အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
အခန်း (၁၂၉) အလှည့်စားထဲက အလှည့်စား
ရာက္ခသတံခါးဂိုဏ်းမှ တပည့်နှင့် ချန်လော့တို့၏ တိုက်ပွဲ ပြီးဆုံးသွားပြီးနောက် အခြား တပည့်များကြားတွင် နောက်ထပ် ပွဲစဉ် သုံးပွဲ၊ လေးပွဲခန့် ရှိခဲ့သေး၏။
“ချန်ရှင်းဂိုဏ်း တိုက်ရိုက်တပည့် ချန်လော့ နဲ့ ဒေါသမီးတောက်ဂိုဏ်း အမာခံတပည့် ဟူယုံရှင်း... ယှဉ်ပြိုင်ကြမယ်...”
ချန်လော့၏ နာမည်ကို ကြားလိုက်ရသောအခါ လူတိုင်း၏ အကြည့်က သူ့ထံသို့ နောက်တစ်ကြိမ် ရောက်ရှိသွားပြန်သည်။
ယခင် တိုက်ပွဲက ချန်လော့ကို နာမည်ကြီးသွားစေခဲ့သဖြင့် ဤတစ်ကြိမ်တွင် သူ့ကို အာရုံစိုက်နေသူများ သိသိသာသာ ပိုများလာခဲ့၏။
သို့သော် ပရိသတ်ထဲရှိ အဆိပ်တောင်ထွတ်မှ အတွင်းဂိုဏ်းသားများကမူ ချန်လော့ကို အားပေး ထောက်ခံနေဆဲပင်။
သူတို့ နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ဦးညွှတ် အရိုအသေ ပေးလိုက်ကြပြီးနောက် ဓားရှည်များကို တင်းကျပ်စွာ ဆုပ်ကိုင်၍ အပြန်အလှန် စိုက်ကြည့်နေကြ၏။
ဒေါသမီးတောက်ဂိုဏ်းမှ တပည့်သည် အတော်လေး သတိထားတတ်သူ တစ်ယောက် ဖြစ်ကြောင်း သိသာလှသည်။ သူသည် ရှေ့တိုး နောက်ဆုတ် လုပ်နေပြီး စတင် လှုပ်ရှားရန် အလောတကြီး မရှိပုံပေါ်ကာ ချန်လော့၏ အားနည်းချက်ကို အရင်ဆုံး ရှာဖွေချင်နေပုံ ရ၏။
ချန်လော့ကလည်း ပထမအချီကလို မလှုပ်မယှက် နေမည့် ဗျူဟာကို ပြောင်းလဲလိုက်ပုံ ရပြီး နေရာ၌ စတင် လှုပ်ရှားလာသည်။
သို့သော် သူ၏ ခြေလှမ်းများက အနည်းငယ် ထူးဆန်းနေ၏။ ချန်လော့သည် ရှေ့ကို သုံးလှမ်း လှမ်းလိုက်၊ နောက်ကို နှစ်လှမ်း ဆုတ်လိုက်၊ ဘယ်ဘက်ကို သုံးလှမ်း လှမ်းလိုက်၊ ညာဘက်ကို တစ်လှမ်း လှမ်းလိုက် လုပ်နေပြီး ဘာတွေ လုပ်နေသည်ကို သေချာ မသိနိုင်ပေ။
“အဲဒီ နှစ်ယောက်က ဘာတွေ လုပ်နေကြတာလဲ...”
ကျောက်မန်က စင်ပေါ်ရှိ လူနှစ်ယောက်ကို ကြည့်ရင်း သူမ၏ မျက်လုံးများထဲတွင် ဇဝေဇဝါ ဖြစ်နေသည့် အမူအရာတစ်ခု ရှိနေ၏။
စင်ပေါ်ရှိ ချန်လော့နှင့် ဒေါသမီးတောက်ဂိုဏ်းမှ တပည့်တို့က အရှေ့နှင့် အနောက်သို့ အဆက်မပြတ် လှုပ်ရှားနေကြသော်လည်း သူတို့ နှစ်ယောက်ကြားရှိ အကွာအဝေးက တကယ်တမ်း ကျဉ်းမြောင်းသွားခြင်း မရှိပေ။
၎င်းတို့၏ လှုပ်ရှားမှုများထဲတွင် ချန်လော့၏ ထူးဆန်းသော ခြေလှမ်းများကိုပါ ပေါင်းစပ်လိုက်လျှင်၊ အကယ်၍သာ သူတို့နှစ်ဦး ပိုမိုနီးကပ်နေပါက ကြည့်နေသူများအဖို့ ၎င်းတို့ကို တိုက်ပွဲဝင်နေသည်ဟုပင် မထင်ဘဲ ကခုန်နေကြသည်ဟုပင် ထင်မှတ်သွားနိုင်ပေသည်။
သို့သော် ကျောက်မန်၏ ဘေးတွင် ရပ်နေသော လောချင်းယွီက ချန်လော့၏ ခြေလှမ်းများကို ကြည့်ပြီး သူမ၏ မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာသည်။
သို့သော် ထိုအပြုံးက တစ်ခဏမျှသာ လင်းလက်သွားပြီးနောက် အရိပ်အယောင်မကျန် ပျောက်ကွယ်သွား၏။
အတန်ကြာ ရှေ့တိုး နောက်ဆုတ် လုပ်ပြီးနောက် ဒေါသမီးတောက်ဂိုဏ်းမှ တပည့်က ချန်လော့က လှုပ်ရှားမည့် ရည်ရွယ်ချက် မရှိသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။
ချန်လော့ ဤမျှ တည်ငြိမ် အေးဆေးနေပြီး အချိန်အတော်ကြာသည်အထိ သူတို့ကို စတင် မတိုက်ခိုက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ကြောင်း သိသာလှ၏။
“မင်းက စမလှုပ်ရှားဘူး ဆိုရင်တော့ ငါက ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရတော့မှာပဲ...”
ထို့နောက် ဒေါသမီးတောက်ဂိုဏ်းမှ တပည့်က လက်သီးကို တင်းကျပ်စွာ ဆုပ်၍ ချန်လော့ဆီသို့ ပစ်လွှတ်လိုက်ရာ မီးလုံးကြီး တစ်လုံးက သူ့ဆီသို့ လွင့်ပျံလာတော့သည်။
ဤသည်ကို မြင်သော်လည်း ချန်လော့သည် တည်ငြိမ်နေဆဲပင် ဖြစ်၏။ သူသည် လက်ကို မြှောက်၍ လက်ညှိုးထိုးလိုက်ရာ မီးလုံးကြီးက လက်ညှိုးရှေ့တွင် ချက်ချင်း ပေါက်ကွဲသွားတော့သည်။
စင်အောက်ရှိ အဆိပ်တောင်ထွတ်မှ တပည့်များက ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်း အော်ဟစ် အားပေးကြတော့၏။
“စီနီယာအစ်ကို ချန်လော့က အရမ်း မိုက်တာပဲ...”
“စီနီယာအစ်ကို ချန်လော့က အံ့မခန်းပဲ... နောက်တစ်ကွက်လောက် ထပ်ပြပါဦး...”
…
အဆိပ်တောင်ထွတ်မှ တပည့်များ၏ အော်ဟစ်သံများကို ကြားရသောအခါ ချန်လော့၏ မျက်နှာတွင် အပြုံးတစ်ခုမျှ မရှိဘဲ အကူအညီမဲ့သည့် အမူအရာတစ်ခုသာ ရှိနေ၏။
ငါ လုပ်ခဲ့တာက မီးလုံးသိုင်းကွက် တစ်ခုကို ချိုးဖျက်လိုက်ရုံလေးပဲ... အဲဒီလောက်ကြီး စိတ်လှုပ်ရှားဖို့ လိုလို့လား...
ပြီးတော့ ဒီချိုးဖျက်လိုက်တဲ့ မီးလုံးသိုင်းကွက်က ချီသန့်စင်ခြင်းအဆင့်က အခြေခံ မန္တာန်လေး တစ်ခု သက်သက်ပဲလေ... အဲဒါကို ချိုးဖျက်နိုင်တာက တကယ်ပဲ အဲဒီလောက် အစွမ်းထက်နေလို့လား...
ကျေးဇူးပြုပြီး အကြောင်းပြချက် မရှိဘဲ ငါ့ကို အားမပေးကြပါနဲ့လား... မင်းတို့က သုံးနှစ်သား ကလေးလေးတွေလို ပြုမူနေကြတာပဲ... ကိုယ့်ချေး ကိုယ်သုတ်နိုင်တာကိုပဲ အံ့မခန်း ကိစ္စကြီး တစ်ခုလို လုပ်နေကြတယ်...
ချန်လော့ တွေးနေစဉ်မှာပင် အခုလေးတင် ပေါက်ကွဲသွားသော မီးလုံးကို ရုတ်တရက် တွေ့လိုက်ရ၏။ မီးတောက်များ ပျောက်ကွယ်သွားပြီးနောက် ထိုအနောက်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
“မီးလုံး ပေါက်ကွဲမှုကနေ ထွက်လာတဲ့ မီးတောက်တွေကို အကာအကွယ် အနေနဲ့ သုံးပြီး တိုက်ခိုက်တာက နည်းလမ်းကောင်း တစ်ခုပဲ...”
စင်အောက်ရှိ ဒေါသမီးတောက်ဂိုဏ်းမှ အကြီးအကဲက ခေါင်းညိတ်၍ သူ၏ မျက်နှာပေါ်တွင် အနည်းငယ်သော အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
ထိုသို့သော နည်းပညာများက အခြေခံကျသည်ဟု ထင်ရသော်လည်း ၎င်းတို့ကို တိုက်ပွဲတွင် အသုံးပြုနိုင်ပြီး လိုချင်သော ရလဒ်ကို ရရှိနိုင်မည် ဆိုလျှင် ဤအရာသည် အဆင့်အမြင့်ဆုံး ကျွမ်းကျင်မှုများပင် ဖြစ်သည်။
“ဒါပေမဲ့ ချန်လော့ရဲ့ တည်ငြိမ် အေးဆေးတဲ့ အမူအရာကို ကြည့်ရတာ သူက အစကတည်းက ပြင်ဆင်ထားပြီးသား ဖြစ်ရမယ်...”
ရာက္ခသတံခါးဂိုဏ်းမှ အကြီးအကဲက ဝင်ပြောလိုက်၏။ ချန်လော့သည် အရင်က သူ့ကို စိတ်ပိုင်းဆိုင်ရာ ကစားကွက်တွေ ကစားခဲ့ပြီး အငိုက်မိသွားစေကာ သူ၏ ကိုယ်ပိုင် တပည့်ကို ဒုက္ခရောက်စေခဲ့သည်မှာ မှန်သည်။
ဒါပေမဲ့ အဲဒါက တစ်ပိုင်းပေါ့... သူ ကိုယ်တိုင်ကတော့ ချန်လော့ကို လေးစားမိတယ်... သူက ရဲရင့်ပြီး စေ့စပ်သေချာတယ်... အချိန်နည်းနည်း ပေးလိုက်ရင် သူက ငါတို့ မိစ္ဆာတာအိုလောကမှာ သေချာပေါက် ဩဇာကြီးမားတဲ့ သူတစ်ယောက် ဖြစ်လာမှာပဲ...
ချန်လော့က ဤမြင်ကွင်းကို ကြည့်နေသော်လည်း သူ၏ မျက်နှာတွင် အနည်းငယ်မျှ ကြောက်ရွံ့မှု မရှိဘဲ ဤအရာအားလုံးကို သူ ကြိုတင် မျှော်လင့်ထားပြီးသား ဖြစ်သည့်အလား ပုံပေါက်နေ၏။
“မင်းတို့ ငါ့ထောင်ချောက်ထဲ မိသွားပြီပဲ...”
ချန်လော့က သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ရုတ်တရက် အော်ဟစ်လိုက်သည်။
သို့သော် ဤသည်ကို ကြားသောအခါ ဒေါသမီးတောက်ဂိုဏ်းမှ တပည့်က တစ်ခဏမျှ တန့်သွားသော်လည်း ခေတ္တအကြာတွင် သူ၏ အကြည့်ကို ခက်ထန်စေလိုက်ပြီး အနည်းငယ်မျှ ချီတုံချတုံ မဖြစ်ဘဲ သူ၏ ဓားဖြင့် ချန်လော့ဆီသို့ ပြေးဝင်သွားတော့၏။
ထိုအချိန်တွင် ပရိသတ်ထဲရှိ ရာက္ခသတံခါးဂိုဏ်းမှ အကြီးအကဲက ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
ချန်လော့မှာ အံ့မခန်း အရန်အစီအစဉ် တစ်ခုခု ရှိလိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း ယခု ကြည့်ရသည်မှာ သူ အခုလေးတင် အသုံးပြုခဲ့သော အကွက်ကို ပြန်လည် အသုံးပြုခြင်းသာ ဖြစ်နေတော့၏။
ဘေးရှိ ဒေါသမီးတောက်ဂိုဏ်းမှ အကြီးအကဲမှာ နေရာ၌ပင် ရယ်မောလိုက်တော့သည်။
“ဟားဟား... အံ့မခန်း အကွက် တစ်ခုခု များလားလို့...”
“အဲဒါက ရလဒ်ပဲလား... အကွက်ဟောင်းကြီးက ဒုတိယအကြိမ်ကျတော့ အလုပ်မဖြစ်တော့ဘူးလေ...”
ဒေါသမီးတောက်ဂိုဏ်း အကြီးအကဲ ကျယ်လောင်စွာ ရယ်မောနေစဉ် စင်ပေါ်မှ ကျယ်လောင်သော အသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
“ဘုန်း!!!”
နားကွဲမတတ် ဆူညံသံကြီးတစ်ခုနှင့်အတူ မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်း တစ်ချက် ထွက်ပေါ်လာပြီး ပရိသတ် အားလုံး၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။
သူတို့ အားလုံးက ပြိုင်ကွင်းဆီသို့ ကြည့်လိုက်ရာ ချန်လော့သည် နေရာ၌ တည်ငြိမ်စွာ ရပ်နေပြီး သူ၏ အရှေ့တွင် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော အမည်းရောင် တွင်းချိုင့်ကြီး တစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။
သူ့အရှေ့သို့ ရောက်နေပြီဖြစ်သော ဒေါသမီးတောက်ဂိုဏ်းမှ တပည့်မှာမူ လွင့်စင်သွားပြီး ပရိသတ်များ၏ အလယ်တွင် လဲကျနေလေပြီ။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျယ်လောင်စွာ ရယ်မောနေခဲ့သော ဒေါသမီးတောက်ဂိုဏ်း အကြီးအကဲမှာ ရုတ်တရက် ခေါင်းထဲတွင် “ဝီ” ခနဲ အသံမြည်သွားပြီး တစ်ယောက်ယောက်က သူ၏ ခေါင်းထဲသို့ ဗြောက်အိုး ပစ်ထည့်လိုက်သည့်အလား ခံစားလိုက်ရ၏။
သူသည် အပြေးအလွှားဖြင့် လူအုပ်ကို တိုးဝှေ့ရင်း ထိုတပည့်ဆီသို့ သွား၍ ပွေ့ချီလိုက်သည်။
“အား... ငါ့တပည့်လေး... ငါ့တပည့်လေး... ငါ့တပည့်လေး ဘာဖြစ်သွားတာလဲ...”
“ဘာတွေ ဖြစ်ကုန်တာလဲ... ဘာဖြစ်သွားတာလဲ... ဘာဖြစ်သွားတာလဲ...”
ထိုအချိန်တွင် ဒေါသမီးတောက်ဂိုဏ်း အကြီးအကဲမှာ ဘာတွေ ဖြစ်ပျက်သွားသည်ကို သေချာ နားမလည်သေးဘဲ တုံ့ပြန်မှု မရှိတော့သော တပည့်ကို ပွေ့ဖက်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေတော့၏။
ဤတပည့်က အမာခံတပည့် တစ်ယောက်သာ ဖြစ်ပြီး တိုက်ရိုက်တပည့်များကို မယှဉ်နိုင်သော်လည်း တိုက်ရိုက်တပည့်များ၏ အောက်တွင် ထိပ်တန်း အဆင့်ဟု သတ်မှတ်နိုင်သည်။ ဤတပည့်ကို လေ့ကျင့်ပေးရန် သူ အားထုတ်မှု အများအပြား ပြုလုပ်ခဲ့ရပြီး သူသာ သေဆုံးသွားလျှင် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သွားမည် ဖြစ်၏။
“ဒါက ပထမအဆင့် ဝင်္ကပါမန္တာန် သက်သက်ပါ... အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ် ခန္ဓာကိုယ်နဲ့ဆိုရင် သေမှာ မဟုတ်ပါဘူး... သူ သတိလစ်သွားရုံပါပဲ...”
ထိုအခိုက်အတန့်တွင် လောချင်းယွီက ရောက်လာပြီး ပြောလိုက်၏။
ဤသည်ကို ကြားသောအခါ ဒေါသမီးတောက်ဂိုဏ်း အကြီးအကဲမှာ တစ်ခဏမျှ တန့်သွားပြီး သူ၏ မျက်နှာပေါ်တွင် ရှက်ရွံ့သည့် အမူအရာတစ်ခု ပေါ်လာကာ အလျင်အမြန် မတ်တတ်ရပ်၍ သူ၏ တပည့် ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
သို့သော် မြေပြင်ပေါ်ရှိ သူ၏ တပည့်ကို ကြည့်ပြီးနောက် တစ်ခဏမျှ စဉ်းစားကာ ပြန်လည်ပွေ့ချီလိုက်၏။
“ပထမအဆင့် ဝင်္ကပါမန္တာန်နဲ့ ဆိုရင် သူက ကာကွယ်မှု နည်းနည်းလောက် လုပ်လိုက်ရုံနဲ့တင် ပျက်စီးမှု အများစုကို အလွယ်တကူ တားဆီးနိုင်ပါတယ်...”
“ချန်လော့က သူ့ကို အထူး သတိတောင် ပေးလိုက်သေးတယ်... ဒါပေမဲ့ ရှင်တို့ရဲ့ တပည့်က ဇွတ်တရွတ် အားကုန်ထုတ်ပြီး ဝင်သွားသေးတာ... ပေါက်ကွဲမှု ပြီးနောက် သတိလစ်သွားရုံ သက်သက် ဆိုတာ သူ ကံကောင်းလို့ပဲ...”
“ချန်လော့သာ ဒုတိယအဆင့် ဝင်္ကပါမန္တာန်ကို တည်ဆောက်ထားပြီး အကြီးအကဲဖြစ်တဲ့ ရှင်က ဘေးကနေ ရပ်ပြီး တခြားသူတွေကို ကြွားလုံးထုတ်နေဦးမယ် ဆိုရင်တော့ သူ သေချာပေါက် သေသွားမှာပဲ...”
လောချင်းယွီ၏ စကားကို ကြားသောအခါ ဒေါသမီးတောက်ဂိုဏ်း အကြီးအကဲမှာ ခဏမျှ ရှက်ရွံ့သွား၏။
သို့သော် ချန်လော့က ဤတစ်ခေါက်တွင် တကယ်ကြီး ထောင်ချောက်ဆင်ထားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
သူ တစ်ယောက်တည်း မဟုတ်ပေ။ ထိုနေရာရှိ လူ ၉၀% ကျော်က ချန်လော့က လှည့်စားနေခြင်း သက်သက်သာ ဖြစ်သည်ဟု ထင်ခဲ့ကြ၏။
ဒါပေမဲ့ ဒီကောင်က လှည့်စားနေရုံ သက်သက် မဟုတ်ဘဲ အလှည့်စားထဲက အလှည့်စားကို တကယ် အသုံးပြုသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
အခန်း (၁၃၀) သေကို သေရမယ်
“ဒီပွဲစဉ်မှာ ချန်ရှင်းဂိုဏ်းက တိုက်ရိုက်တပည့် ချန်လော့ အနိုင်ရပါတယ်...”
အသံကို ကြားလိုက်ရသောအခါ ချန်လော့သည် စင်ပေါ်တွင် မတ်တတ်ရပ်လျက် လူအုပ်ကို နက်နက်ရှိုင်းရှိုင်း ဦးညွှတ်ကာ ပြုံးလိုက်၏။
ထိုအချိန်တွင်လည်း စင်အောက်ရှိ အဆိပ်တောင်ထွတ်မှ တပည့်များက သူ့ကို အားပေးနေကြဆဲ ဖြစ်သည်။
အဆိပ်တောင်ထွတ်၏ တပည့်များမှလွဲ၍ အခြားသူများ အားလုံးသည် ချန်လော့ကို သိသိသာသာ တိုးလာသော သတိထားမှုများဖြင့် ကြည့်လိုက်ကြ၏။
ဒီကောင်ရဲ့ စိတ်ထားက တော်တော် ညစ်ပတ်တာပဲ...
ပထမအချီမှာ သူက လှည့်စားခဲ့တယ်...
ဒါပေမဲ့ ဒုတိယအချီမှာရော... သူက အဲဒီနေရာမှာတင် အလှည့်စားထဲက အလှည့်စားကို သုံးသွားခဲ့တာလေ...
သူ လိမ်နေတယ်လို့ လူတိုင်းက ထင်ခဲ့ကြတယ်... သူ ထောင်ချောက် ဆင်မထားဘူးလို့ လူတိုင်းက ထင်ခဲ့ကြတယ်...
တကယ်တမ်းတော့ ချန်လော့က လိမ်နေတာ မဟုတ်ဘဲ တကယ်ကြီး ထောင်ချောက် ဆင်ထားခဲ့တာပဲ...
ချန်လော့သည် ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ဒေါသမီးတောက်ဂိုဏ်းမှ တပည့်ဖြစ်သူအား မည်သည့်သတိထားမှုမျှမရှိဘဲ မိမိထံသို့ ရဲရဲဝံ့ဝံ့ ပြေးဝင်လာစေရန် ဆွဲဆောင်ခဲ့သည်။
ရလဒ်မှာမူ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း၊ ပထမအဆင့် ဝင်္ကပါမန္တာန်၏ ပေါက်ကွဲမှုဒဏ်ကို အပြည့်အဝ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ဒဏ်ရာဗရပွဖြင့် သတိလစ်မေ့မြောသွားရတော့သည်။
စင်ပေါ်မှ ဆင်းလာပြီးနောက် ချန်လော့သည် သူ၏ ခုံလေးပေါ်တွင် ထိုင်ကာ စင်ပေါ်ရှိ ပြိုင်ပွဲကို အလွန် ကျေနပ်အားရစွာ ကြည့်ရှုနေလိုက်၏။
သူသည် ယခင် ပွဲစဉ် နှစ်ပွဲတွင် စွမ်းအားကို အများကြီး မပြသခဲ့ပေ။
ပထမအချီတွင် ပြိုင်ဘက်၏ တစ်ခဏတာ အာရုံလွတ်သွားမှုကို အခွင့်ကောင်းယူ၍ ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။ ဒုတိယအချီတွင် ပထမအဆင့် ဝင်္ကပါမန္တာန်က လုံးဝ ပြင်ဆင်မှု မရှိသော ပြိုင်ဘက်ကို ဖောက်ခွဲပစ်ခဲ့၏။
ထို့ကြောင့် ယခုအချိန်အထိ ချန်လော့ ပြသခဲ့သော တစ်ခုတည်းသော စွမ်းအားမှာ ပထမအဆင့် ဝင်္ကပါ ပညာရပ်သာ ဖြစ်သည်။
ဤသည်က ချန်လော့အတွက် ကောင်းသော အချက် ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူ၏ ပြိုင်ဘက်များက သူ့အကြောင်း သတင်းအချက်အလက် နည်းလေလေ သူ့ကို နားလည်ရန် ခက်ခဲလေလေ ဖြစ်သည်။ သူသည် ပြိုင်ဘက်အကြောင်း သတင်းအချက်အလက် များများ သိလေလေ သူတို့ကို အနိုင်ယူရန် လွယ်ကူလေလေ ဖြစ်၏။ စကားပုံတစ်ခု ရှိသည် မဟုတ်လော။
“မိမိကိုယ်ကို သိပြီး ရန်သူကို သိပါက တိုက်ပွဲတိုင်း အနိုင်ရလိမ့်မည်” တဲ့...
“ရာက္ခသတံခါးဂိုဏ်း၊ တိုက်ရိုက်တပည့် ချင်မု နှင့် ချန်ရှင်းဂိုဏ်း၊ အမာခံတပည့် ချန်းယိုဟယ်...”
အသံကို ကြားလိုက်ရသောအခါ ချန်လော့သည် ချက်ချင်း မော့ကြည့်ပြီး ပြိုင်ကွင်းဆီသို့ ကြည့်လိုက်၏။
သူ့ပွဲကလွဲရင် ဒါက ဒီနေ့ရဲ့ ပထမဆုံး တိုက်ရိုက်တပည့် ပွဲစဉ်ပဲ...
ပြိုင်ဘက်သည် အမာခံတပည့် တစ်ယောက်သာ ဖြစ်သော်လည်း အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်တွင် ရှိနေသေး၏။
ချင်မုက ငါ့လိုမျိုး ယုတ်မာတဲ့... မဟုတ်ဘူး... ပါးနပ်တဲ့ နည်းလမ်းတွေကို သုံးပြီး ပြိုင်ဘက်ကို အနိုင်မယူသရွေ့ သူက သူ့ရဲ့ စွမ်းအားကို အတိုင်းအတာ တစ်ခုအထိတော့ ပြသမှာ သေချာတယ်...
ဒါက ကိစ္စတွေကို သေသေချာချာ သုံးသပ်ပြီး နားလည်ဖို့ အခွင့်အရေးကောင်း တစ်ခုပဲ...
အကယ်၍ ပြိုင်ဘက်က အစွမ်းအစ အလွန်အမင်း မထက်မြက်ပါက၊ ချန်လော့သည် ပြိုင်ကွင်းထက်တွင် တည်ငြိမ်စွာ ရပ်တန့်လျက် ထိုသူတို့ကို တရားမျှတစွာဖြင့် အနိုင်ယူရန် ကြိုးစားပေလိမ့်မည်။
ချန်လော့က ပွဲကြည့်ရင်း စားရန်အတွက် သိုလှောင်အိတ်ထဲမှ ဖရဲစေ့ တစ်ပန်းကန်ကို ထုတ်ယူလိုက်သည်။ သို့သော် သူသည် ဖရဲစေ့များကို ထုတ်ယူပြီးသည်နှင့် တစ်ပြိုင်နက် မော့ပင် မကြည့်ရသေးခင်မှာ အသံတစ်ခုကို ကြားလိုက်ရ၏။
“ဒီပွဲစဉ်မှာ ရာက္ခသတံခါးဂိုဏ်းက တိုက်ရိုက်တပည့် ချင်မု အနိုင်ရပါတယ်...”
ဤအသံကို ကြားလိုက်ရသောအခါ ဖရဲစေ့ကို ကိုင်ထားပြီး မခွာရသေးသော ချန်လော့မှာ ရုတ်တရက် မော့ကြည့်လိုက်ပြီး ဇဝေဇဝါ ဖြစ်နေသည့် အမူအရာဖြင့် ပြိုင်ကွင်းကို ကြည့်လိုက်၏။
မူလက ဘယ်ဘက်တွင် ရပ်နေသော ချင်မုသည် ညာဘက်သို့ ရုတ်တရက် ရောက်သွားသည်။
ညာဘက်တွင် ရပ်နေသင့်သော ချန်ရှင်းဂိုဏ်းမှ တပည့်မှာ ယွီထျန်းစီ၏ ဘေးသို့ ရောက်ရှိနေပြီ ဖြစ်၏။
ထိုချန်ရှင်းဂိုဏ်း တပည့်၏ မျက်နှာတွင် အံ့အားသင့်နေသည့် အမူအရာ ရှိနေဆဲဖြစ်ပြီး သူ၏ ရင်ဘတ်တွင် သွေးများ စွန်းထင်းနေသည်။
“ဘာဖြစ်သွားတာလဲ...”
“သူတို့က အရှုံးပေးလိုက်တာလား...”
ဤအခိုက်အတန့်တွင် ချန်လော့မှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားပြီး နေကြာစေ့ ကောက်ရန် အောက်သို့ ငုံ့ကြည့်နေခဲ့သော စက္ကန့်အနည်းငယ် အတွင်းတွင် ဘာတွေ ဖြစ်ပျက်သွားသည်ကို လုံးဝ မသိပေ။
“အရမ်း မြန်တဲ့ ဓားချက်ပဲ...”
ထိုအချိန်တွင် ကျောက်မန်က စကားစလာပြီး သူမ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ရှိနေဆဲ ဖြစ်၏။
“ဘယ်လောက်တောင် မြန်တဲ့ ဓားချက်မို့လို့လဲ... ငါ့ကို ပြောပြပါဦး...”
ချန်လော့က ကျောက်မန်ကို အလျင်အမြန် တွန်းလိုက်၏။ စောစောက နေကြာစေ့ ကောက်ဖို့ ငုံ့လိုက်မိတာကို သူ ရုတ်တရက် နောင်တရသွားသည်။
စပ်စုတာက ဒုက္ခပေးနိုင်တယ် ဆိုတာ ဒါပဲ...
ကျောက်မန်က ချန်လော့ကို တစ်ချက် ကြည့်လိုက်သော်လည်း ဘာမှ မဖုံးကွယ်ထားဘဲ အခုလေးတင် ဖြစ်သွားခဲ့သော တိုက်ပွဲအကြောင်း ချန်လော့ကို ပြောပြလိုက်၏။
ရိုးရိုးရှင်းရှင်း ပြောရလျှင် သူတို့ နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ဦးညွှတ်ပြီး ခေါင်းမော့လိုက်ရုံသာ ရှိသေး၏...
နောက်တစ်စက္ကန့်တွင် ချင်မုက သူ၏ ဓားရှည်ကို ဆုပ်ကိုင်ကာ ရှေ့သို့ ခုတ်ပိုင်းလိုက်ရာ မြေပြင်တွင် အရိပ်ဝါးဝါးတစ်ခုသာ ကျန်ရစ်ခဲ့၏။
ချန်ရှင်းဂိုဏ်းမှ တပည့်မှာ ဘာတွေ ဖြစ်နေသည်ကိုပင် မတုံ့ပြန်နိုင်သေးခင်မှာပင် ဂိုဏ်းချုပ်က သူ့ကို အောက်သို့ ဆွဲချလိုက်ပြီး သူ၏ ရင်ဘတ်တွင် စူးရှသော ဒဏ်ရာတစ်ခု ပေါ်လာတော့သည်။
ကျောက်မန်၏ ဇာတ်လမ်းကို ကြားပြီးနောက် ချန်လော့မှာ ရုတ်တရက် တိတ်ဆိတ်သွား၏။
ဒီချင်မုက သူ ထင်ထားတာထက် အများကြီး ပိုစွမ်းပုံ ရတယ်...
ချန်လော့၏ ကြောက်လန့်နေသော အမူအရာကို မြင်သောအခါ ကျောက်မန်မှာ အနည်းငယ် အံ့အားသင့်သွား၏။ ချန်လော့ဘက်မှ ဤသို့သော အမူအရာကို ပြသသည်မှာ ဒါ ပထမဆုံး အကြိမ် ဖြစ်သည်။
သူမက ချန်လော့၏ ပခုံးကို ပုတ်လိုက်သည်။
“ရပါတယ်... အချိန်ကျရင် မင်း အကောင်းဆုံး ကြိုးစားလိုက်ပါ... ဂိုဏ်းချုပ်က နားလည်ပေးမှာပါ...”
ချန်လော့က ကျောက်မန်ကို တစ်ချက် ကြည့်လိုက်ပြီး ဘာမှ မပြောသော်လည်း တိတ်တဆိတ် ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။
ဒီကောင်နဲ့ မတိုက်ခင် သူ့အစားအသောက်ထဲကို ဝမ်းနှုတ်ဆေး နှစ်ပေါင်နဲ့ အိပ်ဆေး နှစ်ပေါင်လောက် ခိုးထည့်ရမယ်... ဒါမှ သူ ခြေလှမ်း လှမ်းရဲရင် ဘောင်းဘီထဲ ဝမ်းသွားသလို... နည်းနည်းလောက် လှမ်းပြီးတာနဲ့ သူ အိပ်ပျော်သွားလိမ့်မယ်...
နာမည်ကြီး မိစ္ဆာတာအို ဂိုဏ်းတွေကြားမှာ သိုင်းမပြိုင်ခင် တစ်ယောက်ရဲ့ အစားအသောက်ထဲကို အဆိပ်ခတ်တာက အတော်လေး ပုံမှန်ဖြစ်သည် မဟုတ်လော...
…
နောက်ပိုင်းတွင် ချန်လော့သည် ဒေါသမီးတောက်ဂိုဏ်းမှ ယန်ချုံထျန်းနှင့် ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းမှ မူရှာရှာတို့နှင့် တွေ့ဆုံခဲ့၏။
သူတို့ နှစ်ယောက်စလုံးက သူတို့၏ ပြိုင်ဘက်များကို မည်သည့် ဖိအားမျှ မရှိဘဲ တိုက်ကွက် အနည်းငယ်ဖြင့် အနိုင်ယူနိုင်ခဲ့ကြသည်။
သူတို့ ပြသခဲ့သော စွမ်းအားမှာ ချင်မု၏ ကောင်းကင်ဘုံကို ဆန့်ကျင်သော အဆင့်သို့ မရောက်သေးပေ။ သူတို့သည် စွမ်းအားကြီးသော်လည်း ချန်လော့ ကိုင်တွယ်နိုင်စွမ်း ရှိသည့် အတိုင်းအတာ အတွင်းတွင် ရှိနေသေး၏။
သေချာသည်မှာ ထိုနှစ်ယောက်က သူတို့၏ စွမ်းရည်များကို တမင် ဖုံးကွယ်ထားပြီး စွမ်းအား အများအပြားကို ကြိုတင် မထုတ်ဖော်ချင်ခြင်း ဖြစ်နိုင်သည်ကိုတော့ ဖယ်ထုတ်၍ မရပေ။
“မဖြစ်ဘူး... ဘေးကင်းစေဖို့ လူတိုင်းရဲ့ အစားအသောက်ထဲကို အဆိပ်နည်းနည်း ထည့်ရမယ်...”
ချန်လော့က သူ့ဘာသာသူ တွေးလိုက်၏။
ဒီခွေးကောင် နှစ်ယောက်က တမင်တကာ သူတို့ရဲ့ စွမ်းအားတွေကို ထိန်းထားပြီး ငါ့ရဲ့ တကယ့် ပြိုင်ဘက်က ချင်မု တစ်ယောက်တည်းလို့ ငါ ထင်နေရင်ရော...
တကယ်တမ်းကျတော့ သူတို့ အားလုံးက တစ်ယောက်ထက် တစ်ယောက် ပိုစွမ်းနေပြီး ငါက အုပ်စုရဲ့ အောက်ဆုံး ရောက်သွားရင်ရော... အဲဒါဆို ငါ သေမှာပဲ...
သူက ပထမ ရပါမယ်လို့ ယွီထျန်းစီကို ယုံကြည်ချက်ရှိရှိ ကတိပေးထားခဲ့တာလေ... တကယ်လို့ သူ နောက်ဆုံး ရသွားရင် ယွီထျန်းစီက သူ့ကို သတ်ပစ်လောက်တယ်...
ချန်လော့သည် သူ၏ အိတ်ကပ်ထဲရှိ အထူး ဖော်စပ်ထားသော အဆိပ်ပုလင်းကို စမ်းကြည့်လိုက်၏။
“ငါ ပြန်ရောက်ရင် နောက်ထပ် ဆယ်ပုလင်းလောက် ဖော်ရမယ်... အဲဒီ သုံးယောက်စလုံး အဆိပ်သင့်သွားအောင် ငါ သေချာ လုပ်ရမယ်...”
ထိုအချိန်မှာပင် ပြိုင်ကွင်းပေါ်မှ အသံက ချန်လော့၏ အာရုံကို ထပ်မံ ဖမ်းစားသွားပြန်၏။
“နောက်တစ်ခုက ရွှေမြုတေအဆင့် ပြိုင်ပွဲပါ...”
“ပထမဆုံး ပွဲစဉ်က ချန်ရှင်းဂိုဏ်းက ယန်ချင်းချွမ်နဲ့ ဒေါသမီးတောက်ဂိုဏ်းက ကျန်းရှင်းတို့ ယှဉ်ပြိုင်ကြမှာပါ...”
ဤသည်ကို ကြားသောအခါ ချန်လော့က ရုတ်တရက် မော့ကြည့်လိုက်ရာ ယန်ချင်းချွမ်က ပြိုင်ကွင်းပေါ်တွင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်လျက် တည်ငြိမ်စွာ ရပ်နေသည်ကို တွေ့လိုက်ရ၏။
ထိုအချိန်တွင် မျက်နှာချင်းဆိုင်ရှိ ဒေါသမီးတောက်ဂိုဏ်းမှ တပည့်မှာ ဓားကြီး တစ်လက်ကို ကိုင်ဆောင်ထားသည်။
ပြိုင်ပွဲအတွင်း ထိုနှစ်ယောက်၏ အထောက်အထားများကို မိတ်ဆက်ခြင်း မပြုခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မလိုအပ်တော့သောကြောင့် ဖြစ်၏။
ရွှေမြုတေအဆင့်အထိ ကျင့်ကြံနိုင်တဲ့ သူတွေ အားလုံးက တိုက်ရိုက်တပည့်တွေ မဟုတ်ဘူးလား...
နှုတ်ဆက်ပြီးနောက် သူတို့ နှစ်ယောက်သည် အနည်းငယ်မျှ တွန့်ဆုတ်ခြင်း မရှိဘဲ သူတို့၏ မှော်လက်နက်များကို ကိုင်ဆောင်လျက် တစ်ယောက်ကို တစ်ယောက် ပြေးဝင် တိုက်ခိုက်ကြတော့၏။
သူတို့ရဲ့ လှုပ်ရှားမှု တိုင်းက စွမ်းအားတွေ ပြည့်နှက်နေပြီး တစ်ခါတစ်ရံ သုံးလိုက်တဲ့ မန္တာန်တွေက ကောင်းကင်နဲ့ မြေကြီးကိုတောင် အရောင်ပြောင်းသွားစေသည်။
မိုးကြိုးပစ် မန္တာန် တစ်ချက် ကျဆင်းလာရာ ၎င်း၏ စွမ်းအားက ချန်လော့၏ အစွမ်းအထက်ဆုံး မန္တာန်ထက် အဆတစ်ရာကျော် ပိုမို ပြင်းထန်၏။
ထိုအချိန်ကျမှသာ လောချင်းယွီက သူ့ကို အရင်က ပြောခဲ့သည့် စကားကို ချန်လော့ တကယ် နားလည်သွားတော့သည်။
ကျင့်ကြံခြင်း တာအို... ရွှေမြုတေအဆင့် ရောက်မှသာ တကယ် စတင်နိုင်တယ်...
မကြာမီမှာပင် ပြိုင်ပွဲ ပြီးဆုံးသွားပြီး ယန်ချင်းချွမ်က အထိအခိုက် မရှိဘဲ ဒေါသမီးတောက်ဂိုဏ်းမှ တပည့်မှာ ကြီးမားသော ထိုးနှက်ချက် တစ်ခုကို ခံလိုက်ရပြီး သူ၏ ခေတ် ပြီးဆုံးသွားတော့၏။
ဤအရာအားလုံးကို မြင်သောအခါ ယန်ချင်းချွမ်၏ စွမ်းအားမှာ ရွှေမြုတေအဆင့်တွင် ထိပ်တန်း အဆင့်တွင် ရှိကြောင်း ချန်လော့ ဝန်ခံရမည် ဖြစ်၏။
“ယန်ချင်းချွမ်က ငါ ထင်ထားတာထက် ပိုကြောက်စရာ ကောင်းနေတယ်...”
တစ်ချိန်က ချန်လော့သည် သူ၏ အခြေခံတည်ဆောက်ခြင်း သတ္တမအဆင့်နှင့် ဒုတိယအဆင့် အထွတ်အထိပ်ရှိ လူလေးငါးယောက်ဖြင့် ယန်ချင်းချွမ်ကို ယှဉ်ပြိုင်နိုင်သင့်သည်ဟုပင် စိတ်ကူးယဉ်ခဲ့သေး၏။
သို့သော် ယခု ယန်ချင်းချွမ်၏ စွမ်းအားကို တကယ် မြင်တွေ့လိုက်ရသောအခါ ယခင် အတွေးများသည် မည်မျှ ရယ်စရာ ကောင်းကြောင်း သူ နားလည်သွားတော့သည်။
အချိန်အတော်ကြာပြီးနောက် သူသည် စကား နှစ်ခွန်း ပြောလိုက်၏။
“ရွှေမြုတေအဆင့်... ဒါက တကယ်ကို စွမ်းအားကြီးတာပဲ...”
“ယန်ချင်းချွမ် သေကို သေရမယ်...”