ဝူရှန်းဆိုတာ ဒီလိုလူလား
Vol. 25 Ch. 256
နာရီဝက်ခန့်အကြာတွင် ဆေးဖော်ခန်းများရှိ အပူရှိန်များ ရုတ်တရက် အားနည်းသွားပြန်သည်ကို လူအများ သတိပြုမိသွားကြသည်။ အကြီးအကဲတစ်ဦးက ဝေ့တင်းနှင့် ကျော့ရွှေယွမ်တို့ကို ဆက်သွယ်၍ မရသောအခါမှ တစ်ခုခု မှားယွင်းနေပြီဟု သိရှိပြီး အထက်ကို သတင်းပို့လိုက်သည်။
တားမြစ်နယ်မြေသို့ ဖုန့်ဖန်းယီ ရောက်ရှိလာသောအခါ မေ့မြောနေသော လူနှစ်ဦးနှင့် အားနည်းသွားသော မြေကမ္ဘာမီးတောက် တွေ့လိုက်ရသဖြင့် အလွန်တရာ ဒေါသထွက်သွားသည်။ အစီအရင်များ ပျက်စီးခြင်းမရှိသဖြင့် ဤသည်မှာ အတွင်းလူ၏ လက်ချက်ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ "သူတို့ကို နှိုးလိုက်စမ်း၊ ဘယ်သူလုပ်တာလဲဆိုတာ ငါသိချင်တယ်" ဟု ဖုန့်ဖန်းယီက အမိန့်ပေးလိုက်သည်။ ဝေတင်းနှင့် ကျော့ရွှေယွမ်တို့ သတိရလာသောအခါ ဖုန့်ဖန်းယီကို မြင်ပြီး ကြောက်လန့်သွားကြသည်။ ၎င်းတို့သည် ကျင့်ကြံမှု ဆုံးရှုံးသွားပြီဖြစ်၍ ဂိုဏ်းအတွက် အသုံးမဝင်တော့ပေ။
"မီးတောက်ကို ဘယ်ကောင် ခိုးသွားတာလဲ" ဟု ဖုန့်ဖန်းယီက မေးမြန်းသောအခါမှ "ဝူရှန်းပါ" ဟု ၎င်းတို့က အမြန် ဖြေလိုက်ကြသည်။ ဖုန့်ဖန်းယီမှာ ရုတ်တရက် ကြောင်သွားပြီး ချက်ချင်းပင် ဒေါသ ပေါက်ကွဲပါတော့သည်။ ဂိုဏ်းအတွင်း တက်လမ်းရှိနေသော ဝူရှန်းသည် အဘယ်ကြောင့် ဤသို့ စွန့်စားရသနည်းဟု သူ တွေးမရပေ။ ဝူရှန်းသာ အမှန်တကယ် လိုချင်ပါက ခိုးစရာမလိုဘဲ ရရှိနိုင်သည့် အခြေအနေမျိုး ရှိနေသည် မဟုတ်ပါလား။
"ဝူရှန်း လိုက်ရှာကြစမ်း။ သူ့ကို ငါ့ရှေ့ ခေါ်လာခဲ့" ဟု ဖုန့်ဖန်းယီက အမိန့်ပေးလိုက်သည်။ ထို့နောက် မြေပြင်ပေါ်ရှိ လူနှစ်ဦးကို ကြည့်ကာ "ဒီအသုံးမကျတဲ့ နှစ်ယောက်ကို ဥပဒေခန်းမ ခေါ်သွားပြီး စစ်ဆေးမေးမြန်းကြစမ်း" ဟု ဆိုသည်။ ၎င်းတို့နှစ်ဦးမှာ သေခြင်းထက် ဆိုးရွားသော ညှဉ်းပန်းမှုများကို ရင်ဆိုင်ရတော့မည်ကို သိသဖြင့် အသနားခံနေကြသော်လည်း ဖုန့်ဖန်းယီက ဂရုမစိုက်တော့ပေ။ သူလည်း ပြဿနာ အကြီးအကျယ် တက်တော့မည် မဟုတ်ပါလား။
စစ်ဆေးရေးအဖွဲ့များ စုန့်ဝမ်၏ ဂူအိမ်နှင့် မြွေဂူအပါအဝင် ဆေးတောင်ထိပ်တစ်ခုလုံးကို အနှံ့အပြား ရှာဖွေခဲ့သော်လည်း စုန့်ဝမ်၏ အရိပ်အယောင်ကိုမျှ ရှာမတွေ့ခဲ့ပေ။
"ဝူရှန်းက တကယ်ပဲ ဂိုဏ်းကို သစ္စာဖောက်သွားတာလား" ဟု တွေးရင်း ဖုန့်ဖန်းယီ စိုးရိမ်စိတ် ဖြစ်ပေါ်လာသည်။ ယနေ့နံနက်ပိုင်းကပင် သူ့ထံမှ အလောင်းသန့်စင်ရာတွင် အသုံးပြုသည့် ဝိညာဉ်ပစ္စည်းများနှင့် ကြယ်ဝိညာဉ်ပန်း လေးပွင့် အပါအဝင် ဝိညာဥ်ကျောက် သိန်းနှင့်ချီ တန်ဖိုးရှိသော ပစ္စည်းများကို ယူဆောင်သွားခဲ့သည်။ ဝိညာဥ်သားရဲတောင်ထိပ်မှ သတင်းများအရလည်း ဝူရှန်းသည် အသားလုံး နှစ်ထောင်ကို ယူသွားခဲ့သေးသည်။ ထို့အပြင် ဝိညာဉ်ဆေးပင်နှင့် ဆေးလုံး အများအပြား ဝယ်ယူသည့်အပြင် မြေကမ္ဘာမီးတောက်လည်း ခိုးယူသွားခဲ့သည်။ အားလုံးခြုံကြည့်လျှင် ကြိုတင်ပြင်ဆင်ထားသော ထွက်ပြေးမှုတစ်ခု ဖြစ်နေသည်ကို ညွှန်ပြနေသည်။
ဖုန့်ဖန်းယီ၏ မျက်နှာမှာ မည်းမှောင်သွားသည်။ ဝူရှန်းယူသွားသော ရတနာများမှာ တန်ဖိုးရှိသော်လည်း ဂိုဏ်းအတွက် အကြီးအကျယ် ဆုံးရှုံးမှုကြီးတော့ မဟုတ်ပေ။ သို့သော် ဝူရှန်းမှာ ဆန်းကြယ်ချီနှင့် မြွေလူသား သန့်စင်ခြင်းလုပ်ငန်းကို ဦးဆောင်နေသူဖြစ်ရာ၊ သူ ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် သင့်တော်သော အလောင်းသန့်စင်သူကို မည်သည့်နေရာတွင် ရှာရမည်နည်း။ အကယ်၍ သန့်စင်မှု နှောင့်နှေးသွားပါက ပထမ မဟာအကြီးအကဲကို မည်သို့ တင်ပြရမည်နည်း။
တွေးရင်း တွေးရင်း ဖုန့်ဖန်းယီ စိတ်ပူလာသည်။ နောက်ဆုံး ဥပဒေခန်းမသို့ သွား၍ ဝိညာဉ်မီးအိမ်ကို ယူကာ ခြေရာခံရန် ထွက်လာခဲ့သည်။ ထိုအချိန်တွင် ဥပဒေခန်းမမှ အကြီးအကဲတစ်ဦး ရောက်ရှိလာပြီး လွန်ခဲ့သော အမွှေးတိုင်တစ်တိုင်စာခန့် အချိန်က ဝူရှန်း၏ ဝိညာဉ်မီးအိမ် ငြိမ်းသွားခဲ့ပြီ ဖြစ်ကြောင်း သတင်းပို့လာသည်။
ဖုန့်ဖန်းယီမှာ သူ့နားပင် သူမယုံနိုင် ဖြစ်သွားသည်။ ဝူရှန်းက အဘယ်ကြောင့် ရုတ်တရက် သေသွားရသနည်း၊ ဘယ်လို သေနိုင်သနည်း။ ဤကိစ္စတွင် တစ်ခုခု မသင်္ကာစရာ ရှိနေကြောင်း ဖုန့်ဖန်းယီ ချက်ချင်း သိလိုက်သည်။ ဝူရှန်းမှာ အသက်ရှင်နေသေးသော်လည်း ဝိညာဉ်မီးအိမ်ကို တစ်နည်းနည်းဖြင့် ငြိမ်းအောင် လုပ်ခဲ့ခြင်း ဖြစ်နိုင်သည်။ စိတ်ဝိညာဥ်နည်းစနစ်များမှာ ရှားပါးပြီး ကျင့်ကြံရန် ခက်ခဲသော်လည်း လုံးဝ မရှိသည်တော့ မဟုတ်။ ဤမျှ ရဲရဲတင်းတင်း ကျူးလွန်ရဲခြင်းမှာ ထိုသို့သော နည်းစနစ် တက်မြောက်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ဝိညာဉ်မီးအိမ် မရှိတော့သဖြင့် ဝူရှန်းကို ခြေရာခံရန် တစ်ခုတည်းသော နည်းလမ်းမှာ သူနှင့် နီးစပ်သူများကို စစ်ဆေးမေးမြန်းရန်သာ ရှိတော့သည်။ ထို့ကြောင့် စုန့်ဝမ်နှင့် ထိတွေ့ဆက်ဆံလေ့ရှိသော ကျိုးစစ်ယိ၊ ရုန်ကျင့်ယွမ်၊ လျိုကျန်း၊ ကျန်းပင်းနှင့် လီရှီတို့မှာ အဓိက စစ်ဆေးမေးမြန်းခြင်း ခံရသည့် ပစ်မှတ်များ ဖြစ်လာခဲ့သည်။ သို့သော် အကြိမ်ကြိမ် စစ်မေးသော်လည်း အသုံးဝင်သော သတင်းအချက်အလက် တစ်ခုမျှ မရခဲ့ပေ။ ဖုန့်ဖန်းယီမှာ ဆက်လက် စုံစမ်းနေစဉ်မှာပင် ကျွမ်းကျင်သော အလောင်းသန့်စင်သူအသစ်ကို ရှာဖွေရန်သာ ပြင်ဆင်ရတော့သည်။ မဟုတ်ပါက ပထမမဟာအကြီးအကဲ မကျေမနပ်ဖြစ်ပြီး ဂိုဏ်းချုပ်ထိုင်ခုံပါ လှုပ်ခတ်လာနိုင်သည်။
......
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။ ဖုန့်ဖန်းယီပင် ဝူရှန်းအကြောင်းကို မေ့ပျောက်တော့မည့်ဆဲဆဲတွင်၊ သားရဲသခင်ဂိုဏ်း၏ အပြင်ဘက်သို့ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရောက်ရှိလာကြသည်။
အမျိုးသားမှာ အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး လေးထောင့်ကျသော မျက်နှာနှင့် ဖြောင့်မတ်သော အရှိန်အဝါရှိသည်။ အမျိုးသမီးမှာမူ စုန့်ဝမ်ထံမှ ထွက်ပြေးလွတ်မြောက်သွားသော ယန်ယဲ့ဝမ်ပင် ဖြစ်သည်။ သူမနှင့် အတူပါလာသူ အမျိုးသားမှာ သူမ၏ဆရာ ထိုက်ဟယ်ဖြစ်ပြီး၊ ကိုးနန်းတော်ဂိုဏ်းမှ ဝိညာဥ်သန္ဓေအဆင့် မဟာအကြီးအကဲတစ်ဦး ဖြစ်သည်။
၎င်းတို့နှစ်ဦးမှာ သားရဲသခင်ဂိုဏ်းအတွင်းသို့ မဝင်ဘဲ မိုင်ပေါင်းများစွာ ဝေးသော တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နားလိုက်ကြသည်။ ထိုက်ဟယ်က လက်ချောင်းများကို ခါထုတ်လိုက်ရာ ဝိညာဉ်စွမ်းအင်တန်းတစ်ခုမှာ လေထုကို ဖြတ်သန်း၍ သားရဲသခင်ဂိုဏ်း၏ အနက်ရှိုင်းဆုံးနေရာသို့ ကျရောက်သွားခဲ့သည်။
ခဏအကြာတွင် သားရဲသခင်ဂိုဏ်းမှ လူရိပ်တစ်ခု ပျံသန်းလာပြီး ၎င်းတို့ရှိရာ တောင်ထိပ်သို့ ရောက်ရှိလာသည်။
"ထိုက်ဟယ်... နင်တို့ ကိုးနန်းတော်ဂိုဏ်းက တရားမျှတမှုကို လျစ်လျူရှုပြီး ဖြောင့်မတ်တဲ့ လမ်းစဉ်ကို သစ္စာဖောက်ထားတာ။ အခု နင်က လမ်းမှန်ဂိုဏ်းနယ်မြေကို တစ်ယောက်တည်း လာရဲတယ်ဆိုတော့ တိုက်ခိုက်ခံရမှာ မကြောက်ဘူးလား"
စူးရှသော အသံနှင့်အတူ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးကျင့်ကြံသူတစ်ဦး ရောက်လာသည်။ သူမသည် သားရဲသခင်ဂိုဏ်း၏ ဒုတိယ မဟာအကြီးအကဲ မီဟယ်ဖြစ်ပြီး၊ သူမသည်လည်း ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ ဖြစ်သည်။
"မီဟယ်... မတွေ့ရတာ နှစ်တွေ အများကြီး ကြာခဲ့ပြီ။ ပြန်ဆုံဆုံချင်း မိတ်ဆွေဟောင်းကို ခြိမ်းခြောက်နေမှာလား" ဟု ထိုက်ဟယ်က ဆိုသည်။
မီဟယ်က နှာခေါင်းရှုံ့ရင်း "မိတ်ဆွေဟောင်း ဟုတ်လား။ ငါကတော့ အဲဒီလို မယူဆဘူး။ ဒါနဲ့ ဒီကို လာတာက စကားစမြည် ပြောဖို့တော့ မဟုတ်ဘူးမလား" ဟု လိုရင်းကို မေးလိုက်သည်။
"မင်းတို့ဂိုဏ်းက တပည့်တစ်ယောက်ကို လာတောင်းတာပါ"
မီဟယ်က အေးစက်စက် ပြုံးလိုက်ပြီး "နင် တောင်းတိုင်း ငါက ဘာလို့ ပေးရမှာလဲ" ဟု မေးသည်။
"ငါ့ကမ်းလှမ်းချက်ကို မကြားချင်ဘူးလား။ ငါလိုချင်တာက အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်တည်းပါ၊ မင်းကို အခက်မကြုံစေရပါဘူး"
"ငါတို့ ဂိုဏ်းက ဖြောင့်မတ်တဲ့ဂိုဏ်း။ နင်တို့ မိစ္ဆာဂိုဏ်းတွေလို မဟုတ်ဘူး၊ တပည့်တစ်ယောက်ရဲ့ ဘေးကင်းရေးကို ပေါ့ပေါ့တန်တန် မစဉ်းစားဘူး။ အခြေတည်အဆင့် မပြောနဲ့၊ အခုမှ စဝင်တဲ့ အပြင်စည်းတပည့်ကိုတောင် မပေးနိုင်ဘူး"
"အဆင့်မြင့် ဝိညာဉ်ကျောက်တစ်ရာ" ဟု ထိုက်ဟယ်က ကမ်းလှမ်းလိုက်သည်။ မီဟယ်က နှာခေါင်းရှုံ့ပြသည်။ "အလုံး နှစ်ရာ" ဟု ထိုက်ဟယ်က ထပ်တိုးသည်။ မီဟယ်ကမူ "ထိုက်ဟယ်... နင် အမြန်ထွက်သွားတာ ကောင်းမယ်။ စီနီယာယန်ယွီ ဂိုဏ်းမှာ မရှိလို့၊ သူသာ ရှိရင် နင် လွယ်လွယ်နဲ့ ပြန်ရမှာ မဟုတ်ဘူး" ဟု သတိပေးလိုက်သည်။
"အခြေတည်အဆင့် တပည့်တစ်ယောက်အတွက် အဆင့်မြင့် ဝိညာဉ်ကျောက် ငါးရာဆိုတာ တကယ်တန်တဲ့ ဈေးပါပဲ" ဟု ထိုက်ဟယ်က ဆိုသည်။ မီဟယ်က "ငါက ဝိညာဉ်ကျောက် လိုနေတယ်လို့ ထင်နေလား" ဟု ပြန်မေးသည်။ ထိုက်ဟယ် ခေတ္တ တိတ်ဆိတ်သွားပြီးနောက် အံကြိတ်ကာ "အသေးစား နေရာရွေ့ပြောင်းအဆောင်တစ်ခု" ဟု ကမ်းလှမ်းလိုက်သည်။
ဤစကားကို ကြားသောအခါ မီဟယ်၏ မျက်နှာတွင် အောင်နိုင်သူ အပြုံးတစ်ခု ပေါ်လာသည်။ သူမက လက်ဖြန့်လိုက်ပြီး "စောစောက ပြောတဲ့ ဝိညာဉ်ကျောက် ငါးရာလည်း ထည့်ပေးရမယ်" ဟု ထပ်တိုးလိုက်သည်။ ထိုက်ဟယ်က "မီဟယ်... နင့်ဟာက လောဘ မကြီးလွန်းဘူးလား။ အခြေတည်အဆင့် ကျင့်ကြံသူအတွက် နေရာရွှေ့ပြောင်းအဆောင်အပြင် ဝိညာဉ်ကျောက် ငါးရာတောင် လိုချင်တယ်ပေါ့" ဟု ဆိုသော်လည်း မီဟယ်က ခပ်တည်တည် တင်းခံနေသဖြင့် နောက်ဆုံးတွင် သဘောတူလိုက်ရသည်။
စျေးအတည်ဖြစ်သည်နှင့် ထိုက်ဟယ်က ဝူရှန်းအဖြစ် အသွင်ယူထားသော စုန့်ဝမ်၏ပုံတူပန်းချီအား မီဟယ်ထံ ပေးလိုက်သည်။ မီဟယ်က ပုံကို တစ်ချက်ကြည့်ပြီးနောက် သတင်းပို့အဆောင်တစ်ခုအတွင်း အချက်အလက်အချို့ကို ရေးသွင်းကာ ပို့လိုက်သည်။ "ခဏစောင့်ဦး၊ နင်လိုချင်တဲ့ လူကို လာပို့လိမ့်မယ်"
ထိုက်ဟယ်က ခေါင်းညိတ်ပြီး တိတ်ဆိတ်နေလိုက်သည်။ ယန်ယဲ့ဝမ်မှာမူ အလွန်ပင် ဝမ်းသာနေသည်။ ဤနေရာရွှေ့ပြောင်းအဆောင်မှာ အလွန်ရှားပါးပြီး ထိုက်ဟယ်ကိုယ်တိုင်ပင် အားစိုက် ရေးဆွဲထားရခြင်း ဖြစ်သည်။ အောင်မြင်မှုနှုန်း အလွန်နည်းပါးလှသည်။ ၎င်းက လူတစ်ဦးကို မိုင်နှစ်ရာ၊ သုံးရာအကွာသို့ မျက်တောင်တစ်ခတ်အတွင်း ပို့ဆောင်ပေးနိုင်ပြီး ဘေးထွက်ဆိုးကျိုးများ မရှိပေ။
ခဏအကြာတွင် စုန့်ဝမ် ရောက်မလာဘဲ ဂိုဏ်းချုပ်ဖုန့်ဖန်းယီသာ ရောက်ရှိလာသည်။ "ဘာလို့ တစ်ယောက်တည်း လာတာလဲ။ ငါရှာခိုင်းတဲ့လူကော" ဟု မီဟယ်က မကျေမနပ် မေးလိုက်သည်။ ဖုန့်ဖန်းယီ ဦးညွှတ်၍ "မဟာအကြီးအကဲ ရှာခိုင်းတဲ့ ဝူရှန်းလို့ ခေါ်တဲ့သူဟာ လွန်ခဲ့တဲ့ လပိုင်းတည်းက ရုတ်တရက် ပျောက်သွားပြီး၊ သူ့ရဲ့ဝိညာဉ်မီးအိမ်လည်း ငြိမ်းသွားပါပြီ" ဟု ဆိုသည်။
"သေသွားပြီလား" မီဟယ် မျက်နှာမှာ ပျက်သွားသည်။ "နင် ငါ့ကို လိမ်နေတာတော့ မဟုတ်ဘူးမလား"ဟု ထပ်မေးရာ ဖုန့်ဖန်းယီက "တပည့် မဝံ့ရဲပါဘူး။ အကြီးအကဲအနေနဲ့ ဘယ်သူ့ကိုမဆို မေးမြန်းပြီး စစ်ဆေးနိုင်ပါတယ်" ဟု အမြန်ပြန်ဖြေလိုက်သည်။
မီဟယ်လည်း စိတ်ပျက်သွားပြီး ထိုက်ဟယ်ကို ကြည့်ကာ "ကဲ.. နင် ကြားတဲ့အတိုင်းပဲ၊ နင်လိုချင်တဲ့လူက သေသွားပြီဆိုတော့ ငါတို့ သဘောတူညီချက် ပျက်သွားပြီ" ဟု ဆိုသည်။ ထိုက်ဟယ်ကမူ "မင်းတို့ နှစ်ယောက် ငါ့ရှေ့မှာ သရုပ်ဆောင်မနေကြနဲ့။ ငါက သေချာတဲ့ အထောက်အထား မရှိဘဲ သားရဲသခင်ဂိုဏ်းအထိ လူလာတောင်းပါ့မလား။ အဲဒီလူက သေချာပေါက် မသေသေးဘူး" ဟု အတည်ပေါက် ပြောလိုက်သည်။
မီဟယ် အံသြသွားသည်။
"နင်က ဘယ်လိုလုပ် သိတာလဲ"
ထိုက်ဟယ်က ယန်ယဲ့ဝမ်ကို အချက်ပြလိုက်ရာ ယန်ယဲ့ဝမ်က လက်ဖဝါးအရွယ်ခန့်ရှိသော အနက်ရောင် ဝိညာဉ်မီးအိမ် တစ်ခုကို ထုတ်လိုက်သည်။ မီးအိမ်အတွင်းတွင် မှိန်ဖျော့ဖျော့ မီးလျှံကလေးမှာ ဝိညာဉ်စွမ်းအား အားနည်းစွာဖြင့် တုန်ခါနေသည်။ ထိုက်ဟယ်က "အဲဒီလူက ကျိယင်လို့ ခေါ်တယ်၊ မူလက အလောင်းနတ်ဆိုးဂိုဏ်းက တပည့်တစ်ယောက်ပဲ။ စစ်ပွဲအတွင်း ထွက်ပြေးသွားတာ။ သားရဲသခင်ဂိုဏ်းထဲကို ဘယ်လိုနည်းနဲ့ ဝင်ခဲ့လဲတော့ မသိဘူး။ ဒါက အလောင်းနတ်ဆိုးဂိုဏ်းမှာ ကျန်ခဲ့တဲ့ သူ့ရဲ့ ဝိညာဉ်မီးအိမ်ပဲ" ဟု ရှင်းပြသည်။
"အလောင်းနတ်ဆိုးဂိုဏ်းက တပည့်"
ဖုန့်ဖန်းယီတစ်ယောက် အလွန် အံ့အားသင့်သွားသည်။ ဝူရှန်း အလောင်းသန့်စင်ခြင်းတွင် ထူးထူးခြားခြား ကျွမ်းကျင်နေသည့် အကြောင်းရင်းကို ယခုမှ ရှင်းလင်းသွားတော့သည်။
ထိုက်ဟယ်က ဖုန့်ဖန်းယီကို ကြည့်ပြီး "ငါတို့ လက်ထဲက ဝိညာဉ်မီးအိမ်က မပျက်စီးသေးဘူး၊ ဒါပေမဲ့ မင်းကသ သူသေသွားပြီလို့ ပြောနေတယ်။ ဘာလို့လဲ" ဟု မေးခွန်းထုတ်သည်။
ဖုန့်ဖန်းယီက "ကျွန်တော်က သူ သေသွားပြီလို့ မပြောပါဘူး၊ သူ့ရဲ့ ဝိညာဉ်မီးအိမ် ငြိမ်းသွားပြီလို့ပဲ ပြောတာပါ။ လွန်ခဲ့တဲ့ တစ်နှစ်က ဒီလူ ပျောက်ကွယ်သွားပြီး ဝိညာဉ်မီးအိမ် ငြိမ်းသွားခဲ့တယ်။ ဂိုဏ်းကနေ ထွက်ပြေးသွားတုန်းကလည်း ရတနာတွေ အများကြီး ခိုးသွားခဲ့တာ" ဟု ဆိုသည်။
ထိုက်ဟယ် မျက်မှောင်ကြုတ်သွားပြီး ယန်ယဲ့ဝမ်ထံမှ ဝိညာဉ်မီးအိမ်ကို ယူ၍ လျှို့ဝှက်ပညာရပ်ဖြင့် စမ်းသပ်ကြည့်လိုက်သည်။ ၁၅ မိနစ်ခန့်အကြာတွင် ဝိညာဥ်မီးအိမ်အတွင်းမှ မီးလျှံမှာ တောင်ဘက်သို့ ဦးတည်၍ တုန်ခါသွားသည်။
"တောင်ဘက်လား။ အဆုံးမဲ့သဲကန္တာရဘက်ကို ဦးတည်နေတယ်။ ဝိညာဉ်မီးလျှံ အရမ်း အားနည်းနေတာကို ကြည့်ရင်၊ မိုင်ပေါင်း တစ်သန်းမက ဝေးတဲ့နေရာမှာ ရှိနေတာ ဖြစ်ရမယ်"
မီဟယ်၊ ဖုန့်ဖန်းယီနှင့် ယန်ယဲ့ဝမ်တို့ အလွန် အံ့အားသင့်သွားကြသည်။ မိုင်ပေါင်း တစ်သန်းမက ဝေးသောနေရာသို့ ထိုသူ မည်သို့ ရောက်သွားနိုင်သနည်း။ ထိုက်ဟယ်က "သူက လွန်ခဲ့တဲ့တစ်နှစ် ယန်ယဲ့ဝမ်နဲ့ တွေ့ပြီးတည်းက တောင်ဘက်ကို တစ်ချက်မှ မရပ်ဘဲ ထွက်ပြေးနေခဲ့တာ ဖြစ်ရမယ်" ဟု ခန့်မှန်းလိုက်သည်။ ယန်ယဲ့ဝမ်မှာမူ ဒေါသနှင့် မကျေနပ်မှုများကြောင့် လက်သီးကို တင်းတင်းဆုပ်ထားမိသည်။
မီဟယ်က သက်ပြင်းသာ ချလိုက်မိသည်။
"ဒီလူက ကျင့်ကြံခြင်းလောကမှာ ရှားပါးတဲ့ ဇွဲလုံ့လနဲ့ ပြတ်သားမှုရှိတဲ့သူပဲ။ အဆုံးမဲ့သဲကန္တာရဆိုတာ ဝိညာဉ်စွမ်းအင် မရှိတဲ့နေရာမို့၊ ကျင့်ကြံသူတွေအတွက် သေတွင်းပဲ။ အဲဒီမှာ ကြာကြာနေရင် ကျင့်ကြံမှု တန့်သွားတာ ဒါမှမဟုတ် ကျဆင်းသွားတာမျိုး ဖြစ်တတ်တယ်။ သူက တမင်တကာ နင် လိုက်မလာနိုင်အောင် အဲဒီလို ကြမ်းတမ်းတဲ့ နေရာကို ရွေးလိုက်တာပဲ"
တိုက်ဟယ်ကမူ အေးစက်စက် ပြုံးလိုက်ပြီး "သဲကန္တာရတစ်ခုက ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူကို တားနိုင်မယ်လို့ ထင်နေတာ စိတ်ကူးယဉ်တာပဲ။ မီဟယ်... မင်းတို့ဘက်က လူပေးဖို့ မဖြစ်နိုင်တော့ဘူးဆိုရင် ငါတို့ သဘောတူညီချက် ဒီမှာတင် အဆုံးသတ်လိုက်ပြီ။ နှုတ်ဆက်ပါတယ်" ဟု ဆိုကာ ယန်ယဲ့ဝမ်ကို ခေါ်ဆောင်၍ ပျောက်ကွယ်သွားတော့သည်။
ထို့နောက် ထိုက်ဟယ်က ယန်ယဲ့ဝမ်ကို အရှေ့ဟွာဖန်းဈေးတွင် စောင့်နေရန် ထားခဲ့ပြီး သူကိုယ်တိုင် စုန့်ဝမ်နောက်သို့ လိုက်ရန် ပြင်ဆင်လိုက်သည်။ သူသည် ဆယ်ရက်အတွင်း စုန့်ဝမ်ကို သေချာပေါက် ဖမ်းခေါ်လာမည်ဟု ကတိပေးခဲ့သည်။
.......