အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
အခန်း ၁၂၃ ကျွန်တော် အရမ်းကို တိုးတက်ချင်နေတာပါ
"ဒါက ခင်ဗျားအတွက်ပါ"
ချင်ချန်က မြွေရေခွံအိတ်ကို ညွှန်ပြလိုက်လေ၏။
"စိတ်မပူပါနဲ့၊ ကျွန်တော် ဘာကိုမှ မကောင်းအောင်လုပ်ထားတာလုံးဝမရှိပါဘူး။ ခင်ဗျားကို သူငယ်ချင်းအဖြစ် Add ချင်ရုံသက်သက်ပါ။ ဘယ်လိုထင်လဲ"
ကျီးကန်းနတ်ဆိုးက ကောင်းကင်ယံမှ ဆင်းသက်လာကာ မြွေရေခွံအိတ်ကို ဆွဲယူပြီး ရဲချီယန်၏ ရှေ့တွင် ချထားလိုက်ပေသည်။
【မြွေဟောက်၏ ဝင်ဆံ့မှု ကြီးမားသော ဖိသိပ်ထားသည့် မြွေရေခွံအိတ် (အဆင့် ၃)】
【မည်သည့် ပစ္စည်းအမျိုးအစားကိုမဆို ကီလိုဂရမ် ၁၀၀၀ အထိ သိုလှောင်နိုင်သည်။ ကိုင်ဆောင်ထားချိန်တွင် ပစ္စည်း၏ အလေးချိန်ကို မူလအလေးချိန်၏ ဆယ်ပုံတစ်ပုံအထိ လျှော့ချပေးမည် ဖြစ်သည်】
အိတ်ကို ဖွင့်လိုက်ရာ အတွင်း၌ ဆယ်ဆခန့် သေးငယ်သွားသော အမျိုးအစားစုံလင်လှသည့် သယံဇာတများ ပါဝင်နေလေ၏။
သို့သော် ထိုအရာများကြားတွင် တမင်တကာ မြင်သာစေရန် အပေါ်ဆုံး၌ တင်ထားပုံရသော တောက်ပနေသည့် မှောင်မိုက်သော ရွှေရောင် ပစ္စည်းအစုအဝေးလေး တစ်ခုက ရဲချီယန်၏ အာရုံကို ဆွဲဆောင်သွားပေသည်။
ဟင်...
သူက လက်လှမ်း၍ ယူလိုက်ရာ မြွေရေခွံအိတ်ထဲမှ ထွက်လာသည်နှင့် ၎င်းတို့မှာ မူလ အရွယ်အစားသို့ တဖြည်းဖြည်း ပြန်လည် ရောက်ရှိသွားလေ၏။
မြွေရေခွံအိတ်ထဲရှိ အခြားပစ္စည်းများမှာ သိပ်အရေးမကြီးလှချေ။ အစားအစာများနှင့် အခြေခံ သယံဇာတများအပြင် အများစုမှာ အဆင့်နိမ့် လက်နက်များနှင့် စက်ကိရိယာများသာ ဖြစ်ကြသည်။
ထို့ပြင် ရဲချီယန် ထုတ်ယူလိုက်သောအရာမှာ ရထားဒင်္ဂါး အပြား ၂၀ ပင် ဖြစ်လေ၏။
ဒါတွေက နောက်မှ ထည့်ထားတာလား။ လာဘ်ထိုးတာလား။
ဆော်လမွန် မြို့တော်ရဲ့ စစ်ကြောရေးခုံရုံး အဖွဲ့ဝင် အဆင့်အတန်းက တကယ်ပဲ ဒီလို အကျိုးအမြတ်တွေ ရှိနေတာလား။
သူသာ သူ့ရဲ့ အင်ပါယာအမိန့်တော် အဖွဲ့အစည်း အဖွဲ့ဝင် အဆင့်အတန်းကိုပါ သုံးပြီး သူ့ကို ခြောက်လှန့်လိုက်မယ်ဆိုရင်ရော...
သူ၏ခေါင်းထဲမှ ဆိုးယုတ်သော အတွေးများကို ဖယ်ရှားပစ်လိုက်လေ၏။
ရဲချီယန်က ဖျော့တော့သော အပြုံးတစ်ခုဖြင့် လေထဲတွင် အကြိမ်အနည်းငယ်မျှ လက်လှုပ်ရှားလိုက်ပေသည်။
"ခင်ဗျားရဲ့ ရထားပေါ် ပြန်သွားတော့၊ သူငယ်ချင်း ဖိတ်ခေါ်ချက် ပို့ပြီးသွားပြီ"
သူငယ်ချင်း တစ်ယောက်ဖြစ်ဖို့အတွက် ရထားဒင်္ဂါး ၂၀ တောင် ပေးထားတယ်ဆိုတော့ သူ သေချာပေါက် လက်ခံပေးရမှာပေါ့။
ချင်ချန်က ရဲချီယန်၏ လက်ထဲရှိ ရထားဒင်္ဂါး အပြား ၂၀ ကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် နာကျင်မှုအရိပ်အယောင်လေး ဖြတ်ပြေးသွားသော်လည်း ဝမ်းသာပျော်ရွှင်မှုက ပိုမို လွှမ်းမိုးနေခဲ့လေ၏။
"အို... ကျေးဇူးတင်ပါတယ် အစ်ကိုကြီး၊ ဟားဟား၊ စိတ်မပူပါနဲ့၊ ကျွန်တော် ခင်ဗျားကို အမြဲတမ်း လာမနှောင့်ယှက်ပါဘူး။ ကျွန်တော်တို့ရဲ့ အဖွဲ့က ဆော်လမွန် မြို့တော်မှာ အခြေချချင်လို့ပါ။ အာ... ဒါပေါ့၊ အခြေချစရိတ် ဒါမှမဟုတ် တခြားစရိတ်တွေအတွက် ခင်ဗျားရဲ့ဝေစုကို လုံးဝ လျော့မသွားစေရပါဘူး"
ပိုက်ဆံ ပိုရှာလို့ ရသေးတယ်ပေါ့လေ။
ရဲချီယန်က ချင်ချန်အား ကြည့်သော အကြည့်မှာ သာမန် ရထားမောင်းနှင်သူ တစ်ယောက်ကို ကြည့်သည့်အကြည့်မျိုး မဟုတ်တော့ဘဲ ရထားဒင်္ဂါးများ သီးပွင့်နေသော ငွေပင်ရွှေပင်ကြီး တစ်ပင်ကို ကြည့်နေသည့်အလား ဖြစ်နေချေပြီ။
အဖွဲ့တစ်ခုက ပြောင်းရွှေ့ချင်တယ်ဆိုတော့ သူတို့ရဲ့ မူလမြို့တော်မှာ ဆက်နေလို့မရတဲ့ ကိစ္စတစ်ခုခု ဖြစ်သွားလို့ နေရာပြောင်းချင်တာ ဖြစ်ဖို့များတယ်။
သို့သော် ယင်းက ရဲချီယန်နှင့် မည်သို့မျှ မသက်ဆိုင်ချေ။ ချင်ချန်၏ နောက်ကွယ်ရှိ အဖွဲ့က လူသတ် မီးရှို့နေသည်ဖြစ်စေ၊ သူ့ကို မထိခိုက်သရွေ့ ရထားဒင်္ဂါးများကို လွှဲပြောင်းပေးနိုင်ပါက ကျန်သည့်ကိစ္စများမှာ အဆင်ပြေလှပေသည်။
"ငါက မကြာခင်အချိန်အတွင်း ဆော်လမွန် မြို့တော်ကို ပြန်သွားဖို့ အစီအစဉ် မရှိသေးဘူး၊ ခင်ဗျားတို့ အရမ်း လောနေလို့လား"
"မလောပါဘူး၊ မလောပါဘူး၊ ဒီလအတွင်း အဲ့ဒီကို ပြောင်းလို့ရရင် အဆင်ပြေပါတယ်။ ဟေး... သေချာတာပေါ့လေ၊ စောစောပြောင်းလို့ရရင်တော့ ပိုကောင်းတာပေါ့၊ ဖြစ်နိုင်ရင် လဝက်အတွင်းပေါ့လေ။ အဓိကကတော့ ကျွန်တော်တို့က ဆော်လမွန် မြို့တော်ကို စောစော ဝင်ရောက်ပြီး မြို့ကြီးတစ်မြို့ရဲ့ လွှမ်းမိုးမှုကို ခံစားချင်လို့ပါ။ ကျွန်တော်တို့ အဖွဲ့ဝင်တွေ အားလုံးက တိုးတက်ဖို့အတွက် အရမ်းကို ဆန္ဒပြင်းပြနေကြလို့ပါ"
လဝက်၊ ဆယ့်ငါးရက်၊ ဘူတာဆယ့်ငါးခု။
ဒီအချိန်အတွင်း ပိုက်ဆံနည်းနည်းရှာပြီး အနားယူဖို့ ဆော်လမွန် မြို့တော်ကို သွားရတာ ပြဿနာ မရှိပါဘူးလေ။
ရဲချီယန်က ခေါင်းကိုခပ်သာသာလေး ညိတ်လိုက်လေ၏။
သူက မြွေရေခွံအိတ်ကို ပိတ်လိုက်ပြီး ကျီးကန်းနတ်ဆိုး ကို သယ်ဆောင်ကာ ယူသွားရန် ပြင်ဆင်လိုက်ပေသည်။
"အာ... ဟိုလေ..."
"နောက်ထပ် ဘာရှိသေးလို့လဲ"
ရဲချီယန်က ချင်ချန်ကို နောက်ပြောင်သည့်ဟန်ဖြင့် ကြည့်လိုက်လေ၏။ တစ်ဖက်လူက အိတ်ကို ပြန်လိုချင်နေမှန်း သူ ကောင်းစွာ သိရှိထားပေသည်။
"ဘာမှ မရှိပါဘူး ဟား... ကဲပါ အစ်ကိုကြီး၊ ကျွန်တော် သယံဇာတတွေ ဆက်ပြီး စုဆောင်းလိုက်ပါဦးမယ်။ ခင်ဗျား အလုပ် ခင်ဗျား ဆက်လုပ်ပါ"
ချင်ချန်က အတင်းအကျပ် ပြုံးပြကာ မြွေရေခွံအိတ်ကို နောက်ဆုံးအနေဖြင့် နှမြောတသစွာ လှမ်းကြည့်လိုက်ပြီးနောက် သူ၏ အဖွဲ့ ရင်ဆိုင်နေရသော လက်ရှိ အခက်အခဲကို တွေးတောကာ သွားကြိတ်လျက် လှည့်ထွက်သွားလေတော့သည်။
"သူက တော်တော်လေး သဘောထားကြီးတာပဲ"
နေရာလွတ် ပစ္စည်းများမှာ ဤကမ္ဘာကြီးတွင် အလွန်တရာ အဖိုးတန်လှပေသည်။
ကျောက်လင်ပင်လျှင် ယနေ့တိုင် ဤကဲ့သို့သော အရာမျိုးကို မရရှိသေးချေ။
ရထားမောင်းနှင်သူ အများစုမှာ သယံဇာတများကို သိုလှောင်ရန်အတွက် ရထားတွဲများ ပိုမို တည်ဆောက်ရန်သာ ရွေးချယ်လေ့ရှိကြလေ၏။
သို့သော် ယင်းက ရထားကို လေးလံသွားစေနိုင်သည်။ လွင်တီးခေါင်ပြင်တွင် ခရီးနှင်နေချိန်တွင် တောရိုင်း မကောင်းဆိုးဝါးများက ရထားထက် နှေးကွေးသဖြင့် ရှေ့ပိုင်း ရထားတွဲများကို မီအောင် မလိုက်နိုင်လျှင်တောင် နောက်ပိုင်း ရထားတွဲများကို ဖမ်းဆွဲကာ ရထားပေါ်သို့ တက်ရောက်လာနိုင်ချေ အလွန်မြင့်မားလှပေသည်။
ထို့ကြောင့် ရထားအရှည် ဆယ့်နှစ်တွဲခန့်က အသင့်တော်ဆုံး ဖြစ်ပြီး ထိုထက်ပိုများနေပါက အများအားဖြင့် အဓိပ္ပာယ်မရှိလှချေ။
"နည်းနည်းတော့ ရုပ်ဆိုးပေမဲ့ မဆိုးပါဘူးလေ။ ဝင်ဆံ့မှု ပမာဏ ကီလိုဂရမ် တစ်ထောင်ဆိုတာ... အဲ့ဒီလောက်ကြီးလည်း မများပါဘူး။ ဟင်း... ပြန်ရောက်ရင် ဒါကို အဆင့်မြင့် အသွင်ကူးပြောင်းခြင်း လုပ်လိုက်ဦးမယ်"
စားသောက်နေဆဲဖြစ်သော ကျီးကန်းနတ်ဆိုးကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး သူ၏ ပခုံးပေါ်တွင် နားနေသော ကျီးကန်းကို ကြည့်ကာ ရဲချီယန်က လက်လှမ်း၍ ၎င်း၏ ပိုမိုနူးညံ့လာသော အမွေးများကို ပွတ်သပ်လိုက်လေ၏။
"မင်းက အရင်ကထက် တော်တော်လေး ကြီးလာသလိုပဲနော်"
ကျီးကန်းနတ်ဆိုး က ၎င်း၏ ခေါင်းကို စောင်းလိုက်ကာ ချစ်ခင်မြတ်နိုးစွာဖြင့် ၎င်း၏ နှုတ်သီးကို ရဲချီယန်၏ ပါးပြင်နှင့် ပွတ်သပ်ရန် ကြိုးစားလိုက်သော်လည်း သူက ရွံရှာစွာဖြင့် လက်ဖြင့် ကာထားလိုက်ပေသည်။
"သွားစမ်း သွားစမ်း၊ မင်း အခုလေးတင် အသားစိမ်းတွေ စားထားတာကို ငါ့လာပွတ်သပ်ချင်နေသေးတယ်။ သွေးတွေတောင် မခြောက်သေးဘူး။ သွားကြစို့၊ သွားကြစို့။ ဒီမှတ်တိုင်က တကယ်ကို ရိုးရှင်းလွန်းပါတယ်"
မြို့ထဲတွင် ဂေါ်ဘလင်များစွာ ကျန်ရှိနေသေးလေ၏။
သို့သော် ဂေါ်ဘလင်သူရဲကောင်း နှင့် တပ်မှူးကြီး နှစ်ကောင်လုံး သေဆုံးသွားပြီးနောက် ဤသတ္တိကြောင်သော ကောင်များမှာ တိုက်ခိုက်လိုစိတ်များ ပျောက်ကွယ်သွားကာ မြို့အပြင်ဘက်သို့ ထွက်ပြေးသွားကြချေပြီ။
ရဲချီယန်ကလည်း ၎င်းတို့ကို ဆက်လက် လိုက်လံသတ်ဖြတ်ရန် စိတ်ဝင်စားမှု မရှိတော့ချေ။
ဒီကောင်တွေအတွက် ရထားဒင်္ဂါး တွေကို ဖြုန်းတီးရတာ လုံးဝကို မတန်ပါဘူးလေ။
ကျီးကန်းနတ်ဆိုး က ရထားဘေးတွင် သန့်ရှင်းသော နေရာတစ်ခုကို ရှင်းလင်းပေးလိုက်လေ၏။
ရဲချီယန်က ကုလားထိုင်တစ်လုံးကို ယူလာပြီး ထိုနေရာတွင် ထိုင်လိုက်သည်။ မြွေရေခွံအိတ်ထဲမှ ပစ္စည်းများကို သိုလှောင်ခန်းထဲသို့ ပစ်ထည့်ပြီးနောက် သူက အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ကို စတင်လိုက်ပေသည်။
【ကိုယ်ခံစွမ်းအား : ၁၄၀ → ၁၂၀】
【မြွေဟောက်၏ ဝင်ဆံ့မှု ကြီးမားသော ဖိသိပ်ထားသည့် မြွေရေခွံအိတ် (အဆင့် ၃) → အဆင့်မြင့် သိုလှောင်ရေး မြွေရေခွံအိတ် (အဆင့် ၅)】
【အဆင့်မြင့် သိုလှောင်ရေး မြွေရေခွံအိတ် (အဆင့် ၅)】
【မည်သည့် ပစ္စည်းအမျိုးအစားကိုမဆို ကီလိုဂရမ် ၃၀၀၀ အထိ သိုလှောင်နိုင်သည်】
သိုလှောင်နိုင်စွမ်းက တစ်ထောင်မှ သုံးထောင်သို့ တိုးလာကာ အိတ်၏ အရွယ်အစား ကြီးထွားလာပြီး အတွင်းရှိ ပစ္စည်းများ၏ အလေးချိန်ကို ဆယ်ပုံတစ်ပုံအထိ လျှော့ချပေးသည့် ဆိုးကျိုးကလည်း ပျောက်ကွယ်သွားလေ၏။
ဤပစ္စည်းက တော်တော်လေး ကောင်းမွန်သော်ငြားလည်း သူ၏ သိုလှောင်ခန်းနှင့် ယှဉ်လျှင် အများကြီး နိမ့်ကျနေသေးပေသည်။
ပထမအချက်အနေဖြင့် အတွင်း၌ ထည့်ထားသော ပစ္စည်းများတွင် အချိန်ရပ်တန့်မှု လုပ်ဆောင်ချက် မရှိသလို ပစ္စည်းများအားလုံးက တစ်နေရာတည်းတွင် စုပုံနေသဖြင့် အနည်းငယ် လှုပ်ခါလိုက်သည်နှင့် အလွယ်တကူ ရှုပ်ပွသွားနိုင်လေ၏။ လိုအပ်သော ပစ္စည်းတစ်ခုကို ရှာဖွေရန်အတွက် အိတ်ကိုဖွင့်၍ မွှေနှောက်ရှာဖွေရမည်ဖြစ်ပြီး အနည်းငယ် ကျိုးပဲ့လွယ်သော ပစ္စည်းများမှာ တိုက်မိခိုက်မိမှုများကြောင့် အလွယ်တကူ ပျက်စီးသွားနိုင်ပေသည်။
ထို့ကြောင့် ဤမြွေရေခွံအိတ်ကို အထူး သိုလှောင်ခန်းထဲသို့ ပစ်ထည့်ကာ ထပ်ဆင့် သိုလှောင်မှု ပြုလုပ်ရန် အကြံအစည်မှာ တိုက်ရိုက်ပင် အဆုံးသတ်သွားလေတော့သည်။
ဤအရာက ပစ္စည်းများကို သယ်ဆောင်ရန်အတွက်သာ သင့်လျော်ပေသည်။
"မဆိုးပါဘူး။ ဟေး... မင်း နောက်ဆိုရင် ပစ္စည်းတွေ သယ်ဖို့ သုံးစရာ ကိရိယာတစ်ခု ရပြီပေါ့"
ရဲချီယန်က အနီးအနားရှိ သယံဇာတများကို တိတ်တဆိတ် စုဆောင်းနေသော ကျီးကန်းနတ်ဆိုး ထံသို့ မြွေရေခွံအိတ်ကို ဝှေ့ယမ်းပြလိုက်ကာ ၎င်း၏ ခြေသည်းများထဲသို့ ပစ်ပေးလိုက်လေ၏။
"သစ်သား၊ သတ္တု၊ စက်ပစ္စည်း အစိတ်အပိုင်းတွေ၊ အားလုံးကို ဒီထဲထည့်ပါ။ ဒါပေမဲ့ တစ်ခုချင်းစီ သေချာ စုဆောင်းနော်၊ ရောမပစ်နဲ့"
ကျီးကန်းနတ်ဆိုး တွင် ဉာဏ်ရည် မရှိချေ။ မြွေရေခွံအိတ်ကို ရရှိပြီးနောက် ၎င်းက ကြိုးစားပမ်းစားသာ အလုပ်လုပ်နေလေတော့သည်။
ဤပစ္စည်း ရှိနေသဖြင့် သူ၏ အလုပ်လုပ်နိုင်စွမ်းမှာ အမှန်တကယ်ပင် သိသိသာသာ တိုးတက်လာခဲ့ချေပြီ။
"ဪ ဟုတ်သားပဲ၊ ရထား က မူလနေရာမှာ မဟုတ်တော့ဘူးဆိုတော့ ဝေါလီ မျက်စိလည်လမ်းမှား ဖြစ်နေမလား မသိဘူး"
ရဲချီယန်က ဤပြဿနာကို ရုတ်တရက် တွေးမိသွားကာ သူ၏ ပခုံးပေါ်တွင် တွယ်ကပ်နေသော ကျီးကန်းနတ်ဆိုး ကို ဖမ်းဆွဲလိုက်လေ၏။
"သွား၊ အဲ့ဒီ စခန်းကို ပြန်သွားပြီး ဝေါလီ ကို ပြန်ခေါ်ခဲ့။ လောဘမကြီးနဲ့နော်"
ကျီးကန်းနတ်ဆိုး က နှစ်ကြိမ်ခန့် အော်ဟစ်လိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားကာ စခန်းဆီသို့ လျင်မြန်စွာ ပြန်သွားလေတော့သည်။
အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ မင်းသမီး ဝမ်နီ ကလည်း သူမ၏ စစ်တပ်နှင့်အတူ ရဲချီယန်၏ ရထား ရှင်းလင်းပေးခဲ့သော လမ်းကြောင်းအတိုင်း ဤနေရာသို့ ရောက်ရှိလာခဲ့လေ၏။
မြေပြင်ပေါ်ရှိ ခေါင်းပြတ်နေသော ဂေါ်ဘလင် အလောင်းနှစ်လောင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လက်သွားကာ ရထား အပြင်ဘက်တွင် ဗိုက်စင်သီးများကို အေးဆေးစွာ စားသောက်နေသော ရဲချီယန်ကို လှမ်းကြည့်လိုက်ပေသည်။
"အရမ်း အစွမ်းထက်တာပဲ။ ဒီလို စွန့်စားသူမျိုးကို ငါသာ အသုံးပြုနိုင်မယ်ဆိုရင်..."
သူမ၏ ရင်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ပေါ်ပေါက်လာလေ၏။
"ငါသာ သူ့ကို ထိန်းချုပ်နိုင်မယ်ဆိုရင်..."
အခန်း ၁၂၄ တရားဥပဒေနှင့်အညီ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခြင်း
ဝမ်နီသည် ငယ်စဉ်ကတည်းကပင် လူတို့၏ စိတ်နှလုံးကို လှည့်စားနိုင်စွမ်းရှိခဲ့လေ၏။ သူမသည် မိမိ၏ ဤပါရမီကို ကောင်းစွာ သိရှိထားပေသည်။ အင်ပါယာ၏ မင်းသမီးတစ်ပါးအနေဖြင့် သူမ၏ လက်အောက်ငယ်သားများမှာ ဦးနှောက်ဆေးခြင်း ခံထားရကာ သူမ၏ အလုံးစုံ ထိန်းချုပ်မှုအောက်တွင် ရှိနေကြလေတော့သည်။
သူမသည် အင်ပါယာ၏ ဧကရီဖြစ်လာရန် ရည်မှန်းချက်ကြီးမားသော်လည်း လက်ရှိ ဧကရာဇ်က ထိုမှော်ဒင်္ဂါးပြားများကို အသုံးပြုကာ စွန့်စားသူများထံမှ သူမ၏ ဦးနှောက်ဆေးနိုင်စွမ်းကို ဟန့်တားနိုင်သည့် ရတနာများကို ရယူထားခဲ့လေ၏။ ထို့ကြောင့် သူမသည် အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ပြီး ဂေါ်ဘလင်စစ်တပ်ကို အနိုင်ယူကာ ဂုဏ်သတင်းကျော်စောမှုများ စုဆောင်းရန်အတွက် ဤရှေ့တန်းစစ်မျက်နှာသို့ လာခဲ့ခြင်းပင် ဖြစ်ပေသည်။
ခံတပ်ကြီး ကျဆုံးသွားချိန်တွင် ထိုမှော်ဒင်္ဂါးပြားများမှတစ်ဆင့် စွန့်စားသူများကို ဆင့်ခေါ်နိုင်ခဲ့ရာ သူမသည် အစကတည်းက ဤကဲ့သို့သော အကြံအစည်များကို ရင်ထဲတွင် သိမ်းဆည်းထားခဲ့လေ၏။ ထိုသက်ကြီးပိုင်း စွန့်စားသူမှာ သူမ၏ လွှမ်းမိုးမှုကို သိသိသာသာ ခံနေရပြီဖြစ်ရာ သူမ၏ စွမ်းအားက ဤစွန့်စားသူများအပေါ် သေချာပေါက် သက်ရောက်မှုရှိကြောင်း သက်သေပြနေပေသည်။ သူမအနေဖြင့် အနည်းငယ်မျှ ပို၍ ကြိုးစားလိုက်ရုံသာ လိုအပ်ပေတော့မည်။
ဤအတွေးဖြင့် မင်းသမီး ဝမ်နီသည် ရဲချီယန်ထံသို့ လျှောက်လှမ်းလာကာ အပြုံးဖြင့် နှုတ်ဆက်လိုက်လေ၏။
"မင်္ဂလာပါ အစွမ်းထက်တဲ့ စွန့်စားသူကြီး။ ရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ရှင်က အင်ပါယာအတွက်..."
ရဲချီယန်က ငါးသေမျက်လုံးများကဲ့သို့ အသက်မဲ့စွာဖြင့် သူမကို စိုက်ကြည့်နေပေသည်။ သူ၏ရှေ့တွင် ရှိနေသော မင်းသမီးမှာ အနည်းငယ် အသက်ကြီးနေသည့်အပြင် အထူးတလည် လှပနေခြင်းလည်း မရှိချေ။
【စိတ်စွမ်းအား - ၇၂ (အမှန်တရားနှင့် အတုအယောင်ကို မျက်မြင်ကိုယ်တွေ့ မြင်နိုင်စွမ်း)】
【ဦးနှောက်ဆေးခြင်း-စိတ်စွမ်းအား ကွာဟချက် ကြီးမားလွန်းလှသဖြင့် ဤဆိုးကျိုးမှာ ပျက်ပြယ်သွားပြီ ဖြစ်သည်】
ဒီအမျိုးသမီးက ဘာလုပ်ချင်နေတာလဲ။ ဦးနှောက်ဆေးမလို့လား။ အရင်ကကဲ့သို့ အုပ်စုလိုက် စိတ်ဓာတ်မြှင့်တင်ပေးခြင်းမျိုး မဟုတ်ဘဲ ပစ်မှတ်ထားကာ ဦးနှောက်ဆေးရန် ကြိုးစားနေခြင်းပင်။ သူမက သူ့ကို ထိန်းချုပ်ချင်နေတာလား။ တကယ့်ကို သေတွင်းရှာနေတာပဲ။
ရဲချီယန်၏ ဘေးရှိ ကျီးကန်းနတ်ဆိုးမှာ မြွေရေခွံအိတ်ကို သယ်ဆောင်ကာ လျှောက်လာရင်း တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား ထိုအမျိုးသမီးအား စူးရှချောက်ချားဖွယ် အသံဖြင့် အော်ဟစ်လိုက်လေတော့သည်။
"ဂါး..."
ဘိုင်း...
မင်းသမီး ဝမ်နီ၏ မျက်လုံးများမှာ အပေါ်သို့ လန်တက်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားလေ၏။ သူမ ကလုံးဝကြီး သေသွားခြင်း မဟုတ်သော်လည်း အပင်တစ်ပင်ကဲ့သို့ မလှုပ်မယှက် အခြေအနေသို့ ရောက်ရှိသွားခြင်းပင် ဖြစ်ပေသည်။
"သူမက ငါ့ကို ဦးနှောက်ဆေးဖို့ ကြိုးစားလောက်အောင်အထိ တကယ်ပဲ မိုက်မဲတာပဲ"
သူက ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်လိုက်လေ၏။ စစ်တပ်မှ လူများက သူ့ကို ဝိုင်းရံလာကြချေပြီ။
"မင်းသမီး"
သူရဲကောင်းတစ်ဦးက ပြေးဝင်လာပြီး ပါးစပ်မှ အမြှုပ်များထွက်ကာ ခန္ဓာကိုယ် တုန်ယင်နေသည့်အပြင် မျက်လုံးများ လန်တက်နေသော မင်းသမီးကို မြင်လိုက်ရသောအခါ ဓားကို ချက်ချင်းဆွဲထုတ်၍ ရဲချီယန်ကို ချိန်ရွယ်လိုက်လေတော့သည်။
"မင်းသမီးကို မင်း ဘာလုပ်လိုက်တာလဲ"
ရှင်းပြနေခြင်းက အပိုအလုပ်သာ ဖြစ်ပေလိမ့်မည်။ သူတို့က ယုံကြည်မည်မဟုတ်သလို ယုံကြည်ခဲ့လျှင်ပင် ရှေ့သို့ တိုးလာကြမည်သာ ဖြစ်၏။ ရဲချီယန်မှာ ပြန်လည်ဖြေကြားရန် ပျင်းရိနေသဖြင့် ရထားပေါ်သို့သာ ပြန်တက်သွားလေတော့သည်။ သူက ကျီးကန်းနတ်ဆိုးအတွက် စကားတစ်ခွန်းသာ ချန်ရစ်ခဲ့ပေ၏။
"ငါ့ရထားကို မညစ်ပတ်စေနဲ့"
"ဂါး"
တံခါးပိတ်သွားသည်နှင့် အပြင်ဘက်မှ အသံများမှာ လုံးဝ ပြတ်တောက်သွားလေတော့သည်။
"ဗိုက်ဆာလိုက်တာ"
သူသည် ကြယ်တစ်ထောင် မြို့တော်တွင် ဝယ်ယူခဲ့သော အသင့်စား ခေါက်ဆွဲခြောက်တစ်ခွက်ကို သိုလှောင်ရေး ရထားတွဲထဲမှ ထုတ်ယူကာ ကြက်ဥတစ်လုံးနှင့် ဝက်အူချောင်းတစ်ချောင်း ထည့်၍ ရေနွေးပူပူဖြင့် စိမ်လိုက်လေ၏။ ခေါက်ဆွဲများ နူးအိလာစေရန် စောင့်ဆိုင်းနေစဉ်မှာပင် ထိုဂေါ်ဘလင်နှစ်ကောင်ထံမှ ရရှိခဲ့သော လက်နက်များကို စနစ်က အကဲဖြတ်ပေးလိုက်လေသည်။
【ဂေါ်ဘလင် ဧရာမ သံမဏိ လက်သီးစွပ် (အဆင့် ၇)】
【ကိုယ်ခံစွမ်းအားကို စားသုံး၍ ဧရာမ လက်သီးရာကြီးကို ပစ်လွှတ်နိုင်သည်】
【ဂေါ်ဘလင်တပ်မှူးကြီး၏ အေးစက်သော သံမဏိ ဓားကြီး (အဆင့် ၄)】
【တိုက်ခိုက်မှု အကြိမ်ရေကို လျှော့ချပေးသော်လည်း တိုက်ခိုက်မှုတိုင်းတွင် ထိခိုက်ပျက်စီးမှုကို မြင့်တက်စေသည်】
တစ်ခုက အဆင့် ၇ ဖြစ်ပြီး နောက်တစ်ခုက အဆင့် ၄ ဖြစ်ပေသည်။ ထိုဂေါ်ဘလင်နှစ်ကောင်လုံးမှာ အဆင့်တူ မကောင်းဆိုးဝါးများ ဖြစ်ကြသော်လည်း သူတို့ ကိုင်ဆောင်ထားသော လက်နက်များမှာမူ လုံးဝ ကွဲပြားခြားနားနေခဲ့လေ၏။ ဒါက တော်ဝင်မိသားစုဝင်ဖြစ်ခြင်းနှင့် မဟုတ်ခြင်းကြားက ကွာဟချက်များလား။
"ဒါတွေက ဘာမှအသုံးမဝင်သလိုပဲ"
သူသည် အနီးကပ် တိုက်ခိုက်ရေးသမား မဟုတ်သဖြင့် ဤလက်နက်နှစ်ခုမှာ ရဲချီယန်အတွက် မည်သည့်အဓိပ္ပာယ်မျှ မရှိချေ။ သေနတ်ရှိနေပါလျက်နှင့် ဘာကြောင့် ဓားတွေ၊ လက်သီးတွေနဲ့ ကစားနေရဦးမည်နည်း။
"မှောင်ခိုဈေးကွက်မှာပဲ ရောင်းလိုက်တာ ပိုကောင်းမယ်"
ရောင်းချမည်ဆိုပါက မှောင်ခိုဈေးကွက်တွင်သာ ရောင်းရပေမည်။ အခြားနေရာများတွင် ဆိုပါက အနည်းငယ် ပို၍ ရှုပ်ထွေးနိုင်ပေသည်။ အဆင့် ၇ လက်နက်တစ်ခုမှာ ဈေးကောင်းရနိုင်သည် မဟုတ်ပါလော။
မရောင်းမီ အဆင့် ၈ အထိ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ရန်မူ သူ မစဉ်းစားခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ပါရမီနှင့် ပတ်သက်နေသော ပစ္စည်းများကို အခြားသူများ ပိုင်ဆိုင်ထားပါက ပြဿနာရှိနိုင်သောကြောင့် ဖြစ်ပေ၏။ ယခင်က အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ထားသော ပစ္စည်းအချို့ကို ရောင်းချခဲ့ဖူးခြင်းမှာ ဤကမ္ဘာကြီးအကြောင်းကို သူ သေချာစွာ နားမလည်သေးသောကြောင့်သာ ဖြစ်လေသည်။
အချို့သော ဖြစ်တည်မှုများက စနစ်ကို ဝင်ရောက်စွက်ဖက်ကာ ဘူတာတွင် ဆိုက်ကပ်ချိန်ကို အကန့်အသတ်မရှိ ဖြစ်အောင် လုပ်ဆောင်၍ သူ့ကို သေတွင်းထဲ ပိတ်လှောင်ထားနိုင်စွမ်း ရှိပေသည်။ ဤမျှ အဆင့်မြင့်သော ပစ္စည်းများက အချို့သော လူများ၏ လက်ထဲသို့ ရောက်ရှိသွားပါက သူတို့က သူ၏ ပါရမီစွမ်းရည်ကို ခန့်မှန်းသွားနိုင်မည် မဟုတ်ပါလား။
ထို့ကြောင့် နောက်နောင်တွင် ရောင်းချရန် ဆုံးဖြတ်ထားသော ပစ္စည်းများကို ရဲချီယန်အနေဖြင့် ရထားဒင်္ဂါး လျော့နည်းသွားမည်ဖြစ်သော်ငြားလည်း အဆင့်မြင့် အသွင်ကူးပြောင်းခြင်း မည်သည့်အခါမျှ ပြုလုပ်တော့မည် မဟုတ်ချေ။ သူက မှောင်ခိုဈေးကွက် ဖိတ်ကြားစာကို ထုတ်ယူကာ မှောင်ခိုဈေးကွက် မျက်နှာပြင်ကို ဖွင့်လိုက်လေ၏။ လက်နက်နှစ်ခုလုံးကို အကဲဖြတ်လိုက်ရာ သံမဏိလက်သီးစွပ်အတွက် ရထားဒင်္ဂါး ၄၀ နှင့် ဓားကြီးအတွက် ၁၅ ပြားဟု သတ်မှတ်လိုက်ပေသည်။
ယခင်တစ်ခေါက်ကကဲ့သို့ ဤပစ္စည်းနှစ်ခုမှာ ချက်ချင်း ရောင်းထွက်မသွားခဲ့ချေ။ ရဲချီယန်ကလည်း မလောဘဲ ရောင်းချရန် တင်ထားလိုက်ကာ ယာယီ သိုလှောင်ခန်းတစ်ခုအဖြစ်သာ သဘောထားလိုက်လေတော့သည်။ ဤကိစ္စများကို ဖြေရှင်းပြီးချိန်တွင် သူ၏ ခေါက်ဆွဲခြောက်မှာလည်း စားရန် အသင့်ဖြစ်နေပြီ ဖြစ်၏။ သူသည် ခေါက်ဆွဲကို အားပါးတရ စားသောက်ရင်း အပြင်ဘက် မြင်ကွင်းကို တစ်ချက် ကြည့်လိုက်ကာ အချိန်ဖြုန်းရန်အတွက် ဂိမ်းတစ်ခုကို ဖွင့်လိုက်ပေသည်။
သို့သော် ဤသို့ အချိန်ဖြုန်းနေခြင်းမှာ တစ်နေ့ခင်းလုံး ကြာမြင့်သွားလေတော့သည်။
"ကျစ်... ဘယ်သူကများ ဒီ သစ်ပင်ကင်းစောင့်ကို အစပြုသူတွေအတွက် ဘော့စ်အဖြစ် ထည့်ထားတာလဲ"
သူသည် ဂိမ်းခလုတ်ကို စိတ်ပျက်လက်ပျက်ဖြင့် ချလိုက်ချိန်တွင် အပြင်ဘက်၌ ညမှောင်နေပြီ ဖြစ်၏။ ရထားပြတင်းပေါက်ကို ဖွင့်လိုက်ရာ သံချေးတက်နေသော သွေးနံ့အလွန်ပြင်းပြင်းကြီးက ဝေ့ဝဲဝင်ရောက်လာလေတော့သည်။
ကျီးကန်းနတ်ဆိုးမှာ မည်သည့်အချိန်ကတည်းက ရထားအပြင်ဘက်သို့ ပြန်ရောက်နေမှန်း မသိရပေ။ ၎င်း၏ အမွေးအတောင်များမှာ တောက်ပသော အနက်ရောင်ရှိနေပြီး ခန္ဓာကိုယ်မှာလည်း အရင်ကထက် ပိုမို ကြီးထွားလာသည့်အလားပင်။
အပြင်ဘက်တွင် အလွန်တရာ တိတ်ဆိတ်နေပေသည်။ ယင်းမှာ မယုံနိုင်လောက်အောင်ပင် ဖြစ်၏။ ကျီးကန်းနတ်ဆိုးက သူ၏ တောင်းဆိုချက်အတိုင်း ရထားပေါ်သို့ သွေးတစ်စက်မျှ မစင်စေရန် လုပ်ဆောင်ထားခဲ့လေသည်။ သူရဲကောင်းများ၊ စစ်တပ်များ၊ ဂေါ်ဘလင်များ... ဤခံတပ်အတွင်း၌ ရဲချီယန်၏ ရန်သူဟူ၍ တစ်ယောက်မျှ မကျန်ရှိတော့ချေ။
"အားလုံး ရှင်းပြီးပြီလား"
"ဂါး"
ကျီးကန်းနတ်ဆိုးက အော်ဟစ်လိုက်လေ၏။
"သူတို့က တကယ့်ကို ထိုက်တန်တာပါ"
ရဲချီယန်က မည်သည့်အခါမျှ ပြန်နိုးလာတော့မည်မဟုတ်သော မင်းသမီးကို ရွံရှာစွာ လှမ်းကြည့်လိုက်လေသည်။
"လုပ်စရာတွေ အများကြီးရှိတဲ့အထဲကမှ ငါ့ကိုလာပြီး ဦးနှောက်ဆေးဖို့ ကြိုးစားနေရသေးတယ်။ ဒါက တရားဥပဒေနဲ့အညီ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တာပဲလေ"
ဂျောက်... ဂျောက်...
တိတ်ဆိတ်နေသော ခံတပ်အတွင်း၌ မည်သည့်အသံမဆို သိသိသာသာ ကျယ်လောင်နေပေသည်။ သံလမ်းပေါ်တွင် တစ်စုံတစ်ခု ရွေ့လျားလာသော အသံက ရဲချီယန်၏ အာရုံကို ဆွဲဆောင်သွားလေ၏။ အသူရာတစ်ပိုင်း သွေးချောင်းစီးနေသော အလောင်းပုံကြီးများကြားတွင် ဝေါလီသည် သစ်သားသေတ္တာငယ်လေးတစ်လုံးကို ကိုင်ဆောင်ကာ ဝမ်းသာအားရ ပြေးလာနေပေသည်။
【၂၃ : ၀၁ : ၄၄】
အိတ်ဆောင်နာရီပေါ်ရှိ အချိန်မှာ ည ၁၁ နာရီ ရှိနေပြီ ဖြစ်၏။ ရဲချီယန်က ရထားတံခါးကို ဖွင့်ကာ ဝေါလီထံမှ သေတ္တာငယ်လေးကို ယူလိုက်လေသည်။ သူသည် ဝေါလီ၏ သံခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးရင်း ၎င်း၏ စက်ယန္တရား လက်တံပေါ်တွင် အက်ကွဲကြောင်းတစ်ခု ရှိနေသည်ကိုလည်းကောင်း၊ သံလမ်းများမှာ ပိုမို ဟောင်းနွမ်းနေသည်ကိုလည်းကောင်း သတိပြုမိသွားရာ မျက်မှောင်ကြုတ်လိုက်မိလေ၏။
"မင်း အန္တရာယ်နဲ့ ကြုံခဲ့ရတာလား"
ဝေါလီက ခေါင်းညိတ်ပြကာ ဂေါ်ဘလင်အချို့က ၎င်းကို တွေ့သွားပြီး မြားဖြင့် ပစ်ခဲ့ခြင်းဖြစ်ကြောင်း အမူအရာဖြင့် ပြသနေပေသည်။ ဘူတာ၏ အဆင့်မြင့်လာသည်နှင့်အမျှ ဝေါလီအတွက် ဤနေရာများတွင် ရှင်သန်ရန် ပိုမို ခက်ခဲလာခဲ့ချေပြီ။
သူသည် ဝေါလီကို ပိုမို အစွမ်းထက်လာစေရန် နည်းလမ်းရှာရပေမည်။ နောက်ထပ် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း တစ်ခု ထပ်လုပ်ရမလား။ သို့သော် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ပြီးနောက် ဝေါလီသည် မူလ ဝေါလီအတိုင်း ရှိနေပါဦးမည်လား။ ၎င်း၏ မှတ်ဉာဏ်များက အစားထိုးခံရခြင်း သို့မဟုတ် ဖျက်ဆီးခံရခြင်းမျိုး ဖြစ်သွားနိုင်မလား။
စက်ပစ္စည်း အစိတ်အပိုင်းများနှင့် သတ္တုများကို အသုံးပြု၍ ဝေါလီကို ပြုပြင်ပေးပြီးနောက် ရဲချီယန်မှာ ထိုအတွေးကို ခေတ္တမျှ ဖယ်ထားလိုက်လေတော့သည်။ ထို့အစား သူ၏လက်ထဲရှိ သစ်သားသေတ္တာငယ်လေးဆီသို့ အကြည့်ကို ပြောင်းလိုက်လေ၏။
【အဆင့် ၇ ရတနာသေတ္တာ (ဖွင့်လှစ်နိုင်သည်)】
မျှော်လင့်ထားသည့်အတိုင်းပင် ရတနာသေတ္တာ ဖြစ်နေခဲ့လေပြီ။ ဒါဆိုရင် လုပ်စရာ တစ်ခုတည်းသာ ရှိတော့သည်။
"အဆင့် ၈ ရတနာသေတ္တာပေါ့ ဟီးဟီး။ ငါ့ရဲ့ ကိုယ်ခံစွမ်းအားနဲ့ စိတ်စွမ်းအားတွေက တော်တော်လေး ပြန်ပြည့်နေပြီပဲ၊ အခုပဲ စမ်းကြည့်လိုက်ရအောင်"
"အဆင့်မြင့် အသွင်ကူးပြောင်းခြင်း"
ကိုယ်ခံစွမ်းအားနှင့် စိတ်စွမ်းအားများ စတင် ကုန်ခမ်းသွားချေပြီ။ သူ၏ ပထမဆုံးသော အဆင့် ၈ ရတနာသေတ္တာကြီးမှာ ထွက်ပေါ်လာတော့မည် ဖြစ်လေတော့သည်။