← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 8 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 8 Ch. 123-124

စူပါ-ဖမ်း(SFS)

SFS 123

အခန်း ၁၂၃ ။ ကျေးလက်အိမ်မက်

ခြံဝင်းအတွင်းရှိ လေထုမှာ အနည်းငယ် တိတ်ဆိတ်ငြိမ်သက်နေ၏။ တာ့ဟွမ်မှာလည်း လျှာတထုတ်ထုတ်ဖြင့် ငြိမ်သက်စွာ ဝပ်နေပြီး လျှောက်မဟောင်ရဲပါချေ။ ၎င်းသည် အနည်းငယ်မျှ လှုပ်ရှားမိသည်နှင့် တစ်စုံတစ်ရာ အရေးယူခံရမည်ကို ကြောက်လန့်နေသည့်အလားပင်။

မြင်းနက်လေး ဝူးယာမှာလည်း ခွာဖြင့် မြေကြီးကို ယက်ချင်သော်လည်း အတင်းအောင့်ည်း သည်းခံနေရှာသည်။ ရှောင်ဝူလေး တစ်ယောက်သာလျှင် ဘာမှမဖြစ်သကဲ့သို့ စားစရာရှိတာစား၊ ဆော့စရာရှိတာ ဆော့လျက် ရှိနေ၏။ သူမ၏ လက်ထဲတွင်တော့ ရုပ်ပြပုံများ ပါဝင်သည့် ပုံပြင်စာအုပ်တစ်အုပ်ကို ပိုက်ထားသည်။

“အကုန်လုံး နေလို့သိပ်မကောင်းကြလို့ ဖြစ်မှာပါ” ဟု ရှောင်ဝူလေးက သူမကိုယ်တိုင်လည်း သေချာနားမလည်သည့် လေသံဖြင့် ရေရွတ်လိုက်သည်။

ရှုချင်ကတော့ မျက်နှာလေး နီမြန်းသွားရ၏။ သူမသည် ထိုနေ့က ဖြစ်ပျက်ခဲ့သော တုံ့ပြန်မှုများ အလွန်အမင်း ပြင်းထန်သွားခဲ့သည်ကို ပြန်လည် သတိရသွားခြင်း ဖြစ်သည်။

“နင့်ကိုကိုရော?”

“လယ်ထဲ သွားပြီ။”

ရှုချင် မျက်စောင်းတစ်ချက် ထိုးလိုက်မိသည်။ ချင်းရှန်းရွာရှိ လယ်မြေအားလုံးမှာ လင်းယန်၏ လက်ထဲတွင် ရှိနေသည် မဟုတ်လား။ သူ မည်သည့်လယ်ကွက်ထဲသို့ ရောက်နေသလဲဆိုသည်မှာ ခန့်မှန်းရခက်လှသည်။ ကံကောင်းသည်မှာ မကြာသေးမီက လင်းယန်သည် ဖုန်းယူသွားသည့် အကျင့် ရှိနေခြင်းပင် ဖြစ်၏။

တကယ်တမ်းတွင် လယ်ထဲမှ အလုပ်များကို သူ ကိုယ်တိုင်လုပ်နေရန် မလိုတော့ပါချေ။ ကျောင်းသားများဖြစ်စေ၊ စစ်သားများဖြစ်စေ အရာရာကို စနစ်တကျ လုပ်ဆောင်နေကြပြီ ဖြစ်သည်။ သူ အလုပ်လုပ်ခြင်း၊ မလုပ်ခြင်းမှာ သူ၏ စိတ်အခြေအနေပေါ်တွင်သာ မူတည်တော့သည်။

သို့သော် လင်းယန် လမ်းလျှောက်၍ သိပ်မဝေးသေးမီမှာပင် တပ်ခွဲမှူးယန်သည် သူ့ရှေ့သို့ ရောက်ရှိလာသည်။

“မနေ့ညက ကျွန်တော်တို့ ရွာထဲကို ခိုးဝင်ဖို့ ကြိုးစားတဲ့သူ နှစ်ယောက်ကို ဖမ်းမိတယ်၊ သူတို့က သူလျှိုတွေ ဖြစ်နေတာ သေချာသွားပြီ။”

“ဒီခေတ်ကြီးမှာ သူလျှိုတွေ ရှိနေသေးတာလား?”

“အများကြီး ရှိတာပေါ့။ ဒါပေမဲ့ ဒီနှစ်ယောက်ကတော့ ပိုက်ဆံနဲ့ အဝယ်ခံထားရတဲ့သူတွေပါ။ လယ်ထဲက သီးနှံတွေကို ခိုးချင်နေတာ။ သူတို့ရဲ့လုပ်ရပ်က သူလျှိုလုပ်ရပ် မြောက်နေပေမဲ့ သူတို့ကိုယ်တိုင်တော့ မသိကြဘူး။ လယ်ထွက်ကုန်လေး နည်းနည်းပါးပါး ခိုးရုံပဲလို့ ထင်နေကြတာ။”

“ငါးအသေးလေးတွေပါပဲ။” လင်းယန် နဖူးကိုပွတ်ရင်း ဆိုလိုက်သည်။

ဤသည်မှာ ဂျပန်လူမျိုးများ၏ လက်ချက်မှန်း သူ သိသော်လည်း၊ ခိုင်လုံသော သက်သေ အထောက်အထား မရှိသဖြင့် နောက်ကွယ်က လူကို စုံစမ်း၍ မရနိုင်ပါချေ။ ဤကဲ့သို့ ပိုက်ဆံပေးပြီး သူခိုးများကို အသုံးချကာ ပစ္စည်းခိုးခိုင်းသည့် နည်းလမ်းမှာ တကယ်ပင် ယုတ်မာလွန်းလှသည်။ အထူးသဖြင့် ပုံမှန် ခိုးဆိုးလုနှိုက် လုပ်နေကျသူများမှာ မိမိတို့ လုပ်ဆောင်နေသည့် လုပ်ရပ်က မည်မျှအထိ ပြင်းထန်သည်ကို နားမလည်ကြပါချေ။

ဖမ်းဆီးသူများအတွက်ပင် အမှုဖွင့်ရန် အတော်လေး လက်ပေါက်ကပ်လှသည်။ အကြောင်းမှာတော့ ထိုသူခိုးများက အကုန် ဝန်ခံလျှင်ပင် နောက်ကွယ်က ခိုင်းစေသူကို ဆက်သွယ်၍ မရနိုင်သောကြောင့် ဖြစ်၏။ နောက်ကွယ်က လူများက ကိုယ်တိုင် ဆင်းလာမည်ဟု တကယ် ထင်နေကြသလား? ယခုခေတ်မှာ ငွေကြေး လူ့အဖွဲ့အစည်းဖြစ်သည် မဟုတ်လား။ အထူးသဖြင့် ဝင်ငွေမမျှတသည့် အခြေအနေတွင် လူအများအပြားမှာ ရှင်သန်ရန်အတွက် စွန့်စားမှုများကို လုပ်ဆောင်ကြစမြဲပင်။

ထို့ပြင်... ပေးသည့် ပိုက်ဆံမှာလည်း အလွန်အမင်း များပြားလှသည် မဟုတ်ပေ။ အကယ်၍ ပိုက်ဆံ အများကြီးပေးလျှင် ထိုသူခိုးများက သတိထားမိသွားပေလိမ့်မည်။

“ဥပဒေအတိုင်းပဲ အရေးယူလိုက်ပါ၊ ကျွန်တော့်ကို မေးနေစရာ မလိုပါဘူး။” လင်းယန်က လက်ကာပြလိုက်သည်။

တပ်ခွဲမှူးယန်ကတော့ လင်းယန်ကိုသာ တကယ့် တာဝန်ရှိသူဟု သတ်မှတ်ထားသဖြင့် လာရောက် မေးမြန်းခြင်းဖြစ်၏။ သို့သော် လင်းယန်အတွက်မူ ဤကဲ့သို့သော ကိစ္စများကို စိတ်မဝင်စားပါချေ။ ပညာရှင်များ၏ လက်ထဲတွင်သာ အပြစ်ပေးခိုင်းခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။ ကတုံးချန်တို့ကဲ့သို့ ကံကောင်းသူများမှာ လူတိုင်း မဟုတ်ပေ။

သို့သော် နောက်ကွယ်က လူနှင့် ပတ်သက်၍ လင်းယန် တစ်ခု သတိရသွားသည်။

“ဒါနဲ့... နန်ရှန်းဆေးရုံဘက်က လူတချို့ ကျွန်တော့်ဆီ ဆက်သွယ်ဖူးတယ်။ သူတို့တွေက လယ်ထွက်ကုန် မျိုးစေ့တွေကို ခိုးချင်နေတာလို့ ကျွန်တော် သံသယရှိတယ်၊ ခင်ဗျားတို့ လူလွှတ်ပြီး စုံစမ်းကြည့်လိုက်ပါဦး။”

တပ်ခွဲမှူးယန်သည် ချက်ချင်းပင် မတ်တပ်ရပ်ကာ အလေးပြုလိုက်၏။ “ဟုတ်ကဲ့! အခုချက်ချင်း အကောင်အထည်ဖော်ပါ့မယ်။”

လင်းယန်က ဤမျှအထိ လုပ်စရာမလိုကြောင်း ပြောရန် ပြင်လိုက်သော်လည်း တပ်ခွဲမှူးယန်မှာ လျှပ်စစ်အလား ပြေးထွက်သွားလေပြီ။ လင်းယန်လည်း ဘာမှ မတတ်နိုင်တော့ပါချေ။ အဘိုးစူးက ဤတပ်ဖွဲ့ကို ချင်းရှန်းရွာသို့ လွှတ်လိုက်ကတည်းက၊ လင်းယန်သည် ‘ပြည်သူ့တပ်မတော်’ ဆိုသည်မှာ မည်သို့သော အရာဖြစ်ကြောင်း လေးလေးနက်နက် သဘောပေါက်သွားခဲ့သည်။

ဆောက်လုပ်ရေး အဖွဲ့-၂ ၏ အလုပ်များမှာလည်း ရပ်နားသွားပြီဖြစ်၏။ လျှပ်စစ်မီးနှင့် ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းအားလုံးကို ဤစစ်သားများကပင် လုပ်ဆောင်ပေးကြသည်။ အလုပ်လုပ်နှုန်းနှင့် အရည်အသွေးမှာမူ ဆောက်လုပ်ရေးအဖွဲ့ထက် အဆပေါင်းများစွာ သာလွန်လှသည်။ ဤအရည်အသွေးမျိုးဖြင့်ဆိုလျှင် ချင်းရှန်းရွာမှာ နှစ်ပေါင်း ရာချီအောင် ပြဿနာရှိမည်မဟုတ်ပေ။

ဟောင်းနွမ်း ပျက်စီးနေသော အဘိုးအဘွားများ၏ အိမ်များကိုပင် သူတို့က အသစ်အတိုင်းဖြစ်အောင် ပြုပြင်ပေးခဲ့ကြသည်။ ၎င်းသည် ကောင်းမွန်သော ရှေးရိုးရာ ကိုယ်ကျင့်တရားများကို ဆက်ခံခြင်းပင် ဖြစ်၏။ လယ်ယာသုံး စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်းတွင်ပင် ဤစစ်သားများ၏ ကျွမ်းကျင်မှုမှာ ကျောင်းသားများထက်ပင် သာလွန်နေသေးသည်။

လင်းယန် သေသေချာချာ မေးမြန်းကြည့်လိုက်သည့် အခါမှသာ သူတို့အားလုံးမှာ ထူးချွန်သည့် ပညာရှင်များ ဖြစ်ကြောင်း သိလိုက်ရသည်။

'ဒီစိုက်ပျိုးရေး စက်ရုပ်ကိုရော... ဒီလူတွေ တည်ဆောက်ပေးနိုင်မလား မသိဘူး' ဟု လင်းယန် စိတ်ထဲမှ တွေးတောနေမိသည်။

သူ့အတွေးအရဆိုလျှင် နည်းပညာကုမ္ပဏီတစ်ခုခုကို ဝယ်ယူလိုက်ခြင်းက အကောင်းဆုံး ဖြစ်သော်လည်း၊ ထိုကုမ္ပဏီများ၏တန်ဖိုးမှာ အလွန်မြင့်မားလှသဖြင့် သူ့ပိုက်ဆံများဖြင့် ဝယ်ယူရန် မလွယ်ကူပါချေ။ ထို့ပြင် နည်းပညာကုမ္ပဏီများသည် လယ်စိုက်ခြင်းနှင့်လည်း တိုက်ရိုက် မသက်ဆိုင်လှပေ။

ထို့ထက်စာလျှင် လယ်ယာသုံး စက်ပစ္စည်း ကုမ္ပဏီတစ်ခုကို ဝယ်ယူလိုက်ခြင်းက ပို၍ လက်တွေ့ကျပေလိမ့်မည်။ သို့သော် လယ်ယာသုံး စက်ပစ္စည်း ထုတ်လုပ်ခြင်းမှာ အမြတ်အစွန်း သိပ်မရှိသဖြင့် အစိုးရ၏ ထောက်ပံ့ကြေးဖြင့်သာ ရပ်တည်နေကြရခြင်းဖြစ်သည်။ ဤသည်မှာ လက်ရှိ ပြည်တွင်း စိုက်ပျိုးရေးလုပ်ငန်း၏ အခက်အခဲပင်။

သူ လယ်ကွင်းထဲတွင် လျှောက်သွားနေစဉ် အဝေးမှနေ၍ အနီရောင်ဝတ်ရုံကို ခြုံထားသည့် ပုံရိပ်တစ်ခုမှာ မြင်းညိုလေးကို စီးနင်းကာ ဖြည်းဖြည်းချင်း လာနေသည်ကို မြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် မြင်း၏ လည်ပင်းမှ ချူသံလေးများကိုလည်း ကြားနေရ၏။

လင်းယန် မျက်လုံးများကို အသာမှေးလိုက်မိသည်။ ရှေးဟောင်းဆန်သော အဝတ်အစားနှင့် လီရှောင်ချီ၏ အရှိန်အဝါ ပေါင်းစပ်လိုက်သည့် အခါတွင်မူ တကယ့်ကို ဆွဲဆောင်မှု ရှိလှပေသည်။ သူမသည် လင်းယန်၏ ရှေ့သို့ မကြာမီ ရောက်ရှိလာ၏။ သူမ၏ အနောက်ရှိ ကင်မရာသမားကိုလည်း လင်းယန် သိပ်ပြီး ဂရုမစိုက်တော့ပါချေ။ အဘယ်ကြောင့်ဆိုသော် လီရှောင်ချီ၏ ဗီဒီယိုတွင် ပါဝင်ရန် သူ သဘောတူထားပြီးသား ဖြစ်သောကြောင့်ပင်။

“ရှင် တကယ့်ကို နာမည်ကြီးသွားပြီနော်။ လုံးဝ မျှော်လင့်မထားတဲ့ ကိစ္စပဲ။ တစ်ညတည်းနဲ့ Follower ဆယ်သန်းကျော် တိုးသွားတာလေ။ ဗီဒီယို တစ်ခုတည်းနဲ့ ဒီလောက် ဖြစ်သွားတာကတော့ စံချိန်သစ်ပါပဲ။” လီရှောင်ချီသည် လင်းယန်ကို အကဲခတ်သည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“လှိုင်းလုံးတွေကြားထဲ အတွန်းခံလိုက်ရရုံပါ၊ ဘာမှ မဟုတ်ဘူး။”

“နောက်ဆိုရင် ရှင် ဘာပဲ ရိုက်တင်တင် လူကြည့်တွေ အများကြီး ရတော့မှာပါ။”

လင်းယန်က ခေါင်းလေးစောင်းကာ- “ကျွန်တော်က လယ်ပဲ စိုက်ချင်တာပါ။”

“Short Video ဆိုတာ ဝေမျှခြင်းပါပဲ။ ရှင့်ရဲ့ လယ်စိုက်တဲ့ ဘဝကို ဝေမျှလို့ ရသလို၊ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုကိုလည်း မြှင့်တင်လို့ ရတာပေါ့။”

လင်းယန် မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ လီရှောင်ချီ၏ စကားကြောင့် သူ အနည်းငယ် စိတ်လှုပ်ရှားသွားသည်မှာ အမှန်ပင်။ သို့သော် ရှေးရိုးရာ ကျေးလက်ယဉ်ကျေးမှုကို မြှင့်တင်ရန်လား? လင်းယန်သည် မိမိနှင့် လီရှောင်ချီကြားတွင် ကွာခြားချက် ရှိသည်ဟု ယူဆသည်။

သေချာသည်မှာ လီရှောင်ချီသည် ဤကဲ့သို့သော ကျေးလက် တောရွာဘဝကို မြတ်နိုးသူဖြစ်သဖြင့်၊ မိမိ၏ ဘဝကို သက်သောင့်သက်သာ ဖြတ်သန်းနိုင်ရန် နည်းလမ်းသစ် ရှာဖွေသူ ဖြစ်၏။ သို့သော် လင်းယန်မှာမူ... သူ၏ လက်ထဲရှိ မျိုးစေ့များနှင့် လယ်ထွက်ကုန်များမှာ...

ရှေးခေတ် သမိုင်းတွင်လည်းကောင်း၊ ကမ္ဘာ့သမိုင်းတွင်လည်းကောင်း တစ်ခါမျှ မပေါ်ပေါက်ဖူးသည့် အရာများ ဖြစ်နေသည်။ ရှေးဟောင်း ကျေးလက်ယဉ်ကျေးမှုထက်စာလျှင် သူက လမ်းသစ်ထွင်သူနှင့် ပိုတူနေသည်။

“ကျွန်တော် စိုက်ထုတ်လိုက်တဲ့ အရာတွေက ဘာတွေလဲဆိုတာ ကျွန်တော်ကိုယ်တိုင်တောင် တစ်ခါတလေ မသိဘူး။” ဟု လင်းယန်က အနည်းငယ် အနေရခက်စွာ ပြောလိုက်သည်။

“တကယ်တော့ လူတိုင်းမှာ ကျေးလက်အိမ်မက်တစ်ခုစီ ရှိကြပါတယ်။ ကျွန်မတို့ကတော့ အဲ့ဒီ လှပတဲ့ အိမ်မက်ကို သူတို့ မြင်တွေ့အောင် ပြသပေးရုံပါပဲ။” လီရှောင်ချီ၏အသံမှာ အနည်းငယ် ဝေဝါးနေသကဲ့သို့ပင်။

သူမ၏ စကားတစ်ခွန်းက ကျေးလက်အိမ်မက် ဖန်တီးသူများ၏ အနှစ်သာရကို ဖော်ပြလိုက်ခြင်းပင် ဖြစ်၏။ သူမသည် လင်းယန်ကိုလည်း အင်တာနက် ခေတ်ကြီးအတွင်းသို့ ဆွဲခေါ်ရန် ကြိုးစားနေပုံရသည်။

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင်၊ လင်းယန်၏ ကိစ္စကြောင့် အင်တာနက်လောကတွင် နောက်ထပ် အကြီးအကျယ် တုန်လှုပ်မှုတစ်ခု ထပ်မံ ဖြစ်ပေါ်လာပြန်လေသည်။

***

စူပါ-ဖမ်း(SFS)

SFS 124

အခန်း ၁၂၄ ။ အခွင့်ဦးသာမှု

Douyin Short Video ပလက်ဖောင်း၏ အဆင့်မြင့်အရာရှိများစွာမှာ လင်းယန်အကောင့်၏ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာနေကြသည်။ သေချာသည်မှာ ၎င်းသည် သူတို့တစ်ခါမျှ မတွေ့ကြုံဖူးသည့် အခြေအနေမျိုးပင် ဖြစ်၏။

ဤကဲ့သို့သောအဆင့်မျိုးကို အစိုးရပိုင်မီဒီယာများသာ ရောက်ရှိနိုင်ပေလိမ့်မည်။ အစိုးရမီဒီယာများမှာ ပြည်တွင်း၌ ဆယ်စုနှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့ပြီး များပြားလှသော Follower အရေအတွက် ရှိနေခြင်းမှာ သဘာဝကျသော်လည်း၊ လင်းယန်မှာမူ လုံးဝကွဲပြားခြားနားနေသည်။ သူသည် လူတစ်ဦးတည်းသာဖြစ်ပြီး ဗီဒီယိုတစ်ခုတည်းသာ ရှိသေးသည် မဟုတ်လား။

“တစ်ညတည်းနဲ့တင် Follower ဆယ်သန်းကျော် ရသွားတာ။”

“ဒီနေ့ နေ့လယ်ပိုင်းမှာတင် Follower အရေအတွက်က ၁၅ သန်း ကျော်သွားပြီ။”

“ပထမတန်းစား မင်းသား၊ မင်းသမီးတွေတောင် ဒီလောက် အချက်အလက်မျိုး မရဖူးဘူး။”

“ပြီးတော့ နောက်ကွယ်က စစ်ဆေးကြည့်ရသလောက်လည်း Follower အတုတွေ ဝယ်ထားတဲ့ လက္ခဏာ လုံးဝ မရှိဘူး။”

မီဒီယာလောကသား အားလုံးမှာ ဤဖြစ်ရပ်ကြောင့် တုန်လှုပ်နေကြရသည်။

“Follower အမြန်ဆုံး တိုးလာတဲ့ အချိန်ကတော့ စစ်ဘက်ဆိုင်ရာက ထုတ်ပြန်ချက်ထုတ်ပြီးတဲ့ အချိန်ပဲ ဖြစ်ရမယ်။ မျိုးချစ်စိတ်ရှိတဲ့ ပရိသတ် အမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့တာပဲ။”

“လင်းယန်က သာမန် မီဒီယာသမားအဆင့်ထက် ကျော်လွန်သွားပြီ။ သူ့ရဲ့ လုပ်ရပ်တွေက နိုင်ငံတော်ရဲ့ သူရဲကောင်း အဆင့်ပဲ။ သူက ငါတို့ ပလက်ဖောင်းမှာ လာတင်တာကိုက ငါတို့အတွက် ကံကောင်းတာပဲ။”

“ပါမောက္ခလင်းကို ဆက်သွယ်ကြည့်လိုက်ပါဦး။ ငါတို့ ပလက်ဖောင်းမှာပဲ အမြဲတမ်းရှိနေဖို့အတွက် စာချုပ်ချုပ်ဖို့ပေါ့။ စာချုပ်ကြေးကိုတော့ စိတ်ကြိုက် ညှိနှိုင်းလို့ရတယ်လို့ ပြောလိုက်။”

Douyin ဘက်မှ တာဝန်ရှိသူများမှာ လင်းယန်ထံ၌ ရှိနေသော များပြားလှသော အသုံးပြုသူများကို ကြည့်ကာ မနေနိုင်တော့ဘဲ၊ လင်းယန်အား သူတို့၏ ပလက်ဖောင်းတွင် အခြေချရန် ဖျောင်းဖျချင်နေကြသည်။ ယခုကဲ့သို့ ‘Traffic ခေတ်’ တွင် Traffic ကို ထိန်းချုပ်နိုင်သူသည် ငွေကြေးကို ထိန်းချုပ်နိုင်သူပင် ဖြစ်၏။

Traffic မှတစ်ဆင့် ငွေရှာခြင်းမှာ အလွယ်ကူဆုံး နည်းလမ်း ဖြစ်သည်။ သာမန် ပစ္စည်းတစ်ခုပင် ဖြစ်စေကာမူ လုံလောက်သော Traffic အထောက်အပံ့ ရှိပါက အံ့မခန်းသော ရောင်းအားများကို ဖန်တီးနိုင်သည်။ တစ်ခါတစ်ရံတွင်မူ ဤအချက်ကြောင့်ပင် စစ်မှန်သော ပစ္စည်းကောင်းများကို လျစ်လျူရှုမိတတ်ကြသည်။

လင်းယန်၏ Traffic များကို လျင်မြန်စွာ စုစည်းနိုင်စွမ်းက မီဒီယာသမား အမြောက်အမြားကို ရူးသွပ်စေခဲ့ပြီး ဤသတင်းမှာလည်း အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ တစ်ညတည်းဖြင့် Follower ဆယ်သန်း တိုးခြင်းမျိုး ရှိဖူးသော်လည်း၊ လင်းယန်ကဲ့သို့ ဗီဒီယိုတစ်ခုတည်းဖြင့် ဖြစ်သွားခြင်းမှာမူ ဖြစ်ရပ်ဆန်း တစ်ခုပင် ဖြစ်၏။

စပ်စုတတ်သော အင်တာနက် အသုံးပြုသူများမှာလည်း သတင်းထောက်များ၏ အဆက်မပြတ် ဖော်ပြမှုများကြောင့် လင်းယန်၏ အကောင့်ကို ထပ်မံ၍ Follow လုပ်လာကြသည်။ အင်တာနက် လောက၏ အကြည့်များ အားလုံးမှာ ဤအချိန်တွင် လင်းယန်ဆီသို့သာ စုပြုံရောက်ရှိနေလေပြီ။

Social Media များကလည်း နာမည်ကြီးနေသည့် အခြေအနေကို အသုံးချကာ အပြိုင်အဆိုင် ကြော်ငြာနေကြသောကြောင့် Follower အရေအတွက်မှာ သန်း ၂၀ အထိ တစ်ဟုန်ထိုး တက်လှမ်းသွားခဲ့သည်။ ဤသည်မှာ Short Video လုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်နေကြသော Influencer များကို မနာလိုဖြစ်စေခဲ့သည်။ သို့သော်လည်း လင်းယန်၏ ပံ့ပိုးကူညီမှုများကို ပြန်လည်စဉ်းစားမိသည့်အခါတွင်မူ သူတို့လည်း လှိုက်လှိုက်လှဲလှဲ ချီးကျူးရုံသာ ရှိတော့သည်။

“ပါမောက္ခလင်းက ဒီလောက် အောင်မြင်မှုတွေ ရထားပြီး နိုင်ငံအတွက် အများကြီး အကျိုးပြုထားတာဆိုတော့ ဒီလို ရလဒ်မျိုးနဲ့ တကယ် ထိုက်တန်ပါတယ်။”

“တကယ့်ကို မယုံနိုင်စရာပဲ။ သူ့ရဲ့ အောင်မြင်မှုတွေကို ကြည့်ရင် ငါတို့နဲ့ ရွယ်တူလို့တောင် ထင်ရခက်တယ်။ မဟုတ်ဘူး... ငါ့ထက်တောင် ငယ်သေးတယ်!”

“ပါမောက္ခလင်းရဲ့ အသက်အရွယ်က ပါမောက္ခနဲ့တောင် မတူဘူး၊ ကျောင်းသားနဲ့ ပိုတူနေသေးတယ်။”

“ကျန်းနန် စိုက်ပျိုးရေးတက္ကသိုလ်ကလည်း လက်ဦးမှု တော်တော် မြန်တာပဲ။ အသက်အငယ်ဆုံး ပါမောက္ခဘွဲ့ကို ချက်ချင်း ပေးလိုက်တာပဲလေ။”

အင်တာနက် အသုံးပြုသူများကြားတွင် ဆွေးနွေးမှုများ အကြီးအကျယ် ဖြစ်ပေါ်နေသည်။ အင်တာနက်တွင် မှတ်ဉာဏ်ရှိသည် မဟုတ်လား။ လင်းယန်၏အတိတ်က အကြောင်းအရာများ အားလုံးမှာလည်း ပြန်လည် တူးဖော်ခံရတော့သည်။ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး အစီအစဉ် ရိုက်ကူးခဲ့စဉ်က အကြောင်းများ၊ ဈေးကြီးပေးရသည့် ဖရဲသီး ကိစ္စများ စသည်တို့မှာ တစ်ခုချင်းစီ မှတ်တမ်းတင်ခံရတော့သည်။

လင်းယန်တွင် လမ်းဖောက်ရန် ပိုက်ဆံရှိနေသည့်ကိစ္စအပေါ် မည်သူမျှ သံသယ မဝင်ကြတော့ပေ။ ဤမျှ အောင်မြင်မှုရထားသူတစ်ဦးတွင် ပိုက်ဆံရှိနေခြင်းမှာ ဘာဆန်းသနည်း။ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ရိုက်ကူးခဲ့သော အဖွဲ့ပင်လျှင် ဤကိစ္စကြောင့် ပြန်လည်၍ နာမည်ကြီးလာခဲ့သည်။

လင်းယန်နှင့်ပတ်သက်သမျှ အရာအားလုံးမှာ ရေပန်းစားလာခဲ့ပြီး သိသာထင်ရှားသော အချက်မှာ ဖရဲသီး၊ မုန်ညင်းဆီ နှင့် မြေပဲဆီ တို့၏ ဈေးနှုန်းများမှာ အကုန် မြင့်တက်ကုန်ခြင်းပင်ဖြစ်၏။ မြင့်တက်မှုမှာ အလွန်အမင်း မဟုတ်သော်လည်း လူအများအပြားကိုတော့ အခက်တွေ့စေခဲ့သည်။

ရှုချင်သည် ဖုန်းထဲမှ နိုင်ငံတကာ ကုန်စည်ဒိုင် အချက်အလက်များကို ကြားလိုက်ရသည့်အခါ ဇဝေဇဝါ ဖြစ်သွားရသည်။ မုန်ညင်းဆီနှင့် မြေပဲဆီတို့၏ ဈေးနှုန်းအတက်အကျမှာ သိသိသာသာကို ပုံမှန်မဟုတ်ပေ။ ၎င်းသည် လင်းယန်၏ သတင်းကြောင့်ဖြစ်ကြောင်း သိလိုက်ရသည့်အခါတွင်မူ သူမ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။ လင်းယန် တစ်ဦးတည်း၏ အစွမ်းဖြင့် ဤမျှ ကြီးမားသော ကုန်စည်ဈေးကွက်ကို လှုပ်ခတ်စေလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့ဖူးပေ။

ဖုန်းတစ်ဖက်မှ အသံမှာ အနည်းငယ် ကျေနပ်နေပုံရ၏။ “ပြည်တွင်းကလူတွေတင် မဟုတ်ဘူး၊ နိုင်ငံခြားသားတွေလည်း ကြောင်ကုန်ကြပြီ။ အချက်အလက်တွေ ဘာလို့ ဒီလောက် ပြင်းပြင်းထန်ထန် လှုပ်ခတ်နေလဲဆိုတာ သူတို့ လုံးဝ နားမလည်ကြဘူး။ ငါတို့က နောက်ကွယ်ကနေ ကစားနေတယ်လို့တောင် သံသယဝင်နေကြတာ။”

ရှုချင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ငါတို့က သူတို့လို ယုတ်မာတဲ့သူတွေ မဟုတ်ဘူး။ ဒါနဲ့... ဒီကိစ္စကို ဘယ်လို ဆက်လုပ်ဖို့ စဉ်းစားထားလဲ?”

“ဒီအခွင့်အရေးကို သုံးပြီး နိုင်ငံခြား အရင်းအနှီးတွေကို အကြီးအကျယ် နှိပ်ကွပ်ရမှာပေါ့။ အရင်တုန်းက သူတို့ပဲ ငါတို့ကို တိုက်ခိုက်နေတာလေ၊ အခု ငါတို့ အလှည့်ပဲ။ ငါတို့ကိုယ်စား ‘ဖရဲသီးကိုကို’ ကို ကျေးဇူးတင်စကား ပြောပေးပါဦး။”

ဖုန်းတစ်ဖက်မှ အသံတွင် ကျေးဇူးတင်မှုများ ပြည့်နှက်နေ၏။ ရှုချင်၏နှုတ်ခမ်းဖျားတွင်လည်း အပြုံးတစ်ခု ပေါ်လာသည်။ လယ်စိုက်သူ လင်းယန်က သူမတို့အား ဘဏ္ဍာရေး လောကတွင် ဤကဲ့သို့ လက်ဦးမှု ရရှိအောင် ကူညီပေးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဤသည်က သူမ၏ စိတ်ကို ပို၍ ကြည်လင်သွားစေသည်။

ရှန်ဟိုင်းရှိ သူမ၏ လုပ်ဖော်ကိုင်ဖက်များမှာ ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ အကြီးအကျယ် တိုက်ပွဲဝင်ကြလိမ့်မည် ဖြစ်ကြောင်း သူမ ခန့်မှန်းမိသည်။ အနိုင်ရရန် အခွင့်အရေးမှာလည်း အလွန် များပြားလှသည်။

'အကယ်၍သာ သူ့ကို အင်တာနက်ပေါ်မှာ ထပ်ပြီး စကားပြောခိုင်းနိုင်ရင်... မုန်ညင်းဆီနဲ့ မြေပဲဆီ အကြောင်းတွေကိုပေါ့... အဲ့ဒါဆိုရင် ဒီ စီးပွားရေး စစ်ပွဲမှာ အနိုင်ရဖို့ ပိုပြီး သေချာသွားမှာပဲ'

ရှုချင် စိတ်လှုပ်ရှားသွားရသည်။ သို့သော် သေသေချာချာ စဉ်းစားကြည့်သည့်အခါ လင်းယန်က ငြင်းပယ်လိမ့်မည်ဟု သူမ ယူဆမိသည်။

“သူက လူပုံအလယ်မှာ ထွက်ပြားရတာကို ဝါသနာပါတဲ့သူမှ မဟုတ်တာ။”

“သူ့ရဲ့ လုပ်ရပ်တွေက... ရသေ့တစ်ပါးလိုပဲ။”

ရှုချင် မျက်မှန်ကို ချွတ်လိုက်သည်။ လင်းယန်ကို မည်သို့ ဖျောင်းဖျရမည်ကို သူမ လုံးဝ စဉ်းစားမရပါချေ။ ထိုအချိန်တွင် လင်းယန်မှာမူ လီရှောင်ချီ၏ကင်မရာထဲသို့ အပြည့်အဝ ရောက်ရှိနေပြီဖြစ်သည်ကို သူမ မသိလိုက်ပါချေ။

ယခုအခါ လီရှောင်ချီသည် မြင်းကို တွဲလျက် လင်းယန်နှင့်အတူ လမ်းကလေးအတိုင်း ယှဉ်တွဲ လျှောက်လှမ်းနေ၏။ အဝေးက ရှုခင်းများကို ကြည့်ရင်း သူမနှင့် ပတ်သက်သော ကိစ္စများစွာကို ဆွေးနွေးနေကြသည်။

“တကယ်တော့ Follower တွေက အဝေးကြီးကနေ ကိုယ့်ကို လာရှာကြတာကို တွေ့ရတော့ တကယ်ပဲ စိတ်လှုပ်ရှားမိပါတယ်။ ဒါပေမဲ့ ကျွန်မမှာလည်း လုပ်ရမယ့် အလုပ်တွေ ရှိနေတော့ သူတို့အတွက် အချိန်အများကြီး မပေးနိုင်ဘူး။

သူတို့ကို ဂရုမစိုက်မိပြန်ရင်လည်း နှစ်ဦးနှစ်ဖက်လုံးအတွက် မကောင်းဘူးလေ။

ကံကောင်းတာက ရှင့်ရဲ့ ချင်းရှန်းရွာက တကယ့်ကို အေးချမ်းတာပဲ။ ဘယ်သူမှ လာနှောင့်ယှက်လို့ မရဘူး။ အဲ့ဒီအတွက်လည်း ကျေးဇူးတင်ရမှာပါ။”

လင်းယန်က ပြုံးလိုက်ပြီး- “ဒါက ဘာမှ မဟုတ်ဘူး။ မင်းကလည်း ရွာအတွက် ကြော်ငြာပေးနေတာပဲ မဟုတ်လား။”

“ဒါကတော့ ထားပါတော့။ ဒါနဲ့... ရှင့်ရဲ့ ဖရဲသီးတွေကို နောက်ကျရင် ထပ်ပြီး ရောင်းဖို့ အစီအစဉ် ရှိသေးလား?”

လင်းယန် အဝေးသို့ ငေးကြည့်လိုက်သည်။ “ရောင်းလို့ ရရင်တော့ သေချာပေါက် ရောင်းရမှာပေါ့။”

“အခု အင်တာနက်ပေါ်မှာ တိုက်ရိုက်လွှင့်ပြီး ပစ္စည်းရောင်းတာက အရမ်း ခေတ်စားနေတာလေ။ ရှင်လည်း စမ်းကြည့်သင့်တယ်။”

“ဒီဖရဲသီးမျိုးက အဝေးကို သယ်ယူဖို့ တော်တော် ခက်တယ်။”

လီရှောင်ချီက ခြေလှမ်းများကို ရပ်လိုက်ကာ လင်းယန်၏ ဘေးတိုက်မျက်နှာကို သေချာ ကြည့်လိုက်ပြီး- “ကျွန်မမှာ ကိုယ်ပိုင်ထွက်ကုန် အမှတ်တံဆိပ်ရှိတယ်။ ရှင့်ရဲ့ ဖရဲသီးတွေကို အဝေးကို သယ်ယူလို့ရမယ့် ထုတ်ကုန်တွေအဖြစ် ကျွန်မ ပြောင်းလဲပေးနိုင်တယ်လေ။”

လင်းယန် အနည်းငယ် ကြောင်သွားရသည်။ လီရှောင်ချီ ချင်းရှန်းရွာသို့ ရောက်လာစဉ်က သူမ ပြုလုပ်ထားသော လှပသည့် ထုပ်ပိုးမှုများပါသည့် ဒေသထွက်ကုန်များကို သူ့အား ပေးခဲ့သည်ကို သတိရသွားသည်။

'နောက်ကျရင် ဒီဖရဲသီးနက်တွေကို တကယ်ပဲ ထုတ်ကုန်တစ်ခုအနေနဲ့ ပြုပြင်ထုတ်လုပ်လို့ ရမှာလား?'

'အဲ့ဒီအခါကျရင် မူလ အရသာကရော ကျန်ရှိနေပါဦးမလား?'

နောက်ဆုံးတွင် လင်းယန်က ငြင်းပယ်ရန် ဆုံးဖြတ်လိုက်သည်။

“လယ်ယာထွက်ကုန်တွေကို ပြုပြင်ထုတ်လုပ်လိုက်ရင် အမြတ်အစွန်း ပိုရနိုင်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့်တော့ အထဲမှာရှိတဲ့ စစ်မှန်တဲ့ အရသာတွေ ဆုံးရှုံးသွားတတ်ကြတယ်။ ကျွန်တော်က လယ်သမားတစ်ယောက်ပါ။ ရိုးရိုးရှင်းရှင်းလေး လယ်စိုက်ရတာကိုပဲ သဘောကျတယ်။”

လင်းယန်သည် သွယ်ဝိုက်သော နည်းလမ်းဖြင့် လီရှောင်ချီကို ငြင်းလိုက်ခြင်းဖြစ်၏။ သို့သော် ပါးနပ်လှသော လီရှောင်ချီမှာမူ လင်းယန်၏ စကားထဲမှ ဟာကွက်တစ်ခုကို ရှာတွေ့သွားခဲ့သည်။

“ဒါဆိုရင်... ကျွန်မက ရှင့်ဆီက ပစ္စည်းတွေကို ဝယ်ပြီးမှ၊ ကျွန်မဘာသာ ပြုပြင်ထုတ်လုပ်ပြီး ရောင်းမယ်ဆိုရင်ရော ရမလား?”

***

All Chapters