ဥာဏ်သုံးပြီး ရုန်းထွက်မယ်
Vol. 25 Ch. 262
စောင့်နေရင်း တစ်ရက်တွင် ….
"ကျွီ..."
ပွတ်တိုက်သံနှင့်အတူ ကျောက်တံခါး ပွင့်လာသည်။ အပြင်ခန်းမရှိ စုန့်ဝမ်နှင့် ရွှယ်မေတို့လည်း ဖြည်းဖြည်းချင်း ပွင့်လာသော အတွင်းခန်းမ ကျောက်တံခါးကို စိုက်ကြည့်နေကြသည်။ မကြာမီ ဝိညာဉ်မြေခွေးတစ်ကောင် တံခါးဝတွင် ပေါ်လာသည်။ ထိုမြေခွေးမှာ ဆယ်ပေကျော် ရှည်လျားပြီး ကြီးမားလှသော အနက်ရောင် အမြီးသုံးချောင်း ရှိသည်။ ၎င်းက မည်သည့် အော်ရာမျှ မထုတ်လွှတ်ဘဲ မှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသော တစ္ဆေတစ်ကောင်ကဲ့သို့ အသံမထွက်ဘဲ လှုပ်ရှားနေသည်။
လိုဏ်ဂူအတွင်းမှာ မှောင်မိုက်နေပြီး တစ္ဆေမြူနှင်းများ ဖုံးနေသဖြင့် သေချာ မကြည့်ပါက မြေခွေး ရှိနေသည်ကို မြင်ရန် ခက်ခဲလှသည်။ မြေခွေး၏ နှာခေါင်းမှာ လှုပ်ခတ်သွားပြီး အေးစက်မှောင်မိုက်သော မျက်လုံးများက စုန့်ဝမ်ရှိရာသို့ စိုက်ကြည့်လာသည်။ ဝိညာဥ်မြေခွေးက စုန့်ဝမ်၏ အသက်ဓာတ်ကို ခံစားမိသွားပြီ ဖြစ်သည်။ သို့သော် စုန့်ဝမ်ထံသို့ ချက်ချင်း ပြေးမလာဘဲ တံခါးဝတွင် ရပ်ကာ ပတ်ဝန်းကျင်ကို အနံ့ခံနေသည်။
တဖြည်းဖြည်း ချဥ်းကပ်လာသော ဝိညာဥ်မြေခွေးသည် စုန့်ဝမ်နှင့် ပေအနည်းငယ်သာ ဝေးတော့သည်။ ၎င်းက တည်ငြိမ်နေသော်လည်း ၎င်း၏ တည်ရှိမှုကပင် ပြင်းထန်သော ဖိအားများ ပေးနေသည်။ ထို့ကြောင့် စုန့်ဝမ်သည် အနည်းငယ်မျှပင် မပေါ့ဆရဲပေ။
ဤကဲ့သို့ တင်းမာနေသော အခြေအနေတွင် အချိန်မှာ အလွန်ပင် နှေးကွေးစွာ ကုန်ဆုံးနေသည်။ တစ်နာရီခန့် ကြာပြီးနောက် နောက်ဆုံးတွင် ဝိညာဥ်မြေခွေးက စတင် လှုပ်ရှားလာသည်။ ၎င်းသည် ဖြည်းဖြည်းချင်း ထရပ်ကာ ရှေ့သို့ လှမ်းလိုက်သော်လည်း၊ စုန့်ဝမ်ထံသို့ မလာဘဲ မြေပြင်ပေါ်ရှိ ပုတ်သင်ညိုလူသား၏ အသားစိုင်တစ်ခုဆီသို့ ဦးတည်သွားသည်။ ထို့နောက် နီရဲသော လျှာကို ဝှေ့ယမ်းပြီး အသားစိုင်ကြီးကို ပါးစပ်ထဲသို့ ဆွဲသွင်းလိုက်သည်။
တိတ်ဆိတ်နေသော လိုဏ်ဂူထဲတွင် ဝိညာဥ်မြေခွေး၏ ကိုက်ဝါးစားသံများ ပဲ့တင်ထပ်နေသည်။ စားပြီးသည်နှင့် ဝိညာဥ်မြေခွေးက မထင်မှတ်ဘဲ အရှေ့သို့ ခုန်တက်လိုက်ပြီး စုန့်ဝမ်ထံ ပစ်ဝင်လာသည်။ ၎င်း၏ လက်သည်းများက ဦးခေါင်းနှင့် နီးကပ်လာသောအခါ စုန့်ဝမ်မှာ ကြောက်လန့်လွန်းသဖြင့် တောင့်တင်းသွားပြီး မျက်လုံးပြူးကာ ငြိမ်နေမိသည်။
ထိုခဏ၌ စုန့်ဝမ်၏ ကိုယ်ပေါ်တွင် ပတ်ထားသော သံကြိုးမှာ ရုတ်တရက် တင်းသွားပြီး သူ့ကို အနောက်သို့ အတင်း ဆွဲယူလိုက်သဖြင့် ဝိညာဥ်မြေခွေး၏ တိုက်ခိုက်မှုမှ သီသီလေး လွတ်မြောက်သွားသည်။ သို့သော် စုန့်ဝမ်၏ မျက်နှာတွင် စိတ်သက်သာရာရသည့် အရိပ်အယောင် မရှိဘဲ စိတ်ပျက်သွားသည့်ဟန်သာ ရှိသည်။ သားကောင် လွတ်သွားသည်ကို မြင်သောအခါ ကြောက်တတ်သော ဝိညာဥ်မြေခွေးက ဆက်၍ မလိုက်တော့ဘဲ အတွင်းခန်းမ တံခါးဝသို့ ပြန်လှည့်ပြေးသွားသည်။
"ထွက်ပြေးမလို့လား၊ နောက်ကျသွားပြီ"
ရွှယ်မေ၏ အသံ ထွက်ပေါ်လာပြီး ခန်းမဆောင်၏ ကြမ်းပြင်ပေါ်တွင် ရုတ်တရက် အနီရောင်အလင်းများ တောက်ပလာသည်။ သွေးနီရောင်စွမ်းအင်များ အပေါ်သို့ တိုးထွက်လာပြီး အပြင်ခန်းမ အလယ်တွင် ဝင်္ကပါ အတားအဆီးတစ်ခု ပေါ်လာသည်။ ဝိညာဥ်မြေခွေးမှာ ဝင်္ကပါအတွင်း ပိတ်မိသွားပြီး စုန့်ဝမ်နှင့် ရွှယ်မေတို့မှာမူ အပြင်တွင် ကျန်ရစ်ခဲ့သည်။
ရုတ်တရက် ပြောင်းလဲမှုကြောင့် ဝိညာဥ်မြေခွေးမှာ ဒေါသထွက်သွားပြီး ဝင်္ကပါအတွင်းမှ လွတ်မြောက်ရန် ဟိုဟိုဒီဒီ ပြေးလွှား တိုက်ခိုက်တော့သည်။ သို့သော် တိုက်ခိုက်မှုတိုင်းမှာ ဝင်္ကပါ အတားအဆီးကြောင့် ပျက်ပြယ်သွားသည်။ "အတွင်းခန်းမထဲကနေ ထွက်လာပြီးမှတော့ ပြန်ဝင်ဖို့ မစဉ်းစားနဲ့တော့" ဟု ရွှယ်မေက ဝင်္ကပါအတွင်းရှိ ဒေါသထွက်နေသော မြေခွေးကို ကြည့်ကာ ကျေနပ်စွာ ပြောလိုက်သည်။ သူမ၏ လက်ထဲတွင် ဝင်္ကပါတံဆိပ်ပြားတစ်ခု ရှိနေပြီး ၎င်းမှာ ရင်ပြင်နှင့် အပြင်ခန်းမရှိ ဝင်္ကပါများကိုလည်း ထိန်းချုပ်နိုင်သည်။
ရွှယ်မေ၏ ထိန်းချုပ်မှုအောက်တွင် ဝင်္ကပါအတွင်းရှိ သွေးနီရောင်အလင်းများ ပိုမို ပြင်းထန်လာသည်။ ထိုအလင်းတန်းများမှာ အဆိပ်လူးထားသော အပ်ငယ်ပေါင်း များစွာကဲ့သို့ ဝိညာဥ်မြေခွေး၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ထိုးဝင်သွားသည်။ ဝိညာဥ်မြေခွေးမှာ နာကျင်လွန်းသဖြင့် စူးစူးဝါးဝါး အော်ဟစ်နေရသည်။ ၎င်း၏ ခန္ဓာကိုယ်မှ အမည်းရောင် တစ္ဆေမြူနှင်းများ ထွက်ပေါ်လာပြီး သွေးနီရောင်အလင်းအောက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ၎င်း၏အော်ရာမှာလည်း အားနည်းလာသည်။
ခဏအတွင်းမှာပင် ဝိညာဥ်မြေခွေးမှာ အပြင်းအထန် ဒဏ်ရာရသွားပြီး ခွန်အားများ ဆုံးရှုံးသွားသည်။ ရွှယ်မေက နောက်ဆုံးတိုက်ချက်ဖြင့် အဆုံးသတ်ရန် ပြင်လိုက်စဉ်မှာပင် အနားတွင် ရှိနေသော စုန့်ဝမ်က ရုတ်တရက် ခုန်ထွက်ပြီး ရွှယ်မေထံသို့ ဦးခေါင်းဖြင့် အတင်း တိုးဝင်တိုက်လိုက်သည်။ ရွှယ်မေက အရေးမစိုက်ဘဲ လှောင်ပြုံးပြုံးလျက် "အခြေတည်အဆင့် ကျင့်ကြံသူလေးက ငါ့ရှေ့မှာ လှည့်ကွက် သုံးချင်တာလား" ဟု ဆိုသည်။
ရွှယ်မေနား မရောက်မီမှာပင် သံကြိုးက ပြန်တင်းသွားပြီး စုန့်ဝမ်ကို အပြင်ခန်းမ အဝင်ဝဆီသို့ အရှိန်ဖြင့် ဆွဲယူသွားသည်။ လမ်းတစ်ဝက်အရောက် ရုတ်တရက် တစ္ဆေဘုရင် ပေါ်လာပြီး ကြီးမားသော ဓားကြီးဖြင့် ခုတ်ချလိုက်ရာ စုန့်ဝမ်၏ ဦးခေါင်းမှာ ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။
ဝိညာဥ်နန်းတော် အပြင်ဘက်တွင် ရှိနေသော ထိုက်ဟယ်မှာ အံအားသင့်သွားသည်။ "သေသွားပြီလား၊ ဘယ်လိုဖြစ်နိုင်မှာလဲ" ထိုက်ဟယ် သံကြိုးကို အမြန် ပြန်ဆွဲယူပြီး သံကြိုးနှင့်အတူ ပါလာသော အလောင်းကို စစ်ဆေးကြည့်သောအခါ လူသား မဟုတ်ဘဲ အလောင်းရုပ်သေးတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အတွေ့အကြုံများသူပီပီ ရုပ်သေးအစားထိုးပညာရပ်ဖြင့် လှည့်စားသွားခြင်း ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
ထိုက်ဟယ်၏ ရင်ထဲတွင် ဒေါသမီးများ ဟုန်းဟုန်းတောက်သွားသည်။ ဂုဏ်သိက္ခာ မြင့်မားသော ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပါလျက် အခြေတည်အဆင့် ကျင့်ကြံသူလေး၏ လှည့်ကွက်ထဲတွင် ကျရှုံးသွားခြင်းမှာ လုံးဝလက်ခံ၍ မရသော အရှက်တရားပင် ဖြစ်သည်။ ထိုက်ဟယ်လည်း ဘာမှ တွေဝေမနေတော့ဘဲ ဝိညာဥ်နန်းတော် အပြင်ခန်းမအတွင်းသို့ လျင်မြန်စွာ ပြေးဝင်သွားတော့သည်။
ရွှယ်မေသည် စုန့်ဝမ် ရုတ်တရက် မိမိကိုယ်ကိုယ် သတ်သေသွားသည်ကို မြင်သောအခါ ခဏမျှ မှင်တက်သွားသည်။ သို့သော် စုန့်ဝမ် သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ သူမနှင့် မဆိုင်သဖြင့် ချက်ချင်းပင် ဝင်္ကပါ ထိန်းချုပ်မှုကို အာရုံစိုက်လိုက်သည်။ ထိုအခိုက် တတိယအဆင့်တစ်ပိုင်း ငွေအလောင်းရုပ်သေးတစ်ခု ပေါ်လာပြီး သူမထံသို့ ပြင်းထန်စွာ တိုးဝင်လာသည်။
"ဖယ်စမ်းး"
ရွှယ်မေက ဒေါသတကြီး အော်ဟစ်ကာ ထိုအလောင်းကို လက်ဖြင့် ရိုက်ထုတ်လိုက်သည်။ သူမ၏ လက်ရှိ ခန္ဓာကိုယ်မှာ တတိယအဆင့်သို့ ရောက်နေပြီ ဖြစ်သဖြင့် ထိုငွေအလောင်းရုပ်သေးမှာ တစ်ချက်တည်းနှင့် လွင့်ထွက်သွားသည်။ ထိုခဏ၌ပင် လျှပ်စီးကြောင်းတစ်ခု ပေါ်လာပြီး ရွှယ်မေထံ ပစ်ချလိုက်သည်။
မဟာဂူမိုးကြိုးကြောင့် ခန်းမအတွင်းရှိ တစ္ဆေမြူနှင်းများပင် နေရောင်အောက်မှ နှင်းများကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားသည်။ ရွှယ်မေလည်း ထိတ်လန့်သွားသည်။ စတွေ့ချိန်ကလည်း စုန့်ဝမ် မိုးကြိုးနည်းစနစ် အသုံးပြုသည်ကို မှတ်မိနေသဖြင့် စုန့်ဝမ် မသေသေးကြောင်း ချက်ချင်း သိလိုက်သည်။ ရွှယ်မေက လက်ကို မြှောက်၍ အပေါ်သို့ ရိုက်ထုတ်ပြီး လျှပ်စီးကြောင်းကို ခုခံလိုက်သည်။
"ဂျိမ်း.."
လျှပ်စီးနှင့် လက်ဝါးပုံရိပ်တို့ တိုက်မိကြသည်။ လက်ဝါး၏ စွမ်းအားမှာ လျှပ်စီးထက် သိသိသာသာ သန်မာသော်လည်း အလောင်းချီဖြင့် ဖွဲ့စည်းထားသဖြင့် မိုးကြိုးစွမ်းအားကို တားဆီးချေဖျက်နိုင်ခြင်း မရှိပေ။ လျှပ်စီးမှာ လက်ဝါးပုံရိပ်ကို ဖောက်ထွက်ပြီး ရွှယ်မေထံသို့ ဆက်လက် ပစ်ဝင်လာကာ ရွှယ်မေ၏ ဦးခေါင်းအထက်တွင် ပေါက်ကွဲသွားသည်။ ရွှယ်မေ၏ ခန္ဓာကိုယ်တစ်ခုလုံး ငွေရောင်အလင်းများ ဖုံးလွှမ်းသွားသည်။
လျှပ်စီးမှာ လက်ဝါးပုံရိပ်ကြောင့် အားနည်းသွားသဖြင့် တတိယအဆင့် ငွေရောင်ဖုတ်ကောင်ခန္ဓာကို မထိခိုက်နိုင်ပေ။ သို့သော် ရွှယ်မေသည် ဝိညာဉ်အဖြစ် ငွေရောင်ဖုတ်ကောင်ထဲတွင် ခိုကပ်နေခြင်း ဖြစ်သဖြင့် မိုးကြိုးစွမ်းအားဒဏ်ကို ခံနိုင်ရည် အားနည်းနေသည်။ သူမ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး ခေတ္တမျှ ထိန်းချုပ်၍ မရဖြစ်သွားသည်။
ထိုအခိုက်အတန့်လေးမှာပင် ကြီးမားသော အနက်ရောင် ဓားကြီးတစ်စင်းမှာ အပေါ်မှနေ၍ ဝှေ့ယမ်း ခုတ်ချလိုက်ရာ ဝင်္ကပါထိန်းချုပ်တံဆိပ်ကို ကိုင်ထားသော ရွှယ်မေ၏ လက်ကောက်ဝတ်ကို တည့်တည့် ထိမှန်သွားသည်။ ဓားကြီးမှာ လက်ကောက်ဝတ်ကို မဖြတ်နိုင်ဘဲ တန်ပြန်အားကြောင့် ဝိညာဉ်ဘုရင်ပင် နောက်သို့ ဆုတ်သွားရသည်။ သို့သော် ထိုဓားချက်ကြောင့် ရွှယ်မေ၏ လက်ကောက်ဝတ်မှ အသားများ ပြတ်တောက်သွားပြီး ငွေရောင်အရိုးများပင် ပေါ်လာသည်။ ထိုအရှိန်ကြောင့် သူမ၏ လက်ထဲမှ ဝင်္ကပါထိန်းချုပ်တံဆိပ်မှာ လွင့်ထွက်သွားသည်။
ထိုအခါ လွင့်ထွက်သွားသော တတိယအဆင့် ငွေအလောင်းရုပ်သေး ရောက်လာပြီး ဝင်္ကပါထိန်းချုပ်တံဆိပ်ကို ဖမ်းယူကာ အတွင်းခန်းမသို့ အပြင်းဝင်သွားသည်။ တစ္ဆေဘုရင်သည်လည်း တွေဝေခြင်း မရှိဘဲ အတွင်းခန်းမဆီသို့ လိုက်သွားသည်။ ဝင်္ကပါထိန်းချုပ်တံဆိပ် ပါသွားသဖြင့် ဝင်္ကပါကို ထိန်းချုပ်မည့်သူ မရှိတော့ပေ။ သွေးရောင်အတားအဆီးမှာ ချက်ချင်း မှိန်သွားပြီး ဝင်္ကပါမှာ အလိုအလျောက် ပျက်စီးသွားသည်။ ဝိညာဥ်မြေခွေးမှာလည်း ထရပ်ကာ အတွင်းခန်းမဆီသို့ ပြေးဝင်သွားသည်။
ထိုခဏ၌ ရွှယ်မေလည်း ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ သူမ၏ မထင်မှတ်ဘဲ စီစဥ်ထားသမျှ လွဲချော်ကုန်၍ ဒေါသထွက်သွားသည်။ ထွက်ပြေးသွားသော ဝိညာဥ်မြေခွေးနှင့် ငွေအလောင်းရုပ်သေးကြား မည်သူ့နောက် လိုက်ရမည်ကို ခေတ္တ တွေဝေသွားသော်လည်း နောက်ဆုံးတွင် အလောင်းရုပ်သေး နောက်သို့ လိုက်ရန် ဆုံးဖြတ်လိုက်သည်။ ဝင်္ကပါထိန်းချုပ်တံဆိပ် မရှိပါက ဝိညာဥ်မြေခွေးကို ဖမ်းမိလျှင်ပင် ထိုက်ဟယ်ကို လက်ဆောင်ပေးလိုက်ရသကဲ့သို့ ဖြစ်ပေလိမ့်မည်။
“ဂျိမ်း..”
သို့သော် သူမ ရှေ့သို့ လှမ်းလိုက်ချိန်မှာပင် နောက်ထပ် မိုးကြိုးလျှပ်စီးတစ်ခု ကျရောက်လာပြန်သည်။ ရွှယ်မေ၏ ခန္ဓာကိုယ် ထပ်မံ တောင့်တင်းသွားပြန်သည်။ ရွှယ်မေလည်း မတတ်သာသည့်ဆုံး ငွေအလောင်းရုပ်သေး၊ တစ္ဆေဘုရင်နှင့် ဒဏ်ရာရနေသော ဝိညာဥ်မြေခွေးတို့ အတွင်းခန်းမ တံခါးဝမှနေ၍ တစ်ဦးပြီးတစ်ဦး ဝင်ရောက်သွားသည်ကို ကြည့်နေရတော့သည်။ ဤမြင်ကွင်းကို အပြင်ခန်းမထဲသို့ လှမ်းဝင်လာသော ထိုက်ဟယ်လည်း မြင်တွေ့သွားသည်။
ကျိယင်ဟု သူသိထားသော စုန့်ဝမ်ကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။
ဘာဖြစ်သွားသည် ဆိုသည်ကို ထိုက်ဟယ် ရိပ်မိသဖြင့် လျှပ်စီးများ ဝန်းရံခံနေရသည့် ရွှယ်မေကို အေးစက်စွာ စိုက်ကြည့်ပြီး "စောက်သုံးကို မကျဘူး"ဟု ဆဲဆိုကာ အရှိန်မလျှော့ဘဲ အတွင်းခန်းမဆီသို့ ဆက်လက် ပျံသန်းသွားသည်။
………