အခန်း (၁၂၅-၁၂၆)
Vol. 8 Ch. 125-126
စူပါ-ဖမ်း(SFS)
SFS 125
အခန်း ၁၂၅ ။ အင်တာနက်အသုံးပြုသူများ၏ တောင့်တမှု
လင်းယန်က ပြုံးလိုက်သည်။ ဤသည်မှာ လီရှောင်ချီ၏လုပ်ရပ်ကို သဘောတူလိုက်သည့် သဘောပင် ဖြစ်၏။
ချင်းရှန်းရွာမှ လယ်ထွက်ကုန်များမှာ သုတေသနအတွက် အသုံးပြုသည်များ၊ မျိုးစေ့ထုတ်ရန် ချန်ထားသည်များ ရှိသော်လည်း ကျန်ရှိနေသည့် အပိုင်းများကိုတော့ အကုန်စားပစ်ရန် မဖြစ်နိုင်ပေ။ အိမ်ကလူတွေလည်း ထိုမျှအထိ အများကြီး မစားနိုင်ကြပါချေ။ အကောင်းဆုံးအပိုင်းများကို ချန်လှပ်ပြီး ကျန်သည်များကို ပြန်ရောင်းထုတ်ခြင်းမှာ လယ်စိုက်သူတိုင်း လုပ်ချင်ကြသည့် ကိစ္စမျိုးပင်။
လီရှောင်ချီမှာမူ အလွန် စိတ်လှုပ်ရှားသွားသည်။
“ကျွန်မသာ ရှင့်ရဲ့ ထွက်ကုန်တွေကို သုံးခွင့်ရမယ်ဆိုရင်... ဈေးနှုန်း ဘယ်လောက်ပဲ မြင့်နေပါစေ၊ လူတွေ ဝိုင်းလုကြမှာ သေချာတယ်!”
လင်းယန် စိုက်ပျိုးထားသည့် သီးနှံများမှာ အင်တာနက်ပေါ်တွင် မည်မျှအထိ ရေပန်းစားနေသည်ကို သူမ ကောင်းကောင်း သိနားလည်သည်။ ၎င်းမှာ သာမန် လယ်ထွက်ကုန် အဆင့်ထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။ လင်းယန်၏ အတိတ်ဇာတ်ကြောင်းများကြောင့် ထိုသီးနှံများအပေါ်တွင် ထူးခြားသော အရှိန်အဝါတစ်ခု ဖုံးလွှမ်းနေသည်။ မရေမတွက်နိုင်သော လူများမှာ မြည်းစမ်းကြည့်ချင်သော်လည်း ဝယ်ယူရန် လမ်းစ မရှိကြပါချေ။ အကယ်၍ သူမသာ အချို့ကို ရောင်းချပေးနိုင်မည်ဆိုပါက လူများမှာ ရူးမတတ် လုယူကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တစ်ခုတည်းသော စစ်မှန်သည့် ဝယ်ယူရရှိနိုင်မည့် လမ်းကြောင်း ဖြစ်သွားမည် ဖြစ်သောကြောင့်ပင်။
လင်းယန်ကတော့ တည်ငြိမ်နေဆဲဖြစ်၏။ မိမိ စိုက်ပျိုးထားသော အရာများမှာ အင်တာနက် အသုံးပြုသူများကြားတွင် တန်ဖိုး အလွန်အမင်း အဖြတ်ခံထားရကြောင်း သူ သိသည်။ လူများမှာ အလွန် မြင့်မားသော ဈေးနှုန်းဖြင့်ပင် ဝယ်ယူရန် အဆင်သင့် ဖြစ်နေကြ၏။ သူ၏ ထွက်ကုန်များမှာ 'ဇိမ်ခံပစ္စည်း' ကဲ့သို့သော ဂုဏ်သတ္တိများ ရှိလာခဲ့ပြီ ဖြစ်သည်။ တကယ် အဆင့်အတန်းရှိသူ၊ ငွေနှင့် အချိန် ပေါများသူများမှသာ ဤအရာများကို မြည်းစမ်းနိုင်မည့် အခြေအနေ ဖြစ်၏။ သို့သော် လောလောဆယ်တွင် ချင်းရှန်းရွာကို ပြင်ပသို့ ဖွင့်မပေးနိုင်သေးသဖြင့်၊ လီရှောင်ချီမှာ အကောင်းဆုံးသော အရောင်းကိုယ်စားလှယ် လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့သည်။ ဤသည်မှာ သူတို့နှစ်ဦးကြားမှ အပြန်အလှန် အကျိုးပြုသည့် ပူးပေါင်းဆောင်ရွက်မှုပင်။
“ဈေးနှုန်းပိုင်းမှာတော့ ကျွန်တော် လုံးဝ လျှော့ပေးမှာ မဟုတ်ဘူးနော်။” ဟု လင်းယန်က ကြိုတင်၍ သတိပေးလိုက်သည်။
နောင်တွင် စနစ်က ဈေးနှုန်း သတ်မှတ်ပေးလာမည်လား ဆိုသည်ကို မည်သူမျှ မသိနိုင်သော်လည်း၊ လက်ရှိအချိန်အထိ စနစ်၏ ဈေးနှုန်းသတ်မှတ်ချက်မှာ အတော်လေး ဆင်ခြင်တုံတရား ရှိနေဆဲ ဖြစ်သည်။
“ဒါပေါ့၊ ပြဿနာ မရှိပါဘူး။ အခု ရှင့်အိမ်ကနေ မုန်ညင်းဆီ နည်းနည်း သွားယူလို့ ရမလား? ကျွန်မ ဝယ်ချင်လို့ပါ။ ပြီးတော့ ဗီဒီယိုပါ ရိုက်လို့ ရမလား?”
“သွားကြစို့လေ၊ မုန်ညင်းဆီကိုတော့ လက်ဆောင်ပေးပါ့မယ်။ နောက်ကျရင် ရှောင်ဝူလေးကို ဟင်းချက်နည်းလေးတွေ သင်ပေးရင် ရပါပြီ။”
လင်းယန်သည် ရှောင်ဝူလေးကို သတိရသွားသည်။ ယခုခေတ်တွင် ကလေးသူငယ်ပညာရေးမှာ အမြဲတမ်း ပြဿနာတစ်ခုဖြစ်၏။ ရှောင်ဝူလေး၏ အကြီးမားဆုံး ဝါသနာမှာ ဟင်းချက်ခြင်း ဖြစ်သော်လည်း၊ သူမအတွက် စားဖိုမှူးကောင်းတစ်ဦး လာသင်ပေးရန်မှာ မလွယ်ကူပါချေ။ လီရှောင်ချီ ရောက်လာခြင်းမှာ ရှောင်ဝူလေးအတွက် အခွင့်အရေးကောင်း တစ်ခု ဖြစ်လာခဲ့သည်။ သူမကလည်း အစားအသောက် Influencer တစ်ဦး မဟုတ်လား။ မုန်ညင်းဆီ ဆိုသည်မှာ လင်းယန်အတွက် အပြင်က ပြောနေကြသလို အလွန်အမင်း တန်ဖိုးကြီးလှသည် မဟုတ်ပေ။ လီရှောင်ချီ လိုချင်သလောက် ပေးနိုင်သည်။ ဤသည်မှာ ရှောင်ဝူလေးအတွက် သင်တန်းကြေးဟုပင် ဆိုရပေမည်။
“ကျွန်မလည်း ရှောင်ဝူလေးကို သဘောကျပါတယ်၊ သူက ပညာလိုလားတဲ့ ကလေးလေးပဲ။”
မကြာမီ သူတို့နှစ်ဦးမှာ စကားတပြောပြောဖြင့် လင်းယန်၏ အိမ်ဝင်းသို့ ပြန်ရောက်လာကြသည်။ ဤမြင်ကွင်းများကို ကင်မရာမှတစ်ဆင့် မှတ်တမ်းတင်ထားကြ၏။ ဤဗီဒီယိုမှာ နောက်ဆုံးတွင် အင်တာနက်ပေါ်သို့ တက်လာမည် ဖြစ်ကြောင်း လင်းယန် သိရှိထားသည်။
သို့သော်... သူ မမျှော်လင့်ထားသည်မှာ လီရှောင်ချီ၏ ဗီဒီယိုတင်ဆက်မှုမှာ ဤမျှအထိ လျင်မြန်လိမ့်မည် ဟုပင်!
ထိုညမှာတင် သူမသည် ကြိုတင် ပြင်ဆင်ထားသော အချက်အလက်များနှင့် ပေါင်းစပ်ကာ ဗီဒီယိုကို တင်လိုက်တော့သည်။
…
နောက်တစ်နေ့ မနက်တွင် လင်းယန် သတင်းကြည့်ရန် ဖုန်းဖွင့်လိုက်သောအခါ သူသည် နောက်တစ်ကြိမ် သတင်းခေါင်းကြီးပိုင်းသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
[‘ဖရဲသီးကိုကို’ နှင့် လီရှောင်ချီ တို့၏ ပူးပေါင်းဆောင်ရွက်မှု]
[ဒါကတော့ အားလုံး မျှော်လင့်နေကြတဲ့ အကောင်းဆုံး အတွဲအဖက်ပါပဲ]
Short Video Platform တစ်ခုလုံးတွင်လည်း ရေပန်းစားမှုမှာ အထွတ်အထိပ်သို့ ရောက်နေ၏။ လင်းယန်သည် တည်းဖြတ်ပြီးသား မြင်ကွင်းများကို တွေ့လိုက်ရသည်။ ဗီဒီယိုထဲတွင် လီရှောင်ချီသည် အနီရောင် ဝတ်ရုံကို ခြုံကာ မြင်းပေါ်မှ ဆင်းလာပြီး လင်းယန်ကို ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် သူတို့နှစ်ဦး မြင်းကို တွဲလျက် လယ်ကွင်း လမ်းကလေးအတိုင်း ယှဉ်တွဲ လျှောက်လှမ်းနေကြသည့် ကျောပြင်ကို မြင်ရ၏။ နောက်ဆုံးတွင် လီရှောင်ချီသည် မုန်ညင်းဆီကို ယူဆောင်ကာ ဟင်းချက်သည့် မြင်ကွင်းဖြင့် အဆုံးသတ်ထားသည်။
ဗီဒီယိုထဲတွင် လင်းယန် ပါဝင်သည့် မြင်ကွင်းမှာ အလွန် နည်းပါးလှသည်။ သို့သော် ဤအချက်ကြောင့်ပင် အင်တာနက် အသုံးပြုသူများအတွက် စိတ်ကူးယဉ်စရာ နေရာလွတ်များစွာ ပေးလိုက်သလို ဖြစ်သွားကာ၊ လင်းယန်နှင့် လီရှောင်ချီတို့၏ ဆက်ဆံရေးကို အမျိုးမျိုး ခန့်မှန်းကုန်ကြတော့သည်။
“ဖရဲသီးကိုကို နဲ့ မမရှောင်ချီ တို့က လယ်စိုက်တာ ဝါသနာတူကြတယ်ဆိုတော့... သူတို့နှစ်ယောက် တွဲနေကြတာများလား။”
“သူတို့နှစ်ယောက် အသက်က တော်တော် ကွာတာပဲနော်။”
“မမရှောင်ချီ ဗီဒီယို ရိုက်တဲ့နေရာ ပြောင်းသွားတာ သတိထားမိလား၊ ဒီတစ်ခါ ချင်းရှန်းရွာမှာ ထင်တယ်။”
“ဖရဲသီးကိုကိုကတော့ အရင်အတိုင်းပဲ ချောနေတုန်းပဲ!”
မရေမတွက်နိုင်သော လူများမှာ စိတ်အားထက်သန်စွာ ကောမန့် ပေးနေကြသည်။ လင်းယန်၏ အောင်မြင်မှုများကို အားကျသူများ ရှိသော်လည်း၊ အင်တာနက် အသုံးပြုသူများမှာမူ သူ့ကို 'ဖရဲသီးကိုကို' ဟုသာ ဆက်လက် ခေါ်ဆိုရန် နှစ်သက်ကြဆဲပင်။ လူအများစု၏ အာရုံမှာ မုန်ညင်းဆီအပေါ်တွင် ရှိနေသည်။ လီရှောင်ချီ၏ ဗီဒီယိုမှာ တကယ့်ကို ကောင်းမွန်လွန်းလှသည်။ မုန်ညင်းဆီ ရေပန်းစားနေသည့် အချိန်နှင့်လည်း ကိုက်ညီနေသလို၊ မုန်ညင်းစေ့ ဘဝမှစ၍ အပင်ပေါက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ ဆီကြိတ်ခြင်း နှင့် ဟင်းချက်ခြင်း အထိ အဆင့်ဆင့်ကို အသေးစိတ် ပုံဖော်ပြထားသောကြောင့် ဖြစ်၏။ လင်းယန်၏ပါဝင်မှုမှာမူ ဗီဒီယို၏ အပိုဆုကဲ့သို့ ဖြစ်နေကာ လူကို စွဲလန်းစေသည်။
“ဖရဲသီးကိုကိုရော မမရှောင်ချီရော နှစ်ယောက်လုံးကို ကြိုက်တယ်။ အခု သိချင်တာက ချင်းရှန်းရွာက ဘယ်မှာလဲ?”
“ကျွန်တော်လည်း သိချင်တယ်!”
“Map ပေါ်မှာ ရှာလို့ မရဘူး။ Google Map တို့ ဘာတို့... မြန်မြန် ချင်းရှန်းရွာ တည်နေရာကို Mark လုပ်ပေးကြစမ်းပါ။”
အင်တာနက် အသုံးပြုသူများကြားတွင် ချင်းရှန်းရွာသို့ သွားချင်သည့် စိတ်ဆန္ဒများ တောက်လောင်လာသည်။ လီရှောင်ချီ၏ ဗီဒီယိုထဲတွင် ဖော်ပြထားသည့် ရှေးဟောင်း ကျေးရွာလေးမှာ ရိုက်ကူးထားပုံမှာ အလွန်ပင် လှပလွန်းလှသည်။ ၎င်းသည် လူများကို ချင်းရှန်းရွာသို့ အပန်းဖြေခရီး သွားချင်စိတ် အပြင်းအထန် ဖြစ်ပေါ်စေခဲ့သည်။
သို့သော်လည်း... လူအများအပြားမှာ စမ်းသပ် ရှာဖွေခဲ့ကြသော်လည်း နွန်ခရိုင်သို့ ရောက်သည့်အခါတွင်မူ လမ်းစ ပျောက်ကုန်ကြတော့သည်။ ချင်းရှန်းရွာ မည်သည့်နေရာတွင်ရှိသည်ကို မည်သူမျှ အတိအကျ မသိကြပါချေ။ သိနိုင်သည့် လူများကို မေးမြန်းသည့်အခါတွင်လည်း အားလုံးက ထိမ်ချန်ထားကြသည်။ ဤအချက်ကပင် အင်တာနက် အသုံးပြုသူများကို ပို၍ စပ်စုချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။
“ချင်းရှန်းရွာကို လိုက်ရှာတဲ့ Travel Influencer တွေ တော်တော်များများ ပြဿနာ တက်ကုန်ပြီတဲ့။”
“Signal တွေ အကုန် ပျောက်ကုန်တယ်၊ တစ်ယောက်ယောက်က ဖမ်းဆီးလိုက်သလိုပဲတဲ့။”
“ဓားပြတွေနဲ့ တိုးတာတော့ မဟုတ်ဘူးနော်!”
“မဟုတ်ဘူး၊ စစ်သားတွေနဲ့ ပတ်သက်နေတာတဲ့။ မရိုက်သင့်တဲ့ အရာတွေကို သွားရိုက်မိလို့ ထင်တယ်!”
ဤသတင်း ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူအများမှာ သတိဝင်လာကြသည်။
“ငါ ပြောသားပဲ၊ မြေပဲဆီက တိုက်လေယာဉ်တွေအတွက် အဲ့ဒီလောက် အရေးကြီးတာဆိုတော့... ဖရဲသီးကိုကို,ကို အစိုးရက အကာအကွယ် ပေးထားမှာပေါ့။ မင်းတို့က မယုံကြဘူး။”
“ကြည့်ရတာ ချင်းရှန်းရွာက အပိတ်ခံထားရတာ နေမှာပါ။ အဲ့ဒါကြောင့် မြေပုံပေါ်မှာ ဘာမှ မပေါ်တာပေါ့။”
လူအများမှာ အမျိုးမျိုး ဝေဖန်ဆွေးနွေးနေကြသည်။ မရေမတွက်နိုင်သော လူများမှာလည်း ထိုသို့သော 'နတ်ဘုံနတ်နန်း' ကဲ့သို့သော နေရာမျိုးကို မမြင်တွေ့နိုင်သည့်အတွက် နှမြောတသဖြစ်နေကြ၏။ ထိုနေရာလေးတွင် ခေတ္တမျှ သွားရောက် နေထိုင်နိုင်မည်ဆိုလျှင်ပင် အလွန် ကောင်းမွန်ပေလိမ့်မည်။ သို့သော်လည်း အခွင့်အရေး မရှိပါချေ။
လင်းယန် ကိုယ်တိုင်ပင်လျှင် မိမိ ဘာမှ မလုပ်ဘဲနှင့် မိမိ၏ နာမည်ကြီးမှုမှာ အင်တာနက်ပေါ်တွင် အချိန်အကြာကြီး အုပ်စိုးနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့နောက်တွင် ဆက်လက်၍ ရေပန်းစားလာသည့် ကိစ္စမှာလည်း လီရှောင်ချီနှင့်ပင် သက်ဆိုင်နေပြန်သည်။
“မမရှောင်ချီ အခု တင်လိုက်တဲ့ ထမင်းသုပ်တဲ့ ဆော့စ်လေးက တကယ် စားလို့ ကောင်းတယ်နော်၊ သတိထားမိကြလား!”
***
စူပါ-ဖမ်း(SFS)
SFS 126
အခန်း ၁၂၆ ။ စိတ်အလိုအလိုက်ဆုံး Influencer
အင်တာနက်ပေါ်တွင်မူ မရေမတွက်နိုင်သော အသုံးပြုသူများမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။
လီရှောင်ချီသည် အစားအသောက် Influencer တစ်ဦးဖြစ်သည့်အားလျော်စွာ၊ သူမ ကိုယ်တိုင် ပြုလုပ်ထားသော ဒေသထွက်ကုန် အချို့ကို အင်တာနက်ပေါ်တွင် ရောင်းချလေ့ရှိသည်။ သို့သော် အရသာပိုင်းတွင်မူ... ရှင်းပြရန် ခက်ခဲလှပေသည်။ လူအများစုက ၎င်းမှာ အရသာရှိသည်ဟု မဆိုနိုင်ကြောင်း ခံစားကြရ၏။
တကယ်တမ်းတွင်မူ အစားအစာတစ်ခုကို အပြင်ပန်း အမြင်လှပအောင် ပြုလုပ်လိုပါက များသောအားဖြင့် အရသာ သိပ်မရှိတတ်ပါချေ။ စစ်မှန်သော အရသာရှိသည့် အစားအစာမှာ အပြင်ပန်း ကြည့်ကောင်းချင်မှ ကောင်းပေလိမ့်မည်။ အင်တာနက်အသုံးပြုသူ အများအပြားမှာ သူမ၏ ကုန်ပစ္စည်းများကို ဝယ်ယူပြီးနောက် စိတ်ပျက်ခဲ့ကြရဖူးသည်။ 'မစားနိုင်လောက်အောင် မဆိုးဘူး' ဟုသာ ဆိုနိုင်ကြ၏။
သို့သော် သေသေချာချာ စဉ်းစားကြည့်ပါက၊ ဓာတုပစ္စည်းများ၊ တာရှည်ခံဆေးများနှင့် အရသာမှုန့်များ လုံးဝ မပါဝင်သည့် သဘာဝ အစားအစာစစ်စစ်များမှာ... ထိုအရသာမှုန့်များဖြင့် ပြုလုပ်ထားသော အစားအစာများကို အရသာပိုင်းတွင် ယှဉ်နိုင်ရန်မှာ အလွန် ခက်ခဲလှပေသည်။ ဤအချက်ကြောင့်ပင် လီရှောင်ချီ၏ အရောင်းရလဒ်များမှာ ထင်သလောက် မကောင်းခဲ့ခြင်းဖြစ်၏။
သို့သော် ယနေ့တွင်မူ လီရှောင်ချီက 'ထမင်းသုပ် ဆော့စ်' ကို တင်လိုက်သည်နှင့်တစ်ပြိုင်နက် မျက်စိတစ်မှိတ်အတွင်း ရောင်းကုန်သွားခဲ့သည်။ ပုလင်းပေါင်း သုံးထောင်မှာ စက္ကန့်ပိုင်းအတွင်း ပြတ်လပ်သွားခြင်းပင်။ အင်တာနက် အသုံးပြုသူ အများအပြားမှာ ဝဘ်ဆိုက်ကို ဖွင့်လိုက်ချိန်တွင် ဝယ်မရတော့သဖြင့် စိတ်တိုကာ ဆဲရေးမိကြတော့သည်။
"ဒီလောက်တောင် မြန်ရသလားကွာ။"
"တောက်... ငါလာတာ နောက်ကျသွားတာကိုပဲ နောင်တရမိတယ်။"
"ဖရဲသီးကိုကိုရဲ့ မုန်ညင်းဆီကို... မမရှောင်ချီဆီမှာပဲ ရနိုင်တာလေ။"
"ကျွန်တော်ကတော့ ပစ္စည်းရပြီ။ ပုလင်းပေါ်မှာလည်း ဖရဲသီးကိုကိုဆီက မုန်ညင်းဆီကို သုံးထားပါတယ်လို့ ရေးထားတာပဲ။ ညီအစ်ကိုတို့ရေ... ကျွန်တော် အရင် မြည်းကြည့်လိုက်ဦးမယ်၊ အရင်တုန်းကလို ဘာအရသာမှ မရှိတာမျိုး မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးကြဦး။"
"ဝါး... သောက်ကျိုးနည်း! ဒီဆော့စ်ရဲ့ အရသာကတော့ ရှယ်ပဲဗျို့!"
"အရသာက အနည်းငယ် ပေါ့တယ်လို့ ဆိုနိုင်ပေမဲ့၊ အဲ့ဒီ မုန်ညင်းဆီရဲ့မွှေးရနံ့က ဝါးလိုက်တဲ့အခါ လျှာဖျားမှာ တစ်ခါတည်း ပေါ်လာတာပဲ။ အရမ်း ပြင်းထန်တာမျိုး မဟုတ်ပေမဲ့ အရသာကတော့ တကယ်ကို ကောင်းလွန်းတယ်။"
"ဖရဲသီးကိုကိုရဲ့ မုန်ညင်းဆီက တခြားဆီတွေလို မဟုတ်ဘူး၊ လုံးဝ မအီဘူး။"
"မြည်းကြည့်ပြီးတဲ့နောက်မှာတော့ ဝယ်ပြီး ဖျော်ရည်လိုတောင် သောက်ချင်စိတ် ပေါက်သွားမိတယ်။"
"မြိုချလိုက်တဲ့ အခါမှာလည်း အရသာက အာခေါင်ထဲမှာ ကျန်နေခဲ့ပြီး ထပ်ခါထပ်ခါ စားချင်စိတ် ဖြစ်ပေါ်စေတယ်။"
"တောက်... ဆော့စ်တစ်ပုလင်းက ဘာလို့ ဒီလောက် မြန်မြန် ကုန်သွားရတာလဲ?"
"ဒါကို ဝယ်ဖို့ ငါ ပိုက်ဆံတွေ အများကြီး ကုန်ခဲ့တာနော်။"
"အဓိက ပြဿနာက... ငါ ထပ်စားချင်နေတာပဲ!"
Review ဗီဒီယိုများ ထွက်ပေါ်လာသည့်အခါတွင်မူ အင်တာနက် အသုံးပြုသူ အများအပြားမှာ ဗီဒီယိုအောက်တွင် သွားရည်တမြားမြားဖြင့် ဝိုင်းအုံလာကြတော့သည်။ သူတို့သည် လင်းယန် စိုက်ပျိုးထားသော မုန်ညင်းဆီကို တောင့်တနေခဲ့သည်မှာ ကြာလှပေပြီ။ အတုလုပ်သည့် ဖြစ်ရပ်များစွာကလည်း မုန်ညင်းဆီအပေါ် စိတ်ဝင်စားမှုကို အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။
သို့သော် လီရှောင်ချီက မုန်ညင်းဆီကို ပထမဆုံး အသုံးပြုသူ ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ ၎င်းမှာ ဆော့စ်အဖြစ် ပြုပြင်ထုတ်လုပ်ထားသည့် ထုတ်ကုန် ဖြစ်သော်လည်း လူအများအပြားအတွက် အလွန် ဆွဲဆောင်မှု ရှိနေဆဲပင်။ အထူးသဖြင့် Review ဗီဒီယိုများနှင့် ကောင်းသတင်းများ တက်လာပြီးနောက်၊ လီရှောင်ချီ၏ Online Shop မှာ လူဝင်များလွန်းသဖြင့် Web Error များပင် တက်ကာ ပုံများပင် မပေါ်နိုင်တော့သည့် အခြေအနေသို့ ရောက်သွားခဲ့သည်။
"လုံးဝ ဝင်လို့ မရတော့ဘူး။"
"အား... ဘယ်လို အရသာလဲဆိုတာ သိချင်လှပြီ။"
"မုန်ညင်းဆီတွေက ဘယ်တော့မှ အများကြီး ထွက်မှာလဲ။"
"ပြန်ရောင်းမယ့်သူ ရှိလား? ကျွန်တော် ဒီဆော့စ်ကို နှစ်ဆပေးပြီး ဝယ်ပါ့မယ်။"
"ကျွန်တော် ငါးဆ ပေးမယ်။"
"ဆယ်ဆ!"
အင်တာနက် အသုံးပြုသူများမှာ လုံးဝ ပေါက်ကွဲနေကြပြီဖြစ်သည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်ကမျှ ပြန်လည် ရောင်းချရန် ဆန္ဒမရှိကြပါချေ။ အိမ်ရောက်လျှင် ပထမဆုံး လုပ်သည့်အလုပ်မှာ ဖွင့်၍ မြည်းစမ်းကြည့်ခြင်း မဟုတ်လား။ မြည်းစမ်းဖူးသူတိုင်းမှာလည်း တညီတညွတ်တည်း ချီးကျူးနေကြတော့သည်။
အထူးသဖြင့် ဆော့စ်ထဲတွင် အသုံးပြုထားသော မုန်ညင်းဆီမှာ အဆီပြန်သော်လည်း မအီပေ၊ အစာချေဖျက်ရန် လွယ်ကူသလို၊ မုန်ညင်းစေ့၏ သင်းပျံ့သော ရနံ့လေး ပါဝင်နေသဖြင့် တစ်ခါ မြည်းဖူးရုံဖြင့် စွဲလန်းသွားစေခဲ့သည်။
"နည်းလွန်းတယ်!"
"ဘယ်တော့မှ ထပ်ထွက်မှာလဲ။"
"ကျွန်တော် Customer Service ကို မေးကြည့်တော့ မမရှောင်ချီလည်း မုန်ညင်းဆီ နည်းနည်းပဲ ရခဲ့တာတဲ့။ ဆော့စ်ထဲမှာ ဆီက အများကြီးမပါတာ သတိမထားမိကြဘူးလား?"
"ကျွန်တော် ဖရဲသီးကိုကိုဆီမှာ သွားမေးပေမဲ့ သူက ဘာမှ ပြန်မဖြေဘူး။"
"ကျွန်တော်လည်း မေးပြီးပြီ။"
"ဖရဲသီးကိုကိုရဲ့ Follower က ၂၆ သန်း ကျော်သွားပြီ၊ တကယ်ကို ကြောက်စရာ ကောင်းလိုက်တာ။"
"ပြဿနာက သူက ဟို ဗီဒီယိုလေးတစ်ခု တင်ပြီးကတည်းက လုံးဝ ပျောက်သွားတာပဲ။ လူကို စိတ်ပူအောင် လုပ်လွန်းတယ်။"
"ဖရဲသီးကိုကို ဘယ်တော့ ဗီဒီယို ထပ်တင်မလဲဆိုတာ ဘယ်သူ သိမလဲ? မျက်နှာလေး ပြရုံဆိုရင်တောင် ကျေနပ်ပါပြီ။"
"ဓာတ်ပုံလေး တစ်ပုံဖြစ်ဖြစ်၊ စာလေး တစ်ကြောင်းဖြစ်ဖြစ် တင်ပေးမယ်ဆိုရင်တောင် ကျွန်တော် ရင်ခုန်နေမိမှာပါ!"
သို့သော် အင်တာနက် အသုံးပြုသူများ ဆယ်ရက်ကျော် စောင့်ဆိုင်းခဲ့သော်လည်း၊ လင်းယန်၏ အကောင့်မှာ မည်သည့် လှုပ်ရှားမှုမျှ မရှိသေးပေ။ ကောမန့် ကဏ္ဍမှာမူ ပေါက်ကွဲလုနီးပါး ဖြစ်နေပြီး၊ အချို့သော အသုံးပြုသူများမှာ ကောမန့် ထဲတွင်ပင် တစ်ဦးနှင့်တစ်ဦး စကားပြောနေကြသဖြင့် ဖိုရမ်တစ်ခုပမာ ဖြစ်နေတော့သည်။
ရှေးကတည်းက ကောမန့် ထဲတွင် ထူးချွန်သူများ ရှိစမြဲပင်၊ စိတ်ဝင်စားစရာ ကောမန့် များ များပြားလာသည်နှင့်အမျှ လင်းယန်၏ Follower အရေအတွက်မှာ ထပ်မံ တိုးပွားလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် Follower သန်း ၃၀ အထိ ကျော်လွန်သွားခဲ့၏။ ဤသည်ကို မြင်တွေ့ရသော အခြား Influencer များမှာ မနာလိုဖြစ်လွန်း၍ မျက်လုံးများပင် နီရဲလာကြရသည်။
တောက်... မိမိတို့မှာ ပင်ပင်ပန်းပန်း ကြိုးစားနေရသော်လည်း Follower သန်းဂဏန်း ရရန်ပင် ခက်ခဲနေချိန်တွင်၊ လင်းယန်ကတော့ ဗီဒီယိုလေးတစ်ခုတင်ရုံနှင့်၊ ဘာမှ ထပ်မလုပ်ဘဲ Follower သန်း ၃၀ အထိ ရရှိနေသည် မဟုတ်လား။ ဤသည်မှာ တရားမျှတမှု ရှိသေးရဲ့လား?
သို့သော် လင်းယန်၏ အောင်မြင်မှုများကို ပြန်လည် စဉ်းစားမိသည့်အခါတွင်မူ၊ ရင်ထဲမှ ဒေါသများမှာ ချက်ချင်း ငြိမ်ကျသွားပြီး အံ့ဩမိရုံသာ ရှိတော့သည်။ မရေမတွက်နိုင်သော လူများမှာ မိမိကိုယ်မိမိ မယှဉ်နိုင်ကြောင်း ဝန်ခံလိုက်ကြရသည်။ ကောမန့် ထဲတွင် အာရုံစိုက်မှု အများဆုံးမှာမူ လင်းယန်၏ မုန်ညင်းဆီ ကိစ္စပင် ဖြစ်၏။
ထိုသို့ဖြင့် စောင့်ဆိုင်းရင်း တစ်လကျော် ကာလသို့ ရောက်ရှိလာခဲ့သည်။ Follower အများအပြားမှာ စိတ်ပျက်အားလျော့လာကြပြီ ဖြစ်သည်။ လင်းယန်၏ အကောင့်မှာ Follower ၃၄ သန်း အထိ ရှိနေပြီး ပထမတန်းစား မင်းသားများနှင့်ပင် ယှဉ်နိုင်နေသော်လည်း၊ ဗီဒီယို တစ်ခုမျှပင် ထပ်မတက်လာသလို၊ Reply ပြန်ခြင်းလည်း မရှိပေ။ လူအများအပြားမှာ မျှော်လင့်ချက် ကုန်ဆုံးလာကြသည်။
"ဒီဘဝမှာတော့ ဖရဲသီးကိုကိုရဲ့ ဗီဒီယိုကို ထပ်မမြင်ရတော့ဘူး ထင်ပါတယ်။"
"သူကတော့ တကယ့်ကို Influencer မဆန်ဆုံး Influencer ပဲ။"
"သူက ဒီအလုပ်နဲ့ အသက်မွေးနေတာမှ မဟုတ်တာ။"
"ကျန်းနန် စိုက်ပျိုးရေးတက္ကသိုလ်ကို အားကိုးနေတာလား?"
"ဘာတွေ ပြောနေတာလဲ၊ အခု ကျန်းနန် စိုက်ပျိုးရေးတက္ကသိုလ် တစ်ခုလုံးက ဖရဲသီးကိုကို,ကို အားကိုးနေရတာလေ။"
"စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသား တစ်ယောက်အနေနဲ့ အဲ့ဒီတုန်းက ကျန်းနန်ကို မလျှောက်ခဲ့မိတာ နောင်တရတယ်။"
"ကျွန်တော်ကတော့ မုန်ညင်းဆီ အရသာ ဘယ်လိုရှိလဲ ဆိုတာကိုပဲ မြည်းကြည့်ချင်တာ။"
"စောင့်နေရတာ မောလှပြီ။"
"သောက်ကျိုးနည်း... ကျန်းနန် စိုက်ပျိုးရေး တက္ကသိုလ်ရဲ့ Official Website မှာတောင် ဘာသတင်းမှ မရှိဘူး!"
"ညီအစ်ကိုတို့... အဲ့ဒီကျောင်းက ကျောင်းသားတွေကို Follow လုပ်ထားလေ၊ တစ်ခါတလေ ဖရဲသီးကိုကို အကြောင်း သတင်းလေးတွေ ပါတတ်တယ်။"
"အဲ့ဒီ ကျောင်းသားတွေကလည်း လျှို့ဝှက်လွန်းပါတယ်။ ဖရဲသီးကိုကို,ကို ဓာတ်ပုံရိုက်ပေးဖို့ ပြောရင် တစ်ယောက်မှ မရိုက်ပေးကြဘူး။ လက်ဆောင်တွေ ပေးမယ်ဆိုရင်တောင် လက်မခံကြဘူး။"
"ဘာမှ လုပ်လို့ မရဘူး။"
"ဟာ... သောက်ကျိုးနည်း! Update တက်လာပြီဗျို့!"
"ဘာ?"
"အပေါ်ကလူ အိမ်မက် မက်နေတာလား။"
"တကယ် Update တက်လာတာ၊ အမြန်ကြည့်ကြ!"
ဤ ကောမန့် တက်လာသည်နှင့်တစ်ပြိုင်နက် မရေမတွက်နိုင်သော လူများမှာ လင်းယန်၏ အကောင့်ထဲသို့ အလုအယက် ဝင်ကြည့်ကြတော့သည်။ သူတို့ မျှော်လင့်နေခဲ့သော ဒုတိယမြောက် ဗီဒီယိုကို အမှန်တကယ် မြင်တွေ့လိုက်ရ၏။ လူအများအပြားမှာ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျမိမတတ် ဖြစ်သွားကြရသည်။ ဘာအကြောင်းအရာ တင်သည်က အရေးမကြီးပါ၊ တင်လိုက်ပြီ ဆိုသည့် အချက်ကသာ အရေးကြီးဆုံး ဖြစ်၏!
အင်တာနက် အသုံးပြုသူများမှာ အကြောင်းအရာကိုပင် မကြည့်ရသေးဘဲ Like များကို အရူးအမူး ပေးနေကြပြီ ဖြစ်သည်။ အချို့ဆိုလျှင် ဗီဒီယိုထဲ၌ ဘာပါသည်ကိုပင် မသိရသေးဘဲ လူအုပ်စုများဆီသို့ သတင်းစကားများ အပြေးအလွှား သွားပြောနေကြလေပြီ။ 'ဖရဲသီးကိုကို နောက်ဆုံးတော့ Update တင်ပြီ' ဆိုသည့် ခေါင်းစဉ်မှာ Trending ဇယားတွင် နံပါတ် (၁) သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။
လူအများအပြားမှာ လင်းယန်၏ ဗီဒီယိုကို မြင်တွေ့လိုက်ကြရသည်။ ဗီဒီယိုထဲတွင် တိတ်ဆိတ်အေးချမ်းသော တောင်ပေါ်ရွာလေးအတွင်း တစ်စုံတစ်ယောက်က ဖုန်းကိုကိုင်ကာ မြင်းကျွေးနေသော လင်းယန်ကို ရိုက်ကူးထားခြင်းဖြစ်၏။ ကင်မရာ၏ အနိမ့်ထောင့်မှ ကြည့်လျှင် ရိုက်ကူးသူမှာ အရပ်ပုသူ ဖြစ်ကြောင်း သိသာပြီး၊ ပုံရိပ်များမှာလည်း အနည်းငယ် တုန်ခါနေသဖြင့် မကျွမ်းကျင်သူ တစ်ဦး ဖြစ်ကြောင်း သိနိုင်ပါသည်။ သို့သော် ဤသည်မှာပင် Follower များအတွက် ရင်ခုန်စိတ်လှုပ်ရှားရန် လုံလောက်လှပေပြီ။
"ကိုကို... အင်တာနက်ပေါ်က လူတွေက ကျွန်မတို့အိမ်က မုန်ညင်းဆီကို စားချင်လွန်းလို့ အော်ဟစ်နေကြပြီ။ ဘယ်တော့မှ ရမှာလဲ?"
ဗီဒီယိုထဲမှ အသံလေးကြောင့် လင်းယန်က မျက်တောင်ပင် မခတ်ဘဲ ပြန်ဖြေလိုက်၏။
"နောက်ထပ် နှစ်လလောက် လိုသေးတယ်။"
"မမရှောင်ချီက ပိုပြီး လိုချင်နေတယ်တဲ့။"
"ကျောင်းရဲ့ စမ်းသပ်ကွက်အတွက် မျိုးစေ့တွေကို အရင်ချန်ထားရမယ်။ မမရှောင်ချီအတွက်ကတော့ သိပ်အများကြီး မလိုပါဘူး။ အင်တာနက်က လူတွေ လိုချင်တယ်ဆိုရင်တော့... စိုက်ပျိုးရေး တက္ကသိုလ်ဘက်မှာ မျိုးစေ့သွားဝယ်ပြီး ကိုယ့်ဘာသာ အိမ်မှာ စိုက်ကြဖို့ ပြောလိုက်။"
လင်းယန်သည် အလွန် ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းဖြစ်သော်လည်း၊ ထိုစကားထဲမှ သတင်းအချက်အလက်များကြောင့် မရေမတွက်နိုင်သော Follower များမှာ ရူးမတတ် စိတ်လှုပ်ရှားသွားကြတော့သည်။
မျှော်လင့်စောင့်စားနေခဲ့သော မုန်ညင်းဆီနှင့် ပတ်သက်သည့် သတင်းစကားကို နောက်ဆုံးတွင် ရရှိလိုက်ပြီ မဟုတ်လား။
***