အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
အခန်း (၁၂၃) အဖိုးအို ချွမ်ယန်
ချန်ရှင်းဂိုဏ်း၏ အဓိက ဝင်ပေါက်တွင်။
လူတစ်ရာကျော် ပါဝင်သော ကြီးမားသည့် ယာဉ်တန်းကြီး တစ်ခုက အဓိက ဝင်ပေါက်မှတဆင့် ဝင်ရောက်လာ၏။
ဤအဖွဲ့တွင် မိစ္ဆာတာအို ပြိုင်ပွဲ၌ ပါဝင်ရန် ချန်ရှင်းဂိုဏ်းသို့ လာရောက်သော ဂိုဏ်းသုံးဂိုဏ်း ပါဝင်သည်။
ဤအခိုက်အတန့်တွင် ချန်လော့သည် ဘေးဘက်တွင် ရပ်၍ ကြည့်ရှုနေပြီး ကျောက်မန်နှင့် ချန်ရှင်းဂိုဏ်းမှ အခြား တိုက်ရိုက်တပည့်များက သူ၏ ဘေးတွင် ရှိနေကြ၏။
တိုက်ရိုက်တပည့် တစ်ယောက်အနေဖြင့် ဂိုဏ်း၏ အနာဂတ် မျက်နှာစာ ဖြစ်သောကြောင့် အဝေးမှ မိတ်ဆွေများ လာရောက်သောအခါ တပည့်များက အဝေးကြီးမှာ ရှိနေလျှင် အပြစ်ပေးလို့ မရဘူး ဆိုရင်တောင် သူတို့သည် အပြင်ထွက်ပြီး နှုတ်ဆက်ဖို့တော့ လိုအပ်သေး၏။
မည်သို့ပင်ဆိုစေကာမူ တပည့်များအားလုံးသည် ထိပ်တန်း မိစ္ဆာတာအို အဖွဲ့များ ဖြစ်ကြသည်။ ဂိုဏ်းများ အချင်းချင်းကြားတွင်ပင် တစ်ဦးကို တစ်ဦး လေးစားသည့် အသွင်အပြင်ကို ထိန်းသိမ်းထားရန် လိုအပ်သေး၏။
သေချာပေါက် လာရောက် နှုတ်ဆက်သူများထဲတွင် ချန်လော့နှင့် ဆက်ဆံရေး မကောင်းသော ယန်ချင်းချွမ်လည်း ပါဝင်သည်။
ယန်ချင်းချွမ်၏ အကြည့်သည် ချန်လော့ဆီသို့ မကြာခဏ ရောက်ရှိနေပြီး သူ၏ မျက်လုံးများထဲတွင် နက်ရှိုင်းစွာ ကိန်းအောင်းနေသော သတ်ဖြတ်လိုသည့် အရိပ်အယောင်တစ်ခု ရှိနေ၏။
ချန်လော့သည် ဤအရာကို သတိပြုမိသဖြင့်တစ်ဖက်လူကို လှည့်ကြည့်ကာ နောက်ပြောင်လိုက်ပြီး နိုင်ငံတကာ ချစ်ကြည်ရေး လက်ဟန်ခြေဟန် တစ်ခုကို ပြသလိုက်သည်။
ဤသည်ကို မြင်သောအခါ ယန်ချင်းချွမ်သည် လက်သီးကို တင်းကျပ်စွာ ဆုပ်၍ သူ၏ မျက်လုံးများဖြင့် ချန်လော့ဆီသို့ စိုက်ကြည့်လိုက်၏။
နောက်ဆုံးတွင် ယန်ချင်းချွမ်သည် အံကြိတ်၍ ခေါင်းကို နောက်သို့ လှည့်ကာ ချန်လော့ကို ဆက်မကြည့်တော့ပေ။
သူသာ အခု လှုပ်ရှားရဲရင် ချန်လော့ နောက်ကွယ်က လောချင်းယွီက သူ့ကို အရေးယူမှာတင် မက...
ဂိုဏ်းချုပ်ကတောင် သူ့ကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး...
အခြား ဂိုဏ်းသုံးဂိုဏ်းရှေ့မှာ ကိုယ့်တပည့် အချင်းချင်း တိုက်ခိုက်တာက လူတိုင်းရှေ့မှာ ယွီထျန်းစီရဲ့ မျက်နှာကို တိုက်ရိုက် ပါးရိုက်လိုက်တာပဲ...
ယန်ချင်းချွမ် ဘေးတွင် သူ၏ ဆရာ၊ ဓားတောင်ထွတ် အကြီးအကဲ ယွီချုံယန်က ဤမြင်ကွင်းကို မြင်သောအခါ အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်၏။
သူ့တပည့်က ချန်လော့နဲ့ တကယ်ကို ပြဿနာ တက်ခဲ့တာပဲ... သူ တကယ့်ကို ကံဆိုးတာပဲ ဖြစ်ရမယ်...
အကယ်၍ ယန်ချင်းချွမ်ကသာ စိတ်အေးလက်အေးနေပြီး ချန်လော့ကို ဆက်လက်ရန်မစတော့ဘဲ ဤရန်ငြိုးကို စွန့်လွှတ်နိုင်မည်ဆိုပါက ကြီးကြီးမားမား ပြဿနာတက်စရာ အကြောင်းမရှိတော့ပေ။
သို့သော် ထိုနှစ်ယောက်ကြားရှိ ပြဿနာများသည် ဖြေရှင်း၍ မရနိုင်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။
ပြီးခဲ့သည့် အကြိမ်က ယန်ချင်းချွမ်သည် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ ချန်လော့ကို တိုက်ရိုက် သတ်ပစ်မည်ကို စိုးရိမ်ခဲ့သဖြင့် ဆေးတောင်ထွတ် အကြီးအကဲကို အထူးတောင်းဆိုခဲ့သည်။
ယွီယန်ဇီ၏ အကူအညီဖြင့် ယန်ချင်းချွမ်၏ အသေးအဖွဲ အမှားတစ်ခုကို အမိအရ ဖမ်းဆုပ်ကာ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့သို့ ချက်ချင်း ပို့ဆောင်ခဲ့ပြီး ထိုနေရာတွင် တစ်လကြာ ချုပ်နှောင်ထားခဲ့၏။
မုန်တိုင်း ငြိမ်သက်သွားပြီးမှသာ ယန်ချင်းချွမ်ကို အပြင်ထွက်ခွင့် ပြုခဲ့သည်။
သို့မဟုတ်ပါက ယခင် အတွေ့အကြုံများအရ တိုက်ရိုက်တပည့် တစ်ယောက်က အကြောင်းမဲ့ လူသတ်ခြင်း မလုပ်သရွေ့ အလွန်ဆုံးမှ မေးခွန်းထုတ်ခံရရုံသာ ရှိမည် ဖြစ်၏။
ထို့အပြင် ဂိုဏ်းချုပ်၏ ညွှန်ကြားချက် မရှိဘဲ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က တိုက်ရိုက်တပည့်များကို ဖြစ်သလို ဖမ်းဆီး ချုပ်နှောင်ရန် မရဲပေ။
မည်သို့ပင်ဖြစ်စေ ဤတိုက်ရိုက်တပည့်များ အားလုံးသည် တောင်ထွတ် အသီးသီးရှိ အနာဂတ် အကြီးအကဲ လောင်းများ ဖြစ်ကြသည်။
အကြီးအကဲများ ဖြစ်မလာရင်တောင်မှ သူတို့၏ ပါရမီအရ ရရှိမည့် အောင်မြင်မှုများမှာ သေချာပေါက် မှတ်သားလောက်စရာ ဖြစ်လာပေလိမ့်မည်။
ထို့ပြင် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များမှာလည်း အရူးများမဟုတ်ကြပေ။
သူတို့က လွယ်လင့်တကူ သွားစရဲပါ့မလား..
ချန်လော့သည် လူတစ်ရာကျော်ကို ကြည့်လိုက်ပြီး သူ၏ အကြည့်က လူအများကြားတွင် အဆက်မပြတ် ပြောင်းလဲနေ၏။
သို့သော် ချန်လော့သည် မကြာမီမှာပင် လက်လျှော့လိုက်သည်။
လက်တွေ့ တိုက်ခိုက်ရေး အတွေ့အကြုံ မရှိဘဲ အမြင်အာရုံ စောင့်ကြည့်မှု သက်သက်ဖြင့် ပြိုင်ဘက်၏ စွမ်းအားကို မည်သို့ ခွဲခြမ်းစိတ်ဖြာနိုင်မည်နည်း။
သူ့ကိုပဲ ဥပမာ ထားကြည့်လေ... သူက အတော်လေး သာမန်ပုံ ပေါက်ပြီး အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်တောင် ရှိပုံမဟုတ်...
ဒါပေမဲ့ တကယ့် တိုက်ပွဲသာ ဖြစ်လာရင် ရွှေမြုတေအဆင့် လာရင်တောင် သူ နောက်ဆုတ်မှာ မဟုတ်ဘူး...
“ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းက ညီမလေးတွေ အားလုံးက အရမ်း လှတာပဲ...”
ကျောက်မန်သည် ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်း၏ တပည့်များကို အချစ်ရူး တစ်ယောက်လို ငေးကြည့်ရင်း ရုတ်တရက် စကားစလိုက်၏။
ဤသည်ကို ကြားသောအခါ ချန်လော့ကလည်း လှမ်းကြည့်လိုက်သည်။
ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်း၏ တပည့်များမှာ ရုပ်ရည်သွင်ပြင် အပိုင်းတွင် ချောမောသော အမျိုးသားများနှင့် လှပသော အမျိုးသမီးများဖြင့် ထိပ်တန်း အဆင့်တွင် ရှိကြောင်း ဝန်ခံရပေမည်။
သို့သော် သူတို့၏ ကျင့်စဉ်က ဆန့်ကျင်ဘက် လိင်ကို စုပ်ယူခြင်းအပေါ် မှီခိုနေရသည်ဟု တွေးလိုက်မိသောအခါ ချန်လော့မှာ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသည်ကို ခံစားလိုက်ရသည်။
“မလှရင် လူတွေကို ဘယ်လိုလုပ် ဆွဲဆောင်နိုင်မှာလဲ...”
ချန်လော့က မကျေမနပ်ဖြင့် ပြောလိုက်သည်။
ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်း၏ အရှေ့တွင် လျှောက်လာသော အရပ်ပုပု အဖိုးအို တစ်ဦးက ထိုလူနှစ်ယောက်၏ စကားပြောသံကို ကြားသွားပြီး ရုတ်တရက် ရပ်တန့်ကာ သူတို့ကို ကြည့်လိုက်၏။
“မိတ်ဆွေငယ်တို့... အဲဒီ ကောလာဟလတွေကို မယုံပါနဲ့... ငါ့ရဲ့ ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းက အဲဒီလောက် မဆိုးပါဘူး...”
“မင်းတို့ အချိန်ရရင် ငါ့ရဲ့ ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းကို လာလည်ပါဦး... ငါ တပည့်တွေကို မင်းတို့ကို ကောင်းကောင်း ဧည့်ခံခိုင်းပါ့မယ်...”
ဤသည်ကို ကြားသောအခါ သူတို့ နှစ်ယောက်က အလျင်အမြန် လက်ကာပြလိုက်ကြ၏။
“မလိုပါဘူး... မလိုပါဘူး...”
အထူးသဖြင့် ကျောက်မန်သည် ခေါင်းကို အဆက်မပြတ် ခါရမ်းနေတော့သည်။
ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်း၏ တပည့်များက လှပကောင်း လှပနိုင်သော်လည်း ကျင့်စဉ်အကြောင်းကို သူမ ကောင်းကောင်း သိထား၏။
သူမသည် အခြားတစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းဆိုင်ရာ အသုံးချခံ (ခွက်) တစ်ခု အဖြစ်သို့ မရောက်ရှိလိုပေ။
မိမိ၏ ကျင့်ကြံမှုအဆင့်နှင့် ဝိညာဉ်စွမ်းအင်များက သူတို့အတွက် အကျိုးအမြတ် ဖြစ်သွားမည့်အရေးကိုလည်း သူမ လုံးဝ အဖြစ်မခံနိုင်ပေ။
ထိုနှစ်ယောက် ငြင်းပယ်သည်ကို မြင်သောအခါ အဖိုးအိုက အကူအညီမဲ့စွာ သက်ပြင်းချလိုက်ပြီး သူ၏ နောင်တရနေသော အကြည့်သည် ထိုနှစ်ယောက်အပေါ် အတန်ကြာ ရပ်တန့်နေခဲ့၏။
အထူးသဖြင့် ချန်လော့အပေါ်တွင် ဖြစ်ပြီး သူ၏ မျက်လုံးများထဲတွင် အဆုံးမရှိသော သနားညှာတာမှုများ ပြည့်နှက်နေသည်။
“သူ ငါ့ကို နောက်ထပ် အကြိမ်အနည်းငယ် ကြည့်သွားသလို ဘာလို့ ခံစားနေရတာလဲ...”
ချန်လော့က မျက်မှောင်ကြုတ်၍ ပြောလိုက်ပြီး တစ်စုံတစ်ခုကို ဝိုးတဝါး အာရုံခံမိနေ၏။
ဤသည်ကို ကြားသောအခါ ကျောက်မန်က ချန်လော့ကို မျက်စောင်းထိုးလိုက်သည်။
“မင်း အဲဒီလောက် ကိုယ့်ကိုယ်ကိုယ် အထင်မကြီးဘဲ နေလို့ မရဘူးလား... သူလို အိုမင်းမစွမ်း အဖိုးကြီး တစ်ယောက်က မင်းကို ဘာလို့ နှစ်ခါတောင် ကြည့်ရမှာလဲ...”
သူတို့ စကားပြောနေစဉ် လောချင်းယွီသည် ချန်လော့၏ ဘေးသို့ ဖြည်းညင်းစွာ လျှောက်လာ၏။
“အဲဒီ ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းက လူတွေကို သွားမစနဲ့...”
“အထူးသဖြင့် အဲဒီ အဖိုးကြီးပဲ... သူ့ကို စကားမပြောတာ ဒါမှမဟုတ် မကြည့်တာ အကောင်းဆုံးပဲ...”
ချန်လော့ စကားပင် မပြောနိုင်ခင်မှာပင် ကျောက်မန်က မေးခွန်းတစ်ခု မေးလိုက်၏။
“လောအကြီးအကဲ... အဲဒီ အဖိုးကြီးက ဘယ်သူလဲ...”
လောချင်းယွီသည် ကျောက်မန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းမှ အဖိုးအိုဘက်ကို လှည့်ကြည့်လိုက်၏။
“အဖိုးအို ချွမ်ယန်... ‘ယန်စုပ်ယူခြင်းကျင့်စဉ်’ ကို ကျင့်ကြံတဲ့သူ... သူက ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းရဲ့ အဖိုးထိုက်တွေထဲက တစ်ယောက်ပဲ... ဒီတစ်ခါ သူ ကိုယ်တိုင် လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...”
“ယန်စုပ်ယူခြင်းကျင့်စဉ် ဟုတ်လား...”
ကျောက်မန်က သိသိသာသာ အံ့အားသင့်သွား၏။
“လောအကြီးအကဲ... ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းမှာ ယောကျ်ားလေးတွေအတွက် ‘ယင်စုပ်ယူခြင်းကျင့်စဉ်’ နဲ့ မိန်းကလေးတွေအတွက် ‘ယန်စုပ်ယူခြင်းကျင့်စဉ်’ ရှိရမှာ မဟုတ်ဘူးလား... အကြီးအကဲ မှားနေတာ သေချာရဲ့လား...”
‘ယင်နဲ့ ယန်က မိန်းမနဲ့ ယောကျ်ားကို ကိုယ်စားပြုတယ်... ’
‘မိန်းမတွေကို ယင်နဲ့ ကိုယ်စားပြုပြီး ယောကျ်ားတွေကို ယန်နဲ့ ကိုယ်စားပြုတယ်... ယောကျ်ားတွေက ယင်ကို စုပ်ယူခြင်းအားဖြင့် ယန်ကို ပြန်လည် ဖြည့်တင်းကြပြီး မိန်းမတွေက ယန်ကို စုပ်ယူခြင်းအားဖြင့် ယင်ကို ပြန်လည် ဖြည့်တင်းကြတယ်... ’
‘ဒါပေမဲ့ အခုလေးတင် လောချင်းယွီ ပြောလိုက်တာ... အဖိုးအို ချွမ်ယန်က “ယန်စုပ်ယူခြင်းကျင့်စဉ်” ကို ကျင့်ကြံတာတဲ့... ဒါက မမှန်ဘူး မဟုတ်လား...’
“ချွင်းချက် ဆိုတာ အမြဲတမ်း ရှိတယ်...”
လောချင်းယွီက တည်ငြိမ်စွာ ပြောလိုက်၏။
“ဒီအဖိုးအို ချွမ်ယန်က အရင်မျိုးဆက် ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းချုပ်ရဲ့ သားလေ... အဲဒီ ဂိုဏ်းချုပ်မှာ သားတစ်ယောက်ပဲ ရှိတော့ သူ့ကို အရမ်း တန်ဖိုးထားတာပေါ့...”
“ဒါပေမဲ့ ဒီအဖိုးအို ချွမ်ယန်ရဲ့ ကိုယ်ထည်က ထူးခြားတယ်... သူက ‘ယင်စုပ်ယူခြင်းကျင့်စဉ်’ ကို လုံးဝ ကျင့်ကြံလို့ မရဘူး... သူ့အဖေက နည်းလမ်းပေါင်းစုံ သုံးပြီး ကြိုးစားခဲ့ပေမယ့် ဘာကမှ ပြောင်းလဲလို့ မရခဲ့ဘူး...”
“တစ်နေ့ကျတော့ အဖိုးအို ချွမ်ယန်က ဘာမှလုပ်စရာ မရှိလို့ ‘ယန်စုပ်ယူခြင်းကျင့်စဉ်’ ကို စမ်းကျင့်ကြည့်တာ... သင်ပေးမယ့်သူ မရှိဘဲနဲ့ အောင်မြင်သွားတယ်လေ...”
ဤသည်ကို ကြားသောအခါ ချန်လော့မှာ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသည်ကို ခံစားလိုက်ရပြီး အမည်မသိ ကြောက်ရွံ့မှု တစ်ခုက သူ၏ ရင်ထဲတွင် ထွက်ပေါ်လာ၏။
“ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းက တကယ် ကြောက်စရာ ကောင်းတာပဲ... သူတို့က ကိုယ့်ဘာသာကိုယ်တောင် မကျင့်ကြံနိုင်ကြဘူး... အဲဒါကြောင့် ဘာမှလုပ်စရာ မရှိရင် ယောကျ်ားတွေနဲ့ သွားအိပ်ကြတာပဲ...”
“ငါ အခုကစပြီး သူတို့ကို ရှောင်ရတော့မယ်...”
ချန်လော့မှာ ကြောက်ရွံ့မှု တစ်စွန်းတစ်စကို ခံစားလိုက်ရသည်။ လူသန်ကြီး တစ်ယောက်၏ ဖမ်းဆီး ချုပ်နှောင်ခြင်းကို သေချာပေါက် မခံချင်ပေ။
ကျောက်မန်သည်လည်း ကြောက်စရာ ကောင်းသည်ဟု ထင်ပေမဲ့ ကြောက်ရွံ့မှုအပြင် စပ်စုချင်စိတ် တစ်စွန်းတစ်စကိုပါ သူမ ခံစားနေရသည်။
“လောအကြီးအကဲ... ကျွန်မမှာ မေးခွန်းတစ်ခု ရှိတယ်...”
လောချင်းယွီက ကျောက်မန်ကို ကြည့်လိုက်၏။
“ဘာပြဿနာလဲ...”
“အမ်း... ‘ယောကျ်ားက မိန်းမကို စုပ်ယူတာ’ နဲ့ ‘မိန်းမက ယောကျ်ားကို စုပ်ယူတာ’ ကိုတော့ နားလည်နိုင်ပါတယ်... ဒါပေမဲ့ ‘ယောကျ်ားက ယောကျ်ားကို စုပ်ယူတာ’ က ဘယ်လို အလုပ်လုပ်တာလဲ...”
ကျောက်မန်၏ မျက်လုံးများထဲတွင် ဇဝေဇဝါ ဖြစ်နေမှုများ ပြည့်နှက်လျက် မေးလိုက်၏။
သူမက အရမ်း ငယ်သေးတယ်လေ...
…
အဖိုးအို ချွမ်ယန်က ခေါင်းလှည့်၍ လောချင်းယွီနှင့် စကားပြောနေသော ချန်လော့ကို တစ်ချက် ကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
လောချင်းယွီ၏ “ကောလာဟလများ” အပြီးတွင် အဖိုးအို ချွမ်ယန်သည် ချန်လော့၏ အမြင်တွင် ပုံရိပ်ကောင်း တစ်ခု ရှိတော့မည် မဟုတ်ကြောင်း သူ သိထားသဖြင့် သက်ပြင်းချလိုက်၏။
“နွေးထွေးတဲ့ နှလုံးသားရှိတဲ့ လူငယ်လေး တစ်ယောက်အတွက် တကယ့်ကို နှမြောစရာပဲ...”
အခန်း (၁၂၄) ချင်းယန်တောင်ထွတ်ကို နေ့ခင်းကြောင်တောင် ဝင်ရောက် စီးနင်းခြင်း
ဂိုဏ်းကြီးသုံးဂိုဏ်းက ချန်ရှင်းဂိုဏ်းသို့ ဝင်ရောက်လာချိန်တွင် တပည့်တစ်ယောက်နှင့် အကြီးအကဲတစ်ယောက်က မြေပုံများကို ကိုင်ဆောင်လျက် ချင်းယန်တောင်ထွတ်၏ တောင်ခြေသို့ တိတ်တဆိတ် ရောက်ရှိလာကြ၏။
“ချိုးအကြီးအကဲ... သေချာရဲ့လား... ဘာပြဿနာမှ မရှိဘူးမလား...”
လူငယ်တပည့်လေးသာ် အရှေ့ရှိ အဖိုးအိုကို ကြည့်ရင်း မေးလိုက်သည်။
ဤအဖိုးအိုမှာ ခူယီတောင်ထိပ်၏ အကြီးအကဲ ချိုးအကြီးအကဲ ပင် ဖြစ်၏။
သူ့ကို မေးခွန်းမေးသူမှာ ဆေးတောင်ထွတ်မှ အတွင်းဂိုဏ်းသား ပိုင်ဇီချိုး ဖြစ်သည်။
သူတို့ နှစ်ယောက်သည် လွန်ခဲ့သော တစ်ပတ်ခန့်က တွေ့ဆုံခဲ့ကြ၏။
ထိုအချိန်က ပိုင်ဇီချိုးသည် အရက်ဆိုင်၌ အရက်သောက်နေခဲ့သည်။ ချန်လော့က သူ၏ သိုလှောင်အိတ်ကို ခိုးယူသွားပြီးသည့်နောက်တွင် သူသည် နေ့စဉ်ရက်ဆက်ဆိုသလို ဤနေရာသို့ လာရောက်ကာ အရက်ဖြင့်သာ သောကများကို ဖြေဖျောက်နေခဲ့ရခြင်း ဖြစ်၏။
ငြိမ်းချမ်းသော မွန်းလွဲပိုင်း တစ်ခုတွင် ပိုင်ဇီချိုးသည် စုတ်ပြတ်နေသော ပုံရိပ်တစ်ခု အရက်ဆိုင်ထဲသို့ ဝင်လာကာ အရက်တစ်အိုး မှာ၍ စတင် သောက်နေသည်ကို တွေ့လိုက်ရ၏။
အရက်ဆိုင်များတွင် စိတ်ပျက်အားငယ်နေသူများ မရှိသည့်အချိန် ဟူ၍ မရှိသဖြင့် ပိုင်ဇီချိုးက အစပိုင်းတွင် သိပ်ဂရုမစိုက်ခဲ့ပေ။
ဒုတိယနေ့နှင့် တတိယနေ့များတွင် ထိုပုံရိပ်ကို ထပ်မံ တွေ့ရှိရမှသာ သူ၏ စပ်စုချင်စိတ်ကို မထိန်းနိုင်တော့ဘဲ အရက်ဆိုင် ပိုင်ရှင်ထံ သွားရောက် မေးမြန်းခဲ့တော့သည်။
မေးကြည့်ပြီးမှသာ ထိုသူမှာလည်း သူ့လိုပင် ချန်လော့၏ အနိုင်ကျင့် ဗိုလ်ကျမှုကို ခံခဲ့ရသူ ဖြစ်ကြောင်း သူ သိလိုက်ရ၏။
ထို့အပြင် တစ်ဖက်လူ၏ အခြေအနေမှာ သူ့ထက်ပင် ပိုမို ဆိုးရွားနေပြီး ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းခန့် လိမ်လည်ခံခဲ့ရခြင်း ဖြစ်သည်။
ဤအကြောင်းကို သိလိုက်ရသောအခါ ပိုင်ဇီချိုးသည် ရုတ်တရက် ကံဆိုးမှုများ မျှဝေခံစားလိုက်ရသလို ဖြစ်သွားပြီး ချိုးအကြီးအကဲ၏ မျက်နှာချင်းဆိုင်တွင် ချက်ချင်း ဝင်ထိုင်ကာ သူနှင့်အတူ အရက်သောက်တော့သည်။
အရက်သောက်ရင်း သူတို့ နှစ်ယောက်သည် ချန်လော့၏ ပြစ်မှု အားလုံးကို စွပ်စွဲပြောဆိုကြပြီး အသက်အရွယ် ကွာခြားမှု ရှိသော်လည်း မူးယစ်နေမှုကို အခွင့်ကောင်းယူကာ ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာကြတော့သည်။
ပိုင်ဇီချိုးသည် အစ်ကိုကြီး ဖြစ်ပြီး ချိုးအကြီးအကဲက ညီငယ် ဖြစ်၏။
ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသော အရက်ဆိုင်ထဲရှိ လူများမှာ သူတို့၏ အရက်အိုး တစ်အိုးလုံးကို ပါးစပ်ထဲမှ ပြန်ထွေးထုတ်လုမတတ် ဖြစ်သွားကြသည်။
မင်းတို့က မျိုးဆက် အဆင့်အတန်းတွေကို ဘယ်လို သတ်မှတ်ကြတာလဲ...
သေချာသည်မှာ ဤအရာများ အားလုံးက အရေးအကြီးဆုံး ကိစ္စများ မဟုတ်ပေ။ အရေးအကြီးဆုံး အရာမှာ သူတို့သည် စိတ်သဘောထား တိုက်ဆိုင်သူများကို ရှာတွေ့သွားခြင်း ဖြစ်၏။
နောက်ရက်အနည်းငယ် အကြာတွင် သူတို့ နှစ်ယောက်က အရက်သောက်ရင်း ချန်လော့ကို ဘယ်လို နှိမ်နင်းရမလဲ ဆိုတာကို စတင် ဆွေးနွေးကြတော့သည်။
စကားဝိုင်း၏ ခေါင်းစဉ်သည် မိစ္ဆာတာအို ပြိုင်ပွဲအကြောင်းမှသည်၊ ဧည့်သည်များကို ကြိုဆိုနှုတ်ဆက်ရန် တောင်အောက်သို့ ဆင်းသွားကြသည့် အကြီးအကဲများနှင့် တိုက်ရိုက်တပည့်များအကြောင်းသို့ ကူးပြောင်းသွား၏။ နောက်ဆုံးတွင်မူ မကြာမီ လူသူကင်းမဲ့ပြီး ခြောက်ကပ်သွားတော့မည့် ချင်းယန်တောင်ထွတ်၏ အခြေအနေအထိ ရောက်ရှိသွားတော့သည်။
ထို့ကြောင့် ထိုအချိန်က မူးယစ်နေသော သူတို့ နှစ်ယောက်သည် ရုတ်တရက် ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီး ချင်းယန်တောင်ထွတ်ကို နေ့ခင်းကြောင်တောင် ဝင်ရောက် စီးနင်းရန် ဆုံးဖြတ်လိုက်ကြ၏။
အဲဒီအချိန်တုန်းက သူတို့ နှစ်ယောက်က အရက်အများကြီး သောက်ထားတော့ အသံကျယ်ကျယ်နဲ့ ပြောနေခဲ့ကြတာ...
အရက်ဆိုင်ထဲက လူတိုင်းနီးပါး ဒီစကားတွေကို ကြားခဲ့ကြတယ်လေ...
သို့သော် မည်သူမျှ အလေးအနက် မထားခဲ့ကြပေ။ မည်သို့ပင်ဆိုစေကာမူ ထိုနေရာသည် ချင်းယန်တောင်ထွတ် ဖြစ်ပြီး လောချင်းယွီကိုယ်တိုင် ကြီးကြပ်နေသော တောင်ထွတ် ဖြစ်၏။
ပြီးတော့ အရက်သမား နှစ်ယောက်ရဲ့ စကားကို ဘယ်သူက ယုံမှာလဲ...
သို့သော် လူတိုင်း အံ့အားသင့်သွားစေသည်မှာ သူတို့သည် အတည် ရောက်လာခဲ့ခြင်း ဖြစ်၏။
ပိုင်ဇီချိုးသည် အရှေ့ရှိ ချင်းယန်တောင်ထွတ်ကို ကြည့်လိုက်ရာ သူ၏ မျက်နှာသည် ကြွက်သေ တစ်ကောင် စားထားရသည့်အလား အရုပ်ဆိုးနေသည်။
“ဒီမြေပုံ လက်ထဲမှာ ရှိရင် ဝင်္ကပါတွေ အားလုံးကို ရှောင်ကွင်းပြီး ဘေးကင်းကင်းနဲ့ တက်သွားလို့ ရတယ်...”
ချိုးအကြီးအကဲသည် မြေပုံကို လက်ထဲတွင် ကိုင်ထားပြီး မျက်နှာပေါ်တွင် ဝမ်းသာအားရ ဖြစ်နေသည့် အမူအရာတစ်ခု ရှိနေ၏။
သူသည် မကြာသေးမီက ထိုမြေပုံကို တပည့်တစ်ယောက်ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်၏။
ထိုတပည့်တွင် ချင်းယန်တောင်ထွတ်၏ မြေပုံ ရှိနေရခြင်း၏ အကြောင်းရင်းမှာ ချန်လော့၏ အိမ်မိုးကို ဂိုဏ်းချုပ်က ဒေါသတကြီးဖြင့် ဖောက်ခွဲပစ်လိုက်သောကြောင့် ဖြစ်၏။
ထို့ကြောင့် လောချင်းယွီသည် ချန်လော့ မရှိခိုက် အခွင့်ကောင်းယူ၍ ချန်လော့၏ ပြဿနာကို ဖြေရှင်းရန် တပည့် အချို့ကို ရှာဖွေခဲ့သည်။
သို့သော် စီမံကိန်းက အတော်လေး ကြီးမားပြီး ပြီးစီးရန် ရက်အနည်းငယ် ကြာမည်ဖြစ်သဖြင့် လောချင်းယွီသည် သူတို့ကို တောင်ပေါ်၊ တောင်အောက် နေ့တိုင်း အတက်အဆင်း လိုက်လုပ်ပေးရန် ပျင်းရိသဖြင့် ရိုးရှင်းသော မြေပုံတစ်ခု ဆွဲပေးကာ ကိုယ်တိုင် အတက်အဆင်းလုပ်ခိုင်းလိုက်ခြင်း ဖြစ်၏။
ချိုးအကြီးအကဲသည် ထိုမြေပုံကို ထိုတပည့်များထဲရှိ တစ်ဦးထံမှ ဈေးကြီးပေး၍ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
“သွားကြစို့... အချိန်ဆွဲနေလို့ မဖြစ်ဘူး...”
ချိုးအကြီးအကဲသည် ပြောရင်း ပိုင်ဇီချိုးကို ဆွဲခေါ်ကာ ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။
ပိုင်ဇီချိုး၏ မျက်လုံးများထဲတွင် အကူအညီမဲ့မှုများ ပြည့်နှက်နေသည်။ တကယ်တမ်းတွင် သူ မလာချင်ခဲ့ပေ။
ချိုးအကြီးအကဲနှင့် မတူဘဲ သူက သူ၏ တစ်သက်တာ စုဆောင်းငွေ အများစုကို အလိမ်မခံရခဲ့ပေ။
သူက မျှော်လင့်မထားဘဲ ရလာတဲ့ ပိုက်ဆံလေး လိမ်ခံလိုက်ရတာပဲလေ... သွားပြီဆိုရင်လည်း သွားပြီပေါ့... ရက်အနည်းငယ် နေရင် ဝမ်းနည်းမှုတွေ ပျောက်သွားမှာပဲ...
ဒါပေမဲ့ သူသာ တကယ် မလာချင်ခဲ့ဘူး ဆိုရင် အခု သူ ဒီနေရာမှာ ရှိနေမှာ မဟုတ်ဘူး...
သူ ... ချန်လော့ သိသွားမှာကို ကြောက်တယ်... လောချင်းယွီ သိသွားမှာကို ပိုကြောက်တယ်...
သို့သော် တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲတွင် မျှော်လင့်ချက် တစ်စွန်းတစ်စလည်း ရှိနေသေး၏။
တကယ်လို့ သူတို့သာ တကယ် အောင်မြင်သွားရင်ရော...
ချန်လော့ ခိုးသွားသမျှကို တကယ်ပဲ ပြန်ရနိုင်ပြီး ပိုကောင်းတဲ့ ပစ္စည်းတွေ အများကြီး ထပ်ရနိုင်ရင်ရော...
ပြီးတော့ သူတို့က လုံးဝ မသေချာ မရေရာ ဖြစ်နေတာမှ မဟုတ်တာ... သူတို့ဆီမှာ မြေပုံ ရှိတယ်လေ...
ထို့အပြင် သူတို့ အဖမ်းခံရလျှင်ပင် သူတို့ကို ကာကွယ်ပေးရန် ချိုးအကြီးအကဲ ရှိနေသေးသည်။
သူက အလွန်ဆုံးမှ ကြံရာပါပဲ... ချိုးအကြီးအကဲက ဦးဆောင်တဲ့သူလေ...
ထို့ကြောင့် အလွန်အမင်း ကြောက်ရွံ့နေပြီး နောက်ဆုတ်ချင်စိတ်များ ပေါ်လာသော်လည်း နောက်ဆုံးတွင် ပိုင်ဇီချိုးက ဖြတ်သန်းနိုင်ခဲ့၏။
သူတို့ နှစ်ယောက်သည် မြေပုံနောက်သို့ လိုက်ကာ မည်သည့် ပြဿနာမျှ မကြုံတွေ့ရဘဲ တောင်ပေါ်သို့ တက်သွားကြသည်။
မကြာမီမှာပင် သူတို့သည် ချန်လော့၏ နေအိမ် တံခါးပေါက်သို့ ရောက်ရှိသွားကြ၏။
“ဒါပဲ...”
ချိုးအကြီးအကဲက ပြောရင်း သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည့် အမူအရာတစ်ခု ပေါ်လာသည်။
သူ၏ နောက်မှ လိုက်လာသော ပိုင်ဇီချိုးမှာလည်း အရမ်း စိတ်လှုပ်ရှားနေသဖြင့် မျက်နှာ တစ်ပြင်လုံး နီရဲနေတော့၏။
မြေပုံ ရှိလျှင် အပေါ်တက်ရန် အများကြီး ပိုလွယ်ကူလိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း ဤမျှ လွယ်ကူလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ခရီးစဉ်က ချောမွေ့ပြီး အတားအဆီး မရှိခဲ့။ အချိန်တိုတောင်းလေး အတွင်းမှာပင် သူတို့ အပေါ်ရောက်လာခဲ့ပြီး အိပ်မက်တစ်ခုလိုပင် ခံစားနေရ၏။
“အခု ငါတို့ ပိုင်ဆိုင်သင့်တာတွေကို ပြန်ယူရမယ့် အချိန် ရောက်ပြီ...”
ချိုးအကြီးအကဲက ပြောရင်း ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ ချန်လော့၏ အခန်းတံခါးကို တွန်းဖွင့်လိုက်၏။
“ဒေါက်...”
ချိုးအကြီးအကဲ၏ ခြေလှမ်းများက ချန်လော့၏ အခန်းထဲသို့ ကျရောက်သွားသော်လည်း နောက်တစ်စက္ကန့်တွင် သူသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရပြီး မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
“ချန်လော့... ငါ မင်းရဲ့... ***...”
သူ၏ အနောက်ရှိ ပိုင်ဇီချိုးမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားပြီး ဘာတွေ ဖြစ်နေသည်ကို မသိတော့ပေ။
ချိုးအကြီးအကဲက ဘာလို့ အဲဒီကနေ ဆဲဆိုနေတာလဲ...
အခန်းထဲမှ သတ်ဖြတ်ခြင်းဆန္ဒ တစ်ခု ထွက်ပေါ်လာသောအခါ ပိုင်ဇီချိုးမှာ အရမ်း ကြောက်လန့်သွားသဖြင့် မျက်နှာမှာ ဖြူဖျော့သွားပြီး ချက်ချင်းပင် စတင် ဆဲဆိုတော့၏။
ချန်လော့ ယခင်က အခန်းထဲတွင် တည်ဆောက်ထားခဲ့သော ဝင်္ကပါများသည် အသက်ဝင်လာပြီး သူတို့ နှစ်ယောက်ကို တိုက်ခိုက်တော့သည်။
ချိုးအကြီးအကဲက အဆင်ပြေပါသေးသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ရွှေမြုတေအဆင့်ရှိ စွမ်းအားရှင် တစ်ဦး ဖြစ်ပြီး ချန်လော့၏ ဝင်္ကပါများမှာ ဒုတိယအဆင့် ဝင်္ကပါများသာ ဖြစ်၏။
ထို့အပြင် ယင်းက ချန်လော့ ကိုယ်တိုင် ထိန်းချုပ်ထားခြင်း မဟုတ်သဖြင့် စွမ်းအားမှာ အတော်လေး ပျမ်းမျှသာ ရှိပြီး ချိုးအကြီးအကဲသည် ဝင်္ကပါ အချို့ကိုပင် အလွယ်တကူ ချိုးဖျက်နိုင်ခဲ့သည်။
ဘေးတွင် ရပ်နေသော ပိုင်ဇီချိုးမှာမူ ထိုမျှ ကံမကောင်းလှပေ။ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်တွင်သာ ရှိသေးပြီး ဝင်္ကပါများနှင့် ပတ်သက်၍ အတွေ့အကြုံ နည်းပါးလှသောကြောင့် ဝင်္ကပါ အများအပြား၏ ဝန်းရံခြင်းကို ခံလိုက်ရပြီးနောက် သူသည် သွေးသံရဲရဲ ဖြစ်သွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် ချိုးအကြီးအကဲသည် ချန်လော့၏ ဝင်္ကပါကို အလျင်အမြန် ဖြေရှင်းနိုင်ခဲ့ပြီး ပိုင်ဇီချိုးကို ကူညီရန် ချက်ချင်း လှည့်လာကာ ကျန်ရှိနေသော ဝင်္ကပါ အားလုံးကို တစ်မိနစ်အတွင်း ချိုးဖျက်ပစ်လိုက်၏။
“မင်း အဆင်ပြေရဲ့လား...”
ချိုးအကြီးအကဲက ပိုင်ဇီချိုးကို ကြည့်ရင်း စိုးရိမ်တကြီး မေးလိုက်သည်။
သူတို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် သိလာတာ ဆယ်ရက်တောင် မပြည့်သေးပေမယ့် နေ့တိုင်း အရက်ဆိုင်မှာ အရက်သောက်ပြီး ရင်ဖွင့်နေခဲ့ကြတာလေ...
ချိုးအကြီးအကဲက သူ့ကို ညီအစ်ကို အရင်း တစ်ယောက်လို သဘောထားနေပြီ ဖြစ်၏။
“အဟွတ်... အဟွတ်... ကျွန်တော် အဆင်ပြေပါတယ်...”
ပိုင်ဇီချိုးက နှစ်ကြိမ်ခန့် ချောင်းဟန့်လိုက်ပြီး ခေါင်းခါလိုက်သည်။
“သေချာရဲ့လား... ဒီလိုမျိုး ချောင်းတွေ ဟန့်နေတာကို အဆင်ပြေတုန်းပဲလား...”
ချိုးအကြီးအကဲသည် မျက်မှောင်ကြုတ်လိုက်ပြီး ပိုင်ဇီချိုးက သူ့ကို စိတ်မပူစေချင်လို့သာ ထိုကဲ့သို့ ပြောနေသည်ဟု ထင်လိုက်၏။
ဤသည်ကို ကြားသောအခါ ပိုင်ဇီချိုးသည် ချဉ်ပြုံး ပြုံး၍ ခေါင်းခါလိုက်သည်။
“ကျွန်တော် ဘာဒဏ်ရာမှ မရပါဘူး... ဒီမှာ ဖုန်တွေ အရမ်းများနေလို့ ချောင်းဟန့်နေရတာပါ...”
ဤသည်ကို ကြားမှသာ ချိုးအကြီးအကဲက ဘာတွေ ဖြစ်နေသည်ကို သဘောပေါက်သွား၏။ မော့ကြည့်လိုက်သောအခါ သူနှင့် ပိုင်ဇီချိုးတို့သည် ဖုန်မှုန့်များ ဝန်းရံခံနေရကြောင်း တွေ့လိုက်ရသည်။
“ထူးဆန်းလိုက်တာ... ဖုန်တွေ ဘာလို့ ဒီလောက် များနေရတာလဲ... ဒီမှာ ဘယ်သူမှ မနေတာများလား...”
သို့သော် ချိုးအကြီးအကဲသည် ပရိဘောဂများကို တစ်ချက် ကြည့်လိုက်သောအခါ အားလုံးတွင် အသုံးပြုထားသော လက္ခဏာများ ရှိနေပြီး မကြာခဏ အသုံးပြုလေ့ရှိကြောင်းပင် ညွှန်ပြနေ၏။
ချင်းယန်တောင်ထွတ်တွင် လူနှစ်ယောက်သာ ရှိသဖြင့် ဤနေရာမှာ သေချာပေါက် ချန်လော့၏ နေရာ ဖြစ်ရမည်။
“ဒီဖုန်တွေ အကုန်လုံးက ဘယ်က ရောက်လာတာလဲ...”
ချိုးအကြီးအကဲက ဘာတွေ ဖြစ်နေသည်ကို တွေးတောနေစဉ် အနောက်မှ “ဘုန်း” ခနဲ အသံကို ရုတ်တရက် ကြားလိုက်ရ၏။
သူသည် ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်ရာ ပိုင်ဇီချိုး လဲကျသွားသည်ကို တွေ့လိုက်ရ၏။
ချိုးအကြီးအကဲမှာ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း နောက်ပိုင်းတွင် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားပုံရပြီး ထွက်ပြေးရန် ကြိုးစားလိုက်၏။
ကံမကောင်းစွာဖြင့် နောက်ကျသွားလေပြီ။ သူသည် ခြေတစ်လှမ်းသာ လှမ်းရသေးချိန်တွင် ခေါင်းက လေးလံလာသည်ကို ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။