← Chapters

မင်းမသေဘူးဆိုရင် ဒါက မင်းအတွက် အခွင့်အရေး ဖြစ်လာလိမ့်မယ်

Vol. 12 Ch. 163

မင်းမသေဘူးဆိုရင် ဒါက မင်းအတွက် အခွင့်အရေး ဖြစ်လာလိမ့်မယ်

Vol. 12 Ch. 163

“ငါတို့ မသေမျိုးတွေရဲ့ အစီအရင်တွေကို မာန်စွမ်းအားရှင် လေးတွေက ဘယ်လိုများ နားလည်နိုင်မှာတဲ့လဲ။ ဒါက အရင်တည်းက လေးလွှာစည်းတစ်ခု မဟုတ်ခဲ့ဘူး။ ဒီမှာ နောက်ထပ် အလွှာတစ်ဝက် ကျန်သေးတယ်”

စုမင်၏ အမြင်အာရုံသည် ဝေးဝါးသွားပြီးနောက် ပြန်လည်ရှင်းလင်း သွားချိန်တွင်တော့ သူသည် မှောင်မည်းနေသည့် နေရာတစ်ခုတွင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဤအရာသည် ကျောက်တောင်လိုဏ်ဂူ တစ်ခုကဲ့သို့ဖြစ်ပြီး သူ့ပတ်လည်တွင် အလင်းရောင်ရှိမနေ၍ သူအနည်းငယ်သာ မြင်နိုင်ချေသည်။

“မြန်မြန်လေး ... ငါ့ကို ပြန်ပို့ပေးတော့။ ငါ အတိတ်မှာ အပြင်းအထန် ဒဏ်ရာရခဲ့ပြီးတော့ ပြန်သက်သာမလာခဲ့ဘူး။ ငါ့ရဲ့ ခန္ဓာကိုယ်အစစ်ကို လက်လျှော့လိုက်ရပြီးတော့ ငါ့မှာ အခုဒီကိုယ်ပွားပဲ ကျန်တော့တယ်။ ငါ ကြာကြာ တောင့်ခံထားနိုင်မှာ မဟုတ်တော့ဘူး။ ငါ့ခန္ဓာကိုယ်အစစ်က သေဆုံးသွားခဲ့ချိန်အထိ ငါကဒီနေရာကနေ ထွက်မသွားနိုင်ခဲ့ဘူး ဆိုရင် ငါတကယ် သေဆုံးသွားလိမ့်မယ်”

“ငါ့ရဲ့ကိုယ်ပွားက မာန်စွမ်းအားရှင်တွေရဲ့ နယ်မြေက ထွက်သွားနိုင်ပြီး မသေမျိုးတွေရဲ့ ထူးခြားတဲ့ နည်းဥပဒေသတစ်ခုကို သုံးပြီး ငါနဲ့ ငါနဲ့အဓိက ခန္ဓာကိုယ်ကြားက ချည်နှောင်ထားမှုတွေကို ဖြတ်တောက်ပစ်နိုင်မှသာ ငါအသက် ဆက်ရှင်နိုင်လိမ့်မယ်”

ဟယ်ဖုန်း၏အသံသည် စုမင်ဘေးမှ ထွက်ပေါ်လာသည်။ သူ့မျက်နှာသည် စုမင်မျက်နှာနှင့် ခုနစ်လက်မခန့်သာ ကွာဝေးတော့လေသည်။ သူသည် ရူးသွပ်မှု၊ စိုးရိမ်ပူပန်မှုများနှင့် စုမင်အား ငေးကြည့်နေခဲ့သည်။ ထိုအခိုက်တွင်တော့ သုသည် စိတ်ပျက်လက်ပျက် ဖြစ်နေပြီး ယခင်ကကဲ့သို့ အေးဆေးတည်ငြိမ်မှုများ ရှိမနေတော့ပါချေ။

စုမင် ခဏတာ တိတ်ဆိတ်နေပြီးမှ ဖြည်းဖြည်းချင်း စကားပြောလိုက်သည်။

“မင်းကို ပြန်ပို့ပေးဖို့ ငါ့မှာနည်းလမ်းမရှိဘူး”

“ငါ နောက်တစ်ခေါက် ထပ်ပြောမယ်။ ငါ့ကို ပြန်ပို့ပေး”

ဟယ်ဖုန်း အော်ဟစ်လိုက်ပြီး စုမင်ပခုံးများအား ဆုပ်ကိုင်လိုက်သည်။ သတ်ဖြတ်လိုသည့် အသိက သူ့မျက်နှာပေါ်တွင် ဖြစ်ပေါ်နေသည်။

“မင်း ငါ့ကို မယုံဘူးဆိုရင်၊ ငါ့အပေါ်မှာ ပိုင်ဆိုင်ခြင်းပညာရပ် သုံးပြီး ငါလိမ်နေတာ ဟုတ်လား မဟုတ်လားဆိုတာ ငါ့မှတ်ဉာဏ်တွေထဲမှာ ရှာကြည့်လိုက်”

စုမင် အမူအရာသည် တည်ငြိမ်နေပြီး ဟန်ခုန်းအားကြည့်သည်။ ဒါသည် သူ၏ ရည်ရွယ်ချက်ပင် ဖြစ်သည်။

ဝင်ပေါက်အပြင်ဘက်ရှိ ဥမင်လိုဏ်ခေါင်းတွင် ရှိနေခဲ့စဉ်အချိန်က သူတချို့အရာများကို နားလည်ခဲ့သည်။ သူသည် အမှန်တကယ်ပင် မှတ်ဉာဏ်အချို့ ဆုံးရှုံးထားကြောင်း ပိုမိုသေချာလာပြီး ထိုအရာကို သူ လျစ်လျူမရှုနိုင်ပေ။ ဤအရာနှင့်ပတ်သက်၍ အရာအားလုံးအား သူနားလည်ချင်သည်။

သို့သော် သူ့စွမ်းအားဖြင့် ဆိုလျှင်တော့ သူ့ထံတွင် ဖြစ်ပျက်ခဲ့သည့် အရာများအား သိရန်ဖြစ်နိုင်မည် မဟုတ်ချေ။ ဒါကြောင့်ပင် ဟယ်ဖုန်း ပိုင်ဆိုင်ခြင်းပညာရပ် အကြောင်းပြောခဲ့စဉ်က သူ ဟန်တောင်တန်း ဘိုးဘေးအကြောင်း စဉ်းစားမိသွားခဲ့ခြင်း ဖြစ်သည်။

ပိုင်ဆိုင်ခြင်းပညာရပ်နှင့် ပတ်သက်၍ အရာတစ်ခုသာရှိသည်။ လုပ်ငန်းစဉ်အတွင်းတွင် သူသည် စုမင်၏မှတ်ဉာဏ်များအား ဖိအားပေး၍ ကြည့်ရှုနိုင်ခြင်းပင် ဖြစ်သည်။

ဟယ်ဖုန်းသည် ထိုကဲ့သို့မလုပ်ခဲ့ချေ။ သို့သော် ဟန်တောင်တန်း၏ ဘိုးဘေးသည်တော့ ထိုသို့လုပ်လိမ့်မည်ကို စုမင်ယုံသည်။

‘ဖန်းချန်းလန်ရဲ့ အကြည့်တွေထဲမှာ ဘာလို့သနားတဲ့ အရိပ်အယောင်တွေ ပါနေရတာလဲဆိုတာ ငါသိချင်တယ်။ နန်ထျန်းရဲ့စကားထဲမှာ မာန်စွမ်းအားရှင်တို့ရဲ့နတ်ဘုရားက မီးတောက်မာန် မျိုးနွယ်စုတွေကို အမြစ်ဖြတ် သုတ်သင်ခဲ့တဲ့အကြောင်း ဘာလို့မပါခဲ့တာလဲ ဆိုတာကို ... ငါသိချင်တယ်။ ငါ အနီရောင် လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေခဲ့ချိန်က ငါ့ဆီမှာပေါ်လာခဲ့တဲ့ အဲဒီအဖက်မတန်ဟန် အကြည့်နဲ့ စကားလုံးတွေ အကြောင်းကိုလည်း ငါသိချင်တယ်။ ဘာလို့ အဲဒါက ငါ့ကို စိတ်လှုပ်ရှားကြောက်ရွံ့ စေရတာလဲ…’

‘ငါ့ရဲ့မှတ်ဉာဏ်အချို့ကို အမှန်တကယ် ဆုံးရှုံးထားတယ်ဆိုရင် အဲဒီအရာက ဘယ်အချိန်က ဖြစ်ပျက်ခဲ့တာလဲ ဆိုတာကိုရော ငါသိချင်မိတယ်…’

‘ပြီးတော့ အဲဒီ ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်တွေထဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ…’

‘အကြီးအကဲနဲ့ နက်မှောင်တောင်က အရာအားလုံးဟာ အိပ်မက်သက်သက်လား ဆိုတာကိုလည်း ငါသိချင်မိတယ်…’

စုမင် မျက်လုံးတို့ကို ပိတ်လိုက်ပြီးနောက် ပြန်ဖွင့်လိုက်သည်။ ထို့နောက် ဟန်ခုန်းအား သူငေးကြည့်လိုက်သည်။

“ငါ့ကို ကူညီပါ။ ငါ ဘာမှတ်ဉာဏ်တွေ ဆုံးရှုံးသွားခဲ့ရတာလဲဆိုတာ ငါ့ကိုပြောပြပါ။ ပြီးတော့ မင်းအိမ်ကို ငါဘာကြောင့် ပြန်မပို့ပေးနိုင်ရတာလဲဆိုတဲ့ အကြောင်းအရင်းကိုလည်း မင်းဘာသာမင်း တွေ့နိုင်တာပေါ့။ ငါလိမ်နေတာ မဟုတ်ဘူး ဆိုတာကိုလည်း မင်းတွေ့ရပါလိမ့်မယ်”

“ငါ့ကို ကူညီပါ ... ပြောပြပေးပါ ... ငါဘယ်သူလဲဆိုတာကို…”

စုမင် စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် တီးတိုးပြောလိုက်သည်။

ဟန်ခုန်း စုမင်အား ငေးကြည့်လိုက်မိသည်။ ဘာကြောင်းမှန်း မသိသော်ငြား စုမင်၏အကြည့်အောက်တွင် အမည်မဖော်နိုင်သည့် ကြောက်ရွံ့မှု အရိပ်အမြွက်က သူ့နှလုံးသားအတွင်း ဆူပွက်လျက်ရှိသည်။ စုမင်၏တည်ငြိမ်မှုအား သူထိတ်လန့်မိသည်။ သူကြောက်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ဘဝတွင် သူတို့ခန္ဓာကိုယ်အား ပိုင်ဆိုင်ခြင်းပြုလုပ်ရန် အကူအညီတောင်းသည့် လူတစ်ဦးအားသူတစ်ခါမျှ မတွေ့ဖူးခဲ့သောကြောင့်ပင်။

“ရိုးရှင်းတဲ့ ပိုင်ဆိုင်ခြင်းနဲ့ ဝိညာဉ်ရှာဖွေခြင်းတွေက ငါတို့ကို ပြီးပြည့်စုံတဲ့ မှတ်ဉာဏ်တွေ မြင်ခွင့်ပေးမှာမဟုတ်ဘူး၊ အပိုင်းအစတွေလောက်ပဲ တွေ့ရမှာ ... မင်းငါ့ကို ပြန်မပို့ပဲ မင်းနဲ့ ချိတ်ဆက်ခွင့် ပြုမယ်ဆိုရင်တော့ ငါမင်းကိုကူညီမယ်”

“ငါ့ရဲ့ ဒီကိုယ်ပွားဟာ မာန်စွမ်းအားရှင် တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပြန်လည် သန့်စင်ထားခဲ့တာပဲ။ ဒီလူက သူအသက်ရှိစဉ်တုန်းက ရိုးရေစတေးအဆင့်ရဲ့ စွမ်းအားကို ပိုင်ဆိုင်နိုင်ခဲ့တယ်။ မင်းသာ တကယ် ငါ့ဆီက အကူအညီကို လိုချင်တယ်ဆိုရင် မင်းရဲ့ခန္ဓာကိုယ်ကိုလည်း ငါ့ရဲ့မှီတွယ်ရာကိုယ်ပွားအဖြစ် သန့်စင်ပစ်ရမယ်”

“အကယ်၍ ငါသေရင် မင်းလည်း ငါနဲ့အတူ သေမယ်။ အကယ်၍ မင်းမသေခဲ့ဘူး ဆိုရင်တော့ ဒါက မင်းအတွက် အခွင့်အလမ်းကောင်း တစ်ခု ဖြစ်သွားလိမ့်မယ်။ ငါမင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်”

ဟန်ခုန်းသည် နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့ပြီးဖြစ်၍ စုမင်၏အတွေးများအား ဖြတ်မမြင်နိုင်စရာ အကြောင်းမရှိချေ။ သို့သော် သူ့တွင် အချိန်သိပ်မကျန်တော့ပေ ... မုန်းတီးမှု အရိပ်အယောင်များသည် သူ့မျက်လုံးအတွင်း ပေါ်ပေါက်လာသည်။ သူသည် နှစ်ပေါင်း ၈၀၀၀ခန့် စောင့်ဆိုင်းခဲ့ရသော်လည်း ဤအရာသည်သူရရှိသည့် ရလဒ်ဖြစ်သည်။ သူ အိမ်မပြန်နိုင်တော့ချေ။ သူ၏ မွေးရပ်မြေအား ပြန်မရောက်နိုင်တော့ပေ။

အချိန်မရွေးပင် သူသေသွားနိုင်သေးသည်။ ဤကမ္ဘာအပြင်ရှိ သူ၏ အစစ်အမှန်ခန္ဓာကိုယ် သေဆုံးသွားခဲ့သည်နှင့် သူသည်လည်း သေဆုံးသွားရမည် ဖြစ်သည်။ ဤကဲ့သို့ သေဆုံးရမည့်အစား၊ သူ့အား မျှော်လင့်ချက်များ ပေးခဲ့သည့် ဤကံကြမ္မာဆိုသူ၏ ခန္ဓာကိုယ်အား သန့်စင်ပြီး တစ်ချိန်တည်းတွင်ပင် ဖျက်ဆီးပစ်လိုက်သည်ကမှ ပိုကောင်းပေဦးမည်။

စုမင် လက်ခံဖို့ သူစောင့်ဆိုင်းမနေခဲ့ချေ။ ဟန်ခုန်း သူ့လက်အားညင်သာစွာ မြှောက်လိုက်ပြီး သူ့ဝမ်းဗိုက်သို့ ဖိနှိပ်ပစ်လိုက်၏။ သူ့ခန္ဓာကိုယ်သည် စတင်၍ တုန်ခါသွားပြီးနောက် ပေါက်ကွဲသံ တစ်ချက်နှင့်အတူ စုမင်မျက်လုံးရှေ့တွင်ပင် သွေးမြူအစုအဝေးအဖြစ် ပြောင်းလဲသွားလေသည်။

သွေးမြူတို့သည် စုမင်ခန္ဓာကိုယ်အား အရောင်ဆိုးလိုက်သကဲ့သို့ ဖြစ်သွားပြီးနောက် ၎င်းတို့ထဲမှ ရွှေရောင် တောက်ပလာလေသည်။ လက်သီးဆုပ်အရွယ် ရွှေရောင် လူသေးသေးလေးသည် သွေးမြူများထဲမှ ထွက်ပေါ်လာပြီးနောက် စုမင်မျက်ခုံးအလယ်သို့ တိုးဝင်သွားတော့သည်။

၎င်းလူသေးသေးလေးသည် ဟန်ခုံးပင်ဖြစ်သည်။ သို့သော် သူ့စွမ်းအားသည်တော့ ဟယ်ဖုန်းအနေနှင့် နှိုင်းယှဉ်နိုင်မည့် အရာမျိုးမဟုတ်ချေ။

ထိုလူသေးသေးလေးသည် ရုပ်ပိုင်းဆိုင်ရာ အကောင်အထည်ပေါ်နေပြီး ဖြစ်ကာ ဝိညာဉ် ခန္ဓာကိုယ်တစ်ခု မဟုတ်ပေ။ သို့သော် သူ၏ ဝိညာဉ်စွမ်းအားသည်တော့ ဖြစ်တည်ကာစ ဝိညာဉ်ထက်ပင် ပိုမိုသန်မာနေ၏။ သူ့ခန္ဓာကိုယ် အတွင်းတွင်တော့ ရွှေရောင်ကျောရိုး တစ်ချောင်း ရှိနေလေသည်။

ထိုအရိုးထံမှနေ၍ နက်မှောင်၍ အရိုင်းဆန်သည့် တည်ရှိမှုတစ်ခု ထွက်ပေါ်နေချေသည်။ ဤအရိုးသည် ရိုးရေစတေးအဆင့်မှ စွမ်းအားကြီး မာန်စွမ်းအားရှင်၏ ပထမဆုံး ပြောင်းလဲသွားခဲ့သည့် အရိုးအပိုင်းအစပင် ဖြစ်သည်။

၎င်းသည် စုမင်ခန့်မှန်းထားသည်နှင့် အနည်းငယ် ကွာခြားနေသော်လည်း မည်သို့ပင်ဖြစ်စေ အဆုံးသတ် ရလဒ်သည်တော့ အတူတူပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူခုခံခြင်းမပြုလိုက်ပေ။ သူ့အပေါ်သို့ ဟန်ခုန်း၏ နတ်ဘုရားစိတ်ဝိညာဉ် ကျရောက်လာသည်အား ကြည့်လိုက်ပြီး စုမင်မျက်လုံး ပိတ်လိုက်တော့သည်။

‘ဖြစ်ပျက်လာမယ့် အရာအားလုံးကို ထည့်သွင်းစဉ်းစားပြီးမှ ပြုလုပ်အောင်မြင်နိုင်တဲ့ အစီအစဉ်က လောကမှာ အနည်းငယ်ပဲရှိတယ်။ အမှားတွေရှိမှ မှန်ကန်တဲ့အခွင့်အရေး ဆိုတာလည်း ရှိလာနိုင်တာပဲ။ ငါစွန့်စားရလိမ့်မယ်’

သူမျက်လုံး ပိတ်လိုက်ချိန်မှာပင် ဟန်ခုန်း၏ နတ်ဘုရား စိတ်ဝိညာဉ်သည် စုမင်၏ မျက်ခုံးအလယ်အား ထိတွေ့ဝင်ရောက်သွားပြီး ချက်ချင်း ပျောက်ကွယ်သွားချေသည်။ သူပျောက်ကွယ် သွားသည်နှင့် စုမင်သည်လည်း ပြင်းထန်စွာ တုန်ခါလာပြီး မျက်နှာဖုံးအောက်ရှိ သူ့မျက်နှာတွင် နာကျင်မှုတို့ ဖြစ်ပေါ်လာသည်။

နာကျင်မှုသည် ဟယ်ဖုန်းသူ့အပေါ်၌ ပိုင်ဆိုင်ခြင်းပညာရပ် အသုံးပြုခဲ့ချိန်ကထက် ပိုမိုပြင်းထန်ချေသည်။ နာကျင်မှု၂ခု၏ အဆင့်များသည် နှိုင်းယှဉ်ရန်ပင်မလိုချေ။ သူတို့သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ခြားနားနေခြင်း ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် သန်းပေါင်းများစွာသော အရိုးအပ်များဖြင့် ထိုးစိုက်ခြင်း ခံနေရသကဲ့သို့ ခံစားနေရပြီး သူ့စိတ်သည်လည်း တောင်တစ်ခုလုံးဖြင့် ဖိနှိပ်ခြင်းခံထားရပြီး အစိတ်စိတ် အပိုင်းပိုင်းကွဲကြေ သွားတော့မည်ကဲ့သို့ ခံစားနေရချေသည်။

ထိုပြင်းထန်သည့် နာကျင်မှုအောက်တွင် မျက်နှာဖုံးအောက်ရှိ သူ့မျက်နှာတွင် သွေးတို့ စတင်ကျဆင်းလာသည်။ ထိုသွေးများသည် သူ့နှာခေါင်း၊ မျက်လုံးများ၊ နားများနှင့် ပါးစပ်တို့မှ စီးကျလာခဲ့ခြင်းဖြစ်သည်။

သူခံစားနေရသည့် နာကျင်မှုသည် ဖော်ပြရန်ပင် ခက်ခဲချေသည်။ သို့သော် စုမင်သည် ရူးသွပ်မသွားသလို အသံတစ်ချက်ပင် မပြုလုပ်ခဲ့ချေ။ ရေတွင်းတစ်တွင်းအတွင်းရှိ ရေသေကဲ့သို့ မျက်လုံးတို့သည် တည်ငြိမ်လျက်ပင် ထိုနေရာ၌ ထိုင်နေခဲ့ချေသည်။

ပိုင်ဆိုင်ခြင်းပညာရပ် ဖြစ်စေ၊ သူ့ခန္ဓာကိုယ်အား သန့်စင်ခြင်းဖြစ်စေ ဟန်ခုန်း၏ပညာရပ်မှ အကျိုးသက်ရောက်မှုအား တိတ်ဆိတ်စွာပင် သည်းခံနေခဲ့၏။ သူသည် အရာအားလုံးအား တိတ်ဆိတ်စွာပင် ရိုးရိုးရှင်းရှင်း သည်းခံခဲ့ခြင်းဖြစ်သည်။

သူ၏မြင်ကွင်းသည် ဝေဝါးသွားပြီး ယခင်က ရောက်ခဲ့ဖူးသည့်နေရာအား နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာခဲ့သည်။ လောကတစ်ခုလုံးသည် ထူထပ်သောမြူထုဖြင့် ဖုံးလွှမ်းလျက်ရှိပြီး ပေရာဂဏန်း အနည်းငယ်ခန့် ဧရိယာသည်သာ ရှင်းလင်းနေပေသည်။

စုမင်သည် အားနည်းသည့် ဝိညာဉ်လုံးလေးသာ ဖြစ်နေဆဲ ဖြစ်သည်။ သူနှင့် ရင်းနှီးကျွမ်းဝင်နေသည့် အာရုံကို ခံစားလိုက်ရပြီးနောက် ကြောက်ရွံ့ တုန်လှုပ်မှုအတွင်း ကျရောက်သွားလေသည်။ သူ့အား အရည်ဖျော်ပစ် တော့မည်ကဲ့သို့ ရွှေရောင်အလင်းအား ထုတ်လွှတ်လျက်ရှိသည့် ဟန်ခုန်း၏ နတ်ဘုရားစိတ်ဝိညာဉ်အား ငေးကြည့်လိုက်သည်။

နတ်ဘုရား စိတ်ဝိညာဉ်သည် ပေပေါင်းများစွာ ရှည်လျားသည်။ စုမင်နှင့် နှိုင်းယှဉ်ကြည့်လျှင်တော့ သူသည် ကောင်းကင်နှင့်မြေပြင်သဖွယ် ကွာခြားပြီး ဧရာမကြီး ဖြစ်နေလေသည်။ သူဆင်းသက်လိုက်သည်နှင့် ပေရာပေါင်း အနည်းငယ်ခန့် ဧရိယာအလွတ်သည် ဖိအားကို တောင့်မခံနိုင်ဟန်ဖြင့် ကွဲကြေသွားတော့မည်ကဲ့သို့ တုန်ခါနေချေသည်။

ထိုစူးရှသည့် ရွှေရောင်အလင်းနှင့် ဧရာမလူကြီး နီးကပ်လာသည်နှင့်အမျှ စုမင်သည် သူ့ကိုယ်သူ မိုးသက်မုန်တိုင်းအတွင်း ကျနေရာက်နေပြီး အချိန်မရွေး ပြိုလဲပျက်စီး သွားတော့မည်ကဲ့သို့ ခံစားရသည်။

‘ဒီစိတ်အာရုံက ဘာဖြစ်နေတာလဲဟ ... ဘာလို့ ဒီနေရာမှာ မြူတွေအဲဒီလောက် များနေရတာလဲ’

ဟန်ခုန်းသည် သူ့ပတ်ဝန်းကျင်အား ရှင်းလင်းစွာ မြင်လိုက်ရသည်နှင့် သူ့နတ်ဘုရား စိတ်ဝိညာဉ်၏ မျက်နှာထက်တွင် တုန်လှုပ်နေပုံ ပေါ်လာချေသည်။ သူသည် စုမင်ထံသို့ ရှုပ်ထွေးသည့် အကြည့်တို့ဖြင့် ဖြည်းညင်းစွာ လှည့်ကြည့်ရင်း ပြောသည်။

“ငါမင်းရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးမှာပါ”

ဟန်ခုန်းသည် ထိုစကားများအား ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ့ပါးစပ်ကြီးအား ကျယ်လောင်စွာဟလျက် စုမင်ရှိရာဘက်သို့ ဦးတည်၍ စုပ်ယူလိုက်သည်။ ထိုအခါ စုမင်၏ဝိညာဉ်လုံးသည် ဟန်ခုန်းဆီသို့ ဦးတည်ပျံသန်း သွားတော့သည်။

စုမင်သည် ပိုင်ဆိုင်ခြင်းပညာရပ်အား အသုံးပြုခံနေရသော်ငြား ဤအရာသည် သူ့စိတ်ထဲတွင်ပင် ဖြစ်သည်။ သူ့ရှေ့ရှိမြူတို့သည် လျင်မြန်စွာ ပါးလျလာပြီး တောင်ပိုင်းအရုဏ်ဦး နယ်မြေမှ သူ၏အချိန်များနှင့် သက်ဆိုင်သည့် မှတ်ဉာဏ်များသည် လျင်မြန်စွာ ကျော်ဖြတ်သွားသည်…

“ဒီတစ်ကြိမ်ရော ငါ အဲဒါကို ကြည့်လို့ရနိုင်ပါ့မလား…”

သူ တီးတိုးရေရွတ်လိုက်သည်။

***

All Chapters