← Chapters

ဟန်ခုန်း

Vol. 12 Ch. 160

ဟန်ခုန်း

Vol. 12 Ch. 160

မြေပြင်၌ စိုက်ထူထားသည့်ဟန် ဓား-သင်္ဘောပုံစံ အရာဝတ္ထုကြီးသည် အနက်ရောင်အလင်းတို့ တောက်ပလျက်ရှိသည်။ ၎င်းသည် မာန်နတ်ဘုရားရုပ်တုမှ ဖြစ်ပေါ်လာသည့် ဧရာမအမျိုးသမီး ရုပ်ထုကြီးနှင့် တိုက်မိသွားချိန်တွင် အနက်ရောင်အလင်းသည် ရုတ်တရက် တုန်ခါသွားပြီး ဖြည်းဖြည်းချင်း စီးဆင်းမှု ရပ်တန့်သွားသည်။ ၎င်းသည် အေးခဲတော့မည့် အရိပ်အယောင်များပင် စတင်ပြလာချေသည်။

တစ်ချိန်တည်းမှာပင် ဧရာမ အမျိုးသမီးမျက်နှာကြီး၏ အရောင်သည်လည်း လျင်မြန်စွာ မည်းနက်လာသည်မှာ အသက်ရှူချိန် အနည်းငယ်အတွင်း၌ပင် စွမ်းအားအမြောက်အမြား သုံးစွဲလိုက်ရဟန်တူ၏။ ၎င်း အရောင်လျော့နည်းလာသည့် နှုန်းဖြင့်ဆိုလျင် ဧရာမ ဓား-သင်္ဘောပတ်လည်ရှိ နက်မှောင်သည့်အလင်းအား လုံးဝရပ်တန့်သွားအောင် ပြုလုပ်နိုင်မည့်ပုံ မပေါ်ပါချေ။

အနက်ရောင်အလင်း၏ အေးခဲသည့် အရှိန်နှုန်းသည်လည်း စတင်နှေးကွေးလာသည်။ အေးခဲသွားပြီးဖြစ်သည့် အချို့နေရာများတွင်ပင် ပြန်လည် ကောင်းမွန်လာသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာပြီး နောက်တစ်ကြိမ် ပြန်လည်စီးဆင်းရန် စတင်စပြုလာချေသည်။

အမျိုးသမီးမျက်နှာ၏ မျက်ခုံးများကြားတွင် ရပ်နေသည့် ယန်လွမ်၏မျက်လုံးများသည် တောက်ပသွားသည်။ ဝမ်းနည်းတောင်းပန်ဟန် အကြည့်တို့က သူမမျက်လုံးတွင် ဖြစ်ပေါ်လာသည်။ ထို့နောက် သူမလက်များအား မြှောက်လျက် အမျိုးသမီးမျက်နှာအား လက်ချောင်းများဖြင့် ထိကပ်လိုက်သည်။

သူမလက်ချောင်းများသည် အမျိုးသမီးမျက်နှာအား ထိမိသည်နှင့်တစ်ပြိုင်နက် စူးရှသည့် အနီရောင်အလင်းတို့ တောက်ပလာပြီး အားကောင်းသောအနီရောင် မီးတောက်အဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်သို့ ဦးတည်တိုးဝင်သွားလေသည်။ အနီရောင် မီးတောက်သည် ကြယ်ရောင်စုံကောင်းကင်နှင့် ဆုံတွေ့သွားချိန်တွင်တော့ ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်လာပြီး လှိုင်းဂယက်များထကာ ဧရိယာ တစ်ခုလုံး ပျံ့နှံ့သွားသည်။ ထို့နောက် လှိုင်းဂယက်များသည် ကောင်းကင်တစ်ခုလုံးနီးပါး ဖုံးအုပ်သွားတော့သည်။

ထို့နောက် ရှည်လျားသည့် ရယ်မောသံကြီး ထွက်ပေါ်လာပြီး လူတစ်ဦး၏ ဝိုးတဝါးပုံစံသည် ကောင်းကင်ထက်ရှိ အနီရောင် မီးတောက်ထဲတွင် ပေါလာချေသည်။ ထိုဝေဝါးဝါး ပုံရိပ်သည် လျင်မြန်စွာ ရှင်းလင်း ကြည်လင်လာပြီးနောက် ချက်ချင်းပင် အကောင်အထည်ပေါ် ထင်ရှားလာသည်။

ထိုလူသည် အနီရောင်ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးဖြစ်သည်။ သူ့ဆံပင်များသည် လုံးဝဖြူဖွေးနေသော်ငြား သူ့မျက်နှာသည်တော့ ကျန်းမာသန်စွမ်းသည့်ဟန် အနီရောင် လွှမ်းနေချေသည်။ သူသည် အနီရောင်မီးတောက်ထဲမှ ထွက်ပေါ်လာသည့်အခါ သူ၏နောက်ကျောဘက်တွင် ကြီးမားသော ဘူးသီးခြောက်ကြီးအား လွယ်ထားသည်ကို တွေ့လိုက်ရသည်။

သူပေါ်လာသည်နှင့် တစ်ပြိုင်နက် ကမ္ဘာတစ်ခုလုံးသည်ပင် တုန်ခါသွားသည်။ ကြယ်ရောင်စုံ ကောင်းကင်ကြီးသည်လည်း တုန်ခါမှုကို မခံနိုင်ဟန်ဖြင့် ပြိုလဲလုနီးပါး ဖြစ်လာချေသည်။ မြေပြင်သည်လည်း တုန်ခါနေပြီး များစွာသော တောင်ကြားချိုင့်ဝှမ်း များသည်လည်း  တုန်ခါမှုအောက်တွင် ပြိုကျပျက်စီး သွားကြချေသည်။

“နှုတ်ဆက်ပါတယ်၊ လက်ဝဲတော်ရံ ကျိုး”

ယန်လွမ် လေးစားစွာ ပြောဆိုလိုက်သည်။

အဘိုးအိုပေါ်လာသည်နှင့် တစ်ပြိုင်နက် ယန်လွမ်နှင့်အတူ ပေါင်းစည်းခဲ့သော မျက်နှာသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“ဒီအလွှာလေးလွှာစည်းကို ဖျက်ဆီးတဲ့ တည်နေရာရွှေ့ပြောင်းခြင်း ပညာရပ်က တကယ်ကို ထူးဆန်းတာပဲ။ အရောင်စုံရေကန် မျိုးနွယ်စု၊ မင်းတို့က ဒီပညာရပ်ကို နားလည်ခဲ့ပြီးတော့ ငါ့ကိုကမ်းလှမ်းခဲ့တယ်။ မင်းတို့မျိုးနွယ်စုက ဒီအတွက် ဂုဏ်ပြုချီးမြှောက်ခံရမှာပါ”

ဝတ်ရုံအနီနှင့် အဘိုးအို၏ မျက်လုံးများ လည်တောက်ပနေပြီး ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်သည်။ ထို့နောက် အဘိုးအိုသည် ဓား-သင်္ဘောဘေးမှ လျင်မြန်စွာ ပြန်လည်ကောင်းမွန် လာနေသည့် အနက်ရောင်အလင်းကို စိုက်ကြည့်လိုက်သည်။

“ဟန်ခုန်း၊ မင်းက ဒီအထဲမှာ ပုန်းနေတာနဲ့ပဲ အေးခဲကောင်းကင်ကလန်က မင်းကိုမထိနိုင်တော့ဘူးလို့ ထင်နေတာလား> မာန်စွမ်းအားရှင်တွေက လေးလွှာစည်းအစီအရင်ကို နားမလည်နိုင်တာကြောင့် မင်းဒီမှာရှိနေတာကို သိနေရင်တောင် မင်းကို ငါတို့သတ်နိုင်မှာ မဟုတ်ဘူးလို့ ထင်နေခဲ့တာမလား”

ဝတ်ရုံအနီနှင့် အဘိုးအိုသည် ကျယ်လောင်စွာ ရယ်မောရင်းမှ ညာခြေကိုမြှောက်ကာ မြေပေါ်ရှိ ဓား-သင်္ဘောအရာဝတ္ထုကြီးထံသို့ ခြေလှမ်းလှမ်းလိုက်သည်။

“ဒါက လေးလွှာစည်းရဲ့ ပြည့်စုံတဲ့ အစီအရင်ပုံစံတစ်ခု ဖြစ်နေရင်တော့ ငါက သေချာပေါက် ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့ စည်းအစီအရင်တွေကို အရောင်စုံရေကန် မျိုးနွယ်စုက နားလည်ခဲ့ပြီးတော့ အခုတော့ မင်းရဲ့စည်းတံဆိပ်မှာ အားနည်းချက်ရှိနေပြီ။ ငါ ... အခုတော့ ဒါကို ဖွင့်နိုင်တယ်”

ဝတ်ရုံအနီနှင့် အဘိုးအိုသည် ဓား-သင်္ဘောအနီးသို့ နီးကပ်သွားပြီး ညာလက်ကိုမြှောက်ကာ လေထဲသို့ကုပ်ဆွဲလိုက်သည်။ ဓား-သင်္ဘောကြီးအထက်၌ အနီရောင် နတ်ဆိုးဆန်ဆန် လက်သည်းကြီး ထွက်ပေါ်လာပြီးနောက် ရုတ်တရက် တိုက်ခိုက်လိုက်သည်။

သာမန် သက်ရှိများအနေဖြင့် ထိုကဲ့သို့ နတ်ဆိုးလက်သည်းကြီးအား ပိုင်ဆိုင်နိုင်မည့် နည်းလမ်းမရှိပေ။ ထိုလက်သည်းကြီး ထွက်ပေါ်လာသည်နှင့် ယန်လွမ်၏မျက်နှာတွင် လေးစားအားကျမှုနှင့် ပြင်းထန်သည့်ဆန္ဒများ ဖြစ်ပေါ်လာချေသည်။ သူမ တစ်ယောက်တည်းသာ ထိုသို့ဖြစ်သွားခြင်း မဟုတ်ချေ။ အမျိုးသမီးမျက်နှာကြီး ပျောက်ကွယ်သွားသဖြင့် လွတ်မြောက်မှုကို ပြန်လည်ရရှိသွားသော ဟန်ဖေးကျစ်နှင့် အခြား အရောင်စုံရေကန် မျိုးနွယ်ဝင်များ သည်လည်း လေးစားမှုများဖြင့် ကြည့်ရှုမိနေကြသည်။

“မာန်စွမ်းအားရှင် ဝိညာဉ်အဆင့် ... ငါ့ရဲ့ ကိုယ်ပိုင် မာန်နတ်ဘုရားရုပ်တုကို သိပ်သည်းစေခြင်းနဲ့ ဖန်တီးနိုင်မှာ ဖြစ်ပြီးတော့ ငါကိုယ်တိုင်ပဲ မာန်တရား ဖြစ်လာပြီးတော့ မာန်တရားကလည်း ငါဖြစ်လာလိမ့်မယ်…”

တီးတိုးရေရွတ်နေရင်းမှပင် ဟန်ဖေးကျစ်၏မျက်လုံးများသည် တောက်ပနေခဲ့သည်။

နတ်ဆိုးလက်သည်းသည် ဓား-သင်္ဘောကြီးထံသို့ နီးကပ်သွားကာ ဆုပ်ကိုင်တိုက်ခိုက် ပစ်လိုက်သည်။ အဆောက်အဦ ပေါ်တွင် စီးဆင်းနေသည့် အနက်ရောင် အလင်းတို့သည် တုန်ခါသွားပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ အနက်ရောင်အလင်းသည် အပိုင်းအစများနှင့် ရေစက်များအသွင် ပြိုကွဲသွားကာ ဓား-သင်္ဘောပုံစံ အဆောက်အဦဘေးသို့ ပြုတ်ကျသွားကြသည်။

ဓား-သင်္ဘော အဆောက်အဦကြီး တုန်ခါသွားသည်နှင့် ၎င်းအပေါ်တွင် ခင်းကျင်းထားသည့် ချိပ်တံဆိပ်များသည်လည်း ရုတ်ခြည်း ပြိုကွဲသွားချေသည်။

“ဟန်ခုန်း၊ မင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀၀ လောက်က ငါတို့ဆီကို ရောက်လာခဲ့ပြီးတော့ မင်းရဲ့စွမ်းအားတွေက ဒုတိယမာန်နတ်ဘုရားရဲ့ ကန့်သတ်ထားခြင်းကို ခံခဲ့ရတာကြောင့်မင်းရဲ့ စွမ်းအားတွေကို မာန်စွမ်းအားရှင်ဝိညာဉ် အလယ်ဆင့်မှာပဲ အသုံးချနိုင်ခဲ့တယ်။ အဲဒါက မင်းရဲ့မသေမျိုးအဆင့်က ဝိညာဉ်ပြောင်းလဲခြင်း အဆင့်မှာ ရောက်နေပြီဆိုတာကို ပြနေတယ်။ မင်းက ကမ္ဘာလောကတွေကြား ဖြန့်ဖြူးထားတဲ့ လူသတ်မှုစာရင်းရဲ့ အဆင့်၁၄၇မှာ ရှိနေတယ်။ ဒီနေ့ ငါ၊ ကျိုးရှန့်၊ အေးခဲကောင်းကင်ကလန်ရဲ့ လက်ဝဲရံက တတိယမာန်နတ်ဘုရား ချန်ထားခဲ့တဲ့ အမိန့်တွေအရ မင်းရဲ့အသက်ကိုယူမယ်”

ဝတ်ရုံအနီနှင့် အဘိုးအို၏အသံသည် မကောင်းမှုပြုသူအား တရားစီရင်ခြင်းပြုသည့် မိုးထစ်ချူန်းသံများကဲ့သို့ ထွက်ပေါ်လာသည်။ သူ၏အသံသည် ပေါက်ကွဲပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် အဘိုးအိုသည် အနီရောင်မီးတောက် အလင်းတန်းတစ်ခု အသွင်ပြောင်းကာ စည်းတံဆိပ်ဆုံးရှုံးသွားပြီ ဖြစ်သည့် ဓား-သင်္ဘော အဆောက်အဦ ဆီသို့ တိုးဝင်သွားလေသည်။

ကျယ်လောင်သည့် တိုက်ခိုက်မိသံနှင့်အတူ အဘိုးအိုသည် အထဲသို့ရောက်ရှိ သွားတော့သည်။ ယန်လွမ် မျက်လုံးအတွင်းရှိ အလင်းသည် တောက်ပသွားပြီး သူမသည်လည်း ဦးတည်လိုက်ကာ ဟန်ဖေးကျစ်နှင့် အရောင်စုံရေကန် မျိုးနွယ်စုဝင်များနှင့်အတူ ဝင်ရောက်လိုက်ပါ လိုက်သည်။

ဓား-သင်္ဘော၏ အစိတ်အပိုင်းတစ်ခုသည် မြေအောက်အနက်ပိုင်း၌ နစ်မြုပ်လျက်ရှိသည်။ ထိုအစိတ်အပိုင်းသည် ဥမင်လိုဏ်ခေါင်းနှင့် ဖြတ်သန်းဆက်စပ်နေခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှာပင် ဥမင်အဆုံးရှိ ဓား-သင်္ဘော၏ အစိတ်အပိုင်းဖြစ်သည့် ကျောက်တုံးနံရံသည် မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ်သို့ ပြိုကွဲသွားကာ စည်းတံဆိပ် ကျိုးပျက်သွားလေသည်။

“ဒါ ပြိုကွဲသွားပြီ”

နန်ထျန်း၏မျက်နှာသည် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ သူသည် ပထမဆုံး ဝင်ရောက်လိုဟန်ဖြင့် ရှေ့သို့ ခြေတစ်လှမ်းလျင်မြန်စွာ လှမ်းလိုက်သော်ငြား သူလှုပ်ရှားလိုက်ချိန်တွင်ပင် ရွှမ်းလွမ်သည် အလင်းအလျင်နှင့် ရွေ့လျားလိုက်ပြီး သူ့အားဖြတ်ကျော်ကာ ပထမဆုံး ဝင်ရောက်သွားလေသည်။

နန်ထျန်းနှင့် ချူးနုသည်လည်း သူ့နောက်မှ နီးကပ်စွာ လိုက်ပါသွားချေသည်။ သူတို့အားလုံးသည် ကျောက်တုံးနံရံ ပျက်စီးသွားသည်နှင့် ဝင်ပေါက်သို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့ကြခြင်း ဖြစ်သည်။

စုမင် မျက်လုံးတို့ကိုဖွင့်ကာ တိတ်ဆိတ်စွာ ထရပ်လိုက်၏။ ထို့နောက် ဟန်တောင်တန်းဘိုးဘေး၏ သီးသန့်နယ်မြေသို့ ဦးတည်နေသည့် ဝင်ပေါက်အား ကြည့်လိုက်သည်။ မျက်နှာဖုံးအောက်ရှိ သူ့မျက်နှာထက်တွင်တော့ ရှုပ်ထွေးနေသည့်ခံစားချက် အမူအရာများ ရှိနေသည်။

သူ့အား မရပ်မနားခေါ်နေသည့် အသံတွင်တော့ ယခုအချိန်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေလေသည်။

‘ဟန်တောင်တန်း ဘိုးဘေးရဲ့အသံက ငါ အနီရောင်လမ်းကြောင်းကို လျှောက်ရင်း ပုံရိပ်ယောင်ထဲ ကျရောက်သွားတဲ့အချိန်က ကြားရတဲ့အသံနဲ့ လုံးဝကိုကွဲပြားနေတယ်။ သူတို့က လူတစ်ဦးတည်း မဟုတ်တာ သေချာတယ်’

စုမင် မျက်လုံးတို့ကို ပိတ်လိုက်ရင်း မရေရာမှုတို့က သူ့မျက်နှာတွင် ပေါ်လာခဲ့သည်။

‘ဆရာမော့စု’ တုန့်ဖန်းဟွာ အသံတိုးတိုးဖြင့် မေးသည်။ သူသည်လည်း မူလက ဝင်ရောက်လိုခဲ့သော်ငြား သူ့နံဘေးမှ စုမင် မလှုပ်ရှားသေးသည်ကို မြင်၍ တုံ့ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

“ငါ ခဏလောက် တွေးတောဖို့ လိုအပ်တယ်။ မင်းသွားချင်တယ်ဆိုရင် သွားပါ”

စုမင် အေးစက်စက် ပြောလိုက်သည်။

တုန့်ဖန်းဟွာသည် နှလုံးသားအတွင်း၌ ရုန်းကန်နေရပြီး ဝင်ပေါက်အား ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးများအတွင်း လိုလားတောင့်တမှုများ ပေါ်လာသည်။ သူသည် ပိုမိုသန်မာလာချင်ပြီး ယခု သူ့ရှေ့တွင် အခွင့်အရေးတစ်ခု ရှိနေခဲ့သည်။ အကယ်၍ သူသာ စွန့်လွှတ်လိုက် မိမည်ဆိုလျှင် စိတ်ကျေနပ်နိုင်မည် မဟုတ်ချေ။

ခဏကြာ စောင့်ဆိုင်းပြီးနောက် စုမင်သည် တိတ်ဆိတ်စွာ ရပ်နေဆဲဖြစ်သည်ကို မြင်လိုက်ရသောအခါ အံကြိတ်လိုက်ပြီးနောက် စုမင်ထံသို့ လက်သီးနှင့် လက်ဝါးထပ်လျက် အရိုအသေပေးလိုက်၏။ ထို့နောက် မျက်စိတစ်မှိတ် အတွင်းမှာပင် အတွင်းသို့ ဝင်ရောက်ပျောက်ကွယ် သွားတော့သည်။

ဥမင်လိုဏ်ခေါင်း အဆုံးတွင်တော့ စုမင်တစ်ဦးတည်းသာ ကျန်ရစ်ခဲ့လေသည်။ သူသည် တိတ်ဆိတ်စွာရပ်နေပြီး သူ့အား ဆင့်ခေါ်နေသည့် အသံသည်တော့ သူ့နားများနှင့် သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လျက်ရှိနေလေသည်။

ခဏအကြာတွင် စုမင် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။

“ငါ စွန့်စားသင့်လား။ မစွန့်စားသင့်ဘူးလား။ ဟန်တောင်တန်း ဘိုးဘေးက မသေဆုံးသေးဘူး။ ဒါပေမဲ့ သူငါ့ကို အခုလိုခေါ်တာက အရမ်းထူးဆန်းနေတယ်။ ပြီးတော့ အနီရောင် လမ်းကြောင်းပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကနေတစ်ဆင့် ငါပြောနိုင်တာက ငါသာဝင်သွားရင် မယုံနိုင်လောက်အောင် အန္တရာယ်များနိုင်တယ်”

စုမင် တီးတိုးရေရွတ်လိုက်သည်။

“ဒါပေမဲ့ ဒါက တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်နိုင်တယ် ... ငါ ဘယ်မှတ်ဉာဏ်တွေကို ပျောက်ဆုံးသွားခဲ့လဲဆိုတာ သိနိုင်ဖို့နဲ့ ... ငါ့ဆီမှာ ဘာတွေဖြစ်ပျက် ခဲ့တာလဲဆိုတာ အတိအကျသိနိုင်ဖို့ အတွက်…”

စုမင် ဥမင်လိုဏ်ခေါင်းအဆုံးတွင် ရှေ့နောက်လျှောက်လိုက်မိသည်။

“ငါတို့ဟာ ဟန်တောင်တန်းဘိုးဘေးရဲ့ ပညာရပ်ကို လေ့ကျင့်ရင် တစ်ချိန်မှာ ဝိညာဉ်ခန္ဓာကိုယ်တစ်ခု ဖန်တီးနိုင်လိမ့်မယ်လို့ ဟယ်ဖုန်းပြောခဲ့ဖူးတယ်။ အကယ်၍ ငါတို့သာ ဝိညာဉ်ခန္ဓာကိုယ် ဖန်တီးနိုင်ခဲ့ရင် ထူးဆန်းတဲ့ပညာရပ်တစ်ခုကို အသုံးပြုနိုင်လိမ့်မယ်တဲ့”

“သူကငါ့ကို ဒီပညာရပ်အကြောင်း နောက်ပိုင်းမှာ ပြောပြခဲ့ဖူးတယ်။ ဒါကို ပိုင်ဆိုင်ခြင်းလို့ ခေါ်ပြီးတော့ ... ဝိညာဉ်ခန္ဓာကိုယ် ပိုင်ဆိုင်သူတွေသာ ဒါကိုအသုံးချပြီး အခြားလူရဲ့ ခန္ဓာကိုယ်ကို သိမ်းယူနိုင်ကြတယ်။ ပိုင်ဆိုင်ခြင်း အချိန်အတွင်းမှာ သူတို့က သိမ်းယူထားတဲ့လူရဲ့ မှတ်ဉာဏ်တွေကိုလည်း ဖြတ်သန်းမြင်နိုင်ကြတယ်…”

“တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကို လေ့ကျင့်ခဲ့ဖူးမှသာ လူတစ်ယောက်က ဝိညာဉ်ခန္ဓာကိုယ်ကို ဖန်တီးနိုင်တယ်။ ဒီလိုလုပ်နိုင်တာ ဟယ်ဖုန်းအပြင် ဟန်တောင်တန်း ဘိုးဘေးတစ်ဦးပဲ ရှိတယ်”

စုမင်သည် သူ့ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး စိတ်ပိုင်းဖြတ်ပြီး ဟန်အမူအရာက သူ့မျက်နှာတွင် ပေါ်ပေါက်လာခဲ့သည်။

‘ငါစွန့်စားလို့တော့ ရတယ်။ ဒါပေမဲ့ ငါ့ကိုယ်ငါ အန္တရာယ်ထဲတော့ တွန်းပို့မှာမဟုတ်ဘူး။ ငါစွန့်စားခဲ့ရင် ငါ့ကိုယ်ငါ လုံးဝကာကွယ်နိုင်မယ်လို့ မပြောနိုင်ပေမဲ့ အန္တာရယ်ကို ရှောင်ရှားဖို့ အတော်အတန်တော့ ယုံကြည်မှုရှိပါတယ်။ ငါ့ရဲ့ မှတ်ဉာဏ်တွေက အရေးကြီးရင် ကြီးလိမ့်မယ်။ ဒါပေမဲ့ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားတယ် ဆိုတာက ငါ့ခန့်မှန်းချက် သက်သက်ပဲလေ။ ငါ့ခန့်မှန်းချက်က မှန်နေမယ်ဆိုရင်တော့ အဆင်ပြေပါရဲ့ ... ဒါပေမဲ့ ငါ့ဘာသာ ဒီအရာတွေအပေါ် အတွေးလွန်နေခဲ့တာ ဆိုရင်တော့ ဒါက ... ငါ့အသက်ကို ဆုံးရှုံးသွားရ လောက်တဲ့အထိ မထိုက်တန်ဘူး’

‘သူနဲ့ ငါ့ကြားက ဖြစ်နိုင်တဲ့ ဆက်နွှယ်မှုတွေကို ဘေးဖယ်ထား လိုက်မယ်ဆိုရင် ဟန်တောင်တန်းဘိုးဘေး ငါ့ကို အရေးတကြီး ခေါ်နေတာက ဒီနေရာရဲ့ စည်းတံဆိပ် ကျိုးပျက်သွားတာနဲ့ သက်ဆိုင်လိမ့်မယ်။ ပြီးတော့ သူက ငါ့ကို သတ်ဖို့သက်သက်ပဲ ခေါ်နေတာလို့တော့ မထင်ဘူး’

‘ငါနားမလည်နိုင်တဲ့ အကြောင်းပြချက်တွေအပြင် သူဒီလိုလုပ်နေရတာရဲ့ တစ်ခုတည်းသော ဖြစ်နိုင်ချေက ဟယ်ဖုန်းပြောခဲ့ဖူးတဲ့ ပိုင်ဆိုင်ခြင်း ပညာရပ်ကြောင့်လည်း ဖြစ်နိုင်တယ်’

‘အကြီးအကဲ ငါ့ကို သင်ပေးခဲ့ဖူးတာက ငါ အချို့အရာတွေကို နားမလည်နိုင်တဲ့ အခါကျရင် အခြားသူတစ်ဦးရဲ့ အကြံအစည်တွေကို ခန့်မှန်းဖို့ ငါ့ကိုယ်ငါသူ့နေရာမှာ ဝင်ရောက်နေရာယူ စဉ်းစားကြည့်ဖို့ လိုအပ်တယ်တဲ့’

‘အကယ်၍ ငါသာ ဟန်တောင်တန်း ဘိုးဘေးနေရာမှာဆိုရင် ငါဒီနေရာကနေ နှစ်ပေါင်းများစွာ မထွက်နိုင်ခဲ့ပဲ မျိုးနွယ်စု၃ခု ပုန်ကန်တာကိုလည်း စောင့်ကြည့်နေရုံကလွဲလို့ ဘာမှမလုပ်နိုင်ခဲ့ဘူးဆိုရင် ... သူက ဒဏ်ရာရနေတာ ဖြစ်ရမယ်။ ပြီးတော့ ဒဏ်ရာ အသေးအမွှား မဖြစ်နိုင်ဘူး ... အခု အရောင်စုံရေကန် မျိုးနွယ်စုက စည်းတံဆိပ်ကို ချိုးဖျက်လိုက်ပြီးတော့ အေးခဲကောင်းကင် ကလန်ကလည်း သူတို့ကို ကူညီနေသေးတယ်ဆိုရင် ဒီတစ်ခေါက် စစ်ဆင်ရေးမှာ အေးခဲကောင်းကင် ကလန်ကလူတွေလည်း ပါနေလိမ့်မယ်’

‘ဟန်တောင်တန်းဘိုးဘေးက သေရတော့မယ် ထင်တယ်’

‘သူငါ့ကို ဘာလို့ခေါ်နေတာလဲ ဆိုတာရဲ့ အများဆုံး ဖြစ်နိုင်ချေကတော့ ဟယ်ဖုန်းပြောခဲ့တဲ့ ပိုင်ဆိုင်ခြင်းပညာရပ်ကြောင့် ဖြစ်လိမ့်မယ်။ သူက အသတ်ခံရတာကို ရှောင်ကြဉ်နိုင်ဖို့အတွက် ငါ့ခန္ဓာကိုယ်ကို အပိုင်စီးချင်နေခဲ့တာပဲ ... ငါ့ကို ရွေးချယ်လိုက်ရတဲ့ အကြောင်းရင်းကတော့ ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောလမ်းကြောင်းကြောင့် ဖြစ်နိုင်တယ် ... ဒါမှမဟုတ် ကျောက်စိမ်း ဓားမြှောင်ငယ်လေးနဲ့ အနီရောင် မြက်ခင်းပြင်လိုမျိုး အခြားပစ္စည်းတွေက ငါ့ကို ရွေးချယ်လိုက်တာကြောင့်များ ဖြစ်နေမလား’

‘သူက ငါ့ကို ဒီနေရာဆီ ခြေတစ်လှမ်းပြီး တစ်လှမ်း ဆွဲခေါ်ခဲ့တာပဲ…’

အေးစက်သည့်အကြည့်က စုမင်မျက်လုံးများအတွင်း ဖြစ်ပေါ်လာသည်။

‘သူက ကြာကြာ နေရတော့မှာမဟုတ်ဘူး။ အရောင်စုံရေကန် မျိုးနွယ်စုကသာ စည်းတံဆိပ်ကို ချိုးဖျက်ရဲတယ်ဆိုရင် သူတို့မှာ သူ့ကိုသတ်ဖို့ ယုံကြည်ချက်အပြည့် ရှိတယ်ဆိုတဲ့သဘောပဲ ... ငါ့အတွက် အလုံခြုံဆုံး နည်းလမ်းကတော့ အထဲကိုမဝင်ပဲ ဒီနေရာမှာစောင့်နေဖို့ပဲ။ သိပ်မကြာခင်မှာပဲ ဟန်တောင်တန်းဘိုးဘေးက သေလိမ့်မယ်’

‘ဒါက လုံခြုံတဲ့ နည်းလမ်းပဲ။ ဒါပေမဲ့ ငါသာ ဒီလိုလုပ်လိုက်မယ်ဆိုရင် ဟန်တောင်တန်းဘိုးဘေးရဲ့ လေ့ကျင့်ရေးနည်းလမ်းကို ရမှာမဟုတ်တော့ဘူး။ ပြီးတော့ ငါလိုချင်တဲ့အဖြေကို ရနိုင်မှာမဟုတ်တော့ဘူး။ ငါ မှတ်ဉာဏ် ဘယ်လောက်များများ ဆုံးရှုံးနေခဲ့တာလဲ ဆိုတာကိုလည်း မသိနိုင်တော့ဘူး…’

အေးစက်စက်အပြုံးသည် စုမင်နှုတ်ခမ်းထောင့်တွင် ဖြစ်ပေါ်လာသည်။ ထို့နောက် သူ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ညာဘက်လက်ကို မြှောက်လျက် ရင်ဘတ်အားထိလိုက်၏။ သူ့ခန္ဓာကိုယ်အတွင်းရှိ ချီများသည် လှုပ်ရှားသွားပြီး လှိုင်းလုံးကြီးသဖွယ် ဖြစ်ပေါ်သွားသည်။

သူ့ရင်ဘတ်အား ထိလိုက်ချိန်မှာပင် မှိန်ဖျော့ဖျော့ အလုံးတစ်ခုသည် သူ့ရင်ဘတ်မှ ဖိအားပေးခံရပြီး ထွက်ပေါ်လာချေသည်။ မှိန်ဖျော့ဖျော့ အလင်းထဲတွင်တော့ ဟယ်ဖုန်း၏ဝိညာဉ် ခန္ဓာကိုယ်ဖြစ်သည်။ သူသည် နက်ရှိုင်းစွာ အိပ်မောကျနေသကဲ့သို့ မျက်လုံးတို့ စေ့ပိတ်ထားလျက် ရှိနေလေသည်။

စုမင် ဟယ်ဖုန်း၏ ဝိညာဉ် ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီးနောက် ညာလက်အားမြှောက်လျက် ၎င်းအားထိလိုက်သည်။ လှိုင်းဂယက်လေးများ ထွက်ပေါ်လာပြီးနောက်  ပုံရိပ်သေးသေးလေးဆီသို့ တိုးဝင်သွားကြလေသည်။

တုန်ခါမှုတစ်ခုသည် ခန္ဓာကိုယ်တစ်ခုလုံး ဖြတ်ပြေးသွားပြီးနောက် သူသည် မျက်လုံးတို့ ဖြည်းညင်းစွာ ပွင့်လာချေသည်။

“သ…”

မကြာသေးမီက နိုးထလာခဲ့သည့် ဟယ်ဖုန်း၏ မျက်လုံးတို့သည် မိန်းမောတွေဝေမှုတို့ ရှိနေသည်။ သူ့ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်မိပြီး အထူးသဖြင့် ဥမင်အဆုံးရှိ ဝင်ပေါက်အား မြက်လိုက်ချိန်တွင်တော့ သူ့ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် တုန်ခါသွားမိတော့သည်။

“ဒါ ... ဒါက…”

“ဟယ်ဖုန်း” စုမင် ဖြည်းညင်းစွာ ပြောလိုက်သည်။ သူ့အသံသည် တိုးညင်း၍ လေးနက်နေပြီး ၎င်းအသံ နောက်ကွယ်တွင်တော့ ခြိမ်းခြောက်မှု အင်အားတစ်ခု ရှိနေချေသည်။

“မင်း ငါ့အတွက် တစ်ခု လုပ်ပေးဖို့လိုတယ်”

သူ ပုံရိပ်သေးသေးလေးအား ကြည့်ရင်း လေးနက်စွာပြောလိုက်သည်။

“သခင်၊ ကျေးဇူးပြုပြီး ပြောပါ။ ငါလုပ်နိုင်တဲ့အရာဆိုရင် မငြင်းပယ်ဝံ့ပါဘူး”

ဟယ်ဖုန်း သူ့စိတ်အား အခြေအနေနှင့်အညီ လျင်မြန်စွာ ထိန်းညှိလိုက်ပြီး သတိထားလျက် ပြောလိုက်သည်။ သူ့နှလုံးသားအတွင်းတွင်တော့ စိုးရိမ်ပူပန်မှုအနည်းငယ် ရှိနေလေသည်။ စုမင် ဘာလုပ်လိုသည်ကို သူမသိချေ။ အထူးသဖြင့်တော့ ဤနေရာတွင် ယခုကဲ့သို့ အင်အားသုံး၍ အနှိုးခံလိုက်ရသည့် အချိန်တွင် ဖြစ်သည်။

***

All Chapters