မြေကမ္ဘာမီးတောက် ခိုးယူခြင်း
Vol. 25 Ch. 255
"အကြီးအကဲဝူ... ကြွပါဗျာ"
ဝေ့တင်းက လက်ဟန်ပြ၍ တားမြစ်နယ်မြေ၏ ဝင်ပေါက်သို့ ညွှန်ပြကာ စုန့်ဝမ်ကို အရင်ဝင်ရန် အချက်ပြလိုက်သည်။ ဝေ့တင်းက တားမြစ်အစီအရင်များ ဖွင့်ပေးလိုက်သည်ကို မြင်သောအခါ စုန့်ဝမ် ဝမ်းသာသွားသော်လည်း မျက်နှာတွင်မူ နှိမ့်ချသောဟန်ဖြင့်သာ ရှိနေသည်။
"မြေအောက်လမ်းကြောင်းထဲမှာ တခြားအစီအရင်တွေ ရှိနေသေးတယ်၊ ကျွန်တော်က အတွင်းပိုင်းအခြေအနေကို သိပ်မသိတော့ အကြီးအကဲဝေ့နဲ့ စီနီယာအစ်မကျော့တို့ပဲ လမ်းပြပေးပါဦး"
ဝေ့တင်းက ခေါင်းညိတ်ပြီး လမ်းကြောင်းထဲသို့ ဝင်သွားသည်။ ကျော့ရွှေယွမ်သည် ခဏမျှ စဉ်းစားပြီးနောက် အံကြိတ်ကာ နောက်မှ လိုက်သွားခဲ့သည်။ စုန့်ဝမ်သည်လည်း ၎င်းတို့နောက်မှ ခပ်သွက်သွက် လိုက်ပါသွားသည်။ လမ်းကြောင်းမှာ မြေအောက်သို့ ကွေ့ပတ်ကာ ဆင်းသွားခြင်းဖြစ်သည်။ ဝေ့တင်းက လက်ထဲရှိ တံဆိပ်ပြားကို သုံး၍ အစီအရင် အလွှာလွှာကို ဖွင့်ပေးခဲ့သည်။ ၁၅ မိနစ်ခန့်အကြာတွင် ၎င်းတို့သုံးဦးသည် မြေအောက်ဂူသို့ ရောက်ရှိသွားကြသည်။
ဂူမှာ ဧကအနည်းငယ်ခန့် ကျယ်ဝန်းပြီး အလယ်ဗဟိုတွင် ၁၀ ပေခန့် မြင့်သော လေးထောင့်ပုံစံ ဖိုကြီးတစ်ခု ရှိသည်။ ထိုဖိုကြီးအတွင်းတွင် အပြာရောင် မီးလျှံများ ပြင်းထန်စွာ တောက်လောင်နေပြီး အပေါ်သို့ ပေ ၂၀ ခန့်အထိ ထိုးတက်နေသည်။ ဂူ၏ အပေါ်ဘက်တွင် ၁၀ ပေခန့် ကျယ်သော လေဝင်လေထွက်ပေါက်ကြီး တစ်ခုရှိပြီး ၎င်းမှာ ဆေးတောင်ထိပ်အထိ ဆက်သွယ်ထားသည်။ ဆေးတောင်ထိပ်ရှိ ဆေးဖော်စပ်ခန်းများနှင့် ကျင့်ကြံသူများ၏ ဂူတိုင်းတွင် အပေါက်ငယ်လေးများ ရှိကြပြီး ၎င်းတို့မှာ အဆိုပါ အပေါက်ကြီးနှင့် ဆက်သွယ်ထားခြင်း ဖြစ်သည်။ ထိုအပေါက်များတဆင့် မြေကမ္ဘာမီးတောက်မှ ထွက်ပေါ်လာသော အပူရှိန်ကို သုံး၍ ဆေးဖော်စပ်ကြခြင်း ဖြစ်သည်။
မီးဖိုကြီး၏ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော မန္တန်စာသားများ ရေးထိုးထားပြီး ၎င်းတို့မှာ ဝိညာဉ်မီးလျှံများ အပြင်သို့ ယိုစိမ့်၍ ဆေးတောင်ထိပ်ကို လောင်ကျွမ်းခြင်း မရှိစေရန် ချိတ်ပိတ်ထားခြင်း ဖြစ်သည်။ ဤချိတ်ပိတ်မှုသာ မရှိပါက မြေအောက်ဂူမှာ ချော်ရည်ပင်လယ် ဖြစ်နေပေလိမ့်မည်။ ဂူထဲသို့ ဝင်လိုက်သည်နှင့် ပြင်းထန်သော အပူရှိန်ကို ခံစားလိုက်ရသည်။
"အကြီးအကဲဝူ... ကျွန်တော် အဓိကမီးတောက် တစ်စ သွားယူပေးမယ်၊ ဒီမှာ ခဏစောင့်ပါဦး" ဟု ဝေ့တင်းက ဆိုသည်။ သူအနေဖြင့် မြွေဂူသို့ ပြောင်းရွေ့ကာ စုန့်ဝမ်၏ လက်အောက်တွင် အမှုထမ်းရန် ဆုံးဖြတ်ထားပြီး ဖြစ်သဖြင့် အစွမ်းကုန် ကူညီရန် ပြင်လိုက်ခြင်း ဖြစ်သည်။ ကျော့ရွှေယွမ်ကမူ သူ့ထက်ပင် ဖော်လံဖားနေသော ဝေ့တင်းကို သရော်တော်တော် ပြုံးကြည့်နေသည်။
စုန့်ဝမ်က "ဒါဆို အကြီးအကဲဝေ့ကိုပဲ ဒုက္ခပေးရတော့မှာပေါ့" ဟု ပြောပြီး ပြုံးလျက် ဝေ့တင်း၏ နောက်တွင် ရပ်ကြည့်နေလိုက်သည်။
ဝေ့တင်း၏ မီးတောက်ထိန်းကျောင်းမှု အတတ်ပညာမှာ အဆင့်မြင့်လှသည် မဟုတ်သော်လည်း အလေ့အကျင့် ဖြစ်နေသဖြင့် ကျွမ်းကျင်နေပြီ ဖြစ်သည်။ ဝေ့တင်းက မီးဖိုငယ်တစ်ခုကို ထုတ်၍ ရှေ့ရှိ ကျောက်စားပွဲပေါ် ချထားပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များကို အဆက်မပြတ် ဖော်ဆောင်လိုက်ရာ၊ မီးဖိုကြီးအတွင်းရှိ မီးတောက်ဆီမှ မီးတောက်ငယ်တစ်ခု ကွဲထွက်လာပြီး မီးဖိုငယ်ဆီသို့ လွင့်ပျံလာသည်။ ထိုမီးတောက်မှာ ဝေဝါးနေပြီး မည်သည့်အချိန်တွင်မဆို ပျောက်ကွယ်သွားနိုင်သည့်ဟန် ရှိသည်။
ဝေ့တင်းက မီးတောက်ကို ဖမ်းယူရန် အာရုံစိုက်နေစဉ်၊ သူ့နောက်တွင် ရှိနေသော စုန့်ဝမ်က ရုတ်တရက် လက်ကို မြှောက်လိုက်ကာ လျှပ်စီးများ ဖြာထွက်နေသော လက်ဝါးဖြင့် ဝေ့တင်း၏ကျောပြင်ကို ရိုက်ချလိုက်သည်။
ချက်ချင်းပင် လျှပ်စီးစွမ်းအင်များ ဝေ့တင်း၏ ခန္ဓာကိုယ်တွင်း စီးဝင်သွားကာ ဒန်တန်အတွင်း ရောက်ရှိပြီး ပေါက်ကွဲသွားသည်။ ဝေ့တင်း၏ ဝမ်းဗိုက်တွင် လက်သီးဆုပ်ခန့်ရှိသော အပေါက်ကြီးတစ်ခု ဖြစ်သွားပြီး ရှေ့သို့ လွင့်ထွက်ကာ လဲကျသွားသည်။ မျက်စိတစ်မှိတ်အတွင်း ဝေ့တင်းမှာ ကျင့်ကြံမှုအားလုံး ဆုံးရှုံးသွားပြီး အသက်ပင် မနည်းရှူနေရတော့သည်။
ရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေကြောင့် ကျော့ရွှေယွမ်မှာ ထိတ်လန့်သွားပြီး အနောက်သို့ အမြန်ဆုတ်ကာ သွေးမိစ္ဆာကို အမြန်ဆင့်ခေါ်လိုက်သည်။ သွေးမိစ္ဆာက စုန့်ဝမ်ထံ ခုန်အုပ်လိုက်သော်လည်း၊ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက် ကိုယ်နှစ်ပိုင်းပြတ်ကာ သေဆုံးသွားတော့သည်။
ထိုအချိန်တွင် ကျော့ရွှေယွမ်မှာလည်း နောက်ဆုတ်ပြေးရန် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသဖြင့် ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်သောအခါ ပိုးကောင်ငယ်တစ်ကောင် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ ဒန်တန်အား ဖျက်ဆီးနေသည်ကို တွေ့လိုက်ရသည်။ ကျော့ရွှေယွမ်၏ ကျင့်ကြံမှုမှာ အခြေတည် အစောပိုင်းအဆင့်သာ ရှိသဖြင့် ကူပိုးကောင်ကို မခုခံနိုင်ပေ။ မကြာခင်မှာပင် သူမ၏ ကျင့်ကြံမှုမှာ ပျက်စီးသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ထိုအခိုက် ဝိညာဉ်ခွဲဓား ဖျပ်ခနဲ ပေါ်လာပြီး သူတို့၏ ညာဘက်လက်များကို ဖြတ်တောက်ကာ ခပ်လှမ်းလှမ်းသို့ လွင့်စင်ထွက်သွားစေသည်။ နှစ်ဦးစလုံးမှာ ညာလက်တွင် သိုလှောင်လက်စွပ်များ ဝတ်ဆင်ထားသဖြင့်၊ ယခုအခါ အခြားသူများကို အကြောင်းကြားရန်၊ ခုခံရန် မည်သည့်ပစ္စည်းကိုမျှ ထုတ်ယူနိုင်တော့မည် မဟုတ်ပေ။
"ဝူရှန်း... မင်း ဘာလုပ်ချင်တာလဲ" ဟု ဝေ့တင်းက မြေပြင်ပေါ်တွင် လဲကျနေရာမှ တုန်လှုပ်စွာ မေးလိုက်သည်။ ကျော့ရွှေယွမ်ကလည်း နာကျင်စွာ အော်ဟစ်နေရုံသာ တတ်နိုင်တော့သည်။
စုန့်ဝမ်က ၎င်းတို့နှစ်ဦးကို လျစ်လျူရှုထားလိုက်ပြီး သုံးပေခန့်မြင့်သော ကြေးမီးဖိုတစ်ခု ထုတ်ယူပြီး မြေပြင်ပေါ်ချကာ ရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ဤကြေးမီးဖိုမှာ မြေကမ္ဘာမီးတောက်ကို သိုလှောင်ရန်အတွက် ဝယ်ယူထားခြင်း ဖြစ်သည်။ ထို့နောက် အဆင့်မြင့်မီးထိန်းနည်းစနစ်ကို အသုံးပြုပြီး မီးဖိုကြီးအတွင်းမှ မြေကမ္ဘာမီးတောက်ကို ထုတ်ယူရန် ကြိုးစားလိုက်သည်။ ဤသည်မှာ အဓိကမီးတောက်တစ်စကို ယူခြင်းထက် အဆပေါင်းများစွာ ခက်ခဲသည်။ ယခု ထုတ်ယူမှုမှာ မီးတောက်အမြုတေအား ခွဲခြမ်းထုတ်ယူရန် ကြိုးစားခြင်း ဖြစ်သည်။ တစ်ခုလုံး ရယူရန် ကြိုးစားပါက မီးတောက်ကို အသုံးပြုနေသူများ ချက်ချင်း သိရှိသွားနိုင်ပြီး ထွက်ပြေးရန်ပင် အချိန်ရှိလိမ့်မည် မဟုတ်ချေ။
စုန့်ဝမ်က အားကောင်းလှသော ဝိညာဉ်စွမ်းအင်ကို သုံး၍ မီးတောက်ကို ခွဲထုတ်ရန် ကြိုးစားသော်လည်း မြေကမ္ဘာမီးတောက်မှာ အသက်ရှိသကဲ့သို့ ခုခံပြီး ပြင်းထန်သော အပူရှိန်ဖြင့် ပြန်လည် တိုက်ခိုက်သည်။ သို့သော် မီးဖိုကြီးရှိ မန္တန်အစီအရင်များက မီးတောက်ကို ချိတ်ပိတ်ထားသဖြင့် စုန့်ဝမ်အား အန္တရာယ်ပြုနိုင်ခြင်း မရှိပေ။ နှစ်နာရီခန့် အချိန်ယူပြီးနောက် မြေကမ္ဘာမီးတောက်၏ အမြုတေအား အောင်မြင်စွာ ခွဲထုတ်နိုင်ခဲ့သည်။
နောက်တစ်ဆင့်မှာ အခက်ခဲဆုံး ဖြစ်သည်။ ထိုမီးတောက်ကို မီးဖိုကြီးအတွင်းမှ ထုတ်ယူကာ ကြေးမီးဖိုအတွင်းသို့ ထည့်သွင်းရမည် ဖြစ်သည်။ စုန့်ဝမ်က မန္တန်ကို ရွတ်ဆိုပြီး ခက်ခက်ခဲခဲ ကြိုးစားပြီးချိန်မှ မီးတောက်မှာ မီးဖိုကြီးဆီမှ ထွက်လာပြီး ကြေးမီးဖိုငယ်ထဲ ဝင်ရောက်သွားသည်။ ထိုစဉ် မမျှော်လင့်ဘဲ မီးဖိုကြီးအတွင်းရှိ ကျန်ရှိသော မီးတောက်မှာ ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး အပေါ်သို့ ပေရာချီ ထိုးတက်လာခဲ့သည်။ အစီအရင် အကာအကွယ်များကြောင့် အပြင်သို့ ထွက်မလာသော်လည်း ဂူအတွင်းရှိ အပူချိန်မှာ ရုတ်တရက် မြင့်တက်သွားပြီး အပေါ်ဘက်ရှိ အပေါက်မှတဆင့် ဆေးတောင်ထိပ်သို့ ပျံ့နှံ့သွားခဲ့သည်။
ထိုအချိန်တွင် ကျိုးစစ်ယိမှာ ရွှမ်ဆေးခန်းမရှိ ဆေးဖော်စပ်ခန်းတွင်း ဆေးဖော်စပ်နေစဉ် ရုတ်တရက် မြေအောက်မှ အပူလှိုင်းတစ်ခု တက်လာသည်ကို ခံစားလိုက်ရသည်။ ထိုအပူလှိုင်းမှာ ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားသော်လည်း၊ အပူချိန် မတည်ငြိမ်မှုကြောင့် ဖော်စပ်နေသော ဆေးလုံးမှာ ဖိုထဲတွင် ပေါက်ကွဲ ပျက်စီးသွားတော့သည်။ ကျိုးစစ်ယိ မကျေမနပ်ဖြစ်သွားပြီး အပြင်သို့ ထွက်လာခဲ့ရာ အခြားသော ဆေးဆရာများလည်း သူမကဲ့သို့ပင် အခက်တွေ့နေကြသည်ကို တွေ့လိုက်ရသည်။ မြေအောက်ရှိ မြေကမ္ဘာမီးတောက် တစ်ခုခု ထူးခြားနေသည်ဟု နားလည်လိုက်ကြသည်။ ယင်းမှာ ၄၊ ၅ နှစ် တစ်ခါမျှ ကြုံရတတ်ပြီး အကြီးအကဲများက စစ်ဆေးကြပ်မတ် ထိန်းညှိလျှင် အဆင်ပြေသွားသောကြောင့် မည်သူမျှ ရှည်ရှည်ဝေးဝေး မတွေးမိကြချေ။
ကျိုးစစ်ယိသာ မကျမချမ်းဖြင့် ဝေ့တင်းတို့ကို ပြစ်တင်ပြောဆိုရန် တားမြစ်နယ်မြေဘက်သို့ ထွက်လာခဲ့သည်။
....
စုန့်ဝမ်လည်း မီးတောက်ကို ကြေးမီးဖိုအတွင်း ချိတ်ပိတ်ပြီးသည်နှင့် အမြန်ဆုံး သိမ်းဆည်းပြီး မိုးကြိုးလှုပ်ရှားမှုနည်းစနစ် သုံး၍ အပြင်သို့ အမြန် ပြေးထွက်လာခဲ့သည်။ ဝေ့တင်းထံမှ ထိန်းချုပ်တံဆိပ်ပြား ယူဆောင်ခဲ့သဖြင့် အစီအရင်များကို အခက်အခဲ မရှိ ဖြတ်ကျော်နိုင်ခဲ့သည်။ မီးတောက်ကို ထုတ်ယူချိန်က ဖြစ်ပေါ်လာသော ထူးခြားမှုမှာ လူသိသွားမည်ဖြစ်၍ ဤနေရာတွင် ကြာကြာနေ၍ မဖြစ်တော့ပေ။
ကျော့ရွှေယွမ်နှင့် ဝေ့တင်းတို့မှာ ပြင်းထန်သော ဒဏ်ရာအရှိန်ကြောင့် မေ့မြောနေကြပြီ ဖြစ်သည်။ စုန့်ဝမ်သည် ၎င်းတို့ကို မသတ်ခဲ့ပေ။ အကယ်၍ ၎င်းတို့ သေသွားပါက ဂိုဏ်းရှိ ၎င်းတို့၏ ဝိညာဉ်မီးအိမ်များ ငြိမ်းသွားမည်ဖြစ်ပြီး ဥပဒေခန်းမမှ လုံခြုံရေးအဖွဲ့များ ချက်ချင်း ရောက်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ တားမြစ်နယ်မြေအစောင့်များ သေဆုံးပါက ဂိုဏ်းစောင့်အစီအရင်ကို အသက်သွင်းနိုင်ခြေ ရှိသည်။ သို့ဆိုလျှင် ပြေးလွတ်မည် မဟုတ်။
ဂူအပြင်အရောက် လူသူကင်းရှင်းနေသဖြင့် မိုးကြိုးနည်းစနစ် ရုပ်သိမ်းကာ ဓားပျံစီးပြီး ဂိုဏ်း၏ ပင်မထွက်ပေါက်ဆီသို့ ပုံမှန်အတိုင်း ပျံသန်းသွားသည်။ လမ်းတွင် ကျိုးစစ်ယိနှင့် တွေ့ခဲ့သော်လည်း မရပ်နားဘဲ ကိစ္စရှိသဖြင့် အပြင် ခေတ္တ ထွက်သွားမည်ဟုသာ ပြောကာ ဆက်လက် ထွက်လာခဲ့သည်။
ကျိုးစစ်ယိက သူ့အား ရပ်၍ စကားမပြောဘဲ ထွက်သွားသဖြင့် အံသြမိသော်လည်း စုန့်ဝမ် ထွက်လာသောနေရာမှာ တားမြစ်နယ်မြေဘက်မှ ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ မကြာခင်က ဖြစ်ပျက်ခဲ့သော မီးတောက်၏ ထူးခြားမှုနှင့် စပ်ဆက်ကြည့်ကာ တစ်စုံတစ်ရာကို တွေးမိသွားသော်လည်း၊ ပျောက်ကွယ်သွားသော စုန့်ဝမ်၏ ပုံရိပ်ကို ကြည့်ရင်း သူမ၏ မျက်လုံးများတွင် ကြင်နာရိပ်များ ပေါ်လာခဲ့သည်။
"ဂျူနီယာမောင်လေးဝူ... ခရီးလမ်း ဘေးကင်းပါစေ။ နောက်တစ်ကြိမ် ပြန်ဆုံခွင့်ရဖို့ မျှော်လင့်ပါတယ်" ဟု တီးတိုးရေရွတ်ရင်း ထိုနေရာမှ အမြန် ထွက်ခွာလာခဲ့သည်။ တစ်ယောက်ယောက်က စုန့်ဝမ်အကြောင်း မေးလာပါက တစ်နေ့လုံး မတွေ့ခဲ့ရဟုသာ ဖြေရန် ဆုံးဖြတ်လိုက်သည်။ သူမက ခင်မင်မှုနှင့် ကျေးဇူးတရားသည် ဂိုဏ်း၏ အကျိုးစီးပွားထက် အရေးကြီးသည်ဟု ခံယူထားသည် မဟုတ်ပါလား။
.........