အတွင်းခန်းမ၌ ပိတ်မိခြင်း
Vol. 25 Ch. 263
ထိုက်ဟယ်၏ သံကြိုးသည် စုန့်ဝမ်၏ လှုပ်ရှားမှုအချို့ကိုသာ ကန့်သတ်ထားနိုင်ပြီး ခန္ဓာကိုယ်အတွင်း ဝိညာဉ်စွမ်းအင် စီးဆင်းမှုကိုမူ ပိတ်ဆို့ထားနိုင်ခြင်း မရှိပေ။ တစ္ဆေဘုရင်၏ ဓားကြီးနှင့် ခုတ်မိသည့် ခဏ၌ပင် စုန့်ဝမ်က ရုပ်သေးအစားထိုးနည်းစနစ်ကို အသက်သွင်းပြီး လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ လွတ်သည်နှင့် ချက်ချင်းပင် တုထျန်းဟွာထံမှ ရရှိထားသော ဝိညာဉ်ဖုံးကွယ်မြူကို အသုံးပြုလိုက်ကာ ခြေရာဖျောက်ခဲ့သည်။ ထို့ကြောင့် ရွှယ်မေတစ်ယောက် စုန့်ဝမ်ကို ရှာမတွေ့ဖြစ်ပြီး အကြိမ်ကြိမ် မိုးကြိုးပစ်ခံနေရခြင်း ဖြစ်သည်။
စုန့်ဝမ်က အရဲစွန့်ပြီး ရွှယ်မေကို တိုက်ခိုက်ရခြင်းမှာ သူမ၏ လက်ထဲမှ ဝင်္ကပါထိန်းချုပ်တံဆိပ်ကို လုယူရန်သာ ဖြစ်သည်။ ရွှယ်မေသည် ထိုဝင်္ကပါစွမ်းအားကို အသုံးပြု၍ ဝိညာဥ်သန္ဓေအဆင့်ရှိ ထိုက်ဟယ်ကို ရင်ဆိုင်နိုင်ခဲ့သည်။ အကယ်၍ ဤနေရာမှ အသက်ရှင်လျက် ထွက်ခွာလိုပါက သူသည်လည်း ဝင်္ကပါကို ထိန်းချုပ်နိုင်ဖို့ မလွဲမသွေ လိုအပ်လာပေလိမ့်မည်။
ငွေအလောင်းရုပ်သေး ဝင်္ကပါထိန်းချုပ်တံဆိပ် ရလာသည်နှင့် စုန့်ဝမ်လည်း ရွှယ်မေကို မဟာဂူမိုးကြိုးဖြင့် ထပ်မံ တိုက်ခိုက် ဟန့်တားပြီး အတွင်းခန်းမသို့ ဝင်လာခဲ့သည်။ အထဲဝင်လိုက်သည်နှင့် တစ္ဆေမြူများမှာ အလွန်ထူထပ်လှပြီး လက်ဖြင့်ပင် ထိတွေ့၍ ရလုနီးပါးဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ အတွင်းခန်းမထဲတွင် ရှိနေရခြင်းမှာ သမုဒ္ဒရာ အောက်ခြေနက်နက်တွင် ရှိနေရသကဲ့သို့ပင်။ တစ္ဆေမြူနှင်းများက ပတ်ဝန်းကျင်တွင် လှိုင်းထနေပြီး ပင်လယ်နက်ပိုင်း ရေဖိအားကဲ့သို့ သူ့ခန္ဓာကိုယ်ကို ဖိထားသည်။ ၎င်းတို့က သူ့ကို ဝါးမြိုပြီး အသိဉာဏ်မဲ့သော ဝိညာဉ်ဆိုးတစ်ခုအဖြစ် ပြောင်းလဲပစ်ရန် ကြံစည်နေပုံရသည်။
စုန့်ဝမ် အလောင်းဘုရင်သွေးသန့်စင်ခြင်းပညာကို အသက်သွင်းလိုက်ရာ ချက်ချင်းပင် ဖုတ်ကောင်ရုပ်သွင် ပြောင်းလဲသွားသည်။ တစ္ဆေမြူနှင်းများ၏ ဖိအားမှာ ချက်ချင်းပင် သိသိသာသာ အားနည်းသွားသည်။ ရွှယ်မေ၏ ငွေရောင်ဖုတ်ကောင် ခန္ဓာကိုယ်ပင်လျှင် တစ္ဆေမြူနှင်းများ၏ တိုက်စားမှုကို မခံနိုင်သော်လည်း အလောင်းဘုရင် သွေးသန့်စင်ပညာကမူ သက်ရောက်မှု လျော့ပါးစေသည်ကို စုန့်ဝမ် အံ့သြနေမိသည်။ သို့သော် ဤပညာရပ်သည် မြူနှင်းများ၏ တိုက်စားမှုကို အပြည့်အဝ ခုခံနိုင်ခြင်း မရှိပေ။ မြူနှင်းများနှင့် အချိန်ကြာမြင့်စွာ ထိတွေ့ပါက နောက်ဆုံးတွင် တစ္ဆေမြူနှင်းများ၏ ဝါးမြိုခြင်းကို ခံရမည်ဖြစ်သဖြင့် အတွင်းခန်းမထဲတွင် အချိန်အကြာကြီး မနေနိုင်ပေ။
စုန့်ဝမ်သည် ငွေအလောင်းရုပ်သေးထံမှ ဝင်္ကပါထိန်းချုပ်တံဆိပ်ကို ယူလိုက်ပြီး ၎င်းနှင့် ကူပိုးကောင်များကို သိမ်းဆည်းကာ ဝိညာဉ်ဘုရင်ကိုသာ အဖော်ပြုစေခဲ့သည်။ အလောင်းရုပ်သေးနှင့် ကူကောင်များက တစ္ဆေမြူနှင်းများကို မခံနိုင်သော်လည်း တစ္ဆေဘုရင်မှာမူ အထိအခိုက် မရှိရုံမျှမက အတွင်းခန်းမထဲတွင် လွတ်လပ်စွာ သွားလာနိုင်သည်။ ထိုအခါမှသာ စုန့်ဝမ် ပတ်ဝန်းကျင်ကို စတင် လေ့လာတော့သည်။
အတွင်းခန်းမမှာ အနည်းငယ်သာ ကျယ်ဝန်းပြီး မကြီးမားပေ။ အတွင်းသို့ ပိုဝင်လေလေ တစ္ဆေမြူနှင်းများမှာ ပို၍ ထူထပ်လေလေ ဖြစ်သည်။ ခန်းမအတွင်းပိုင်း ဝင်လိုက်ပါက မြူနှင်းများက ထိခိုက်မှု မြန်ဆန်စေမည်ကို စိုးရိမ်သဖြင့် အတွင်းသို့ ထပ်မတိုးတော့ဘဲ ကျောက်တံခါး၏ ဘယ်ဘက် ၁၀ ပေခန့် အကွာတွင်သာ ရပ်နေလိုက်သည်။
ဒဏ်ရာအပြင်းအထန် ရထားသော ဝိညာဥ်မြေခွေးက ခန်းမအလယ်တွင် လဲလျောင်းနေပြီး စုန့်ဝမ်ကို စိုက်ကြည့်နေသည်။ မြေခွေးသားရဲများသည် ဉာဏ်ရည်မြင့်မားကြသဖြင့် စုန့်ဝမ်က ဝိညာဥ်မြေခွေးနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။
"စီနီယာမြေခွေး... ကျွန်တော်က အပြင်ခန်းမမှာ စီနီယာ့ကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့သူတွေနဲ့ တစ်ဖွဲ့တည်း မဟုတ်ဘူးဆိုတာ စီနီယာ မြင်မှာပါ။ စီနီယာ လွတ်မြောက်အောင် ကျွန်တော် ကူညီခဲ့တာကို ထောက်ထားပြီး ဒီနေရာမှာ ခိုလှုံခွင့်ပေးဖို့ မျှော်လင့်ပါတယ်"
ဝိညာဥ်မြေခွေးက လူစကားကို နားမလည်ခြင်းလား သို့မဟုတ် သူ့ကို အသိအမှတ် မပြုလိုခြင်းလား မသိရသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ သူ့ကိုသာ အေးစက်စွာ စိုက်ကြည့်နေဆဲ ဖြစ်သည်။
"စီနီယာက ဘာမှမပြောဘူးဆိုတော့ သဘောတူတယ်လို့ပဲ ကျွန်တော် ယူဆလိုက်ပါ့မယ်" ဟု စုန့်ဝမ်က ပြောရင်း လက်နှစ်ဖက်ကို မြှောက်ကာ ဝိညာဥ်မြေခွေးထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။ တစ္ဆေဘုရင်ကလည်း သူ့နောက်မှ ကပ်လျက် လိုက်ပါလာသည်။
စုန့်ဝမ်၏ မရိုးသားသော ရည်ရွယ်ချက်ကို ခံစားမိသဖြင့် ဝိညာဥ်မြေခွေးမှာ ထရပ်ပြီး ကျောကို ကုန်းကာ မာန်ဖီလိုက်သည်။
"စီနီယာ... ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့၊ ကျွန်တော်က…"
စုန့်ဝမ် စကားမဆုံးမီမှာပင် သူ့နောက်ဘက်ရှိ အတွင်းခန်းမ ကျောက်တံခါးဆီမှ လှုပ်ရှားမှုကို ကြားလိုက်ရသည်။
စုန့်ဝမ်နှင့် ဝိညာဥ်မြေခွေးတို့ အတွင်းခန်းမထဲသို့ ဝင်ပြီးနောက် ကျောက်တံခါးမှာ အလိုအလျောက် ပိတ်သွားခဲ့သည်။ ယခု ကျောက်တံခါး ပွင့်လာပြီး ထိုက်ဟယ်၏ ပုံရိပ်မှာ အဝင်ဝတွင် ရုတ်တရက် ပေါ်လာသည်။ သို့သော် ထိုက်ဟယ်က အတွင်းခန်းမထဲသို့ ဇွတ်အတင်း ပြေးမဝင်ဘဲ သံကြိုးလက်နက်ကို အသက်သွင်းကာ အတွင်းခန်းမ အနက်ပိုင်းသို့ ပစ်လွှတ်လိုက်သည်။
ကျောက်တံခါးဆီမှ လှုပ်ရှားမှုကို ကြားသည်နှင့် စုန့်ဝမ်သည် တစ္ဆေမြူနှင်းများ၏ အကာအကွယ်ကို ဂရုမစိုက်တော့ဘဲ မိုးကြိုးလှုပ်ရှားမှုနည်းစနစ်ကို အသုံးပြုကာ အတွင်းခန်းမ အနက်ပိုင်းသို့ ပြေးဝင်လိုက်သည်။ သံကြိုးများသည် ခေါင်းမပါသော ယင်ကောင်များကဲ့သို့ အတွင်းခန်းမထဲတွင် ဟိုဟိုဒီဒီ ဝှေ့ယမ်းနေပြီး မည်သည့်အရာကိုမျှ မဖမ်းမိဘဲ ပြန်ထွက်သွားသည်။
အတွင်းခန်းမထဲ လှည့်ပတ်နေသော တစ္ဆေမြူနှင်းများက ဝိညာဉ်အာရုံအပေါ်တွင် ကြီးမားသော ဖိအားများ ပေးနေသည်။ ဝိညာဥ်သန္ဓေ အလယ်အဆင့် ကျင့်ကြံသူဖြစ်သော ထိုက်ဟယ်ပင်လျှင် ပေနှစ်ဆယ်ဝန်းကျင်သာ အာရုံခံနိုင်သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် ထိုက်ဟယ်သည် အတွင်းခန်းမထဲသို့ ခြေလှမ်း စလှမ်းလိုက်သည်။
ချက်ချင်းပင် တစ္ဆေမြူနှင်းများမှာ သူ့ထံသို့ တိုးဝင်လာသည်။ ထိုက်ဟယ်၏ ပတ်ပတ်လည်တွင် စွမ်းအားအကာအကွယ် တစ်ခု ပေါ်လာသည်။ အဖြူရောင် အကာအကွယ်မှာ အမည်းရောင် တစ္ဆေမြူနှင်းများအကြား ထင်ရှားနေသည်။ သို့သော် မြူနှင်းများ၏ တိုက်စားမှုအောက်တွင် အကာအကွယ်မှာ လျင်မြန်စွာပင် မှိန်ကျသွားသည်။ အကာအကွယ်စည်း အရောင်ပြောင်းလဲမှုကို သတိပြုမိလိုက်သဖြင့် ထိုက်ဟယ် မျက်နှာပျက်သွားပြီး နောက်ဆုတ်ကာ အတွင်းခန်းမထဲမှ ပြန်ထွက်လာခဲ့သည်။
အတွင်းခန်းမထဲ မဝင်ရဲတော့သော ထိုက်ဟယ်သည် ရွှယ်မေထံသို့ လှည့်သွားပြီး "အတွင်းခန်းမထဲက တစ္ဆေမြူနှင်းတွေ ဘာလို့ ဒီလောက် အန္တရာယ်များနေတာလဲ။ ငါ့လို ဝိညာဥ်သန္ဓေ အလယ်အဆင့် ကျင့်ကြံသူက ဘာလို့ အဲဒါကို မခံနိုင်ရတာလဲ"ဟု မေးလိုက်သည်။
ထိုက်ဟယ်၏ ခက်ထန်သော အကြည့်အောက်တွင် ရွှယ်မေမှာ ကျောထဲထိ စိမ့်သွားပြီး တုန်လှုပ်သွားသည်။ ယခုအချိန်တွင် သူမသည် ဝင်္ကပါထိန်းချုပ်တံဆိပ် ဆုံးရှုံးထားသဖြင့် ထိုက်ဟယ်၏ ပြိုင်ဘက် မဟုတ်တော့ပေ။ အကယ်၍ ထိုက်ဟယ်က သူမကို သတ်လိုပါက ခြင်းထဲကကြက် ရိုက်သတ်သလို လွယ်ကူလိမ့်သည်။
"ဒီနေရာကို ဝိညာဥ်နတ်ဘုရားခန်းမလို့ ခေါ်တယ်။ ဒါဟာ ရှေးဟောင်း နတ်ဆိုးဂိုဏ်းကြီးဖြစ်တဲ့ မြင့်မြတ်သွေးတံခါးက သွေးဝိညာဉ်အစောင့်တွေကို လေ့ကျင့်ပေးတဲ့ နေရာပါ။ ဒီက တစ္ဆေမြူနှင်းတွေက မြူခိုးဝိညာဥ်နယ်မြေကနေ ဆင်းသက်လာတာ။ ကျင့်ကြံသူတွေရဲ့ စွမ်းအားနဲ့ စိတ်ဓာတ်ကို ညစ်ညမ်းစေနိုင်တဲ့ စွမ်းအား ရှိတယ်။ တစ္ဆေမြူနှင်းတွေရဲ့ တိုက်စားမှုက အရာရာကို လွှမ်းခြုံထားလို့ ကျင့်ကြံမှုအဆင့် ဘယ်လောက်ပဲမြင့်မြင့် ခုခံဖို့ ခက်ခဲပါတယ်"
ထိုက်ဟယ်က မျက်မှောင်ကြုတ်ကာ လေးနက်သောအသံဖြင့် "ဒါဆိုရင် အဲဒီ အခြေတည်အဆင့် ကျင့်ကြံသူလေးက တစ္ဆေမြူနှင်းတွေကို ဘယ်လို ခံနိုင်နေတာလဲ" ဟု မေးသည်။
ရွှယ်မေက ဇဝေဇဝါဖြင့် ခေါင်းခါပြလိုက်သည်။
"အဲဒါကိုတော့ ကျွန်မလည်း သေချာမသိပါဘူး။ ကျွန်မသိသလောက်တော့ သွေးဝိညာဉ်အစောင့်တွေပဲ ဒီတစ္ဆေမြူနှင်းတွေထဲမှာ ခဏတာ နေပြီး အဲဒီစွမ်းအားကို သုံးပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်နိုင်တာပါ။ အဲဒါကတော့ ဖြစ်နိုင်ဖို့ ခက်….."
ပြောနေရင်း ရွှယ်မေ၏ မျက်လုံးများ ရုတ်တရက် ကျယ်သွားပြီး သူမ၏ တောင့်တင်းနေသော ဖုတ်ကောင်မျက်နှာတွင် မယုံနိုင်သော အမူအရာတစ်ခု ပေါ်လာသည်။
"ဘာခက်တာလဲ" ဟု ထိုက်ဟယ်က မေးသည်။
ရွှယ်မေက "သူက အလောင်းဘုရင်သွေးသန့်စင်ပညာ ကျင့်ကြံထားတာ ဖြစ်ဖို့ များတယ်၊ အဲဒါက သွေးဝိညာဉ်အစောင့်တွေရဲ့ သီးသန့် ပညာရပ်ပဲ" ဟု ဖြေသည်။
"'အလောင်းဘုရင် သွေးသန့်စင်ပညာလား" ဟု ထိုက်ဟယ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ရွှယ်မေက ခေါင်းငြိမ့်ပြပြီး "အလောင်းဘုရင် သွေးသန့်စင်ပညာနဲ့ သက်ရှည်ပညာရပ်တွေက မြင့်မြတ်သွေးတံခါးဂိုဏ်းရဲ့ အဓိက ကျင့်စဉ်ကြီး နှစ်ခုပဲ" ဟု ဆိုသည်။
ရွှယ်မေ၏ စကားများမှာ အမှန်တရားကို အနည်းငယ် ဖုံးကွယ်ထားသည်။ အလောင်းဘုရင် သွေးသန့်စင်ပညာနှင့် သက်ရှည်ပညာတို့သည် မြင့်မြတ်သွေးတံခါးဂိုဏ်း၏ အဓိက ကျင့်စဉ်နှစ်ခု မဟုတ်ပေ။ မြင့်မြတ်သွေးတံခါးဂိုဏ်းတွင် သူမ အလွန်တရာ လိုလားတောင့်တနေသော အလောင်းဘုရင် ပြန်လည်မွေးဖွားခြင်းနည်းစနစ်ဟူသော အဓိက ကျင့်စဉ်တစ်ခုသာ ရှိခဲ့သည်။
ထိုက်ဟယ်က "ငါ အလောင်းဘုရင် သွေးသန့်စင်ပညာရပ်ကို ကြားဖူးပါတယ်။ သက်ရှည်နည်းစနစ်ကတော့ ဒီနေ့ခေတ် ကျင့်ကြံခြင်းလောကမှာ အကျယ်ပြန့်ဆုံး ပျံ့နှံ့နေတဲ့ ပညာရပ်ပဲ။ အသက်ရှည်တာကလွဲရင် တခြား ထူးခြားတဲ့ အာနိသင်ရှိတယ်လို့ ငါ မကြားဖူးဘူး" ဟု ဆိုသည်။
ရွှယ်မေက "အသက်ရှည်တာက မထူးခြားဘူးတဲ့လား။ ကျင့်ကြံသူတွေ ရှာဖွေနေတာကလည်း အသက်ရှည်ဖို့ မဟုတ်ဘူးလား။ ပြီးတော့ ကျင့်ကြံခြင်းလောကမှာ ရှိနေတဲ့ တခြားအသက်ရှည်နည်းတွေက အနှစ်သာရ မရှိဘူး၊ ဒါမှမဟုတ် ကောင်းကင်ကို တက်လှမ်းရသလို ခက်ခဲကြတယ်။ အဲဒါတွေနဲ့ ယှဉ်ရင် သက်ရှည်ပညာကို ကျင့်ကြံတာက အသက်ရှည်ဖို့ အလွယ်ကူဆုံး နည်းလမ်းပဲ" ဟု ပြန်ပြောသည်။
ထိုက်ဟယ်က "မင်းပြောတာလည်း သဘာဝကျပါတယ်။ ဒါပေမဲ့ အခု ငါက မင်းအကြောင်းကို ပိုစိတ်ဝင်စားလာပြီ။ မင်းက ဘယ်လိုလုပ်ပြီး ဒီရှေးဟောင်း လျှို့ဝှက်ချက်တွေကို ဒီလောက်တောင် သိနေရတာလဲ" ဟု မေးလိုက်သည်။
ရွှယ်မေက "ကျွန်မ မတော်တဆ တွေ့ခဲ့တဲ့ ရှေးဟောင်း မှတ်စုစာအုပ်တစ်အုပ်ထဲမှာ မြင့်မြတ်သွေးတံခါးဂိုဏ်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မှတ်တမ်းတင်ထားတာ တွေ့ခဲ့လို့ပါ" ဟု ဖြေလိုက်သည်။
ထိုက်ဟယ်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"အော်... ဟုတ်လား။ မင်းက ဝိညာဥ်နတ်ဘုရားခန်းမအကြောင်း ဒီလောက် သိနေရင်၊ တစ္ဆေမြူနှင်းတွေရဲ့ ဒဏ်ကို မခံရဘဲ အတွင်းခန်းမထဲ ဝင်နိုင်မယ့် နည်းလမ်းရှိလား။ လွတ်သွားတဲ့ အဲဒီကောင်လေးက ငါ့အတွက် အရေးကြီးတယ်၊ သူ့ကို အရှင်ဖမ်းရမယ်"
…..
ထိုက်ဟယ် ပြန်ထွက်သွားပြီးနောက် ဝိညာဥ်မြေခွေးနှင့် စုန့်ဝမ်တို့မှာ တစ်ဦးနှင့်တစ်ဦး အရိပ်အကဲ ကြည့်နေကြသည်။ နှစ်ဦးလုံး သတိမလွှတ်ရဲကြ။ စုန့်ဝမ်က ဝိညာဥ်မြေခွေးကို ဒဏ်ရာကုသခွင့် မပေးရဲ၊ ဒဏ်ရာသက်သာသွားပါက သူသေရန် ရာနှုန်းပြည့်ပင်။ တချိန်တည်းမှာပင် ဝိညာဥ်မြေခွေးသည်လည်း သူဒဏ်ရာကုသစဉ် တိုက်ခိုက်မည်ကို စိုးရိမ်နေသဖြင့် စုန့်ဝမ်ကို အလွတ်မပေးရဲ။ အပြင်ခန်းမရှိ ဝင်္ကပါကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့သဖြင့် ယခုအချိန်တွင် သူ့မှာ တိုက်ခိုက်နိုင်စွမ်း မရှိသလောက် ဖြစ်နေသည်။ အထူးသဖြင့် မိုးကြိုးနည်းစနစ်မှာ သူ့အတွက် သဘာဝရန်သူ ဖြစ်နေသဖြင့် အလွန် အန္တရာယ်ကြီးလှသည်။
ခဏတာ အပြန်အလှန် စိုက်ကြည့်နေပြီးနောက် စုန့်ဝမ်၏ စိတ်ထဲတွင် အမျိုးသမီးအသံတစ်ခု ပဲ့တင်ထပ်လာသည်။
"လူသား... မင်းကို ဒီမှာ ခိုလှုံခွင့်ပေးမယ်။ အပြန်အလှန်အနေနဲ့ ငါ ဒဏ်ရာ ကုသနေချိန် ငါ့ကို မတိုက်ခိုက်ရဘူး"
စုန့်ဝမ်က အရိုအသေပြု၍ "ကျေးဇူးတင်ပါတယ် စီနီယာ။ စိတ်ချပါ၊ ကျွန်တော် စီနီယာ့ကို မနှောင့်ယှက်ပါဘူး" ဟု ပြန်ပြောလိုက်သည်။
"လူသား... မင်းကို ဒီလောက် အလွယ်တကူ ယုံလိမ့်မယ်လို့ ထင်နေတာလား"
"စီနီယာ ယုံကြည်အောင် ကျွန်တော် ဘာလုပ်ပေးရမလဲ"
"လွယ်ပါတယ်။ ဝိညာဉ်ကတိသစ္စာပြုကြမယ်။ ဒီဝိညာဥ်နတ်ဘုရားခန်းမထဲမှာ တစ်ယောက်ကိုတစ်ယောက် မတိုက်ခိုက်ကြေးပေါ့"
စုန့်ဝမ်က ခေါင်းငြိမ့်ပြပြီး "သဘောတူပါတယ်" ဟု ဆိုသည်။
………