မိတ်ဟောင်းဆွေဟောင်း
Vol. 25 Ch. 260
ခဏအကြာတွင် ခန်းမဆောင်ထဲမှ လူရိပ်တစ်ခု ထွက်လာသည်။ ထိုသူက ရင်ပြင်အလယ်ရှိ ပုတ်သင်ညိုဘုရင်၏ ရှေ့တွင် ရပ်လိုက်ပြီး လက်ကိုမြှောက်၍ အားပါးတရ ရိုက်နှက်လိုက်သည်။
"ဂါး"
ပုတ်သင်ညိုဘုရင်သည် နာကျင်စွာ အော်ဟစ်ပြီး သတိပြန်လည်လာသည်။ "လူသား... ယုတ်မာတယ်... ငါ့ကို လှည့်စားတယ်... ငါ့ကို... ငါးစာလုပ်တယ်" ဟု ဆိုသည်။ ပုတ်သင်ညိုလူသားဘုရင်၏ ဉာဏ်ရည်မှာ အံ့သြစရာကောင်းလောက်အောင် မြင့်မားပြီး လူသားစကားကိုပင် ပြောဆိုနိုင်သည်။ သို့သော် သူ့စကားမှာ ထစ်ငေါ့နေပြီး စကားလုံး နှစ်လုံး၊ သုံးလုံး ပြောတိုင်း ခဏ နားနေရသည်။
"ဟဲ.. ဟဲ.. ဟဲ..."
ထိုလူက စူးရှစွာ ရယ်မောလိုက်သည်။ သူ့အသံမှာ နားမခံသာအောင် ကြမ်းတမ်းလှသည်။
"ပုတ်သင်ညိုလူသားတွေက ပုံမှန်ဆို ဉာဏ်ရည်နိမ့်တဲ့ သတ္တဝါတွေပါ၊ ဒါပေမဲ့ မင်းကတော့ နည်းနည်း ထူးခြားတယ်။ တတိယအဆင့် ရောက်ရုံတင်မကဘဲ ဉာဏ်ရည်ပါ ရလာတာပဲ။ ငါက မင်းကို ဝိညာဥ်မြေခွေးကို မျှားထုတ်ဖို့ သားကောင်အဖြစ် သုံးဖို့ပါ။ ဒါပေမဲ့ အဲဒီ သတ္တဝါက အတော် ကြောက်တတ်ပြီး ဝိညာဥ်နန်းတော်ရဲ့ အတွင်းခန်းထဲမှာ ပုန်းနေတာ ထွက်မလာဘူး။ ဒါကြောင့် မင်းတို့အားလုံးကို ဒီမှာ ချည်ထားပြီး မျှားထုတ်ရတာပေါ့။ ကံမကောင်းတာက မင်းတို့ ပုတ်သင်ညိုလူသားတွေက လူပုံစံရှိပေမဲ့ လူသားအစစ်တွေ မဟုတ်ကြဘူး။ ဝိညာဥ်မြေခွေးက လူသားတွေရဲ့ ဝိညာဉ်နဲ့ အသားကို အကြိုက်ဆုံးပဲ"
ထိုလူမှာ ဝိညာဥ်မြေခွေးကို မျှားထုတ်ရန်အတွက် တမင်တကာ ကျယ်လောင်စွာ ပြောဆိုနေခြင်း ဖြစ်သည်။
"လူသား... ငါ မင်းကို... အသက်ရှင်ခွင့်... မပေးဘူး" ဟု ပုတ်သင်ညိုဘုရင်က ဟိန်းဟောက်လိုက်သည်။ "ငါက လူသားမဟုတ်တော့ဘူး။ ငါက လူတစ်ဝက် အလောင်းတစ်ဝက် ဖြစ်နေပြီ" ဟု ထိုလူက ပြန်ပြောသည်။
ပြောနေရင်း ထိုလူက ရုတ်တရက် ခေါင်းကို စောင်းလိုက်ပြီး ရင်ပြင်၏ အစွန်းဘက်သို့ လှည့်ကြည့်ကာ "နောက်ထပ် ကြွက်စုတ်လေး တစ်ကောင် ရောက်နေတာပဲ" ဟု ဆိုသည်။ ရင်ပြင်အစွန်းတွင် ပုန်းနေသော စုန့်ဝမ်မှာ သူရောက်နေသည်ကို သိသွားပြီး ထင်ကာ စိုးရိမ်သွားသည်။
ထိုလူက ရင်ပြင်၏ အခြားအစွန်းတစ်ဖက်သို့ လျင်မြန်စွာ ပြေးထွက်သွားပြီး ခဏအကြာတွင် သူသည် စုန့်ဝမ် ဖမ်းလာခဲ့သော ပုတ်သင်ညိုလူသားမကို ဆွဲခေါ်ကာ ပြန်လာသည်။
"မင်းတို့ ပုတ်သင်ညိုလူသားတွေက ဒီလောက်အထိ သစ္စာရှိကြလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ဒီတစ်ယောက်က မင်းကို ရှာဖို့ ဒီအထိ စွန့်စားလာတာပဲ" ဟု ဆိုကာ ထိုပုတ်သင်ညိုလူသားမကို ကျောက်တိုင်တစ်ခုတွင် ချည်နှောင်လိုက်သည်။
"ဂါး"
မိမိ၏ မျိုးနွယ်စုဝင် တစ်ဦး ထပ်မံ အဖမ်းခံရသည်ကို မြင်သောအခါ ပုတ်သင်ညိုဘုရင်သည် ဒေါသတကြီး ဟိန်းဟောက်တော့သည်။ ပုတ်သင်ညိုဘုရင်၏ ဒေါသတကြီး ရုန်းကန်မှုကြောင့် သံကြိုးများပင် တချွင်ချွင်မြည်ပြီး ခါယမ်းကုန်သည်။ ထိုသို့ ဆူညံလေ ဝိညာဥ်မြေခွေး၏ အာရုံစိုက်မှုကို ရရှိရန် ပို၍ နီးစပ်လေ ဖြစ်သဖြင့် ထိုလူက မတားဆီးဘဲ ခန်းမဆောင်ကြီးဆီသို့ ပြန်ဝင်သွားသည်။
ပုန်းပြီး ကြည့်နေသော စုန့်ဝမ်သည် ထိုလူရိပ်ကို တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ရင်းနှီးနေသလို ခံစားရသည်။ သို့သော် ဝေးလွန်းလှပြီး မှောင်မည်းနေသဖြင့် ထိုသူ၏ ရုပ်ရည်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
ထိုလူ ဝင်သွားပြီး အတန်ကြာမှ ကူကောင် နှစ်ကောင်ကို ခန်းမဆောင်၏ တံခါးဝသို့ တိတ်ဆိတ်စွာ ပျံသန်းသွားစေပြီး အတွင်းမှ လှုပ်ရှားမှုများကို စောင့်ကြည့်ခိုင်းလိုက်သည်။ မည်သည့် လှုပ်ရှားမှုမျှ မတွေ့ရမှ စုန့်ဝမ်သည် ကျောက်တိုင်အကွယ်မှ ထွက်လာပြီး ပုတ်သင်ညိုဘုရင်ရှိရာ ကျောက်တိုင်ဆီသို့ ချဥ်းကပ်သွားသည်။
ပုတ်သင်ညိုဘုရင်က မြင်တွေ့သွားပြီး အော်ဟစ်ရန် ပြင်လိုက်စဉ် စုန့်ဝမ်က လက်ညှိုးကို နှုတ်ခမ်းပေါ်တင်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး "ငါ မင်းကို ကယ်ဖို့ လာတာ၊ ခန်းမထဲကလူ မသိစေနဲ့" ဟု တိုးတိုးလေး ပြောလိုက်သည်။
ပုတ်သင်ညိုဘုရင်လည်း ထိုစကားကို နားလည်ပြီး ငြိမ်ကျသွားသည်။ အနားရောက်သည်နှင့် စုန့်ဝမ်က ဝိညာဉ်ဖုံးကွယ်ကျောက်စိမ်းပုံကို ထုတ်၍ ပြလိုက်သည်။
"ငါ မင်းကို လွှတ်ပေးမယ်၊ အပြန်အလှန်အနေနဲ့ ဒီကျောက်တုံးကို ဘယ်မှာ ရှာရမလဲဆိုတာ ပြောပြ"
ပုတ်သင်ညိုဘုရင်သည် ထိုပုံကို ခေတ္တ စိုက်ကြည့်ပြီးနောက် မျက်လုံးများ လှုပ်ခတ်သွားပြီး ခေါင်းငြိမ့်လိုက်သည်။ စုန့်ဝမ်က လက်ဝှေ့ယမ်းလိုက်ရာ တစ္ဆေဘုရင် ရုတ်တရက် ပေါ်လာပြီး သံကြိုးကို ဆွဲကိုင်ကာ ပုတ်သင်ညိုဘုရင်၏ ခန္ဓာကိုယ်ထဲမှ အတင်း ဆွဲထုတ်လိုက်သည်။ လေးလံသော သံကြိုးကြီးသည် ပုတ်သင်ညိုဘုရင်၏ အသားများကို ဆွဲဖြတ်သွားပြီး သွေးစိုနေသော အသားစိုင်ကြီးများပါ ပြတ်ပါလာခဲ့သည်။ ပုတ်သင်ညိုဘုရင်မှာ နာကျင်လွန်းသဖြင့် မျက်နှာ မဲ့သွားသော်လည်း မည်သည့်အသံမျှ မထွက်ခဲ့ပေ။
သံကြိုးမှ လွတ်မြောက်သွားသည်နှင့် ပုတ်သင်ညိုဘုရင်မှာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။ တစ္ဆေဘုရင်က ဓားကြီးကို ဝှေ့ယမ်းပြီး ပုတ်သင်ညိုလူသားဘုရင်၏ ရင်ဘတ်ပေါ်သို့ ထောက်ထားလိုက်သည်။ "ငါ ကတိတည်ခဲ့ပြီ၊ အခု အဲဒီကျောက် ဘယ်မှာလဲဆိုတာ ပြောတော့" ဟု စုန့်ဝမ်က တိုးတိုးလေး မေးသည်။
ပုတ်သင်ညိုလူသားဘုရင်မှာ မြေပြင်ပေါ်တွင် ထိုင်လျက် အသက်ကို ပြင်းပြင်းရှူနေရသည်။ သူ့ဒဏ်ရာများမှာ အလွန်ပြင်းထန်သဖြင့် ချက်ချင်း စကားမပြောနိုင်သေးဘဲ ခဏတာ အသက်ရှူရန် လိုအပ်နေသည်။ ထိုသို့ ဒဏ်ရာပြင်းထန်နေခြင်းကြောင့် စုန့်ဝမ်သည် စိုးရိမ်မှု မရှိဘဲ သူ့ကို လွှတ်ပေးရဲခြင်း ဖြစ်သည်။
ခဏကြာမှ ပုတ်သင်ညိုလူသားဘုရင်က "ဝိညာဉ်ဖုံးကွယ်ကျောက် ... ဝိညာဥ်မြေခွေး... မျက်ခုံးရိုး" ဟု တီးတိုးပြောလာသည်။ စုန့်ဝမ်မျက်နှာ တင်းမာသွားပြီး "မင်း ငါ့ကို ကစားနေတာလား"ဟု ထပ်မေးလိုက်သည်။ ပုတ်သင်ညိုလူသားဘုရင်က လှောင်ပြုံး ပြုံးလိုက်ပြီး "မလိမ်ဘူး၊ ဝိညာဥ်မြေခွေး.. ခန်းမထဲမှာ… သူ့ကိုသတ်ရင် ကျောက်ကို… ရမယ်" ဟု ပြောလာသည်။
သတင်းရသော်လည်း အမှန်အမှား မခွဲခြားနိုင်သဖြင့် စုန့်ဝမ် ဤနေရာမှ ရှောင်ထွက်ရန် မိုးကြိုးလှုပ်ရှားနည်းစနစ် အသုံးပြုပြီး ရင်ပြင်အစွန်းသို့ ဦးတည်သွားလိုက်သည်။ တစ္ဆေဘုရင်လည်း နောက်မှ လိုက်ပါသွားသည်။ ပုတ်သင်ညိုဘုရင်ကို သတ်ဖြတ်ရန် ကြိုးစားပါက တိုက်ခိုက်မှု ဖြစ်ပွားပြီး ခန်းမထဲရှိ လူကို သတိပေးသကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ချန်ထားရစ်ခဲ့သည်။ တတိယအဆင့် ပုတ်သင်ညိုဘုရင်နှင့် ဒုတိယအဆင့်အကောင် အများအပြားကို ဖမ်းဆီးနိုင်သော သူကို သူ မယှဉ်နိုင်ကြောင်း စုန့်ဝမ် ကောင်းကောင်း သိသဖြင့် ရှောင်ထွက်ရန် ကြိုးစားခြင်း ဖြစ်သည်။
သို့သော် ရင်ပြင်အစွန်းသို့ မရောက်သေးမီမှာပင် နားမခံသာအောင် ကြမ်းတမ်းသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
"ကောင်လေး... ရောက်လာမှတော့ ဘာလို့ ဒီလောက် မြန်မြန် ပြန်ဖို့ ကြိုးစားနေရတာလဲ"
စုန့်ဝမ် တုန်လှုပ်သွားသည်။ ၎င်းမှာ ပုတ်သင်ညိုဘုရင်ကို ဖမ်းခဲ့သည့် ထိုသူ၏ အသံပင် ဖြစ်သည်။ ခန်းမကို စောင့်ကြည့်နေသော ကူပိုးကောင် နှစ်ကောင်ပင် သတင်းပို့နိုင်ခြင်း မရှိသဖြင့် အခြေအနေ မဟန်မှန်း ရိပ်မိလိုက်သည်။
မိုးကြိုးလှုပ်ရှားမှုနည်းစနစ်အား အပြည့်အဝ အသက်သွင်းရန် ကြံရွယ်စဥ်မှာပင် အရိပ်တစ်ခု ဖြတ်ပြေးသွားပြီး လူတစ်ယောက် စုန့်ဝမ်၏ ရှေ့တွင် ပေါ်လာကာ လမ်းပိတ်လိုက်သည်။
"အစောပိုင်းက ရင်ပြင်ပေါ်မှာ သက်ရှိလူတစ်ယောက် ရှိနေတာကို ငါ ခံစားမိတယ်၊ ဒါပေမဲ့ ဘယ်မှာ ပုန်းနေလဲဆိုတာ ရှာမတွေ့ဘူး။ ဒါကြောင့် ငါက ခန်းမထဲကို ပုံရိပ်ယောင်တစ်ခု လွှတ်လိုက်ပြီး မင်းကို မျှားထုတ်လိုက်တာ။ အဲဒါ မင်းဖြစ်နေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ဒီလောက်ကြာမှ တွေ့ရတာကို နှုတ်မဆက်ဘဲ ထွက်သွားမယ်ဆိုတော့ စိမ်းကားရာ မကျဘူးလား"
စုန့်ဝမ် ရပ်တန့်သွားပြီး သူ့မျက်နှာမှာ လေးနက်သွားသည်။ လမ်းကို ပိတ်ထားသော သူမှာ အခြားသူမဟုတ်၊ သူဖန်တီးထားသော ငွေအလောင်းရုပ်သေးတစ်ခု ဖြစ်နေသည်။ ထိုအလောင်းရုပ်သေးကို ယခင်က ရွှယ်မေက သိမ်းပိုက်ခဲ့ပြီး သူမ၏ ဝိညာဉ် ခိုလှုံရာအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၁၀ နှစ်ကျော် ကြာပြီးနောက် သူမသည် ဤခန္ဓာကိုယ်ကို ဆက်လက် အသုံးပြုနေဆဲ ဖြစ်လိမ့်မည်ဟု စုန့်ဝမ် မထင်ထားခဲ့ပေ။ ရွှယ်မေက ထိုအလောင်းရုပ်သေးကို နည်းလမ်းတစ်ခုခုဖြင့် ပြန်လည် ပြုပြင်ထားပုံရပြီး ၎င်းမှာ တတိယအဆင့်တစ်ပိုင်း မဟုတ်တော့ဘဲ စစ်မှန်သော တတိယအဆင့် ငွေအလောင်းရုပ်သေးအဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။ ယခုအခါ ငွေရောင်ဖုတ်ကောင်ဟု ခေါ်ရတော့မည်။ စုန့်ဝမ်လည်း ရွှယ်မေနှင့် အသက်လုတိုက်ပွဲဝင်ရန် ပြင်ဆင်ထားလိုက်သည်။
စုန့်ဝမ်၏ ပြင်ဆင်မှုကို မြင်သောအခါ ရွှယ်မေက မတိုက်ခိုက်ဘဲ စကားပြောလာသည်။
"ကောင်လေး... ဒီလောက်ကြီး တင်းမာမနေစမ်းပါနဲ့၊ ငါ မင်းကို ရန်ပြုဖို့ အစီအစဉ် မရှိပါဘူး။ တကယ်တော့ မင်းက ငါ့ကို ကူညီခဲ့ဖူးတာပဲ။ မင်းသာ မရှိရင် နှစ်ပေါင်းသောင်းချီ ချည်နှောင်ထားတဲ့ ဝိညာဉ်သံကြိုးတွေကို ငါ ဖြတ်နိုင်မှာ မဟုတ်ဘူး။ မင်းက ဝိညာဥ်နန်းတော်ထဲက ဝိညာဥ်မြေခွေးကို လိုချင်လို့ ရောက်လာတာ မဟုတ်လား။ ငါတို့ လက်တွဲရင် မကောင်းဘူးလား။ မင်းက မြေခွေးကို မျှားထုတ်ပေး၊ ငါက ဖမ်းပေးမယ်"
စုန့်ဝမ်က ရွှယ်မေကို သတိကြီးစွာဖြင့် ကြည့်ကာ "ဝိညာဥ်မြေခွေးကို ဖမ်းမိရင် သူ့မျက်ခုံးရိုးကို လိုချင်တယ်" ဟု ပြန်ပြောသည်။
"မင်းက ပြဿနာကြီးတစ်ခုနဲ့ ကြုံနေရလို့ ဝိညာဉ်စွမ်းအင်ကို ဖုံးကွယ်ဖို့ ဝိညာဉ်ဖုံးကွယ်ကျောက်ကို လိုချင်နေတာပဲ။ ကောင်းပြီ၊ မျက်ခုံးရိုးက မင်းအပိုင်ပေါ့၊ ဒါပေမဲ့ ဝိညာဥ်မြေခွေးရဲ့ အလောင်းကတော့ ငါ့အပိုင်ပဲ"
စုန့်ဝမ်က ခေါင်းငြိမ့်လိုက်ပြီး "ကောင်းပြီ၊ ဒါပေမဲ့ ငါက ဝိညာဥ်မြေခွေးနဲ့ ဝိညာဥ်နန်းတော်အကြောင်း သိပ်မသိဘူး။ စီနီယာ ရှင်းပြပေးလို့ ရမလား" ဟု မေးလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီတုန်းက ဝိညာဥ်နန်းတော်ဆိုတာ ကျင့်ကြံသူတိုင်း ကြောက်ရွံ့ခဲ့ရတဲ့ နေရာတစ်ခုပဲ။ မင်းက ဘာမှမသိဘဲ ဒီထဲကို ဝင်ရဲတယ်ဆိုတော့ မင်းကြုံနေရတဲ့ ဒုက္ခက ဘာလဲဆိုတာ ငါ ပိုပြီး စိတ်ဝင်စားလာပြီ။ ငါ့ကို ပြောပြလို့ ရမလား"
"ဒါကတော့ အပြင်လူကို ပြောလို့မဖြစ်တဲ့ ကိုယ်ရေးကိုယ်တာကိစ္စပါ"
"ကောင်းပြီ၊ ထားလိုက်။ ငါက ဝိညာဥ်နန်းတော်အကြောင်း အကုန်ပြောပြမယ်၊ မင်းက ငါ့မေးခွန်းတစ်ခုကို အမှန်အတိုင်း ဖြေပေးရမယ်၊ ဘယ်လိုလဲ"
"စီနီယာ ဘာသိချင်တာလဲ။ ငါ သိတာဆိုရင် အကုန်ပြောပြပါ့မယ်”
"အထွတ်အထိပ် ယင်ခန္ဓာကိုယ်အကြောင်း ကြားဖူးလား"
စုန့်ဝမ် မျက်မှောင်ကြုတ်သွားသည်။ အလောင်းဘုရင် သွေးသန့်စင်ခြင်းပညာတွင် ထိုခန္ဓာကိုယ်နှင့် အထွတ်အထိပ် ယန်ခန္ဓာကိုယ်တို့မှာ ကျင့်ကြံမှုကို နှစ်ဆ ပိုမိုမြန်ဆန်စေကြောင်း ဖော်ပြထားသည်။ ရွှယ်မေ လွတ်မြောက်လာသည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာပြီ ဖြစ်သော်လည်း ခန္ဓာကိုယ်အသစ်ကို မဝင်စားသေးဘဲ ဤခန္ဓာကိုယ်အကြောင်းကို မေးမြန်းနေခြင်းမှာ သူမသည် အလောင်းဘုရင်သွေးသန့်စင်ပညာကို စွဲလမ်းနေ၍ ဖြစ်နိုင်သည်ဟု စုန့်ဝမ် တွေးမိသည်။
ထိုအချက်က ယန်ယဲ့ဝမ်ကို အဆုံးသတ်ဖို့ အခွင့်အရေး ဖြစ်နိုင်သည်ဟု တွေးလိုက်မိပြီး "ကြားဖူးရုံတင် ဘယ်ကမလဲ၊ ကိုးနန်းတော်ဂိုဏ်းက အခြေတည်အဆင့် ကျင့်ကြံသူ ယန်ယဲ့ဝမ်ဆိုတဲ့ အမျိုးသမီးမှာ အဲဒီခန္ဓာကိုယ် ရှိပါတယ်" ဟု ပြောပြလိုက်သည်။
ရွှယ်မေက ဝမ်းသာအားရဖြင့် "တကယ်လား"ဟု ပြန်မေးရာ စုန့်ဝမ်က "အမှန်ပါပဲ။ စီနီယာသာ ရှာကြည့်ရင် အလွယ်တကူ တွေ့နိုင်ပါတယ်" ဟု ပြန်ဖြေသည်။ ရွှယ်မေက စုန့်ဝမ်ကို စူးစိုက်ကြည့်ကာ "မင်းက ဒီလောက် အလွယ်တကူ ပြောပြတယ်ဆိုတော့ အဲဒီအမျိုးသမီးက မင်းရဲ့ ရန်သူ ဖြစ်ရမယ်။ မင်း သဲကန္တာရထဲကို ထွက်ပြေးလာတာလည်း သူနဲ့ ပတ်သက်နေတာလား" ဟု မေးသည်။ စုန့်ဝမ်က ဘာမှ ပြန်မပြောဘဲ ငြိမ်နေသည်။
ရွှယ်မေက ဆက်ပြောသည်။
"အထွတ်အထိပ် ယင်ခန္ဓာကိုယ်ဆိုတာ နှစ်ကိုယ်တူ ကျင့်ကြံမှုအတွက် အကောင်းဆုံး ခန္ဓာကိုယ်ပဲ။ အဲဒီအမျိုးသမီးက အခြေတည်အဆင့်ပဲ ဆိုတော့ မင်းရဲ့ ပြိုင်ဘက် မဟုတ်နိုင်ဘူး။ မင်းကို လိုက်ဖမ်းနေတဲ့သူက သူ့ယင်အဆီအနှစ်ကို လိုချင်လို့ ဖြစ်ရမယ်"
စုန့်ဝမ် ထိတ်လန့်သွားသည်။ ရွှယ်မေ၏ အကဲခတ်မှုမှာ အလွန် စူးရှလှသည်။ စကားလမ်းကြောင်း ပြောင်းရန် စုန့်ဝမ်က "စီနီယာ၊ ကျွန်တော် အမှန်အတိုင်း ပြောပြပြီးပြီ။ ဝိညာဥ်နန်းတော်နဲ့ ဝိညာဥ်မြေခွေးအကြောင်း ရှင်းပြပေးဖို့ အချိန်တန်ပြီ မဟုတ်လား" ဟု ဆိုလိုက်သည်။
"ဝိညာဥ်နန်းတော်ဆိုတာ မြင့်မြတ်သွေးတံခါးရဲ့ လက်အောက်ခံ ဂိုဏ်းတစ်ခုပဲ။ အဲဒီမှာ သွေးဝိညာဉ် အစောင့်အရှောက်တွေကို လေ့ကျင့်ပေးဖို့ တည်ထောင်ထားတာ။ အရင်တုန်းက ဒီဂူထဲမှာ သွေးစွမ်းအင်တွေနဲ့ အလောင်းချီတွေ ပြည့်နှက်နေတာ။ ဝိညာဥ်နန်းတော်က ဝိညာဉ်နယ်မြေကနေ တစ္ဆေစွမ်းအင်တွေကို ယူပြီး အစောင့်အရှောက်တွေကို လေ့ကျင့်ပေးခဲ့တာ။ နန်းတော်မှာ အတွင်းခန်းမနဲ့ အပြင်ခန်းမ ဆိုပြီး ရှိတယ်။ နှစ်ခုလုံးမှာ တစ္ဆေမြူနှင်းတွေ ဖုံးလွှမ်းနေပေမဲ့ အတွင်းခန်းမက ပိုပြီး အန္တရာယ်များတယ်။ အဲဒီမြူနှင်းတွေက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို တဖြည်းဖြည်း တိုက်စားပြီး အသိဉာဏ်မဲ့တဲ့ ဝိညာဉ်ဆိုးတွေအဖြစ် ပြောင်းလဲပစ်တာ"
ရွှယ်မေက သက်ပြင်းချပြီးမှ ဆက်ရှင်းပြသည်။
"ငါတို့က အပြင်ခန်းမကိုတော့ ကိုင်တွယ်နိုင်ပေမဲ့ အတွင်းခန်းမက အန္တရာယ်များတယ်။ ဝိညာဥ်မြေခွေးဆိုတာ အဲဒီတစ္ဆေစွမ်းအင်ကနေ မွေးဖွားလာတဲ့ ထူးခြားတဲ့ သတ္တဝါပဲ။ သူက အဲဒီမြူနှင်းတွေထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်။ ပင်ကိုယ်က ကြောက်တတ်လို့ မြူနှင်းထဲကနေ သိပ်ထွက်လေ့ မရှိဘူး။ သူက အသက်ရှိတဲ့ သတ္တဝါတွေရဲ့ အသားနဲ့ ဝိညာဉ်ကို စားတယ်၊ အထူးသဖြင့် လူသားတွေကို ပိုကြိုက်တယ်။ မင်းက အသက်ရှိတဲ့ လူသားတစ်ယောက် ဖြစ်တဲ့အတွက် ဝိညာဥ်မြေခွေးကို မျှားထုတ်ဖို့ အကောင်းဆုံး သားကောင်ပဲ"
"စီနီယာ၊ ဝိညာဥ်မြေခွေးက ဘယ်နှစ်ကောင် ရှိပြီး ဘယ်လောက်အထိ သန်မာလဲ"
"တစ်ကောင်တည်းပါ။ တတိယအဆင့် နှောင်းပိုင်း ခွန်အား ရှိတယ်"
စုန့်ဝမ် မျက်လုံးပြူးသွားသည်။
"တတိယအဆင့်နှောင်းပိုင်း သားရဲ။ ကျွန်တော်က အခြေတည်အဆင့်ပဲ ရှိသေးတာ။ အဲဒီမြေခွေးနဲ့ ရင်ဆိုင်ရရင် သေဖို့ပဲ ရှိမယ်။ ပြီးတော့ စီနီယာ့ရဲ့ ခန္ဓာကိုယ်ကလည်း ငွေရောင်ဖုတ်ကောင်အဆင့်ပဲလေ။ အဲဒီမြေခွေးကို ဘယ်လို သတ်မှာလဲ"
"စိတ်ချပါ၊ မင်းကို အစီအစဉ်မရှိဘဲ သေခိုင်းမှာ မဟုတ်ပါဘူး။ မင်း အပြင်ခန်းမထဲကို ခြေလှမ်းလိုက်တာနဲ့ ဝိညာဥ်မြေခွေးက မင်းရဲ့အော်ရာကို ခံစားမိပြီး ထွက်လာလိမ့်မယ်။ အဲဒီအခါ သူ့ကို သတ်ဖို့ ငါ့မှာ နည်းလမ်း ရှိတယ်"
……….