← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 8 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 8 Ch. 113-114

အခန်း ၁၁၃ ။ ရှင်ကတော့ ကျွန်မကို သူစိမ်းလိုပဲ ဆက်ဆံနေတုန်းပဲ

လင်းယန်ရဲ့အိမ်ဝင်းဟာ တကယ်တော့ သက်တမ်း အရမ်းရင့်လှပါပြီ။

အဲ့ဒီအပြင် အရင်တုန်းက ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်မယ့်သူ မရှိခဲ့တာကြောင့် တချို့အရာတွေဟာ ပျက်စီးယိုယွင်းနေခဲ့တာ မလွှဲသာပါဘူး။ ဒါပေမဲ့ ချင်အဖေရောက်လာပြီးတဲ့နောက်မှာတော့ အဲ့ဒီ ပျက်စီးနေတဲ့ အစိတ်အပိုင်း အနည်းငယ်ကို အကုန်လုံး ပြုပြင်လိုက်ပါတယ်။

စန္ဒကူးနီ နဲ့ နန်မူသစ်သားတွေတင် ဘယ်လောက်တောင် အသစ်ထပ်ဖြည့်လိုက်ရလဲ မသိပါဘူး။ ရှေးဟောင်းပစ္စည်းအတိုင်း ဖြစ်အောင် အနုစိတ် ပြန်ပြင်လိုက်တာမို့ စုစုပေါင်း ကုန်ကျစရိတ် ဘယ်လောက်ရှိလဲဆိုတာ လင်းယန် ကိုယ်တိုင်တောင် စာရင်းမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့ဆီမှာက ပိုက်ဆံတွေက သုံးမကုန်အောင် များနေတာကိုး။

ဒီ ပန်းဆွဲတံခါးဆိုရင်လည်း မူလက ဒီလောက်အထိ အနုစိတ်တာ မဟုတ်ဘူး။ ချင်အဖေက ကြည့်လို့ကောင်းအောင်ဆိုပြီး မူလအခြေခံပေါ်မှာမှ တဖြည်းဖြည်းချင်း အဆင့်မြှင့်တင်ပြီး လုပ်ထားတာပါ။ ဒီအသေးစိတ် အချက်အလက်တွေကို သိသွားတဲ့အခါ မစ္စတာချုံလည်း အနည်းငယ် အနေရခက်သွားရတယ်။

"မစ္စတာချင်က တကယ်ကို တော်တာပဲ။ ဒါပေမဲ့ သုံးထားတဲ့ စန္ဒကူးသစ်တွေက သက်တမ်းရင့် သစ်သားဟောင်းတွေ ဖြစ်ရမယ်နော်။"

"အကုန်လုံးက မင် နဲ့ ချင်ခေတ်က သစ်သားဟောင်းတွေပါပဲ။ ချင်းရှန်းရွာမှာတော့ ဒါမျိုးတွေက လုံးဝ မရှားပါဘူး” ဟု ချင်အဖေက ဂုဏ်ယူစွာ ဖြေလိုက်သည်။

လင်းယန်ကတော့ နဖူးကို ပွတ်ရင်း ငေးနေမိသည်။ ဤအရာများနှင့် ပတ်သက်၍ သူလည်း အတော်အတန်တော့ နားလည်ပါသည်။ ထိုသစ်သားဟောင်း အများစုဟာ သူ့အိမ်ထဲကနေပဲ တူးဖော်တွေ့ရှိခဲ့တာတွေပါ။ တချို့သစ်တုံးတွေဆိုရင် အခန်းတစ်ခန်းစာလောက်ရှိပြီး ဖြစ်သလို ပုံထားတာတောင် ရှိခဲ့တာပင်။

အဲ့ဒီအထဲက အများစုဟာ စန္ဒကူးနီနဲ့ နန်မူ သစ်သားတွေပါပဲ။ ရွာထဲက အဘိုးအဘွားတွေ ပြောပြချက်အရဆိုရင် လက်ရှိ တောနက်ထဲမှာ စန္ဒကူးပင်တွေ ရှိနေသေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဘယ်လောက်တော်တဲ့ မုဆိုးပဲဖြစ်ဖြစ် တောနက်ထဲကို အရမ်းကြီး မဝင်ရဲကြပါဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီနေရာက တိရစ္ဆာန်တွေရဲ့ နတ်ဘုံနတ်နန်း ဖြစ်နေလို့ပါပဲ။

ဒီအလယ်အိမ်ဝင်းဟာ အခုမှ ပြုပြင်ထားတာဖြစ်ပေမဲ့ သစ်သားဟောင်းတွေကိုပဲ သုံးထားတာကြောင့် ဘယ်နေရာက အသစ်လဲဆိုတာ ခွဲခြားဖို့ တော်တော်ခက်ပါတယ်။ ရှေးဟောင်း အဆောက်အအုံ အတော်များများမှာ အခုလို ရှေးဟောင်းပုံစံ အသစ်ပြန်ပြင်တာတွေကို ကျွမ်းကျင်တဲ့ ပညာရှင်တွေတောင် အချိန်အကြာကြီး သေချာ မစစ်ဆေးရင် ရှာတွေ့ဖို့ မလွယ်ပါဘူး။

မစ္စတာချုံကတော့ အားကျမဆုံး ဖြစ်နေပါတယ်။

"ဒီအိမ်ဝင်းကတော့ ကျွန်တော့်ကို အမြင်သစ်တွေ အများကြီး ပေးလိုက်တာပဲ။ မင်းဆီမှာ သစ်သားဟောင်းတွေ ကျန်သေးရင်... ကျွန်တော့်ကို နှစ်တုံးလောက် ရောင်းလို့ ရမလား။"

မစ္စတာချုံရဲ့ အကြည့်တွေက နောက်ဆုံးတော့ လင်းယန်ဆီ ရောက်လာတယ်။ ဒီအိမ်ဝင်းက လင်းယန် ပိုင်တာလေ။ ဒီစကားက အနည်းငယ် ရုတ်တရက် ဆန်မှန်း သူ သိပေမဲ့လည်း စန္ဒကူးဝါသနာအိုး တစ်ယောက်အနေနဲ့ မျှော်လင့်ချက်လေး တစ်ခုတော့ ထားမိတာပေါ့။

လင်းယန် ကြည့်လိုက်တော့ ချင်အဖေ မျက်နှာက ပျာယာခတ်သွားတာကို မြင်လိုက်ရတယ်။ ချင်အဖေတို့လို လူမျိုးတွေအတွက် ဒီပစ္စည်းတွေက အသက်နဲ့ထပ်တူ တန်ဖိုးထားရတာလေ။ မဟုတ်ရင်လည်း ချင်အဖေလို အဆင့်အတန်းရှိတဲ့သူက လင်းယန်ဆီမှာ ပိုက်ဆံအရှုံးခံပြီး သမီးနဲ့အတူ လာစောင့်နေပါ့မလား။

"အားနာပါတယ်။ ဒီသစ်သားတွေက ဘိုးဘွားပိုင်တွေမို့ ရောင်းလို့ မရပါဘူး" ဟု လင်းယန်က ပြတ်ပြတ်သားသား ငြင်းလိုက်သည်။

ဘေးကနေ နားထောင်နေတဲ့ ယန်ကျင်းလီကတော့ မျက်စောင်း ထိုးလိုက်မိတယ်။ ဒီစကားက သူမအတွက်တော့ အရမ်းကို ရိုးအီနေတဲ့ စကားလေ။

"ကျွန်တော်ကပဲ အားနာရမှာပါ။ ကြည့်ခွင့်ရတာနဲ့တင် ကျေနပ်ပါပြီ” ဟု မစ္စတာချုံက ချက်ချင်း လေသံလျှော့လိုက်သည်။

အဲ့ဒီအချိန်မှာပဲ လင်းရှောင်ဝူက ယောက်မကြီးကို ကိုင်ပြီး အိမ်ထဲကနေ ပြေးထွက်လာကာ၊

"ကိုကို... လူတွေ ဘာလို့ ဒီလောက် များနေတာလဲ?"

မစ္စတာချုံရဲ့ အကြည့်က ရှောင်ဝူလေး လက်ထဲက သစ်သားယောက်မဆီကို တန်းခနဲ ရောက်သွားတယ်။ အခုခေတ်လူတွေက သံယောက်မတွေ သုံးကြပေမဲ့ ရှေးရိုးရာအရဆိုရင် သစ်သားယောက်မကိုပဲ အသုံးများကြပါတယ်။ အဓိကကတော့ ကုန်ကြမ်းပေါပြီး လုပ်ရလွယ်လို့ပါ။

ရှောင်ဝူလေး လက်ထဲက ယောက်မက ကြည့်ရတာ အရမ်းသာမန်ပါပဲ။ အချိန်ကာလရဲ့ အစင်းရာတွေလည်း ထင်ကျန်နေတယ်။ ဒါပေမဲ့ မစ္စတာချုံရဲ့ မျက်လုံးတွေကတော့ ပြူးထွက်မတတ် ဖြစ်သွားရတယ်။ သူဟာ ကိုယ့်ကိုယ်ကိုယ် ဗဟုသုတ ကြွယ်ဝတဲ့သူလို့ သတ်မှတ်ထားသလို တရားအားထုတ်ထားသူမို့ စိတ်လှုပ်ရှားမှု သိပ်မရှိတတ်ပါဘူး။

ဒါပေမဲ့ ဒီတောရွာလေးမှာတော့ သူ လုံးဝ တုန်လှုပ်သွားရတယ်။ ရှောင်ဝူလေး လက်ထဲက သစ်သားယောက်မက စန္ဒကူးနီနဲ့ လုပ်ထားတဲ့ ကစားစရာ အရုပ်တစ်ခုလို ဖြစ်နေလို့ပါ။ ဒါကို ကြည့်ပြီး သူ အရမ်းကို နှမြောသွားရသည်။ တကယ့် အဖိုးတန် သစ်သားအနှစ်ကြီးကိုမှ ယောက်မအဖြစ် လုပ်ထားရုံတင်မကဘဲ လက်ရာကလည်း ဖြစ်သလိုပဲ လုပ်ထားတာလေ။ တကယ့်ကို အဖိုးတန်ပစ္စည်းကို ဖျက်ဆီးပစ်တာပါပဲ! မစ္စတာချုံ စိတ်လှုပ်ရှားလွန်းလို့ အသက်ရှူသံတွေတောင် မြန်လာတော့သည်။

ချင်အဖေကတော့ ဒါကို မြင်ပြီး ပြုံးနေပါတယ်။ သူလည်း အစတုန်းက ဒါမျိုးတွေ မြင်တော့ နှလုံးရပ်မတတ် ခံစားခဲ့ရဖူးတာလေ။ အခုတော့ သူလည်း ကျင့်သားရနေပါပြီ။

"စန္ဒကူးနီက တကယ် အဖိုးတန်တာ မှန်ပေမဲ့ လင်းအိမ်တော်အတွက်တော့ ဒါက ဘာမှမဟုတ်ဘူး” ဟု ချင်အဖေက မစ္စတာချုံကို ရှင်းပြလိုက်သည်။

ရှားပါးတဲ့ ပစ္စည်းတွေကို ခဏခဏ မြင်ရဖန်များတော့လည်း ထုံသွားတာပေါ့။ အပြင်လူတွေအတွက် အရမ်းကို ဇိမ်ကျလှတဲ့ ပစ္စည်းတွေဟာ ချင်းရှန်းရွာရဲ့ ပတ်ဝန်းကျင်မှာတော့ အလွန် ရိုးရှင်းတဲ့ နေထိုင်မှု ဘဝတစ်ခုပါပဲ။ မစ္စတာချုံလည်း သူရဲ့ အံ့ဩမှုတွေကို မနည်း ပြန်ထိန်းလိုက်ရသည်။

"ချင်းရှန်းရွာရဲ့ ဖရဲသီးကို မစားဖူးရင် လူ့ဘဝက မပြည့်စုံဘူးလို့ ကျွန်တော် ကြားဖူးပါတယ်။ အဲ့ဒါ မြည်းစမ်းကြည့်ဖို့ နည်းနည်းလောက် ဝယ်လို့ ရမလား။"

လင်းယန်ကတော့ ခေါင်းယမ်းလိုက်ပြီး-

"ဖရဲသီး ထွက်ဖို့က နောက်ထပ် နှစ်လလောက် လိုပါသေးတယ်။"

မစ္စတာချုံ သိသိသာသာ စိတ်ပျက်သွားသည်။

"ဒါဆိုရင် ကြိုတင်မှာထားလို့ ရမလား။ ပိုက်ဆံကို အပြည့် ကြိုပေးထားပါ့မယ်။"

"ရပါတယ်။"

"ဒါဆို ကားတစ်စီးစာ ကြိုတင်မှာမယ်။"

လင်းယန် နှုတ်ခမ်းလေး တွန့်သွားရသည်။

'တကယ့်ကို ချမ်းသာတာပဲ။ ဒီလောက် ဈေးကြီးတဲ့ ဖရဲသီးကို ကားတစ်စီးစာနဲ့ကို ဝယ်တာလား?' ဒါပေမဲ့ သူ ဒီလိုတော့ မရောင်းနိုင်ပါဘူး။

"ဒီမှာစိုက်တဲ့ ဖရဲသီးက အက်ကွဲဖို့ အရမ်းလွယ်တယ်။ သယ်ယူပို့ဆောင်မယ်ဆိုရင် သေချာကာကွယ်ဖို့ လိုလိမ့်မယ်။ ပြီးတော့ ရောင်းဈေးကလည်း တစ်လုံးချင်းစီ ရောင်းတာပါ။ အကြီးအသေး မခွဲဘူး၊ တစ်လုံးကို ယွမ် ၅၀၀၀ ပဲ။ အကောင်းဆုံးကတော့ ကိုယ်တိုင်လယ်ထဲဆင်းပြီး ခူးစားတာက အကောင်းဆုံးပဲ” ဟု လင်းယန်က ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။

ချင်းရှန်းရွာဟာ အပြင်လူတွေ အများကြီး လာတာကို မကြိုက်ပေမဲ့လည်း၊ ဒီ အနက်ရောင် ဖရဲသီးတွေက အပင်ကနေ အခုချက်ချင်း ခူးစားတာကမှ အကောင်းဆုံးလေ။ တကယ်တော့ လယ်ယာထွက်ကုန် အားလုံးက လတ်လတ်ဆတ်ဆတ် ခူးစားမှ အရသာ အရှိဆုံးပါ။

"ဒါဆိုရင် ဖုန်းနံပါတ်လေး ပေးထားပါဦး။ ဖရဲသီးတွေ ရင့်မှည့်ပြီဆိုရင် ကျွန်တော့်ကို အကြောင်းကြားပေးပါ။ ကျွန်တော် သေချာပေါက် ပြန်လာခဲ့ပါ့မယ်။"

"ကျွန်တော်က ပုံမှန်ဆို လယ်ထဲမှာပဲ နေတာမို့ ဖုန်းလည်း သိပ်မကိုင်ဖြစ်ဘူး။ စုစု... မင်းပဲ ဖုန်းနံပါတ် ပေးလိုက်ပါဦး" ဟု လင်းယန်က ဆိုသည်။

ချင်အဖေက လင်းယန်ကို ကျေးဇူးတင်တဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။ ချင်းရှန်းရွာရဲ့ ထွက်ကုန်တွေက အရမ်း တန်ဖိုးရှိမှန်း သူ သိသလို၊ နောင်ကျရင် ပိုပြီး အဓိပ္ပာယ်ရှိတဲ့အရာတွေ ဖြစ်လာမယ်ဆိုတာလည်း သူ သိပါတယ်။ လင်းယန်က သူ့သမီးကို အခုလို ယုံယုံကြည်ကြည်နဲ့ လွှဲပေးတာက၊ လင်းယန်ရဲ့ စိတ်ထဲမှာ သူ့သမီး ဘယ်လောက် အရေးပါလဲဆိုတာကို သက်သေပြလိုက်တာပဲလေ။ ဒါက တကယ်ကို ကောင်းတဲ့ ကိစ္စပဲ။

အဲ့ဒီအပြင် မစ္စတာချုံ ဆိုတာကလည်း ဘယ်လိုပဲဖြစ်ဖြစ် အဆက်အသွယ်ကောင်း တစ်ခုပဲ မဟုတ်လား။ ချင်စုစုသာ ဒါကို သေချာ ကိုင်တွယ်နိုင်ရင် သူမရဲ့ အနာဂတ်အတွက် အများကြီး အကျိုးရှိမှာပါ။ လင်းယန်ကတော့ ဒါတွေကို အဲ့ဒီလောက်ကြီး မတွေးပါဘူး။ သူက အလုပ်ရှုပ်မှာကိုပဲ ကြောက်တာပါ။

မစ္စတာချုံက တစ်နိုင်ငံလုံး သိတဲ့သူ ဖြစ်ပေမဲ့ လင်းယန်အတွက်တော့ သိပ်ပြီး အရေးမကြီးပါဘူး။ လယ်စိုက်တာက သီးသန့်ဆန်တဲ့ အလုပ်မျိုးပါ။ စိတ်ကို လယ်ထဲမှာပဲ အပြည့်အဝထားနိုင်မှ သီးနှံတွေက ပိုကောင်းလာမှာလေ။

ရှုချင်ကတော့ နည်းနည်း စိတ်မကောင်း ဖြစ်သွားရသည်။ သူမက ရွာအုပ်ချုပ်ရေးမှူး ဖြစ်နေတာမို့ အခုလို အရောင်းအဝယ်ကိစ္စတွေကို သူမကိုပဲ လွှဲပေးသင့်တယ်လို့ ယူဆထားတာ။ ဒီလို ဈေးကြီးတဲ့ ဖရဲသီးတွေ ရောင်းရတာက ပိုက်ဆံ နည်းတာမှ မဟုတ်တာ။ ပုံမှန်ဆိုရင်တော့ သူမက ဒီလို အရောင်းအဝယ်လေးတွေကို အဖတ်လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူမက အလုပ်များတာကို ကျင့်သားရနေတော့၊ ချင်းရှန်းရွာမှာ အလုပ်တွေ အရမ်းနည်းနေတာကြောင့် ဘာပဲဖြစ်ဖြစ် လိုက်လုပ်ချင်နေတာပါ။

လယ်စိုက်တဲ့ အလုပ်ကိုလည်း သူမ စမ်းကြည့်ဖူးပါတယ်။ ဒါပေမဲ့... နာရီဝက်တောင် မကြာဘူး၊ လင်းယန်က သူမကို နှင်ထုတ်လိုက်တာပဲ။ သူမက ဘဏ္ဍာရေးပညာရှင်တစ်ယောက် ဖြစ်ပေမဲ့၊ သူမရဲ့ စည်းကမ်းကြီးလွန်းတဲ့ အကျင့်တွေက လယ်စိုက်တဲ့ နေရာမှာတော့ တကယ့် ကပ်ဘေးကြီးလို ဖြစ်နေလို့ပါ။

လင်းယန်က ရှုချင်ရဲ့စိတ်ကို ရိပ်မိတာကြောင့် သူမရဲ့ပခုံးကို ပုတ်ပေးလိုက်သည်။ အပြင်လူတွေရဲ့ စိတ်ခံစားချက်ထက်စာရင် သူ့ဘေးနားက လူတွေကို သူ ပိုပြီး ဂရုစိုက်သည်။

"ရှုကျဲ... ဒါတွေက ကိစ္စအသေးအဖွဲလေးတွေပါ။ အစ်မကို အလုပ်မရှုပ်စေချင်လို့ပါ" ဟု လင်းယန်က ဖြောင်းဖျလိုက်သည်။

ရှုချင်ကတော့ နှုတ်ခမ်းလေး ဆူပြီး "ရှင်ကတော့... ကျွန်မကို သူစိမ်းလိုပဲ ဆက်ဆံနေတုန်းပဲ။"

***

စူပါ-ဖမ်း(SFS)

SFS 114

အခန်း ၁၁၄ ။ ဒါကြောင့်မို့လို့ ထန်စန်းကိုယ်တော်အသားကို စားချင်ကြတာကိုး

ရှုချင်၏ စိတ်လှုပ်ရှားမှုမှာ တော်တော်လေး ပြင်းထန်နေ၏။ သူမအနေဖြင့် ဤမျှအထိ စိတ်မတည်မငြိမ် ဖြစ်ခဲ့သည်မှာ အတော်ပင် ကြာခဲ့လေပြီ။ ဘဏ္ဍာရေးလောကမှ ပါရမီရှင်တစ်ယောက်အနေဖြင့် တည်ငြိမ်မှုသည် အမြဲတမ်း အရေးကြီးသောအရာ ဖြစ်သော်လည်း၊ ယခုမူ သူမ၏ ခံစားချက်များကို မထိန်းချုပ်နိုင်သလို ဖြစ်နေရသည်။ တောင်ပေါ်ရွာလေး၏ ဘဝမှာ အေးချမ်းလွန်းလှသဖြင့် ထိုအေးချမ်းမှုကပင် သူမကို မကျင့်သားနိုင်အောင် ဖြစ်စေခဲ့ခြင်းလည်း ပါပေလိမ့်မည်။

မကြာမီမှာပင် ဝူယင်းက ရှုချင်၏ပခုံးကိုဖက်ပြီး ဘေးသို့ ခေါ်ထုတ်သွားသည်။ တစ်ချိန်တည်းမှာပင် သူမသည် လင်းယန်၏နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။

“သူ ဒီရက်ပိုင်း ‘ထူးခြားတဲ့ရက်’ (ဓမ္မတာလာချိန်) မို့လို့ စိတ်တိုနေတာပါ။ ခဏနေရင် ကောင်းသွားမှာပါ”

လင်းယန် အနေရခက်စွာဖြင့် ပြုံးလိုက်မိသည်။ သူကိုယ်တိုင်လည်း ယနေ့ ရှုချင်၏ ပုံစံမှာ ပုံမှန်မဟုတ်ဟု ထင်နေခြင်းဖြစ်သည်။ အရင်က စရိုက်နှင့် လုံးဝကို မတူတော့ပေ။

'ဪ... လစဉ်ဖြစ်နေကျ ကိစ္စကြောင့်ကိုး။ နားလည်ပေးလို့ ရပါတယ်'

“ကောင်းကောင်း အနားယူပါစေ။ အခန်းကိုလည်း နွေးနွေးထွေးထွေးဖြစ်အောင် လုပ်ပေးထားလိုက်ပါ။ သူ နေပြန်ကောင်းလာရင် ကျွန်တော် ရှုကျဲနဲ့ တိုင်ပင်စရာကိစ္စတွေ ရှိသေးတယ်” ဟု လင်းယန်က မှာလိုက်သည်။

ရှုချင်သည် မည်မျှပင် တော်သူဖြစ်ပါစေ၊ နောက်ဆုံးတော့လည်း အမျိုးသမီးတစ်ယောက်သာ ဖြစ်သည်။ တစ်ခါတလေ စိတ်ကောက်ခြင်း၊ ဂျီကျခြင်းမျိုးများကို လင်းယန် နားလည်ပေးနိုင်ပါသည်။

ရှုချင်ကို နေရာချပေးပြီးနောက် လင်းယန်သည် အပူပေးကုတင်တစ်ခုလောက် ပြုလုပ်လျှင် ကောင်းမလားဟု စတင်စဉ်းစားလာသည်။

ချင်းရှန်းရွာ၏ ဆောင်းရာသီမှာ အလွန်အမင်း မအေးသဖြင့် အပူပေးကုတင်မှာ တကယ်တော့ သိပ်မလိုအပ်လှပေ။ ထို့ပြင် ဤသို့သော ကုတင်မျိုးကို အပူပေးလိုက်လျှင် အခန်းထဲရှိ လေထုက ခြောက်သွေ့သွားတတ်ပြီး၊ အိပ်ရာနိုးလာလျှင်လည်း ရေငတ်ခြင်းမျိုး ဖြစ်တတ်သေးသည်။ အဆိုးဆုံးမှာ ဤအိမ်များမှာ သစ်သားအိမ်များဖြစ်သဖြင့် မီးလောင်ပါက အသက်အန္တရာယ် ရှိနိုင်ခြင်းပင် ဖြစ်၏။

'ဒါပေမဲ့ ဒီကုတင်ကို နွေရာသီမှာ ကြိုလုပ်ထားရင် ဆောင်းတွင်းကျရင် သုံးလို့ရတာပေါ့။ အဲ့ဒီကျရင် ဆောင်းတွင်းရဲ့ အအေးဒဏ်ကို ခံစရာ မလိုတော့ဘူး'

လင်းယန် အမှန်တကယ်ပင် စိတ်ဝင်စားသွားသည်။ နွေးနွေးထွေးထွေးရှိသည့် အပူပေးကုတင်ပေါ်တွင် အိပ်ရခြင်းမှာ တကယ့်ကို သက်သောင့်သက်သာ ရှိလှပေသည်။ ရွာလူကြီးမှာ အသက်ကြီးပြီဖြစ်၍ သူ၏ အိမ်တွင် တစ်ခု ရှိနှင့်နေပြီးသားဖြစ်သည်။

ဒါတင်မကသေး... တောင်ပိုင်းတွင် အပူပေးကုတင်မရှိဘူးလို့ ဘယ်သူပြောလဲ။ ‘ခန်းဆောင်နီအိပ်မက်’ ဝတ္ထုထဲတွင်ပင် ကျားပေါင်ယွီနှင့် လင်းတိုက်ယွီတို့ ကုတင်ပေါ်တွင် စကားပြောကြသည့် အခန်းများ အကြိမ်ကြိမ် ပါဝင်ဖူးသည်။

သေချာသည်မှာ... ထိုစကားပြောဆိုမှုများမှာ ရိုးရိုးသားသားပင် ဖြစ်၏။

သို့သော်လည်း အပူပေးကုတင်ဆိုသည်မှာ တောင်ပိုင်းသားများအတွက်တော့ ဇိမ်ခံပစ္စည်းတစ်ခုလို ဖြစ်နေဆဲပင်။ အဘယ်ကြောင့်ဆိုသော် တောင်ပိုင်းမှာ စိုထိုင်းဆများသဖြင့် မြေသားနှင့်လုပ်သော ကုတင်များမှာ စိုထိုင်းပြီး ပြိုကျရန် လွယ်ကူသောကြောင့်ဖြစ်သည်။ ထို့ပြင် ရှေးခေတ်က အုတ်များမှာလည်း ဈေးကြီးသလို၊ အေးမြသည့် ရက်မှာလည်း အနည်းငယ်သာ ရှိသဖြင့် အောင့်အည်းသည်းခံကာ ကျော်ဖြတ်လိုက်ကြခြင်း ဖြစ်သည်။ တကယ့် ချမ်းသာသည့် အိမ်များမှလွဲ၍ မည်သူမျှ မလုပ်ကြပေ။ ကုတင်ကြီးကလည်း နေရာအကျယ်ကြီး ယူလှသည်မဟုတ်လား။

“အတွင်းအိမ်ဝင်းထဲမှာ အခန်းလွတ်တွေ ရှိသေးတာပဲ။ အဲ့ဒီမှာ တစ်ခုလောက် စမ်းလုပ်ကြည့်ရမယ်။ အားလုံး အတူတူ အိပ်လို့ရအောင် အရှည်ကြီး လုပ်လိုက်မယ်။ ဆောင်းတွင်းကျလို့ ရို့ရို့တို့ အအေးဒဏ် မခံနိုင်ရင် ဒီမှာပဲ လာအိပ်ကြတာပေါ့” ဟု လင်းယန်က တွေးလိုက်သည်။

သူသည် ဤအစီအစဉ်ကို သဘောကျသဖြင့် ချက်ချင်းပင် ကတုံးချန်ကိုခေါ်၍ ကုတင်ဆောက်ရန် ခိုင်းလိုက်တော့သည်။ သို့သော်လည်း အလုပ်မစရသေးမီမှာပင် ပြဿနာက စတင်တော့၏။

“အစ်ကိုလင်း... ကျွန်တော်တို့ တောင်ပိုင်းသားတွေက အဲ့ဒီလို ကုတင်မျိုးကို မြင်တောင် မမြင်ဖူးဘူး” ဟု ကတုံးချန်က ဆိုလာသည်။

လင်းယန် နဖူးကို လက်ဖြင့် အုပ်လိုက်မိ၏။

“ဟိုပါမောက္ခတွေထဲမှာ မြောက်ပိုင်းသားတွေပါလား သွားမေးကြည့်လိုက်ဦး”

လင်းယန်၏ မှတ်ဉာဏ်အရဆိုလျှင် မြောက်ပိုင်းလေယူလေသိမ်းရှိသည့် ပါမောက္ခအိုကြီးတစ်ယောက် ပါဝင်သည်။ သူ့အတွက်မူ ဤကုတင်ကိစ္စမှာ ပြဿနာ မရှိနိုင်ပေ။ သေချာသည်မှာ ထိုအတွက် တော်တော်လေးတော့ အပင်ပန်းခံလိုက်ရသည်။ အခန်းတစ်ခန်းလုံးကို ဖျက်လုနီးပါး ဖြစ်သွားပြီးမှသာ ကုတင်ကို အပြီးသတ်နိုင်ခဲ့လေသည်။

မစ္စတာချုံသည် ဖျက်လိုက်သည့် စန္ဒကူးနီသစ်သားများကို အပြင်သို့ ထုတ်လာသည်ကို မြင်သောအခါ၊ ထိုလူမိုက်ပုံစံနှင့် လူများက အိမ်ကို ဖျက်ဆီးနေသည်ဟု ထင်ကာ သွေးတိုးချင်သွားတော့သည်။

“ဒါ သမိုင်းဝင် အဆောက်အအုံလေ။ ဘယ်လိုလုပ် ဒီလိုကြီး လုပ်ရတာလဲ? ဒီလောက် အဖိုးတန်တဲ့ အရာတွေကို မနှမြောကြဘူးလား!”

သို့သော် နောက်တစ်စက္ကန့်မှာပင် ချင်အဖေက သူ့ကို လှမ်းတားလိုက်သည်။

“ကျင့်သားရသွားမှာပါ... ကျင့်သားရသွားမှာပါ”

မစ္စတာချုံက ချင်အဖေကို ကြည့်သည့် အကြည့်မှာ သနားစရာ အကြည့်မျိုးပင်။ ချင်အဖေတစ်ယောက် ဤနေရာတွင် မည်မျှလောက်အထိ အောင့်အည်းသည်းခံခဲ့ရသည်ကို သူ မသိပေ။ သို့သော် ဘာတတ်နိုင်မှာလဲ... ဤအိမ်ကြီးက ‘လင်း’ ဆိုသည့် မျိုးရိုးက ပိုင်သည်မဟုတ်လား။

သို့သော်လည်း မကြာမီမှာပင် မစ္စတာချုံ ကိုယ်တိုင်ပင်လျှင် မနေနိုင်တော့ပေ။

“ဖြည်းဖြည်းလုပ်ကြပါ! အကုန်လုံး ဖြည်းဖြည်းနော်!”

“နည်းနည်းလေးတောင် အနာအဆာ မခံနိုင်ဘူး။”

“အဲ့ဒီမှာထား... အေး... အဲ့ဒီမှာပဲ”

မစ္စတာချုံသည် မိမိမှာ ဧည့်သည်ဆိုသည်ကိုပင် မေ့သွားကာ၊ သစ်သားများ သယ်ယူသည့်နေရာတွင် ကိုယ်တိုင်ပင် ဝင်ရောက် ကူညီနေတော့သည်။

ကတုံးချန်တို့ အဖွဲ့မှာတော့ ကြောင်အမ်းအမ်း ဖြစ်နေကြရသည်။ မစ္စတာချုံကို သူတို့ သိကြသည်မှာ အမှန်ပင်။ သူရိုက်ခဲ့သည့် ‘အနောက်ဘက်သို့ ခရီးသွားခြင်း’ ကို ကြည့်ပြီး ကြီးလာကြသူများ ဖြစ်သည်။ သို့သော် အနီးကပ် တွေ့လိုက်ရသည့်အခါတွင်မူ...

'တကယ်ပဲ မိစ္ဆာတစ်ကောင် ဖြစ်သွားပြီး သူ့ကို အခုချက်ချင်း ဝါးစားပစ်ချင်လိုက်တာ!'

'ထန်စန်းကိုယ်တော်အသားကို စားရင် တကယ်ပဲ မသေဆေး ဖြစ်မှာမို့လို့လား?'

'မဟုတ်လောက်ပါဘူး... ဒီထန်စန်းကိုယ်တော်က အရမ်း စကားများလွန်းလို့ ဖြစ်မှာ!'

မျောက်မင်း စွန်းဝူခုန်းပင် အဘယ်ကြောင့် သူ့ကို သည်းမခံနိုင်သလဲဆိုသည်ကို ယခုမှပင် သူတို့ နားလည်ပါတော့သည်။ သို့သော် သူသည် ဧည့်သည် ဖြစ်နေသည့်အပြင် လက်ထဲမှ စန္ဒကူးနီများမှာလည်း အလွန်တန်ဖိုးရှိမှန်း သိနေသဖြင့် သူတို့လည်း အထူးသတိထားကာ လုပ်ကိုင်ကြရသည်။

တစ်ချိန်တည်းမှာပင် သူတို့၏ရင်ထဲ၌ လင်းယန်အပေါ် လေးစားမှုများ ပိုမို တိုးပွားလာခဲ့သည်။

“အစ်ကိုလင်းနဲ့လိုက်တာ တကယ် မမှားဘူးပဲ။ အိမ်ထဲက သစ်သားတွေတောင် ဒီလောက် တန်ဖိုးကြီးမယ်လို့ မထင်ထားဘူး”

“ရှေးခေတ်ကဆိုရင် ဒါက တကယ့် သူဌေးကြီး အိမ်ဝင်းပဲ”

“ဒီဘဝမှာတော့ အစ်ကိုလင်းနောက်ကိုပဲ တစိုက်မတ်မတ် လိုက်တော့မယ်”

ကတုံးချန်တို့ကတော့ မစ္စတာချုံအပေါ် သိပ်ပြီး စိတ်မဝင်စားကြပေ။ သိတော့ သိသော်လည်း၊ စိတ်အနည်းငယ်သာ ရှိကြသည်။ အဓိကမှာ သူတို့က စွန်းဝူခုန်းကို ပို၍ ကြိုက်နှစ်သက်ကြသောကြောင့် ဖြစ်သည်။

ဒါတင်မကသေး... ‘အနောက်ဘက်သို့ ခရီးသွားခြင်း’ ထက်စာလျှင် သူတို့သည် ‘သုံးပြည်ထောင်’ နှင့် ‘ဆူယိကျန့်’ ထဲမှ သူရဲကောင်းများကို ပို၍ သဘောကျကြသည်။ ထိုအရာကမှ ယောကျ်ားများ၏ ရိုမန်တစ် ဆန်မှုဖြစ်သည်မဟုတ်လား။

ချင်အဖေကတော့ ပြုံးပြုံးကြီး ကြည့်နေလေသည်။ သူသည် အရင်တုန်းက မိမိကိုယ်မိမိ ပြန်မြင်နေရသလိုပင်။ တစ်ချိန်တည်းမှာပင် သူ့ရင်ထဲ၌လည်း ဂုဏ်ယူမှုများ ပြည့်နှက်နေသည်။ အကယ်၍ သူသာ မရှိခဲ့လျှင် လင်းယန်၏ ဤအိမ်ကြီးမှာ ဘယ်လို ဖြစ်သွားမလဲဟု သူ မတွေးရဲပေ။

'ဖြစ်နိုင်တာက... အကုန်လုံး ဖြိုချလိုက်ပြီး ခေတ်မီတဲ့ အဆောက်အအုံတွေ ဆောက်လိုက်မလား? ဘယ်သူ သိမှာလဲ?'

ကံကောင်းစွာဖြင့် သူ ရောက်လာခဲ့ခြင်းဖြစ်သည်။

မစ္စတာချုံကို ပြန်ကြည့်လိုက်သောအခါ သစ်သားများကို ပွတ်သပ်ရင်း နှမြောလွန်း၍ သေတော့မည့် ပုံစံမျိုး ဖြစ်နေသည်။ မစ္စတာချုံသည် ဤသစ်သားတစ်တုံးလောက်ကို သယ်ဆောင်သွားချင်နေမှန်း ချင်အဖေ ခံစားမိသည်။ သို့သော် လင်းယန်ကမူ ဤသစ်သားများကို ဤအတိုင်း ဖုန်တက်ခံပြီး ပုံထားလျှင် ထားမည်၊ ဘယ်တော့မှ ရောင်းမည်မဟုတ်ကြောင်းကို သူ ကောင်းကောင်း သိထားသည်။

ချင်အဖေသည် တစ်ခုကိုတော့ သေသေချာချာ သိရှိထားသည်။ ၎င်းမှာ လင်းယန်က သူ၏ စိတ်ခံစားချက်ကို ငဲ့ညှာပေးနေခြင်းပင်ဖြစ်၏။

“သူက ပုံမှန်ဆိုရင် လယ်ထဲကဟာတွေကိုပဲ စိတ်ဝင်စားတာ မှန်ပေမဲ့...

ပြောရမယ်ဆိုရင် တစ်ခါတလေကျရင် သူက ဘေးနားက လူတွေအပေါ် တော်တော်လေး ငဲ့ညှာတတ်တယ်” ဟု ချင်အဖေက တွေးရင်း ပြုံးလိုက်မိသည်။

ချင်အဖေသည် မစ္စတာချုံကို ပြုံးပြုံးရွှင်ရွှင်ဖြင့် ဧည့်ခံပေးနေသည်။ သို့သော် လိုက်လံပြသနေသည့် ပုံစံမှာ ကြွားဝါနေသလိုပင်။ မစ္စတာချုံမှာ အေးအေးဆေးဆေးနေရမည့် မျက်နှာပေးမျိုးရှိရမည် ဖြစ်သော်လည်း ယခုမူ သူ၏မျက်နှာတွင် အားကျမှုများသာ ပြည့်နှက်နေတော့သည်။

တောင်အောက်တွင် ဆောက်လုပ်မည့် ‘စိုက်ပျိုးရေး ယဉ်ကျေးမှု ပြတိုက်’ က စိုက်ပျိုးရေး ပညာရှင်များအတွက် ‘မြင့်မြတ်သည့် ဗိမာန်’ ဆိုလျှင်၊ ဤ စန္ဒကူးနီ နှင့် နန်မူ သစ်သားများဖြင့် ဆောက်လုပ်ထားသည့် အိမ်ဝင်းကြီးမှာ စန္ဒကူးဝါသနာအိုးများအတွက် ‘နတ်ဘုံနတ်နန်း’ ပင် ဖြစ်တော့သည်။

မစ္စတာချုံသည် မိမိနှင့် မိမိဇနီးတို့ တွဲဖက်လုပ်ဆောင်ထားသော စန္ဒကူးပြတိုက်မှာ ဤအိမ်ကြီးနှင့် ယှဉ်လိုက်ပါက ဘာမှမဟုတ်တော့ဟုပင် ခံစားနေရသည်။ သူ့ဇနီး၏ အဆင့်အတန်းနှင့် ဩဇာကြောင့်သာ ထိုပြတိုက်မှာ နာမည်ကြီးနေခြင်းဖြစ်လေသည်။

“မစ္စတာချင် ဒီမှာ တစ်ချိန်လုံးနေခွင့်ရတာကို တကယ်ပဲ အားကျမိပါတယ်”

“ဟားဟား... သမီးကောင်းလေး မွေးထားလို့ပါ၊ သမီးကောင်းလေး မွေးထားလို့”

ချင်အဖေ အတော်လေး ဂုဏ်ယူနေမိသည်။ အရင်တုန်းက ချင်စုစုကို ဤမျှလောက် ဂရုမစိုက်ခဲ့သော်လည်း၊ ယခု ဤနေရာတွင် နေခွင့်ရခြင်းမှာ ချင်စုစုကြောင့်ဖြစ်သည်ကို သူ ဝန်ခံရမည်ပင်။

ထို့နောက်တွင်တော့ သူတို့နှစ်ဦး လင်းယန်အကြောင်းများကို ဆက်လက် ပြောဆိုဖြစ်ကြသည်။ လင်းယန်၏ အောင်မြင်မှုများအကြောင်း အမှန်တကယ် ကြားလိုက်ရသည့်အခါတွင်မူ မစ္စတာချုံ၏ အံ့ဩတုန်လှုပ်မှုမှာ ပိုမို၍ ပြင်းထန်လာခဲ့လေသည်။

“ဪ... အရင်တုန်းက နာမည်ကြီးခဲ့တဲ့ ‘ကင်ဆာတိုက်ဖျက်ရေး မုန်လာဥနီ’ က ဒီရွာက ထွက်တာကိုး”

“ဒီရွာမှာ စစ်သားတွေ ကင်းစောင့်နေတာကလည်း... ကြည့်ရတာ ရိုးရိုးတော့ မဟုတ်လောက်ဘူးနော်”

မစ္စတာချုံကဲ့သို့ လူမျိုးပင်လျှင် လင်းယန်၏ အတိတ်အကြောင်းကို တော်တော်လေး စိတ်ဝင်စားသွားသည်။ ဤသည်မှာ မယဉ်ကျေးရာရောက်မှန်း သူ သိသော်လည်း... လင်းယန်၏ အကြောင်းအရာများမှာ တကယ့်ကို ဒဏ္ဍာရီဆန်လွန်းနေသောကြောင့် ဖြစ်၏။ သူ့ကဲ့သို့ ဘဝအတွေ့အကြုံ များပြားသူ၊ တရားဓမ္မနှင့် တည်ငြိမ်နေသူပင်လျှင် မနေနိုင်တော့ဘဲ ဤစကားကို မေးမြန်းမိတော့သည်။

***

All Chapters