← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း(71)

​ဆေးရုံအုပ်ကြီးသည် ယောင်ပင်းအတွက် လက်ဖက်ရည်ကို ကိုယ်တိုင် ဖျော်ပေးပြီးမှ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

​သူတို့ စကားပြောနေစဉ်မှာပင် အလျင်စလို ပြေးလာသော ခြေသံများကို ကြားလိုက်ရပြီး သူနာပြုတစ်ဦးက ဆေးရုံအုပ်ကြီးရုံးခန်းထဲသို့ ပြေးဝင်လာကာ အရေးတကြီး ပြောလိုက်သည် ။

“ဆေးရုံအုပ်ကြီး.. ဒုက္ခရောက်ပါပြီ! အန်တီဟွမ် သတိလစ်သွားပြီ”

​“ဘာ!”

ဆေးရုံအုပ်ကြီး နေရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။

​ယောင်ပင်းလည်း ထရပ်လိုက်၏။

အန်တီဟွမ် ဆိုသည်မှာ ကျန်းရှောင်ပေ၏ အမေ ဖြစ်ပေသည်။ ကျန်းရှောင်ပေ၏ အမေ သတိလစ်သွားသည်လား။

​“သူက ဆီးဆိပ်တက်ရောဂါရှိနေတာ၊ ကျောက်ကပ်ဆေးတာလည်း မလုပ်ရတာ ကြာပြီ..”

ဆေးရုံအုပ်ကြီးက တံခါးကို ဖွင့်၍ အပြင်သို့ ပြေးထွက်ရင်း လေးနက်စွာ ပြောလိုက်သည်။

“သင့်တော်တဲ့ ကျောက်ကပ်လှူမဲ့လူလည်း ရှာမတွေ့သေးဘူး၊ အခု သတိပါ လစ်သွားပြီဆိုတော့ အခြေအနေက တကယ်ကို ဆိုးရွားနေပြီပဲ၊ ငါတို့ ကျောက်ကပ်တစ်လုံးကို အခုချက်ချင်း ရှာပြီး ခွဲစိတ်မှုကို ချက်ချင်း လုပ်မှ ဖြစ်တော့မယ်”

​ဆေးရုံအုပ်ကြီး စကားပြောပြီးသည်နှင့် သူနာပြုက အလျင်အမြန် ဆက်ပြောသည်။

“ဆေးရုံအုပ်ကြီး.. ဒါရိုက်တာချန်က အန်တီဟွမ်ကို ခွဲစိတ်ခန်းထဲကို ခေါ်သွားခိုင်းလိုက်ပါပြီ”

​ဆေးရုံအုပ်ကြီးမှာ ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ မျက်နှာမှာလည်း ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။

​“ဆေးရုံအုပ်ကြီး.. ဘာဖြစ်လို့လဲ”

ဆေးရုံအုပ်ကြီး၏ မျက်နှာထားကို မြင်သောအခါ ယောင်ပင်း၏ ရင်ထဲတွင် တင်းကျပ်သွားပြီး ချက်ချင်း မေးလိုက်ပေသည်။

​“ဒုက္ခပဲ.. ငါတို့ အခုချက်ချင်း အဲဒီကို သွားမှ ဖြစ်မယ်”

ဆေးရုံအုပ်ကြီးမှာ ယောင်ပင်းကို ရှင်းပြနေရန် အားမရှိတော့ဘဲ သူ့ကို ဆွဲကာ ခွဲစိတ်ခန်းဆီသို့ အပြေးအလွှား သွားတော့သည်။

​သူတို့ ခွဲစိတ်ခန်း တံခါးဝသို့ ရောက်သည့် အချိန်မှာပင် ဒါရိုက်တာချန်သည် အေးစက်သော မျက်နှာထားဖြင့် ထွက်လာပေသည်။

​“ဒါရိုက်တာချန်.. အန်တီဟွမ်ရဲ့ အခြေအနေ ဘယ်လိုလဲ”

ယောင်ပင်း ရှေ့သို့ ပြေးတက်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

​“ဘယ်လိုနေလဲဟုတ်လား”

ဒါရိုက်တာချန်က နှာခေါင်းရှုံ့လိုက်သည်။

“မင်း နောက်ကျသွားပြီ၊ ကျောက်ကပ်လှူမယ့်သူ မရှိတဲ့အတွက် ခွဲစိတ်ဖို့ နည်းလမ်းမရှိဘူး၊ အံ့သြစရာတစ်ခု ဖြစ်မလာရင်တော့ သူ အသက်ရှင်မှာ မဟုတ်ဘူး”

​ယောင်ပင်းမှာ အားကိုးရာမဲ့စွာဖြင့် ထပ်မံ မေးမြန်းလိုက်သည်။

“ဒါရိုက်တာချန်.. အန်တီဟွမ်ကို ကယ်ဖို့ နည်းလမ်း လုံးဝ မရှိတော့ဘူးလား”

​ဤသည်က သာမန်မေးခွန်းတစ်ခုသာ ဖြစ်သော်လည်း ယောင်ပင်းကို အငြိုးထားနေသော ဒါရိုက်တာချန်ကတေားချက်ချင်းပင် ပြန်ပက်လိုက်လေသည်။

“မင်းက ငါတို့ ဆရာဝန်တွေကို အသုံးမကျဘူးလို့ ပြောချင်နေတာလား၊ ကောင်းပြီလေ၊ ဒါဆိုရင် မင်းကိုယ်တိုင်ပဲ သူ့ကို ကယ်ကြည့်လိုက်ပေါ့”

​“ဒါရိုက်တာချန်.. လူနာက ကျောက်ကပ် အစားထိုးဖို့ အရေးတကြီး လိုအပ်နေတာ”

ဆေးရုံအုပ်ကြီး၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။

“လူနာကို ကုသဖို့နဲ့ ကယ်တင်ဖို့ဆိုတာ ငါတို့ ဆရာဝန်တွေရဲ့ တာဝန်ပဲလေ၊ မင်း ဘာတွေပြောနေတာလဲ”

​ဒါရိုက်တာချန်က လှောင်ပြောင်လိုက်လေသည်။

“ဆေးရုံအုပ်ကြီး.. လူတစ်ယောက်ကို ကယ်ဖို့အတွက် ကျောက်ကပ်လှူမဲ့သူ လိုအပ်တယ်ဆိုတာ ခင်ဗျား သိတာပဲမလား၊ ဒါပေမဲ့ ကျောက်ကပ်မှ မရှိတာ၊ ကျွန်တော်တို့ သူ့ကို ဘယ်လို ကယ်မှာလဲ”

​ဆေးရုံအုပ်ကြီးက ယောင်ပင်းဘက်မှ ကာကွယ်ပြောဆိုလိုက်ခြင်းက ဒါရိုက်တာချန်၏ မကျေနပ်မှုကို ပို၍ပင် ကြီးထွားစေခဲ့ပေသည်။

​ယောင်ပင်း ခေတ္တမျှ တွန့်ဆုတ်သွားပြီးနောက် မော့ကြည့်ကာ ပြောလိုက်သည်။

“ဒါရိုက်တာချန်.. တကယ်လို့ ကျွန်တော် ကျောက်ကပ်လှူမဲ့သူကို ရှာနိုင်မယ်ဆိုရင်ရော”

​ဒါရိုက်တာချန်က တဟားဟား ရယ်မောလိုက်သည်။

“မင်းကလား.. ကျောက်ကပ်လှူမယ့်သူကို ရှာမယ် ဟုတ်လား ဟာသလုပ်မနေနဲ့! ကျောက်ကပ်ဆိုတာ လမ်းဘေးက မုန်လာဥတွေလို နေရာတိုင်းမှာ ရှိနေမယ် ထင်နေတာလား၊ လူနာက မိနစ် ၂၀ လောက်ပဲ ထိန်းထားနိုင်တော့မှာ.. တကယ်လို့ မင်းသာ မိနစ် ၂၀ အတွင်း ကျောက်ကပ်လှူမဲ့သူကို ရှာနိုင်မယ်ဆိုရင်၊ ငါ ဆေးရုံတစ်ခုလုံးရဲ့ ရှေ့မှာ မင်းကို အဘိုးလို့ ခေါ်လိုက်မယ်!”

ဒါရိုက်တာချန်က မိနစ်နှစ်ဆယ်အတွင်း ယောင်ပင်းဘက်မှ ကျောက်ကပ်လှူဒါန်းမည့်သူတစ်ဦးကို ရှာဖွေရမည်ဟု ပြောလိုက်လေသည်။

သူက လုံးဝ အလျှော့အတင်းမရှိသည့် လေသံဖြင့် သေသေချာချာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဆေးရုံအုပ်ကြီး၏ မျက်နှာက ပျက်ယွင်းသွားတော့သည်။

“ဒါရိုက်တာချန်.. ကျွန်တော်တို့ နှစ်ယောက်လုံးက ကျွမ်းကျင်တဲ့ ဆရာဝန်တွေပဲ၊ ကျောက်ကပ်လှူမယ့်သူ ရှိရင်တောင် ကျောက်ကပ်ချင်း ကိုက်ညီမှု ရှိမရှိ စစ်ဆေးတာက မိနစ်နှစ်ဆယ်ထက် ပိုကြာတယ်ဆိုတာ သိကြတာပဲမလား၊ အခု သခင်လေးယောင်ကို မိနစ်နှစ်ဆယ်အတွင်း ရှာခိုင်းတာက ဒါ အဓိပ္ပာယ်မရှိလွန်းဘူးလား၊ တခြားနည်းလမ်းရော မရှိတော့ဘူးလား”

“ဆေးရုံအုပ်ကြီး.. လူနာက အများဆုံး မိနစ်နှစ်ဆယ်ပဲ ခံနိုင်တော့မှာပါ၊ ကျွန်တော် သတ်မှတ်တဲ့ အချိန်မဟုတ်ပါဘူး”

ဒါရိုက်တာချန်က ပြန်ပက်လိုက်သည်။

“တကယ်လို့ ကျောက်ကပ်ရှာဖို့ အချိန်ပိုလိုတယ်ဆိုရင် ယောင်ပင်းကို လူနာနဲ့ သွားညှိခိုင်းလိုက်လေ၊ အသက်ကို ထိန်းထားဦး၊ မသေပါနဲ့ဦးလို့ သွားပြောခိုင်းလိုက်ပေါ့၊ ကျွန်တော်နဲ့ လာဆွေးနွေးနေလို့ ဘာထူးမှာလဲ”

ဆေးရုံအုပ်ကြီးမှာ ဒေါသကြောင့် တုန်ရီနေပြီး စကားပင် မထွက်နိုင်တော့ချေ။

“မင်း...”

ဒါရိုက်တာချန်က ခေါင်းမာပြီး မောက်မာသူမှန်း သူ သိထားသော်လည်း သူ့ကိုပင် မျက်နှာမထောက်ဘဲ ပြုမူလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ဒါရိုက်တာချန်က ယောင်ပင်းကို စိုက်ကြည့်ကာ လှောင်ပြောင်လိုက်သည်။

“သူက ယမမင်း မဟုတ်ဘူးလား၊ ယမမင်းက အသက်နဲ့ သေခြင်းကို ဆုံးဖြတ်နိုင်တာပဲ၊ လူနာကို မသေနဲ့ဦးလို့ ဘာလို့ မပြောတာလဲ၊ ဆေးရုံမှာ လာပြီး တောင်းပန်နေရတယ်လို့”

ဒါရိုက်တာချန်သည်ကား လူပုံအလယ်တွင် သူ့ကို အရှက်ခွဲခဲ့သော ယောင်ပင်းကို အငြိုးထားသဖြင့် တမင်တကာ အခက်တွေ့အောင် လုပ်နေခြင်း ဖြစ်ပေသည်။

အစွမ်းထက်လှပါသည်ဆိုသော ယောင်ပင်းက သေလုမျောပါး လူနာကို ကယ်တင်နိုင်မည်လားဆိုသည်ကို သူ မြင်ချင်နေခဲ့သည်။

ဆေးရုံအုပ်နှင့် ဒါရိုက်တာချန်တို့ အငြင်းပွားနေစဉ်မှာပင် ယောင်ပင်းက ‘ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်း’ ကို ဖွင့်လိုက်ပြီး ကျန်းရှောင်ပေ၏ အမေအမည်ကို ရေးသွင်းလိုက်ပေသည်။

သူက ကျန်းရှောင်ပေ အမေ၏ ကံကြမ္မာကို ပြောင်းလဲရန် ကြံစည်နေခြင်း ဖြစ်၏။

ထူးဆန်းသည်မှာ ကျန်းရှောင်ပေအမေ၏ အမည်ကို ကျမ်းထဲတွင် ရေးလိုက်သည်နှင့် ထိုစာလုံးမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။

သူ နောက်တစ်ကြိမ် ထပ်ရေးသော်လည်း ရလဒ်မှာ တူနေဆဲပင်။

ကျန်းရှောင်ပေအမေ၏ အမည်မှာ ‘ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကျမ်း’ ၌ လုံးဝ ပေါ်မလာခဲ့ချေ။

ထို့အပြင် မည်သည့် အကြောင်းပြချက်မှလည်း ပြသခြင်း မရှိပါချေ။

ယောင်ပင်း လုံးဝကို ဝေခွဲမရ ဖြစ်သွားတော့သည်။

သို့သော် ကျန်းရှောင်ပေအမေ၏ ကံကြမ္မာကို ပြောင်းလဲရန်မှာ မဖြစ်နိုင်ကြောင်း ယောင်ပင်း သိလိုက်ရပေသည်။

ယခုအချိန်တွင် ကျန်းရှောင်ပေ အမေအတွက် ကိုက်ညီသော ကျောက်ကပ်ကို ရှာဖွေပြီး သူမကို ကယ်တင်ရန် အမြန်ဆုံး ခွဲစိတ်မှု ပြုလုပ်ရုံသာ တတ်နိုင်တော့သည်။

ဤသို့ ဆုံးဖြတ်ပြီးနောက် ယောင်ပင်းက ဆေးရုံအုပ်ကြီးအား ချက်ချင်း မေးမြန်းလိုက်သည်။

“ဆေးရုံအုပ်ကြီး.. ကျန်းမာရေး စစ်ဆေးတာတွေအပြင် ကျောက်ကပ်ချင်း ကိုက်ညီမှု ရှိမရှိကို အမြန်ဆုံး သိနိုင်မယ့် တခြားနည်းလမ်း ရှိမလား”

မိနစ်နှစ်ဆယ်ဆိုသည်မှာ အလွန်တိုတောင်းလွန်းလှပေသည်။

အကယ်၍ စစ်ဆေးမှုများနဲ့သာ အချိန်ကုန်နေမည်ဆိုလျှင် ကျန်းရှောင်ပေ၏ အမေမှာ သေချာပေါက် သေဆုံးသွားပေလိမ့်မည်။

သူသည်က သင့်တော်သော ကျောက်ကပ်ကို တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေရမည် ဖြစ်ပေသည်။

ဆေးရုံအုပ်ကြီးက ခေတ္တစဉ်းစားပြီးနောက် ချက်ချင်း ပြောလိုက်သည်။

“ကျောက်ကပ် ကိုက်ညီမှု စစ်ဆေးခြင်းရဲ့ ပထမအဆင့်ကတော့ စမ်းသပ်မှုတွေပါပဲ၊ တကယ်လို့ အဲဒီအဆင့်ကို ကျော်ချင်တယ်ဆိုရင်တော့ စစ်ဆေးမှု ရလဒ်တွေ သိပြီးသားဖြစ်တဲ့ ကျောက်ကပ်တွေကိုပဲ ရှာရပါမယ်၊

အဓိကအားဖြင့် ကိုယ်ခန္ဓာ အမျိုးအစား၊ သွေးအမျိုးအစား၊ HLA မျိုးရိုးဗီဇ နဲ့ လင်ဖိုဆိုက် အဆိပ်အတောက် စစ်ဆေးချက်တွေပေါ့၊ ဒီအချက်လေးချက်ကို သိထားရင် ကိုက်ညီဖို့ အခွင့်အလမ်း အများကြီး ရှိပါတယ်”

“ဆေးရုံအုပ်ကြီးကတော့ ပြောသွားတာ လွယ်လိုက်တာ၊ ကျွန်တော်တို့က ကျောက်ကပ် ရှာနေတာပါ၊ ဈေးထဲမှာ မုန်လာဥဝယ်သလို နေရာတိုင်းမှာ ရှိနေမှာ မဟုတ်ဘူး”

ဒါရိုက်တာချန်က လှောင်ပြောင်လိုက်သည်။

“စမ်းသပ်မှုတွေ အကုန်လုပ်ပြီး ကျွန်တော်တို့ကို စောင့်နေမယ့်သူက ဘယ်သူရှိမှာလဲ”

ကျောက်ကပ်ကို အများအားဖြင့် ရင်းမြစ် သုံးခုမှ ရရှိတတ်ပေသည် ။

မိမိသဘောဆန္ဒအလျောက် လှူဒါန်းသူ၊ ပွဲစားများ နှင့် သေဆုံးသူများထံမှ ကျောက်ကပ်တို့ ဖြစ်ပေသည်။

ယခုအချိန်တွင် ထိုရင်းမြစ် သုံးခုလုံးမှာ အဆင်သင့် မရှိပါချေ။

ယောင်ပင်း ကျောက်ကပ် ရှာမတွေ့နိုင်ကြောင်း ဒါရိုက်တာချန် သေချာပေါက် ယုံကြည်နေပေသည်။

ယောင်ပင်း မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။

“ဒါရိုက်တာချန်.. မကြိုးစားကြည့်ဘဲနဲ့ မဖြစ်နိုင်ဘူးလို့ ခင်ဗျား ဘယ်လို သိတာလဲ”

“သွားရှာကြည့်လေ၊ ဘာလို့ ငါ့အချိန်တွေကို ဖြုန်းနေတာလဲ၊ မိနစ်နှစ်ဆယ် ပြောထားတာ၊ အခု ဆယ့်ကိုးမိနစ်ပဲ ကျန်တော့တယ်”

ဒါရိုက်တာချန်က နှာခေါင်းရှုံ့လိုက်သည်။

ဆယ့်ကိုးမိနစ်အတွင်း ကိုက်ညီတဲ့ ကျောက်ကပ်ကို ရှာမယ် ဟုတ်လား။

အံ့ဖွယ်တစ်ခု ဖြစ်မလာရင် မဖြစ်နိုင်တဲ့ကိစ္စပဲ။

“သခင်လေးယောင်.. ကျွန်တော်တို့ကို ကြိုးစားခွင့်ပေးပါ”

“ဟုတ်ပါတယ်.. ကျွန်တော်တို့ကို ကြိုးစားခွင့်ပေးပါ”

…

ဒါရိုက်တာချန် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လူတစ်စုက သူနာပြုတစ်ဦး၏ နောက်မှ လိုက်ပါလာကြပေသည်။

ထိုလူအုပ်စုမှာ အခြားသူမဟုတ်ဘဲ ဆယ့်ကိုးထပ်မှ လူနာများနှင့် သူတို့၏ မိသားစုဝင်များပင် ဖြစ်ပေသည်။

ဒါရိုက်တာချန်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်ကျသွားတော့သည်။

“ရှောင်ဝမ်.. သူတို့ကို ဘာလို့ ဒီကို ခေါ်လာတာလဲ”

“ဆေးရုံအုပ်ကြီးနဲ့ ငါ အရေးကြီးကိစ္စတွေ ဆွေးနွေးနေတာ မမြင်ဘူးလား၊ ပြဿနာ လာမရှာကြနဲ့”

ဆယ့်ကိုးထပ်မှ လူနာများနှင့် မိသားစုဝင်များ ရုတ်တရက် ပေါ်လာခြင်းက ဒါရိုက်တာချန်ကို အလွန်ပင် စိတ်မသက်မသာ ဖြစ်စေပေသည်။

“ဒါရိုက်တာ.. သူတို့က လာချင်ကြလို့ပါ”

ဒါရိုက်တာချန်၏ ကြိမ်းမောင်းမှုကြောင့် မျက်နှာနီမြန်းနေသော သူနာပြုမလေးက အမြန်ပင် ရှင်းပြလေသည်။

“ယောင်ပင်းရဲ့ မိသားစုဝင်တစ်ယောက် ကျောက်ကပ်လှူမယ့်သူ လိုနေတယ်ဆိုတာ သူတို့ တစ်နည်းနည်းနဲ့ သိသွားကြပြီး အားလုံးက ကိုက်ညီမှု ရှိမရှိ လာစစ်ချင်ကြလို့ပါ၊

တချို့ မိသားစုဝင်တွေဆိုရင် ကျောက်ကပ် ကိုက်ညီမှု စစ်ဆေးချက်တွေ လုပ်ထားပြီးသားမို့ ရလဒ်တွေလည်း ရှိနေပါတယ်...”

ဒါရိုက်တာချန် အံ့အားသင့်သွားရပေသည်။

လူတွေ အများကြီးက ကျောက်ကပ်ကို သူတို့ရဲ့သဘောဆန္ဒအလျောက် လှူကြမယ် ဟုတ်လား။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

သူက အေးစက်စွာ မေးလိုက်သည်။

“မင်းတို့အားလုံးက ကိုယ့်သဘောဆန္ဒအလျောက် လှူကြမှာလား”

“ဟုတ်ပါတယ်၊ ကျွန်တော်တို့အားလုံး ကိုယ့်သဘောဆန္ဒအလျောက်ပါ”

“ဒီလူငယ်လေးက ကျွန်တော်တို့ မိသားစုဝင်တွေရဲ့ အသက်ကို ကယ်ခဲ့တာလေ၊ ကျွန်တော်တို့ ကူညီနိုင်မယ်ဆိုရင် ဒါက ကျေးဇူးဆပ်တာပါပဲ”

…

အခန်း(72)

ဒါရိုက်တာချန် မေးလိုက်သည်နှင့် လူအများက တစ်ပြိုင်နက်တည်း ပြန်လည် ဖြေလိုက်ကြလေ၏။

“မင်းတို့ သေသေချာချာ စဉ်းစားကြဦး”

ဒါရိုက်တာချန်၏ မျက်လုံးများထဲတွင် ကောက်ကျစ်သည့်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး တမင်တကာ သတိပေးလိုက်သည်။

“ကျောက်ကပ် လှူလိုက်မယ်ဆိုရင် မင်းတို့မှာ ကျောက်ကပ် တစ်လုံးပဲ ကျန်တော့မယ်၊ ဒါက မင်းတို့ရဲ့ အနာဂတ် ဘဝအပေါ် သက်ရောက်မှု ရှိနိုင်တယ်...”

ဒါရိုက်တာချန်က တမင်လုပ်နေခြင်း ဖြစ်ပေသည်။

သူသည် ထိုလူများကို ကျောက်ကပ် မလှူစေချင်ပါချေ။

သူ စကားပြောပြီးသည်နှင့် လူအချို့၏ မျက်နှာပေါ်တွင် တွန့်ဆုတ်သွားသည့် အမူအရာများ သိသိသာသာ ပေါ်လာတော့သည်။

ဆေးရုံအုပ်ကြီးမှာ ဒါရိုက်တာချန်ကို စိတ်ပျက်စွာ စိုက်ကြည့်လိုက်ပေသည်။

ဒါရိုက်တာချန် စိတ်သဘောထား သေးသိမ်ကြောင်း သူ သိထားသော်လည်း၊ တစ်စုံတစ်ဦးက မိမိသဘောဆန္ဒအလျောက် ကျောက်ကပ်လှူမည်ဟု ပြောလာချိန်တွင်ပင် ဒါရိုက်တာချန်က တားဆီးရန် ကြိုးစားနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

ဆေးရုံအုပ်ကြီး ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ယောင်ပင်းက စကားပြောလာသည်။

“လူတိုင်းရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဒါရိုက်တာချန် ပြောတာ အမှန်ပါပါ၊ ကျောက်ကပ် အစားထိုးကုသမှု ခံယူလိုက်ရင် ခင်ဗျားတို့ရဲ့ အနာဂတ်ဘဝအပေါ်မှာ တစ်စုံတစ်ရာ သက်ရောက်မှု ရှိနိုင်တယ်”

ယောင်ပင်း စကားကို ခဏရပ်လိုက်၏။

ဒါရိုက်တာချန်၏ မျက်လုံးများထဲတွင် အောင်နိုင်သူတစ်ဦးကဲ့သို့ ကျေနပ်မှုများ ချက်ချင်း ဖြတ်ပြေးသွားတော့သည်။

ယောင်ပင်းကိုယ်တိုင်ပင် ကျောက်ကပ်လှူခြင်း၏ ဆိုးကျိုးကို ဝန်ခံနေမှတော့၊ ဤလူများက လှူတော့မည်မဟုတ်တော့ပေ။

ဒါရိုက်တာချန် ကျေနပ်နေစဉ်မှာပင် ယောင်ပင်းက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်တော့်မှာ စည်းကမ်းတစ်ခု ရှိပါတယ်၊ ကျောက်ကပ်ချင်း အောင်အောင်မြင်မြင် ကိုက်ညီတဲ့သူတွေအတွက်၊ သူတို့ရဲ့ လူမှုဖူလုံရေးအတွက် ကျွန်တော် ထောက်ပံ့ကြေး ပေးပါ့မယ်..”

ထိုသို့ပြောပြီးနောက် ယောင်ပင်းက လက်ငါးချောင်းကို ထောင်ပြလိုက်ပေသည်။

ဒါရိုက်တာချန်က လှောင်ပြောင်လိုက်သည်။

“၅ သောင်းနဲ့ ကျောက်ကပ်တစ်လုံး ဝယ်လို့ရမယ် ထင်နေတာလား၊ မင်းက အရမ်း ရိုးအတာပဲ!”

“ဒါရိုက်တာချန်.. ၅ သောင်း မဟုတ်ပါဘူး”

“ဒါဆို ၅ သိန်း ပေါ့၊ ၅ သိန်းက အများကြီးလို့ ထင်နေလား”

“မဟုတ်ဘူး.. ၅ သန်းပါ”

ယောင်ပင်းက တည်ငြိမ်စွာ ပြောလိုက်ပေသည်။

ဒါရိုက်တာချန် မှင်သက်သွားတော့သည်။

ကျောက်ကပ် ကိုက်ညီမှု ရှိခဲ့ရင် ယောင်ပင်းက လှူတဲ့သူကို ငါးသန်း ပေးမယ် ဟုတ်လား။

ဒါက မယုံနိုင်လောက်အောင် များပြားတဲ့ ပမာဏပဲ။

ပုံမှန်အားဖြင့် အခမဲ့ လှူဒါန်းခြင်းများအပြင်၊ တရားဝင် လမ်းကြောင်းမှတဆင့် ကျောက်ကပ် တစ်လုံး၏ တန်ဖိုးက ၂ သိန်း၊ ၃ သိန်း ဝန်းကျင်သာရှိတတ်သည်။

တရားမဝင် လမ်းကြောင်းကဆိုရင်ပင် (7)သိန်း၊ (8)သိန်း ဝန်းကျင်သာ ရှိနိုင်သည်။

အများဆုံး ပေးဖူးတဲ့ ဈေးတောင် ၁ သန်းပဲ ရှိတာလေ။

ယခု ယောင်ပင်းက ငါးသန်း တစ်ခါတည်း ပေးမယ်လို့ပြောလာတာလား။

လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်သွားတော့သည်။

“ဒါ့အပြင်.. အာဟာရစရိတ်အတွက် နောက်ထပ် တစ်သန်း ထပ်ပေးပါ့မယ်”

ယောင်ပင်းက အခြေအနေကို ကြည့်ပြီး လေးနက်စွာ ထပ်ပြောလိုက်သည်။

“ဒီကာလအတွင်း ဖြစ်ပေါ်လာတဲ့ ဘယ်လို ကုန်ကျစရိတ်ကိုမဆို ကျွန်တော် တာဝန်ယူပါ့မယ်”

ယောင်ပင်းက နောက်ထပ် တစ်သန်းတောင် ထပ်တိုးလိုက်ပြန်ပြီ။

ဒါက မယုံနိုင်စရာပဲ။

ဒါရိုက်တာချန်၏ နှုတ်ခမ်းများပင် တုန်ရီလာတော့သည်။

သူ အရာအားလုံးကို တွက်ချက်ထားသော်လည်း၊ ယောင်ပင်းသည်က အဆက်အသွယ် ကောင်းရုံတင်မကဘဲ ဤမျှအထိ ကြွယ်ဝချမ်းသာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါချေ။

ဆေးရုံအုပ်ကြီးကလည်း ဝင်ပြောလိုက်သည်။

“ဆေးရုံအုပ် တစ်ယောက်အနေနဲ့ ကျွန်တော် အာမခံပါတယ်၊ ကျောက်ကပ် လှူဒါန်းတဲ့သူအတွက် ခွဲစိတ်ခကို အခမဲ့ဆောင်ရွက်ပေးမဲ့အပြင်၊ ဆေးရုံတက်နေစဉ်အတွင်း ကုန်ကျစရိတ်အားလုံးကိုလည်း ဆေးရုံက တာဝန်ယူပါ့မယ်”

နောက်ထပ် အကြီးမားဆုံးသော ဆွဲဆောင်မှုတစ်ခုပင်။

ကမ်းလှမ်းချက်က အလွန် ကောင်းလွန်းနေသဖြင့် မည်သူကမျှ မငြင်းသာတော့ချေ။

ခေတ္တမျှအကြာတွင်

တစ်စုံတစ်ဦးက ပြောလာသည်။

“ဆေးရုံအုပ်ကြီး.. ကျွန်တော် လွန်ခဲ့တဲ့ တစ်ပတ်ကပဲ ကျောက်ကပ် ကိုက်ညီမှု စမ်းသပ်ထားတာ ရှိပါတယ်၊ ဒါက ကျွန်တော့်ရဲ့ ရလဒ်တွေပါ”

“ကျွန်တော် ကျောက်ကပ်ပွဲစားအချို့ကို သိပါတယ်၊ အခုပဲ သူတို့ဆီ ဖုန်းဆက်ပြီး သင့်တော်တဲ့ ကျောက်ကပ် ရှိမရှိ မေးလိုက်ပါ့မယ်”

“ကျွန်မရဲ့ အမျိုးသားက ဒုတိယဆေးရုံက ဒုဆေးရုံအုပ်ပါ၊ သူ့ဆီမှာ ရှိမရှိ ကျွန်မ အခုပဲ ဖုန်းဆက်မေးလိုက်ပါ့မယ်”

…

ခဏချင်းမှာပင် ကျောက်ကပ်လှူဒါန်းရန် ရှာဖွေသည့် ဖုန်းခေါ်သံများမှာ လေထဲတွင် ပြည့်နှက်သွားတော့သည်။

အလွန်ပင် စည်ကားလွန်းပေသည်။

ဆယ်မိနစ်အတွင်းမှာပင် ဆေးရုံအုပ်ကြီးသည် မကြာသေးမီက ပြုလုပ်ထားသော ကျောက်ကပ် ကိုက်ညီမှု စစ်ဆေးချက် ဆယ်ခုကျော်မှ အချက်အလက်များကို စုဆောင်းနိုင်ခဲ့ပေသည်။

ဆေးရုံအုပ်ကြီးက ကျန်းရှောင်ပေအမေ၏ တာဝန်ခံဆရာဝန်အား ထိုအချက်အလက်များကို နှိုင်းယှဉ်ရန် ချက်ချင်း ညွှန်ကြားလိုက်ပေသည်။

သုံးမိနစ်အကြာတွင် တာဝန်ခံဆရာဝန်က ပေးထားသော အချက်အလက်များထဲမှ အသင့်တော်ဆုံး စစ်ဆေးချက် ရလဒ်ကို ရှာတွေ့ခဲ့သည် - သွေးအမျိုးအစား၊ ကိုယ်ခန္ဓာ အမျိုးအစား၊ HLA မျိုးရိုးဗီဇ ခြောက်ခုစလုံး ကိုက်ညီသည့်အပြင်၊ လင်ဖိုဆိုက် အဆိပ်အတောက်မှာလည်း ၁၀ ရာခိုင်နှုန်းအောက်သာ ရှိသဖြင့် ကိုက်ညီမှု စံနှုန်းများကို အပြည့်အဝ ပြည့်မီနေခဲ့သည်။

တစ်နည်းအားဖြင့်ဆိုသော် ကျန်းရှောင်ပေ၏ အမေအတွက် ကိုက်ညီသော ကျောက်ကပ်လှူဒါန်းသူကို ရှာတွေ့သွားပြီဖြစ်ရာ ကျောက်ကပ် အစားထိုး ခွဲစိတ်မှုကို ပြုလုပ်နိုင်ပြီ ဖြစ်ပေသည်။

ထို့အပြင် ယောင်ပင်း တောင်းဆိုသည့် အချိန်မှ ကျောက်ကပ် ရှာတွေ့သည့် အချိန်အထိ ဆယ့်ကိုးမိနစ်သာ ကြာမြင့်ခဲ့ပေသည်။

ဒါရိုက်တာချန် ပြောခဲ့သည့် အချိန်ထက် တစ်မိနစ်ပင်လျော့နည်းနေသေးသည်။

“သခင်လေးယောင်.. ဒီခွဲစိတ်မှုကို ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပြီး လုပ်ပေးပါ့မယ်၊ ဒါကြောင့် စိတ်ချပါ”

ဆေးရုံအုပ်ကြီးက ခွဲစိတ်ခန်းထဲ မဝင်မီ ယောင်ပင်းအား လေးနက်စွာ ပြောလိုက်ပေသည်။

ခွဲစိတ်ခန်းထဲ မဝင်မီ ဆေးရုံအုပ်ကြီးက ဒါရိုက်တာချန်ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်၏။

ဒါရိုက်တာချန်မှာ ပျာယာခတ်သွားပြီး ဆေးရုံအုပ်ကြီးဤနောက်မှ ခွဲစိတ်ခန်းထဲသို့ လိုက်ဝင်ရန် ပြင်လိုက်သည်။

“ဆေးရုံအုပ်ကြီး.. ကျွန်တော်လည်း ကူညီပါရစေ၊ ဒါမှ ပိုပြီး စိတ်ချရမှာပေါ့”

သို့သော် သူ ခြေလှမ်းလှမ်းလိုက်စဉ်မှာပင် လူအချို့က သူ၏လမ်းကို ပိတ်လိုက်ကြလေ၏။

“ဒါရိုက်တာချန်.. ခင်ဗျားက ဒီအတိုင်းပဲ ထွက်သွားတော့မလို့လား”

“ကျွန်တော်တို့ ကြားလိုက်တာတော့.. တကယ်လို့ သခင်လေးယောင်သာ မိနစ်နှစ်ဆယ်အတွင်း ကျောက်ကပ်လှူမယ့်သူကို ရှာနိုင်ခဲ့ရင်၊ ခင်ဗျားက သူ့ကို လူတိုင်းရဲ့ရှေ့မှာ ‘အဘိုး’ လို့ ခေါ်မယ်ဆို..

ဘာလဲ၊ အခု ကျောက်ကပ် ရှာတွေ့သွားပြီဆိုတော့ ထွက်ပြေးဖို့ ကြံနေတာလား”

“ဟုတ်တယ်! ဒါရိုက်တ တစ်ယောက်ဆိုတာ ပြောတဲ့အတိုင်း တည်ရမှာပေါ့! ‘အဘိုး’ လို့ ခေါ်လိုက်စမ်းပါ”

…

ဒါရိုက်တာချန်သည်ကား ပုံမှန်ဆိုလျှင် ရိုင်းစိုင်းကြမ်းတမ်းသူဖြစ်၍ လူများစွာကို ပြစ်မှားခဲ့ဖူးသည်။

ဤလူနာများနှင့် မိသားစုဝင်များကပင် သူ့ကို မကြည်ဖြူကြပါချေ။

ထို့ကြောင့် သူတို့အားလုံးက ဤအခွင့်အရေးကို အသုံးချကာ ဒါရိုက်တာချန် အရှက်ကွဲသည်ကို မြင်ချင်နေကြခြင်း ဖြစ်ပေသည်။

လူငယ်အချို့ဆိုလျှင် သူ့ကို ဝိုင်းထားပြီး ဒေါသတကြီး စိုက်ကြည့်နေကြပေသည်။

အကယ်၍ ဒါရိုက်တာချန်သာ ယောင်ပင်းကို ‘အဘိုး’ လို့ မခေါ်ပါက သူတို့ဘက်မှ လက်ပါတော့မည့် အသွင်ရှိနေပေသည်။

ဒါရိုက်တာချန်၏ မျက်နှာမှာ အိုးမည်းသုတ်ထားသကဲ့သို့ မည်းနက်လာခဲ့သည်။

ဒါရိုက်တာ တစ်ယောက်အနေနဲ့ ကလေးတစ်ယောက်ကို ‘အဘိုး’ လို့ ဘယ်လိုလုပ်ပြီး ခေါ်နိုင်မှာလဲ။

ဒါက ဆေးရုံတစ်ခုလုံးရဲ့ ရှေ့မှာ သူ့ကို ဟာသတစ်ခု ဖြစ်သွားစေလိမ့်မယ်။

သို့သော်လည်း ယနေ့ ယောင်ပင်းကို ‘အဘိုး’ ဟု မခေါ်လျှင်တော့ ဤလူများက သူ့ကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်ပေ။

သူ ဘာလုပ်သင့်လဲ။

“ကောင်းပြီ.. နောက်ပိုင်းကျရင် ကျွန်တော်တို့ ဒါရိုက်တာချန်ရဲ့ အကူအညီကို ယူရဦးမှာပဲလေ”

ဒါရိုက်တာချန် အခက်တွေ့နေသည်ကို မြင်သောအခါ ယောင်ပင်းက ကြားဝင်၍ စေ့စပ်ပေးလိုက်သည်။

“ဒီနေ့ ကိစ္စကို ဒါရိုက်တာချန်ရဲ့ နောက်ပြောင်မှုတစ်ခုလို့ပဲ သတ်မှတ်လိုက်ကြရအောင်”

ဒါရိုက်တာချန်က တမင် အခက်တွေ့အောင် လုပ်နေခြင်းဖြစ်ကြောင်း ယောင်ပင်း ကောင်းကောင်း မြင်နိုင်ပေသည်။

သို့သော်လည်း စကားနိုင်လုနေရုံဖြင့် မထူးသဖြင့်၊ ဤကိစ္စကို သူ ထပ်ပြီး မလိုက်လိုတော့ပါချေ။

ထို့ကြောင့် လူတိုင်းက ဒါရိုက်တာချန်ကို ဝိုင်းထားချိန်တွင် ယောင်ပင်းက သူ့ကို ကူညီသည့်အနေဖြင့် ကြားဝင်ပြောပေးလိုက်ခြင်း ဖြစ်ပေသည်။

ယောင်ပင်း စကားပြောပြီးသည်နှင့် ဒါရိုက်တာချန်က သူ့ထံသို့ ခြေလှမ်းအနည်းငယ်ဖြင့် အမြန်လှမ်းလာသည်ကို မြင်လိုက်ရသည်။

ဒါရိုက်တာချန်မှာ ယောင်ပင်း၏အနားသို့ ရောက်သည်နှင့် ရုတ်တရက် ဝုန်းခနဲ ဒူးထောက်ချလိုက်တော့သည်။

လူတိုင်း မှင်သက်သွားကြပြီး တစ်ဦးကိုတစ်ဦး ဝေခွဲမရစွာ ကြည့်လိုက်ကြ၏။

ဤခဏအတွင်း မည်သည့်အရာများဖြစ်ပျက်သွားကြောင်းကို မည်သူမျှ နားမလည်နိုင်ခဲ့ကြချေ။

ဒါရိုက်တာချန်သည်ကား မတိုင်ခင်လေးတင်မှ ဒေါသထွက်လွန်းသဖြင့် မျက်နှာမည်းမှောင်နေခဲ့သည် မဟုတ်ပါလား။ အဘယ်ကြောင့် ရုတ်တရက်ကြီး ယောင်ပင်းရှေ့တွင် ဒူးထောက်လိုက်ရသနည်း။

“ဒါရိုက်တာချန်.. မြန်မြန် ထပါ”

ယောင်ပင်းလည်း လန့်သွားပြီး ဒါရိုက်တာချန်ကို တွဲထူရန် မသိစိတ်ဖြင့် ကိုယ်ကို ကိုင်းလိုက်မိသည်။

သို့သော်လည်း သူ၏လက်က ဒါရိုက်တာချန်ကို ထိလိုက်သည့် ခဏမှာပင်၊ ဒါရိုက်တာချန်က ယိုင်နဲ့သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်!

ဒါရိုက်တာချန် ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားခြင်းက ယောင်ပင်း အပါအဝင် လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေပေသည်။

သူတို့က လဲကျနေသော ဒါရိုက်တာချန်ကို ကြည့်လိုက်ချိန်တွင် မျက်လုံးများက ပြူးကျယ်နေပြီး မျက်နှာတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်လျက် ခန္ဓာကိုယ်မှာ တောင့်တင်းနေခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်လာခဲ့သည်။

ယောင်ပင်း အရှေ့သို့လှမ်းကာ ဒါရိုက်တာချန်၏ အသက်ရှူနှုန်းကို စစ်ဆေးလိုက်၏။

ထို့နောက် သူ၏ ခန္ဓာကိုယ်က အေးခဲသွားတော့သည်။

ဒါရိုက်တာချန်... သေဆုံးသွားပြီ!

ခုနလေးတင်မှ မောက်မာရိုင်းစိုင်းနေသော ဒါရိုက်တာချန်သည်က လူအများ၏ ရှေ့မှောက်မှာပင် အကြောင်းရင်းမရှိဘဲ သေဆုံးသွားခဲ့လေပြီ။

မကြာမီ ဘေးမှ ကြည့်နေသူများလည်း ဒါရိုက်တာချန် သေဆုံးသွားသည်ကို သိရှိသွားကြပြီး မျက်နှာများမှာ ထိတ်လန့်မှုများ ပြည့်နှက်သွားတော့သည် ။

“သူ... သူ သေသွားပြီလား”

“ခုနကအထိ ကောင်းနေတာပဲကို ဘယ်လိုဖြစ်လို့ ရုတ်တရက် သေသွားရတာလဲ”

“သူ့မှာ ရောဂါအခံတစ်ခုခု ရှိနေပြီးတော့ ငါတို့က သူ့ကို ဝိုင်းဖိအားပေးလိုက်လို့... သေသွားတာများလား”

တစ်စုံတစ်ဦးက မဝံ့မရဲဖြင့် ပြောလိုက်ပေသည်။

တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသော လူအုပ်ကြီးမှာ ရုတ်တရက် တိတ်ဆိတ်သွားတော့၏။

အကယ်၍ ဒါရိုက်တာချန်သာ အကျပ်ကိုင်ခံရသဖြင့် သေဆုံးသွားခဲ့ရသည်ဆိုလျှင် ရောက်ရှိနေသူ အားလုံးမှာ တစ်စိတ်တစ်ပိုင်း တာဝန်ရှိနေမည် မဟုတ်ပါလား။

ထိတ်လန့်တုန်လှုပ်မှုများက လေထဲတွင် ပြည့်နှက်သွားတော့သည်။

All Chapters