← Chapters

ဝိညာဥ်ဖုံးကွယ်ကျောက် လိုက်ရှာခြင်း

Vol. 25 Ch. 258

ဝိညာဥ်ဖုံးကွယ်ကျောက် လိုက်ရှာခြင်း

Vol. 25 Ch. 258

ဟူကွမ်း၏ မျက်နှာမှာ ရုတ်တရက် တင်းမာသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူ့မျက်လုံးများမှာ စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နေပြီး စုန့်ဝမ်ကို စိုက်ကြည့်နေသည်။

"ရေတွင်းထဲက ရေမှာ အဆိပ်ပါမှန်း သိရက်နဲ့ မင်းဘာလို့ သောက်ခဲ့တာလဲ"

"ဒါကတော့ မင်း ငါ့အပေါ် သတိလက်လွတ်ဖြစ်သွားပြီး ငါ့မေးခွန်းတွေကို အမှန်အတိုင်း ဖြေဖို့အတွက်ပေါ့"

"ရေထဲမှာ အဆိပ်ပါမှန်း သိရက်နဲ့ သောက်ရဲတယ်ဆိုတော့ မင်းဆီမှာ အဆိပ်ဖြေဆေး ရှိရမယ်။ ဒါပေမဲ့ ဒီရေထဲမှာ ပါတာက အဆိပ်မဟုတ်ဘူး၊ ဒါက နတ်ဘုရားမြက်လို့ ခေါ်တဲ့ စိတ်အာရုံချောက်ခြားစေတဲ့ ဝိညာဉ်ဆေးတစ်မျိုးပဲ။ သောက်လိုက်ရင် လူတစ်ယောက် စိတ်ထဲက အနက်ရှိုင်းဆုံး အလိုဆန္ဒတွေ နိုးထလာလိမ့်မယ်။ အဲဒီဆန္ဒတွေကြောင့် အမြင်မှောက်မှားပြီး အစစ်အမှန်နဲ့ ပုံရိပ်ယောင် ခွဲခြားရခက်တာ၊ ထိန်းမရအောင် ပျော်ရွှင်ကြည်နူးတာ ဖြစ်လာလိမ့်မယ်။ ဒီရေကို မျိုချလိုက်ရင် ခဏလေးအတွင်း စိတ်အာရုံ လွဲမှားတာတွေ ပေါ်လာရမှာ။ အဲဒီအချိန် မင်း ဘယ်လောက်အထိ ပြန်တိုက်ခိုက်နိုင်မှာလဲ"

စုန့်ဝမ်က အသာအယာ ပြုံးလိုက်ပြီး ပါးစပ်ကို ဟလိုက်ရာ ကြက်ဥအရွယ်ခန့်ရှိသော ကူတစ်ကောင် ပျံထွက်လာသည်။ သတိကြီးစွာ ထားတတ်သော စုန့်ဝမ်သည် သူစိမ်းတစ်ယောက် ပေးသည့်ရေကို ဘယ်သောအခါမှ လွယ်လွယ်နှင့် မသောက်ပေ။ ရေကို သောက်လိုက်သည့် ခဏမှာပင် ကူကောင်အား ထိုရေများကို ဝါးမျိုစေခဲ့ခြင်း ဖြစ်သည်။ ထိုကူကောင် ရုတ်တရက် ကြီးထွားလာပြီး ဂနာမငြိမ် ဖြစ်လာသောကြောင့် ရေထဲတွင် အဆိပ်ပါနေသည်ကို သိလိုက်ရခြင်း ဖြစ်သည်။

ကူကောင်သည် ပျံထွက်လာသည်နှင့် ချက်ချင်းပင် အိမ်၏ ကျောက်နံရံဆီသို့ လျင်မြန်စွာ ပျံသန်းသွားပြီး အပြာရောင် ကျောက်တုံးများကို စတင် ကိုက်ခဲတော့သည်။ စုန့်ဝမ်မျက်နှာပင် တစ်ချက်မဲ့သွားသည်။ ကူကောင်၏ အကြီးမားဆုံး ဆန္ဒမှာ အစားအစာ စားရန် ဖြစ်နေသလော။ ထိုဆန္ဒမှာ အနည်းငယ် ထူးဆန်းနေသလိုပင်။

စုန့်ဝမ်၏ ပါးစပ်ထဲမှ ကူပိုးကောင် ပျံထွက်လာသည်ကို မြင်လိုက်ရသောအခါ ဟူကွမ်းမှာ တစ်ခုခု လွဲမှားနေသည်ကို ချက်ချင်း နားလည်သွားပြီး မျက်နှာမှာ လူသေကဲ့သို့ ဖြူလျော့သွားသည်။ သူ့ခွန်အားမှာ ပြိုင်ဘက်ထက် နိမ့်ပါးနေပြီး အဆိပ်မမိပါက မည်သို့မှ ယှဥ်နိုင်မည် မဟုတ်ကြောင်း သိထားပြီး ဖြစ်သည်။

ဟူကွမ်း၏ ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။

"စီနီယာ... အသက်ကို ချမ်းသာပေးပါ! ကျွန်တော် စီနီယာ့ကို ရည်ရွယ်တာ မဟုတ်ပါဘူး။ စီနီယာ့ကို ကျွန်တော့်ကို သတ်မယ့်သူ ထင်လို့ ရေထဲမှာ အဆိပ်ခတ်ခဲ့တာပါ"

"မင်းကို သတ်မယ့်သူ၊ ဟုတ်လား" စုန့်ဝမ်က နားမလည်သလို မေးလိုက်သည်။

ဟူကွမ်းက "ကျွန်တော် တစ်ခါက ရွှေအမြုတေအဆင့် မိသားစုတစ်ခုကို ပြစ်မှားမိလို့ အဆုံးမဲ့သဲကန္တာရထဲကို ထွက်ပြေးခဲ့ရတာပါ" ဟု ပြန်ဖြေသည်။

"မင်းပြောတဲ့ ဝိညာဉ်ဖုံးကွယ်ကျောက်စိမ်းအကြောင်းက အမှန်ပဲလား"

"ကျွန်တော် ပုတ်သင်ညိုလူသားတွေ စုဝေးတဲ့နေရာကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ပြီး ဝိညာဥ်ရေတွင်း ရှိလို့ ဒီမှာ အခြေချနေခဲ့တာပါ။ ဝိညာဉ်ဖုံးကွယ်ကျောက်စိမ်းကို မကြားဖူးပါဘူး"

"ဒါဆို တောင်ဘက် မိုင်ငါးထောင်အကွာမှာ ပုတ်သင်ညိုလူသားတွေ နေတဲ့ အိုအေစစ်ရှိတာကို မင်း ဘယ်လိုသိလဲ"

"အဲဒါက ပုတ်သင်ညိုလူသား အမတစ်ယောက်က ပြောပြတာပါ။ အမျိုးသမီးတွေက အမျိုးသားတွေထက် အားနည်းပေမဲ့ ဉာဏ်ရည် ပိုမြင့်ကြတယ်။ ကျွန်တော်က ညတိုင်း သူတို့နဲ့ အတူရှိနေရင်း ရိုးရှင်းတဲ့ ဆက်သွယ်မှုတွေ လုပ်ခဲ့တာပါ"

"ထပ်ပြောစရာ ရှိသေးလား။ အဆုံးမဲ့သဲကန္တာရအကြောင်း အကုန်ပြောပြရင် မင်းကို နာကျင်မှုမရှိဘဲ မြန်မြန် သေခွင့်ပေးမယ်"

စုန့်ဝမ်က အေးစက်စက် ပြောလိုက်ရာ ဟူကွမ်း တုန်လှုပ်သွားသည်။

"ကျွန်တော် အကုန် အမှန်အတိုင်း ပြောပြပြီးသားပဲကို၊ ဘာလို့ ဒီလောက်အထိ ရက်စက်ရတာလဲ"

စုန့်ဝမ်က "ငါ ရှိနေတဲ့ နေရာကို ဘယ်သူမှ မသိစေချင်လို့ပဲ" ဟု အေးစက်စွာ တုံ့ပြန်လိုက်သည်။

"ငါ့ကို သတ်ဖို့က ထင်သလောက် မလွယ်ဘူး"

ဟူကွမ်းက ပြောပြောဆိုဆို ထရပ်လိုက်သည်။

စုန့်ဝမ်က အရေးမစိုက်ဟန်ဖြင့် "မင်းက ပုတ်သင်ညိုလူသားတွေ လာကယ်မှာကို စောင့်နေတာလား။ သူတို့ လာနိုင်မှာမဟုတ်ဘူး" ဟု ဆိုလိုက်သည်။

"မင်း ဘာကို ဆိုလိုတာလဲ" ဟူကွမ်း စိုးရိမ်သွားသည်။ ဤမျိုးနွယ်စုထဲတွင် အခြေတည် အလယ်အဆင့် ခွန်အားနှင့် ညီမျှသော ပုတ်သင်ညိုလူသား ၁၃ ယောက် ရှိပြီး ၎င်းတို့မှာ သူ၏ အကြီးမားဆုံး အားကိုးရာ ဖြစ်သည်။

စုန့်ဝမ် ကျောက်အိမ်ထဲသို့ စဝင်ကတည်းက ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် ကူကောင်များကို လွှတ်ထားခဲ့သည်။ အစောပိုင်းက ထွက်သွားသော အိမ်မြှောင်လူသား အမနှစ်ဦးသည် အပြင်ရှိ ၁၃ ယောက်သော ပုတ်သင်ညိုလူသားများကို ရှိနေကြောင်း ကူပိုးကောင်များက သတင်းပေးခဲ့ပြီး တိုက်ခိုက်ရန် အမိန့်စောင့်နေကြခြင်း ဖြစ်သည်။

စုန့်ဝမ်က အပြင်ဘက်ကို ညွှန်ပြကာ ပြုံးလျက် "နားထောင်ကြည့်လိုက်" ဟု ပြောသည်။

"ဘုတ်"

အပြင်ဘက်တွင် တစ်ခုခု မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် အသံတစ်သံ တိုးညင်းစွာ ထွက်ပေါ်လာသည်။ တချိန်တည်းမှာပင် ပြင်းထန်သော ဝိညာဉ်စွမ်းအား လှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ကူပိုးကောင်များက ပုတ်သင်ညိုလူသားများကို ချောင်းမြောင်း တိုက်ခိုက်နေခြင်း ဖြစ်သည်။ ပုတ်သင်ညိုလူသားများမှာ ခန္ဓာကိုယ် သန်မာသော်လည်း ဉာဏ်ရည်နိမ့်ပြီး ဝိညာဉ်အာရုံ မရှိကြသဖြင့် အမှောင်ထဲတွင် ပုန်းနေသော ကူကောင်များကို မသိလိုက်ကြပေ။ တိုက်ပွဲမှာ တစ်ဖက်သတ် ဖြစ်နေပြီး ပုတ်သင်ညိုလူသားများမှာ ဘာဖြစ်မှန်းပင် မသိလိုက်ဘဲ သေဆုံးသွားကြသည်။

စုန့်ဝမ်က ချက်ချင်းပင် အာရုံများနေသော ဟူကွမ်းဆီသို့ လျင်မြန်စွာ ပြေးဝင်သွားသည်။ ဟူကွမ်းက ဓားကို ထုတ်၍ ခုတ်လိုက်သော်လည်း စုန့်ဝမ်က လက်ဖြင့် ဓားကို ရိုက်ထုတ်လိုက်ရာ သတ္တုချင်း ထိခိုက်သံ ထွက်ပေါ်လာပြီး ဓားမှာ လွင့်ထွက်သွားသည်။ စုန့်ဝမ်၏ လက်မှာ ဘာဒဏ်ရာမျှ မရပေ။

စုန့်ဝမ်က သူ့ဦးခေါင်းကို လှမ်းဖမ်းလိုက်သည်နှင့် ဟူကွမ်းက "မသတ်ပါနဲ့၊ ကျွန်တော် ကူညီနိုင်ပါသေးတယ်။ အိုအေစစ်ကို လိုက်ပြပါ့မယ်" ဟု ကြောက်လန့်တကြား အော်ဟစ်လိုကသည်။

"မလိုတော့ဘူး..."

စုန့်ဝမ်က အားစိုက် ဖိလိုက်ရာ ဟူကွမ်း၏ ဦးခေါင်းမှာ ချက်ချင်း ပေါက်ကွဲသွားတော့သည်။ စုန့်ဝမ်သည် ဝိညာဉ်ရှာဖွေခြင်း ပြုလိုက်သော်လည်း ဟူကွမ်း၏ မှတ်ဉာဏ်ထဲတွင် အသုံးဝင်သော သတင်းအချက်အလက် များများစားစား မရှိပေ။ အိုအေစစ်၊ ပုတ်သင်ညိုလူသားနှင့် ဝိညာဉ်ဖုံးကွယ်ကျောက်အကြောင်း ပြောခဲ့သည်မှာ အမှန်များ ဖြစ်သည်။

ဟူကွမ်းသည် ပုတ်သင်ညိုလူသားများအား ပေးသော ရေထဲတွင် ကာမအားတိုးဆေးများ ထည့်ထားခြင်းဖြင့် ၎င်းတို့၏ တိရစ္ဆာန်ဗီဇကို နှိုးဆွကာ ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ထိုသူသည် ကာမဂုဏ် လိုက်စားသူတစ်ဦး ဖြစ်ပြီး ဟူမိသားစုမှ အမျိုးသမီးများကိုပင်မချန် ပြစ်မှားခဲ့သဖြင့် မိသားစုက သူ့ကို လိုက်လံ သတ်ဖြတ်ကြခြင်း ဖြစ်သည်။

စုန့်ဝမ်လည်း ဟူကွမ်း၏ အလောင်းကို သိမ်းဆည်းလိုက်ပြီး အိမ်ပြင်သို့ ထွက်လာခဲ့သည်။ အပြင်တွင် ကျန်ရှိနေသော ပုတ်သင်ညိုလူသားများမှာ သေဆုံးသွားသော ၎င်းတို့၏ ခေါင်းဆောင် ၁၃ ယောက်၏ အလောင်းများကို လုယက် စားသောက်နေကြသည်။ ၎င်းတို့မှာ သန်မာသော်လည်း အမှန်တကယ်ပင် ဉာဏ်ရည်မဲ့သော သတ္တဝါများ ဖြစ်သည်။ စုန့်ဝမ်လည်း အရေးလုပ်မနေတော့ဘဲ တိတ်ဆိတ်စွာ ပျံသန်းထွက်ခွာလာခဲ့သည်။

...

ကျယ်ပြောလှသော သဲပြင်ကျယ်ကြီးထဲတွင် အပြာရောင် ရေကန်ကလေးတစ်ခုမှာ သဲပင်လယ်ထဲမှ ရေစက်ကလေးတစ်စက်ကဲ့သို့ ရှိနေသည်။ ထိုရေကန်၏ အကျယ်အဝန်းမှာ ၁၀ မိုင်ပတ်လည်ခန့် ရှိပြီး ရေမှာ ကြည်လင်၍ ပြာလွင်နေသည်။ ရေကန်ပတ်လည်တွင် စိမ်းလန်းသော သစ်ပင်များနှင့် မြက်ခင်းများ ရှိနေပြီး ပြင်းထန်သော ဝိညာဉ်စွမ်းအားများ ကိန်းဝပ်နေသည်။

သို့သော် ဤလှပသော အိုအေစစ်၏ နောက်ကွယ်တွင် သေစေနိုင်သော အန္တရာယ်များ ရှိနေသည်။ ရေထဲတွင် ရေနေသားရဲများ၊ တောထဲတွင် တောရိုင်းသားရဲနှင့် မြေအောက်တွင် မြေအောင်းသားရဲများဖြင့် ပြည့်နှက်နေသည်။ ထိုအိုအေစစ်၏ အစပ်နားလေးတွင် ပုတ်သင်ညိုလူသား ရွာတစ်ခု ရှိနေပြီး၊ ယခုအချိန်တွင် ထိုရွာ၌ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။

ပုတ်သင်ညိုလူသားများနှင့် သဲတီကောင်များအကြား ဖြစ်ပွားနေခြင်း ဖြစ်ပြီး ပုတ်သင်ညိုလူသားများ အရေးနိမ့်နေသည်။ သဲတီကောင်များ၏ လုံးပတ်မှာ လူ့ခါးအရွယ်မှ လက်မောင်းအရွယ်အထိ အမျိုးမျိုး ရှိကြပြီး လျှာဖျားတွင် ထက်မြက်သော သွားများ ပါရှိသည်။ ၎င်းတို့သည် အုပ်စုလိုက် တိုက်ခိုက်တတ်ကြပြီး အားနည်းသော ပုတ်သင်ညိုလူသားများကို ပစ်မှတ်ထားကာ ဝါးမျိုကြသည်။

ပုတ်သင်ညိုလူသား ၃၀ ခန့်မှာ ဒုတိယအဆင့်သားရဲ ခွန်အားရှိကြသော်လည်း များပြားလှသော သဲတီကောင်များ၏ တိုက်ခိုက်မှုကြောင့် အထိနာနေသည်။ ပုတ်သင်ညိုလူသားများမှာ တစ်စတစ်စ နည်းပါးလာပြီး အချို့မှာ ထွက်ပြေးရန် ကြိုးစားကြသော်လည်း သဲတီကောင်များက အုပ်စုလိုက် လိုက်လံ သတ်ဖြတ်နေကြသည်။

စုန့်ဝမ်သည် ၁၀ မိုင်အကွာရှိ သဲသောင်ခုံတစ်ခု၏ အနောက်တွင် ပုန်းအောင်းကာ တိုက်ပွဲကို ဝိညာဉ်အာရုံဖြင့် စောင့်ကြည့်နေသည်။ မ​ကြာမီ ဒုတိယအဆင့်ရှိသော ပုတ်သင်ညိုလူသား အမျိုးသမီးတစ်ဦး သူ့ဘက်သို့ ထွက်ပြေးလာသည်ကို သတိပြုမိလိုက်သည်။ သူမ၏ အနောက်တွင် ရေအိုးအရွယ်ခန့်ရှိသော သဲတီကောင်ကြီး တစ်ကောင်က လိုက်လာနေသည်။

ပုတ်သင်ညိုလူသားမမှာ သဲတီကောင်၏ လျှာဖြင့် ရိုက်ချက်ကို မနည်း ရှောင်တိမ်းနေရသည်။ သူမ မြေပြင်ပေါ်သို့ ကျရောက်မည့် နေရာတိုင်းတွင် အခြားသဲတီကောင်များက ပါးစပ်ဟ၍ စောင့်နေကြသည်။ သူမသည် သဲတီကောင် သုံးကောင်၏ ဝိုင်းရံမှုကို ခံရတော့မည့်ဆဲဆဲတွင် ရုတ်တရက် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပါးစပ်ဟကာ စောင့်နေသော သဲတီကောင်၏လျှာကို ခုတ်ပိုင်းပြီး နှစ်ပိုင်းဖြတ်လိုက်သည်။ ထိုအလင်းတန်းမှာ စုန့်ဝမ်၏ ဝိညာဉ်ဖြတ်ဓားပင် ဖြစ်သည်။ ဓားချီက သဲတီကောင်၏ ထူထဲသော လျှာကို ဖြတ်တောက်လိုက်သဖြင့် သဲတီကောင်မှာ နာကျင်စွာ အော်ဟစ်ပြီး မြေအောက်သို့ ပြန်ဝင်သွားသည်။

ကျန်ရှိနေသော သဲတီကောင် နှစ်ကောင်မှာလည်း ပုတ်သင်ညိုလူသားမကို ဖမ်းရန် ကြိုးစားစဉ်၊ ကောင်းကင်ယံမှနေ၍ တစ္ဆေဘုရင်တစ်ပါး ဆင်းသက်လာပြီး ဓားဖြင့် ခုတ်ချလိုက်သဖြင့် ဒဏ်ရာအပြင်းအထန် ရပြီး ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။

ပုတ်သင်ညိုလူသားမမှာ အသက်ဘေးမှ လွတ်မြောက်သွားသော်လည်း သူမရှေ့တွင် တစ္ဆေဘုရင်က ဓားဖြင့် ချိန်၍ ပိတ်ဆို့ထားသည်။ စုန့်ဝမ်က ဓားကို စီးလျက် သူမနှင့် ဆယ်ပေအကွာတွင် ပေါ်လာပြီး သူမကို ညွှန်ပြပြီးနောက် သူ့ကိုယ်သူ ပြန်ညွှန်ပြကာ နောက်မှ လိုက်ခဲ့ရန် လက်ဟန်ခြေဟန် ပြလိုက်သည်။ ပုတ်သင်ညိုလူသားမမှာ တုံ့ဆိုင်းနေသော်လည်း စုန့်ဝမ်က လည်ပင်းကို ဖြတ်မည့်ဟန် ပြလိုက်သောအခါ ကြောက်ရွံ့စွာဖြင့် လိုက်ပါလာခဲ့တော့သည်။

……..

All Chapters