← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅) ငါနဲ့ တိုက်ချင်တာလား

ချန်ရှင်းဂိုဏ်း၏ ဧည့်ခံခန်းမထဲတွင် ဂိုဏ်း၏ အကြီးအကဲ အသီးသီးနှင့် ဂိုဏ်းချုပ်တို့ အပါအဝင် ဂိုဏ်းအတွင်းရှိ အဆင့်မြင့် ပုဂ္ဂိုလ်များသည်လည်း အလယ်ရှိ စားပွဲရှည်တွင် ထိုင်နေကြ၏။

ချန်လော့နှင့် ကျောက်မန်တို့က အခြား တိုက်ရိုက်တပည့် အချို့နှင့်အတူ အခြား စားပွဲတစ်လုံးတွင် ထိုင်နေကြသည်။

ဂိုဏ်းချုပ်သည် မတ်တတ်ရပ်၍ မိန့်ခွန်းပြောကြား၏။ ထို့နောက် လူတိုင်းက စတင် စားသောက်ကြပြီး သူတို့၏ ဘေးရှိ တပည့်များနှင့် စကားစမြည် ပြောဆိုကြတော့သည်။

ချန်လော့သည် အခြားလူများကို ကြည့်လိုက်ရာ သူ၏ စားပွဲတွင် လူငါးယောက် ရှိနေသည်။

သူ၊ ကျောက်မန်၊ ဒေါသမီးတောက်ဂိုဏ်းက တပည့် တစ်ယောက်၊ ရာက္ခသတံခါးဂိုဏ်းက တပည့် တစ်ယောက်နှင့် ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းက တပည့် တစ်ယောက်တို့ ဖြစ်ကြ၏။

ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းမှ တပည့်သည် မိန်းကလေး ဖြစ်ပြီး ဒေါသမီးတောက်ဂိုဏ်းနှင့် ရာက္ခသတံခါးဂိုဏ်းမှ တပည့် နှစ်ယောက်စလုံးသည် ယောကျ်ားလေးများ ဖြစ်ကြသည်။

လူအုပ်ကို စောင့်ကြည့်နေစဉ် ချန်လော့သည် တူဖြင့် ဟင်းများကို ပန်းကန်လုံးထဲသို့ အဆက်မပြတ် ထည့်နေ၏။

ဒီတစ်ကြိမ်တော့ ဂိုဏ်းချုပ်က တခြား ဂိုဏ်းသုံးဂိုဏ်းကို ဧည့်ခံဖို့ အတော်လေး အကုန်အကျ ခံထားတာပဲ...

ဤနေရာရှိ ဟင်းလျာတိုင်းသည် ထူးကဲသော တန်ဖိုးရှိသည်။ အသားများက ရွှေမြုတေအဆင့် သို့မဟုတ် ထိုထက်မြင့်သော သားရဲများထံမှ ဖြစ်ပြီး ဟင်းသီးဟင်းရွက်များ အားလုံးသည် ထိပ်တန်းအဆင့် ဝိညာဉ်ဆေးပင်များ ဖြစ်ကြ၏။

ဤနည်းလမ်း၏ အကျိုးသက်ရောက်မှုက အရသာကို အနည်းငယ် ပိုကောင်းစေခြင်းမှလွဲ၍ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု အပိုင်းတွင် အလွန် ကန့်သတ်ချက် ရှိသော်လည်း ချန်လော့သည် ဂရုမစိုက်ပေ။

ဘာဘဲဖြစ်ဖြစ်အလကား ရတာပဲ... ဘာလို့ အခွင့်အရေး မယူရမှာလဲ...

မည်သူမျှ စကားမစသည်ကို မြင်သောအခါ ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းမှ တပည့်က ပြုံး၍ လူတိုင်းကို မိတ်ဆက်လိုက်၏။

“ကျွန်မက ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်း၊ ရှောက်ယင်နန်းဆောင်က နန်းဆောင်သခင်မ မူရှာရှာပါ...”

မူရှာရှာက အရင်ဆုံး မိတ်ဆက်သည်ကို မြင်သောအခါ အခြားသူများကလည်း သူမနောက်သို့ လိုက်ကာ မိတ်ဆက်ကြတော့သည်။

“ကျွန်တော်က ဒေါသမီးတောက်ဂိုဏ်းရဲ့ သူတော်စင် ယန်ချုံထျန်းပါ...”

ယန်ချုံထျန်းက စကားပြောနေစဉ် သူ၏ အကြည့်သည် မူရှာရှာဆီသို့ အလိုအလျောက် ရောက်ရှိသွားပြီး သူ၏ မျက်လုံးများထဲတွင် ဂနာမငြိမ်ဖြစ်နေသည့် အရိပ်အယောင်များ အထင်အရှား ရှိနေ၏။

“ရာက္ခသတံခါးဂိုဏ်း၊ ချင်မု...”

ချင်မုသည် ရာက္ခသတံခါးဂိုဏ်း ဟု ပြောပြီးနောက် ခေါင်းငုံ့၍ စတင် စားသောက်တော့၏။ သူသည် အတော်လေး တည်ငြိမ်ပြီး တွေးတောတတ်တဲ့ ကောင်လေး တစ်ယောက် ဖြစ်ပုံရသည်။

…

လူအုပ်၏ မိတ်ဆက်မှုများကို ကြားပြီးနောက် ချန်လော့မှာ အံ့အားသင့်သွား၏။

ဒီကောင်တွေရဲ့ နာမည်တွေမှာ ဘာလို့ ရှေ့ဆက်တွေ ပါနေရတာလဲ...

ရှောက်ယင်နန်းဆောင်ရဲ့ နန်းဆောင်သခင်မ၊ သူတော်စင် ပြီးတော့ ရှူရာ...

နာမည်တစ်ခုချင်းစီက အရမ်းကို အစွမ်းထက်ပုံ ပေါက်နေပြီး ချန်လော့ကို အနည်းငယ် အားငယ်သွားသလို ခံစားရစေ၏။

မဖြစ်ဘူး... ဒီလူတွေထက် သာလွန်တဲ့ နာမည်တစ်ခုကို ငါ ဖန်တီးရမယ်...

ပြိုင်ပွဲ မစခင်ကတည်းက အရှိန်အဝါပိုင်းမှာ အရှုံးပေးလို့ မဖြစ်ဘူးလေ...

အတန်ကြာ စဉ်းစားပြီးနောက် ချန်လော့က ချောင်းကို ဖွဖွလေး ဟန့်လိုက်၏။

“ကျွန်တော်က ချန်လော့ပါ... ချန်ရှင်းဂိုဏ်းရဲ့ ပထမဆုံး တိုက်ရိုက်တပည့်၊ လူငယ် မျိုးဆက်တွေထဲမှာ ဆေးဖော်စပ်ခြင်း၊ ဝင်္ကပါ၊ လက်နက်ဖန်တီးခြင်း... အဟွတ်... အားလုံးမှာ နံပါတ်တစ်ပါ...”

ချန်လော့သည် မူလက အဆိပ်ဖော်စပ်ခြင်းနှင့် အဆိပ်ခတ်ခြင်း အပိုင်းတွင် နံပါတ်တစ် ဖြစ်ကြောင်း ပြောဆိုရန် ရည်ရွယ်ထားခဲ့သော်လည်း စဉ်းစားကြည့်ပြီးနောက် ထိုသို့ပြုလုပ်ခြင်းက မိမိကိုယ်ကိုယ် ဖော်ထုတ်လိုက်သလို ဖြစ်သွားမည်ကို သဘောပေါက်သွား၏။

ငါသာ နောက်မှ သူတို့ကို အဆိပ်ခတ်မယ် ဆိုရင် သူတို့က ငါ့ကို သတိထားနေကြမှာ... အဲဒါဆို ငါ လုပ်ရတာ ခက်သွားမှာပေါ့...

ထို့ကြောင့် သူက ရပ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

ထို့နောက် လူတိုင်းက ကျောက်မန်ကို ကြည့်လိုက်ပြီး သူမ၏ မိတ်ဆက်မှုကို စောင့်မျှော်နေကြ၏။

တကယ်တမ်းတွင် ထိုနေရာရှိ လူအားလုံးထဲတွင် လူတိုင်း အစပ်စုဆုံး လူမှာ ကျောက်မန် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဤနေရာများကို ဖြစ်သလို ချထားခြင်း မဟုတ်ပေ။ နေရာတွင် ထိုင်နေသူများမှာ အခြေခံအားဖြင့် ဂိုဏ်းအသီးသီးမှ အစွမ်းအထက်ဆုံး လူများ ဖြစ်ကြပြီး အားလုံးနီးပါးက အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်တွင် ရှိကြ၏။

သေချာသည်မှာ ချန်လော့သည် အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ် မဟုတ်သော်လည်း ကွာခြားချက်က သိပ်မကြီးမားပေ။ အဆင့်ငယ် နှစ်ဆင့်လောက်သာ ကွာခြားသည်ဖြစ်၏။

ဤကျောက်မန်နှင့် ပတ်သက်၍မူ သူမ၏ စွမ်းအားနှင့် သူတို့၏ စွမ်းအားကြားတွင် ကြီးမားသော ကွာဟချက် ရှိနေကြောင်း သူတို့ ရှင်းရှင်းလင်းလင်း အာရုံခံနိုင်ကြသည်။ သူမသည် အခြေခံတည်ဆောက်ခြင်း ပထမ သို့မဟုတ် ဒုတိယအဆင့်မျှသာ ရှိပြီး အလွန်ဆုံးမှ တတိယအဆင့်ထက် မပိုနိုင်ပေ။

သို့သော် ချန်ရှင်းဂိုဏ်းက သူမကို ဤနေရာတွင် ထိုင်ရန် စီစဉ်ပေးထားခြင်းကပင် ကျောက်မန်သည် သူတို့နှင့်အတူ ထိုင်နိုင်စွမ်း ရှိသည်ဟု ချန်ရှင်းဂိုဏ်းက ယုံကြည်ကြောင်း ပြသရန် လုံလောက်ပေသည်။

“ကျွန်မ နာမည်က ကျောက်မန်ပါ... အဆိပ်တောင်ထွတ် အကြီးအကဲ ကုထျန်းရန်ရဲ့ တပည့်ပါ...”

ကျောက်မန်က စကားပြောနေစဉ် သူမတွင် မည်သည့် အထူးဘွဲ့အမည်မျှ မရှိပေ။ ယင်းက ရိုးရှင်းပြီး ဟန်ဆောင်မှု ကင်းသော မိတ်ဆက်မှုလေးတစ်ခု သက်သက်သာ ဖြစ်၏။

ဤသည်ကို ကြားသောအခါ ချန်လော့သည် ခေါင်းခါလိုက်သည်။

သူသာဆိုရင် ထိုင်ခုံပေါ် တက်ရပ်ပြီး လူတိုင်းကို ဒီလို ပြောလိုက်မှာပဲ... “ငါက ကျောက်မန်... လူတစ်သောင်းမှာ တစ်ယောက်၊ နှစ်တစ်ရာမှာ တစ်ခါမှ ပေါ်မလာတဲ့ အဆိပ်တစ်သောင်းခန္ဓာ ပိုင်ရှင်ကွ...”

ပြီးရင် လူတိုင်းရဲ့ အံ့အားသင့်နေတဲ့ အကြည့်တွေကို စတင် ခံစားလိုက်...

ဒီလို ပြောလိုက်လို့ ကိုယ့်ရဲ့ အထောက်အထားနဲ့ စွမ်းအားတွေ ပေါ်သွားပြီး တခြားသူတွေက နောင်ကျရင် ကိုယ့်ကို ကာကွယ်ဖို့ နည်းလမ်းတွေ ရှာတွေ့သွားမလား ဆိုတာကိုတော့...

ချန်လော့က အဲဒီအကြောင်းတွေကို လုံးဝ ဂရုမစိုက်ဘူးလေ... ချန်ရှင်းဂိုဏ်းက သူ့ကို ဒီနေရာမှာ ထိုင်ဖို့ စီစဉ်ပေးခဲ့တယ် ဆိုကတည်းက ချန်ရှင်းဂိုဏ်းက ဘာကိုမှ ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက် မရှိဘူး ဆိုတာကို ပြသနေတာပဲ...

ဒီလူတွေက ကျောက်မန်ရဲ့ အထူး စွမ်းရည်တွေကို အခု မသိကြသေးရင်တောင် ဂိုဏ်းကို ပြန်ရောက်ရင် အကြီးအကဲကို ဖြစ်သလို မေးကြည့်လိုက်တာနဲ့ ကျောက်မန်ရဲ့ အဆိပ်တစ်သောင်းခန္ဓာ ဆိုတဲ့ အထောက်အထားကို အခြေခံအားဖြင့် သိသွားကြမှာပဲ...

ထို့နောက် ချန်လော့က တခြားသူများနှင့် စကားများများ မပြောတော့ဘဲ ဟင်းသီးဟင်းရွက်များနှင့် အသားများကိုသာ အာရုံစိုက်ကာ အားပါးတရ စားသောက်နေတော့၏။

သို့သော် မူရှာရှာ အမည်ရှိ ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းမှ တပည့်သည် ချန်လော့ကို အလွန် စိတ်ဝင်စားပုံ ရပြီး အခါအားလျော်စွာ သူ့ကို စကားလာပြောလေ့ ရှိသည်။

“စီနီယာအစ်ကို ချန်လော့... စီနီယာအစ်ကိုက မကြာသေးခင်ကမှ ချန်ရှင်းဂိုဏ်းရဲ့ စမ်းသပ်လေ့ကျင့်ရေးကွင်းကနေ ထွက်လာပြီး နှစ်ထောင်ပေါင်းများစွာ ဘယ်သူမှ မဖွင့်နိုင်ခဲ့တဲ့ အဖြူရောင် မြအိုင် စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တယ်လို့ ဂိုဏ်းက အကြီးအကဲတွေဆီကနေ ညီမ ကြားခဲ့တယ်...”

ဤသည်ကို ကြားသောအခါ အခြား နှစ်ယောက်မှာ သိသိသာသာ အံ့အားသင့်သွားကြ၏။

ရှင်းနေတာပဲ... အဖြူရောင် မြအိုင် စမ်းသပ်မှု အကြောင်း သူတို့ အားလုံး ကြားဖူးကြတယ်လေ...

ချန်လော့က ဘာမှ မကြားရသည့်အလား ဟန်ဆောင်ကာ ထမင်းကို တိတ်တဆိတ် စားနေလိုက်သည်။

သို့သော် မူရှာရှာက ဂရုမစိုက်ဘဲ ဆက်မေးနေ၏။

“စီနီယာအစ်ကို ချန်လော့... ညီမရဲ့ စပ်စုချင်စိတ်လေး ပြေပျောက်သွားအောင် အဖြူရောင် မြအိုင်ကနေ စီနီယာအစ်ကို ယူလာခဲ့တဲ့ ရတနာကို ညီမကို ပြပေးလို့ မရဘူးလား...”

ချန်လော့သည် ပါးစပ်ထဲမှ အစားအစာများကို မြိုချလိုက်ပြီး မူရှာရှာကို ကြည့်လိုက်ရာ သူမက မျက်လုံးပြူးပြူးလေးများဖြင့် ချစ်စရာ ကောင်းအောင် ဟန်ဆောင်နေသည်ကို တွေ့လိုက်ရ၏။

တရားမျှတစွာ ပြောရလျှင် မူရှာရှာက အတော်လေး လှပသည်။ အမှတ်ပေးရမည် ဆိုလျှင် အမှတ် ၁၀ တွင် အနည်းဆုံး ၉ မှတ်တော့ ရမည်ဟု သူ ထင်သည်။

သို့သော်လည်း ဤမိန်းကလေးမှာ အမျိုးသားတို့၏ ယန်ဓာတ်ကို စုပ်ယူ၍ ကျင့်ကြံသူဖြစ်သည်ဟူသော အတွေးက ချန်လော့ကို သူမနှင့် ဝေးဝေးတွင်သာ နေထိုင်ရန် အလိုအလျောက် သတိပေးနေလေ၏။

“ကျွန်တော် ထုတ်ပြလို့ မရဘူး... ကျွန်တော့် ဆရာက သိမ်းသွားပြီ...”

ချန်လော့သည် အပြစ်ကို လောချင်းယွီအပေါ် တိုက်ရိုက် ပုံချလိုက်သည်။ သူက မူရှာရှာကို မနှစ်မြို့သော်လည်း သူတို့၏ ဆက်ဆံရေးကို လောလောဆယ်တွင် အရမ်း မတင်းမာစေချင်ပေ။

မည်သို့ပင်ဆိုစေကာမူ ဤလူများထံမှ အကျိုးအမြတ် အချို့ကို သူ ညှစ်ထုတ်နိုင်ကောင်း ညှစ်ထုတ်နိုင်ပေမည်။

ဤသည်ကို ကြားသောအခါ မူရှာရှာက နှုတ်ခမ်းဆူလိုက်ပြီး အနည်းငယ် စိတ်ပျက်သွားပုံရ၏။ သူမ၏ အမူအရာက အတော်လေး ချစ်စရာ ကောင်းသော်လည်း ချန်လော့အတွက်မူ ကြောက်စရာ ကောင်းသည်ဟုသာ ထင်မိသည်။

သို့သော် ဘေးတွင် ရပ်နေသော ဒေါသမီးတောက်ဂိုဏ်းမှ ယန်ချုံထျန်းသည် ဤမြင်ကွင်းကြောင့် စိတ်လှုပ်ရှားသွားပုံရ၏။

“ညီမလေး မူ... မင်း ပစ္စည်းကောင်းတွေ ကြည့်ချင်ရင် ငါတို့ ဒေါသမီးတောက်ဂိုဏ်းကို လာခဲ့ပါ...”

“ငါတို့ ဒေါသမီးတောက်ဂိုဏ်းမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေ အများကြီး ရှိတယ်... ငါ အဖေ့ကို ပြောလိုက်မယ်... မင်းကို နှစ်ခုလောက် ပေးဖို့ကတော့ ဘာပြဿနာမှ မရှိပါဘူး...”

မူရှာရှာမှာ အနည်းငယ် အံ့အားသင့်သွား၏။ သူမ အချိန်အတော်ကြာအောင် မြူဆွယ်နေခဲ့သော ချန်လော့သည် ဘာတုံ့ပြန်မှုမှ မရှိဘဲ တဖက်ရှိ ယန်ချုံထျန်းမှ သူ့ဘာသာသူ ရောက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် သူမသည် အစားအစာ ရွေးချယ်တတ်သူ မဟုတ်သဖြင့် ချက်ချင်းပင် ပြုံးလိုက်ပြီး အိမ်နီးချင်း ကောင်မလေး တစ်ယောက်အလား ဟန်ဆောင်ကာ ခေါင်းညိတ်လိုက်၏။

“ကောင်းပြီလေ... အဲဒါဆိုရင် အစ်ကိုယန် နောက်မှ စကားပြန်မရုပ်သိမ်းနဲ့နော်...”

“ဟားဟား... မင်းရဲ့ အစ်ကိုက မင်းကို ဘာလို့ လိမ်ရမှာလဲ...”

…

သူတို့၏ စကားပြောဆိုမှုများကို ကြားရသောအခါ အစားအသောက်ကို အရသာခံ စားသောက်နေခဲ့သော ချန်လော့မှာ ရုတ်တရက် အစားအသောက် ပျက်သွားတော့၏။

ဒီလူယုတ်မာ နှစ်ယောက်က သေလိုက်လို့ မရဘူးလား...

ချန်လော့က ခိုကိုးရာစွာ သက်ပြင်းချလိုက်ပြီး မော့ကြည့်လိုက်ရာ သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ချင်မုသည် တိတ်တဆိတ် စားသောက်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

တစ်ဖက်လူက အစားအသောက်ကို ဘယ်လောက် အလေးအနက်ထား စားသောက်နေသလဲ ဆိုတာကို ကြည့်ပြီး ချန်လော့ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

“ဒီကလေးက သင်ပေးလို့ ရတယ်...”

ချင်မုကလည်း တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရပြီး မော့ကြည့်လိုက်ရာ ချန်လော့၏ အကြည့်နှင့် ဆုံသွား၏။

ချန်လော့၏ မျက်လုံးများထဲရှိ လေးစားအားကျနေသော အကြည့်ကို မြင်သောအခါ သူသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

“မင်း ငါနဲ့ တိုက်ချင်တာလား...”

အခန်း (၁၂၆) မိစ္ဆာ တစ်ကောင် မဟုတ်ပါဘူး

ချင်မု၏ စကားကို ကြားသောအခါ ထိုနေရာရှိ လူအားလုံးမှာ အံ့အားသင့်သွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် အံ့သြမှုများ ပြည့်နှက်နေ၏။

ချန်လော့မှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားတော့သည်။

ဘယ်သူက မင်းနဲ့ တိုက်ချင်လို့လဲ... ငါ ဘာမှမပြောရသေးဘူး... ဘာမှလည်း မလုပ်ရသေးဘူး...

ချင်မုသည် ပါးစပ်ထဲရှိ အစားအစာများကို မြိုချလိုက်ပြီးနောက် ဆက်လက် စားသောက်နေလိုက်၏။

“မင်းရဲ့ မျက်လုံးထဲမှာ လေးစားအားကျမှုတွေကို ငါ မြင်လိုက်တယ်...”

“ငါနဲ့ တိုက်နိုင်တဲ့ ကောင်တွေကိုလည်း ငါ့ဘက်က လေးစားအားကျတယ်... အဲဒါကြောင့် မင်းက ငါနဲ့ တိုက်နိုင်တဲ့ စွမ်းရည် ရှိတယ်လို့ ထင်လို့ အဲ့လိုမျက်နှာဖြစ်နေတာပဲ...”

“ငါတို့ အချိန်ရရင် သိုင်းပြိုင်ကြည့်ကြတာပေါ့... မင်းကို ငါ စိတ်မပျက်စေချင်ဘူး...”

“သေချာတာပေါ့... ငါ ဘယ်သူ့ကိုမှ မသတ်ပါဘူး... ဒီကို မလာခင် ဂိုဏ်းချုပ်က ငါ့ကို ဘယ်သူ့ကိုမှ မသတ်ဖို့... အထူးသဖြင့် တိုက်ရိုက်တပည့်တွေကို မသတ်ရဘူးလို့ ပြောထားတယ်...”

ဤစကားများကို ကြားပြီးနောက် ချန်လော့မှာ ဆွံ့အသွားတော့၏။

မဟုတ်သေးပါဘူး အစ်ကိုရာ... ဒါက ဘာအဓိပ္ပာယ်လဲ... ကျွန်တော်က ခင်ဗျားကို လေးစားအားကျရင် ခင်ဗျားနဲ့ တိုက်ရမှာလား...

ပြီးတော့ “မင်းက အရင်တုန်းက အသေအလဲ တိုက်ခဲ့တယ်... လူတောင် သတ်ခဲ့တယ်” ဆိုတဲ့ စကားကရော...

“ကျွန်တော် ခင်ဗျားနဲ့ တိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး...”

ချန်လော့က အတော်လေး မတတ်သာသော အမူအရာဖြင့် ပြောလိုက်၏။

ဤစကားကို ကြားသောအခါ ချင်မုမှာ အနည်းငယ် စိတ်ပျက်သွားပုံရပြီး ဟင်းများကို ဆက်လက် ရွေးချယ်ရန် ခေါင်းငုံ့လိုက်သည်။

ချင်မု၏ အမူအရာကို ကြည့်ရင်း ချန်လော့မှာ ချဉ်ပြုံးလေးဖြင့် ပြုံးလိုက်သည်။

သို့သော် နောက်တစ်ကြိမ် ထပ်တွေးကြည့်သောအခါ တကယ်တမ်းတွင် အတော်လေး ကောင်းမွန်သည်ဟု ခံစားရ၏။

ချင်မု၏ မိတ်ဆက်မှုကို ပထမဆုံး ကြားလိုက်ရစဉ်က သူသည် အေးစက်ပြီး ခပ်တည်တည် နေတတ်သူ တစ်ယောက် ဖြစ်မည်ဟု ချန်လော့ ထင်ခဲ့သည်။

သို့သော် ယခု ကြည့်ရသည်မှာ ဤကောင်လေးက ခပ်တည်တည် နေတတ်သူ မဟုတ်ဘဲ ရိုးအသူ ဖြစ်ပုံရသည်။

တိုက်ခိုက်ဖို့နဲ့ သတ်ဖြတ်ဖို့ပဲ သိလောက်အောင် ရိုးအတဲ့သူပေါ့...

ဒါပေမဲ့ ဒါက တကယ်တော့ ကောင်းတဲ့အချက်ပဲ... ဘာလို့လဲဆိုတော့ ဒီလို ရိုးအတဲ့ လူတွေကို လှည့်စားဖို့ အလွယ်ဆုံးပဲလေ...

သူ့ဆီကနေ ပစ္စည်းကောင်းတွေ အများကြီး ညှစ်ထုတ်လို့ ရနိုင်တယ်...

ဤသည်ကို တွေးမိသောအခါ ချန်လော့မှာ ပြုံးလိုက်မိပြီး သူ၏ မျက်လုံးများက လေးစားအားကျမှုများ ပြည့်နှက်လျက် ချင်မုကို ကြည့်လိုက်၏။

ထိုအချိန်မှာပင် ချင်မုက မော့ကြည့်လိုက်ပြီး ချန်လော့၏ အကြည့်နှင့် ထပ်မံ ဆုံတွေ့သွားပြန်သည်။

ဤသည်ကို မြင်သောအခါ ချန်လော့မှာ အရမ်း လန့်သွားသဖြင့် အလျင်အမြန် ခေါင်းငုံ့ကာ အစားအစာများကို စတင် ကောက်စားတော့ပြီး သူ့ကို ဆက်မကြည့်တော့ပေ။

သို့သော် ချင်မုသည် ချန်လော့ကို နက်နက်ရှိုင်းရှိုင်း တစ်ချက် ကြည့်လိုက်၏။ ထိုအခိုက်အတန့်တွင် ချန်လော့က သူ့ကို လေးစားအားကျနေကြောင်း ရာခိုင်နှုန်းပြည့် သေချာသွားပြီ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ချန်လော့နဲ့ တိုက်ဖို့ အခွင့်အရေး တစ်ခု ရှာရမယ်...

…

အားပါးတရ စားသောက်ပြီးနောက် ချန်လော့သည် ခန်းမထဲမှ ပထမဆုံး ထွက်ခွာသွားသူ ဖြစ်၏။

ယန်ချုံထျန်းနှင့် မူရှာရှာတို့၏ ပရောပရည်လုပ်နေကြသည့် မြင်ကွင်းကို သူ လုံးဝ သည်းမခံနိုင်တော့ပေ။ ထို့ပြင် ချင်မုကလည်း သူ့ကို ခဏခဏ စိုက်ကြည့်နေသဖြင့် ချန်လော့တစ်ယောက် ဤအခြေအနေအားလုံးကို စိတ်ကုန်ကာ ကြောက်ရွံ့လာမိတော့သည်။

ခန်းမထဲမှ ထွက်လာပြီးနောက် ချန်လော့သည် ချင်းယန်တောင်ထွတ်ဆီသို့ ပြန်သွားလေ၏။

မကြာမီမှာပင် အိမ်သို့ ရောက်ရှိသွားသည်။ သို့သော် သူ မော့ကြည့်လိုက်သောအခါ အံ့အားသင့်သွား၏။

တံခါးဝတွင် လှဲနေသော ပုံရိပ် နှစ်ခုကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

“သူတို့ ထောင်ချောက်ထဲ မိသွားပြီပဲ...”

ချန်လော့၏ မျက်လုံးများသည် ချက်ချင်း လင်းလက်သွားပြီး စိတ်လှုပ်ရှားစွာ ပြေးသွားလိုက်ရာ မြေပြင်ပေါ်တွင် လှဲနေသော အသိဟောင်း နှစ်ယောက်ကို တွေ့လိုက်ရ၏။

“ချိုးအကြီးအကဲ... ပိုင်ဇီချိုး... ဒီပိုက်ဆံမရှိတဲ့ ခွေးကောင် နှစ်ကောင်က ဘာတွေလဲ...”

သူတို့ နှစ်ယောက်ကို မြင်သောအခါ ချန်လော့မှာ အနည်းငယ် စိတ်ပျက်သွားသည်။

မည်သို့ပင်ဆိုစေကာမူ ချန်လော့က ဤလူနှစ်ယောက်၏ ခန္ဓာကိုယ်ပေါ်ရှိ အရာအားလုံးနီးပါးကို ယူငင်ပြီးပြီ ဖြစ်ရာ ယခု သူတို့တွင် အတွင်းခံများသာ ကျန်ရှိတော့မည် ဖြစ်၏။

သို့သော် သူတို့သည် ဤနေရာကို ရောက်နေပြီ ဆိုတော့ အလကား ပြန်မလွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီး စတင် စမ်းသပ် ရှာဖွေတော့၏။

မကြာမီမှာပင် ချန်လော့သည် သူတို့ နှစ်ယောက်ထံမှ ဝိညာဉ်ကျောက်တုံး အနည်းငယ်ကို ထုတ်ယူနိုင်ခဲ့သော်လည်း အများကြီး မဟုတ်ပေ။ စုစုပေါင်း ငါးတုံး သို့မဟုတ် ခြောက်တုံးခန့်သာ ရှိ၏။

အဲဒီအပြင် ဘာမှ မကျန်တော့သလောက်ပဲ...

“ကျစ်... သူတို့ဆီမှာ ရှိတာ ဒါအကုန်ပဲလား...”

ချန်လော့မှာ အနည်းငယ် ဒေါသထွက်သွားပြီး ချိုးအကြီးအကဲ၏ တင်ပါးကို ခပ်ပြင်းပြင်း တစ်ချက် ကန်လိုက်၏။

ဝင်္ကပါ တည်ဆောက်ဖို့ သုံးခဲ့တဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ အဆိပ်အတွက် သုံးခဲ့တဲ့ ဝိညာဉ်ကျောက်တုံးတွေ ပေါင်းလိုက်ရင်တောင် အနည်းဆုံး တစ်ရာလောက် ရှိတယ်...

ရလဒ်အနေနဲ့ ဒီခရီးစဉ်မှာ သူ အရှုံးပေါ်သွားတာပဲ...

ချန်လော့သည် ဤအကြောင်းကို တွေးလေလေ ပိုဒေါသထွက်လေလေ ဖြစ်လာပြီး သူတို့ နှစ်ယောက်စလုံးကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်စိတ် ပေါက်လာတော့၏။

ဒါပေမဲ့ ပြန်တွေးကြည့်တော့... ခုတ်ထစ်ပစ်လိုက်လို့ ဘာအကျိုးရှိမှာလဲ... ဝိညာဉ်ကျောက်တုံးတွေ ပြန်ရလာမှာမှ မဟုတ်တာ...

“မဖြစ်ဘူး... သူတို့နဲ့ လဲဖို့ ဂိုဏ်းချုပ်ဆီကနေ ပြန်ပေးဆွဲငွေ တောင်းသင့်လား...”

သို့သော် မကြာမီမှာပင် ချန်လော့က ခေါင်းခါလိုက်၏။

ဒီတန်ဖိုးမရှိတဲ့ လူယုတ်မာ နှစ်ယောက်အတွက် ယွီထျန်းစီက သူ့ကို အလွန်ဆုံးမှ ဝိညာဉ်ကျောက်တုံး ဆယ်တုံးပဲ ပေးမှာ... အဲဒီထက် ပိုတာဆိုရင် သူ ဂရုစိုက်မှာ မဟုတ်ဘူး...

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ချန်လော့မှာ အကူအညီမဲ့စွာ သက်ပြင်းချရုံသာ တတ်နိုင်တော့၏။

“ကြည့်ရတာ တကယ်ပဲ ဖြေရှင်းနည်း မရှိတော့ဘူး ထင်တယ်...”

“ဒါပေမဲ့ သူတို့ကို ဒီအတိုင်း လွှတ်ပေးလိုက်ရတာ အရမ်း နှမြောစရာ ကောင်းတယ်...”

ဤအခိုက်အတန့်တွင် ချန်လော့သည် တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ရုတ်တရက် ပေါ်လာ၏။

“အင်းလေ... ငါ ဘာလုပ်နိုင်မှာလဲ... ငါက သဘောကောင်းတော့ သူတို့ကို သဘာဝတရားဆီ ပြန်လွှတ်ပေးလိုက်ရုံပေါ့...”

ထိုသို့ ပြောရင်း ချန်လော့သည် သူတို့ နှစ်ယောက်၏ အဝတ်အစားများကို ချွတ်ပစ်လိုက်ပြီး အတွင်းခံများသာ ချန်ထားပေးခဲ့၏။

သူသည် ထိုသူတို့အပေါ် ဂုဏ်သိက္ခာငဲ့ညှာ၍ ချန်ထားပေးလိုခြင်း မဟုတ်ပေ။ ၎င်းတို့ကို တောင်အောက်သို့ သယ်ဆောင်သွားစဉ် မိမိနှင့်အတူ ထိတွေ့လှုပ်ယမ်းနေမည့် အဖြစ်ကို တွေးကြည့်ရုံမျှနှင့်ပင် သူသည် အလွန်အမင်း ရွံရှာမိသည်

ထို့နောက် ချန်လော့သည် အပြင်ဘက်ကို နောက်တစ်ကြိမ် ကြည့်လိုက်ရာ နေမင်းကြီးက ဖြည်းညင်းစွာ ဝင်နေပြီ ဖြစ်၏။

“ညဘက်ရောက်မှပဲ အပြင်ထွက်ကြတာပေါ့...”

ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ်တုံးလုံး ယောကျ်ား နှစ်ယောက်ကို ဖက်ထားတာ လူတွေ မြင်သွားရင် နည်းနည်းတော့ ရှက်စရာ ကောင်းတယ်လေ...

ထိုသို့ ပြောပြီးနောက် ချန်လော့က နောက်သို့ လှည့်ပြန်သွားလေ၏။

ထိုအချိန်မှာပင် ချိုးအကြီးအကဲ၏ လက်မောင်း လှုပ်သွားသည်ကို သူ ရုတ်တရက် တွေ့လိုက်ရသည်။

“ဆေးအာနိသင် ပြယ်သွားတာများလား...”

မည်သို့ပင်ဆိုစေကာမူ ချိုးအကြီးအကဲသည် ရွှေမြုတေအဆင့် စွမ်းအားရှင် တစ်ဦး ဖြစ်သဖြင့် အဆိပ်များကို အတိုင်းအတာ တစ်ခုအထိ ခံနိုင်ရည် ရှိ၏။

ထို့ကြောင့် ချန်လော့သည် ဘေးမှ အဆိပ်မှုန့် ပုလင်းတစ်ပုလင်းကို တွေ့ပြီး ချိုးအကြီးအကဲကို နောက်ထပ် နည်းနည်း ထပ်ကျွေးရန် ပြင်လိုက်စဉ် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်တရက် သတိပြုမိသွားသည်။

“ဒီအဆိပ်မှုန့် တစ်ပုလင်း ဖော်ဖို့တောင် ဝိညာဉ်ကျောက်တုံး တော်တော်များများ ကုန်တယ်... သူ့ကို ကျွေးတာက နည်းနည်း နှမြောစရာ ကောင်းနေသလားလို့...”

ဤသည်ကို တွေးမိသောအခါ ချန်လော့သည် အဆိပ်မှုန့်ကို ပြန်ထားလိုက်ပြီးနောက် သံချောင်းကြီး တစ်ချောင်းကို ရှာလိုက်၏။

“ဒါကလည်း မူးမေ့သွားစေနိုင်တယ်... အာနိသင်ကတော့ အတူတူလောက်ပါပဲ...”

ထို့နောက် သူသည် တိတ်တဆိတ် ထိုင်၍ စောင့်ဆိုင်းနေလိုက်သည်။

မကြာမီမှာပင် ချိုးအကြီးအကဲက သတိ အနည်းငယ် ပြန်လည် ရရှိလာ၏။

ငါ ဘာဖြစ်သွားတာလဲ...

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ချန်လော့က သံချောင်းကို လွှဲချလိုက်သည်။

“ဘုန်း...”

ကျယ်လောင်သော အသံကြီးတစ်ခုနှင့်အတူ ချိုးအကြီးအကဲမှာ နောက်တစ်ကြိမ် လဲကျသွားပြီး သူ၏ ခေါင်းနောက်ဘက်မှ သွေးများ ဖြည်းညင်းစွာ ယိုစိမ့်ထွက်လာ၏။

ချန်လော့က လက်ထဲရှိ သံချောင်းကြီးကို တစ်ချက် ထပ်ကြည့်လိုက်သည်။

သူသည် မာကျောလှသော သံချောင်းဖြင့် အကြီးအကဲချိုး၏ နောက်စေ့ကို အရှိန်ပြင်းပြင်းဖြင့် ရိုက်ချမိခဲ့သည်။

“သူ သေလောက်တော့ မသေသေးပါဘူးနော်...”

ချန်လော့က ချိုးအကြီးအကဲ၏ အသက်ရှူသံကို စစ်ဆေးကြည့်ပြီး အသက်ရှူနေသေးကြောင်း အတည်ပြုပြီးနောက်မှ သက်ပြင်းချလိုက်နိုင်၏။

ညအချိန် ရောက်လာသောအခါ အချိန်ကျပြီဟု မြင်သော ချန်လော့က အချိန်မဖြုန်းတော့ဘဲ သူတို့ နှစ်ယောက်ကို ချင်းယန်တောင်ထွတ်မှ သယ်ဆောင်သွားလေသည်။

ချန်လော့သည် မူလက သူတို့ နှစ်ယောက်ကို မည်သည့် တောင်ထွတ်ကိုမဆို သယ်ဆောင်သွားရန် ရည်ရွယ်ထားသော်လည်း တောင်ထွတ် အသီးသီးမှ အကြီးအကဲတိုင်းတွင် သူတို့ကို စောင့်ကြည့်နိုင်သည့် အစွမ်းထက်သော ဝင်္ကပါများ ရှိနေသည်ကို စဉ်းစားမိပြီးနောက် သူက လက်လျှော့ကာ အပြင်ဂိုဏ်းသို့ သွားရန် ဆုံးဖြတ်လိုက်၏။

ထို့နောက် ချန်လော့သည် တံခါးအပြင်ဘက်ရှိ လေ့ကျင့်ရေးကွင်းကို ရှာတွေ့ပြီး တိုင်တစ်တိုင်ကို ရှာကာ သူတို့ နှစ်ယောက်စလုံးကို ထိုတိုင်တွင် ချည်နှောင်လိုက်သည်။

အရာအားလုံး ပြီးစီးသွားသောအခါ ချန်လော့သည် ထိုလူနှစ်ယောက်၏ အတွင်းခံများကို ကြည့်လိုက်၏။

ရိုးရိုးသားသား ပြောရလျှင် သူသည် အရေးယူဖို့ အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။

သို့သော် သူသာ အရေးမယူဘဲ ထိုနှစ်ယောက်ကို အဝတ်ဗလာဖြင့် ထားရစ်ခဲ့ပါက ၎င်းသည် အမုန်းတရားကို ပြေပျောက်စေရန် လုံလောက်မည် မဟုတ်ဟု ချန်လော့ ခံစားမိ၏။

ချန်လော့ ချီတုံချတုံ ဖြစ်နေစဉ်မှာပင် ငွေရောင် အလင်းတန်း တစ်ချက်က ကောင်းကင်ယံတွင် ရုတ်တရက် ဖြတ်ပြေးသွားသည်။

“ဘုန်း...”

ကျယ်လောင်သော အသံကြီးတစ်ခုနှင့်အတူ ချန်လော့၏ ဘေးတည့်တည့်သို့ မိုးကြိုးတစ်ချက် ပစ်ချလိုက်ပြီး သစ်ရွက်ပုံ တစ်ပုံကို မီးစွဲလောင်သွားစေ၏။

ချန်လော့သည် လောင်ကျွမ်းနေသော သစ်ရွက်များကို စိုက်ကြည့်နေပြီး မီးရောင်က မျက်လုံးများတွင် အဆက်မပြတ် တောက်ပနေသည်။

ချန်လော့သည် သတိမထားမိဘဲ သူ၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။

သူသည် သစ်သားချောင်း တစ်ချောင်းကို ကောက်ယူ၍ မီးအပေါ်တွင် ထွန်းညှိလိုက်ပြီးနောက် သတိလစ်နေဆဲ ဖြစ်သော ထိုလူနှစ်ယောက်ကို ကြည့်လိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါ ချန်လော့က မိစ္ဆာ တစ်ကောင်မှ မဟုတ်တာ... ငါ့စိတ်နှလုံးက အတော်လေး သဘောကောင်းပါတယ်...”

“မင်းတို့ကို ဂုဏ်သိက္ခာ နည်းနည်းတော့ ချန်ထားပေးပါ့မယ်... ဒါပေမဲ့ ဘယ်လောက် ကျန်မလဲ ဆိုတာကတော့ မင်းတို့ရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်တယ်...”

ထိုသို့ ပြောပြီးနောက် ချန်လော့သည် ထိုနှစ်ယောက်စလုံး၏ အတွင်းခံများကို မီးရှို့လိုက်ပြီး ယဉ်ကျေးသိမ်မွေ့စွာ ထွက်ခွာသွားလေ၏။

…

သန်းခေါင်ယံ အချိန်တွင် အပြင်ဘက် လေ့ကျင့်ရေးကွင်းမှ ဆူညံသံ တစ်ခု ထွက်ပေါ်လာသည်။

“ရေ ဘယ်မှာလဲ... ရေ ဘယ်မှာလဲ... ရေသွားရှာဖို့ ငါတို့ ပြောထားတယ် မဟုတ်လား...”

“ငါ အရူး မဖြစ်ချင်ဘူးကွ...”

“ထားလိုက်တော့... အခု အဲဒီအကြောင်း တွေးပူနေလို့ မရဘူး... အသက်ကယ်ဖို့က ပထမပဲ... အရင်ဆုံး မီးကို သစ်သားချောင်းတွေနဲ့ ငြိမ်းကြမယ်...”

“ဒီအတိုင်း ရပ်မနေကြနဲ့... အဲဒီနားက သစ်သားချောင်းတွေ၊ ကျောက်ခဲတွေကို ယူပြီး မီးကို ငြိမ်းကြစမ်း...”

All Chapters