အခန်း (၅၆၅-၅၆၆)
Vol. 40 Ch. 565-566
အခန်း ၅၆၅ - ရန်သူများ ကျွန်းပေါ်ဆင်းသက်လာခြင်း၊ သံချပ်ကာစစ်သင်္ဘောများ စတင်တိုက်ခိုက်ခြင်း
ဝမ်ရှင်းနှင့် အခြားသူများသည် ယီရန်ပင်း၏မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ရသည့် ပျော်ရွှင်မှုကြီးထဲတွင် နစ်မြုပ်နေဆဲဖြစ်ပြီး အမြဲသတိထားလေ့ရှိသော ကောင်းထောက်အဖွဲ့ပင် ဒေသခံသင်္ဘောများ ချဉ်းကပ်လာသည်ကို သတိမထားမိခဲ့ပေ။
“တစ်ခုခုမှားနေပြီ။ ဒေသခံတွေ ကျွန်းပေါ်ရောက်နေပြီ။”
ပန်ပျန့်ထျန်းမဟာမိတ်အဖွဲ့၏ အရှေ့ဘက်ကျွန်းမှ တာဝန်ရှိသူတစ်ဦးက ဂရုထဲတွင် ချက်ချင်းမက်ဆေ့ပို့လိုက်ပြီး နောက်ထပ် ဘာသတင်းမှထပ်မလာတော့ပေ။
ထိုအခိုက်တွင် ဝမ်ရှင်း၏နှလုံးသားတစ်ခုလုံး နှစ်မြုပ်သွားခဲ့ပြီး ချက်ချင်း အော်ဟစ်လိုက်လေသည်။
“ဒေသခံတွေ တိုက်ခိုက်နေပြီ။ လူတိုင်းပဲ တိုက်ခိုက်ဖို့အတွက် အသင့်ပြင်ကြ။”
ဝမ်ရှင်းနှင့် သူမ၏မဟာမိတ်အဖွဲ့တွင် မြို့ပြန်ကျောက် ၁၆ ခုရှိသည်။ မဟာမိတ်အဖွဲ့၏ အရှေ့ဘက်ကျွန်းရှိ သုံးခုမှလွဲ၍ ကျန်ည့် ၁၃ ခုကို အခြားကျွန်းရှစ်ကျွန်းအား ခွဲဝေပေးထားခဲ့သည်။
သူတို့သည် ချက်ချင်းပင် မဟာမိတ်အဖွဲ့၏ အရှေ့ဘက်ကျွန်းသို့ တည်နေရာကူးပြောင်းရန် ရွေးချယ်ခဲ့ကြသော်လည်း သူတို့တည်နေရာကူးပြောင်းပြီးသည်နှင့် မဟာမိတ်အဖွဲ့အရှေ့ဘက်ကျွန်း၏အိုင်ဒီသည် ဂရုထဲမှ ပျောက်ကွယ်သွားခဲ့လေသည်။ ဆိုလိုသည်မှာ ထိုကျွန်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဒေသခံများက သိမ်းပိုက်လိုက်ပြီဖြစ်သည်။
ဝမ်ရှင်း ထိတ်လန့်သွားခဲ့သည်။ သူမသည် ယခုအချိန်တွင် အလွန်အမင်းစိုးရိမ်နေပြီဖြစ်သည်။ သူမ စေလွှတ်လိုက်သော လူ ၁၃ ယောက် ထိုနေရာသို့ တည်နေရာကူးပြောင်းသွားခဲ့ခြင်းသည် မိုင်ထောင်ချီအဝေးမှ မိမိတို့၏ဦးခေါင်းများအား ကိုယ်တိုင်ဆက်သလိုက်သလိုပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လူများအား ထိုနေရာသို့ တည်နေရာကူစပြောင်းလိုက်ပြီးဖြစ်သော်လည်း လက်နက်များကိုမူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ပို့ဆောင်ရဦးမည်ဖြစ်သောကြောင့်ပင်။
“ငါဘာလို့ဒီလောက်တောင် စိတ်လှုပ်ရှားနေခဲ့ရတာလဲ။”
ဝမ်ရှင်းသည် သူမကိုယ်သူမ အပြစ်တင်လိုက်မိ၏။ သို့သော် ယခုအချိန်သည် ကိုယ့်ကိုကိုယ်အပြစ်တင်နေရမည့် အချိန်မဟုတ်ပေ။ သူ၏လူများကိုချက်ချင်းကယ်တင်ရမည်ဖြစ်သည်။
သို့သော် သူမတွင် ယခုအချိန်၌ ပိုမိုကောင်းမွန်သည့်ရွေးချယ်စရာများမရှိတော့ပေ။ ထို့ကြောင့် သူမသည် အခုလေူတင်ကပ်တွယ်ထားသော စွမ်းအားကြီးမားသည့်ပုဂ္ဂိုလ်ထံမှ အကူအညီတောင်းခံရန် လိုအပ်လာခဲ့လေသည်။
“ကျွန်းပိုင်ရှင် ကျွန်မတို့မဟာမိတ်အဖွဲ့ရဲ့ အရှေ့ဘက်ကျွန်းကို ဒေသခံတွေဝင်ရောက်တိုက်ခိုက်နေပါတယ်။ ကျေးဇူးပြုပြီး ကယ်တင်ပေးပါ။”
ဝမ်ရှင်းက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
ရှောင်းယီက မျက်မှောင်ကျုံ့ကာ ပြန်ဖြေလိုက်သည်။
“မင်းရဲ့ကျွန်းပေါ်က အဲ့ဒီမြို့ပြန်ကျောက်တွေကို တည်နေရာသတ်မှတ်ပေးလိုက်။”
“ဟုတ်ကဲ့”
ဝမ်ရှင်းသည် ရှောင်းယီ၏အမိန့်ကို ချက်ချင်းပင် လိုက်နာကာ မြို့ပြန်ကျောက်ကို တည်နေရာသတ်မှတ်ပေးလိုက်သည်။
ထို့နောက် ရှောင်းယီသည် ကျန်းယွင်ထျန်းအား ခေါ်လိုက်၏။
“အစ်ကိုကျန်း ငါတို့ ပန်ပျန့်ထျန်းမဟာမိတ်အဖွဲ့ဆီသွားရမယ်။ အရေးပေါ်ကယ်ဆယ်ရေးလုပ်ဖို့ လိုအပ်နေတယ်။ သံချပ်ကာစစ်သင်္ဘောတွေကို သုံးလိုက်ပါ။”
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ထိုမြို့ပြန်ကျောက်များ၏ တည်နေရာကို ရရှိပြီးနောက် ကျန်းယွင်ထျန်းသည် ဝမ်ရှင်း၏တည်နေရာသို့ စတင်၍တည်နေရာကူးပြောင်းလိုက်လေသည်။
ကျန်းယွင်ထျန်းသည် ပထမဆုံး တည်နေရာကူးပြောင်း၍ ရောက်ရှိသွားပြီး ဝမ်ရှင်းကို မြင်လိုက်ရပြီး မေစလိုက်သည်။
“ဘယ်ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို တိုက်ခိုက်ခံရတာလဲ။”
“မဟာမိတ်အဖွဲ့အရှေ့ဘက်ကျွန်းပါ။”
ဝမ်ရှင်းက ပြန်ဖြေလိုက်သည်။
“ကျွန်းပိုင်ရှင်က ပစ္စည်းအချို့ကို ပို့ပေးလိမ့်မယ်။ အဲ့ဒါတွေကို အရှေ့ဘက်ပင်လယ်ထဲမှာ ထားလိုက်ပါ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်”
ဝမ်ရှင်းက ကျေးဇူးတင်လိုက်၏။
ကျန်းယွင်ထျန်းသည် လက်ခါပြလိုက်ပြီး ကျွန်း၏အရှေ့ဘက်ကမ်းခြေသို့ လမ်းလျှောက်သွားလိုက်သည်။
“【သံချပ်ကာစစ်သင်္ဘော】(S-အဆင့်) ၁၊ သေစေနိုင်သည့်ပေါက်ကွဲဗုံး】(S-အဆင့်)200 - လဲလှယ်မှုအခမဲ့။”
S အဆင့်ပစ္စည်းနှစ်မျိုးကို မြင်လိုက်ရသောအခါ ဝမ်ရှင်းသည် အနည်းငယ်ကြောင်အသွားခဲ့ပြီး ချက်ချင်းသဘောတူကာ အရှေ့ဘက်ပင်လယ်ထဲတွင် ထိုပစ္စည်းများအား နေရာချလိုက်လေသည်။
ပြီးနောက် ရှောင်းယီသည် မြားလှည်းများ၊ ဝါးမြှားများ၊ အဆိပ်ငွေ့ဗုံးများ စသည်ဖြင့် သူမထံသို့ လဲလှယ်ပေးခဲ့သည်။
ဝမ်ရှင်းသည် ထိုအရာများအားလုံးကို သံချပ်ကာစစ်သင်္ဘောပေါ်တွင် ထားရှိလိုက်လေသည်။
သံချပ်ကာစစ်သင်္ဘောကို လဲလှယ်ပြီးကြောင်း သိလိုက်ရသောအခါ ကျန်းယွင်ထျန်းသည် သင်္ဘောပေါ်သို့ တိုက်ရိုက်တက်သွားခဲ့လေသည်။
တည်နေရာကူစပြောင်းလာသော စစ်သားများသည်လည်း သင်္ဘောပေါ်သို့ အမြန်တက်လိုက်ကြပြီး ၎င်းတို့၏တာဝန်ကျရာနေရာများသို့ သွားရောက်ခဲ့ကြသည်။
သုံးမိနစ်အတွင်း စုစုပေါင်း စစ်သား ၁၈၀ ခန့် တည်နေရာကူးပြောင်းလာခဲ့သည်။
သံချပ်ကာစစ်သင်္ဘောများသည် စစ်သားတစ်ထောင်ကျော် တပ်ဆင်နိုင်သော်လည်း အခြေအနေမှာ အရေးပေါ်ဖြစ်နေပြီး အရေးပေါ်လိုအပ်ချက်ကြောင့် လူအအင်အား အပြည့်အစုံမတပ်ဆင်နိုင်ဘဲ ချက်ချင်းမဟာမိတ်အဖွဲ့၏ အရှေ့ဘက်ကျွန်းဆီသို့ ထွက်ခွာသွားခဲ့ကြရသည်။
ထိုအချိန်တွင် မဟာမိတ်အဖွဲ့အရှေ့ဘက်ကျွန်းရှိ အသက်ရှင်ကျန်ရစ်သူအားလုံးကို ဒေသခံများက ဖမ်းဆီးထားပြီဖြစ်ပြီး ၎င်းတို့သည် အဆိပ်ငွေ့ဗုံးများကိုပင် မထုတ်လွှတ်နိုင်ခဲ့ကြပေ။
အဓိကအကြောင်းရင်းမှာ လာရောက်တိုက်ခိုက်သော ဒေသခံသုံးဦးသည် C-အဆင့် မှော်ဆရာများဖြစ်နေပြီး ၎င်းတို့၏စိတ်ဝိဉာည်တိုက်ခိုက်မှုသည် အဆိပ်ငွေ့ဗုံးများအားမီးရှို့ချင်နေသည့်သူကို တိုက်ရိုက်ပင် လဲကျသွားစေခဲ့သောကြောင့်ပင်ဖြစ်သည်။
အဆင့်တူတွင် မှော်ဆရာများသည် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်ပြီး သူတို့ထံ၌ မှော်ဆရာများအား ကိုင်တွယ်ဖြေရှင်းရန် အတွေ့အကြုံလည်း လုံးဝမရှိခဲ့ကြပေ။
ယခင်က ဒေသခံများ တိုက်ခိုက်လာသည့်အခါ ပန်ပျန့်ထျန်းမဟာမိတ်အဖွဲ့သည် သူတို့ကို တိုက်ရိုက်မောင်းထုတ်လေ့ရှိပြီး ဘယ်တော့မှ ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ပေ။
မဟာမိတ်အဖွဲ့၏ အရှေ့ဘက်ကျွန်းသည် ပန်ပျန့်ထျန်းမဟာမိတ်အဖွဲ့၏ အားအနည်းဆုံးကျွန်းဖြစ်ပြီး ဤတစ်ကြိမ်တွင် ဒေသခံများ ချဉ်းကပ်လာသည်နှင့် အပြီးအပိုင်ချေမှုန်းခံခဲ့ရခြင်းဖြစ်သည်။
ဒေသခံများသည် အသက်ရှင်ကျန်ရစ်သူများကို ဖမ်းဆီးပြီးနောက် အားလုံးသည် အမျိုးသမီးများဖြစ်သောကြောင့် ဖြစ်နိုင်ပြီး ချက်ချင်းမသတ်ခဲ့ကြပေ။
“မှော်ဆရာကြီး ကျွန်တော်တို့မမြင်ဖူးတဲ့ သင်္ဘောကြီးတစ်စီး ကျွန်တော်တို့ဆီကို ရောက်လာနေပါတယ်။”
ဒေသခံတစ်ဦးက သတင်းပို့လာခဲ့သည်။
“ဟမ် သွားကြည့်ရအောင်။”
မှော်ဆရာသုံးဦးသည် အတူတကွ ထွက်ခွာသွားခဲ့ကြသည်။
သတ္တုရောင်များတောက်ပနေသောသင်္ဘောကြီး ၎င်းတို့နားသို့ ချဉ်းကပ်လာသည်နှင့် မှော်ဆရာသုံးဦးသည်လည်း အလားတူ ရှုပ်ထွေးနေခဲ့ကြသည်။
“ဒါက ဘယ်လိုသင်္ဘောမျိုးလဲ။ ကျုပ် တစ်ခါမှ မတွေ့ဖူးဘူး။”
“နတ်ဘုရားက ကျုပ်တို့ကိုပေးခဲ့တဲ့ သင်္ဘောပုံစံတွေထဲမှာ ဒီလိုသင်္ဘောမျိုးမပါဘူးထင်တယ်။”
“ဒါဆို ကျုပ်တို့သတိထားရမယ်။ ကျုပ်တို့ ကျွန်းကိုကာကွယ်သင့်သလား ဒါမှမဟုတ် သင်္ဘောပေါ်တက်ပြီး တိုက်ခိုက်သင့်သလား။”
“ဟမ့် ငါတို့မှာ သင်္ဘောသုံးစီးရှိတယ်။ သူ့မှာက တစ်စီးပဲရှိတာ။ ငါတို့မှာအားသာချက်ရှိာနေမှတော့ လက်လျှော့လို့မရဘူး။”
“အမှန်ပဲ။ ကျုပ်တို့ ကျွန်းပေါ်ကိုကာကွယ်နေတုန်း သူတို့ထွက်ပြေးသွားရင် မကောင်းဘူး။ သူတို့ကိုသာ ဖမ်းမိမယ်ဆိုရင် ဒါက ဘယ်လိုသင်္ဘောမျိုးလဲဆိုတာ သိရလိမ့်မယ်။”
“ဒါက အကြံကောင်းပဲ။ အတူတူ တိုက်ကြရအောင်။”
မှော်ဆရာသုံးဦးသည် အကျဉ်းသားများကို စောင့်ကြပ်ရန်အတွက် ကျွန်းပေါ်တွင် လူအယောက် ၂၀ ပါသော အဖွဲ့ငယ်တစ်ဖွဲ့ချန်ထားခဲ့ရန် သဘောတူညီခဲ့ကြပြီး သူတို့သုံးဦးသည် သူတို့၏သင်္ဘောကြီးများပေါ်သို့ပြန်သွားကာ သင်္ဘောများကိုမောင်းနှင်ပြီး သံချပ်ကာစစ်သင်္ဘောဆီသို့ ထွက်ခွာသွားခဲ့ကြသည်။
သံချပ်ကာစစ်သင်္ဘော၏ ကုန်းပတ်ပေါ်တွင်ရပ်နေသော ကျန်းယွင်ထျန်းသည် ဒေသခံများသည် သူ့ထံသို့လာနေသည်ကို မြင်သောအခါ အနည်းငယ်ကြောင်အသွားခဲ့သည်။
“သူတို့ ငါ့ဆီ ဒီတိုင်းလာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ မသိခြင်းက တကယ်ကို အကြောက်အလန့်ကင်းစေတာပဲ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“လူတိုင်းအသင့်ပြင်ထားကြ။ သူတို့ရောက်လာရင် သင်္ဘောတစ်စီးစီကို အရင်ပစ်။”
“ဟုတ်ကဲ့..”
ဒေသခံများ၏ သင်္ဘောကြီးသုံးစီးသည် သေစေနိုင်သောပေါက်ကွဲဗုံးများ၏ ပစ်ခတ်မှုအကွာအဝေးအတွင်းသို့ အလျင်အမြန် ဝင်ရောက်လာခဲ့ကြသည်။
“သင်္ဘောကိုဘေးကိုရွှေ့ပြီးပစ်ကြ”
ကျန်းယွင်ထျန်းက အော်ဟစ်လိုက်၏။
ထို့နောက် သံချပ်ကာစစ်သင်္ဘောသည် ၎င်း၏ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လှည့်လိုက်သည်။ သင်္ဘောကို ဘေးသို့လှည့်သည့်အရှိန်သည် ဒေသခံများ၏ သစ်သားသင်္ဘောများထက် ပိုမိုလျင်မြန်သော်လည်း ကျန်းယွင်ထျန်းသည် ၎င်းကို ကျေနပ်မှုမရှိသေးပေ။
“တကယ်ပဲ အဆင့်မြင့်သားရဲတချို့ရှာပြီး သံချပ်ကာစစ်သင်္ဘောတွေကို စွမ်းအားဖြည့်ဖို့လိုသေးတယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် အရေးပေါ်အခြေအနေဖြစ်သောကြောင့် အင်ဂျင်ခန်း၏ အနိမ့်ဆုံးစွမ်းအားမှာ လူသားများသာဖြစ်ပြီး သံချပ်ကာစစ်သင်္ဘော၏စွမ်းရည်ကို အပြည့်အဝမဖော်ပြနိုင်သေးပေ။
“ကြည့်ကြည့် သူတို့ပြန်လှည့်နေပြီ။”
မှော်ဆရာတစ်ဦးက အော်ဟစ်လိုက်သည်။
“မြန်မြန် အရှိန်ပြည့်နဲ့လိုက်ဖမ်း။ သူတို့ ထွက်ပြေးခွင့်မပေးနဲ့။”
“သူတို့ရဲ့ပြန်လှည့်နှုန်းက အရမ်းမြန်တယ်။”
မှော်ဆရာသုံးဦး၏အမိန့်ဖြင့် ဒေသခံများ၏သင်္ဘောကြီးသည် ပိုမိုမြန်ဆန်စွာ ရွက်လွှင့်လာခဲ့သည်။
“အာ သူတို့က တကယ်ပဲ မြန်မြန်ဘဝကူးချင်နေကြတာပဲ။”
ကျန်းယွင်ထျန်းက သူ၏လက်ကို ပြင်းထန်စွာ ဝှေ့ယမ်းပြလိုက်သည်။
ဝုန်း ဝုန်း ဝုန်း
ဒေသခံသင်္ဘောကို မျက်နှာမူထားသော ဘေးတစ်ဖက်ရှိ ပေါက်ကွဲဗုံးများသည် ချက်ချင်းပင် မြည်ဟီးသွားခဲ့၏။
အသံများမှာ ကောင်းကင်ကိုပင် တုန်လှုပ်သွားစေခဲ့သည်။
သင်္ဘောကြီးပေါ်ရှိ ဒေသခံများသည် ၎င်းတို့၏အကြားအာရုံများကို ယာယီဆုံးရှုံးသွားခဲ့သည်။
ပျံထွက်လာသောကျည်ဆန်များသည် သင်္ဘောဦးပိုင်း ထိမှန်သွားပြီး ချက်ချင်းပင် ပြင်းထန်သည့်ပေါက်ကွဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ဘုန်း ဘုန်း ဘုန်း
တဒင်္ဂအတွင်း သစ်သားပြားများ လွင့်စင်ထွက်သွားပြီး သင်္ဘောကြီးမှာ ချက်ချင်းဆိုသလို ပျက်စီးသွားခဲ့သည်။
ဒေသခံအားလုံး တုန်လှုပ်သွားခဲ့ကြသည်။
ဤတိုက်ခိုက်မှုအလှည့်တွင် သင်္ဘောကြီးသုံးစီးလုံး တစ်ဖက်သို့ တိမ်းစောင်းသွားခဲ့သည်။
ပေါက်ကွဲမှုနေရာနှင့် နီးကပ်သူအချို့သည် အပိုင်းပိုင်းအစစဖြစ်သွားပြီး အနည်းငယ်ဝေးကွာသည့်သူများသည်မူ လွင့်ပျံ့ထွက်လာသော သတ္တုနှင့် သစ်သားစများကြောင့် ဒဏ်ရာရသွားခဲ့ကြသည်။
ဆူညံအော်ဟစ်သံများ ထွက်ပေါက်လာခဲ့သော်လည်း မှော်ဆရာများအတွက်မူ ၎င်းသည် အသံတိတ်ဇာတ်လမ်းတစ်ပုဒ်ကဲ့သို့ ဖြစ်လို့နေခဲ့သည်။
သူတို့သည် ကြောက်မက်ဖွယ်မြင်ကွင်းများကိုသာမြင်နိုင်ပြီး မည်သည့်အော်ဟစ်သံကိုမျှ မကြားနိုင်ခဲ့ကြပေ။
မကြာမီ သူတို့သည် သင်္ဘောပေါ်မှ အော်ဟစ်သံများကို ကြားလာခဲ့ကြပြီး ပြန်လည်တုံ့ပြန်နိုင်လာခဲ့ကာ အော်ဟစ်လိုက်ကြလေသည်။
“သင်္ဘောကို ချက်ချင်းပြန်ပြင်ကြ။ ပြန်လှည့်ပြီး ဆုတ်ခွာမယ်။”
သို့သော် ဤတိုက်ခိုက်မှုအလှည့်သည် လူများစွာ၏ လုပ်ဆောင်နိုင်မှုစွမ်းရည်များကို ကင်းမဲ့စေခဲ့သည်။
လုပ်ဆောင်နိုင်စွမ်းများ မဆုံးရှုံးသေးသောသူများသည် မျက်မှောက်ရှိမြင်ကွင်းကြောင့် အလွန်ထိတ်လန့်ကြောက်ရွံ့သွားကြကာ ခြေထောက်များအားနည်းပြီး မထနိုင်ကြတော့ပေ။
သူတို့ကိုယ်ပိုင်သင်္ဘောများတွင်လည်း အမြောက်များရှိပေသည်။ သို့သော်လည်း ဤမျှလောက် ဖျက်ဆီးနိုင်စွမ်းရှိသော အမြောက်များကိုမူ မမြင်ဖူးခဲ့ကြပေ။ နောက်ထပ် အမြောက်အနည်းငယ်သာ ထပ်ရောက်လာပါက သူတို့အားလုံး ပျက်စီးသွားမည်မဟုတ်ပါလော။
သင်္ဘောကိုယ်ထည်ပျက်စီးသွားပါက ပြန်လည်ပြင်ဆင်နိုင်သော်လည်း လူ၏ခန္ဓာကိုယ်ပျက်စီးသွားပါက မည်သို့ပြင်ဆင်ရပါမည်နည်း။
အခန်း ၅၆၆ - သံချပ်ကာစစ်သင်္ဘော ဂုဏ်ထူးဆောင်ဘွဲ့ခံယူခြင်း၊ အပြစ်ဒဏ်
တကယ်တမ်းတွင် သာမန်ဒေသခံများသာမက မှော်ဆရာသုံးဦးပင် ထိတ်လန့်သွားခဲ့ရသည်။
သူတို့၏လူများ အလုံးစုံထိတ်လန့်သွားသည်ကို မြင်လိုက်ရသောအခါ သူတို့သည် သူတို့ကိုဆူပူကြိမ်းမောင်းရန်ပင် အရေးမစိုက်နိုင်တော့ဘဲ သင်္ဘောကိုပြန်လည်ပြင်ဆင်ရန် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြေးသွားခဲ့ကြသည်။
သို့သော် သင်္ဘောပေါတွင်သယ်ဆောင်လာခဲ့သော သစ်သားနှင့် သတ္တုများမှာ အလွန်နည်းပါးလှပေသည်။
“ပြင်ဆင်မည်” ဟူသောခလုတ်ကို နှိပ်လိုက်သောအခါ ပစ္စည်းကိရိယာမလုံလောက်ကြောင်း စနစ်မှ အသိပေးလာသည်။
ထို့နောက် သူသည် ချက်ချင်းပင် ဈေးကွက်သို့ပြောင်းကာ ငွေအမြောက်အမြားသုံးပြီး သစ်သားနှင့်သတ္တုအချို့ကို ပြန်လည်လဲလှယ်ခဲ့ရသည်။
ထပ်မံပြင်ဆင်ပြီးနောက် သင်္ဘောကိုယ်ထည်သည် နောက်ဆုံးတွင် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ဘမ်း ဘမ်း ဘမ်း
မှော်ဆရာသုံးဦး၏ အနည်းငယ် အေးဆေးသွားသောစိတ်သည် အမြောက်သံများ တဖန်ကြားလိုက်ရပြီးနောက် ထပ်မံတင်းမာသွားခဲ့ရပြန်သည်။
ဘုန်း ဘုန်း ဘုန်း
သူတို့သည် သူတို့၏သင်္ဘောများ ပေါက်ကွဲရာမှ ဖြစ်ပေါ်လာသည့် တုန်ခါမှုကိုပင် ခံစားလိုက်ရသည်။
“ပြီးသွားပြီ”
မှော်ဆရာသုံးဦးသည် တစ်စိတ်တစ်ဝမ်းတည်း တွေးလိုက်မိလေသည်။
ရန်သူ့သင်္ဘောတွင် အမြောက်ဆန်များစွာရှိပါက သင်္ဘောကိုယ်ထည်ကိုပြင်ဆင်ရန်ပင် အချိန်ရှိမည်မဟုတ်ပေ။ ထို့ပြင် ထိုသို့လုပ်ဆောင်ရန်အတွက်ပင် ပစ္စည်းကိရိယာများ အလုံအလောက်မရှိပေ။
သူတို့၏အရင်းအမြစ်များသည် အကန့်အသတ်ရှိပြီး လဲလှယ်ရေးခန်းမှ ထာဝရလဲလှယ်၍မရနိုင်ပေ။
တစ်ချိန်တည်းမှာပင် သူတို့၏သင်္ဘောများသည် တစ်ဖက်လူနောက်သို့အမီလိုက်ရန် မလုံလောက်သောကြောင့် ချဉ်းကပ်ရန်လည်း အခွင့်အရေးမရခဲ့ပေ။
မှော်ဆရာများတွင် အထူးစိတ်ဝိဉာည်တိုက်ခိုက်မှုများရှိသော်လည်း ဤပေါက်ကွဲနိုင်သော ဒုံးကျည်များနှင့် ရင်တိုင်ရသည့်အခါ ကူကယ်ရာမဲ့နေခဲ့ကြရသည်။
သူတို့ကို ဝင်တိုက်လျှင် သူတို့လည်း သေကြရလိမ့်ပေမည်။
နောက်ထပ်ပေါက်ကွဲဗုံးများကို တစ်ချီပစ်ခတ်ပြီးနောက် ကျန်းယွင်ထျန်းသည် ပေါက်ကွဲဗုံးများကို ရပ်တန့်ခိုင်းလိုက်ပြီး တဖြည်းဖြည်းခြင်း နစ်မြုပ်နေသော သင်္ဘောကြီးသုံးစီးကိုကြည့်ကာ ပြောလိုက်သည်။
“အမြောက်ဆန်တွေကိုသိမ်းထားလိုက်တော့။ တိုက်ရိုက်တက်ကြမယ်။”
“ဟုတ်ကဲ့”
လူအုပ်ကြီးက ပြန်ဖြေလိုက်သည်။
ကျန်းယွင်ထျန်းသည် ပြိုင်ဘက်၏အဆင့်ကို မခွဲခြားနိုင်သော်လည်း ပန်ပျန့်ထျန်းမဟာမိတ်အဖွဲ့၏စွမ်းအားကို သိရှိထားသောကြောင့် လာရောက်တိုက်ခိုက်သည့် ဒေသခံများ၏အဆင့်သည် အထူးတလည် မြင့်မားနိုင်မည်မဟုတ်ပေ။
သံချပ်ကာစစ်သင်္ဘောသည် ချက်ချင်းပင် သင်္ဘောကြီးသုံးစီးဆီသို့ ပြေးဝင်သွားခဲ့သည်။
သံချပ်ကာစစ်သင်္ဘောသည် ဒေသခံများ၏သင်္ဘောကြီးများထက် ပိုမိုမြန်ဆန်ပြီး ဒေသခံသင်္ဘောများသည် တစ်ဝက်ပျက်စီးနေပြီဖြစ်ကာ အရှိန်လုံးဝမရှိသဖြင့် ကျန်းယွင်ထျန်းတို့အဖွဲ့သည် သင်္ဘောကြီးတစ်စီးဆီသို့ မြန်မြန်ဆန်ဆန် ရောက်ရှိသွားခဲ့ကြသည်။
ကျန်းယွင်ထျန်းသည် သူ၏ဓားမြှောင်ကိုင်ဆောင်ကာ ချက်ချင်းခုန်တက်လိုက်လေသည်။
သင်္ဘောကြီးပေါ်ရှိ မှော်ဆရာများသည် ရုန်းကန်မှုကို စွန့်လွှတ်ထားပြီးဖြစ်သော်လည်း ကျန်းယွမ်ထီယန်တို့အဖွဲ့၏လုပ်ရပ်ကို မြင်လိုက်ရသောအခါ ၎င်းတို့၏မျှော်လင့်ချက်များ ချက်ချင်းပင် ပြန်လည်ရှင်သန်လာခဲ့သည်။
“မင်းကိုယ်တိုင် လာရောက်အပ်နှံမှတော့ ငါတို့လည်း ယဉ်ကျေးမနေတော့ဘူး။ မင်းရဲ့သင်္ဘောကို လက်ခံလိုက်ပါ့မယ်လေ။”
မှော်ဆရာက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူသည် သင်္ဘောကြီးကို ရရှိပြီးသည်နှင့် ၎င်းသည် သူ့အပိုင်ဖြစ်လာမည်ဖြစ်သည်။
ထိုကဲ့သို့သော စွမ်းအားပြင်းထန်သည့် အမြောက်များအား ပိုင်ဆိုင်ရမည်ကို တွေးမိသောအခါ မှော်ဆရာသည် မျက်နှာများပင် နီရဲလာခဲ့သည်။
ကျန်းယွင်ထျန်းသည် စစ်သားများကို ခေါ်ဆောင်ကာ သင်္ဘောပေါ်သို့ တက်လာသည်ကိုကြည့်ပြီး မှော်ဆရာသည် မည်သည့်လှုပ်ရှားမှုမျှမပြုဘဲ သင်္ဘောခန်းမထဲတွင် ပုန်းအောင်းနေခဲ့သည်။
သင်္ဘောပေါ်ရှိ ဒေသခံများသည် သေနေသောလူများ သို့မဟုတ် ဒဏ်ရာရထားသူများဖြစ်ပြီး ကျန်လူများသည် ကျန်းယွင်ထျန်းတို့အဖွဲ့ကိုမြင်သည်နှင့် ဒူးထောက်ကာ သနားခံခဲ့ကြသည်။
“အကုန်လုံးကို ကြိုးတုတ်လိုက်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
ထို့နောက် သူသည် သင်္ဘောခန်းမထဲသို့ လျှောက်ဝင်သွားခဲ့သည်။ မှော်ဆရာ၏ တိုက်ခိုက်မှုသည် အနည်းငယ်ထူးဆန်းသည်ကို သိထားသောကြောင့် ကျန်းယွင်ထျန်းသည် ဂရုတစိုက်ဖြင့် သင်္ဘောခန်းမထဲသို့ ဝင်ရောက်သွားခဲ့သည်။
ရုတ်တရက် စိတ်ဝိဉာည်တိုက်ခိုက်မှုတစ်ခုသည် သူ့ကိုထိမှန်သွားခဲ့ပြီး ၎င်းကို တားဆီး၍မရနိုင်ပေ။ သူ့တွင် ၎င်းကို ခံယူလိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။
ကျန်းယွင်ထျန်း၏အမူအရာသည် အနည်းငယ်တင်းမာသွားသော်လည်း နောက်အခိုက်အတန့်တွင် သူ၏နှုတ်ခမ်းများ တွန်းကွေးသွားခဲ့သည်။
“ဒါက ဘာလဲ။ ဒါကို စိတ်ဝိဉာည်တိုက်ခိုက်မှုလို့ ခေါ်နိုင်လို့လား။”
ကျန်းယွင်ထျန်းက စောဒကမတက်ဘဲ မနေနိုင်ခဲ့ပေ။
သူခံစားခဲ့ရသော စိတ်ဝိဉာည်တိုက်ခိုက်မှုသည် သူ့ပေါ်တွင် လုံးဝအကျိုးသက်ရောက်မှုမရှိခဲ့ပေ။
မှော်ဆရာသည် ကျန်းယွင်ထျန်းကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားပြီး သူ၏နှုတ်ခမ်းထောင့်စွမ်းများ အနည်းငယ်တွန်းကွေးသွားကာ သူ၏တိုက်ခိုက်မှုအောင်မြင်သွားပြီဟု ထင်မှတ်ပြီး ချက်ချင်းပင် ပျော်ရွှင်စွာ လျှောက်ထွက်လာခဲ့သည်။
“ဘာလို့ အဲ့လောက်တောင် ပျော်နေတာလဲ။”
ကျန်းယွင်ထျန်းက သူ့ကိုကြည့်ပြီး မေးလိုက်သည်။
မှော်ဆရာသည် သရဲကို မြင်လိုက်ရသကဲ့သို့ ချက်ချင်းပင် နောက်သို့ ခုန်ဆုတ်လိုက်လေသည်။
“မင်း မင်းဘယ်လိုလုပ်ပြီး...”
စစ်သားတစ်ဦးသည် ကျန်းယွင်ထျန်းဘေးတွင်ရပ်နေပြီး မှော်ဆရာ၏စကားကို ဘာသာပြန်ပေးနေခဲ့သည်။
“ငါက ဘာလုပ်ရမှာလဲ။ မင်းရဲ့စိတ်စွမ်းအင်က ငါ့ကို ယားယံအောင်တောင် မလုပ်နိုင်ဘူး။”
ထို့နောက် ကျန်းယွင်ထျန်းသည် ရှေ့တက်ပြီး စစ်သားဘာသာပြန်လို့မပြီးခင်မှာပင် မှော်ဆရာအား သတိလစ်အောင်ရိုက်ပစ်လိုက်လေသည်။
“သူ့ကို ကြိုးတုတ်ပြီး အောက်ကိုခေါ်သွား။”
ကျန်းယွင်ထျန်းက သင်္ဘောခန်းမအတွင်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ လမ်းလျှောက်သွားရင်း အမိန့်ပေးလိုက်သည်။
စစ်သားများ မှော်ဆရာကို သံချပ်ကာစစ်သင်္ဘောပေါ်သို့ ခေါ်ဆောင်သွားသောအခါ ကျန်းယွင်ထျန်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်ရန် ရွေးချယ်ကာ ရှောင်းယီထံသို့ ဗီဒီယိုခေါ်ဆိုမှုတစ်ခု ပေးပို့လိုက်လေသည်။
“ကျွန်းပိုင်ရှင် ကျုပ် ပစ္စည်းကိရိယာတချို့လိုအပ်နေပါတယ်။ ဒီမှာ ပျက်စီးနေတဲ့သင်္ဘောတွေရှိနေပါတယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“အင်း သူတို့ကိုချေမှုန်းလိုက်ပြီလား။ ငါတို့ရဲ့အမြောက်နဲ့ ကျည်ဆန်တွေက တော်တော်ထိရောက်တယ်ထင်တယ်။”
“အမှန်ပဲ။ အရမ်းစွမ်းအားကြီးတယ်။ နည်းနည်းနှေးနေသေးပေမယ့် ဒေသခံတွေမှာရှိတဲ့ သစ်သားသင်္ဘောတွေထက်တော့ မြန်နေတုန်းပဲ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ဟုတ်ပြီယ ငါသားရဲဘုရင်နဲ့ အခြားသူတွေကို သန်မာတဲ့သားရဲတွေ ရှာခိုင်းထားတယ်။ မကြာခင် သတင်းရလာလိမ့်မယ်။”
ရှောင်းယီက ထိုသို့ပြောလိုက်ပြီး ပစ္စည်းကိရိယာများကို ကျန်းယွင်ထျန်းထံသို့ လဲလှယ်ပေးလိုက်သည်။
ကျန်းယွင်ထျန်းသည် ထိုသင်္ဘောကို ပြန်လည်ပြင်ဆင်ပြီးနောက် မဟာမိတ်အဖွဲ့၏ အရှေ့ဘက်ကျွန်းဆီသို့ မောင်းနှင်သွားရန် လူတစ်ဦးကို စီစဉ်လိုက်သည်။
ပြီးနောက် ကျန်းယွင်ထျန်းသည် အခြားသင်္ဘောနှစ်စီးသို့ တစ်လှည့်စီ တက်သွားခဲ့သည်။ မှော်ဆရာများက ခုခံတိုက်ခိုက်ခဲ့သော်လည်း သူ့ကလိထိုးနေသကဲ့သို့ဖြစ်နေခဲ့သည်။ သူသည် သူတို့အားလုံးကို သတိလစ်အောင် ရိုက်နှက်ကာ ထိန်းချုပ်ပြီးနောက် မဟာမိတ်အဖွဲ့၏ အရှေ့ဘက်ကျွန်းဆီသို့ ရွက်လွှင့်သွားစေခဲ့သည်။
ကျွန်းနားသို့ပြန်ရောက်လာသောအခါ ကျန်းယွင်ထျန်းသည် သင်္ဘောပေါ်မှခုန်ဆင်းလိုက်ပြီး ကျွန်းဆီသို့ လမ်းလျှောက်သွားခဲ့သည်။ ထိုနေရာ၌ လူအယောက် ၂၀ သည် ဝမ်ရှင်း၏ညီမများကို စောင့်ကြည့်နေခဲ့လေသည်။
ကျန်းယွင်ထျန်း ရုတ်တရက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ဒေသခံများသည် ချက်ချင်းပင် အော်ဟစ်ကြိမ်းမောင်းလိုက်လေသည်။
“မင်းဘယ်သူလဲ။ အခုချက်ချင်း ဒူးထောက်စမ်း။”
ဘာသာပြန်ဆိုသူမှတစ်ဆင့် ကျန်းယွင်ထျန်းသည် ၎င်းတို့၏ဆူပူကြိမ်းမောင်းသည့်စကားများကို သိရှိသွားခဲ့ပြီး သူ၏ခေါင်းကိုအနည်းငယ်ခါယမ်းကာ ထိုလူများထဲသို့ ချက်ချင်းပင် ပြေးဝင်သွားခဲ့သည်။ သူ၏ဓားမြှောင်ကိုပင် သုံးစရာမလိုလိုက်ဘဲ ဆယ်စက္ကန့်အတွင်း ဒေသခံအယောက် ၂၀ စလုံးကို ရိုက်နှက်ပစ်လိုက်သည်။
ဒေသခံများ၏ဖမ်းဆီးခြင်းကို ခံထားရသော အသက်ရင်ကျန်ရစ်သူများအားလုံးသည် ကျန်းယွင်ထျန်းကို မြင်လိုက်ရသောအခါ သူတို့မျက်လုံးများတွင် ကြယ်ရောင်များတောက်ပနေသကဲ့သို့ အလင်းရောင်များ ဖြာသွားခဲ့လေသည်။
“ကောင်းပြီ မင်းတို့တွေ မြန်မြန်သန့်ရှင်းရေးလုပ်ကြ။ ကင်းထောက်အဖွဲ့က အမြဲတမ်းသတိကပ်နေရမယ်။”
ကျန်းယွင်ထျန်းက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့... အသက်ကိုကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကြီး။”
သူတို့က တပြိုင်နက်တည်း ပြောလိုက်ကြသည်။
ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြကာ ဒေသခံအကျဉ်းသားအားလုံးကို ဖမ်းဆီးပြီး ဝမ်ရှင်း၏ကျွန်းပေါ်သို့ ပို့ဆောင်ပေးခဲ့သည်။
ကျွန်းခွဲအားလုံးကို ဝမ်ရှင်း၏ဧရိယာထဲသို့ ပေါင်းစည်းကာ ဤနေရာတွင် ထားရှိမည်ဖြစ်ပြီး ကျွန်းများနှင့်အတူ ရှောင်းယီ၏ဧရိယာအတွင်းသို့ ပြောင်းရွှေ့ကြမည်ဖြစ်သည်။
ဤဖြစ်ရပ်ပြီးနောက် အခြားကျွန်းများရှိ ကင်းထောက်အဖွဲ့များသည်လည်း ချက်ချင်းပင် သတိကပ်သွားခဲ့ကြသည်။
ယီရန်ပင်းမဟာမိတ်အဖွဲ့သို့ ဝင်ရောက်နိုင်ကြောင်း သတင်းကောင်းရရှိသောအခါ ၎င်းတို့သည် အနည်းငယ် မောက်မာသွားခဲ့ကြပေသည်။
မကြာမီ ပန်ပျန့်ထျန်းမဟာမိတ်အဖွဲ့၏ ပေါင်းစည်းမှုမှာ ပြီးဆုံးသွားခဲ့ပြီး အဖွဲ့ဝင်အားလုံးသည် ဝမ်ရှင်း၏ကျွန်းပေါ်တွင် စုရုံးခဲ့ကြသည်။
ဝမ်ရှင်းသည် ယီရန်ပင်းမဟာမိတ်အဖွဲ့သို့ ဝင်ရောက်ရန် လျှောက်ထားပြီးနောက် ရှောင်းယီသည် ထိုတောင်းဆိုချက်ကို သဘောတူလိုက်ပြီး ဝမ်ရှင်းရွှေ့ပြောင်းလိုက်သော ကျွန်းကို အရှေ့တောင်ဘက်တွင် နေရာချလိုက်သည်။
တစ်နာရီအကြာတွင် ကျွန်းပြောင်းရွှေ့မှုဖြစ်စဥ် ပြီးဆုံးသွားခဲ့သည်။
ပြောင်းရွှေ့ပြီးနောက် ရှောင်းယီသည် အရှေ့တောင်ဘက်ကျွန်းသို့ ရောက်ရှိလာခဲ့သည်။ ပထမဆုံးအနေဖြင့် ၎င်းတို့ကျွန်း၏အရွယ်အစားကို စစ်ဆေးရန်ဖြစ်ပြီး ဒုတိယအနေဖြင့် ဝမ်ရှင်းအား သတိပေးရန်ဖြစ်သည်။
ယခုဖြစ်ခဲ့သော တိုက်ပွဲသည် လုံးဝမလိုအပ်ပေ။
ဝမ်ရှင်းနှင့်တွေ့သောအခါ ရှောင်းယီ ဘာမှမပြောရသေးမီမှာပင် သူမသည် ချက်ချင်းပင် သူ့အား တောင်းပန်ခဲ့လေသည်။
“ကျွန်းပိုင်ရှင် ကျွန်မတောင်းပန်ပါတယ်။ ကျွန်မရဲ့ယုံကြည်မှုလွန်ကဲမှုကြောင့် ဒေသခံတွေ ကျွန်းပေါ်ရောက်လာနိုင်ခဲ့တာပါ။ ကျွန်မတို့ နောက်ကျမှသိခဲ့ရတယ်။ ကျွန်းပိုင်ရှင် ကျေးဇူးပြုပြီး အပြစ်ပေးပါ။”
ဝမ်ရှင်းက အပြစ်ရှိစိတ်ဖြင့် ခေါင်းငုံ့ပြောလိုက်သည်။
ရှောင်းယီသည် အနည်းငယ် အံ့အားသင့်သွားပြီးနောက် ခက်ထန်စွာ ပြောလိုက်လေသည်။
“သူတို့ကို သေချာအပြစ်ပေးရမယ်။ ဒေသခံတွေကို ကျွန်းပေါ်ရောက်အောင် ဘာလို့ခွင့်ပြုခဲ့ရတာလဲ။ မင်းရဲ့ကင်းထောက်အဖွဲ့တွေကရော ဘာလုပ်နေတာလဲ။”
ဝမ်ရှင်းနှင့် သူမနောက်ရှိ ကင်းထောက်အဖွဲ့မှာ ခေါင်းငုံ့နေခဲ့ကြလေသည်။
“ဝမ်ရှင်း ကျွန်းရဲ့ အဓိကတာဝန်ရှိသူတစ်ယောက်အနေနဲ့ ဒီတစ်ပတ်အတွက် မင်းရဲ့လစာကို တစ်ဝက်ဖြတ်မယ်။ အခြားကင်းထောက်အဖွဲ့ဝင်တွေရဲ့လစာကိုလည်း တစ်ဝက်ဖြတ်မယ်။ လူတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ချက် ရှစ်ကြိမ်ရေးပြီး ကျွန်းတိုင်းကို တင်ပြရမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့”
ဝမ်ရှင်းနှင့် အခြားသူများတွင် ကန့်ကွက်စရာမရှိခဲ့ကြပေ။
ဤပြစ်ဒဏ်တွင် ကျွန်းပိုင်ရှင်သည် သူ၏သဘောထားကြီးမှုကို ပြသထားခဲ့ကြောင်း သူတို့သိထားခဲ့ကြပေသည်။