← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁) အသရေဖျက်မှု

အဆိပ်တောင်ထွတ်၊ ခန်းမကြီးထဲတွင်။

ခေါင်းကို အဖြူရောင် အဝတ်စဖြင့် ပတ်ထားသော ကုထျန်းရန်သည် ကျောက်မန်အား ဗဟုသုတအသစ်များ သင်ကြားပေးနေ၏။

ကျောက်မန်သည် ခေါင်းငုံ့ထားပြီး ကုထျန်းရန်ကို မကြည့်ရဲပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် ရယ်ချင်စိတ်ကို မထိန်းနိုင်ဖြစ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။

“ဘုန်း...”

ကျယ်လောင်သော အသံကြီးတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့ နှစ်ယောက်စလုံးကို လန့်ဖျပ်သွားစေ၏။

ကုထျန်းရန် စဉ်းစားရန် အချိန်မရလိုက်ခင်မှာပင် အဖြူရောင် အဝတ်စအောက်ရှိ သူ၏ မျက်နှာက မည်းမှောင်သွားတော့သည်။

“ဒီမှာပဲ နေ... မလှုပ်နဲ့...”

ကျောက်မန်ကို အလျင်စလို ပြောပြီးနောက် ကုထျန်းရန်သည် ချက်ချင်းပင် ဓားပျံကို ဆင့်ခေါ်၍ ထွက်သွားလေ၏။

အဆိပ်တောင်ထွတ်၏ တောင်ခါးပန်းတွင် ဖြည်းညင်းစွာ တက်လာနေသော မှိုပွင့်ပုံစံ တိမ်တိုက်ကြီးကို မြင်လိုက်ရသောအခါ ကုထျန်းရန် လုံးဝ ဆွံ့အသွားတော့သည်။

အဆိပ်တောင်ထွတ် ပေါက်ကွဲသွားပြီလား...

သူသည် ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ အပြေးအလွှား သွားလိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ မှိုပွင့်ပုံစံ တိမ်တိုက်ကြီး လွင့်စင်သွားပြီး အရှေ့ရှိ မြင်ကွင်း တစ်ခုလုံးကို တွေ့လိုက်ရ၏။

မြေပြင်ပေါ်တွင် အလွန် သိသာထင်ရှားသော အမည်းရောင် ပေါက်ကွဲမှု အမှတ်အသား တစ်ခု ရှိနေပြီး ပေါက်ကွဲမှု စက်ဝိုင်းတစ်ခု အသွင် ဖြစ်ပေါ်နေသည်။

ပေါက်ကွဲမှု အချင်းဝက်၏ အလယ်ဗဟို တည့်တည့်တွင် အရက်ဆိုင် တစ်ခု ရှိပြီး တိုင်တစ်တိုင်၊ နှစ်တိုင်ခန့်သာ ကျန်ရှိတော့သည်အထိ ပေါက်ကွဲ ပျက်စီးသွား၏။

ပတ်ဝန်းကျင်ရှိ အဆောက်အအုံများမှာလည်း အတိုင်းအတာ အမျိုးမျိုးဖြင့် ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသည်။

ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍မူ ဤသည်က ကုထျန်းရန်ကို အံ့အားအသင့်ဆုံး ဖြစ်စေသော အပိုင်း ဖြစ်၏။

တပည့်များသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး အားလုံးက ဗုံးပေါက်ကွဲမှုကြောင့် အတိုင်းအတာ အမျိုးမျိုးဖြင့် ဒဏ်ရာများ ရရှိထားကြသည်။

သို့သော် မည်သူမျှ သေစေနိုင်လောက်သော ဒဏ်ရာများ မရရှိခဲ့ကြဘဲ အလွန်ဆုံးမှ အသေးစား ပြတ်ရှဒဏ်ရာများသာ ရရှိခဲ့ကြ၏။

ထို့အပြင် ဇဝေဇဝါ ဖြစ်စေသော အခြားအချက် တစ်ချက်လည်း ရှိသေးသည်။

ဆိုလိုသည်မှာ ဤတပည့်များ အားလုံးက သတိလစ်နေပုံရပြီး မည်သည့် လှုပ်ရှားမှု သို့မဟုတ် တုံ့ပြန်မှုမျှ မရှိခြင်း ဖြစ်၏။

ယုတ္တိဗေဒအရ ပြောရလျှင် ဤသို့သော ပေါက်ကွဲပျက်စီးမှုက တပည့်များ အားလုံးကို သတိလစ်သွားစေရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ အားလုံးသည် ကျင့်ကြံသူများ ဖြစ်ကြသောကြောင့် ဖြစ်သည်။

“ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုလည်း မရှိဘူး ဆိုတော့ တစ်ယောက်ယောက်က တိုက်ခိုက်လိုက်တာမျိုးတော့ မဟုတ်ဘူး...”

ထို့နောက် ကုထျန်းရန်သည် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရပြီး သူ၏ နှာခေါင်းက အနည်းငယ် ရှုံ့သွားကာ လေထုထဲမှ ထူးခြားသော အနံ့တစ်ခုကို ရှူရှိုက်မိလိုက်၏။

“အဆိပ်လား...”

ကုထျန်းရန်သည် မျက်မှောင်ကြုတ်လိုက်ပြီး သေသေချာချာ ထပ်မံ ရှူရှိုက်ကြည့်လိုက်သည်။

စတုတ္ထအဆင့် အထွတ်အထိပ် အဆိပ်ဆရာ တစ်ယောက်အနေဖြင့် သူသည် အဆိပ်များနှင့် ပတ်သက်၍ အလွန် အကဲဆတ်ပြီး ခံနိုင်ရည်စွမ်းလည်း အလွန် မြင့်မား၏။

ဂိုဏ်းထဲတွင် သူ့ကို သေစေနိုင်သော အဆိပ်ကို မည်သူမျှ ဖော်စပ်နိုင်မည် မဟုတ်ကြောင်း သူ ယုံကြည်ချက် ရှိသည်။ ထို့ကြောင့် သူသည် အဆိပ်ကို နှာခေါင်းဖြင့် တိုက်ရိုက် ရှူရှိုက်ရဲခြင်း ဖြစ်၏။

အခြားလူ တစ်ယောက်ယောက်သာ ဆိုလျှင် သုံးစက္ကန့်မှ ငါးစက္ကန့်အတွင်း မြေပြင်ပေါ်သို့ လဲကျသွားပေလိမ့်မည်။

စက္ကန့်အနည်းငယ်ကြာ သေသေချာချာ စစ်ဆေးပြီးနောက် ကုထျန်းရန်၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း ထူးဆန်းလာ၏။

လေထုထဲတွင် ပျံ့နှံ့နေသော မတူညီသည့်

အဆိပ် အမျိုးအစား အနည်းဆုံး နှစ်ဆယ်ခန့် ရှိကြောင်း တွေ့ရှိလိုက်ရပြီး ၎င်းတို့ အားလုံးတွင် တူးခြစ်နေသော အနံ့များ ရှိနေသည်။

“ငါ သိပြီ... ကြည့်ရတာ အဲဒီတပည့်တွေက ပေါက်ကွဲမှုကြောင့် သတိလစ်သွားတာ မဟုတ်ဘဲ အဆိပ်ကြောင့် သတိလစ်သွားတာပဲ...”

“ဒါပေမဲ့ ဂိုဏ်းထဲမှာ ဘယ်သူကများ အဲဒီလို လုပ်မှာလဲ...”

ကုထျန်းရန် စဉ်းစားနေစဉ် မလှမ်းမကမ်းမှ အနီရောင် ပုံရိပ်တစ်ခု ပျံသန်းလာ၏။

မော့ကြည့်လိုက်သောအခါ ထိုသူမှာ လောချင်းယွီ ဖြစ်နေကြောင်း တွေ့လိုက်ရပြီး သူမ၏ ခရီးပန်းတိုင်မှာ ချန်လော့၏ နေအိမ် ဖြစ်ပုံရသည်။

သူ သိပ်ပြီး မတွေးတောခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ လောချင်းယွီသည် မိမိလူကို ကာကွယ်တတ်ကြောင်း ဂိုဏ်းထဲရှိ လူတိုင်း သိကြ၏။

ဆူညံသံများကို ကြားရသောကြောင့် သူမ၏တပည့်ကို လာကြည့်ခြင်းသည် ပုံမှန်ပင် ဖြစ်၏။

သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ စိတ်ထဲ၌ အတွေးတစ်ခု ရုတ်တရက် ဖြတ်ပြေးသွား၏။

အဆိပ်၊ ရောစပ်ထားတဲ့ ဆေးတွေ... ပြီးတော့ တပည့်တွေ အားလုံး ဒဏ်ရာရထားတယ်... ဒါပေမဲ့ ဘယ်ဒဏ်ရာမှ သေလောက်တဲ့အထိ မပြင်းထန်ဘူး...

နောက်ဆုံးအကြိမ် ဤသို့သော အဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့စဉ်က လူတစ်ယောက်နှင့် သက်ဆိုင်နေ၏။

သူသည် ချန်လော့၏ နေအိမ်ဘက်သို့ ခေါင်းကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာသည် အနည်းငယ် ထူးဆန်းလာတော့သည်။

သို့ပေမဲ့ ဤအရာအားလုံးကို သက်သေပြရန် လုံလောက်သော အထောက်အထား သူ့တွင် မရှိသေးပေ။ သူ၏ ဒဏ်ရာများက မပျောက်သေးသလို လောချင်းယွီ၏ ရိုက်နှက်ခြင်းကိုလည်း မခံနိုင်တော့ပေ။

ထိုအချိန်မှာပင် သူ့ဘေးရှိ တပည့်တစ်ယောက်က ရုတ်တရက် ချောင်းဟန့်လိုက်၏။

“အဟွတ်... စီနီယာအစ်ကို ချန်လော့... ကျွန်တော်တို့... ကျွန်တော်တို့ စီနီယာအစ်ကိုကို စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး...”

ဤကဲ့သို့ ပြောပြီးနောက် ထိုတပည့်သည် လုံးဝ သတိလစ်သွားတော့၏။

ဤသည်ကို ကြားသောအခါ ကုထျန်းရန်သည် ချက်ချင်းပင် အံကြိတ်၍ လက်သီးများကို တင်းကျပ်စွာ ဆုပ်လိုက်သည်။

“ငါ သိသားပဲ... ဒါကို လုပ်တာ အဲဒီ ခွေးကောင်လေးမှန်း ငါ သိသားပဲ...”

ထိုသို့ ပြောပြီးနောက် သူသည် ချန်လော့၏ နေအိမ်ဆီသို့ ဒေါသတကြီး ထွက်သွားလေ၏။

ဤအရာအားလုံးကို ဘာမှမသိသော ချန်လော့သည် နေအိမ်မှ ထွက်လာကာ ထိုနေရာတွင် ဖရဲစေ့ စားရင်း ရပ်နေ၏။

“ဘုရားရေ... အဆိပ်တောင်ထွတ် ပေါက်ကွဲသွားပြီဟေ့...”

“ဟားဟား... အဖိုးကြီးကု သူ့အပြစ်နဲ့သူ သွားပြီပဲ...”

“ကောင်းလိုက်တာ... တကယ့်ကို ကောင်းတာပဲ... ရှန်ပိန် ဖောက်ဖို့ အချိန်တန်ပြီ...”

ချန်လော့တစ်ယောက် အောင်ပွဲခံနေစဉ်မှာပင် သူ၏ဦးခေါင်းထက်သို့ လက်သီးချက်တစ်ချက် ဝုန်းခနဲ ကျရောက်လာခဲ့သည်။

ချန်လော့မှာ ခဏမျှ အံ့အားသင့်သွားပြီးနောက် လှည့်ကြည့်လိုက်ရာ လောချင်းယွီသည် သူ၏ အနောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

“ဆရာ... ဒီကို ဘာလာလုပ်တာလဲ...”

လောချင်းယွီသည် ချန်လော့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နေရာကို ကြည့်လိုက်၏။

“ငါ ဆူညံသံ တချို့ ကြားလိုက်လို့ လာကြည့်တာ...”

ထိုသို့ ပြောရင်း လောချင်းယွီသည် ချန်လော့ကို ကြည့်လိုက်ပြီး အတန်ကြာ စဉ်းစားပြီးနောက် မေးလိုက်၏။

“ဒီပေါက်ကွဲမှုက မင်းနဲ့ သက်ဆိုင်နေလား...”

ချန်လော့က ခဏမျှ တန့်သွားပြီးနောက် ချက်ချင်း ခေါင်းခါလိုက်၏။

“ဆရာ... ဆရာ ကျွန်တော့်ကို သိသားပဲ...”

“ကျွန်တော် ချန်လော့က ဘယ်လိုလုပ် အဲဒီလို လူစားမျိုး ဖြစ်နိုင်မှာလဲ...”

“ပြီးတော့ တကယ်လို့ ကျွန်တော်သာ လုပ်ခဲ့ရင် သေချာပေါက် ဒီလောက် သေးတဲ့ မှိုပွင့်ပုံစံ တိမ်တိုက်လေး ဖြစ်လာမှာ မဟုတ်ဘူး...”

ချန်လော့၏ စကားကို ကြားသောအခါ လောချင်းယွီက အကူအညီမဲ့စွာ ခေါင်းခါလိုက်၏။

“ချန်လော့...”

အနောက်ဘက်မှ အခြားအသံတစ်ခု ထွက်ပေါ်လာသဖြင့် ဆရာတပည့် နှစ်ယောက်စလုံး အသံလားရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ထို့နောက် ခေါင်းကို အဖြူရောင် အဝတ်စ ပတ်ထားသော လူတစ်ယောက် လျှောက်လာ၏။

“အခု မင်း ဘာပြောစရာ ရှိသေးလဲ...”

ချန်လော့က ထိုအသံကို ချက်ချင်း မှတ်မိသွားသည်။ ကုအကြီးအကဲ၊ ကုထျန်းရန် ဖြစ်ပုံရ၏။

“ပြောစရာ ဘာရှိလို့လဲ...”

ဤအခိုက်အတန့်တွင် ချန်လော့မှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားပြီး မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကို မသိတော့ပေ။

ချန်လော့၏ အမူအရာကို မြင်သောအခါ ကုထျန်းရန်သည် ချန်လော့ ဟန်ဆောင်နေသည်ဟု ထင်ကာ ချက်ချင်းပင် ပို၍ ဒေါသထွက်လာတော့၏။

“မင်းက ဟန်ဆောင်နေတုန်းပဲ...”

“ဒီကိစ္စတွေ အားလုံးကို စလုပ်ခဲ့တာ မင်းပဲ ဆိုတာကို အဲဒီတပည့်တွေ အားလုံးက ဝန်ခံပြီးပြီကွ...”

ဤသည်ကို ကြားသောအခါ ချန်လော့မှာ လုံးဝ ဆွံ့အသွားတော့၏။

“စလုပ်တဲ့သူ ဟုတ်လား... ဘာတွေ ဖြစ်နေတာလဲ... ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှမသိဘူးနော်...”

“အသရေဖျက်တာပဲ... ဒါက လုံးဝကို အသရေဖျက်တာပဲ...”

“သူနဲ့ မျက်နှာချင်းဆိုင် တွေ့ခွင့်ပေးဖို့ ကျွန်တော် တောင်းဆိုတယ်...”

ချန်လော့သည် မကောင်းမှု အများအပြား လုပ်ခဲ့ပြီး ကိုယ်ပိုင် ဂုဏ်သတင်းကို သိပ်ဂရုမစိုက်တော့သော်လည်း အော်ဟစ်လိုက်၏။

မလုပ်ခဲ့တာကို သူ့အပေါ် အပြစ်ပုံချပြီး အပြစ် ခံခိုင်းဖို့ ကြိုးစားနေကြတာ... ငါကတော့ ဒါကို လုံးဝမှ လက်ခံမှာ မဟုတ်ဘူး...

သို့သော် ချန်လော့၏ ဂုဏ်သတင်းသည် အလွန် ဆိုးရွားနေပြီး ယခင်ကလည်း သာဓကများ ရှိခဲ့သဖြင့် သူ မည်သို့ပင် ရှင်းပြစေကာမူ မယုံကြည်ကြတော့ပေ။

“လောချင်းယွီ... ဒီကိစ္စအတွက် မင်း ငါ့ကို ရှင်းပြချက် တစ်ခု ပေးရမယ်...”

ကုထျန်းရန်က လုံးဝ သေချာနေသည့် လေသံဖြင့် ပြောလိုက်၏။

လောချင်းယွီသည် ကုထျန်းရန်ကို ဂရုမစိုက်သလို တစ်ချက် ကြည့်လိုက်ပြီးနောက်...

“ဒါကို လုပ်တာ ချန်လော့ မဟုတ်ဘူး...”

ဤသည်ကို ကြားသောအခါ ကုထျန်းရန်မှာ အံ့အားသင့်သွား၏။

မင်းက ဘယ်လိုလုပ် သိတာလဲ...

“ချန်လော့က သူ မလုပ်ဘူးလို့ ပြောတယ်လေ...”

လောချင်းယွီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ကုထျန်းရန်၏ နှုတ်ခမ်းများ တွန့်ကွေးသွား၏။

“သူ ပြောတာနဲ့ပဲ မင်းက သူ့ကို ယုံလိုက်တာလား...”

“ငါက သူ့ဆရာလေ... ငါမှ မယုံရင် ဘယ်သူက ယုံမှာလဲ...”

လောချင်းယွီ၏ အဖြေကို ကြားပြီးနောက် ချန်လော့မှာ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ထို့နောက် သူ၏ ရင်ထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု ထွက်ပေါ်လာ၏။

ကမ္ဘာပေါ်မှာ အစစ်အမှန် မေတ္တာတရား ဆိုတာ ရှိသေးတာပဲ... .. ဆရာ့ကို ကိုးကွယ်တာ မမှားခဲ့ဘူး...

သို့သော် ကုထျန်းရန်သည် ချန်လော့ကို လွှတ်ပေးချင်ပုံ မရဘဲ လောချင်းယွီကို နာကျင်နေသည့် အမူအရာဖြင့် ကြည့်လိုက်၏။

“ဒီနေ့ သူ့ကို ဒီလို ကာကွယ်ပေးနေတာက ကူညီနေတာ မဟုတ်ဘူးနော်... ဒုက္ခပေးနေတာ...”

လောချင်းယွီက စကားမရှည်တော့ဘဲ ထိုစကားကိုသာ ထပ်ပြောလိုက်သည်။

“ချန်လော့ကိုယ်တိုင်က မလုပ်ဘူးလို့ ပြောတယ်လေ... ပြီးတော့ ငါက သူ့ကို ယုံတယ်...”

ကုထျန်းရန်သည် တစ်ခုခု ပြောချင်သော်လည်း သူ စကားမပြောနိုင်ခင်မှာပင် တပည့်တစ်ယောက် ပြေးလာ၏။

အခန်း (၁၂၂) အဆိပ်သိုလှောင်ရုံ

“အကြီးအကဲ... အကြီးအကဲ...”

တပည့်ဖြစ်သူသည် ပြေးလာရင်း အော်ဟစ်လိုက်၏။

လူတိုင်းက ထိုတပည့်ကို ကြည့်လိုက်ကြပြီး ကုထျန်းရန်၏ အကြည့်မှာတော့ အနည်းငယ် စိတ်မရှည်ဖြစ်နေသည်။

“ဘာဖြစ်တာလဲ... မြန်မြန်ပြောစမ်း...”

တပည့်ဖြစ်သူက လောချင်းယွီနှင့် ချန်လော့ကို ဦးညွှတ်လိုက်၏။

“အကြီးအကဲကို သတင်းပို့ပါတယ်... ပေါက်ကွဲမှု ဖြစ်ရတဲ့ အကြောင်းရင်းကို ကျွန်တော်တို့ သိရပါပြီ...”

ဤသည်ကို ကြားသောအခါ ကုထျန်းရန်မှာ အံ့အားသင့်သွား၏။

“မင်းတို့ ဘာတွေ ရခဲ့လဲ...”

ကုအကြီးအကဲသည် တပည့်ကို အနည်းငယ် အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

“ပေါက်ကွဲရတဲ့ အကြောင်းရင်းကို မင်းတို့ သိရပြီလား...”

တပည့်ဖြစ်သူက ခေါင်းညိတ်၍ ဆက်ပြောလိုက်၏။

“အကြီးအကဲကို သတင်းပို့ရရင်... သတိလစ်နေတဲ့ တပည့်တွေကို ကျွန်တော်တို့ ကယ်တင်ခဲ့ပြီး ဆေးတိုက်လိုက်တဲ့အခါ သူတို့ ချက်ချင်း သတိပြန်ရလာပါတယ်...”

“အဲဒီနောက် ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို ကျွန်တော်တို့ မေးမြန်းခဲ့ပြီး အဖြစ်အပျက်ရဲ့ အကြောင်းရင်းနဲ့ အကျိုးဆက်တွေကို သိရပါပြီ...”

ကုထျန်းရန်၏ အပြုံးက ပိုမို တောက်ပလာပြီး ချန်လော့ကို မိမိကိုယ်ကိုယ် ကျေနပ်နေသော အမူအရာဖြင့် ကြည့်လိုက်၏။

“ကောင်းပြီ... လောအကြီးအကဲ ရှေ့မှာ သူတို့ကို အမှန်အတိုင်း ပြောပြလိုက်...”

“မှတ်ထား... အရာအားလုံး ပါရမယ်... စကားတစ်ခွန်းမှ မကျန်ခဲ့စေနဲ့...”

“ဟုတ်ကဲ့ပါ...”

တပည့်ဖြစ်သူက ခေါင်းညိတ်လိုက်၏။

“သတိပြန်ရလာတဲ့ တပည့်တွေရဲ့ အဆိုအရ သူတို့တွေ အဲဒီအချိန်တုန်းက အရက်ဆိုင်ထဲမှာ အကြီးအကဲနဲ့ စီနီယာအစ်ကို ချန်လော့တို့ သိုင်းပြိုင်တဲ့ အကြောင်းကို ပြောနေကြတာပါ ...”

“နောက်တော့ အမာခံတပည့် ကျန်းမော့ယွီက ရှေ့ထွက်လာပြီး အကြီးအကဲနဲ့ စီနီယာအစ်ကို ချန်လော့တို့က သိုင်းပြိုင်တာ မဟုတ်ဘဲ စီနီယာအစ်ကို က ရေတွင်းကို အဆိပ်ခတ်လိုက်လို့ လူတိုင်း အဆိပ်သင့်သွားတာမို့ အကြီးအကဲက အရေးယူရတာလို့ အားလုံးကို ရှင်းပြပါတယ်...”

ကုထျန်းရန်က ခေါင်းညိတ်လိုက်၏။ ကျန်းမော့ယွီ ဆိုသော ဤတပည့်ကို သူ သိသည်။

သူက တကယ်ကို ဉာဏ်ကောင်းတဲ့ လူပဲ...

“ဒါပေမဲ့ အတွင်းဂိုဏ်းသားတွေက အဲဒါကို မယုံကြဘူး... ကျန်းမော့ယွီက စီနီယာအစ်ကို ချန်လော့ကို အသရေဖျက်နေတယ်လို့ ထင်ကြပြီး နောက်တော့ နှစ်ဖက်ကြားမှာ ပဋိပက္ခ ဖြစ်ပွားလာပြီး တစ်ယောက်ကို တစ်ယောက် အဆိပ်မှုန့်တွေ ကြဲချကြပါတယ်...”

“သူတို့ အဆိပ်မှုန့်တွေ ကြဲချနေတာက ကြီးကြီးမားမား ပြဿနာ မဟုတ်ပေမယ့် အဲဒီအချိန်မှာ အရက်ဆိုင် မီးဖိုချောင်က အရက်နဲ့ တွဲစားဖို့ အဆာပြေစာတွေ ပြင်ဆင်နေတာနဲ့ တိုက်ဆိုင်သွားတယ်...”

“ဆူညံသံတွေကို ကြားရလို့ ထမင်းချက်က တံခါးကို ဖွင့်လိုက်တာ... အဲဒီအချိန်မှာ အခန်းတစ်ခုလုံး အဆိပ်မှုန့်တွေ ပြည့်နေတာမို့... မီးစတွေနဲ့ ထိသွားတဲ့အချိန် ပေါက်ကွဲသွားတာပါပဲ...”

ထိုသို့ပြောပြီးနောက် တပည့်ဖြစ်သူက ကုထျန်းရန်ကို ကြည့်လိုက်ရာ အကြီးအကဲ၏ မျက်နှာပေါ်တွင် တောင့်တင်းနေသော အပြုံးတစ်ခုကို တွေ့လိုက်ရ၏။ ကုထျန်းရန်မှာမူ နေရာ၌ပင် မတ်တတ်ရပ်လျက် ကျောက်ရုပ်တစ်ရုပ်အလား တစ်ကိုယ်လုံး မလှုပ်မယှက် တောင့်ခဲသွားလေတော့သည်။

“ကုအကြီးအကဲ... ကြည့်ရတာ ရှင် ချန်လော့ကို အထင်လွဲသွားပြီ ထင်တယ်...”

လောချင်းယွီက ကုထျန်းရန်ကို တည်ငြိမ်စွာ ကြည့်ရင်း ဖြည်းညင်းစွာ ပြောလိုက်၏။

ကုထျန်းရန်သည် ခေါင်းကို ဖြည်းညင်းစွာ လှည့်၍ သူတို့နှစ်ဦးကို ကြည့်လိုက်သော်လည်း သူ၏မျက်ဝန်းများမှာမူ အတွေးပင်လယ်ထဲ၌ နစ်မျောနေပုံရ၏။

အချိန်အတော်ကြာပြီးနောက် ကုအကြီးအကဲ၏ နှုတ်ခမ်းပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြီး ဤအခြေအနေကို လက်ခံလိုကိပုံပေါ်သည်။

“ကျုပ် နားလည်ပါပြီ... ကျုပ် အမှားပါ... ဘယ်လို ပြစ်ဒဏ်မျိုးကိုမဆို ကျုပ် လက်ခံပါတယ်...”

သူ စကားပြောပြီးနောက် သူ၏ ပါးပြင်ပေါ်သို့ မျက်ရည်တစ်ပေါက် အလိုအလျောက် ကျဆင်းလာသည်။

ပြီးခဲ့သည့်အကြိမ်က သူ့ဘက်က မှန်ကန်နေ၍ ချန်လော့ကို ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လောချင်းယွီက သူ့ကို ပြန်လည်ရိုက်နှက်ခဲ့သည့်အပြင် အဖိုးတန်ပစ္စည်း အမြောက်အမြားကိုလည်း အတင်းအကျပ် ညှစ်ထုတ်ယူသွားခဲ့သေး၏။

ဤတစ်ကြိမ်တွင်မူ သူသည် မှားယွင်းရုံသာမက သူမ၏တပည့်ကိုပါ အသရေဖျက်ခဲ့မိလေပြီ။ ထို့ကြောင့် ကုထျန်းရန်၏ ကံကြမ္မာမှာ ပို၍ပင် ဆိုးရွားလာရန်သာ ရှိတော့၏။

လောချင်းယွီသည် မသေရုံတမယ် ဖြစ်နေသော ကုထျန်းရန်ကို တစ်ချက် ကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာ၏။

“အဲဒီလိုဆိုရင် လျော်ကြေးအနေနဲ့ လက်ဆောင်တချို့ ရွေးဖို့အတွက် ချန်လော့ကို ရှင်တို့ရဲ့ အဆိပ်သိုလှောင်ရုံကို ငါ ခေါ်သွားလိုက်မယ်... ရှင် ဘာမှ ကန့်ကွက်စရာ မရှိဘူးမလား...”

ကုထျန်းရန်က ခေါင်းခါလိုက်သည်။

“ကျွန်တော် မရဲပါဘူး...”

ဤသည်ကို မြင်သောအခါ လောချင်းယွီသည် ချန်လော့ကို ခေါ်၍ ချက်ချင်း ထွက်သွားလေ၏။

ဤအခိုက်အတန့်တွင် ကုထျန်းရန်မှာ ပြုံးနေသော်လည်း သူ၏ မျက်လုံးထောင့်များတွင် မျက်ရည်များ ဝဲနေဆဲပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လောချင်းယွီနှင့် ချန်လော့တို့ ထိုနေရာသို့ သွားလျှင် အဆိပ်သိုလှောင်ရုံထဲရှိ အဆိပ်များမှာ သေချာပေါက် ကုန်သလောက် ဖြစ်သွားမည်ကို သူ သိနေသောကြောင့် ဖြစ်၏။

…

အဆိပ်တောင်ထွတ်၊ အဆိပ်သိုလှောင်ရုံထဲတွင်။

ကုထျန်းရန် ခန့်မှန်းထားသည့်အတိုင်းပင် ချန်လော့သည် အပီအပြင်ကို ဈေးဝယ်နေလေသည်။

“ဖီးနစ်ခြေသည်း သစ်သားအရိုး... ကောင်းတဲ့ ပစ္စည်းပဲ... ဒါကို ယူမယ်...”

“နဂါးနီပန်းကိုလည်း ယူမယ်...”

“ပိုင်လီထီး... ရော့...”

…

ချန်လော့သည် အဆိပ်တစ်မျိုးပြီး တစ်မျိုးကိုသိုလှောင်အိတ်ထဲသို့ အဆက်မပြတ် ထည့်နေပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေ၏။

ယခင်က အထင်လွဲခံရမှုကြောင့် ဖြစ်ပေါ်လာသော ချန်လော့၏ မကျေနပ်မှုများသည် အားလုံးပျောက်ကွယ်သွားပြီး နောက်ပိုင်းတွင်လည်း သူ့တွင် ချန်ရှင်းဂိုဏ်း၏ တောင်ထွတ် အသီးသီးသို့ သွားရောက်ကာ တောင်ထွတ်တိုင်းရှိ ရတနာများ အားလုံးကို လုယူနိုင်ရန်အတွက် တစ်ကြိမ်စီ အသရေဖျက်ခံချင်စိတ်ပင် ဖြစ်ပေါ်လာတော့သည်။

ချန်လော့သည် ဤအကြောင်းကို စဉ်းစားရင်း အဆိပ်များကို ခပ်ယူလိုက်၏။ မကြာမီမှာပင် ယခင်က ကျယ်ဝန်းလှသော အဆိပ်သိုလှောင်ရုံ၏ လေးပုံတစ်ပုံကို သူ ခပ်ယူသွားခဲ့လေပြီ။

ထိုအချိန်တွင် ဘေးဘက်၌ ရပ်နေသော လောချင်းယွီက စကားစလာ၏။

“ဒီလောက်ဆို လုံလောက်လောက်ပါပြီ... အဆိပ်တွေ အကုန် မယူသွားနဲ့... အဆိပ်တောင်ထွတ်က တပည့်တွေ ကျင့်ကြံဖို့ လိုသေးတယ်လေ...”

လောချင်းယွီသည် အပြင်ပန်းတွင် ပြတ်သားပြီး ပူပင်သောကကင်းပုံ ပေါက်သော်လည်း တကယ်တမ်းတွင် အတော်လေး အသိဉာဏ် ရှိသူ ဖြစ်သည်။

သူမ၏ လုပ်ရပ်များသည် အစွန်းရောက်လွန်းခြင်း မရှိဘဲ အခြေအနေအရ ပြန်လည်လှည့်ပတ်နိုင်မည့် လမ်းစကို အမြဲချန်ထားလေ့ရှိ၏။

မိသားစုရဲ့ စည်းစိမ်တွေဆီကနေ အကျိုးအမြတ် ရဖို့လောက်ကိုပဲ အာရုံစိုက်နေတဲ့ ချန်လော့နဲ့တော့ မတူဘူးပေါ့...

ဤသည်ကို ကြားသောအခါ ချန်လော့သည် မလိုလားသော်လည်း ရပ်လိုက်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။

သူ ထွက်ခွာရန် ပြင်ဆင်လိုက်စဉ်မှာပင် ဘေးနား၌ ချထားသော ‘မီးတောက်အပ် ရှားစောင်းပင်’ တစ်ပင်ကို မတော်တဆ သတိပြုမိသွား၏။

“ဆရာ... ဒီမီးတောက်အပ် ရှားစောင်းက ဘာလဲ...”

လောချင်းယွီ မော့ကြည့်လိုက်ရာ တွေ့လိုက်ရသည်။

“မီးတောက်အပ် ရှားစောင်းလေ... သူ့ရဲ့ ဆူးတွေ စူးမိတာနဲ့ တစ်ကိုယ်လုံး ပူလောင်တဲ့ ခံစားချက်ကို ခံစားရပြီး သည်းမခံနိုင်လောက်အောင် နာကျင်ရလိမ့်မယ်... မင်း အသုံးပြုချင်ရင် ယူသွားလိုက်လေ...”

“သည်းမခံနိုင်လောက်အောင် နာကျင်တယ်” ဟူသော စကားကို ကြားသောအခါ ချန်လော့၏ မျက်လုံးများ လင်းလက်သွားပြီး ထိုပစ္စည်းကို သိုလှောင်အိတ်ထဲသို့ အလျင်အမြန် ထည့်လိုက်၏။

“စစ်ကြောမေးမြန်းတဲ့ နေရာမှာ သုံးဖို့ တစ်ခုခုကို ငါရှာနေတာ... အခုတော့ ရသွားပြီ...”

ထို့နောက် သူသည် လောချင်းယွီနှင့်အတူ ပျော်ရွှင်စွာ ထွက်ခွာသွားလေ၏။

…

နောက်နှစ်ရက် အကြာတွင် ချန်လော့သည် ချင်းယန်တောင်ထွတ်သို့ ပြန်လာပြီး တိတ်တဆိတ် စတင် ကျင့်ကြံတော့၏။

နှစ်ရက် ဆိုသည်မှာ အချိန်တိုတောင်းသော်လည်း ချန်လော့အတွက်မူ စနစ်၏ ပံ့ပိုးမှုဖြင့် သူ၏ ယခင် သိုင်းကွက်များ ဖြစ်သော “ပန်းပြောင်းသစ်ပင်ဆက်” နှင့် “မရဏလက်ညှိုး” တို့ကို ပြီးပြည့်စုံသည့် အဆင့်သို့ အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့သည်။

အဆိပ်ဆရာ၏ အဆင့်က နှောင်းပိုင်းအဆင့်သို့ မရောက်သော်လည်း အလယ်အလတ်အဆင့်သို့ သီသီလေး ရောက်သွားခဲ့၏။

ချန်လော့မှာ ဤအတွက် အတော်လေး ကျေနပ်နေသည်။

…

မကြာမီမှာပင် မိစ္ဆာတာအို ပြိုင်ပွဲ နေ့ရက်သို့ ရောက်ရှိလာ၏။

လောချင်းယွီက ချန်လော့၏ အခန်းတံခါး အပြင်ဘက်တွင် ရပ်၍ တံခါးခေါက်လိုက်သည်။

“ချန်လော့...”

သို့သော် အချိန်အတော်ကြာသည်အထိ မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။

လောချင်းယွီက မျက်မှောင်ကြုတ်၍ တံခါးကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ ချန်လော့သည် အခန်းထဲတွင် မတ်တတ်ရပ်လျက် ဝင်္ကပါများ တည်ဆောက်နေသည်ကို တွေ့လိုက်ရ၏။

“ဝင်္ကပါတွေကို ဘာလို့ တည်ဆောက်နေတာလဲ...”

လောချင်းယွီက မေးလိုက်၏။

ချန်လော့သည် ဝင်လာသော လောချင်းယွီကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

“အကြောင်းတစ်ခုခု ပေါ်လာမှာစိုးလို့ပါ... ဆရာလည်း မိစ္ဆာတာအို ပြိုင်ပွဲကို သွားမှာ မဟုတ်ဘူးလား...”

“အဲဒါဆို ချင်းယန်တောင်ထွတ်မှာ ဘယ်သူမှ ကျန်မှာ မဟုတ်ဘူးလေ... တစ်ယောက်ယောက်က တိတ်တဆိတ် တက်လာပြီး ပစ္စည်းတွေ ခိုးသွားရင် ဘယ်လိုလုပ်မလဲ... အဲဒါဆို ကျွန်တော့် အိမ် ဓားပြတိုက်ခံရပြီပေါ့...”

ချန်လော့သည် အပြင်ထွက်သည့်အခါ များသောအားဖြင့် ပစ္စည်း အများကြီး သယ်သွားလေ့မရှိပေ။

လိုအပ်သော ပစ္စည်း အနည်းငယ်မှလွဲ၍ ပစ္စည်း အများစုကို လျှို့ဝှက် အကန့်တစ်ခုထဲတွင် ဖွက်ထားမည် ဖြစ်၏။

ဤနည်းလမ်းဖြင့်ဆိုလျှင် ခိုးယူခြင်း (သို့မဟုတ်) လုယက်ခြင်း ခံရသည့်တိုင်အောင် ဆုံးရှုံးမှုမှာ ထိခိုက်လောက်သည်အထိ ကြီးမားမည် မဟုတ်ပေ။

တစ်စုံတစ်ယောက် အသတ်ခံရလျှင်ပင် အလောင်းကို လုယက်သူများအနေဖြင့် အလွန်ဆုံးမှ ပစ္စည်းအနည်းငယ်လောက်သာ ရရှိနိုင်မည်ဖြစ်သည်။

ချန်လော့၏ စကားကို ကြားသောအခါ လောချင်းယွီမှာ ဆွံ့အသွားတော့၏။

ဒါက ချင်းယန်တောင်ထွတ်လေ... လူတွေက ကပ်ရောဂါလို ရှောင်ကြတာ... ဘယ်သူက သေရမှာ မကြောက်ဘဲ တက်ရဲမှာလဲ...

သို့သော် သူမ ဘာမှ မပြောခဲ့ပေ။

ချန်လော့က ဝင်္ကပါတစ်ခု တည်ဆောက်ချင်တယ်ဆိုလည်း သူ့ဆန္ဒအတိုင်းသာ ရှိပါစေတော့...

“ကောင်းပြီလေ...”

ချန်လော့သည် နောက်ဆုံး ဝင်္ကပါကို တည်ဆောက်ပြီးနောက် လက်ခုပ်တီးကာ ပြုံးလိုက်၏။

သူ၏ အခန်းထဲတွင် ဝင်္ကပါ အများအပြား မတည်ဆောက်ထားပေ။ ရာဂဏန်းခန့်သာ ရှိသည်။

သို့သော် ဤရာဂဏန်းခန့်ရှိသော ဝင်္ကပါများအပြင် ချန်လော့သည် အဆိပ်များကိုလည်း အသုံးပြုခဲ့၏။ ဝင်္ကပါ တစ်ခု အသက်ဝင်လာသည်နှင့် တစ်ပြိုင်နက် အဆိပ် ဒါဇင်ပေါင်းများစွာ တစ်ပြိုင်နက်တည်း အသက်ဝင်လာမည် ဖြစ်သည်။

သေချာသည်မှာ ၎င်းတို့ အားလုံးက သေစေနိုင်သော အဆိပ်များ မဟုတ်ပေ။

ချန်လော့သည် သေစေနိုင်သော အဆိပ်ကို အသုံးမပြုရခြင်း၏ အကြောင်းရင်းမှာ လူသတ်ရမည်ကို ကြောက်သောကြောင့် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် လူအတော်များများကို သတ်ခဲ့ဖူးပြီး လုံးဝ ဂရုမစိုက်ပေ။

သေစေနိုင်သော အဆိပ်ကို အသုံးမပြုရခြင်း၏ အကြောင်းရင်းမှာ အကျိုးအမြတ်ကို အမြင့်ဆုံး ရရှိရန် ဖြစ်၏။

အဲ့လူကိုဖမ်းပြီး သူတို့ဆီကနေ ငွေညှစ်တာက အလောင်းထက် အကျိုးအမြတ်များကြီး ပိုရတယ်လေ...

All Chapters