အခန်း (၅၅၅-၅၅၆)
Vol. 39 Ch. 555-556
အခန်း ၅၅၅ - တပိုင် အဆင့်တက်ခြင်း၊ ရူးသွပ်ဆေး၊ ရူးသွပ်ခြင်းအဆင့်ဆေး
တပိုင်သည် ပိုလာဝက်ဝံ၏ ဆန့်ထုတ်လိုက်သော ဝက်ဝံလက်ဝါးကြီးကို စိုက်ကြည့်လိုက်၏။ ထို့နောက် ဒေါသတကြီးဟိန်းဟောက်ကာ သူ၏လက်ဝါးဖြင့်ကို ပြန်လည်ရိုက်ထုတ်လိုက်သည်။
ဒူခန်းနှင့် အခြားသူများသည် တပိုင် နောက်တစ်ကြိမ် ရိုက်နှက်ခံရမည့်မြင်ကွင်းကို မြင်ယောင်နေခဲ့ကြသည်။
ဘမ်း
သူတို့သည် တပိုင် နောက်သို့ ပြန်လည်လွင့်ထွက်သွားမည်ဟု မျှော်လင့်ခဲ့ထားကြသော်လည်း သူတို့ မျှော်လင့်ထားသည့် အခြေအနေမျိုး ဖြစ်မလာခဲ့ပေ။
ဒူခန်းနှင့် အခြားသူများသည် တည်ငြိမ်စွာရပ်ကြည့်နေသော ကိုယ်လုံးကိုယ်ထည်သေးငယ်ကျစ်လျစ်လှပသည့် တပိုင်ကို ပြူးကျယ်နေသောမျက်လုံးများဖြင့် ကြည့်နေမိခဲ့ကြသည်။
ဟုတ်ပါသည်။ ထို “အရွယ်အစားသေးငယ်ခြင်း” ဆိုသည်မှာ နောက်ဆုံးအစောင့်အရှောက်သားရဲပိုလာဝက်ဝံ၏ အရွယ်အစားနှင့် နှိုင်းယှဉ်ခြင်းသာဖြစ်သည်။
လူသားများနှင့် နှိုင်းယှဥ်ပါက တပိုင်သည် လူကြီးသုံးဦး ပေါင်းထားသည့် အရွယ်အစားနီးပါးရှိပေသည်။
ထိုအခိုက်အတန့်တွင် တပိုင်သည် ပေါက်ကွဲတော့မည့် မီးတောင်တစ်လုံးနှင့် တူညီသည့် ထူးဆန်းသော စွမ်းအင်များကို ထုတ်လွှတ်နေခဲ့သည်။
တောင်ထိပ်ရှိ ပိုလာဝက်ဝံသည် တပိုင်ကို ထိတ်လန့်တုန်လှုပ်စွာကြည့်ရှုလိုက်ပြီး သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုအနည်းငယ်ကိုပင် ပြသနေခဲ့သည်။
တပိုင်ဆီမှ ထွက်ပေါ်လာသော စွမ်းအင်သည် တဖြည်းဖြည်းချင်း အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။
တောင်ထိပ်ရှိ ပိုလာဝက်ဝံသည် အမှန်တကယ် ခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွားခဲ့ပြီး တပိုင်ကို ကြောက်လန့်တကြားဖြင့် ကြည့်နေခဲ့သည်။
ထိုစဉ် တပိုင်ဆီမှ ထွက်ပေါ်လာသော စွမ်းအင်သည် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ၎င်းသည် ရှောင်းယီဆီသို့ ယိုင်နဲ့နဲ့ဖြင့် လျှောက်သွားခဲ့လေသည်။
သူ၏ရှေ့ရှိ ပိုလာဝက်ဝံသည် သူ၏ပြိုင်ဘက်ဖြစ်ရန် မထိုက်တန်တော့ပေ။ ထို့အပြင် ရှောင်းယီကလည်း သူ့ကို လျှို့ဝှက်စွာ အမိန့်ပေးခဲ့သည်။
တောင်ထိပ်ရှိအစောင့်အရှောက်သားရဲသည် သူ့အတွက် တန်ဖိုးမရှိတော့ပါက ဆက်လက်တိုက်ခိုက်ရန် မလိုအပ်တော့ပေ။
ယခုအခါ တပိုင်သည် ဤဖိုင်နယ်ဘော့စ်ကို အသုံးပြု၍ အောင်မြင်စွာ ချိုးဖျက်အဆင့်တက်နိုင်ခဲ့ပြီဖြစ်ရာ ဆက်လက်တိုက်ခိုက်ရန် မလိုအပ်တော့ပေ။
အရှေ့တောင်ဘက်အဖွဲ့၏ ရှုထောင့်အရ ဤမြင်ကွင်းသည် တပိုင်က ရန်သူနှင့် မယှဉ်ပြိုင်နိုင်တော့ဘဲ ဆုတ်ခွာခဲ့ရသည်ကို ရှင်းရှင်းလင်းလင်း ပြသနေခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် တပိုင်၏ဒဏ်ရာများမှာ ထိုဖိုင်နယ်ဘော့စ်ထက် ပိုမိုဆိုးရွားရသည့်ပုံရနေခဲ့ပေသည်။
“ကျုပ်ရဲ့အိမ်မွေးတိရစ္ဆာန်က ထပ်ပြီး တောင့်မခံနိုင်တော့ဘူး။ အားလုံးပဲ အတူတူသွားကြရအောင်။”
ရှောင်းယီက ဤအခိုက်အတန့်ကို အခွင့်ကောင်းကာ ပြောလိုက်သည်။
ထို့နောက် သူသည် သူနှင့်အတူ သယ်ဆောင်လာသော SSS အဆင့် ရေသန့်ကို ထုတ်ယူပြီး တပိုင်အတွက် ၅၀၀ မီလီလီတာ အပြည့်လောင်းထည့်ကာ ဒဏ်ရာပြန်ကောင်းစေရန်နှင့် ၎င်း၏အဆင့်ကို တည်ငြိမ်စေရန် ပြုလုပ်လိုက်လေသည်။
“ယွင်မု ငါတို့မှာဘာတွေရှိသလဲဆိုတာ သူတို့ကိုပြလိုက်။”
အရှေ့တောင်ဘက်အဖွဲ့မှ ခေါင်းဆောင်က ပြောလိုက်သည်။
ထိုအခါ သူ့ဘေးတွင်ရှိနေသော A အဆင့် လူငယ်သည် ရှေ့သို့လှမ်းတက်ပြီး အခြားဦးတည်ဘက်ရှိလူများကိုကြည့်ကာ မောက်မောက်မာမာ ပြောလိုက်လေသည်။
“လာပြီ အတူတူတိုက်ခိုက်ကြ။ ဒါကို မြန်မြန်ပြီးအောင်လုပ်ရမယ်။ ပြီးရင် ငါတို့ မနက်စာစားဖို့ ပြန်ရဦးမယ်။”
ယခုအချိန်သည် မနက် ၅ နာရီကျော်သွားပြီဖြစ်ရာ မိုးကောင်းကင်သည်လည်း တဖြည်းဖြည်း တောက်ပလာပြီဖြစ်သည်။
ရှောင်းယီ၊ အန်းရန်၊ ဒူခန်း၊ ပိုင်ချီ နှင့် မှော်ဆရာသုံးဦးတို့သည် ချက်ချင်းပင် ရှေ့တက်လာပြီး ယွင်မုကို ကြည့်လိုက်ကြသည်။
ယွင်မုသည် သူတို့ကိုကြည့်ကာ လှောင်ပြုံးပြုံးလိုက်ပြီး အနက်ရောင်ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။
သူသည် အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်ခြင်းဖြစ်သော်လည်း ရှောင်းယီသည် ထိုဆေးလုံးကို မြင်ဖြစ်အောင် မြင်နိုင်ခဲ့လေသည်။
ထို့နောက် စနစ်က ချက်ချင်း အသိပေးလာခဲ့သည်။
“ရူးသွပ်ဆေး: ထိုဆေးသည် အသုံးပြုသူ၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများကို အဆင့်တစ်ဆင့် မြှင့်တင်ပေးနိုင်ပြီး အများဆုံး SSS အဆင့်အထိဖြစ်ကာ မိနစ် ၃၀ ကြာသည်။ ကြာချိန်ပြီးဆုံးပါက အသုံးပြုသူသည် ငါးနာရီကြာ အားနည်းသွားမည်ဖြစ်သည်။”
“ဘာလဲဟ”
ရှောင်းယီ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“သူတို့မှာ ဒီလိုမျိုးစွမ်းအားကြီးတဲ့ ဆေးတွေ တကယ်ရှိနေတာပဲ။”
ရှောင်းယီသည် မူလက သူတို့ထံ၌ S-အဆင့်သားရဲကို သတ်ဖြတ်နိုင်သည့် ကိရိယာတစ်မျိုးမျိုးရှိခြင်းဖြစ်လိမ့်မည်ဟု ထင်ခဲ့ခြင်းဖြစ်ပြီး ထိုအရာသည် ဆေးလုံးများ ဖြစ်နေလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။
ထိုဆေးလုံးကို သောက်သုံးပါက ဘေးထွက်ဆိုးကျိုးအနေဖြင့် ငါးနာရီကြာ အားနည်းသွားစေမည်ဖြစ်သော်လည်း ၎င်းသည် သင့်အဆင့်ကို အဆင့်တစ်ခု မြှင့်တင်ပေးနိုင်ပြီး အရေးကြီးသည့်အချိန်များတွင် ၎င်း၏အကျိုးသက်ရောက်မှုမှာ အလွန်သိသာထင်ရှားနေဆဲပင်။
ရှားနိုင်ငံ၌ မင်းဆက်တိုင်းလိုလိုတွင် အဂ္ဂိရတ်ဆရာများ ရှိခဲ့သော်လည်း မှတ်တမ်းများ၌ ၎င်းတို့သည် မည်သည့်ဆေးအမျိုးအစားများအား ဖန်တီးနိုင်ခဲ့သည်ကို အတိအကျ မသိခဲ့ရပေ။
စွန်းယောင်သည် သူ၏လက်ဖြင့် ကိုယ်တိုင်ပြုလုပ်ထားသော လျူဝေ့ဒီဟွမ်းဆေးလုံးများကို ထုတ်ယူလာခဲ့စဉ်က ရှောင်းယီတွင် အခြားစိတ်ကူးများ ရှိခဲ့သည်။
ထို့ကြောင့်ပင် သူ့တွင် နာနိုဆေးပညာဆိုင်ရာ ဉာဏ်ရည်တုစက်ရှိသော်လည်း သူသည် စွန်းယောင်ကို သူ၏လက်အောက်ခံအဖြစ် ဆက်လက်ခန့်ထားခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ဝေပေါ်ပါ ပါဝင်လာခဲ့ပြီး သူသည် ယမ်းမှုန့်၏ကုန်ကြမ်းဖြစ်သော ယမ်းစိမ်းကို ဆက်လက်ထုတ်လုပ်ပေးနိုင်ခဲ့သည်။ ထို့ပြင် အခြားအကြောင်းရင်းတစ်ခုမှာ ၎င်းတို့၏ဘိုးဘေးများသည် အဂ္ဂရိတ်ဆရာများဖြစ်ခဲ့ကြသောကြောင့်ဖြစ်ပေသည်။
ယခုတွင် ယွင်မုသည် စွမ်းအားကို မြှင့်တင်ပေးနိုင်သော ဆေးလုံးတစ်လုံးအား ထုတ်ယူသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီသည် စွန်းယောင်နှင့် ဝေပေါ်တို့အား အဂ္ဂိရတ်ဆရာများ၏ ဘုန်းတန်ခိုးအာနုဘော်ကို ပြန်လည်ထူထောင်နိုင်မလာဆိုသည်ကိုကြည့်ရန်အတွက် အတူတကွလုပ်ဆောင်စေလိုလာခဲ့သည်။
ယွင်မုသည် ရှောင်းယီ၏ အံ့အားသင့်နေမှုကို လစ်လျူရှုပြီး “မြန်မြန်လုပ်” ဟု တိုက်တွန်းလိုက်သည်။
သူသည် ထိုသို့ပြောနေစဉ်အတွင်း အရှေ့တည့်တည့်သို့ သူ၏လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
မူလက ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေခဲ့သော ပိုလာဝက်ဝံသည် နောက်ဆုံးအသက်တစ်မျှင်သာ ကျန်တော့သည့်ပုံ ထင်ရသော်လည်း ဝက်ဝံသည် သူ၏ခြေသည်းများကို မယုံနိုင်လောက်သောအမြန်နှုန်းဖြင့် ဆက်လက်ရိုက်နှက်နိုင်နေလိမ့်ဦးမည်ဟု သူမျှော်လင့်မထားခဲ့ပေ။
ယွင်မုသည် သူ၏လက်မောင်းများကို ရင်ဘတ်ရှေ့တွင် ကန့်လန့်ခံလိုက်ရုံသာလုပ်နိုင်ခဲ့ပြီး အဝေးသို့ လွင့်စင်ထွက်သွားခဲ့လေသည်။
“ခရက်”
ယွင်မု၏ လက်မောင်းနှစ်ဘက်မှာ ချက်ချင်းပင် ကျိုးကြေသွားခဲ့သည်။
အားးးး
စူးရှကျယ်လောင်စွာဖြင့် နာနာကျင်ကျင် အော်ဟစ်လိုက်သည့်အသံတစ်ခုကို လူတိုင်း ကြားလိုက်ရလေသည်။
အရှေ့တောင်ဘက်မှ ခေါင်းဆောင်သည်လည်း အံ့အားသင့်သွားသည်။ ထိုအခါမှသာ သူသည် ယီရန်ပင်း၏ အိမ်မွေးတိရစ္ဆာန်၏ စွမ်းအားကို လျှော့တွက်ခဲ့မိကြောင်း သတိထားမိသွားခဲ့သည်။
သူသည် ယီရန်ပင်း၏နောက်တွင်ရှိနေသော တပိုင်ကို နောက်တစ်ကြိမ် ကြည့်လိုက်မိပြီး သူ၏မျက်နှာအမူအရာမှာ အနည်းငယ်တင်းမာသွားခဲ့သည်။ သူသည် ချက်ချင်း ရှေ့သို့တက်သွားပြီး လက်မောင်းများကျိုးကြေသွားသော ယွင်မုကို တွဲကူကာ တီးတိုးစကားဆိုလိုက်သည်။
“အမြန်ထွက်သွားတော့။”
“ဒီလောက်မြန်မြန်ကြီး ဘယ်ကိုသွားကြမလို့လဲ။”
ရှောင်းယီက မေးလိုက်သည်။
“ဟမ့် ငါတို့အသင်းသားတစ်ယောက် ဒဏ်ရာရသွားပြီးပြီ။ ချက်ချင်းကုသဖို့ ပြန်ပို့ရမယ်။ ဒီနောက်ဆုံးသားရဲကို ငါတို့ မလိုချင်တော့ဘူး။”
ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။
“အခုမှ ထွက်သွားချင်လို့ မရတော့ဘူး။”
ရှောင်းယီက ပြောလိုက်သည်။
“ဟမ့် မင်းက ငါ့ကိုဒီမှာထားထားနိုင်မယ်လို့ ထင်နေတာလား။”
ခေါင်းဆောင်သည် ရှောင်းယီအား သူ၏မျက်လုံးများကို မှေးကျဉ်းကာစိုက်ကြည့်ရင်း ပြောလိုက်သည်။
“ငါက မလုပ်နိုင်ဘူးတဲ့လား။”
ရှောင်းယီက ပြန်လည်ချေပလိုက်သည်။
“မင်းတို့ကောင်တွေ တောင်ထိပ်က အစောင့်အရှောက်သားရဲကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပဲ အရင်ဆုံး စဉ်းစားသင့်တယ်။”
ခေါင်းဆောင်က ကြီးမားသောအဖြူရောင်ဝက်ဝံကြီးကို ညွှန်ပြရင်း ပြောလိုက်သည်။
“ဒါတွေအားလုံးကို အချိန်အတော်ကြာကတည်းက စီစဉ်ထားပြီးသား။ သူတို့ကို လေ့ကျင့်ခိုင်းလိုက်ရုံပဲ။”
ရှောင်းယီက အလေးမထားဟန်ဖြင့် ပြောလိုက်သည်။
ဤအချိန်တွင် ခေါင်းဆောင်သည် ယောက်ျားနှစ်ယောက်နှင့် မိန်းမတစ်ယောက်သည် ထိုဝက်ဝံကြီးကို တိုက်ခိုက်နေပြီဖြစ်ကာ ၎င်းတို့၏ပူးပေါင်းလုပ်ဆောင်မှုသည် ဝက်ဝံကြီးအား လုံးဝအကူအညီမဲ့စေသည်အထိ ပြီးပြည့်စုံနေကြောင်း အံ့အားသင့်စွာ တွေ့လိုက်ရလေသည်။
“မင်းတို့အားလုံးက ပူးပေါင်းကြံစည်ထားကြတာပဲ။”
ခေါင်းဆောင်၏မျက်နှာတစ်ခုလုံး မှုန်မှိုင်းသွားခဲ့သည်။
“မှန်တယ်...ဒါပေမယ့် မင်းသိတာ အရမ်းနောက်ကျသွားပြီ။”
ရှောင်းယီက ထိုလူနားသို့ လျှောက်သွားရင်း ပြောလိုက်သည်။
“ပြောစမ်း မင်းတို့က ဘယ်အဖွဲ့ကလဲ။ ရှားနိုင်ငံထဲကို ထိုးဖောက်နေတာ ဘယ်လောက်ကြာပြီလဲ။”
“ဟမ့် ငါတို့ကို ထိန်းချုပ်လိုက်နိုင်ပြီလို့ မင်းထင်နေတာလား။”
ခေါင်းဆောင်က လှောင်ပြောင်ကာ ပြောလိုက်သည်။
“ဆေးသောက်ပြီး ထွက်ပြေးကြ။”
ခေါင်းဆောင် အမိန့်ပေးလိုက်သည်နှင့် သူ့နောက်ရှိ လူလေးယောက်သည် ချက်ချင်းပင် ဆေးလုံးတစ်လုံးစီကို ပါးစပ်ထဲသို့ ပစ်ထည့်ကာ ရှောင်းယီ၏လမ်းကြောင်းတွင် ပိတ်ရပ်လိုက်ကြပြီး ခေါင်းဆောင်သည် ယွင်မုကို တွဲကာ တောင်အောက်သို့ ဆင်းပြေးတော့လေသည်။
သို့သော် သူခြေနှစ်လှမ်းထက် ပိုမပြေးနိုင်မီီမှာပင် သူ့ရှေ့တွင် တစ်စုံတစ်ဦးရပ်နေသည်ကို တွေ့မြင်လိုက်ရလေသည်။ ထိုသူမှာ သူတို့နောက်သို့ တစ်လမ်းလုံးလိုက်နေသည့် ကျန်းယွင်ထျန်းပင်ဖြစ်သည်။
“ဒါဆို မင်းတို့က ငါတို့ကို လမ်းတစ်လျှောက်လုံး စောင့်ကြည့်နေခဲ့တာပေါ့။”
ခေါင်းဆောင်က မှိုင်းညို့နေသောမျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
“အညံ့ခံပြီး ဝန်ခံလိုက်တော့။”
ကျန်းယွင်ထျန်းက ခပ်ပြတ်ပြတ် ပြောလိုက်သည်။
“ဟမ့် မင်းတို့အားလုံး S အဆင့်ဖြစ်နေရင်တောင် ငါ့ကိုမတားဆီးနိုင်ဘူး။”
ခေါင်းဆောင်က ယွင်မုကို မြေပေါ်သို့ ချလိုက်ပြီး ရှောင်းယီကို မထီမဲ့မြင်ပြုသည့်ပုံစံဖြင့် လှည့်ကြည့်ကာ ပြောလိုက်သည်။
“မင်းက အဲ့ဒီရူးသွပ်ဆေးကို အားကိုးနေတာလား။”
ရှောင်းယီသည် သူ့ကိုကြည့်ကာ ပြောလိုက်သည်။
ခေါင်းဆောင်သည် အနည်းငယ်ရပ်တန့်သွားပြီးနောက် ပြောလိုက်သည်။
“ငါတို့သောက်နေတဲ့ဆေးတွေကို မင်းသိလိမ့်မယ်လို့ ငါမမျှော်လင့်မိခဲ့ဘူး။ ဒါပေမယ့် ငါ့လက်ထဲမှာရှိတာက ရူးသွပ်ဆေးမဟုတ်ဘူး။ ရူးသွပ်ခြင်းအဆင့်ပြဒါးရှင်ဆေးပဲ။”
သူသည် ထိုပြောရင်းဖြင့် သူ့လက်ထဲရှိဆေးလုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။
ထို့နောက် သူ၏စွမ်းအင်များ တစ်ဟုန်ထိုး ထိုးတက်လာခဲ့သည်။
ကျန်းယွင်ထျန်းသည် ချက်ချင်းပင် တိုက်ခိုက်ရန် ပြင်လိုက်လေသည်။
“မလုပ်နဲ့...။ တောင်ထိပ်ကိုသွားပြီး သူတို့ကို နောက်ဆုံးသားရဲကိုဂရုစိုက်ဖို့ ကူညီပေးလိုက်။”
ရှောင်းယီက အော်ဟစ်လိုက်သည်။
ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြီး ချက်ချင်းပင် သူတို့ကိုရှောင်တိမ်းကာ တောင်ထိပ်ဆီသို့ ဦးတည်သွားလိုက်သည်။
ရှောင်းယီ ကျန်းယွင်ထျန်းအား တားမြစ်ရသည့် အကြောင်းရင်းမှာ သူသည် ခေါင်းဆောင်စားလိုက်သော ဆေးလုံးကို မြင်တွေ့ခဲ့ရသောကြောင့်ဖြစ်သည်။
“ရူးသွပ်ခြင်းအဆင့်ပြဒါးရှင်ဆေး: ၎င်းသည် အသုံးပြုသူ၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများကို အဆင့်နှစ်ဆင့် မြှင့်တင်ပေးနိုင်ပြီး အများဆုံး SSS အဆင့်အထိဖြစ်ကာ မိနစ် ၃၀ ကြာသည်။ ကြာချိန်ပြီးဆုံးပါက အသုံးပြုသူသည် ငါးနာရီကြာ အားနည်းသွားမည်ဖြစ်သည်။ မှတ်ချက်- ဤဆေးလုံးကို သောက်သုံးပါက အခြေခံအုတ်မြစ်ကို ပျက်စီးစေပြီး အသုံးပြုသူ၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများအား အဆင့်တစ်ဆင့်ကျဆင်းစေကာ နောက်ထပ်တိုးတက်မှုကို တားဆီးလိုက်နိုင်သည်။”
အခန်း ၅၅၆ - ဆေးဝါးများဖြင့် အားဖြည့်ခြင်းကြောင့် အလွန်းအားနည်းသွားခြင်း၊ လင်းရှား ထပ်မံရောက်ရှိလာခြင်း
ထိုခေါင်းဆောင်သည် A အဆင့်ဖြစ်ပြီး အဆင့်နှစ်ဆင့်တိုးတက်သွားပြီးနောက် သူသည် SS အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်ကာ ကျန်းယွင်ထျန်းသည် သူနှင့် လုံးဝယှဉ်နိုင်မည်မဟုတ်ပေ။
ဤအချိန်တွင် ခေါင်းဆောင်၏ခန္ဓာကိုယ်မျက်နှာပြင်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်ပြီး သွေးများစိမ့်ထွက်လာကာ သွေးများဖြင့်ဖုံးလွှမ်းနေသည့်ပုံစံက အလွန်ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
သူ၏ခန္ဓာကိုယ်သည် ဤဆေးလုံးတွင်ပါရှိသော စွမ်းအားကို ခံနိုင်ရည်ရှိပုံမရပေ။ ဤဆေးလုံးကို သုံးစွဲပါက အခြေခံအုတ်မြစ်ကို ပျက်စီးစေသည်ဟု စနစ်က သတိပေးခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
“ရူးသွပ်ခြင်းအဆင့် ပြဒါးရှင်ဆေးလုံးကိုသောက်ပြီး ငါ့ရဲ့အဆင့်ကို နှစ်ဆင့်တိုးနိုင်တယ်။ အခုငါက SS အဆင့်ကိုရောက်သွားပြီ။ မင်းတို့အားလုံး သေကြေပျက်စီးကြရမယ်ကွ။”
ခေါင်းဆောင်သည် သူခံစားနေရသည့် နာကျင်မှုကို အာရုံပြောင်းရန် ကြိုးစားနေဟန်ဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်လေသည်။
ရှောင်းယီသည် သူ့ကိုကြည့်ပြီး သူ၏ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
“ငါ SS အဆင့်ရောက်ခဲ့တဲ့အချိန်ကစပြီး အခုချိန်ထိ သင့်တော်တဲ့ ပြိုင်ဘက်တစ်ယောက်မှ မတွေ့ဖူးသေးဘူး။ လာခဲ့ မင်းရဲ့စွမ်းအားကို ငါစမ်းကြည့်ကြည့်စမ်းမယ်။”
ခေါင်းဆောင်သည် အနည်းငယ် ကြောင်အသွားပြီးနောက် ကျယ်လောင်စွာ ထပ်မံအော်ဟစ်လိုက်၏။
“မဖြစ်နိုင်ဘူး။ မင်းက လှည့်စားနေတာပဲ။ ငါတို့ ဒီလောက်ထိ ဖွံ့ဖြိုးတိုးတက်နေတာတောင် ခုထိ SS အဆင့်ကို မရောက်သေးဘူး။ မင်းက ဘယ်လိုလုပ်ပြီး SS အဆင့်ကို ရောက်နိုင်မှာလဲ။”
ရှောင်းယီသည် သူ၏ကျောပြင်မှ ဓားကြီးကိုဆွဲထုတ်ရင်း ပြောလိုက်သည်။
“မင်းမယုံရင် စမ်းကြည့်လိုက်လေ။”
ခေါင်းဆောင်သည် နောက်ထပ် တွန့်ဆုတ်မနေတော့ဘဲ ရှောင်းယီဆီသို့ တိုက်ရိုက်ပစ်ဝင်သွားခဲ့သည်။ ရူးသွပ်ဆေးတွင် အချိန်ကန့်သတ်ချက်လည်းရှိပြီး သူသည် အမြန်ဆုံးလုပ်ဆောင်ရန် လိုအပ်ပေသည်။
ရှောင်းယီသည် သူ့ဆီသို့ ပစ်ဝင်လာသည်ကို ကြည့်ပြီး ခေါင်းခါကာ ပြောလိုက်၏။
“ဆေးဝါးနဲ့ အတင်းအဓမ္မရယူထားတဲ့ အဆင့်မြှင့်တင်မှုတွေက စနစ်ကဆုချီးမြှင့်တဲ့ အဆင့်မြှင့်တင်မှုကဒ်တွေလောက် ကောင်းပုံမရဘူး။”
အကျိုးသက်ရောက်မှုအားဖြင့် ဤဆေးလုံးသည် အဆင့်မြှင့်တင်မှုကဒ်နှင့် ဆင်တူပေသည်။ တစ်ခုတွင် အချိန်ကန့်သတ်ချက်ရှိပြီး အခြားတစ်ခုသည်မူ ရာသက်ပန်ဖြစ်သည်။
သူသည် ပစ်ဝင်လာသော ခေါင်းဆောင်ကို ရှောင်တိမ်းရင်း ဓားပြားကြီးဖြင့် ဖြတ်ရိုက်လိုက်ကာ သူ့ကိုလွင့်ထွက်သွားစေလိုက်သည်။
ရှောင်းယီသည် ၎င်းကို သက်ညှာထားခြင်းမဟုတ်ဘဲ ဤပုဂ္ဂိုလ်ထံမှ အချက်အလက်အချို့ နှိုက်ထုတ်လိုသောကြောင့်ဖြစ်သည်။
ဘုန်း
ခေါင်းဆောင်သည် သစ်ပင်များစွာကို ဝင်တိုက်မိပြီးနောက်မှသာ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။
“မဖြစ်နိုင်ဘူး။ မင်းက ဘယ်လိုလုပ်ပြီး SS အဆင့်ဖြစ်နိုင်မှာလဲ။”
ခေါင်းဆောင်သည် ကျယ်လောင်စွာအော်ဟစ်ပြီး နောက်တစ်ကြိမ် ရှေ့သို့တိုးဝင်လာခဲ့ပြန်သည်။
ရှောင်းယီသည် နောက်ထပ်ဓားတစ်ချက်ဖြင့် သူ့ကို ထပ်မံလွင့်ထွက်သွားစေခဲ့သည်။
ဤနည်းဖြင့် ခေါင်းဆောင်သည် တပိုင်၏ လွတ်လပ်စွာပျံသန်းမှု၏ ခံစားချက်ကို ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသည်။
သို့သော် တပိုင်သည် အလျင်အမြန် လိုက်လျှောညီထွေဖြစ်ကာ တန်ပြန်တိုက်ခိုက်နိုင်ခဲ့သော်လည်း ခေါင်းဆောင်သည်မူ ရှောင်းယီ၏အဝတ်တစ်စကိုပင် ထိအောင်မတိုက်ခိုက်နိုင်ခဲ့ပေ။
တောင်ထိပ်တွင်ရှိနေသော နောက်ဆုံးအစောင့်အရှောက်သားရဲသည်လည်း ကျန်းယွင်ထျန်းနှင့် အခြားသူများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် လဲကျသွားခဲ့ပြီဖြစ်သည်။ သူသည် ရတနာသေတ္တာထဲမှ ရတနာကို အေးဆေးတည်ငြိမ်စွာ ထုတ်ယူလိုက်ပြီးနောက် အခြားသူများသည်လည်း သူ့နားသို့ ချဉ်းကပ်လာခဲ့ကြသည်။
ဆေးလုံးများသောက်သုံးထားသော အခြားလက်အောက်ခံလေးဦးကိုလည်း တပိုင်က တစ်ယောက်တစ်််ချက်စီရိုက်နှက်ကာ သတိလစ်သွားစေခဲ့ပြီဖြစ်သည်။
“ယီရန်ပင်း မင်းသေကိုသေရမယ်ကွ။”
ရှောင်းယီကို အမှန်တကယ် အနိုင်မယူကြောင်း သိလိုက်ရသောအခါ ခေါင်းဆောင်သည် နောက်ပြန်လှည့်ကာ တောင်အောက်သို့ ပြေးဆင်းသွားတော့သည်။
ရှောင်းယီသည် သူ၏ခြေဖျားကို ဖွဖွက်ထောက်ကာ ခြေလှမ်းလှမ်းလိုက်ပြီး သူ၏ပုံရိပ်သည် ချက်ချင်းပင် နေရာမှ ပျောက်ကွယ်သွားခဲ့သည်။ သူပြန်ပေါ်လာသောအခါ ခေါင်းဆောင်၏ရှေ့သို့ ရောက်ရှိနေခဲ့ပြီး သူ့ကိုတောင်ထိပ်သို့ ပြန်၍ကန်တင်လိုက်လေသည်။
“ဖူး...”
ခေါင်းဆောင်သည် သူ၏ပါးစပ်ထဲမှ သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီးနောက် သတိလစ်သွားခဲ့သည်။
“ဒီလူက ကျွန်းပိုင်ရှင်ရဲ့ ယင်ကောင်ရိုက်သလို ရိုက်နှက်ခံလိုက်ရတာတောင် ဒီလောက်အကြာကြီးနေမှ သတိလစ်သွားတယ်။ သူက တပိုင်ထက်တောင် မာနေသလိုပဲ။”
ဒူခန်းက အံ့အားသင့်စွာပြောလိုက်သည်။
ထိုစကားကိုကြားလိုက်သောအခါ တပိုင်က သူ့ကိုစိုက်ကြည့်လိုက်ပြီး ကန့်ကွက်လိုက်လေသည်။
“ဒီလိုမျိုးကျိုးပဲ့လွယ်တဲ့ လူသားတွေနဲ့ ငါ့ကို လာမနှိုင်းစမ်းနဲ့။”
“ဘယ်သူလဲ”
ထိုစဉ် ကျန်းယွင်ထျန်းသည် ချက်ချင်းပင် နောက်လှည့်ပြီး တောင်ထိပ်၏အရှေ့ဘက်ကို ကြည့်ကာ အော်ဟစ်လိုက်သည်။
အခုလေးတင် သူနောက်မှ အသံတစ်ခုကြားလိုက်ရလေသည်။
“မစိုးရိမ်ပါနဲ့...အဲ့ဒါ ရေသူမပါ။”
ရှောင်းယီက အရှေ့ဘက်ကိုကြည့်ကာ ပြောလိုက်သည်။
“ထွက်လာခဲ့တော့။ ငါတို့မင်းကို အစကတည်းကတွေ့တယ်။”
ဒူခန်းနှင့် အခြားသူများအားလုံးသည်လည်း အရှေ့ဘက်ကို ကြည့်လိုက်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် ငါးအမြီးနှင့်လူတစ်ယောက်သည် မြေကြီးပေါ်၌ မည်သို့လမ်းလျှောက်နိုင်သည်ကို အလွန်စူးစမ်းချင်နေကြသောကြောင့်ပင်။
ထိုစဉ် လင်းရှားသည် ချုံပုတ်များထဲမှ ယိုင်နဲ့နဲ့ဖြင့် ထွက်လာခဲ့လေသည်။
အန်းရန်သည် လင်းရှား၏ ခန္ဓာကိုယ်ပေါ်၌ ခြစ်ရာများစွာရှိပြီး အထူးသဖြင့် သူမ၏အမြီးမှ သွေးစသွေးနများ စိမ့်ထွက်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။
“မင်း ဒီမှာဘာလုပ်နေတာလဲ။ မင်းလည်း ရတနာသေတ္တာတွေကို လုယူဖို့လိုက်လာတာလား။”
ရှောင်းယီက မေးလိုက်သည်။
“ကျွန်မကူညီနိုင်တာရှိ၊မရှိ ကြည့်ချင်လို့ပါ။”
လင်းရှားက ပြန်ဖြေလိုက်သည်။
ထိုစကားကိုကြားသောအခါ ရှောင်းယီသည် တစ်စုံတစ်ခုကို စဉ်းစားမိလိုက်သကဲ့သို့ သူ၏မျက်လုံးများ အနည်းငယ်တောက်ပသွားခဲ့သည်။ သို့သော်လည်း သူက ထူးမခြားနားစွာဖြင့် ပြန်ပြောလိုက်သည်။
“ငါတို့ မင်းရဲ့အကူအညီကို မလိုအပ်ဘူး။ တောင်အောက် ပြန်ဆင်းကြမယ်။”
ထိုသို့ပြောပြီးနောက် ရှောင်းယီသည် လင်းရှားကို လျစ်လျူရှုပြီး အခြားသူများကို ဦးဆောင်ကာ တောင်အောက်သို့ လျှောက်သွားခဲ့သည်။
ဒေသခံများသည် ယွင်မုတို့ခြောက်ယောက်လုံးကို ကြိုးတုတ်ကာ တောင်အောက်သို့ သယ်ဆောင်သွားခဲ့ကြသည်။
လင်းရှားသည် သူတို့ထွက်ခွာသွားသည်ကို ကြည့်ရင်း သူမ၏စိတ်ထဲတွင် စိတ်ပျက်အားငယ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
တောင်အောက်သို့ဆင်းရာလမ်းတွင် ရှောင်းယီသည် အန်းရန်၏နားထဲသို့ တိုးတိုးတိတ်တိတ်စကားအနည်းငယ်ပြောလိုက်သည်။
အန်းရန်သည် အနည်းငယ်ကြောင်အသွားခဲ့ပြီး ရှောင်းယီက ထပ်ပြောလိုက်သည်။
“အများကြီးမတွေးပါနဲ့။ သူမက အသုံးဝင်တယ်။ ငါက သူ့မျိုးနွယ်စုကို ငါတတ်နိုင်တဲ့ဘောင်တစ်ခုအတွင်းကနေ အကူအညီပေးနိုင်တယ်။ ဒါကို ကုန်သွယ်မှုတစ်ခုအနေနဲ့ပဲ မှတ်ယူလိုက်ပါ။”
“ကောင်းပါပြီ။”
အန်းရန်က ထိုသို့ပြန်ပြောလိုက်ပြီးနောက် ဂရုတစိုက်ဖြင့် တောင်ထိပ်သို့ ပြန်တက်သွားကာ လင်းရှားကိုရှာဖွေပြီး သူမ၏နောက်မှ လိုက်သွားခဲ့လေသည်။
အန်းရန်သည် S အဆင့်ဖြစ်ပြီး ယခုအခါ လင်းရှားသည်လည်း ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာနှစ်ခုလုံး ပင်ပန်းနွမ်းနယ်နေသောကြောင့် သူမ၏နောက်မှ လူတစ်ယောက်လိုက်လာနေသည်ကို အာရုံစိုက်ရန် စွမ်းအားမရှိတော့ပေ။
“အစ်ကိုကျန်း သူတို့ရဲ့သင်္ဘောဆီကိုသွားပြီး လူတိုင်းကို ဖြစ်နိုင်သမျှမြန်မြန်သတိလစ်အောင်လုပ်လိုက်။ ဘာသတင်းမှ ပို့ခွင့်မပေးနဲ့။”
ရှောင်းယီက ပြောလိုက်သည်။
“ဒူခန်းနဲ့ ပိုင်ချီ မင်းတို့နှစ်ယောက် သူနဲ့အတူလိုက်သွားကြ။”
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းက ပြန်ပြောလိုက်ပြီးနောက် အခြားနှစ်ဦးနှင့်အတူ အရှေ့တောင်ဘက်ကမ်းခြေဆီသို့ ဦးတည်ကာ ထွက်သွားတော့သည်။
“ကျန်တဲ့သူတွေအားလုံး သင်္ဘောတွေအကုန်လုံးကို အရင်ဆုံး အရှေ့ဘက်ကို စုလိုက်ကြပါ။”
ရှောင်းယီက ပြောသည်။
“ဟုတ်ကဲ့”
ရှောင်းယီသည် မြောက်ဘက်ရှိ မျောက်နက်နိုင်ငံမှ ရွက်သင်္ဘောများဆီသို့ တပိုင်အား ခေါ်ဆောင်သွားရန် ဒေသခံတစ်ဦးအား စီစဉ်ပေးလိုက်သည်။
မကြာမီ သင်္ဘောအားလုံး အရှေ့ဘက်သို့ စုရုံးရောက်ရှိလာခဲ့ကြပြီး ကျန်းယွင်ထျန်းသည်လည်း အရှေ့တောင်ဘက်မှ ရွက်သင်္ဘောကြီးတစ်စီးဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင် လင်းရှားသည်လည်း တောင်အောက်သို့ အလျင်အမြန် ဆင်းလာခဲ့လေသည်။ ရေသူမတစ်ဦးအနေဖြင့် တောင်တက်ရန်မှာ လွယ်ကူပြီး တောင်အောက်သို့ ပြန်ဆင်းရန်မှာ ခက်ခဲသည်ဟူသည့် အဓိပ္ပာယ်ကို ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသည်။
သူမ ယိုင်နဲ့နဲ့ဖြင့် ခုန်ချနေသည်ကို ကြည့်ရင်း အန်းရန်သည် သူမကိုကူညီရန်အတွက် ရှေ့သို့ပြေးထွက်သွားချင်သည့်စိတ်ကို အတင်းထိန်းချုပ်နေခဲ့ရလေသည်။
ရုတ်တရက် လင်းရှားသည် ခြေ(အမြီး)ချော်ပြီး တောင်အောက်သို့ တလိမ့်တလိမ့်ဖြင့် လိမ့်ကျသွားခဲ့သည်။ အန်းရန်သည် သူမနှင့် ဝေးလွန်းသဖြင့် သူမကို အချိန်မီဖမ်းယူနိုင်ခြင်းမရှိခဲ့ပေ။
သစ်ပင်များစွာနှင့် တိုက်မိပြီးနောက်မှသာ သူမသည် နောက်ဆုံးတွင် ရပ်တန့်သွားကာ သတိလစ်သွားခဲ့လေသည်။
အန်းရန်သည် ရှေ့သို့ အလျင်အမြန်ပြေးသွားပြီး စစ်ဆေးကြည့်လိုက်ရာ လူသည် အသက်ရှူနေဆဲဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
“ရေထဲမှာ S အဆင့်ဆိုပေမယ့် ကုန်းပေါ်မှာတော့ တကယ်ကိုအားနည်းလွန်းတာပဲ။”
သူမ ထုတ်မပြောဘဲမနေနိုင်ခဲ့ပေ။
ထို့နောက် လင်းရှားကို ကောက်ယူကာ အရှေ့ဘက်သို့ အလျင်အမြန် ဦးတည်သွားလိုက်လေသည်။
ရေသူမမင်းသမီး လင်းရှားသည် S အဆင့်ဖြစ်သော်လည်း သူမသည် အဓိကအားဖြင့် စိတ်ဝိဉာဉ်ကို ကျင့်ကြံခြင်းဖြစ်သောကြောင့် ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံ မကောင်းခြင်းမှာ ထူးဆန်းသည်တော့မဟုတ်ပေ။ အထူးသဖြင့် ကုန်းမြေပေါ်၌ ရှိနေချိန်တွင် ဖြစ်သည်။
အန်းရန်သည် လင်းရှားအား အပျော်စီးရွက်သင်္ဘောပေါ်သို့ ပြန်ခေါ်လာသောအခါ လူတိုင်း အလွန်အံ့အားသင့်သွားခဲ့ကြသည်။
ဒူခန်းသည် ရှောင်းယီကို လက်မထောင်ပြလိုက်ပြီး ယောက်ျားတိုင်းနားလည်သည့် မျက်နှာအမူအရာမျိုးကို ပြသလိုက်လေသည်။
ကျန်းယွင်ထျန်းသည်လည်း အလွန်ရှုပ်ထွေးနေခဲ့သည်။ ရှောင်းယီနှင့် ဤမျှအချိန်အကြာကြီး အတူရှိခဲ့ပြီးနောက် ရှောင်းယီအား ပထမဆုံးမြင်ခဲ့ရချိန်ကတည်းက အလှတရားဖြင့် လှည့်စားခံရမည့်သူမျိုးမဟုတ်ကြောင်း သူသိပေသည်။
မင်း အရင်က ရေသူမတွေရဲ့ကိစ္စတွေမှာ ဝင်မပါချင်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား။ အခု ဘာလို့ အန်းရန်ကို ဒီရေသူမကို ကယ်ဖို့ စေလွှတ်လိုက်တာလဲ။
ရှောင်းယီသည် ဘာမှရှင်းပြမနေဘဲ ပန်ပျန့်ထျန်းအား ပြောလိုက်သည်။
“ဒီတစ်ခါရခဲ့တဲ့ ရိတ်သိမ်းမှုတွေအကြောင်း ငါ မင်းကိုပြောပြီးပြီ။ နောက်ပိုင်းမှာ ဒီပစ္စည်းတွေ ဝယ်ရင် ၅၀% လျှော့ပေးမယ်။ ရတနာမြေပုံပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ မာဇန်ဟာ မင်းလည်းအတူတူပဲ။”
“ယီရန်ပင်းသူဌေးကို ကျေးဇူးအများကြီးတင်ပါတယ်။”
သူတို့နှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း ပြောလိုက်ကြလေသည်။
“ဘာမှပြောစရာမရှိရင် ပြန်လို့ရပြီ။”
ရှောင်းယီက ပန်ပျန့်ထျန်းနှင့် မာဇန်ဟာကို ကြည့်ကာ ပြောလိုက်သည်။
“သူဌေး ကျွန်မမှာ ပြောစရာရှိပါတယ်။”
ပန်ပျန့်ထျန်းက ပြောလိုက်သည်။
ရှောင်းယီ၏မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားခဲ့သည်။
“ဘာလဲ”
ရှောင်းယီ၏စကားသည် ဧည့်သည်ကို နှုတ်ဆက်ရန် အချက်ပြခြင်းဖြစ်ကြောင်း သိသာထင်ရှားပေသည်။ ပန်ပျန့်ထျန်းသည် ဘာကြောင့် ဤမျှအသိကင်းမဲ့နေရသနည်း။
ရှောင်းယီ၏ မကျေမနပ်ဖြစ်သွားသည့် အမူအရာကို မြင်လိုက်ရသောအခါ ပန်ပျန့်ထျန်းက ချက်ချင်းရှင်းပြလိုက်၏။
“သူဌေး ဒီတစ်ခါ လျှပ်စစ်ပစ္စည်းကိရိယာတွေ အများကြီးရခဲ့တာကို ကျွန်မမြင်ခဲ့တယ်။ ရှင် လျှပ်စစ်ပညာရှင်တွေ လိုအပ်မလားလို့ သိချင်မိပါတယ်။”