အခန်း (၅၅၃-၅၅၄)
Vol. 39 Ch. 553-554
အခန်း ၅၅၃ - ရိတ်သိမ်းခြင်း၊ အရှေ့တောင်ဘက်အဖွဲ့ ထိပ်ဆုံးရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းခြင်း
“ကောင်းပြီ ကိုယ့်နေရာကိုယ်ပြန်သွားကြတော့။”
ရှောင်းယီက ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်ပြီး အန်းရန်ကမ်းပေးလာသော စာလိပ်ကိုယူကာ ဖတ်ရှုလိုက်သည်။
စာလိပ်များကို ဖတ်ကြည့်ပြီးနောက် ရှောင်းယီ အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။
ရတနာသေတ္တာများမှရရှိသော ပုံစံကွက်အားလုံးသည် A အဆင့်များဖြစ်ပြီး ဒုံးပျံပုံစံကွက်နှစ်ခု၊ လျှပ်စစ်ဝိုင်ယာကြိုးပုံစံကွက်နှစ်ခု၊ မီးရထားလမ်းပုံစံကွက်နှစ်ခု၊ ရေနွေးပိုက်လိုင်းစနစ်ပုံစံကွက်နှစ်ခု၊ ကျောက်မီး(flintlock)ပစ္စတိုသေနတ်ပုံစံကွက်နှစ်ခုနှင့် ဒူးလေးပုံစံကွက်နှစ်ခုတို့ပါဝင်သည်။
ထိုအရာများအားလုံးအား စူပါပေါင်းစပ်ခြင်းစက်ကိုအသုံးပြု၍ ပေါင်းစပ်ကြည့်နိုင်သည်။ ပေါင်းစပ်မှုသာ အောင်မြင်မည်ဆိုပါက ပိုမိုအဆင့်မြင့်သောပုံစံကွက်များကို ရရှိနိုင်မည်ဖြစ်သည်။
ကျန်ရှိသော အခြားပုံစံကွက်များမှာ အဖြူရောင်မီးသီးပုံစံကွက်၊ ရေမြောင်းပုံစံကွက်၊ ရေနွေးငွေ့အားဖြင့်မောင်းနှင်သောရထားပုံစံကွက်၊ ပေါက်ကွဲစေသောသေနတ်ပုံစံကွက်၊ သတ္တုအရည်ကျိုမီးပြင်းဖိုပုံစံကွက်၊ ခလုတ်ပုံစံကွက်၊ ရေနွေးငွေ့စက်ရုံပုံစံကွက်၊ လေစွမ်းအင်သုံးဓာတ်အားပေးစက်ရုံပုံစံကွက်နှင့် ငှက်မွေးအင်္ကျီပုံစံကွက်အထိပင် ပါရှိသည်။
ဤအရာများဖြင့် မဟာမိတ်ကျွန်းများအတွင်း ယခုအခါ လျှပ်စစ်ဓာတ်အား ရရှိနိုင်ပြီဖြစ်သည်။
သို့သော် ဤနေရာတွင် ပြဿနာအသစ်တစ်ရပ်လည်း ပေါ်ပေါက်လာခဲ့သည်။ ၎င်းမှာ ရှောင်းယီ၏ကျွန်းတွင် လျှပ်စစ်ပညာရှင်များ ချို့တဲ့နေခြင်းပင်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်လုပ်သည့်စက်ပစ္စည်းများရှိသော်လည်း ဝိုင်ယာကြိုးချိတ်ဆက်မှုပြဿနာကို မည်သို့ကိုင်တွယ်ရမည်နည်း။ ရှောင်းယီ၏ကျွန်းရှိ လျှပ်စစ်ပစ္စည်းကိရိယာများသည် စနစ်၏ဆုလာဘ်တစ်ခုဖြစ်ပြီး စနစ်က ထိုပြဿနာများကို တစ်ခါတည်း ဖြေရှင်းပေးခဲ့ခြင်းဖြစ်ပေသည်။
သို့သော် စနစ်ဆုလာဘ်မဟုတ်သော အခြားကျွန်းများပေါ်တွင် အသုံးပြုရမည့် ပစ္စည်းကိရိယာများကိုမူ စနစ်က လစ်လျူရှုမည်မှာ သေချာသလောက်ပင်။
ထို့ကြောင့် ရှောင်းယီသည် ပရော်ဖက်ရှင်နယ်လျှပ်စစ်ပညာရှင်များကို လိုအပ်နေဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လျှပ်စစ်ဓာတ်အားကို မှားယွင်းစွာအသုံးပြုမိပါက အလွန်အန္တရာယ်ရှိနိုင်သောကြောင့်ပင်။
“အပျော်စီးရွက်သင်္ဘောဆီပြန်ရောက်ရင် လူတိုင်းကိုမေးကြည့်ရဦးမှာပဲ။”
ရှောင်းယီက သူ့စိတ်ထဲတွင် တွေးလိုက်မိသည်။
ထိုအချိန်တွင် ရေသူမလင်းရှားသည် အပျော်စီးရွက်သင်္ဘောပေါ်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရပြီး ရှောင်းယီသည် သူစိမ်းသုံးဦးနှင့်အတူပြန်ရောက်လာခဲ့ပြီးနောက် ချက်ချင်းပြန်လည်ထွက်ခွာသွားသည်ကိုသာ တွေ့မြင်ခဲ့ရသည်။ ရှောင်းယီ ဘာတွေလုပ်နေသည်ကို သူမမသိခဲ့ပေ။
အချိန်ခဏကြာအောင် စဉ်းစားပြီးနောက် လင်းရှားသည် ကမ်းခြေပေါ်သို့တက်လာပြီး ရှောင်းယီနှင့် သူ၏အဖွဲ့သားများ ချန်ထားရစ်ခဲ့သော ခြေရာများနောက်ကိုလိုက်၍ တောင်ပေါ်သို့ ခက်ခက်ခဲခဲ တက်သွားခဲ့လေသည်။
လမ်းတစ်လျှောက်တွင် ရှောင်းယီ ဓားတစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သော သားရဲများကို မြင်လိုက်ရသောအခါ လင်းရှားသည် သူမစိတ်ထဲတွင် ရေရွတ်လိုက်မိသည်။
“ဒီအပြင်လူက တကယ်ကို စွမ်းအားကြီးတာပဲ။ ဒါပေမယ့် ငါတို့ ရေသူမတွေကလည်း အပြင်လူတွေကို စစ်မကြေညာထားဘူးလေ။ ဒါဆို သူက ငါတို့ကို ဘာလို့ ဒီလောက်တောင် သတိထားနေရတာလဲ။”
“မြေကြီးပေါ်မှာ လမ်းလျှောက်ရတာ အရမ်းခက်ခဲတာပဲ။”
လင်းရှားသည် ကျောက်တုံးတစ်ခုပေါ်တွင် ဘေးတစောင်းထိုင်ပြီး ရှေ့တွင်ရှိသောသေးငယ်သည့်တောင်ကို ကြည့်ရင်း သူမ၏မျက်နှာအမူအရာမှာ ကူကယ်ရာမဲ့နေခဲ့လေသည်။
သို့သော် သူမတို့မျိုးနွယ်စု ကြုံတွေ့နေရသည့် အခက်အခဲများကို သတိရလိုက်သောအခါ သူမသည် ဇွဲမလျှော့ဘဲ သူမတို့မျိုးနွယ်စုအတွက် မဟာမိတ်များရှာဖွေရန် ပိုမိုစိတ်ပိုင်းဖြတ်လာခဲ့သည်။
ထိုအခိုက်တွင် အရှေ့တောင်ဘက်ရှိအဖွဲ့သည်လည်း နောက်ဆုံးရတနာသေတ္တာရှိရာသို့ ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။
ရတနာသေတ္တာအနီးတွင် ကျားလေးကောင် အဆက်မပြတ် လှည့်ပတ်နေသည်ကို မြင်လိုက်ရသောအခါ သူတို့၏မျက်ခုံးများ ကျုံ့ဝင်သွားခဲ့ကြသည်။
“အရင်က သားရဲတွေရဲ့ အဆင့်သတ်မှတ်ချက်အရ ဒီကျားတွေကလည်း A အဆင့်ဖြစ်သင့်တယ်။ လေးကောင်ဆိုတာက နည်းနည်းတော့များလွန်းတယ်။ ငါတို့ သူတို့ကို လှည့်စားမှရလိမ့်မယ်။”
“ကောင်းပြီ။ ငါ ထောင်ချောက်သွားတူးလိုက်မယ်။ တူးပြီးသွားရင် မင်းတို့ အဲ့ကောင်တွေကို ဆွဲဆောင်လာခဲ့ကြ။”
“အိုကေ ဒီတစ်ခါတော့ မင်းတို့အပေါ်မှာပဲ မူတည်သွားပြီ။”
“စိတ်မပူပါနဲ့...။ သူတို့ကို အထဲကို ဆွဲဆောင်နိုင်တာနဲ့ သူတို့သေကြရလိမ့်မယ်။”
အဆင့်နိမ့်သော လူလေးဦးသည် အနည်းငယ်ဝေးသည့်နေရာတစ်ခုသို့ ဆုတ်ခွာသွားပြီး ထောင်ချောက်တစ်ခုကို ချက်ချင်းတူးဖော်လိုက်ကြသည်။
ထိုစဉ် သူတို့နောက်မှ လိုက်နေသော ကျန်းယွင်ထျန်းသည် သူ့ရှေ့ရှိမြင်ကွင်းကို ကူကယ်ရာမဲ့စွာကြည့်ရင်း ရေရွတ်လိုက်မိလေသည်။
“ကျွန်းပိုင်ရှင်နဲ့ အဖွဲ့သားတွေက တောင်ထိပ်မှာ အိပ်ပျော်နေလောက်ပြီ။ မင်းတို့ကတော့ ဒီမှာ ညစ်ပတ်တဲ့မြေကြီးတွေကို တူးနေရတုန်းပဲ။”
တစ်နာရီခန့်အကြာတွင် ထောင်ချောက်အား ပြင်ဆင်ပြီးသွားခဲ့သည်။
“အကုန်လုံး အဆင်သင့်ဖြစ်ပြီ။ သားရဲတွေကို မျှားခေါ်ကြရအောင်။”
“အင်း ရတနာသေတ္တာထဲက ပစ္စည်းတွေကို အရင်ဆုံးထုတ်ယူဖို့လည်း မမေ့နဲ့ဦး။ ဒါဆို သူတို့ကို မျှားခေါ်ရတာ ပိုပြီးလွယ်ကူသွားလိမ့်မယ်။”
“ကောင်းပြီ ကျုပ်လက်ထဲအပ်လိုက်ပါ။”
သူတို့စကားပြောနေစဉ်အတွင်း B အဆင့်အသက်ရှင်ကျန်ရစ်သူတစ်ဦးသည် ရှေ့တက်သွားခဲ့ပြီး ကျားလေးကောင်သည်လည်း ချက်ချင်းပင် သူ့ဆီသို့ ပြေးဝင်လာခဲ့ကြလေသည်။
ထိုစဉ် A အဆင့်အသက်ရှင်ကျန်ရစ်သူတစ်ဦးသည် ချက်ချင်းပင် ရတနာသေတ္တာဆီသို့ ပြေးသွားပြီး အတွင်းရှိ အုတ်မြစ်ကျောက်နှင့် စာလိပ်ကို အလျင်အမြန် ထုတ်ယူလိုက်သည်။
ထိုအခါ B အဆင့် အသက်ရှင်ကျန်ရစ်သူဆီသို့ ပြေးဝင်သွားသော ကျားများသည် ချက်ချင်းပင် သူတို့၏ဦးတည်ချက်ကို ပြောင်းလဲကာ ရတနာများရယူထားသူဆီသို့ ပြေးဝင်သွားကြတော့လေသည်။
ထို A အဆင့် အသက်ရှင်ကျန်ရစ်သူက ထိုကျားများကို သရော်ပြုံးပြုံးကာ ကြည့်လိုက်ပြီး သူတို့တူးထားသော ထောင်ချောက်ဆီသို့ ပြေးသွားတော့လေသည်။
တစ်စုံတစ်ဦးက ရတနာကို ရယူပြီးသည်နှင့် ကျားများသည် သူတို့ကို မရမက လိုက်လံသတ်ဖြတ်ကြမည်ဖြစ်ပြီး ၎င်းတို့ထံ၌ စဉ်းစားဆင်ခြင်ဉာဏ်ဟူ၍ မရှိသလောက်ပင်ဖြစ်သည်။
သို့သော် ခြေလှမ်းအနည်းငယ်မျှ ပြေးပြီးနောက် ကျားလေးကောင်သည် ခြေချော်ပြီး ထောင်ချောက်ထဲသို့ ပြုတ်ကျသွားကြတော့သည်။
ထောင်ချောက်ထဲတွင် ချွန်ထက်သော သံဆူးချွန်များဖြင့် ပြည့်နှက်နေခဲ့သည်။
“ဟောင်းးးး”
ကျားလေးကောင်သည် ကျယ်လောင်စွာအော်ဟစ်ပြီး အပြန်ပြန်ထွက်နိုင်ရန် ကြိုးစားလိုက်ကြသော်လည်း တစ်နာရီကြာအောင်တူးထားခဲ့သော ထောင်ချောက်ထဲမှ ပြန်ထွက်နိုင်ရန်မှာ မလွယ်ကူလှပေ။
ထိုအချိန်တွင် ထောင်ချောက်ပေါ်သို့ ငါးဖမ်းပိုက်တစ်ခု အုပ်မိုးလာခဲ့သည်။
ထို့အပြင် ထောင်ချောက်၏ပတ်ပတ်လည်တွင် လူခြောက်ဦးရှိပြီး လှံရှည်များဖြင့် သူတို့ကို ဝိုင်ရံထိုးစိုက်နေခဲ့ကြသည်။
ထောင်ချောက်ထဲသို့ ပြုတ်ကျသွားသော ကျားများသည် အတူတကွကပ်နေကြရပြီး ၎င်းတို့၏ လျင်မြန်သည့်ရွေ့လျားနိုင်စွမ်းကို လုံးဝအသုံးမချနိုင်ခဲ့ကြပေ။
“ထောင်ချောက်တူးရတာ အချိန်ကုန်တယ်ဆိုပေမယ့် ဒီနည်းက တကယ်ကို လုပ်ရတာ ပိုပြီးလွယ်ကူစေတာပဲ။ ငါတို့ ဘာမှလုပ်လုပ်စရာမလိုဘဲနဲ့ သူတို့ကို ဖြေရှင်းလိုက်နိုင်တယ်။”
“ဟုတ်တယ်...။ နောက်ဆုံးအစောင့်အရှောက်သားရဲကိုလည်း ဒီလိုပဲလုပ်လို့ရလောက်မလား။”
“ငါကတော့ မရလောက်ဘူးလို့ထင်တယ်။ သူက ငါတို့ထက် အဆင့်တစ်ဆင့်ပိုမြင့်တယ်။ သူ့ကို မျှားခေါ်လိုက်ရင် ငါတို့ ပြေးမလွတ်နိုင်ဘူး။ ပြီးတော့ ဒီလိုထောင်ချောက်မျိုးက S အဆင့်သားရဲကို မထိန်းထားနိုင်ဘူး။”
“ဟင်း... ငါ နည်းနည်းတော့ စိတ်ပျက်မိတယ်။ ဒီလောက်ထိ ရောက်လာပြီးမှ နောက်ဆုံးဆုလာဘ်ကို တကယ်ပဲစွန့်လွှတ်လိုက်ရမှာလား။”
“မဟုတ်သေးဘူး။ မနက်ဖြန်ကျရင် အခြားအဖွဲ့တွေကို စစ်ဆေးကြည့်ရမယ်။ ပြောမရဘူး ဓားစာခံနည်းနည်းလောက် ဖမ်းမိရင်ဖမ်းမိနိုင်လောက်တယ်။ ဒါဆို ငါတို့က S အဆင့်သားရဲနဲ့တိုက်ခိုက်စရာမလိုဘဲ ရတနာကို သိမ်းပိုက်လို့ရပြီလေ မဟုတ်ဘူးလား။”
“ဟားဟား အကြံကောင်းပဲ။”
ထိုလူခြောက်ဦးသည် ထောင်ချောက်နားတွင် ရပ်နေပြီး ကျားလေးကောင်ကို အတင်းအဓမ္မသတ်ပစ်လိုက်ကြသည်။ ဟုတ်ပါသည်...။ အရေးအကြီးဆုံးအချက်မှာ A အဆင့် အသက်ရှင်ကျန်ရစ်သူနှစ်ဦး ရှိနေခြင်းကြောင့်ဖြစ်သည်။
သူတို့သာမရှိပါက ထို A အဆင့်ကျားများသည် ထောင်ချောက်ထဲမှ လွတ်ထွက်လာနိုင်လိမ့်မည်ဖြစ်သည်။
ကျားလေးကောင်ကို ဖြေရှင်းပြီးနောက် ခေါင်းဆောင်က ပြောလိုက်သည်။
“မင်းတို့လေးယောက် ကျားရဲ့အလောင်းကို လှေပေါ်ပြန်သယ်သွားလိုက်ကြ။ ငါတို့ တောင်ထိပ်မှာ ခဏလောက်အနားယူလိုက်ဦးမယ်။”
“ဟုတ်ကဲ့”
ထို့နောက် A အဆင့်အသက်ရှင်ကျန်ရစ်သူနှစ်ဦးသည် တောင်ထိပ်ဆီသို့ ဦးတည်ကာ တက်သွားခဲ့ကြသည်။
“ဒါက တကယ်ကို ကြီးမားတဲ့ ရိတ်သိမ်းမှုပဲ။”
တစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။
“ငါတို့မှာ အုတ်မြစ်ကျောက် ၅၆၀ ရှိတယ်။ ဒါက ငါတို့ကျွန်းပေါ်က လဝက်လောက်ရိတ်သိမ်းမှုနဲ့ ညီမျှတယ်။ စာလိပ်သုံးခုလည်းရထားသေးတယ်။ အဲ့ဒါတွေအားလုံးက အနည်းဆုံးတော့ A အဆင့်ပဲ။”
အခြားတစ်ဦးကလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အခြားနေရာက လူတွေက လွယ်လွယ်နဲ့ လက်မလျှော့လိုက်ကြဖို့ မျှော်လင့်တယ်။ မဟုတ်ရင်တော့ သိပ်ပြီး...”
သို့သော် သူစကားမဆုံးမီမှာပင် သူသည် ရောက်ရာနေရာ၌ပင် အေးခဲသွားခဲ့သည်။
“ဘာမှားနေလို့လဲ။”
ထိုယောက်ျားသည်လည်း သူကြည့်နေသောဦးတည်ရာကို ကြည့်လိုက်မိလေသည်။
တောင်ထိပ်ပေါ်ရှိ ဦးတည်ဘက်အားလုံးတွင် အဖွဲ့တစ်ဖွဲ့စီ အနားယူနေခဲ့ကြသည်။
“ဘာတွေဖြစ်နေတာလဲ။ အောက်က ရတနာတွေကို မဖွင့်ဘဲ ဒီကိုတစ်ခါတည်းခုန်တက်လာခဲ့ကြတာလား။”
သာမန်လမ်းကြောင်းမှလွဲ၍ အခြားလမ်းကြောင်းအားလုံးသည် သွားလာရန်အတွက် အလွန်ခက်ခဲသော်လည်း အချို့လူများသည် အထူးကိရိယာများရရှိခဲ့ကြပြီး ရတနာသေတ္တာသုံးခုကို ရှောင်တိမ်းကာ ဤနေရာသို့ ရောက်ရှိလာနိုင်ကြသည်။
အခြားအဖွဲ့များတွင် အဖွဲ့ဝင်များစွာရှိသည်ကို မြင်လိုက်ကြသောအခါ သူတို့နှစ်ဦးသည် ချက်ချင်းပင် သတိကပ်သွားခဲ့ကြသည်။
သူတို့တက်လာသည်ကို မြင်သောအခါ ရှောင်းယီက မတ်တပ်ထရပ်လိုက်ကာ ပြောလိုက်သည်။
“မင်းတို့ ရခဲ့တဲ့ ရတနာမြေပုံနဲ့ ရတနာသေတ္တာသုံးခုထဲက ပစ္စည်းတွေကို ထုတ်ပေးလိုက်။”
“ဟမ့် လူငယ်လေး မင်းရဲ့အစာစားချင်စိတ်က တကယ်ကြီးပါလားကွ။”
ထိုအဖွဲ့ခေါင်းဆောင်က ပြောလိုက်သည်။
“ဒီကပစ္စည်းတွေအားလုံးကို မင်းမစားနိုင်မှာပဲ ငါကြောက်မိတယ်။”
“ဒီကပစ္စည်းတွေအကုန်လုံးက ငါ့ဟာဖြစ်ပြီးနေပြီ။ ငါအတွက်တော့ ဘာမှစားစရာမလိုဘူး။ နောက်ထပ် မေးခွန်းတစ်ခုက မင်းတို့ဘယ်အဖွဲ့ကလဲ။”
ရှောင်းယီက မေးလိုက်သည်။
“အားကောင်းကိုသတ်ခဲ့တာ မင်းတို့လား။”
“အိုး ငါစဉ်းစားကြည့်လိုက်ပါဦးမယ်။ မင်းက ယီရန်ပင်းတို့အဖွဲ့ကလား။ မင်းတို့အဖွဲ့မှာ S အဆင့် ကျွမ်းကျင်သူရှိတယ်လို့ ငါကြားဖူးတယ်။”
အခြားတစ်ဦးက သူ၏မျက်လုံးများကိုမှိတ်ကာ တစ်စုံတစ်ခုကို စဉ်းစားနေဟန်ဖြင့် ပြောလိုက်သည်။
“မင်းသိပြီးသားဆိုမှတော့ ငါ့မေးခွန်းကိုဖြေပြီး ငါပြောတဲ့အတိုင်းလုပ်။ ဒါဆို မင်းအသက်ရှင်နိုင်သေးတယ်။”
ရှောင်းယီက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“S အဆင့်ဆိုတိုင်း ပြိုင်ဘက်ကင်းနေပြီလို့ မင်းထင်နေတာလား။”
တစ်ဖက်လူက လျှို့ဝှက်ဆန်းကြယ်စွာပြုံးရင်း ပြောလိုက်သည်။
အခန်း ၅၅၄ - တပိုင်က ဖိုင်နယ်ဘော့စ်ကို တစ်ယောက်တည်း ရင်ဆိုင်ချင်နေသည်
ရှောင်းယီသည် သူ၏မျက်ခုံးများကို ပင့်တင်လိုက်မိပြီး တစ်ဖက်လူကို ကြည့်ကာ ပြောလိုက်သည်။
“S အဆင့်က မပြိုင်ဘက်မကင်းဘူးဆိုပေမယ့် မင်းတို့လို A အဆင့် အသက်ရှင်ကျန်ရစ်သူနှစ်ယောက်ကို ဖြေရှင်းဖို့တော့ လုံလောက်တယ်။”
ထိုစကားကိုကြားသောအခါ တစ်ဖက်လူက လှောင်ပြောင်လိုက်သည်။
“မင်းက ရေတွင်းထဲက ဖားငယ်လေးပဲ။ မင်းကို စိတ်လိုက်မာန်ပါမလုပ်ဖို့ အကြံပေးလိုက်မယ်။ မဟုတ်ရင် မင်း နောင်တရလိမ့်မယ်။”
ထိုစကားကိုကြားသောအခါ ဒူခန်းသည် ချက်ချင်းပင် ရှေ့တက်သွားပြီး ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် ဒီလူနှစ်ယောက်က တော်တော်သရုပ်ဆောင်ကောင်းတာပဲ။ ဘာလို့ ကျုပ်ကို အရင်ဖြေရှင်းခွင့်မပေးလိုက်တာလဲ။ ပြီးရင် ခင်ဗျား ဖြည်းဖြည်းချင်း စစ်မေးလို့ရတာပေါ့။”
သူတို့နှစ်ဦးသည် အလွန်အမင်း သတိထားနေကြသော်လည်း သူတို့၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုဟူသည်မှာ မရှိသလောက်ဖြစ်နေသောကြောင့် သူတို့ဆီတွင် အရံအစီအစဉ်များ သေချာပေါက် ရှိနေ၍သာ ဖြစ်ရပေမည်။
ထို့နောက် ရှောင်းယီက သူ့ကို လက်ကာပြကာ ပြောလိုက်သည်။
“စိတ်မစောနဲ့။”
“မင်းက တော်တော်လေး အသိတရားရှိပုံပဲ။”
တစ်ဖက်လူက ရယ်မောကာ ပြောလိုက်သည်။
“ငါ့မှာ အကြံပြုချက်တစ်ခုရှိတယ်။ မင်းတို့မှာ S-အဆင့်အဖွဲ့ဝင်ရှိတယ်ဆိုတော့ ငါတို့နှစ်ယောက်နဲ့ ပူးပေါင်းလိုက်ရင် ဖိုင်နယ်ဘော့စ်ကို တိုက်ခိုက်နိုင်သင့်တယ်။ ငါတို့ပူးပေါင်းလိုက်ကြရင်ရော ဘယ်လိုလဲ။”
တစ်ဖက်လူ၏ ယုံကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ဒူခန်းသည် မနေနိုင်ဘဲ ပြောလိုက်မိ၏။
“မင်းတို့ရဲ့ယုံကြည်မှုက ဘယ်ကနေရလာတာလဲ။ မင်းတို့လို A-အဆင့် အသက်ရှင်ကျန်ရစ်သူနှစ်ယောက်ကို သူဌေးက တစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်လို့ရတယ်။”
သူတို့နှစ်ဦးသည် ဒူခန်းကို လျစ်လျူရှုပြီး ရှောင်းယီကိုသာ စိုက်ကြည့်နေခဲ့ကြသည်။
အမှန်အတိုင်းပြောရလျှင် ရှောင်းယီသည်လည်း သူတို့၏ဝှက်ဖဲများကို အလွန်အမင်း စူးစမ်းချင်နေမိသည်။
သူတို့သည် သူတို့၏ ပြိုင်ဘက်မှာ S အဆင့် ဖြစ်နေသော်လည်း ကြောက်ရွံ့ဟန်မရသောကြောင့် သူတို့၏ဝှက်ဖဲများမှာ S အဆင့် ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်နိုင်ရမည်ဖြစ်သည်။
ဒါက ဘာများဖြစ်နိုင်မလဲ။
တစ်ချိန်တည်းမှာပင် သူတို့ကို နောက်ဆုံးအစောင့်အရှောက်သားရဲအား ဖြေရှင်းရန် ကူညီခြင်းသည် မိမိတို့ကိုလည်း အလုပ်ရှုပ်သက်သာစေမည်ဖြစ်သည်။
“ကောင်းပြီ ငါတို့ နောက်ဆုံးအစောင့်အရှောက်သားရဲကို အတူတူတိုက်ကြမယ်။”
ရှောင်းယီက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ကဲ သဘောတူလိုက်ပြီဆိုမှတော့ ကျန်တဲ့သူတွေကို ရှင်းပစ်လိုက်ကြတာပေါ့။”
အခြားတစ်ဦးက ထိုသို့ပြောကာ တောင်ထိပ်၏အလယ်ဗဟိုသို့ လျှောက်သွားပြီး အခြားဦးတည်ဘက်များသို့ကြည့်ကာ အမိန့်ပေးလိုက်သည်။
“မင်းတို့အဖွဲ့တွေထဲမှာ S အဆင့် တိုက်ခိုက်ရေးသမားတွေရှိရင် နေခဲ့နိုင်တယ်။ မဟုတ်ရင် အလိုအလျောက် ထုတ်ပယ်ခံရမယ်။”
ထိုအခါ ကျန်ဦးတည်ဘက်ခြောက်ခုမှ လူတစ်ဦးစီသည် ချက်ချင်းပင် ရှေ့တက်လာခဲ့ကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖက်လူက သူတို့၏အဆင့်ကို မမြင်နိုင်ပေ။ ရှောင်းယီကလည်း သူတို့ကို အကာအကွယ်ပေးထားခဲ့သည်။ သူတို့အနေနှင့် ဘာကိုကြောက်နေရမည်နည်း။
လူတစ်ဦးစီတွင် S အဆင့် တိုက်ခိုက်ရေးစွမ်းအားများ ရှိနေသည်ကို မြင်လိုက်ရသောအခါ သူတို့နှစ်ဦး မျက်မှောင်ကြုံ့သွားခဲ့ကြသည်။
“ခေါင်းဆောင် ဒီတစ်ခါ အဖွဲ့တိုင်းမှာ S အဆင့် တိုက်ခိုက်ရေးစွမ်းအားတွေ ဘာလို့ရှိနေတာလဲ။ ကျုပ်တို့ ဘာလုပ်ကြမလဲ။”
“ထိပ်ဆုံးထိ ရောက်အောင်လာနိုင်မှတော့ သူတို့အဖွဲ့မှာ အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားရှိတာက အံ့သြစရာမဟုတ်ပါဘူး။ စိတ်မပူပါနဲ့။ ခဏစောင့်လိုက်ပါ။ မင်းအရင်သွားလိုက် ငါ နောက်ဆုံးမှ လာခဲ့မယ်။ သူတို့ နောက်ဆုံးအစောင့်အရှောက်သားရဲကို အနိုင်ရခဲ့ရင်တောင် သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားက သိသိသာသာကျဆင်းသွားလိမ့်မယ်။ ဒါဆို ငါတို့ တကယ်ကိုမယုံနိုင်လောက်အောင်ကြွယ်ဝတဲ့ဆုလာဘ်တွေကို ရနိုင်တယ်။”
သူတို့အချင်းချင်း တီးတိုးစကားပြောဆိုပြီးနောက် ခေါင်းဆောင်က ရယ်မောကာ ပြောလိုက်သည်။
“ဒီတစ်ခါ S အဆင့်တွေ အများကြီးပေါ်လာမယ်လို့ ကျူပ်မျှော်လင့်မထားခဲ့မိဘူး။ ဒါဆိုရင် ကျုပ်တို့ နောက်ဆုံးတိုက်ပွဲကို စတင်လိုက်ကြတာပေါ့။”
သူသည် ထိုသို့ပြောရင်းဖြင့် သူ့လက်ထဲရှိရတနာမြေပုံကို အရှေ့တောင်ဘက်ရှိ ချိုင့်ခွက်နေရာတွင် ထည့်လိုက်တော့ လေသည်။
ထို့နောက် တောင်ထိပ်ရှိ အရပ်ရှစ်မျက်နှာကျောက်တိုင်မှ အဖြူရောင်အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာပြီး အပြင်ဘက်ရှိ ကျောက်သားအလွှာများ၌ အက်ကြောင်းများပေါ်လာကာ ဖြည်းဖြည်းချင်း ပြိုကွဲသွားတော့သည်။
ဟောင်းးးး
ထိုစဉ် သားရဲတစ်ကောင်၏ ကျယ်လောင်စွာဟိန်းဟောက်လိုက်သည့်အသံကို ကြားလိုက်ရပြီး လူတိုင်းသည် ၎င်းတို့၏နားစည်များ ကွဲထွက်သွားတော့မည်ဟုပင် ခံစားလိုက်ကြရလေသည်။
အနီးကပ် ကြည့်လိုက်သောအခါ ယင်းသည် အလွန်ကြီးမားသော ပိုလာဝက်ဝံတစ်ကောင်ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
တပိုင်ထက်တောင် နှစ်ဆပိုကြီးတယ်။
ထိုနောက်ဆုံးအစောင့်အရှောက်သားရဲကို မြင်လိုက်ရသောအခါ တပိုင်သည် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ပြီး ချက်ချင်းပင် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။
ထိုအသံအကျယ်ကြီးကို ကြားလိုက်ရသောအခါ ရှောင်းယီသည် အကူအညီမဲ့သလို ခံစားလိုက်ရသည်။ သူသည် မူလက ဤအမည်မသိအဖွဲ့၏စွမ်းအားကို အသုံးပြု၍ နောက်ဆုံးအစောင့်အရှောက်သားရဲကို အနိုင်ယူလိုခဲ့သည်။ သို့သော် ယခုအခါ ထိုသို့မလုပ်နိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် တပိုင်က ရှင်းရှင်းလင်းလင်းပြောထားခဲ့၏။ သူသည် ဤနောက်ဆုံးအစောင့်အရှောက်သားရဲကို တစ်ယောက်တည်း ရင်ဆိုင်ချင်နေသည်။
“တောင်းပန်ပါတယ်။ ဒါပေမယ့် ကျုပ်ရဲ့အိမ်မွေးသားရဲက ဒီသားရဲကို တစ်ယောက်တည်း တိုက်ခိုက်ချင်နေတယ်။ လူတိုင်းပဲ လိုက်လျောပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
ရှောင်းယီက ပြောလိုက်သည်။
ကျန်ရှိသောအဖွဲ့ခြောက်ဖွဲ့မှလူများသည် သဘာဝအတိုင်း ကန့်ကွက်ခြင်းမရှိဘဲ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ကြသည်။
အရှေ့တောင်ဘက်မှ လူတစ်ဦးသည် ကန့်ကွက်ရန်အတွက် စကားစဟန်ပြုလိုက်သော်လည်း အခြားတစ်ဦးက ချက်ချင်းပင် သူ့ကိုဆွဲခေါ်ကာ ပြောလိုက်သည်။
“ကျုပ်တို့မှာလည်း ကန့်ကွက်စရာမရှိပါဘူး။”
“ကျေးဇူးတင်ပါတယ်။”
ရှောင်းယီက ထိုသို့ပြောပြီး သူ့နောက်က တပိုင်ကို ကြည့်ကာ “သွား” ဟု ပြောလိုက်သည်။
တပိုင်သည် အမှန်တကယ် ခေါင်းညိတ်ပြကာ ချက်ချင်းပင် ရှေ့တက်သွားခဲ့သည်။
စောစောက ကန့်ကွက်လိုသူသည် ရှောင်းယီ၏မျက်နှာချင်းဆိုင်သို့ မသိစိတ်ဖြင့် သွားလိုက်မိသော်လည်း သူ၏ခေါင်းဆောင်က ဆွဲခေါ်လိုက်ပြီးနောက် သူချက်ချင်းနားလည်သွားခဲ့သည်။
မိမိဘက်မှ အားမစိုက်ရဘူးဆိုလျှင် သူတို့အား စိတ်ကြိုက်တိုက်ခိုက်ခွင့်ပြုလိုက်မည်ဖြစ်ပြီး ရတနာသေတ္တာပေါ်လာပါက အဆင်သင့်ယူလိုက်ရုံပင်ဖြစ်သည်။
ထို့ပြင် ဤနည်းဖြင့် သူတို့သည် ထိုလူများ၏စွမ်းအားကို ကိုယ်တိုင်မြင်တွေ့နိုင်မည်ဖြစ်သည်။ မိမိကိုယ်ကိုယ်သိခြင်းနှင့် ရန်သူကိုသိခြင်းသည် တိုက်ပွဲတိုင်း၌ အောင်မြင်ခြင်း၏ အဓိကသော့ချက်ဖြစ်ပေသည်။
ပိုလာဝက်ဝံကြီးသည် တပိုင်ချဉ်းကပ်လာသည်ကို မြင်သောအခါ ၎င်းဘက်သို့ ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး တစ်ဟုန်ထိုး ပြေးဝင်တိုက်ခိုက်တော့လေသည်။
တပိုင်ကလည်း ၎င်းကို ရိုက်နှက်လိုက်၏။
ဘမ်း...
သို့သော် တပိုင်သည် နောက်သို့ ပြန်၍လွင့်စင်ထွက်သွားခဲ့သည်။
ရှောင်းယီ အပါအဝင် လူတိုင်းအံ့အားသင့်သွားခဲ့ကြ၏။
“ကျွန်းပိုင်ရှင် ဒီနောက်ဆုံးသားရဲက တကယ်ပဲ အဲ့လောက်တောင် သန်မာတာလား။”
ဒူခန်းက အံ့အားသင့်စွာ မေးလိုက်သည်။
“တပိုင်ကို ချက်ချင်းရိုက်နှက်ပစ်လိုက်နိုင်တယ်။”
“သူကလည်း S အဆင့်ပါပဲ။ ဒါက ကမ္ဘာ့စည်းမျဉ်းတွေရဲ့ မြှင့်တင်ပေးမှုကြောင့်ဆိုတာ သိသာထင်ရှားတယ်။”
ရှောင်းယီက လေးနက်စွာ ပြောလိုက်သည်။
“အရမ်းဘက်လိုက်ပေးလွန်းတယ်။ နှစ်ယောက်လုံးက S အဆင့်တွေချည်းပဲဆိုပေမယ့် တပိုင်က လုံးဝအရေးနိမ့်နေပြီ။”
ဒူခန်းက တပိုင် နောက်တစ်ကြိမ်တိုးဝင်သွားပြီးနောက် နောက်တစ်ကြိမ် ပြန်လည်လွင့်ထွက်သွားသည်ကို ကြည့်ရှုရင်း ပြောလိုက်သည်။
ဒူခန်းနှင့် အခြားသူများသည် တပိုင်မသေသရွေ့ ဒဏ်ရာရခြင်းမှာ လုံးဝမပြဿနာရှိကြောင်းနှင့် အထူးသဖြင့် ကျွန်းပိုင်ရှင်ရှိနေသောကြောင့် တပိုင်၏ဘေးကင်းရေးကို စိုးရိမ်စရာမလိုကြောင်း သိထားကြသည်။
သို့သော် အရှေ့တောင်ဘက်ရှိ လူနှစ်ဦးသည်မူ ဆွံ့အနေခဲ့ကြလေသည်။
“ဒီလောက်အားနည်းတဲ့ အိမ်မွေးတိရစ္ဆာန်က နောက်ဆုံးသားရဲကို တစ်ယောက်တည်းရင်ဆိုင်ဖို့ကြိုးစားနေတာလား။ ဒါက သေလမ်းရှာနေတာမဟုတ်ဘူးလား။”
“ဟုတ်တယ်။ ကျုပ်တို့ သူတို့ကို ပိုတွက်ထားမိလိုက်တာပဲ။”
တပိုင်သည် နောက်ဆုံးသားရဲထံတွင် ရက်ရက်စက်စက် ရိုက်နှက်ခံနေရစဉ်အတွင်း အရှေ့တောင်ဘက်အဖွဲ့မှ လှေပေါ်သို့ ပစ္စည်းအပ်နှံရန် ပြန်သွားခဲ့သော သူတို့၏အသင်းဖော်များသည်လည်း ပြန်ရောက်လာခဲ့ကြလေသည်။
တောင်ထိပ်၏အလယ်ဗဟိုတွင် အဖြူရောင်ပုံရိပ်နှစ်ခု ရှေ့နောက်ရွေ့လျားနေပြီး ပို၍သေးငယ်သောအဖြူရောင်ပုံရိပ်တစ်ခုသည် မကြာခဏ နောက်သို့လွင့်ထွက်ကာ မြေပြင်ပေါ်သို့ အကြိမ်ကြိမ်ပြုတ်ကျနေသည်ကို မြင်လိုက်ရသောအခါ စိတ်ရှုပ်ထွေးစွာ မေးလိုက်ကြလေသည်။
“ခေါင်းဆောင် ဘာတွေဖြစ်နေတာလဲ။”
ထိုအခါ ခေါင်းဆောင်ဖြစ်သူက လေသံနိမ့်နိမ့်ဖြင့် ရှင်းပြလိုက်ရာ နောက်မှတက်လာကြသော လူလေးဦးမှာ အံ့အားသင့်သွားခဲ့ကြသည်။
“ဒီလိုမျိုးသာဆက်ပြီးတိုက်ခိုက်နေရင် အနှေးနဲ့အမြန် သေသွားမှာပဲ။”
“ဒီလိုမျိုးစွမ်းအားကြီးတဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင် ဒီနေရာမှာသေသွားရမှာတော့ စိတ်မကောင်းစရာပဲ။”
“ယီရန်ပင်း ဘာတွေးနေလဲဆိုတာ ငါတကယ်မသိတော့ဘူး။ သူက ဒီအိမ်မွေးတိရစ္ဆာန်ကို မလိုချင်တော့ဘူးလား။”
“မလိုချင်ရင် ငါ့ကို ပေးလိုက်လေ။ ဘာလို့ အရမ်းဖြုန်းတီးနေတာလဲ။”
တပိုင် ထပ်ကာထပ်ကာ ရက်ရက်စက်စက် ရိုက်နှက်ခံနေရသည်ကို မြင်သောအခါ ဒူခန်းသည် သည်းမခံနိုင်ဖြစ်လာခဲ့ပြီး ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် ကျုပ်တို့ သွားကူညီကြမလား။”
“မလိုအပ်ဘူး။ တပိုင် အရိုက်ခံရလို့ လွင့်ထွက်သွားရတဲ့ကြိမ်နှုန်းက တဖြည်းဖြည်းလျော့လာတာကို မင်းသတိမထားမိဘူးလား။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ပြီးတော့ အခု အရေးကြီးတဲ့အခိုက်တန့်ကို ရောက်နေပြီ။ သူ့ကိုယ်သူ တွန်းအားပေးဖို့လိုတယ်။ ပြောလို့မရဘူး သူအဆင့်တက်သွားတာမျိုးတောင် ဖြစ်နိုင်တယ်။”
“ဟမ်..”
ဒူခန်း တုန်လှုပ်သွားခဲ့သည်။
“ဆိုလိုတာက တပိုင်က အဆင့်တက်တော့မှာလား။”
“ဟုတ်တယ်။ အဲ့ဒါကြောင့်မို့လို့လဲ ငါ သူ့ကို ဒီကိုခေါ်လာခဲ့တာပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ဒူခန်းသည် သူသည် တပိုင်တစ်ကောင်တည်းကိုသာ ခေါ်လာပြီး သားရဲဘုရင်နှင့် အခြားသူများကို မခေါ်လာခဲ့သည့်အကြောင်းရင်းကို ရုတ်တရက်နားလည်သွားခဲ့သည်။
အရှေ့တောင်ဘက်အဖွဲ့မှ ခေါင်းဆောင်သည်လည်း ဤအခြေအနေကို သတိထားမိသွားခဲ့သည်။
“ဒီပိုလာဝက်ဝံက မရိုးရှင်းဘူး။”
သူက ရုတ်တရက် ထုတ်ဖော်ပြောဆိုလိုက်သည်။
“ဟုတ်တယ်...။ ဒီလောက်ထိ ရိုက်နှက်ခံနေရတာတောင် ရှေ့ဆက်တိုးနေတုန်းပဲ။ သူက တကယ်ခေါင်းမာတာပဲ။”
တစ်စုံတစ်ဦးက ဂရုမထားဘဲ ပြန်ဖြေလိုက်သည်။
ထိုအခါ ခေါင်းဆောင်က ခေါင်းခါကာ ထပ်ပြောလိုက်သည်။
“မဟုတ်ဘူး...။ မင်း သေချာကြည့်လိုက် အဲ့ကောင်ကြီးက သူကို မတွန်းထုတ်နိုင်တော့တာ တော်တော်ကြာနေပြီ။”
“ဟမ်...”
ဤတစ်ကြိမ်တွင်မူ လူတိုင်းသည် တပိုင်နှင့် ပိုလာဝက်ဝံတို့၏ တိုက်ပွဲကို ဂရုတစိုက်ကြည့်ရှုမိလိုက်ကြသည်။
အမှန်စင်စစ် တပိုင်နှင့် ပိုလာဝက်ဝံတို့မှာ သေရေကျနေခဲ့လေသည်။
ပိုလာဝက်ဝံသည် တပိုင်ကြောင့် သူ၏ခန္ဓာကိုယ်တွင် သွေးများပင် စွန်းထင်းနေခဲ့ပြီဖြစ်သည်။
တပိုင်သည်လည်း သူ၏ခန္ဓာကိုယ်၌ သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သော်လည်း အလွန်စိတ်လှုပ်ရှားနေပြီး ပိုလာဝက်ဝံ၏တိုက်ခိုက်မှုများကို ဆက်တိုက်ဆိုသလို ရှောင်တိမ်းနေခဲ့သည်။
တပိုင်သည် ၎င်း၏တိုက်ခိုက်မှုများကို အလွန်လျင်မြန်စွာလိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်သည်ကို မြင်လိုက်ရသောအခါ ပိုလာဝက်ဝံသည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး လျှပ်စီးကဲ့သို့အရှိန်ဖြင့် တပိုင်ကို ရိုက်နှက်လိုက်တော့လေသည်။