အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
အခန်း(77)
နောက်တစ်နေ့။
ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်း။ အတန်း(6) ကိုယ်တိုင်စာကျက်ချိန်။
ယောင်ပင်းမှာ သင်ခန်းစာများကို တစ်ချက်ကြည့်ရုံနှင့်ပင် အလွတ်ရနေပြီ ဖြစ်ပေသည်။ ထို့ကြောင့် သူသည် သူ၏ စားပွဲပေါ်ကိုသာ ငေးငိုင်၍ ကြည့်နေမိတော့သည်။
မနေ့က ခိုင်ယဲ့ကို နံပါတ် ၁ နန်းတော်ဘားသို့ ပြန်ပို့ပေးချိန်တွင်၊ လျို့ချင်းသည် အလွန်ပင် ရက်စက်ပြီး အစွန်းရောက်သူ ဖြစ်သဖြင့် သူ၏ လူများကို ပြစ်မှားမိခြင်းအတွက် လွယ်လွယ်နှင့် လွှတ်ပေးမည် မဟုတ်ကြောင်း ခိုင်ယဲ့က သူ့ကို ထပ်ခါတလဲလဲ သတိပေးခဲ့ပေသည်။
မှာစရာရှိသည်များကို မှာပြီးနောက်၊ ခိုင်ယဲ့က ဒါရိုက်တာချန်၏ အကြောင်းကို မေးမြန်းခဲ့ပေသည်။
ခိုင်ယဲ့တွင် ဒဏ်ရာများ ရထားသဖြင့် ယောင်ပင်းက ထပ်မံ၍ ပြဿနာ မပေးလိုတော့ချေ။
ထို့ကြောင့် ထိုကိစ္စမှာ မလောသေးကြောင်းနှင့် နောက်မှ ဆွေးနွေးနိုင်ကြောင်း ပြောကာ၊ ခိုင်ယဲ့အား ဒဏ်ရာများ ပျောက်ကင်းအောင် အနားယူရန်သာ ပြောခဲ့ပေသည်။
ယောင်ပင်း ထွက်ခွာခါနီးတွင်၊ ခိုင်ယဲ့က ပြောင်ဇီ၏ တွဲကူမှုဖြင့် နေရာမှ ထရပ်ကာ လေးနက်စွာ ပြောခဲ့သည်။
“သခင်လေးယောင်.. ငါ ကျောက်ခိုင် မင်းကို အသက်ကြွေး တင်သွားပြီ၊ လိုအပ်တဲ့ အချိန်တိုင်း ငါ့အသက်နဲ့ ပြန်ပေးဆပ်ဖို့ အသင့်ပဲ!”
သူသည် စစ်သားဟောင်းတစ်ဦးဖြစ်ပြီး အလွန်ပင် သစ္စာရှိသူ ဖြစ်ပေသည်။ ယောင်ပင်းက သူ၏ အသက်ကို ကယ်ခဲ့သဖြင့် သူကလည်း သူ၏ အသက်ဖြင့် ပြန်လည် ပေးဆပ်မည်မှာ သေချာသည်။
ယောင်ပင်းက ခိုင်ယဲ့၏ စရိုက်ကို သိသဖြင့် ပြန်မပြောဘဲ လှည့်ထွက်ခဲ့သော်လည်း၊ သူ၏ ရင်ထဲတွင်တော့ နွေးထွေးမှုနှင့် စိတ်သက်သာရာရမှုကို ခံစားလိုက်ရပေသည်။
လျို့ချင်းက နောက်ပိုင်းတွင် ပြဿနာလာရှာမည်ကို သူ ကြိုတင် သိရှိထားသည်။ သို့သော် ကျုံးလဲ့ဗီလာတွင် ခွဲခွာခဲ့ပြီးကတည်းက ရှောက်ယောင်ကို မတွေ့ရတော့သဖြင့် သူမ မည်သို့ ရှိနေမည်ကို သူ မသိပါချေ။
အချိန်ရလျှင် ရှောက်ယောင်ထံသို့ သွားကြည့်ရပေဦးမည်။
အတွေးလွန်နေစဉ်မှာပင် ယောင်ပင်းတစ်ယောက် သူ၏ စနစ်မျက်နှာပြင်ပေါ်၌ အကြောင်းကြားချက် တစ်ခုကို မြင်လိုက်ရပေသည်။
ယောင်ပင်း ရက်စွဲကို စစ်ဆေးကြည့်လိုက်သည်။
ထိုသတိပေးချက်မှာ ဆေးရုံတွင် ရှိနေစဉ်ကတည်းက ပေါ်လာခဲ့ခြင်း ဖြစ်သော်လည်း လွန်ခဲ့သော ရက်များအတွင်း သူ အလွန် အလုပ်များနေသဖြင့် မစစ်ဆေးမိခဲ့ခြင်း ဖြစ်ပေသည်။
ယောင်ပင်း မျက်နှာပြင်ပေါ်သို့ နှိပ်လိုက်လျှင် အကြောင်းကြားချက်တစ်ခု ပေါ်လာသည်။
“ဆေးရုံတွင် အသက်ပေါင်းများစွာကို ကယ်တင်ခဲ့ပြီး လုံလောက်သော ကုသိုလ်များကို စုဆောင်းနိုင်ခဲ့သဖြင့်၊ အချိန်ကို စက္ကန့် ၃၀ ခန့် နောက်သို့ ပြန်ဆုတ်နိုင်သည့် စွမ်းရည်ကို တစ်ကြိမ် အသက်သွင်းနိုင်ပါပြီ။”
မှတ်ချက် - ဤအခွင့်အရေးမှာ အလွန်တန်ဖိုးရှိသဖြင့် သတိကြီးစွာ အသုံးပြုပါ။
အချိန်ကို စက္ကန့် ၃၀ နောက်ဆုတ်နိုင်မယ် ဟုတ်လား။
ဒီလို စွမ်းရည်မျိုးတောင် ရှိတာလား။ တကယ်ကို ဆန်းသစ်လွန်းတာပဲ။
“ယောင်ပင်း!”
ရုတ်တရက် တစ်စုံတစ်ဦးက သူ၏ အမည်ကို လှမ်းခေါ်လိုက်သည်။
ယောင်ပင်း မော့ကြည့်လိုက်လျှင်၊ သူ့ကို လှမ်းခေါ်သူမှာ အတန်းခေါင်းဆောင် တုမင်ယွမ် ဖြစ်နေသည်ကို တွေ့လိုက်ရပေသည်။
ပြီးခဲ့သည့် “အစွမ်းထက်ဆုံး အထက်တန်းကျောင်းသား” ပြိုင်ပွဲတွင် ယောင်ပင်းက လူစွမ်းကောင်း ဖြစ်သွားခဲ့သည်မှစ၍၊ တုမင်ယွမ်သည် သူ့အပေါ်တွင် ရန်လိုမှုများ ပြည့်နှက်နေပြီး အမြဲတမ်း မျက်နှာသေနှင့် ရှိနေကာ ယောင်ပင်းကို အမြဲတမ်း အခက်တွေ့အောင် လုပ်နေခဲ့သည်။
သို့သော် ယခုတွင်တော့ တုမင်ယွမ်က ပြုံးနေခဲ့သည်။
ယောင်ပင်းမှာ မှင်သက်သွားပြီး တုမင်ယွမ်တစ်ယောက် လူမှားခေါ်နေသလားဟုပင် ထင်မှတ်မိတော့သည်။
“ကျောင်းဆင်းရင် ငါတို့ ယွီရှို့ဗီလာကို သွားကြမလို့၊ ရှောက်ယောင်က မင်းကိုပါ အတူတူ လိုက်ခဲ့ဖို့ အထူးတလည် ဖိတ်ခိုင်းလိုက်လို့ပါ”
တုမင်ယွမ်က ယောင်ပင်းအား ယခင်ကကဲ့သို့ မောက်မာနေတတ်သော အမူအရာမျိုး မဟုတ်ဘဲ ပြုံးလျက် ပြောလိုက်ပေသည်။
“သူငယ်ချင်းနည်းနည်းလည်း လိုက်လာကြလိမ့်မယ်.. ဒါပေမဲ့ အဓိကကတော့ ရှောက်ယောင်ရဲ့ သူငယ်ချင်း သုံးယောက်က မင်းနဲ့ တွေ့ချင်နေကြလို့တဲ့
ဒါကြောင့် သူတို့က ကျောင်းအပြင်ဘက်မှာ စောင့်နေကြပြီ၊ အတူတူ ထွက်သွားကြရအောင်”
တုမင်ယွမ်၏ လေသံမှာ ထူးထူးခြားခြား စိတ်အားထက်သန်နေပေသည်။
ယောင်ပင်း မျက်မှောင်အနည်းငယ် ကြုတ်သွား၏။
ရှောက်ယောင်ရဲ့ သူငယ်ချင်းတွေက သူ့ကို တွေ့ချင်နေကြတယ် ဟုတ်လား။ ဒါ့အပြင် ကျောင်းတံခါးဝမှာပါ စောင့်နေကြတယ်တဲ့လား။
အကယ်၍ မိုရှောက်ယောင် လာမည်ဆိုပါက ဘာကြောင့် သူ့ကို ကြိုမပြောရသနည်း။
“ရှောက်ယောင်က မင်းကို ကြိုမပြောတာက မင်းအတွက် အံ့သြစရာ တစ်ခု ပြင်ဆင်ထားလို့လေ”
ဟု တုမင်ယွမ်က ယောင်ပင်း၏ စိတ်ထဲမှ အတွေးကို သိနေသကဲ့သို့ ပြုံး၍ ရှင်းပြလေသည်။
မိုရှောက်ယောင်က သူ့အတွက် Surprise ပြင်ထားတာလား။
ယောင်ပင်း အတော်လေး သိချင်စိတ် ဖြစ်သွားသဖြင့် တုမင်ယွမ်၏နောက်မှ ကျောင်းပြင်သို့ လိုက်သွားလိုက်ပေသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ချန်မိသားစုက တမင်တကာ ပြဿနာရှာခဲ့သဖြင့် ကျောင်းတစ်ခုလုံးတွင် ကောလာဟလများ ပျံ့နှံ့နေပြီး၊ လူတိုင်းက ယောင်ပင်းကို ကူးစက်ရောဂါသည် တစ်ဦးကဲ့သို့ ရှောင်ဖယ်နေကြသည် မဟုတ်ပါလား။
အကယ်၍ အတန်းဖော်များ၊ မိုရှောက်ယောင်နှင့် သူမ၏ သူငယ်ချင်းများနှင့်အတူ အချိန်ကုန်လွန်နိုင်မည့် အခွင့်အရေး ရရှိမည်ဆိုပါက ယောင်ပင်းအနေဖြင့် ငြင်းပယ်စရာ အကြောင်းမရှိပါချေ။
ထို့အပြင် လွန်ခဲ့သော ရက်များအတွင်း မိုရှောက်ယောင် မည်သို့ ရှိနေမည်ကိုလည်း သူ မေးမြန်းလိုနေပေသည်။
ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်း၏ တံခါးဝတွင် ..
ယောင်ပင်းနှင့် တုမင်ယွမ် ထွက်လာချိန်တွင် ကားအချို့ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရပေသည်။ ထိုကားများအားလုံးက သန်းနှင့်ချီ တန်ကြေးရှိသော ဇိမ်ခံကားများ ဖြစ်ကြပေသည်။
ကားများအတွင်း၌ ယောင်ပင်းနှင့် အသက်ရွယ်တူခန့် ရှိသော ယောက်ျားလေး၊ မိန်းကလေး ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရှိနေကြပေသည်။
သူတို့၏ အဝတ်အစားနှင့် အမူအရာများကို ကြည့်ခြင်းအားဖြင့် သူတို့အားလုံးမှာ ချမ်းသာသော မိသားစုများမှ သခင်လေးများနှင့် သခင်မလေးများ ဖြစ်ကြကြောင်း သိသာလှပေသည်။
သူတို့အကြားတွင် ရပ်နေသော ယောင်ပင်းမှာတော့ လုံးဝကို အံဝင်ခွင်ကျ မရှိလှပါချေ။
သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်သော်လည်း မိုရှောက်ယောင်ကို မတွေ့သဖြင့် တုမင်ယွမ်အား မေးလိုက်သည်။
“ရှောက်ယောင် ဘယ်မှာလဲ၊ သူရော မလိုက်ဘူးလား”
“နင်က ယောင်ပင်းလား”
တုမင်ယွမ် စကားမပြောမီမှာပင် ဆွဲဆောင်မှုရှိသော အသံတစ်ခုက ကြားဖြတ်မေးလိုက်ပေသည်။
ယောင်ပင်း မော့ကြည့်လိုက်ရာ သူ၏ ရှေ့တည့်တည့်ရှိ Cayenne ကားတစ်စီးအတွင်း၌ အလွန်လှပသော မိန်းကလေး သုံးဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။
စကားဖြတ်မေးလိုက်သော မိန်းကလေးမှာ ဆံပင်ကို မြင့်မြင့်စည်းထားပြီး၊ ရင်စေ့အင်္ကျီနှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားကာ နေကာမျက်မှန် တပ်ထားပေသည်။
သူမသည် ယောင်ပင်းကို အထက်စီးမှ ကြည့်နေခြင်း ဖြစ်ပေသည်။
နေကာမျက်မှန်ကြောင့် သူမ၏ မျက်လုံးများကို မမြင်ရသော်လည်း၊ သူမ၏ အကဲခတ်နေသော အကြည့်နှင့် အထင်သေးသော အကြည့်ကိုတော့ ယောင်ပင်း ခံစားမိနေပေသည်။
ယောင်ပင်းသည် သူမ မည်သူဖြစ်ကြောင်း မသိသဖြင့် ယဉ်ကျေးစွာဖြင့်ပင် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ယ်.. ကျွန်တော် ယောင်ပင်း ပါ”
“သူ့ရဲ့ ဝတ်ပုံစားပုံကို ကြည့်ရတာ သူပဲ ဖြစ်ရမယ်၊ ရှောက်ယောင်က အမြဲတမ်း အနေအထိုင် အင်မတန် စေ့စပ်တာပဲကို၊ ဘယ်လိုဖြစ်လို့ ဒီလိုလူမျိုးကို စိတ်ဝင်စားသွားရတာလဲ၊
သူ့ဝတ်စုံကို ကြည့်ဦးလေ၊ ခြေညှပ်ဖိနပ်နဲ့ ခြေအိတ်နဲ့.. တကယ့်ကို ခေတ်နောက်ကျလိုက်တာ!”
မကြာမီပင် လှိုင်းတွန့်ဆံပင်နှင့် နောက်ထပ် မိန်းကလေးတစ်ဦးက လှောင်ပြောင်သော စကားကို ဝင်ပြောလိုက်ပြန်သည်။
ထို့နောက် ထိုနှစ်ဦးမှာ ယောင်ပင်း မရှိသကဲ့သို့ပင် သူ၏အကြောင်းကို တတွတ်တွတ်နှင့် ဝေဖန်နေကြတော့သည်။
သို့သော်လည်း သူတို့နှင့် ကားတစ်စီးတည်း အတူပါလာသော တည်ငြိမ်အေးဆေးသည့် မိန်းကလေးတစ်ဦးက ယောင်ပင်းဘက်မှ ရှေ့နေလိုက်၍ ပြောပေးလိုက်သည်။
“လူတစ်ယောက်ကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့ မရပါဘူး.. ရှောက်ယောင်က သူ့ရဲ့ စိတ်နေစိတ်ထားကို သဘောကျတာလည်း ဖြစ်နိုင်တာပဲလေ”
သူမ၏ အသံမှာ နူးညံ့ချိုသာပြီး နားထောင်လို့ အလွန်ကောင်းလှပေသည်။
“စိတ်နေစိတ်ထား ဟုတ်လား၊ သူက ဘယ်လောက်ပဲ တော်တော်၊ အစ်ကိုယွီချီလောက် ထူးချွန်နိုင်ပါ့မလား”
“မှန်တယ်.. ပင်းဟိုင် တစ်မြို့လုံးမှာ အစ်ကိုယွီချီ ထက် သာတဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ၊ ပြီးတော့ အစ်ကိုမူရွှမ်းလည်း နိုင်ငံခြားကနေ ပြန်လာဦးမှာ၊ သူကလည်း ရှောက်ယောင်ကို သဘောကျနေတာပဲလေ...”
…
တည်ငြိမ်သော မိန်းကလေးက ယောင်ပင်းဘက်မှ ပြောပေးလိုက်ခြင်းက အခြားမိန်းကလေး နှစ်ဦး၏ ထပ်တိုး ဝေဖန်တိုက်ခိုက်မှုများကို ချက်ချင်းပင် ရရှိသွားစေခဲ့ပေသည်။
သူမအနေဖြင့် ပါးစပ်ပိတ်နေရုံလွဲ၍ အခြားမတတ်နိုင်တော့ဘဲ၊ ယောင်ပင်းအား စိတ်ထဲမထားရန် အားနာသော အပြုံးလေးဖြင့် အချက်ပြလိုက်ပေသည်။
ယောင်ပင်းသည် ထိုတည်ငြိမ်သော မိန်းကလေးအပေါ် ချက်ချင်းပင် အမြင်ကောင်းရှိသွားပြီး သူမအား အနည်းငယ် ခေါင်းညိတ်၍ ပြန်လည် နှုတ်ဆက်လိုက်ပေသည်။
ထိုမိန်းကလေး နှစ်ဦးမှာ အချိန်အကြာကြီး စကားများနေကြသော်လည်း မိုရှောက်ယောင် မည်သည့်နေရာတွင်ရှိနေကြောင်းကိုတော့ ထုတ်မပြောခဲ့ကြပါချေ။
ယောင်ပင်း အနည်းငယ် စိတ်ပျက်သွားမိသည်။ အကယ်၍ မိုရှောက်ယောင်သာ မလာပါက ဤကဲ့သို့သော ချမ်းသာသည့် လူငယ်အုပ်စုနှင့်အတူ အပန်းဖြေစခန်းကို သူ လုံးဝ မသွားလိုပါချေ။
ယောင်ပင်းသည် မတတ်သာဘဲ တုမင်ယွမ်အား မိုရှောက်ယောင် မည်သည့်နေရာတွင်ရှိနေကြောင်း ထပ်မံ မေးမြန်းလိုက်ရပေသည်။
တုမင်ယွမ်၏ မျက်လုံးများထဲတွင် မကောင်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပေသည်။ သူက မိုရှောက်ယောင်သည် ယွီရှို့ဗီလာတွင် စောင့်နေလိမ့်မည်ဖြစ်ကြောင်းနှင့် ထိုနေရာသို့သာ သွားကြမည်ဖြစ်ကြောင်း ပြောဆိုလိုက်၏။
နောက်တစ်ဆင့်မှာ ယွီရှို့ဗီလာသို့ ထွက်ခွာရန်ပင် ဖြစ်ပေသည်။
သို့သော်လည်း အခြားသူများထဲမှ မည်သူမျှ ယောင်ပင်းအား သူတို့၏ကားပေါ်တွင် တင်ဆောင်လိုခြင်း မရှိကြပါချေ။
တုမင်ယွမ်က အားနာဟန်ဖြင့် ပြောလိုက်သည် ။
“ယောင်ပင်း.. ငါ မင်းကို တင်သွားချင်ပေမဲ့၊ ငါ့ကားက တစ်ယောက်တည်း စီးရတာလေ.. ဒါမှမဟုတ်.. မင်း တက္ကစီ တစ်စီးလောက် ငှားလာခဲ့မလား”
ယောင်ပင်း ရုတ်တရက် သဘောပေါက်သွားတော့သည်။
တုမင်ယွမ်က သူ့ကို ယွီရှို့ဗီလာသို့ ဖိတ်ကြားခြင်းမှာ အကြောင်းပြချက် သက်သက်သာ ဖြစ်ပြီး၊ သူ့ကို အရှက်ခွဲလိုခြင်းသာ ဖြစ်ပေသည်။
ထိုနေရာသို့ မည်သို့သွားရမည်ဟူသည်က ပထမဆုံးသော ပြဿနာပင် ဖြစ်နေခဲ့သည်။
*
အခန်း(78) အဆင့်မြင့်ရွှေကတ်ပြား
တုမင်ယွမ်က ယောင်ပင်းကို အပြင်သို့ခေါ်ထုတ်လာခဲ့ပြီးနောက် ကျန်ရှိသောသူများက ကားမောင်း၍ သွားကြမည့်အချိန်တွင် ယောင်ပင်းကို တက္ကစီစီး၍ လိုက်လာခိုင်းခဲ့လေ၏။
ဤသည်မှာ ယောင်ပင်းကို အရှက်ရစေရန် တမင်တကာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
ယောင်ပင်းသည် အင်အားအကောင်းဆုံး အထက်တန်းကျောင်းသားပြိုင်ပွဲတွင် လူပြောအများဆုံး ကြယ်ပွင့်တစ်ဦး ဖြစ်ခဲ့သည်မဟုတ်ပါလော။
ထို့ကြောင့် ယခုအချိန်တွင် ယောင်ပင်းကို လျစ်လျူရှုခံရခြင်း၏ အရသာကို မြည်းစမ်းစေလိမ့်မည်။
“တက္ကစီစီးရတာက အရမ်းစျေးကြီးတယ် ၊ ငါ အနီးအနားမှာ ဘတ်စ်ကားရှာပြီး စီးသွားလိုက်မယ်”
ယောင်ပင်းက သူ့ကို ဒုက္ခပေးရန် တုမင်ယွမ် တမင်ကြံစည်နေသည်ကို လုံးဝသတိမထားမိသည့်အလား ဘတ်စ်ကားစီးရန် အကြံပြုလိုက်ပေသည်။
တုမင်ယွမ်မှာ အံ့အားသင့်သွားရ၏။
ကျန်ရှိသောသူများမှာလည်း အံ့အားသင့်သွားကြချေသည်။
ထို့နောက် သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရယ်သံများကို အစွမ်းကုန် အောင့်ထားကြလေတော့သည်။
အထူးသဖြင့် တုမင်ယွမ်ပင်။
သူသည် ယောင်ပင်းကို အရှက်ရစေရန် တမင်တကာ တက္ကစီစီးခိုင်းခဲ့သော်လည်း မျှော်လင့်မထားဘဲ ယောင်ပင်းက စျေးကြီးသည်ဟု ညည်းညူကာ ဘတ်စ်ကားစီးရန် ကြံစည်နေပေသည်။
ယွမ်အနည်းငယ်ကိုပင် ခြွေတာနေရသည့် ငမွဲ့တစ်ယောက်သာဖြစ်နေသည်။
“ဘတ်စ်ကား (၇၉) က ယွီရှို့စံအိမ်ကို မရောက်ခင် တစ်မှတ်တိုင်မှာ ရပ်တယ်၊ ကျန်တဲ့တစ်မှတ်တိုင်က မဝေးဘူး၊ မင်း လမ်းလျှောက်သွားလို့ရတယ်”
တုမင်ယွမ်က ယောင်ပင်းကို အလေးအနက် ပြောကြားလိုက်သည်။
ထို့နောက် သူက အခြားသူများကိုလည်း ရှင်းပြခဲ့သည်။
“ယောင်ပင်းရဲ့အမေက သူ့ကို တစ်ယောက်တည်း ကျွေးမွေးစောင့်ရှောက်လာရတာ မလွယ်ကူဘူး၊ အားလုံး နားလည်ပေးကြပါဦး”
ဤသည်မှာ ယောင်ပင်းဘက်မှ ခုခံပြောပေးနေခြင်းဟု ထင်ရသော်လည်း အမှန်စင်စစ်တွင်အနာဟောင်းကို ပြန်ဆွနေခြင်းသာ ဖြစ်ပေသည်။
ယောင်ပင်းက မျက်တောင်ချကာ အလေးအနက် ခေါင်းငြိမ့်ပြခဲ့သည်။
“ကျေးဇူးတင်ပါတယ် အတန်းခေါင်းဆောင်”
ထိုသို့ပြောပြီးနောက် သူက အမှန်တကယ်ပင် လှည့်ထွက်သွားပြီး ဘတ်စ်ကား (၇၉) ပေါ်သို့ တက်သွားခဲ့ချေသည်။
တခြားသူများသည်က သူထွက်ခွာသွားသည်ကို ကြည့်နေကြပြီး နေကာမျက်မှန်တပ်ထားသော မိန်းကလေးမှာ နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ပေါက်ကွဲထွက်သကဲ့သို့ ရယ်မောလိုက်လေတော့သည်။
“ဒီကောင်က အရူးလား၊ ငါတို့က သူ့ကို လှောင်နေတာကိုတောင် သူ မသိဘူးလား”
ဆံပင်အကောက်နှင့် မိန်းကလေးက နှာခေါင်းရှုံ့ခဲ့သည်။
“ဒီကောင်က အတော်လေး ကောက်ကျစ်စဉ်းလဲတယ်လို့ ငါထင်တယ်... မင်ယွမ်က သိသိသာသာ လုပ်နေတာတောင် သူက တည်ငြိမ်နေတုန်းပဲ၊
ဒါ့အပြင် ရှောက်ယောင်က သူ့ကို အထင်တကြီး ကြည့်နေအောင် လုပ်နိုင်တယ်ဆိုကတည်းက သူက မရိုးရှင်းဘူး၊ သူ တစ်ခုခု လိမ်ညာလှည့်စားထားလို့ ရှောက်ယောင်က သူ့ရဲ့ အယုံသွင်းတာ ခံလိုက်ရတာလည်း ဖြစ်နိုင်တယ်”
ကျန်ရှိသော လူငယ်များမှာလည်း ကားကိုမှီကာ ထိုမြင်ကွင်းကို လှောင်ပြုံးဖြင့် ကြည့်နေကြချေသည်။
ယောင်ပင်းကဲ့သို့သော သူမျိုးသည်ကား သူတို့အတွက် ထူးဆန်းသော အရာတစ်ခု ဖြစ်နေပေသည်။
တုမင်ယွမ်က လှောင်ပြောင်လျက် ပြောလာသည်။
“မရိုးရှင်းတာ မဟုတ်ပါဘူး၊ ရှောက်ယောင်က သူ့လို လူတန်းစားမျိုးကို တစ်ခါမှ မမြင်ဖူးလို့ အထူးအဆန်း ဖြစ်နေတာ၊ ကဲ... ငါတို့ သွားကြစို့”
ယောင်ပင်းကို “အံ့အားသင့်စရာအကြီးကြီး” ပေးနိုင်ရန်အတွက် သူသည် စံအိမ်ရှိ လူများကို ကြိုတင်အကြောင်းကြားပြီး အစီအစဉ်များ ပြုလုပ်ထားရန် လိုအပ်ပေသည်။
ယွီရှို့စံအိမ်၏ အဝင်ဝတွင်:
ယောင်ပင်းစီးလာသော ဘတ်စ်ကားမှာ နှေးကွေးသဖြင့် သူသည် တုမင်ယွမ်တို့ထက် မိနစ်နှစ်ဆယ်ကျော် နောက်ကျမှ စံအိမ်အဝင်ဝသို့ ရောက်ရှိလာခဲ့ချေသည်။
မျှော်လင့်မထားဘဲ ယောင်ပင်း ရောက်ရှိလာချိန်တွင် တုမင်ယွမ်နှင့် အခြားသူများမှာ စံအိမ်အတွင်းသို့ မဝင်ရသေးဘဲ တံခါးဝတွင်ပင် ပိတ်မိနေကြသေး၏။
ထို့အပြင် တုမင်ယွမ်နှင့် သူ၏အဖွဲ့မှာ တံခါးစောင့်နှင့် ကျယ်လောင်စွာ အငြင်းပွားနေကြပုံ ရပေသည်။
ယောင်ပင်း ရောက်လာသောအခါ တုမင်ယွမ်က တံခါးစောင့်ကို အေးစက်စွာ မေးမြန်းနေသည်ကို မြင်လိုက်ရ၏။
“ဒီမနက် ငါ ချိန်းဆိုမှုလုပ်တုန်းက ဒီနေ့ အပန်းဖြေစခန်းမှာ အစီအစဉ်တွေ ရှိတယ်လို့ ဘာလို့ မပြောတာလဲ၊ အခု ငါတို့ ဒီကို ရောက်နေပြီ၊ အစီအစဉ်တွေ ရှိတယ်လို့ အခုမှ လာပြောနေတာလား၊ ဒါ ဘာသဘောလဲ”
“ဟုတ်တယ်၊ ဒါက တမင်တကာ လုပ်တာပဲ”
“မင်းတို့ မန်နေဂျာကို ခေါ်ခဲ့၊ ငါတို့ သူနဲ့ ကောင်းကောင်း စကားပြောရမယ်...”
နေကာမျက်မှန်နှင့် မိန်းကလေးနှင့် ဆံပင်ကောက်ကောက်နှင့် မိန်းကလေးတို့က ဝင်ရောက်ပြောဆိုကြပြီး တိတ်ဆိတ်သော မိန်းကလေးမှာတော့ ငြိမ်သက်စွာ ကြည့်နေရင်း တစ်ခါတစ်ရံတွင်သာ အကြံပြုစကား ပြောကြားလေ၏။
အခြားသော လူငယ်များမှာတော့ မျက်နှာသေဖြင့် အင်္ကျီလက်များကို လိပ်တင်ကာ တစ်ခုခုလုပ်ရန် အသင့်ပြင်နေကြချေသည်။
သူတို့အားလုံးမှာ အထက်တန်းလွှာ မိသားစုများမှ ဖြစ်ကြပြီး အလိုလိုက်ခံထားရသူများ ဖြစ်သဖြင့် ထိုကဲ့သို့သော အရှက်ရမှုကို တစ်ခါမျှ မခံစားဖူးကြချေ။
တံခါးစောင့်က အားနာစွာ ပြုံးလျက် ပြောလာသည်။
“သခင်လေးတု၊ ဒါက သခင်ကြီးကော်ဆီကနေ ရုတ်တရက် ရောက်လာတဲ့ အကြောင်းကြားစာပါ၊
သခင်ကြီးကော်က အပန်းဖြေစခန်းမှာ အရေးကြီးတဲ့ ကိစ္စရှိနေလို့ ဘယ်သူ့ကိုမှ အဝင်မခံဖို့ အထူးအမိန့်ထုတ်ထားပါတယ်၊
ကျွန်တော်တို့က အမိန့်အတိုင်း လုပ်ဆောင်နေရတာမို့ နားလည်ပေးကြပါ၊ ကျွန်တော်တို့လို အစေခံတွေကို ခက်ခဲအောင် မလုပ်ပါနဲ့လား”
တံခါးစောင့်က “သခင်ကြီးကော်” ဟု ပြောသည်ကို ကြားလိုက်ရသောအခါ ယောင်ပင်းလည်း အခြေအနေကို သိလိုသဖြင့် မသိမသာ ရှေ့သို့ တိုးသွားခဲ့သည်။
ယောင်ပင်းကို မြင်လိုက်ရသောအခါ တုမင်ယွမ်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့၏။ သူက တံခါးစောင့်ကို တင်းမာစွာ ပြောလိုက်သည်။
“ဒါဆိုရင် ငါကိုယ်တိုင် သူ့ကို တွေ့ချင်တယ်လို့ မင်းတို့ သခင်ကြီးကော်ကို သွားပြောလိုက်. တံခါးစောင့်လေးကများ ဒီလောက် ရိုင်းစိုင်းရဲတယ်ပေါ့၊ ဒါ တကယ်ကို လွန်လွန်းတယ်”
သူသည် ယောင်ပင်းကို အရှက်ခွဲရန် ဤအစီအစဉ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ရာ အကယ်၍ သူကိုယ်တိုင်ပင် အထဲသို့ မဝင်နိုင်ပါက ယောင်ပင်းက သူ့ကို လှောင်ရယ်နေမည် မဟုတ်ပါလား။
သူ အထဲဝင်နိုင်မည့် နည်းလမ်းကို ရှာရမည်ဖြစ်ပေသည်။
တုမင်ယွမ်၏ စကားများကြောင့် လူငယ်များမှာ တံခါးစောင့်ကို ပိုမို ဝိုင်းရံလာကြပြီး အကယ်၍ တံခါးစောင့်က ငြင်းဆန်ပါက တိုက်ခိုက်တော့မည့ဟန် ရှိနေချေသည်။
တံခါးစောင့်မှာ ချွေးများ ပြန်နေပြီးတွန့်ဆုတ်နေလေတော့သည်။
“ဒါက...”
ထိုမြင်ကွင်းကို မြင်သောအခါ ယောင်ပင်းက ရှေ့သို့တက်၍ တံခါးစောင့်ကို ညင်သာစွာ ဘေးသို့ ဆွဲထုတ်လိုက်လေသည်။
ထို့နောက် သူက သခင်ကြီးကော် ပေးထားခဲ့သော VIP ရွှေကတ်ပြားကို ထုတ်ယူကာ တီးတိုးလေး ပြောလိုက်၏။
“ကျွန်တော်တို့က လူနည့်နည်းလောက်လေ၊ ဒါက သခင်ကြီးကော်ရဲ့ အစီအစဉ်တွေကို ထိခိုက်မှာ မဟုတ်ပါဘူး. ကျေးဇူးပြုပြီး ခွင့်ပြုပေးပါဦး...”
“မင်း... မင်းက...”
ယောင်ပင်း၏လက်ထဲရှိ VIP ကတ်ကို မြင်လိုက်ရသောအခါ တံခါးစောင့်၏ မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားလေတော့သည်။
သူသိထားသလောက် ထိုကဲ့သို့သော VIP ရွှေကတ်ပြားကို လူအနည်းငယ်သာ ပိုင်ဆိုင်ကြပေသည်။
ထိုဧည့်သည်များသည် လွန်စွာ လျှို့ဝှက်ဆန်းပြားပြီး အလွန်အမင်း ဂုဏ်သရေရှိသော သူများ ဖြစ်ကြချေသည်။
အဆင့်မြင့်ရွှေကတ်ပြားကို ကိုင်ဆောင်ထားသူသည် အရာရာတိုင်းတွင် ဦးစားပေး ခွင့်ပြုချက် ရရှိသည့်အပြင် ကော်မိသားစုပိုင်ဆိုင်သော နေရာများရှိ ဝယ်ယူမှုအားလုံးမှာလည်း အခမဲ့ ဖြစ်ပေသည်။
သူသည် ယွီရှို့စံအိမ်တွင် အလုပ်လုပ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း အဆင့်မြင့်ရွှေကတ်ပြား ကိုင်ဆောင်ထားသော ဧည့်သည်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
သို့သော် ယခုအခါတွင်တော့ ဤအထက်တန်းကျောင်းသားလေးက ကော်မိသားစု၏ အဆင့်မြင့်ရွှေကတ်ပြားကို ပိုင်ဆိုင်ထားသည့်အတွက် တံခါးစောင့်အနေဖြင့် မည်သို့အံ့အားမသင့်ဘဲ နေနိုင်ပါမည်နည်း။
“အလန့်တကြား မဖြစ်ပါနဲ့၊ ကျွန်တော်တို့ကို အထဲပေးဝင်လိုက်ရုံပါပဲ။၊ ကျွန်တော့်သူငယ်ချင်းတွေကိုတော့ ဘာမှမပြောပါနဲ့”
ယောင်ပင်းက တံခါးစောင့်ကို အသံမထွက်ရန် လက်ကာပြလိုက်သည်။
“ကျွန်တော် နောက်မှ မစ္စတာကော်ကို သွားတွေ့လိုက်မယ်”
တံခါးစောင့်က ချက်ချင်းပင် နားလည်ကြောင်း ခေါင်းငြိမ့်ပြကာ ရိုသေစွာဖြင့် လမ်းညွှန်ပြလိုက်လေသည်။
“ကြွပါ”
ထိုအခါမှ ယောင်ပင်းက တုမင်ယွမ်နှင့် အခြားသူများဘက်သို့ လှည့်ပြောလိုက်သည်။
“အခု အထဲကိုဝင်လို့ ရပြီ”
တုမင်ယွမ်နှင့် သူ၏အဖော်များမှာ အံ့အားသင့်သွားကြသည်။
တံခါးစောင့်မှာ သူတို့ မည်သူဖြစ်ကြောင်းကို သိသော်လည်း သူတို့ မိနစ်နှစ်ဆယ်ကျော်ကြာ အသနားခံနေခဲ့သည်ကို ငြင်းဆန်နေခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ယောင်ပင်းက တံခါးစောင့်ကို မည်သည့်စကားများ ပြောလိုက်၍ ချက်ချင်း အထဲပေးဝင်လိုက်ရသည်လဲ။
အဖွဲ့သားများ စံအိမ်အတွင်းသို့ ရောက်ရှိပြီးနောက် တုမင်ယွမ်က စူးစမ်းစွာ မေးမြန်းလေသည်။
“ယောင်ပင်း၊ မင်း တံခါးစောင့်ကို ဘာပြောလိုက်တာလဲ ၊ သူက ဘာလို့ ငါတို့ကို ပေးဝင်တာလဲ”
အခြားသူများကလည်း ယောင်ပင်း၏ အဖြေကို သိလိုသဖြင့် စူးစမ်းစွာ ကြည့်နေကြချေသည်။
“ တံခါးစောင့်ကို အသနားခံလိုက်တာလေ၊ ငါတို့က ဒီလောက်ဝေးတဲ့လမ်းကို လာခဲ့ကြတာမလို့ တစ်ကြိမ်လောက် ခွင့်ပြုပေးဖို့ ပြောလိုက်တာပါ”
ယောင်ပင်းက အမှန်အတိုင်း မပြောဘဲ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်လေသည်။
အချို့သောအရာများသည်က အထူးတလည် ရှင်းပြနေရန် မလိုအပ်ပေ။
နေကာမျက်မှန်နှင့် မိန်းကလေးမှာ ရုတ်တရက် သဘောပေါက်သွားကာ လှောင်ပြောင်လိုက်ချေသည်။
“အော.. ဒါကြောင့် သူက ပေးဝင်တာကိုး၊ နင်က သူ့ကို အသနားခံလိုက်တာလား၊ တံခါးစောင့်လေး တစ်ယောက်ကို အသနားခံနေရဖို့ လိုလို့လား”
ဆံပင်ကောက်ကောက်နှင့် မိန်းကလေးကလည်း :
“ဟုတ်တယ်၊ တံခါးစောင့်ခွေး တစ်ကောင်ပဲလေ.. နင် သူ့ကို အသနားခံလိုက်တာက ငါတို့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်၊ ဒီတံခါးစောင့်က ဘယ်သူလဲဆိုတာ ငါ့အဖေကို စုံစမ်းခိုင်းပြီး အလုပ်ထုတ်ခိုင်းလိုက်မယ်...”
ဤသခင်လေးနှင့် သခင်မလေးများမှာ တံခါးစောင့်လေးတစ်ဦးကြောင့် ယွီရှို့စံအိမ်အတွင်းသို့ ဝင်ခွင့်မရဘဲ ရပ်တန့်နေရသည်ကို မေ့လျော့နေကြပုံ ရပေသည်။
အခြားသော လူငယ်များကလည်း ယောင်ပင်းက တံခါးစောင့်ကို အသနားခံခဲ့၍သာ အထဲဝင်ခွင့်ရခဲ့သည်ဟု ထင်မှတ်နေကြချေသည်။
သူတို့၏ ယောင်ပင်းအပေါ် ကြည့်သော အကြည့်များတွင် အထင်အမြင်သေးမှုများ ပိုမို ပါဝင်လာလေတော့သည်။
တိတ်ဆိတ်သော မိန်းကလေးတစ်ဦးသာလျှင် ယောင်ပင်းကို လှပသော မျက်လုံးလေးများဖြင့် စိုက်ကြည့်ကာ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ဖြစ်ပေါ်နေလေ၏။
အခြေအနေများမှာ ယောင်ပင်းပြောသကဲ့သို့ မရိုးရှင်းကြောင်းကို သူမက ရှင်းရှင်းလင်းလင်း သိနေပုံ ရပေသည်။
တုမင်ယွမ်သည်လည်း ဇဝေဇဝါ ဖြစ်နေခဲ့သည်။
*