← Chapters

အခန်း (၅၆၃-၅၆၄)

Vol. 40 Ch. 563-564

အခန်း (၅၆၃-၅၆၄)

Vol. 40 Ch. 563-564

အခန်း ၅၆၃ သားရဲဘုရင်အတွက် ယောက်ျားရှာပေးခြင်း

“ဒါက အရမ်းအနိုင်ကျင့်လွန်းတာပဲ။ မပူနဲ့ မင်းရဲ့မိသားစုက မင်းကို ပံ့ပိုးပေးမယ်။”

ရှောင်းယီက တစ်လှမ်းချင်းလျှောက်လှမ်းသွားရင်း ပြောလိုက်သည်။

ရှောင်းယီ၏အသံကို ကြားလိုက်ရသောအခါ သားရဲဘုရင်သည် ရုန်းကန်ကာထရပ်လိုက်ပြီး သူ၏ခေါင်းကိုနှိမ့်ချကာကာ မတရားအနိုင်ကျင့်ခံနေရသော ဇနီးငယ်လေးတစ်ဦးကဲ့သို့ ရှောင်းယီဆီသို့ ထော့နဲ့ထော့နဲ့ဖြင့် လျှောက်လာလေသည်။

သားရဲဘုရင်သည် ကျားအမတစ်ကောင်ဖြစ်ပြီး သူတို့ရှေ့ရှိ ကျားဖြူမှာမူ ကျားထီးဖြစ်လေသည်။

ကျားများသည် အထီးတစ်ကောင်၊ အမတစ်ကောင်မဟုတ်ပါက ဂူတစ်ခုတည်းတွင် နှစ်ကောင်အောင်းလေ့မရှိပေ။

ဤသည်မှာ ကျားဖြူက သားရဲဘုရင်အညး တိုက်ရိုက်မသတ်ပစ်ရခြင်း၏ အကြောင်းရင်းဖြစ်သည်။

သူသည် သူမကိုချစ်မိသွားပြီး သားရဲဘုရင်နှင့် ထာဝရအတူရှိချင်သော်လည်း သားရဲဘုရင်သည် ရှောင်းယီ၏စာချုပ်ချုပ်ဆိုထားသော သားရဲဖြစ်သည့်အတွက် ဤမျှအလွယ်တကူ သဘောတူနိုင်ခြင်းမရှိပေ။

ထို့ကြောင့် ကျားဖြူသည် သားရဲဘုရင်ကို အနိုင်ယူရန် ကြိုးစားသည့် မြင်ကွင်းမျိုး ပေါ်ထွက်လာခဲ့ခြင်းပင်။

“ငါဘယ်လောက်သန့်မာလဲဆိုတာ မင်းကြည့်စမ်း။ မင်း ငါ့ကိုလက်ထပ်မှာလား၊ လက်မထပ်ဘူးလား။”

“ငါ လက်မထပ်ဘူး။”

“ဘုန်း”

“လက်ထပ်မှာလား လက်မထပ်ဘူးလား။”

“မထပ်ဘူး...”

“ဘုန်း....”

...

လူသားတစ်ဦး ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ကျားဖြူသည် အနည်းငယ်အံ့အားသင့်သွားခဲ့သော်လည်း သူ၏မျက်လုံးများ၌ ချက်ချင်းပင် မထီမဲ့မြင်ပြုများမှုဖြင့် ပြည့်လျှံသွားခဲ့သည်။

ငါ့ရှေ့မှာရှိနေတဲ့လူရဲ့အရှိန်အဝါက ပြင်းထန်တယ်ဆိုပေမယ့် ငါ့ကိုခြိမ်းခြောက်နိုင်လောက်တဲ့အထိတော့ မဟုတ်သေးဘူး။

“ဝေါင်း”

ကျားဖြူသည် ရှောင်းယီကိုကြည့်ကာ ဟျန်းဟောက်လိုက်၏။

သူ အဓိပ္ပာယ်မှာ “ထွက်သွားစမ်း မဟုတ်ရင် ငါ မင်းကိုစားပစ်လိုက်မယ်။” ဟူ၍ဖြစ်သည်။

သိသိသာသာပင် ကျားဖြူသည် သူ၏စိတ်ကို သားရဲဘုရင်အပေါ်တွင်သာ စူးစိုက်ထားခဲ့ပြီး ရှောင်းယီနှင့်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။ ထိုသို့ပြုလုပ်ခြင်းက သူ၏မင်္ဂလာဦးညကို နှောင့်နှေးစေ‌မည်ဖြစ်သည်။

ထိုစဥ် သားရဲဘုရင်က ချက်ချင်းပင် ပြန်လည်ဟိန်းဟောက်လိုက်၏။

ရှောင်းယီသည် သားရဲဘုရင်ကို ခပ်ဖွဖွပုတ်ကာ ပြောလိုက်သည်။

“မလောပါနဲ့။ ငါ မင်းရဲ့ဒေါသကိုကူညီဖြေဖျောက်ပေးတာကိုသာ ကြည့်ထားလိုက်ပါ။ စကားမစပ် ငါ မင်းကိုယောက်ျားတစ်ယောက်ရှာပေးမယ်။”

ထိုသို့ပြောရင်းဖြင့် ရှေားယီသည် ရွှမ်းယွမ်ဓားကိုဆွဲထုတ်ကာ ကျားဖြူဆီသို့ လျှောက်သွားလိုက်၏။

တူညီသောအဆင့်ရှိ သားရဲများသည် ကြီးမားသောအားသာချက်ရှိသော်လည်း ရှောင်းယီသည် ယခုချိန်ထိ အဆင့်တူသည့်ပြိုင်ဘက်တစ်ဦးနှင့် မတွေ့ရှိခဲ့ရပေ။ သူသည်လည်း အမြဲတမ်း ကြိုးစား၍ အတွေ့အကြုံအနည်းငယ်စုဆောင်းရန်လိုအပ်ပေသည်။

တကယ်တမ်း သူ ၎င်းကို မရိုက်နှက်နိုင်ဘူးဆိုလျှင်ပင် တစ်ဖက်လူကလည်း သူ့ကိုရပ်တန့်ရန်မှာ ခက်ခဲလိမ့်မည်ဖြစ်သည်။

သို့သော် ရွှမ်းယွမ်ဓားကို ဆွဲထုတ်လိုက်သည့်နှင့်တပြိုင်နက် ကျားဖြူ၏ဧရာမခန္ဓာကိုယ်ကြီးသည် တဆတ်ဆတ်တုန်ရီသွားပြီး သူ၏မျက်လုံးထဲရှိ မထီမဲ့မြင်ပြုမှုများသည်လည်း တမဟုတ်ချင်းပျောက်ကွယ်သွားကာ နက်ရှိုင်းသောကြောက်ရွံ့များမှုဖြင့်အစားထိုးသွားခဲ့လေသည်။

ကျားဖြူ၏တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ရှောင်းယီသည်လည်း အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ ထို့နောက် သူသည် ရွှမ်းယွမ်ဓားအား အဆင့်မြှင့်တင်ပြီးနောက် ထွက်ပေါ်လာသော စနစ်ဖော်ပြချက်ကို ရုတ်တရက်သတိရသွားခဲ့သည်။

“သားရဲအားလုံးကို ခြိမ်းခြောက်နိုင်သည်။”

“ဒါကတော်တော်လေး ထိရောက်ပုံပဲ။”

ရှောင်းယီက တိတ်တဆိတ်တွေးလိုက်မိသည်။

“ငါတို့ခရီးတစ်လျှောက်မှာ သားရဲတိရစ္ဆာန်တစ်ကောင်မှ မနှောင့်ယှက်ခဲ့တာကလည်း ဒီဂုဏ်သတ္တိကြောင့်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ငါ နောက်မှ ရှောင်ရှန်းကို မေးကြည့်ရမယ်။ အကယ်၍ သူ ဘာမှမစီစဉ်ထားခဲ့ဘူးဆိုရင် ဒါက သေချာပေါက်ပဲ။”

စိတ်ထဲတွင် ထိုသို့ရေရွတ်နေရင်း ရှောင်းယီသည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ ကျားဖြူဆီသို့ ပြေးဝင်သွားလိုက်လေသည်။

ရွှမ်းယွမ်ဓား၏သက်ရောက်မှုကြောင့် ကျားဖြူ၏တုံ့ပြန်မှုများမှာ သိသိသာသာပင် နှေးကွေးသွားခဲ့သည်။

ရှောင်းယီ သူ၏ဓားကြီးကို လွှဲယမ်းလိုက်သည့်အခါ ကျားဖြူသည် သူ၏ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြီး ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းရန် ကြိုးစားလိုက်၏။

သို့သော် အလွန်နောက်ကျသွားချေပြီ။

ဖျစ်...

ရွှမ်းယွမ်ဓားသည် ကျားဖြူ၏ခန္ဓာကိုယ်ပေါ်၌ သေးငယ်သည့်ဓားဒဏ်ရာတစ်ခု ချန်ထားရစ်ခဲ့လေသည်။

“ဝေါင်းးး”

သွေးများကို မြင်တွေ့လိုက်ရပြီးနောက် ကျားဖြူသည် ဒေါသတကြီးဟိန်းဟောက်လိုက်လေ၏။

သို့သော် သူဟိန်းဟောက်၍မပြီးခင်တွင် ရွှမ်းယွမ်ဓားက နောက်တစ်ကြိမ် ထပ်မံလွှဲရမ်းလိုက်ပြီဖြစ်သည်။

သူ၏ဒေါသတကြီးဟိန်းဟောက်သံသည် ချက်ချင်းပင် ဝါးမျိုခံလိုက်ရပြီး ညည်းညူသံအဖြစ်သို့ ပြောင်းသွားတော့သည်။

ကျားဖြူ၏မျက်လုံးများတွင် ရွှမ်းယွမ်ဓားသည် ၎င်းပေါ်သို့ တောင်ကြီးတစ်တောင်ကဲ့သို့ ဖိနှိပ်နေပြီး ခုခံနိုင်စွမ်းလုံးဝမရှိပေ။ သူသည် မြေကြီးပေါ်တွင်လှဲလျောင်းပြီး ငှက်ကုလားအုပ်တစ်ကောင်ကဲ့သို့ သူ၏မျက်လုံးများကိုဖုံးအုပ်လိုက်ရုံသာ တတ်နိုင်ခဲ့လေသည်။

ကျားဖြူ၏တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ရှောင်းယီသည် သူ၏လက်ကောက်ဝတ်ကို တစ်ပတ်လှည့်ကာ မူလက ကျားဖြူဆီသို့ ဦးတည်ထားသောဓားသွားကို ဓားပြားဘက်သို့ ပြောင်းလဲလိုက်လေသည်။

ဘမ်း...

ကျားဖြူသည် မြေကြီးပေါ်တွင် ဒလိမ့်ဒလိမ့်ဖြင့် လှိမ့်သွားသည်အထိ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံလိုက်ရသည်။

“ဒီဖိအားက တော်တော်သိသာတာပဲ။ ငါက လေ့ကျင့်ချင်ရုံပဲဆိုပေမယ့် ငါလည်း ဘာမှမတတ်နိုင်ဘူး။”

ရှောင်းယီက ရေရွတ်လိုက်၏။

ထိုစဉ် အလွန်အမင်း စိတ်လှုပ်ရှားစွာ ကြည့်ရှုနေခဲ့သည် ရှောင်ရှန်းက အော်ဟစ်လိုက်သည်။

“စကွစ်... (ဘာလို့လက်နက်ချပြီး မတိုက်တာလဲ)။”

“ငါမှာ လက်နက်ရှိနေတဲ့ဟာကို ဘာလို့မသုံးရမှာလဲ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ရှောင်ရှန်း သူ၏၏မျက်လုံးများကို လှိမ့်လိုက်မိလေသည်။

ရှောင်းယီသည် ငှက်ကုလားအုပ်ကြီးတစ်ကောင်ကဲ့သို့ ဟန်ဆောင်နေဆဲဖြစ်သော ကျားဖြူထံသို့ လျှောက်သွားကာ ရွှမ်းယွမ်ဓားကို ၎င်းရှေ့ရှိ မြေကွက်လပ်ပေါ်တွင် ထိုးစိုက်လိုက်၏။

ဇွစ်

ရွှမ်းယွမ်ဓားသည် မြေကြီးထဲသို့ ကိုယ်ထည်တစ်ဝက်ခန့် နှစ်ဝင်သွားခဲ့သည်။

ကျားဖြူ၏ခန္ဓာကိုယ်တစ်ခုလုံး ထပ်မံတုန်ရီသွားလေသည်။

“အခုကစပြီး မင်းသားရဲဘုရင်နဲ့ အတူရှိနေရမယ်။ သူမကို မနှိပ်စက်နဲ့။ သူမက အရှေ့ကိုသွားခိုင်းရင် မင်း အနောက်သွားလို့မရဘူး။ သူမက ခွေးကိုရိုက်ခိုင်းရင် ကြက်ကိုမလိုက်ရဘူး။ နားလည်လား။”

ရှောင်းယီက အထက်စီးဆန်သည့်လေသံဖြင့် ပြောလိုက်သည်။

“ဝူးဝူး”

ကျားဖြူသည် မတရားအနိုင်ကျင့်ခံထားရသော ခင်ပွန်းတစ်ဦးကဲ့သို့ သူ၏ ထပ်ခါတလဲလဲညိမ့်ကာ တုံ့ပြန်လိုက်‌လေသည်။

ထိုစဉ် ဘေးတွင်ရပ်ကြည့်နေသော ရှောင်ရှန်းသည် ထေ့ငေါ့လိုက်၏။

“သားရဲဘုရင်တစ်ပါးရဲ့ခမ်းနားထည်ဝါမှုက ဘယ်ရောက်သွားတာလဲ။”

ထိုအခါ ကျားဖြူသည် သူ၏စိတ်ထဲမှနေ၍ စောဒကတက်လိုက်၏။

‘မျောက်မသားလေး မင်းကိုယ်တိုင် ကြိုးစားကြည့်လိုက်ပါလား။ ဒီလက်နက်က မင်းကို သေးဗြန်း‌‌ဗြန်းပါသွားစေလိမ့်မယ်။’

သို့သော် သူ၏မျက်နှာပေါ်တွင် သူဘက်မှ အရှုံးပေးလိုက်ပြီဖြစ်ကြောင်း ပြသထားရဆဲပင်။ ဤရွှေရောင်မျောက်ကလေးသည် လက်နက်ပိုင်ရှင်နှင့် တစ်ဖက်တည်းဖြစ်နေသည်မှာ ရှင်းနေပြီး သူသည် ၎င်းကို ထိပါးဝံ့ခြင်းမရှိပေ။

ရှောင်းယီသည် ကျေနပ်သွားခဲ့ပြီး ရွှမ်းယွမ်ဓားကို မြေကြီးထဲမှဆွဲထုတ်ကာ ပြောလိုက်သည်။

“ငါနဲ့အတူပြန်လိုက်ခဲ့။”

ရှောင်းယီသည် ရွှမ်းယွမ်ဓား၏ဂုဏ်သတ္တိများကို အသုံးပြု၍ ကျားဖြူကို ဖိနှိပ်ခဲ့သော်လည်း သားရဲဘုရင်ဖြစ်သည့် ဤကျားမကြီးအား ရွှမ်းယွမ်ဓားကို အချိန်တိုင်းပေးထားရန်မှာ မဖြစ်နိုင်ပေ။

သားရဲဘုရင်သည် ရှောင်းယီ၏စာချုပ်ချုပ်ဆိုထားသောသားရဲဖြစ်သောကြောင့် ရွှမ်းယွမ်ဓား၏ ဖိအားသက်ရောက်မှုမှာ အတော်လေးနည်းပါးလှသော်လည်း ဖိအားမှာရှိနေဆဲသည်။

ထို့ကြောင့် ရှောင်းယီသည် ကျားဖြူနှင့် စာချုပ်ချုပ်ဆိုရန် လိုအပ်နေဆဲပင်။

ဗီလာသို့ပြန်ရောက်သောအခါ ဆုဝမ်သည် သားရဲဘုရင်ထက် ပိုမိုကြီးမားသော အဖြူရောင်ကျားတစ်ကောင်ကို မြင်တွေ့လိုက်ရပြီးနောက် စိုးရိမ်တကြီး ပြောလိုက်၏။

“ဘာတွေဖြစ်နေတာလဲ”

“သားရဲဘုရင်အတွက် ယောက်ျားတစ်ယောက်ရှာလာတာ။ သူ့ကို ရှောင်ပိုင်လို့ခေါ်လို့ရတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဝူး ဝူး”

ကျားဖြူသည် ထိုအမည်ကိုကန့်ကွက်ရန်အတွက် ဒေါသတကြီး ဟိန်းဟောက်ချင်ခဲ့၏။ သို့သော် ရှောင်းယီက သူ့ကိုတစ်ချက်ငဲ့ကြည့်လိုက်ရာ ထိုဟိန်းသံကို ပြန်လည်မျိုချလိုက်ရသည်။

ထို့နောက် သူသည် ပထမထပ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ကျားဖြူနှင့် စာချုပ်ချုပ်ဆိုလိုက်လေသည်။

ကျားဖြူသည် လုံးဝခုခံရဲခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သားရဲဘုရင်၏မိသားစုမှာ အလွန်တရာခွန်အားကြီးမားလွန်းသောကြောင့်ပင်။

ရွှမ်းယွမ်ဓားအကြောင်းကိုမူ ထည့်ပြောစရာပင်မလိုတော့ပေ။ ၎င်းသည် သူ့ကို အလုံးစုံ ဖိနှိပ်ခဲ့ခြင်းဖြစ်ပေသည်။

သားရဲဘုရင်အတွက် ယောက်ျားတစ်ယောက်ရှာတွေ့ခဲ့ကြောင်း ကြားလိုက်ရပြီးနောက် လာရောက်ကြည့်ရှုကြသော ဝက်ဝံဖြူကြီးကိုပင် သူမယှဉ်နိုင်မလားဆိုသည်ကို မသေချာပေ။

ကျားဖြူသည် ခေါင်းညိတ်ရုံမှလွဲ၍ အခြား ရွေးချယ်စရာမရှိခဲ့ပေ။

အောင်မြင်စွာ စာချုပ်ချုပ်ဆိုပြီးနောက် တပိုင်သည် ရှေ့သို့တိုးလာပြီး ကျားဖြူ၏ခေါင်းကို သူ၏ဝက်ဝံလက်ကြီးဖြင့်ပုတ်ကာ ဟိန်းဟောက်လိုက်၏။

“ရှောင်ပိုင် အနာဂတ်မှာ သားရဲဘုရင်ကို ကောင်းကောင်းဆက်ဆံ ကြားလား။”

ကျားဖြူသည် ခေါင်းတဆတ်ဆတ်ညိတ်ပြရုံမှလွဲ၍ အခြားလုပ်နိုင်တာမရှိတော့ပေ။

ဘေးတွင်ရပ်နေသော ဝမ်ချိုင်ပင် ခေါင်းမော့ကာ ဟောင်လိုက်သည်။

“ရှောင်ပိုင် မင်း အနာဂတ်မှာ သားရဲဘုရင်ရဲ့စကားကို နားထောင်ရမယ်။”

သူသည် ထို့သို့ပြောပြီးနောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကျားဖြူ၏ရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ သခင်၏အာဏာကို အားကိုးသော ခွေးတစ်ကောင်၏သရုပ်ကို ပြီးပြည့်စုံအောင် သရုပ်ဖော်နေခဲ့သည်။

ရှောင်းယီသာမရှိပါက ဝမ်ချိုင်သည် ကျားဖြူနှင့်တွေ့လျှင် အမြီးကုတ်ကာ ထွက်ပြေးသွားပြီးဖြစ်ပေလိမ့်မည်။

ကျားဖြူသည် အလုံးစုံ ဆွံ့အသွားခဲ့သော်လည်း ခေါင်းသာညိတ်ပြလိုက်ရ၏။

ဤသတ္တဝါလေးသည် သူ၏လက်ဝါးတစ်ချက်ဖြင့် အလွယ်တကူ ရိုက်သတ်ပစ်နိုင်လောက်အောင် အားနည်းလှသော်လည်း ဝမ်ချိုင်သည် ပိုင်ရှင်၏ကိုယ်ပိုင်စာချုပ်ချုပ်ဆိုထားသောသားရဲဖြစ်ပြီး သူ့ထက် ရာထူးပိုမြင့်သည်မှာ ထင်ရှားနေခဲ့လေသည်။

“ကောင်းပြီ ရှောင်ပိုင် နောင်ပိုင်းမှာ တောအုပ်ထဲကအခြေအနေတွေကို စီမံခန့်ခွဲဖို့ သားရဲဘုရင်ကိုကူညီလိုက်ပါ။ မင်းမထိန်းချုပ်နိုင်တော့ဘူးဆိုရင် ရှောင်ရှန်းကိုပြောပြီး ငါ့ကိုခေါ်ခိုင်းလိုက်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့”

ရှောင်ပိုင်က ပြန်ဖြေလိုက်သည်။

ထို့နောက် ရှောင်းယီသည် သူတို့ကိုယ်ပေါ်ရှိဒဏ်ရာများကို ကြည့်လိုက်ပြီး ချက်ချင်းပင် နာ့နာအား ခေါ်လိုက်သည်။

“သူတို့ကို ကုပေးလိုက်ပါ။”

“ဟုတ်ကဲ့”

နာ့နာက ပြန်ဖြေလိုက်ပြီး သားရဲဘုရင်ကို စတင်ကုသလိုက်သည်။

သားရဲဘုရင်၏ဒဏ်ရာများ တမဟုတ်ချင်း ပျောက်ကွယ်သွားခဲ့ပြီး ၎င်းကိုကြည့်နေခဲ့သော ရှောင်ပိုင်သည်လည်း အံ့အားသင့်သွားခဲ့သည်။

“နောက်နှစ်ရက်အတွင်း ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ မလုပ်နဲ့ဦး။”

နာ့နာက ညွှန်ကြားလိုက်ပြီး ရှောင်းယီက သူ့ကိုတို့ကို ဘာသာပြန်ပေးလိုက်သည်။

သားရဲဘုရင်က ခေါင်းညိတ်လိုက်သည်။

ထို့နောက် နာ့နာသည် ရှောင်ပိုင်ဆီသို့ လျှောက်သွားလိုက်၏။ ရှောင်ပိုင်သည် မသိစိတ်မှ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။

“နာ့နာကိုကြည့်ခွင့်ပေးလိုက်။ မဟုတ်ရင် ဒဏ်ရာကရောဂါပိုးတွေ အလွယ်တကူ ကူးစက်သွားလိမ့်မယ်။”

ရှောင်းယီက ပြောလိုက်သည်။

ရှောင်ပိုင် ချက်ချင်းရပ်လိုက်သည်။

စစ်ဆေးပြီးနောက် နာ့နာသည် ရှောင်ပိုင်၏ဓားဒဏ်ရာကို လေဆာရောင်ခြည်ဖြင့်ချုပ်ကာ ပြောလိုက်၏။

“အဆင်ပြေပါတယ်။ နည်းနည်းအကြောက်လွန်သွားရုံပါ။ အနားယူလိုက်ရင်ရပါပြီ။”

အခန်း ၅၆၄ စစ်ဆေးမှုကို အောင်မြင်ခြင်း၊ ပန်ပျန့်ထျန်းအား ပါဝင်ခွင့်ပြုခြင်း

ရှောင်ပိုင်သည် သူ၏ဒဏ်ရာကို အံ့အားသင့်စွာကြည့်ရှုနေခဲ့မိသည်။ တစ်ဆယ်စင်တီမီတာခန့်ရှည်သောဒဏ်ရာသည် တဒင်္ဂအတွင်း လုံးဝပျောက်ကင်းသွားခဲ့သည်။

“ဝေါင်း (ဒီမှာ ဘာမှကြည့်စရာမရှိတော့ဘူး။ ငါနဲ့နောက်မြန်မြန်လိုက်ခဲ့။)”

သားရဲဘုရင်သည် စိတ်ဆိုးမာန်ဆိုးဖြင့် ဟိန်းဟောက်လိုက်ပြီး ရှောင်ပိုင်ကိုခေါ်ကာ အတူတကွ ထွက်ခွာသွားတော့သည်။

“ခဏစောင့်ဦး။ မင်းတို့နှစ်ယောက်လုံး ဒဏ်ရာရထားတယ်။ ရေနည်းနည်းသောက်လိုက်ပါ။”

ရှောင်းယီက သူတို့နှစ်ဦးစလုံးအတွက် ရေသန့်တစ်ခွက်စီ ချပေးလိုက်၏။ သားရဲဘုရင်အတွက် SS-အဆင့်ဖြစ်ပြီး ရှောင်ပိုင်အတွက်မူ SSS-အဆင့်ဖြစ်သည်။

စမ်းသပ်ချက်၏ရလဒ်များအရ မိမိရုပ်ခန္ဓာအဆင့်ထက် တစ်ဆင့်မြင့်သောအစားအစာ (သို့မဟုတ် ) ရေကို သောက်သုံးခြင်းသည် ရုပ်ခန္ဓာခွန်အားကို မြှင့်တင်ရာတွင် အကြီးမားဆုံးသော အကျိုးသက်ရောက်မှုရှိသည်။

ရှောင်ပိုင်၏မျက်လုံးများသည် ရေသန့်၏အနံ့ကို ရလိုက်သည်နှင့် ပြူးကျယ်သွားခဲ့၏။ သူ၏သခင်တွင် ဤကဲ့သို့ရတနာတစ်ခုရှိလိမ်ါမည်ဟု သူမျှော်လင့်မထားခဲ့ပေ။

သူသည် ချက်ချင်းရှေ့သို့တိုးသွားလိုက်မိ၏။ ထိုအခါ ဘေးနားတွက်ရှိနေသော သားရဲဘုရင်က ခပ်တိုးတိုးတစ်ချက်မာန်ဖီလိုက်သည်။

ရှောင်ပိုင်သည် ချက်ချင်းရပ်တန့်သွားပြီး နောက်ဆုတ်သွားခဲ့သည်။

သားရဲဘုရင်က စိတ်ခုနေသေးပုံရလေသည်။ မည်သို့ပင်ဆိုစေကာမူ ရှောင်ပိုင်သည် စောစောကလေးတင် သူ့ကို အမှန်တကယ် ဒုက္ခပေးခဲ့ခြင်းဖြစ်သည်။

သားရဲဘုရင်သည် ရှေ့တိုးသွားပြီး ရေသန့်ကိုသောက်သုံးပြီးနောက် ရှောင်ပိုင်သည် သတိတကြီးဖြင့် ရှေ့တိုးသွားပြီး သူ၏ကိုယ်ပိုင်ရေခွက်ဆီသို့ လျှောက်သွားကာ စတင်သောက်သုံးလိုက်လေသည်။

သားရဲဘုရင်နှင့် ရှောင်ပိုင်တို့ ရေသောက်ရသည်ကို မြင်လိုက်ရသောအခါ အခြားစာချုပ်ချုပ်ဆိုထားသော သားရဲများအားလုံးသည်လည်း ရှောင်းယီထံ ရေသန့်အား တောင်းခံလိုက်ကြသည်။

ယခုအချိန်တွင် စူပါပေါင်းစပ်ခြင်းစက်ရှိနေပြီးဖြစ်ပြီး အဆင့်တိုင်းအတွက် ရေနှင့် အစားအစာများမှာ မရေတွက်နိုင်အောင်ပင် ရှိနေပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် ယနေ့ဖြစ်ရပ်များသည် ရွှမ်းယွမ်ဓား၏စွမ်းအားပြင်းထန်သော ဂုဏ်သတ္တိများကို အတည်ပြုပေးခဲ့သဖြင့် ရှောင်းယီသည် ထိုစာချုပ်ချုပ်ဆိုထားသောသားရဲများ ပုန်ကန်လာကြမည်ကို အခြေခံအားဖြင့် စိုးရိမ်စရာမလိုတော့ပေ။

ထို့ကြောင့် ရှောင်းယီသည် ၎င်းတို့အား လုံးဝ ကန့်သတ်မထားဘဲ ရေခွက်ကြီးတစ်ခုစီ ချပေးကာ အားလုံး အဝသောက်နိုင်အောင် ပြုလုပ်ပေးလိုက်သည်။

ကလင် ကလင် ကလင်...

ထိုစဉ် ဖုန်းဝင်လာခဲ့သည်။

ရှောင်းယီသည် ဖုန်းကိုထုတ်ယူကာ ဖြေလိုက်သည်။

“ဦးလေးအန်း ပန်ပျန့်ထျန်းတို့ဘက်မှာ အားလုံးပြီးသွားပြီလား။”

“ဟုတ်တယ်...မင်းကို လာကြည့်စေချင်တယ်။”

အန်ယွဲ့က ပြောလိုက်သည်။

“ကောင်းပြီ ကျုပ်အခုလာခဲ့မယ်။”

ရှောင်းယီ ဖုန်းချလိုက်သည်။

ထို့နောက် သူသည် ရေခွက်ထဲသို့ ခေါင်းနှစ်ထားသောသူများကို ကြည့်ကာပြောလိုက်၏။

“သောက်ပြီးရင် လုပ်စရာရှိတာဆက်လုပ်ကြ။”

ထို့နောက် သူသည် နောက်လှည့်ပြီး တတိယထပ်သို့တက်သွားကာ မြို့ပြန်ကျောက်ကိုအသုံးပြုကာ အရှေ့ဘက်မဟာမိတ်ကျွန်းသို့ ရောက်ရှိသွားခဲ့သည်။

“ကျွန်းပိုင်ရှင်”

အန်ယွဲ့နှင့် အခြားသူများသည်သည် တည်နေရာကူးပြောင်းသည့်နေရာတွင်တွင် စောင့်ဆိုင်းနေခဲ့ကြပြီးဖြစ်သည်။

စီမံခန့်ခွဲမှုကို ပိုမိုလွယ်ကူစေရန်အတွက် ကျွန်းတစ်ကျွန်းစီတွင် တည်နေရာကူးပြောင်းမှုအတွက် အထူးနေရာတစ်ခု ရှိပေသည်။

ရှောင်းယီက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“မင်းတို့ရဲ့လက်ရာကို သွားကြည့်ရအောင်။”

ထိုစဉ် ပန်ပျန့်ထျန်းက သူ့ကို ပုံကြမ်းများ ပေးအပ်ကာ ပြောလိုက်သည်။

“ပုံကြမ်းတွေနဲ့ အတူတူကြည့်လို့ရပါတယ်။”

“လေလိုမျိုး သန့်ရှင်းတဲ့ စွမ်းအင်အရင်းအမြစ်ဖြစ်တဲ့အတွက် ဓာတ်အားပေးစက်ရုံနေရာရွေးတဲ့အခါ ကျွန်မတို့အနေနဲ့ လေထုညစ်ညမ်းမှုကိုထည့်သွင်းစဉ်းစားစရာမလိုပါဘူး။ လေစွမ်းအင်သုံးဓာတ်အားပေးစက်ရုံကို ကျွန်းရဲ့အလယ်ဗဟိုနေရာမှာ နေရာချထားပါတယ်။ ဒါက အလယ်ဗဟိုက နေထိုင်ရာနေရာအတွက် လျှပ်စစ်သုံးစွဲတဲ့အခါ ပိုပြီးအဆင်ပြေစေပါတယ်...”

“အနည်းဆုံးတော့ သန့်ရှင်းပြီး စနစ်ကျတယ်လို့ထင်ရသားပဲ။”

သူ့လက်ထဲရှိ သန့်ရှင်းပြီး စနစ်ကျလှသည့် ပုံကြမ်းများကိုကြည့်ရင်း ရှောင်းယီ တစ်ကိုယ်တည်း တွေးလိုက်မိလေသည်။

မိတ်ဆက်ပေးပြီးနောက် ပန်ပျန့်ထျန်းသည် ဝါယာကြိုးချိတ်ဆက်မှုများ၊ လျှပ်စစ်စွမ်းအားလမ်းကြောင်း၊ အဖွင့်အပိတ်ခလုတ်ကဲ့သို့သော လုပ်ငန်းအခြေအနေများကို အစဉ်တိုင်း ပြသခဲ့သည်။

အမှန်တိုင်းပြောရမည်ဆိုလျှင် မိန်းကလေးများသည် အသေးစိတ်ကျနပြီး ဘေးကင်းရေးရော အဆင်ပြေမှုကိုပါ ထည့်သွင်းစဉ်းစားထားခဲ့ပေသည်။

“ခလုတ်ဖွင့်လိုက်ပါ။”

ပန်ပျန့်ထျန်းက ပြောလိုက်သည်။

ထိုအခါ ပန်ပျန့်ထျန်းဘေးတွင်ရပ်နေသော လျှပ်စစ်ပညာရှင်အမျိုးသမီးတစ်ယောက်က ခလုတ်ဘူးဆီသွားပြီး နှိပ်လိုက်လေသည်။

ဂျောက်

အခန်းထဲရှိ မီးသီးများ ချက်ချင်း လင်းလက်သွားခဲ့သည်။

အသက်ရှင်သန်ကျန်ရစ်သူများဖြစ်စေ၊ ဒေသခံများဖြစ်စေ လူတိုင်းလက်ခုပ်တီးကာ ချီးကျူးမိလိုက်ကြလေသည်။

ယခင်က ဖန်မင်လုံ၏ကျွန်းတွင် ညအချိန်၌ မီးထွန်းရန် မီးတုတ်နှင့် မီးပုံကိုသာ အသုံးပြုခဲ့ရခြင်းဖြစ်၏။ ယခု မီးသီးများကို အသုံးပြုလိုက်သောအခါ အမှောင်ထုကိုဖယ်ရှားပေးလိုက်ပြီး လူတိုင်း၏စိတ်နှလုံးကို ထွန်းလင်းစေခဲ့လေသည်။

“သူဌေးကြီး ကျွန်မတို့လုပ်ထားတာ ဘယ်လိုလဲ။”

ပန်ပျန့်ထျန်း မေးလိုက်သည်။

ရှောင်းယီက ကျေနပ်စွာခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။

“မဆိုးပါဘူး။ ဒါပေမယ့် မင်း သေချာစဉ်းစားပြီးပြီလား။ ငါတို့မဟာမိတ်အဖွဲ့ထဲဝင်ဖို့ဆိုရင် စာချုပ်ဖို့လိုတယ်။”

“ကျွန်မ သိပါတယ်။ ဒါကို အစောကြီးကတည်းက ဆုံးဖြတ်ထားပြီးပါပြီ။ ကျွန်မ သူဌေးနဲ့ စာချုပ်ချုပ်ပါမယ်။”

ပန်ပျန့်ထျန်းက ပြန်ဖြေလိုက်သည်။

“စာချုပ်ချုပ်တာတင် မကသေးဘူး။ ငါအမိန့်ပေးတာကို ဘာပဲလုပ်ရလုပ်ရ လုပ်ရမယ်။ ငါမှာ ဆုံးဖြတ်ခွင့်အာဏာရှိသလို ဗီတိုအာဏာလည်းရှိတယ်။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“ပြဿနာမရှိပါဘူး။”

ပန်ပျန့်ထျန်းသည် ရှောင်းယီ၏မဟာမိတ်အဖွဲ့ထဲသို့ဝင်ရန် စိတ်ပိုင်းဖြတ်ထားပုံပင်။

“ကောင်းပြီ ဒါဆိုရင် မင်း ငါနဲ့စာချုပ်ချုပ်လိုက်။ ကျန်တဲ့သူတွေကတော့ ပြန်သွားပြီး ကျွန်းပြောင်းရွှေ့ဖို့ပြင်ဆင်လိုက်ကြပါ။”

ရှောင်းယီက ပြောလိုက်သည်။

“မင်းရဲ့မဟာမိတ်အဖွဲ့ဝင်တွေထဲက ယီရန်ပင်းထဲမဝင်ချင်တဲ့သူရှိရင် ငြင်းဆိုလို့ရတယ်။ ဝင်ချင်တဲ့သူတွေကတော့ အရင်ဆုံးပေါင်းစည်းပြီးမှ တစ်ခုလုံးကို ပြောင်းရွှေ့မယ်။”

“ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် သူဌေးကြီး။”

ပန်ပျန့်ထျန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“မင်း အခုကစပြီး နာမည်ပြောင်းခေါ်လို့ရပြီ။”

ပန်ပျန့်ထျန်း၏မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”

တစ်ဖက်ရှိ ဖန်မင်လုံ၏ကျွန်းတွင် သူ၏လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုရှိသောကြောင့် ရှောင်းယီသည် ထိုကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် စာချုပ်ကတ်ကို တိုက်ရိုက်အသုံးပြုလိုက်သည်။

“အသုံးပြုမှု အောင်မြင်ပါသည်။ ဝမ်ရှင်းသည် သင့်၏စာချုပ်ချုပ်ဆိုသူဖြစ်လာပါပြီ။”

ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်က အသိပေးလာခဲ့သည်။

ပန်ပျန့်ထျန်း၏ အမည်အရင်းမှာ ဝမ်ရှင်းဖြစ်သည်။

စာချုပ်ကို အောင်မြင်စွာချုပ်ဆိုပြီးနောက် ဝမ်ရှင်းသည် ချက်ချင်းပင် သူမ၏မဟာမိတ်အဖွဲ့သို့ ပြန်သွားရန် ရွေးချယ်လိုက်လေသည်။

“ညီအစ်မတို့ ငါတို့အောင်မြင်သွားပြီ။ သူဌေးကြီးက ငါတို့ကို သူတို့ရဲ့မဟာမိတ်အဖွဲ့ထဲကို ပါဝင်ခွင့်ပြုလိုက်ပြီ။”

ဝမ်ရှင်းက ချက်ချင်းပင် သတင်းကောင်းကို ကြေညာလိုက်၏။

“တကယ်လား။ ငါတို့ ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့အဖွဲ့ဝင်တွေဖြစ်သွားပြီလား။”

“အရမ်းကောင်းတာပဲ။ ဒါဆို ငါတို့ ဒဏ္ဍာရီလိုပြောနေရတဲ့ အပန်းဖြေစခန်းကို နေ့တိုင်းသွားလို့ရပြီပေါ့။”

“အိပ်မက်မက်နေပြန်ပြီ။ နေ့တိုင်းသွားဖို့ဆိုရင် ငွေလိုသေးတယ်လေ။”

“ငွေမရှိလည်း ရပါတယ်။ အခု ငါတို့အားလုံးက မဟာမိတ်အဖွဲ့ဝင်တွေပဲလေ။ ဘာမှမဝယ်ဘူးဆိုရင်တောင် သွားထိုင်လို့မရဘူးလား။”

“ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အကြာကြီးတော့ ထိုင်လို့မရဘူး။ ငါတို့ရဲ့တန်ဖိုးကို ပြသဖို့လည်း လိုသေးတယ်။”

ဝမ်ရှင်းက ပြောလိုက်သည်။

“ကောင်းပြီ အားလုံးစိတ်ငြိမ်ငြိမ်ထားကြပါ။ ယီရန်ပင်းမဟာမိတ်အဖွဲ့ထဲ မဝင်ချင်တဲ့သူရှိရင် ကျေးဇူးပြုပြီးပြောကြပါ။ ကျွန်မတို့ အတင်းအကျပ်မလုပ်ပါဘူး။”

“မရှိပါဘူး အစ်မကြီးရဲ့။ သူဌေးကြီးရဲ့မဟာမိတ်အဖွဲ့ထဲဝင်ခွင့်ရတာက လူတိုင်းရဲ့အိပ်မက်ပဲ။ အခု အခွင့်အရေးရောက်လာပြီဆိုမှတော့ ဘယ်သူကငြင်းမှာလဲ။”

“အမှန်ပဲ။ အခု ကျွန်မတို့ဘာလုပ်ရမလဲဆိုတာသာ အမြန်ပြောပြပါ။ ပြီးရင် အပြည့်အဝပူးပေါင်းဆောင်ရွက်ကြမယ်။”

“ဟုတ်တယ် ငါထပ်ပြီးမစောင့်နိုင်တော့ဘူး။”

ထိုအခါ ဝမ်ရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“လူတိုင်းပဲ ကန့်ကွက်စရာမရှိတော့ဘူးဆိုရင် အခုပဲ စတင်ပေါင်းစည်းလိုက်ကြရအောင်။ ကျွန်းပိုင်ရှင်ကပြောလိုက်တယ်။ ကျွန်မတို့မဟာမိတ်အဖွဲ့ထဲက ယီရန်ပင်းထဲဝင်ချင်တဲ့သူတွေကို ကျွန်းကြီးတစ်ကျွန်းထဲကိုပေါင်းပြီး ပြောင်းရွှေ့ရမယ်။”

“ဟင်... ဒါဆိုရင် ကျွန်မတို့ကျွန်းက ပိုပြီးကြီးလာမှာလား။ ဒါဆို တိုက်ခိုက်ဖို့လာတဲ့ ဒေသခံတွေရဲ့စွမ်းအားကလည်း ပိုများလာပေါ့။”

တစ်စုံတစ်ဦးက စိုးရိမ်စွာ ပြောလိုက်သည်။

အသက်ရှင်သန်ကျန်ရစ်သူမဟာမိတ်အဖွဲ့၏တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဒေသခံများ၏စွမ်းအားကို မဟာမိတ်အဖွဲ့၏ပျမ်းမျှစွမ်းအားပေါ်မူတည်၍ ဆုံးဖြတ်ထားခြင်းဖြစ်သည်။

ဝမ်ရှင်းက ထိုလူကို တစ်ချက်ကြည့်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“မင်းအတွေးလွန်နေပြီ။ ငါတို့ ကျွန်းအားလုံးပေါင်းလိုက်ရင်တောင် ငါမြင်တဲ့မဟာမိတ်ကျွန်းခွဲတစ်ကျွန်းရဲ့ဆယ်ပုံတစ်ပုံထက်မပိုဘူး။ တိုက်ခိုက်လာတဲ့ဒေသခံတွေရဲ့စွမ်းအားကလည်း တိုးမြှင့်လာမှာမဟုတ်ဘူး။ ပိုပြီးတောင် လျော့သွားဦးမယ်။”

“ဟင် သူဌေးကြီးဘက်က ကျွန်းတွေအကုန်လုံးက အရမ်းကြီးတာပဲလား။”

“‌ဒါပေါ့...ကျွန်မတို့ကျွန်းတွေအားလုံးပေါင်းလိုက်ရင်တောင် အများဆုံး မဟာမိတ်ကျွန်းခွဲတစ်ခုရဲ့ ဆယ်ပုံတစ်ပုံပဲရှိတယ်။”

ဝမ်ရှင်းက ပြန်ဖြေလိုက်သည်။

“အဲ့လောက်တောင်ကြီးတာလား။”

“ကောင်းပြီ။ လူတိုင်းပဲ အမြန်ပြင်ဆင်ကြတော့။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အားလုံး ထိန်းသိမ်းထားရမလားဆိုတာ ကျွန်းပိုင်ရှင်ကို မေးလိုက်ဦးမယ်။”

ဝမ်ရှင်းက ပြောလိုက်သည်။

ထို့နောက် လူတိုင်းသည် သူတို့ကျွန်းများပေါ်ရှိ ပစ္စည်းများအား တူရာစုကာ ပေါင်းစည်းရန် ပြင်ဆင်လိုက်ကြတော့သည်။

ဝမ်ရှင်းသည် ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်အကြောင်းကို သူမ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ရှောင်းယီအား မေးကြည့်လိုက်သည်သည်။

“အကုန်လုံး ထိန်းသိမ်းထားလိုက်ပါ။”

ရှောင်းယီက ချက်ချင်းပြန်ဖြေလိုက်သည်။

“ဒီမှာ သင်္ဘောနည်းနည်းလောက် တည်ဆောက်ထားတာရှိတယ်။ အဲ့ဒါတွေအကုန်လုံးကို အဲဒီသင်္ဘောတွေပေါ်ကို ပြောင်းရွှေ့လိုက်ပါ။”

“ဟုတ်ကဲ့”

ပန်ပျန့်ထျန်း၏မဟာမိတ်အဖွဲ့သည် ၎င်းတို့၏ကျွန်းများအား စီမံနေစဉ် ပန်ပျန့်ထျန်းတို့မဟာမိတ်အဖွဲ့၏အရှေ့ဘက်တွင် သင်္ဘောကြီးသုံးစီး ထွက်ပေါ်လာခဲ့လေသည်။

All Chapters