူ့အနားမှာ အချိန်အတော်ကြာ မနေခဲ့ဖူးပေမဲ့ ဖြစ်ပျက်ခဲ့တဲ့အရာတွေ ကနေတစ်ဆင့် ငါပြောနိုင်တာက ဒီလူက သူ့ရဲ့ ဉာဏ်ရည်နဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချမှု လွန်ကဲနေတဲ့သူ ဆိုတာပဲ။ တခြားသူတွေနဲ့ ပတ်သက်ပြီး သူရှာတွေ့တဲ့ သဲလွန်စတွေကနေ တစ်ဆင့် အကုန်လုံးကို သူထိန်းချုပ်နိုင်တယ်လို့ သူကအမြဲခံစားနေရတာပဲ။ ပြီးရင်တော့ အခြားသူတွေက ရွေးချယ်စရာမရှိပဲနဲ့ သူ့ရဲ့ဆန္ဒနောက်ကို လိုက်ကြရလိမ့်မယ်”

စုမင် နန်ထျန်းမျက်နှာပေါ်ရှိ အမူအရာအမျိုးမျိုးကို ကြည့်လိုက်ပြီးနောက် သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်သည်။

“ပြီးတော့ သူ…”

စုမင်အကြည့်သည် ရွှမ်းလွမ် အပေါ်သို့ ကျရောက်သွားသည်။

“သူက အကြင်နာမဲ့ပြီး ရက်စက်တဲ့သူပဲ။ အဲဒါက ဟယ်ဖုန်း ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို စိန်ခေါ်ချိန်တုန်းက ဟယ်ဖုန်းမိသားစုရဲ့ စိတ်ဝိညာဉ်တွေကို ထုတ်ယူပြီး တစ်ဦးချင်းစီ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခဲ့ချိန်တည်းက ထင်ရှားခဲ့တာပဲ”

“သူက ကြမ်းကြုတ်ပြီး ရက်စက်တဲ့သူဖြစ်ပြီး သူနဲ့ ထင်မြင်ချက် သဘောထားချင်း မတိုက်ဆိုင်တဲ့သူဆိုရင် သတ်ပစ်လိမ့်မယ်။ သူက ရုပ်နယ်လွန် အဆင့်မှာရှိတဲ့ စွမ်းအားကြီး မာန်စွမ်းအားရှင် ဖြစ်ပြီးတော့ သွေးကြောကျောက်သား အဆင့်မှာရှိတဲ့သူတွေရဲ့ အပေါ်မှာပဲ။ သူ့ရဲ့ ပင်ကိုစရိုက်အရ၊ သူ့ဘဝမှာ လူတွေအများကြီးကို သတ်ခဲ့တာဖြစ်ရမယ်…”

ရွှမ်းလွမ်သည် သတ်ဖြတ်သူ တစ်ယောက်ကဲ့သို့ သတ်ဖြတ်ရခြင်းကို နှစ်သက်သကဲ့သို့ သူ့မျက်နှာပေါ်မှ ရက်စက် ကြမ်းကြုတ်မှုများကို စုမင်မြင်လိုက်ရသည်။ ထိုရက်စက်ကြမ်းကြုတ်မှုများ အောက်တွင်တော့ မမျှော်လင့်မိသည့် အကူအညီမဲ့မှု အရိပ်အမြွက်တို့ ရှိနေချေသည်။

“ငါ အခု နားလည်သွားပြီ…”

စုမင် အသက်ပြင်းပြင်း ရှူလိုက်ရင်း တီးတိုးရေရွတ်လိုက်သည်။

စုမင်သည် မူလကပင် ဉာဏ်ရည်ထက်မြက်သူ ဖြစ်ပြီး လူလေးယောက် ပြသခဲ့သည့် အမူအရာများနှင့် လုပ်ရပ်များကို ပေါင်းစပ်တွေးတော လိုက်သောအခါတွင်တော့ သူရှာဖွေနေသည့်အဖြေကို ရှာမတွေ့နိုင်စရာ မရှိတော့ချေ။

“မင်း ဂုဏ်အယူရဆုံးအရာက မင်းမှာ အကင်းမဲ့ဆုံးအရာပဲ”

“ဘာပဲဖြစ်နေနေ မင်းနဲ့ပတ်သက်ပြီး တခြားသူတွေကို အသိစေချင်ဆုံးအရာက မင်းအပိုင်ဆိုင်ချင်ဆုံး အရာပဲ”

“ရွှမ်းလွမ်က ကြမ်းကြုတ်ပြီး ရက်စက်တတ်တယ်။ သူ့ရဲ့ သွေးဆာတဲ့ ဆန္ဒက သူ့မှာ အရိုးစွဲနေခဲ့ပြီ။ ဒါက သူဂုဏ်ယူရတဲ့ အရာဖြစ်ပြီးတော့ တခြားသူတွေကို သူနဲ့ပတ်သက်ပြီး သိစေချင်တဲ့အရာပဲ။ အမှန်တရားကတော့ အဲဒီအရာက သူ့မှာ အကင်းမဲ့ဆုံးအရာ ဖြစ်နေတာပဲ။ သူ လူတွေအများကြီးကို သတ်ချင်သတ်ခဲ့လိမ့်မယ်။ ဒါပေမဲ့ ဒါတွေအကုန်လုံးက သူ့ရဲ့ အားကိုးရာမဲ့မှုကို ဖုံးကွယ်ဖို့သက်သက်ပဲ”

“သူလုံခြုံတယ်လို့ မခံစားရဘူး။ ဒါက ဘာကြောင့် သူ့ရဲ့ သတ်ဖြတ်မှုတွေအကြောင်း လူတွေသိအောင် ဂုဏ်ယူပြစရာလိုတယ်လို့ ခံစားရပြီးတော့ သူက သတ်ဖြတ်ရတာ သဘောကျကြောင်းကို လူတွေသိသွားချိန်ကြရင် သူ့ကို ရက်စက် ကြမ်းကြုတ်တယ်လို့ မြင်သွားကြအောင်လို့ပဲ။ ဒါက သူ့နှလုံးသားထဲမှာ ခံစားနေရတဲ့ ကြောက်ရွံ့မှုတွေကို ဖုံးကွယ်ထားနိုင်ဖို့ သူ့ကို ကူညီပေးနေတဲ့ သဘောမျိုးပဲ”

“သူက ရက်စက်ကြမ်းကြုတ်မှုကို လိုအပ်တယ်။ ဒါက သူဘာကြောင့် ရက်စက် ကြမ်းကြုတ်မှုတွေကို မြင်ရတာလဲဆိုတာပဲ။ ဒါပေမဲ့ သူက ကြောက်ရွံ့ပြီးတော့ မလုံခြုံဘူးလို့ ခံစားနေရတာကြောင့် သူ့မျက်နှာပေါ်မှာ ခိုကိုးရာမဲ့မှု အရိပ်အမြွက်အချို့ ရှိနေတာပဲ”

စုမင် ရေရွတ်လိုက်သည်။

သူ ယခုတော့ နားလည်သွားခဲ့ပြီဖြစ်သည်။

“နန်ထျန်းက အခြားသူတွေကို သူ့ရဲ့ လိမ္မာပါးနပ်မှု ညဏ်ကောင်းမှုတွေကို အများဆုံး သိစေချင်တယ်။ အမှန်ကတော့ အဲဒါတွေက သူ့မှာ ကင်းမဲ့နေခဲ့တာပဲ…”

“သူက အရမ်းတွက်ချက်တတ်တဲ့ သူဖြစ်ကြောင်း အခြားသူတွေကို သိစေချင်တယ်။ ဒါပေမဲ့ ဒါကပဲ သူဘာကို အလိုရှိနေလဲဆိုတာ ဖော်ပြနေခဲ့တယ်”

“ချူးနုကတော့ နာမည်မှာကိုပဲ ဒေါသဆိုတဲ့စကားလုံးက ပါနေတယ်။ သူက သူ့ကိုယ်သူလည်း ကြမ်းတမ်းတဲ့ စရိုက်လက္ခဏာ ရှိသူတစ်ယောက်အဖြစ်ပဲ ဖော်ပြထားခဲ့တယ်။ ဒါကပဲ သူဂုဏ်ယူရတဲ့အရာ ဖြစ်ပြီးတော့ အခြားသူတွေကိုလည်း သိရှိစေချင်တဲ့အရာပဲ  ... အဲဒါကပဲ သူအလိုချင်ဆုံး အရာဖြစ်နေခဲ့တယ်။ ဘာလို့ဆို အမှန်တော့ သူ့နှလုံးသားထဲမှာ သူက အရမ်းအားနည်းပြီး ပျော့ညံ့တဲ့သူတစ်ယောက် ဖြစ်နေတာကြောင့်ပဲ”

စုမင် ချူးနုမျက်နှာထက်ရှိ ဒေါသထွက်နေသည့် အမူအရာအောက်မှ ကြောက်ရွံ့မှုကိုကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။

‘ငါအခု အမှန်တကယ်ကို နားလည်သွားပြီ။ သူတို့ကြောင့် ငါ့စိတ်ထဲမှာ ဘာရှိနေလဲဆိုတာကို သိလိုက်ရတယ်’

စုမင် သူ့ဘေးမှ ကျောက်တုံးနံရံကို မှီလိုက်ပြီး ညှိုးရော်စွာပြုံးလျက် ဥမင်ခေါင်မိုးအား မော့ကြည့်လိုက်သည်။

‘ငါက အမြဲတမ်း သီးသန့်နေပြီးတော့ ငါ့ကိုယ်ငါ တည်ငြိမ်အောင် လုပ်ခဲ့တယ်။ အဲဒါက ငါ့မှာ ချို့တဲ့နေတဲ့အရာ ဖြစ်ပြီးတော့ ငါဆန္ဒရှိနေတဲ့ အရာပဲ  ... ငါက အမြဲတမ်း မျိုးနွယ်စုအကြောင်းကို စဉ်းစားဖို့ ငြင်းဆန်ခဲ့တယ်။ လျစ်လျူရှုတာကို အကာအကွယ် တစ်ခုအဖြစ် အသုံးချခဲ့တယ်။ ဒါပေမဲ့ အမှန်ကတော့ အဲဒီအရာက ငါ့နှလုံးထဲက အထိခိုက်လွယ်ဆုံး မှတ်ဉာဏ်ပဲ’

‘ငါ့ရဲ့ မှတ်ဉာဏ်အချို့ကို အမှန်တကယ် မေ့သွားခဲ့တာ ဖြစ်နိုင်တယ် ... ဒီသွေးနီရောင် လမ်းကြောင်းပေါ်မှာ ငါမြင်ခဲ့ရတဲ့ ပုံရိပ်ယောင်တွေ၊ အဆုံးမှာ ပေါ်လာတဲ့ မျက်လုံးတွေနဲ့၊ ငါကြားခဲ့ရတဲ့ စကားလုံးတွေ ဘာလို့ သူတို့တွေက ငါ့ကို အရမ်းစိတ်လှုပ်ရှား ကြောက်ရွံ့စေရတာလဲ  ... ဖြစ်နိုင်တာက ဒါတွေကများ ငါ့နှလုံးသား အနက်ရှိုင်းဆုံး အပိုင်းထဲက တခြားသူတွေကို ရှာမတွေ့စေချင်တဲ့ အရာတွေများ ဖြစ်နေမလား…’

‘ရွှမ်းလွမ်ရဲ့ အကြောက်တရားနဲ့ ချူးနုရဲ့ အားနည်းချက်တွေလိုမျိုးပဲ’

‘ဒါဆိုရင် ဘယ်အရာကများ ငါအလိုအပ်ဆုံးလဲ…’

စုမင် သူ့ကိုယ်သူ ပြန်မေးလိုက်မိသည်။ သို့သော် သူမကြာခင်မှာပင် အဖြေကို ရှာတွေ့သွားခဲ့သည်။ ထိုမေးခွန်းကို သူ့ခေါင်းအတွင်း၌ သူ့ကိုယ်သူ မေးလိုက်မိစဉ်တွင် မျက်လုံးများ၏ ပုံရိပ်နှင့် စကားလုံးများသည် သူ့စိတ်အတွင်း ပေါ်လာခြင်းကြောင့်ပင် ဖြစ်သည်။

“မင်းက  ... ငါ့ကို တကယ် စိတ်ပျက်အောင် လုပ်လိုက်တာပဲ…”

‘ဆိုတော့ ဒါက တကယ့် ငါအစစ်ပေါ့။ ဒါဆိုရင်တော့ အဲဒီအကြည့်က ဘယ်သူ့ဆီကလဲ ဆိုတာ ငါသိချင်မိတယ် ... သူက ဘာလို့ ဒီစကားလုံးတွေကို ပြောခဲ့ရတာလဲ … ငါ ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်တွေက ဘာတွေများလဲ’

‘တကယ်တော့ ... အကယ်၍  ငါသာ အမှန်တကယ် မှတ်ဉာဏ်အချို့ကို ဆုံးရှုံးထားတာဆိုရင် ငါ့ရဲ့မှတ်ဉာဏ်တွေကို တစ်စုံတစ်ယောက်ကများ ပြောင်းလဲပစ်ခဲ့တာများ ဖြစ်နိုင်မလား … အဲဒီလို ဖြစ်ပျက်ခဲ့တာလားဆိုတာ ငါသိချင်မိတယ်…’

စုမင် မျက်လုံးတို့အား ပိတ်လိုက်သည်။ သူ့နှလုံးသားသည်တော့ နာကျင်မှု၊ ကြောက်လန့်မှုများဖြင့် တင်းကျပ်နေခဲ့သည်။ နက်မှောင်တောင်နှင့် ပတ်သက်သည့် မှတ်ဉာဏ်များ ပြောင်းလဲသွားပြီး အချို့သည် ပျောက်ကွယ်သွားကာ ... အချို့သည် အတုအယောင် များဖြစ်နေမည်ကို သူကြောက်သည်။

သူသည် ဤလမ်းကြောင်းအား လျှောက်လှမ်းချိန်မှစ၍ နစ်မြုပ်ပျောက်ဆုံး သွားသလိုခံစားရသည်။ ၎င်းမှာ သူသည် ပြောင်းလဲသွားသကဲ့သို့ မရေမရာခံစားချက်မျိုး ဖြစ်နေသော်လည်း ထိုအရာက အမှန်တကယ် ဖြစ်နေနိုင်သည်။

အချိန်မည်မျှ ကြာသွားချိန်မ သိသည့်နောက်တော့ တုန့်ဖန်းဟွာသည် ကျယ်လောင်စွာ ရယ်မောနေခြင်းမှ ရပ်တန့်သွားသည်။ ထိုအစား ကြောက်ရွံ့မှုတစ်ခုသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး ဖြစ်ပေါ်သွားပြီးနောက် ခဏတာ မှင်တက်သွားပြီး ချိန်တွင်တော့ စုမင်ဘေး၌ ထိုင်ချလိုက်ပြီး ခေါင်းကို ငုံ့ထားလိုက်သည်။ သူ့မျက်နှာတွင်တော့ ဝေခွဲမရ ရှုပ်ထွေးနေဟန်တို့က အထင်းသားပင်။

ချူးနုသည်လည်း ဒေါသတကြီး အော်ဟစ်နေခြင်းကို ရပ်တန့်လိုက်ပြီဖြစ်သည်။ သူ့မျက်နှာပေါ်ရှိ ဒေါသတို့သည်လည်း ပျောက်ကွယ်သွားကာ တစ်စုံတစ်ရာအား တွေးတောမိနေသကဲ့သို့ ဗလာအကြည့်ဖြင့် ဘေးတွင်ထိုင်ချလိုက်သည်။

နန်ထျန်း တုပ်လှုပ်သွားမိသည်။ သူအမှား လုပ်မိသွားခြင်းလား မသိပေ။ ထိုအရာများအားလုံးသည် အစစ်အမှန်မဟုတ်ပဲ ပုံရိပ်ယောင်များသာ ဖြစ်သည်ဟု သူယုံကြည်လိုသော်ငြား သူ့အား တည်ငြိမ်စွာကြည့်နေသည့် စုမင်အား မြင်လိုက်ချိန်တွင်တော့ ကြောက်ရွံ့မှုတစ်ခုသည် နန်ထျန်း ခန္ဓာကိုယ်တစ်ခုလုံးအား ဖြတ်ပြေးသွားလေသည်။

‘သူ ပြောင်းလဲသွားပြီ…’

နန်ထျန်း၏ အသက်ရှူသံတို့ လျင်မြန်လာသည်။ စုမင် မည်သို့ ပြောင်းလဲသွားသည်ကို သူရှင်းရှင်းလင်းလင်း မဖော်ပြနိုင်သော်ငြား ယခုသူ့ထံမှလာသည့် မယုံနိုင်လောက်အောင် ထိတ်လန့်တုပ်လှုပ် ဖွယ်ကောင်းသည့် ခံစားမှုမျိုးကိုတော့ ခံစားနေရလေသည်။

ထိုကြောက်ရွံ့မှုသည် စုမင်၏စွမ်းအား၊ ဉာဏ်ရည်များမှလာခြင်း မဟုတ်ပဲ မျက်လုံးများမှလာခြင်း ဖြစ်သည်။ နန်ထျန်းအမြင်တွင်တော့ စုမင်၏အကြည့်သည် ရည်ရွယ်ချက်ရှိရှိ မဟုတ်ပဲ သူမွေးဖွားလာစဉ်ကပင် ထိုပြစ်ဒဏ်ချမှတ်နေသည့် အကြည့်မျိုး အမြစ်တွယ်ထားခဲ့သလိုပင် ဖြစ်နေခြင်းဖြစ်သည်။

တစ်စုံတစ်ယောက်သည် သူ့အား အကြည့်တစ်ချက်နှင့်ပင် သူ့နှလုံးသားအား စိုးရိမ်ပူပန်စွာ တုန်လှုပပ်သွားနိုင် စေလိမ့်မည်ဟု သူဘယ်တုန်းကမျှ မမျှော်လင့်ခဲ့ဖူးပါချေ။

“တစ်ခုခု မှားယွင်းနေလို့လား”

စုမင် အေးအေးဆေးဆေး  မေးလိုက်သည်။

“ဘာ ... ဘာမှ မဟုတ်ပါဘူး…”

စုမင်စကားကို ကြားသောအခါ ပထမဆုံးအနေဖြင့် နန်ထျန်း စိတ်မသက်မသာ ခံစားမိခြင်းဖြစ်သည်။ သူချက်ချင်း ပြန်ဖြေကြားလိုက်မိသည်။

စုမင် မည်သည့်စကားမျှ မဆိုတော့ပဲ မျက်လုံးများ ပြန်ပိတ်လိုက်သည်။

ရွှမ်းလွမ် စုမင်အား ရောထွေးသည့် ခံစားချက်များဖြင့် ကြည့်လိုက်မိသည်။ သူသည်လည်း နန်ထျန်းနှင့်တစ်ချိန်တည်း ပြန်သတိရလာခဲ့ခြင်း ဖြစ်သည်။ သူတွေ့ကြုံလိုက်ရသည့် ခံစားမှုသည်လည်း နန်ထျန်းနှင့် မယုံနိုင်လောက်အောင် တူညီနေချေသည်။ စုမင်၏ တည်ငြိမ်သည့် အကြည့်သည် သူ၏ထင်ယောင်ထင်မှားဖြစ်မှုကို ဖမ်းမိသွားသကဲ့သို့ပင် ဖြစ်သည်။

တကယ်တော့ စုမင် နန်ထျန်းအား ကြည့်လိုက်ချိန်တွင် ရွှမ်းလွမ် နှလုံးသားသည်လည်း တုန်လှုပ်သွားပြီး အသက်ရှူနှုန်းတို့ မြန်ဆန်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူနှင့် နန်ထျန်းကြားတွင်တော့ ခြားနားမှုများ ရှိနေသေးသည်။ သူ ထိုသို့ခံစားလိုက်ရခြင်းမှာ ပုံရိပ်ယောင်အတွင်းမှ နိုးထလာရခြင်းကြောင့် ဖြစ်သည်ဟုသာ ယုံကြည်၏။ စုမင်ပြောင်းလဲသွားခြင်းဟု မထင်ပေ။ သူကိုယ်တိုင်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းသွားခဲ့ခြင်းသာ ဖြစ်သည်ဟု သူရိုးရှင်းစွာ ခံစားလိုက်သည်။

ဘာပဲ ဖြစ်ပျက်နေပါစေ၊ ရွှမ်းလွမ်သည် တိတ်ဆိတ်စွာနေရန်သာ ရွေးချယ်လိုက်ပြီး စကားတစ်ခွန်းမျှမဆိုပဲ ထိုင်ချလိုက်သည်။

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ နှစ်နာရီ ... လေးနာရီ…

ဥမင်၏ အဆုံးတွင်တော့ တိတ်ဆိတ်နေဆဲပင် ဖြစ်သည်။ ချူးနုနှင့် တုန့်ဖန်းဟွာတို့သည် အပြည့်အဝနိုးထနေခဲ့ပြီ ဖြစ်စော်လည်း အိပ်မက်ဆန်ဆန် အမှတ်တရများသည် သူတို့စိတ်ထဲတွင် ရှိနေဆဲဖြစ်ပြီး ပျောက်ကွယ်မသွားချေ။

နာရီပေါင်းများစွာ ကုန်လွန်သွားပြီးချိန်တွင် ရုတ်တရက်ဆိုသလိုပင် ငလျင်အသေးစားလေး တစ်ခုသည် ဥမင်အား တုန်လှုပ်သွားစေသည်။ ပေါက်ကွဲသံများသည် သူတို့အထက်မှပေါ်လာပြီး ဥမင်လိုဏ်ခေါင်းတစ်ခုလုံး ပြိုကျတော့မည်ကဲ့သို့ ဖုန်မှုန့်တို့က အောက်သို့ ကျဆင်းလာကြသည်။

ဥမင်အဆုံးရှိ ကျောက်တုံးနံရံသည် ရုတ်တရက် တောက်ပလာပြီး အချိန်မရွေး ပြိုကွဲသွားတော့မည်ကဲ့သို့ မယုံနိုင်စရာကောင်းစွာပင် မတည်မငြိမ် ဖြစ်လာလေသည်။

ထိုရုတ်တရက် အပြောင်းအလဲသည် ရွှမ်းလွမ်အား စိတ်လှုပ်ရှားသွားစေပြီး စည်းတံဆိပ်အား ကြည့်ရန် ကြိုးစားမိသွားစေသည်။ သူ့နံဘေးတွင် နန်ထျန်းသည်လည်း လေးနက်သည့် အမူအရာဖြင့် ကျောက်တုံးနံရံအား စိုက်ကြည့်နေချေသည်။

ကျောက်တုံးနံရံသည် တံခါးတစ်ချပ်ပင် ဖြစ်သည်။ အတိအကျဆိုလျှင် ဟန်တောင်တန်းဘိုးဘေး ဂူသင်္ချိုင်း၏ သီးသန့်နေရာသို့ ဦးတည်နေသည့် တံခါးတစ်ချပ်ဖြစ်သည်။ ထိုတံခါးသည် ရာစုနှစ်ပေါင်းများစွာ သို့မဟုတ် ထို့ထက် ပိုရှည်ကြာချိန်ကပင် တည်ရှိနေခဲ့ခြင်း ဖြစ်ဟန်တူပြီး တစ်ကြိမ်တစ်ခါမျှပင် ဖွင့်ခဲ့ဖူးဟန်မပေါ်ချေ။

စည်းတံဆိပ်သည် အပြင်လူများ အားလုံးအား တားဆီးထားခဲ့ပြီး ယခုအခါတွင်တော့ အရောင်စုံရေကန် မျိုးနွယ်စုသည် အကြီးစားစစ်ဆင်ရေးကြီး တစ်ခုကို ပြုလုပ်နေပြီဖြစ်သည်။ စည်းတံဆိပ်အား ချိုးဖျက်ရန်နှင့် ဟန်တောင်တန်း ဘိုးဘေးရှိရာထံသို့ ရောက်ရှိနိုင်ရန် သူတို့သည် အမည်မသိ နည်းလမ်းများသုံးလျက် ကြိုးစားနေကြပေသည်။

တော်လဲမြည်ဟည်းသံများသည် သူတို့အထက်မှ ဖြစ်ပေါ်လာနေသည်။ ကျောက်တုံးနံရံပေါ်မှ အနက်ရောင် အလင်းသည်လည်း ပိုမိုတောက်ပ လာနေချေသည်။

ချူးနု၊ တုန့်ဖန်းဟွာ၊ ရွှမ်းလွမ်နှင့် နန်ထျန်းတို့ အားလုံးသည် ကျောက်တုံးနံရံပေါ်တွင်သာ အကြည့်တို့ စူးစိုက်ထားကြသည်။ အရောင်စုံရေကန် မျိုးနွယ်စုအနေဖြင့် အပြင်ဘက်မှ စည်းတံဆိပ်ကို ဖြိုဖျက်ပြီးသည်နှင့် ဤနေရာရှိ တံဆိပ်သည်လည်း ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။

စုမင် တစ်ယောက်တည်းသည်သာ မျက်လုံးပိတ်ထားခြင်း ဖြစ်သည်။ သို့သော် ထိုအရာသည် သူမျက်လုံး မဖွင့်ချင်သောကြောင့် မဟုတ်ပေ။ ထိုအခိုက်အတန့်တွင် အိုမင်းနေသည့် အသံသည် သူ့စိတ်အတွင်း၌ နောက်တစ်ကြိမ်ထပ်မံ ပေါ်ပေါက်လာခြင်းကြောင်းသာ ဖြစ်သည်။

“လာ ... ဒီကိုလာခဲ့ ... ငါ မင်းကို စောင့်နေခဲ့ရတာ ... အချိန်တွေ အကြာကြီး ... အချိန်တွေ အကြာကြီးပဲ…”

“ကံကြမ္မာပဲ…”

***

All Chapters