← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇) သူ့အတွက် ဘာအရေးပါလို့လဲ

“မိစ္ဆာတာအို ပြိုင်ပွဲ” ဟူသော နာမည်က ခမ်းနားထည်ဝါသော်လည်း တကယ်တမ်းတွင် ၎င်းသည် အလွန် ကြီးမားသော ပွဲတစ်ခု မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းလေးဂိုဏ်းသာ ပါဝင်ပြီး စုစုပေါင်း လူတစ်ရာကျော်ခန့်သာ ရှိ၏။

ပြိုင်ပွဲက သုံးရက်ကြာမြင့်မည် ဖြစ်သော်လည်း ပထမ နှစ်ရက်မှာ သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းလှပေ။

ချန်လော့၊ ချင်မုနှင့် အခြား တိုက်ရိုက်တပည့်များက ပထမ နှစ်ရက်တွင် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သော်လည်း သူတို့နှင့် ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်များမှာ များသောအားဖြင့် သိပ်မစွမ်းလှပေ။

မည်သို့ပင်ဖြစ်စေ သူတို့ အားလုံးက ဂိုဏ်းအသီးသီးမှ ထိပ်တန်း ပြိုင်ဘက်များ ဖြစ်ကြပြီး ဗိုလ်စွဲရန်အတွက် နောက်ဆုံးနေ့အထိ သေချာပေါက် သိမ်းဆည်းထားမည် ဖြစ်၏။

“မင်း ဒီနေ့ ပွဲစဉ် သုံးပွဲ ရှိတယ်... ကျန်တဲ့ ဂိုဏ်း သုံးဂိုဏ်းက အခြေခံတည်ဆောက်ခြင်းအဆင့် ပြိုင်ဘက် တစ်ယောက်စီနဲ့ ယှဉ်ပြိုင်ရမှာ...”

“ဒါပေမဲ့ သူတို့က သိပ်မစွမ်းလောက်ပါဘူး... အဲဒါကြောင့် မင်း အားကုန်မထုတ်ဘဲ ကိုယ့်ခွန်အားကို ချွေတာထားလို့ ရတယ်...”

“ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ရောက်မှသာ မင်း တကယ့် ပြိုင်ဘက်နဲ့ တွေ့ရလိမ့်မယ်...”

လောချင်းယွီသည် ဘေးမှနေ၍ ချန်လော့ကို ရှင်းပြလိုက်၏။

“ပြီးတော့ တခြားဂိုဏ်းတွေက တိုက်ရိုက်တပည့်တွေ ပါဝင်တဲ့ ပွဲစဉ်တွေ ရှိရင်လည်း မင်း သေသေချာချာ ကြည့်ထားလို့ ရတယ်...”

“သူတို့က ကိုယ်ပိုင် စွမ်းအားတွေကို ဖုံးကွယ်ထားဖို့ များပေမယ့် လှုပ်ရှားလိုက်တာနဲ့ သူတို့ရဲ့ စွမ်းအားကို မင်း အကဲခတ်နိုင်မှာပါ...”

ချန်လော့သည် ခေါင်းညိတ်လိုက်ပြီး ခေါင်းငုံ့ကာ အတွေးထဲ နစ်မျောနေပုံရသည်။

“ဒါနဲ့ ဆရာ... ဒီသုံးရက်အတွင်း စားစရာတွေကို ဂိုဏ်းက အကုန် ကျခံပေးတာလား...”

ချန်လော့၏ မေးခွန်းကို ကြားသောအခါ လောချင်းယွီမှာ အံ့အားသင့်သွားပြီးနောက် မျက်နှာပေါ်တွင် အကူအညီမဲ့သော အမူအရာတစ်ခု ပေါ်လာ၏။

မိမိ၏တပည့်ဖြစ်သူ ခေါင်းငုံ့နေသည်ကို မြင်သောအခါ အခြားဂိုဏ်းမှ တပည့်များကို မည်သို့ရင်ဆိုင်ရမည်ကို စဉ်းစားနေခြင်းဖြစ်မည်ဟု သူမ ထင်မှတ်ခဲ့မိသည်။ သို့သော် ယခုကြည့်ရသည်မှာ သူမအနေဖြင့် အပိုအလျှံများကိုသာ လျှောက်၍ တွေးပူနေခဲ့မိခြင်းပင်။

“ဂိုဏ်းက အားလုံးကို တာဝန်ယူပေးထားတယ်... ငါတို့ အားလုံးက ကျင့်ကြံသူတွေ ဖြစ်ပြီး ကျင့်ကြံမှုအဆင့်ကလည်း မနိမ့်ကြဘူး ဆိုတော့ မစားရင်လည်း သိပ်တော့ ပြဿနာ မရှိပါဘူး...”

“ဒါပေမဲ့ အပြင်လူတွေ ရှေ့မှာ ဧည့်ဝတ်မကျေပွန်ဘူးလို့ အပြောမခံရအောင်လို့ ဒီရက်ပိုင်းအတွင်း အစားအသောက် အားလုံးကို ယွီထျန်းစီက တာဝန်ယူပေးထားတယ်...”

ဤသည်ကို ကြားသောအခါ ချန်လော့မှာ ပြုံးလိုက်မိ၏။

သို့သော် သူ ပျော်ရွှင်နေရခြင်းမှာ သုံးရက်တိတိ အလကား စားရမည်ဖြစ်သောကြောင့် မဟုတ်ပေ။

ချန်လော့သည် လုံးဝ အစားမက်သူ တစ်ယောက် မဟုတ်ဘဲ သားရဲအသားများနှင့် ဝိညာဉ်ဆေးပင်များ၏ အာနိသင်က ကောင်းမွန်သော်လည်း ချန်လော့ကို ဤမျှ မပျှော်ရွှင်စေနိုင်ပေ။

ချန်လော့ကို တကယ်တမ်း ပျော်ရွှင်စေခဲ့သည့် အရာမှာ ဂိုဏ်းက အစားအသောက် အားလုံးကို တာဝန်ယူထားသဖြင့် ချင်မုနှင့် အခြားသူများလည်း ဧည့်ခံခန်းမထဲတွင် သေချာပေါက် လာစားကြမည် ဖြစ်သောကြောင့်ပင်။

အဲဒီအခါကျရင် သူ့အတွက် အဆိပ်ခတ်ရတာ အများကြီး ပိုလွယ်သွားမှာ မဟုတ်ဘူးလား...

ဤသည်ကို တွေးမိသောအခါ ချန်လော့က အိတ်ကပ်ထဲမှ အဆိပ်ပုလင်းကို စမ်းကြည့်လိုက်၏။

ဤအဆိပ်ကို မိစ္ဆာတာအို ပြိုင်ပွဲအတွက် သူ အထူးဖော်စပ်ထားခဲ့ခြင်း ဖြစ်ပြီး လွန်ခဲ့သော ရက်အနည်းငယ်က အဆိပ်ဖော်စပ်ခြင်းနှင့် ပတ်သက်၍ သူ စုဆောင်းထားခဲ့သော အသိပညာများ အားလုံးကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။

အဆိပ်က အရောင်အဆင်း၊ အနံ့အရသာ လုံးဝ မရှိဘဲ ရွှေမြုတေအဆင့် ကျင့်ကြံသူပင် သတိမထားမိနိုင်သလို အစိုဓာတ်နှင့်လည်း လျင်မြန်စွာ ဓာတ်ပြုနိုင်သည်။

ရေအနည်းငယ်နှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် အဆိပ်က လုံးဝ ပျော်ဝင်သွားပြီး တစ်ခါမှ မရှိခဲ့သည့်အလား ဖြစ်သွားမည် ဖြစ်၏။ အရေးအကြီးဆုံးမှာ ပမာဏကို ထိန်းချုပ်ခြင်းအားဖြင့် အဆိပ်၏ အာနိသင် ပြမည့်အချိန်ကိုပင် ထိန်းချုပ်နိုင်သည်။

နာရီဝက်၊ တစ်နာရီ၊ နှစ်နာရီ... အများဆုံး ခြောက်နာရီအထိ ထိန်းချုပ်နိုင်၏။

“ကံမကောင်းတာက ငါ့ရဲ့ အဆိပ်ဖော်စပ်နိုင်စွမ်းက ကန့်သတ်ချက် ရှိနေတာပဲ... ငါသာ ပိုစွမ်းမယ် ဆိုရင် ဆယ့်နှစ်နာရီ ဒါမှမဟုတ် နှစ်ဆယ့်လေးနာရီလောက် နေမှ အာနိသင် ပြမယ့် အဆိပ်မျိုးတောင် ဖော်နိုင်လောက်တယ်...”

ချန်လော့က ပြောရင်း အကူအညီမဲ့စွာ သက်ပြင်းချလိုက်၏။

အဆိပ်၏ အာနိသင်ကို နှစ်ဆယ့်လေးနာရီအထိ နောက်ဆုတ်နိုင်မည် ဆိုလျှင် သူက နှစ်ရက် ကြိုတင်၍ အဆိပ်ခတ်ထားနိုင်သည်။

ဤသို့ ပြုလုပ်ခြင်း၏ အားသာချက်မှာ ပထမအကြိမ် အဆိပ်ခတ်ရန် ကြိုးစားမှု ကျရှုံးသွားလျှင်ပင် ပမာဏကို ထိန်းချုပ်နိုင်သရွေ့ အဆိပ် ဆက်ခတ်ရန် အချိန် အလုံအလောက် ရှိနေခြင်း ဖြစ်၏။

နောက်ထပ် အားသာချက်တစ်ခုမှာ အဆိပ်အာနိသင်ပြရန် အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်မည်ဆိုပါက၊ ၎င်းတို့ တစ်စုံတစ်ရာ ဖြစ်သွားသည့်တိုင်အောင် မိမိအပေါ် သံသယဝင်လာနိုင်တော့မည် မဟုတ်ပေ။

အကူအညီမဲ့စွာ သက်ပြင်းချလိုက်ပြီးနောက် ချန်လော့သည် သူ၏ အကြည့်ကို ပြိုင်ကွင်းဆီသို့ ပြန်လည် ပို့လွှတ်လိုက်၏။

ထိုအချိန်တွင် ပြိုင်ကွင်းပေါ်ရှိ တပည့် နှစ်ယောက်မှာ ဒေါသမီးတောက်ဂိုဏ်းနှင့် ရာက္ခသတံခါးဂိုဏ်းတို့မှ တပည့်များ ဖြစ်ကြသည်။

ထိုနှစ်ယောက်စလုံးသည် အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေကြပြီ ဖြစ်ပြီး တိုက်ပွဲအတွင်း လုံးဝ သနားညှာတာမှု မပြဘဲ အားကုန်ထုတ် တိုက်ခိုက်နေကြ၏။

သို့သော် ဤသည်ကို နားလည်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ကိုယ့်အဆင့်ကိုယ် ကျော်လွန်ပြီး အလွယ်တကူ တိုက်ခိုက်နိုင်စွမ်းရှိသော တိုက်ရိုက်တပည့်များ မဟုတ်သောကြောင့် ဖြစ်၏။

အားမထုတ်ဘဲ တိုက်ခိုက်မည် ဆိုလျှင် ပြိုင်ဘက်၏ တိုက်ကွက် အနည်းငယ်မျှဖြင့် ခြေမှုန်းခံရနိုင်ခြေ များသည်။

နောက်တစ်ဆင့်သို့ တက်လှမ်းရန် အကောင်းဆုံး နည်းလမ်းမှာ ပြိုင်ဘက်တိုင်းကို အားကုန်ထုတ် တိုက်ခိုက်ရန်ပင် ဖြစ်၏။

ချန်လော့သည် ခေါင်းခါလိုက်ပြီး ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ သူတို့ နှစ်ယောက်၏ တိုက်ပွဲကို ဆက်လက် ကြည့်ရှုနေလိုက်သည်။

ဤလူနှစ်ဦး၏ စွမ်းအားမှာ ပျမ်းမျှအဆင့်သာရှိသဖြင့် မိမိတစ်ယောက်တည်းနှင့်ပင် အခက်အခဲမရှိ ရင်ဆိုင်နိုင်သည်ဟု ချန်လော့ တွက်ဆထားသော်လည်း၊ သို့သော် ထိုသူတို့ထံမှ သင်ယူစရာ အသိပညာ ဘာမျှမရှိဟု မဆိုလိုပေ။

အထူးသဖြင့် သူတို့ နှစ်ယောက်၏ ဂိုဏ်းများ ဖြစ်သော ဒေါသမီးတောက်ဂိုဏ်းက “မီးမန္တာန်များ” ကို အထူးပြုပြီး ရာက္ခသတံခါးဂိုဏ်းကမူ လုပ်ကြံသတ်ဖြတ်မှုများကို အထူးပြု၏။

ဤဂိုဏ်း နှစ်ခုစလုံးမှာ နယ်ပယ် တစ်ခုတည်းကိုသာ အထူးပြုသော ဂိုဏ်းများ ဖြစ်ကြသည်။ သူတို့၏ စွမ်းအားများ ကွာခြားပြီး သူတို့၏ ကျင့်ကြံမှုအဆင့်များ မတူညီသော်လည်း သူတို့၏ တပည့် တစ်ယောက်ကို ကြည့်ရုံဖြင့် ဂိုဏ်းတစ်ခုလုံး၏ ချဉ်းကပ်ပုံကို သိမြင်နိုင်သေး၏။

တစ်မိနစ် ကြာပြီးနောက် ပြိုင်ကွင်းပေါ်ရှိ လူနှစ်ယောက်ကြားတွင် အနိုင်အရှုံး ပေါ်သွားပြီ ဖြစ်သည်။

ရာက္ခသတံခါးဂိုဏ်းမှ တပည့်သည် ဒေါသမီးတောက်ဂိုဏ်းမှ တပည့်၏ အားနည်းချက်ကို ပြတ်ပြတ်သားသား တိုက်ခိုက်လိုက်ရာ တဖက်လူသည် အချိန်မီ မခုခံနိုင်တော့ဘဲ အကြီးအကဲက ဝင်ရောက် တားဆီးကာ ဒေါသမီးတောက်ဂိုဏ်းမှ တပည့်ကို ကယ်တင်ခဲ့ရ၏။

“ရာက္ခသတံခါးဂိုဏ်းရဲ့ နည်းလမ်းတွေက တော်တော် ရက်စက်တာပဲ...”

ချန်လော့သည် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ ဤသည်က ပွဲကို တစ်မိနစ်ခန့် ကြည့်ရှုပြီးနောက် သူခံစားရသော ခံစားချက် ဖြစ်သည်။

ထိုတစ်မိနစ်တာ တိုက်ပွဲအတွင်း ရာက္ခသတံခါးဂိုဏ်းမှ တပည့်၏ လှုပ်ရှားမှုတိုင်းမှာ ဒေါသမီးတောက်ဂိုဏ်းမှ တပည့်၏ သေကွင်းသေကွက်များကိုသာ တိတိကျကျ ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။

ထိုဒေါသမီးတောက်ဂိုဏ်းမှ တပည့်သာ တိုက်ကွက် တစ်ခုခုကို မခုခံနိုင်ခဲ့ပါက ချက်ချင်း သေဆုံးသွားနိုင်ခြေ များသည်။

ကံကောင်းထောက်မစွာဖြင့် အနီးနားတွင် အကြီးအကဲ တစ်ဦး စောင့်ကြည့်နေပြီး ဒေါသမီးတောက်ဂိုဏ်းမှ တပည့် ခုခံနိုင်စွမ်း မရှိတော့သည်ကို မြင်သောအခါ အချိန်မီ ဝင်ရောက် စွက်ဖက်ခဲ့ရ၏။ သို့မဟုတ်ပါက ထိုတပည့်မှာ သေချာပေါက် သေဆုံးသွားမည် ဖြစ်သည်။

“ဒါက ရာက္ခသတံခါးဂိုဏ်း ကျွမ်းကျင်တဲ့ တာအိုပဲ... သတ်ဖြတ်ခြင်း တာအို... တိုက်ကွက်တိုင်းက အသက်ကို ယူဖို့ ရည်ရွယ်ထားတာ...”

“တိုက်ကွက် တစ်ခုကို မခုခံနိုင်ရင်တောင် မင်းက အလောင်း တစ်လောင်း ဖြစ်သွားမှာပဲ...”

လောချင်းယွီက ဘေးမှနေ၍ ချန်လော့ကို ရှင်းပြလိုက်၏။

“ကြည့်ရတာ ဘယ်သူမှ ဂရုမစိုက်တဲ့ပုံပဲ...”

ချန်လော့က ပြောလိုက်သည်။

သူ၏ပတ်ဝန်းကျင်ရှိ လူတိုင်းသည် တည်ငြိမ်နေကြပြီး ဒေါသမီးတောက်ဂိုဏ်းရော၊ ရာက္ခသတံခါးဂိုဏ်းကပါ ထိုအရာကို ထူးဆန်းသည်ဟု မထင်ကြကြောင်း ချန်လော့ သတိပြုမိသွား၏။

“ဒီပြိုင်ပွဲမှာ တကယ့် စည်းမျဉ်းစည်းကမ်းတွေ သိပ်မရှိပါဘူး... နိုင်ဖို့အတွက် ပြိုင်ဘက်ကို လဲကျသွားအောင် လုပ်ဖို့ပဲ လိုတာ...”

“ပြီးတော့ ဒါကို မိစ္ဆာတာအို ပြိုင်ပွဲလို့ ခေါ်တာလေ... လူသတ်ဖို့တောင် ကြောက်နေရင် အဲဒါက ဘယ်လိုလုပ် မိစ္ဆာတာအို ဖြစ်မှာလဲ...”

လောချင်းယွီက သာမန် ကိစ္စတစ်ခုကို ပြောနေသည့်အလား အေးစက်စက် ပြောလိုက်၏။

“ပြိုင်ပွဲအတွင်းမှာ ဂိုဏ်းအသီးသီးက အကြီးအကဲတွေက ဘေးကနေ စောင့်ကြည့်နေကြမှာမို့လို့ မမျှော်လင့်ထားတဲ့ အခြေအနေတွေ ဖြစ်လာရင် ချက်ချင်း ဝင်ကူညီနိုင်တယ်လေ...”

“တစ်ယောက်ယောက်က မတော်တဆ သေသွားရင်တောင် ပြိုင်ကွင်းပေါ်က တပည့်တွေရဲ့ အပြစ် မဟုတ်ဘူး... သူတို့က သူတို့ရဲ့ အလုပ်ကို လုပ်နေတာပဲလေ... အဲဒီလို ဖြစ်သွားရင် စောင့်ကြည့်နေတဲ့ အကြီးအကဲက သူ့တပည့်ကို သေချာ ဂရုမစိုက်လို့ အပြစ်တင်ခံရမှာပဲ...”

“ပြီးတော့ မိစ္ဆာတာအို ပြိုင်ပွဲတိုင်းမှာ အခြေခံအားဖြင့် သွေးထွက်သံယိုမှုတွေ အမြဲ ရှိတတ်တယ်... ကံကောင်းရင် လက်ကျိုးတာလောက်ပဲ ဖြစ်မယ်... ကံဆိုးရင် တပည့် ငါးယောက်၊ ခြောက်ယောက်လောက် သေသွားနိုင်တယ်... လူတိုင်းက ဒီလို အခြေအနေမျိုးကို ယဉ်ပါးနေပါပြီ...”

ထိုစကားများကို ကြားလိုက်ရပြီးနောက် ချန်လော့သည် ခေါင်းမော့၍ ကြည့်လိုက်၏။ သူ၏ စိတ်ထဲ၌ မည်သို့သော အတွေးများ လည်ပတ်နေသည်ကို မည်သူမျှ မခန့်မှန်းနိုင်သော်လည်း၊ သူ၏ မျက်နှာအမူအရာမှာမူ အလိုအလျောက် တည်ငြိမ်အေးစက်သွားတော့သည်။

“အမ်း... ကိုယ်ပိုင် လေ့ကျင့်ရေး သိုင်းပြိုင်ပွဲတွေမှာလည်း အဲဒီလိုပဲလား...”

ချန်လော့က မေးလိုက်သည်။

လောချင်းယွီသည် သူမ၏တပည့်ကို တစ်ချက် ကြည့်လိုက်ပြီး သူ ဘာတွေ တွေးနေသည်ကို သိနေပုံရ၏။

“မဟုတ်ဘူး... သူတို့ရဲ့ တပည့်တွေကို အကုန်အကျ အများကြီး ခံပြီး လေ့ကျင့်ပေးထားရတာလေ... အဲဒီလောက် အကုန်အကျခံပြီး လေ့ကျင့်ပေးထားတဲ့ သူတွေကို အလဟဿ အဖြစ်မခံနိုင်ဘူး...”

ဤသည်ကို ကြားသောအခါ ချန်လော့၏ မျက်နှာပေါ်မှ အုံ့မှိုင်းနေမှုများ ပျောက်ကွယ်သွားပြီး အပြုံးတစ်ခု ပြန်လည် ပေါ်လာ၏။

သူ အဆင်ပြေမယ်လို့ သေချာနေသရွေ့ တခြားသူတွေရဲ့ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို ဂရုမစိုက်ဘူးလေ...

အခန်း (၁၂၈) အကြံအစည်များ

“ချန်ရှင်းဂိုဏ်း၊ တိုက်ရိုက်တပည့် ချန်လော့ နဲ့ ရာက္ခသတံခါးဂိုဏ်း၊ အမာခံတပည့် ယန်ချန်းတို့... ယှဉ်ပြိုင်ကြမယ်...”

ပွဲစဉ် အနည်းငယ် ကြည့်ပြီးနောက် နာမည်ခေါ်လိုက်သည်ကို ကြားလိုက်ရသဖြင့် ချန်လော့သည် ပြိုင်ကွင်းပေါ်သို့ တက်သွားလေ၏။

သူနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသော ရာက္ခသတံခါးဂိုဏ်းမှ တပည့်ကို သူ ကြည့်လိုက်သည်။ ထိုသူမှာ အရပ် ၁.၈ မီတာခန့် မြင့်ပြီး ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထား၏။

သို့သော် ထိုဓားရှည်မှာ မှော်လက်နက် သို့မဟုတ် လျှို့ဝှက်နက်နဲသော လက်နက် မဟုတ်ဘဲ သာမန် ဓားရှည် တစ်လက်သာ ဖြစ်၏။

ချန်လော့၏ လက်ထဲတွင်လည်း ဓားရှည်တစ်လက် ရှိပြီး ထိုဓားကို အပေါ်တက်လာချိန်က အောက်ဘက်ရှိ လက်နက်စင်မှ ယူလာခဲ့ခြင်း ဖြစ်၏။

မှော်လက်နက်များ သို့မဟုတ် လျှို့ဝှက်နက်နဲသော လက်နက်များကို အသုံးမပြုဘဲ သာမန် လက်နက်များကို ပြောင်းလဲ အသုံးပြုရခြင်း၏ အကြောင်းရင်းမှာ ထိခိုက်သေဆုံးမှုများကို အနည်းဆုံး ဖြစ်စေရန် ဖြစ်သည်။

မိစ္ဆာတာအို ပြိုင်ပွဲတွင် သေဆုံးမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသော်လည်း မိစ္ဆာတာအို ပြိုင်ပွဲတွင် ပါဝင်နိုင်သော တပည့်များမှာ အခြေခံအားဖြင့် အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ် သို့မဟုတ် အနည်းဆုံး သတ္တမ သို့မဟုတ် အဋ္ဌမအဆင့်တွင် ရှိကြ၏။

ထိုကဲ့သို့သော ကျင့်ကြံမှုအဆင့် ရှိသည့် တပည့်များမှာ မိစ္ဆာဂိုဏ်းကြီးများအတွက် အလွယ်တကူ ရရှိနိုင်သော သူများ မဟုတ်ပေ။

ထိုတပည့်များသည် တိုက်ရိုက်တပည့်များထက် အတော်လေး နိမ့်ကျနေနိုင်သော်လည်း တိုက်ရိုက်တပည့် ဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့၏။ တိုက်ရိုက်တပည့်များမှလွဲ၍ သူတို့သည် အခြေခံအားဖြင့် အစွမ်းအထက်ဆုံး သူများ ဖြစ်ကြသည်။

သူတို့ နှစ်ယောက် စင်ပေါ် ရောက်ပြီးနောက် တစ်ဖက်မှ ရာက္ခသတံခါးဂိုဏ်း တပည့်သည် ချန်လော့ကို အရင်ဆုံး ဦးညွှတ်လိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကာ အနည်းငယ် ခေါင်းငုံ့၍ အရိုအသေ ပေးလိုက်၏။

ဤမြင်ကွင်းကို မြင်သောအခါ ဇာတ်လမ်း တစ်ခုက ချန်လော့၏ စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။

ငါသာ အခု ပြေးသွားပြီး သူ့ခေါင်းကို ရိုက်လိုက်ရင် ချက်ချင်း နိုင်သွားမှာ မဟုတ်ဘူးလား...

သို့သော် အတန်ကြာ စဉ်းစားပြီးနောက် ချန်လော့က လက်လျှော့လိုက်ပြီး တစ်ဖက်လူကဲ့သို့ပင် ပြန်လည် အရိုအသေ ပေးလိုက်၏။

ချန်လော့၏ စိတ်ထားက ပြောင်းလဲသွားခြင်းမျိုးတော့ မဟုတ်ပေ။ သို့သော် ဤကဲ့သို့သော အစီအမံမျိုးမှာ တစ်ကြိမ်အသုံးချပြီးပါက နောက်ထပ် အသုံးပြုနိုင်ရန် အခွင့်အရေး အလွန်နည်းပါးသွားသောကြောင့် ဖြစ်၏။

အမာခံတပည့်တစ်ဦးအပေါ်တွင် ယခုကဲ့သို့ အကွက်မျိုးကို သုံးလိုက်ခြင်းမှာ အပ်နှင့် ထွင်းရမည့်ကိစ္စကို ပုဆိန်နှင့် ပေါက်သကဲ့သို့ အလဟဿ ဖြစ်သွားမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။

သူတို့ နှစ်ယောက် နှုတ်ဆက်ပြီးနောက် ချန်လော့သည် သူ၏ ဓားရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်၍ တစ်ဖက်လူကို ကြည့်လိုက်ရာ တစ်ဖက်လူကလည်း ချန်လော့ကို ကြည့်နေ၏။ သူတို့ နှစ်ယောက်စလုံးက အရင် စတင် လှုပ်ရှားမည့် ရည်ရွယ်ချက် မရှိပုံရသည်။

ထိုအချိန်မှာပင် အောက်ဘက်မှ အော်ဟစ်သံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

“စီနီယာအစ်ကို ချန်လော့... သူ့ကို အပြတ် ရှင်းလိုက်...”

“စီနီယာအစ်ကို ချန်လော့... သွား... သူတို့ကို စီနီယာအစ်ကိုရဲ့ စွမ်းရည်ကို ပြလိုက်စမ်းပါ...”

“ စီနီယာအစ်ကို ချန်လော့... စီနီယာအစ်ကို ချန်လော့...”

အသံကို ကြားလိုက်ရသောအခါ ချန်လော့သာမက ထိုနေရာရှိ လူအားလုံးပါ အံ့အားသင့်သွားကြပြီး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။

အဆိပ်တောင်ထွတ်မှ အတွင်းဂိုဏ်းသား ဝတ်စုံ ဝတ်ဆင်ထားသော လူအုပ်ကြီး တစ်ခုက ချန်လော့၏ နာမည် ရေးထားသော အလံကြီး တစ်ခုကို ဝှေ့ယမ်းနေကြသည်ကို တွေ့လိုက်ရသည်။

ချန်လော့သည် သူတို့ကို မျက်လုံးထောင့်မှ တစ်ချက် ကြည့်လိုက်ပြီး မတတ်မသာဖြင့် ခါးသီးသော အပြုံးတစ်ခု ပြုံးလိုက်၏။

အောက်ဘက်တွင် အခြားဂိုဏ်းများမှ အကြီးအကဲများက ယွီထျန်းစီကို ကြည့်လိုက်သည်။

“ကြည့်ရတာ ဂိုဏ်းချုပ်ရဲ့ ဂိုဏ်းရှိ ချန်လော့က ဂိုဏ်းထဲမှာ အတော်လေး လူကြိုက်များပုံ ရတယ်...”

ဤသည်ကို ကြားသောအခါ ယွီထျန်းစီက အနေရခက်စွာ ပြုံးလိုက်၏။

ချန်လော့က လူကြိုက်များတယ် ဟုတ်လား... သူ သေချာ မသိတော့ဘူး...

ဘာဖြစ်လို့လဲဆို ဒီကောင်က ဂိုဏ်းထဲ ရောက်ကတည်းက ကောင်းတာ တစ်ခုမှ မလုပ်ခဲ့ဘူးလေ...

သူက ဆေးတောင်ထွတ်မှာ လူတွေရဲ့ ခြေလက်တွေကို ဖြတ်ခဲ့တယ်၊ အမာခံတပည့် အများအပြားကို သတ်ခဲ့တယ်၊ အတွင်းဂိုဏ်းသားတွေကို ခူယီတောင်ထိပ်ကို သွားဖို့ လှည့်စားခဲ့တယ်၊ ချိုးအကြီးအကဲဆီကနေ ပိုက်ဆံ အများကြီး ညှစ်ထုတ်ခဲ့တယ်၊ ပြီးတော့ အဆိပ်တောင်ထွတ်က အတွင်းဂိုဏ်းသားတွေကို အဆိပ်ခတ်ခဲ့ပြီး သူ့ကြောင့် ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတောင် ဖြစ်ခဲ့သေးတယ်...

ယုတ္တိရှိရှိအရ ပြောရလျှင် အဆိပ်တောင်ထွတ်မှ ဤတပည့်များက ချန်လော့အပေါ် အမြင်ကောင်း ရှိသင့်သည် မဟုတ်ပေ။ သို့ဆိုလျှင် သူတို့က အဘယ်ကြောင့် ချန်လော့ကို ဤမျှ လှိုက်လှဲစွာ ကြိုဆိုနေကြသနည်း။

ယွီထျန်းစီသည် အဆိပ်တောင်ထွတ်မှ ကုထျန်းရန်ကို စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်သော်လည်း ကုထျန်းရန်က ဘာမှ မသိသည့်အလား စင်ပေါ်ရှိ ချန်လော့ကို စွန့်ပစ်လိုက်သည့် မျက်လုံးများဖြင့် ကြည့်နေ၏။

ချန်လော့က အဆိပ်တောင်ထွတ်ရှိ အတွင်းဂိုဏ်းသားများကြားတွင် ကြီးမားသော ဩဇာလွှမ်းမိုးမှု ရရှိနေကြောင်း ကုထျန်းရန် ပထမဆုံး သိလိုက်ရသောအခါ ဂိုဏ်းအတွင်း အစုလိုက်အပြုံလိုက် အဆိပ်သင့်မှု ဖြစ်ရပ်၏ နောက်ကွယ်ရှိ အမှန်တရားကို ချက်ချင်း ဖော်ထုတ်ခဲ့ပြီး ချန်လော့က တပည့်တွေကို အဆိပ်ခတ်ခဲ့ကြောင်း သူတို့ကို ပြောပြခဲ့သည်။

ဤသို့ ပြုလုပ်ခြင်းဖြင့် အဆိပ်တောင်ထွတ်ရှိ အတွင်းဂိုဏ်းသားများကြားတွင် ချန်လော့၏ ဩဇာအာဏာ ပျောက်ကွယ်သွားလိမ့်မည်ဟု သူ ထင်ခဲ့၏။

သူ အလွန် အံ့အားသင့်သွားသည်မှာ မက်ဆေ့ချ် တင်လိုက်ပြီး နောက်နေ့မှာပင် အကြီးအကဲသည် ချန်လော့နှင့် သိုင်းပြိုင်ရာတွင် ရှုံးနိမ့်သွားပြီး ဒေါသထွက်ကာ ချန်လော့ကို အဆိပ်ခတ်မှုဖြင့် စွပ်စွဲ၍ အသရေဖျက်ခဲ့ကြောင်း ကောလာဟလများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အချို့က ကုထျန်းရန်သည် အဆိပ်တောင်ထွတ်၏ အရှက်ရစရာ တစ်ခု ဖြစ်သည်ဟုပင် ပြောဆိုကြ၏။

ဤသည်ကို ကြားသောအခါ ကုထျန်းရန်မှာ လက်နက် တစ်ခုကို ယူ၍ ထိုအတွင်းဂိုဏ်းသားများကို သတ်ပစ်ချင်စိတ် ပေါက်သွားတော့သည်။

သို့သော် သူသည် ဒေါသကို ထိန်းချုပ်၍ ချန်လော့က အဆိပ်ခတ်ခဲ့ကြောင်း သက်သေပြရန် အထောက်အထား အများအပြားကို ပံ့ပိုးပေးခဲ့သည်။ ထိုအထဲတွင် လျှို့ဝှက်ကွန်ရက်မှ ဖြတ်တောက်ထားသော ဗီဒီယိုဖိုင် တစ်ခုကိုပင် မှတ်တမ်းကျောက်တုံးထဲတွင် ထည့်၍ သူတို့ကို ပြသခဲ့၏။

ဒါပေမဲ့ ဘာဖြစ်ခဲ့လဲ... ကျစ်... ဒီခွေးကောင်တွေက သူက ချန်လော့ကို အသရေဖျက်ဖို့ အဲဒါကို အတုလုပ်ထားတယ်ဆိုပြီး ပြောပြန်တယ်လေ...

ကုထျန်းရန်မှာ နေရာ၌ပင် ဒေါသထွက်လွန်း၍ သေလုမတတ် ဖြစ်သွားတော့၏။

မင်းတို့က အမှန်တရားကို လုံးဝ နားမထောင်ဘဲ ကောလာဟလတွေကိုကျတော့ ဘာမေးခွန်းမှ မထုတ်ဘဲ ယုံကြတယ်ပေါ့...

ထို့နောက်တွင် သူသည် ရိုးရိုးရှင်းရှင်း လက်လျှော့လိုက်ပြီး ၊ ဤခွေးကောင်များအနေဖြင့် မည်သူ့ကိုပင် ယုံကြည်နေပါစေ၊ သူ လုံးဝ ဂရုမစိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ချန်လော့ရဲ့ လှည့်စားတာကို ခံရတဲ့အခါ ဘယ်သူက အမှန်အတိုင်း ပြောနေလဲ ဆိုတာကို အဲ့ကြရင် သိလာကြမှာပဲ...

ဤအခိုက်အတန့်တွင် ပြိုင်ကွင်းပေါ်၌။

ချန်လော့က အချိန်အတော်ကြာသည်အထိ မလှုပ်ရှားသည်ကို မြင်သောအခါ ထိုရာက္ခသတံခါးဂိုဏ်း တပည့်မှာ စိတ်မရှည်တော့ဘဲ ချန်လော့၏ အသက်အန္တရာယ် ရှိသော နေရာဆီသို့ ဓားဖြင့် ရုတ်တရက် ထိုးစိုက်လိုက်၏။

ဤသည်ကို မြင်သောအခါ ချန်လော့က ပြုံးလိုက်သည်။

“ငါ မင်းကို စောင့်နေတာ အတော် ကြာနေပြီ...”

ဤသည်ကို ကြားသောအခါ ရာက္ခသတံခါးဂိုဏ်း တပည့်မှာ ကြောက်လန့်တကြား တုန်ယင်သွားပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရ၏။

ချန်လော့က ခြုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်ထားပြီး ငါ့ကို တိုက်ခိုက်လာအောင် တမင်တကာ မလှုပ်မယှက် နေနေတာများလား...

ချန်လော့၏ တည်ငြိမ်ပြီး အေးအေးဆေးဆေး ရှိနေသော အမူအရာကို မြင်သောအခါ သူ၏ ခန့်မှန်းချက်မှာ ပိုသေချာသွားပြီး အလျင်အမြန် ရပ်တန့်လိုက်၏။

ဤသည်ကို မြင်သောအခါ ပရိသတ်ထဲရှိ ရာက္ခသတံခါးဂိုဏ်း အကြီးအကဲက ခေါင်းညိတ်လိုက်သည်။

“ဒီလူငယ်လေးက အတော်လေး ပါးနပ်တာပဲ... ရန်သူကို လှုပ်ရှားလာအောင် ဆွဲဆောင်ဖို့ ငြိမ်ငြိမ်လေး နေပြီး ထောင်ချောက် ဆင်ထားပြီးပြီ... ကံမကောင်းတာက သူက အရမ်း စောပြီး ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်လိုက်တာပဲ...”

ဒေါသမီးတောက်ဂိုဏ်း၏ အကြီးအကဲက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်... သူက အရမ်း ငယ်သေးပြီး စိတ်မရှည်သေးဘူး... ရန်သူ ထောင်ချောက်ထဲ မဝင်ခင်ကတည်းက သူ့ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်တာ... အဲဒါက အသုံးမဝင်ရုံသာမက တခြားသူတွေက သူ့ရဲ့ ရည်ရွယ်ချက်ကို ကြိုတင် ခန့်မှန်းနိုင်သွားစေတယ်...”

သူတို့ စကားပြောနေစဉ် နှစ်ယောက်စလုံးက ခေါင်းခါလိုက်သည်။

ဘေးတွင် ရပ်နေသော ယွီထျန်းစီကလည်း မျက်မှောင်ကြုတ်လိုက်သည်။

ချန်လော့က အရမ်း ငယ်သေးပြီး စိတ်လိုက်မာပါ လုပ်တတ်သေးသည်ဟု သူ ခံစားလိုက်ရ၏။ သို့သော် ချန်လော့သည် သူ၏ ကိုယ်ပိုင် တပည့် ဖြစ်သဖြင့် သူ့ကို အတိုင်းအတာ တစ်ခုအထိတော့ ကာကွယ်ပေးရမည် ဖြစ်သည်။

“ငယ်တာလား... အဲဒါက ပုံမှန်ပါပဲ... ဒါပေမဲ့ သူ့ရဲ့ အားကောင်းတဲ့ မဟာဗျူဟာမြောက် စီစဉ်နိုင်စွမ်းကို ပြသဖို့တော့ လုံလောက်ပါတယ်... အချိန်ရရင် သူ သေချာပေါက် အကြီးအကျယ် အောင်မြင်လာမှာပါ...”

လောချင်းယွီ တစ်ယောက်တည်းသာ နေရာ၌ ရပ်နေပြီး သူမ၏ မျက်လုံးများထဲတွင် ဇဝေဇဝါ ဖြစ်နေသည့် အရိပ်အယောင်တစ်ခု ရှိနေကာ သူမဘာသာ သူမ တိုးတိုးလေး ရေရွတ်နေသည်။

သူ့အနားမှာ ထောင်ချောက်တွေ ရှိလို့လား...

ငါ ဘာလို့ မမြင်ရတာလဲ...

ထို့အပြင် သူမ၏ နားလည်မှုအရ ချန်လော့သည် စိတ်လိုက်မာပါ လုပ်တတ်သည့် အမျိုးအစား မဟုတ်ပေ။

သူက တခြား ဘယ်သူ့ထက်မဆို ပိုပြီး ပါးနပ်တဲ့ အကြံသမား တစ်ယောက်လေ...

ထိုရာက္ခသတံခါးဂိုဏ်း တပည့်သည် ချန်လော့ကို တိုက်ခိုက်ခြင်းမှ ရပ်တန့်လိုက်၏။ သို့သော် သူ ရပ်တန့်လိုက်သည်နှင့် တစ်ပြိုင်နက် ချန်လော့က ရုတ်တရက် လှုပ်ရှားလိုက်ပြီး သူ၏ နှလုံးဆီသို့ တည့်တည့်မတ်မတ် ဓားဖြင့် ထိုးစိုက်လိုက်သည်။

ထိုးစိုက်နေစဉ် သူက ရေရွတ်လိုက်၏။

“မင်းက အဲဒါကို တကယ် ယုံသွားတာလား... ငါက လှည့်စားနေတာပါကွ...”

ဤသည်ကို ကြားသောအခါ ရာက္ခသတံခါးဂိုဏ်း တပည့်၏ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားပြီး ချန်လော့ကို ကြည့်လိုက်၏။

ပရိသတ်များပင်လျှင် လုံးဝ ဇဝေဇဝါ ဖြစ်သွားကြသည်။

ဘာတွေ ဖြစ်နေတာလဲ... ဒါက လှည့်စားတာလား... တကယ်တော့ ထောင်ချောက် လုံးဝ မရှိဘူးပေါ့...

လူတိုင်းက မင်း ထောင်ချောက်ဆင်နေတယ်လို့ ထင်နေကြတာ... အခုကျတော့ မင်းက စိတ်ပိုင်းဆိုင်ရာ ကစားကွက်တွေ ကစားနေတာလို့ လူတိုင်းကို ပြောနေတာလား...

ချန်လော့က ဓားဖြင့် ထိုးလိုက်သောကြောင့် တပည့်ဖြစ်သူမှာ လုံးဝ သတိလက်လွတ် ဖြစ်သွားတော့၏။

“ဖူး...”

ဓားရှည်သည် နှလုံးကို တည့်တည့်မတ်မတ် ဖောက်ထွက်သွားပြီး ဒဏ်ရာမှ သွေးများ ပန်းထွက်လာသည်။

ထိုအချိန်တွင် ရာက္ခသတံခါးဂိုဏ်း အကြီးအကဲမှာ ပရိသတ်ထဲတွင် ရှိနေ၏။ သွေးကွက်ကို မြင်လိုက်ရသောအခါမှသာ သူက အံ့အားသင့်မှုမှ သတိပြန်ဝင်လာပြီး သူ၏ ကိုယ်ပိုင် တပည့်ကို ကယ်တင်ရန် အဘယ်ကြောင့် ဤမျှ အသင့်ဖြစ်နေခဲ့သနည်းဟု တွေးတောနေမိသည်။

ရာက္ခသတံခါးဂိုဏ်း အကြီးအကဲက သူ၏ ကိုယ်ပိုင် တပည့်၏ ဒဏ်ရာများကို တစ်ချက် ကြည့်လိုက်ပြီးနောက် စိတ်သက်သာရာ ရသွား၏။

သူသာ တစ်စက္ကန့်လောက် နောက်ကျသွားရင် ဒီတပည့်ကို တကယ်ကို ကယ်လို့ရတော့မှာ မဟုတ်ဘူး...

ဒဏ်ရာက မသေးပေမယ့် ရက်အနည်းငယ် နေရင် ပျောက်သွားမှာပါ...

အနီးနားတွင် ရပ်နေသော ယွီထျန်းစီသည် ဤအခိုက်အတန့်တွင် လျှောက်လာ၏။ တပည့်ဖြစ်သူကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူက တောင်းပန်သည့် လေသံဖြင့် အလျင်အမြန် ပြောလိုက်သည်။

“တကယ်ကို တောင်းပန်ပါတယ်... ချန်လော့က သူ့ကို တမင် လှည့်စားနေတယ် ဆိုတာကို တကယ်တော့ ကျွန်တော် စောစောကတည်းက သတိထားမိတယ်... ခင်ဗျားတို့လည်း အဲဒါကို သိပြီးလောက်ပြီ ထင်လို့ ကျွန်တော် သတိမပေးခဲ့တာ...”

“ကျွန်တော် အဲဒါကို ကြိုပြောပြခဲ့သင့်တာ...”

ဤသည်ကို ကြားသောအခါ လူတိုင်းမှာ ဆွံ့အသွားတော့၏။

မင်း အဲဒါကို သိလိုက်တာကိုက ကံကောင်းနေပြီ...

All Chapters