တည်နေရာရွှေ့ပြောင်းခြင်း စည်းတံဆိပ်အား ချိုးဖျက်ခြင်း
Vol. 12 Ch. 159
မြူများသည် ကောင်းကင်အား ဖုံးလွှမ်းထားသည်။ ထူးဆန်းသည့် ကြယ်လေးများသည်လည်း မှိတ်တုတ် မှိတ်တုတ် လင်းလက်နေကြသည်။ ကောင်းကင်အား ဆုတ်ဖြဲထားသည့် ဧရာမအက်ကွဲကြောင်း ကြီးများသည် ကြယ်များ ပြည့်နှက်နေသည့် ကောင်းကင်ကို မော့ကြည့်မိသူများအား ထိုအရာသည် အမှန်တကယ် တည်ရှိနေခြင်း မဟုတ်သည့် အတုအယောင်ဆိုသည်ကို ပြောပြနေသယောင်ယောင်။
ကြယ်စုံသည့် ကောင်းကင်အောက်ရှိ မရေမတွက်နိုင်သော တောင်ကြားများဖြင့် ဝန်းရံထားသည့် လွင်ပြင်ထဲတွင်တော့ ဧရာမအဆောက်အဦကြီး တစ်ခုသည် ထီးတည်းတည်ရှိနေသည်။ ၎င်းကို ကြည့်ရှုရန် ကြိုးစားသူများ၏ မြင်ကွင်းအား ပတ်ဝန်းကျင်ရှိ မြူခိုးတို့က ပိတ်ဆိုင်းကာဆီးထားပြီး အဆောက်အဦးကြီးအား ရှင်းလင်းစွာ မမြင်ရနိုင်ချေ။
သို့သော် တစ်စုံတစ်ဦးသည်သာ အနီးကပ် သွားကြည့်မည်ဆိုလျှင်တော့ ထိုအဆောက်အဦကြီးသည် ဧရာမဓားကြီး တစ်ချောင်းအသွင် ဖြစ်နေသည်ကို တွေ့မြင်ရပေလိမ့်မည်။ ထိုအရာကြီးသည် မြေပေါ်သို့ ထောင့်ဖြတ်ထိုးစိုက် တည်ဆောက်ထားခြင်းဖြစ်ပြီး မြေပေါ်ရှိ မြင်နိုင်သည့် အပိုင်းသည်ပင် ပေထောင်ပေါင်းများစွာ ရှည်လျားချေသည်။
၎င်းသည် လုံးဝနက်မှောင်နေကာ အမျိုးအမည်မသိသည့် အရာဝတ္ထုဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး သိပ်သည်းသည့် အမှတ်အသားများဖြင့် မျက်နှာပြင်အား ဖုံးအုပ်ထားသည်။ ထိုအရာသည် ဓားတစ်ချောင်းနှင့် တူသည်ဆိုသော်ငြား သင်္ဘောတစ်စင်းနှင့်လည်း အတော်ဆင်တူလေသည်။
မျှော်စင်ပုံစံ ရှည်လျားသည့် ယဇ်ပလ္လင်ကြီး၃ခုသည် ဓားသင်္ဘောကြီး၏ သုံးဘက်သုံးတန် ဝန်းရံတည်ရှိနေသည်။ ယဇ်ပလ္လင်များသည် အဖြူရောင်၊ အနက်ရောင်နှင့် အနီရောင်များရှိကြပြီး တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားကြသည်။
ဓားသင်္ဘောကြီးထံမှ လာသည့် ရှေးကျသည့် အငွေ့အသက်နှင့် ယှဉ်လျင်တော့ ထိုမျှော်စင်ပုံစံ ယဇ်ပလ္လင်၃ခုသည် နောက်ပိုင်းမှ တည်ဆောက်ခဲ့သည်မှာ ရှင်းလင်းနေသည်။
ထိုအခိုက်တွင် အဖြူရောင်နှင့် အနက်ရောင် ယဇ်ပလ္လင်များတွင် မည်သည့်အရာမျှ ရှိမနေချေ။ အနီရောင်ယဇ်ပလ္လင် တစ်ခုတည်းသည်သာ အနီရောင်အလင်းတို့ တောက်ပလျက်ရှိ၏။ ထိုတောက်ပသည့် အလင်းရောင်သည် မြူထုကို ထိုးဖောက်လျက် ဧရိယာတစ်ခုလုံးအား အုပ်ဆိုင်းထားသည်မှာ အဝေးမှရပ်၍ ကြည့်မည်ဆိုလျှင်ပင် ကြည့်သူ၏ အမြင်အာရုံ တစ်ခုလုံးအား အနီရောင်တို့ဖြင့်သာ ပကတိ ဖုံးလွှမ်းနေလိမ့်မည် ဖြစ်သည်။
ဒါဇင်အနည်းငယ်ခန့် လူများသည် အနီရောင် ယဇ်ပလ္လင်ပတ်လည်တွင် လွင့်မျောလျက်ရှိနေသည်။ သူတို့ထဲမှ တစ်ယောက်သည် ယန်လွမ်ဖြစ်သည်။ သူမသည် အနီရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်းထားပြီး ဆံပင်တို့သည် လေတွင်လွင့်မျောနေကာ ဓားသင်္ဘော အဆောက်အဦအား တောက်ပသည့် မျက်လုံးများဖြင့် ကြည့်နေလေသည်။
ဟန်ဖေးကျစ်သည်တော့ သူမနောက်တွင် တိတ်ဆိတ်စွာရှိနေသည်။ သူမမျက်နှာပေါ်ရှိ မျက်နှာကာကြောင့် မည်သူကမှ သူမ၏မျက်နှာ အမူအရာ အပြောင်းအလဲများအား မမြင်တွေ့နိုင်ချေ။ တောက်ပနေသည့် သူမမျက်လုံးများကိုသာ တွေ့မြင်ရမည်ဖြစ်သည်။
တစ်ခါတစ်ရံ အဝေးမှ ထွက်ပေါ်လာတတ်သည့် အော်ဟစ်တိုက်ခိုက် သံများမှအပ ဧရိယာတစ်ခုလုံးသည် တိတ်ဆိတ်လျက်ရှိသည်။ အကယ်၍ မည်သူမဆို ထိုအသံ၏ အရင်းအမြစ်အား ရှာဖွေကြည့်လိုက်မည်ဆိုလျှင် ဤနေရာမှ အတန်ငယ်ဝေးသည့်နေရာ ၂နေရာ၌ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု၊ ပုချန့်မျိုးနွယ်စုနှင့် အရောင်စုံရေကန် မျိုးနွယ်စုတို့ တစ်စုနှင့်တစ်စု တိုက်ခိုက်နေကြသည်ကို တွေ့ရမည်ပင်ဖြစ်သည်။
“ငါတို့က ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုနဲ့ ပုချန့်မျိုးနွယ်စုတို့ကို အချိန်ကြာကြာ ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ဘူး။ သူတို့လည်း ဒီနေရာရဲ့ပြောင်းလဲမှုတွေကို သတိပြုမိပြီးလောက်ပြီ ... ငါတို့မှာ အချိန်နည်းနည်းပဲ ရှိတယ်…”
ဟန်ဖေးကျစ် တီးတိုးရေရွတ်လိုက်သည်။
“အကယ်၍ မျိုးနွယ်စု ခေါင်းဆောင်ဟောင်းနဲ့ အကြီးအကဲတို့က ဖန်းချန်းလန်နဲ့ ပုချန့်မျိုးနွယ်က မာန်စွမ်းအားရှင် တို့ကို တားဆီးထားနိုင်ခဲ့မယ် ဆိုရင်တောင်မှ ... ဖန်းချန်းလန်က အေးခဲကောင်းကင်ကလန်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေတုန်းပဲ။ ကျွန်မတို့ သူ့ကို မသတ်သင့်ဘူး။ မဟုတ်ဘူး သတ်လို့မရဘူး”
ဟန်ဖေးကျစ်သည် ယန်လွမ်အားကြည့်လိုက်ရင်း ပြောသည်။
“ငါ သတိထားလိုက်ပါ့မယ်။ မင်း အေးခဲကောင်းကင်ကလန်ထဲ ဝင်ရောက်မှာကို မနှောင့်နှေးစေရပါဘူး”
ယန်လွမ် ရယ်မောရင်း ဟန်ဖေးကျစ်အား လှည့်ကြည့်လိုက်သည်။
“ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ဧည့်သည်တော်အသစ်က မင်းကို ဘယ်လို ဆွဲဆောင်သွားတာလဲဆိုတာ ငါအရမ်းသိချင်မိတယ်။ သူ့အပေါ်ငါ့ရဲ့ စိတ်ဝင်စားမှုကို ဖယ်ရှားပေးဖို့ မင်းရဲ့ နောက်ဆုံးဆန္ဒကိုတောင် အသုံးပြုခဲ့တာဆိုတော့ ငါတကယ်ကိုပဲ သိချင်မိတယ်”
ယန်လွမ် လှပစွာ ပြုံးနေခြင်း ဖြစ်နိုင်သော်ငြား သူမကို သိသည့်သူများ အတွက်တော့ သူမမျက်လုံးထဲမှ အေးစက်မှုများအား တွေ့နိုင်မည်ဖြစ်သည်။
“ရှင့်အတွက် အိမ်ထောင်ဖက်တွေ ရှားပါးမနေပေမဲ့ ကျွန်မအတွက်တော့ လက်တွဲဖော်ရှိနေတာ မဟုတ်ဘူး”
ဟန်ဖေးကျစ် နူးညံ့စွာပြောလိုက်သည်။
သူမအသံသည် နားများအတွင်း သာယာမှုတို့ ဖြစ်ပေါ်သွားစေသော်ငြား ၎င်းအတွင်း အေးစက်မှုများလည်း ပါဝင်နေချေသည်။
“ လက်တွဲဖော် ... မင်းတကယ် စဉ်းစားနေတာလား…”
ယန်လွမ်သည် ပါးစပ်ကိုပိတ်လျက် ရယ်မောလိုက်သော်ငြား စကားကိုဆုံးအောင် မပြောလိုက်ပါချေ။ ထိုအစား ဟန်ဖေးကျစ်အား လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။
“အချိန်ကျပြီ။ မင်း စည်းကိုဖွင့်ပြီးတော့ ကျွန်မျိုးနွယ်စု အမှတ်အသားကို ချိုးဖျက်တာက အကောင်းဆုံးဖြစ်လိမ့်မယ်။ ဒါဆိုရင် ငါလည်း ငြိမ်းငြိမ်းချမ်းချမ်း ထွက်သွားနိုင်တာပေါ့”
ဟန်ဖေးကျစ် မျက်လုံးတို့ကိုမှိတ်လျက် ညင်သာစွာ ပြောလိုက်သည်။
ယန်လွမ် ခပ်ဖျော့ဖျော့ပြုံးလိုက်ရင်း နောက်သို့ပြန်လှည့်ကာ ဓား-သင်္ဘောပုံစံ အရာဝတ္ထုကြီးအား ကြည့်လိုက်ပြီး ထူးဆန်းသည့် အလင်းသည် သူမမျက်လုံးအတွင်း ဖြစ်ပေါ်လာသည်။ ထို့နောက် လေထုအလယ်တွင် ဒူးထောက်မချမီ ညာဘက်လက်ကို မြှောက်လျက် နှလုံးသားပေါ်သို့ ဖိချလိုက်သည်။ သူမျက်နှာသည် ဆက်၍ နှစ်သက်ကြည်နူးဖွယ်ဟန် မရှိတော့ပဲ ကိုးကွယ်ဆည်းကပ် ကိုင်းရှိုင်းမှုတို့ဖြင့် ပြည့်နှက်သွားလေသည်။
“မှော်အမှတ်အသားတွေကို ချိန်ညှိလိုက်”
ယန်လွမ် ညင်သာစွာပြောလိုက်သည်။
သူမ ထိုစကားလုံးတို့အား ပြောလိုက်ချိန်မှာပင် မိုးထစ်ခြုန်းသံတို့သည် လေထုအတွင်း ဖြစ်ပေါ်လာပြီး အနီရောင်လျှပ်စီးကြောင်းတို့သည် နေရာအနှံ့မှ ထွက်ပေါ်လာကြသည်။ ၎င်းတို့သည် အချင်းချင်း ဖြတ်သန်း ရိုက်ခတ်မိကြပြီးနောက် ကောင်းကင်တစ်ခွင်လုံး ပျံ့နှံ့သွားလေသည်။
တစ်ချိန်တည်းမှာပင် ယန်လွမ်နောက်ဘက်ရှိ အရောင်စုံရေကန် မျိုးနွယ်စုမှ ဒါဇင်အနည်းငယ်ခန့် လူများသည် ကောင်းကင်ရှိ လျှပ်စီးကြောင်းများမှ ဆွဲတင်လိုက်သကဲ့သို့ မျောပါသွားကြပြီးနောက် သူတို့မျက်နှာများပေါ်တွင် လေးစားမှု အသွင်အပြင်များဖြင့် လေထဲတွင်ပင် ထိုင်ချလိုက်ကြသည်။
မိုးကြိုးလျှပ်စီး အလင်းတန်းများသည် မူလက ကောင်းကင်၌ ပြန့်ကျဲတောက်ပ နေခဲ့ကြသော်ငြား အရောင်စုံရေကန် မျိုးနွယ်စုမှလူများ လေထဲသို့လွင့်မျောရောက်ရှိ လာသောအခါ လျှပ်စီးကြောင်းများ အားလုံးသည် ထိုလူများအား ဗဟိုပြုလျက် ဝန်းရံလိုက်ကြသည်။ လျှပ်စီးကြောင်းများသည် ထိုလူများနှင့် ဆက်သွယ်လိုက်သည်နှင့် တစ်ပြိုင်နက် ရှုပ်ထွေးသည့် ရုပ်ပုံကြီးတစ်ခုသည် လေထုအလယ်၌ ဖြစ်ပေါ်လာလေသည်။
ထိုရုပ်ပုံကြီးသည် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ပင်ဖြစ်သည်။
“ဟန်ဖေးကျစ်”
ယန်လွမ် နူးညံ့စွာခေါ်လိုက်သည်။
ဟန်ဖေးကျစ်သည် မည်သည့်စကားမျှ ပြန်မပြောသောငြား ရှေ့သို့ခြေတစ်လှမ်း တက်လိုက်ပြီး ရုပ်ပုံကြီးဆီသို့ ဦးတည်လိုက်သည်။ ထို့နောက် သူမသည် ရုပ်ပုံ၏ အလယ်ဗဟို၌ ထိုင်ချလိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ မျက်လုံးများကို မှိတ်လိုက်သည်။
“အရောင်စုံရေကန်မျိုးနွယ်စုရဲ့ ရုပ်တု၊ ကျွန်ုပ်တို့အပေါ်ကို သက်ဆင်းပါ”
“အရောင်စုံရေကန်မျိုးနွယ်စုရဲ့ ရုပ်တု၊ ကျွန်ုပ်တို့အပေါ်ကို သက်ဆင်းပါ”
“အရောင်စုံရေကန်မျိုးနွယ်စုရဲ့ ရုပတု၊ ကျွန်ုပ်တို့အပေါ်ကို သက်ဆင်းပါ”
ထိုစကားများသည် ကောင်းကင်ရှိလူများ၏ ပါးစပ်မှ တစ်ခွန်းပြီးတစ်ခွန်း ထွက်ပေါ်လာလေသည်။ သူတို့အသံများသည် အတူတကွ ပေါင်းစည်းသွားကြပြီး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ၎င်းတို့သည် ပတ်ဝန်းကျင်တစ်လျှောက် ပဲ့တင်ထပ်နေချိန်တွင် ပြင်ပကမ္ဘာရှိ တောင်ပိုင်းအရုဏ်ဦး နယ်မြေ၊ ဟန်တောင်တန်းမြို့တော်အနီး အရောင်စုံရေကန် မျိုးနွယ်စုတည်ရှိရာ တောင်ပေါ်တွင်တော့ အရောင်စုံရေကန် မျိုးနွယ်စုဝင်များသည် တင်ပျဉ်ချိတ်လျက် ထိုင်နေကြ၏။ သူတို့ထဲမှ အချို့သည် မာန်စွမ်းအားရှင်များ ဖြစ်ပြီး အခြားသူများသည်တော့ မျိုးနွယ်စုဝင် သာမန်လူများသာဖြစ်သည်။
သူတို့အားလုံးသည် မျက်လုံးများပိတ်လျက် ထိုင်နေကြပြီး ထိုအခိုက်တွင်တော့ လျှာကိုကိုက်လျက် တစ်ချိန်တည်းတွင်ပင် သွေးများအား ထွေးထုတ်လိုက်ကြသည်။ ထိုသူတို့၏ သွေးစက်တိုင်းသည် ကောင်းကင်သို့ မြင့်တက်သွားကြပြီး လေထုအလယ်၌ လျင်မြန်စွာ စုဝေးသွားလေသည်။
အရောင်စုံရေကန်မျိုးနွယ်စု တည်ရှိရာတောင်ထိပ်တွင် သွေးတို့ဖြင့် ဖွဲ့စည်းထားသည့် ဧရာမမျက်နှာ ပုံသဏ္ဌာန်ကြီး ဖြစ်ပေါ်လာသည်။ ၎င်းသည် ကျက်သရေရှိသည့် အမျိုးသမီးတစ်ဦး၏ ဧရာမမျက်နှာကြီး ဖြစ်သည်။ ထိုမျက်နှာ ဖြစ်ပေါ်လာသည်နှင့် တည်နေရာရွှေ့ပြောင်းခြင်း အလင်းသည် မျက်နှာအပြင်ဘက်တွင် ပေါ်ထွက်လာပြီးနောက် ၎င်းမျက်နှာသည် အကောင်အထည် ပေါ်လာရမည့်အစား စတင်မှိန်ဖျော့လာလေသည်။
ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုနှင့် ပုချန့်မျိုးနွယ်စု တည်ရှိရာ တောင်များတွင်တော့ လူများသည် ထိုမြင်ကွင်းအားကြည့်လျက် ထူးဆန်းစွာ တိတ်ဆိတ်နေကြလေသည်။ သူတို့သည် စူးစမ်းလေ့လာလိုသည့် အရိပ်အယောင်ပင် မပြချေ။ ထိုအခိုက်တွင် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု တည်ရှိရာ တောင်ထိပ်ထက်ရှိ စင်မြင့်တွင်တော့ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု ခေါင်းဆောင်၊ အကြီးအကဲနှင့် မျိုးနွယ်စုမှ များစွာသော စွမ်းအားမြင့် မာန်စွမ်းအားရှင်များ ရှိနေကြသည်။ သူတို့အတွင်းတွင် ခေါင်းတလားများ အတွင်းမှ တိုးထွက်လာဟန်ရသည့် အဘိုးအို ၃ယောက်လည်း ပါဝင်နေသည်။ မျိုးနွယ်စုဝင်များနှင့် အတူတကွ မတ်တတ်ရပ်နေစဉ်တွင် သူတို့ခန္ဓာကိုယ်များမှ ပုပ်ဟောင်သည့် အနံ့ဆိုးများလည်း ထွက်ပေါ်လျက် ရှိချေသည်။
သူတို့သည် အရောင်စုံရေကန် မျိုးနွယ်စု ရှိရာဘက်သို့ ကြည့်မနေပဲ ထိုအစား သူတို့ရှေ့ရှိ အပြာရောင်ဝတ်ရုံ ဝတ်ထားသည့် သက်လတ်ပိုင်းအရွယ်လူကို ကြည့်နေကြခြင်းဖြစ်သည်။
ထိုလူကြီး၏ဆံပင်များသည် အလွန်ရှည်လျားလှသည်။ သူသည် လက်ကိုနောက်ပစ်လျက် ရပ်နေခြင်းဖြစ်ပြီး သူ့ဝတ်ရုံပေါ်တွင်တော့ ရေခဲတောင်ရုပ်ပုံကို ရေးထိုးထားလေသည်။
“မင်းတို့ရဲ့ နှလုံးသားတွေမှာ အလျှော့ပေးလိုတဲ့ ဆန္ဒမရှိဘူးဆိုတာ ငါသိတယ်…”
ခန့်ညားချောမောလှသည့် လူကြီးသည် အဝေးရှိ အရောင်စုံရေကန် မျိုးနွယ်စုတည်ရှိရာ တောင်ထိပ်ဆီသို့ ကြည့်လိုက်ရင်း ညည်းညူလျက်ပြောသည်။
“ဒါပေမဲ့ ဒီဆုံးဖြတ်ချက်က ကလန်ထဲမှာ ကလန်အကြီးအကဲစွန်း ချမှတ်ခဲ့တာပဲ။ မင်းတို့ ဆန္ဒမရှိလည်း လိုက်နာရမှာပဲ”
“ကျွန်တော်တို့ မဝံ့ရဲပါဘူး။ သံတမန်ကြီးက ပေးတဲ့အမိန့်ကို ကျွန်တော်တို့ သေချာပေါက်လိုက်နာမှာပါ။ ဒါပေမဲ့ ဖန်းချန်းလန်က အထဲမှာပဲ ရှိနေသေးတယ်…”
စကားပြောလိုက်သူသည် အနံ့ဆိုးထွက်နေသည့် အဘိုးအို ၃ဦးအနက်မှ တစ်ဦးဖြစ်သည်။ သူသည် ကျယ်လောင်စွာ ပြောလိုက်သော်လည်း သူ၏မျက်နှာသည်တော့ ပကတိ တည်ငြိမ်နေလေသည်။
“တစ်ယောက်ယောက်ကများ သူမကို အန္တရာယ် ပြုဝံ့မှာမို့လို့လား…”
လူလတ်ပိုင်းကြီးသည် ရယ်မောရင်း ပြောလိုက်သည်။
အလားတူမြင်ကွင်းသည် ပုချန့်မျိုးနွယ်စုတည်ရှိရာ တောင်ပေါ်တွင်လည်း ဖြစ်ပေါ်နေသည်။ ခေါင်းဆောင်များနှင့် ပုချန့်မျိုးနွယ်မှ စွမ်းအားကြီး မာန်စွမ်းအားရှင်များသည် သက်လတ်ပိုင်းအရွယ် ဝတ်ရုံအနက်နှင့် အမျိုးသားတစ်ဦးရှေ့တွင် လေးစားစွာရပ်နေကြသည်။ ထိုသူ၏ မျက်နှာတွင် ကင်းမြီးကောက်ပုံစံ အမှတ်တစ်ခုရှိပြီး ၎င်းကင်းမြီးကောက်သည် သက်ရှိသတ္တဝါ တစ်ကောင်ကဲ့သို့ ကွက်ကွက်ကွင်းကွင်း ထင်ပေါ်နေလေသည်။
“ခေါင်းဆောင်ဝမ်က ပုချန့်မျိုးနွယ်စုကို ဒီကိစ္စမှာ ဝင်ရောက်စွက်ဖက်ခွင့် မပြုဘူးလို့ အမိန့်ပေးခဲ့တယ်”
တစ်ချိန်တည်းမှာပင် ဟန်တောင်တန်း မြို့တော်အောက်ရှိ လျှို့ဝှက်နယ်မြေတွင်တော့ အနီရောင်လျှပ်စီးများဖြင့် ပြုလုပ်ထားသည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်အား အသက်သွင်းသည့်အနေဖြင့် ဟန်ဖေးကျစ်နှင့် အခြားသူများသည် တင်ပျဉ်ချိတ်လျက် ထိုင်နေကြချေသည်။ အနီရောင်အလင်းသည် ကောင်းကင်၌ တောက်ပသွားချိန်တွင် ထူးဆန်းသည့် ဖိအားတစ်ခုသည် ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာလေသည်။ အရောင်စုံရေကန် မျိုးနွယ်စု တောင်ထိပ်တွင် ဖြစ်ပေါ်ခဲ့သည့် အမျိုးသမီး မျက်နှာကြီးသည် ဤနေရာသို့ ဖြည်းညင်းစွာ ကျရောက်လာချေသည်။
ထိုအရာကြီး ထင်ရှားလာသည်နှင့်အမျှ ကောင်းကင်၌ လှိုင်းဂယက်များစွာ ဖြစ်ပေါ်လာပြီး ဧရိယာတစ်ခုလုံး ပဲ့တင်ထပ်ပျံ့နှံသွားကာ ပျံ့နှံ့မှုတစ်ခုစီတိုင်းသည် စွမ်းအားကောင်းသွာ ထပ်ခါထပ်ခါ တုန်ခါသွားစေခဲ့သည်။ သိပ်မကြာခင်မှာပင် ကောင်းကင်ထက်ရှိ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်၏ အလင်းသည် အထွတ်အထိပ် ရောက်သွားပြီးနောက် ဧရာမအမျိုးသမီး မျက်နှာကြီးသည် ကောင်းကင်၌ လုံးလုံးလျားလျား ပေါ်လာလေတော့သည်။
ထိုအမျိုးသမီး မျက်နှာကြီးသည် ပေထောင်ပေါင်းများစွာ အရွယ်အစားရှိပြီး မြေပြင်အား စိတ်မဝင်စားစွာ ကြည့်လိုက်သည်။
“ငြိမ်းအေးရာ အရှေ့အရပ် တံခါးကိုဖွင့်လိုက်”
ယန်လွမ်၏မျက်နှာတွင် ရိုသေကိုင်းရှိုင်းမှုတို့ ပြည့်နှက်နေလျက်မှပင် သူမသည် ညာဘက်လက်ကိုမြှောက်လျက် အဝေးရှိ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု ပိုင်ဆိုင်သည့် အဖြူရောင်မျှော်စင်ပုံစံ ယဇ်ပလ္လင်ထံသို့ ဦးတည်ညွှန်ပြလိုက်သည်။
သူမ ညွှန်ပြလိုက်သည်နှင့် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု ယဇ်ပလ္လင်အပြင်ဘက်တွင် အနီရောင်အလင်းသည် ရုတ်ခြည်း တောက်ပလာသည်။ ဝတ်ရုံအနီနှင့် လူလေးယောက်သည် ဒေါသတစ်ကြီး သေဆုံးသွားခဲ့ဟန်ရသည့် လူတို့၏ခေါင်းများအား လက်တွင်ကိုင်လျက် ထွက်ပေါ်လာကြသည်။
ထိုလူလေးယောက်သည် တစ်ချိန်တည်းတွင်ပင် ခေါင်းများကို ယဇ်ပလ္လင်ပေါ်သို့ ပစ်တင်လိုက်ပြီး ၎င်းတို့အပေါ်၌ လက်ဖြင့် ဖိအုပ်လိုက်ကြသည်။
သူတို့ ထိုသို့လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ခေါင်းများသည် ပေါက်ကွဲသွားကြပြီး ပမာဏများပြားသည့် သွေးများအဖြစ်သို့ ပြောင်းလဲသွားကာ အဖြူရောင် ယဇ်ပလ္လင်အား ချက်ချင်းပင် အနီရောင် ခြယ်ပစ်လိုက်ချေသည်။
ထိုခေါင်းများသည် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှ ဤနေရာသို့ ဝင်ရောက်ခဲ့ကြသည့် ဧည့်သည်များ၏ ခေါင်းများဖြစ်သည်။ အရောင်စုံရေကန် မျိုးနွယ်စု၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ထူးဆန်းသည့် နည်းတစ်ခုဖြင့် သူတို့သွေးများအား ခေါင်းအတွင်း စုဆောင်းခံလိုက်ရခြင်း ဖြစ်သည်။ ခေါင်းများ ပေါက်ကွဲသွားချိန်၌ပင် သူတို့၏သွေးများသည် မျှော်စင်တစ်ခုလုံးအား အနီရောင် ဆိုးပစ်လိုက်ခြင်းဖြစ်သည်။
သွေးစွန်းသွားသည့် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု မျှော်စင်သည် တုန်ခါသွားပြီး အက်ကြောင်းများစွာ ဖြစ်ပေါ်လာချေသည်။ ထို့နောက် ဟိန်းဟောက်သံများသည် အတွင်းမှ ထွက်ပေါ်လာပြီး စွမ်းအင် အမြောက်အမြားသည်လည်း ရုတ်တရက် ထွက်ပေါ်လာသည်။
စွမ်းအင်များ ထွက်ပေါ်လာသောအခါ ကောင်းကင်နှင့်မြေကြီး၏ အရောင်သည်ပင် ပြောင်းလဲသွားဟန်တူသည်။ ဤ ရာစုနှစ်များတောက်လျှောက် မျိုးနွယ်စု၃ခု လျှို့ဝှက်နယ်မြေ ဖွင့်သည့်အချိန်တိုင်းတွင် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှ ဧည့်သည် များတစ်ချိန်လုံး စုဆောင်းထားခဲ့သည့် ချီအာလုံး၏ စွမ်းအားများဖြစ်သည်။ ၎င်းတို့သည် မူလက စွမ်းအင်အလုံအလောက် စုဆောင်းပြီးသည်နှင့် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုမှ ကျန်မျိုးနွယ်စု ၂ခုနှင့်အတူ ဓား-သင်္ဘောပုံစံ အဆောက်အဦအား ဖွင့်လှစ်မည့်အချိန်တွင် အသုံးပြုရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု အချိန်တွင် သူတို့၏ စွမ်းအင်များအားလုံးကို အရောင်စုံ ရေကန်မျိုးနွယ်စုမှ အသုံးပြုလိုက်ပြီးဖြစ်သည်။
ဧရာမ အမျိုးသမီးမျက်နှာကြီးသည် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု မျှော်စင်ဘက်သို့ ဦးတည်လျက် ပါးစပ်ကြီးကိုဟကာ စုပ်ယူလိုက်သည်။ ထို့နောက် ချက်ချင်းပင် ၎င်းစွမ်းအင်များသည် အမျိုးသမီးမျက်နှာကြီး၏ စုပ်ယူခြင်းကို ခံလိုက်ရလေသည်။
“ပုချန့် တံခါးကို ဖွင့်လိုက်”
စိတ်လှုပ်ရှားမှုများသည် ယန်လွမ်၏ မျက်လုံးများထဲတွင် ဖြစ်ပေါ်ထင်ရှားလာသည်။ ဤနေ့ကိုရောက်ရန် သူမအချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။ ဤနေ့အတွက် သူမတို့ များစွာသော သွေး၊ ချွေး၊ မျက်ရည်များ ဖြင့် ကြိုးစားခဲ့ရခြင်းလည်း ဖြစ်သည်။
မူလက အနက်ရောင် ပုချန့်မျှော်စင်သည်လည်း ခေါင်းများပေါက်ကွဲမှုဖြင့် အနီရောင် ဆိုးခံလိုက်ရသည်။ ၎င်းသည်လည်း ငြိမ်းအေးရာ အရှေ့အရပ်မျှော်စင်ကဲ့သို့ ပြိုကွဲသွားပြီးနောက် ရာစုနှစ်ပေါင်းများစွာ စုဆောင်းထားခဲ့ကြသည့် ဧည့်သည်များ၏ များစွာသော ချီစွမ်းအင်များသည် အပြင်သို့ ထွက်ပေါ်လာပြီးနောက် လေထုအတွင်းရှိ အမျိုးသမီးမျက်နှာကြီး၏ ချက်ခြင်းစုပ်ယူခြင်း ခံလိုက်ရသည်။
နောက်ဆုံးအနေဖြင့် အရောင်စုံရေကန် မျိုးနွယ်စု ပိုင်ဆိုင်သည့် ယဇ်ပလ္လင်မှ စွမ်းအင်လှိုင်းအား စုပ်ယူပြီးချိန်တွင်တော့ မိုးခြုန်းသကဲ့သို့ ပေါက်ကွဲသံများသည် လေထုအတွင်း ထွက်ပေါ်လာပြီး ယဇ်ပလ္လင် ၃ခုတွင် အက်ကြောင်းများ ပေါ်လာချေသည်။ ၎င်းတို့အတွင်း သိုလှောင်ထားခဲ့သည့် ချီများ ဆုံးရှုံးလိုက်ရသဖြင့် ယဇ်ပလ္လင်များ ပေါက်ကွဲသွားချိန်တွင်တော့ လေထုအတွင်းရှိ အမျိုးသမီး မျက်နှာကြီးသည် ပိုမိုထင်ရှားလာလေသည်။
ယန်လွမ် အသက်ပြင်းပြင်းရှူလိုက်ပြီး အမျိုးသမီး မျက်နှာကြီးထံသို့ ဦးတည်လိုက်သည်။ ထို့နောက် ချက်ချင်းပင် အမျိုးသမီးမျက်နှာနှင့် ရောနှောသွားပြီး ထိုအမျိုးသမီးမျက်နှာ၏ မျက်ခုံးအလယ်တွင် သူမပေါ်လာချေသည်။
“တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်ကို ချိုးဖျက်”
ထူးဆန်းသည့်အလင်းသည် ဧရာမအမျိုးသမီး မျက်နှာ၏ မျက်လုံးများတွင် ဖြစ်ပေါ်လာပြီးနောက် ၎င်းသည် မြေပြင်တွင် ထောင့်ဖြတ်စိုက်ထား သကဲ့သို့ ဓား-သင်္ဘော အရာဝတ္ထုကြီးထံသို့ ကောင်းကင်မှ ဦးတည်ကျဆင်း သွားလေသည်။
မျက်နှာကြီး လျင်မြန်စွာ နီးကပ်လာသည်နှင့်အမျှ ဓား-သင်္ဘော အရာဝတ္ထုသည် မှိန်ဖျော့ဖျော့ အလင်းအား ချက်ချင်း ထုတ်လွှတ်လိုက်သည်။ မှိန်ဖျော့ဖျော့အလင်းသည် စည်းတံဆိပ်ပင်ဖြစ်သည်။ ၎င်းသည် ပျံ့နှံ့သွားခြင်းမရှိပဲ ဓား-သင်္ဘောအရာဝတ္ထု၏ ပတ်လည်တွင် ရေစီးကဲ့သို့ လှည့်ပတ်စီးဆင်း နေလေသည်။
ကျယ်လောင်သည့် တိုက်ခိုက်မိသံကြီးနှင့်အတူ အရောင်စုံရေကန် မျိုးနွယ်စုမှ မာန်နတ်ဘုရား ရုပ်တုသည် ဧရာမ ဓား-သင်္ဘော အရာဝတ္ထုကြီးနှင့် ဝင်ရောက်တိုးတိုက်မိ သွားတော့သည်။
“ငါတို့သာ သူ့ရဲ့ စည်းမျဉ်း သဘောတရားတွေကို နားမလည်ဘူးဆိုရင် ဟန်တောင်တန်းဘိုးဘေးရဲ့ စည်းကို ချိုးဖျက်ဖို့က အရမ်းခက်ခဲလိမ့်မယ်။ အဲဒါက ငါတို့ မာန်စွမ်းအားရှင်တွေနဲ့ ယှဉ်ရင် လုံးဝကို မတူကွဲပြားတဲ့စွမ်းအင်ပဲ။ အရောင်စုံရေကန် မျိုးနွယ်စုက တည်နေရာရွှေ့ပြောင်းခြင်း ပညာရပ်ကို နားလည်ခဲ့ပြီး မျိုးနွယ်စုတစ်ခုလုံးရဲ့ စွမ်းအားကို အသုံးချရင်တောင်မှ ဒါကိုချိုးဖျက်ဖို့က ငါတို့အတွက် ခက်ခဲနေဦးမှာပဲ။ ဒါပေမဲ့…”
“မာန်နတ်ဘုရား ရုပ်ထုရဲ့စွမ်းအား၊ တည်နေရာ ရွှေ့ပြောင်းခြင်းရဲ့ စွမ်းအားနဲ့ လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ်အတွင်း အရောင်စုံရေကန် မျိုးနွယ်စုရဲ့ လေ့လာထားချက်တွေအရ ငါတို့က ဆန့်ကျင်ဘက်အစီအရင်ကို အသုံးပြုပြီး ဒီစည်းတံဆိပ်ကို ခဏတာ ပျောက်ကွယ်သွားအောင် လုပ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားတယ်။ အဲဒီ ပျောက်ကွယ်သွားတဲ့ အချိန်တိုအတွင်းမှာ ငါတို့ ... ဝင်ကြမယ်”
***