အမြောက်စာလေးစုန့်ဝမ်
Vol. 25 Ch. 261
စုန့်ဝမ် ရွှယ်မေကို မသင်္ကာသလို ကြည့်လိုက်မိသည်။ သူမ၏ စကားများမှာ ဝေဝါးနေပြီး မြေခွေးကို ဘယ်လိုသတ်မည် သို့မဟုတ် သူ့ကို ဘယ်လို ကာကွယ်ပေးမည်ဆိုသည်ကို မပြောပေ။ သားကောင်အဖြစ် သုံးရန်သာ ကြံစည်နေခြင်း ဖြစ်သည်။ သို့သော် ရွှယ်မေနှင့် အသက်လု တိုက်ခိုက်ရသည်ထက်စာလျှင် မြေခွေးကို မျှားပေးရခြင်းက အသက်ရှင်ရန် အခွင့်အရေး အနည်းငယ် ရှိနိုင်ပေလိမ့်မည်။
စုန့်ဝမ် တွေးတောနေစဉ် ရွှယ်မေ၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ "မင်းက သားကောင်အဖြစ် အသုံးချမခံချင်ဘူး ဆိုရင်တော့ မင်းကိုသတ်ပြီး မင်းရဲ့ ဝိညာဉ်ကို ဒီဖုတ်ကောင်ထဲမှာ ပိတ်လှောင်လိုက်မယ်။ ပြီးရင် မင်းရဲ့ အလောင်းနဲ့ပဲ မြေခွေးကို မျှားရမှာပေါ့" ဟု ဆိုကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။
ရွှယ်မေ တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ဂူအတွင်း၌ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"ရပ်လိုက်စမ်း"
လူရိပ်တစ်ခုသည် အဝေးမှနေ၍ အလျင်အမြန် ရောက်ရှိလာသည်။ ထိုသူ၏ အရှိန်အဝါမှာ ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ စုန့်ဝမ်သည် ထိုက်ရှန်းတောင်ကြီး သူ့အပေါ် ပိကျလာသကဲ့သို့ ခံစားလိုက်ရပြီး လှုပ်ရှား၍ မရတော့။ အသက်ပင် မနည်းရှူနေရသည်။ စုန့်ဝမ် ထိတ်လန့်သွားသည်။ ရောက်လာသောသူမှာ သန်မာလွန်းလှသဖြင့် သူ့တည်ရှိမှုကပင် ခုခံနိုင်စွမ်း ကင်းမဲ့စေသည်။
ရွှယ်မေ၏ မျက်နှာမှာလည်း တင်းမာသွားသည်။ သူမက ထိုစွမ်းအားကို မကြောက်သော်လည်း ဝိညာဉ်စွမ်းအင် ကင်းမဲ့သော ဤသဲကန္တာရထဲသို့ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦး ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရောက်လာသူမှာ အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော ယန်ယဲ့ဝမ်၏ဆရာ ထိုက်ဟယ်ပင် ဖြစ်သည်။ ဤဂူသည် သူ၏ ဝိညာဉ်စွမ်းအားကို ဖိနှိပ်ထားသော်လည်း ကျင့်ကြံမှုအဆင့် မြင့်မားသဖြင့် တစ်မိုင်ခန့်အထိ အာရုံခံနိုင်သည်။ ထိုက်ဟယ်က စုန့်ဝမ်ကို ကြည့်ကာ "ကျိယင်... မင်းက တော်တော် အပြေးသန်တဲ့ကောင်ပဲ။ အဆုံးမဲ့သဲကန္တာရထဲ ရောက်အောင် ထွက်ပြေးခဲ့တယ်ပေါ့" ဟု ဆိုကာ ပြုံးလိုက်သည်။ ထို့နောက် သူ့အာရုံမှာ ရွှယ်မေဆီသို့ ရောက်သွားသည်။
"အော်… ငွေရောင်ဖုတ်ကောင်ကို ထိန်းချုပ်ထားတဲ့ ဝိညာ်သန္ဓေအဆင့် ဝိညာဉ်တစ်ခုပဲ။ မင်း အသက်ရှင်စဉ်တုန်းကတော့ အတော် သန်မာမှာပဲ။ မင်းအတွက် သင့်တော်တဲ့ ခန္ဓာကိုယ်တစ်ခု ငါ ရှာပေးနိုင်ပါတယ်။ အလောင်းထဲမှာ ခိုကပ်နေတာက ရေရှည်အတွက် မကောင်းဘူး"
ရွှယ်မေက စုန့်ဝမ်ကို ထူးဆန်းသလို ကြည့်လိုက်သည်။ သူ့ကို လိုက်နေသူများက ဤမျှ မြန်မြန် ရောက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ထို့နောက် ထိုက်ဟယ်ကို ကြည့်ကာ သူမ၏ မျက်လုံးများ တောက်ပလာသည်။ ဤလူသည် သူမ ရှာဖွေနေသော အထွတ်အထိပ် ယင်ခန္ဓာကိုယ်ရှိသူကို ထိန်းချုပ်ထားသူ ဖြစ်မည်ဟု ရိပ်စားမိလိုက်သည်။
"ခန္ဓာကိုယ်အတွက် စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း။ ရှင်က ဒီကောင်လေးအတွက် လာတာလား"
"ဟုတ်တယ်"
"ငါ့မှာ အစီအစဉ်တစ်ခု ရှိတယ်၊ ရှင် စိတ်ဝင်စားလား"
"အင်း... ပြောကြည့်လေ"
"ဒီခန်းမထဲမှာ တတိယအဆင့် နှောင်းပိုင်း ဝိညာဥ်မြေခွေး တစ်ကောင် ရှိတယ်။ ဒီကောင်လေးကို အတွင်းထဲ လွှတ်ပြီး အဲဒါကို မျှားထုတ်လိုက်ရင် ငါတို့ အတူတူ သတ်လို့ရတယ်။ ငါက မြေခွေးရဲ့ အမြီးသုံးချောင်းပဲ လိုချင်တယ်၊ ကျန်တာ ရှင် ယူနိုင်ပါတယ်"
ထိုက်ဟယ်၏ မျက်လုံးများ တောက်ပသွားသည်။
"ဝိညာဥ်မြေခွေး... တကယ်လား"
"တကယ်ပေါ့"
"တတိယအဆင့်ပဲ ဆိုတော့ နည်းနည်းတော့ စိတ်ပျက်စရာပဲ"
"ရှင်က အတော် လောဘကြီးတာပဲ။ ဝိညာဥ်မြေခွေးဆိုတာ အရမ်းဝေးကွာတဲ့ မြူခိုးဝိညာဉ်နယ်မြေမှာပဲ ရှိတာ။ သူတို့ရဲ့ အမွှေးနဲ့ အရိုးတွေက ဝိညာဉ်လက်နက်တွေ လုပ်ဖို့ အဖိုးတန်ဆုံး ပစ္စည်းတွေပဲ။ ဒီမှာ တတိယအဆင့် တစ်ကောင် တွေ့တာတောင် အတော် ကံကောင်းလှပြီ"
ထိုက်ဟယ်က သဘောတူလိုက်သည်။
"ကောင်းပြီ၊ မင်းအစီအစဉ်အတိုင်း လုပ်ကြတာပေါ့။ ဒါပေမဲ့ မင်းမှာ ခန္ဓာကိုယ်မရှိတော့ ငါက သစ္စာဖောက်ပြီး ဝိညာဥ်မြေခွေးကို တစ်ယောက်တည်း ယူသွားမှာ မကြောက်ဘူးလား"
"တခြားနေရာမှာဆိုရင်တော့ ငါ နင်နဲ့ မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီဝိညာဥ်နန်းတော်ထဲမှာတော့ နင် ငါ့ကို နိုင်ဖို့ မလွယ်ပါဘူး"
ရွှယ်မေက စကားပြောပြီးနောက် အနီးရှိ ကျောက်တိုင်တစ်ခုကို ရိုက်လိုက်ရာ သွေးမြူများ ထွက်ပေါ်လာသည်။ ရင်ပြင်ရှိ အခြား ကျောက်တိုင်များမှလည်း သွေးမြူများ ထွက်လာပြီး ရင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ချက်ချင်းပင် သွေးရောင် လမ်းကြောင်းများဖြင့် ဖွဲ့စည်းထားသော ကြီးမားသော သွေးဝင်္ကပါ အစီအရင်ကြီးတစ်ခု ချက်ချင်း ပေါ်လာတော့သည်။ သွေးရောင်ဝင်္ကပါသည် ခဏတာမျှသာ အလုပ်လုပ်ပြီးနောက် ပြန်လည်တိတ်ဆိတ်သွားသည်။
ထိုက်ဟယ်၏ တည်ငြိမ်နေသော မျက်နှာမှာ လေးနက်သွားသည်။ ဝင်္ကပါ အသက်ဝင်လာသည့် ထိုခဏ၌ အန္တရာယ်ရှိသော အငွေ့အသက်ကို သိသိသာသာ ခံစားလိုက်ရသည်။ အကယ်၍ ရွှယ်မေသာ ဤဝင်္ကပါ၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ပါက သူ့အနေဖြင့် လုံးဝ ခုခံနိုင်စွမ်း ရှိမည်မဟုတ်ကြောင်း သူကောင်းကောင်း နားလည်သည်။ သို့သော် ရွှယ်မေက သူ့ကို ဘာကြောင့် တိုက်ခိုက်ခြင်း မပြုသနည်းဟု တွေးမရ ဖြစ်နေသည်။ သူမသည် ဟန်ရေးပြရုံသာ ပြနေခြင်းလော၊ သို့မဟုတ် ဤဝင်္ကပါကို အပြည့်အဝ မထိန်းချုပ်နိုင်ခြင်းလော။ သို့မဟုတ် သူမကို တစ်ခုခုက တားဆီးနေသဖြင့် တိုက်ခိုက်ရန် ဝန်လေးနေခြင်းလော။
ထိုက်ဟယ်သည် ရွှယ်မေကို စူးစိုက်ကြည့်ကာ "ဒီခန်းမဆောင်က နှစ်ပေါင်းသောင်းချီတိုင်အောင် စွန့်ပစ်ခံထားရတာ၊ ဒါပေမဲ့ မင်းက ဒီထဲက ဝင်္ကပါတွေကို စေစားနိုင်သေးတယ်ဆိုတော့ မင်းရဲ့ နောက်ခံက အတော်လေး ထူးခြားမှာပဲ" ဟု လေးလေးနက်နက် ပြောလိုက်သည်။ ရွှယ်မေက "ငါ့နောက်ခံကို စပ်စုမနေတာက ရှင့်အတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်၊ ဝိညာဥ်မြေခွေးကို ဖမ်းဖို့ပဲ အာရုံစိုက်ရအောင်" ဟု ပြန်ပြောသည်။
ထိုက်ဟယ်က ခေါင်းညိမ့်လိုက်သည်။
"ကောင်းပြီ၊ ဘယ်လို လုပ်ရမလဲ"
"ငါနဲ့ ဒီကောင်လေး ဝိညာဥ်နန်းတော်ထဲကို ဝင်မယ်။ မြေခွေးကို ဖမ်းဖို့ ငါ့မှာ နည်းလမ်းရှိတယ်" ဟု ရွှယ်မေက ဆိုသည်။ ထိုက်ဟယ်က "မင်းကို မယုံတာမဟုတ်ပါဘူး၊ ဒါပေမဲ့ မင်းက ဒီနေရာအကြောင်း အကုန်သိနေတော့ မြေခွေးကို ဖမ်းပြီး တခြားထွက်ပေါက်က ထွက်ပြေးသွားရင် ငါဘာမှရမှာ မဟုတ်ဘူး" ဟု ဆိုသည်။ ရွှယ်မေက "ရှင် အဲဒီလို စိုးရိမ်နေရင်လည်း ကျွန်မနဲ့အတူ နန်းတော်ထဲကို လိုက်ခဲ့လေ" ဟု ပြန်ပြောသည်။
သို့သော် ထိုက်ဟယ်သည် နန်းတော်အတွင်း၌ ပိုမိုအားကောင်းသော ဝင်္ကပါများ ရှိနေမည်ကို စိုးရိမ်သဖြင့် ဇွတ်အတင်း မဝင်ရဲပေ။ သူက ခေါင်းခါလိုက်ပြီး "ဝိညာဥ်မြေခွေးက အတော် သတိကြီးတယ်၊ လူအများကြီး ဝင်သွားရင် လန့်ပြီး ထွက်ပြေးသွားလိမ့်မယ်။ မင်းတို့ပဲ သွားပါ" ဟု ဆိုသည်။
ထိုက်ဟယ် ဝေခွဲမရဖြစ်နေသည်ကို မြင်သောအခါ ရွှယ်မေက လှောင်ပြုံး ပြုံးလိုက်သည်။
"ဒါဆိုရင် ငါ ဒီကောင်လေးကို ခေါ်ပြီး နန်းတော်ထဲ ဝင်သွားမယ်"
"နေဦး"
ပြောပြောဆိုဆို ထိုက်ဟယ်က လက်ကို ဝှေ့ယမ်းလိုက်ရာ သံကြိုးတစ်ခု ထွက်ပေါ်လာပြီး စုန့်ဝမ်၏ ဘယ်လက်နှင့် ကိုယ်လုံးကို တင်းကြပ်စွာ ချည်နှောင်လိုက်သည်။ ခြေထောက်ကိုမူ အလွတ်ထားပေးထားသည်။
စုန့်ဝမ် စိတ်ထဲ လေးလံသွားသည်။ ထိုက်ဟယ် ပေါ်လာသည့် အချိန်ကတည်းက သူပိတ်မိနေခဲ့ပြီး ဖြစ်သည်။ အစပိုင်းတွင် ထိုက်ဟယ်၏ ဖမ်းဆီးခြင်းကို ခံရတော့မည်ဟု စိတ်လျှော့ထားမိသော်လည်း ထိုက်ဟယ်နှင့် ရွှယ်မေတို့ သဘောတူညီမှုရကာ မြေခွေးမျှားသည့် ငါးစာအဖြစ် သုံးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ယခုတွင် စုန့်ဝမ်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဝိညာဥ်နန်းတော်အတွင်း၌ အခွင့်အရေး ရှာရန်သာ ရှိတော့သည်။ သို့သော် ထိုက်ဟယ်၏ အလွန်အမင်း သတိကြီးမှုကြောင့် လွတ်မြောက်ရန် အခွင့်အလမ်း ပိုနည်းသွားသည်။ ထိုက်ဟယ်က ဝိညာဥ်လက်နက် သံကြိုးဖြင့်ပင် ချည်နှောင်ထားလိုက်သေးသည်။ စုန့်ဝမ်သည် ဝိညာဉ်စွမ်းအင် လှည့်ပတ်ပြီး တိတ်တဆိတ် စမ်းသပ်ကြည့်ရာ ကံကောင်းထောက်မစွာဖြင့် ထိုသံကြိုးသည် ဝိညာဥ်စွမ်းအင်ကို ပိတ်ဆို့ထားခြင်း မရှိကြောင်း သိလိုက်ရသည်။
"စိတ်မပူပါနဲ့၊ ဒီကောင်လေးက ငါ့အတွက် အရေးကြီးတယ်၊ သူ့ကို အသက်ရှင်လျက် ပြန်ခေါ်သွားမှာပါ။ အန္တရာယ်တစ်ခုခု ကြုံလာရင် ဒီသံကြိုးက သူ့အသက်ကို ကယ်ပါလိမ့်မယ်" ဟု ထိုက်ဟယ်က ရွှယ်မေကို ရှင်းပြလိုက်သည်။ ထိုက်ဟယ်က သေချာ တွက်ချက်ထားသည်၊ စုန့်ဝမ်ကို ဖမ်းမိထားသရွေ့ သူ့ခရီးစဉ်မှာ အချည်းနှီး မဟုတ်ပေ။ ဝိညာဥ်မြေခွေးမှာ ရလျှင်ရ၊ မရလျှင်လည်း ကိစ္စမရှိသော အပိုဆုတစ်ခုသာ ဖြစ်သည်။
ရွှယ်မေသည် ထိုက်ဟယ်ကို ကြည့်လိုက်သော်လည်း ဘာမှ ကန့်ကွက်ခြင်း မပြုဘဲ မြေပြင်ပေါ်တွင် ပုတ်သင်ညိုလူသားများကို ညွှန်ပြကာ "ဒီကောင်လေး ရှိနေပြီဆိုတော့ ဒီသတ္တဝါတွေ မလိုတော့ဘူး။ သူတို့ကို သတ်ပေးပါ၊ သူတို့အလောင်းတွေကို နန်းတော်ထဲ သယ်သွားပြီး မြေခွေးကို မျှားမယ်" ဟု ဆိုသည်။ ထိုက်ဟယ်က ခေါင်းငြိမ့်ပြပြီး လက်ဝှေ့ယမ်းလိုက်ရာ ပုတ်သင်ညိုလူသားဘုရင်နှင့် တစ်ဖွဲ့လုံး ချက်ချင်းပင် အသတ်ခံလိုက်ရသည်။
ရွှယ်မေသည် ကြီးမားသော ခေါင်းတလားတစ်ခုကို ထုတ်ယူကာ ပုတ်သင်ညိုလူသား အလောင်းအားလုံးကို ထည့်လိုက်သည်။ ထို့နောက် စုန့်ဝမ်၏ ကျောကို အားဖြင့် ရိုက်လိုက်ပြီး "မင်း နားလည်မှုရှိရှိ ပူးပေါင်းရင် အများကြီး ဒုက္ခမရောက်စေရဘူး၊ သွားတော့" ဟု ဆိုသည်။ စုန့်ဝမ်လည်း အင်အားချင်း မမျှသဖြင့် ရွှယ်မေ၏ အမိန့်ကို နာခံကာ ဝိညာဥ်နန်းတော်ဆီသို့ လျှောက်လှမ်းခဲ့ရသည်။
နန်းတော်မှာ မြင့်မားပြီး ခမ်းနားထည်ဝါလှသည်။ တံခါးများမှာ အနည်းငယ် ဟနေသဖြင့် စုန့်ဝမ် အတွင်းသို့ လှမ်းဝင်လိုက်သည်။ နန်းတော်အတွင်း၌ အားနည်းသော တစ္ဆေမြူနှင်းအချို့ ရှိနေသည်။ ထိုမြူနှင်းများအတွင်းရှိ တစ္ဆေစွမ်းအင်မှာ ပုံမှန်စွမ်းအင်များနှင့် ကွဲပြားနေကြောင်း စုန့်ဝမ် သတိပြုမိသည်။ ပုံမှန် တစ္ဆေစွမ်းအင်မှာ အေးစက်စက်နှင့် ထူးဆန်းသော ခံစားချက်ကို ပေးသော်လည်း ဤနန်းတော်အတွင်းရှိ စွမ်းအင်မှာမူ ကြမ်းတမ်းပြီး ရန်လိုသော ခံစားချက်ကို ပေးသည်။
ဤတစ္ဆေစွမ်းအင်မှာ နှစ်ပေါင်းများစွာ ငတ်မွတ်နေသော သားရဲတစ်ကောင်ကဲ့သို့ စုန့်ဝမ်၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် တိုးဝင်ရန် ကြိုးစားနေသည်။ ထိုအခိုက် ဒန်တန်အတွင်းရှိ အလောင်းဘုရင်သွေးသန့်စင်ပညာမှ ဝိညာဉ်စွမ်းအင်များ အလိုအလျောက် လည်ပတ်လာပြီး အကြောများအတွင်းသို့ စီးဝင်သွားသည်။ ချက်ချင်းပင် စုန့်ဝမ်၏ ရုပ်ရည်မှာ ဖုတ်ကောင်ကဲ့သို့ ပြောင်းလဲလာသည်။
စုန့်ဝမ် ဝမ်းသာသွားပြီး ရွှယ်မေ မရိပ်မိခင် အတင်းအဓမ္မ ဖိနှိပ်ကာ ရပ်တန့်လိုက်ရသည်။ ဤဂူအတွင်း၌ ဝိညာဉ်စွမ်းအားကို ဖိနှိပ်ထားသော်လည်း တစ္ဆေမြူနှင်းများနှင့် ထိတွေ့သောအခါ အလောင်းဘုရင်သွေးသန့်စင်ပညာမှာ အလိုအလျောက် အသက်ဝင်လာခြင်း ဖြစ်သည်။ ဤသည်မှာ ထိုပညာရပ်နှင့် ဤနေရာကြား နက်ရှိုင်းသော ဆက်နွှယ်မှု ရှိနေကြောင်း ပြသနေသည်။ ၎င်းမှာ လွတ်မြောက်ရန်အတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ပေလိမ့်မည်။
ထိုအချိန် ရွှယ်မေက ပုတ်သင်ညိုလူသားများ၏ အသွေးအသားများကို ခန်းမဆောင်အတွင်း၌ ဖြန့်ကျဲလိုက်ရာ သွေးညှီနံ့များ ဖုံးလွှမ်းသွားသည်။
"ကောင်လေး... ငါ မင်းကို သတိမပေးဘူးလို့ မပြောနဲ့ဦး။ ဝိညာဥ်နန်းတော်မှာ အပြင်ခန်းမနဲ့ အတွင်းခန်းမဆိုပြီး ရှိတယ်။ အပြင်ခန်းမမှာ နေရင် ဘာမှမဖြစ်ပေမဲ့ အတွင်းခန်းမက တစ္ဆေစွမ်းအင်တွေ ပြည့်နှက်နေတာ။ မင်းလို လူသားခန္ဓာကိုယ်နဲ့ဆိုရင် ခဏလေးနဲ့ အဲဒီစွမ်းအင်တွေက တိုက်စားပြီး လူမဟုတ် တစ္ဆေမဟုတ် အသိဉာဏ်မဲ့တဲ့ သတ္တဝါအဖြစ် ပြောင်းလဲပစ်လိမ့်မယ်။ ငါ့ရဲ့ ငွေရောင်ဖုတ်ကောင် ခန္ဓာကိုယ်နဲ့တောင် အတွင်းခန်းမထဲကို အလွယ်တကူ မဝင်ရဲဘူး"
စုန့်ဝမ်သည် ရွှယ်မေကို မကျေမနပ်ဟန်ဖြင့် ကြည့်လိုက်သော်လည်း စိတ်ထဲတွင်မူ ဝမ်းသာနေသည်။ အလောင်းဘုရင်သွေးသန့်စင်ပညာသည် တစ္ဆေမြူနှင်းများကို တန်ပြန်နိုင်ပုံရသဖြင့် မကြောက်တော့ပေ။ အကယ်၍ အတွင်းခန်းမထဲသို့ ထွက်ပြေးနိုင်ပါက အသက်ရှင်ရန် အခွင့်အလမ်း ရှိပေလိမ့်မည်။ တစ်ခုတည်းသော အတားအဆီးမှာ ထိုက်ဟယ် ချည်နှောင်ထားသော သံကြိုးကို အရင်ဖြုတ်ရန် ဖြစ်သည်။
စုန့်ဝမ်သည် အပြင်ခန်းမအတွင်း လှည့်ပတ်သွားလာရင်း လွတ်မြောက်ရန် အစီအစဉ် ဆွဲနေသည်။ အတွင်းခန်းမနှင့် အပြင်ခန်းမကြားတွင် ကျောက်တံခါးတစ်ခု ရှိပြီး အနည်းငယ် ဟနေသည်။ ထိုတံခါးကို တွန်းဖွင့်လိုက်ရုံနှင့် အတွင်းခန်းမသို့ ရောက်နိုင်သည်။ ရွှယ်မေကို လှည့်ကြည့်လိုက်ရာ သွေးများကို ဖြန့်ကျဲပြီးနောက် ခန်းမထောင့်တွင် ပုန်းအောင်းနေသည်ကို တွေ့လိုက်ရသည်။ ရွှယ်မေက စုန့်ဝမ်၏ လှုပ်ရှားမှုများကို ဝင်မနှောင့်ယှက်ပေ။
စုန့်ဝမ် ကျောက်တံခါးနားသို့ တိုးသွားပြီး အသာအယာ တွန်းကြည့်သည်။ တံခါးမှာ ထူထဲကြီးမားသော်လည်း လေးလံခြင်း မရှိဘဲ အလွယ်တကူ ပွင့်ဟသွားသည်။ "တံခါးကို မထိနဲ့၊ ဝိညာဥ်မြေခွေး လန့်သွားလိမ့်မယ်" ဟု ရွှယ်မေ၏ အသံမှာ စုန့်ဝမ် စိတ်ထဲတွင် ပဲ့တင်ထပ်လာသဖြင့် လက်ကို ရုပ်သိမ်းလိုက်ပြီး သံကြိုးကို ဖြုတ်ရန်သာ အာရုံစိုက်လိုက်သည်။ သံကြိုးမှာ ဝိညာဥ်လက်နက် ဖြစ်သဖြင့် သူ့ခွန်အားနှင့် ဖျက်၍ မရပေ။ သံကြိုး၏ တစ်ဖက်ကိုမူ ထိုက်ဟယ်က မြဲမြံစွာ ဆုပ်ကိုင်ထားသည်။
စုန့်ဝမ်လည်း အတွင်းခန်းမ ကျောက်တံခါးကို ပြန်ကြည့်ကာ အကြံတစ်ခု ရသွားပြီး တံခါးနှင့် ပေအနည်းငယ် အကွာတွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း ရွှယ်မေ၏ အစီအစဉ်ကို ပူးပေါင်းဆောင်ရွက်နေသည့်ဟန်ဖြင့် ငြိမ်နေလိုက်သည်။ ထိုသို့ဖြင့် ရက်အနည်းငယ် စောင့်ဆိုင်းခဲ့သည်။
…