အခန်း (၅၅၇-၅၅၈)
Vol. 39 Ch. 557-558
အခန်း ၅၅၇ - အင်တာဗျူးအကဲဖြတ်ချက်လိုအပ်ခြင်း၊ လင်းရှား မှတ်ဉာဏ်များဖတ်ရှုခြင်း
ပန်ပျန့်ထျန်း၏စကားကို ကြားလိုက်ရသောအခါ ရှောင်းယီသည် အနာ်းငယ်ကြောင်အ၊သွားခဲ့သည်။ သူသည် လျှပ်စစ်ပညာရှင်များလိုအပ်နေသည့်ပြဿနညကို စဉ်းစားနေဆဲဖြစ်ပြီး ယခု တစ်စုံတစ်ဦးက ဝန်ဆောင်မှုပေးနေသည်လော။
“ငါမှတ်မိသလောက်တော့ မင်းတို့မဟာမိတ်အဖွဲ့ရဲ့ အဓိကစွမ်းအားက အမျိုးသမီးတွေဟုတ်တယ်မလား။”
ရှောင်းယီက ပန်ပျန့်ထျန်းကိုကြည့်ကာ မေးလိုက်သည်။
“ဘာလို့လဲ။ အကြီးအကဲမှာ ကျား၊မခွဲခြားထားတာမျိုး ရှိလို့လား။”
ပန်ပျန့်ထျန်းက ပြန်မေးလိုက်သည်။
ထိုအခါ ရှောင်းယီက လက်ကာပြကာ ပြောလိုက်သည်။
“အဲဒီလိုမဟုတ်ပါဘူး။ လျှပ်စစ်ပညာရှင်တွေရဲ့အလုပ်က အတော်လေးတောင်းဆိုမှုများပြီး ပုဂ္ဂိုလ်ရေးအရ ယောက်ျားတွေနဲ့ ပိုကိုက်ညီတယ်လို့ ငါထင်တယ်။”
“ကျွန်မတို့မဟာမိတ်အဖွဲ့မှာ အရမ်းပရော်ဖက်ရှင်နယ်ကျတဲ့ လျှပ်စစ်ပညာရှင်တွေရှိတယ်။ ပြီးတော့ သူတို့က အကြီးတန်းလျှပ်စစ်ပညာရှင်တွေဖြစ်ပြီး တစ်ယောက်ထက်မကရှိတယ်။”
ပန်ပျန့်ထျန်းက ပြောသည်။
“သူတို့အားလုံးက အမျိုးသမီးတွေပါပဲ။”
“ဒါဆိုရင်တော့ ငါတကယ်ပဲ လိုအပ်နေတယ်။ မင်းဘယ်လိုပူးပေါင်းချင်လဲ။”
ရှောင်းယီက မေးလိုက်သည်။
“သူဌေး ရှင့်ရဲ့မဟာမိတ်အဖွဲ့မှာ နေရာလွတ်ရှိသေးလား။”
ပန်ပျန့်ထျန်းက အဖြေပြန်မပေးဘဲ ပြန်လည်မေးခွန်းထုတ်လိုက်သည်။
ရှောင်းယီသည် အနည်းငယ်တုံ့ဆိုင်းသွားခဲ့ပြီးနောက် ပြန်ဖြေလိုက်သည်။
“ရှိတယ်။ ဒါပေမယ့် ငါ့မဟာမိတ်အဖွဲ့မှာပါဝင်တဲ့ ဘယ်ကျွန်းအဖွဲ့ဝင်မဆို သူတို့ကျွန်းခွဲမှာတဲ့ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ငါ့ရဲ့လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဖြစ်အောင်လုပ်ရမယ်။ ပြီးတော့ တာဝန်ရှိသူကလည်း စာချုပ်ချုပ်ရမယ်။ မင်း လက်ခံမှာလား။”
“လက်ခံတယ်။”
ပန်ပျန့်ထျန်းက မည်သည့်တွန့်ဆုတ်မှုမှမရှိဘဲ ပြန်ဖြေလိုက်သည်။
“မင်းက အစကတည်းက အသင့်ပြင်ထားခဲ့ပုံပဲ။”
ရှောင်းယီက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“သူဌေးကြီးရဲ့စွမ်းအားကိုမြင်ပြီးမှတော့ မှီခိုခွင့်ရတဲ့အခါ မဆုပ်ကိုင်နိုင်ခဲ့ဘူးဆိုရင်တော့ ကျွန်မမှာ တကယ်ပြဿနာရှိနေတာပဲ။”
ပန်ပျန့်ထျန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
သူမသည် နားထောင်ကောင်းသည့်စကားလုံးများကို မပြောခဲ့ဘဲ ရှောင်းယီအား မှီခိုလိုသည့် အကြောင်းရင်းကိုသာ တိုက်ရိုက်ပြောဆိုခဲ့သည်။
ရှောင်းယီက ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။
“မင်းအရင်ပြန်သွားသင့်တယ်။ ပြီးရင် ငါ့ဆီကသတင်းကိုစောင့်ပါ။ မင်းပြောတဲ့ပရော်ဖက်ရှင်နယ်လျှပ်စစ်ပညာရှင်တွေရဲ့စွမ်းရည်ကို ငါကြည့်ရဦးမယ်။”
“သူတို့သာ ရှင့်ရဲ့အကဲဖြတ်ချက်ကို ကျော်ဖြတ်နိုင်မယ်ဆိုရင် ကျွန်မတို့ ရှင့်ရဲ့မဟာမိတ်အဖွဲ့မှာ ပါဝင်နိုင်တယ်လို့ ယူဆလို့ရမလား။”
ပန်ပျန့်ထျန်းက မေးလိုက်သည်။
“အမှန်ပဲ...မင်း အဲ့လိုယူဆလို့ရတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ထိုအခါ ပန်ပျန့်ထျန်းနှင့် သူမနောက်ရှိ လူနှစ်ဦးသည် စိတ်လှုပ်ရှားသည့်အမူအရာများအား ပြသလာခဲ့ကြလေသည်။
လူတစ်ဦး၏ဂုဏ်သတင်းသည် သူ့ကိုယ်သူ ကြိုတင်ညွှန်းဆိုခြင်းဖြစ်သည်။ ယီရန်ပင်းသည် လိမ္မာပါးနပ်သည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သော်လည်း သူ၏မိတ်ဆွေများကို အလွန်ကောင်းမွန်စွာ ဆက်ဆံတတ်ပေသည်။ အကယ်၍ သူတို့သာ သူ၏မဟာမိတ်အဖွဲ့ဝင်များ ဖြစ်လာနိုင်မည်ဆိုပါက ပန်ပျန့်ထျန်းတို့မဟာမိတ်အဖွဲ့၏ ဘေးကင်းလုံခြုံရေးသည် သိသိသာသာတိုးတက်သွားမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
ရှောင်းယီသည် မည်သည့်အခါကမျှ ပြင်ပမှ မဟာမိတ်အဖွဲ့ဝင်များကို ခေါ်ယူခဲ့ခြင်းမရှိကြောင့် သိထားရမည်ဖြစ်ပြီး လူများစွာသည် သူ၏မဟာမိတ်အဖွဲ့တွင် ပါဝင်ချင်သော်လည်း နည်းလမ်းမရှိခဲ့ကြပေ။
ယခုအခါ ပန်ပျန့်ထျန်းသည် သူမတို့ထံ၌ အခွင့်အရေးတစ်ခု ရှိလာခဲ့ပြီဖြစ်ရာ သူတို့သည် သဘာဝအတိုင်း အလွန်စိတ်လှုပ်ရှားနေခဲ့ကြလေသည်။
ပန်ပျန့်ထျန်းနှင့် သူမ၏ညီအစ်မများသည် ပျော်ရွှင်စွာဖြင့် ရွက်လွှင့်၍ ပြန်လည်ထွက်ခွာသွားချိန်တွင် အခြားတစ်ဘက်ရှိ မာဇန်ဟာသည်လည်း သူတို့ကို စူးစမ်းလိုစိတ်နှင့် အားကျမှုများဖြင့် ကြည့်ရှုနေခဲ့သည်။
ရှောင်းယီသည် ပန်ပျန့်ထျန်းနှင့် စကားပြောရာတွင် မာဇန်ဟာအား တမင်ရှောင်ရှားထားခြင်း မရှိခဲ့ပေ။
ထို့ကြောင့် မာဇန်ဟာသည် အမျိုးသမီးများ၏စကားကို နားမလည်နိုင်သော်လည်း ရှောင်းယီ၏စကားကိုမူ နားလည်နိုင်ပြီး စကားပြောဆိုမှုတစ်ခုလုံး၏အကြောင်းအရာကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။
“အကြီးအကဲ ကျုပ်တို့လည်း ခင်ဗျားရဲ့မဟာမိတ်အဖွဲ့မှာ ပါဝင်လို့ရမလား။”
မာဇန်ဟာက သူ့ကိုသူတွန်းအားပေးကာ မေးလိုက်သည်။
“တောင်းပန်ပါတယ်။ ကျုပ်တို့ အခုချိန်မှာ ပြည်ပကမဟာမိတ်အဖွဲ့ဝင်တွေကို မခေါ်သေးပါဘူး။”
ရှောင်းယီက ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်သည်။
ရှားနိုင်ငံအတွင်းတွင်ပင် စုပ်ယူနိုင်သည့် ကျွန်းကောင်းများစွာ ကျန်ရှိနေသေးရာ ပြည်ပမှခေါ်ယူရန် လုံးဝမလိုအပ်ပေ။
ရှောင်းယီ၏ငြင်းပယ်မှုကို ကြားလိုက်ရသောအခါ မာဇန်ဟာသည် အနည်းငယ်စိတ်ပျက်သွားခဲ့သော်လည်း ဆက်ပြောလိုက်၏။
“ဟုတ်ကဲ့ပါ အကြီးအကဲ ကျုပ်တို့အကူအညီကို လိုအပ်လာခဲ့ရင် ပြောသာပြောလိုက်ပါ။”
“ကောင်းပြီ အနာဂတ်မှာ ပူးပေါင်းဖို့အခွင့်အရေးရှိလာမှာပါ။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
ထို့နောက် မာဇန်ဟာသည် ရှောင်းယီအား အရိုအသေပေးကာ ထွက်ခွာသွားခဲ့လေသည်။
“နာ့နာကို ခေါ်လာခဲ့။”
ရှောင်းယီက ပြောလိုက်သည်။
ကျန်းယွင်ထျန်းသည် အပျော်စီးရွက်သင်္ဘောပေါ်ရှိ ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ကိုသုံး၍ နာ့နာကို ချက်ချင်း လဲလှယ်လိုက်၏။ ထို့နောက် ရှောင်းယီ၏ညွှန်ကြားချက်အရ နာ့နာသည် ရေသူမအား ထပ်မံ၍ စတင်ကုသလိုက်လေသည်။
ဤတစ်ကြိမ်တွင် ပင်ပန်းနွမ်းနယ်မှုနှင့် လဲကျရာမှရခဲ့သည့်ဒဏ်ရာများသာဖြစ်သောကြောင့် ကုသမှုမှာ အလွန်ရိုးရှင်းခဲ့ပေသည်။ လင်းရှား ဖြည်းဖြည်း သတိရလာရန် မိနစ်ပိုင်းသာ ကြာမြင့်ခဲ့သည်။
မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ လင်းရှားသည် သူမ၏ပတ်ဝန်းကျင်၌ လူသားတစ်စုကို မြင်ရပြီးနောက် ချက်ချင်းပင် တင်းမာသွားခဲ့သည်။
သို့သော် ရှောင်းယီ၏မျက်နှာကို မြင်လိုက်ရသောအခါ သူမသည် ချက်ချင်းပင် ထပ်မံ၍ စိတ်လှုပ်ရှားသွားခဲ့လေသည်။
“အရှင် ဒါက ရေသူမတွေကို ကူညီပေးမယ်လို့ ဆိုလိုလိုက်တာလား။”
ရှောင်းယီက သူ၏ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။
“မင်းတို့ရေသူမမျိုးနွယ်စုက ဘယ်လိုအခက်အခဲတွေ ကြုံနေရမှန်း ငါမသိဘူး။ မင်းကိုကူညီတာက ငါတို့ကိုအန္တရာယ်ထဲ ဆွဲထည့်မိမယ်ဆိုရင် ငါလုံးဝဝင်ပါမှာမဟုတ်ဘူး။ ဒီတစ်ခါ မင်းကိုကယ်တင်လိုက်တာက ငါ မင်းရဲ့အကူအညီကို လိုလို့ပဲ။ ဒါပေမယ့် မင်း မကူညီဖို့ ရွေးချယ်လို့ရတယ်။”
ရှောင်းယီ၏စကားကို ကြားလိုက်ရသောအခါ လင်းရှား၏မျက်နှာအမူအရာသည် အနည်းငယ် အရောင်မှိန်သွားခဲ့သော်လည်း ရှောင်းယီက သူမ၏အကူအညီကို လိုအပ်နေကြောင်း ကြားလိုက်ရသောအခါ သူမက ချက်ချင်းပင် “ကူညီမယ်...ကျွန်မ ကူညီပေးပါ့မယ်” ဟု ပြောလိုက်လေသည်။
လင်းရှားသည် သူမ၏ကိုယ်ပိုင်အားထုတ်မှုဖြင့် ရှောင်းယီကို ရွှေ့လျားနိုင်ရန် မျှော်လင့်နေခဲ့သည်။ ပြောရမည်ဆိုလျှင် သူမသည် အလွန်ရိုးသားပြီး လူသားများ၏ကောက်ကျစ်မှုများကို မသိရှိထားခဲ့ပေ။
ရှောင်းယီသည် သူ၏နှာခေါင်းပွတ်လိုက်မိ၏။ ထို့နောက် မေးလိုက်သည်။
“မင်း အပြင်လူတစ်ယောက်ရဲ့မှတ်ဉာဏ်ကို ဖတ်ခဲ့တာလား။”
“အမ်...”
လင်းရှားက ပြန်ဖြေလိုက်သည်။
“မဟုတ်ရင် ရှင့်ရဲ့အစစ်အမှန်အထောက်အထားကို ကျွန်မ သိမှာမဟုတ်ဘူးလေ။”
“မင်း သူ့မှတ်ဉာဏ်ကိုဖတ်တဲ့အချိန်တုန်းက သူ့ကိုထိခိုက်စေမယ်ဆိုတာ မင်းမသိဘူးလား။”
ရှောင်းယီက သူမကိုစိုက်ကြည့်ကာ မေးလိုက်သည်။
လင်းရှားသည် အနည်းငယ် နောက်ဆုတ်လိုက်မိပြီးနောက် ပြန်ဖြေလိုက်သည်။
“ကျွန်မသိပါတယ်။ ဒါပေမယ့် ကျွန်မ သူတို့နဲ့ဆက်သွယ်လို့မရခဲ့ဘူး။ ကျွန်မ ဒီလိုပဲ လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ အဲ့ဒီလူက နှစ်ရက်လောက် သတိလစ်ပြီးရင် ဖြည်းဖြည်းချင်း သတိရလာမှာပါ။”
ရှောင်းယီသည် အနီးနားတွင်ရှိနေသော နာ့နာကိုကြည့်လိုက်၏။ ထိုအခါ နာ့နာက ပြန်ဖြေလိုက်သည်။
“ဒီလိုမျိုး မှတ်ဉာဏ်ဆဲလ်တွေ ပျက်စီးတဲ့အခါ သူတို့တကယ်ပဲ သတိရလာနိုင်တယ်။ ဒါပေမယ့် မှတ်ဉာဏ်နေရာကိုတော့ ထိခိုက်စေလိမ့်မယ်။”
“တောင်းပန်ပါတယ်။ ဒီလိုမျိုး ပြင်းထန်တဲ့အကျိုးဆက်ရှိတယ်ဆိုတာ ကျွန်မ မသိခဲ့လို့ပါ။”
လင်းရှားက စိုးရိမ်တကြီး ရှင်းပြလိုက်သည်။
“ကျွန်မ တကယ် သူ့ကိုထိခိုက်စေချင်တာမဟုတ်ပါဘူး။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူသည် ဒေါသထွက်နေခြင်းရှိ၊မရှိ သေချာမသိနိုင်ပေ။ လင်းရှားသည် သူမ အမှားတစ်ခုခုလုပ်မိသကဲ့သို့ ခံစားလိုက်ရလေသည်။
“အရင်ကအကြောင်းအရာတွေကို မတွေးတော့ဘူး။ အခု ငါမင်းကို ဒီလူဆယ်ယောက်ရဲ့မှတ်ဉာဏ်တွေကို ဖတ်စေချင်တယ်။ သူတို့မှတ်ဉာဏ်ထဲက အကြောင်းအရာတွေအားလုံးကို ငါသိဖို့လိုတယ်။”
ရှောင်းယီက ရုတ်တရက် ထိုသို့ပြောလိုက်ပြီး အပျော်စီးရွက်သင်္ဘောပေါ်တွင် သတိလစ်နေသော လူဆယ်ယောက်ကို လက်ညိုးထိုးပြလိုက်သည်။
“ဟင်...”
လင်းရှား၏ခေါင်းထဲတွင် မရေမတွက်နိုင်သောမေးခွန်းများဖြင့် ပြည့်နှက်သွားခဲ့လေသည်။
အခုလေးတင် သူသည် သူစိမ်းတစ်ဦး၏မှတ်ဉာဏ်ကိုဖတ်ခြင်းက သူ့ကိုထိခိုက်စေခဲ့သည်ဟု သူမကို စောဒကတက်နေခဲ့သည် မဟုတ်လော။
သို့သော် ယခု သူမကို ဤလူများ၏မှတ်ဉာဏ်ကိုဖတ်ရန် အဘယ်ကြောင့် တောင်းဆိုနေရသနည်း။
ဤအပြင်လူများ၏စိတ်ခံစားမှုများမှာ ဤမျှအပြောင်းအလဲမြန်ပါ၏လော။
“မင်းမလုပ်နိုင်ဘူးလား။”
ရှောင်းယီက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
“ကျွန်မလုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒါက ထိခိုက်မှုဖြစ်စေမှာမဟုတ်ဘူးလား။”
လင်းရှားက ပြန်မေးလိုက်သည်။
“ဒါတွေအားလုံးက ငါ့ရဲ့ပြိုင်ဘက်တွေပဲ။ သူတို့အားလုံးက နောက်ဆုံးမှာသေရမှာပဲ။ ဒါဆို သူတို့မှတ်ဉာဏ်ပျက်စီးတာကို ဘယ်သူက ဂရုစိုက်နေမှာလဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ရှင်တို့အားလုံးက အပြင်လူတွေပဲလေ။ ဘာလို့တစ်ယောက်ကိုတစ်ယောက် သတ်နေကြတာလဲ။”
လင်းရှားက အံ့အားသင့်စွာပြောလိုက်ပြီး သူမ၏မျိုးနွယ်စု ကြုံတွေ့ခဲ့ရသည်များကို ပြန်လည်သတိရသွားကာ သူမ၏ခေါင်းကို အကူအညီမဲ့စွာဖြင့် ခါယမ်းပြီး သက်ပြင်းချလိုက်မိသည်။
“ဆက်လုပ်။”
ရှောင်းယီက ဘာမှရှင်းပြခြင်းမပြုဘဲ ပြောလိုက်သည်။
လင်းရှားသည် ရှောင်းယီကို ခေါင်းညိတ်ပြကာ ရှေ့သို့လျှောက်သွားပြီး ပြောလိုက်သည်။
“သူ့ကိုနှိုးလိုက်ပါ။ အနည်းဆုံးတော့ သူ့တို့ကို မျက်လုံး ဖွင့်ခိုင်းလိုက်ပါ။”
“ဟင်...အဲဒီလိုတောင်းဆိုမှုမျိုးလည်း ရှိသေးတာလား။”
ရှောင်းယီက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“အမ် ကျွန်မက သူတို့မှတ်ဉာဏ်ထဲကို တိကျတဲ့လမ်းကြောင်းတစ်ခုကနေတစ်ဆင့် ဝင်ရမယ်။ မျက်လုံးတွေက ဝိညာဉ်ရဲ့ပြတင်းပေါက်တွေပဲ။ ပြီးတော့ ဒါက အသက်သာဆုံးနည်းလမ်းလည်းဖြစ်တယ်။”
လင်းရှားက ပြန်ပြောလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ပြီး လက်ဟန်ပြလိုက်ရာ နာ့နာက ရှေ့တက်လာပြီး ခေါင်းဆောင်၏မျက်လုံးများကို ခဏတာ ဖွင့်ပေးလိုက်သည်။
ထိုစဉ် လင်းရှား၏မျက်လုံးများသည် ရေဝဲနှစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ခေါင်းဆောင်၏သူငယ်အိမ်များသည် ချက်ချင်းပြူးကျယ်သွားကာ သေတော့မည့်ပုံ ပေါက်သွားခဲ့လေသည်။
သုံးမိနစ်အကြာတွင် လင်းရှားသည် ရပ်တန့်လိုက်ပြီး သူမ၏နဖူးတွင်လည်း ချွေးများ စိုစွတ်နေပြီဖြစ်သည်။
“ပြီးသွားပြီလား။”
ရှောင်းယီက မေးလိုက်သည်။
လင်းရှားက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ပြီးသွားပါပြီ။ ခဏစောင့်ပေးပါ။ ကျွန်မ ပြန်ပြီးအားဖြည့်ဖို့လိုတယ်။”
ထိုသို့ပြောပြီးနောက် သူမသည် အပျော်စီးရွက်သင်္ဘောပေါ်မှ ပင်လယ်ထဲသို့ တိုက်ရိုက်ခုန်ချလိုက်ပြီး အလွန်အနည်းငယ်မျှဖိတ်စင်သွားခြင်းမရှိဘဲ ရေထဲသို့တိုးဝင်သွားခဲ့လေသည်။
အခန်း ၅၅၈ - ရှေးဟောင်းသိုင်းပညာမိသားစုဖြစ်သည့် ယွင်မိသားစု၊ လက်နက်အဆင့်မြှင့်တင်ရေးကဒ်
“ဟင်... သူမ ထွက်ပြေးသွားတာလား။”
ကျန်းယွင်ထျန်းက မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
“ပြဿနာမရှိပါဘူး။ သူမ မလုပ်နိုင်ပါဘူး။ တကယ်လို့ သူမထွက်ပြေးသွားရင်တောင် ကိစ္စမရှိဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ထိုစဉ် အပျော်စီးရွက်သင်္ဘော၏ လက်ရန်းကို မှီနေသော ဒူခန်းက အံ့အားသင့်စွာ အော်ဟစ်လိုက်လေသည်။
“သူမလုပ်သွားတဲ့ ရေလှိုင်းတွေက အံ့သြစရာပဲ။ ဒါကအိုလံပစ်ပြိုင်ပွဲမှာသာဆိုရင် ချန်ပီယံအမှတ်ပဲ။”
လူတိုင်း တိတ်ဆိတ်သွားခဲ့ကြသည်။
“ဒါဆို အခုဘာလုပ်ရမှာလဲ။ ဒီမှာပဲ စောင့်နေရမှာလား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
“ခဏလောက်စောင့်လိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။
“နောက်ဆုံးရတနာသေတ္တာထဲမှာ ဘာတွေရှိလဲ။”
အန်းရန်သည် ချက်ချင်းပင် ရတနာသေတ္တာထဲမှ ရထားသော စာလိပ်ကို ထုတ်ယူလိုက်သည်။
“ရတနာသေတ္တာထဲမှာ အုတ်မြစ်ကျောက် ၄၀၀၀ ရှိပြီး ဒီစာလိပ်လည်းပါတယ်။”
ရှောင်းယီက ထိုအရာကို လှမ်းယူလိုက်သည်။
“သံချပ်ကာတပ်ဆင်ထားသော စစ်သင်္ဘောပုံစံကွက် (S-အဆင့်)။”
“တကယ်ကို စစ်သင်္ဘောပုံစံကွက် ရခဲ့တာပဲ။ ပြီးတော့ ဒါက သံချပ်ကာစစ်သင်္ဘောပဲ။”
ရှောင်းယီက အံ့အားသင့်စွာပြောလိုက်သည်။
ရှောင်းယီသည် ယခင်က ဈေးကွက်တွင် တစ်စုံတစ်ဦးက စစ်သင်္ဘောများ ရောင်းချနေသည်ကိုမြင်ဖူးပြီး ဝယ်ချင်သော်လည်း ဈေးကြီးလွန်း၍ မဝယ်ခဲ့ပေ။
မျှော်လင့်မထားခဲ့ဘဲ ဤရတနာမြေပုံမှ အဆင့်မြင့်စစ်သင်္ဘောပုံစံကွက်တစ်ခုကို ရရှိစေခဲ့လေသည်။
အခြားအရာများကို ဘေးဖယ်ထားလိုက်ပြီး အဆင့်တစ်ခုတည်းကို ကြည့်ရုံမျှဖြင့် ယခင်ဈေးကွက်ကဟာထက် များစွာအဆင့်မြင့်ပေလိမ့်သည်။
“ဒါက တကယ်ကို ကောင်းမွန်တဲ့ရိတ်သိမ်းမှုပဲ။ နောက်ပိုင်းမှာ ရတနာမြေပုံတွေကို ပိုဖွင့်ဖို့ လိုနေသေးတယ်။”
ရှောင်းယီက မှတ်ချက်ပြုလိုက်သည်။
အခြားသူများသည်လည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ထောက်ပံ့ရေးသေတ္တာများကို အဆင့်ဆင့်ဖွင့်ခြင်းသည် ထောက်ပံ့ရေးပစ္စည်းအနည်းငယ်ကိုသာ ရရှိစေနိုင်ပြီး ရတနာမြေပုံများသည်မူ များစွာပိုမိုရရှိစေနိုင်ပေသည်။
သို့သော် ရတနာမြေပုံများအား ရရှိရန်မှာလည်း မလွယ်ကူလှပေ။ ထောက်ပံ့ရေးသေတ္တာများမှတဆင့် ဖြည်းဖြည်းချင်းစုဆောင်းရန် လိုအပ်ပေသည်။
“ဒီလူတွေက ဘယ်အဖွဲ့အစည်းကလဲ။ အရမ်းမောက်မာနေသလိုပဲ။”
ကျန်းယွင်ထျန်းက အပျော်စီးရွက်သင်္ဘောပေါ်တွင် လဲလျောင်းနေရသူများကိုကြည့်ကာ ပြောလိုက်သည်။
ရှောင်းယီသည် ပုံစံကွက်ကိုသိမ်းကာ ခေါင်းခါလိုက်သည်။
“မသိဘူး။ လင်းရှားပြောပြလာမှာကိုပဲ စောင့်ကြည့်ကြတာပေါ့။ ဒါပေမယ့် သူတို့သောက်တဲ့ဆေးမျိုးကိုတော့ ငါအရမ်းစိတ်ဝင်စားမိတယ်။”
“အဲဒါတွေက ဘာဆေးအမျိုးအစားတွေလဲ။”
ဒူခန်းက စပ်စုလိုက်သည်။
“ဆေးအတုရောင်းတဲ့သူရောင်းတဲ့ ကာမအားတိုးဆေးတွေနဲ့ အတူတူပဲလား။”
သူ၏စကားကိုကြားသောအခါ ရှောင်းယီသည် သူ၏မျက်လုံးများကို လှိမ့်လိုက်မိပြီး ပြန်ဖြေလိုက်သည်။
“အဲ့ဒါက ခန္ဓာကိုယ်ရဲ့စွမ်းရည်ကို ချက်ချင်းလှုံ့ဆော်ပေးနိုင်တဲ့ ဆေးမျိုးပဲ။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးနည်းနည်းတော့ရှိတယ်။ စိတ်ကြွဆေးလိုမျိုးပဲ။ ဒါပေမယ့် သူက စွမ်းအားပိုပြင်းတယ်။”
“အဲ့ဒါကြောင့်ပဲ ဆေးသောက်ပြီးတဲ့သူတွေရဲ့စွမ်းအားတွေက အရင်ကနဲ့ ခြားနားနေတာကိုး။”
ကျန်းယွင်ထျန်းက ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
ခဏအကြာတွင် လင်းရှားသည် နောက်ဆုံး၌ ပင်လယ်ထဲမှ ပြန်လည်ပေါ်ထွက်လာခဲ့သည်။
“စောင့်ဆိုင်းခိုင်းရတဲ့အတွက် တောင်းပန်ပါတယ်။ ပင်လယ်ရေထဲပြန်မဝင်ရင် မြန်မြန်ပြန်ကောင်းမှာမဟုတ်လို့ပါ။”
“ပြဿနာမရှိပါဘူး။ အန်းရန် သူ့အတွက် သစ်သားစည်ပိုင်းတစ်လုံးလောက် ရှာပေးလိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။
အန်းရန်သည် ချက်ချင်းပင် ကြီးမားသောသစ်သားစည်ပိုင်းတစ်လုံးကို လဲလှယ်ပြီး ပင်လယ်ရေအပြည့်ဖြည့်ပြီးနောက် လင်းရှားက ထိုထဲသို့ ခုန်ချလိုက်လေသည်။
“ပြောပါဦး။”
ရှောင်းယီက လင်းရှားကိုကြည့်ကာ ပြောလိုက်သည်။
“အဲဒီလူရဲ့နာမည်က ယွင်ဝူတဲ့။ သူက ယွင်မိသားစုရဲ့ အဖွဲ့ခွဲထဲကပါ။ သူ့ရဲ့မှတ်ဉာဏ်အရဆိုရင် ယွင်မိသားစုက သာမန်လူတွေနဲ့မတူဘူး။ စွမ်းအားကြီးမားပြီး ရှေးဟောင်းသိုင်းပညာမိသားစုလို့ခေါ်သလိုပဲ။”
လင်းရှားက ပြောလိုက်သည်။
“ရှေးဟောင်းသိုင်းပညာမိသားစုလား။”
ဒူခန်းက အလွန်အံ့အားသင့်သွားခဲ့သည်။
“ဝတ္ထုတွေထဲက ဒဏ္ဍာရီလာမိသားစုတွေက တကယ်ရှိတည်နေတာလား။”
လင်းရှားသည် သူ၏မေးခွန်းကို ပြန်မဖြေဘဲ ဆက်ပြောလိုက်သည်။
“ဒီကမ္ဘာကိုရောက်လာပြီးနောက် သူတို့က သူတို့ရဲ့ကိုယ်ပိုင်စွမ်းအားကြောင့် အသက်ရှင်သန်ရပ်တည်ရေးမှာ ပြဿနာမရှိခဲ့ဘူး။ မဟာမိတ်ဖွဲ့ပြီးနောက် ယွင်မိသားစုကို စုရုံးခဲ့ကြပေမယ့် သူ့လိုအဖွဲ့ခွဲတွေကိုတော့ ခေါ်ယူခြင်းမရှိခဲ့ဘူး။”
ရှောင်းယီသည် အနည်းငယ် စဉ်းစားဆင်ခြင်ပြီးနောက် မေးလိုက်သည်။
“သူ့မှတ်ဉာဏ်ထဲမှာ ယွင်မိသားစုရဲ့ အထွတ်အထိပ်တိုက်ခိုက်ရေးစွမ်းအားက ဘယ်လောက်ရှိလဲဆိုတာ ပါသေးလား။”
လင်းရှားသည် အနည်းငယ်စဉ်းစားကြည့်လိုက်ပြီးနောက် ပြန်ပြောလိုက်သည်။
“မပါပါဘူး။ သူဆက်သွယ်ခဲ့တဲ့လူတစ်ယောက်တည်းကသာ အဆင့် S ပဲ။”
“သူက ယွင်မိသားစုကျွန်းရဲ့တည်နေရာကို သိလား။”
လင်းရှားက ခေါင်းခါပြလိုက်သည်။
“ယွင်မိသားစုက သူနဲ့ဆက်သွယ်တုန်းက တစ်ခါသုံးလမ်းကြောင်းကိုပဲ သုံးခဲ့တာ။”
“ရူးသွပ်ဆေးရဲ့ဖော်မြူလာကရော”
“မရှိပါဘူး။ သူ့ကိုဆက်သွယ်ခဲ့တဲ့လူက ပေးခဲ့တာပါ။”
“သူ့ကိုဆက်သွယ်ခဲ့တဲ့လူရဲ့နာမည်က ဘယ်သူလဲ။”
“သူ့ကို အကြီးအကဲယွင်လို့ခေါ်ပါတယ်။”
ထိုအမည်ကို ကြားလိုက်ရသောအခါ ရှောင်းယီသည် ၎င်းသည် လေးစားမှုဖြင့်ခေါ်ဝေါ်သော အမည်နာမတစ်ခုသာဖြစ်ပြီး လူတစ်ဦး၏အမည်အစစ်အမှန်မဟုတ်ကြောင်း သိလိုက်လေသည်။
“ဒီကမ္ဘာကြီးက ပိုပြီးရှုပ်ထွေးရုံတင်မကဘူး ငါတို့အရင်ကမ္ဘာကလည်း အရမ်းရှုပ်ထွေးတယ်ဆိုတာ ထင်ရှားနေပြီ။”
ကျန်းယွင်ထျန်းက မှတ်ချက်ပြုလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ပြန်ကြရအောင်။”
ထို့နောက် ဦးတည်ချက်ကျောက်ကို အသုံးပြုပြီး ရှောင်းယီနှင့် အခြားသူများသည် ချက်ချင်းပင် ၎င်းတို့၏ကျွန်းသို့ ပြန်ရောက်သွားခဲ့ကြလေသည်။
ထိုအချိန်တွင် အာရုံတက်ချိန်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
ရှောင်းယီသည် သူ၏အိပ်ခန်းသို့ပြန်ရောက်ပြီးနောက် ချက်ချင်းပင် လက်မှတ်ထိုးဝင်ရန် ရွေးချယ်လိုက်လေသည်။
တစ်ညလုံး တိုက်ခိုက်နေရပြီးနောက် လက်မှတ်ထိုးဝင်ရန်ပင် အခွင့်အရေးမရသေးပေ။
“လက်မှတ်ထိုးတင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - လက်နက်အဆင့်မြှင့်တင်ရေးကဒ် ၁။”
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ထိုကဒ်ကို လုံးဝမတွန့်ဆုတ်ဘဲ အသုံးပြုလိုက်သည်။
“အဆင့်မြှင့်တင်လိုသော လက်နက်ကို ရွေးချယ်ပါ။”
“ရွှမ်းယွမ်ဓား”
ထို့နောက်ညကဒ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အနီးရှိစားပွဲပေါ်က ရွှမ်းယွမ်ဓားအား ရစ်ပတ်လိုက်လေသည်။
မကြာမီ အလင်းရောင်များ ပျောက်ကွယ်သွားခဲ့ပြီး ရှောင်းယီသည် ရွှမ်းယွမ်ဓားအား မှိန်ဖျော့ဖျော့ အလင်းစက်ဝန်းတစ်ခု လွှမ်းခြုံထားကြောင်း တွေ့မြင်လိုက်ရလေသည်။
“အဆင့်မြှင့်တင်မှု အောင်မြင်ပါသည်။ ရွှမ်းယွမ်ဓားအား SS အဆင့်သို့ အောင်မြင်စွာ တိုးမြှင့်နိုင်ခဲ့ပါသည်။”
“ရွှမ်းယွမ်ဓား ( SS အဆင့်)- ရှေးဟောင်းနတ်ဘုရားဓားတစ်ချောင်း၊ ရှားမင်းဆက်၏ ဧကရာဇ် ရွှမ်းယွမ်မှ အသုံးပြုခဲ့သည်။ ဓားသွားတွင် နေ၊ လ၊ ကြယ်၊ တောင်တန်း၊ မြစ်၊ အပင်များကို ထွင်းထုထားပြီး လက်ကိုင်တွင် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးနည်းလမ်းများ၊ ပင်လယ်လေးခု စည်းလုံးရေးနည်းဗျူဟာများကို ထွင်းထုထားသည်။ ဒဏ္ဍာရီများအရ ဤဓားကိုကိုင်ဆောင်ပါက ရာသီဥတုကောင်းမွန်ခြင်း၊ ကောက်ပဲသီးနှံဖွံ့ဖြိုးခြင်း၊ ကျွဲနွားများပေါက်ဖွားခြင်းတို့ကို ဖြစ်စေပြီး မျိုးနွယ်စုများကို ခြိမ်းခြောက်ကာ သတ္တဝါအားလုံးကို ထိတ်လန့်စေနိုင်သည်ဟု ဆိုသည်။”
စနစ်၏အသိပေးချက်ကိုကြည့်ရင်း ရှောင်းယီသည် သူ၏စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
“ဒီအဆင့်မြှင့်တင်မှုက သိပ်ပြီးမတိုးတက်သွားပုံပဲ။ သတ္တဝါအားလုံးကို ခြိမ်းခြောက်နိုင်စွမ်းကိုပဲ ထပ်ဖြည့်ပေးထားတယ်။”
ရှောင်းယီသည် သူ၏ခေါင်းကိုခါယမ်းပြီး ရွှမ်းယွမ်ဓားကို ဘေးဖယ်ထားလိုက်သည်။
“ဒင်း... ပန်ပျန့်ထျန်းမှ သီးသန့်မက်ဆေ့ချ်ပို့ထားပါသည်။”
ရှောင်းယီ အနည်းငယ် ပြုံးလိုက်မိ၏။
“သူတို့ မစောင့်နိုင်တော့ဘူးထင်တယ်။”
ထို့နောက် သီးသန့်မက်ဆေ့ချ်ကို ဖွင့်ကြည့်လိုက်သည်။
“အကြီးအကဲ ကျွန်မတို့အားလုံး အဆင်သင့်ဖြစ်နေပြီ။ ဘယ်အချိန်အင်တာဗျူးရမှာလဲ။”
ပန်ပျန့်ထျန်းက မေးထားခဲ့သည်။
“မင်းတို့ အခုလာလို့ရတယ်။ ဘယ်နှစ်ယောက်လာမလဲ။”
ရှောင်းယီက မေးလိုက်သည်။
“အရမ်းကောင်းတာပဲ၊ စုစုပေါင်းသုံးယောက်ပါ။”
ပန်ပျန့်ထျန်းက ပြန်ပြောလိုက်သည်။
ရှောင်းယီသည် ချက်ချင်းပင် မြို့ပြန်ကျောက်သုံးလုံး ငှားရမ်းပေးကာ ပြောလိုက်သည်။
“ကောင်းပြီ။ မင်းတို့အခုလာလို့ရပြီ။”
ပန်ပျန့်ထျန်းသည် ချက်ချင်းပင် သူမ၏ညီအစ်မနှစ်ယောက်နှင့်အတူ ရှောင်းယီ၏ကျွန်းသို့ တည်နေရာကူးပြောင်းလိုက်လေသည်။
အန်းယွဲ့သည်လည်း ထိုနေရာတွင် စောင့်ဆိုင်းနေခဲ့ပြီးဖြစ်သည်။
“မင်းတို့က လျှပ်စစ်ပညာရှင်တွေလား။”
အန်ယွဲ့က ပန်ပျန့်ထျန်းတို့ရှိရာဘက်သို့ကြည့်ကာ မေးလိုက်သည်။
“ဟုတ်ပါတယ်။ အင်တာဗျူးဖြေဖို့ လာခဲ့တာပါ။”
ပန်ပျန့်ထျန်းက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ ကျွန်းပိုင်ရှင်က မင်းတို့အခြေအနေအကြောင်း ငါ့ကိုပြောထားပြီးပြီ။ အခု မဟာမိတ်အရှေ့လက်ကျွန်းကို တစ်တည်းသွားလိုက်ပါ။”
အန်ယွဲ့က ပြောလိုက်သည်။
“မင်းတို့ရဲ့အင်တာဗျူးက ရိုးရှင်းတယ်။ မဟာမိတ်အရှေ့ဘက်ကျွန်းအတွက် ဓာတ်အားပေးစက်ရုံနဲ့ ဝိုင်ယာကြိုးချိတ်ဆက်မှုကို ပြီးအောင်လုပ်ရုံပါပဲ။”
“ပြဿနာမရှိပါဘူး။”
ပန်ပျန့်ထျန်းက ပြန်ပြောလိုက်သည်။
ပန်ပျန့်ထျန်းတို့သုံးဦး မဟာမိတ်အရှေ့ဘက်ကျွန်းသို့ရောက်သောအခါ ဖန်မင်လုံက ချက်ချင်း ကြိုဆိုပြီး ပြောလိုက်သည်။
“မဟာမိတ်အရှေ့ဘက်ကျွန်းကနေ ကြိုဆိုပါတယ်။ ကျုပ်တို့ကျွန်းပေါ်က ဓာတ်အားပေးစက်ရုံနဲ့ ဝိုင်ယာကြိုးတွေကို ချိတ်ဆက်ဖို့ မင်းတို့ကိုပဲ အားကိုရတော့မယ်။”
အန်ယွဲ့က ဤအချိန်ကို အခွင့်ကောင်းယူကာ မိတ်ဆက်ပေးလိုက်သည်။
“ဒီလူက ဖန်မင်လုံ။ မဟာမိတ်အရှေ့ဘက်ကျွန်းရဲ့ တာဝန်ရှိသူပါ။”
“မင်္ဂလာပါ”
ပန်ပျန့်ထျန်းက နှုတ်ဆက်လိုက်သည်။
“စိတ်မပူပါနဲ့။ ကျွန်မတို့ကိုသာ အပ်ထားလိုက်ပါ။”
ထို့နောက် ဖန်မင်လုံသည် ချက်ချင်းပင် တစ်စုံတစ်ဦးကိုခေါ်ကာ ပြောလိုက်သည်။
“အခုသူနဲ့ သူ့တို့လူအယောက် ၂၀ အဖွဲ့က မင်းရဲ့အမိန့်အောက်မှာရှိလိမ့်မယ်။ သူတို့ကို ကူညီခိုင်းလိုက်ပါ။”
“ကောင်းပါပြီ ကျေးဇူးတင်ပါတယ်။”
ပန်ပျန့်ထျန်းက ငြင်းပယ်ခြင်းမရှိပေ။ တစ်စုံတစ်ဦး၏အကူအညီဖြင့်ဆိုလျှင် ဝိုင်ယာကြိုးများကို ပိုမိုမြန်ဆန်စွာ ချိတ်ဆက်နိုင်မည်ဖြစ်သည်။
ဝိုင်ယာကြိုးများအား ချိတ်ဆက်ရန်နေရာသို့ ရောက်သွားသောအခါ ကျွန်းသည် သူတို့မျှော်မှန်းထားသည်ထက် များစွာကြီးမားနေသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရလေသည်။