← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 8 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 8 Ch. 121-122

စူပါ-ဖမ်း(SFS)

SFS 121

အခန်း ၁၂၁ ။ အမူးလွန်ခြင်း

လင်းယန်သည် စားပွဲတွင်ထိုင်ကာ ရေနွေးကြမ်းများကို အဆက်မပြတ် သောက်နေမိသည်။

စူးရို့ရို့ လာတုန်းက သူ ပျော်ခဲ့သည်။ ယန်ကျင်းလီ ရောက်လာတော့ အနည်းငယ် ထိတ်လန့်သွားရသည်။ ချင်စုစု ထပ်ရောက်လာပြန်တော့ အခြေအနေက ရင်ခုန်စရာ ကောင်းလွန်းသွားခဲ့၏။ ယခု ဝူယင်းပါ ထပ်ရောက်လာသည့်အခါတွင်မူ လင်းယန် လုံးဝ လက်လျှော့လိုက်ရတော့သည်။

'ဖြစ်ချင်ရာဖြစ်တော့ကွာ'

ဤကဲ့သို့သော လင်းယန်၏တည်ငြိမ်မှုက ဝူယင်းကိုပင် အံ့အားသင့်သွားစေသည်။

“အင်တာနက်ပေါ်က ကိစ္စတွေကြောင့် ရှင် မျက်နှာပျက်နေမယ်လို့ ထင်ထားတာ၊ တကယ်တော့ တော်တော် တည်ငြိမ်နေပါလား”

ဝူယင်းသည် အားနာပါးနာ စကားများ အများကြီး မပြောဘဲ အရက်ပုလင်းကို စားပွဲပေါ်သို့ ဝုန်းခနဲ တင်လိုက်ပြီး မြည်းစရာ ဟင်းပွဲလေးကိုပါ ချလိုက်သည်။

“စောစောက ရှင့်ရဲ့ကိစ္စကောင်းကို ငါ လာဖျက်လိုက်မိလို့ စိတ်မဆိုးဘူးမလား”

လင်းယန်က ပြုံးလိုက်မိ၏။ သူမ ဆိုလိုသည်မှာ ယန်ကျင်းလီနှင့် သူ့ကြားမှ ကိစ္စကို ပြောခြင်းဖြစ်သည်။ ထိုထက် ပိုပြီး အသေးစိတ် မပြောသည်မှာပင် ကံကောင်းလှပြီ။

တကယ်တော့ သူ အစက စိတ်ထဲ ရှိခဲ့သည်မှာ အမှန်ပင်။ သို့သော် အခုတော့... လုံးဝ ဂရုမစိုက်တော့ပါချေ။

ဤအခန်းထဲရှိ စောင်ထဲတွင် တစ်ယောက်၊ ဗီဒီယိုထဲတွင် တစ်ယောက်၊ ရေချိုးခန်းထဲတွင် တစ်ယောက် ပုန်းနေကြသည် မဟုတ်လား။ မျက်စိရှေ့တွင်လည်း တစ်ယောက် ထိုင်နေသေးသည်။ တစ်ယောက်ချင်းစီမှာ ပြိုင်ဘက်ကင်း အလှနတ်ဘုရားမလေးများဖြစ်ကြပြီး တစ်မျိုးစီ ဆွဲဆောင်မှု ရှိကြသည်။ သို့သော် လက်ရှိတွင်မူ လင်းယန် အနေဖြင့် ထိုအလှတရားများကို ခံစားနေရန် အချိန်မရှိတော့ပေ။

“ဘာမှ မဖြစ်ပါဘူး”

“လာ... ဒီအစ်မကြီးက ရှင့်ကို အရက်တိုက်မယ်။ လောင်ဝမ်ဆီကနေ ခိုးလာတာ၊ နှစ် ၅၀ သက်တမ်းရှိတဲ့ မောင်ထိုင်အရက်ပဲ”

“သောက်မယ်လေ”

လင်းယန် အားနာမနေတော့ပေ။ လက်ရှိတွင်မူ မနက်ဖြန် ဘာဖြစ်မည်ကို သူ မစဉ်းစားလိုတော့ပါ။

'ယနေ့ အရက်ရှိက ယနေ့သောက်၊ ယနေ့မူးမှ ဖြစ်ပေတော့မည်'

အဝလွန်အောင် သောက်ပြီး အကုန်မေ့ပစ်လိုက်လျှင် အေးဆေးသွားပေလိမ့်မည်။ သက်တမ်းရင့် အရက်ဖြစ်သဖြင့် အရည်မှာ ရွှေဝါရောင် သန်းနေပြီး၊ အရက်စီးကြောင်းမှာလည်း အလွန်ပင် ရှည်လျားလှသည်။ ပါးစပ်ထဲသို့ ရောက်သွားသည့်အခါ အချိန်ကာလက ချက်လုပ်ပေးထားသည့် ထူးခြားသော ရနံ့နှင့် အရသာကို ခံစားလိုက်ရသည်။

လူတွေက သက်တမ်းရင့် အရက်ကို အရသာကြောင့်ပဲ သောက်ကြတာလား? လင်းယန်အတွက်မူ ဤသည်မှာ အချိန်ကာလနှင့် ဘဝကို မြည်းစမ်းနေရသလိုပင်။

'ဘဝကြီးက ဘာလို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ?'

တံခါးအကွဲကြောင်းလေးမှ ချောင်းကြည့်နေသော ချင်စုစုမှာ လင်းယန်က ဟင်းတောင် မမြည်းဘဲ တစ်ခွက်ပြီး တစ်ခွက် သောက်နေသည်ကို မြင်သောအခါ ရင်ထဲတွင် မချိမဆံ့ ဖြစ်သွားရသည်။ သူမ ရင်နာနေသည်မှာ လင်းယန်၏ စိတ်မကောင်းဖြစ်မှုကြောင့် မဟုတ်ဘဲ၊ နှစ် ၅၀ သက်တမ်းရှိ မောင်ထိုင်အရက်ကို ဤကဲ့သို့ အရသာမခံဘဲ ဇွတ်သောက်နေခြင်းမှာ တကယ့်ကို နှမြောစရာ ကောင်းလွန်းလှသောကြောင့် ဖြစ်၏။ ဤသို့သောက်လျှင် အရက်၏ ရနံ့ကို ခံစားရမည် မဟုတ်တော့ဘဲ ပစ္စည်းကို ဖျက်ဆီးရာ ရောက်ပေလိမ့်မည်။

ဝူယင်းသည် လင်းယန်၏ သောက်ပုံကို ကြည့်ရင်း အားမလိုအားမရ ဖြစ်ကာ- “ရှင်က ဒီအရွယ်မှာတင် ဒီလောက် ဖိအားတွေ ခံနေရတာ... တကယ်ကို ပင်ပန်းမှာပဲ။ ဒီအစ်မကြီးက ရှင့်အတွက် အဖော်လုပ်ပြီး သောက်ပေးပါ့မယ်”

လင်းယန်၏ ရင်ထဲတွင် ခါးသီးမှုများဖြင့် ပြည့်နေသည်။ ဤအခြေအနေကြီးကို ဘယ်လိုများ ရှင်းပြရမလဲ။ ထို့ကြောင့် သူသည် အပေါ်မော့ကာ နောက်ထပ်တစ်ခွက် ထပ်သောက်လိုက်ပြန်သည်။ နှစ် ၅၀ သက်တမ်းရှိ အရက်မှာ အရှိန်ပြင်းလှသဖြင့် လေးငါးခွက် သောက်ပြီးချိန်တွင် လင်းယန် မျက်စိများ ဝေဝါးလာခဲ့ပြီ ဖြစ်သည်။ သူ အရက် သိပ်မသောက်တတ်ခြင်းနှင့်လည်း ဆိုင်ပေလိမ့်မည်။

ဝူယင်းသည်လည်း အခြေအနေ သိပ်မကောင်းတော့ပေ။ အရက်ကို အတင်း အလျင်စလို သောက်လိုက်သဖြင့် သူမ၏မျက်နှာလေးမှာ နီမြန်းနေပြီး လေသံမှာလည်း မပီသတော့ပါချေ။

“ကျွန်မ ပြောမယ်... ဒါတွေက ဘာမှ မဟုတ်ဘူး။ နေ့ခင်းက ရှင့်ကို နှောင့်ယှက်မိတဲ့ ကိစ္စအတွက်လည်း စိတ်မပူနဲ့၊ ဒီအစ်မကြီး ပြန်ပေးဆပ်ပါ့မယ်”

ပြောပြောဆိုဆိုဖြင့် ဝူယင်းသည် လင်းယန်၏လက်ကို ဆွဲယူကာ သူမ၏ရင်ဘတ်ပေါ်သို့ တင်ပေးလိုက်သည်။

“စမ်းကြည့်စမ်းပါ... ဒီအစ်မကြီးက စမ်းသပ်မှုတွေပဲ သိတာ၊ ကျန်တာ ဘာမှ မသိဘူး။ ဒါပေမဲ့ ရှင် စိတ်မချမ်းသာဖြစ်နေမှန်း သိတော့၊ ရှင့်ကို စိတ်ချမ်းသာအောင် လုပ်ပေးချင်လို့ပါ”

အရက်ရှိန်ကြောင့် အိုက်လာသည်လား မသိပေ၊ သူမသည် အပြင်ဝတ်အင်္ကျီကို ချွတ်ချလိုက်ရာ အလွန်ပင် ရဲတင်းလွန်းလှသည်။ လင်းယန်၏ ရင်ခုန်သံများမှာလည်း တဒိန်းဒိန်းနှင့် မြန်လာရတော့၏။

'ဒါက ဘာကြီးလဲ? ဖရဲသီးနက်လား?'

'မဟုတ်ဘူး... မှည့်နေတဲ့ မက်မွန်သီးနဲ့ ပိုတူတယ်၊ ဒါပေမဲ့ မက်မွန်သီးက ဒီလောက် မကြီးပါဘူး'

ဝါရင့် လယ်သမားကြီး လင်းယန်တစ်ယောက် အမူးရှိန်ဖြင့် ဤအရာမှာ မည်သည့် သီးနှံမျိုးစိတ် ဖြစ်သည်ကို မခွဲခြားနိုင်တော့ပါချေ။

'တကယ့်ကို... ထူးဆန်းတဲ့ မျိုးစိတ်ပဲ!'

ဝူယင်းမှာမူ လုံးဝ မူးနောက်နေလေပြီ။ “စိတ်ချပါ... ဒီအစ်မကြီး ရှင့်ကို တာဝန်ယူပါ့မယ်”

မောင်ထိုင် အရက် နှစ်ပုလင်းလုံး ကုန်သွားသည့် အခါတွင်မူ လင်းယန်သည် စားပွဲပေါ်သို့ မှောက်ကျသွားခဲ့လေပြီ။ ဝူယင်းမှာမူ ဟဲဟဲနှင့် ရယ်မောရင်း လင်းယန်ကို ပခုံးပေါ် ထမ်းတင်လိုက်ပြီး၊ ယိမ်းထိုးလျက် ကုတင်ဆီသို့ လျှောက်သွားတော့သည်။

“ဒီလောက် ချောတဲ့ကောင်လေးက နောက်ဆုံးတော့ ဒီအစ်မကြီး လက်ထဲ ရောက်လာတာပဲ”

“ကျွန်မ ရှင့်ကို မျက်စိကျနေတာ တစ်ရက်နှစ်ရက် မဟုတ်ဘူးနော်”

“ရွာထဲက လူကြီးတွေက မျိုးဆက်ပြတ်မှာ စိုးရိမ်နေကြတာ မဟုတ်လား၊ စိတ်ချ... ကျွန်မ ကူညီပေးမယ်”

သို့သော် သူမသည် မူးနောက်နေသော လင်းယန်ကို တွဲလျက် ကုတင်ရှေ့သို့ ရောက်သွားသည့် အခါတွင်မူ... စူးရို့ရို့သည် သည်းမခံနိုင်တော့ဘဲ စောင်ထဲမှ ထွက်လာခဲ့တော့သည်။ ဝူယင်းသည် ကုတင်ပေါ်မှ ဖွံ့ဖြိုးလှသော ပုံရိပ်ကို မြင်လိုက်ရသည့်အခါ အမူးများ ချက်ချင်း ပြေသွားရသည်။ သူမသည် ပါးစပ်အဟောင်းသားနှင့် ဘာလုပ်ရမှန်း မသိတော့ပါချေ။

စူးရို့ရို့သည်လည်း အလွန် အနေရခက်နေသဖြင့် နောက်ဆုံးတွင် အော်ပြောလိုက်ရသည်။ “ပုန်းမနေကြနဲ့တော့၊ အကုန် ထွက်လာခဲ့ကြတော့!”

နှစ်ယောက်တည်း အနေရခက်နေမည့်အစား အားလုံးအတူတူ အနေရခက်ကြသည်က ပိုကောင်းပေလိမ့်မည်။

ချင်စုစုသည် ရေချိုးခန်းထဲမှ အကူအညီမဲ့စွာ ထွက်လာပြီး၊ အပြင်တွင်ရှိနေသည့် အိပ်ဝတ်စုံကို အေးအေးဆေးဆေးပင် ဝတ်ဆင်လိုက်သည်။ “ကျွန်မက ရိုးရိုးလေး ရေလာချိုးတာပါ၊ တခြားသူတွေကို နှောင့်ယှက်မိမယ်လို့ မထင်ထားဘူး...”

စကားမဆုံးမီမှာပင် ယန်ကျင်းလီသည်လည်း ဗီဒီထဲမှ ထွက်လာခဲ့သည်။ လူအုပ်ကြီးမှာ စုံစုံလင်လင် ဖြစ်သွားခဲ့ပြီ။ ချင်စုစုမှာ လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ သူမ မြင်တွေ့ရသည့် အခြေအနေမှာပင် လွန်လွန်းလှပြီဟု ထင်ထားသော်လည်း ဤအခန်းထဲတွင် နောက်ထပ် တစ်ယောက် ရှိနေသေးသည် မဟုတ်လား!

ယခုအခါ အမျိုးသမီး လေးဦးနှင့် မျက်လုံး ရှစ်လုံးတို့မှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်ရင်း အချိန်အတော်ကြာ တိတ်ဆိတ်နေကြသည်။ လင်းယန်ကတော့ အမူးလွန်ကာ အိပ်ပျော်နေပြီး အခန်းထဲတွင် ဘာတွေ ဖြစ်ပျက်နေသည်ကို နည်းနည်းလေးမျှ မသိပါချေ။

နောက်ဆုံးတွင် ယန်ကျင်းလီက ချောင်းတစ်ချက် ဟန့်လိုက်သည်။ “သူ စိတ်ဓာတ်ကျနေမှာ စိုးလို့ လာကြည့်ပေးတာပါ”

ဝူယင်းကလည်း အပြင်ဝတ်အင်္ကျီကို အေးအေးဆေးဆေး ပြန်ဝတ်ရင်း- “တိုက်ဆိုင်လိုက်တာ၊ ငါလည်း အဲ့ဒီလိုပါပဲ” ဟု ဆိုသည်။

စူးရို့ရို့ကလည်း ခေါင်းညိတ်လိုက်ပြီး- “စိတ်ပူလို့ လာတာပါ” ဟု ထောက်ခံသည်။

ချင်စုစုကတော့ ပါးစပ်လေး ဟလိုက်သော်လည်း လင်းယန်ကို စိတ်ပူလို့ လာတာပါဟု ပြောရန် ခက်နေသည်။ သူမက ရေချိုးခန်း သုံးချင်လို့ပါဆိုသည့် အကြောင်းပြချက်ကို အစောကြီးကတည်းက ပေးထားခဲ့ပြီးသား မဟုတ်လား။

အမျိုးသမီး လေးဦးလုံး အနေရခက်သည့် အခြေအနေသို့ ထပ်မံ ကျရောက်သွားပြန်သည်။ နောက်ဆုံးတွင် ဝူယင်းကပင် သတ္တိမွေးကာ စကားစလိုက်၏။

“ဒီကိစ္စကြောင့် သူ စိတ်ဓာတ်တွေ ပြိုလဲမသွားဘူး မဟုတ်လား?”

ယန်ကျင်းလီလည်း စိုးရိမ်တကြီးဖြင့်- “သူသာ Influencer လုပ်ချင်တယ်ဆိုရင်တော့ ဒီလို အဆဲခံရတာတွေကို ကျင့်သားရသွားမှာပါ” ဟု ပြောသည်။

စူးရို့ရို့ကမူ- “သူ့ကို ပြန်ပြီး တက်ကြွလာအောင် နည်းလမ်းရှာရမယ်”

ချင်စုစုကတော့ လက်ကာပြလိုက်ပြီး- “စိတ်ချပါ၊ သူဌေးက အဲ့ဒီလောက် စိတ်ဓာတ်မပျော့ပါဘူး။ ဒါက သူ့အတွက် ကိစ္စအကြီးကြီး မဟုတ်ဘူး”

အမျိုးသမီး သုံးဦး၏ အကြည့်များမှာ သူမဆီသို့ ချက်ချင်း ရောက်ရှိသွားသဖြင့် သူမ အလွန် အနေရခက်သွားရသည်။ အခြေအနေမှာ လုံးဝ တိတ်ဆိတ်သွားတော့၏။ ညဘက်တွင် အပြင်ဘက်မှ အင်းဆက်ပိုးမွှားလေးများ၏ အော်သံမှလွဲ၍ ကျန်သည့်အရာအားလုံးမှာ ငြိမ်သက်နေတော့သည်။

တာ့ဟွမ်မှာလည်း အိပ်ချင်ယောင်ဆောင်နေပြီး၊ မြင်းနက်လေး ဝူးယာမှာလည်း အသံမထွက်ရဲဘဲ ငြိမ်နေရှာသည်။ နောက်ဆုံးတွင် အပြင်ဘက်မှ ခြေသံများကြောင့် အမျိုးသမီး လေးဦးလုံး၏အာရုံမှာ အပြင်သို့ ရောက်သွားကြသည်။

“နောက်ထပ် တစ်ယောက်လား?”

“ဒီတစ်ခါ ဘယ်သူလဲ?”

“ဒါ ဘယ်လိုဖြစ်ရတာလဲ?”

“ငါ တကယ်ပဲ အမူးလွန်နေတာလား မသိဘူး!”

ပုန်းရမလား? မပုန်းရဘူးလား? ဤသည်မှာ အလွန် လေးနက်သော မေးခွန်း ဖြစ်လာသည်။ ကံကောင်းသည်မှာ ရောက်လာသူမှာ လင်းရှောင်ဝူလေး ဖြစ်နေခြင်းပင်။ ရှောင်ဝူလေးသည် မျက်လုံးများကို ပွတ်ရင်း သမ်းဝေလျက် ရောက်လာ၏။

“မမရို့ရို့... ဘာလို့ အကုန်လုံး ကိုကို့အခန်းထဲ ရောက်နေကြတာလဲ?”

စူးရို့ရို့က အားတင်းကာ ဖြေလိုက်ရသည်။ “နင့်ကိုကို အမူးလွန်နေလို့ ငါတို့ ဝိုင်းကြည့်ပေးနေတာပါ”

ယန်ကျင်းလီကလည်း ရယ်ရယ်မောမောဖြင့်- “ဟုတ်တယ်... အားလုံးက သူ့ကို စိတ်ပူနေကြလို့လေ” ဟု ဝင်ပြောသည်။

ဝူယင်းကလည်း ခေါင်းညိတ်ပြရင်း- “ငါက အရက်လာပို့တာ” ဟု ဆို၏။

ချင်စုစုမှာမူ ပို၍ ခိုင်လုံသော အကြောင်းပြချက် ရှာမတွေ့တော့သဖြင့်- “ငါက... ငါက... ပစ္စည်းလာယူတာ၊ အခု ပြန်တော့မလို့” ဟုသာ ပြောလိုက်ရတော့သည်။

ရှောင်ဝူလေး၏ ဇဝေဇဝါ အကြည့်များအောက်တွင် အမျိုးသမီး လေးဦးလုံးသည် အလျင်အမြန်ပင် အခန်းထဲမှ ထွက်ပြေးသွားကြတော့သည်။ တံခါးဝသို့ ရောက်သည့်အခါ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး၊ တစ်ယောက်နှင့်တစ်ယောက် ညှိထားသကဲ့သို့ပင် ခေါင်းငုံ့သွားကြသည်။

ဤကိစ္စကို ဘယ်သူ့ကိုမှ လျှောက်မပြောကြေး! တကယ်ကို အရှက်ရစရာ ကောင်းလွန်းလှသည်။ အကယ်၍ လူနှစ်ယောက်တည်းဆိုလျှင် ပြဿနာရှိနိုင်သော်လည်း၊ ယခုမူ လေးယောက်တောင် ဖြစ်နေသည် မဟုတ်လား။ ဤလျှို့ဝှက်ချက်ကို ဗိုက်ထဲမှာပဲ ပုပ်အသိုးခံလိုက်ကြရမည်။

အားလုံးသည် အသီးသီး မိမိတို့ အခန်းသို့ ပြန်သွားကြတော့သည်။ သေချာသည်မှာ... အားလုံး၏ ရင်ထဲတွင် နှမြောတသမှုလေးတွေတော့ ရှိနေကြ၏။ ဘယ်သူမှ လက်ဦးမှု မယူနိုင်ခဲ့ကြဘူး မဟုတ်လား။

ချောမောသော အမျိုးသားဆိုသည်မှာ အမျိုးသမီးတိုင်းအတွက် အသားဟင်းတစ်ပွဲကဲ့သို့ပင်၊ အရင်ဆုံး ဝါးစားချင်ကြသည်မှာ ဓမ္မတာပင်။ လင်းယန်မှာမူ အကောင်းဆုံးသော အသားဟင်းဖြစ်သဖြင့် မည်သူမျှ လွယ်လွယ်နှင့် လက်မလွှတ်ချင်ကြပေ။

…..

နောက်တစ်နေ့ မနက်တွင် နေမြင့်မှသာ လင်းယန်သည် အိပ်မက်ထဲမှ နိုးလာခဲ့သည်။ “မနေ့ညက... အိမ်မက်ဆိုးတစ်ခု မက်လိုက်သလိုပဲ?”

သူသည် နာကျင်နေသော ခေါင်းကိုပွတ်ရင်း မနေ့ညက ဘာတွေ ဖြစ်ခဲ့သည်ကို လုံးဝ မမှတ်မိတော့ပါချေ။ ကုတင်ဘေးတွင် ရှောင်ဝူလေးက သူ့ကို သိချင်စိတ်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ကိုကို... ဘာလို့ အရက်တွေ အဲ့ဒီလောက် အများကြီး သောက်ရတာလဲ”

လင်းယန် အမှတ်ရအောင် ကြိုးစားကြည့်သော်လည်း- “မမှတ်မိတော့ဘူး၊ အား... ဘယ်သူက ငါ့ကို အရက်အတုတွေ လာတိုက်တာလဲ မသိဘူး၊ ခေါင်းကို ကိုက်နေတာပဲ”

“ကိုကို့အတွက် အမူးပြေဟင်းရည် လုပ်ထားတယ်၊ အမြန်သောက်လိုက်”

“ငါ့ညီမလေးက အကောင်းဆုံးပဲ”

လင်းယန်သည် ဟင်းရည်ကို အဝသောက်လိုက်ပြီး၊ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ကာ မနေ့က ကိစ္စများကို ပြန်လည်စဉ်းစားလိုက်သည်။

“အဘိုးစူးက ဒီနေ့ သတင်းတွေကို စောင့်ကြည့်ခိုင်းထားတယ်၊ အခြေအနေတွေ ကောင်းသွားပြီလား?”

ရှောင်ဝူလေးက ချိုမြိန်စွာ ပြုံးလိုက်သည်။ မနေ့က ကိစ္စတွေအတွက် သူမ အလွန် ဒေါသထွက်ခဲ့ရသည်။ ထိုလူတွေက သူမကိုကိုအပေါ် ဤမျှအထိ စွပ်စွဲရဲကြသည် မဟုတ်လား။ သို့သော် ယနေ့တွင်မူ သူမ အလွန် ပေါ့ပါးနေလေပြီ။

“အဘိုးစူးက အစိုးရဘက်ကနေ ကိုကို့အတွက် ရှင်းလင်းချက် ထုတ်ပြန်ပေးခိုင်းလိုက်ပြီ။ ကိုကို့ကို စွပ်စွဲခဲ့တဲ့သူတွေ အကုန်လုံး အပြစ်ပေးခံလိုက်ရပြီတဲ့။ နောက်ကွယ်က လူတွေကိုလည်း အမြစ်ပြတ် စုံစမ်းပြီး ဘယ်သူ့ကိုမှ ခွင့်မလွှတ်ဘူးလို့ ပြောတယ် ကိုကို။”

***

စူပါ-ဖမ်း(SFS)

SFS 122

အခန်း ၁၂၂ ။ ပေါက်ကွဲထွက်လာသည့် သတင်းကြီး

လင်းယန်သည် ရှောင်ဝူလေးလောက်အထိ စိတ်လှုပ်ရှားခြင်း မရှိပေ။ အဘိုးစူးအနေဖြင့် သူ့ကို အကြောင်းမဲ့သက်သက် မတရား စွပ်စွဲခံရအောင် ခွင့်ပြုထားမည်မဟုတ်ကြောင်း သူ ကောင်းကောင်း သိနားလည်ထားသည်။ သူသည် ဖုန်းကို ပေါ့ပေါ့ပါးပါးပင် ဖွင့်ကြည့်လိုက်ရာ နောက်ဆုံးရ သတင်းများကို တွေ့လိုက်ရလေသည်။

'ပိုက်ဆံယူပြီး လုပ်ကြံတဲ့သူတွေ အကုန်လုံး တကယ်ပဲ အဖမ်းခံလိုက်ရပြီပဲ'

လင်းယန်သည် အလုပ်လုပ်ပုံ အလျင်အမြန်ရှိမှုကိုကြည့်ကာ အံ့ဩမိသည်။ သို့သော် ဤသည်မှာ အမြည်းမျှသာ ရှိသေး၏။ တကယ့် အဓိက သတင်းကြီးမှာမူ စစ်ဘက်ဆိုင်ရာ၏ သတင်းစာရှင်းလင်းပွဲတွင် လင်းယန်နှင့် ပတ်သက်၍ ထုတ်ပြန်ချက်တစ်ခု ပါဝင်လာခြင်းပင်ဖြစ်သည်။ Short Video Platform တစ်ခုလုံးတွင်လည်း လင်းယန်၏နာမည်မှာ ထိပ်ဆုံးသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီ။

[မကြာသေးမီက အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော ပါမောက္ခ လင်းယန်အား လူလိမ်ဟု စွပ်စွဲသည့် ကိစ္စရပ်များကို စစ်ဘက်ဆိုင်ရာမှ သိရှိထားပြီး ဖြစ်ပါတယ်။ ၎င်းအပြင် ရဲတပ်ဖွဲ့အားလည်း ထိုကဲ့သို့သော တရားမဝင် လုပ်ရပ်များကို ပြင်းထန်စွာ နှိမ်နင်းရန် တိုက်တွန်းထားပြီး ဖြစ်ပါတယ်။]

[မုန်ညင်းဆီအတုများကို အသုံးပြု၍ ဈေးကြီးကြီးဖြင့် ရောင်းချခြင်းမှာ ကျွန်ုပ်တို့နှင့် မသက်ဆိုင်သော်လည်း၊ ပါမောက္ခ လင်းယန်အား ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ပုတ်ခတ်ခြင်းကိုမူ ကျွန်ုပ်တို့ လုံးဝ ခွင့်လွှတ်မည်မဟုတ်ပါ။]

[အတွင်းသတင်းများအရ ဤကိစ္စမှာ ပြည်ပမှ ပုဂ္ဂိုလ်အချို့၏ လက်ချက်ဖြစ်ပြီး လက်ရှိတွင် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။ ပါမောက္ခ လင်းယန်အား အဘယ်ကြောင့် ဤမျှအထိ အလေးထားရသလဲဆိုသည်ကို အားလုံးလဲ သိချင်နေကြမှာပါ။]

[မူလက ဤသည်မှာ လျှို့ဝှက်ချက်ဖြစ်သော်လည်း ယခုအခါ ဆက်လက် ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ပါ။]

[ပါမောက္ခ လင်းယန်သည် ချင်းရှန်းရွာတွင် စမ်းသပ်စိုက်ပျိုးနေသော မြေပဲမျိုးစိတ်သစ်မှာ တိုက်လေယာဉ်သုံး လောင်စာဆီ နှင့် တိုက်ရိုက် သက်ဆိုင်နေတာကြောင့်ပဲဖြစ်ပါတယ်]

[မကြာသေးမီက ကျွန်ုပ်တို့၏ လေယာဉ် အင်ဂျင်ပိုင်းဆိုင်ရာပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီဟု သတင်းထုတ်ပြန်ခဲ့ရာတွင် ပါမောက္ခ လင်းယန်၏ ပံ့ပိုးကူညီမှုမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။]

[ပါမောက္ခ လင်းယန်က ကျွန်ုပ်တို့၏ စစ်ဘက်ဆိုင်ရာ ဘွဲ့ထူး ဂုဏ်ထူးများကို ငြင်းပယ်ခဲ့သော်လည်း၊ မည်သူတစ်ဦးတစ်ယောက်ကမျှ ပါမောက္ခ လင်းယန်အား စော်ကား ပုတ်ခတ်ခြင်းကိုမူ ကျွန်ုပ်တို့ လုံးဝ ခွင့်ပြုမည် မဟုတ်ပါ။]

လင်းယန်သည် ဤဗီဒီယိုကို ကြည့်ရင်း အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။ အင်တာနက် အသုံးပြုသူများ၏ ကောမန့် ကဏ္ဍတွင်မူ လုံးဝ ပေါက်ကွဲသွားခဲ့ပြီဖြစ်သည်။ ဤသတင်း ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အပျက်သဘောဆောင်သော ဝေဖန်မှုများမှာ ချက်ချင်းပင် တစ်ဖက်သို့ ပြောင်းလဲသွားတော့သည်။

အင်တာနက် အသုံးပြုသူ အများအပြားမှာ အလွန်အမင်း ဒေါသထွက်နေကြ၏။

[သောက်ကျိုးနည်း... အဲ့ဒီလူတွေရဲ့ အလိမ်အညာကို ငါတို့ မိတော့မလို့ပဲ!]

[ပါမောက္ခ လင်းယန်က တကယ့် သူရဲကောင်း အစစ်ပဲ။]

[သူရဲကောင်းတစ်ယောက်ကို ဒီလို မပုတ်ခတ်သင့်ဘူး၊ သူ့အတွက် ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်ပေးရမယ်။]

[တကယ်တော့ သေသေချာချာ စဉ်းစားကြည့်ရင် ပါမောက္ခ လင်းယန် စိုက်သမျှက အကုန် အစစ်တွေချည်းပဲ။]

[မနေ့က သူပြောသလိုပဲလေ၊ မုန်ညင်းက တစ်ဧကပဲရှိတာကို ဘယ်လိုလုပ် ချင်းရှန်းရွာ ကျန်းမာရေး မုန်ညင်းဆီတွေ ဒီလောက်အများကြီး ထွက်လာမလဲ။ အကုန်လုံးက အတုတွေချည်းပဲ၊ အဲ့ဒါကို တချို့လူတွေက အသုံးချသွားတာ။]

[ဟာ... ဒီလို စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်တွေကိုပါ ထုတ်ပြောရတဲ့အထိ ဖြစ်သွားတာလား။ ပါမောက္ခ လင်းယန်ကို ပုတ်ခတ်ဖို့ ပိုက်ဆံပေးတဲ့ကောင်တွေ တကယ် စိတ်တိုဖို့ ကောင်းတယ်!]

[အဆိုးဆုံးကတော့ ဟို Influencer တွေပဲ၊ ပိုက်ဆံရဖို့အတွက် အမှန်တရားကို မျက်ကွယ်ပြုပြီး အပြစ်မရှိတဲ့သူကို လူလိမ်ဖြစ်အောင် ဇာတ်လမ်းတွေ ဆင်ကြတယ်။]

[Short Video Platform ကလည်း ထုတ်ပြန်ချက် ထုတ်လိုက်ပြီ။ အဲ့ဒီလူတွေ အကုန်လုံးကို အကောင့်ပိတ်လိုက်ပြီတဲ့၊ နောက်ဆို ဘယ်တော့မှ ပေါ်မလာတော့ဘူး။]

[ပိတ်တာ ကောင်းတယ်။ သူရဲကောင်းကို စော်ကားတဲ့အတွက် ဒါ သူတို့ ရသင့်တဲ့ သင်ခန်းစာပဲ။]

[ဒါပေမဲ့ မြေပဲဆီက တိုက်လေယာဉ် လောင်စာဆီ အစားထိုးနိုင်တယ်ဆိုတာ တကယ် အိမ်မက်ဆန်တာပဲနော်။]

[တိုက်ရိုက် အစားထိုးတာတော့ မဟုတ်လောက်ဘူး၊ ကုန်ကြမ်းအနေနဲ့ အချိုးအစားတစ်ခုခု ရောစပ်တာ ဖြစ်မှာပါ။ ဒါပေမဲ့ ပါမောက္ခ လင်းယန်က တကယ့်ကို ကြီးမားတဲ့ ပံ့ပိုးမှု လုပ်ပေးခဲ့တာပဲ။]

[ပါမောက္ခ လင်းယန်က ငါတို့နိုင်ငံရဲ့ ဝှက်ဖဲတစ်ချပ်လိုပဲနော်။]

[အခုတော့ ဝှက်ဖဲ မဟုတ်တော့ဘူး၊ ပွင့်သွားပြီ။]

မရေမတွက်နိုင်သော အင်တာနက် အသုံးပြုသူများမှာ ဤကိစ္စကြောင့် အလွန်တရာ တုန်လှုပ်သွားကြသည်။ နိုင်ငံအတွင်းရှိ လူအများအပြားမှာလည်း ဤအကြောင်းကိုသာ ဆွေးနွေးနေကြတော့၏။ လင်းယန်သည် အလွန် ငယ်ရွယ်သော်လည်း လယ်စိုက်ရုံဖြင့် ဤမျှ အောင်မြင်မှု ရရှိနိုင်ခြင်းအပေါ် သံသယဝင်သူ အချို့ ရှိခဲ့သည်မှာ အမှန်ပင်။ ဤသည်မှာ သူတို့ ပညာသင်ယူကာ မြို့ပေါ်တွင် ရုန်းကန်နေရသည့် ဘဝလမ်းကြောင်းက မှားယွင်းနေသလားဟုပင် ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။

သို့သော် ယခု ကြည့်လိုက်သည့်အခါတွင်မူ... လင်းယန်နှင့် သူတို့မှာ လုံးဝ အဆင့်အတန်း မတူညီကြောင်း တွေ့လိုက်ရသည်။ စူပါမုန်ညင်းဆီဆိုသည်မှာ အတုလုပ်၍ ရကောင်းရနိုင်သော်လည်း၊ အစိုးရဘက်ကပါ ထွက်လာပြီဖြစ်ရာ မည်သူမျှ သံသယ မဝင်ရဲကြတော့ပေ။

တိုက်လေယာဉ်သုံး မြေပဲဆီ အကြောင်းမှာ လူအများ ပြောမကုန်သည့် ခေါင်းစဉ် ဖြစ်သွားခဲ့သည်။ မိမိတို့နိုင်ငံတွင် တိုက်လေယာဉ်သုံး လောင်စာဆီ ထုတ်လုပ်နိုင်သော်လည်း လောင်စာကုန်ကြမ်း ရှားပါးသည့် နိုင်ငံဖြစ်ကြောင်း အားလုံး သိကြသည်။ လောင်စာဆီ သိုလှောင်ထားမှုမှာ နာရီအနည်းငယ်စာလောက်သာ ခံပေလိမ့်မည်။

သို့သော် ဤမြေပဲဆီကမူ မတူပါချေ။ ပုံမှန်အချိန်တွင် သိုလှောင်ထားပြီး၊ လိုအပ်လျှင် လေယာဉ်ထဲ ထည့်သုံးနိုင်သလို၊ မသုံးဖြစ်လျှင်လည်း ကိုယ်တိုင် စားသုံး၍ ရသည်မဟုတ်လား! ထို့ထက် ပို၍ အရေးကြီးသည်မှာ... မြေပဲဆီ၏သက်တမ်းမှာ သာမန် လောင်စာဆီများထက် အများကြီး ပိုခံကြောင်း တစ်စုံတစ်ယောက်က ရှင်းပြလိုက်သည့်အခါ အင်တာနက် အသုံးပြုသူများမှာ ပို၍ပင် စိတ်လှုပ်ရှားသွားကြတော့သည်။

လူအများ၏ စိတ်ဝင်စားမှု မြင့်တက်လာသည်နှင့်အမျှ လင်းယန်မှာ ထင်ထားသည်ထက် ပို၍ မရိုးရှင်းကြောင်း လူအများက တွေ့ရှိလာကြပြန်သည်။

[ဟာ... ‘ဖရဲသီးကိုကို’ က ဈေးကြီးတဲ့ ဖရဲသီး၊ စူပါမုန်ညင်းဆီ၊ တိုက်လေယာဉ်သုံး မြေပဲဆီတွေအပြင်... ကင်ဆာတိုက်ဖျက်ရေး မုန်လာဥနီကိုပါ စိုက်ထားတာလား!]

[မုန်လာဥနီက ကင်ဆာဆေး အဖြစ် သုံးလို့ရတယ်တဲ့လား? ‘ငါက ဆေးနတ်ဘုရား မဟုတ်ဘူး’ ဇာတ်ကားကို မှတ်မိကြသေးလား? သွေးကင်ဆာဆေးတွေက အရမ်းဈေးကြီးတာလေ။]

[နိုင်ငံခြားက အမြဲတမ်း အဲ့ဒီလိုပဲ၊ ကုန်ကျစရိတ်က သိပ်မရှိဘဲနဲ့ လူ့အသက်ကို ပိုက်ဆံနဲ့ ဝယ်ခိုင်းနေကြတာ။ အခု ကပ်ရောဂါမှာလည်း ဒါကို မြင်နေရတာပဲ။]

[မှန်တယ်... ငါတို့က လူ့အသက်ကို အလေးထားတယ်၊ သူတို့ကတော့ လူ့အသက်ကို ငွေကြေးနဲ့ပဲ တိုင်းတာကြတာ။]

[အရင်းရှင်တွေက အမြဲတမ်း အမြတ်နောက်ပဲ လိုက်ကြတာလေ။]

[ပြည်တွင်းမှာ ကင်ဆာဆေး ရှိတယ်ဆိုတာ သိတုန်းက ဒီလောက်အထိ ခံစားချက် မရှိခဲ့ဘူး။ ဒါပေမဲ့ အခု ဒါက ပါမောက္ခ လင်းယန် လက်ချက်ဆိုတာ သိလိုက်ရတော့... လုံးဝ ဦးညွှတ်လိုက်ပါပြီ။]

[ဒီလောက် ငယ်ငယ်လေးနဲ့ ဒဏ္ဍာရီတစ်ခု ဖြစ်လာတော့မှာပဲ။]

[အရေးအကြီးဆုံးက ပါမောက္ခ လင်းယန်က ဒီတောရွာလေးမှာပဲ အေးအေးဆေးဆေး နေချင်တာကိုး။]

[အရင်တုန်းက ဖရဲသီး တစ်လုံး ယွမ်ငါးထောင်ဆိုတာ အရမ်းဈေးကြီးတယ်လို့ ထင်ခဲ့မိတာ။ အခုတော့ ယွမ်ငါးသောင်းနဲ့ ရောင်းရင်တောင် မကြီးဘူးလို့ ထင်မိသွားပြီ။]

[မှန်တယ်... အဲ့ဒါတွေက ပါမောက္ခ လင်းယန် ကိုယ်တိုင် စိုက်ထားတာတွေလေ။]

လင်းယန်သည် ဖုန်းကို ပိတ်လိုက်သည်။ အင်တာနက်ပေါ်က ဝေဖန်ချက်များကို သူ သိပ်ဂရုမစိုက်ဟု ဆိုသော်လည်း... လူအများ၏ ချီးကျူးမှုကို ခံရသည့် ခံစားချက်မှာမူ...

'နေလို့ ကောင်းသားပဲ!'

အရာအားလုံး ရှင်းလင်းသွားပြီဖြစ်သဖြင့် ဆက်လက်၍ အာရုံစိုက်နေရန် မလိုအပ်တော့ပေ။ လယ်ထဲက သီးနှံများကိုသာ သေသေချာချာ လေ့လာလိုက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။ လယ်သမား ဆိုသည်မှာ လယ်စိုက်ရန်သာ အရေးကြီးဆုံး မဟုတ်လား။

လင်းယန်သည် ကိုယ်လက်သန့်စင်ပြီးနောက် ခန္ဓာကိုယ်ကို ဆန့်လိုက်သည်။ မနေ့ညက အရက် အတော်လေး များသွားခဲ့၏။ ဘာကြောင့် သောက်မိတာလဲ၊ ဘယ်သူနှင့် သောက်မိသလဲဆိုသည်မှာပင် လုံးဝ မှတ်ဉာဏ် ပြတ်တောက်နေတော့သည်။

“ငါ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ ဘာလို့ အရက်က ဒီလောက်အထိ မူးလွယ်နေရတာလဲ?” လင်းယန် ဇဝေဇဝါ ဖြစ်မိသည်။

ခန္ဓာကိုယ်၏ စုပ်ယူနိုင်စွမ်း အလွန်ကောင်းမွန်သဖြင့် အယ်လ်ကိုဟောများက သွေးထဲသို့ ပိုမို လျင်မြန်စွာ စိမ့်ဝင်သွားခြင်းကြောင့်များလား? ဤဖြစ်နိုင်ချေကိုလည်း ဖယ်ထုတ်၍ မရပါချေ။

သို့သော်... စူးရို့ရို့က သူ့ကို ရှောင်နေသည်ကို မြင်လိုက်ရသည့်အခါ၊ ယန်ကျင်းလီက နှုတ်ဆက်ချိန်တွင် အလွန် ထိတ်လန့်နေသည်ကို မြင်ရသည့်အခါ၊ ချင်စုစုကပင် သူ့ကို မတွေ့ချင်ဟန် ဆောင်နေသည့်အခါတွင်မူ... တစ်ခုခု မှားယွင်းနေပြီဟု သူ သိလိုက်ရသည်။

“မနေ့က ငါ မူးပြီးတော့ ဘာတွေ လုပ်လိုက်မိလို့လဲ?”

ရှောင်ဝူလေးကတော့ ခေါင်းလေးစောင်းကာ သူ့ကို ကြည့်ရင်း- “ကိုကို့ အခန်းထဲမှာ မမတွေ အကုန်လုံး ရှိနေခဲ့တာပဲ သမီး သိတယ်”

လင်းယန် လုံးဝ ထိတ်လန့်သွားရသည်။ မနေ့ညက ဘာတွေ ဖြစ်ပျက်ခဲ့သနည်း ဆိုသည်ကို သူ အလွန် သိချင်နေမိသည်။ သို့သော် ထိုမိန်းကလေးများ၏ပုံစံမှာမူ လုံးဝ ထုတ်ဖော်ပြောမည့် ပုံစံ မရှိကြပါချေ။

“ထားလိုက်ပါတော့... လယ်ထဲပဲ သွားကြည့်တော့မယ်” ဟု လင်းယန်က တွေးကာ လယ်ထဲသို့ တန်းထွက်လာခဲ့သည်။

စူးရို့ရို့သည် ပြတင်းပေါက်မှနေ၍ သူ့ကျောပြင်ကို ကြည့်ရင်း မျက်ဝန်းများတွင် နာကျင်မှုများဖြင့် ကျန်ရစ်ခဲ့သည်ကို သူ မသိလိုက်ပါချေ။ ယန်ကျင်းလီမှာလည်း တိုင်ကို မှီကာ ငေးငိုင်နေပြီး၊ ချင်စုစုမှာ မနက်စာ လုပ်ပေးချင်သော်လည်း လက်ရှိတွင်မူ မြေထည်ပစ္စည်းများမှာ ကြမ်းပြင်ပေါ်၌ အပိုင်းပိုင်း အစစ ကွဲအက်နေချေပြီ။

ဝူယင်းကတော့... စောစောစီးစီး တောင်အောက်ဆင်းကာ ဓာတ်ခွဲခန်းထဲသို့ ဝင်သွားခဲ့လေပြီ။ ဤ ဓာတ်ခွဲခန်းသစ်အတွင်း၌ စမ်းသပ်ကိရိယာများပင် တရားဝင် မရောက်ရှိသေးသည်ကို သူမ မေ့နေပုံရသည်။

ရှုချင် နိုးလာသည့်အခါတွင်မူ ကိုယ်လက်ဆန့်ကာ သက်သောင့်သက်သာ ရှိလှသည်။ သူမသည် တစ်ယောက်တည်း ထမင်းစားနေသော ရှောင်ဝူလေးကိုကြည့်ရင်း ကြောင်အမ်းအမ်း ဖြစ်သွားရ၏။

“ထူးဆန်းလိုက်တာ... ဒီနေ့ ဘာလို့ ဒီလောက် တိတ်ဆိတ်နေရတာလဲ?”

“တစ်ခုခု ဖြစ်လို့လား?” ဟု ရှုချင်က မေးလိုက်လေတော့သည်။

***

All Chapters