အခန်း (၅၆၇-၅၆၈)
Vol. 40 Ch. 567-568
အခန်း ၅၆၇ ဝမ်ရှင်း၏ အံ့အားသင့်မှု၊ ရူးသွပ်နေသောညီအစ်မများ
ဝမ်ရှင်းတို့၏ အမှားကိုဝန်ခံတင်ပြသည့် ကောင်းမွန်သောသဘောထားကို မြင်လိုက်ရသောအခါ ရှောင်းယီက ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။
“မဟာမိတ်အဖွဲ့ကို ဝင်ရောက်ပြီးရင် ကျွန်းလုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေအားလုံးကို အစ်ကိုကျန်းက စီစဉ်ဆောင်ရွက်ပေးလိမ့်မယ်။ အထူးလေ့ကျင့်ထားတဲ့ အဖွဲ့တစ်ဖွဲ့က မင်းတို့ရဲ့ကာကွယ်ရေးတာဝန်ကို လွှဲပြောင်းယူလိမ့်မယ်။”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သခင်ကျန်း။”
ဝမ်ရှင်းက ပြောလိုက်သည်။
ကျန်းယွင်ထျန်းက လက်ကာပြလိုက်၏။
ထို့နောက် ရှောင်းယီက ဆက်ပြောလိုက်သည်။
“ဒါပေါ့ ကျွန်းအတွင်းပိုင်းက လှည့်ပတ်စောင့်ကြပ်ရေးအဖွဲ့တွေကိုတော့ အတွင်းပိုင်းစီမံခန့်ခွဲမှုပိုင်းကလူတွေအတိုင်း ဆက်ထားခွင့်ရှိတယ်။ ဒါကို မင်းတို့ကိုယ်တိုင်ဆုံးဖြတ်လို့ရတယ်။ ဒါပေမယ့် ဦးလေးအန်းကိုတော့ အစီရင်ခံတင်ပြရမယ်။”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
ဝမ်ရှင်းက ပြန်လည်ဖြေကြားလိုက်သည်။
“မင်းတို့ကျွန်းရဲ့ အဓိကတာဝန်က အခြားမဟာမိတ်အဖွဲ့ဝင် ကျွန်းတွေအတွက် လျှပ်စစ်ကြိုးတွေ သွယ်တန်းပေးဖို့ပဲ။ ဒီလုပ်ငန်းစဉ်မှာ မင်းတို့ လျင်မြန်ထက်မြက်တယ်လို့ထင်တဲ့လူတွေကို ရွေးချယ်ပြီး လေ့ကျင့်သင်ကြားပေးနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နောင်တစ်ချိန်မှာ ငါတို့ကျွန်းတွေ ပိုပိုကြီးထွားလာမှာဖြစ်လို့ပဲ။ မင်းတို့ကျွန်းတစ်ကျွန်းတည်းကလူတွေနဲ့ အရာအားလုံးကို စီမံနိုင်မှာမဟုတ်ဘူး။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့”
ရှောင်းယီသည် ဝမ်ရှင်း၏ကျွန်းကို လှည့်ပတ်ကြည့်ရှုပြီးနောက် ပြန်လာခဲ့သည်။ အမှန်တိုင်းဝန်ခံရမယ်ဆိုလျှင် ဝမ်ရှင်း၏ကျွန်းမှာ သိပ်မကြီးမားလှပေ။
ရှောင်းယီ ထွက်ခွာသွားပြီးနောက် လှည့်ပတ်စောင့်ကြပ်ရေးအဖွဲ့ဝင်များနှင့် ဝမ်ရှင်းတို့၏ စိတ်အတွင်း၌ စိတ်သက်သာရာရသွားခဲ့ကြ၏။
ရှောင်းယီသည် သူတို့ထဲက လူအများစုထက် အသက်ငယ်သည်ဟု ထင်ရသော်လည်း သူ၏ရှေ့တွင် ဝမ်ရှင်းတို့သည် အသက်ကိုပင် ရဲရဲမရှူရဲကြပေ။
သူတို့ကိုယ်တိုင် ကြီးမားသောအမှားတစ်ခုကို ကျူးလွန်မိခဲ့သည်မှာလည်း အဓိကအကြောင်းရင်းတစ်ခုဖြစ်ပေသည်။
“တကယ်တော့ ကျွန်းပိုင်ရှင် တကယ်တော့ အရမ်းသဘောကောင်းတဲ့သူပါ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ မင်းတို့ ဒီလိုမျိုးအမှားကြီးတစ်ခုကို မလုပ်ခဲ့သင့်ဘူး။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ဟုတ်ကဲ့ ကျွန်မနားလည်ပါပြီ။”
ဝမ်ရှင်းက ပြောလိုက်သည်။
“သခင်ကျန်း ကျွန်မတို့ကျွန်းရဲ့ ကာကွယ်ရေးတာဝန်ကို ရှင့်လက်ထဲအပ်ပါတယ်။”
“ကျုပ်ကို နာမည်နဲ့ခေါ်ရင်ပဲ ရပါပြီ။ သခင်ကျန်းလို့ခေါ်တာက သိပ်ကြီးကျယ်လွန်းတယ်။ ခဏနေရင် ဦးလေးအန်းကို မင်းတို့ကျွန်းကို တိုးချဲ့ပေးဖို့ပြောလိုက်မယ်။ ပြီးရင် ကျုပ် ဒီမှာ လုံခြုံရေးစနစ်တွေကို ချမှတ်ပါမယ်။”
ကျန်းယွင်ထျန်းက ပြုံးကာပြောလိုက်သည်။
“ကျွန်းကိုတိုးချဲ့မှာလား...”
ဝမ်ရှင်း အံ့အားသင့်သွားပြီး ကျန်းယွင်ထျန်းကို မသိမသာကြည့်ကာ မေးလိုက်သည်။
ကျန်းယွင်ထျန်းက ရှင်းပြလိုက်သည်။
“လက်ရှိမှာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ညီမျှစေဖို့နဲ့ စီမံခန့်ခွဲမှုကို လွယ်ကူစေဖို့အတွက် မဟာမိတ်အဖွဲ့ဝင် ကျွန်းခွဲအားလုံးကို စတုရန်းမီတာ ၂၀၀,၀၀၀ အထိ ချဲ့ထွင်ရမယ်။ ဒါဆိုရင် မင်းတို့ကျွန်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေက အခြေခံအားဖြင့် တူညီသွားလိမ့်မယ်။ ဒီလိုဆိုရင် ကျုပ်အနေနဲ့လည်း ကာကွယ်ရေးစနစ်ချမှတ်တဲ့နေရာမှာ အတော်လေးရိုးရှင်းသွားလိမ့်မယ်။ ကျွန်းတစ်ကျွန်းမှာ စနစ်တကျချမှတ်ပြီးတာနဲ့ အခြားကျွန်းတွေဆီကို တိုက်ရိုက်ကူးယူအသုံးပြုလိုက်ရုံပဲ။”
ဝမ်ရှင်းနှင့် အဖွဲ့ဝင်များ ကြက်သေသေသွားခဲ့ကြသည်။
အချိန်အတန်ကြာပြီးနောက် ဝမ်ရှင်းက မသေချာမရေရာဟန်ဖြင့် မေးလိုက်သည်။
“၂၀၀,၀၀၀ ဆိုတာ သေချာရဲ့လား။”
“ဟုတ်တယ် ၂၀၀,၀၀၀ ပဲ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ဝမ်ရှင်း၏နောက်မှလူများသည် ချက်ချင်းပင် တက်ကြွလာခဲ့ကြသည်။ ကျွန်း၏ဧရိယာကြီးထွားလာသည်နှင့်အမျှ ၎င်းတို့၏နေထိုင်မှုအခြေအနေများသည်လည်း ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ပြီး အနည်းဆုံးတော့ အချင်းချင်း ကျပ်ကျပ်တည်းတည်းနေထိုင်ရန် မလိုအပ်တော့ပေ။
တစ်ချိန်တည်းမှာပင် ကျွန်း၏ဧရိယာကြီးထွားလာသည်နှင့်အမျှ ကျွန်းပေါ်တွင် သတ္တဝါအသစ်များပေါ်ပေါက်ခြင်းနှင့် ဆင့်ကဲပြောင်းလဲမှုနှုန်းသည်လည်း ဧကန်မုချ အရှိန်မြင့်လာမည်ဖြစ်သည်။
ယခင်က ဝမ်ရှင်းနှင့် အဖွဲ့သားများသည် ကျွန်းပေါ်တွင် ပေါက်ဖွားလာမည့် သတ္တဝါများကို မကိုင်တွယ်နိုင်မှာအား စိုးရိမ်ခဲ့ကြရသော်လည်း ယခုအခါ လုံးဝစိုးရိမ်စရာမလိုတော့ပေ။ ကျွန်းပိုင်ရှင်၏အဖွဲ့ရှိနေသည့်အတွက် သူမတို့သည် လက်တစ်ချောင်းပင် လှုပ်စရာမလိုအပ်ပေ။
သူတို့သည် ကျွန်းပိုင်ရှင် ခိုင်းသည့်အတိုင်း လုပ်ဆောင်ရုံ လိုအပ်ပြီး အချို့လက်မှုပစ္စည်းများကိုလည်း ထုတ်လုပ်နိုင်သေးသည်။
ကျွန်းပေါ်ရှိလူဦးရေသည် အမျိုးသမီးများသာဖြစ်သောကြောင့် အမျိုးသမီးအများစုသည် လက်မှုပညာတွင် ကျွမ်းကျင်လိမ္မာကြသည်။
ကျန်းယွင်ထျန်းနှင့် ဝမ်ရှင်းတို့ စကားပြောနေစဉ် အန်ယွဲ့သည်လည်း တည်နေရာကူးပြောင်းကာ ရောက်ရှိလာခဲ့သည်။
“ဦးလေးအန်...”
ဝမ်ရှင်းက ချက်ချင်းပင် သွားရောက်ကြိုဆိုလိုက်သည်။
အန်ယွဲ့သည်လည်း အပြုံးတစ်ခုနှင့် ပြန်လည်နှုတ်ဆက်လိုက်သည်။
“ယီရန်ပင်းမဟာမိတ်အဖွဲ့ကနေ ကြိုဆိုပါတယ်။”
“ဒါက ကျွန်မတို့အတွက် ဂုဏ်ယူစရာပါပဲ။”
ဝမ်ရှင်းက ယဉ်ကျေးစွာပြောလိုက်သည်။
ထို့နောက် ဝမ်ရှင်းသည် အန်ယွဲ့ကို ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ဆီခေါ်သွားပြီး ကျွန်း၏အခြေခံအခြေအနေများအကြောင်း ပြောပြလိုက်လေသည်။ အဓိကအကြောင်းအရာများမှာ လူဦးရေဖွဲ့စည်းပုံနှင့် ကျွန်း၏အရွယ်အစားတို့ဖြစ်သည်။
“ကောင်းပြီ ကျွန်းပိုင်ရှင်ရဲ့တောင်းဆိုချက်အရ ကျွန်းတစ်ကျွန်းစီကို စတုရန်းမီတာ ၂၀၀,၀၀၀ အထိ ချဲ့ထွင်ပေးရမယ်။ မင်းတို့ လက်ရှိလိုအပ်နေတဲ့ အုတ်မြစ်ကျောက်တွေကို အခုပဲ လဲလှယ်ပေးခိုင်းလိုက်ပါ့မယ်။”
အန်ယွဲ့က ခေါင်းညိတ်ပြီး သူ၏မိုဘိုင်းဖုန်းထုတ်ယူလိုက်သည်။
ဝမ်ရှင်းနှင့် အခြားသူများသည် ထိုဖုန်းကိုမြင်လိုက်ရသည့်အခါ သူမတို့၏မျက်လုံးများ တောက်ပသွားခဲ့ကြသည်။
အန်ယွဲ့က ရှောင်းယီအား ဖုန်းခေါ်လိုက်သည်။
“ကျွန်းပိုင်ရှင် အရှေ့တောင်ဘက်ကျွန်းခွဲအတွက် အုတ်မြစ်ကျောက် ၁၈၂,၁၆၉ ခု ထပ်မံလိုအပ်နေပါသေးတယ်။”
“ကောင်းပြီ ကျုပ် ဝမ်ရှင်းဆီကို ပို့ပေးလိုက်မယ်။ သူမကို လက်ခံခိုင်းလိုက်ပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်တွင် ငွေကြေးလဲလှယ်မှုတစ်ခုကို စတင်လိုက်လေသည်။ ဝမ်ရှင်းသည် သူမလက်ထဲသို့ ရောက်ရှိလာသော များပြားလှသည့်အုတ်မြစ်ကျောက်အရေအတွက်ကို ကြည့်ရှုရန် သူမ၏လက်များပင် တုန်တုန်ယင်ယင်နေခဲ့သည်။
“အုတ်မြစ်ကျောက်တွေ အများကြီးပဲ။”
ဝမ်ရှင်း တဖွတဖွရေရွတ်သည်။
“ဒီအုတ်မြစ်ကျောက်နည်းနည်းလေးက ဘာမှမဟုတ်ပါဘူး။ မင်းရဲ့ကျွန်းကို အမြန်ဆုံးချဲ့ထွင်ပြီး ကျန်တဲ့လုပ်ငန်းတွေကို ဆက်လုပ်ဖို့ပဲလိုတယ်။”
အန်ယွဲ့က တိုက်တွန်းလိုက်သည်။
ဝမ်ရှင်းသည် ချက်ချင်းပင် ရရှိလိုက်သည့် အုတ်မြစ်ကျောက်အားလုံးကို အသုံးပြုကာ ကျွန်းကို ချဲ့ထွင်လိုက်လေသည်။
ကျန်းယွင်ထျန်းသည် သူမ၏ကျွန်းကို ချဲ့ထွင်ပြီးကြောင်း မြင်လိုက်ရသည့်နှင့် ချက်ချင်းပင် သူမ၏ဇနီးဖြစ်သူကျန်းရွှဲ့အား ဖုန်းခေါ်ကာ စစ်သားအဖွဲ့တစ်ဖွဲ့ကို အရှေ့တောင်ဘက်ကျွန်း၏လုံခြုံရေးတပ်ဖွဲ့အဖြစ် စီစဉ်ခန့်အပ်ရန် ပြောလိုက်သည်။
အန်ယွဲ့သည် ဝမ်ရှင်းနှင့် အခြားသူများ သူ၏မိုဘိုင်းဖုန်းအား ကြည့်နေသည်ကို မြင်လိုက်ရသောအခါ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“လက်ရှိမှာ ဒီဆက်သွယ်ရေးကိရိယာတွေရ ကျုပ်တို့မှာ အများကြီးမရှိသေးဘူး။ ကျွန်းခွဲတစ်ခုစီကို နှစ်ခုစီပဲရမယ်။ တာဝန်ခံအုပ်ချုပ်ရေးမှူးတစ်ယောက်တစ်ခုနဲ့ နောက်တစ်ခုကိုတော့ ကျွန်းပေါ်မှာထားရမယ်။ ပုံမှန်မဟုတ်တဲ့အခြေအနေတစ်ခုခုဖြစ်လာရင် အချိန်နှင့်တပြေးညီဆက်သွယ်နိုင်ဖို့အတွက်ပဲ အသုံးပြုရမယ်။”
အန်ယွဲ့သည် ထိုသို့ပြောရင်းဖြင့် ဆက်သွယ်ရေးကိရိယာနှစ်ခုထုတ်ယူကာ ဝမ်ရှင်းအား ပေးအပ်လိုက်လေသည်။
“ဒီတစ်ခုကို ယူထားလိုက် နံပါတ်က ၆၆၁၂။ နောက်တစ်ခုက ၆၆၂၂။ ဒီနံပါတ်နှစ်ခုလုံးက မင်းတို့ရဲ့အရှေ့တောင်ဘက်ကျွန်းကို ကိုယ်စားပြုတယ်။”
အန်ယွဲ့သည် လက်ရေးနှင့်ရေးသားထားသည့် ဖုန်းနံပါတ်စာအုပ်အသေးလေးတစ်အုပ်ကို ဝမ်ရှင်းထံသို့ ကမ်းပေးလိုက်၏။
ဝမ်ရှင်းသည် ဂရုတစိုက်ဖြင့် ထိုဖုန်းနံပါတ်စာအုပ်ကို သိမ်းဆည်းလိုက်လေသည်။
“မင်းရဲ့ကျွန်းမှာရှိတဲ့အိမ်တွေအကုန်လုံးက သစ်သားအိမ်ကလေးတွေချည်းပဲဆိုတာ ငါတွေ့ခဲ့တယ်။ အဲ့ဒါတွေအကုန်လုံးကို ဈေးကွက်ပေါ်တင်ပြီးရောင်းလိုက်တော့။ ပြီးရင် ငါကျောက်တုံးအိမ်တွေနဲ့ လဲပေးမယ်။”
အန်ယွဲ့က ပြောလိုက်သည်။
“အကုန်လုံးလား။”
ဝမ်ရှင်းက ထပ်မံအတည်ပြုလိုဟန်ဖြင့် မေးလိုက်သည်။
အန်ယွဲ့က ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်တယ် ကျောက်တုံးအိမ်နဲ့မနေချင်ရင်လည်း မပြောင်းဘဲထားလို့ရတယ်။”
“လဲမယ်။ တကယ်ကို လဲချင်ပါတယ်။”
ဝမ်ရှင်းက အလျင်အမြန် ပြန်ဖြေလိုက်သည်။
ကောင်းမွန်းသည့်ထုတ်ကုန်များရှိနေပါလျက်နှင့် ဘာကြောင့် ညံ့ဖျင်းသည့်ထုတ်ကုန်များကို အသုံးပြုရမည်နည်း။
ထို့နောက် အန်းယွဲ့သည် ဒူခန်းအား ထပ်မံဖုန်းခေါ်ကာ အပန်းဖြေစခန်းဝင်ပေါက်ရှိ ဉာဏ်ရည်တုဇီဝချစ်ပ်ထုတ်လုပ်သည့်စက်အား လဲလှယ်ပေးရန် ပြောလိုက်သည်။
“မဟာမိတ်အဖွဲ့က အဖွဲ့ဝင်အားလုံး ချစ်ပ်ထည့်သွင်းရမယ်။”
အန်ယွဲ့က ပြောလိုက်သည်။
“ဟုတ်ကဲ့ ကျွန်မနားလည်ပါပြီ။ ကျွန်မသူတို့ကို အခုချက်ချင်း စီစဉ်ခိုင်းလိုက်ပါ့မယ်။”
ဝမ်ရှင်းက ပြောလိုက်သည်။
“ဒီနေ့ ချစ်ပ်ကိစ္စနဲ့ အိမ်အစားထိုးဖို့ကိစ္စကို အရင်ပြီးအောင်လုပ်လိုက်ပါ။ ကျန်တဲ့ဟာတွေကိုတော့ နောက်မှဆက်လုပ်လို့ရတယ်။”
အန်ယွဲ့က ပြုံးကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဦးလေးအန်။”
ဝမ်ရှင်းက လက်နှစ်ဖက်ကိုယှက်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။
“ကျေးဇူးတင်စရာမလိုပါဘူး။ နောင်လာမယ့်အချိန်တွေမှာ ကျွန်းပိုင်ရှင်နောက်ကို ကောင်းကောင်းလိုက်မယ်ဆိုရင် မင်းတို့ဘဝတွေ တကယ်ကို ပိုပြီးကောင်းမွန်လာလိမ့်မယ်။”
အန်ယွဲ့က ပြောသည်။
“အုပ်ချုပ်ရေးမှူးတစ်ဦးက အပန်းဖြေစခန်းရဲ့ ဧည့်ခန်းတွေမှာ အခမဲ့နေထိုင်ခွင့်ရှိတယ်။ ဒါက ကျွန်းပိုင်ရှင်က မင်းတို့ကို မျက်နှာသာပေးထားတာပဲ။”
“ကျွန်မမှာဘအပန်းဖြေစခန်းမှာ နေထိုင်ဖို့အတွက် မျက်နှာချင်းမဆိုင်ရဲပါဘူး။ ဒီကျွန်းပေါ်မှာပဲနေပြီး ကျွန်မရဲ့အပြုအမူကို ပြန်ပြီးသုံးသပ်နေတာက ပိုကောင်းပါတယ်။”
ဝမ်ရှင်းက ခါးသက်သက်မျက်နှာအမူအရာဖြင့် ပြန်ဖြေလိုက်သည်။
“ကောင်းပြီ ကိုယ့်ကိုယ်ကိုယ် တစ်ပတ်အချိန်ပေးပြီး အပြစ်ပေးလိုက်ပါ။ တစ်ပတ်ပြီးသွားရင် အပန်းဖြေစခန်းကိုသွားပြီး အခန်းရွေးလိုက်တော့။”
အန်ယွဲ့က ထိုသို့ပြောကာ မဟာမိတ်အဖွဲ့၏အရှေ့တောင်ဘက်ကျွန်းမှ ထွက်ခွာသွားခဲ့သည်။
ဝမ်ရှင်းသည် သူမ၏လက်သီးများကိ တင်းတင်းဆုပ်လိုက်ပြီး နောင်တစ်ခါ ဤကဲ့သို့သောအမှားများ ထပ်မလုပ်မိစေရန် စိတ်ပိုင်းဖြတ်လိုက်သည်။
ထို့နောက် ကျွန်းပေါ်ရှိလူတိုင်းအား ချစ်ပ်ထည့်သွင်းလိုက်ကြသည်။
“ဒီပစ္စည်းက အရမ်းအဆင့်မြင့်လွန်းတယ်။ လက်ကောက်ဝတ်ထဲကို တကယ်ထည့်သွင်းလို့ရတယ်။”
“ဟုတ်တယ် ဒီလိုအဆင့်မြင့်တဲ့ပစ္စည်းမျိုးကို ငါတစ်ခါမှ မမြင်ဖူးဘူး။”
“သူဌေးကြီးက တကယ်ကိုကွဲပြားတာပဲ။”
“နင်က အခုထိ ‘သူဌေးကြီး’ လို့ခေါ်နေတုန်းပဲလား။ အခု ‘ကျွန်းပိုင်ရှင်’ လို့ ပြောင်းခေါ်ရတော့မှာလေ။”
“အမှန်ပဲ။ ကျွန်းပိုင်ရှင်က အရမ်းကိုမှငယ်သေးပြီး အရမ်လည်းချောတယ်။”
“ဟဲ့ကောင်မလေး ညည်း ယောက်ျားတစ်ယောက်ကို ထပ်ပြီးစွဲလန်းနေပြန်ပြီလား။”
“ကျစ် နင်တို့ရော မစွဲလန်းလို့လား။ ခုနက သားရည်တွေကျနေတာ ဘယ်သူလဲ မသိဘူးနော်။”
အခန်း ၅၆၈ မိန်းမများ၏ ပြဿနာ၊ နွားရိုင်း
ခဏကြာပြီးနောက် ဝမ်ရှင်းက ထိုနေရာသို့ လျှောက်သွားကာ မေးလိုက်သည်။
“အားလုံးပြီးပြီလား...။”
“ဟုတ်ကဲ့ ဒီစက်က တော်တော်လေးမြန်ပါတယ်။”
ဝမ်ရှင်း ခေါ်ဆောင်လာသည့် လျှပ်စစ်သမားတစ်ဦးဖြစ်သူ ရှန်ကျန်း ပြန်လည်ဖြေကြားလိုက်သည်။
ဝမ်ရှင်းသည် အရင်က အပန်းဖြေစခန်းသို့သွားစဉ်က ကတ်ပြားရခဲ့ဖူးသောကြောင့် ဤတစ်ကြိမ်တွင်လည်း ထပ်မံရယူရဦးမည်ဖြစ်သည်။
အရာရာ ပြီးစီးသွားပြီးနောက် ဝမ်ရှင်းသည် စက်ကို ပိုင်ရှင်ထံသို့ ပြန်အပ်လိုက်၏။
“အစ်မကြီး ကျွန်းပိုင်ရှင်က တကယ့်ကို ချမ်းသာတာပဲနော်။ ရောက်တာနဲ့ ကျွန်မတို့ကျွန်းကို စတုရန်းမီတာ ၂၀၀,၀၀၀ အထိ ချဲ့ထွင်လိုက်ပစ်တာပဲ။”
ရှန်ကျန်းသည် ရုတ်တရက် ကြီးထွားလာသည့် ကျွန်းကို ကြည့်ကာ ပြောလိုက်သည်။
ဝမ်ရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“ကျွန်းပိုင်ရှင်နဲ့ယှဉ်လိုက်ရင် ငါတို့က တောသားငနုံငအတစ်စုပါပဲ။”
“ဟုတ်တယ်။ သခင်ကျန်းယွင်ထျန်းက စစ်သားတွေအပြည့်နဲ့ သင်္ဘောတစ်စီးကို ခေါ်လာခဲ့တယ်။ လက်နက်ကိရိယာတွေလည်း အပြည့်အစုံပဲ။”
“ဟုတ်တယ်၊ သူတို့ရဲ့အဝတ်အစားတွေအားလုံးက ဆင်တူတွေချည်းပဲ။ သူတို့အားလုံးက ဒေသခံတွေဆိုပေမယ့် အရမ်းချောတာပဲ ဟိဟိ..။”
“ဟေး ကောင်မလေး နင်က ကျွန်းပိုင်ရှင်ကို စွဲလန်းရုံတင်မကဘူး ဒေသခံတွေကိုပါ စွဲလန်းနေပြန်ပြီလား။”
“အမှန်ပဲ နင်က စားနိုင်သမျှ အကုန်စားဖို့ပြင်နေတာလား။”
“နင်လည်း အကုန်စားချင်နေတာပဲမဟုတ်ဘူးလား။ ကျွန်းပိုင်ရှင်နဲ့ဆိုရင် ငါ့အတွက်အခွင့်အရေးမရှိဘူးလေ။ ငါ့ရဲ့ချစ်ရေးချစ်ရာကိစ္စကိုတော့ လွတ်လွတ်လပ်လပ် ရွေးချယ်ရမှာပဲ။”
“ဟုတ်တယ်... ငါလည်း စစ်သားတစ်ယောက် တွေ့ထားတယ်။ သူ့ရဲ့ကြွက်သားတွေက ဖောင်းကားစူထွက်နေတာပဲ။ တကယ်ကို ကြည့်ကောင်းလွန်းတယ်။”
သူမ၏ညီအစ်မများသည် စစ်သားများကို ညွှန်ပြရင်း အတင်းအဖျင်းစကားများပြောနေသည်ကို နားထောင်ရင်း ဝမ်ရှင်းသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် သူမ၏ခေါင်းကိုခါယမ်းကာ သစ်သားအိမ်ဆီသို့ ပြန်းလျှောက်သွားခဲ့သည်။
အန်ယွဲ့သည် ၎င်းတို့လိုအပ်သည့် ကျောက်တုံးအိမ်အားလုံးကို လဲလှယ်ပေးထားပြီး သူမအတွက် မက်ဆေ့ချ်တစ်စောင် ချန်ထားခဲ့သည်။
“အရင်က အရှေ့ဘက်မဟာမိတ်ကျွန်းမှာ ငါတို့သုံးခဲ့တဲ့ ကြိုးသွယ်စနစ်ကို မင်းရဲ့ကျွန်းမှာ တိုက်ရိုက်သုံးလို့ရမလား။”
ဝမ်ရှင်းသည် အနည်းငယ်တွေးတောပြီးနောက် ပြန်ဖြေလိုက်သည်။
“နည်းနည်းလောက်တော့ ပြုပြင်ရပါဦးမယ်။ ဒါပေမယ့် သိပ်တော့မများပါဘူး။ ဘာပဲပြောပြော ကျွန်းပေါက်က အဆောင်အဦနေရာချထားမှုပုံစံတွေက နည်းနည်းလေး ကွာခြားနေတုန်းပဲမို့ပါ။”
“ကောင်းပြီ ဒါဆို မင်းတို့ကျွန်းပေါ်က ဝါယာကြိုးသွယ်မယ့်ကိစ္စကို အရင်ဆုံးဖြေရှင်းလိုက်ကြပေါ့။”
အန်ယွဲ့က ပြန်ဖြေလိုက်သည်။
“ကျန်တဲ့ကျွန်းတွေကိုပဲ အရင်ဆုံးပြီးအောင် လုပ်လိုက်ပါမယ်။”
ဝမ်ရှင်းက ပြောလိုက်သည်။
“အဲ့လောက်လည်း ယဉ်ကျေးမနေပါနဲ့။ ငါတို့က အမျိုးသမီးတွေကို အရင်ဦးစားပေးရမယ်။ ကျန်တဲ့ကျွန်းတွေမှာက ကြမ်းတမ်းတဲ့ယောက်ျားတွေနဲ့ချည်း ပြည့်နေတာပဲ။ အလျင်မလိုပါဘူး။”
အန်ယွဲ့က ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် ဦးလေးအန်း။”
ထို့နောက် သူမသည် သစ်သားအိမ်အိမ်အားလုံးအား တစ်အိမ်လျှင် အုတ်မြစ်ကျောက်နှစ်ခုစီဖြင့် ဈေးကွက်တွင် ချိတ်ဆွဲထားလိုက်သည်။
လက်ရှိတွင် ကျွန်းပေါ်ရှိ လူအများစုတွင် အိမ်တစ်လုံးတော့ ရှိနေပြီးဖြစ်သောကြောင့် သစ်သားအိမ်အတွက် လိုအပ်ချက်မှာ သိပ်မများလှတော့ပေ။
ကျွန်းများသည် သဘာဝဘေးအန္တရာယ်များကြောင့် လုံးဝပျက်စီးသွားနိုင်သည့်အခြေအနေမျိုးတွင်သာ ထိုကျွန်းများသည် သစ်သားအိမ်အသစ်များ ဝယ်ယူရန် လိုအပ်မည်ဖြစ်သည်။
အိမ်ပျက်စီးမှုသည် ၈၀% သို့မဟုတ် ထို့ထက်ပိုများသွားပါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြု၍ ပြုပြင်မရနိုင်တော့ပေ။
ကျောက်တုံးအိမ်အားလုံး နေရာတကျဖြစ်သွားပြီးနောက် ဝမ်ရှင်းသည် ချက်ချင်းပင် ရှန်ကျန်းအား ဖုန်းခေါ်လိုက်လေသည်။
“ရှန်ကျန်း သူတို့ကို ပြန်လာပြီး အခန်းတွေသန့်ရှင်းရေးလုပ်ခိုင်းလိုက်ပါ။ နှစ်ယောက်တစ်ခန်းနေရမယ်။”
“ဟုတ်ကဲ့”
ရှန်ကျန်းက ပြန်ဖြေကာ အပြင်ဘက်တွင် ထိုသန်မာသည့်စစ်သားများကို ချောင်းကြည့်နေသေးသည့် ညီအစ်မများအား ချက်ချင်း ပြန်ခေါ်လိုက်လေသည်။
သူတို့သည် လွတ်လပ်စွာ အဖွဲ့ဖွဲ့လိုက်ကြပြီးနောက် နှစ်ယောက်တစ်တွဲ၊တွဲကာ ကျောက်တုံးအိမ်တစ်လုံးကို ရွေးချယ်ကြပြီး မိမိတို့နှစ်သက်ရာပုံစံဖြင့် အလှဆင်လိုက်ကြသည်။
ဤအချိန်တွင် ဝမ်ရှင်းသည် သူမ၏အဆက်အသွယ်များစာအုပ်ကို ကြည့်ရှုကာ နက်ရှိုင်းစွာ တွေးတောနေမိသည်။
သူတို့သည် ယီရန်ပင်းမဟာမိတ်အဖွဲ့သို့ သူမတို့၏လျှပ်စစ်ဆိုင်ရာ ကျွမ်းကျင်မှုများကြောင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်သော်လည်း သူတို့အားလုံးထဲမှ သုံးဦးသာလျှပ်စစ်သမားများဖြစ်ပြီး ကျန်လူအများစုမှာ သာမန်လူများသာဖြစ်သည်။
ယခု သူတို့သည် ယီရန်ပင်းမဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်ပြီးဖြစ်သည့်အတွက် ဘေးကင်းရေးသည် လုံးဝမစိုးရိမ်ရတော့သော်လည်း အလုပ်တစ်ခုတော့ လုပ်ဆောင်ရန် လိုအပ်နေသေးသည်။
သူတို့သည်လည်း ငွေကိုသုံးစွဲကြရမည်ဖြစ်ရာ အလုပ်မလုပ်ပါက ငွေကိုမည်သို့ရရှိနိုင်မည်နည်း။
ထိုအတွေးဖြင့် ဝမ်ရှင်းသည် ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်လိုက်လေသည်။
“ဟယ်လို အဒေါ်လီ ကျွန်မက ဒီနေ့အဖွဲ့ထဲကိုအသစ်ဝင်လာတဲ့ ဝမ်ရှင်းပါ။”
ဝမ်ရှင်းက ပြောလိုက်သည်။
“ဝမ်ရှင်းလား ငါ မင်းကိုလာရှာတော့မလို့ပဲ။”
လီယန်က ပြောလိုက်သည်။
“မင်းဘက်က အရင်ဖုန်းဆက်လာလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။”
“ကျွန်မကိုရှာနေတာလား။ တစ်ခုခုလိုအပ်တာရှိလို့လား။”
ဝမ်ရှင်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ဒါပေါ့...မင်းရဲ့ကျွန်းက နေထိုင်သူအများစုက အမျိုးသမီးတွေလို့ ငါကြားထားတယ် ဟုတ်လား။”
လီယန်က မေးလိုက်သည်။
“ဟုတ်ပါတယ်။”
“ဒါဆို မင်းရဲ့ကျွန်းကနေ အလုပ်သမားနည်းနည်းလောက် ငါခေါ်ချင်တယ်။ ဒါမှမဟုတ် မင်းကျွန်းပေါ်မှာပဲ အလုပ်လုပ်ခိုင်းစေချင်တယ်။”
“တကယ်လား။ ဒါက တကယ်ကိုအံ့သြစရာပဲ။ ကျွန်မလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အဒေါ်ကိုဖုန်းခေါ်လိုက်တာပါ။”
ဝမ်ရှင်းက ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
“ဒါပေမယ့် ဘာလို့ ကျွန်မကျွန်းက လူတွေကို ခေါ်ချင်တာလဲ။ ကျွန်းပိုင်ရှင်မှာ သူဖမ်းထားတဲ့ ဒေသခံတွေ အများကြီးရှိတယ်မဟုတ်လား။”
“ဒေသခံတွေတော့ အများကြီးရှိပါတယ်။ သူတို့က ချည်ငင်တယ်၊ အထည်ရက်တယ်။ အခုဆိုရင် တစ်လွှားအဝတ်အစားတွေ ပြဿနာမရှိဘဲ လုပ်နိုင်တယ်။ ဒါပေမယ့် ငါက ဆောင်းတွင်းအဝတ်အစားတွေ လုပ်ဖို့စီစဉ်နေတာ။ ဒါက တစ်လွှာအဝတ်အစားထက်ပိုပြီးရှုပ်ထွေးတယ်။ ဒေသခံတွေကို အများကြီးရှင်းပြဖို့လိုတယ်။ ဒါပေမယ့် မင်းရဲ့ကျွန်းက လူတွေနဲ့ဆိုရင်တော့ ဒီလိုမျိုးပြဿနာတွေမရှိဘူးလေ။”
လီယန်က ရှင်းပြလိုက်သည်။
“ကောင်းပါပြီ။ ကျွန်မဒီမှာ စာရင်းကောက်ကြည့်ပြီးရင် ဘာတာဝန်မှမရှိတဲ့သူတွေအားလုံး လာခိုင်းလိုက်ပါမယ်။”
ဝမ်ရှင်းက ပြန်ဖြေလိုက်သည်။
“အရမ်းမလောပါနဲ့။ မင်းတို့ကျွန်းမှာပဲ လုပ်ခိုင်းလိုက်လို့ရတယ်။ မင်းတို့ အရင်ပြင်ဆင်ထားလိုက်ပါ။ ပြီး ငါမင်းတို့ကိုလာတွေ့မယ်။”
လီယန်က ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အဒေါ်လီ။”
ဝမ်ရှင်း ဖုန်းချလိုက်ပြီးနောက် စိတ်ထဲတွင် ပို၍သက်သောင့်သက်သာရှိသွားခဲ့သည်။
ယခုအခါ ဘေးကင်းလုံခြုံရေးနှင့် အလုပ်အကိုင်ပြဿနာများကို ဖြေရှင်းပြီးဖြစ်သဖြင့် ကျန်ရှိသည့်အရာများမှာ အဆင့်ဆင့်လုပ်ဆောင်ရန်သာဖြစ်သည်။
ထို့နောက် ဝမ်ရှင်းသည် စာရွက်အဖြူတစ်ရွက်ကို ထုတ်ယူလိုက်ပြီး ခဲတံကိုင်ကာ “ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်ခြင်း” ဟူသော စကားလုံးများကို ရေးချလိုက်လေသည်။
ထိုအချိန်တွင် ရှောင်းယီသည် သူ၏အိပ်ခန်းထဲတွင် ရှိနေပြီး ရုတ်တရက် သူ၏တေါ်ကီတော်ကီမှ အသံမြည်လာခဲ့သည်။
“ကျွန်းပိုင်ရှင် ရှောင်ပိုင်က နွားရိုင်းတချို့ ခေါ်လာပါတယ်။”
ဆုဝမ်က ပြောလိုက်သည်။
“ကောင်းပြီ ငါအခုဆင်းသွားပြီးကြည့်လိုက်မယ်။”
ရှောင်းယီက ပြန်ဖြေကာ အောက်ထပ်သို့ ဆင်းသွားလိုက်သည်။
သူ ဗီလာခြံထဲသို့ ရောက်ရှိသွားသည့်အခါ နွားရိုင်းခြောက်ကောင်သည် ကြွက်တက်သကဲ့သို့ တုန်ယင်နေသည်ကို တွေ့လိုက်ရလေသည်။
ရှောင်ပိုင်သည် သူတို့ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။
ကွေးညွှတ်နေသော ဦးချိုများနှင့် မည်းနက်နေသည့်အရေပြားမျယးဖြင့် နွားရိုင်းများကို တွေ့လိုက်ရသည့်အခါ စနစ်မှသတိပေးချက် ထွက်ပေါ်လာခဲ့သည်။
“နွားရိုင်း (S-အဆင့်) - ၃ မီတာရှည်ပြီး ၁.၅ မီတာမြင့်ကာ ရင်ဘတ်ကျယ်ပြီး ခြေလက်များထူထဲ၍ ခွန်အားကြီးမားသည်။ နွားရိုင်းအုပ်ပြေးလာနေသည်ကို တွေ့ပါက ရှောင်ကြဉ်ပါ။”
“နွားရိုင်း (A-အဆင့်) - ...”
ကျန်ရှိသော ဖော်ပြချက်များမှာ ဆင်တူယိုးမှားများဖြစ်ပြီး S-အဆင့် တစ်ကောင်နှင့် A-အဆင့် ငါးကောင်ပါရှိသည်။
“ရှောင်ပိုင် မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ။ ဒါကို ငါတကယ်လိုအပ်နေတာ။ နောက်မှ သားရဲဘုရင်ကိုပြောပြီး မင်းကိုပိုပြီးကောင်းအောင်ဆက်ဆံခိုင်းလိုက်မယ်။”
ရှောင်းယီက ရှောင်ပိုင်ကိုကြည့်ကာ ပြောလိုက်သည်။
ရှောင်ပိုင်က ခပ်တိုးတိုးတစ်ချက်ဟိန်းလိုက်ပြီးနောက် ထွက်ခွာသွားခဲ့သည်။
ရှောင်ပိုင် ထွက်ခွာသွားပြီးနောက် နွားရိုင်းများသည် သူတို့ခံစားနေရသော ဖိအားများအားလုံး ပျောက်ကွယ်သွားသည်ကို ချက်ချင်းခံစားလိုက်ရပြီး မတ်တတ်ထရပ်လာကြသည်။
ရှောင်းယီသည် ချက်ချင်းပင် ရွှမ်းယွမ်ဓားကို ဆွဲထုတ်လိုက်ပြီး ထိုနွားရိုင်းများကို ပြန်လှဲခိုင်းလိုက်၏။
“ငါ့စကားနားထောင်ရင် နောင်တစ်ချိန်မှာ မင်းတို့ ကောင်းကောင်းစားပြီး ကောင်းကောင်းနေရမယ်။ မနာခံရင် မင်းတို့ကိုသတ်ပြီး အမဲသားလုပ်ပစ်စားမယ်။ နားလည်လား...။”
ရှောင်းယီက ပြောလိုက်သည်။
“မူးးးး”
နွားရိုင်းများထံမှ သဘောတူကြောင်း အကြောင်းပြန်ချက်ရရှိပြီးနောက် ရှောင်းယီသည် ရွှမ်းယွမ်ဓားကို ပြန်လည်သိမ်းဆည်းလိုက်သည်။
“ငါ့နောက်ကလိုက်ခဲ့...။”
ထို့နောက် ရှောင်းယီသည် ၎င်းတို့ကို ဦးဆောင်လမ်းပြကာ ခေါ်ဆောင်သွားခဲ့သည်။
နွားရိုင်းခြောက်ကောင်သည် ရှောင်းယီ၏နောက်မှ နာခံစွာလိုက်ပါသွားရန်မှ၍ တခြားလုပ်နိုင်တာမရှိခဲ့ကြပေ။
ရှောင်းယီသည် သူတို့ကို အိမ်ယာခြံဝင်းထဲသို့ ခေါ်ဆောင်သွားပြီး သားကောင်များထိန်းသိမ်းရန်နေရာတွင် သူတို့အတွက် နေရာသတ်မှတ်ပေးလိုက်သည်။
“နာ့နာ သူတို့ကို နာကျင်မှုမရှိအောင် ခွဲစိတ်ပြီး နှာဖားကြိုးတပ်ပေးပါဦး။”
ရှောင်းယီက နာ့နာကိုခေါ်ကာ ပြောလိုက်သည်။
“ပြဿနာမရှိပါဘူး။”
နာ့နာက ပြန်ဖြေလိုက်သည်။
ရှောင်းယီသည် ဘေးတခြမ်းတွင် ရပ်ကြည့်နေလိုက်ပြီး နွားရိုင်းများမှာ အနည်းငယ်မျှပင် ခုခံရန် မဝံ့ရဲခဲ့ကြပေ။
နာ့နာသည် နွားရိုင်းများအားလုံး၏နှာခေါင်းတွင် နှာဖားကွင်းများအား မြန်မြန်ဆန်ဆန် တပ်ဆင်ပေးလိုက်သည်။
ယခင်ကမ္ဘာတွင် ကျွဲနွားများကို အမြဲတမ်း နှာဖားကွင်းတပ်ဆင်ပေးလေ့ရှိပြီး ၎င်းသည် သူတို့ကိုလေ့ကျင့်ရန်၊ ယဉ်ကျေးအောင်ပြုလုပ်ရန်နှင့် ဦးဆောင်ရန် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။
နွားအများစုကို တစ်နှစ်သားခန့်အရွယ်တွင် နှာဖားကွင်း တပ်ဆင်ပေးလေ့ရှိသည်။ ဤနွားရိုင်းများမှာ အသက်အတော်ကြီးနေပြီဖြစ်သော်လည်း နာ့နာမှတာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်သောကြောင့် ပြဿနာမရှိပေ။
“လောင်ယွမ် သူတို့ကို အချိုးပြေသွားအောင် ရက်နည်းနည်းလောက် အစာကျွေးလိုက်ပါ။ ပြီးရင် သူတို့ကို ဆုံလည်ဆွဲခိုင်းရတးမယ်။ တကယ်လို့ နာခံမှုမရှိဘူးဆိုတဲ့လက္ခဏာပြရင် ချက်ချင်းကျုပ်ကိုပြောပါ။ ဘာဖြစ်ဖြစ် ကျုပ်အမဲသားစားချင်တယ်။”
ရှောင်းယီသည် ထိုနွားရိုင်းများ ကြားနိုင်အောင် တမင်ရည်ရွယ်၍ ထိုစကားကိုပြောလိုက်ခြင်းဖြစ်လေသည်။